အင်းလေးမှာရွာတဲ့မိုး
ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ထဲမှာရှိနေသောအင်းလေးကန်ကိုမြန်မာများသာမကနိုင်ငံခြားဧည့်သည်တွေလည်း
စိတ်ဝင်စားနေသောနေရာဖြစ်ပါတယ်…….
ကျွန်းမျောပေါ်မှာစိုက်ထားတဲ့စိုက်ခင်းတွေ၊လက်ယက်ကန်းနဲ့ယက်လုပ်ထားသောအဝတ်အထည်များ၊
တန်ခိုးကြီးသောဖေါင်တော်ဦးဘုရားနှင့်ဥဒေါင်းတောင်ဆရာတော်တို့ဟာအင်းလေးနှင့်ပတ်သက်နေသော
ထင်ရှားသောအမှတ်အသားများဖြစ်ကြပါတယ်….
ကျနော်တို့ဘူမိဗေဒကွင်းဆင်းပြီးရင်တောင်ကြီးတက်လည်လေ့ရှိကြပါတယ်…..ပြီးရင်
ပင်းတယ၊အင်းလေးကန်ကိုဆက်ပြီးလည်လေ့ရှိကြပါတယ်….ဒီနှစ်နောက်ဆုံးနှစ်ကွင်းဆင်းခြင်းကိုုသင်္ကြန်
ကျောင်းပိတ်ရက်အတွင်းမှာရှမ်းပြည်တောင်ပိုင်းကိုကွင်းဆင်းခဲ့ရတယ်…..
ကွင်းဆင်းပြီးတော့ထုံးစံအတိုင်းတောင်ကြီးတက်လည်ကြပါတယ်….ဒီနေ့အင်းလေးကိုရောက်လာပါ တယ်….
တောင်ကြီးကဆင်းလာတာနောက်ကျနေလို့ကျနော်တို့အုပ်စုအင်းလေးကန်အလယ်မှာရှိတဲ့ဗိုလ်
တဲမှာညအိပ်ကြမယ်လို့တိုင်ပင်ထားကြပါတယ်……မနှစ်ကလိုက်ပို့တဲ့ရှမ်းလေးပဲ့ချိတ်ကိုဘဲငှားလိုက််ကြပါ
တယ်…..စကားသံဝဲနေလို့ရှမ်းလေးလို့ခေါ်ကြပေမဲ့သူကအင်းသားအစစ်ပါ….ကျနော်တို့နဲ့ရွယ်တူဆိုတော့
ပိုပြီးခင်ကြပါတယ်။ဗိုလ်တဲမှာညအိပ်ခွင့်ကိုမြို့နယ်ကောင်စီမှာသွားယူရပါတယ်…..ကျနော်တို့လူစာရင်းနဲ့
မှတ်ပုံတင်နံပတ်ကိုပေးခဲ့ရတယ်….ဒါတွေအားလုံးကိုရှမ်းလေးလိုက်လုပ်ပေးပါတယ်…..
ကျနော်တို့အုပ်စုအားလုံး8 ယောက်အုပ်စု၊ကျနော်ကလွဲပြီးအားလုံးပျော်ပျော်ပါးပါးနဲ့အင်းထဲကို
ဆင်းလာကြပါပြီ….
တွေ့တဲ့ဆုံတဲ့စက်လှေတွေကိုရေပက်ကြတယ်….
ရေပန်းတဖွားဖွားအောက်မှာရှမ်းလေးရဲ့စက်လှေလေးဟာရေလွှာကိုထိုးခွဲပြီးပြေးနေတယ်……
မျက်နှာပေါ်လာစင်တဲ့ရေကိုသပ်ချပြီးစိတ်ထဲမှာသင်္ကြန်ကိုသတိရသွားပါတယ်၊
သင်္ကြန်အပျော်လေးတွေစိတ်ထဲဝင်လာပါတယ်………..
ဒါပေမဲ့မနန်းရဲ့မျက်နှာလေးဖြတ်ကနဲပေါ်လာတဲ့အခိုက်မှာပျော်နေတဲ့စိတ်တွေအဝေးကိုလွင့်စင်ကုန်ပြန်ပါတယ်…..။
“ဟေ့ကောင်မောင်ဂျစ်….ဘာတွေညစ်နေတာလဲ…..”
“one go,two come,three wait, Don’t worry. “
ကျနော်ဘာကြောင့်ညစ်နေတယ်ဆိုတာအားလုံးသိကြပါတယ်….သီချင်းရေးတဲ့မောင်မောင်ဇံကအားပေးစကားပြောနေပါတယ်……
စက်လှေမောင်းတဲ့ရှမ်းလေးကလည်စရာကြည့်စရာတွေကိုဝတ္တရားမပျက်လိုက်ပို့
ပေးပါတယ်။ကျနော့်စိတ်တွေလဲအစာလာတောင်းနေတဲ့ဇင်ယော်လေးတွေလိုဘဲအဝေးကိုထွက်သွားလိုက်၊အနီးကိုပြန်ရောက်လာလိုက်၊
ဒီနှစ်လျှောက်လည်ရတာကျနော်မပျော်ပါ….တောင်ကြီးကပြန်လာပြီးနောက်ပိုပြီးညစ်လာပါတယ်….
ကျနော့်မိဘ၊အဖိုး၊အဖွားတွေဟာဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုတွေပါ….ကျနော်ငယ်ငယ်က
တည်းကအဖွားနဲ့ဥပုဒ်နေ့တိုင်းဘုန်းကြီးကျောင်းရောက်ဖြစ်ခဲ့တယ်…ဘာသာရေးအဆုံးအမတွေနဲ့တရား
ထိုင်တာတွေကျနော်ငယ်ငယ်လေးထဲကသိခဲ့ပါတယ်….ဒါပေမဲ့ဆယ်တန်းအောင်ပြီးရန်ကုန်တက္ကသိုလ်
ရောက်လာပြီးတဲ့နောက်မှာကျနော်အတတ်မျိုးစုံတတ်လာပါတယ်။ယောက်ျားလေးတွေဘဲရှိတဲ့ဘူမိဗေဒ
ကိုရောက်တော့ပိုဆိုးသွားတာပေါ့။ရန်ကုန်ရောက်ပြီးမှအတတ်မျိုးစုံတတ်လာခဲ့တဲ့ကျနော့်အကြောင်းအ ဖွားသာသိသွားရင်တော်တော်ရင်နာလိမ့်မယ်…ဒါပေမဲ့ကျနော်ယုံကြည်တာကဘာသာတိုင်း၊ဘာသာတိုင်းဟာမကောင်းတာတွေမလုပ်ဖို့…
ကောင်းတာလုပ်ဖို့လမ်းညွန်နေတယ်ဆိုတာပါဘဲ….။
အဖွားတို့ကဒီလိုမဟုတ်ဘူး…။ရှေးရိုးစွဲတွေ….။
“အရှင်ဘုရားတပည့်တော်တို့နှစ်ယောက်ရဲ့ရှေ့ရေးအဆင်ပြေအောင်စောင့်ရှောက်ပေးတော်မူပါ….”
ဖေါင်တော်ဦးဘုရားရောက်ခိုက်မှာဘုရားဖူးရင်းဆုတောင်းမိတာပါ….ဥဒေါင်းတောင်ဆရာတော်ရှေ့မှာ
လည်းဒီအတိုင်းဘဲဆုတောင်းခဲ့တယ်……ဘုရားမှာဆုတောင်းလိုက်ပြီမို့စိတ်ထဲမှာနဲနဲပေါ့သွားပါတယ်..။
အင်းလေးထဲလျှောက်လည်နေရင်းလူငယ်သဘာဝအပျော်စိတ်လေးတွေပြန်ဝင်လာပါတယ်။
ကျနော်တို့အားလုံးရွာမစျေးနားကထမင်းဆိုင်မှာထမင်းစားကြပါတယ်…ငါးဟင်းတစ်မျိုးဘဲရှိတာမို့အား
လုံးငါးဟင်းနဲ့ဘဲစားလိုက်ကြပါတယ်..စက်လှေနဲ့ဟိုဟိုဒီဒီလျှောက်သွားနေရင်း….
အစ်ကိုလေးတို့ထမင်းစားကောင်းရဲ့လား…..ကောင်းတာပေါ့….
ငါးဟင်းစားကောင်းလား…..သိပ်ကောင်း….
အင်း…ကောင်းမှာပါ..အသုဘချတာနှစ်ရက်ဘဲရှိသေးတယ်….
ဟာ…ရှမ်းလေး…မင်းစကားကဘာလဲ…
အင်းသားသေရင်ငါးဖိန်းစား၊ငါးဖိန်းသေရင်အင်းသားစားတဲ့…ဒီစကားကြားဖူးလား…
ဟင်….ဒါ..ဒါဆို..ဝေါ….ဝေါ့….နဲ့ထိုးအန်ချလိုက်တဲ့ဗျော့ကြီးအန်ဖတ်တွေငသေးရင်ပတ်မှာပေပွသွားပါ
တယ်….ဟာ…သွားပါပြီ…ဗျော့ကြီး…..ဘယ်လိုလုပ် လိုက်တာလဲ…..
ဝေါ့….ဝေါ့….ငသေးပါထပ်ပြီးအန်ချလိုက်တာတလှေလုံးပေပွကုန်ပါပြီ….။
ဟာ….တလှေလုံးဆန်ပြုတ်ဝေနေတာလား….အားလုံးပေကုန်ပြီ…
ရှမ်းလေးနီးတဲ့နေရာမှာရပ်ပေး…အင်္ကျီ..ရေဆေးချင်တယ်…။
ကျနော်ဗိုလ်တဲမှာရပ်ပေးမယ်…ကျနော်တို့ညအိပ်မဲ့ဗိုလ်တဲမှာစက်လှေကပ်ပြီးအားလုံးအင်္ကျီရေဆေးကြ
ရင်းရေဆင်းကူးကြတယ်…..ရေကူးနေရင်းကိုယ်မှာလာထိနေတဲ့မှော်ပင်တွေကြောင့်ရေကူးရတာစိတ်မ
ဖြောင့်ပါ……ရှမ်းလေးရဲ့စကားပြန်ကြားယောင်ရင်းနဲ့ရေအောက်ကိုငုံ့ကြည့်မိပါတယ်….စိမ်းနေတဲ့ရေ အောက်မှာရေမှော်ပင်တွေကတလှုပ်လှုပ်နဲ့ကြောက်စရာ၊ရေမှော်ပင်တွေကြားထဲမှာဖြူဖြူဝိုင်းဝိုင်းဘာကြီးပါလိမ့်….
ကြာကြာမတွေးအားပါ….ထိတ်လန့်နေတဲ့စိတ်နဲ့အပေါ်ကိုအမြန်တက်လိုက်ပါတယ်။
ဟေ့ကောင်မောင်ဂျစ်တော်ပြီလား…..ရေကူးလို့ကောင်းလိုက်တာ…
အောက်မှာ….အောက်မှာ….ဖြူဖြူနဲ့ဘာကြီးလည်းမသိဘူး။
ဟာ..ဟုတ်တယ်ကွ…..တဝုန်းဝုန်းနဲ့အားလုံးရေထဲကတက်လာကြပါတယ်။
ဆက်ကူးကြလေကွာ….ဟာ….မကူးချင်တော့ဘူး…..စိတ်မသန့်ဘူး…ငါငုံ့ကြည့်တာငါ့ကိုလက်ယပ်ခေါ်နေ
တယ်…..ဟေ့ကောင်တွေတော်တော့ကွာ……ဗျော့ကြီးသွေးပျက်နေပြီ…တော်ပြီကွာ၊ငါဒီမှာမအိပ်ချင်တော့
ဘူး….ဗျော့ကြီးညစ်နေပြီ….ဒီမှာဘာမှမရှိပါဘူး…….မစိုးရိမ်ကြနဲ့…ရှမ်းလေးကအားပေးစကားပြောတယ်။
ညစာအတွက်ထမင်းသွားဝယ်ကြမယ်ဟေ့…..ရှမ်းလေးနဲ့အတူသူငယ်ချင်းအချို့လိုက်သွားကြတယ်….
ကျနော်တို့ကဗိုလ်တဲမှာဘဲကျန်နေခဲ့ပါတယ်……နေဝင်စပြုနေပြီ….။
ဗျော့ကြီး…နဲနဲဖယ်ပေး….
ငသေးဗျော့ကြီးဖယ်ပေးသောတိုင်အောက်မှာမီးထွန်းထားသောအမွေးတိုင်တစ်တိုင်စိုက်လိုက်သည်…
ဗျော့ကြီးနောက်တိုင်တစ်တိုင်ကိုကျောမှီရင်းအမွေးတိုင်ကိုင်ထားသောငသေးကိုကြည့်နေတယ်…..
ဗျော့ကြီး…….ဖယ်ပေးပါအုန်း…..
ဘာလဲကွ….ဘာလို့ငါထိုင်တဲ့နေရာတွေကိုလိုက်ဖယ်ခိုင်းနေရတာလဲ….
ရှင်းပြပါ့မယ်… အခုဖယ်ပေးအုန်း…..။
ဗျော့ကြီးဖယ်လိုက်သောတိုင်အောက်မှာအမွေးတိုင်တစ်တိုင်ထပ်စိုက်ပြန်ပါတယ်…..ဒီတခါ ဗျော့ကြီး
ဗိုလ်တဲအလယ်ကြမ်းပြင်မှာသွားထိုင်နေတယ်….ငသေးကတိုင်လေးတိုင်အောက်မှာအမွေးတိုင်
တွေစိုက်လို့ပြီးသွားပြီ…..။
ဟေ့ကောင်…..မင်းဘာအရူးထနေတာလဲ….
မင်းကျောမှီပြီးထိုင်နေတဲ့ပထမတိုင်မှာမိဘသဘောမတူလို့စိတ်ညစ်နေတဲ့လူငယ်စုံတွဲတစ်တွဲရေထဲခုန်ချပြီး
သေကြောင်းကြံခဲ့တဲ့နေရာ၊
ဒုတိယကျောမှီပြီးထိုင်နေတဲ့တိုင်မှာအပျိုကြီးတစ်ယောက်ဒီတစ်သက်လင်မရတော့ဘူးဆိုပြီးစိတ်ညစ်ညစ်နဲ့ရေထဲခုန်ချတဲ့နေရာ၊
မင်းထိုင်နေတဲ့နေရာအောက်တည့်တည့်မှာသူ့အလောင်းပြန်ပေါ်လာခဲ့တဲ့နေရာပေါ့ကွာ….
တကယ်တော့ဒီဗိုလ်တဲဟာအချစ်သင်္ချိုင်းကွ၊ငါကစာရေးဆရာဆိုတော့ဒီသင်္ချိုင်းကိုလာပြီးကုန်
ကြမ်းလာရှာတာ…ဒီနေ့ညဆယ့်နှစ်နာရီတိတိမှာသူတို့တွေနဲ့တွေ့ဖို့ချိန်းထားပြီးပြီ…ဗျော့ကြီးတစ်ယောက်
ငသေးပြောသမျှကိုပါးစပ်ဟပြီးနားထောင်နေတယ်…။
ဟား…..ဟား…ငသေး……မင်းရူးနေပြီ…
ဗျော့ကြီး….မင်းမရီနဲ့၊သူတို့ဝိညာဉ်တွေနဲ့တွေ့ဖို့ချိန်းထားတာကွ…
သူတို့ဝိညာဉ်တွေနဲ့မင်းဘယ်လိုတွေ့မှာလဲ…
ညဆယ့်နှစ်နာရီထိုးတာနဲ့သူတို့ဝိညာဉ်တွေတစ်ကောင်ပြီးတစ်ကောင်မင်းကိုယ်ထဲဝင်လာပြီးသူတို့ဇာတ်
လမ်းတွေကိုငါ့ကိုပြောပြကြမှာ…..
ဇံကြီးသောက်ရေသောက်ပြီးရေကျန်ကိုဗျော့ကြီးကြောကုန်းကိုပက်ထည့်လိုက်ရာ…
အမလေး…ဗျော့ကြီးလန့်ပြီးထခုန်ပါတော့တယ်…..ညကတဖြေးဖြေးမှောင်လာပါပြီ၊
မနီိးမဝေးမှာမျောလာတဲ့မှော်ပင်စုလေးဟာရုတ္တရက်ကြည့်လိုက်ရင်လူဦးခေါင်းပုံစံမျိုး…..
ဟို…ဟိုမှာလာနေပြီ….လာနေပြီ….
လူခေါင်း…..လူခေါင်း……သရဲ….သရဲ….အော်ရင်းဗျော့ကြီးဗြောင်းဆန်နေပြီ……
ဟိုမှာရှမ်း လေးတို့ပြန်လာပြီ…ဘာဟင်းတွေဝယ်လာလဲ..ဟေ့…..ငါးဖိန်ဟင်း……
ဝေါ့….ဝေါ့…ငါးဟင်းပြောသံကြားတာနဲ့ဗျော့ ကြီးအန်နေပြီ….
မဟုတ်ပါဘူးကွ…..လ္ဘက်သုတ်၊ဘဲဥ အစပ်ဟင်းဝယ်ခဲ့တာပါ….ရေသတ္တဝါဟင်းတွေမဝယ်တော့ပါဘူး..
ဟေ့ကောင်တွေအရက်သုံးလုံးတောင်များလှချည်လား….အသဲကွဲနေသောမောင်ဂျစ်အတွက်တစ်လုံး၊
သရဲကြောက်တဲ့ဗျော့ကြီးအတွက်တစ်လုံး၊ကျန်တာငါတို့အတွက်…..
ငါ့အတွက်မလိုဘူး…ငါ့မှာရိက္ခာအပြည့်၊မင်းတို့နဲ့လိုင်းမတူဘူး……
ဆေးသမားဂန်ဂါးကလောစျေးထဲကဝယ်လာတဲ့ဆေးခြောက်ထည့်ထားတဲ့သူ့လွယ်အိပ်ကိုပုတ်ပြပါတယ်……
ထမင်းဝိုင်းမှာငသေးတစ်ယောက်ဗျော့
ကြီးကိုအရက်ငှဲ့ပေးနေတယ်….နေ့လည်ကသူ့ကိုယ်ပေါ်ဆန်ပြုတ်ဝေခဲ့တာကိုစိတ်ဆိုးဆိုးနဲ့အရက်တွေပိုပို
ပြီးထည့်ပေးနေတာလား….ဟေ့ကောင်ငသေး…တော်ပြီဗျော့ကြီးကိုထပ်မထည့်ပေးနဲ့တော့…..
ထပ်ထည့်ကွာ…ငါမူးပြီးအိပ်လိုက်ချင်တယ်…
မအိပ်နဲ့…မအိပ်နဲ့….ညဆယ့်နှစ်နာရီမှာဧည့်သည်တွေလာမယ်….မင်းအိပ်လို့မဖြစ်ဘူး….
မင်းအိပ်လိုက်ရင်မင်းခန္ဓာကိုယ်ကိုသူတို့အပိုင်စီးသွားလိမ့်မယ်….
ဗျော့ကြီးကိုယ်ထဲဖုတ်ဝင်တော့မယ်…ဗျော့ကြီးဖုတ်တစ္ဆေ…
တော်ကြကွာ…ငါမကြားချင်ဘူး….ထမင်းဝိုင်းသိမ်းတော့အားလုံးတော်တော်မူးနေကြပြီ……မူးလာတော့
မနန်းကိုပိုပြီးသတိရလာတယ်…..ခုချိန်ဆိုရင်သူတို့မိသားစုတွေမနန်းကိုဝိုင်းပြီးအပြစ်တင်နေကြပြီလား….
အခုအခြေအနေမှာကျနော်ဘာမှမတတ်နိုင်ပါ။
“လောကကြီးကိုမကျေနပ်ဘူး….”လို့ကျနော်ဟစ်အော်လိုက်မိပါတယ်။
ကျေနပ်တာတွေ၊မကျေနပ်တာတွေခဏထား၊နတ်ပြည်ရောက်သွားရင်မနန်းကိုပါမေ့သွားမယ်…….
ကျနော့်ပါးစပ်ထဲဂန်ဂါးသူ့ဆေးလိပ်အတင်းလာထိုးထည့်ပါတယ်….သိနေတယ်..ပြင်ထားတဲ့ဆေးလိပ်..။
ဒါပေမဲ့ကျနော်မငြင်းပါ…နှစ်ရှိုက်..သုံးရှိုက်မျှရှိုက်သွင်းလိုက်ပါတယ်…
ပတ်ဝန်းကျင်တခုလုံးစိမ်းရွှေရွှေအနံ့တွေပြန့်လွင့်ကုန်ပါတယ်…..နှလုံးခုန်သံလည်းတဒုတ်ဒုတ်နဲ့မြန်လာပါ
တယ်။နောက်တစ်ယောက်ဆီလက်ဆင့်ကမ်းလိုက်ပါတယ်…။
စိုင်းရင်မှာငိုနေတယ်နန်းရယ်…..နန်းလေးရဲ့အမုန်းတွေကြောင့်ဖြစ်မယ်…..
နန်းအပြုံးနဲ့ပြန်လာကာချော့မှအငိုတိတ်နိုင်မယ်….တောင်ပြာတွေငိုပြန်ပြီနန်းရယ်….
ကျနော်ဂစ်တာတီးရင်းခံစားချက်အပြည့်နဲ့ဆိုနေမိတယ်…..
ရင်ထဲကအပူတွေပေါ့သွားအောင်ထပ်ဟစ်လိုက်အုန်းမှ၊ထပ်ဆိုဖို့ဟန်ပြင်ကာရှိသေးတယ်…..
ဟေ့ကောင်မောင်ဂျစ်မျက်ရည်ထပ်မကျနဲ့…..အင်းလေးကန်ရေကြီးကုန်တော့မယ်….
ဂစ်တာပေးငါအလှဲ့…..ကျနော့်လက်ထဲကဂစ်တာကိုုဇံကြီးဆတ်ခနဲဆွဲယူလိုက်ပါတယ်……။
“မိုးရွာရင်မိုးရေချိုးမယ်..မေမေလာရင်နို့စို့မယ်….ဖေဖေလာရင်အုန်းသီးခွဲစားမယ်…..ဟေ့…..ဟေ့…..”
ဇံကြီးသီချင်းနဲ့ဗျော့ကြီင်္းထကနေပြီ…….
ဟေ့ကောင်တွေ…တော်စမ်းကွာ…တော်ပါတော့..
လူကြီးတွေခံစားနေတဲ့အချိန်မှာမင်းက၊ကလေးကလားသီချင်းတွေလာဆိုနေတယ်…
ဘာ…ကလေးသီချင်း…..ငါကိုင်ဇာကိုရေးပေးလိုက်လို့ဒီကောင်အလုပ်ဖြစ်သွားတာမင်းတို့သိကြရဲ့လား……မဆူကြနဲ့ကွာ..
နတ်ပြည်လမ်းတဝက်ကလူ့ပြည်ပြန်ရောက်လာပြီ……
ဒီအခိုက်တဒုန်းဒုန်းပြေးသံကြားလိုက်ပြီးဝုန်းခနဲရေထဲကျသံကြောင့်အားလုံးလန့်ဖြန့်ကုန်ပါတယ်……
မွန်ကြီးရေထဲကျသွားပြီ၊ဝုန်းခနဲရေထဲသို့ရှမ်းလေးခုန်ဆင်းသွားပါတယ်……ကျနော်သိလိုက်ပြီ။
အားလုံးလိုင်းပူးနေပြီ၊အသိဉာဏ်တွေလွင့်ကုန်ပြီ…..ရေထဲမှမွန်ကြီးကိုရှမ်းလေးပြန်ဆွဲတင်လာပါတယ်…..
ကယ်ကြပါအုန်း…..ကယ်ကြပါအုန်း…ဟိုမှာလာနေပြီ…..လာနေပြီ….သွား…သွား….မလာနဲ့….မလာနဲ့…
ဗျော့ကြီးပြောလဲပြော၊တွေ့ရာတွေဆွဲပြီးလူတွေကိုပစ်ပေါက်နေတယ်…….ဟေ့ကောင်ဘာဖြစ်နေ
တာလဲ……ဆယ်နှစ်နာရီထိုးနေပြီ၊သူတို့လာကြတော့မယ်….အမေရယ်ကယ်ပါအုန်း…..ပတ်ပြီးပြေးနေ သောဗျော့ကြီးကိုရေထဲကျမသွားအောင်ဝိုင်းဆွဲနေကြပါတယ်……ကျနော်ကိုယ်တိုင်ထိတ်လန့်တုန်လှုပ်လာပါတယ်…..
အမြင်တွေဝေ၀ါးလာတယ်….မျက်စိအာရုံထဲမှာအမျိုးမျိုးဝင်လာပါတယ်။လက်ညိုးငေါက်
ငေါက်ထိုးနေကြသောမနန်းတို့အသိုင်းအဝိုင်းကိုကြောက်လန့်လာပြီးကန်တော့လျှက်သားဒူးထောက်ချ
လိုက်မိပါတယ်။တင်ပလ္လင်ခွေထိုင်နေသောဇံကြီးက..သာဓု…သာဓု…သာဓု…..နိဗ္ဗာနပစ္စယောဟောတု….။
ဆေးသမားဂန်ဂါးကိုရှာကြစမ်း…ဒီကောင်မရှိတော့ဘူး……။
“လှေကလေးကိုလှော်မည်….ဘေးမသန်းဘဲအေးချမ်းတော့မည်…..မြစ်ကမ်းခြေရေနဒီ…..စိမ်းလဲ့လဲ့ကြည်”
သီချင်းလေးကိုငြီးရင်း..၀ါးလုံးသေးသေးလေးကိုလှော်တက်ပုံ…..လှေလှော်နေသောဆေးသမားဂန်ဂါးကို
ရှမ်းလေးလှေပေါ်မှာတွေ့လိုက်ရတယ်…..။ တော်သေးတယ်….လှေဦးမှာချည်ထားတဲ့ကြိုးကိုမဖြုတ်လိုက်လို့…….
ကြိုးဖြုတ်လိုက်လို့ကတော့အင်းလေး
ဗိုလ်တဲဟာဒုက္ခသည်စခန်းဖြစ်သွားလိမ့်မယ်…..ရေပတ်လည်ဝိုင်းနေတဲ့ဗိုလ်တဲမှာဆက်နေနေရင်အရမ်း
အန္တာရယ်များတယ်…..မဖြစ်တော့ဘူးအစ်ကိုလေးတို့…..ဖေါင်တော်ဦးဘုရားကိုသွားကြရအောင်…ဒီမှာ
ဆက်နေရင်ဒုက္ခရောက်တော့မယ်…….ရှမ်းလေးကိုယ်တိုင်စိုးရိမ်လာပြီးလှေပေါ်အားလုံးခေါ်တင်လိုက်ပါ တယ်….
ညမှောင်မှောင်တစ်ယောက်ကိုတစ်ယောက်ကိုင်ထားကြရင်းဖေါင်တော်ဦးဘုရားဆီမောင်းလာခဲ့
ကြပါတယ်….ညမှောင်မှောင်ဖြေးဖြေးမောင်းလာရင်းဘုရားရင်ပြင်ဆီရောက်လာပါတယ်….
ကျနော်တို့အုပ်စုညအိပ်ဖို့ဘုရားလူကြီးတွေဇရပ်တစ်ဆောင်စီစဉ်ပေးပါတယ်…..ဘယ်အချိန်အိပ်သွားမှန်းမသိတော့ပါဘူး။
ကျနော်နိုးလာတော့မနက်လေးနာရီထိုးနေပြီ…..ဘုရားရင်ပြင်မှာအင်းသူအင်းသားတွေဆွမ်းတော်တင်တဲ့သူတင်….
သန့်ရှင်းရေးလုပ်တဲ့သူလုပ်နေကြပြီ…..
မြင်လိုက်ရတဲ့မြင်ကွင်းဟာအရမ်းကြည်နူးစရာကောင်း နေပါတယ်…..ရင်ထဲမှာအေးချမ်းသွားပါတယ်….မကြာပါဘူး…ရင်ထဲကသောကအပူကပြန်နိူးထလာပြန်ပါ
တယ်…..” အရှင်ဘုရားတပည့်တော်ရင်ထဲကအပူကိုငြိမ်းသတ်ပေးတော်မူပါ……”
ညကလိုင်းတွေပူးကုန်သောကြောင့်အိပ်ရာမှနိုးလာချိန်ကြည်ကြည်လင်လင်မရှိကြပါ…။
ခေါင်းတွေကိုက်နေတယ်။ဒါပေမဲ့ဒီနေ့စခန်းကိုအရောက်ပြန်ရမယ်…။
ဖေါင်တော်ဦးဘုရားမှကျနော်တို့ထွက်လာချိန်ရာသီဥတုကြည်ကြည်လင်လင်၊အင်းထဲမှာရှမ်းလေးစက်လှေလေးတရိပ်ရိပ်နဲ့ပြေးနေတယ်၊
ရေလည်ရောက်ချိန်မှာအချိန်အခါမဲ့မိုး၊သဲကြီးမဲကြီးရွာချပါတော့တယ်……။
တိုက်တိုက်ဆိုင်ဆိုင်ရှမ်းလေးစက်လှေဟာလည်းဖွတ်ချက်ဖွတ်ချက်နဲ့စက်မမှန်တော့ဘဲထိုးရပ်သွားပါတော့
တယ်။စက်ပျက်နေတဲ့စက်လှေလေးဟာဦးတည်ရာမရှိဘဲရေလည်မှာတဝဲလည်လည်ဖြစ်နေပါတယ်……။
လမ်းတဝက်မှာပန်းတိုင်ပျောက်ခဲ့သောကျနော့်ဘဝဟာစက်ပျက်နေသောစက်လှေနဲ့သဏ္ဏန်တူနေပါတယ်။
တောက်…ငါ့ဘဝနဲ့တူလိုက်တာ…မိုးရေနဲ့အတူစီးကျလာသောမျက်ရည်ကိုသုတ်ရင်းနှုတ်မှထွက်သွားမိပါ
တယ်…….အေးအေးဆေးဆေးစဉ်းစားကြရအောင်……အချိန်တွေရှိပါသေးတယ်…..
ငသေးကကျနော့်ပခုံးကိုပုတ်ပြီးနှစ်သိမ့်စကားပြောလိုက်ပါတယ်….
ကျနော့်အတွေးတွေအဝေးကိုပြန်ရောက်သွားပါတယ်…။
ဘူမိဗေဒကွင်းဆင်းအပြီးမှာလျှောက်လည်ခွင့်ပေးပါတယ်။ထုံးစံအတိုင်းတောင်ကြီးရောက်ခဲ့ကြပြန်ပါတယ်။
ဒီနေ့သူငယ်ချင်းတွေအားလုံးတောင်ကြီးမြို့ပေါ်မှာလျှောက်လည်ကြတယ်….ကျနော်တစ်ယောက်တည်း
မနန်းတို့ရွာဖက်ထွက်ခဲ့ပါတယ်..ဘယ်သူ့ကိုမှမခေါ်ခဲ့တော့ပါ……….ကျနော်တို့နှစ်ယောက်ရဲ့အရေးကြီးဆုံးအချိန်တွေနီးလာပြီ။
တောင်ကြီးကောလိပ်လွန်ပြီးမြေကြီးလမ်းအတိုင်းဆက်လျှောက်ခဲ့ပါတယ်…မနန်းတို့ရွာကိုရောက်
ဖို့ခြောက်မိုင်လောက်လမ်းလျှောက်ရဦးမယ်…..လမ်းတလျှောက်တိုင်းရင်းသားများရဲ့ရွာကလေးတွေကို
ဖြတ်သွားရမယ်…..မနန်းတို့ရွာကိုကျနော်သုံးကြိမ်ရောက်ခဲ့ပြီးပြီ…..အရင်နှစ်တွေတုန်းအရမ်းပျော်ခဲ့ကြ
တယ်…..သူငယ်ချင်းတွေနဲ့လာလည်ကြတယ်…..။
အေးချမ်းတဲ့ရာသီဥတု၊တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊စိမ်းလန်းနေတဲ့လ္ဘက်ခင်းတွေ၊နီရဲနေသောစတော်ဘယ်ရီပင်လေးတွေ၊
ကြားထဲမှာအနက်ရောင်တိုင်းရင်းသူဝတ်စုံနဲ့မနန်း၊ဒီပန်းချီကားလေးရင်ထဲမှာစွဲနေတယ်…..။
ရင်ထဲကပန်းချီကားလေးကိုအမြဲတမ်းမျက်စိထဲမှာမြင်ယောင်နေတယ်..။
ကွင်းဆင်းပြီးတိုင်းမနန်းတို့ရွာကိုရောက်နေကျ၊
ဥပဒေမှာတက်နေသောမနန်းနဲ့မန္တလေးဆောင်မှာကျောင်းတက်နေသောကျနော်တို့နှစ်ယောက်ရန်ကုန်တက္ကသိုလ်မှာဆုံခဲ့ကြတယ်….။
လူငယ်ဘာဝရည်ငံနေတာသုံးနှစ်ပြည့်တော့မယ်…..မနှစ်ကထိလူကြီးတွေဘာမှမပြော၊လူငယ်သဘာဝ
သမီးရည်းစားကိစ္စထူးဆန်းတာတော့မဟုတ်ပါ…..ချစ်တိုင်းလဲညားကြတာမှမဟုတ်တာ….
အချိန်တန် ရင်ကိုယ့်အိမ်ကိုယ်ပြန်ကြမယ်လို့လူကြီးတွေယူဆထားကြတယ်…ဒီနှစ်နောက်ဆုံးရောက်လာပြီ….ကျနော်
တို့ဖက်ကအလေးအနက်ဖြစ်လာတော့နှစ်ဖက်လုံးကလူကြီးတွေအပြင်းအထန်ကန့်ကွက်လာကြတယ်….
မြေပြန့်သားနဲ့တောင်ပေါ်သူ၊လူမျိုးခြင်းလည်းမတူ၊ကိုးကွယ်တဲ့ဘာသာချင်းလဲမတူတဲ့ကြားထဲကကျနော်
တို့နှစ်ယောက်သံယောဇဉ်ဖြစ်ခဲ့ကြတယ်……
ကြိုတင်အသိပေးထားသည့်အတိုင်းဒီနှစ်မနန်းတို့အိမ်ကကျနော့်ကိုလုံးဝအေးစက်စက်နဲ့ကြိုဆို
ခဲ့ပါတယ်……တစ်ယောက်မျှကျနော့်ကိုစကားလာမပြောကြပါ….နဂိုခင်ပြီးသားအမကြီးနဲ့ညီမလေးတွေ
လဲလူကြီးစကားမလွန်ဆန်ဝံ့လို့လား…မျက်နှာလွှဲနေကြတယ်………မနန်းနဲ့တွေ့ခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူး
တင်ပါတယ်…..အငိုမျက်လုံး၊မို့ပြီးအစ်နေတဲ့မျက်ခွံတွေဟာကျနော့်ရင်ကိုနာကျင်စေပါတယ်….ညနေ
စောင်းပြန်ခါနီးမှာမဖြစ်နိုင်တဲ့ကိစ္စကိုရှေ့ဆက်မတိုးဖို့ကျနော့်ကိုလူကြီးတွေသတိလာပေးပါတယ်….အရင်
နှစ်တုန်းကတောင်ကြီးအရောက်မောင်နှမတွေလိုက်ပိ့ုကြတယ်….ဒီနှစ်လိုက်ပို့ခွင့်မပြုတော့ဘူး….ဒါပေမဲ့
ရွာထိပ်အထိကိုအမကြီးနဲ့မနန်းလိုက်ပို့ပါတယ်….။
“ကျောင်းပြန်ဖွင့်ရင်လည်းကျမရန်ကုန်ကိုမရောက်နိုင်တော့ဘူး……”
“ညီမကိုကျောင်းမပေးတက်ကြတော့ဘူး…..”
ငိုရှိုက်နေသောမနန်းကိုကျနော့််ရင်ခွင်ထဲဆွဲသွင်းလိုက်မိပါတယ်…..အမကြီးကမျက်နှာလွဲထားတယ်….။
ရွာထိပ်ဘုရားရှိခိုးကျောင်းကခေါင်းလောင်းသံဟာ နှစ်ယောက်ခွဲခွာဖို့သတိပေးသံလား….။
တောင်ကြီးအပြန်လမ်းမှာကျနော်တစ်ယောက်ထဲ၊အမှောင်ကြားထဲမှာလမ်းလျှောက်လာရင်းစီးကျလာတဲ့
မျက်ရည်တွေကိုဘယ်သူမှမမြင်နိုင်ပါ….အေးစက်နေတဲ့ပတ်ဝန်းကျင်ဟာပူလောင်နေတဲ့ကျနော့်ရင်ကို
မအေးနိုင်ခဲ့ပါ….လက်ထဲကရွှေလိမ္မော်ကိုမော့ချရင်းတရွေ့ရွေ့နဲ့ပြန်လာခဲ့တယ်…။
အစွန်းရောက်နေတဲ့လူကြီးတွေကိုအပြစ်ပြောရမလား…။
မတူတဲ့ဘဝတွေကြားထဲကဆုံပေးခဲ့တဲ့မိုးနတ်မင်းကြီးကိုအပြစ်ပြောရမလား…….။
ကျနော့်ဘဝပန်းတိုင်ပျောက်ခဲ့ရပါပြီ…ကျနော့်ဘဝဟာအင်းလေးကန်ရေပြင်မှာတဝဲလည်လည်ဖြစ်နေတဲ့
ရှမ်းလေးစက်လှေလိုဘဲ..ကျနော်တို့နှစ်ယောက်ရဲ့ပန်းတိုင်ကိုလှမ်းမမြင်နိုင်တော့ပါဘူး…။
မိုးစက်မိုးပေါက်တွေကြားထဲကငသေးဂစ်တာသံနဲ့သီချင်းသံအနောက်ဖက်ကပြန့်လွင့်လာပါတယ်……။
အင်းလေးမှာရွာတဲ့မိုးရယ်.....အင်းလေးမှာရွာတဲ့မိုးရယ်……တိတ်လှည့်ပါ…… တိတ်လှည့်ပါ…….
အလွမ်းအထီးကျန်….အဖော်မဲ့သူဘဝ……..တွေးမိလာ……..အကယ်၍များသာ………လှေဦးထိပ်မှာ……
ကြင်နာသူလေး…..ပါလာခဲ့ရင်……သူဒီလောက်အားငယ်မယ်မထင်ပါ………………။
ကျနော်ရေးခဲ့အကြောင်းအရာများသည်ကွင်းဆင်းခဲ့သောအတွေ့အကြုံများနှင့်စိတ်ကူးအတွေးများကို
ပေါင်းစပ်၍ရောသမမွေထားပါသည်။မည်သူ့ကိုမှရည်ရွယ်ထားခြင်းမရှိကြောင်းသိစေအပ်ပါသည်။
ဖတ်ရှုပေးသောသူငယ်ချင်း၊မိတ်ဆွေများကိုအထူးကျေးဇူးတင်ပါသည်။
ဆက်လက်၍လဲကျိုးစားပါဦးမည်။
အထူးသဖြင့်ကျနော့်www.geologist.myanmar.com မှမှတ်စုတိုများကိုပြန်လည်စုစည်းနေခြင်းဖြစ်ပါသည်။

Comments
Post a Comment