ကျနော်တိုက်စစ်မှူး


 
Photo credit to original uploader

ကျနော်တိုက်စစ်မှူး


မြက်ခင်းစိမ်းစိမ်းပေါ်မှာကျနော်ဘောလုံးကိုတို့ကာတို့ကာနဲ့ဆွဲပြေးနေပြီ၊တဖက်အသင်းဂိုးဆီသို့
ဒါပေမဲ့နောက်တန်းကောင်ပြေးဝင်လာနေပြီ၊ခပ်ကြမ်းကြမ်းဖျက်ထုတ်တော့မယ်
ရှောင်ရမယ်၊ဘော်ဒီတချက်အယောင်ပြပြီးဘော်လုံးကိုတဖက်ဆွဲသွားတော့ဒီကောင်ဖင်ထိုင်ပြီးကျန်ခဲ့ပြီ
ကျနော်တို့ဘူမိဗေဒအသင်းအချင်းချင်းလူခွဲပြီးကစားနေကြတာ
တက္ကသိုလ်လေ့ကျင့်ရေးကွင်းမှာ
ထောင့်ကန်ဘောကန်တင်လိုက်တဲ့ဘောလုံးလေထဲဝှေ့လာနေပြီ
အချိန်ကိုက်ပြေးဝင်ပြီးခေါင်းနဲ့တိုက်ချလိုက်တယ်”ဂိုး”
ပွဲကြည့်စင်ပေါ်မှာကြည့်နေတဲ့ကောင်မလေးတွေလက်ခုပ်တီး၊အားပေးသံတွေကြားရတဲ့အခိုက်
ရင်ထဲမှာအရမ်းပျော်သွားတယ်၊
“တော်ပြီ၊ဒီနေ့အဖို့တော်ပြီ”နည်းပြဝီစီသံနဲ့အတူအော်ပြောသံကြားလိုက်တယ်။
မေဂျာပေါင်းစုံဘောလုံးပွဲအတွက်လေ့ကျင့်နေကြတာ၊ကျနော်တို့မေဂျာမှာမိန်းခလေးမရှိ၊ဘယ်မေဂျာကလဲမသိ
“ခေါင်းတိုက်ချက်အရမ်းမိုက်တယ်”ကောင်မလေးတစ်ယောက်ကျနော်ကိုအော်ပြောတယ်၊
ကျနော်လဲသူ့ကိုလက်မြောက်ပြလိုက်ပါတယ်၊ကိုယ့်ကိုအားပေးနေသောပရိတ်သတ်ကိုပြန်လေးစားရမယ်
ဒီကောင်မလေးကိုကျနော်မသိ၊မျက်လုံးနဲ့ဘဲကြည့်ဖြစ်တယ်၊
ဟေ့ကောင်တွေဒီမှာစုမယ်
နည်းပြနားမှာကျနော်တို့ဝိုင်းပြီးစုထိုင်ကြပါတယ်၊ဒီနေ့ပွဲမှာညံ့တာတွေကောင်းတာတွေနည်းပြပြောနေတယ်။
ဒီထက်တိုးတက်အောင်လေ့ကျင့်ကြဖို့ဆရာပြောနေတယ်၊
ကျနော်စိတ်ကပွဲကြည့်စင်ကကောင်မလေးဆီမှာ
ကျနော်တို့လေ့ကျင့်ပြီးချိန်မှာကောင်မလေးအုပ်စုမရှိတော့ပါ
ကျနော်တို့နေ့တိုင်းမနက် 8 နာရီမှစထရိန်နင်ဆင်းကြပြီ
မနှစ်ကအဖြစ်ကိုပြန်စဉ်းစားတိုင်းကျနော်တို့အားလုံးရင်နာကြရတယ်။
ရှုံးထွက်အဆင့်မှာသမိုင်းမေဂျာနဲ့ဆုံပြီး 2:0 ရှုံးခဲ့တယ်၊
ဘောလုံးပွဲရဲ့ရသဆိုတာဒါပါဘဲ၊ကျနော်တို့အသင်းမှာရန်ကုန်တက္ကသိုလ်လက်ရွှေးစင် ၄ ယောက်ပါနေတယ်၊
သမိုင်းအသင်းကသာမန်အဆင့်၊
ကျနော်တို့စကစားထဲကဖိကစားခဲ့ကြတယ်၊
ကံမကောင်းတာရော၊ဂိုးသွင်းမသေချာသလိုတစ်ဖက်ဂိုးသမားကလဲကောင်းနေတယ်။
ကောင်တာနဲ့တွေ့ပြီး ၂ ဂိုးပေးလိုက်ရတယ်၊အဲ့လိုနဲ့ထွက်ခဲ့ရတယ်၊
ဒီနှစ်ကိုပိုပြီးလေ့ကျင့်နေကြတယ်၊မနှစ်ကလိုမဖြစ်ရအောင်ပိုကျိုးစားနေကြတယ်၊
သူတို့တွေကရက်ခြားတက္ကသိုလ်ရေကူးကန်မှာရေလာကူးကြတယ်၊
ရေကူးပြီးရင်ဘောလုံးလေ့ကျင့်နေတာလာကြည့်လေ့ရှိတယ်။ကျနော်သူတို့အုပ်စုထဲမှာအမြဲတမ်းပြုံးချိုချိုမျက်နှာထား
နဲ့ကောင်မလေးကိုစိတ်ဝင်စားတယ်။သူလေကျနော်ခေါင်းတိုက်ဂိုးသွင်းတာကိုအားပေးခဲ့တယ်၊
သူတို့အုပ်စုထဲမှာသူဘဲဘောလုံးဝါသနာပါတယ်၊ကျန်တဲ့ကောင်မလေးတွေကသူခေါ်လို့လိုက်ခဲ့ရတာ၊ဝါသနာမပါကြ။
တစ်ရက်လေ့ကျင့်ခန်းဆင်းနေရင်းဒီနေ့စိတ်မပါသလိုဘဲ၊နည်းပြတွေကချက်ချင်းသိတယ်
ဟေ့ကောင်...ကိုဂျစ်...ဘာဖြစ်နေလဲ...နေမကောင်းတာလား....စိတ်မပါတာလား...
ကွင်းထဲရောက်ရင်အပြင်ကိစ္စတွေထားခဲ့
နည်းပြဆရာ..စိတ်တိုင်းမကျလို့ကျနော့်ကိုဆဲနေပြီ၊
ကျနော့်စိတ်ထဲမှာသူ့ကိုမျော်နေမိတယ်၊မတွေ့တာနဲနဲကြာနေပြီလားမသိ
သူလာမကြည့်လို့ကစားရတာဆားမပါတဲ့ဟင်းစားနေသလိုဘဲ၊
မင်းကိုဒဏ်ပေးရတော့မယ်၊
အားလုံးလေ့ကျင့်ခန်းပြီးတော့ကျနော့်တစ်ယောက်ထဲလေ့ကျင့်ခန်းတွေဆက်လုပ်ခိုင်းနေတယ်၊
မန္တလေးဆောင်ကဒါရဝမ်အဘနဲ့ကျနော်နှစ်ယောက်ထဲကွင်းထဲမှာ၊နေလဲတော်တော်မြင့်လာတော့
တော်တော်ပူနေပြီ၊
ကောင်လေး.....တော်ပြီ၊ဘောလုံးသိမ်းတော့မယ်
အဘဘော်လုံးတွေကိုတွန်းလှည်းထဲထည့်ပြီး၊ကျနော်တို့စာသင်ဆောင်ဆီကိုပြန်သွားပြီ
ဒီနေ့ပင်ပမ်းလိုက်တာ...မြက်ခင်းပေါ်မှာထိုင်ရင်းပွဲကြည့်စင်ဖက်လှည့်ကြည့်မိတယ်
လူတစ်ယောက်မှမရှိပါ၊ဒီအချိန်လောက်ဆိုအတန်းတွေတက်နေကြပြီ
ကျနော်တစ်ယောက်ထဲသထုံလမ်းအတိုင်း၊ဘောကန်ဖိနပ်ကိုပုခုံးပေါ်ကြိုးတွဲလောင်းချိတ်ပြီး
ဒဂုံဆောင်ဆီလမ်းလျှောက်ပြန်ခဲ့ပါတယ်၊အဆောင်မှာရေချိုးပြီးအတန်းဆက်တက်မယ်၊
ဒီနေ့ဆရာကျနော့်ကိုဆဲချင်စရာဘဲ၊အပိုင်ဘောတွေကိုဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့ကျနော်၊
ပြိုင်ပွဲဆိုရင်ဘယ်လိုလုပ်မလဲ...ပရိတ်သတ်ဆိုတာကတိုက်စစ်မှူးဂိုးသွင်းတာဘဲမြင်ချင်ကြတာ
မင်းဒီလိုစောက်တလွဲလုပ်ပုံနဲ့ကောင်းကောင်းအဆဲခံရဖို့ရှိတယ်
ငါတို့နည်းပြတွေကိုလဲအပြစ်ပြောကြတော့မယ်
လေ့ကျင့်နေတယ်ဆိုတာကပြိုင်ပွဲအတွက်၊ပြိုင်ပွဲမှာကန်နေသလိုမျိုးကန်စမ်းပါ
ချိုပြီးကစားတာတွေ၊ပေါ့ပျက်ပျက်ကစားတာတွေမလုပ်ကြပါနဲ့၊
မင်းတို့အရည်အသွေးတွေကျကုန်လိမ့်မယ်
နောက်ကကားဟွမ်းသံကြားလို့လမ်းဘေးဆင်းလျှောက်လိုက်ပါတယ်၊ကျနော်လမ်းပေါ်မှာလမ်းလျှောက်နေတာလားမသိ၊
နောက်ထပ်ကားဟွမ်းထပ်တီးပြန်ပါတယ်၊စိတ်ထဲဒေါသနဲနဲထွက်ပြီ၊နဂိုကစိတ်တိုနေရတဲ့အထဲဒီကားဟွမ်းကလဲ
နောက်လှည့်ကြည့်လိုက်တယ်၊ကြက်သွေးရောင်ဖင်မလီယာလေး၊လက်ကိုင်နောက်မှာပြုံးချိုချိုကောင်မလေး
ကျနော့်ကိုပြုံးကြည့်ပြီးလမ်းဘေးကားထိုးရပ်လိုက်ပါတယ်၊ကျနော့်ဘေးမှာလာရပ်ရင်း....
မင်းတစ်ယောက်ထဲလား...နောက်ကျလာချည်လား...
ကျန်တဲ့လူတွေကော.....မေးခွန်းတွေကဒလစပ်
ကျနော်သူ့ကိုမြင်ပြီးတော့အရမ်းအံ့ဩသွားသလို၊သူကျနော့်ကိုဒီလိုတရင်းတနှီးစကားပြောမယ်လို့လဲမထင်ထားဘူးလေ
သူ့မျက်နှာသေသေချာချာကြည့်မိတယ်၊ကျနော်ထင်ထားတာထက်ပိုငယ်ပိုချောနေတယ်
နဂိုထဲကငိုချင်ရက်လက်တို့ဆိုသလိုမျိုး၊ဒီနေ့အဖြစ်ကိုသူ့ကိုရင်ဖွင့်လိုက်ပါတယ်
ကစားတာစိတ်မပါလို့ဒဏ်ပေးခံရတဲ့အကြောင်းတွေ၊ပွဲကြည့်စင်မှာနင်မရှိလို့ကစားတာစိတ်မပါတဲ့အကြောင်းတွေ၊
သူ့အကြောင်းလဲဘာမှမသိရသေးဘဲနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လိုဘဲပြောနေမိတယ်။
ကျနော်တို့သထုံလမ်းကလမ်းဘေးအုတ်ခုံပေါ်မှာထိုင်ပြီးပြောနေကြတာ
သူလဲကျနော့်မျက်နှာကိုကြည့်ပြီးနားထောင်နေတယ်၊
.....နင်ဘယ်ပြန်မလို့လဲ၊ငါလိုက်ပို့ပေးမယ်
မပို့နဲ့တော့၊ငါ့တစ်ကိုယ်လုံးညစ်ပတ်နံစော်နေတယ်၊
ရတယ်မပို့နဲ့၊ဒဂုံဆောင်ကိုပြန်မယ်...ဒီနားလေးဘဲ
......ငါပို့ပေးမယ်...
ငါမလိုက်ဘူး၊နင်အတန်းတက်စရာရှိတာသွားပါ
......နင်ဒဂုံဆောင်ပြန်မယ်ဆိုတော့နယ်ကလာတာလား
မဟုတ်ဘူး၊ငါရန်ကင်းမှာနေတာ
လေ့ကျင့်ပြီးရေချိုးအဝတ်စားလဲဖို့သူငယ်ချင်းအခန်းကိုသွားမှာ
ငါ့ကိုယ်တွေညစ်ပတ်နေလို့ပါ
.......နင်ငါ့ဆီလာလည်ချင်ရင်လာလို့ရတယ်
........ငါသိပ္ပံခမ်းမဖက်ကရူပဗေဒအခန်းဘီမှာရှိနေတယ်
သူနဲ့စကားတွေပြောကြတာ၊ရင်ထဲဘယ်လိုဖြစ်မှန်းမသိဘူး၊တခုခုဘဲ
အပြုံးချိုချိုပိုင်ရှင်နာမည်သိခွင့်ရပြီ၊သူ့နာမည်က”မေချို”နာမည်နဲ့လူနဲ့လိုက်ပါပေတယ်။
နောက်ရက်တွေမှာမချိုပွဲကြည့်စင်မှာကျနော့်ကိုလာအားပေးတယ်
ကျနော်လဲအတန်းလစ်ပြီးသိပ္ပံခမ်းမဖက်ကိုသွားတတ်လာပြီ
ကျနော်တို့နှစ်ယောက်ရက်တိုတိုလေးမှာတော်တော်လေးရင်းနှီးသွားတယ်၊
ဝါသနာတူတာလဲဖြစ်မယ်၊ဘောလုံးအကြောင်းတွေကိုမချိုတော်တော်သိနေတယ်
ပြည်တွင်းကလပ်အကြောင်းတွေ၊ပရီးမီးယားကလပ်အကြောင်းတွေပါသိနေတယ်,
နင်ဘောလုံးအကြောင်းငါ့ထက်တောင်ပိုသိနေတယ်၊ထူးဆန်းလိုက်တာ
.......ငါ့အဖေကတချိန်တုန်းကမြန်မာ့လက်ရွှေးစင်ဖြစ်ခဲ့လို့ဘောလုံးကိုငါစိတ်ဝင်စားတာ
ငါလဲဘောလုံးရူးခဲ့လို့မနှစ်ကစာမေးပွဲကျပြီးပြီ၊အခုငါ Repeater တတိယနှစ်ကျောင်းသား
ဝါသနာပါလို့ကန်နေတာ၊အိမ်မှာလဲတစ်ယောက်မှငါ့ကိုအကောင်းမပြောကြဘူး။
နင်နဲ့စကားပြောရတာအရမ်းစိတ်ချမ်းသာတယ်
......နင့်အိမ်ကပြောတာတွေအမှန်တရားတွေ၊နင့်မိဘစကားတွေနားထောင်
.......အခုတော့ကန်လိုက်ပါအုန်း၊နင်ကန်နေတာငါအားပေးနေမယ်။
.....ငါ့အဖေလဲနင့်လိုတိုက်စစ်မှူးဖြစ်ခဲ့တယ်၊
......ကန်လိုက်တဲ့ပွဲတွေ၊ဆီးဂိမ်းတွေမှာအဖေနာမည်ကြီး
......ဟိုတုန်းကအပြင်ထွက်ကန်ခွင့်မရခဲ့ဘူး၊ထိုင်းကအဖေ့ကိုကလပ်မှာလာကစားဖို့အကြိမ်ကြိမ်
.......ဆက်သွယ်ခဲ့တယ်၊ကလပ်ကလူကြီးတွေလဲလာခေါ်တယ်။
......ဒါပေမဲ့ကိုယ့်တိုင်းပြည်ကလူကြီးတွေခွင့်မပြုခဲ့ဘူး
......ငါ့အဖေခြေကျိုးပြီး၊မကစားနိုင်တော့တဲ့အခြေအနေရောက်မှတိုင်းပြည်ရဲ့စေတနာအမှန်သိခွင့်ရတယ်။
........ကလပ်အသင်းတွေလဲထောက်ပံ့ကြေးတစ်နှစ်၊နှစ်နှစ်လောက်ပေးပြီးမပေါ်လာတော့ဘူး
......ပင်စင်လစာဘဲရတော့တယ်၊
.......ဒီခေတ်ကြီးမှာပင်စင်လစာနဲ့ဘာလိုရပ်တည်မလဲ
.......အိမ်ကမောင်လေးလဲဘောကန်တော်တယ်၊အဖေဘောလုံးကိုစိတ်နာပြီး
......မောင်လေးကိုကန်ခွင့်မပြုတော့ဘူး
......ဝါသနာပါလို့ကန်တာပေးကန်တယ်၊မြို့နယ်အဆင့်၊တိုင်းအဆင့်တွေထိကိုမပေးကန်တော့ဘူး
.......အခုမောင်လေးလဲအဖေ့ကိုသင်ခန်းစာယူပြီးစာဘဲဖတ်နေတယ်။
မချိုသူ့အကြောင်းတွေပြောပြနေတာ
ကျနော်အားကျခဲ့တဲ့တိုက်စစ်မှူးကသူ့အဖေဖြစ်နေတယ်
ဒီနောက်ပိုင်းကျနော်တို့လေ့ကျင့်နေတဲ့လေ့ကျင့်ရေးကွင်းကိုမချိုအမြဲလိုလိုရောက်ဖြစ်တယ်။
မချိုမျက်နှာလေးကကျနော့်အတွက်အားဆေးတစ်ခွက်လိုဘဲ
ကျနော်လဲသူ့အတန်းဖက်နေ့တိုင်းဘဲရောက်ပါတယ်၊
ကျနော့်မှာမိန်းခလေးသူငယ်ချင်းနဲပါတယ်၊အာစီတူးတုန်းကလဲဘောလုံးကန်ရင်းနဲ့အချိန်တွေကုန်ခဲ့တယ်။
ဘူမိဗေဒရောက်တော့ယောကျာ်းသက်သက်၊ဆိုတော့ကျနော့်မှာဆော်ဆိုလို့မူးလို့ရှူစရာမရှိ
အခုလဲကျနော်ဘောလုံးကန်နေတာမေဂျာအဆင့်ကျော်ပြီးရန်ကုန်တက္ကသိုလ်အသင်းထဲရောက်နေပြီ၊
တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲကြီးကလဲလာတော့မယ်
အခုထဲကကျနော့်ကိုဆောက်လုပ်ရေးအသင်း၊ကာစတန်အသင်းတွေလာချိတ်နေကြတယ်
အာစီတူးတုန်းကကျနော်ဆောက်လုပ်ရေးမိသားစုတိုင်းနဲ့ပြည်နယ်ပြိုင်ပွဲမှာကစားပေးဘူးတယ်။
အဲဒီတုန်းက၊ကရင်ပြည်နယ်ကိုယ်စားပြုတဲ့အသင်းမှာကစားခဲ့တယ်။
အဲဒီအချိန်ထဲကလူကြီးတွေကျနော့်ခြေကိုသဘောကျနေတယ်။
ကျနော်ကျောင်းတက်နေတုန်းဆိုတော့ကလပ်အသင်းတွေကိုစိတ်မဝင်စားသေးဘူး
ကျောင်းပြီးအောင်အရင်လုပ်ရအုန်းမယ်၊
မချိုဆီကအကြံပေးချက်တွေကလေးစားစရာ၊
သူ့အဖေကစားခဲ့တဲ့ကလပ်ကိုလုံးဝမကစားနဲ့၊နမူနာငါ့အဖေကိုကြည့်ထား
ကစားချင်ရင်ကာစတန်အသင်းမှာကစား၊အဲ့အချိန်ကထဲကကာစတန်အသင်းဟာ
မြန်မာမန်ယူအသင်း၊နှစ်တိုင်းဖလားယူနေတယ်
မင်းမကစားနိုင်တော့တဲ့အချိန်ကာစတန်အလုပ်ဝင်လုပ်လို့ရတယ်။
ကျနော့်အဖေ၊စက်မှုလယ်ယာကညွန်မှူး၊မာဇဒါဂျစ်တစ်စီးရထားတယ်၊
၁၂ လုံးတန်းမှာအခန်းရထားတယ်၊အမေကတာမွေအထက်တန်းကျောင်းကကျောင်းအုပ်
ဝန်ထမ်းမိသားစုထဲကကျနော်၊ကျနော့်မှာညီနဲ့ညီမရှိသေးတယ်၊
သူတို့လဲကျောင်းတက်နေကြတယ်၊ဆိုတော့ကျနော်တို့ဘဝပြည့်စုံတယ်လို့မပြောနိုင်ပါ။
မချိုတို့မိသားစုတောင်ဥက္ကလာမှာအိမ်ရှိတယ်၊
သူ့တို့မိသားစုကွမ်းခြံကုန်းမှာလဲနေတယ်။သူတို့စီးပွားရေးကသူ့အမေကရွှေဆိုင်ထိုင်တယ်၊
တောကရွှေဆိုင်ဆိုတာကအပေါင်ဆိုင်ပါဘဲ
အပေါင်ဆိုင်အလုပ်ကိုသူတို့မောင်နှမအားလုံးလုပ်တတ်တယ်၊
ဒါကြောင့်ရန်ကုန်မှာမချိုကိုယ်ပိုင်ကားနဲ့ကျောင်းတက်နိုင်တယ်
ဒီလိုနဲ့ကျနော်တို့ စာမေးပွဲပြီးလို့ Field ဆင်းရတော့မယ်၊ ကျနော်မချိုနဲ့ဝေးရအုန်းမယ်၊
ကျနော်တို့သာစည်ရထားနဲ့သာစည်ကိုအရင်သွားရမယ်၊ပြီးတော့မှ ကျနော်တို့ကွင်းဆင်းရမည့်နေရာတွေကို
ကုန်းလမ်းပို့ဆောင်ရေးတွေကတီအီးကားတွေနဲ့လိုက်ပို့မည်
မချိုကျနော့်ကိုရန်ကုန်ဘူတာကြီးထိလိုက်ပို့တယ်၊
ကျောင်းသားအားလုံးရထားပေါ်ရောက်ကုန်ပြီ၊စင်္ကြန်မှာကျနော်တို့နှစ်ယောက်ဘဲကျန်တော့တယ်
ကျနော့်အတွက်ဆေးဝါးတွေယူခဲ့ပေးတယ်၊အေးတဲ့ရှမ်းပြည်မှာရေချိုးမမှားဖို့၊ဝမ်းပျက်တတ်တဲ့အစာတွေမစားဖို့၊
နွေးနွေးထွေးထွေးနေဖို့အများကြီးအမှာစကားတွေချွေနေတာ
ကိုဂျစ်...ရထားထွက်တော့မယ်..တက်ခဲ့တော့..သူငယ်ချင်းတွေခေါ်နေပြီ
သံဇကာကြားထဲကဆေးထုတ်တွေပေးနေတာယူရင်းမချိုလက်ချောင်းနဲ့ကျနော့်လက်ထိမိပါတယ်။
သူ့လက်ညိုးလေးကိုကျနော်ဆုပ်ထားပြီးပြန်မလွတ်တော့ပါ။
ကျနော်တို့နှစ်ယောက်မျက်လုံးချင်းအကြာကြီးကြည့်နေမိတယ်။
ကျနော်တို့ကြည့်နေရင်းနဲ့မချိုမျက်လုံးထဲကမျက်ရည်တွေစီးကျလာပါတယ်၊
နောက်ပြီးရှိုက်သံသဲ့သဲ့...ငါ....လွမ်းနေရတော့မယ်
ငါနင့်ကိုချစ်တယ်..ကျနော်ပြောပြီးတော့သူ့လက်ကိုလွတ်လိုက်ပါတယ်။
ဒါပေမဲ့မချိုကျနော့်လက်ကိုမလွတ်၊ဆုပ်ထားဆဲ
ဘော်..ဘူး..ဘူး......ဘော်( ရထားဥဩသံ)
မောင်ဂျစ်....ရထားထွက်ပြီ...လာခဲ့တော့...
မချိုကျနော့်လက်ကိုမလွတ်ချင်၊လွတ်ချင်နဲ့...ဖြေးဖြေးလွတ်ပေးလိုက်ပါတယ်
ကျနော်ရထားပေါ်ခုန်တက်ပြီးမချိုကိုလက်လှုပ်ယမ်းပြီးနှုတ်ဆက်နေတယ်
သူလဲကျနော့်ကိုလက်ပြနှုတ်ဆက်ရင်းလက်တစ်ဖက်ကမျက်ရည်သုတ်နေတယ်။
ဒီလိုနဲ့ရထားကြီးကကျနော်တို့နှစ်ယောက်ကိုတဖြေးဖြေးဝေးကွာသွားစေပါတော့တယ်။
ဘော်.....ဘူး......ဘူး......ဘော်...........ဘော်..........
………………………………………………………………………………….
ကျနော်တို့ Repeater အုပ်စုတစ်စုလုံးမြင်းတိုက်မှာကွင်းဆင်းရမယ်၊
ဆရာဖေမောင်သန်းနဲ့အတူတူကွင်းဆင်းရမည်။
ဗျိုင်း၊တောကျီးကန်း၊ဘိုးတော်၊ဘုန်းကြီး၊ဂန်ဂါး၊ရှကီး၊မျောက်ခေါင်း၊အခြားကောင်တွေကို
နာမည်မမှတ်မိတော့ပါ၊ဘူမိဗေဒကတကယ့်ဆိုးပေ့ကောင်တွေနဲ့ကွင်းဆင်းရမယ်၊
ကျောင်းသားအားလုံးကသူ့စရိုက်နဲ့သူပါဘဲ။ဆိုးသွမ်းမိုက်ရိုင်းတာမျိုးတော့မဟုတ်ကြပါ။
အားလုံးတစ်ယောက်ကိုတစ်ယောက်လေးစားမှုတော့ရှိကြပါတယ်။
ကျနော့်လိုဘဲဘောလုံးကန်ရင်းနဲ့စာမေးပွဲကျတဲ့ကောင် ၃ ယောက်ပါလာသေးတယ်။
ကျနော်တို့ဘောလုံးအဖွဲ့ကအားရင်ရွာထဲကဘောလုံးကွင်းမှာရွာသားတွေနဲ့ဘောလုံးကစားလေ့ရှိတယ်။
ကျနော်တို့အုပ်စုထဲကဘောလုံးကစားတတ်တဲ့သူတွေကိုခေါ်ပြီးကစားကြတယ်။
မျောက်ခေါင်း၊ဗျိုင်း၊တောကျီးကန်း၊သူတို့ဘောလုံးကစားလို့ရတယ်။
ကျနော်တို့လူခွဲကစားကြရင်းကျနော့်အမြင်နဲ့လူရွှေးနေမိတယ်။
မြင်းတိုက်ရွာသားတွေထဲက လေးယောက်လောက်တွေ့ထားတယ်။
ကျနော့်စိတ်ကူးနဲ့ရွှေးထားတဲ့လူတွေဘောလုံးတစ်သင်းစာတော့ရနေပြီ။
ကျနော့်အတွေးထဲမှာကွင်းဆင်းပြီးတစ်ရက်မှာ ကလောမြို့ခံအသင်းနဲ့တစ်ပွဲလောက်ခြေစမ်းကစားချင်တယ်။
ဒါကြောင့်မြင်းတိုက်ရွာသားတွေရော၊ကျနော်တို့သူငယ်ချင်းတွေကိုပါကျနော့်အစီအစဉ်ပြောပြရင်း
ကျနော်တို့လေ့ကျင့်နေကြပါတယ်။
မဆိုးပါဘူး၊ကျနော်တို့အသင်းတိုးတက်လာနေပြီ၊
ကျနော်တို့ဂိုးသမားကဘူမိဗေဒအသင်းကအရံဂိုးသမား၊နောက်တန်းနှစ်ယောက်လဲအရံအဖွဲ့၊
ကျနော်ကဘူမိဗေဒအသင်းရဲ့မရှိမဖြစ်တိုက်စစ်မှူး၊ဘာလိုသေးလဲဗျာ
ကျန်တာတွေကိုသူငယ်ချင်းတွေနဲ့မြင်းတိုက်ရွာသားတွေကိုမျှသုံးလိုက်ရင်ကျနော့်အသင်းဟာ
မြို့နယ်အသင်းလောက်ဖြစ်သွားပြီ၊
ကွင်းဆင်းနေရင်းတစ်ရက်ဆရာဖေဆီမှာခွင့်တောင်းပြီး၊ကလောမြို့ကိုတက်ခဲ့တယ်၊
ကျနော်ကလောဆောက်လုပ်ရေးဌာနကိုသွားမေးမြန်းကြည့်တယ်၊အာစီတူးတုန်းကဆောက်လုပ်ရေးအသင်းမှာ
ကစားခဲ့တဲ့အသင်းဖော်ကိုတွေ့တော့ကျနော်အစီအစဉ်ကိုပြောပြလိုက်တယ်။
မြို့နယ်အင်ဂျင်နီယာကိုပြောကြည့်တော့၊လူကြီးတွေသဘောကျတယ်။
ချစ်ကြည်ရေးခြေစမ်းပွဲကစားကြဖို့သဘောတူလိုက်ကြတယ်။
ရောက်တုန်းရောက်ခိုက်အပျော်ဆော့ကြမယ်။ရက်တွေဘာတွေသတ်မှတ်လိုက်တယ်။
ကျနော်တို့ပြီးတဲ့ရက်ကိုသူတို့လာခေါ်မယ်။ဆောက်လုပ်ရေးဗိုလ်တဲမှာနေရာချမယ်။
ကျောင်းသားအားလုံးအတွက်နေရာရှိတယ်၊စားရေးသောက်ရေးသူတို့တာဝန်ယူမယ်။
အားလုံးအဆင်ပြေပြီပေါ့။ကွင်းဆင်းတာတွေပြီးတဲ့တစ်နေ့ကလောကိုကျနော်တို့ကျောင်းသားအားလုံးလိုက်လာကြတယ်၊
မြင်းတိုက်ရွာသားတွေကဘောကန်မဲ့နေ့တက်လာခဲ့မယ်။
ထုံးစံအတိုင်းကျနော်တို့မြို့ပတ်ကြတယ်၊
ကလောဆိုတာကျနော်တို့ကျောင်းသားတွေလာနေကျ၊မြို့ခံတွေနဲ့လဲမစိမ်းဘူး။
ဒါပေမဲ့ဒီတစ်ခေါက်လာတာနဲနဲထူးခြားနေတယ်၊ကလေးတစ်အုပ်ကျနော်တို့နောက်တကောက်ကောက်လိုက်နေတယ်။
ဟိုသွားဒီသွားလုပ်နေရင်းနောက်လှည့်ကြည့်တာ၊ကလေးအုပ်စုမနဲပါလား၊ကလေးနောက်မှာခွေးတစ်အုပ်၊
ကလေးနဲ့ခွေးဆိုတာကအမြဲတွဲလျက်၊ကလေးတွေကမုန့်စားရင်ခွေးတွေနဲ့မျှဝေကျွေးလေ့ရှိတယ်။
လူကြီးတွေစားရင်ခွေးအတွက်ဘယ်တော့မှမချန်၊ဒါကြောင့်လူကြီးတွေနောက်ခွေးမလိုက်၊
အရပ်ရှည်ရှည်ဗျိုင်းကိုကြည့်ပြီး၊ဒီကျောင်းသားရှေ့တန်းကဖြစ်မယ်၊ငါတို့နောက်တန်းသူ့ကိုထိမ်းနိုင်ပါ့မလား
သူကအရပ်မြင့်တယ်၊ခေါင်းတိုက်ဘောတွေငါတို့ဂိုးသမားဖမ်းနိုင်ပါ့မလားကွာ
အရပ်ပုပု၊ဂင်တိုတိုချန်ပင်ဇီနဲ့တူသောမျောက်ခေါင်းကိုကြည့်ပြီး၊ဒီကျောင်းသားနောက်တန်းဖြစ်နိုင်တယ်၊
ငါတို့ရှေ့တန်းကမောင်ပိန်ဒီမျောက်ကိုဖြတ်နိုင်ပါ့မလားကွာ
ဟေ့...ဟေ့....ဟိုငမဲကောင်ကိုကြည့်စမ်း၊ဘရာဇီးလ်ကပီလီအမျိုးလားမသိ
ရုပ်တော့ဆင်သားဘဲ,
ဒီအသားမဲတွေကဘောလုံးကောက်တော်တယ်
ဟာ..ဘယ်ကလာ...ဘောလုံးကန်တော်တာပါ
တောကျီးကန်းကိုဝေဖန်နေကြတာ၊ပြီးတော့ကလေးတွေသံပြိုင်အော်ပါတော့တယ်
ကျောင်းသားအသင်း၊ကျောင်းသားအသင်း၊ကျောင်းသားအသင်း
ကလေးတွေအော်ပြီးအနောက်ကလိုက်နေတယ်၊လ္ဘက်ရည်ဆိုင်ထိုင်လဲဆိုင်ရှေ့မှာအော်နေကြတယ်။
လ္ဘက်ရည်ဆိုင်ထိုင်ပြီးဆိုင်ရှေ့ကိုကြည့်လိုက်တာ၊ဆိုင်းဘုတ်အကြီးကြီး
“ကလောမြို့နယ်လက်ရွှေးစင်အသင်းနဲ့ဘူမိဗေဒလက်ရွှေးစင်အသင်းခြေစမ်းပွဲ”
သောက်ကျိုးနဲပါပြီ၊မြို့အနှံ့ဘုတ်တွေထောင်ထားလိုက်တာ ဆယ်ခုလောက်ရှိတယ်။
နေရာတိုင်းမှာထောင်ထားတယ်၊တမြို့လုံးစိတ်ဝင်စားနေကြပြီ
အပျော်ကန်ကြမယ်လို့ပြောထားတာ၊ဘယ်လိုဖြစ်ကုန်ပြီလဲမသိ
အောင်ပန်းကလက်ရွှေးစင်နှစ်ယောက်လဲခေါ်ထည့်ထားတယ်၊
မနက်ကလောရောက်ပြီးဟိုသွားဒီထိုင်လုပ်သည်၊
နေ့လည်ဆောက်လုပ်ရေးစားဖိုဆောင်မှာထမင်းစားပြီးတရေးအိပ်ကြသည်၊
ညနေ ၃ နာရီလောက်လေ့ကျင့်ရန်မြို့မကွင်းကိုသွားကြပါတယ်၊
ဘောလုံးကန်ဖို့မရည်ရွယ်ခဲ့သောကြောင့်ဘာမှမပါလာ၊
မြို့ခံပရိတ်သတ်ကကွင်းလုံးပြည့်လာကြည့်တယ်၊ဒါလေ့ကျင့်နေတာနော်
သူတို့ကဝတ်စုံအပြည့်၊ဖိနပ်အပြည့်၊
ကျနော်တို့မှာပုဆိုးဂွင်းသိုင်း၊အချို့ကကွင်းဆင်းဘောင်းဘီ၊အင်္ကျီကမပြောနဲ့တော့
အင်္ကျီဗလာလဲရှိတယ်၊စွပ်ကျယ်နဲ့ကောင်တွေလဲရှိတယ်။
လေ့ကျင့်ရေးကွင်းမှာကွင်းတစ်ဝက်စီလေ့ကျင့်နေကြတာ
မြို့ခံအသင်းဖိနပ်၊ဝတ်စုံပြည့်၊ကျနော်တို့အသင်းရောင်စုံသူပုန်ကြနေတာဘဲ
လူကြီးတွေခေါင်းချင်းရိုက်နေကြပြီ၊
ဒီလိုမျိုးကန်ကြရင်ကြည့်မကောင်း၊ဘောင်းဘီ၊အင်္ကျီဆင်တူမှကြည့်ကောင်းမယ်
ဖိနပ်နဲ့ကန်လို့မဖြစ်၊ကျနော်တို့အသင်းကခြေဗလာဆိုတော့အားလုံးဖိနပ်ချွတ်ကန်ကြမယ်။
တီရှပ်ကအားလုံးအတွက်ရတယ်၊ကမ္ဘာစိုးဘောင်းဘီလိုက်ဝယ်တာ ၁၀ ထည်ဘဲရှိတယ်။
တမြို့လုံးမှာ ၁၀ထည်ဘဲရတယ်။ကိစ္စမရှိ၊ဂိုးသမားကိုအဆင်ပြေတာဝတ်ခိုင်းလိုက်မယ်
ဘောင်းဘီဆိုက်လဲမစုံတော့အဆင်ပြေသလိုဝတ်လိုက်ကြတော့၊
ကျနော်တို့အသင်းအတွက်ဝတ်စုံစပွန်ဆာက၊ကလောမြို့နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန
ကျေးဇူးပါ၊ခုမှလူလူသူသူကစားရတော့မယ်၊ဒီညနေလေ့ကျင့်မယ်၊
ဒီတညအိပ်မယ်၊မနက်ဖြန်မနက်လေ့ကျင့်မယ်၊ညနေကန်ကြမယ်။တညထပ်အိပ်မယ်၊
နောက်နေ့မနက်မြင်းတိုက်ပြန်ကြမယ်၊
ဒီလိုနဲ့ကန်မည့်နေ့ရောက်လာပါပြီ၊ပြောရရင်ကျနော်တို့ကအပျော်ကန်ကြဖို့ပြောတယ်၊
သူတို့ကအနိုင်ကန်ချင်ပုံရတယ်၊ဒီတော့သူတို့ဖိအားများသွားပြီ
ကျနော်တို့ပေါ့ပေါ့ပါးပါးဘဲကစားကြမယ်၊သူတို့ကအုပ်စုလိုက်လေ့ကျင့်ပြီးသားအသင်း၊
ထပ်ပြီးကောင်းအောင်၊အောင်ပန်းလက်ရွှေးစင်နှစ်ယောက်ထပ်ခေါ်ထားတယ်။
ဘောလုံးဆိုတာကအုပ်စုလိုက်ကစားကြတာ၊တစ်ယောက်ကောင်းလို့မရ
အောင်ပန်းကကောင်တွေနဲ့သူတို့တွဲမကစားဘူးဘဲနဲ့ဒီနေ့ထည့်ကစားမယ်။
ပြီးတော့နှစ်ယောက်လုံးကတိုက်စစ်မှူးတွေ၊သူတို့ကိုအရံထားရင်ပြန်မယ်လုပ်နေလို့
ထည့်ကစားရတော့မယ်၊ကျနော်ပျော်သွားပြီ
ကျနော်တို့နောက်တန်းနှစ်ယောက်ကအသင်းမှာလေ့ကျင့်ဖက်၊
တစ်ယောက်အထာတစ်ယောက်သိတယ်၊
ကျနော်မှာထားတယ်၊အဲ့နှစ်ကောင်ကိုမပေးလှုပ်နဲ့
သူတို့ပြောပုံအရသူတို့ရှေ့တန်းညံ့လို့သူများအသင်းကလူကိုသွားခေါ်ခဲ့တာ
ပွဲကစားမယ်ဆိုတော့ကျနော်ကသူတို့ကိုတောင်းဆိုလိုက်တယ်
ပွဲချိန်ပြည့်ဆိုကျနော်တို့လူတွေမရဘူး၊နာရီဝက် ၂ ပိုင်းကန်ကြဖို့
စကန်ပြီ၊စိတ်အေးအေးနဲ့ကစားကြဖို့အားလုံးလိုက်ပြောတယ်၊
နောက်တန်းလုံပါစေ၊ငါတို့ကောင်တာနဲ့ဘဲချမယ်
ပထမပိုင်းကတော့သူတင်ကိုယ်တင်ကစားကြတယ်၊
ကျနော်တို့နောက်တန်းကအောင်ပန်းကနှစ်ကောင်ကိုလှုပ်မရအောင်ထိမ်းနိုင်တယ်၊
ဒီနှစ်ကောင်လှုပ်မရ၊ဘောလုံးလဲမရတော့၊သူတို့အသင်းအချင်းချင်းစကားများနေကြပြီ
သူ့ကိုမပေးရကောင်းလားဆိုပြီး
ဘောလုံးရတော့လဲကျနော်တို့နောက်တန်းကဖျက်ထုတ်နိုင်တယ်
ကျနော်ပေါ့ပေါ့ပါးပါးဘဲကစားတယ်၊ကျနော့်ဆီဘောလုံးရတော့အသာအယာဘဲထိုးဖေါက်ကြည့်လိုက်တယ်၊
ဒီကောင်လေးတွေအတွေ့အကြုံနဲနေတာသိလိုက်ပြီ၊ကျနော်လှည့်ကစားလို့ရနိုင်တယ်,
ထားလိုက်တော့ဒုတိယပိုင်းမှဂိုးရအောင်ထည့်တော့မယ်၊
အိမ်ရှင်အဖို့ကွင်းလုံးပြည့်ပရိတ်သတ်တွေအားရစရာကြီး
ဒါပေမဲ့သူတို့ရှေ့တန်းနဲ့အလယ်တန်းနောက်တန်းတွေဖိအားများပြီးအပေါက်အလမ်းမတည့်ဖြစ်နေပြီ
ဥပမာပြောရရင်သမိုင်းနဲ့ကစားတဲ့ပွဲကိုသတိရတယ်၊နိုင်ချင်စိတ်အရမ်းများခဲ့တဲ့ကျနော်တို့အဖြစ်နဲ့
ဒီကောင်တွေတထပ်ထဲ၊ဒီပုံအတိုင်းကစားရင်ကျနော်တို့နိုင်ဖို့များနေပြီ
ဒုတိယပိုင်းစတော့ကျနော်ဂိုးသွင်းဖို့ကျိုးစားတော့မယ်
ဆယ်မိနစ်လောက်မှာနောက်တန်းနှစ်ယောက်လိမ်ခေါက်ပြီးဂိုးသမားနဲ့တစ်ယောက်ချင်းဆိုင်ပြီးသွင်းခဲ့တယ်။
ပရိတ်သတ်အားပေးသံသောသောညံသွားတာဘဲ
ကျနော့်လုပ်ပြလိုက်တာကိုသဘောကျသွားကြတယ်။အစထဲကပြောပြီးသားကျနော်တို့ကောင်တာဘဲကစားမယ်
ကျနော်အလယ်တန်းနောက်တန်းထိဆင်းကစားနေတယ်၊
ဂိုးသွင်းခံလိုက်ရတာဒီကောင်တွေတော်တော်တင်းနေပုံရတယ်၊ကစားတာလဲနဲနဲကြမ်းလာတယ်
အထူးသဖြင့်နောက်တန်းတွေပေါ့၊နောက်ထပ်တစ်ဂိုးကထောင့်ကန်ဘောကိုကျနော့်ထုံးစံအတိုင်းခေါင်းတိုက်ပြီးသွင်း
ခဲ့တယ်၊ဆယ်မိနစ်ဘဲကျန်တော့တယ်၊သူတို့နောက်တန်းတွေလဲကြမ်းနေပြီအထူးသဖြင့်ကျနော့်ကိုမဲနေကြတယ်။
သူတို့အသင်းနည်းပြနဲ့အောင်ပန်းကတိုက်စစ်မှူးတွေနဲ့စကားများနေကြပြီ။
ဒီလိုဘဲတိုက်စစ်မှူးဂိုးမသွင်းနိုင်ရင်အဆဲခံရမှာဘဲ၊
အဲ့မှာအောင်ပန်းကနှစ်ကောင်ကိုထုတ်လိုက်ပြီ၊သူတို့ကစားနေကျတိုက်စစ်မှူးတွေဝင်လာပြီ
နောက်ထပ်တစ်လုံးရပြီကျနော်ဆွဲပြေးပြီနောက်တန်းကကောင်လဲတက်လာပြီ၊ကျနော်မရှောင်တော့ပါ
ဒီကောင်ဘောလုံးရော၊လူပါရိုက်ချလိုက်တာကျနော်ခြေထောက်ပူထွက်သွားတာဘဲ
ကျနော်မထနိုင်တော့ပါ၊ဒိုင်ကပြစ်ဒဏ်ဘောမပေးတဲ့အပြင်ဆက်ကစားခိုင်းတာ၊
ကျနော့်ကောင်တွေကပြစ်ဒဏ်ဘောရမယ်ထင်ပြီးရပ်နေကြတယ်၊အဲ့မှာသူတို့တိုက်စစ်မှူးဂိုးသွင်းသွားတယ်၊
ကျနော်လဲနေတုန်းဘဲ၊မထနိုင်တော့ဘူး
ကျနော်တို့နည်းပြကဆရာဖေဘဲလုပ်တယ်၊ဆရာကဟန်ပြသဘောမျိုးပေါ့
ကျနော်လဲမှဖြစ်တော့မယ်၊တက္ကသိုလ်ပေါင်းစုံပွဲရှိသေးတယ်
ကျနော်ဆက်ကစားရင်ပိုဆိုးသွားမယ်
ကျနော်ကွင်းဘေးကိုထွက်လိုက်ပါပြီ၊ကျနော်နေရာတစ်ယောက်ဝင်မယ်
ကျနော့်အဖွဲ့တွေကျနော်အချခံရပြီးထွက်လိုက်ရတော့တော်တော်စိတ်ဆိုးနေကြတယ်၊
ကျနော်ကွင်းဘေးကနည်းပြပြန်လုပ်နေရပြီ၊
ဟေ့ကောင်တွေစိတ်လျှော့ထား၊ဒါအပျော်ဆော့နေတာ
ရှုံးလဲအရေးမကြီးဘူး၊ကွင်းထဲကတစ်ယောက်ကိုခေါ်ပြောလိုက်မှစိတ်လျှော့လိုက်ကြတယ်
အချိန်ကစေ့နေပြီ၊ဒိုင်ပွဲသိမ်းခရာမမှုတ်သေး၊အကူဒိုင်ကိုမေးတော့နာကျင်အချိန်ပိုကန်နေတာတဲ့
မပြောတော့ဘူး၊ဒီတိုင်းဆိုသူတို့ဂိုးရတော့မှပွဲရပ်မည့်ပုံဖြစ်နေပြီ
ဒိုင်ဘယ်လိုဘဲဆုံးဖြတ်ဆုံးဖြတ်ကျနော်ကျေနပ်တယ်၊ပုံမှန်ဆိုကျနော်တို့နိုင်နေပြီလေ
ကျနော်ထင်တာတကယ်ပါဘဲ၊ပွဲပြီးနာကျင်အချိန်ပို ၆ မိနစ်မှာဒီကောင်တွေတစ်ဂိုးထည့်သွားတယ်။
နှစ်ဂိုးစီသရေကျသွားပါပြီ၊ဒီအဖြေမျှတပါတယ်၊ပွဲပြီးသွားပါပြီ
မြို့ခံပရိတ်သတ်တွေကျနော်တို့ကိုပိုအားပေးနေသလိုမျိုးခံစားရတယ်၊
ကျနော်တို့ညစာစားပြီးဆောက်လုပ်ရေးဗိုလ်တဲရှေ့မှာထိုင်စကားပြောနေကြတယ်၊
ကျနော်ကနာနေတဲ့ခြေထောက်ကိုရေခဲထုတ်နဲ့ကပ်နေတယ်
မြို့ခံလူငယ်ဘောလုံးသမားလေးတွေကျနော်တို့ကိုလာနှုတ်ဆက်ကြတယ်။ဒဏ်ကျေလိမ်းဆေးတွေယူခဲ့ပေးတယ်,
ကျနော့်ဆီကိုလာကြတယ်၊ကျနော့်နဲ့စကားပြောချင်နေကြတယ်။
ဘယ်လိုလေ့ကျင့်ခဲ့လဲလာမေးကြတာ
ကျနော်ကရိုးရိုးရှင်းရှင်းဘဲအကြံပေးခဲ့တယ်
လေ့ကျင့်ခန်းလုပ်ရင်မပျင်းကြဖို့၊စိတ်ပါလက်ပါလုပ်ကြဖို့ဒါပါဘဲ
မြင်းတိုက်ကိုပြန်ရောက်ပါပြီ၊ကျနော်အဖြစ်မှန်ရှင်းပြပါတယ်
ကျနော်ထိမိတာဘာမှမဖြစ်စလောက်ဘဲ၊
ကျနော်ကွင်းထဲမှာရှိနေရင်ကျနော်ဂိုးတွေဆက်သွင်းမိတော့မယ်၊
ဒဏ်ရာကြောင့်ဆိုပြီးထွက်ခဲ့တယ်၊မြို့ခံကိုအနိုင်လဲမကန်ချင်ပါဘူး
………………………………………………………………………………………..
ကျနော်တို့ကွင်းဆင်းအဖွဲ့စီးလာသောသာစည်ရထားရန်ကုန်ဘူတာကြီးကိုဆိုက်ပါပြီ
ကျနော်မချိုကိုအရမ်းတွေ့ချင်နေပြီ၊အသွားမှာထဲကသူကျနော့်ကိုအဖြေပေးခဲ့ပြီလေ
အိမ်ပြန်ရောက်တော့အထုပ်အပိုးချပြီးမချိုတို့အိမ်ဆီကိုအပြေးသွားပြီ
အမေကကျောင်းသွားနေတယ်။အဖေကရုံးမှာ
အမေရှိနေရင်လေရှည်ပြီးမချိုဆီသွားဖို့အချိန်မရဖြစ်သွားနိုင်တယ်၊တော်ပါသေးရဲ့
ကျနော်တို့နှစ်ယောက်ကျောင်းဖက်ကိုထွက်ခဲ့တယ်၊
လွမ်းလိုက်တာ၊ချစ်တယ်ချိုရယ်
ကျောင်းပိတ်ရက်ဖြစ်နေလို့ကျောင်းမှာလူရှင်းနေတယ်
ကျနော်တို့နေ့တိုင်းတွေ့ဖြစ်တယ်၊
ကျနော်ဒီအရွယ်ထိရီးစားမထားဘူးသေးပါ၊ကျနော့်အချစ်ဦးကမချို
ဘဝမှာအချစ်နဲ့ပတ်သက်တဲ့ပထမဆုံးအတွေ့အကြုံတွေ
ကျနော့်အချစ်ဦး၊မချိုအချစ်နဲ့ပတ်သက်ရင်ပွင့်လင်းလွန်းလို့ကျနော်အံ့ဩရပြီ
ဘောလုံးကွင်းထဲက ၂၄ပေဂိုးပေါက်ကိုအမြဲကန်သွင်းနေတဲ့ကျနော်
အခုမှအိမ်ကွင်းကဂိုးကျဉ်းကိုသွင်းဘူးတယ်
ဆိုတော့ကျနော့်ဘဝအရူးအမဲသားကျွေးသလိုဖြစ်သွားပြီ
သောက်လေသောက်လေငတ်မပြေ၊ကျနော်အချစ်ရူးဖြစ်နေပြီ
ကျောင်းတွေလဲပြန်ဖွင့်နေပြီ၊ဒီနှစ်ဖိုင်နယ်တန်းတက်နေပြီ
ကျနော်ကျောင်းပြီးအောင်မစောင့်ချင်တော့ပါ
မချိုနဲ့အတူတူနေချင်နေပြီ၊ဒါပေမဲ့ပြန်စဉ်းစားကြည့်ရင်ကျနော့်မိသားစုအခြေအနေ၊
ဝင်ငွေမရှိတဲ့ကျနော်၊နှစ်ယောက်တစ်ဘဝထူထောင်ဖို့ဆိုတာခက်ပါလိမ့်မယ်
တခါတလေဘဝကိုဇွတ်တိုးကြည့်ချင်တယ်၊လုပ်သင့်၊မလုပ်သင့်မစဉ်းစားချင်တော့ပါ
…………………………………………………………………………….
အမေ့ဆီမှာ ၊သူငယ်ချင်းဘောလုံးအဖွဲ့နဲ့ကျိုက်ထီးရိုးသွားမယ်၊
ကျနော်ဘဝမှာအမေ့ကိုပထမဆုံးအကြိမ်လိမ်ပြောပြီးခွင့်တောင်းခဲ့တယ်
ဒီနေ့ကျနော်မချိုကားကိုမောင်းရင်းကျိုက်ထိုကိုဦးတည်ပြီးနှစ်ယောက်ထဲကျိုက်ထီးရိုးဘုရားဖူး
ထွက်ခဲ့တယ်။ရင်ထဲကအပျော်တွေမပြောပြတတ်တော့ဘူး
ချစ်တယ်ချို၊နှစ်ယောက်အတူနေချင်ပြီလို့ကားပေါ်မှာအကြိမ်ပေါင်းများစွာပြောခဲ့တယ်။
ဒီဇင်္ဘာကျောင်းပိတ်ရက်၊ဘုရားဖူးရာသီဆိုတော့လူတွေကြပ်ပိတ်နေတာဘဲ၊
ဟိုအရင်ကတောင်ခြေမှရင်ပြင်ထိလမ်းလျှောက်တက်ရတာ၊
ကျနော်တို့နှစ်ယောက်တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီးလျှောက်ကြတာမောရမှန်းတောင်မသိတော့ဘူး။
ဘုရားရင်ပြင်မှာခြေချစရာမရှိလောက်အောင်လူတွေများတယ်။
နှစ်ယောက်က်သားဘုရားရှိခိုးပြီး၊ဆုတွေတောင်းကြတာပေါ့
ကျနော်ချို့မျက်နှာကြည့်တော့မျက်ရည်စတွေနဲ့
ဝမ်းသာလို့လား၊ဝမ်းနည်းလို့လားမသိပါ
ကျနော်တို့နှစ်ယောက်အစားအသောက်ဂျီးမများ၊ဖြစ်သလိုစားတတ်တယ်။
ဒါပေမဲ့ကျနော်တို့အတွက်အိမ်သာပြဿနာကပိုအရေးကြီးနေတယ်။
လူတွေများပြီး၊ရေမရှိတော့ညစ်ပတ်နံစော်နေတာဘဲ
ကျိုက်ထီးရိုးလိုနာမည်ကြီးဘုရားမှာအိမ်သာပြဿနာကိုဘုရားလူကြီးတွေအကောင်းဆုံးဖြစ်အောင်
ဖြေရှင်းပေးသင့်တယ်။လူတွေကကိုယ်တိုင်မခံစားဘူးတော့မသိကြဘူး၊
ဘုရားလူကြီးတွေရဲ့ညံ့ချက်၊အရည်အချင်းမရှိ၊အရှက်မရှိဘဲလူကြီးလုပ်ချင်နေကြတယ်
ထမင်းဆိုင်တွေမှာလူပြည့်နေပြီ၊ကျနော်တို့နှစ်ယောက်ရင်ပြင်မှာတညလုံးငုတ်တုတ်ထိုင်။
ဈေးတန်းကမုံရွာစောင်နှစ်ထည်ဝယ်တယ်၊တစ်ထည်ကိုအောက်ခင်း၊တစ်ထည်ကိုနှစ်ယောက်အတူခြုံပြီးထိုင်နေတယ်။
ညဖက်ရောက်တော့အေးလိုက်တာအရိုးကွဲမတတ်ဘဲ၊
ဓမ္မါရုံနံရံကိုကျောမှီပြီးထိုင်နေကြတယ်၊ကျနော်ချို့ပုခုံးလေးဖက်ပြီးရင်ခွင်ထဲထည့်ထားတယ်။
ထိုင်လျက်အနေအထားနဲ့ဘယ်လိုမှအိပ်လို့မပျော်၊လှဲအိပ်လို့လဲလူတွေကြားထဲမှာမအိပ်ရဲ။
အဝတ်အစားအိပ်လဲအခိုးခံရမှာစိုးသေးတယ်။ဒီလိုနဲ့ဘဲတစ်ညကုန်ခဲ့ပါတယ်။
လေးနာရီနိုးပြီ၊ရေတစ်ခွက်ငါးကျပ်ဆိုလားပေးပြီးမျက်နှာသစ်ခဲ့ရတယ်။
ဘုရားဆွမ်းတော်တင်ပြီးပြန်ဆင်းတော့မယ်။ဖြေးဖြေးဘဲဆင်းခဲ့တယ်။
လမ်းခရီးတလျှောက်လုံးလူတွေတိုးနေတာဘဲ၊
အိပ်စရာနဲ့အိမ်သာအဆင်ပြေရင်ဆက်နေချင်သား၊ဒါပေမဲ့လူတွေအရမ်းများနေတယ်။
စကားတပြောပြော၊မုန့်ဆိုင်တွေ့ရင်ဝင်ထိုင်စား၊လမ်းဆက်လျှောက်
တောင်ခြေရောက်တော့မယ်။ကျနော်မချိုနဲ့မခွဲချင်ပါ၊
ရန်ကုန်ပြန်ရောက်ရင်ခွဲရတော့မယ်။ကျနော်တို့တောင်ခြေကပြန်ထွက်တော့ ၁၂ နာရီထိုးနေပြီ
ကျနော် မချိုကိုအရဲစွန့်ပြီးပြောလိုက်ပါတယ်
အကို နေမကောင်းချင်ဘူး၊ခေါင်းကိုက်နေတယ်၊ဒီညကျိုက်ထိုမှာအိပ်လိုက်ရအောင်
ရော့...ရော့....ပါရာစီတမောသောက်လိုက်၊နေမကောင်းရင်အိပ်လိုက်လေ
ကျနော်တို့သန့်သန့်ပြန့်ပြန့်ရှိတဲ့ စိုပြေတည်းခိုခန်းမှာတည်းလိုက်ကြတယ်။

 

ကျနော်တိုက်စစ်မှူး(အပိုင်း ၂ )

ကျနော်တို့သန့်သန့်ပြန့်ပြန့်ရှိတဲ့ စိုပြေတည်းခိုခန်းမှာတည်းလိုက်ကြတယ်။
တစ်ညဘဲအိပ်မယ်လို့စဉ်းစားထားပေမဲ့ကျနော်တို့ငါးညအိပ်လိုက်ကြတယ်။
ကျနော်တို့နှစ်ယောက်လုံးမခွဲချင်တော့လို့ပါ။ဒါပေမဲ့အတူမနေသရွှေ့တော့ခွဲနေရအုန်းမယ်။
အမေ့ဆီဖုံးဆက်လိုက်တယ်၊အမေစိတ်မပူနဲ့၊ကျနော်တို့ဒီမှာဘောလုံးကန်ဖို့ရှိနေလို့ပါ
ဒုတိယအကြိမ်အမေ့ကိုလိမ်မိပြန်ပြီ
မချိုလဲသူ့အိမ်ကိုဖုံးဆက်တယ်၊ကိစ္စရှိရင်ဖုံးဆက်ဖို့
မချိုသူ့အိမ်ကိုတော်တော်ပိုင်ပုံရတယ်
ကျနော်အချစ်ရူးနေပြီ၊မချိုနဲ့မခွဲချင်တော့ပါ
ငါတို့ကျိုက်ထိုမှာလက်မှတ်ထိုးလိုက်ရအောင်၊အခုလဲလင်မယားလိုဖြစ်နေပြီလေ
....မဖြစ်သေးဘူး၊နင့်မိဘအခြေအနေနင်ဘဲသိမယ်...
....ပြီးတော့နင့်မှာဝင်ငွေမရှိဘဲ၊ငါတို့ဘယ်လိုရပ်တည်မလဲ...
...ငါ့မိဘဖက်ကိုတော့မှီဖို့မစဉ်းစားနဲ့နော်၊ငါ့မိဘအလုပ်ကငါ့ညီမနဲ့မောင်အတွက်လုပ်ပေးထားတာ...
...နောက်ပြီး၊နင်ကျောင်းပြီးအလုပ်အကိုင်အတည်တကျဖြစ်စေချင်တယ်...
...နင်မိဘကိုလုပ်ကျွေးဖို့မစဉ်းစားဘူးလား....
....ငါကမှီခိုတဲ့ယောကျာ်းမျိုး၊ဦးဆောင်နိုင်စွမ်းမရှိတဲ့လူမျိုးကိုလင်မတော်ချင်ဘူး...
ကျနော်ပြောတာနဲနဲ၊မချိုပြောတာအများကြီး၊
အဓိကရှေ့ရေးတွေကိုပြောပြနေတာ၊ဒီစကားတွေကြားရတာကျနော်တော်တော်စိတ်ဓါတ်ကျသွားတယ်
သူပြောလဲပြောစရာ၊ကျနော်ကျနော့်အိမ်ဖက်ကိုမစဉ်းစားခဲ့မိဘူး
ကျနော်အချစ်ရူး၊ရူးနေပြီ
တစ်ရက်မြို့ထဲသွား၊စားစရာဝယ်ပြီးပြန်လာတော့၊ကျနော့်အမေဖုံးဆက်တဲ့အကြောင်းပြောပြတယ်
ကျနော်တော်တော်လန့်သွားတယ်၊နင်ဖုံးကိုင်တော့အမေဘာမေးလဲ
...ဘာမှမမေးဘူး၊ငါဟိုတယ်မန်နေဂျာလို့ပြောလိုက်တယ်...
ဟူး...တော်ပါသေးရဲ့
...ဒီဖုံးလာတာလေးနဲ့နင်ဒီလောက်စိတ်လှုပ်ရှားနေရင်၊သဘောမတူဘူးဆိုရင်နင်ဘယ်လိုလုပ်မလဲ.....
ကျနော့်ဘဝ၊ကျနော့်အခြေအနေကျနော့်အိမ်ကိုကျနော်မပိုင်ပါ၊
အိမ်အတွက်ကျနော်ဘာမှမလုပ်ပေးနိုင်ခဲ့ပါ
မချိုကသူ့အိမ်စီးပွါးရေးကိုသူဦးဆောင်နိုင်တဲ့လူမျိုး၊
ကျနော်စိတ်ထဲမှာလဲမိန်းမထမိန်နားခိုစားနေတဲ့ယောကျာ်းအဖြစ်မခံနိုင်ပါ
ကျနော်စိတ်ဓါတ်ကျသွားတာသိသွားတဲ့မချို၊ကျိုက်ထိုနားတဝိုက်လည်စရာတွေပို့ခိုင်းပါတယ်
စိတ်ပြေရာပြေကြောင်းဖြစ်အောင်ဆိုတာကျနော်သိတယ်။
နောက်သုံးညလောက်အိပ်ပြီးပြန်ခဲ့ကြတယ်။
အိမ်ပြန်ရောက်တဲ့ည
ကျနော့်ဘဝမမေ့နိုင်တဲ့ညတစ်ညဖြစ်ခဲ့ရပါတယ်
အဖေ၊ညီနဲ့ညီမ အိပ်နေကြပြီ
အမေကျနော့်ကိုခေါ်ပြီးစကားပြောကြတယ်။
သားအမေ့ကိုဘာမှမပြောနဲ့နော်၊အမေပြောတာနားထောင်ပါ
သားနဲ့သွားတဲ့ကောင်မလေးနာမည်ကမေချိုနော်
သူတို့မိသားစုကွမ်းခြံကုန်းမှာနေတယ်၊သူ့အဖေကမြန်မာ့လက်ရွှေးစင်ဘောလုံးသမားဟောင်း
အမေပြောတာမှန်တယ်နော်
....ဟုတ်ကဲ့ပါအမေ....
အမေအလယ်တန်းပြဘဝနဲ့ကွမ်းခြံကုန်းအထက်တန်းကျောင်းမှာစာသွားသင်ခဲ့ရတာ
သားမှတ်မိလား
....မှတ်မိပါတယ်အမေ၊အမေသောကြာနေ့ညအိမ်ပြန်လာတယ်
....တနင်္လာမနက်စောစောကွမ်းခြံကုန်းပြန်သွားရတယ်....
....အဲ့အချိန်တုန်းကကျနော်တို့မောင်နှမတွေ၊အမေ့ကိုလွမ်းလိုက်တာ.....
ဘယ်တတ်နိုင်မလဲ၊အမေတို့ကဝန်ထမ်းဘဝလေ
မေချိုကိုအမေစာသင်ပေးဘူးတယ်၊သူ့မိဘတွေကိုလဲအမေသိတယ်
ကွမ်းခြံကုန်းမြို့ကကျဉ်းကျဉ်းလေးပါ
အမေ့မိတ်ဆွေတွေအများကြီးရှိသေးတယ်၊
မေချိုတက်နေတဲ့ရူပဗေဒစာသင်ဆောင်မှာလဲအမေ့သူငယ်ချင်းတွေအများကြီး
အမေပြောတာနားထောင်ပါ
ဒီကလေးမလေးမှာအိမ်ထောင်ရှိနေတာသားသိလား
.....ဗျာ......ကျနော်....ကျနော်မသိဘူးအမေ....
ခုသိပြီဟုတ်လား၊မင်းအဆက်အသွယ်ဖြတ်လိုက်တော့
သူများသားသမီးကိုအမေ၊ဘာမှမပြောချင်ဘူး၊အမေ့မှာလဲသမီးရှိနေလို့
မေချိုသူ့နောက်ကြောင်းကိုဘာကြောင့်မပြောလဲဆိုတာငါနားမလည်ဘူး
သား..သူ့အကြောင်းမမေးဘူးလား
.....သားမမေးခဲ့ဘူးအမေ၊သားသူ့ကိုချစ်တာဘဲသိတယ်....
သူ့မှာပိုင်ရှင်ရှိနေပြီ၊မင်းနောက်ဆုတ်လိုက်တော့
မသိလို့မိုက်ခဲ့တာ,ငါခွင့်လွတ်လို့ရတယ်
သိရက်နဲ့ဆက်မိုက်ရင်၊ဘုရားမကြိုက်၊နတ်မကြိုက်တဲ့အလုပ်မင်းဆက်လုပ်ရင်
မင်းတသက်လုံးကြီးပွားဖို့မရှိသလို၊မင်းလူတောတိုးမှာမဟုတ်တော့ဘူး
အမေလဲသားကိုခွင့်မလွတ်ဘူး၊
အမေတို့မှာလူတန်းစားခွဲတဲ့စိတ်မျိုး၊ဥစ္စာဓနမက်တဲ့စိတ်မျိုးမရှိတာသားတို့သိတယ်နော်
သားချစ်သူဟာငွေမရှိလို့ဖြစ်ဖြစ်၊ရုပ်မလှလို့ဖြစ်ဖြစ်၊ဘာဖြစ်ဖြစ်သားချစ်တယ်ဆိုရင်အမေလက်ခံဖို့
အဆင်သင့်ဘဲ၊ဒါပေမဲ့လူ့ကျင့်ဝတ်ဖေါက်ဖျက်တာတွေကိုတော့အမေလက်မခံဘူး
ဒီညရဲ့ညတာရှည်လွန်းလှတယ်၊
အိပ်လို့မရ၊ရင်တွေပူနေတယ်၊
အမေဖုံးနှစ်ခါဆက်ခဲ့တာမချိုကျနော့်ကိုပြန်မပြောခဲ့ဘူး
ပထမအကြိမ်ဆက်တုန်းကနာမည်၊အတန်း၊နေတဲ့မြို့ကိုမေးခဲ့တယ်
နောက်တကြိမ်ကမေချိုအကြောင်းအမေစုံစမ်းခဲ့တာတွေကိုအတည်ပြုဖို့ထပ်ဆက်ခဲ့တယ်
ကျနော့်ကိုမချိုပြန်မပြောခဲ့ပါ
အမေ့အကြောင်းပြန်စဉ်းစားကြည့်ရင်အမေ့မိသားစုဟာဆင်းရဲသားလူတန်းစားလို့ပြောလို့ရတယ်၊
ဘွဲ့ရပြီးသာမန်အလယ်တန်းပြဆရာမဘဝနဲ့ပညာရေးဝန်ထမ်းကိုစခဲ့တယ်၊
ဝန်ထမ်းဘဝမှာအပေါ်ဖါးအောက်ဖိလူမျိုးတွေထဲအမေမပါခဲ့ပါ။
အောက်ခြေကလာခဲ့တဲ့လူမို့လို့ဝန်ထမ်းတွေအပေါ်ကိုယ်ချင်းစာစိတ်အပြည့်နဲ့ကူညီလေ့ရှိတယ်။
မိသားစုတကွဲတပြားနဲ့ရောက်လာတဲ့ဝန်ထမ်းတွေကိုမိသားစုပြန်ဆုံနိုင်အောင်အမြဲကူညီတယ်။
အမေကွမ်းခြံကုန်းမှာစာသင်နေတဲ့အချိန်၊အဖေကအလုပ်နဲ့နယ်သွားတဲ့အချိန်တွေမှာ
ကျနော်တို့မောင်နှမတွေနေ့နေ့ညညပဲပြုတ်၊ကြက်ဥကြော်တွေနဲ့ဘဲစားခဲ့ရတာတွေပြန်သတိရမိတယ်။
လူချစ်လူခင်ပေါတဲ့အမေ၊အမေအကူအညီတောင်းတာနဲ့ချက်ချင်းကူညီလေ့ရှိတယ်။
အမေ့သူငယ်ချင်းတွေအကူအညီနဲ့မေချိုအကြောင်းအမေသိသွားပြီ
ပိုင်ရှင်ရှိပြီးသားလူကိုချစ်မိတဲ့ကျနော်၊ရင်ထဲကမေတ္တာ တွေပုံပေးခဲ့မိတဲ့ကျနော်
ကျနော်ဘာဆက်လုပ်ရမလဲ
တညလုံးမအိပ်ခဲ့ရလို့လေ့ကျင့်ရေးကွင်းကိုမသွားချင်တော့ပါ။
မေချိုလေ့ကျင့်ရေးကွင်းမှာကျနော့်ကိုစောင့်နေမယ်ဆိုတာစိတ်ထဲကသိနေတယ်
နေ့လည်မန္တလေးဆောင်ကိုရောက်ခဲ့ပါတယ်။
ဟေ့ကောင်....မနက်ကဘာလို့မလာတာလဲ
မင်းကို....ကောင်မလေးစောင့်နေတယ်
ဒီအသံကြားရတဲ့အခိုက်သူ့ကိုတွေ့ချင်စိတ်ပြင်းပြလာပါတယ်.
သိပ္ပံခမ်းမဖက်ကသူတို့စာသင်ဆောင်ဆီကိုအပြေးလေးလှန်းခဲ့တယ်။
ကျနော်စိတ်မောသွားပါတယ်,ချို့ကိုမတွေ့ပါ
သူ့သူငယ်ချင်းတစ်ယောက်ထွက်လာပြီးချိုထိုင်နေသောအခန်းဆီလိုက်ပို့ပေးပါတယ်။
ချို့နဲ့မတွေ့ရတာတစ်ရက်ဘဲရှိသေးတယ်၊စိတ်ထဲမှာတကမ္ဘာလောက်ကြာသွားပြီလို့ထင်နေတာ၊
မို့အစ်နေတဲ့မျက်လုံးကိုကြည့်ပြီး၊ကျနော်စိတ်မကောင်းပါ
မေချိုအရှေ့ဘလက်ဘုတ်ကိုကြည့်နေပေမဲ့သူ့စိတ်တွေအဝေးရောက်နေသလိုမျိုး၊
ကျနော့်ကိုမြင်တဲ့အခိုက်စားပွဲခုံပေါ်မှောက်ပြီးတသိမ့်သိမ့်နဲ့ငိုနေရှာတယ်၊
သူ့ဘေးမှာကပ်ထိုင်ပြီးပုခုံးလေးကိုဖက်လိုက်တော့ချိုကျနော့်ရင်ခွင်ထဲရောက်လာပါတယ်။
မေချိုအားရပါးရရှိုက်ငိုနေတယ်၊အချိန်တော်တော်လေးကြာမှသူအငိုရပ်သွားပါတယ်။
မျက်ရည်သုတ်ပြီးကျနော်ပါးနှစ်ဖက်ကိုသူ့လက်ဖဝါးနဲ့ဆွဲပြီးမျက်နှာချင်းဆိုင်လိုက်ပါတယ်၊
....ဆရာမ၊အကို့ကိုဘာတွေမေးလဲ.....
....အကို့အမေ၊ဆရာမပြောတာတွေအမှန်တွေပါဘဲ.....
....အကို့အမေကချို့အတန်းပိုင်ဖြစ်ခဲ့ဘူးတယ်....
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါလားလို့တွေးနေမိပါတယ်၊မေချို့အကြောင်းအမေမသိခဲ့ရင်
ကျနော်အမေ့ကိုဘယ်နှစ်ကြိမ်မြောက်ဆက်ပြီးလိမ်နေအုန်းမလဲ
....ချို့အကြောင်းတွေအကို့ကိုပြောပြတော့မယ်...
...တကယ်တော့အကို့ကိုကျိုက်ထီးရိုးမှာထဲကပြောမလို့ပါဘဲ...
...ဒါပေမဲ့ဆရာမနဲ့ဖုံးပြောပြီးတော့မပြောဖြစ်တော့တာ.....
...ဆရာမမေးတာတွေကိုချိုအမှန်အတိုင်းဝန်ခံခဲ့တယ်....
...ဒါပေမဲ့၊တချို့အကြောင်းတွေကျန်နေသေးတယ်၊အငြင်းအခုံမဖြစ်ချင်တော့လို့ဆရာမကိုမပြောတော့တာ....
ကျမဘဝဟာအဖေခြေကျိုးတဲ့အချိန်ကစပြီးပြောင်းလဲခဲ့ရတယ်။
ဒီမတိုင်ခင်ကဘာအပူအပင်မှမရှိခဲ့ဘူး၊အဖေခြေကျိုးပြီးနှစ်နှစ်လောက်မှာတော့ကျမတို့ဘဝကျပ်တည်းလာပါတယ်။
အမေကသူ့အမျိုးနီးစပ်တွေဆီကငွေချေးတာပေါ့၊အလုပ်အကိုင်မယ်မယ်ရရမလုပ်ဘဲဒီလိုမျိုးငွေတွေချေးသုံးနေရင်
ဒုက္ခရောက်တော့မယ်ဆိုတာကျမတွေးမိနေပြီ၊ကျမအမေ့ကိုပြောပါတယ်။
ကျမတို့မိသားစုရွှေဆိုင်ဖွင့်ရအောင်၊အမေ့အမျိုးတွေဆီကအတိုးနဲ့ချေးလိုက်ပါ၊
ကျမတို့အလုပ်လုပ်ကြရအောင်လို့အမေ့ကိုပြောပါတယ်။
အမေ့ဖက်ကအမျိုးတွေကကျမတို့ထက်ပိုလည်တယ်။
ငွေသိန်းနှစ်ဆယ်လက်ဖွဲ့မယ်၊သူတို့သားနဲ့ကျမနဲ့ပေးစားလိုက်ပါတဲ့တောသူဌေးတွေရဲ့လည်ချက်
သူဌေးသားစာကမတတ်၊ရွာမှာဖွန်ကြောင်နေတဲ့ကောင်၊ရုပ်ကလဲတောသားရုပ်
ကျမစိတ်ထဲမှာဘယ်လိုမှလင်တော်ကြည့်လို့မရ၊
ဒါပေမဲ့ကျမတို့မိသားစုအခြေအနေမကောင်း၊နောက်ဆုံးကျမဘဲမိသားစုအတွက်အနစ်နာခံလိုက်ပါတယ်။
ငွေသိန်းနှစ်ဆယ်နဲ့ဖွတ်တစ်ကောင်ကျမတို့အိမ်ပေါ်ရောက်လာသလိုဘဲခံစားမိပါတယ်၊
အားလုံးအလုပ်လုပ်နေကြတယ်၊သူဌေးသားဖွတ်ဘာမှဝိုင်းမလုပ်တဲ့အပြင်၊
လတ်ယားလတ်ယားနဲ့ကေတီဗီမှာဘဲသွားသွားကြောင်နေတယ်။
အဖေနဲ့အမေကိုလဲအားမနာ၊သိန်းနှစ်ဆယ်ပေးထားတာဘဲသူ့ကိုကျေးဇူးတင်ရမလိုနဲ့နေနေတာ
ကျမအပျိုစစ်စစ်ဘဝပေးဆပ်ခဲ့တာကိုသတိမရဘူး၊
ဒီသူဌေးသားဖွတ်နဲ့နေရတာကျမစိတ်မချမ်းသာဘူး၊ဆိုးတာကကျမတို့အိမ်မှာလစ်ရင်ကျမညီမကို
ရိသဲ့သဲ့လုပ်နေတယ်။ကျမသူ့ကိုသတိပေးပါတယ်။
ဒီဖွတ်ကပြန်မပြောနားမထောင်တဲ့အကောင်၊ကျမတို့စီးပွါးရေးလဲကောင်းလာပါတယ်။
နယ်မှာအပေါင်ဆိုင်ကအလုပ်ပိုဖြစ်တယ်။ကျမစိတ်ထဲမှာကျမတို့အဆင်ပြေတဲ့တစ်နေ့ကျရင်
ဒီသူဌေးသားဖွတ်နဲ့ကွာရှင်းဖို့ဆုံးဖြတ်ထားတယ်။ဒါကြောင့်ကလေးမယူဘူး။
အမေတို့လဲဖွတ်နဲ့ပေးစားပြီးမှမှားမှန်းသိလာကြတယ်။ဘာမှမတတ်နိုင်တော့ဘူးလေ၊
တနေ့တနေ့ဒီကောင့်ကိုမြင်နေရတာစိတ်မချမ်းသာဘူး။ဒါကြောင့်ဝေးရင်ပြီးရော
ဆိုပြီးသင်္ဘောတင်ပေးလိုက်တယ်။ကျမကာစင်တွေနဲ့အတူသင်္ဘောတက်သွားကြတယ်။
ကျမတို့လဲအဆင်ပြေလာပြီလေ၊ဒီကောင်ပြန်လာရင်ကွာရှင်းတော့မယ်လို့အမေ၊အဖေတို့ကို
အသိပေးထားလိုက်ပြီ။
ဒီဖွတ်ကတော့တကယ်ဖွန်ကြောင်တဲ့ကောင်၊ဆိပ်ကမ်းကပ်ပြီဆိုရင်ဖါခန်းကိုတန်းသွားတာဘဲ၊
အကိုတွေကျမကိုဖုံးဆက်ပြီးသတိပေးနေတယ်
နင့်ယောကျာ်းပြန်လာရင်ဆေးအရင်စစ်ခိုင်း၊
ဒီမှာစောက်ရမ်းတွေလုပ်နေတယ်
ဒီကောင်ပြန်လာတော့ကျမအိမ်ပေါ်အတက်မခံတော့ဘူး
အဖေကကျမကိုယ်စားကွာရှင်းစာချုပ်လုပ်ပြီးလက်မှတ်ထိုးခိုင်းတယ်။
နှစ်ဖက်မိဘတွေပါ၊ပါလာပြီ၊၊သူတို့တွေကငွေတစ်ခုထဲကြည့်ကြတယ်။
တင်တောင်းတာကသိန်းနှစ်ဆယ်၊အတိုးကဆယ်သိန်းစုစုပေါင်းသိန်းသုံးဆယ်ပေးရမယ်။
ကျမအပျိုဘဝဆုံးရှုံးသွားရတာကိုထည့်မစဉ်စားပေးဘူး။
လူတွေလူတွေကိုယ့်ဖို့ဘဲကြည့်ကြတယ်။
ချိုကျနော့်ကိုကွာရှင်းစာချုပ်ထုတ်ပြတယ်။သူမနက်ထဲကကျနော့်ကိုပြဖို့ယူလာခဲ့တယ်။
ကျနော်မပေါ်လာတော့ပြဿနာတက်နေပြီဆိုတာသူရိပ်မိပြီ။
သူဝမ်းနည်းပက်လက်ဖြစ်ပြီးအတန်းမတက်ဘဲစာမသင်တဲ့အခန်းလေးမှာသွားပြီးမျက်ရည်ကျနေတယ်။
ကျမဒီစာချုပ်အကြောင်းဆရာမကိုမပြောခဲ့ဘူး
ပြောရင်လဲတခုလပ်မတစ်ယောက်ရဲ့အယူခံလို့အပြောခံနေရအုန်းမယ်
ပထမဆုံးပြောချင်တာကငါရဲ့အမှားကိုငါဝန်ခံပါရစေ
တကယ်ဆိုရင်ငါတို့စတွေ့ထဲကငါ့ဘဝအကြောင်းတွေနင့်ကိုပြောပြသင့်တယ်
ငါမပြောပြခဲ့ဘူး၊နင့်ကိုမြင်မိတဲ့အချိန်မှာငါ့ရင်ထဲမှာတခါမှမဖြစ်ဘူးတဲ့အချစ်တွေဖြစ်လာခဲ့တယ်၊
အဲ့အချိန်အပြင်လူတွေကငါမြူဆွယ်လို့ဖြစ်ရတာလို့ပြောကြမှာဘဲ
ငါ့ရင်ထဲမှာနင့်ကိုတကယ်ချစ်မိတာပါ၊ဒါပေမဲ့စိတ်ထဲမှာလက်လွတ်သွားမှာလဲစိုးရိမ်နေခဲ့တယ်
နင့်ကိုဘူတာကြီးမှာလိုက်ပို့တုန်းက၊ကျိုက်ထီးရိုးဘုရားမှာဆုတောင်းခဲ့တုန်းက
နင်နဲ့တွေ့ခဲ့ရတာနောက်ကျလေခြင်းဆိုပြီးငါဝမ်းနည်းခဲ့ရတယ်
တကယ်တော့ငါ့ဘဝအကြွေပန်းကိုနင့်ကိုမပန်စေချင်ပါဘူး
နင့်ဘဝတက်လမ်းတွေအများကြီးရှိသေးတယ်၊
ဒါပေမဲ့မိန်းမသားတစ်ယောက်စိတ်ထဲမှာကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုခံချင်မိတာအပြစ်လား
ဘာဘဲပြောပြောငါ့ဘဝနင့်ကိုပုံအပ်ခဲ့တယ်၊ငါကျေကျေနပ်နပ်နဲ့ပုံပေးခဲ့တာ
ခုအချိန်မှာတော့နင့်အမေစကားကိုနားထောင်လိုက်ပါတော့
နင့်ကိုလဲအပြစ်မပြောပါဘူး
တစ်ခုမှတ်ထားဖို့ကငါ့ရင်ထဲကအချစ်ဟာနင့်အတွက်ဘဲဆိုတာမှတ်ထားလိုက်ပါ
စကားအကုန်မပြောနဲ့လို့ပြောကြပေမဲ့ငါ့ရင်ထဲမှာနင်တစ်ယောက်ဘဲရှိမယ်
တချိန်ချိန်နင့်ခြေထောက်ပေါ်နင်ရပ်နိုင်တဲ့အချိန်၊ငါ့ကိုသံယောဇဉ်ရှိသေးရင်ငါ့ဆီပြန်လာခဲ့ပါ
နင်အတွက်ငါ့တံခါးအမြဲတမ်းဖွင့်ထားတယ်
ဒီနှစ်ကျောင်းပြီးရင်အိမ်ပြန်မယ်၊ရွှေဆိုင်ပြန်ထိုင်မယ်
တချိန်တုန်းကနင့်ကိုပြောခဲ့တဲ့စကား
“မှီခိုမဲ့ယောကျာ်းမျိုး၊နောက်လိုက်ဘဲလုပ်တတ်တဲ့ယောကျာ်မျိုးကိုလင်မတော်ချင်ဘူး”လို့ပြောခဲ့တာနင်မှတ်မိလား
နင့်အတွက်ချွင်းချက်အနေနဲ့ငါပြန်ပြင်လိုက်ပြီ
“ပြစ်ရမှာလဲဆီတဝင်းဝင်းနဲ့စားရမှာလဲသဲတရှပ်ရှပ်နဲ့”ဒီစကားကျနော်ပြောမယ်လို့ထင်ပါသလား
နိုး...နိုး....ကျနော်ချို့ကိုချစ်တာတခုဘဲသိတယ်၊သူဘယ်လိုဘဲဖြစ်ခဲ့ဖြစ်ခဲ့၊
အခုအခြေအနေကကျနော်ကြာကူလီမဟုတ်၊သူများသားမယားကိုအပြစ်ကျူးလွန်သူလဲမဟုတ်ပါ
ဒါပေမဲ့ကျနော့်ဘဝကမိဘကိုမှီခိုနေတုန်းဘဲ၊ချို့လိုစီးပွါးရေးဦးဆောင်သူမဟုတ်ပါ
……………………………………………………………………
ဒီနေ့လေ့ကျင့်ရေးကွင်းမှာထုံးစံအတိုင်းကျနော်အဆဲခံနေရတယ်
ကျိုက်ထီးရိုးသွားတုန်းနည်းပြမှာနှစ်ရက်ခွင့်တောင်းပြီး
ခြောက်ရက်ပျက်ခဲ့တယ်၊ကျနော်ဒီနေ့မှထရိန်နင်ပြန်ဆင်းနေတယ်။
ကျနော့်အာရုံတွေလဲနောက်ကျိနေတယ်၊ကစားရတာလဲစိတ်မပါ။
နည်းပြတွေကသိတယ်။ကွင်းဘေးမှာကျနော့်ကိုဘဲအော်နေတယ်
မန္တလေးဆောင်ကအဘလဲမနေနိုင်တော့”ကောင်လေး.....ကောင်းကောင်းကစားလေ”
အုပ်စုလိုက်ကစားပြီးတော့ပယ်နယ်တီဂိုးသွင်းကျင့်ကြတယ်
မင်းစိတ်တွေဘယ်ရောက်နေလဲ
ငါအမြဲပြောတယ်”ကွင်းထဲရောက်ရင်၊အပြင်ကိစ္စတွေထားခဲ့”
အခုကကျောင်းမှာကစားနေတာ၊အပြင်ကလပ်မှာမင်းဒီလိုစိတ်မငြိမ်တဲ့ပုံနဲ့ကစားနေရင်၊

မင်းထမင်းငတ်မယ်
အခုလဲဆယ်လုံးစီကန်ကြတာအားလုံးစံချိန်မှီတယ်
မင်းတစ်ယောက်ဘဲစောက်တလွဲလုပ်တယ်
သုံးလုံးကဘေးချော်တယ်၊သုံးလုံးကအပေါ်ထောင်တယ်၊
နှစ်လုံးကဂိုးသမားမိတယ်၊နှစ်လုံးဘဲဝင်တယ်
ဒီလိုပုံဆက်ကစားနေရင်မင်းအဖြုတ်ခံရတော့မယ်
မင်းတစ်ယောက်ထဲဂိုးသွင်းပြန်ကျင့်၊၁၁ နာရီထိလုပ်
အဘ...ဘောလုံးမကောက်ပေးနဲ့၊သူ့ဟာသူကောက်ပေ့စေ
ဘောလုံးအလုံးနှစ်ဆယ်၊ ပယ်နယ်တီစည်းမှာတည်ထားပြီး
တစ်လုံးပြီးတစ်လုံးဆက်တိုက်ကန်သွင်း....ပြီးရင်...ဘောလုံးပြန်ကောက်
ထပ်ကန်.....ထပ်ကောက်....တည်ပြီးထပ်ကန်.....
ကိုယ့်ဘဝကိုကိုယ်စိတ်နာနာနဲ့ဘောလုံးကိုကျုံးပြီးကန်နေမိတယ်
မေချိုကစကားကုန်ပြောသွားပြီ၊အချိန်မရွေးပြန်လာခဲ့၊သူလက်ခံမယ်၊
အမေဘာပြောမလဲ၊မိဘအနေနဲ့သားသမီးကိုအပြစ်ကင်းတာနဲ့ဘဲဖြစ်ချင်မှာဘဲ
ကိုယ့်ကိုကိုယ်လဲအားမရ၊ဝန်ထမ်းသားသမီး၊မိဘကိုမှီခိုနေဆဲ
ဒီတော့ဘယ်သူ့ကိုအပြစ်ပြောရမလဲ
ဘယ်လောကြာကြာကန်နေမိလဲမသိတော့ပါ
ကောင်လေး....တော်ပြီ...နေပူနေပြီ...
နေကခေါင်းပေါ်တည့်တည့်ရောက်နေပြီ
အပြင်နေပူတာထက်ရင်ထဲမှာပိုပူနေပါတယ်
မောလဲမောနေပြီ၊မြက်ခင်းပေါ်ပြစ်လှဲချလိုက်ပါတယ်
ရှေ့တန်းတိုက်စစ်မှူး...ကျနော်၊
ကျနော်....တိုက်စစ်မှူး၊
ဒါပေမဲ့...ဂိုးပေါက်လွဲခဲ့သောတိုက်စစ်မှူး.......

...................................................................................................................

ဖုံးလာလို့ကောက်ကိုင်လိုက်ပါတယ်၊

ဟြောင့်...ပြောလို့ရလား

“ပြော...ဗာဒူး....ဘာခိုင်းမလို့လဲ....

(တိုက်စစ်မှူးကိုကျနော်တို့ဗဟာဒူးလို့‌ခေါ်ရာမှကာလရွှေ့လျောမှုကြောင့်ဗာဒူးဖြစ်သွားတာ)

....မခိုင်းပါဘူးကွာ၊ငါအေးအေးဆေးဆေးပြောချိန်မရလို့မဆက်ဖြစ်တာပါ

.....ငါကမင်းနဲ့စကားကြာကြာပြောချင်လို့ပါ......

…..မင်းရေးထားတာငါဟိုတနေ့ထဲကဖတ်ပြီးပြီ...

.....မင်းဘယ်လိုရေးလိုက်တာလဲကွာ...

ဘာဖြစ်လို့လဲ၊မင်းပြောသလိုဘဲရေးလိုက်တာလေ....

....မင်းရေးတာဖတ်ပြီး၊ငါ့ကိုယ်ငါတောင်ဘဝင်မြင့်သွားတယ်...

လုပ်ပြီ၊မြောက်နေပြန်ပြီ၊

....အကောင်းပြောတာ၊ငါဖတ်ပြီး၊မဟေသီကိုပေးဖတ်လိုက်တယ်....

....မင်းရေးတာ၊တခြားလူဖတ်ရင်ဘယ်လိုနေမလဲငါမသိဘူး....

....မဟေသီဖတ်ပြီးမျက်ရည်ပါကျတယ်.....

....သူမျက်ရည်ကျတော့ငါမျက်နှာလွဲလိုက်တာပေါ့...

......ခဏကြာတော့”အုန်း”ကနဲ....

ဟ..ဟ..အုန်းသီးကြွေကျတာလား

......ဘယ်ကလာ၊ငါ့ကျောကိုသူ့လက်သီးနဲ့ဗျင်းတာ၊ငါ့မှာအဆုပ်ကွာမတတ်ဘဲ

....နေအုန်း၊မဟေသီနဲ့ငါပြောတာတွေဖုံးနဲ့အသံဖမ်းထားတယ်၊မင်းနားထောင်ကြည့်....

 

ရှင်..ရှင်..ကျမကိုစောက်ရှက်ခွဲလိုက်တာပေါ့လေ

.........မဟုတ်ရပါဘူး၊မိန်းမရာ...ဒါငါတို့ရဲ့သမိုင်းဘဲလေ...

ရှင်စောက်လုပ်နဲ့၊ဆရာကန်တော့ပွဲနေ့ကျရင်ကျမဘယ်လိုမျက်နှာထားနဲ့သွားရမလဲ

........ကျောင်းတက်ကထဲကမင်းတခုလပ်ဖြစ်နေတာမင်းအတန်းထဲကအားလုံးအသိ

........မင်းသမိုင်းကိုမင်းမေ့နေတာ

ရှင်ဘာကိစ္စနဲ့ကျမအကြောင်းလျှောက်ရေးခိုင်းရတာလဲ

........ငါ့အကြောင်းရေးခိုင်းတာပါကွာ၊ဒါပေမဲ့ငါ့ထဲမင်းအကြောင်းပါမှငါတို့သမိုင်းဖြစ်မှာလေ

စောက်ကြီးစောက်ကျယ်သမိုင်းတွေဘာတွေလျှောက်ပြောနေတယ်

လူတကာမေ့နေချိန်ကျမှရှင်ချေးခြောက်ရေနူးနေတယ်၊ပြန်ဖျက်ခိုင်းရှင့်သူငယ်ချင်းကို

.........ကိုယ့်သမိုင်းကိုယ်မေ့တဲ့မိန်းမ၊သမိုင်းဆိုတာလိမ်လို့မရဘူး၊ဖုံးလို့မရဘူး

..........သမိုင်းဆိုတာမေ့ဖျောက်လို့မရတဲ့အမှန်တရား

........ဘာဖြစ်လဲ,ငါတခုလပ်ကိုယူခဲ့တာ၊ငါ့ဟာငါချစ်လို့ယူခဲ့တာငါ့သမိုင်း

........မင်းဘာကြောင့်တခုလပ်ဖြစ်ခဲ့လဲ၊လျှောက်ကမြင်းပြီးမှဖြစ်ခဲ့တာမှမဟုတ်တာ

........ငါလက်ခံတယ်၊ငါချစ်တယ်ဒါငါ့သမိုင်း

........သမိုင်းဆိုတာလိမ်လို့မရပါဘူးကွာ

......ရှက်စရာလဲမလိုဘူး

......မင်းတုန်းမင်းတောင်သူ့ဟာသူမိန်းမဘယ်နှစ်ယောက်ရှိမှန်းမသိဘူး

.......ဒါပေမဲ့သမိုင်းဆရာတွေသိတယ်အထောက်အထား နဲ့မယား ၁၆ရ ယောက်

ရှင့်ပေါက်ကရတွေတော်တော့၊ကျမပြောတာတွေတောင်ဘယ်ရောက်ကုန်လဲမသိဘူး

......မသိလဲငါဆက်ပြောမယ်

......ကျောင်းတက်တုန်းကတွဲခဲ့တဲ့အတွဲတွေထဲက ၃၀ ရာခိုင်နှုန်းဘဲညားကြတာမင်းသိလား

လာပြန်ပြီဒီပေါက်ကရတွေ၊

.......မင်းတွဲခဲ့တဲ့သူငယ်ချင်းဆယ်ယောက်ကိုကြည့်လိုက်၊

.....သီလရှင်ဝတ်သွားတဲ့တစ်ယောက်ဖယ်။

.....အပျိုကြီးလုပ်သွားတဲ့တစ်ယောက်ကိုလဲဖယ်လိုက်။

.......မင်းကငါ့နဲ့ညားတော့မင်းကိုလဲဖယ်။

.......ကျန်တဲ့ ခုနှစ်ယောက်သူတို့ရီးစားတွေနဲ့ညားကြလား

.......အဲဒါမင်းအရှေ့မှာဘဲ

.....ဒီ ၃၀ ရာခိုင်နှုန်းထဲပါတဲ့မင်းနဲ့ငါအတွဲဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ

 

ငါလဲရွှီးထည့်လိုက်တယ်၊သိလို့မဟုတ်ဘူး

မိန်းမမျက်လုံးကလည်ကလည်နဲ့ငါ့ကိုကြည့်ပြီးငါ့အနားကပ်လာတယ်

......မင်းနောက်မဆုတ်လိုက်ဘူးလား၊သူလက်သီးဆုပ်ထားလား....

ဘယ်ကလာ၊ငါ့ကိုအာဘွားလာပေးသွားတယ်

....အလဲ့၊တော်ပြီကွာငါ့မြေးကိုကျောင်းသွားကြိုရအုန်းမယ်

အေး၊ငါလဲငါ့မြေးကိုသွားကြိုရမယ်၊မင်းမြေးကဘယ်ကျောင်းလဲ

……Net Work…

အေးလေ၊ငါလဲအဲဒီကျောင်းဘဲသွားမှာ၊ငါတို့ကားပတ်ကင်မှာဆုံရအောင်

.....ဘယ်သူပါသေးလဲ....

မဟေသီ

......တော်...တော်...ငါ့မြင်ရင်အုတ်ခဲနဲ့ကောက်ထုနေမယ်၊တော်ပြီမတွေ့တော့ဘူး...

ဟြောင့်...နေအုန်းပြောမဲ့စကားကျန်သေးတယ်

ဒီမိန်းမ၊ကာမတဏှာဖြတ်မှဘုရားတရားလုပ်လို့ရမယ်ဆိုပြီး

အခန်းထဲငါ့တစ်ယောက်ထဲထားခဲ့ပြီး၊ဘုရားခန်းမှာသွားအိပ်နေတာနှစ်လရှိပြီ

မနေ့ကမှငါ့အခန်းထဲလာပြန်အိပ်တယ်

မင်းကိုကျေးဇူးတင်တယ်။

 

#ကိုဂျစ်

# ကျနော်တိုက်စစ်မှူး

 

 




















Comments