နတ်မကြမ်းတော့…လူရမ်း

Credit to original uploader

 နတ်မကြမ်းတော့...လူရမ်း

ငါ့အရှေ့ကိုအချစ်မရှိတဲ့သူမလာရ….
အချစ်မပါတဲ့ရည်းစားအတုတွေရှေ့ဆက်သွားရင် ကျားကိုက်သေ ၊
နောက်ပြန်ဆုတ်ရင် မြွေကိုက်သေ။
အချစ်မရှိတဲ့လူတွေဟာလောကမှာလူပိုတွေ ၊မြန်မြန်သေကြ……
အသံဝါဝါ၊အသံပြာပြာသံကြောင့် ဆတ်ကနဲတုန်လှုပ်သွားသောမနန်း
ကျနော့်လက်ကို ဖြတ်ကနဲဆုတ်ကိုင်လိုက်ပါတယ်…..
အေးစက်နေသော သူ့လက်ချောင်းလေးများက တုန်လှုပ်နေမှန်းသိသာနေပါတယ်……
ဟာ ……ဒုက္ခဘဲ၊ကျနော့်တို့ သမီးရည်းစားမဖြစ်သေးတဲ့ရည်းစားအတုတွေလေ…..
ကျားကိုက်တော့မှာဘဲ…….
တိတ်စမ်း ပြန်တော့မယ်……
မြွေ ….မြွေ ကိုက်မယ်……
တော်စမ်းပါ…ပြန်တော့မယ်…….
သူမ ကိုယ်ကို ချာကနဲလှည့်ပြီးအမြန်ပြန်တွက်ခဲ့ပါတယ်……
ကျနော့်လက်မောင်းကို ဆွဲထားသောသူ့လက်ကြောင့်ကျနော်လဲယက်ကန်ယက်ကန်နဲ့ သူမနောက်မှပါလာပါတယ်….
ကျနော်လက်မောင်းကိုဆုပ်ကိုင်ထားသော သူမလက်ကို ကျနော့်လက်ဖြင့်အုပ်ကိုင်လိုက်ပါတယ်….
ဒီနေ့ ဒီရက် ဒီအချိန်မှစ၍ သူမလက်ကို ကျနော်မလွှတ်တော့ပါ…။
ကျနော်တို့သမီးရည်းစားဖြစ်သွားကြပြီ…..
ရန်ကုန်တက္ကသိုလ်မှာကျောင်းတက်နေကြသော သူငယ်ချင်းများစုပြီး
သံလျင်ကျောက်တန်းဘက် ပျော်ပွဲစားထွက်ခဲ့ကြတယ်….
သီတာသင်္ဘောကြီးစီးပြီး ရန်ကုန်ကလာကြတာ…..
ဖုန်တထောင်းထောင်းနဲ့ဂျစ်ကားကြီးစီးနေရပေမယ့်လည်း သူငယ်ချင်းတွေပျော်နေကြတယ်…
ပျော်ကြမှာပေါ့ သူတို့အားလုံးက အတွဲကိုယ်စီနဲ့…..
သမီးရည်းစားမဖြစ်သေးတာ ကျနော်နဲ့ မနန်းနှစ်ယောက်ဘဲရှိတယ်…..
သူငယ်ချင်းအားလုံးက အခြေအနေကောင်းနေကြပြီလို့ပြောနေကြပေမယ့်လည်း
ကျနော်တို့သမီးရည်းစားမဖြစ်သေးပါ…..
ညနေတိုင်း မနန်းရှိတဲ့သီရိဆောင်ကိုသွား၊ ဂျဒ်ဆင်ကင်တင်းမှာ သံဗူးသောက်၊
ပြီးရင်အဆောင်ပြန်ပို့….ဒီလိုဘဲတော်တော်ကြာနေပြီ…..
ကျနော်ညံ့တာလဲပါမည် …..ဟိုကမိန်းကလေးဆိုတော့ရှက်နေမှာပေါ့….
ခုခေတ် ကိုးရီးယားရုပ်ရှင်လိုမှမဟုတ်တာ…..
ဒီနေ့ပျော်ပွဲစား ကျောက်တန်းကဘုရားဖူးပြီးအပြန် သံလျင်နတ်စင်တစ်ရာကို ဝင်ခဲ့ကြတယ်….
ဟိုတုန်းကနတ်စင်တွေအများကြီး နောက်ဘက်လျှိုထဲမှာ နတ်စင်တွေ အဆောင်အဆောင်နဲ့
သစ်ကြီးဝါးကြီးတွေကလည်းအုပ်မိုးနေတော့ အေးစိမ့်နေတာဘဲ…..
ကျနော့်မှာနတ်ရုပ်တွေကြည့်ရင်း၊သစ်ပင်ရိပ်ကြောင့် ဝှေ့လာတဲ့လေအေးနဲ့အတွေ့မှာ
ကြက်သီးတဖြန်းဖြန်းထနေလေရဲ့၊မနန်းရဲ့ရင်ထဲမှာဘယ်လိုနေမလဲတော့မသိဘူး……
သူငယ်ချင်းအားလုံးက မင်းဇာတ်လမ်းနတ်စင်တစ်ရာမှာ အဆုံးသတ်တော့တဲ့……
မနန်းဆီက အဖြေတောင်းဖို့ပြောကြတာ….
ကျနော်လဲမနန်းကို ချစ်ခွင့်ပန်ခဲ့တာတော်တော်ကြာနေပြီ…..
မိန်းခလေးဆိုတော့ စဉ်းစားနေမှာပေါ့ဆိုပြီးအဖြေမတောင်းသေးတာ….
ဝန်ခံရရင် အဖြေမတောင်းရဲတာ၊အဖြေတောင်းပြီးမှမုန်းတယ်ဆိုတဲ့စကား
ထွက်လာမှာကိုစိုးလို့မတောင်းတာ …….သူငယ်ချင်းအားလုံးက အကျပ်ကိုင်နေကြပြီ….
ကျနော်ဘာဆက်လုပ်ရမလဲမနန်းကိုကြည့်ရတာ ကျနော့်ကိုအဖြေမပေးသေးတာတစ်ခုဘဲရှိတယ်၊ကျနော်သွားခေါ်ရင်ထွက်တွေ့တာဘဲ…..
သူ့ဆီကအဖြေဘယ်လိုတောင်းရမလဲဆိုတာစဉ်းစားလို့ကိုမရဘူး….ကျနော့်ရဲ့ညံ့ချက်…….
နတ်စင်နောက်မှာအိပ်နေတဲ့ အရူး ကျနော်တို့ကို ထချဲလိုက်တော့မှဘဲ
ကျနော်တို့နှစ်ယောက်သမီးရည်းစားဘဝ ရောက်ခဲ့ရတော့တယ်….
လူမစွမ်းတော့ နတ်မတဲ့……
 
          
          

ဂုံနီအိတ်တွေ အလုံးနှစ်ဆယ်လောက်ရှိတယ်။ တစ်အိတ်ပြီးတစ်အိတ်ဖြည်နေကြတယ်…..
ဂုံနီအိတ်တွေထဲက ဖုံတွေနဲ့ ပေပွနေတဲ့ နတ်ရုပ်တွေကိုကြမ်းပြင်ပေါ်သွန်ချနေကြတယ်……
မြန်မာပြည်ကနတ်ရုပ်မျိုးစုံ၊ကြမ်းပြင်ပေါ်မှာ အများကြီးပြန့်ကျဲနေတယ်….
ကျနော်တအံ့တသြကြည့်နေမိတယ်…..ကျနော်တို့မြန်မာပြည်မှာဆိုရင်ဒီလူကို နတ်ရိုက်တော့မှာ…….
ကျနော်ရောက်နေတာ ထိုင်းနိုင်ငံမဲဆောက်မြို့ရဲ့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ….
နတ်ရုပ်တွေကို ယူလာတဲ့မြန်မာက ရှေးဟောင်းပစ္စည်းဆိုပြီးလာရောင်းတာ…..
ဆိုင်ရှင်ရှမ်းက မြန်မာထက် ပိုလည်သေး….
ဒီနတ်ရုပ်မျိုး မြဝတီအဝင်နတ်စင်မှာလဲရှိတယ်……ဝှေ့ရှမ်းမှာလဲရှိတယ်……
ဒါရှေးဟောင်းပစ္စည်းမဟုတ်ဘူး….မန္တလေးမှာ အများကြီး၊ တောင်ပြုံးမှာ ယူလို့တောင်မကုန်ဘူး…..
ကျနော်ယူခဲ့တဲ့နတ်ရုပ်တွေက ဆိုင်ကမဟုတ်ဘူး…
မြန်မာပြည်အရပ်ရပ်မှာ ရှိတဲ့နတ်နန်းတွေက နတ်ရုပ်တွေ….
ဆိုင်ကနတ်ရုပ်ထက်ပိုစွမ်းတာ…..
စွမ်းတာမစွမ်းတာလာမပြောနဲ့ အရုပ်ကအရုပ်ဘဲ……
ဒီလိုနဲ့စျေးညှိကြရင်းအလုပ်ဖြစ်သွားပါတယ်……..
ရှေးဟောင်းပစ္စည်းဆိုင်ရောက်သွားတဲ့နတ်ရုပ်ခမျာတဆောင်တယောင်နဲ့နေခွင့်မရတော့ပါ၊
ဖိုးဝရုပ်၊ဇီးကွက်ရုပ်၊မင်းသမီး၊မင်းသားရုပ်တွေနဲ့ တတန်းစားထဲဖြစ်သွားပါတော့တယ်………
နတ်ကွန်းကနတ်ကျားခမျာလည်းခွေးရုပ်၊ နွားရုပ်တွေနဲ့ တတန်းထဲ ရပ်နေရရှာပါတယ်….
သူကပိုပြီးဒုက္ခကြီးပါတယ်……သူ့ကျောပေါ်မှာ ဗီးနပ် နတ်သမီးတပါးကထိုင်လို့……
ဟေ့လူ ….ခင်ဗျား နတ်ကိုင်မှာ မကြောက်ဘူးလား……
လူမစွမ်းတော့ နတ်မတဲ့…..နတ်မကြမ်းတော့လဲ၊လူမ.....ပြီး စီးပွားရှာရတာပေါ့ဆရာရယ်…….
 
#ကိုဂျစ်


Comments