အဖြူရောင်နှလုံးသား..အမှတ်တစ်
Photo credit to original uploader
ကျနော်လ္ဘက်ရည်ဆိုင်မှာထိုင်နေတာတစ်နာရီလောက်ရှိနေပြီ။ငယ်ငယ်ကမရောက်လာသေး…..လေးနာရီက
တည်းက သီရိဆောင်ဘေးကဂျဒ်ဆင်ကဲင်တင်းမှာရောက်နေသည်။ဆိုင်ရှင်ကိုအားနာလို့လ္ဘ္ဘက်ရည်နှစ်ခွက်
သောက်ပြီးပြီ……သီရိဆောင်ကိုလာခဲ့လို့ပြောရင်လည်းလာခဲ့မှာပေါ့……ဘာလို့ဒီကိုလာခိုင်းလဲကျနော်မသိပါ……
ဒါပေမယ့်ဒီမှာလာစောင့်ခိုင်းရင်နည်းနည်းကြောက်ရတယ်…..ဘာတွေရင်ဖွင့်အုန်းမလဲမသိပါ……
ကျနော်တို့ဟာတစ်မြို့တည်းသားတစ်ကျောင်းတည်းထွက်ခဲ့တဲ့ငယ်သူငယ်ချင်းတွေပါ၊အီကိုမှာတက်နေတဲ့ကျနော်
ညီမနဲ့လည်းအရမ်းခင်ကြတယ်…..မူလတန်းကတည်းကအတူတက်ခဲ့တာဆယ်တန်းအောင်တဲ့အထိပါဘဲ။
ဆယ်တန်းအောင်ပြီးဘူမိဗေဒကိုကျနော်ရောက်ခဲ့တယ်….ငယ်ငယ်ကဥပဒေကျောင်းတက်တယ်…..။
ဟာ……မေ့နေလိုက်တာ……..ဘီအီးဒီကကောင်မလေးကိုဒီနေ့ညနေလှည်းတန်းစျေးလိုက်ပို့ပေးမယ်လို့ဂတိပေး
ထားတယ်။သွားပါပြီ…ဘယ်လောက်ဒေါကန်နေပြီလဲ။မတတ်နိုင်ဘူးလေတွေ့မှဘဲဆင်ခြေတစ်ခုခုပေးလိုက်တော့မယ်
….ပြီးရင်လက်ဆောင်တစ်ခုခုယူသွားပြီးချော့လိုက်မယ်…….သိတယ်ဟုတ်…မိန်းကလေးတွေကအရမ်းအချော့ကြိုက်တယ်…
မဟုတ်ဘူး…မဟုတ်ဘူး..အရမ်းအချော့ခံချင်ကြတာ………။
အဆင်ပြေတာနှစ်လမပြည့်သေးဘူး….ကတိပျက်တာနှစ်ခါသုံးခါရှိပြီ…ဘယ်တော့ဖြတ်မလဲမသိဘူး…..
မောင်ဂျစ်….မောင်ဂျစ်..မင်းဟာသူတစ်ပါးအချစ်တွေကိုတယ်အလွဲသုံးစားလုပ်နေပါလား…။ဒီနေ့ညနေသူငယ်ချင်းငယ်ငယ်ကပိုအရေးကြီးတယ်…..ဟာ…ငါးနာရီတောင်ထိုးနေပြီမလာသေးပါလား…နောက်ဆယ်မိနစ်မှရောက်မလာရင်အဆောင်ကိုလိုက်သွားတော့မယ်…….
ဟော…ဟော…မချောလာပြီ….ရေချိုးပြီးဆံပင်ဖါးလျားနှင့်အရမ်းမိုက်တယ်၊
….ဥပဒေကအချောအလှထဲမှာတစ်ယောက်အပါအဝင်ငယ်ငယ့်ကိုငါဘာလို့စိတ်မဝင်စားရတာလည်း…
..နှပ်တွဲလောင်းထဲကငယ်သူငယ်ချင်းမို့လို့လား….၊
မိသားစုချင်းကလည်းခင်ကြတယ်….၊
ညီမကငယ်ငယ်ကိုယောင်းမလို့ဗြောင်ခေါ်နေတယ်…၊
အမေကချွေးမလို့ခေါ်နေပြီ၊စိတ်ထဲမှာမျက်စိမှိတ်ပြီးချစ်ကြည့်တယ်…ချစ်လို့မရပါ….စိတ်ထဲမှာညီမတစ်ယောက်လိုဘဲမြင်နေပါတယ်…၊
သူလာနေပြီ…မျက်နှာပေါ်သနပ်ခါးတင်ထားပေမဲ့ကြည်ကြည်လင်လင်မရှိ…….
လူကိုလေးနာရီလာခဲ့လို့ပြောပြီး၊နင်ကျတော့ငါးနာရီမှရောက်လာတယ်…
ဆောရီးဘဲ….ထွက်လာခါနီးမှကိုချိုရောက်လာလို့စာရင်းအပြတ်ရှင်းနေတာနဲနဲကြာသွားတယ်….
ကိုချိုနဲ့ဘာဖြစ်လို့လဲ……
ဖြတ်လိုက်ပြီ……..ကိုချိုကိုဖြတ်တော့မယ်ဆိုတာနင့်ကိုကြိုပြောမလို့…..သူရောက်လာတာနဲ့အတော်ဘဲ….
ရှင်းလိုက်ပြီ….
ကိုချိုမှာဘာအပြစ်ရှိလို့လဲ…..
ငါစိတ်တိုင်းမကျဘူး…အို…ငါသူ့ကိုဘယ်လိုမှချစ်လို့မရဘူး….
တစ်ယောက်ပြီးတစ်ယောက်နဲ့…နင်မျက်နှာများနေပြီ..
နင်ကျတော့ကော….
ငါကယောကျာ်းလေး…၊
အိုး…ရီးစားတစ်ထောင်လင်ကောင်တစ်ယောက်တဲ့စကားပုံရှိသားဘဲ၊
ကိုယ့်စိတ်ကိုကိုယ်အရင်ဆန်းစစ်ကြည့်ပါ လား…..ချစ်လို့မရရင်လည်းရည်းစားမထားနဲ့ပေါ့…..
ချစ်ကြည့်လို့ရမလားလို့ပေါ့…ဟဲ့…ကိုချိုနဲ့ဆိုရင်ဘယ်နှစ်ယောက် ရှိနေပြီလဲ….
နင့်ကိုဝိုင်းပြောနေကြတဲ့စကားတွေ၊နောက်ကွယ်ကအသံတွေကိုငါမကြားချင်ဘူး…….။
ရီးစားတစ်ယောက်ဖြတ်ပြီးတိုင်းဒီကဲန်တင်းမှာထိုင်ပြီးကျနော်ကိုရင်ဖွင့်လေ့ရှိတယ်…
ငါမျက်နှာများရတာဘယ်သူ့ကြောင့်လည်း…၊
ကျနော်ဘာမှမပြောဖြစ်ပါ…
နင့်ကြောင့်…..နင်ငါ့ကိုမချစ်လို့ငါမျက်နှာများနေရတာ……၊
.မေတ္တာငတ်နေတဲ့ငါ့ကိုနင်သိရက်နဲ့ဥပက္ခါ ပြုရက်တယ်……..၊သူတို့ပေးတဲ့မေတ္တာတွေဟာငါလိုချင်တဲ့မေတ္တာမျိုးမဟုတ်လို့ငါဖြတ်ခဲ့တယ်….၊
သူတို့ကိုငါချစ်လို့မရဘူး…၊.ကြာလာရင်လက်ခံလာနိုင်မယ်….ချစ်လာနိုင်မယ်ထင်ပြီးငါစောင့်နေခဲ့တယ်…..၊ဘယ်လောက်ကြာကြာငါချစ်လို့မရဘူး…
ဒါကြောင့်ငါဖြတ်ခဲ့တာ….ကျောက်ခဲနှလုံးသားကိုမှချစ်ခဲ့မိတာငါအမှားဘဲ…….
လာ…လာ…ခြောက်နှာရီထိုးတော့မယ်….အဆောင်ပြန်ရအောင်…..နှစ်ဦးသားစကားမပြောဖြစ်ပါ….သီရိဆောင်
ဂိတ်ပေါက်ထိလိုက်ပို့လိုက်ပါတယ်။ဒဂုံဆောင်အပြန်လမ်းမှာမှောင်စပြုနေပြီ…
လမ်းလျှောက်လာရင်းအတွေးထဲမှာငယ်ငယ့်အကြောင်းတွေရောက်လာပါတယ်…
သူငယ်တန်းစတက်ကတည်းကငယ်ငယ်နှင့်ကျနော်တခန်းတည်းမှာ….ကျနော့်ညီမလေးကတစ်တန်းငယ်တယ်…
တရပ်ကွက်တည်းဖြစ်လို့အတူတူဆော့ကစားလေ့ရှိတယ်……………
ငါးတန်းခြောက်တန်းရောက်တော့ကျနော်ကစားမက်ပြီးသူတို့နှင့်အတူတူကျောင်းမသွားဖြစ်တော့ပါ….
ကျောင်းဆင်းရင်လည်းကျနော်ဘောလုံးကန်ရင်းကျန်နေခဲ့တတ်တယ်….ရှစ်တန်းရောက်တော့ငယ်ငယ်အပျိုလုပ်
တတ်လာပြီ…ခေတ်စကားနှင့်ပြောရရင်အီစီကလီများလာပြီ……အိမ်ကိုမကြာမကြာရောက်လာပြီးစကားလမ်း
ကြောင်းပေးနေတာကိုကျနော်ရိပ်မိပါတယ်….ကျောင်းမှာကျနော်လည်းရီးစားထားတတ်နေပြီ…..တစ်ယောက်..
နှစ်ယောက်…သုံးယောက်….။
ဆယ်တန်းကိုနှစ်ယောက်လုံးနှစ်ချင်းပေါက်အောင်ခဲ့ကြတယ်….ငယ်ငယ်ကဥပဒေမှာတက်တယ်….။
ကျနော်ကဘူမိဗေဒမှာတက်တယ်….
အမလေး….ကံကောင်းလို့ရန်ကုန်မှာအတူတူလာတက်ခွင့်ရတာ….၊
ငါ့မှာနင်မော်လမြိုင်ကောလိပ်ရောက်သွားရင်ဒုက္ခဘဲလို့စိတ်ပူနေတာ….၊နင်သာမော်လမြိုင်ကောလိပ်ရောက်သွားရင်ငါလည်းမော်လမြိုင်ကောလိပ်လိုက် ပြောင်းမှာဘဲ………
တောင်ငူရန်ကုန်ရထားစီးရင်းငယ်ငယ်သူ့ရင်ထဲကစိုးရိမ်စိတ်တွေကိုပြောပြနေပါတယ်…..
ကျနော်ဘာမှခံစားချက်မရှိ။ကျနော်ကတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေချင်တယ်….
အခုကျနော်သိပ်မလွတ်လပ်တော့ဘူး။
ကျနော်ရန်ကုန်ရောက်လာတာ ဘာနဲ့တူသလဲဆိုရင်မြင်းဇောင်းထဲကလွှတ်လိုက်တဲ့မြင်းလိုဘဲ…..၊
ကဆုန် ပေါက်ပြီးခြေဦးတည့်ရာလွင့်ချင်သလိုလွင့်တာ……
ဘူမိဗေဒမှာကျောင်းသူမရှိဘူး……ယောကျာ်းလေးတွေဆိုတာတားဆီးမယ့်သူမရှိဘူး….ဘာလုပ်လုပ် မြှောက်ပေးမဲ့ကောင်တွေဘဲ။ရီးစားတွေမှိုလိုပေါက်အောင်ထားတယ်။
ဒါပေမယ့်ရင်ထဲကနှစ်နှစ်ကာကာချစ်တာ တစ်ယောက်မှမရှိဘူး…
အားလုံးအပေါ်ယံတွေချည်းဘဲ…….။
ဥပဒေမောင်မယ်သစ်လွင်ကြိုဆိုပွဲမှာငယ်ငယ်အလှဘုရင်မဘွဲ့ရသွားပါတယ်…..၊
ပထမနှစ်မှာဘဲငယ်ငယ်နာမည်ကြီးသွားပါတယ်…..၊
ဘာပြောကောင်းမလဲလိုက်ကြတဲ့ကောင်တွေသြတိုက်နေတာဘဲ……
ကျနော်ကကြိတ်ပြီးဝမ်းသာနေတာ….၊
ဒီတစ်ခါတော့တစ်ယောက်ယောက်နဲ့ငြိတော့မယ်….လွတ်ပြီ ကျွတ်ပြီပေါ့……
ဒုတိယနှစ်ရောက်တဲ့ထိမငြိသေး..။သူ့စိတ်ကြိုက်မတွေ့သေးလို့နေမှာပါ…။ဒါပေမဲ့…
ဒုတိယနှစ်ရောက်တော့ကျနော့်ညီမလည်းအီကို..ကိုရောက်လာပါတယ်…
ငယ်ငယ်နဲ့ညီမကျနော့်စာသင်ဆောင်ရှိတဲ့သမိုင်းသီရေတာထဲထိရောက်အောင်လာတတ်တယ်။ပိုလို့တောင်မလွတ်လပ်တော့ဘူး…
ကျနော်တို့ဘူမိဗေဒမှာပထမနှစ်နဲ့ဒုတိယနှစ်ကိုသမိုင်းမှာဘဲတက်ရတယ်….၊
နေတော့ခပေါင်းဆောင်မှာနေရတယ်……
တတိယနှစ်နဲ့နောက်ဆုံးနှစ်ကရန်ကုန်တက္ကသိုလ်မန္တလေးဆောင်မှာတက်ရတယ်…….၊ဒဂုံဆောင်မှာနေရတယ်…
ငယ်ငယ်တို့သီရိဆောင်နဲ့နီးနီးလေး……..။
စီနီယာကျောင်းသားကြီးတွေကဒဂုံဆောင်နဲ့သီရိဆောင်ကိုမောင်နှမအဆောင်လို့ပြောကြတာဘဲ…။
တတိယနှစ်မှာငယ်ငယ်ရီးစားရသွားပါပြီ…..ဒါပေမယ့်သူ့ကောင်လေးကိုဆက်ဆံတာတစ်မျိုးဘဲ….၊
အေး စက်စက်နဲ့…
အချိန်ရတိုင်းညီမနဲ့ငယ်ငယ်မန္တလေးဆောင်ကိုရောက်လာကြပါတယ်….၊
သူ့ကောင်လေးကိုမတွေ့မိပါဘူး………သိပ်မကြာပါဘူး….ဂျဒ်ဆင်ကင်တင်းမှာခေါ်ပြီးရင်ဖွင့်ပါလေရော…..သူဖြတ်လိုက်ပြီတဲ့…..၊
ကျနော်စာသင်နေတဲ့မန္တလေးဆောင်ကိုလာတာသူ့ကောင်လေးမကြိုက်ဘူး…..၊မှန်တာပေါ့သူ့ကောင်လေးပြောမယ်ဆိုလည်းပြောစရာ….၊အချိန်အားတာနဲ့ရောက်လာပြီ…..ကျနော်ကိုယ်တိုင်မလာပါနဲ့တားလည်းမရဘူး….၊
တိုက်ပွဲပြင်းထန်လာပါတယ်….၊
နောက်ဆုံးကောင်လေးကိုနင့်ကိုငါမချစ်ဘူး…..သူ့ကိုဘဲငါချစ်တယ်လို့ပြောလိုက်တဲ့စကားကြောင့် နဂို
ကမှမသင်္ကာ သလိုဖြစ်နေတာ…..တစ်ခါထဲပြတ်ရော…..
နင်ဘာလို့ဒီစကားပြောရတာလဲ….နင်နဲ့ငါသမီးရည်းစားလည်းမဟုတ်ဘူး……
ငါမသိဘူး…..ငါနင့်ကိုဘဲချစ်တယ်…….
သူ့ကိုငါ အစားထိုးပြီးချစ်ကြည့်တာ…စိတ်ထဲကသူ့ကိုလက္ခံလို့မရဘူး…ပြတ်သွားတာဘဲကောင်းတယ်…..
.....နင်ငါ့ကိုမချစ်နဲ့၊အချစ်နဲ့ပတ်သက်ရင်ငါ့မှာဘာခံစားချက်မှမရှိဘူး…..၊
....မေတ္တာတွေ၊သစ္စာတွေငါဘာမှမသိဘူး……….
....ဇာတ်ပွဲမှာသွားပြော….ပေါ့ပျက်ပျက်နဲ့ငါ့လိုကောင်ကိုလာမချစ်နဲ့…….
တတိယနှစ်ရှမ်းပြည်နယ်တောင်ပိုင်းယင်းမာပင်မှာကွင်းဆင်းရပါတယ်…..
ငယ်ငယ်က ကယားပြည်မှာ အသုံးလုံး လုပ်အားပေးလိုက်သွားပါတယ်…….,
ရထားလမ်းပိုင်းကွင်းဆင်းချိန်မှာငယ်ငယ်တို့ရထားနဲ့ဆုံခဲ့သေးတယ်။
ကျနော့်ကိုမြင်လိုက်လို့အံ့သြဝမ်းသာစိတ်နဲ့အော်ခေါ်နေတာအကြာကြီး။ကျနော်ကဖလိုင်းကစ်စ်လုပ်ပြလိုက်တယ်။
ကွင်းဆင်းပြီးတောင်ကြီးကိုတက်တုန်းကလည်းငယ်ငယ်တို့နဲ့ဆုံခဲ့သေးတယ်…..၊
ကျနော့်ကိုတွေ့တော့ငယ်ငယ်ပျော်လို့ရွင်လို့…….၊
အပျော်အပါးများတဲ့ကျနော်တတိယနှစ်စာမေးပွဲကျပါတယ်…
အိမ်ကဆူလို့သူငယ်ချင်းတွေနဲ့သံတောင်ကြီးကိုလိုက်သွားပါတယ်…..၊ကျောင်းတွေဖွင့်ချိန်လောက်မှအိမ်ကိုပြန်ခဲ့ပါတယ်…
ငယ်ငယ်နဲ့ညီမရန်ကုန်ကိုဆင်းသွားကြပြီ….အိမ်ရောက်တော့ငှက်ဖျားဖျားပါတော့တယ်……
အိမ်မှာတစ်လလောက်ကြာသွားပါတယ်။စာသင်ချိန်တစ်လကျော်လောက်မှရန်ကုန်ကိုရောက်သွားပါတယ်…
ဒီတစ်လအတွင်းမှာမှတ်စုတွေအားလုံးကိုကျနော့်အတွက်ငယ်ငယ်ကူးပေးထားပါတယ်….ကျေးဇူး….ငယ်ငယ်…..
ကျနော်တို့တောင်ငူမြို့နယ်ကကျောင်းသူကျောင်းသားတွေစုပြီးတပေါင်းလပြည့်နေ့မှာမော်တင်စွန်းကို
သွားကြပါတယ်….ဝင်းစိန်သင်္ဘောကြီးပေါ်ကကျောင်းသားအားလုံးဖဲသမားဖြစ်သွားကြပါပြီ…..၊
မော်တင်စွန်းရောက်မှဖဲဝိုင်းသိမ်းလိုက်ကြပါတယ်။ငယ်ငယ်တို့လည်းပါလာတယ်…..ဖဲရှုံးနေလို့သူ့ကိုလည်းသတိမရတော့ပါ…။
နင်တွဲခဲ့တဲ့ကောင်မတွေလိုသဘောထားပြီးငါ့ကိုအပျော်တွဲကြည့်ပါလား…..၊
နင့်ရဲ့အနှစ်မပါတဲ့အချစ်ဖြစ်နေ ပါစေ…နင့်အကြင်နာကိုခံချင်လိုက်တာ………
ဖြူလွှလွှ သဲသောင်ပြင်ပေါ်မှာလမ်းလျှောက်ကြရင်းငယ်ငယ်ကသူ့ခံစားချက်ကိုရင်ဖွင့်နေပါတယ်….၊ဘုရားကိုပုဆိန်ပေါက်ဦးသုံးကြိမ်ချပြီးငယ်ငယ်ကိုစောင့်နေတယ်..သူဘာတွေဆု တောင်းနေလဲမသိပါ…
အရမ်းကြာတယ်….နင့်ကိုညီမတစ်ယောက်လိုဘဲမြင်တယ်….၊
တွဲခဲ့တဲ့ကောင်မတွေလိုငါသဘောထားလို့မရဘူး….နင့်ကိုငါချစ်ကြည့်လို့မရဘူး။ဘုရားရှိခိုးနေသောငယ်ငယ်ကိုကြည့်ရင်းရင်ထဲကရေရွတ်မိတာပါ…..၊
ဒီနှစ်ထဲမှာစက်မှုကကောင်လေးတစ်ယောက်နဲ့ငယ်ငယ်တွဲသေးတယ်…၊
မကြာပါဘူး။ကောင်လေးမလာတော့ဘူး….အဖြေမပေးရသေးဘူးတဲ့…စိတ်ထဲမှာအစားထိုးပြီးချစ်ကြည့်တာအဆင်မပြေလို့မလာနဲ့တော့….၊
မောင်းထုတ်လိုက်ပြီတဲ့………….၊ကျောင်းပိတ်ရက်အိမ်ကိုပြန်ရောက်ရင်လည်းနားအရမ်းပူတယ်…..အမေကငယ်ငယ်ကိုသဘောကျနေတယ်…
ကျနော်ရှေ့မှာငယ်ငယ်အကြောင်းတွေချည်းဘဲပြောနေတာ…..၊
နားပူလာရင်ခရစ်ယာန်သူငယ်ချင်းတွေနဲ့ဂစ်တာသွားတီးနေလိုက်တယ်…
တခါတလေစျေးပိုင်းရပ်ကသူငယ်ချင်းတွေနဲ့ဖဲသွားရိုက်နေတယ်..အဖေ့ပွဲရုံကိုကျနော်မရောက်ဖြစ်ပါ……
ငယ်ငယ်ကကျနော်နှင့်ဆန့်ကျင်ဖက်….ကျောင်းပိတ်ရက်တွေမှာငယ်ငယ်သူ့အဖေပွဲရုံမှာထိုင်လေ့ရှိတယ်…….၊
ခဏတဖြုတ်လာထိုင်တာမဟုတ်ပါ….သူဦးစီးပြီးလုပ်နေတာ…
ဒီလိုနဲ့ဘဲစာသင်နှစ်တွေဖြတ်ကျော်လာခဲ့တာနောက်ဆုံးနှစ်ရောက်လာပါတယ်…..၊ကျောင်းသားကျောင်းသူအများစုဟာနောက်ဆုံးနှစ်တွေမှာဘဝလက်တွဲဖော်ရွေးလေ့ရှိကြတယ်….၊ကျနော်ကထုံးစံမပျက်အချစ်ဝေသန္တရာမင်းကြီးလုပ်နေတုံးမှာ….၊
ငယ်ငယ်တစ်ယောက်ရီးစားတစ်ယောက်ထပ်ရပါတယ်…
ကျနော်တို့ထက်စီနီယာကျပြီးဆေးကျောင်းတက်နေတဲ့ကိုချိုဖြစ်ပါတယ်…
တမြို့တည်းသားဖြစ်ပြီးတည်ငြိမ်အေးချမ်းတဲ့ကိုချိုဟာငယ်ငယ်နှင့်အလိုက်ဖက်ဆုံးလို့ထင်ပါတယ်…,
မသူတော်နဲ့တွေ့သွားမှာကိုအရမ်းစိုးရိမ်နေခဲ့တဲ့ကျနော့်စိတ်တွေနဲနဲအေးသွားပါတယ်……
ငယ်ငယ်တစ်ယောက်ကျနော့်ဆီကအချစ်တွေကိုမရတော့ဘူးလို့စိတ်ဒုံးဒုံးချပြီးကိုချို့ကိုဘဲပုံချစ်လိုက်တော့မယ်…
လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီထင်ပါတယ်…ကျနော့်ဆီလည်းမရောက်ဖြစ်တော့ပါ…
ကျနော်စိတ်တွေပေါ့ပါးပြီးလွတ်လပ်နေတယ်….ဂျဒ်ဆင်ကင်တင်းကိုမခေါ်ခင်နေ့အထိပေါ့ဗျာ…
ငယ်ငယ်ရင်ဖွင့်သံတွေပြန်ကြားရတဲ့နောက်မှာကျနော်စိတ်တွေပြန်ရှုပ်ထွေးကုန်ပါတယ်…အချစ်ဆိုတာဘာလဲ…လွယ်လွယ်ချစ်ပြီးလွယ်လွယ်မေ့တတ်တဲ့လမ်းကြောင်းပေါ်မှာလျှောက်နေတာကြာနေခဲ့ပြီ၊တကယ်ချစ်ရမဲ့သူကိုမတွေ့သေးလို့လားမသိ…
ဘယ်သူ့ကိုမှလည်းအလေးအနက်မရှိခဲ့ပါ……………..
ကျနော့်လိုအနှစ်မပါသောအချစ်နှင့်ငယ်ငယ်လုံးဝမထိုက်တန်ပါ…..၊
တစ်ထောင့်ငါးရာအချစ်ဟာပူလောင်လွန်းပါတယ်….၊
ချစ်ခဲ့ကြပြီးလမ်းခွဲချိန်မှာတစ်ယောက်ယောက်ဆီမှာဒဏ်ရာအမဲစက်စွန်းကျန်ရစ်ခဲ့ရပါတယ်….
နောင်တစ်ချိန်အမှတ်မထင်ပြန်ဆုံတွေ့ခဲ့လို့ရှိရင်ဘာမှမဖြစ်သလိုနေကြပေမဲ့လည်း၊သူတို့ရဲ့မျက်လုံးထဲမှာမုန်းတီးနာကြည်းမှုတွေမြင်နေရသလို၊ကိုယ်ရဲ့မသိစိတ်ကလည်းချစ်ဒုက္ခပေးခဲ့ဘူးတဲ့တစ်ယောက်လို့အသည်းကိုသတိပေးနေပါတယ်….,
ပတ်သက်ခဲ့ကြပြီဆိုရင်အဖြူရောင်နှလုံးသားလေးမှာအရောင်စွန်းကျန်ခဲ့ပါပြီ၊
အရောင်စွန်းသွားတဲ့နှလုံးသားလေးဟာအဖြူရောင်ပြန်မရနိုင်တော့ပါ….,
လွယ်လွယ်မေ့တတ်မုန်းတတ်နေတဲ့ကျနော်နှလုံးသားနဲ့ငယ်ငယ်ကိုမချစ်ချင်ဘူးဗျာ…,
ကျနော်ကြောင့်သူ့နှလုံးသားမှာအရောင်စွန်းသွားမှာကိုမလိုလားဘူး………။
ကျနော်တို့နှစ်ယောက်ကြားမှာအဖြူရောင်နှလုံးသားဘဲရှိချင်တယ်….,
ဘယ်အချိန်ဘယ်အရွယ်မှာဘဲဆုံဆုံအပြစ်ကင်းတဲ့အဖြူရောင်နှလုံးသားတွေနဲ့ဘဲဆုံချင်ပါတယ်………။
ငယ်ငယ်ငါ့ကိုခွင့်လွတ်ပါ….ငါ့နှလုံးသားနင့်ကိုပေးမှာပါ…..,
ဒါပေမဲ့ငါပေးမဲ့နှလုံးသားဟာကာလာမဲ့နေတဲ့အဖြူရောင်နှလုံးသားလေးပါ…………။

Comments
Post a Comment