ငယ်စဉ်ကမီးပုံးပျံ
ငယ်စဉ်ကကျနော်တို့နေထိုင်ခဲ့သောအိမ်နားမှာရပ်ကွက်ဓမ္မါရုံရှိပါသည်။ဓမ္မါရုံရှေ့ရှိကွက်လပ်သည်တော်တော်ကျယ်ဝန်းပါသည်။ထိုကြောင့်ငယ်စဉ်ကကစားဘို့ကိစ္စထွေထွေထူးထူးနေရာရှာနေစရာမလိုပါ….
ကျောင်းမှပြန်ရောက်သည်နှင့်လွယ်အိတ်ထားပြီးကစားကွင်းထဲသွားရုံသာ…..
ဆော့ချင်တာဆော့….ကြိုက်သလောက်ဆော့…..
ကျနော်တို့သူငယ်ချင်းများသည်မိုးကုန်အပြီးသီတင်းကျွတ်ကိုနှစ်စဉ်နှစ်တိုင်းမျှော်လေ့ရှိပါသည်။
ကျနော်တို့ရပ်ကွက်တွင်အများနှင့်မတူသောအစဉ်အလာတစ်ခုရှိခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့မှတန်ဆောင်းမုန်းလပြည့်နေ့ထိညစဉ်ညတိုင်း၊ပုံမှန်မီးပုံးပျံတစ်လုံးကောင်းကင်သို့ဓမ္မါရုံရှေ့ဝင်းအတွင်းမှလွှတ်တင်လေ့ရှိပါသည်။
မီးပုံးပျံလွတ်တင်ရန်ပြင်ဆင်ခြင်းများကိုဓမ္မါရုံအတွင်းမှာလုပ်လေ့ရှိသည်၊
စနေ၊တနင်္ဂနွေ ရက်များတွင်မီးပုံးပျံနှစ်လုံးလွှတ်တင်လေ့ရှိပါသည်။အခြားရပ်ကွက်မျိုးတွင်လည်းညစဉ်တော့မဟုတ်ခဲ့ပါ။ အဖိတ်နေ့မျိုး၊လပြည့်နေ့မျိုးတွင်သာလွှတ်တင်တတ်ကြပါသည်။
ကျနော်တို့ရပ်ကွက်ကတစ်ညအနဲဆုံးတစ်လုံးပုံမှန်လွှတ်တင်ပေးလေ့ရှိပါသည်။
ထိုခေတ်ကမီးပုံးပျံကိုဆီစိမ်စက္ကူများကိုကော်သုတ်ပြီးဆက်စပ်ကပ်ယူရပါသည်။ယခုခေတ်မီးပုံးပျံလိုသေးသေးလေးမဟုတ်ပါ……
အမြင့် 10 ပေ အချင်း 7 ပေ လောက်ရှိပါသည်။ဆီစိမ်စက္ကူများကိုကျနော်တို့သူငယ်ချင်းများကကော်သုတ်ပြီးကပ်ပေးကြပါသည်။
ကော်သုတ်ကပ်ထားသောစက္ကူအရွက်ကြီးများကိုမီးပုံးဆရာများကအချိုးညီညီဆက်စပ်ပုံဖေါ်ကြပါသည်။
မီးပုံးအတွက်မှိုင်းထိုးမယ့်မီးဖိုများရေနံချေးများကိုမှိုင်းဆရာများကတာဝန်ယူဆောင်ရွက်ပေးပါသည်။
ညနေလေးနာရီကျောင်းဆင်းသည်နှင့်အိမ်ကိုအပြေးပြန်လာခဲ့ကြပါသည်။
ဆီစိမ်စက္ကူများကိုကော်သုတ်ကပ်ရမည့်တာဝန်ကကျနော်တို့တာဝန်…..
ရေနံချေးမီးတုတ်၊ မီးဖိုကိုတော့ဆရာများကလုပ်ပေးမည်။
ကျနော်တို့သူငယ်ချင်းအားလုံးတစ်ညတစ်လုံးပုံမှန်လွှတ်တင်နိုင်ခြင်းအတွက်အားလုံးဂုဏ်ယူကြသည်။
ကျောင်းဆင်းသည်နဲ့စက္ကူချပ်ကြီးများကိုကော်သုတ်ကပ်ကြမည်။
အချိန်ရသရွှေ့ရှိသလောက်စက္ကူများကိုအတတ်နိုင်ဆုံးများသထက်များအောင်ကပ်ထားပေးကြပါသည်။
ဒီနေ့ပိုနေသောစက္ကူသည်မနက်ဖြန်အတွက်ဖြစ်ပါသည်။
စက္ကူကပ်ပြီးလျှင်အိမ်ပြန်၊ရေမိုးချိုးထမင်းစားမည်။ည 8 နာရီတိတိမှာမီးပုံးပျံလွှတ်ရန်စပြင်ဆင်ကြပါသည်။
မီးပုံးပျံမှာမြင့်သောကြောင့်ဝါးလုံးရှည်နှစ်လုံးဖြင့်ခေါင်ကြိုးကိုထိန်းထားရပါသည်။
မှိုင်းမရသေးသောမီးပုံးပျံမှာမီးပုံးနှင့်မတူပါ။ပိန်ခြောက်ခြောက်စာခြောက်ရုပ်နှင့်တူနေပါသည်။
မှိုင်းဆရာများကတစ်ဖြေးဖြေးမှိုင်း ပေးရင်းမီးပုံးပျံလည်းတစ်ဖြေးဖြေးမှိုင်းဝလာပါသည်။
လုံးဝိုင်းပြီးနဲနဲမှိုင်းပြည့်လာသောမီးပုံးပျံကိုခေါင်ကြိုးမှထိမ်းစရာမလိုတော့ပါ...
မီးပုံးပျံအောက်နားမှထိမ်းကြိုးများဖြင့်ဆက်ထိမ်းထားရပါသည်…….
မှိုင်းဆရာများလည်းတစ်ဖြေးဖြေးမှိုင်းဆက်ပေး၍ထိမ်းကြိုးကိုဆွဲရင်းမှိုင်းအခြေအနေကိုကြည့်နေပါသည်။
မှိုင်းပြည့်တင်းလာသောမီးပုံးပျံကြီးသည်အထက်သို့ပျံတက်ရန်တကြွကြွဖြစ်နေပါပြီ……
ပျံတက်ရန်လုံလောက်သောမှိုင်းရှိမရှိမှိုင်းဆရာများကဆုံးဖြတ်ကြပါသည်။
ထိမ်းကြိုးဆွဲထားသောလက်များလည်းမီးပုံးဆွဲအားကြောင့်တင်းလာပါသည်။
ထိုအခါမှိုင်းဆရာကအမှတ်စဉ်ရေတွက်ပြီးကျနော်တို့တစ်ညီတည်းထိမ်းကြိုးကိုလွှတ်တင်ပေးလိုက်သောအခါ၊မီးပုံးပျံကြီးသည်ကောင်းကင် သို့တရွှေ့ရွှေ့နှင့်လွှင့်၍လွှင့်၍တက်သွားပါတော့သည်။ ဒီအချိန်အတောအတွင်းသည်ကျနော်တို့ရင်ထဲတွင်အပျော်ဆုံးအချိန်ဖြစ်ပါသည်။
ကျနော်တို့သူငယ်ချင်းအားလုံးညီညီညွတ်ညွတ်စက္ကူကပ်ကြပါသည်။
ခေါင်ကြိုးထိန်းခြင်း၊ထိမ်းကြိုးဆွဲခြင်းများကိုအလှည့်ကျလုပ်ကြပါသည်။
ကိုယ့်တာဝန်မရှိသောနေ့များတွင်သူငယ်ချင်းများတစ်ယောက်ပုခုံးကိုတစ်ယောက်ဖက်ထားကြပြီး၊မီးပုံးပျံကိုဝိုင်းရံ၍နေကြပါသည်။
အနီးစပ်ဆုံးနမူနာနှင့်ပြောရလျှင်ပင်နယ်တီကန်မည့်အသင်းသားကိုကျန်အသင်းသားများအားလုံးကပုခုံးဖက်၊ဝန်းရံပြီးအားပေးနေ သည့်ပုံသဏ္ဍန်နှင့်တူနေပါသည်။မီးပုံးပျံလွှတ်ရာသို့ကျနော်တို့အရပ်မှလူကြီးများလည်းလာကြည့်လေ့ရှိကြပါသည်။
မီးပုံးပျံကြီးတစ်ဖြေးဖြေးလွှင့်တက်သွားရာမှမျက်စိတစ်ဆုံးမြင်နေရသည်အထိကြည့်နေကြပါသည်။
မီးပုံးပျံလွတ်တင်ခဲ့ရာတွင်ညတိုင်းအောင် အောင်မြင်မြင်လွတ်တင်ခဲ့ခြင်းမျိုးတော့မရှိခဲ့ပါ။
တခါတရံညများတွင်မအောင်မြင်ခဲ့ပါ၊ မီးပုံးပျံလွတ်တင်ရာတွင်မျက်စိရှေ့မှာပင်မီးလောင်သွားရခြင်း၊လေဟာပြီးပျံမတက်နိုင်ဘဲဖြစ်ရခြင်း၊
အကြောင်းအမျိုးမျိုးကြောင့်ကောင်းကင်သို့ပျံမတက်နိုင်ဖြစ်ခဲ့ရသောညများရှိခဲ့ပါသည်။
ထိုညများသည်ကျနော်တို့သူငယ်ချင်းအားလုံးအတွက်စိတ်မကောင်းကြေကွဲခဲ့ရသောညများဖြစ်ပါသည်။
မီးပုံးပျက်စီးသွားရသောညများတွင်လူကြီးများနှင့်မှိုင်းဆရာများကပျက်စီးသွားရခြင်း၊အကြောင်းရင်းများကိုအဖြေရှာလေ့ရှိကြပါသည်။
အဖြေတွေ့ပြီဆိုလျှင်ကျနော်တို့ကိုလည်းအသိပေးပါသည်။
နောက်နောင်ဤအမှားမျိုးပေါ့လျော့မှုမျိုးဂရုစိုက်ကြရန်ဖြစ်သည်။
တစ်ကယ်တော့ကျနော်တို့ရပ်ကွက်မီးပုံးပျံသည်စည်းလုံးညီညွတ်မှု၏ပြယုဂ်တစ်ခုဖြစ်ပါသည်။
အားလုံးတာဝန်ခွဲဝေယူတတ်ခြင်းကိုယ့်တာဝန်ကိုယ်သိခြင်းတို့ကြောင့်ညစဉ်ညတိုင်း၊မီးပုံးပျံလွှတ်တင်နိုင်ကြခြင်းဖြစ်ပါသည်။
အားလုံးမအားလပ်သည့်ကြားထဲကကျောင်းဆင်းပြီးသည်မှ ည 8နာရီအမှီ
ကျနော်တို့အားလုံးတက်ညီလက်ညီလုပ်ဆောင်ကြရပါသည်။
အဖေက ကပ်ရန်စက္ကူထုတ်ကြီးကိုအသင့်ပေးထားပါသည်။ကျနော်တို့အဒေါ်ကကပ်ရန်ကော်များကိုအဆင်သင့်ကြိုထားပေးပါသည်။
မီးပုံးဆရာတွေကလည်းကပ်ပြီးသားစက္ကူများကိုပုံစံကျကျမီးပုံးပုံဖေါ်ကြပါသည်။
မှိုင်းဆရာများကလည်းရောက်လာပြီးမီးဇာများ၊ရေနံချေးများ၊မီးဖိုများပြင်ဆင်ကြပြန်ပါသည်။
အားလုံးည 8 နာရီအမှီလွှတ်တင်ရန်ကြိုးစားကြပါသည်။
ကျနော့်သူငယ်ချင်းများတွင်လည်းလူအမျိုးမျိုးစိတ်အမျိုးမျိုးပါဝင်နေပါသည်။
မီးပုံးပျံအောင်မြင်စွာတက်သွားသောညများ၏နောက်နေ့ကျောင်းတက်ရာတွင်ရင်ကော့ခေါင်းမော့ပြီး၊အခြားရပ်ကွက်မှသူငယ်ချင်းများကို လက်မထောင်ပြနေသောသူငယ်ချင်းများသည်၊တစ်ခါတစ်ရံမအောင်မြင်ခဲ့သောနေ့များတွင်အခြားရပ်ကွက်မှသူငယ်ချင်းများအလှောင်ခံအ ပြောခံရမှာကိုကြောက်နေသလိုလိုရှက်နေသလိုလိုသူတို့မျက်နှာမှာပေါ်လွင်နေပါသည်။
ပတ်ဝန်းကျင်သူငယ်ချင်းများကလည်းမီးပုံးပျံမတက်နိုင်သောနေ့များတွင်ကျနော်တို့ကိုပို၍စကြနောက်ကြပါသည်,
ဒါ…..လူ့သဘာဝပါ…ကိုယ်မလုပ်နိုင်သောကြောင့်လုပ်နိုင်သူ၏ပျက်စီးတာကိုပို၍မြင်ချင်ကြပါသည်။
သူတို့လှောင်ပြောင်မှုကိုကျနော်မရှက်ပါ။
သူတို့ကိုမီးပုံးပျံမတက်ရခြင်းအကြောင်းကိုရှင်းပြလိုက်ပါသည်။
တချိန်သူတို့ရပ်ကွက်မှာမီးပုံးပျံလွှတ်နိုင်ခဲ့ရင်လည်းသတိထားနိုင်အောင်လို့ပါ…….
တစ်ချို့သူငယ်ချင်းများကကျနော်တို့မီးပုံးပျံလုပ်ပုံကိုင်ပုံကိုမေးမြန်းကြပါသည်။
ထိုအခါကိုယ့်ရပ်ကွက်ထဲကသူငယ်ချင်းများက ကျနော့်ကိုလက်ကုတ်ကြပါသည်။
သဘောကကျနော်တို့၏လျှို့ဝှက်ချက်ကိုလာနှိုက်နေတာ မပြောနှင့်…….
ကျနော်တို့သည်လျှို့ဝှက်ပြီးလည်းမလုပ်ခဲ့ပါ၊ အားလုံးလည်းမြင်နေကြပါသည်။
ကျနော်လုပ်ပုံကိုင်ပုံအဆင့်ဆင့်ကိုအေးအေးဆေးဆေးရှင်းပြပါသည်။ကျနော့်စိတ်ထဲမှာဘာမှလျှို့ဝှက်မထားပါ၊လျှို့ဝှက်စရာလည်းမရှိပါ။
တစ်ကယ်တော့စည်းလုံးညီညွတ်မှုနှင့်တာဝန်ခွဲဝေယူတတ်မှုသာဖြစ်ပါသည်။
နောင်သောအခါမိုးကောင်းကင်မှာကျနော်တို့မီးပုံးပျံတစ်လုံးတည်းတက်သွားသောညများကိုကြည့်ပြီး၊ကျနော်ရင်ထဲမှာခံစားချက် တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။
ကောင်းကင်အကျယ်ကြီးထဲမှာကျနော်တို့မီးပုံးပျံတစ်လုံးတည်း……
မီးပုံးပျံကိုယ်စားအဖေါ်မဲ့နေသလိုကျနော်ခံစားမိပါသည်။
နောက်ပြီးအရောင်အသွေးကလည်းတရောင်တည်း။
အကယ်၍များ တောင်ရပ်ကွက်၊မြောက်ရပ်ကွက်၊အရှေ့ရပ်ကွက်၊အနောက်ရပ်ကွက်များမှမီးပုံးပျံရောင်စုံ
များကိုလည်းကောင်းကင်မှာအတူတကွယှဉ်ပြီး တွေ့ခဲ့ရလျှင်ကျနော်တို့ရဲ့မိုးကောင်းကင်ကြီးဟာပိုပြီး လှပလာတော့မှာမလွဲပေ ….
Comments
Post a Comment