#ြာမုတ်ဆိပ်

၁၉၈၈.စစ်တပ်အာဏာသိမ်းပြီးစ၊ည၁၀နာရီမှမနက်၄နာရီမထွက်ရအမိန့်ထုတ်ထားသောအချိန်၊

ဒီအတောအတွင်းဘယ်သူမှခရီးမသွားချင်ကြပါ၊

မသွားမဖြစ်အခြေအနေကြောင့်၊ကျနော်နဲ့ကျနော့်တပည့်၊ပါပလစ်ကာကားနဲ့၊

မော်လမြိုင်မှရန်ကုန်ကိုထွက်လာပါတယ်။

သံလွင်တံတားမရှိသေးပါ၊မုတ္တမကိုဇက်နဲ့ကူးရတယ်၊

ကားကူးဇက်သည်ရေတက်ရေကျကိုကြည့်ပြီးကူးသည်။

အဲဒီနေ့က၃နာရီကျော်မှဇက်ကူးဖြစ်သည်။

ဒီလိုနဲ့ကားမောင်းလာလိုက်တာ၊ရှစ်နာရီကျော်လောက်မှာဘုရားကြီးရောက်လာပါတယ်။

ဆီအခြေအနေကိုကြည့်ပြီးနှစ်ဂါလံထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဘုရားကြီးအထွက်လမ်းဘေးဆိုင်ကဆီထည့်လိုက်တယ်။

ညမှောင်မှောင်မှာဆီသန့်မသန့်စစ်ချိန်မရတော့ပါဘူး။

ကျနော်ကောင်းကောင်းဒုက္ခ ရောက်ပါပြီ၊

မောင်းလာလို့ဘာမှမကြာသေးခင်ကားစက်မမှန်တော့ဘဲစက်ရပ်သွားပါပြီ။

ဘုရားကြီးသားတွေဒုက္ခပေးလိုက်ပြီ၊

စိတ်ထဲမှာတော်တော်ကျိန်ဆဲနေမိတယ်။

ကာဘရိုက်တာဖြုတ်၊ဆီတွေပြန်မှုတ်ထုတ်၊ဆီစစ်ဖြုတ်ဆေး၊

ဓါတ်မီးရောင်လုပ်ရတာအဆင်မပြေပါ၊

စက်ပြန်နိုးကြည့်၊နိူးလို့ရတယ်၊ဂီယာထည့်ရင်စက်ပြန်သေ။

ရှစ်နာရီကျော်လောက်ကခရီးသွားကားတွေရပ်ပြီးဘာဖြစ်လဲမေးပါတယ်။

ကျနော့်အဖြစ်ပြောပြတော့ဟိုဟာလုပ်ပါ၊ဒီဟာလုပ်ပါနဲ့လမ်းညွန်ကြပါတယ်။

ကိုးနာရီကျတော့ဘယ်ကားမှမရပ်တော့ဘူး၊

ည၁၀နာရီအမှီအပြင်းမောင်းနေကြပြီ။

ရန်ကုန်အထွက်ကားလုံးဝမရှိ၊အဝင်ကားဘဲရှိတော့တယ်။

လက်ပြတားတာဘယ်ကားမှမရပ်တော့ပါ။

ဘုရားကြီးနဲ့မဝေးပေမဲ့ကားအသွားအလာမရှိတော့ပါ။

စိတ်ပျက်စွာနဲ့ကားလမ်းဘေးမှာထိုင်ရင်းရန်ကုန်အဝင်ကားများလာမလားလို့မျော်နေမိတယ်။

စိတ်ထဲမှာပဲခူးရောက်ရင်တော်ပါပြီ၊

အကူအညီတောင်းလို့ရရင်ပဲခူးထိကားဆွဲခိုင်းမလို့ပါ။

ပြန်စဉ်းစားကြည့်တာသိပ်မဖြစ်နိုင်၊

အားလုံး၁၀နာရီအရောက်ပြန်နေကြတယ်။

ကားတိုင်းမှာလဲကားဆွဲစရာသံကြိုးမပါနိုင်။

စိတ်ဓါတ်တော်တော်ကျသွားပါတယ်။

ဒီလိုထိုင်နေတုန်းမီးမပါတဲ့ဒေါ့ဂျစ်တစ်စီးဘုရားကြီးဖက်ကလာနေပါတယ်။

အမြန်ထပြီးလက်တားလိုက်ပါတယ်။

အနားရောက်တော့စိတ်ဓါတ်တော်တော်ကျသွားတယ်။

အသားမဲမဲနဲ့မုတ်ဆိပ်ဖြစ်နေလို့။

ကျနော်အတွေ့အကြုံအရသူတို့ဆီကအကူအညီရခဲပါတယ်။

ထင်တဲ့အတိုင်းပါဘဲ၊မရပ်ပေးဘဲဆက်မောင်းသွားပါတယ်။

စိတ်ပျက်စွာနဲ့ပြန်ထိုင်မယ်လုပ်တော့ဒေါ့ဂျစ်ကားနောက်ပြန်ဆုတ်လာပါတယ်။

မုတ်ဆိပ်ဆင်းလာပြီး၊ မေးပါတယ်။

ကျနော်ကတော့ပဲခူးထိဆွဲပေးလို့ရရင်ဆွဲပေးဖို့အကူအညီတောင်းလိုက်ပါတယ်။

မုတ်ဆိပ်ဘာမှမပြောပါဘူး၊သူ့ကားထဲကနိုင်လွန်ကြိုးခွေကိုထုတ်ပြီးကျနော့်ကားမှာချည်ပါတယ်။

နောက်ပြီးသူ့ကားနဲ့ဆွဲပါတယ်။

မုတ်ဆိပ်ဒေါ့ဂျစ်အရှေ့ကဆွဲ၊ကျနော်တို့အနောက်ကလိုက်။

ပဲခူးထိဆွဲပေးတဲ့ကားရရင်တော်ပြီ

ဘယ်လောက်တောင်းတောင်းပေးမယ်လို့ကားစောင့်နေတုန်းကျနော်တို့ပြောနေကြတယ်။

မုတ်ဆိပ်ဆွဲနေတဲ့ကားကိုစီးနေရင်း

ငါတို့ဆီကဘယ်လောက်တောင်တောင်းမလဲမသိဘူး

ဆရာမုတ်ဆိပ်တော့မလွယ်ဘူးထင်တယ်

ငါတို့ဒုက္ခရောက်နေတာတွေ့ပြီး၊ဘယ်လောက်လည်ပင်းညစ်မလဲမသိ။

ကျနော်တို့နှစ်ယောက်ပြောနေကြတာ။ကျနော်တို့စိတ်ထားတွေမကောင်းဘူး။

မရှိတုန်းကဘယ်လောက်ပေးရပေးရ၊

အခုမုတ်ဆိပ်ကားမှာဆွဲစရာကြိုးအဆင်သင့်၊တခါထဲဆွဲခဲ့ပေးတယ်။

ကျနော်တို့မုတ်ဆိပ်ကိုမကောင်းမြင်နေကြပြီ။

ပဲခူးရောက်တော့၁၀နာရီထိုးနေပြီ။

အမျိုးအိမ်ရှေ့မှာကားရပ်၊မုတ်ဆိပ်ကြိုးဖြုတ်နေပြီ။

ဘိုင်ကြီးကျနော်ဘယ်လောက်ပေးရမလဲ

မုတ်ဆိပ်ဘာမှပြန်မပြောပါ၊သူ့အလုပ်သူလုပ်နေတယ်။

ကျနော့်ကောင်ကျနော့်ကိုလက်ကုတ်နေပြီ။

နောက်တခါထပ်မေးလဲ၊မုတ်ဆိပ်ပြန်မပြောပါ။

သေချာပါပြီ၊မုတ်ဆိပ်ကျနော်တို့ကိုကောင်းကောင်းကိုင်တော့မည်။

ညီလေး၊ဘာမှပေးစရာမလိုဘူး၊

ဒါပေမဲ့မင်းကိုစကားတစ်ခွန်းမှာလိုက်မယ်၊

အခုငါမင်းကိုကူညီသလိုမျိုး၊တစ်ယောက်ယောက်ကအကူအညီတောင်းခဲ့ရင်၊

အတတ်နိုင်ဆုံးအကူညီပေးလိုက်ပါ။

ငါဒုက္ခရောက်နေတဲ့အချိန်တုန်းက၊လူတစ်ယောက်ငါ့ကိုကူညီပြီး၊

ဒီစကားတစ်ခွန်းဘဲမှာခဲ့တယ်။

မုတ်ဆိပ်ပြောပြီးထွက်သွားပါတယ်။

ကျနော်တော်တော်အံ့သြပြီးစိတ်မကောင်းဖြစ်ရပါတယ်။

ဆရာမုတ်ဆိပ်ဆီကဒီစကားကြားလိုက်ရတာအရမ်းအံ့သြခဲ့ရပါတယ်။

သူ့စေတနာကိုမကောင်းမြင်ခဲ့မိတာနောင်တရမိပါတယ်။

လမ်းမှာတုန်းကမုတ်ဆိပ်ကျနော့်ကိုမခေါ်လဲအပြစ်မတင်ပါ။

ည၁၀နာရီအမှီလူတိုင်းပြန်နေကြတယ်။

ကျနော့်ကားကိုဆွဲခဲ့ပေးလို့မုတ်ဆိပ်အိမ်ပြန်နောက်ကျပြီ။

ဘုရားကြီးဆေးလိပ်ခုံအတွက်ဆေးရွက်ကြီးပို့ပြီးအပြန်ကျနော်တို့နဲ့တွေ့တာ။

သူသနပ္ပင်ပြန်ရမည်။

သူ့မြို့ရောက်ရင်၁၀နာရီကျော်နေလောက်ပြီ။

လမ်းမှာစစ်သားတွေနဲ့တွေ့ပြီး၊ဥပဒေချိုးဖေါက်တယ်လို့သတ်မှတ်ရင်၊

မုတ်ဆိပ်ထောင်ကျသွားနိုင်တယ်၊

ဒါပေမဲ့မုတ်ဆိပ်ကျနော့်ကိုကူညီခဲ့တယ်။

ကျနော်အရမ်းလေးစားသွားမိတယ်။

ကျနော်တို့စိတ်ထဲမှာမှတ်သားနာယူစရာဆုံးမစကားတွေဟာ၊

ကျနော်တို့ဆရာကြီးတွေ၊ဆရာတော်ကြီးတွေဆီကဘဲ၊

ကြားရမယ်လို့ထင်ထားကြတယ်။

တခါတလေမထင်မှတ်တဲ့အခြေအနေ၊မထင်ထားတဲ့လူတွေဆီကလဲ၊

ကြားရတတ်ပါလားလို့အံ့သြစွာနဲ့မှတ်ယူလိုက်ပါတယ်။

မုတ်ဆိပ်ကိုပေးခဲ့တဲ့ကတိအတိုင်းတတ်နိုင်တဲ့အခြေနေတွေမှာ၊

အကူအညီတောင်းတဲ့သူရှိရင်ကူညီခဲ့ပါတယ်။

ဒါပေမဲ့ကျနော်အကူအညီပေးခဲ့တာတွေဟာ၊

မုတ်ဆိပ်ကျနော့်ကိုကူညီခဲ့တာနဲ့ယှဉ်လိုက်ရင်၊

ယှဉ်လို့မရကောင်းပါဘူး။

မုတ်ဆိပ်ဟာထောင်နှုတ်ခမ်းနင်းပြီးကျနော့်ကိုကူညီခဲ့တာပါ။

ကျနော်ဟာမုတ်ဆိပ်လောက်သတ္တိမရှိခဲ့ပါဘူး။

ဘဝတကွေ့မှာခဏတွေ့ပြီး၊မှတ်သားစရာစကားတွေပြောခဲ့ပေးတဲ့၊

ဆရာမုတ်ဆိပ်ကိုကျနော်အမြဲကျေးဇူးတင်နေမှာပါ။

အင်တာနက်မှဓါတ်ပုံကိုယူသုံးထားပါသည်။

#ကိုဂျစ်

#ဆြာမုတ်ဆိပ်

Comments