#ဆြာမုတ်ဆိပ်
၁၉၈၈.စစ်တပ်အာဏာသိမ်းပြီးစ၊ည၁၀နာရီမှမနက်၄နာရီမထွက်ရအမိန့်ထုတ်ထားသောအချိန်၊
ဒီအတောအတွင်းဘယ်သူမှခရီးမသွားချင်ကြပါ၊
မသွားမဖြစ်အခြေအနေကြောင့်၊ကျနော်နဲ့ကျနော့်တပည့်၊ပါပလစ်ကာကားနဲ့၊
မော်လမြိုင်မှရန်ကုန်ကိုထွက်လာပါတယ်။
သံလွင်တံတားမရှိသေးပါ၊မုတ္တမကိုဇက်နဲ့ကူးရတယ်၊
ကားကူးဇက်သည်ရေတက်ရေကျကိုကြည့်ပြီးကူးသည်။
အဲဒီနေ့က၃နာရီကျော်မှဇက်ကူးဖြစ်သည်။
ဒီလိုနဲ့ကားမောင်းလာလိုက်တာ၊ရှစ်နာရီကျော်လောက်မှာဘုရားကြီးရောက်လာပါတယ်။
ဆီအခြေအနေကိုကြည့်ပြီးနှစ်ဂါလံထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဘုရားကြီးအထွက်လမ်းဘေးဆိုင်ကဆီထည့်လိုက်တယ်။
ညမှောင်မှောင်မှာဆီသန့်မသန့်စစ်ချိန်မရတော့ပါဘူး။
ကျနော်ကောင်းကောင်းဒုက္ခ ရောက်ပါပြီ၊
မောင်းလာလို့ဘာမှမကြာသေးခင်ကားစက်မမှန်တော့ဘဲစက်ရပ်သွားပါပြီ။
ဘုရားကြီးသားတွေဒုက္ခပေးလိုက်ပြီ၊
စိတ်ထဲမှာတော်တော်ကျိန်ဆဲနေမိတယ်။
ကာဘရိုက်တာဖြုတ်၊ဆီတွေပြန်မှုတ်ထုတ်၊ဆီစစ်ဖြုတ်ဆေး၊
ဓါတ်မီးရောင်လုပ်ရတာအဆင်မပြေပါ၊
စက်ပြန်နိုးကြည့်၊နိူးလို့ရတယ်၊ဂီယာထည့်ရင်စက်ပြန်သေ။
ရှစ်နာရီကျော်လောက်ကခရီးသွားကားတွေရပ်ပြီးဘာဖြစ်လဲမေးပါတယ်။
ကျနော့်အဖြစ်ပြောပြတော့ဟိုဟာလုပ်ပါ၊ဒီဟာလုပ်ပါနဲ့လမ်းညွန်ကြပါတယ်။
ကိုးနာရီကျတော့ဘယ်ကားမှမရပ်တော့ဘူး၊
ည၁၀နာရီအမှီအပြင်းမောင်းနေကြပြီ။
ရန်ကုန်အထွက်ကားလုံးဝမရှိ၊အဝင်ကားဘဲရှိတော့တယ်။
လက်ပြတားတာဘယ်ကားမှမရပ်တော့ပါ။
ဘုရားကြီးနဲ့မဝေးပေမဲ့ကားအသွားအလာမရှိတော့ပါ။
စိတ်ပျက်စွာနဲ့ကားလမ်းဘေးမှာထိုင်ရင်းရန်ကုန်အဝင်ကားများလာမလားလို့မျော်နေမိတယ်။
စိတ်ထဲမှာပဲခူးရောက်ရင်တော်ပါပြီ၊
အကူအညီတောင်းလို့ရရင်ပဲခူးထိကားဆွဲခိုင်းမလို့ပါ။
ပြန်စဉ်းစားကြည့်တာသိပ်မဖြစ်နိုင်၊
အားလုံး၁၀နာရီအရောက်ပြန်နေကြတယ်။
ကားတိုင်းမှာလဲကားဆွဲစရာသံကြိုးမပါနိုင်။
စိတ်ဓါတ်တော်တော်ကျသွားပါတယ်။
ဒီလိုထိုင်နေတုန်းမီးမပါတဲ့ဒေါ့ဂျစ်တစ်စီးဘုရားကြီးဖက်ကလာနေပါတယ်။
အမြန်ထပြီးလက်တားလိုက်ပါတယ်။
အနားရောက်တော့စိတ်ဓါတ်တော်တော်ကျသွားတယ်။
အသားမဲမဲနဲ့မုတ်ဆိပ်ဖြစ်နေလို့။
ကျနော်အတွေ့အကြုံအရသူတို့ဆီကအကူအညီရခဲပါတယ်။
ထင်တဲ့အတိုင်းပါဘဲ၊မရပ်ပေးဘဲဆက်မောင်းသွားပါတယ်။
စိတ်ပျက်စွာနဲ့ပြန်ထိုင်မယ်လုပ်တော့ဒေါ့ဂျစ်ကားနောက်ပြန်ဆုတ်လာပါတယ်။
မုတ်ဆိပ်ဆင်းလာပြီး၊ မေးပါတယ်။
ကျနော်ကတော့ပဲခူးထိဆွဲပေးလို့ရရင်ဆွဲပေးဖို့အကူအညီတောင်းလိုက်ပါတယ်။
မုတ်ဆိပ်ဘာမှမပြောပါဘူး၊သူ့ကားထဲကနိုင်လွန်ကြိုးခွေကိုထုတ်ပြီးကျနော့်ကားမှာချည်ပါတယ်။
နောက်ပြီးသူ့ကားနဲ့ဆွဲပါတယ်။
မုတ်ဆိပ်ဒေါ့ဂျစ်အရှေ့ကဆွဲ၊ကျနော်တို့အနောက်ကလိုက်။
ပဲခူးထိဆွဲပေးတဲ့ကားရရင်တော်ပြီ
ဘယ်လောက်တောင်းတောင်းပေးမယ်လို့ကားစောင့်နေတုန်းကျနော်တို့ပြောနေကြတယ်။
မုတ်ဆိပ်ဆွဲနေတဲ့ကားကိုစီးနေရင်း
ငါတို့ဆီကဘယ်လောက်တောင်တောင်းမလဲမသိဘူး
ဆရာမုတ်ဆိပ်တော့မလွယ်ဘူးထင်တယ်
ငါတို့ဒုက္ခရောက်နေတာတွေ့ပြီး၊ဘယ်လောက်လည်ပင်းညစ်မလဲမသိ။
ကျနော်တို့နှစ်ယောက်ပြောနေကြတာ။ကျနော်တို့စိတ်ထားတွေမကောင်းဘူး။
မရှိတုန်းကဘယ်လောက်ပေးရပေးရ၊
အခုမုတ်ဆိပ်ကားမှာဆွဲစရာကြိုးအဆင်သင့်၊တခါထဲဆွဲခဲ့ပေးတယ်။
ကျနော်တို့မုတ်ဆိပ်ကိုမကောင်းမြင်နေကြပြီ။
ပဲခူးရောက်တော့၁၀နာရီထိုးနေပြီ။
အမျိုးအိမ်ရှေ့မှာကားရပ်၊မုတ်ဆိပ်ကြိုးဖြုတ်နေပြီ။
“ဘိုင်ကြီးကျနော်ဘယ်လောက်ပေးရမလဲ”
မုတ်ဆိပ်ဘာမှပြန်မပြောပါ၊သူ့အလုပ်သူလုပ်နေတယ်။
ကျနော့်ကောင်ကျနော့်ကိုလက်ကုတ်နေပြီ။
နောက်တခါထပ်မေးလဲ၊မုတ်ဆိပ်ပြန်မပြောပါ။
သေချာပါပြီ၊မုတ်ဆိပ်ကျနော်တို့ကိုကောင်းကောင်းကိုင်တော့မည်။
“ညီလေး၊ဘာမှပေးစရာမလိုဘူး၊”
“ဒါပေမဲ့မင်းကိုစကားတစ်ခွန်းမှာလိုက်မယ်၊”
“အခုငါမင်းကိုကူညီသလိုမျိုး၊တစ်ယောက်ယောက်ကအကူအညီတောင်းခဲ့ရင်၊”
“အတတ်နိုင်ဆုံးအကူညီပေးလိုက်ပါ။”
“ငါဒုက္ခရောက်နေတဲ့အချိန်တုန်းက၊လူတစ်ယောက်ငါ့ကိုကူညီပြီး၊”
“ဒီစကားတစ်ခွန်းဘဲမှာခဲ့တယ်။”
မုတ်ဆိပ်ပြောပြီးထွက်သွားပါတယ်။
ကျနော်တော်တော်အံ့သြပြီးစိတ်မကောင်းဖြစ်ရပါတယ်။
ဆရာမုတ်ဆိပ်ဆီကဒီစကားကြားလိုက်ရတာအရမ်းအံ့သြခဲ့ရပါတယ်။
သူ့စေတနာကိုမကောင်းမြင်ခဲ့မိတာနောင်တရမိပါတယ်။
လမ်းမှာတုန်းကမုတ်ဆိပ်ကျနော့်ကိုမခေါ်လဲအပြစ်မတင်ပါ။
ည၁၀နာရီအမှီလူတိုင်းပြန်နေကြတယ်။
ကျနော့်ကားကိုဆွဲခဲ့ပေးလို့မုတ်ဆိပ်အိမ်ပြန်နောက်ကျပြီ။
ဘုရားကြီးဆေးလိပ်ခုံအတွက်ဆေးရွက်ကြီးပို့ပြီးအပြန်ကျနော်တို့နဲ့တွေ့တာ။
သူသနပ္ပင်ပြန်ရမည်။
သူ့မြို့ရောက်ရင်၁၀နာရီကျော်နေလောက်ပြီ။
လမ်းမှာစစ်သားတွေနဲ့တွေ့ပြီး၊ဥပဒေချိုးဖေါက်တယ်လို့သတ်မှတ်ရင်၊
မုတ်ဆိပ်ထောင်ကျသွားနိုင်တယ်၊
ဒါပေမဲ့မုတ်ဆိပ်ကျနော့်ကိုကူညီခဲ့တယ်။
ကျနော်အရမ်းလေးစားသွားမိတယ်။
ကျနော်တို့စိတ်ထဲမှာမှတ်သားနာယူစရာဆုံးမစကားတွေဟာ၊
ကျနော်တို့ဆရာကြီးတွေ၊ဆရာတော်ကြီးတွေဆီကဘဲ၊
ကြားရမယ်လို့ထင်ထားကြတယ်။
တခါတလေမထင်မှတ်တဲ့အခြေအနေ၊မထင်ထားတဲ့လူတွေဆီကလဲ၊
ကြားရတတ်ပါလားလို့အံ့သြစွာနဲ့မှတ်ယူလိုက်ပါတယ်။
မုတ်ဆိပ်ကိုပေးခဲ့တဲ့ကတိအတိုင်းတတ်နိုင်တဲ့အခြေနေတွေမှာ၊
အကူအညီတောင်းတဲ့သူရှိရင်ကူညီခဲ့ပါတယ်။
ဒါပေမဲ့ကျနော်အကူအညီပေးခဲ့တာတွေဟာ၊
မုတ်ဆိပ်ကျနော့်ကိုကူညီခဲ့တာနဲ့ယှဉ်လိုက်ရင်၊
ယှဉ်လို့မရကောင်းပါဘူး။
မုတ်ဆိပ်ဟာထောင်နှုတ်ခမ်းနင်းပြီးကျနော့်ကိုကူညီခဲ့တာပါ။
ကျနော်ဟာမုတ်ဆိပ်လောက်သတ္တိမရှိခဲ့ပါဘူး။
ဘဝတကွေ့မှာခဏတွေ့ပြီး၊မှတ်သားစရာစကားတွေပြောခဲ့ပေးတဲ့၊
ဆရာမုတ်ဆိပ်ကိုကျနော်အမြဲကျေးဇူးတင်နေမှာပါ။
အင်တာနက်မှဓါတ်ပုံကိုယူသုံးထားပါသည်။
#ကိုဂျစ်
#ဆြာမုတ်ဆိပ်

Comments
Post a Comment