အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၁ )

 

ကျနော်ကုန်တိုက်နောက်ဖက်ရောက်ချိန်၊ကျနော့်အရှေ့မှာ လူနှစ်ဆယ်လောက်တန်းစီနေပြီ..

ဒီမှာရာသီဥတုအရမ်းအေးတယ်..အနှုတ်၄ လို့ပြောသံကြားတယ်...

ကျနော်အဆောင်နဲ့ကုန်တိုက်ရောက်ဖို့တနာရီကျော်လမ်းလျှောက်ခဲ့ရတယ်...

ည ၁၀နာရီလောက်မှာတွန်းလှည်းတွေနဲ့စားစရာတွေတွန်းထုတ်လာပြီး၊

ကုန်တိုက်ဝန်ထမ်းတွေအဆင်သင့်ရှိနေသောစင်ပေါ်တင်နေတယ်...

သူတို့ထုတ်လာသည့်စားစရာများ၊အသီးအရွက်များထုတ်ပြီးချိန်မှာတစ်ဦးပြီးတစ်ဦး

ရွေးယူကြပြီ..၊စီနီယာအတိုင်းတန်းစီပြီးယူကြမယ်...

အသက်ကြီးသူကိုဦးစားပေး...တစ်..နောက်စီနီယာအတိုင်းယူကြ...

ဒီနေ့ထုတ်လာတဲ့စားစရာသိပ်မများ...အရှေ့လူတွေယူလိုက်ကြတာ..

ကျနော့်အလှဲ့ရောက်ချိန်..အဆင်သင့်စားရသောစားစရာမကျန်တော့ပါ..

ချက်စားရသောအသီးအရွက်များသာကျန်တော့တယ်...

ကျနော့်မှာချက်ပြုတ်စားဖို့ခွက်ယောက်မရှိသလို၊နေရာလဲမရှိ၊

၆ ပေပတ်လည်မှာနေနေတယ်...

ဒီည..ရေသောက်ပြီးဗိုက်မှောက်အိပ်ရတော့မယ်....

ကိုယ့်ထက်ကြီးသူတွေစားစရာ..ရသွားတာဝမ်းသာပါတယ်...

ကျနော်..အသက်၂၀ကျော်အရွယ်..လူငယ်တစ်ယောက်တရက်တလေမစားရလဲဘာမှမဖြစ်...

ကုန်တိုက်နောက်မှာချတဲ့စားစရာတွေကဒိတ်လွန်နေတဲ့စားစရာတွေ...

ည ၁၂နာရီမှာအမှိုက်သိမ်းစည်ပင်ကား..အားလုံးကိုလာသိမ်းမည်...

အမှိုက်သိမ်းစည်ပင်ကားမလာခင်..

ယူချင်တဲ့လူတွေ..သက်တမ်းလွန်စားစရာကိုစားရဲတဲ့လူတွေ..လာယူလို့ရတယ်..

ကျနော့်ဘဝ..စားရမဲ့သောက်ရမဲ့ဘဝ...

ဒိတ်အောက်နေတာကိုရှောင်နေရင်ငတ်သွားမယ်..

မစားချင်ပေမဲ့စားရဲအောင်သတ္တိမွေးပြီးစားနေရတယ်.. ကျနော်စားတတ်လာပြီ...

ဘယ်သူမှလဲကိုယ့်ကိုကျွေးမဲ့သူမရှိ..

ဒီတိုင်းပြည်..ကျနော်မွေးခဲ့တဲ့မြေမဟုတ်...

စားစရာတွေထဲကဘာတွေများကျန်မလဲလို့လှန်လျောကြည့်တယ်..

ကျနော့်အတွက်အဆင်သင့်စားတဲ့စားစရာမျိုးဘဲအဆင်ပြေမယ်...

သတိရတယ်..မနေ့ကယူသွားတဲ့ပေါင်မုန့်တစ်ပိုင်းကျနေသေးတယ်...

ဒီနေ့အဖို့..ဘာမှမရလိုက်တဲ့အတွက်..မနက်စားစရာမရှိတော့..

စိတ်ပျက်စွာနဲ့နွမ်းဖတ်နေတဲ့အရွက်ပုံကြီးတွေကိုငေးစိုက်ကြည့်နေမိတယ်...

ကျနော့်အဖြစ်ကိုစကားပြောစက်ခါးချိတ်ထားတဲ့ကုန်တိုက်ဝန်ထမ်းတစ်ယောက်ကြည့်နေတာ..

ကျနော်မသိ..ကျနော်လက်ဗလာနဲ့ပြန်နေတာ ၃ ရက်ရှိနေပြီ..

ဘေးနားကအာဖရိကန်တွေရှိတာလေးကျွေးနေလို့တော်သေးတယ်...

ကျနော့်မှာစားစရာရှိနေရင်လဲမျှဝေကျွေးထားလို့..သူတို့တလှဲ့ပြန်ကျွေးနေတာ

ကျနော်သတိထားမိတာ..စားစရာလာယူကြတဲ့လူတွေများလာတယ်..

ကျနော်စရောက်တုန်းက ၁၅ယောက် ၊၂၀ ယောက်လောက်ဘဲရှိတယ်...

မနေ့ညကဆို အယောက် ၅၀လောက်ရှိနေတယ်..

ပြီးခဲ့တဲ့ညကလာတဲ့လူတွေထဲမှာစရိုက်ပျက်လို့ဘဲပြောရမလား..

ငတ်ပြတ်နေတာကြာနေတဲ့လူတွေလား..

စားစရာလာချချိန်..တန်းစီနေတဲ့လူတွေကိုကျော်ပြီးဝင်လုကြတယ်...

လုံခြုံရေးတွေပါရောက်လာပြီး..ရှင်းလင်းခဲ့ရတယ်..

“ဒီနေ့..ဒီအချိန်..အားလုံးဒုက္ခရောက်နေတယ်..”

“ကျမတို့ဆီမှာအလုပ်လက်မဲ့တွေများနေတယ်..”

“လူတိုင်းစားဖို့အခက်တွေ့နေကြတယ်..”

“ရှင်တို့လူကြီးတွေကိုငှဲ့ကြပါ...”

“အသက်ကြီးတဲ့လူကြီးတွေကိုဦးစားပေးကြပါ”

“ရှင်တို့ဆီမှာလူကြီးတွေရှိနေမယ်ဆိုတာကျမတို့လဲသိပါတယ်..”

“အားလုံးမျှမျှတတယူကြပါ..”

“တစ်ယောက်ထဲတကိုယ်ကောင်းစံပြီးမယူကြပါနဲ့”

“ကျမတို့လူကြီးတွေဒါမျိုးကိုခွင့်မပြုဘူး..”

“ဥပဒေကိုလေးစားလိုက်နာကြပါ..”

“ဥပဒေ..အပလုပ်ရပ်တွေလုပ်ရင်ရှင်တို့ရနေတဲ့အခွင့်အရေးတွေဆုံးရှုံးလိမ့်မယ်”

အဖြူနဲ့အမဲရောနေတဲ့အသားညိုညို၊အရပ်မြင့်မြင်၊တောင့်တောင့်..ကက်ဦးထုပ်ဆောင်း၊

ယူနီဖောင်းဝတ်ထားပြီးစကားပြောစက်ခါးချိတ်ထားတဲ့အမျိုးသမီးအလုပ်ကြပ်တစ်ယောက်၊

လက်ကိုင်လောနဲ့အော်ပြောနေတယ်..

ဒီနေ့ညလဲလူတွေများတယ်..ကျနော့်အလှဲ့ကနောက်ဆုံး...

ကျနော့်အလှဲ့..ဘာမှမကျန်တော့..ဟင်းရွက်ပုံကအကြီးကြီး..

ကျနော့်မှာခွက်ယောက်မရှိတော့ဘာမှချက်မရ...

ဒီလိုမျိုးနေ့တိုင်းကြုံနေရရင်..တခုခုစဉ်းစားရတော့မယ်

ရသွားတဲ့လူတွေယူပြီး..ပြန်ကုန်ပြီ...

ကုန်တိုက်အနောက်မှာကျနော့်တစ်ယောက်ထဲ...

“ကောင်လေး...နင်အဆင်ပြေလား..”

ကျနော့်အံ့ဩမိတယ်...ကျနော့်လိုလူကိုမေးဖေါ်ရသေးတယ်...

မေးတဲ့သူက..ဟိုနေ့ကလက်ကိုင်လောနဲ့အော်တဲ့အလုပ်ကြပ်အမျိုးသမီး...

“အဆင်တော့မပြေပါဘူး..ကျနော့်အတွက်ဘာမှမကျန်တော့ဘူး”

“ဒီအရွက်တွေကိုစွပ်ပြုတ်လုပ်လို့ရတယ်လေ..”

..”ကျနော့်မှာချက်စရာခွက်တွေမရှိဘူး...”

“ကြိုစဉ်းစားထားလေ...ဒီလိုမျိုးထပ်ကြုံအုန်းမယ်..”

“ငါတို့ဆီမှာအလုပ်လက်မဲ့များလာနေတယ်..”

ရှိတာကိုဘယ်လိုအဆင်ပြေအောင်လုပ်ရမယ်..စဉ်းစားထား..”

“ကောင်လေး..နင့်ကိုငါကြည့်နေတာ..၃..၄..ရက်ရှိနေပြီ..လက်ဗလာနဲ့ပြန်တာ..”

“ရော့..ဒီမှာ..နင့်အတွက်..”

သူကျနော့်ကိုစက္ကူထုပ်ကမ်းပေးတယ်..ကျနော်ငတ်မရှက်..လှန်းယူလိုက်တယ်..

ပူပူနွေးနွေး...မက်ဒေါနယ်ဟမ်ဘာဂါတစ်လုံးနဲ့ဟော့ဒေါ့တစ်ခု..

“ကျေးဇူးတင်ပါတယ်..”လက်ကအကျင့်ပါနေတယ်..လက်အုပ်ချီလျက်သား..

“ငါတို့ဆီကမဟုတ်ဘူးထင်တယ်...စကားဝဲလွန်းတယ်..”

“မင်းအတွက်စိတ်မကောင်းလို့ငါယူခဲ့တာ...”

“ငါ့ကိုလဲအထင်မကြီးနဲ့..ငါလဲအလုပ်သမားဘဲ...”

“နေ့တိုင်းငါ့ဆီကရမယ်လို့မမျှော်လင့်နဲ့...”

“မင်းကိုဝယ်ကျွေးလိုက်ရင်..ငါ့အိမ်ကလူတွေငတ်ကုန်လိမ့်မယ်..”

သူ့ဆီကဒီစကားကြားလိုက်တာကိုယ့်ကိုကိုယ်ရှက်သွားမိတယ်...

“မင်းအလုပ်မရှိဘူးလား...”

...”လောလောဆယ်အလုပ်ဖြုတ်ခံထားရတယ်..၊ရှာနေတာဘဲ..မရသေးဘူး”

အဆောင်အပြန်လမ်း၊လမ်းလျှောက်ရင်းစဉ်းစားနေမိတယ်...

ကိုယ်ယုံကြည်လို့လျှောက်ခဲ့တဲ့လမ်း...ဒါပေမဲ့လမ်းတဝက်မှာလမ်းပျောက်ခဲ့တယ်

ကျနော်ရပ်နေလို့မဖြစ်ပါ...ဆက်လျှောက်ရမယ်..

ကိုယ်လျှောက်တဲ့လမ်း..မှားမှားမှန်မှန်...ကိုယ်ဖြစ်ကိုယ်ခံ...

ငါသည်ကံဆိုးသူတစ်ယောက်လား...

ကျနော့်ယုံကြည်ချက်...အမြဲတမ်းလဲမဆိုးနိုင်ပါ...

နေသာသောနေ့တွေလဲရောက်လာဦးမှာပါ...

ဒုက္ခတွေကိုသယ်ပိုးပြီးရောက်လာတဲ့ကျနော်...

ဒါပေမဲ့..ကျနော်ရောက်နေတဲ့ဂျာမဏီနိုင်ငံလဲ..စီပွါးပျက်နေတယ်..

ဘာလင်တံတိုင်းဖြိုချပြီးနောက်စီးပွါးရေးပိုကျနေတယ်..

သူတို့ဆီမှာအလုပ်လက်မဲ့တွေလဲများလာနေတယ်....

အလုပ်တွေတမျိုးပြီးတမျိုးပြောင်းနေရတယ်....

မလုပ်နိုင်လို့ထွက်တာလဲရှိတယ်...အလုပ်ဖြုတ်ခံရတာလဲရှိတယ်...

ဒီမြို့လေးရောက်လာပြီး...အဆင်ပြေမယ်လို့ထင်နေတုန်းအလုပ်ဖြုတ်ခံထိတယ်..

ငတ်တလှဲ့၊ပြတ်တလှဲ့နေလာရင်း...ကုန်တိုက်အနောက်မှာစတုဒီသာရှိတယ်လို့

အတူနေအာဖရိကန်တစ်ယောက်ပြောလို့ကျနော်ရောက်လာတယ်...

ကျနော်အပေါ်ကောင်းခဲ့တဲ့အလုပ်ကြပ်အမကြီးကိုအတတ်နိုင်ဆုံးမတွေ့မိအောင်ရှောင်နေမိတယ်...

တကယ်တော့ကျနော်တို့ဗုဒ္ဓဘာသာတွေကအရှက်နဲ့လူလုပ်နေတယ်...

အမကြီးနဲ့ဆုံရမှာကျနော်ရှက်နေမိတယ်....

သူ့တာဝန်၊ဝတ္တရားအရ..အနောက်ဖက်ကျနော်တို့စုနေတဲ့နေရာကိုအနဲဆုံး

၂ ကြိမ်လောက်ရောက်လာတတ်တယ်..

ကျနော်အတတ်နိုင်ဆုံးမျက်နှာလွဲနေမိတယ်...ရှက်လို့ပါ....

သူကျနော့်ကိုသတိထားမိချင်မှလဲသတိထားမိမှာပါ....

တညနောက်ကျနေပြီ..ထုံးစံအတိုင်းကျနော့်လက်ထဲပေါင်မုန့်တစ်လုံးကိုင်ရင်းငိုင်နေမိတယ်

“ကောင်လေး...ဒီ....လာဦး....”

ကျနော်အမြဲရှောင်နေတဲ့အလုပ်ကြပ်အမကြီး၊သူနေတဲ့လုံခြုံရေးဂိတ်တဲကလှန်းခေါ်နေတယ်

စက္ကူနဲ့ထုတ်ထားတဲ့အထုတ်လှန်းပေးတယ်...

လက်နဲ့စမ်းကြည့်မိတဲ့အတွေ့အထိက စည်သွပ်ဗူးလို့ထင်တာဘဲ

“နင့်အတွက်ငါဖယ်ထားပေးတာတွေ...”

“အလုပ်မရသေးဘူးလား..”

...”မတွေ့သေးဘူး..ရှာတော့ရှာနေတာဘဲ...”

အမကြီးကျနော့်အတွက်စိတ်ပူပေးဖေါ်ရသေးတယ်...

ဒီနိုင်ငံ..ဒီနေရာမှာ..တကောင်ကြွက်လို့ကိုယ့်ကိုကိုယ်သတ်မှတ်ထားတာ...

အမျိုးတစ်ယောက်တော့တွေ့ပြီ...

ကျနော်တို့ဆီက..ခင်ရာဆွေမျိုးဆိုတဲ့စကား..အလကားနေရင်းဖြစ်လာတာမဟုတ်ဘူး...

ဒီလိုနဲ့နောက်ည...နောက်ည..တွေမှာကျနော့်အတွက်အထုတ်တစ်ထုတ်ဖယ်ထားလေ့ရှိတယ်..

အမကြီးမရှိတဲ့နေ့တွေမှာလဲ..သူ့လက်အောက်ဝန်ထမ်းတစ်ယောက်ခေါ်ပေးလေ့ရှိတယ်...

“အမ..ကျနော့်အတွက်တာဝန်ကြီးတယ်...မလုပ်ပါနဲ့...”

“အမ..အထက်လူတွေတွေ့သွားရင်အမအလုပ်ထိခိုက်နေမယ်..”

...”ငါနင့်ကိုပေးတာတွေ..ကုန်တိုက်ထဲကပစ္စည်းအကောင်းတွေကိုခိုးပေးတာမဟုတ်ဘူး”

...”ပြစ်ရမဲ့ပစ္စည်းထဲကယူပေးတာ”..”ငါ့အတွက်..ဘာမှမဖြစ်ဘူး..”

..”နင်သာ..အလုပ်တခုရအောင်ရှာပါ”

အမကြီးကျနော့်ကိုစိတ်ပူနေတယ်...

“နင့်ကိုအကြံတခုပေးမယ်..”

“ဒီနားက..ကယ်တင်ခြင်းတပ်ကိုသွားကြည့်ပါလား..”

“နင့်အတွက်အဆင်ပြေမယ်ထင်တယ်...”

အမကြီးပြောတဲ့ကယ်တင်ခြင်းတပ်ကိုကျနော်ရောက်ခဲ့တယ်..

ကျနော်တို့နဲ့ဘာသာတော့မတူဘူး...

သူတို့ဟောပြောနေလေ့ရှိတယ်...သွားနားထောင်ရင်...

နေ့လည်စာအချိန်ဆိုနေ့လည်စာကျွေးလေ့ရှိတယ်...

ကော်ဖီချိန်ဆိုကော်ဖီတိုက်လေ့ရှိတယ်...

ဒါတွေက...စားဝတ်နေရေးပြေလည်မည့်နည်းလမ်းတော့မဟုတ်...

//////////////////////////////////////////////////////

နေ့ရက်တစ်ရက်..အလုပ်ရှာဖို့မြို့ထဲသွားရင်းပုဂ္ဂလိကဆေးရုံရှေ့ကိုရောက်သွားပါတယ်...

ဆေးရုံကြီးကိုမော့ကြည့်မိတယ်...

စိတ်ထဲရင်းနှီးနေသလိုဘဲခံစားမိတယ်...

ဆေးရုံဆိုတာကျနော့်နဲ့မစိမ်းတဲ့နေရာလို့စိတ်ထဲကအလိုလိုသိနေတယ်...

ဝင်ပြီးမေးကြည့်လိုက်မယ်...

“ဒီဆေးရုံမှာ...အလုပ်တခုခုများရနိုင်မလား...”

ကျနော်မေးမြန်းရင်းအလုပ်တစ်ခုတော့ရှိတယ်...

လုပ်ခငွေနဲလို့ဘယ်သူမှမလုပ်ချင်တဲ့နေရာ..သန့်ရှင်းရေးအလုပ်

လုပ်ခနဲပါစေ..ကျနော်လုပ်နိုင်တယ်..စားလောက်ရုံဆိုရပြီ...

လုပ်ရင်..ကျနော့်ကျန်းမာရေးစောင့်ရှောက်မှုကိုဆေးရုံကတာဝန်ယူမည်..နေဖို့အဆောင်ပေးမည်...

ဒါပေမဲ့..လူတွေမလုပ်ချင်တဲ့အကြောင်းကလူသေအလောင်းတွေကိုကိုင်ရတာကိုလူတွေမလုပ်ချင်ကြပါ

ဒါတွေလုပ်နိုင်ရင်လုပ်ခပိုရမည်...

ဘော်ဒီကိုကိုင်တွယ်တာတွေက..ဘလိုင်းကြီးကိုင်ရတာမဟုတ်...

ပိုးသတ်ဝတ်စုံဝတ်၊မျက်နှာဖုံး၊နှာခေါင်းအုပ်တွေအုပ်ပြီးမှကိုင်ရတာ...

ကျနော့်ဘဝ..ဝက်ဖြစ်မှမစင်ကိုကြောက်လို့မဖြစ်....

အလုပ်ရသောနေ့..ကျနော်ဝမ်းသာလိုက်တာ...

ကျနော့်အမျိုး..အမကြီးကိုလဲအသိပေးချင်တယ်...

ဒါပေမဲ့..ကျနော့်အလုပ်ကိုသူကြိုက်လား..မကြိုက်လား..မသိ..

အမကြီးကိုအသိပေးဖို့ ၃ ရက်လောက်ကြာသွားတယ်..

အသိပေးဖို့ဆုံးဖြတ်လိုက်တယ်...သူမကြိုက်ခဲ့ရင်လဲကျနော်လုပ်ကိုလုပ်ရတော့မယ်..

ကျနော့်မှာရွှေးချယ်စရာမရှိ၊လမ်းဆုံးနေပြီ...

သူမကြိုက်ဘူးဆိုရင်..ကျနော်ကုန်တိုက်အနောက်ကိုလာစရာမရှိတော့ပါ..

အမကြီးနဲ့ကျနော်...အမျိုးမတော်တော့ဘူးလို့ဆုံးဖြတ်လိုက်တော့မယ်..

ကျနော်အသိပေးလိုက်တော့..အမကြီးဝမ်းသာရှာတယ်...

ကျနော့်အလုပ်တိတိကျကျပြောပြတော့..အမကြီးဘာမှမပြော...

ကျနော်...အချိန်ရရင်..အမကြီးနဲ့စကားလာပြောတယ်...

အသားအရောင်မတူ၊ဘာသာမတူ၊လူမျိုးမတူတဲ့ကျနော်တို့နှစ်ယောက်အမျိုးအဆွေလိုခင်နေကြတယ်..

ဒီနိုင်ငံသားဖြစ်တဲ့အမကြီးကို...အမတစ်ယောက်လိုမျိုးတိုင်ပင်ဖေါ်ဖြစ်လာခဲ့တယ်...

အလုပ်လုပ်နေတဲ့အချိန်အတွင်းရက်တိုင်းတော့မလာဖြစ်ခဲ့ပါ...

ကျနော်မရောက်တာနဲနဲကြာနေပြီ..စိတ်ထဲမှာအမကြီးကိုတွေ့ချင်နေတယ်..

ကျနော်တို့ဗုဒ္ဓဘာသာအယူတွေက..သတိရ၊တွေ့ချင်စိတ်တွေများနေပြီဆိုတာတွေကနိမိတ်ပြတာတွေ၊

ဖြစ်တတ်တယ်...အမကြီးနေမှကောင်းရဲ့လား...စိတ်ပူမိတယ်....

ကျနော်ရောက်သွားတော့...စိတ်ထဲထင့်နေတဲ့အတိုင်း...အမကြီးအလုပ်မဆင်းတာ ၅ ရက်လောက်

ရှိနေပြီ..သူ့ဝန်ထမ်းတစ်ယောက်ပြောပြတယ်...ကျနော့်အတွက်ဖယ်ထားတဲ့အထုပ်တစ်ထုပ်ပေးတယ်။

ဝန်ထမ်းကိုအကူအညီတောင်းပြီးအမကြီးနေတဲ့ဝန်ထမ်းအိမ်ယာကိုရောက်ခဲ့တယ်..

အမကြီးတို့ဝန်ထမ်းအိမ်ယာကကုန်တိုက်နဲ့မဝေးဘူး...

ဧည့်ခန်းမှာ..လူလတ်ပိုင်းအဖြူတစ်ယောက်ထိုင်နေတယ်။သူ့ဆံပင်ရှည်ကိုသားရေပင်နဲ့စည်းထားတယ်။အမကြီးအဖေနဲ့အမေကဧည့်ခန်းတနေရာမှာထိုင်နေတယ်။

အမကြီးအဖေကဂျာမန်၊အမေကအာဖရိကန်...ဒါကြောင့်အမကြီးအာဖရိကန်ရုပ်ထွက်နေတာ...

ကျနော့်ကိုအားလုံးနဲ့ကုန်တိုက်ဝန်ထမ်းကမိတ်ဆက်ပေးတယ်....

“ဟေ့...လူစီ...ဒီမှာနင့်ဧည့်သည်...မျောက်ဝါတစ်ကောင်ရောက်နေတယ်...”

ကျနော်နားလည်တယ်...အာရှသားတွေကိုခေါ်တဲ့သူတို့ဘန်းစကား...

ကုန်တိုက်ဝန်ထမ်းကျနော့်ကိုအားနာတဲ့အပြုံး...ပြုံးပြတယ်..ကျနော်ခေါင်းခါပြလိုက်တယ်..

အခန်းထဲကအမကြီးထွက်လာတယ်..သူအံ့ဩသွားတယ်...

“သူက..အမအမျိုးသား..ဦးဂျိုးဇက်..ဟိုမှာထိုင်နေတာ..အဖေနဲ့အမေ”

“အဖေနဲ့အမေ  အလုပ်ပင်စင်ယူသွားပြီ..”

“နေကောင်းနေပြီ...မနက်ဖြန်အလုပ်ဆင်းတော့မယ်..”

ကျနော်..နေမကောင်းတာကြားလို့လူနာလာကြည့်တဲ့အကြောင်းပြောပြီးပြန်ခဲ့တယ်...

အမကြီးအမျိုးသားဦးဂျိုးဇက်...ဗြစ်တောက်ဗြစ်တောက်နဲ့ရစ်နေတယ်..

ကျနော်တို့ပြန်ထွက်လာတဲ့အချိန်နားထဲအသံတွေကြားနေတယ်..

“လူစီ..နင့်လင်ငယ်အားကိုးနဲ့ငါ့ကိုပြန်အာခံနေတာပေါ့လေ”

ဘေးနားကဝန်ထမ်းကအမလူစီယောက်ျားရတာကံမကောင်းဘူး..

သူ့ယောက်ျားကအရက်သမားလို့ပြောပြတယ်....

////////////////////////////////////

ဒီနေ့မနက်ဘော်ဒီနှစ်ခုလာသယ်ကြဖို့အလုပ်ကြပ်ခေါ်နေတယ်...

ကျနော်တို့ဘော်ဒီကိုထုပ်ပိုးနေရင်း၊လူနာမှတ်တမ်းကိုကျနော်ယူကြည့်မိတယ်...

ဆုံးသွားတဲ့အမျိုးသားအသည်းကင်ဆာနဲ့ဆုံးသွားတယ်...

..”အကို...ဖတ်နေတာ..နားလည်ရဲ့လား...”

“အကိုနားလည်ပါတယ်..သူအသည်းကင်ဆာနဲ့ဆုံးသွားတာ..”

..”ဟုတ်လား..အကို..တကယ်သိနေတယ်..ဟုတ်လား..”

“အကို့နိုင်ငံမှာတုန်းက..အကိုဆရာဝန်လုပ်ခဲ့တယ်..”

...”ဟင်...ဒါဆို..ဘာလို့ဒီမှာအောက်ခြေအလုပ်လုပ်နေတာလဲ...”

“အကို..အထောက်အထားတွေပြရမယ်..စာမေးပွဲတွေထပ်ဖြေရအုန်းမယ်...”

“လောလောဆယ်...စားဖို့အဆင်ပြေအောင်လုပ်နေတာ...”

...”အကို...စာမေးပွဲတွေပြန်ဖြေလိုက်ပါ...”

...”ကျနော်တို့ဘဝတွေကစစ်ဖြစ်နေလို့..စာမသင်ခဲ့ရဘူး...”

“အကို..ဆရာဝန်ဖြစ်ပြီး..ဒီကိုဘာလာလုပ်တာလဲ...”

“နောက်ပြီး...အောက်ခြေအလုပ်တွေလုပ်နေတယ်..”

“ပြောရရင်..ရှည်နေမယ်..နောက်ပြီးညီလေးတို့သိမှာမဟုတ်ဘူး”

အာဖရိကန်ညီလေး..နဲ့ကျနော်စကားပြောနေကြတယ်...

ကျနော့်ဘဝတိုးတက်အောင်လုပ်ဖို့စဉ်းစားထားပြီးသား...

ဒါပေမဲ့..ဘဝမှာ..အထောက်အကူမဲ့..သောင်ပြင်လွတ်တဲ့ခွေးလိုဖြစ်နေတဲ့ဘဝ...

တဖြေးဖြေးနဲ့ကျိုးစားမယ်...ဘဝကိုတိုးတက်အောင်လုပ်မယ်...

“နောက်တစ်ယောက်ကကျောက်ကပ်ပျက်စီးသွားလို့ဆုံးသွားတာ...”

“သူကျောက်ကပ်ဆေးနေတာ..တော်တော်ကြာနေပြီ..”

လူနာမှတ်တမ်းကိုကြည့်ပြီးပြောပြနေတယ်...

အာဖရိကန်ညီလေး..ကျနော့်ကိုတအံ့တဩကြည့်နေတယ်....

“အကို..ဘဝကိုတိုးတက်အောင်ကျိုးစားလိုက်ပါ...”

“အခြေအနေပေးတုန်း..ကျိုးစားလိုက်ပါ..အကို..”

ကျနော့်ညီလေး..မပြောခင်ထဲက...ကျနော်ကြိုပြီးစဉ်းစားပြီးသား..”

ကျနော်..စာရွက်စာတမ်းစုနေတယ်...

ဂျာမန်ဘာသာစာနဲ့စကားပြောတွေလေ့လာနေတယ်...

စာမေးပွဲတွေဖြေရအုန်းမယ်...

လိုအပ်တဲ့စာရွက်စာတမ်းစုံတဲ့တစ်နေ့..ဆေးရုံအုပ်နဲ့တွေ့ခွင့်တောင်းရမယ်...

လောလောဆယ်..ဒီလမ်းကိုဘဲဆက်လျှောက်ရအုန်းမယ်...

ကိုဂျစ်

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၁ )

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

 

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

////////////////////////////////////////////

 

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၂ )

 

 

ကျနော့်ဘဝကိုကူညီခဲ့တဲ့အမကြီးလူစီကျေးဇူးတွေကိုမမေ့ဘူး...

ကျနော်အချိန်ရရင်...အမလူစီတို့အိမ်ကိုသွားလည်လေ့ရှိတယ်...

အမ..အမျိုးသားဦးဂျိုးဇက်နဲ့တဲ့အောင်ပေါင်းရတယ်...

ဦးဂျိုးဇက်က..ဒီအိမ်ကလူတွေကိုကန့်လန့်တိုက်လေ့ရှိတယ်...

သူကဆရာကြီးစတိုင်..အမကြီးလူစီ..အဖေကဂျာမန်...သူ့နဲ့လဲအဆင်သိပ်မပြေ..

ပင်စင်စားလူကြီးဆိုတော့စိတ်လျော့ထားတယ်လို့ထင်တယ်...

ကျနော့်နဲ့တော့မဆိုင်ဘူး...ဒါပေမဲ့..စဉ်းစားကြည့်မိတာ..ဘယ်လိုညားခဲ့ကြလဲမသိဘူး

အခုနေတာက..အမကြီးကိုပေးထားတဲ့ဝန်ထမ်းအိမ်မှာဦးဂျိုးဇက်..လာနေ၊နေတယ်

ကျနော့်မှာလဲ..ခင်စရာဒီမိသားစုဘဲရှိတယ်..

လူစီ့အဖေနဲ့အမေ..ကျနော့်ကိုတဖြေးဖြေးခင်လာတယ်...

လူစီတို့အဖေနဲ့စကားတွေပြောကြတယ်...ဂျာမန်စကားပြောသင်တယ်လို့ဘဲသဘောထားတယ်..

ဆေးရုံလစာက...စားလောက်ရုံပါဘဲ...အချိန်ရရင်ကုန်တိုက်အနောက်မှာလာတန်းစီနေတုန်းဘဲ..

အမ..ကျနော့်ကိုတွေ့ရင်စားစရာတွေပေးနေမြဲ...

ကျန်းမာရေးအသိရှိနေတဲ့ကျနော်..ကိုယ်တိုင်မလိုက်နာနိုင်ခဲ့ပါ..

အနွေးထည်ထူထူဝတ်ထားရလို့ခန္ဓာကိုယ်ကဖေါင်းနေပေမဲ့...

အင်္ကျီချွတ်လိုက်ရင်နံရိုးနဲ့သားရေ..ဘဲရှိတယ်...

နံရိုးကိုလက်ချောင်းနဲ့ထောက်ပြီးရေတွက်လို့ရတယ်...

ကွဲအက်နေတဲ့လက်ဖဝါး...ခြောက်သွေ့နေတဲ့အသားအရေ...

သိနေတယ်..အဟာရချို့တဲ့နေပြီဆိုတာ...မတတ်နိုင်ပါ...

အမကြီးလူစီပေးတာတွေစားနေရလို့တော်သေးတယ်....

နေရတဲ့အဆောင်ဆိုတာ..ဟောလ်ထဲမှာစုပြီးနေရတယ်...

ဘာသာစကားမျိုးစုံကြားနေရတယ်...ပင်ပမ်းလို့အိပ်ပျော်သွားမယ်..

နိုးပြီးရင်..ပြန်အိပ်မရတော့...အတွေးတွေကြားထဲမှာ...

တခါတလေ..အိပ်မက်ဆိုးတွေကြားထဲကနိုးလာရင်မောပမ်းနေတယ်..

စာရွက်စာတမ်းတွေစုံတဲ့တနေ့..ဆေးရုံအုပ်ကြီးနဲ့တွေ့ဖြစ်တယ်..

ကျနော့်ဘဝ..ရှေ့ကိုဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာတွေအကြံတောင်းခဲ့တယ်...

ဆရာကြီး..အများကြီးလမ်းညွန်ပေးခဲ့တယ်...

ဘာသာစကားနဲ့ပတ်သက်တာတွေစာမေးပွဲဖြေရမယ်...

ဆေးပညာနဲ့ပတ်သက်တဲ့ကျောင်းမှာဝင်ခွင့်ဖြေရမယ်...

အောင်ရင်..ကျောင်းဆက်တက်ရမယ်...ကျောင်းစရိတ်တွေရှိသေးတယ်...

နှစ်ရှည်တော့မဟုတ်နိုင်...ကျနော့်အဖြေပေါ်မူတည်ပြီးကျောင်းကဆုံးဖြတ်မယ်

ကျနော့်ဘဝ...အားကိုးစရာလူမရှိပါ...

အစိုးရမှာစကောလာလျှောက်လို့ရတယ်...ရ/မရ..မပြောနိုင်..သူတို့တွေလဲစီးပွါးရေးကျနေတယ်

ကျနော်..ဒါတွေနောက်မှစဉ်းစားတော့မယ်...

ဘာသာစကားစာမေးပွဲအရင်ဖြေမယ်...

ဆေးကျောင်းဝင်ခွင့်ဖြေမယ်

အောင်မှကျောင်းစရိတ်အတွက်စဉ်းစားတော့မယ်...

ကျနော်စာမေးပွဲတွေဖြေမယ်ဆိုတော့လူတော်တော်များများအံ့ဩကြတယ်

ကျနော့်လိုတပြည်သား၊အောက်ခြေအလုပ်လုပ်နေတဲ့ကောင်လေးကဆရာဝန်စာမေးပွဲ

ဖြေမယ်ဆိုတာကြားလို့...ကျနော်တို့ဆေးရုံကြီးကဝန်ထမ်းတွေပိုအံ့ဩနေကြတယ်..

ကျနော့်အမလူစီလဲအံ့ဩနေတယ်...အမအမျိုးသားဦးဂျိုးဇက်ကပိုအံ့ဩတယ်...

ထူးဆန်းတာက..ဦးဂျိုးဇက်..ကျနော့်ကိုအမြင်ပြောင်းလာတယ်..

အခေါ်အဝေါ်တွေလဲပြောင်းလာတယ်..သူအရင်ကကျနော့်ကိုမျောက်ဝါလို့ခေါ်ခဲ့တယ်..

လေးလေးစားစားဆက်ဆံလာတယ်...ကျနော့်အတွက်ဒါတွေမလိုပါဘူး..

ကျနော်ဘာကောင်မှမဟုတ်ပါ...

ဦးဂျိုးဇက်..ကျနော့်ကိုကူညီပေးတယ်...

ဦးဂျိုးဇက်ကစက်ရုံပစ္စည်းတွေလိုက်ပို့ပေးနေတဲ့ယာဉ်မောင်း...

အမလူစီတို့ကုန်တိုက်ကိုပစ္စည်းလာပို့ရင်းနဲ့ညားခဲ့ကြတယ်...

သူတို့ယာဉ်မောင်းတွေထဲကဘာသာစကားစာမေးပွဲတွေဖြေခဲ့တဲ့အတွေ့အကြုံ၊

မေးခွန်းတွေကျနော့်ကိုပြောပြပေးတယ်..

နောက်ပိုင်း..ကျနော်အလုပ်လုပ်တဲ့ဆေးရုံကိုလဲလာလည်တယ်...

ဆေးရုံအုပ်ကြီးလဲကူညီတယ်...

မေးတတ်တဲ့မေးခွန်းအကြောင်းတွေ...ဖတ်ထားရမဲ့သင်ရိုးညွန်းတမ်းတွေပေးခဲ့တယ်...

နောက်ပြီးစာစစ်တဲ့ဘုတ်အဖွဲ့ထဲမှာလဲသူပါတယ်...

ကျနော်တို့ဆေးရုံမှာရောက်ပြီးသားအာဖရိကန်ဆရာဝန်တွေလဲဖတ်ထားရမဲ့စာတွေ၊

လက်တွေ့စစ်တာတွေကိုလဲပြောပြပေးတယ်...

ကျနော့်ဘဝအရင်အခြေအနေတွေနဲ့မိုးနဲ့မြေလိုကွာခြားနေတယ်..

အခုစားဖို့အတွက်အလုပ်လုပ်နေရတယ်...အားတဲ့အချိန်မှစာဖတ်...

နေတဲ့အဆောင်မှာလူများတယ်..ဆူညံတယ်..စာဖတ်ရတာခက်တယ်...

နောက်ပြီး..ကျနော်ဘဝ...စာတွေနဲ့ဝေးတာ..နဲနဲလေးကြာခဲ့ပြီ...

ကျနော်ကျိုးစားရမယ်...ဘဝကိုဒီအတိုင်းဖြစ်သလိုမနေချင်..

ကိုယ့်ပညာ..ကိုအသုံးချချင်တယ်...

ကျနော်သာ..ဖြစ်ချင်သလိုဖြစ်ဆိုတဲ့လောကထဲမှာဖြစ်သလိုနေလိုက်ရင်...

လူတချို့ကျနော့်ကိုဟားတိုက်ပြီးရီနေကြမယ်...

လူတချို့ရဲ့ဟားစရာသတ္တဝါအဖြစ်မခံနိုင်ပါ..

ကျနော့်ဘဝနေရတာဝန်ထမ်းအယောက် ၆၀ လောက်စုပြီးနေတယ်...

ဟောခန်းလိုမျိုးမှာနေရတယ်...အလုပ်လုပ်နေချိန်တွေမှာပြဿနာမရှိ...

ကျနော်စာမေးပွဲတွေဖြေဖို့စာဖတ်ရတော့မယ်...

နေ့ခင်းအလုပ်လုပ်ရတယ်..စာဖတ်ချိန်ကညဘဲရှိတယ်...

အခန်းထဲမှာဘာသာစကားပေါင်းစုံပြောနေကြတဲ့အသံတွေကြားထဲမှာ

ကျနော်စာဖတ်ရခက်နေတယ်...

တချိန်တုန်းကသက်တောင့်သက်သာကိုယ့်အခန်းထဲမှာဖတ်ခဲ့ဘူးတယ်..

အခုအခြေအနေကပြောင်းပြန်...လူတွေအိပ်ချိန်မှကျနော်စာဖတ်ရတယ်...

ညဉ့်နက်မှာစာဖတ်၊နေ့ခင်းအလုပ်လုပ်နေရတဲ့ဘဝ...ကိုယ့်ကိုကိုယ်သိတယ်...

အားနဲနေပြီဆိုတာ...အစထဲကအစားအသောက်..ဖြစ်သလိုစားခဲ့တယ်...

ဘာမှမရှိလဲ..နေတတ်အောင်နေခဲ့ရတဲ့ဘဝ..

တစ်ရက်အားနဲနေတဲ့ကျနော်..ခေါင်းမူးပြီးမထနိုင်ပါ...အလုပ်ခွင့်တင်ထားတယ်...

အဲဒီနေ့တိုက်တိုက်ဆိုင်ဆိုင်...ကျနော့်ဆီဦးဂျိုးဇက်..လာလည်တယ်...

ကျနော်ဆေးရုံမှာမရှိ..ခွင့်တင်ထားတာသိပြီး...အဆောင်လိုက်လာတယ်...

ကျနော်ဖျားပြီးခေါင်းမူးနေတယ်...

ကျနော့်ကိုအမလူစီတို့အိမ်ကိုခေါ်လာခဲ့တယ်...

အမလူစီတို့အိမ်ရောက်တော့..ကျနော်စိတ်လျှော့လိုက်ပြီ...

ကျနော်အိပ်မောကျတာလား..သတိလစ်သွားတာလားမသိ...

၂ ညတိတိမလှုပ်မရှက်အိပ်ယာပေါ်မှာ...

အိမ်သားတွေအားလုံးစိတ်ပူနေကြတယ်...

အမလူစီတို့အိမ်ကစတိုခန်းမှာကျနော့်ကိုနေရာချထားပေးတယ်...

ကျနော်သတိမရတဲ့ ၂ ရက်လုံးအမလဲအလုပ်မသွားဖြစ်...   

ကျနော်သတိပြန်ရလာပြီ..နေပြန်ကောင်းလာချိန်မှအမအလုပ်ပြန်ဆင်းတယ်..

ကျနော့်ကိုဦးဂျိုးဇက်အများကြီးကူညီခဲ့တယ်...

ကျနော့်ဘဝကကူရာကယ်ရာမဲ့နေတဲ့ဘဝ..

အမလူစီတို့အိမ်အဆင်ပြေလား..မပြေလား..ကျနော်မစဉ်းစားတော့ပါ..

သူတို့အိမ်မှာ ၁၀ ရက်လောက်နေ..စာကျက်ပြီး...ဆေးကျောင်းဝင်ခွင့်ကိုဖြေခဲ့တယ်..

ကျနော့်စိတ်ထဲမှာ..အမတို့မိသားစုကို..တနေ့ကျရင်..ကျနော်ကျေးဇူးပြန်ဆပ်ရမယ်..

သူတို့ကျေးဇူးတွေ..ကျနော့်အပေါ်တင်နေခဲ့ပြီ....

ခင်ရာဆွေမျိုးဆိုတဲ့စကား...ကျနော်အဝေးရောက်နေချိန်မှပိုသိလာခဲ့တယ်...

ကျနော့်ဘဝမှာ..ဦးဂျိုးဇက်နဲ့အမလူစီမိသားစုဆိုတဲ့အမျိုးတွေဘဲရှိတယ်...

ကျောင်းဝင်ခွင့်အောင်ပြီး..ကျနော်ကျောင်းဆက်တက်ရတော့မယ်...

အမလူစီက..သူငွေအချို့စိုက်ပေးမယ်ပြောတယ်..

ကျနော်မယူခဲ့ပါဘူး...ကျနော်အလုပ်လုပ်တဲ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နဲ့စကားပြောဖြစ်ခဲ့တယ်..

တစ်နှစ်ခွဲလောက်ကျောင်းဆက်တက်ရမယ်...

ကျောင်းတက်နေရင်း၊ကျနော်လုပ်ခဲ့တဲ့အောက်ခြေအလုပ်ကိုပြန်လုပ်ရမယ်...

ကျောင်းစရိတ်ဆေးရုံကတာဝန်ယူပေးတယ်...

အပြန်အလှန်ကူညီတဲ့အနေနဲ့စာချုပ်တွေချုပ်ရတယ်...

ကျောင်းပြီးရင်ဆေးရုံမှာနှစ်အတိုင်းအတာတစ်ခုထိအလုပ်လုပ်ပေးရမယ်..

လုပ်ရင်းနဲ့အကြွေးလဲပြန်ဆပ်ရမယ်...

ဒီဆေးရုံဟာကျနော့်အတွက်အသက်ဆက်ခွင့်ရတဲ့ကောက်ရိုးလေးတမျှင်၊

ကျနော်ရှင်သန်ခွင့်ရလို့ကျနော်အများကြီးကျေးဇူးတင်တယ်...

ကျနော်ဘဝဒီနိုင်ငံမှာဆရာဝန်ဖြစ်အောင်ကျိုးစားမယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,     

ပြန်စဉ်းစားကြည့်ရင် ကျနော့်လိုလူဒီမှာဘာကောင်မှမဟုတ်...

ဆရာဝန်မဖြစ်သေးတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်...

အလုပ်ပေးထားတယ်...ဆေးကျောင်းတက်ဖို့ထောက်ပံ့ကြေးပေးထားတယ်..

အလုပ်ကိုသနားသောအားဖြင့်လုပ်ခွင့်ပြုထားတယ်...

ဆေးရုံစည်းကမ်းတွေမလိုက်နာဘဲစည်းကမ်းဖေါက်တာတွေဖြစ်ခဲ့ရင်...

ကိုယ်ဖြစ်ကိုယ်ခံ၊အလုပ်ထုတ်ခံရမယ်..ဆေးကျောင်းထောက်ပံ့ကြေးဖြတ်မယ်..

ဆေးကျောင်းတက်ခွင့်ကိုတော့သူတို့မတား...

ကိုယ့်စရိတ်နဲ့ကိုယ်တက်ချင်ရင်တက်....

ကျနော့်အတွက်ဒီနေရာမှာနောက်ဆုံးဂိတ်ဆုံးနေပြီ...

ကျနော့်အတွက်ကျောင်းစရိတ်မတတ်နိုင်ပါ...

ကျနော့်လုပ်ခ...စားဖို့အနိုင်နိုင်...ကျောင်းစရိတ်ဆေးရုံကထောက်ပံ့ပေးနေလို့တော်သေးတယ်

ဆေးရုံကမထောက်ပံ့ရင်..ကျနော်ဒီဘဝဒီမှာဆရာဝန်ဖြစ်ဖို့မဖြစ်နိုင်ပါ

ကျနော်သူတို့သတ်မှတ်စည်းကမ်းတွေကိုလိုက်နာတယ်...

ကျောင်းလဲမပျက်သလို၊အလုပ်လဲမပျက်ရပါ...

လူတွေစုနေတဲ့အဆောင်မှာနေရတဲ့ကျနော့်အတွက်စာဖတ်ရတာတွေအခက်အခဲရှိတယ်...

စာမေးပွဲတွေကအမြဲစစ်နေတယ်..နှစ်လတစ်ခါဖြေတာလဲရှိတယ်...၃လတစ်ခါဖြေတာလဲရှိတယ်...

ကိုယ့်အခြေ အနေကစာဖတ်ရခက်နေတော့..ကျနော်အမလူစီတို့အိမ်မှာဘဲစာသွားကျက်ဖြစ်တယ်..

အမတို့အဆင်ပြေလား..မပြေလား..ကျနော်မစဉ်းစားနိုင်ခဲ့ပါ..

ကျနော့်စိတ်ထဲမှာအမလူစီတို့မိသားစုကိုကျနော့်ကျေးဇူးရှင်တွေလို့ဘဲသတ်မှတ်ထားတယ်..

တနေ့နေ့တချိန်ချိန်..ကျနော်တတ်နိုင်သလောက်ကျေးဇူးဆပ်မယ်လို့ဆုံးဖြတ်ထားတယ်..

ဆေးတက္ကသိုလ်ပေါင်းကူး ကျောင်းရောက်ချိန်ကျနော်မြင်ခဲ့သမျှပြောရရင်...

တောင်အာရှသားတွေများတယ်...အိန္ဒိယသားတွေ၊ပါကစ္စတန်နိုင်ငံသားတွေများတယ်..

အာဖရိကန်တွေ၊အခြားအာရှသားတွေလဲရှိပါတယ်...

သူတို့တွေကသူတို့ဘဝတိုးတက်ဖို့အတွက်စာဖတ်ဖို့ရောက်လာကြတယ်..   

ကျနော်ဘဝရေမျောကမ်းတင်ဘဝနဲ့ရောက်ခဲ့တယ်...

သူတို့နဲ့ကျနော့်အခြေအနေဆီနဲ့ရေလိုကွာခြားနေတယ်...

သူတို့တွေငွေကြေးပူစရာမလိုတဲ့ဘဝနဲ့လာကြတယ်..

ကျနော်စားဖို့တောင်အနိုင်နိုင်..သူများကျွေးတာစားနေရတဲ့ဘဝ...

ကိုယ်စားဖို့အတွက်အလုပ်လုပ်နေရတယ်...အချိန်ပိုင်းအလုပ်လုပ်နေတယ်..

သူတို့တွေအေးအေးဆေးဆေးစာဖတ်နိုင်ကြတယ်...

ကျနော်အပြေးအလွားဖတ်နေရတယ်...

အဆောင်မှာစာဖတ်လို့မရရင်..စာမေးပွဲနီးရင်..အမကြီးတို့အိမ်ကိုပြေးပြီးဖတ်နေရတယ်..

ဦးဂျိုးဇက်..ကျေးဇူးနဲ့အမကြီးတို့အိမ်ကိုရောက်လာတာ...

ဒီလိုနဲ့ဘဲ..ဆေးတက္ကသိုလ်ပေါင်းကူးစာသင်နှစ်တွေဖြတ်ကျော်ခဲ့ရတယ်...

ကျနော်ဆေးကျောင်းမှာစာမေးပွဲအောင်တော့ကျနော့်ဆေးရုံမှာအလုပ်သင်ဆရာဝန်အဖြစ်နဲ့

အလုပ်ဝင်ခဲ့တယ်..လစာကဘာမှမပြောပလောက်ပါဘူး..

ဒါပေမဲ့..နေစရာပေးတယ်..အဆောင်မှာမနေရတော့ဘူး...

ဆေးရုံနားကဝန်ထမ်းလုံးခြင်းအိမ်ပေးထားတယ်..on call ခေါ်ရလွယ်အောင်ဖြစ်မယ်..

ကျနော်တို့အလုပ်သင်တွေအမြဲတမ်းအဆင်သင့်ရှိနေရမယ်...            

ကျနော်အလုပ်သင်ဘဝနဲ့ဆေးရုံမှာရှိနေတုန်း..ဦးဂျိုးဇက်ဆေးရုံလာတက်တယ်..

ကျနော်အံ့ဩမိတယ်...အမကြီးလဲမလိုက်လာဘူး...

ဦးလေးရဲ့ဆေးမှတ်တမ်းကိုယူကြည့်တာ..အသည်းကြီးနေတယ်..

အသည်းကင်ဆာအဆင့် ၃ ရောက်နေပြီ..

“ဦးလေး...ဟိုတုန်းကခံစားခဲ့တာတွေကျနော့်ကိုဘာလို့မပြောပြတာလဲ..”

...”ငါဘာမှထူးထူးထွေထွေမဖြစ်ပါဘူး..”

..”ငါအရင်ကဓါတုပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာလုပ်ခဲ့ဘူးတယ်..”

..”ဒါလဲကြာခဲ့ပါပြီ..”

အရင်လုပ်ခဲ့တဲ့ဓါတုစက်ရုံကဓါတုပစ္စည်းအဆိပ်သင့်ခဲ့တာများလား

“ဦးလေး...အမကြီးမလိုက်လာဘူးလား...”

..”ပြောရရင်နဲနဲရှည်မယ်..”

ကျနော်စာသွားဖတ်ချိန်တွေတုန်းကဦးဂျိုးဇက်ကိုမတွေ့ခဲ့

အမကြီးအဖေပြောတယ်..နယ်မှာအလုပ်သွားလုပ်နေတယ်လို့ပြောခဲ့တယ်...

ဦးလေးဆေးရုံတက်နေတဲ့အချိန်ကျနော်အမကြီးတို့ကုန်တိုက်ကိုလိုက်သွားတယ်..

အမကြီးအလုပ်ဆင်းချိန်ကည ၁၀ နာရီဆိုတော့အရမ်းနောက်ကျတယ်..

“အမ..ဦးလေးဆေးရုံတက်နေတယ်..”

...”ဟုတ်လား...”အမ..ကျနော့်ကိုလှည့်မကြည့်ဘူး..

“အမ..ဘာလို့ဆေးရုံလိုက်မပို့တာလဲ..ဦးလေးမှာအသည်းကင်ဆာ အဆင့် ၃ ဖြစ်နေပြီ”

“အမ..ကျနော့်ကိုပြန်ပြောလေ..”

အမ..ကျနော့်ကိုလိုက်ခဲ့ဖို့လက်ဟန်နဲ့ပြပြီးဝန်ထမ်းနားနေခန်းကိုလျှောက်ခဲ့ကြတယ်...

“ငါနဲ့ဦးဂျိုးဇက်..ကွာရှင်းဖို့တရားရုံးမှာလျှောက်ထားတာ..နောက်အပတ်အမိန့်ချတော့မယ်”

အမစကားကြားလိုက်တာ..ကျနော်တော်တော်အံ့ဩသွားရတယ်..

“ဘာဖြစ်ကြလို့လဲဗျာ..”

...”ငါမှားခဲ့တာတွေ...ရူးရူးမိုက်မိုက်အချိန်တုန်းကမှားခဲ့တဲ့ငါ့အမှားတွေ”

...”ဦးဂျိုးဇက်..သူတို့စက်ရုံကပစ္စည်းတွေ..ကုန်တိုက်လာပို့ရင်းနဲ့တွေ့ခဲ့ကြတယ်”

...”သူအိမ်ထောင်ကွဲဆိုတာသိခဲ့တယ်..နောက်ကြောင်းအားလုံးရှင်းတယ်လို့သူပြောတာငါယုံခဲ့တယ်”

..”ပြီးတော့ငါတို့ယူခဲ့ကြတယ်...”

...”သူ့အလုပ်သူလုပ်နေတယ်..ငါ့အလုပ်ငါလုပ်တယ်...”

...”အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ ပေါင်းစည်းဖို့ဖြစ်လာချိန်မှာ”

..”နဂိုတိုးတက်နေတဲ့ငါတို့နိုင်ငံဘာလင်တံတိုင်းဖြိုချပြီးနောက်ငါတို့နိုင်ငံစီးပွါးရေးကျကုန်တယ်..”

...”ဦးဂျိုးဇက်လဲအလုပ်ပြုတ်တယ်...”

...”သူငါတို့ဝန်ထမ်းအခန်းမှာလာနေတယ်..၊အရင်ကသူ့မှာအိမ်ခန်းရှိတယ်..”

...”ငါတို့အဲအခန်းမှာအတူတူနေခဲ့ကြဘူးတယ်..နောက်ကျတော့အလုပ်ပြုတ်ဘဏ်ကြွေးမဆပ်နိုင်..”

..”ဘဏ်ကသိမ်းတော့..ငါ့အခန်းကိုရောက်လာတယ်...”

..”အလုပ်မရှိတာကိုငါဘာမှမပြောဘူး..ငါတို့ဆီမှာနေလဲရတယ်...”

..”နောက်မှသိတာက..သူ့မှာသမီးနှစ်ယောက်ရှိတယ်...သားသမီးထောက်ပံ့ကြေးပေးနေရတယ်..”

...”သူ့သမီးထောက်ပံ့ကြေးအတွက်ငါ့ကိုပေးခိုင်းတယ်...”

..”ဒါတော့လွန်သွားပြီ..ငါ့မှာ..ငါ့မိဘတွေရှိသေးတယ်..”

..”ဒီအတိုင်းရှေ့ဆက်လျှောက်ဖို့မဖြစ်နိုင်တော့လို့ကွာရှင်းခွင့်လျှောက်လိုက်တယ်..”

..”ဒီထက်ဆိုးတာက..နင်သိရင်စိတ်မကောင်းဖြစ်မှာစိုးလို့ငါမပြောတာ..”

..”သူ့သမီးထောက်ပံ့ကြေးမရလို့ငါ့ကိုရိုက်တာတွေလုပ်ခဲ့တယ်”

...”ငါ့အဖေမြင်တော့စိတ်ဆိုးဒေါသဖြစ်ခဲ့ရတယ်...”

..”သူဘာလုပ်လုပ်အဖေအရင်ကဘာမှမပြောခဲ့ဘူး..”

...”ငါ့ကိုကိုယ်ထိလက်ရောက်စော်ကားပြီးနောက်သူ့ကိုအဖေမကြည့်ချင်လောက်အောင်မုန်းသွားပြီ”

...”ငါကွာရှင်းဖို့ဆုံးဖြတ်လိုက်တာ..ဒါတွေကြောင့်”

ကျနော်သူတို့နှစ်ယောက်ကြားမှာဘာမှပြောခွင့်မရှိပါ...

ကိုဂျစ်

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၂ )

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

 

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

 

/////////////////////////////////////////////////////////

 

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၃ )

 

“ငါလဲဆေးရုံပြောင်းလို့ရရင် မြူးနစ်ကိုပြောင်းမယ်..”

“ငါ့မိဘတွေ..ငါ့သမီးတွေရှိနေတယ်...”

ဦးဂျိုးဇက်ဇာတိကမြူးနစ်မြို့ ၊

“ဦးလေး...ကျန်းမာရေးဂရုစိုက်ပါ..၊ကျနော့်ဆီလဲဖုံးဆက်ပါ..”

“လိုတဲ့ငွေကြေးတွေ..ကျနော်တတ်နိုင်သလောက်ကူညီပါ့မယ်...”

“ဦးလေးကျေးဇူးတွေရှိတယ်..ကျနော်ပြန်ဆပ်မယ်...”

...’’နင့်ဘဝအတွက်နင်ကျိုးစားပါ..၊ဒီတိုင်းပြည်ကငါ့တိုင်းပြည်၊ငါ့နိုင်ငံ..ငါ့အတွက်မပူနဲ့”

...”နင်အချိန်ရရင်..အမကြီးနဲ့သူ့မိဘတွေကိုကြည့်ပေးပါ..”

...”ငါနဲ့နင့်အမကြီး...တချိန်ချိန်မှာလမ်းခွဲတော့မှာ...”

ဦးဂျိုးဇက်..အဝေးကိုကြည့်ရင်းပြောနေတယ်...

ကျနော့်နှုတ်ကကူညီမယ်ဆိုတဲ့စကား...လောကွပ်စကားအရပြောလိုက်ရတာ..

ကျနော်စိတ်မကောင်းပါ...ကျနော့်အခြေအနေကျနော်ဘဲသိတယ်...

ကျနော့်ဘဝ..အမကြီးကိုမှီနေရတုန်းဘဲ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

“အမ...ဦးလေး..မြူးနစ်ဆေးရုံပြောင်းသွားပြီ...”

“ဦးလေးအခြေအနေမြင်ရတာ..ကျနော်စိတ်မကောင်းဘူး..”

“သူ့ရောဂါအခြေအနေက..အဆင့် ၄ တက်ဖို့နီးနေပြီလို့ဆရာတွေပြောနေကြတယ်”

“ဦးလေးလဲစိတ်ထိခိုက်မယ်..၊ကျနော်လဲဘာမှမလုပ်ပေးနိုင်ဘူး..”

...”သူ့အကြောင်းနဲ့သူဖြစ်လာတာဘဲ..ငါ့ဆီမှာနေတုန်းကဘာမှမဖြစ်သေးဘူး..”

...”နောက်ပြီး..နောက်ကြောင်းမရှင်းတဲ့ပြဿနာကြောင့်ငါတို့ကွဲခဲ့ရတာ..”

...”ဘာလဲ..နင်ကဦးလေးကိုဂရုမစိုက်ရကောင်းလားဆိုပြီးငါ့ကိုအပြစ်တင်မလို့လား”

“အဲ့လိုလဲမဟုတ်ပါဘူး...အကြောင်းတွေတိုက်ဆိုင်နေတော့..ဦးလေးစိတ်ထဲမှာခံစားနေရမယ်..”

...”မဆိုင်ဘူးလေ..သူ့ပြဿနာတွေကအစထဲကရှိပြီးသား...”

...”သူမဖြေရှင်းခဲ့တာတွေ..အလုပ်ပြုတ်တုန်းကလဲ..အလုပ်ရှာဖို့ပြောခဲ့တယ်..”

..”သူထောက်ပံ့ကြေးနဲ့ကျေနပ်နေပြီး..ခုမှသူ့သမီးတွေကျောင်းစရိတ်တောင်းမှငါ့ပြဿနာလာရှာတယ်”

အမကြီးမှာလဲပင်စင်စားမိဘတွေရှိသေးတယ်..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားရင်...ကျနော့်မိဘအသိုင်းအဝိုင်းကဝန်ထမ်းတွေ..

ပညာတတ်၊စာတတ်..အသိုင်းအဝိုင်း...

ထို့အတူကျနော်သည်လဲ..ငယ်ငယ်ထဲကစာဖတ်ရတာနှစ်သက်ခဲ့တယ်...

ကျောင်းစာတွေကိုလဲနှစ်နှစ်ချိုက်ချိုက်ဖတ်ခဲ့တယ်...

ကျောင်းစာဖတ်ရတာကိုလဲဘယ်တော့မှမပျင်းခဲ့သူပါ...

အထက်တန်းကျောင်းစာတွေဖတ်ပြီးတော့ဆေးကျောင်းတက်ခဲ့တယ်...

ဆေးကျောင်းကစာတွေကိုလဲစိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့သူပါ...

ပြီးနောက်ကျနော်ဆရာဝန်ဖြစ်ခဲ့တယ်...

ဆရာဝန်အလုပ်ကိုစိတ်ဝင်စားပြီးတစိုက်မတ်မတ်လုပ်ခဲ့သူ...

ဘဝအချိုးအကွေ့တွေကြောင့်..ကျနော်ဒီနိုင်ငံကိုရောက်ခဲ့တယ်...

ကျနော့်ဘဝ..ခက်ခဲစွာဖြတ်ကျော်ခဲ့ရတယ်...

ဘာကြောင့်လဲဆိုတော့..ကျနော့်ဘဝ..လူနာတွေကိုဆေးကုပေးတာကလွဲပြီး

ကျန်တာကျနော်ဘာမှမလုပ်တတ်ခဲ့လို့ပါ...

ဒီနိုင်ငံရောက်စမှာအလုပ်များစွာလုပ်ခဲ့တယ်...တခုမှအချိုးမပြေခဲ့ပါ...

ပြောပြထားသလို..ကျနော့်ဘဝဟာ..ဘာမှမလုပ်တတ်ခဲ့ပါ

ပင်ပမ်းကြီးစွာရုန်းကန်ခဲ့ရတယ်...ဦးဂျိုးဇက်၊အမကြီးလူစီတို့မိသားစုကူညီခဲ့လို့ကျနော်ရှင်သန်ခဲ့ရတယ်..

ကျနော်ဒီနိုင်ငံ၊ဒီဆေးရုံမှာဆရာဝန်ဖြစ်ခဲ့တာတွေအားလုံး...အမကြီးတို့ကျေးဇူးမကင်းခဲ့ပါ

ဒီဆေးရုံမှာအလုပ်ဝင်ခဲ့ရတာ..ကျနော်အရမ်းကျေနပ်မိခဲ့တယ်...

ဘာကြောင့်ဆိုတော့..ကျနော်ဟာလူနာတွေကိုဆေးကုသတဲ့အလုပ်ကလွဲပြီးကျန်တာဘာမှမလုပ်တတ်လို့ပါ၊ဆေးရုံမှာ..ကျနော်နေ့နေ့ညည..အမြဲကူညီပေးတယ်...

ဘေးနားကဘဝတူတွေနားချင်ရင်ကျနော်ဝင်ကူပေးတယ်...

အိမ်မှာနေလဲလုပ်စရာအလုပ်မရှိ..ဒါကြောင့်ဆေးရုံမှာအမြဲရှိတယ်...

ကျနော့်ကို   on call ခေါ်စရာမလို..

ကျနော်အချိန်ရတဲ့တနင်္ဂနွေနေ့မျိုးတွေမှာ..အမကြီးတို့အိမ်ကိုအလည်သွားလေ့ရှိတယ်..

တခါတလေအမကြီးလဲရှိတယ်..အမြဲတမ်းမရှိ..

အမကြီးတို့အဖေနဲ့အမေကကျနော့်နဲ့တော်တော်ခင်နေပြီ...

သူတို့တွေဘုရားကျောင်းသွားရင်ကျနော်လဲလိုက်သွားလေ့ရှိတယ်...

တလုတ်ကျွေးဘူး..သူ့ကျေးဇူးဆိုတဲ့စကားကိုကျနော်မမေ့ဘူး..

ကျနော်သွားရင်စားစရာတွေ၊ချက်ပြုတ်စရာအသားတွေဝယ်သွားလေ့ရှိတယ်..

ဘုရားကျောင်းကပြန်လာပြီးရင်ကျနော်တို့ချက်ပြုတ်စားလေ့ရှိတယ်..

ကျနော်ငတ်ပြတ်နေချိန်တုန်းကအမကြီးကူညီခဲ့တယ်

ကျနော့်အိမ်ကိုညနေမှပြန်လာတယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဆရာဝန်ဘဝနဲ့အလုပ်ဝင်နေချိန်အတွင်းမှာဆေးရုံကိုဖုံးရောက်လာတယ်...

မြူးနစ်ဆေးရုံတစ်ရုံကလူနာရဲ့နောက်ဆုံးဆန္ဒအရအကြောင်းကြားပေးတာ...

ကျနော့်ဆီကိုအကြောင်းကြားပေးဖို့မှာခဲ့တယ်

“ဦးဂျိုးဇက်..အသည်းကင်ဆာနဲ့ဆုံးသွားပြီ”

ကျနော်အမကြီးတို့ကုန်တိုက်ကိုလိုက်သွားတယ်..အမကြီးကိုမတွေ့

နောက်ကျမှ...ဝန်ထမ်းနားနေခန်းမှာအမကြီးထိုင်နေတယ်...

ကော်ဖီခွက်ကိုင်ထားတဲ့အမကြီးမျက်လုံးမှာမျက်ရည်စတွေနဲ့...

အမကြီး၊ဦးဂျိုးဇက်ဆုံးတာသိနေပြီ..

ကျနော်သူတို့ထုံးစံအတိုင်းဖက်ပြီးနှစ်သိမ့်လိုက်ပါတယ်...

အမကြီးရှိုက်ရှိုက်ပြီးငိုနေတယ်.....

“ဦးဂျိုးဇက်  ငါ့ထက်အသက် ၁၀နှစ်ကြီးတယ်”

“သူနဲ့တွေ့တုန်းက အချစ်ရေးမှာဘာမှအတွေ့အကြုံမရှိတဲ့အပျိုစင်၊ငယ်ငယ်လေး”

“သူ့ကိုငါ့ အဖေတို့တားနေတဲ့ကြားကရူးရူးမိုက်မိုက်ချစ်ခဲ့တယ်..”

“အတွေ့မှာသာယာခဲ့မိတဲ့ငါ့ဘဝ..ဒါကိုငါအချစ်လို့ထင်ခဲ့မိတယ်..”

“ငါတို့..အဖေတို့နဲ့ခွဲပြီးသီးသန့်နေခဲ့တယ်...”

“ဦးဂျိုးဇက်...အဲ့ဒီအချိန်ထဲကငါ့အပေါ်အိမ်တွင်းအကြမ်းဖက်တာတွေလုပ်ခဲ့တယ်..”

“သူအရက်မူးလို့ဖြစ်တာတွေပါဆိုပြီးငါခွင့်လွတ်ပေးခဲ့တယ်”

“ငါတို့ဆီမှာစီးပွါးရေးကျချိန်မှာသူလဲအလုပ်ပြုတ်တယ်၊အဖေတို့ဆီရောက်လာတယ်”

“ငါခွင့်လွတ်တယ်...ငါ့လုပ်ခနဲ့သူ့ကိုတင်ကျွေးထားနိုင်တယ်..”

“သူ့သမီးဇာတ်လမ်းတွေရှုပ်လာချိန်မှာငါ့ရဲ့သီးခံစိတ်တွေကုန်လာတယ်”

“ငါ့အဖေအိမ်မှာငါ့ကိုရိုက်တာတွေလုပ်တော့အဖေတို့လက်မခံဘူး”

“ငါတို့ဆီမှာတရားဥပဒေကခွင့်မလွတ်ဘူး”

“ငါမှားခဲ့တယ်...အတွေ့ကိုအချစ်လို့ထင်ခဲ့မိတယ်”

“တခြားဆီဘဲ..အချစ်နဲ့အတွေ့ဟာတခြားစီ”

အမကြီးကျနော့်ကိုရင်ဖွင့်ခဲ့တယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကျနော့်ဘဝအမကြီးလူစီတို့မိဘတွေနဲ့ကြားထဲမှာသံယောဇဉ်တွေ  ခိုင်မြဲလာခဲ့တယ်..

ကျနော့်ဘဝကျနော့်မိဘတွေနဲ့ဝေးကွာနေရတဲ့ဘဝ..

အမကြီးလူစီမိဘတွေကိုကျနော့်မိဘလိုဘဲဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ်..

ကျနော့်ဘဝကိုဆေးရုံထဲမှာဘဲမြှပ်နှံခဲ့တယ်...

ကျနော်...ဆေးကုသတဲ့အလုပ်ကလွဲလို့အခြားမလုပ်တတ်တာတွေလဲပါတယ်..

ဒါပေမဲ့..ကျနော်ဆေးကုနေရတာပျော်တယ်..စိတ်ချမ်းသာတယ်..

လူဆိုတာစိတ်ချမ်းသာဖို့အဓိကလို့ကျနော်ခံယူထားတယ်...

ကျနော်တို့ဗုဓ္ဒမြတ်စွာဘုရားလဲသတ္တဝါတွေကိုကူညီဖို့ညွန်ပြခဲ့တယ်..       

တစ်ရက်....အမတို့အဖေကျနော့်ဆီဖုံးဆက်လာတယ်     

ဒီနေ့ည...အိမ်မှာညစာလာစားဖို့ခေါ်တယ်...        

ကျနော်ရောက်ချိန်အမကြီးတို့အိမ်မှာဧည့်သည်တစ်ယောက်လဲရောက်နေတယ်...

လူဖြူထဲကလူလတ်တစ်ယောက်...ရုပ်ဖြောင့်တယ်လို့ပြောရမယ်...

အမကြီးတို့အဖေ..ကျနော့်ကိုမိသားစုဝင်တစ်ယောက်လိုမိတ်ဆက်ပေးတယ်...

ကျနော်မြင်တာအမကြီးရီးစားရပြီထင်တယ်...

ကျနော်ထင်တာမှန်ခဲ့ရင်...ကျနော်ဝမ်းသာတယ်...အမစိတ်ချမ်းသာတော့မယ်..

အမဘဝ..အနိုင်ကျင့်သူနဲ့ဆုံခဲ့လို့မပျော်မရွှင်နဲ့ဖြတ်သန်းခဲ့ရတယ်...

ခုတော့..အမကြီးပျော်ရတော့မယ်..

လူဖြူအမျိုးသားနာမည်က “ဒေးဗစ်”

ကိုဒေးဗစ်..စကားပြောကောင်းသလိုပေါင်းသင်းဆက်ဆံရေးကောင်းတယ်...

ကျနော့်ကိုဆရာဝန်တစ်ယောက်အဖြစ်လေးလေးစားစားဆက်ဆံတယ်...

တပြည်တနယ်မှာလူမျိုးခြားအာရှသားအဖို့နေရာရဖို့ခက်ပါတယ်...

ကျနော့်ဆေးရုံမှာအဖြူအချို့ကကျနော်ဆေးကုပေးတာတွေကိုလက်မခံတာကြုံခဲ့ဘူးတယ်..

ကျနော့်လိုဘဲအိန္ဒိယသားဆရာဝန်တွေလဲခံရတာဘဲ...

အခြားနယ်ပယ်တွေမှာလဲအာရှသားတွေကိုပြဿနာရှာတာတွေတွေ့နေတယ်...

ဗီယက်နမ်ဒုက္ခသည်စခန်းတွေကိုဂျာမန်လူငယ်တွေဓါတ်ဆီပုလင်းဗုံးတွေနဲ့ခဏခဏပစ်လေ့ရှိတယ်

လူတိုင်းတော့မဟုတ်ပါဘူး...

ကျနော်တို့ဆေးရုံကိုမီးလောင်ဒဏ်ရာနဲ့ဗီယက်နမ်လူမျိုးတွေရောက်လာတတ်တယ်   

ဒါတွေမြင်ရင်ကျနော်စိတ်မကောင်းဘူး..

သူတို့နိုင်ငံဒုက္ခသည်တွေကိုလက်ခံတယ်...အလုပ်အကိုင်တွေပေးတယ်..

ဒါကိုတော့ကျေးဇူးတင်တယ်..လူသစ်တွေအတွက်အဆင်ပြေအောင်စီစဉ်ပေးတယ်..

တကယ်တော့ကိုယ့်မြေကိုယ့်နေရာသည်သာ..ကိုယ့်အတွက်အကောင်းဆုံးနေရာ..

ဒါပေမဲ့...ကျနော့်အတွက်မဟုတ်ခဲ့ပါ

တကယ်တော့ဒီနိုင်ငံဒီလူမျိုးတွေဟာလူမျိုးကြီးဝါဒီတွေများတယ်...

ဒါကြောင့်လဲဦးဂျိုးဇက်..ကျနော့်ကိုစတွေ့တုန်းကနှိမ်ခဲ့တယ်...

ဒီလိုဘဲ..အမလူစီအပေါ်လဲအနိုင်ကျင့်ခဲ့မယ်လို့ထင်တယ်..

ဘာလို့ဆိုတော့..အမကြီးကအာဖရိကန်သွေးနှောထားတယ်..

ဒါကိုနှိမ်ချင်တာလဲပါမယ်

ဒါကြောင့်သူတို့တွေတကမ္ဘာလုံးနဲ့ရန်ဖြစ်ခဲ့လို့လဲဒုတိယကမ္ဘာစစ်ဖြစ်လာရတယ်

ဒါတွေထားလိုက်ပါတော့..ဘာဖြစ်ဖြစ်ဦးဂျိုးဇက်ကျေးဇူးတွေကိုဆပ်ရမည့်တာဝန်

ကျနော့်မှာရှိနေတယ်..ထို့အတူအမကြီးတို့ကျေးဇူးတွေ..လဲအတူတူ..

ကိုဒေးဗစ်...အမကြီးတို့ဌာနကစူပါတစ်ယောက်...

သူရောက်နေတာ ၃ လ ကျော်နေပြီ...အမကြီးနဲ့အဆင်ပြေနေပြီထင်တယ်...               

အမကြီးစိတ်ချမ်းသာတာမြင်ရင်ကျနော်ကျေနပ်တယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကိုယ့်ဘဝကိုပြန်စဉ်းစားမိတယ်...

ပျော်သလားဆိုတော့မပျော်ဘူး..ကိုယ့်နေရာမဟုတ်တာလဲဖြစ်မယ်...

လက်ရှိဘဝကိုကျေနပ်သလားမေးရင်..နီးနီးစပ်စပ်ပြောမယ်..ကျေနပ်တယ်...

ကျနော်..မျှော်လင့်ခဲ့တဲ့ဘဝ..ဆရာဝန်ပြန်ဖြစ်ခဲ့လို့

အကယ်၍များ..ကျနော်ဆရာဝန်ပြန်မဖြစ်ခဲ့ရင်..

အဝေးကလူတစ်စုဟားတိုက်ရီမောသံတွေနဲ့ကျနော်စောစောစီးစီးလူ့ဘဝထဲကထွက်သွားဖို့ဘဲရှိတယ်..

ကျနော်ဆေးကုသမှုကလွဲပြီးဘာမှမလုပ်တတ်တာလဲပါမည်..

နေသလိုမဖြစ်တဲ့လောကကြီးထဲမှာဖြစ်သလိုနေတတ်ရမယ်...

နေသလိုဖြစ်တဲ့လောကကြီးထဲမှာဖြစ်သလိုမနေရဘူး...

ဒီစကား..ဘယ်ဟာမှန်သလဲကျနော်မသိ...

ကျောင်းနေတုန်းတစ်ယောက်နဲ့အပြန်အလှန်ငြင်းခုံခဲ့ဘူးတယ်...

လက်ရှိအနေအထားမှာအသက်ရှည်ရှည်နေဖို့ကျိုးစားနေတယ်...

ကျနော်အသက်ရှည်ရင်..လူနာတွေလဲအသက်ရှည်ကြမယ်...

ကျနော်အတတ်နိုင်ဆုံး..တတ်သမျှနဲ့ဆေးကုပေးနေလို့ပါ...

လူ့ဘဝနေရခိုက်လေးမှာလူတွေကိုကူညီချင်ခဲ့တယ်...

အခုအချိန်မှာ...ဆေးရုံမှာဘဲဘဝကိုနှစ်မြှုပ်ထားတယ်...

အားရက်နဲ့ကြုံရင်အမကြီးတို့အိမ်သွားတယ်...

အမကြီး...ပျော်နေတာမြင်ရင်ကျနော်ကျေနပ်တယ်...

ကျနော်သွားတိုင်း..ကိုဒေးဗစ်အကြောင်းတွေမနားတမ်းပြောနေခဲ့တယ်...

“အမလဲဦးဂျိုးဇက်ပေးတဲ့သင်ခန်းစာရပြီး..ဒေးဗစ်ကိုလဲမေးနေရတယ်”

“သူကနောက်ကြောင်းရှင်းပါတယ်..”

“အမဘဝအကြောင်းတွေကိုလဲပွင့်ပွင့်လင်းလင်းပြောပြထားတယ်”

“ဒေးဗစ်..သူလက်ခံပါတယ်..”

ဒီအတိုင်းဆိုအမကြီးရှေ့ရေးစိတ်အေးရပြီ...

ဆေးကုသမှုကိုဘဲလုပ်နေတဲ့ကျနော်..ဆေးရုံမှာဘဲအချိန်ကုန်နေခဲ့တယ်..

အမကြီးတို့အိမ်မရောက်တာနဲနဲကြာနေပြီ...အချိန်ရရင်သွားမယ်လို့စိတ်ကူးထားတယ်

ဒီနေ့ Sunday မဟုတ်၊ကြားရက်..ဒီနေ့အချိန်ရလို့အမကြီးတို့အိမ်သွားတယ်..

ပိတ်ရက်မဟုတ်လို့အမကြီးနဲ့ဆုံမှာတော့မဟုတ်...

ဧည့်ခန်းမှာ..အမကြီးလူစီထိုင်နေတယ်..သူ့မျက်လုံးမှာမျက်ရည်စတွေနဲ့...

“အမဘာဖြစ်တာလဲ”

...”ဒေးဗစ်နဲ့ဆက်သွယ်လို့မရဘူး”

...”သူရုံးချုပ်သွားမယ်လို့ပြောပြီးထွက်သွားတာ..၊၁၀ ရက်လောက်ရှိနေပြီ”

...”အမ..ရုံးချုပ်ကအသိတွေဆီဖုံးဆက်မေးတာ၊ဒေးဗစ်အလုပ်ထွက်သွားပြီလို့ပြောကြတယ်”

...”အမဆီလဲအဆက်အသွယ်မလုပ်ဘူး”

...”မသွားခင်ထိ..အမတို့လက်ထပ်ဖို့ကိစ္စတွေတိုင်ပင်နေကြသေးတယ်..”

ဒေးဗစ်အတွင်းစိတ်ကိုကျနော်တို့မသိနိုင်ပါ..

သူနဲ့ကျနော်..စကားတွေပြောကြတုန်းကအမကြီးကိုတော်တော်ဂရုစိုက်ခဲ့တယ်...

ကျနော်နားမလည်နိုင်ပါ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကျနော် Sunday မှာအမကြီးတို့အိမ်ရောက်ခဲ့တယ်...

အမကြီး...မျက်နှာတော့မကောင်း...အမကြီးအဖေနဲ့အမေလဲမျက်နှာမကောင်းကြပါ..

အမကြီးကျနော့်ကိုရင်ဖွင့်တယ်

...”ငါ့ကိုဒေးဗစ်ပြစ်သွားပြီ”

ဘယ်လို..ဘယ်လို...???”

...”သူ့ဘဝရှေ့ရေးတိုးတက်ဖို့အခြားကိုထွက်သွားပြီ”

..”ငါ့ဆီကိုစာရေးခဲ့တယ်..”

...”ဘယ်လိုမှအဆက်အသွယ်လုပ်လို့မရဘူး”

ခွေးမသားဒေးဗစ်...အမကြီးကိုကစားစရာအရုပ်လိုသဘောထားသွားပြီ

စိတ်ထဲမှာနဲနဲထင့်နေတယ်..မဖြစ်ပါစေနဲ့လို့ဆုတောင်းခဲ့တယ်

ကျနော့်ဆုတောင်းမပြည့်ခဲ့ပါ

ရုပ်ဖြောင့်ဖြောင့်၊အပြောချိုတဲ့ကောင်..ပိုဆိုးနေပါ့လား..

အမကြီးကိုအယုံသွင်းသွားခဲ့ပြီး၊ခုတော့ပြစ်သွားပြီ...

သူတို့နှစ်ယောက်အချစ်ရေးကြားထဲမှာကျနော်ဘာမှပြောခွင့်မရှိ၊

ကျနော်ထိုင်ကြည့်နေယုံကလွဲလို့ဘာမှမတတ်နိုင်ပါ..

အမကြီး..အဖေနဲ့အမေ.အမကြီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြတယ်

အမကြီးတို့မိသားစုမပျော်မရွှင်နဲ့မြင်ရတာကျနော်လဲစိတ်မကောင်းပါ...

ဒီနေ့ Sunday အမကြီးတို့မိသားစုစိတ်ထိခိုက်နေကြလို့ဘုရားကျောင်းမသွားဖြစ်ခဲ့ပါ

ကိုဂျစ်

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၃ )

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

 

 

/////////////////////////////////////////////////

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

 

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၄ )

 

ဒီရက်တွေထဲမှာ..အမတို့အိမ်ကိုကျနော်ရောက်တယ်..

အမမျက်နှာမရွှင်လန်းဘူး..သူ့ရင်ထဲမှာဝေဒနာတွေခံစားနေရတုန်းဘဲ

အမ..ခံစားနေရတာ..ချစ်သူနဲ့ကွေကွင်းခြင်းဆိုတဲ့ဝေဒနာလို့ပြောရမလား...

မဟုတ်ဘူး...ချစ်သူစွန့်ပြစ်ခြင်းခံရတဲ့မိန်းမသားတစ်ယောက်ရဲ့ဝေဒနာ...

အမကြီး...ဒေးဗစ်ကိုတော်တော်ကြီးအချစ်ပိုခဲ့တယ်...

နောက်ပြီးအမဟာ အိမ်ထောင်ကျဘူးတဲ့အမျိုးသမီးတစ်ယောက်...

အမ..ဒေးဗစ်ကိုအချစ်နဲ့အတွေ့..ရောထွေးပြီးအချစ်ကြီးခဲ့သူတစ်ယောက်..

သူတို့တွေအိမ်ထောင်ပြုကြမယ်လို့ဆုံးဖြတ်ထားပြီးသား...

အမဘဝ..ဆိုးသွမ်းတဲ့ယောကျ်ားကိုကွာရှင်းပြီးစိတ်တူကိုယ်တူအကြင်နာတွေ

ပေးမည့်သူလို့ဒေးဗစ်ကိုမျှော်လင့်ခဲ့တယ်...

ဒါကြောင့်လဲအမ...ဒေးဗစ်ကိုမျှော်လင့်ချက်ကြီးကြီးနဲ့ချစ်ခဲ့တယ်...

မျှော်လင့်ချက်တွေပျက်စီးခဲ့ရတဲ့အမ..တော်တော်စိတ်ထိခိုက်ခဲ့တယ်...

ကျနော်နဲ့မိသားစုအားလုံး..နှစ်သိမ့်အားပေးစကားပြောယုံကလွဲလို့ဘာမှမတတ်နိုင်ပါ...

ချစ်ရသူနဲ့ကွေကွင်းခြင်း၊ချစ်သူစွန့်ပြစ်ခြင်းဝေဒနာတွေကိုကျနော်မကြားချင်၊မခံစားချင်ပါ

ဒီဝေဒနာတွေ..ကျနော်ခံစားခဲ့ဘူးပြီ....

ဘဝမှာချစ်ခဲ့ဘူးသူတစ်ယောက်သာရှိခဲ့တယ်..ကျနော့်အချစ်ဦး...

ကျနော်တို့ဆေးကောလိပ်မှာတွေ့ခဲ့ပြီး...ချစ်သူဖြစ်ခဲ့ကြတယ်...

ဘဝရည်မှန်းချက်ကြီးကြီးချမှတ်ခဲ့ကြတယ်...

ဒါပေမဲ့...ရည်မှန်းချက်တွေမပြည့်ခင်၊ဘဝအဆစ်အချိုးတွေကြားထဲမှာ

ကျနော်တို့နှစ်ယောက်ဝေးခဲ့တယ်..

ချစ်တဲ့နှလုံးသားနှစ်ယောက်လုံးမှာရှိနေတာနှစ်ဦးစလုံးသိနေတယ်

မဆုံနိုင်တော့ဘူးဆိုတာလဲသိသွားကြပြီ

ကြမ္မာဆိုးတွေကြောင့်ကျနော်..အဝေးကိုပြေးထွက်ခဲ့ရတယ်...

ဒီအကြောင်းတွေပြန်မစဉ်းစားချင်တော့ပါ...

ကျနော်တို့ချစ်သူနှစ်ယောက်ကြားထဲမှာကျနော်တို့ဓလေ့အတိုင်းစည်းကမ်းရှိခဲ့ကြတယ်..

ဒီနိုင်ငံ၊ဒီကဓလေ့နဲ့ကွာခြားပါတယ်...

ဘဝအသစ်မှာအားလုံးကိုမေ့ထားချင်တယ်...

ဒါပေမဲ့...တိုက်ဆိုင်တာတွေရှိရင်အရင်ကအကြောင်းတွေရင်ထဲရောက်ရောက်လာတယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဆေးရုံမှာကျင်လည်နေတဲ့ကျနော့်ဘဝ...ဆေးရုံမှာဘဲလှုပ်ရှားနေခဲ့တယ်..

အမတို့အိမ်ရောက်ရင်..အမ..ဝေဒနာတွေခံစားနေရတုန်းဘဲမပျော်တဲ့မျက်နှာကို

ဖုံးကွယ်ပြီးကျနော်တို့စကားတွေပြောဆိုခဲ့ကြတယ်...

ကျနော်သိနေတယ်...အမရင်ထဲကဝေဒနာတွေပျောက်ဖို့...နည်းလမ်းတွေက..

အချိန်အတိုင်းအတာတစ်ခုမှာတဖြေးဖြေးလျော့သွားမယ်...

နောက်တနည်းက..နောက်တစ်ယောက်တွေ့ခဲရင်..သူဒေးဗစ်ကိုမေ့သွားမယ်...

ဒါပေမဲ့..နောက်လူရဲ့စိတ်..ဘယ်လိုလဲ..မသိနိုင်ပါ

“နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”ဆိုရင်သေပြီ...

အမတို့ကုန်တိုက်ရောက်ရင်လဲ..အမ..ငူငူငေါင်ငေါင်..စိတ်တွေလေနေဆဲ..

တစ်ရက်ကျနော်ဆေးရုံမှာရှိနေခိုက်..ကျနော့်လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ်ယောက်

ကျနော့်ကိုသတင်းလာပေးတယ်...

“မင်းတို့အမျိုးတစ်ယောက်ဆေးရုံရောက်နေတယ်...”

ဆေးရုံဝန်ထမ်းအများစုသိထားတာ...အမကြီးတို့မိသားစုကိုကျနော့်ဆွေမျိုးတွေလို့ဘဲသိကြတယ်

အသက်ကြီးတဲ့အမကြီးတို့မိဘတွေ..တခုခုများဖြစ်လားမသိ...

ကျနော်မြင်လိုက်တော့အံ့ဩသွားရတယ်...လူကြီးတွေမဟုတ်...

အမကြီးကိုယ်တိုင်..ပွန်းပဲ့ဒဏ်ရာတွေနဲ့ညာဖက်ခြေသလုံးကျိုးတဲ့ဒဏ်ရာ..

ကုန်တိုက်စတိုထဲမှာပစ္စည်းတွေရှင်းလင်းနေရာချထားရင်းထပ်ထားတဲ့ပစ္စည်းပုံပြိုကျတာ..

အခြားဝန်ထမ်းတွေလဲပွန်းပဲ့ဒဏ်ရာတွေ...အမကြီးကခြေကျိုးတယ်...

ဆေးမှတ်တမ်းနဲ့ဓါတ်မှန်တွေယူကြည့်တာ...ခြေသလုံးရိုးကျိုးတယ်...

လက်မောင်းနဲ့လက်ဖျံနေရာတွေမှာကွဲပြဲနေလို့ချုပ်ရတယ်...

ခြေသလုံးရိုးကျိုးတဲ့ဒဏ်ရာကအရေပြားကိုမဖေါက်ထွက်ဘူး...

အရိုးဆရာဝန်..စတီးချောင်းထည့်မယ်လို့ရေးထားတယ်...

အမကြီးမိဘ..အန်ကယ်နဲ့အန်တီရောက်လာကြတယ်....

ကျနော်လူကြီးတွေကိုစိတ်မပူစေလိုပါ...

ဆေးရုံကဆရာဝန်တွေအကောင်းဆုံးကုသပေးမယ်လို့ပြောပြလိုက်တယ်...

သူတို့နိုင်ငံမှာလူမှုဖူလုံရေးလိုမျိုးလဲရှိတယ်..ကျန်းမာရေးအာမခံလဲရှိတယ်..

ကုန်တိုက်ကအမကြီးဆေးရုံမှာကုသတာတွေတာဝန်ယူပေးတယ်....

အန်ကယ်နဲ့အန်တီကိုစိတ်မပူဖို့၊ကျနော်အမြဲကြည့်ပေးမယ်လို့ဂတိပေးခဲ့တယ်...

အမှန်တကယ်လဲကျနော်...အမကြီးအနားမှာအမြဲရှိနေခဲ့တယ်....

အိပ်ချိန်တွေကလွဲလို့...နောက်ကျတော့ကျနော်ဆေးရုံမှာဘဲအိပ်လိုက်တယ်...

အရိုးဆရာဝန်ပြောပြတာအမကြီးအနဲဆုံး ၃ လလောက်နားရတော့မယ်...

အရိုးထဲစတီးချောင်းထည့်ပြီး ၁၀ ရက်မှာခွဲစိပ်ဒဏ်ရာကောင်းသွားမယ်..

ခြေ‌ထောက်နေသားတကျဖြစ်ဖို့ ၁ လ လောက်အချိန်ယူရမယ်...

ဒီအတောအတွင်းဝှီးချဲလ်နဲ့နေရမယ်...

၁ လကျော်ရင်ဂျိုင်းထောက်ဒါမှမဟုတ် ၄ချောင်းထောက်နဲ့သွားလာလို့ရမယ်..

လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်..၃ လကျော်ရင်ပုံမှန်ပြန်ဖြစ်မယ်...

ကျနော်စဉ်းစားကြည့်တယ်...အမကြီးတို့တိုက်ခန်းက ၃ ထပ်မှာ..

ဓါတ်လှေခါးမရှိ..အမကြီးအပေါ်တက်အောက်ဆင်းလုပ်ရခက်မယ်...

နောက်ပြီးဆေးရုံမှာလေ့ကျင့်ခန်းလာလုပ်ရမယ်..

ဆေးရုံနဲ့အမတို့အခန်းနဲ့နဲနဲဝေးတယ်...

ကျနော့်အိမ်မှာနေရင်အဆင်အပြေဆုံး...ဆေးရုံနားမှာဘဲ...

မိသားစုတွေနေဖို့ပေးထားတဲ့အိမ်မှာ အခန်း ၃ ခန်းရှိတယ်..

ချက်ပြုတ်ဖို့မီးဖိုဆောင်တွေ..၊အရမ်းအေးလို့အနွေးပေးစက်တွေပေးထားတယ်...

အမကြီးကိုခေါ်နေရင်သူနေမှာမဟုတ်..သူ့အခန်းကိုဘဲပြန်မယ်...

အမကြီးစိတ်ဓါတ်ကျနော်သိတယ်...

သူကသူတပါးကိုဘဲကူညီတယ်...သူများအကူအညီတွေမယူတတ်သူ...

ဒါကြောင့်လဲကျနော့်ကိုသူကူညီခဲ့တယ်...

အန်ကယ်နဲ့အန်တီကိုကျနော်စည်းရုံးရတယ်...

ဆေးရုံကဆင်းရင်ကျနော့်အိမ်မှာနေဖို့အတွက်သူတို့ကိုအခုထဲကခေါ်လာခဲ့တယ်..

အန်ကယ်နဲ့အန်တီလဲသဘောတူတယ်..အားလုံးအတွက်အဆင်ပြေဆုံး...

ကျနော်အမြဲကြည့်ပေးလို့ရတယ်...ဆေးရုံမှာလေ့ကျင့်ခန်းလုပ်ရင်နီးနီးလေး..

“ဒီတလော..ငါဘာဖြစ်နေပါလိမ့်...”

“ငါမှာပြဿနာပေါင်းစုံနဲ့တွေ့နေရတယ်...”

“ကိုယ့်ကိုကိုယ်တောင်စိတ်ပျက်လာပြီ...”

...”ဒီလိုလဲမဟုတ်ပါဘူး..ဖြစ်တတ်တဲ့သဘောပါ..ကျနော်တို့အကောင်းဆုံးလုပ်ပေးနေတယ်”

...”အမဒီနိုင်ငံသူ...အမအလုပ်၊လုပ်စရာမလို..”

....”အမအတွက်နိုင်ငံတော်ကကြည့်ပေးမယ်..”

..”ဒီနေ့လည်က မီးလောင်ဗုံးအပြစ်ခံရတဲ့အာရှသားအထည်ချုပ်ဝန်ထမ်းတွေဆေးရုံရောက်လာတယ်”

..”သူတို့တွေဘဝနဲ့ယှဉ်လိုက်ရင်..အမဘဝအများကြီးသာပါတယ်...”

အမကြီးသူတို့ကိုကြည့်ချင်တယ်ဆိုလို့ကျနော်ဝှီးချဲလ်နဲ့လိုက်ပို့ပေးခဲ့တယ်

သူတို့တွေကိုကြည့်ပြီးအမ..စိတ်မကောင်းဘူး..

“သူတို့တွေကိုငါသနားလိုက်တာ...မိစုံဖစုံလဲမဟုတ်၊ရေမြေခြားတဲ့နိုင်ငံမှာ”

“မောင်လေး...နင်တို့ဘဝတွေတော်တော်ရုန်းကန်ခဲ့ရတယ်နော်”

သူတို့တွေကိုကြည့်ရင်း...အရင်ကျနော့်ဘဝကိုအမပြန်သတိရပြီးပြောနေတယ်

ဆေးရုံဆင်းလို့ရတဲ့နေ့ရောက်တော့အမသူ့အိမ်ကိုလိုက်ပို့ပေးဖို့ကျနော့်ကိုပြောတယ်

အန်ကယ်နဲ့အန်တီပါရောက်လာပြီး..လောလောဆယ်ကျနော့်အိမ်မှာနေဖို့ဝိုင်းနားချခဲ့တယ်

လူကြီးတွေဝိုင်းပြောကြလို့အမကြီးကျနော့်အိမ်ရောက်လာပါတယ်...

ဒါပေမဲ့..အမကြီးကျနော့်ကိုကြည့်တဲ့အကြည့်ထဲမှာအားနာတဲ့ပုံရိပ်တွေ့နေရတယ်..

ကျနော်လဲအခွင့်ကြုံလို့ကိုယ်နိုင်တဲ့အတိုင်းအတာလောက်ကျေးဇူးဆပ်တာပါ

အမကြီးမိသားစုနဲ့ကျနော့်အိမ်မှာနေ၊နေတဲ့အချိန်လေးတွေပျော်စရာကောင်းလိုက်တာ..

ကျနော့်ဘဝအတိတ်ကိုပြန်သတိရစေပါတယ်...

ကျနော့်ဖေဖေ၊ကျနော့်မေမေ၊ကျနော့်ညီမလေးအတူတူနေခဲ့တဲ့အချိန်တွေကိုပြန်သတိရတယ်

ကျနော့်ဘဝရဲ့ပျော်စရာအတိတ်ပုံရိပ်မျိုးပြန်မရနိုင်တော့ပါ....

တစ်ရက်..ကျနော်အမကြီးကိုလက်သည်းညှပ်တယ်၊ခြေသည်းညှပ်တယ်

“မောင်လေး...နင်ဘာတွေလုပ်နေတာလဲ..မလုပ်ပါနဲ့..”

ကျနော်ခြေသည်းညှပ်ပေးတာအမကြီးလက်မခံ..

“သည်းခံပါ...အမကြီး  အတွက်ကောင်းတာလုပ်ပေးချင်လို့ပါ..”

ကျနော်သစ်သားသေတ္တာသေးသေးတစ်လုံးထဲမှာ အမကြီးလက်သည်း၊ခြေသည်း၊ဆံပင်၊

အမအဝတ်အဟောင်းတွေကိုထည့်ပြီးကျနော်တို့မြို့နားဖြတ်စီးဆင်းနေတဲ့ရိုင်းမြစ်(Rhine River )

ဆီကျနော်တို့သွားကြတယ်..

အမလဲစိတ်ပြေလက်ပျောက်ဖြစ်အောင်၊အန်ကယ်နဲ့အန်တီပါခေါ်ပြီး

ကျနော့်ကားလေးနဲ့ရိုင်းမြစ်ဘေးကိုလာခဲ့ကြတယ်

သစ်သားသေတ္တာဘေးမှာ Sophia Schwarzie လို့နာမည်ရေးလိုက်တယ်

“နင့်ကဘယ်လိုလုပ်ငါ့မှတ်ပုံတင်ထဲကနာမည်သိနေလဲ”

...”ကျနော့်လက်ထဲမှာ ဆေးရုံလူနာဆေးမှတ်တမ်းရှိတယ်လေ”

ငယ်ငယ်တုန်းကအသားညိုလို့ Schwarzie လို့ချစ်စနိုးခေါ်တဲ့အကြောင်းအန်ကယ်ပြောဘူးတယ်

မြစ်ထဲအမပစ္စည်းတွေထည့်ထားတဲ့သေတ္တာကိုရေထဲမျောပြစ်လိုက်တယ်...

“ဆိုးတဲ့ကံတွေ..နိမ့်နေတဲ့ကံတွေ..ဝေးရာကိုသွားကြပါတော့..”

ကျနော်တို့ဆီမှာကံနိမ့်နေတာမျိုးဆိုရင်လုပ်လေ့ရှိတဲ့ယတြာချေသလိုမျိုးလုပ်လိုက်တယ်

အမဘာမှမပြောသလို၊ကျနော်တို့ရိုးရာဓလေ့သူဘာမှနားမလည်..   

ဒါပေမဲ့...ကောင်းတာလုပ်ပေးတဲ့အတွက်ကျေကျေနပ်နပ်လက်ခံပေးတယ်...

ကျနော့်ကိုမျက်ရည်ဝဲနေတဲ့မျက်လုံးနဲ့ကြည့်ပြီး

“မောင်လေး...နင်ငါတို့မိသားစုကိုတော်တော်ဂရုစိုက်တယ်နော်...”

“ငါ့အမျိုးတွေတောင်..ငါတို့ကိုဂရုမစိုက်ကြဘူး”

....”အမ..ကူညီပေးလို့ဒီမှာကျနော်ဆရာဝန်ဖြစ်လာရတာ..”

...”အမ..ကူညီတာတွေပိုများပါတယ်...”

ကျနော့်အိမ်မှာအမတို့နေ၊နေခဲ့တဲ့အတောအတွင်းကျနော့်ဘဝအရာရာပြည့်စုံသလိုဘဲခံစားခဲ့ရတယ်

ကျနော်တို့မိသားစု..စုစုဝေးဝေးနဲ့နေခဲ့တဲ့ဘဝကိုလဲပြန်သတိရစေပါတယ်

ကျနော်အမကိုလေ့ကျင့်ခန်းတွေလုပ်ဖို့ဆေးရုံကိုဝှီးချဲလ်နဲ့အမြဲလိုက်ပို့တယ်

ကျနော်တို့အိမ်မှာချက်ပြုတ်စားသောက်လေ့ရှိတယ်..

ကျနော်အခုမှအိမ်ထမင်းဟင်းတွေကိုပြန်စားဖြစ်ခဲ့တယ်...

ကျနော့်ဘဝအိမ်ဟင်း၊အိမ်ထမင်းနဲ့ဝေးနေတာတော်တော်ကြာခဲ့ပြီ..

ဖြစ်သလိုစားခဲ့တဲ့ရက်တွေမနဲတော့ဘူး

အိမ်ထမင်း၊ဟင်းဆိုလို့အဖြစ်ပြောတာပါ..ဒီမှာဆန်မစားကြဘူး..ဂျုံဘဲစားကြတာ

ဘာဖြစ်ဖြစ်..အိမ်မှာချက်စားတာဆိုတော့အိမ်ထမင်း၊ဟင်းလို့ဘဲပြောလိုက်တာပါ

တည..ကျနော်ဆေးရုံမှာအရေးပေါ်လူနာတွေရှိနေလို့အိမ်ပြန်နောက်ကျတယ်...

ည ၁၂ နာရီကျော်နေပြီ...အမ..အိမ်ရှေ့ဝရန်တာမှာအနွေးထည်နဲ့ဝှီးချဲလ်မှာထိုင်နေတယ်..

“အေးလိုက်တာ..အမရယ်..နောက်ကျနေပြီ..အမ..မအိပ်သေးဘူးလား”

ကျနော်ဝှီးချဲလ်တွန်းပြီးအိမ်ထဲဝင်လိုက်တယ်..အပြင်မှာအေးတယ်...

...”အိပ်မပျော်လို့ပါ..မောင်လေးလဲမရောက်သေးဘူးဆိုလို့အမထိုင်နေတာပါ..”

အန်ကယ်နဲ့အန်တီ..တို့အိပ်နေကြပြီ...

..”ငါတို့နေ,နေတာ တစ်လပြည့်တော့မယ်..”

“အမ..ဒါတွေမစဉ်းစားနဲ့လေ..ဒီမှာနေရတာအဆင်ပြေတယ်မလား..”

“အမတို့ဆက်နေလေ...”

“မဖြစ်ဘူး...၃ လ ဆိုရင်ငါအလုပ်ဝင်ရတော့မယ်..”

“ကုန်တိုက်နဲ့ဆေးရုံကဝေးတယ်..ငါ့အတွက်အဆင်မပြေဘူး..”

...”အခု ၃ လမပြည့်သေးဘူးလေ..၊အလုပ်ကိစ္စတွေခဏမေ့ထားလိုက်ပါ”

...”အမတို့မိသားစုကိုကျနော်ကျေးဇူးတင်တယ်..”

...”ကျနော့်ဘဝ..မိသားစုနဲ့နေတဲ့ခံစားမှုမျိုးဝေးနေတာကြာခဲ့ပြီ”

...”အမတို့ရောက်လာလို့ကျနော်မိသားစုခံစားချက်တွေပြန်ရတာ..”

“မောင်လေး..နင်ဘာလို့အိမ်မပြန်တာလဲ..”

...”ပြောရင်အမနားလည်မှာမဟုတ်ဘူး..ကျနော်အိမ်ပြန်လို့မရဘူး..”

“နင်ဆရာဝန်ဆိုတော့..နင့်မှာရီးစားမရှိဘူးလား..”

...”ရှိခဲ့ပါတယ်...ဒါပေမဲ့သူနဲ့ကျနော်...အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲခဲ့ကြရတယ်”

...”မုန်းလို့မဟုတ်ဘူး..”

“ငါနားမလည်ဘူး..ဒီလောက်ချစ်ခဲ့ပြီးမှညှိလို့မရဘူးလား..”

“အစထဲကအမြင်မတူဘဲနဲ့ဘယ်လိုချစ်ခဲ့ကြလဲ...”

...”ကျနော်ပြောရင်လဲအမနားလည်မှာမဟုတ်ဘူး...”

...”ကျနော်တို့တွေစနစ်တစ်ခုအပြောင်းအလဲမှာသားကောင်ဖြစ်ခဲ့ရတယ်”

“နင့်ကိုငါကြည့်ပြီးသနားတယ်..၊နင်အထီးကျန်နေတာငါမကြည့်ရက်ဘူး..”

“နင့်ဆေးရုံမှာချစ်ရမဲ့သူမတွေ့ဘူးလား..”

...”ကျနော်အချစ်အသစ်လဲမရှာချင်ဘူး..ရီစားဟောင်းကိုချစ်နေတာလဲမဟုတ်ဘူး”

...”ကျနော်အားလုံးကိုမေ့ထားလိုက်ပြီ..”

...”နောက်ပြီးကျနော့်ဘဝလက်တွဲဖော်ဆိုတာကကျနော့်ကိုနားလည်ဖို့လဲလိုသေးတယ်”

...”ကျနော့်အမြင်ဒီကလူတွေကျနော့်ကိုနားလည်မှာမဟုတ်ဘူး”

အမကျနော့်ကိုငေးကြည့်နေတယ်...

“ငါ့ဘဝကျတော့..ငါ့မှာချစ်လိုက်ရတာ..ငါ့ကိုအနိုင်ကျင့်တဲ့လူနဲ့လဲတွေ့ခဲ့ရတယ်..

“နောက်လူကျတော့ငါ့ကိုပြစ်ထားခဲ့တယ်”

အမပြောရင်းငိုနေတယ်..သူ..ဒေးဗစ်ကိုသတိရသွားပြီ...

..”မငိုပါနဲ့အမ..တနေ့နေ့..အမကိုချစ်တဲ့သူပေါ်လာမှာပါ..”

“ငါယောက်ျားတွေကိုစိတ်ကုန်လာပြီ..”

..”အမ..နောက်ဆိုရင်သူချစ်ကိုဘဲရှာပါနော်၊ကိုယ်ချစ်ဆိုရင်ကိုယ်ဘဲပင်ပမ်းတယ်”

“နင်ကော..ဘယ်လိုအချစ်ရှာမလဲ..”

...”ကျနော်ကျတော့ကိုယ်ချစ်ကိုဘဲရှာချင်တယ်..”

...”ကိုယ်သဘောကျတဲ့သူကိုဘဲချစ်ချင်တယ်”

“ငါ့ကိုပြောတော့သူချစ်ရှာဖို့ပြောပြီး..နင်ကျတော့ကိုယ်ချစ်ကိုရှာတယ်”

..”အမဘဝနဲ့ကျနော့်ဘဝ..မတူဘူးလေ..”

..”နောက်ပြီးမိန်းခလေးနဲ့ယောက်ျားလေး.”

..”မိန်းခလေးဆိုတာ..ပန်းပွင့်နဲ့တူတယ်..ယောက်ျားလေးကပုတုန်းနဲ့တူတယ်”

..”ပုတုန်းကောင်တွေကပန်းပွင့်တွေကိုရစ်ဝဲသလိုရောက်လာမယ်..”

..”မိန်းခလေးကကြိုက်တာရွှေးခွင့်ရှိတယ်..လာတဲ့လူတွေကိုအမဆုံးဖြတ်ပေါ့”

..”အေး..ငါဆုံးဖြတ်လိုက်လို့..ငါဘဲခံခဲ့ရပြီးပြီ”

..”နင်တို့ယောက်ျားတွေကအရမ်းဟန်ဆောင်ကောင်းတယ်”

“တချိန်ချိန်..အမဖူးစာရှင်အမှန်ပေါ်လာမှာပါ”

..”အေး..ငါလဲဂဲမှန်ဘူးတဲ့စာသူငယ်ဖြစ်နေပြီ၊.ငါ့ကိစ္စထားလိုက်တော့နင်လဲနင့်လက်တွဲဖေါ်ရှာအုန်း”

..”ကျနော်..ဒီနိုင်ငံသားမဟုတ်ဘူး..ကျနော့်ဘဝမပြည့်စုံဘူး..”

..”ကျနော်မပြည့်စုံလို့ရုန်းကန်ရအုန်းမယ်..”

...”ကျနော့်နဲ့လက်တွဲမဲ့လူကအတူတူကြိုးစားရုန်းကန်ဖို့လိုသလို”

..”....ကျနော့်အပေါ်အလိုက်သိဖို့လဲလိုတယ်..”

..”ကျနော့်အပေါ်နားလည်ဖို့လဲလိုတယ်..”

..”အဲဒါတွေက..ကျနော့်ချစ်သူရဲ့လိုအပ်ချက်တွေ..”

...”လိုအပ်ချက်များနေတဲ့ကျနော့်အတွက်ကျနော့်လက်တွဲဖေါ်ရဖို့မလွယ်ပါဘူး”

..”ပြန်စဉ်းစားကြည့်ရင်..မိန်းခလေးတိုင်းကအားလုံးအဆင်ပြေနေတာကိုဘဲမှန်းကြတယ်”

..”အဲ့လိုမျိုးဆိုရင်..ကျနော့်အတွက်အချစ်ရှာဖို့ခက်တယ်..”

...”ဒီမှာကျနော်ရီးစားရဖို့မလွယ်ဘူး....ဒါကြောင့်ချစ်သူမရှာဘူး”

“နင်ပြောတဲ့နင့်ချစ်သူဟာ..တော်တော်ကံကောင်းမဲ့မိန်ခလေးလို့ဘဲငါမြင်တယ်”

“နင်ချစ်သူမြန်မြန်ရပါစေ..ဒါမှနင်အထီးကျန်တဲ့ဘဝကလွတ်မှာ”

ဒီနေ့ညအမနဲ့ကျနော်..အချိန်တော်တော်ကြာကြာစကားတွေပြောဖြစ်ခဲ့ကြတယ်..

အမကြီးကျနော့်အိမ်မှာနေခဲ့တဲ့ ၃ လ မှာကျနော့်အိမ်မိသားစုလေးလိုဘဲ..

စားစရာတွေကျနော်ဈေးဝယ်ပေးတယ်..ကျနော်တို့ချက်စားကြတယ်...

အမကြီးလေ့ကျင့်ခန်းလုပ်ဖို့ဆေးရုံသွားတယ်..ကျနော်ဝှီးချဲလ်တွန်းသွားပေးတယ်..

ပြီးရင်ဆေးရုံနားကပန်းခြံမှာသွားထိုင်ကြတယ်..

အန်ကယ်နဲ့အန်တီ..တို့ပါလိုက်ခဲ့တယ်..

ညဖက်တွေမှာမိသားစုစကားဝိုင်း..ထိုင်ပြောကြတယ်...

အမတို့ပြန်သွားကြတော့..ကျနော့်ရင်ထဲမှာဟာပြီးကျန်ခဲ့တယ်..

အမတို့မိသားစုဘယ်လိုခံစားနေလဲမသိဘူး....

ကျနော်..အရင်နေခဲ့တာတွေကိုအရမ်းလွမ်းတယ်...

ကျနော်အားရင်အမတို့ဆီသွားတယ်...အမအလုပ်သွားနေရင်အန်ကယ်တို့နဲ့စကားပြောတယ်..

အမကြီးရှိနေရင်..မိသားစုစကားဝိုင်းပိုပြည့်စုံတာပေါ့...

သူတို့ပြန်သွားတာ ၆ လကျော်သွားပြီ..

နေသားနဲနဲကျလာပြီ..သတိရနေတဲ့စိတ်တွေရှိနေဆဲ..

မိသားစုနေခဲ့တဲ့အချိန်တွေကိုလွမ်းနေဆဲ...

သတိရရင်..အမကြီးတို့အိမ်လိုက်သွားတယ်..

ကျနော့်ဘဝလဲနေရာသစ်မှာတဖြေးဖြေးအသားကျသလိုဖြစ်လာပါပြီ...

အမကြီးတို့ပြန်သွားတဲ့နောက်ပိုင်းမှာကျနော့်ရင်ထဲမှာဝေဒနာတစ်ခုဖြစ်လာတယ်...

ဘဝနဲ့ရင်းပြီးဆုံးဖြတ်ရမဲ့အချိန်ရောက်လာပြီထင်တယ်..

ဒီဆုံးဖြတ်ချက်အကောင်ထည်ဖေါ်ရင်ကောင်းမလား...

မှားတယ်မှန်တယ်ဆိုတဲ့အကျိုးဆက်ကကျနော့်ဘဝနဲ့ဆိုင်‌သွားပြီ..

ဖြစ်သမျှအကျိုးဆက်ကိုကျနော့်ဘဝနဲ့ရင်းပြီးခံသွားမယ်..

ဘဝကိုဒီလိုပုံစံမျိုး..ဒီလိုအနေအထားနဲ့ဆက်မလျှောက်ချင်တော့ပါ

ကျနော်အချိန်ယူပြီးစဉ်းစားနေခဲ့မိတယ်...

ကျနော့်ဆုံးဖြတ်ချက်မပြင်တော့ပါ..စိတ်ကိုဒုံးဒုံးချပြီးဆုံးဖြတ်လိုက်ပြီ.....

ကိုဂျစ်

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၄ )

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

 

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

 

////////////////////////////////////////////////

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၅ )

 

တစ်ခုသောကျေးဇူးတော်နေ့...

ကျနော့်ဆီအမကြီးဖုံးဆက်လာတယ်...

အိမ်မှာအမျိုးတွေနဲ့ကျေးဇူးတော်နေ့စားပွဲလုပ်မယ်..လာခဲ့ဖို့...

ကျနော်ရောက်ချိန်အမျိုးတွေတော်တော်စုံနေပြီ...

မတွေ့တာကြာနေပြီဖြစ်တဲ့အမျိုးတွေနဲ့အမကြီးစကားတွေပြောနေကြတယ်..

အမကြီးခြေထောက်ဒဏ်ရာအကြောင်းတွေ၊ကျနော့်အိမ်မှာ ၃ လနေခဲ့တဲ့အကြောင်းတွေ

ပြောနေကြတယ်..အားလုံးကကျနော့်ကိုကျေးဇူးတင်ကြောင်းလာပြောကြတယ်....

ကျနော်တို့အားလုံးကျေးဇူးတော်နေ့ဆုတောင်းပွဲကိုလုပ်ကြပါတယ်...

နောက်ပြီးသူတို့ပြင်ဆင်ထားတဲ့ကြက်ဆင်သားကိုစားကြတယ်...

အဓိကလုပ်တာ..အမကြီးကျနော့်ကိုကျေးဇူးတင်တဲ့အနေနဲ့လုပ်တဲ့ပွဲ...

နောက်ပြီး..အမျိုးတွေကိုလူမျိုးခြားကျနော့်လိုလူကဂရုစိုက်တာကိုပြချင်လို့...

အမျိုးတွေအားလုံးလဲဝန်ထမ်းတွေ..ဘာလင်တံတိုင်းဖြိုချပြီးနောက်ဂျာမန်နိုင်ငံ

စီးပွားကျနေတယ်..ဘယ်သူမှလဲချောင်ချောင်လည်လည်မရှိကြပါ...

ကိုယ့်မိသားစုအရေးကိုဘဲဂရုစိုက်နိုင်ကြမယ်..အပြစ်ပြောလို့မရပါ..

အားလုံးကိုကျနော်နှုတ်ဆက်တယ်...

ဆေးရုံနဲ့ပတ်သက်တဲ့အကူအညီရှိရင်လာဖို့..တတ်နိုင်သမျှကူညီပေးမယ်လို့ပြောခဲ့တယ်..

သိပ်မကြာခင်အမျိုးတွေပြန်ကြတော့မယ်..

အချိန်ရောက်ပြီထင်တယ်...

အမျိုးတွေကြားထဲမှာရောက်နေတဲ့အမကြီးအရှေ့မှာကျနော်ဒူးထောက်လိုက်တယ်..

အဆင်သင့်ပါလာတဲ့ဗူးထဲကလက်စွပ်ကိုထုတ်ရင်း...

“အမကြီး...ကို..ကျနော်လက်ထပ်ပါရစေ...”

“ကျနော့်လက်ထပ်လက်စွပ်လေးကိုအမလက်မှာဝတ်ဆင်ခွင့်ပြုပါ..”

ကျနော့်နှုတ်ကစကားလုံးတွေ..ကဘောက်တိကဘောက်ချာ..စီစဉ်မကျထွက်သွားပါတယ်..

လုံးဝမမျှော်လင့်တဲ့စကားကြားလိုက်တဲ့အမကြီး..အံ့ဩတဲ့မျက်နှာနဲ့ကျနော့်ကိုစိုက်ကြည့်နေတယ်..

အမျိုးတွေအားလုံးကလက်ခုတ်တီးပြီးဝိုင်းဩဘာပေးကြတယ်

အန်ကယ်နဲ့အန်တီ..တစ်ယောက်ကိုတစ်ယောက်ဖက်ပြီးမျက်ရည်ကျနေတယ်...

အမကြီးလဲကျနော့်ရှေ့ဒူးထောက်ထိုင်ရင်း...

“မောင်လေး...နင်စဉ်းစားပါအုန်း...”

“နင့်အခြေအနေနဲ့ငါနဲ့ကွာနေတယ်နော်...”

သူကျနော့်လက်စွပ်ကိုဗူးထဲပြန်ထည့်ပေးပြီး၊အမကြီးလက်ကာပြတယ်...

သဘောကသူလက်မခံတဲ့သဘော...

“ကျနော်လက်ထပ်ပါရစေ”

...”နောက်မှငါတို့ဆွေးနွေးကြတာပေါ့..”

..”ဧည့်သည်တွေပြန်ကြပါစေ..နင်မပြန်နဲ့အုန်း..”

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

“နင့်ဆီကဒီစကားသံကြားလိုက်တာ..ငါ့ဘဝအကြားချင်ဆုံးစကားကြားလိုက်ရသလိုဘဲ”

“ငါတို့မိန်းခလေးတိုင်းဟာ..ကိုယ့်ကိုတန်ဘိုးထားပြီးပြောတဲ့စကားမျိုးကိုအမြဲမျှော်လင့်ခဲ့ကြတာ”

“ငါ့နားထဲမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်...”

“နင့်ဆီကတောင်းဆိုမှုတွေ..ငါမလိုက်လျောစရာ...ဘာရှိလို့လဲ..”

“နင့်လက်ထပ်ခွင့်...ငါစဉ်းစားစရာတောင်မလိုဘူး..လက်ခံလို့ရတယ်...”

“ငါစဉ်းစားနေတာက နင့်အတွက်...နင့်ဘဝအတွက်..”

“နင်နဲ့ငါ...အသက် ၁၀ နှစ်လောက်ကွာတယ်..”

“ပြီးတော့..ငါကအပျိုမဟုတ်ဘူး..တခုလပ်..၂လင်ကွာထားတဲ့မိန်းမ..”

“နင်တသက်လုံးငါ့ကိုမေတ္တာထားနိုင်ပါ့မလား..”

“နင်ဟာဆရာဝန်တစ်ယောက်..”

“နင့်ရှေ့ရေး..အလားအလာကောင်းနေတယ်...”

“ငါ့လိုမိန်းမနဲ့နင်...မတန်ဘူး..”

“ငါ..နင့်အတွက်ကိုစဉ်းစားပေးနေတာပါ...”

ကျနော်၊အမကြီး၊အန်ကယ်နဲ့အန်တီ...အတူတူထိုင်စကားပြောနေကြတယ်...

အန်ကယ်နဲ့အန်တီ...ဘာမှဝင်မပြောဘူး...ကျနော်တို့ပြောတာနားထောင်နေတယ်

“အမ..ကျနော့်ကိုမကူညီခဲ့ရင်ကျနော်ဆရာဝန်ဖြစ်လာမှာမဟုတ်ဘူး”

“ကျနော်ဆရာဝန်ဖြစ်လာတာ..အမတို့မိသားစုကျေးဇူးကြောင့်ဆရာဝန်ဖြစ်လာတာ..”

“ဒါကြောင့်ကျနော့်ဘဝကိုအမအတွက်ပေးဆပ်ဖို့ဆုံးဖြတ်ခဲ့တာပါ..”

“အမ..တစ်ယောက်ထဲဝေဒနာတွေခံစားနေရချိန်မှာကျနော့်ဆုံးဖြတ်ချက်ပိုခိုင်မာလာရတယ်..”

“ကျနော်..အမကိုစိတ်ချမ်းသာအောင်ထားပြီးစောင့်ရှောက်နေမယ်..”

“ကျနော်မျှော်လင့်ခဲ့တဲ့မိသားစုမျိုးတည်ဆောက်ချင်တယ်..”

...”နင့်လက်စွပ်နင်ပြန်သိမ်းထားပါအုန်း..”

...”နင်လဲပြန်စဉ်းစားပါ...”

...”ငါ့ကိုစိတ်မကုန်ဘူးဆိုရင်..နောက်အပတ်ပြန်လာခဲ့..”

/////////////////////////////////////////////////

စာတမ်းကိုအချောသတ်ပြင်ဆင်နေတယ်...

ပုံမှန်လုပ်နေကျ ၆ လပတ်ဆေးပညာဆွေးနွေးပွဲအတွက်ရေးနေတာပါ..

၆ လအတွင်းမှာကျနော်ကုသခဲ့သောလူနာများအကြောင်းကိုစာတမ်းရေးပြီးဆွေးနွေးကြမယ်..

ကုသရတာခက်ခဲတဲ့လူနာတွေအကြောင်းအဓိကဆွေးနွေးကြမယ်..

ဆေးရုံကပါမောက္ခကြီးတွေအပြင်အခြားဆေးရုံကဆရာဝန်ကြီးတွေလဲလာနားထောင်လေ့ရှိတယ်

ကျနော့်တစ်ယောက်ထဲစာတမ်းမဟုတ်ပါ၊ဆေးရုံကဆရာဝန်အားလုံးရဲ့စာတမ်းတွေပါတယ်..

ရေးရတာခါးညောင်းလာလို့တံခါးဖွင့်ပြီးဝရန်တာမှာအညောင်းဆန့်လိုက်တယ်...

ဂျာမဏီမှာမတ်လရောက်နေပေမဲ့ရာသီဥတုကအေးနေတုန်းဘဲ

ကျနော်တို့ဆီမှာနေပူညချမ်းတဲ့နွေရာသီအစ...ရောက်နေပြီ

“ဒယ်ဒီ...ရော့..အနွေးထည်...ဝတ်ထားတဲ့..မာမီပြောတယ်..”

..”အေး..အေး...သမီးလေး..မအိပ်သေးဘူးလား..”

“ဟင့်အင်း..အိပ်ချင်သေးဘူး..”

“ဒယ်ဒီ...မာမီ..ငိုနေတယ်..ချော့လိုက်လေ..”

တီတီတာတာစကားတွေပြောနေတဲ့ကျနော့်သမီးလေး..အိန်ဂျယ်..အနွေးထည်ပေးရင်း..

အထဲဆွဲခေါ်ခဲ့တယ်...

...”အမ..ဘာဖြစ်လို့လဲ..”

“ငါ့အကြောင်းငါစဉ်းစားမိပြီးငိုချင်လာလို့ပါ..”

“နင့်ကိုလက်ထပ်လိုက်တာ..ငါတကိုယ်ကောင်းဆန်သွားပြီလားလို့စဉ်းစားရင်းငိုချင်လာတယ်”

ကျနော်တို့နှစ်ယောက်အကြောင်းပြန်စဉ်းစားမိတယ်...

လက်ထပ်ဖို့ကိစ္စကျနော့်ကိုတစ်ပတ်ပြန်စဉ်းစားခိုင်းခဲ့တယ်...

နောက်တပတ်ကျနော်သွားခဲ့တယ်..ကျနော့်ဆုံးဖြတ်ချက်မပြင်ပါဘူး

အမကိုလက်ထပ်လက်စွပ်ဝတ်ပေးခဲ့တယ်...

အန်ကယ်နဲ့အန်တီ...ရှေ့မှာဝတ်ပေးခဲ့တယ်...

အဲဒီနေ့..သူတို့ ၃ ယောက်လုံးမျက်ရည်ကျနေတယ်...

အန်ကယ်နဲ့အန်တီ..အမကြီးရှေ့ရေးစိတ်အေးသွားရပြီ..ဝမ်းသာလို့ကျတဲ့မျက်ရည်..

သူတို့ကိုကြည့်ပြီးကျနော်လဲမျက်ရည်ကျခဲ့တယ်..

ကျနော့်မျက်ရည်က..ကျေးဇူးရှင်ကိုကျေးဇူးဆပ်ခွင့်ရတဲ့မျက်ရည်..

အခုကျနော်တို့သမီးလေး Angel Schwarzie အသက် ၄ နှစ်ပြည့်တော့မည်

စကားတွေပြောတတ်နေပြီ..

အမမျက်နှာကိုကြည့်ပြီးကျနော်စဉ်းစားနေမိတယ်..

ဂျာမန်နဲ့အာဖရိကန်ကပြားရုပ်...အဖြူတွေကအမကိုညိုချော၊ချောတယ်လို့ပြောကြတယ်..

ကျနော်စိတ်ထဲမှာ..အရင်ဦးဆုံးချစ်သူနဲ့နှိုင်းယှဉ်ကြည့်တာ..

အာရှသားအနေနဲ့ကြည့်လို့လားမသိ..အရင်လူကပိုချောတယ်...

အတွင်းစိတ်ကိုထိုးထွင်းကြည့်မိတာအမကြီးရဲ့အတွင်းစိတ်ကပိုသာတယ်...

“အမ..ဒါတွေမစဉ်းစားနဲ့တော့လေ..”

“ကျနော်တို့သမီးလေး..၄ နှစ်ရှိပြီလေ..”

“ကျနော်တို့အတူတူဆက်လျှောက်ကြမယ်...၊အမဘေးမှာကျနော်ရှိနေမယ်..”

အမကိုအိပ်ခန်းထဲလိုက်ပို့ပြီးစာတမ်းဆက်ရေးဖို့စားပွဲမှာထိုင်လိုက်တယ်..

စာတမ်းရေးဖို့စိတ်မပါဘူးဖြစ်နေတယ်....

ကျနော့်ငယ်စဉ်ဘဝကိုစိတ်ပြန်ရောက်သွားတယ်...

ဖေဖေ၊မေမေနဲ့ညီမလေး...ပျော်ရွှင်သာယာခဲ့တဲ့အိမ်လေး...

သာယာတဲ့မိသားစုဖြစ်အောင်ကျိုးစားရုန်းကန်ပေးခဲ့သောမိဘနှစ်ပါး၊သူတို့တာဝန်ကျေခဲ့တယ်..

ကျနော်လဲဒီမှာသာယာတဲ့မိသားစုဖန်တီးဖို့ကျနော့်မှာတာဝန်ရှိလာပြီ...

ဝရန်တာမှာရပ်ကြည့်ခဲ့တဲ့လမင်းကြီးကဝိုင်းဝိုင်းစက်စက်သာနေတယ်...

မှောင်နေတဲ့လောကကြီးထဲမှာ..လမင်း..အလင်းရောင်ပေးဆောင်နိုင်ပေမဲ့

မာကျူရီမီးထိန်ထိန်ငြီးနေတဲ့ပတ်ဝန်းကျင်မှာလမင်းအလင်းရောင်ဘယ်လိုမှမစွမ်းနိုင်ပါ

ကျနော်တို့ကျောင်းသားဘဝ လပြည့်ညတွေမှာချစ်သူနဲ့လျှောက်လည်ခဲ့ကြတာတွေ...

သူငယ်ချင်းတွေနဲ့လျှောက်လည်ခဲ့တာသတိရတယ်...

“ကျနော်အိမ်ပြန်ချင်တယ်”

////////////////////////////////////////////////

ဓါတ်ပုံကပြောသောသမိုင်းများ

ညနေဖက်ဆေးရုံကအပြန် ...သမီးအိန်ဂျယ်...ကျနော့်ကိုပါဆယ်ထုတ်ကမ်းပေးတယ်...

ပို့တဲ့လိပ်စာကြည့်တော့ကျနော့်ညီမလေး..ဘန်ကောက်ကပို့လိုက်တဲ့ အမြန်ချောပို့ DHL

ပါဆယ်ထုတ်ကိုဖေါက်လိုက်တာ...ဓါတ်ပုံတွေလျောကနဲထွက်ကျလာကုန်တယ်...

ကျနော်တို့မိသားစုဓါတ်ပုံ

ကျနော့်အသက်ဆယ်နှစ်၊ညီမလေး ခြောက်နှစ်...ကျနော့်မိဘတွေနုငယ်ပျိုမြစ်တဲ့အရွယ်

ခမာနိုင်ငံ မြို့တော်ဖနွမ်းပင်တက္ကသိုလ်ကျောင်းဝင်းကြီးထဲမှာရိုက်ထားတဲ့ဓါတ်ပုံ

ကျနော့်မိဘတွေ တက္ကသိုလ်မှာစာသင်တဲ့ဆရာနဲ့ဆရာမ...

သဘောကောင်းပြီးလူချစ်လူခင်ပေါတယ်...

လောဘမရှိ..ဥစ္စာဓနကိုမမက်မော...ပညာရွှေအိုးတွေကိုမျှဝေပေးနေသောဆရာတွေ

တပည့်ကျောင်းသားတွေကိုပညာတတ်စေချင်တဲ့စေတနာအပြည့်နဲ့စာသင်ပေးတဲ့ဆရာတွေ

ခမာဘုရင်ကိုယ်တိုင် ဆရာ..ဆရာမတွေကိုချီးမြှောက်ခဲ့တယ်....

ကျနော်တို့တက္ကသိုလ်ဝင်းထဲမှာနေထိုင်ကြီးပြင်းခဲ့တယ်...

ချစ်သူနှစ်ဦးဓါတ်ပုံ

ခမာဆေးကောလိပ်အရှေ့မှာရိုက်ထားတဲ့ဓါတ်ပုံ

ကျနော်နဲ့ကျနော့်ချစ်သူ သီရိတို့ဆေးကောလိပ်မှာဆုံခဲ့ကြတယ်...

ကျနော်တို့ကျောင်းတက်ရင်းသမီးရီးစားဖြစ်ခဲ့ကြတယ်...

သီရိမိဘတွေလဲပညာတတ်...အစိုးရဝန်ထမ်း...

ဒါပေမဲ့ရာထူးနဲနဲကြီးတယ်...မြို့ပိုင်ရာထူး

ကျနော့်မိဘနဲ့ကျနော့်ချစ်သူသီရိမိဘတွေ ပညာတတ်အသိုင်းအဝိုင်းထဲကလူတွေ

ကျနော်တို့နှစ်ယောက်ရှေ့ရေးဖြူးဖြောင့်မယ်လို့ထင်ခဲ့ကြတယ်

ဆေးကောလိပ်မှကျောင်းသား..ကျောင်းသူတွေဂျာမဏီနိုင်ငံမြူးနစ်မြို့ရှိဆေးပညာနဲ့ပတ်သက်တာတွေ

လေ့လာဖို့ခမာဘုရင်စေလွတ်ခဲ့တယ်...

ကျနော်နဲ့ သီရိ လဲပါခဲ့တယ်...ကျနော်တို့အုပ်စုလိုက်ဓါတ်ပုံရိုက်ခဲ့တယ်...

ကျနော့်ဘဝအပြောင်းအရွှေ့မှာ ဒီအကြောင်းတွေကြောင့် ကျနော်ဂျာမဏီနိုင်ငံကိုရွှေးချယ်ခဲ့တာ...

ကျနော့်တို့လေ့လာရေးလာခဲ့တဲ့အထောက်အထားတွေက ကျနော်ဆေးပညာလေ့လာနေသူတစ်ယောက်

လို့ဂျာမဏီအစိုးရအသိအမှတ်ပြုခဲ့တယ်...

ကျနော်တို့ဆရာဝန်ပေါက်စဘဝမှာ ကျနော်နဲ့သီရိ သဘောထားကွဲခဲ့ကြသေးတယ်...

သီရိ က မြို့ပေါ်ကဆေးရုံမှာဘဲလုပ်ချင်တယ်

ကျနော်ကဆင်းရဲတဲ့ကျေးလက်ကလူတွေကိုဆေးကုပေးချင်တယ်...

ဒါပေမဲ့ ဒါဟာကြီးမားတဲ့ပြဿနာ မဟုတ်ခဲ့ပါ..

သီရိ...ခမာမြို့တော်မှာဆေးကုနေတယ်...ကျနော် တောမြို့ဆေးရုံမှာအလုပ်လုပ်တယ်

ဘဝမှာကြီးမားတဲ့အပြောင်းအလဲနဲ့ကြုံခဲ့ရတယ်...

ဒီကြီးမားတဲ့အပြောင်းအလဲက ကျနော်တို့တွေရဲ့ဘဝတွေကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်..

ခမာဘုရင့်အာဏာကိုကွန်မြူနစ်တွေသိမ်းလိုက်ခြင်းဖြစ်ပါတယ်...

ကွန်မြူနစ်စနစ်က ပညာတတ်တွေကိုမုန်းတီးတယ်..အငြိုးထားတယ်...

နောက်ကျတော့ ပညာတတ်တွေ..ဆရာတွေ..ဆရာဝန်တွေကို..ရှင်းပြစ်ပါတော့တယ်...

ကျနော့်အဖေနဲ့အမေကို တစ်ကွဲတစ်ပြား ခွဲခြားပြီးတောတွေဆီကိုပို့ပစ်ပါတော့တယ်..

ကျနော့်ညီမလေးကိုလဲ မိဘနဲ့ခွဲပြီး..ကွန်မြူနစ်စနစ်အတိုင်း..မိဘဆိုတာမရှိဘူး..

ဘာသာရေး..မကိုးကွယ်ရဘူး..တောပို့ပြီး..အစိုးရကိုဘဲချစ်ကြောက်ရိုသေဖို့

သဘောတရားရေးသင်တန်းတွေတက်ခိုင်းပါတော့တယ်...

ကျနော့်မိဘတွေ မြေဖြူကိုင်ပြီးစာသင်ခဲ့တဲ့ဆရာတွေကို တစ်နေ့ ၁၅နာရီလယ်ထွန်ခိုင်းတယ်..

စပါးတွေစိုက်ခိုင်းတယ်...ထမင်းဝအောင်မကျွေးဘူး...

ဒီလိုနည်းနဲ့ကျနော့်အဖေ ရှင်းပြစ်ခံလိုက်ရတယ်...

ညီမလေးက..နယ်စပ်ကအမျိုးတွေအကူအညီနဲ့ထိုင်းနိုင်ငံဒုက္ခသည်စခန်းကိုရောက်သွားပါတယ်...

ဒီအတောအတွင်း ကျနော့်ချစ်သူသီရိ တို့မိသားစုနဲ့ဝေးသွားပါတယ်...

ကျနော်တို့ခမာမြို့တော် ဖနွမ်းပင်မှာလဲအခြေအနေတွေရှုပ်ထွေးနေတယ်...

ကျနော် လဲတောမှာရှောင်ပြေးနေရတယ်...

နောက်ပိုင်းသိလိုက်တာက..သီရိအဖေ မြို့ပိုင်..ကွန်မြူနစ်စနစ်ကိုသစ္စာခံလိုက်တယ်

ဘက်ပြောင်းသွားတယ်...လို့ဘဲပြောကြပါတော့...

ကွန်မြူနစ်ကေဒါခေါင်းဆောင်ကြီး ရဲ့သားနဲ့သီရိ ညားသွားကြပါတယ်....

သီရိအဖေ မိသားစုကိုငဲ့ပြီး ဘက်ပြောင်းတာလား...

မိသားစုလုံခြုံရေးအတွက် သမီးသီရိ ကိုထိုးကျွေးလိုက်တာလား

ကျနော်မစဉ်းစားချင်တော့ပါ..နီးရာဓါးကိုကြောက်ကြပါမည်..

ဒါပေမဲ့ သီရိ ကယ်ခဲ့လို့ကျနော် အသက်ဘေးကလွတ်ခဲ့ရတယ်...

ခေါင်းဆောင်ကြီးရဲ့သားဟာ..ချောမောလှပ..ပညာတတ်..ဆရာဝန်မ သီရိနဲ့ရနေရဲ့သားနဲ့

အရင် ကျနော်နဲ့သမီးရီးစားဖြစ်နေတာသိပြီး...ကျနော့်ကိုရှင်းပြစ်ဖို့လိုက်ရှာပါတော့တယ်..

သီရိ လူယုံတစ်ယောက်အသိပေးမြန်လို့ ကျနော်ခွေးပြေးဝက်ပြေး...လွတ်အောင်ပြေးခဲ့ရတယ်...

ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ ဂျာမဏီကိုကျနော်ရောက်လာခဲ့တယ်...

ကျနော်လွတ်သွားတာကို ခေါင်းဆောင်ကြီးသား တော်တော်မကျေမနပ်ဖြစ်နေတယ်

ပါးပါးလှပ်လှပ်လေးဘဲကျန်တော့တဲ့အဖေ့ဓါတ်ပုံကိုမြင်မိတဲ့ကျနော်...

အဖေ့ကျန်းမာရေးဘယ်လိုမှမကောင်းတော့ဘူးဆိုတာခန့်မှန်းမိပါတယ်...

ပြန်လည်ပြုပြင်ရေးစခန်းတွေမှာအဖေတို့ပညာတတ်တွေကိုကောင်းကောင်းပညာပြနေပြီ...

အဲဒီစခန်းမှာဘဲ အဖေတို့ပညာတတ်တွေဆုံးပါးခဲ့ရတယ်...

ကွန်မြူနစ်တွေကျနော်တို့ခမာတက္ကသိုလ်စာကြည့်တိုက်ကစာအုပ်တွေမီးရှို့ပြစ်ခဲ့တယ်..

တက္ကသိုလ်ကျောင်းခန်းတွေကိုအကျဉ်းစခန်းတွေအဖြစ်ပြောင်းလဲခဲ့တယ်...

အတွေးတိမ်တဲ့ကွန်မြူနစ်တွေ..မျက်မှန်တပ်ထားတဲ့သူတွေဟာစာတတ်ပုဂ္ဂိုလ်တွေလို့သတ်မှတ်ပြီး

မျက်မှန်သမားတွေကိုလဲရှင်းပြစ်ပါတော့တယ်..

ကျနော်ဆရာဝန်ဖြစ်နေချိန် တုန်းကညီမလေးအင်ဂျင်နီယာကောလိပ်တက်နေတယ်...

ဆိုဗီယက်ယူနီယံအထောက်အပံ့နဲ့ဆောက်ပေးခဲ့တဲ့ အင်ဂျင်နီယာကောလိပ်မှာကျောင်းတက်နေတယ်..

ကျနော် ဂျာမဏီရောက်သွားချိန်မှာ ကျနော်တို့ခမာတိုင်းပြည်ကဆရာဝန်တွေကုန်သလောက်နီးနီး

အရှင်းပြစ်ခံလိုက်ရတယ်လို့ သတင်းတွေမှာဖတ်လိုက်ရတယ်...

ကွန်မြူနစ်စနစ်အောက်မှာ ကျနော်တို့ခမာလူဦးရေ ၂ သန်းလောက်ပျောက်ဆုံးခဲ့ရတယ်

လူတော်တွေပညာတတ်တွေ စာရင်းပျောက်ကုန်တယ်...

နောက်ထပ်ထွက်လာတာ မင်္ဂလာဖိတ်စာတစ်စောင်...

ကွန်မြူနစ်ကေဒါ ခေါင်းဆောင်ကြီးသားနဲ့ မြို့ပိုင်သမီး သီရိ တို့မင်္ဂလာဖိတ်စာ

ဒီအတောအတွင်း ကျနော့်ချစ်သူသီရိ..ကျနော့် ကိုဆက်သွယ်လာတယ်...

ကွန်မြူနစ်တွေရဲ့ထိမ်းသိမ်းမှုကိုခံထားရတဲ့ သီရီတို့မိသားစု...

ခေါင်းဆောင်ကြီးရဲ့သား ကျနော့်ချစ်သူ မြင်မိတဲ့အခိုက် ပပဝတီမင်းသမီးကိုမြင်မိတဲ့

သိဝိ ဘုရင်ကြီးလိုခံစားပြီး ကျနော့်ချစ်သူ ကိုအရမ်းတပ်မက် လာတယ်...

ကျနော့် နဲ့လိုက်ပြေးရင် သူမိဘတွေ ရှေ့ရေးမတွေးရဲ...

သူတို့နဲ့အဆင်ပြေရင် နဂိုအနေအထား ပြန်ရစေမယ်...

သူဘာဆက်လုပ်ရမလဲ...

ကျနော်စဉ်းစားရပြီ...

နောက်ဆုံး ကျနော်ဘဲအနစ်နာခံလိုက်ပါတယ်...

သီရိ နင့်ကိုငါခွင့်လွတ်တယ်...

ဒီဘဝ..ဒီမျှသာ...

ဇာတ်လမ်းကမပြီးသေး...သီရီနဲ့ယူကြပြီးလို့မကြာဘူး...

ခေါင်းဆောင်ကြီးရဲ့သား သီရိနဲ့ပတ်သက်ရင်မနာလိုစိတ်တွေများလာတယ်...

ကျောင်းတက်ခဲ့တုန်းက ကျနော်နဲ့သီရိ ဇာတ်လမ်းသိတဲ့သူတွေကိုလိုက်ရှင်းတယ်..

ဒီလောက်ထိအတွေးတိမ်တဲ့ကွန်မြူနစ်တွေ...

ကျနော့်ဘဝ အသက်ဘေးကလွတ်အောင်ပြေးခဲ့ရတဲ့ဘဝ ရောက်ခဲ့ရတယ်..

ကျနော်တို့မိသားစုကို အငြိုးကြီးကြီးနဲ့နှိပ်စက်ခဲ့တယ်

ကွန်မြူနစ်တွေ Year Zero ( ခုနှစ် သုည )သမိုင်းဟောင်းတွေအကုန်ဖျက်ပြီး

အစကပြန်စမယ်လို့ကြေညာခဲ့တယ်...

ကျနော်အတွေးထဲမှာ ခေတ်ပညာတတ်..တတ်သိပညာရှင်တွေမရှိဘဲနဲ့ခမာတိုင်းပြည်ကို

ဘယ်လိုထူထောင်ကြမလဲ

ခမာမြို့တော် ဖနွမ်းပင် ကလူ၂သန်းကို တောထဲအလုပ်လုပ်ကြဖို့မောင်းထုတ်ခဲ့တယ်

ကျနော်ဂျာမဏီမှာ ဆရာဝန်လုပ်နေချိန်မှာ အမေနဲ့ညီမလေး တို့နဲ့ပြန်ချိတ်မိတယ်..

အမေနဲ့ညီမလေး ထိုင်းနိုင်ငံကိုအမျိုးတွေအကူအညီနဲ့ရောက်လာတယ်....

ညီမလေး ဘန်ကောက်မှာရှိတဲ့ AIT (Asia institute of Technology , University ) မှာကျောင်း

ပြန်တက်ခဲ့တယ်...ကျောင်းရှေ့မှာရိုက်ထားတဲ့ညီမလေး ဓါတ်ပုံ....

ညီမလေးရဲ့အပြုံးတွေဟာ အသက်မပါဘူးဆိုတာ ကျနော်သိနေတယ်...

နာကျည်း ခံပြင်းမှုတွေယှက်သန်းနေတယ်...

ညီမလေး ကျောင်းစရိတ်တွေကိုကျနော်ထောက်ပံ့ပေးခဲ့တယ်....

ဘွဲ့ဝတ်စုံနဲ့ညီမလေး နဲ့အမေ ကျနော်ကြည့်မဝဘူး...

စာတော်တဲ့ညီမလေးကို TOSHIBA ဂျပန်စက်ရုံက လာခေါ်နေပြီ....

ကျနော်...မိသားစုနဲ့ပြန်ဆုံချင်တယ်...

ဒါပေမဲ့ ..ကျနော့်အဖေ...ပါဝင်ခွင့်မရတော့ပါ.....

ကိုဂျစ်

အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၅ )

ခမာဝတ္ထုတိုကို မြန်မာမှုပြုထားပါသည်၊၊

ဓါတ်ပုံအဟောင်းကို AI အကူအညီဖြင့်ပြုပြင်ထားပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

Comments