မြင်းတိုက် Camp အမှတ်တရများ



 

လူသားတစ်ဦးလူ့လောကထဲစဝင်လာပြီဆိုရင် သူ့ကိုအသိအမှတ်ပြုရန်အမည်ပေးရန်လိုအပ်ပါသည်။
အမည်နာမကိုနေ့နာမ်တွေနဲ့လိုက်ဖက်ပြီး ကြီးပွားတိုးတက်မည့်နာမည်များကို ဗေဒင်ဆရာများဘုန်းကြီးများမှတစ်ဆင့်မှည့်ခေါ် လေ့ရှိပါသည်။
ကျနော့်နာမည်ကိုလည်း အဖေနှင့်အမေတို့ကိုးကွယ်သောဘုန်းကြီးမှ ရွေးချယ်ပေးခဲ့ပါသည်။
မှတ်ပုံတင်ထဲမှာ ကျောင်းမှတ်ပုံတင်ထဲမှာ ကျနော့်နာမည်သည် မောင်ဖေသက်ကြိုင်ဖြစ်ပါသည်။
အရွယ်ရောက်လာချိန်မှာအရပ်မြင့်မြင့်ခြေတံလက်တံကရှည်ရှည်၊အသားကဖြူဖြူဆိုတော့ အလိုလိုနေရင်းမောင်ဖေသက်ကြိုင်နာ မည်ပျောက်သွားပြီးဗျိုင်းဘဝရောက်ခဲ့ရပါသည်။တောင်ငူသားကျနော့်ကို သူငယ်ချင်းအားလုံးက ဗျိုင်း ဟုခေါ်ကြပါသည်။
ရုပ်နဲ့နာမ်နဲ့လိုက်ဖက်သောကြောင့် ကျနော်ဘာမှမပြောပါ။ဒါပေမယ့် သူငယ်ချင်းတွေကျနော့်အိမ်မှာ ကျနော့်ကိုဗျိုင်းလို့ခေါ်ရင်တော့အမေ အရမ်းစိတ်ဆိုးပါသည်။ကျနော့်အိမ်မှာကျနော့်ကိုဗျိုင်းလို့ဘယ်သူမှမခေါ်ရဲကြတော့ပါ။
ကျနော်ကိုမောင်ဖေသက်ကြိုင်လို့နာမည်ပေးခဲ့သောဘုန်းကြီးသည်လည်း

ကျနော်ကိုဗျိုင်းဘဝမှမကယ်တင်နိုင်ခဲ့ပါ။
ကျနော်ဆယ်တန်းအောင်တော့ ဘူမိဗေဒကိုရောက်ခဲ့ပါသည်။ကျနော်တို့နှစ်တွေမှာဒေသကောလိပ်တွေဒီဂရီကောလိပ်တွေဘာတွေမရှိပါ။
အမှတ်မှီရင်တိုက်ရိုက်ဝင်ခွင့်ရသည်။ကျနော့်ရုပ်နှင့်နာမ်ဘယ်လောက်လိုက်ဖက်လဲမသိပါ။ ဘူမိဗေဒရောက်ပြီးတစ်ပတ်အတွင်းမှာအားလုံးက တိုင်ပင်ထားသကဲ့သို့ ဗျိုင်း လို့ခေါ်ကြပါသည်။ကျနော်တို့်ပထမနှစ်၊ဒုတိယနှစ်များတွင်သမိုင်းဟုခေါ်ကြသောလှိုင်နယ်မြေဘူမိဗေဒဌာန မှာတက်ခဲ့ရပါသည်။
ခပေါင်းအဆောင်မှာနေခဲ့ရသည်။တတိယနှစ်မှာမန္တလေးဆောင်သို့ရောက်ခဲ့ပြီးဒဂုံဆောင်မှာနေခဲ့ရပါသည်။
ကျနော်နှင့်ပေါင်းခဲ့သောကြောင့်ကျောင်းသားတစ်ယောက်နာမည်ပျက်ခဲ့ရပါသည်။ကျနော်စိတ်မကောင်းပါ။
တမီလ်လူမျိုးဖြစ်သောကြောင့်အသားမဲပါသည်။ထို့ကြောင့်အလိုလိုနေရင်းတောကျီးကန်းဘဝရောက်ခဲ့ရပါသည်။
တောကျီးကန်းကပဲခူးမှာနေပါသည်။ကျနော်တို့နှစ်ယောက်လုံးဖဲရိုက်ဝါသနာထုံကြပါသည်။
သမိုင်းကောလိပ်သီရေတာထဲမှာစာသင်နေစဉ်နောက်ဆုံးတန်းခုံအောက်မှာကျနော်တို့ဖဲရိုက်လေ့ရှိပါသည်။
တောင်ငူမှာတုန်းကဖဲရိုက်သိပ်မကျွမ်းကျင်ခဲ့ပေမယ့်ဘူမိဗေဒရောက်တော့ကျနော်ဖဲရိုက်ပိုကျွမ်းကျင်လာသည်

ဟုထင်မိပါသည်။
ဒါပေမယ့်အကုန်အကျလည်းပိုများလာပါသည။်
မနှစ်ကအောင်စာရင်းထွက်ချိန်ကိုပြန်သတိရမိပါသည်။အဲဒီနေ့နေ့လည်အိမ်မှာအဖေနှင့်အမေမရှိကြပါ။
ကျနော်တစ်ယောက်တည်းရှိနေပါသည်။တောကျီးကန်းကျနော့်ဆီကိုဖုန်းဆက်လာပါသည်။
            ……ဟေ့ကောင်….ဗျိုင်း….မင်းစာမေးပွဲကျတယ်…..
            …..ဟုတ်ရဲ့လား…ကျီးကန်းရာ…မင်းနောက်နေတာလား….
            …ဟုတ်ပါတယ်…မင်းစာမေးပွဲကျတယ်…..
ခွေးမသား….မင်းတော်တော်စိတ်ပုပ်တဲ့ကောင်.. ပြောနေတဲ့မင်းအသံကငါစာမေးပွဲကျတာကိုဝမ်းသာနေတဲ့ပုံဘဲ…
          …မင်းကျတော့ကော….
          ..ငါလား……ငါက ……… နောက်တစ်နှစ်ပြန်နေရမယ်……
          ……မင်းလည်းကျတာဘဲလား……ဒုက္ခပါဘဲ……..
…ဘာဒုက္ခလည်း … ငါတော့…..စာမေးပွဲကျတာကိုပျော်တယ်…….
တောကျီးကန်းစာမေးပွဲကျတဲ့အကြောင်းအားရပါးရပြောပြီးဖုန်းချသွားပါသည်။အိမ်ကလူကြီးတွေမသိသေးပါ။
သိရင်ဘာတွေဆူကြမလဲမသိသေးပါ။
အမေ…အောင်စာရင်းထွက်နေပြီ…..အမေ့တူမကိုသွားကြည့်ခိုင်းပါအုံး…..အမေ့တူမကျနော့်ညီမကိုအောင်စာ
ရင်းသွားကြည့်ခိုင်းပါသည်။ကျနော်နာမည်ရှာမတွေ့ပါ။ကျောင်းလခအကြွေးကျန်နေသလားလို့ကျောင်းသားရေးရာမှာအကြွေး သွားပြန်စစ်နေပါသည်။အောင်စာရင်းမှာကျနော့်နာမည်ဘယ်ပါမလဲ။စာမေးပွဲကျနေတာကိုကျနော်ဘဲသိသေးသည်။ကျနော်စာမေးပွဲကျတယ်လို့ အကြောင်းကြားလာပါတယ်။စာမေးပွဲကျလို့စိတ်မကောင်းတဲ့ပုံစံနှင့်အခန်းထဲကမထွက်တော့ပါ။အမေနှင့်အမ ကျနော့်ကိုချော့ပြီးထမင်းစား ခိုင်းပါသည်။အောင်စာရင်းမှာကျနော့်နာမည်ဘယ်ပါမလဲ။စာမေးပွဲကျနေတာကိုကျနော်ဘဲသိသေးသည်။ကျနော်စာမေးပွဲကျတယ်လို့ အကြောင်းကြား လာပါတယ်။စာမေးပွဲကျလို့စိတ်မကောင်းတဲ့ပုံစံနှင့်အခန်းထဲကမထွက်တော့ပါ။၊

အမေနှင့်အမ ကျနော့်ကိုချော့ပြီးထမင်း စားခိုင်းပါသည်။

ကျနော်မျိုမကျလို့ပါအမေရဲ့…ကျနော်ရင်ခံနေတယ်….ဖြေတာရရဲ့သားနဲ့ဘယ်ဘာသာ…ဘာကြောင့်ကျလဲ…ကျနော်သိချင်နေတာ….
အမေနှင့်အမကစိတ်လျော့ဘို့ပြောနေပါသည်။ဒီတစ်နှစ်မအောင်ရင်လည်းနောက်နှစ်အောင်..အောင်ကြိုးစားဘို့ဖျောင်းဖျနေပါသည်။
ကျနော်ရင်ထဲမှာတောကျီးကန်းတို့ကုလားဘုရားပွဲလှည့်နေတာအမေနှင့်အမ မသိပါ။
ဒါပေမယ့်အဖေက…..မင်းဟာမင်း…စာမကျက်လို့မအောင်တာဘယ်သူ့ကိုမှအပြစ်လျှောက်မပြောနဲ့…….
နောက်နှစ်မအောင်လို့ကတော့….မင်းကိုကျောင်းမထားတော့ဘူး…..ပွဲရုံမှာဘဲထိုင်တော့……
ဘာတွေဘဲပြောပြောကျောင်းတွေပြန်ဖွင့်တော့ရန်ကုန်ပြန်ရောက်လာခဲ့ပါသည်။
အမေနှင့်အမဘူတာထိလိုက်ပို့ပါသည်။မန္တလေးရထားတောင်ငူမှစထွက်သည်နဲ့ကျနော်အမေ့ရှေ့မှာဟန်ဆောင်ထားသမျှခွါချလိုက်ပါသည်။
ရထားတွဲတစ်တွဲလုံးကျောင်းသားတွေတော်တော်များပါသည်။
မော်လမြိုင်ကောလိပ်သွားကြမည့်ကျောင်းသားတွေရယ်၊ရန်ကုန်ဆင်းကြမည့်ကျောင်းသားတွေရယ် အားလုံးကသူငယ်ချင်းတွေ……
ကျနော်အရမ်းမြူးနေပါသည်။တွဲအရှေ့သွားလိုက်အနောက်သွားလိုက်စားသောက်တွဲမှာသူငယ်ချင်းတွေနဲ့ထိုင်လိုက်
တဝါးဝါးတဟားဟားနဲ့ရီလိုက်၊လေကန်လိုက်…
         
…..မောင်ရင်….မောင်ရင်…ကိုကြည့်သားမဟုတ်လား……..
            …..ဟုတ်ပါတယ်…..ကျနော့်အဖေဦးကြည်ပါ…..
            …..နို့….မင်းအမေပြောတော့ မင်းစာမေးပွဲကျတာစိတ်ထိခိုက်ပြီးအိပ်ရာထဲလဲနေတယ်ဆို……
            အခုငါမြင်နေတာ….ဒီတစ်တွဲလုံးမှာမင်းအပျော်ဆုံးဘဲ…..နေရာတစ်ကာမင်းအသံချည်းဘဲ…..
ဟာ….သေပြီ…အဖေ့မိတ်ဆွေတွေ….မဖြစ်ဘူးဒီလူကြီးနှင့်ဝေးဝေးနေမှ…..မြူးနေတာအိမ်ကိုပြန်ပြောပြလိုက်ရင်ဒုက္ခ......            တောကျီးကန်းနဲ့ကျနော်မန္တလေးဆောင်ကိုပြန်ရောက်ခဲ့ကြပါသည်။စာမေးပွဲကျတာကျနော်တို့နှစ်ယောက်တည်းလို့ထင်ထားတာသူငယ်ချင်း
တော်တော်များများစာမေးပွဲကျပါသည်။
ပထမဆုံး ကျနော့်ကို Field အတူဆင်းခဲ့သော ဘိုးတော် ပြဿနာလာရှာပါသည်။
            ဟေ့ကောင်….ဗျိုင်း….မင်းကြောင့်ငါစာမေးပွဲကျရတာ…..ငါစာမေးပွဲကျတာမင်းကြောင့်….
            ဘိုးတော်…….ဘိုးတော်……ဘာတွေလာပြောနေတာလဲ….ကျနော်လဲစိတ်ညစ်နေရတဲ့အထဲ….ဘိုးတော်ကလဲတမှောင့်……
            နောက်ဆုံးပေပါဖြေတဲ့နေ့ကမင်းကြောင့်ငါဖြေလို့မရခဲ့ဘူး... ရွေးထားတာတွေအားလုံးကွက်တိဘဲ…..
            မင်းဒုက္ခပေးလိုက်လို့ ငါဖြေမရခဲ့တာ….စာမေးပွဲကျတာလည်းမင်းကြောင့်ဘဲ…….
ဒီဘိုးတော်တစ်ကောင်ဘာတွေလာပြောနေလဲကျနော်မသိ…..နောက်ဆုံးပေပါဖြေတဲ့နေ့ကိုလည်းကျနော်မသိပါ…..
သူ့ကိုအသက်လည်းအကြီးဆုံးဝါလည်းအကြီးဆုံးမို့လို့အားလုံးကဘိုးတော်ဟုခေါ် ကြပါသည်။ဘိုးတော်သည်တစ်တန်းကိုနှစ်နှစ်ပုံမှန်နေသည်။
ကျနော်တို့စာမေးပွဲကျသောတတိကနှစ်သည်ဘိုးတော်၏ဘူမိဗေဒမှာငါးနှစ်မြောက်နေနေသောနှစ်ဖြစ်ပါသည်,         ဘိုးတော်၏အဖေသည်ကျူရှင်ဆရာဖြစ်သလိုဘိုးတော်လည်းကျူရှင်ဆရာဖြစ်ပါသည်။
ထိုခေတ်ကဆယ်တန်းကျူရှင်များအရမ်းအလုပ်ဖြစ်ပါသည်။သူ့အဖေကျူရှင်မှာသူလည်းစာဝိုင်းပြပေးနေရပါသည်။
ဘိုးတော်အင်္ဂလိပ်စာကိုအရမ်းပိုင်သလို Talking လည်းတော်တော်ကောင်းပါသည်။ဘိုးတော်ဒုတိယနှစ်အောင်သောနှစ်(4 နှစ်မြောက်)မှာ
ကျူရှင်ဆရာဘိုးတော်၏နောက်မှာ(B.Sc  geology)လို့သူ့အဖေကဆိုင်းဘုတ်အသစ်ပြန်ရေးပေးခဲ့ပါသည်။
သူ့အဖေကျူရှင်ဆရာသည်ကျောင်းသားများ နှင့်လုံးထွေးနေသောကြောင့်ဘိုးတော်၏အခြေအနေမှန်ကိုမသိရှာပါ။
သူ့စိတ်ထဲမှာတက္ကသိုလ်မှာလေးနှစ်နေပြီးရင်ဘွဲ့ရပြီလို့ထင်နေသောကြောင့်၊ဘိုးတော်အတွက်ဆိုင်းဘုတ်အသစ်ပြန်ရေးလိုက်တာပါ။
ဘိုးတော်သူ့အဖေကိုဘာမှရှင်းပြချိန်မရလိုက်ခင်ဆိုင်းဘုတ်တင်ပြီးသွားပါပြီ…..၊ထိုကြောင့်ဘိုးတော်ဘာမှမရှင်းပြတော့ပါ။
ယခုငါးနှစ်မြောက်ကိုတော့Masterတန်းဆက်တက်နေသည်ဟုပြောထားလိုက်ပါသည်။
ကျူရှင်ပြလိုက်စာသင်လိုက်ဆိုတော့ဘိုးတော်မှာစာဖတ်ချိန်သိပ်မရပါ။
တစ်နေကုန်စာသင်နေရသောကြောင့်ညဘက်စာလည်းမဖတ်နိုင်ခဲ့ပါ။
ထို့ကြောင့်စာမေးပွဲဖြေပြီဆိုရင်ဘိုးတော်အတွက်နည်းလမ်းတစ်လမ်းကိုသာရွေးစရာရှိပါသည်။
စာမေးပွဲဖြေပြီဆိုရင်ဘိုးတော်ပေတံနှင့်ခဲတံအထုတ်လိုက်ဝယ်လေ့ရှိပါသည်။
တစ်ညလုံးမအိပ်ဘဲစပေါ့ရိုက်ထားသောစာများကိုပေတံပေါ်သို့ခဲတံချွန်ချွန်နှင့် Copy တင်ပေးလေ့ရှိပါသည်။
ဟိုခေတ်ကကွန်ပါဘူးပေတံများကိုစာမေးပွဲခန်းသွင်းခွင့်ပြုပါသည်။ဒီခေတ်မှာတော့မရတော့ဟုထင်ပါသည်။
နောက်ဆုံးဖြေမည့်နေ့ကဘိုးတော်ကျနော့်အခန်းမှာလာပြီး Microcopyလာလုပ်နေပါသည်။
သူဒါတွေလုပ်တာကျနော်လည်းမသိသလိုစိတ်လည်းမဝင်စားပါ။
ဘိုးတော်ရေသွားချိုးချိန်ဘေးအခန်းမှာပေတံအပိုရှိရင်ငှားဘို့ပြောသောကြောင့်ကျနော့်စားပွဲပေါ်မှာရှိနေသော ပေတံအချောင်းနှစ်ဆယ်ကိုတစ်ယောက်စီဝေငှပြီးမန္တလေးဆောင်သို့ကျနော်ထွက်ခဲ့ပါသည်။
တောကျီးကန်းနှင့်ဘိုးတော်နောက်မှလိုက်ခဲ့မည်။ စားပွဲပေါ်မှာပေတံတစ်ချောင်းမှမတွေ့ကတည်းကဘိုးတော်ဝမ်းနည်းပက်လက်အခန်းထဲမှာငိုကြွေးနေသည်၊ဟုနောက်မှတော ကျီးကန်းကျနော့်ကိုပြောပြခဲ့ပါသည်။
တောကျီးကန်းအကြံပြုချက်အရမန္တလေးဆောင်သို့ချက်ချင်းလိုက်ပြီးပေတံလိုက်တောင်းရာ 10 ချောင်းလောက်ပြန်ရခဲ့ပါသည်။
ရခဲ့သော 10 ချောင်းပေါ်မှာ Micro copy များလည်းမထင်ရှားတော့ပါ။မမြင်ရတော့ပါ။
သတိမထားဘဲကိုင်တွယ်ခဲ့သောကြောင့်ပျက်ကုန်ပါပြီ….၊အဲဒီမှာကတည်းကဘိုးတော်ကျနော့်ကိုထုသတ်ချင်နေတာ…..            ကိုယ့်ဟာကိုယ်စာမဖတ်လို့စာမေးပွဲကျတာကိုကျနော့်အပြစ်လို့ဘိုးတော်ကပြောနေပါသည်။
အဓိကသူ့ copy ပေတံတွေကိုကျနော်လျှောက်ပေးလိုက်၍သူစာမေးပွဲကျသည်ဟုအပြစ်တင်နေပါသည်။
ဘိုးတော်ရယ်….စာမေးပွဲကျသူအချင်းချင်းစဉ်းစဉ်စားစားလည်းပြောပါအုံး…….
နောက်တစ်ကောင်ရောက်လာပြန်ပါသည်။
သူ့နာမည်ကမျောက်ခေါင်း..
ဗျိုင်းနဲ့တူသောကျနော့်ကိုဗျိုင်းလို့ခေါ်သကဲ့သို့မျောက်ခေါင်းလို့ခေါ်သောသူ့ရုပ်လွှာကိုစဉ်းစားခန့်မှန်းကြည့်ကြပါ,
လူရင်းတွေမို့လို့မျောက်ခေါင်းလို့အခေါ်ခံပေ မဲ့လည်းအပြင်လူတွေခေါ်ရင်အရမ်းစိတ်ဆိုးလေ့ရှိပါသည်….
ယခုလည်းကျနော့်ကြောင့်စာမေးပွဲကျတယ်လို့ပြောနေပြန်ပြီ…….ကျနော်နားမလည်။
ကျနော်စာမေးပွဲချရလောက်အောင်ကျနော်သည်ဘူမိဗေဒပါမောက္ခဦးဘသန်းဟက်မဟုတ်ပါ။
ကျနော်ကိုယ်တိုင်လည်းစာမေးပွဲကျနေသည်မန္တလေးဆောင်မှာတစ်မနက်ဘဲထိုင်ရသေးသည်၊ပြဿနာကောင်တွေတစ်ကောင်ပြီးတစ်ကောင်ရောက်လာပါသည်။
ဟေ့ကောင်မျောက်ခေါင်း…မင်းဘာတွေလာပြောနေတာလဲ…..မင်းကိုစာမေးပွဲချရအောင်….
ငါ…..ပရောဖက်ဆာ… မဟုတ်ဘူးကွ……
ကိုယ့် ဟာကိုယ်စာမဖတ်လို့စာမေးပွဲကျတာကိုဟိုလူ့လက်ညှိုးထိုး၊ဒီလူ့လက်ညှိုးထိုး..လာမလုပ်နဲ့….အားလုံးစိတ်ညစ်နေကြတယ်
..ကျီးကန်းထအော်တော့မှမျောက်ခေါင်းအသံနဲနဲတိုးသွားပါသည်။
စာမေးပွဲဖြေကာနီးပြတ်ပြတ်သားသားအဖြေရလိုက်လို့ငါဘယ်လောက်စိတ်ထိခိုက်ခဲ့ရလဲမင်းတို့သိကြလား……
ဒီစိတ်ကြောင့်ငါစာဖတ်လို့မရခဲ့တာ……,

အေးလေ… အဲဒါတွေမင်းကိစ္စ၊စာဖတ်ရတာတွေမရတာတွေလည်းမင်းကိစ္စ…..
ဟုတ်တော့ဟုတ်ပါတယ်…..ဒါပေမယ့်မင်းတို့ငါကိုစာမေးပွဲဖြေကာနီးမှာဒီလိုမျိုးမတိုက်တွန်းသင့်ဘူး
..မင်းတို့အနေနဲ့နောက်နှစ်မှအဖြေတောင်းဘို့ဖြောင်းဖျသင့်တယ်…..
            ဘာ…..ဘယ်လို..ဘယ်လို….မျောက်ခေါင်း….မင်းဟာဘုန်းကြီးအမှုရွာပတ်နေတဲ့အကောင်ဘဲ……
            ဒါမင်းနဲ့ထိုက်တန်တဲ့အဖြေဘဲ…….မင်းမကျေနပ်ရင်လည်းမအေးကိုသွားပြန်မေးကြည့်………
            တော်ပါပြီကွာ…..စိတ်ရှုပ်ရတဲ့ကြားထဲမှာ………..
ကျနော်နဲ့ကျီးကန်းစိတ်ရှုပ်ထွေးစွာဖြင့်ဦးချစ်ဆိုင်သို့ထွက်ခဲ့ကြပါသည်။            
လူတော်တော်များများသည်လက်တွေ့ပကတိအခြေအနေကိုလက်မခံတတ်ကြပါ။
ကိုယ်ဖြစ်ချင်တာကိုဆွဲပြီး တွေးတတ်ကြပါသည်။ထိုလူတွေထဲမှာမျောက်ခေါင်းလဲအပါအဝင်ဖြစ်ပါသည်။
မျောက်ခေါင်းနဲ့ကျနော် ပထမနှစ်မှာကတည်းကအတူတူဘူမိဗေဒကိုရောက်ခဲ့ကြပါသည်။
သူပထမနှစ်မှာကတည်းက B.Ed Queen ဖြစ်သောမြိတ်သူမအေးကိုကြိုက်ခဲ့ပါသည်။
ထိထိရောက်ရောက်လိုက်ဖြစ်သလားမလိုက်ဖြစ်ဘူးလားကျနော်တို့မသိပါ။
ဒါပေမယ့်အဆောင်မှာမအေးအကြောင်းကိုနားညီးအောင်ပြောလေ့ရှိပါသည်။
ဒုတိယနှစ်မှာတော့အခြေအနေမှန်ကိုကျနော်တို့သိခဲ့ရပါသည်။
မျောက်ခေါင်းလိုက်နေမှန်းမအေးသိပါသည်။ဒါ ပေမယ့်မအေးမျောက်ခေါင်းကိုကြိုက်တဲ့ပုံမပေါ်ပါ။
B .Ed Queen တစ်ယောက်ကိုကြိုက်တဲ့သူဝိုင်းဝိုင်းလည်နေပါသည်။
မျောက်ခေါင်းကသူ့ရုပ်ကိုမှအားမနာဘဲQueen ကိုသွားကြိုက်နေသည်။
လူပျိုတစ်ယောက်ကအပျိုတစ်ယောက်ကိုလွတ်လွတ်လပ်လပ်ကြိုက်ခွင့်ရှိသည်။
မျောက်ခေါင်းကိုအပြစ်မပြောပါ။ဒါပေမယ့်အခြေအနေမှန်ကိုလက္ခံနိုင်ရမယ်။
လက်တွေ့မှာမအေးအနေအထားကမျောက်ခေါင်းကိုလုံးဝကြိုက်တဲ့ပုံမပေါ်ပါ။
ထို့ကြောင့်မျောက်ခေါင်းသည်သူ့အခြေအနေကိုသူသိသောကြောင့်မအေးဆီကအဖြေမတောင်းရဲပါ။
ဒါပေမယ့်မအေးကသူ့ကိုတစ်ချိန်ချိန်ပြန်ချစ်လာမလားဆိုပြီး B.Ed ကိုသွားတော့သွားနေပါသည်။
ကျနော်အမြင်မှာကျောင်းသူတစ်ယောက်ကိုကျောင်းသားတစ်ယောက်ကကြိုက်ပြီဆိုတာနဲ့ ကျောင်းသူရဲ့ရင်ထဲမှာ
အဖြေတစ်ခုခုတော့ရွေးထားပြီလို့ထင်ပါသည်။ Yes or No ဒါပါဘဲ…ကျနော့်စိတ်ထင်တွေပြောနေတာပါ။တစ်ကယ်တော့အချစ်နဲ့ပတ်သက်၍ကျနော့်မှာဘာမှအတွေ့အကြုံမရှိပါ။            ကျနော်လိုဗျိုင်းကိုကြိုက်တဲ့သူမရှိသလို..ကျနော်လဲဘယ်သူ့ကိုကြိုက်ရမှန်းမသိပါ…….
ထိုကြောင့်ကျနော့်ရင်ထဲမှာအချစ်နဲ့ပတ်သက်ရင်ဗလာ……            
အချစ်နဲ့ပတ်သက်ရင်တောကျီးကန်းတောင်ကျနော်ထက်သာပါသည်။
တောင်ငူဆောင် E မေဂျာမှာလာတက်နေသော ဇေယျဝတီကအရောင်တူသောတောကျီးကန်းမနဲ့
မကြာခင်ကအဆင်ပြေသွားကြပါသည်။စာမေးပွဲကျသောတတိယနှစ်စာမေးပွဲမဖြေခင်မျောက်ခေါင်းကိုကျနော်တို့ဝိုင်း မြှောက်ပေးကြပါသည်။
အခြေအနေကောင်းနေတဲ့ပုံစံမျိုးနဲ့ကျနော်တို့ဝိုင်းမြှောက်ပေးကြပါသည်။
ကျနော်တို့မြှောက်ပင့်သောစကားကိုယုံသွားလို့လား…ရဲဆေးလို့သဘောထားသလားမသိပါ……
မအေးကိုမျောက်ခေါင်းလိုက်၍အဖြေတောင်းပါသည်။
ကာလံဒေသံအဂ္ဂံဓနံကိုနားမလည်သောမျောက်ခေါင်းသည်မအေးကိုဘတ်စကားမှတ်တိုင်မှာ၊အတင်းလိုက်စကားပြောပါသည်။
ကျနော်တို့မလှမ်းမကမ်းမှအကဲခတ်နေပါသည်။ပထမ..မအေးမျောက်ခေါင်းကိုစကားပြန်ပြောနေပါသည်။
ဒါကိုမျောက်ခေါင်းကဘယ်လိုသဘောထားလဲမသိပါ။အတင်းထပ်ပြီးလိုက်စကားပြောပါနေပြန်ပါသည်။
ကျနော်တို့အကဲခတ်မိတာမျောက်ခေါင်းနာတော့မည်။
ဘစ်ကားမှတ်တိုင်ကျောင်းသားကျောင်းသူအများကြီးကြားထဲမှာအိန္ဒြေပျက်လောက်အောင်အတင်းဝင်လုံးနေသည်
မအေးကကြိုက်နေရင်တော့တစ်မျိုးမအေးမျောက်ခေါင်းကိုလုံးဝမကြိုက်မအေးမျက်နှာတစ်ဖြေးဖြေးနီလာပြီ.......
ဒါကိုလဲမျောက်ခေါင်းနားမလည်။
ကျော့နေအောင်ဖီးထားသောမျောက်ခေါင်းဆံပင်တွေ ဖုံးကနဲဖုံးကနဲမအေး၏ခေါက်ထီးနဲ့နှစ်ချက်ထိသွားမှမျောက်ခေါင်းတစ်ယောက်မအေး၏၊သဘောထားအမှန်ကိုသိသွားပါပြီ…..
ကျောင်းသားကျောင်းသူတွေဝိုင်းရီကြ၍ရှက်ရှက်နဲ့မျောက်ခေါင်းပြန်ပြေးလာနေပါသည်။
မျောက်ခေါင်းအသဲကွဲသွားပါပြီ..
အဆောင်ပြန်ရောက်တော့သူပြောတဲ့ပုံစံကဆယ်နှစ်ဆယ်မိုးချစ်ခဲ့တဲ့သမီးရည်းစားအတွဲ၊ကောင်မလေးပစ်သွားလို့အသဲကွဲတဲ့ပုံစံမျိုးနဲ့အလွမ်းသယ်နေပါသည်။
နားကြားပြင်းကပ်လို့ညနေကျတော့မြေနီကုန်းကရွှေ့မင်းသမီးစားသောက်ဆိုင်ကိုခေါ်ပြီးအရက်တိုက်ခိုင်းပါသည်,
မျောက်ခေါင်းငိုချင်းတွေမျိုးစုံချနေလည်းကျနော်တို့ဂရုမစိုက်အားပါ။
ကြက်ကြော်နဲ့Rum ကအတွဲမိနေပါသည်။
မင်းတို့ကွာဘာဖြစ်လို့မအေးဆီကဒီလောက်မြန်မြန်အဖြေတောင်းခိုင်းရတာလဲ……
မင်းတို့မြန်မြန်တောင်းခိုင်းတော့သူ့မှာစဉ်းစားချိန်မရတော့ဘဲရှက်ရှက်နဲ့ဒီလိုလုပ်လိုက်ရတာ…..
နောက်နှစ်မှအဖြေတောင်းရင်အခြေအနေဒီထက်ပိုကောင်းနိုင်တယ်………            မျောက်ခေါင်းပါးစပ်မှအရက်မူးမူးနဲ့အပေါက်အလမ်းမတည့်သောစကားတွေထွက်နေပါသည်။
သုံးနှစ်သုံးမိုးကိုမြန်တယ်လို့ထင်သောမျောက်ခေါင်းဘိုးဘွားရိပ်သာသွားခါနီးမှအဖြေတောင်းမလို့လားမသိပါ။
ဒါပေမယ့်ဘိုးဘွားအရွယ်မှာလည်းမအေးဆီကသူလိုချင်သောအဖြေမရနိုင်ပါ။
ထိုကြောင့်မျောက်ခေါင်းသည်လက်တွေ့အခြေအနေကိုလက်မခံသောလူစားမျိုးဟုခေါ်ရခြင်းဖြစ်ပါသည်။

--------------------။------------------------။-----------------------------------။----------------------------

Repeaterဘဝနှင့် တတိယနှစ်စာမေးပွဲဖြေပြီးသွားပါပြီ….စာမေးပွဲပြီးရင် Field ဆင်းရတော့မည်။
မနှစ်ကယင်းမာပင်မှာဆင်းရသည်။ဒီနှစ်မြင်းတိုက်မှာဆင်းရမည်။
စာမေးပွဲကျသောကျောင်းသားအားလုံးကိုစီနီယာနံပတ်၏နောက်ဆုံးမှာထားပါသည်။
ထို့ကြောင့် Field ဆင်းပါက Repeater အားလုံးတစ်အုပ်စုထဲမှာရှိကြပါမည်။           
စာမေးပွဲကျသည်ဆိုသောကျောင်းသားအားလုံးသည်သူ့ပုံစံနဲ့သူခပ်ဆိုးဆိုးကျောင်းသားများဖြစ်ကြပါသည်။
ထို့ကြောင့်စာမေးပွဲကျသောကျောင်းသားများကိုဆိုးသောကျောင်းသားများဟုသတ်မှတ်ထားကြပါသည်။
ကျနော်တို့ကိုအုပ်ချုပ်မည့်ဆရာကဆရာဖေဟုခေါ်ကြသောဒေါက်တာဖေမောင်သန်းဖြစ်ပါသည်။
အဲဒီအချိန်ကဆရာကလည်းနိုင်ငံခြားကပြန်ရောက်တာသိပ်မကြာသေး ။
စာသင်ရာတွင်၄င်း၊Field ဆင်းရာတွင်၄င်းဆရာစိတ်အားထက်သန်စွာဖြင့်သင်ကြားပြသပေးပါသည်။
ငယ်ရွယ်ချိန်မို့ဆရာ့မှာလဲငယ်စိတ်အပြည့်နဲ့ပါ…ခွက်ချင်းအပြိုင်တိုက်ကြမလား…ဆရာဘယ်သူ့ကိုမှဂရုစိုက်သူမဟုတ်ပါ။
ကျနော်တို့အားလုံးဆရာဖေကိုလေးစားကြသလိုကြမ်းကြမ်းရမ်းရမ်းနေတတ်သောဆရာ့ကို၊ကျနော်တို့အားလုံးကြောက်ကြပါသည်။
Field ဆင်းကြသောဆရာ များတွင်ဆရာဖေနှင့်ဦးမင်းဆွေနှစ်ယောက်သည်အလွန်စမတ်ကျပါသည်။
နိုင်ငံခြားကပြန်ရောက်တာမကြာသေးသောကြောင့်ဆရာတို့ပုံစံများသည်နိုင်ငံခြားသားများပုံစံပေါက်နေသည်။
နှုတ်ခမ်းမွှေးထူထူနဲ့ဆရာဦးမင်းဆွေအရမ်းကြည့်ကောင်းပါသည်။
ဆရာတို့ဝတ်ထားသောဂျင်းဘောင်းဘီနဲ့ Timberland Bootဖိနပ်များကိုကျနော်တို့အရမ်းသဘောကျပါသည်။
ထိုအချိန်ကဂျင်းဘောင်းဘီတော်တော်ရှားပါသည်။
လိုချင်ရင်သင်္ဘောသားတွေဆီမှာ၊ပလေဒီယံရုပ်ရှင်ရုံအောက်ကဆိုင်တွေမှာဘဲသွားရှာရပါသည်။
မြင်းတိုက် Camp သည်မြင်းတိုက်ဘူတာနောက်ကျောတောင်ကုန်းပေါ်ရှိအလုပ်သမားတန်းလျားကိုခေါ်ပါသည်။
ကလောနဲ့သိပ်မဝေးပါ။45 မိနစ်သာသာလမ်းလျှောက်ပါကရောက်ပါပြီ။
မြင်းတိုက်ရာသီဥတုတော်တော်အေးပါသည်။
ကျနော်တို့အုပ်စုထဲမှာစရိုက်ပေါင်းစုံတွေ့နေရပါသည်။
အရက်ကိုရေလိုသောက်နေသောကောင်ကိုကျနော်တို့က ရှကီးလို့ခေါ်ကြပါသည်။
မြင်းတိုက်ရွာField ဆင်းရမယ်ကြားတော့ရှကီးအရမ်းပျော်နေပါသည်။
မြင်းတိုက်ရာသီဥတုကအရက်သမားကြိုက်တဲ့ရာသီဥတုတဲ့…..ရှကီးပြောတာဘဲ…
ကျနော်ဗျိုင်းနဲ့တောကျီးကန်းကစရိုက်တူပါသည်။
နှစ်ယောက်လုံးအိပ်ထဲမှာဖဲထုတ်အမြဲထည့်ထားလေ့ရှိပါသည်။
ကျနော်ကဖဲလည်းရိုက်သည်၊ ဂစ်တာလည်းတီးသည်။
နောက်တစ်ကောင်ကဆေးခြောက်တွေကိုဖွက်ယူလာပြီးနေ့တိုင်းရှုလေ့ရှိသောသူဖြစ်ပါသည်။
သူ့ကိုဂန်ဂါးလို့ခေါ်ကြပါသည်။
သူ့အကြောင်းမသိရင်တော့တော်တော်အနေအေးတဲ့သူလို့ထင်ကြမည်။
အမှန်ကသူဆေးမူးနေတာ…ဂန်ဂါးဆေးလိပ်သောက်ရင်သူ့အနားမှာကျနော်တို့ကြာကြာမထိုင်နိုင်ပါ။
ကြာရင်ကျနော်တို့ပါမူးဝေလာပါသည်။
နောက်တစ်ယောက်ကဘုရားစာအားလုံးကိုအလွတ်ရသည်။
တရားနဲ့ပတ်သက်တာဘာမေးမေးဖြေနိုင်သည်။
ဘုန်းကြီးတော်တော်များများ၏တရားဟောပုံတွေကိုလည်းသူဟောတတ်သည်၊၊
ဥပမာကြာနီကန်ဆရာတော်လိုမျိုးတရား ဟောမလား၊ သူဟောတတ်သည်။
လူမတွေ့ရင်ဘုန်းကြီးတစ်ပါးတရားဟောနေသည်ဟုထင်ရလောက်သည်။
ဘုရားစာတရားစာကိုအာဂုံဆောင်နိုင်သော်လည်းဘူမိဗေဒစာသင်ခန်းမှစာများကို၊အာဂုံမဆောင်နိုင်သောကြောင့်သူလဲစာမေးပွဲကျပါသည်။
တစ်ကယ်တော့သူဟာကမ္ဘာအေးသာသနာ့တက္ကသိုလ်မှာစာသွားသင်သင့်သည်။မန္တလေးဆောင်ကိုမလာသင့်ပါ..
Field ဆင်းရင်သူသည်ဘုန်းကြီးကျောင်းတွေကိုသာလျှောက်သွားလေ့ရှိပါသည်။
ဘုန်းကြီးတွေနဲ့တရားဆွေးနွေးမည်။
နမူနာတရားတွေကိုဟောပြလေ့ရှိပါသည်။
တောဘုန်းကြီးများကသူ့ကိုပါးစပ်ဟပြီးငေးကြည့်နေကြပါသည်။
ဒီကျောင်းသားတရားဟောဒီလောက်တော်တာဘာလို့ဘုန်းကြီးမဝတ်တာလဲလို့စဉ်စားနေကြပါသည်။
ကျနော်တို့နဲ့စကားပြောရင်လည်းတရားစကားမပါရင်မပြီးပါ။
ထို့ကြောင့်အာလုံးကတညီတညွတ်တည်းနဲ့ဘုန်းကြီးလို့ခေါ်ကြပါသည်။
ကျနော်တို့သူငယ်ချင်းအားလုံးပျော်ပျော်ပါးပါးမြင်းတိုက်မှာကွင်းဆင်းနေကြပါသည်။
ဆရာဖေလည်းစေတနာအပြည့်နဲ့သင်ကြားပြသပေးနေပါသည်။
တောင်တက်တောင်ဆင်းများတွင်ဆရာဖေသွက်သလောက်ကျနော်တို့လူငယ်တွေတော်တော်နှေးကွေးပါသည်။
ကျောင်းသားအားလုံး……ဟောဟဲ…….ဟောဟဲ…..ဖြစ်နေသော်လည်းဆရာဖေဆေးလိပ်သောက်မပျက်ပါ။
Field ဆင်းနေစဉ်အတွင်းကျောင်းသားများခြေကျလာတာကိုမြင်ပြီးဆရာကခေတ္တအနားပေးပါသည်။
ကျောင်းသားအားလုံးမြေပြင်ပေါ်မှာကျောခင်းပြီးနားနေကြပါသည်။
ကျနော့်အနားမှာ ရှကီးနဲ့ဘုန်ကြီးနှစ်ယောက်လဲလျှောင်းနေကြပါသည်။
ရေငတ်နေသောဘုန်းကြီးသည်ရှကီးရေဘူးကိုဖွင့်ပြီးမော့ချလိုက်ပါသည်။
           ဖူး…….ဝူး……ထွီ….သေရည်တွေပါလား
ရှကီးရေဘူးထဲမှာအရက်တွေထည့်ထားတာမသိသောဘုန်းကြီးသောက်လိုက်မိပြီးဤသို့အော်ထွက်သွားပါသည်,
            ဘုရား…ဘုရား…….သုရာမေရယကံထိုက်တော့မှာဘဲ………..
            ဟေ့ကောင်….ရှကီး..မင်းဟာနေ့စဉ်နေ့တိုင်းငါးပါးသီလကံကျူးလွန်နေတယ်….ငရဲကျမှာမကြောက်ဘူးလား
ဘုန်းကြီးမင်းဟာလူဝတ်ဘဲရှိသေးတယ်…ဘုန်းကြီးမဖြစ်သေးဘူး….ဘုန်းကြီးဝတ်နဲ့ဆုံးမရင်ငါလက္ခံပေးမယ်…..
မင်း….ပါရာဇိကကံထိုက်မှာမကြောက်ဘူးလား…ဘုန်းကြီးမဟုတ်ဘဲနဲ့ဘုန်းကြီးစကားတွေကိုလျှောက်ပြောနေတယ်…
            ဘာဆိုင်လဲ….ရဟန္တာမဟုတ်ဘဲရဟန္တာလို့ပြောတာကိုပြောတာ.....
ဘုန်းကြီးမဟုတ်ဘဲဘုန်းကြီးလို့ပြောတဲ့မင်းလည်းပါရာဇိကကံထိုက်မှာဘဲ…….
            ဒုက္ခ…ဒုက္ခ…..အဝိဇ္ဇာအမှောင်ဖုံးနေတဲ့ ငမိုက်သားတွေပါလား….မင်းတို့ကိုငရဲမင်းစောင့်နေလိမ့်မယ်…….
            …..ဟေ့ကောင်ဘုန်းကြီး…အရက်ဟာ ဒုစရိုက် 10 ပါးထဲမှာမပါဘူး….အဲဒါမင်းသိရဲ့လား
ဘုန်းကြီးမျက်လုံးပြူးပြီးရှကီးကိုကြည့်နေပါသည်။
           သရဏ နတ်သားအကြောင်းကိုမင်းသိလား…..
           လူ့ပြည်မှာမိုးလင်းမိုးချုပ်ငါ့လိုဘဲအရက်သောက်နေတဲ့ကောင် သေခါနီးမှာရတနာသုံးပါးကိုသတိရလိုက်လို့
           အာသန္နကံကြောင့်နတ်ပြည်ရောက်သွားတာ………
           အမြဲအရက်မူးနေတဲ့သန္တတိ အမတ်ကြီးကိုရောသိလား….
           သူလည်းနတ်ပြည်မှာ P.R ရနေပြီ……
           ငါ့ရဲ့နေ့သောက်ဖက်ညသောက်ဖက်တွေတောင်နတ်ပြည်ရောက်လောက်ပြီ…..၊ငါလည်းအနီးကပ်လုပ်တဲ့ကုသိုလ်နဲ့
           နတ်ပြည်မရောက်နိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲ……..
           ……ငါ့ကိုငရဲရောက်စေချင်တဲ့မင်းစိတ်ကမင်းကိုအကုသိုလ်ပြန်ဖြစ်စေမယ်…….
           ဟာ…ရှကီးတော်တယ်…….ငါတို့ထက်တောင်ဘုရားအကြောင်းသိနေပါလား…
           ကျီးကန်းမြောက်ပြောနေပြန်ပြီ။သိရမယ်လေ…..
           ငါတို့ အုပ်စုထဲမှာဘုန်းကြီးပါနေလို့ ကွင်းမဆင်းခင် တက္ကသိုလ်စာကြည့်တိုက် သွားပြီးဗုဓ္ဒဝင်အကြောင်းသွား ဖတ်ထားတာ…

အရက်သမားငါ့ကိုဘဲ ဘုန်းကြီးတရားဟောမယ်ဆိုတာကြိုသိနေတယ်လေ…...
            ရှကီးပါးစပ်ကတရားစကားတွေထွက်လာသောကြောင့်ဘုန်းကြီးပြိုင်ပြီးတရားမဟောနိုင်တော့ပါ။
ဘုန်းကြီးစိတ်ညစ်သွားပါပြီ။ကျနော်နှင့်ကျီးကန်းလည်းဘုန်းကြီးကိုမကျေနပ်ကြပါ။
မြင်းတိုက်ရာသီဥတုသည်အရမ်းအေးပါသည်။နံနက်ပိုင်းတော်ရုံအိပ်ယာမထနိုင်ကြပါ။
အိပ်၍အရမ်းကောင်းပါသည်။သို့သော်ကျနော့်ဘေးမှာအိပ်သောဘုန်းကြီးသည်နံနက် 5နာရီထိုးအိပ်ရာကထပြီး
ဘုရားစာအကျယ်ကြီးရွက်ပြီးဘုရားရှိခိုးပါတော့သည်။သူဘုရားရှိခိုးလျှင်ကျနော်တို့အားလုံးနိုးလာရပါသည်။
အိပ်ကောင်းနေချိန်ဖြစ်သောကြောင့်ကျနော်တို့အရမ်းစိတ်ဆိုးပါသည်။
ငရဲကြီးမှာကြောက်သောကြောင့်တစ်ယောက်မှထိပ်တိုက်မပြောကြပါ။
အခုတော့ရှကီးကိုဆရာတင်ရတော့မည်။
နံက် 5 နာရီဘုရားမရှိခိုးရအောင်ဘယ်လိုပြောခိုင်းရင်ကောင်းမလဲလို့ကျနော်နဲ့ကျီးကန်းထိုင်စဉ်းစားကြပါသည်။
ကဲ..ကဲ…ဆက်ထွက်ကြမယ်……...ဆရာဖေသတိပေးသံကြားလိုက်ပါသည်။

-----------------------------------------------။-----------------------------------------------------------------

တစ်ည Field ကအပြန်ရွာထဲဖြတ်လျှောက်လာစဉ်ခင်နေသောရွာသားတစ်ဦးယုန်သားဟင်းချက်ထားသည်။
ညနေစာလာစားဘို့ကျနော်တို့ကိုဖိတ်လိုက်ပါသည်။
ရေမိုးချိုးပြီးတော့ ကျနော်၊ကျီးကန်း၊ဘုန်းကြီး၊ရှကီးတို့နဲ့အတူတူယုန်သားဟင်းစားဘို့ရွာထဲထွက်ခဲ့ကြပါသည်။
ရွာသားအိမ်ရောက်တော့ဂန်ဂါးကအရင်ရောက်နှင့်နေပြီ……
ဟင်းအနှစ်များများနဲ့ချက်ထားသောယုန်သားဟင်းတော်တော်စားကောင်းပါသည်။
ဘယ်လိုအရသာရှိမှန်းမပြောတတ်ပါ။           
ဆေးသမားဂန်ဂါးဟင်းအနှစ်တွေကိုဘုန်းကြီးထမင်းပုဂံထဲမကြာမကြာ၊ထည့်ပေးနေတာထူးဆန်းစွာတွေ့နေရပါသည်။
လုံလောက်ပြီ ဂန်ဂါးလို့…….ဘုန်းကြီးစကားနှင့်ပြောတော့ရှကီးကဘုန်းကြီးကိုမျက်စောင်းထိုးကြည့်ပါသည်။
ပြီးနောက်ရှကီးယုန်သားကိုအရက်နဲ့ကိုင်နေပြီ…….
သည်ည ဂစ်တာတီးရတာအရမ်းကောင်းသလိုသီချင်းဆိုလို့လည်းအရမ်းကောင်းပါသည်။
နဲနဲတော့ထူးဆန်းနေသည်။
ထိုစဉ်ဆေးသမားဂန်ဂါးကျနော်တို့ဘေးမှာလာထိုင်ပါသည်။
            ဟေ့…ကောင် ဂန်ဂါး မင်းမရိုးသားဘူး ငါသိတယ်နော်….ကျနော်ကခပ်တည်တည်နဲ့ဟောက်တော့….
            တစ်ခါတစ်လေ အပျော်သဘောမျိုးဖြစ်အောင်ယုန်သားဟင်းထဲငါကိုယ်တိုင်ဆေးခြောက်တွေထည့်ချက်ထားတာ…..
            …..ဘယ်လိုလဲ…..စားလို့မကောင်းဘူးလား……..
            …..ငါတို့တွေအရေးမကြီးဘူး ဘုန်းကြီးသိသွားရင်မကောင်းဘူး…….
            …..ဘုန်းကြီးမသိနိုင်ဘူး….အိပ်ပျော်သွားမှာပါ……
ညဘက် ဂစ်တာတီးပြီးအိပ်ရာဝင်တော့ဘုန်းကြီးသူ့အိပ်ရာပေါ်မှာတရားထိုင်နေပါသည်။
ညစဉ်ညတိုင်းမအိပ်ခင်နာရီဝက်တရားထိုင်လေ့ရှိသည်။
မနက် 5 နာရီ အိပ်ရာထလေ့ရှိသည်။
ဒါဘုန်းကြီးနေ့စဉ်အလုပ်….ဒီနေ့ညတရေးနိုးလည်းဘုန်းကြီးတရားထိုင်နေတုန်း….၊နှစ်ရေးနိုးလည်းတရားထိုင်နေဆဲ
ဆေးသမားဂန်ဂါးရဲ့ဆေးခြောက်ကိုစဉ်းစားမိပြီးကျနော်လန့်သွားပါသည်။
မူးယစ်ဆေးတစ်ခါမှသုံးစွဲဖူးခြင်းမရှိသောဘုန်းကြီးဘာတွေဖြစ်နေပြီလဲ……
           …….ဘုန်းကြီး ညဉ့်နက်နေပြီ….မအိပ်သေးဘူးလား……..
           …..အိပ်နှင့်ကြ….ဒီညတရားထိုင်လို့အလွန်ကောင်း……
           …သွားပြီ…ဘုန်းကြီးတစ်ယောက်ဆေးမူးတာနဲ့တရားထိုင်တာရောကုန်ပြီ…..
           …..ဘုန်းကြီးအိပ်တော့ကွာ….မနက် Field  ဆင်းရအုံးမယ်…….
           …..ဒီအနီးအနားမှာဘုန်းကြီးကျောင်းရှိရင် သင်္ကန်းပြေးစီးလိုက်ချင်တယ်……….
           ဒီနေ့ညပုံစံမျိုးနဲ့တရားထိုင်ရရင်မကြာခင်မှာ ရဟန္တာဖြစ်သွားနိုင်တယ်…….
           ငါတရားဆက်ထိုင်အုံးမယ်....
လေသံသာသာအသံတိုးတိုးနဲ့ဘုန်းကြီးပြောပါသည်။
            ဟူး….စိတ်ညစ်လိုက်တာ….ဘုန်ကြီးဆေးမူးနေပြီ……
            ဆရာဖေသိလို့ကကောင်းကောင်းအဆဲခံရဘို့မြင်နေတယ်….
ကျနော် လည်းကြာကြာမစဉ်းစားနိုင်ပါ။ဆေးမူးမူးနဲ့ပြန်အိပ်ပျော်သွားပါသည်။
            …ဗျိုင်းတို့…..ကျီးကန်းတို့မထကြသေးဘူလား…..ငှက်တွေကလူတွေထက်စောစောအိပ်ယာထရမှာ…
            ဒီမှာလူတွေအားလုံးအဆင်သင့်ဖြစ်နေပြီ…..
            ကျောင်းသားတစ်ယောက်လာနှိုးမှကျနော်လန့်နိုးလာပါသည်။ဘေး ကကောင်တွေအိပ်နေတုန်း…….
            ရှကီး၊ဂန်ဂါး၊ကျီးကန်းအိပ်နေဆဲ…….ထူးဆန်းတာကဘုန်းကြီးလည်းအိပ်ရာမထသေး……အိပ်ပျော်နေဆဲ….
ဒီနေ့မနက် 5 နာရီထပြီးဘုရားမရှိခိုးနိုင်တော့ပါ။
ကျနော်တို့အားလုံးအိပ်ရာထကြသော်လည်းဘုန်းကြီးမထနိုင်ပါ။ထပြီးမတ်တတ်ရပ်တော့ပြန်လဲကျသွားပါသည်,
နောက်ထပ်ရပ်ပြီးခြေလှမ်းတော့ပြန်လဲပြန်ပါသည်။
ဒုက္ခဘဲ ဆေးတစ်ခါမှမချဘူးသောဘုန်းကြီးဆေးအရှိန်မပျယ်သေး……..
            ဆရာ…ဘုန်းကြီးနေမကောင်းလို့ဒီနေ့ခွင့်ပေးပါတဲ့…..အေး…. အေး…နေမကောင်းတဲ့သူနေခဲ့……..
            တော်ပါသေးရဲ့…ဆရာဖေနေခွင့်ပေးလို့………
Field ထဲလိုက်ခဲ့လျှင်ဘုန်းကြီးတစ်ယောက်ကမ္ဘားနီဂူနားကချောက်ကမ်းပါးထဲကျသွားနိုင်သည်။
အားလုံးပြင်ဆင်ပြီးField ထွက်ခါနီးဘုန်းကြီးအခြေအနေကိုသွားမေးကြည့်ပါသည်။
            …….ဒကာဗျိုင်း….မနေ့ညကဘုန်းကြီးတရားထိုင်ရင်းစျန်နဲ့မိုးပေါ်ပျံတက်သွားတယ်.. ငါအခုစျန်ရနေပြီ……
            ….သွားပါပြီ…….ဘုန်းကြီးတစ်ယောက်ဆေးမူးမူးနဲ့ထင်ရာမြင်ရာတွေလျှောက်ပြောနေပါတော့သည်။

-------------------------------------------။-----------------------။----------------------------------------

Individual Field ဆင်းနေစဉ်အတောအတွင်းတညနေဗိုက်တွေလည်းဆာနေကြပါသည်။
အနီးရှိရွာငယ်ငယ်မှာမုန့်ဆိုင်လည်းမရှိ၊လ္ဘက်ရည်ဆိုင်လည်းမရှိ၊ဘုန်းကြီးကျောင်းလည်းနတ္ထိ…..
ဒါဆိုရင် ရွာထဲကအိမ်တွေမှာရေတောင်းရင်းစားဘို့သောက်ဘို့ကြံဖန်ရတော့မည်။
ရွာငယ်သလိုအိမ်တွေလည်းသေးသေးငယ်ငယ်ဆိုတော့ကျနော်တို့အတွက်အစားအသောက်အဆင်မပြေနိုင်……….
ဒါပေမယ့်ရွာသား  များ၏မျက်နှာပေါ်မှာကျနော်တို့အပေါ်လှိုက်လှဲပျူငှာစွာဖိတ်ခေါ်နေသော သဏ္ဍန်တွေ့ရပါသည်။
ကျနော်တို့လူစုများသောကြောင့်သူတို့တွေကိုအရမ်းအားနာပါသည်။
မရှိမဲ့ရှိမဲ့သူတို့စားမည့်ထမင်းကိုကျနော်တို့ဝင်မစားရက်ပါ။
 
အိမ်နဲနဲကြီးကြီးခပ်ထောထောအိမ်မျိုးကိုဖြေးဖြေးချင်းရှာသွားမည်။
တဖြေးဖြေးနဲ့လျှောက်လာကြတာရွာထိပ်ကိုပင်ရောက်လာပါပြီ……ရွာထိပ်မှာခြံကျယ်ကျယ်နဲ့အိမ်ပုတစ်လုံးဘဲကျန်တော့သည်။
သည်အိမ်ကိုကျနော်တို့မဖြစ်မနေ ဝင်ရတော့မည်။
မဝင်ရင်နာရီဝက်ထပ်လမ်းလျှောက်မှမြင်းတိုက် Campပြန်ရောက်တော့မည်။
ဗိုက်ဆာဆာနဲ့လမ်းထပ်မလျှောက်ချင်တော့ပါ……….
ခြံပေါက်ရှေ့ကိုရောက်လာပါပြီ……အိမ်ပုလေးမီးလင်းဖိုခေါင်းတိုင်မှမီးခိုးများထွက်နေသည်။
ရာသီဥတုအေးသောကြောင့်မီးဖိုကိုဧည့်ခန်းအလယ်မှာထားလေ့ရှိကြပါသည်။
             အိမ်ရှင်တို့…အိမ်ရှင်တို့……..
အသံပေးတော့တစ်ယောက်မှမထွက်လာပါ။
ခြံဝင်းထဲမှာကြက်တွေအစာရှာစားနေတာတွေ့နေရသည်။
             အိမ်ရှင်တို့…အိမ်ရှင်တို့….
ထပ်အသံပေးလိုက်တော့ 8 နှစ် 9 နှစ်အရွယ်ကောင်လေးတစ်ယောက်ထွက်လာပါသည်။
အသားကညစ်ညစ်၊ထူးဆန်းတာကဒီခလေးဆံပင်အလယ်လောက်မှာဆံပင်အပင်နှစ်ဆယ်လောက်ရှည်နေပြီးကျစ်ထားပါသည်။
တရုတ်ဓါးကားထဲကသိုင်းသမားဆံပင်ပုံစံမျိုး………သူစကားပြန်ပြောပါသည်။
သူဘာတွေပြောနေမှန်းကျနော်တို့မသိ…….မြန်မာစကားမဟုတ်၊ဘာသာစကားတစ်ခုခုဘဲ…..ချင်းကြီးကချင်းစကားနဲ့မေးပါသည်
သူနားမလည်၊ရှမ်းလေးကရှမ်းစကားနဲ့ပြောလည်းသူမသိ..            နောက်တော့အမူအရာလုပ်ပြပါသည်။သူ့အမူအရာကကျနော်တို့အားလုံးခြံရှေ့ကထွက်သွားကြလို့အဓိပ္ပါယ်ပေါက်နေပါသည်။
စိတ်ညစ်ရပြီ ဗိုက်ဆာဆာနဲ့ Camp ပြန်ရမည့်ပုံပေါ်နေပြီ……..
ဒီအချိန်နောက်မှရောက်လာသောစန်းလိုက်က ဝူးဝူးဝါးဝါးဘာသာစကားတစ်ခုနဲ့လှမ်းပြောလိုက်ပါသည်။
ဒီခလေးအံ့သြနေသောမျက်လုံးနဲ့စန်းလိုက်ကိုစိုက်ကြည့်ပြီးအိမ်ဘက်ကိုပြန်လှည့်ပြေးသွားပါသည်။
ကျနော်တို့အားလုံးစန်းလိုက်ကိုကြည့်မိပါသည်။
စကားတူနေသောစန်းလိုက်ဘာလူမျိုးပါလိမ့်......
ချာတိတ်ကသူ့အစ်ကိုလို့ထင်ရသောတစ်ယောက်ကိုခေါ်ခဲ့ပါသည်။
စန်းလိုက်နဲ့စကားပြောရင်းအားလုံးအိမ်ထဲဝင်ကြဘို့ဖိတ်ခေါ်လိုက်ပါသည်။
အဆင်ချောပြီထင် ပါရဲ့…….
ဧည့်ခန်းမီးဖိုဘေး မှာအဖိုးအရွယ်လူကြီးတစ်ယောက်နဲ့အဖေအရွယ်လူလတ်တစ်ယောက်တို့ထိုင်စကားပြောနေကြပါသည်။
သူတို့ပြောတဲ့စကားကိုကျနော်တို့နားမလည်။ဒါပေမယ့်စန်းလိုက်ကသူတို့ ကိုနှုတ်ဆက်လိုက်ပါသည်။
စန်းလိုက်ရယ်၊လူရွယ်ရယ်၊အဖိုးရယ်စကားတွေဖေါင်နေကြပါပြီ……
ကျနော်တို့က အိမ်ရှင်တွေချပေးထားသောရှမ်းအချိုမုန့်များအခြားမုန့်လ္ဘက်သုတ်များကို၊ကသောကမျောစားရင်းဗိုက်ဖြည့်နေပါပြီ.....
ဒီလောက်စားရင်လုံလောက်ပါပြီ……အစာဝင်ပြီးတော့မှစန်းလိုက်သူတို့အကြောင်းကို  ပြန်ပြောပြပါသည်        
စန်းလိုက်ဟာဂေါ်ရခါးလူမျိုး၊စန်းလိုက်အဖိုးဟာအင်္ဂလိပ်စစ်တပ်နှင့်အတူပါလာသောဂေါ်ရခါးစစ်ဗိုလ်၊
ဒီအိမ်မှာရှိနေသောအဖိုးလည်းဂေါ်ရခါးစစ်သားတစ်ဦး….စန်းလိုက်တို့အဖိုးကိုကောင်းကောင်းသိနေပါသည်။
အခုမှအမျိုးတွေတွေ့နေကြပြီ…….
            …….စန်းလိုက်ရေ…နောက်ကျနေမယ်…..…..,

         ငါပြောလို့မရတော့ဘူး…ကြက်သားဟင်းချက်နေပြီ…….
            …..စားပြီးသောက်ပြီးမှပြန်ကြပါတဲ့…..
            ….နောက်ကျမလားမသိ…ဆရာဖေဆူနေမလား……
            မထူးပါဘူး…ကြက်သားဟင်းနဲ့ထမင်းတီးပြီးတော့မှ Camp ပြန်တော့မယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်……
သိပ်မကြာပါဘူး…မွှေးပျံ့နေသောကြက်သားဟင်းရောက်လာပါသည်။ထမင်းတော့မရောက်သေး
ထိုစဉ်အငွေ့တထောင်းထောင်းထနေသောဂျိုင့်ကြီးတစ်လုံးအရှေ့ကိုရောက်လာပါသည်။
အနံ့ကိုရှုမိပြီးရှကီးမျက်လုံးအရောင်လက်လာပါသည်။
လောလောလတ်လတ်အရက်ဖိုကယူခဲ့သောကောက်ညှင်းအရက်…ရှကီးတစ်ကျိုက်မော့ ချလိုက်ပြီး
             အား…ပါး…..ပါး.......ကောင်းလိုက်တာ..
တစ်ယောက်တစ် ခွက်ငှဲ့ပေးလိုက်ပါသည်။
အမှတ်မထင်မော့ချလိုက်တာလည်ချောင်းကိုမီးစနဲ့ထိုးလိုက်သလိုပူသွားပါသည်။
            …..အား…ပါး…ပြင်းလိုက်တဲ့အရက်……
ဘုန်းကြီးကနှာခေါင်းပိတ်ပြီးကျနော်တို့နဲ့ဝေးရာမှာသွားထိုင်နေရင်းနှုတ်မှလည်းဘုရားစာတွေကိုတတွတ်တွတ် နဲ့ရွတ်နေပါသည်။
ချာတိတ်ကအရက်တစ်ခွက်ဘုန်းကြီးကိုသွားပေးပါသည်။
ဂေါ်ရခါးစကားနှင့်စန်းလိုက်လှမ်းပြောလိုက်မှကောင်လေးပြန်လှည့်လာပါသည်။
ဒီကြက်သားဟင်းကိုအရက်နဲ့မြည်းမည်။ကြက် နောက်တစ်ကောင်ကထမင်းနဲ့စားမည်လို့သူတို့စီမံထားပါသည်။
ဘုန်းကြီးကလွဲလို့အားလုံးအရက်နဲ့ကြက်သားကိုင်ကြပါသည်။
ထမင်းနဲ့ဟင်းထပ်ရောက်လာတော့ကျနော်တို့သိပ်မစားနိုင်ကြတော့ပါ။
ဒါပေမယ့်အိမ်ရှင်ဂေါ်ရခါးတွေရဲ့စေတနာကိုနားလည်စွာဖြင့်ကျနော်တို့အားလုံးစားကြပါသည်။
ဒီတစ်ခါတော့ဘုန်းကြီးလည်းဝင်စားပါသည်။
ဆေးသမားဂန်းဂါးကဟင်းဝေသောအိုးသူကြီးလုပ်နေပါသည်။
ဘုန်းကြီးထမင်းပုဂံကိုလှမ်းယူတော့ဘုန်းကြီးပုဂံပေးဘို့လက်တွန့်နေပါသည်။
            ပေးစမ်းပါ….နဲနဲလေးထည့်ထားတာပါလို့ဂန်ဂါးပြောလိုက်တော့ဘုန်းကြီးသူ့ထမင်းပုဂံမပေးတော့ပါ……
ယုန်သားဟင်းစားတဲ့ညက ဆေးသမားဂန်းဂါးလက်ချက်နဲ့အရှင်လတ်လတ်စျန်ရသွားတာပြန်စဉ်းစားမိပြီးဂန်ဂါးကိုဘုန်းကြီးလန့်နေပါသည်,
            ဘုန်းကြီးစားလေ..ဘာမှမလုပ်ထားပါဘူး.....လို့စန်းလိုက်ပြောလိုက်တော့မှ
ဘုန်းကြီးစိတ်ချလက်ချစားပါတော့သည်။ဒါတောင်ဟင်းအနှစ်တွေကိုမစားရဲတော့ပါ။
ဂေါ်ရခါးမိသားစုနဲ့နှုတ်ဆက်ပြီးပြန်ထွက်လာတော့ 6 နာရီထိုးတော့မည်။
မှောင်ရိပ်သန်းစပြုနေပြီ........
စန်းလိုက်နဲ့ဂေါ်ရခါးအဖိုးတော်တော်နဲ့စကားဖြတ်လို့မရပါ။
စန်းလိုက်အဖိုးသို့လူကြုံစကားနဲ့ရန်ကုန်မပြန်ခင်နောက်တစ်ခေါက်ပြန်လာဘို့ခေါ်နေပါသည်။
            Camp အပြန်ခရီးမှာမျောက်ခေါင်းကတစခန်းထပြန်ပါသည်။
            …..ဟေ့ကောင်ကျီးကန်း….မင်းငါ့ကိုပြောရက်လိုက်တာ…..
            …..မျောက်ခေါင်း…ငါဘာပြောမိလို့လဲ……..ဘာမှမပြောပါဘူး……….            
ရထားပေါ်မှာမင်းငါ့ကိုပြောထားတာပြန်စဉ်စားမိတိုင်းငါဝမ်းနည်းတယ်လို့ပြောပြီးမျောက်ခေါင်းငိုပါတော့သည်။
            ဟာ…သူငယ်ချင်း မင်းကိုငါဘာပြောမိလို့လဲ၊ငါတောင်စဉ်စားမရတော့ဘူး….ကျီးကန်းပြန်မေးနေရပါသည်။
ရထားပေါ်ကအဖြစ်အပျက်ကိုကျနော်ပြန်သတိရမိပါပြီ.....
ဘူတာတွေမှာရထားထွက်ပြီဆိုရင်ခွေးတွေရထားနောက်ကိုရထားနဲ့အပြိုင်၊အပြေးလိုက်တာကိုမြင်ဘူးကြပါမည်။
ရထားပေါ်ကစားစရာများရမလားမျှော်လင့်ချက်နဲ့လိုက်ရင်းလိုက်ရင်းနဲ့၊ရထားကိုလိုက်မမှီတော့ဘဲခွေးတွေလည်းမောပြီးကျန်ရစ်ခဲ့ပါသည်။
ဘူမိဗေဒကျောင်းသားအတွဲမှာထိုင်နေကြရင်းဘူတာကအထွက်ကျီးကန်းကပြတင်းပေါက်မှကြည့်ရင်း…
            …ဟာ… .မျောက်ခေါင်း….မျောက်ခေါင်း
ကျနော်တို့အားလုံးမျောက်ခေါင်းဘူတာမှာကျန်နေရစ်ခဲ့ပြီထင်လို့ပြူတင်းပေါက်မှချောင်းကြည့်ကြပါသည်။
ခွေးတစ်ကောင်ရထားနဲ့အပြိုင်အပြေးလိုက်နေရှာပါသည်။
            ……ဘယ်မှာလဲမျောက်ခေါင်း…….
            ….ဟိုမှာလေ….မတွေ့ဘူးလား…….
            …အဲဒါမျောက်မဟုတ်ဘူး……ခွေး……..
            …ခွေးနဲ့မျောက်နဲ့အတူတူပါကွာ…..
            ……ဘာဆိုင်လို့လဲ……
ဆိုင်တာပေါ့ အဓိပ္ပါယ်အတူတူဘဲဟာ…..မဖြစ်နိုင်တဲ့မအေးကိုမျောက်ခေါင်းလိုက်နေတာရထားကိုခွေးလိုက်နေသလိုဘဲ…
ရလည်းမရဘဲနဲ့မောပြီးကျန်နေခဲ့မှာ…….
တဝါးဝါးနဲ့ရီကြပြီးအားလုံးမျောက်ခေါင်းရဲ့အတင်းတုတ်ကြပါသည်။
ကျီးကန်းအသံကအကျယ်ဆုံး……ထိုင်ခုံအောက်မှာအိပ်ပျော်နေတယ်လို့ထင်သောမျောက်ခေါင်းမအိပ်ပျော်သေးသောကြောင့်
သူ့အတင်းပြောနေတာကိုကြားနေခဲ့ပါသည်။
            ကျနော်တို့အားလုံးချော့လေ…မျောက်ခေါင်းပိုငိုလေ…..
ခလေးတစ်ယောက်လိုအော်ဟစ်ပြီးငိုနေသောမျောက်ခေါင်းကိုကြည့်ပြီးအားလုံးစိတ်ညစ်နေကြပါသည်။
            ဟေ့ကောင်မျောက်ခေါင်း….ငိုမနေနဲ့….မင်းငိုနေတာမအေးမသိသလို….၊ငိုနေလို့လဲမအေးရဲ့အဖြေပြောင်းမှာမဟုတ်ဘူး
ထူးခြားချင်ရင်မအေးရှေ့မှာမင်းခုနကငိုသလိုမျိုးအော်ဟစ်ပြီးသွားငိုပြလိုက်…
ကျီးကန်းပွဲကြမ်းတော့မှမျောက်ခေါင်းငိုသံတွေရပ်သွားပါသည်။
ကျနော်တို့Camp ပြန်ရောက်တော့ ည 7း00 ကျော်နေပြီ…..ဆရာဖေကျနော်တို့အုပ်စုကိုစိတ်ပူပြီးရွာထိပ်မှာ ထွက်စောင့်နေပါသည်။            မိဘနဲ့သားသမီးမေတ္တာ၊ဆရာတပည့်အပေါ်ထားသောမေတ္တာအတူတူပါလားလို့ကျနော်နားလည်လိုက်ပါသည်။

----------------------------။-----------------------------------------။----------------------------------------------

ကျနော်တို့ဘူမိဗေဒကွင်းဆင်းကြတော့မှရှမ်းပြည်နယ်မှာရှိသောရွာကလေးများ၏

ချစ်စရာဓလေ့များကိုမြင်လာရပါသည်။
ရွာတိုင်းရွာတိုင်းတစ်နှစ်တစ်ခါဘုရားပွဲတွေလုပ်လေ့ရှိပါသည်။
ရွာဘုရားပွဲကိုအများအားဖြင့်နေရာကျယ်ဝန်းသောဘုန်းကြီးကျောင်းဝန်းများတွင်လုပ်လေ့ရှိပါသည်။            ပွဲလမ်းများမပါဝင်ပါ။မုန့်ဆိုင်တန်းများ၊စားစရာဆိုင်တန်းများတိုလီမိုလီရောင်းသောဆိုင်များတန်းစီပြီးရောင်းချနေပါသည်။
ထို့အပြင်ကစားဝိုင်းမျိုးစုံလည်းတန်းစီနေပါသည်။ကစားဝိုင်းများထဲမှာ ကိုးမီး၊21၊ပိုကာ၊ဟောလီဝုဒ်အနီထောင်၊ဂျင်ဝိုင်း၊စသောကစားနည်းများတန်းစီပြီးကစားကြမည့်ရွာသားများကို
စောင့်မျော်နေကြပါသည်။
ကျနော်တို့တောင်ငူစကားဝိုင်းနဲ့ပြောရင်ထိုကစားဝိုင်းများကို အာဝါဒေးလို့ပြောရပါမည်။
သူတို့ကစားနေကြတာကိုမြင်ပြီးကျနော်စိတ်မကောင်းပါ။ထိုကစားဝိုင်းဖွင့်သူများအားလုံးသည်လူလည်ကြီးများဖြစ်ကြပါသည်။
ရိုးသားသောရွာသားများကိုကစားဘို့မြူဆွယ်နေပါသည်။
ရွာသားများကစားပြီဆိုလျှင်သူ့လူတွေနဲ့ညှပ်ပြီးကစားလေ့ရှိပါသည်။
ရိုးသားသောရွာသားများသည်တစ်နှစ်တစ်ခါလွတ်လွတ်လပ်လပ်ကစားရသောကစားဝိုင်းများမှာ၊သူတို့၏စုထားသောငွေများကို
အလှူလုပ်နေသလိုပါဘဲ……

အနိုင်ရသောရွာသားတော်တော်နဲပါသည်။
တစ်နှစ်တစ်ခါအမြဲရှုံးနေသော်လည်းသူတို့တွေစိတ်မှတ်မရှိကြပါ။
တစ်နှစ်တစ်ခါဖဲကိုင်နေရရင်ပျော်နေတဲ့ ပုံတွေ……တစ်ရက်ညစာစားပြီး Camp ရှေ့မှာထိုင်နေကြစဉ်.....
အနောက်ရွာမှဘုန်းကြီးတစ်ပါး၊ကပ္ပိယနှင့်မြင်းတိုက်ကျေးရွာကောင်စီမှလူကြီးတစ်ယောက်
 Camp ကိုရောက်လာကြပါသည်။
ဆရာဖေဆီမှာခွင့်တောင်းနေပါသည်။
မနက်ဖြန်အနောက်ရွာဘုရားပွဲနေ့….၊အနောက်ရွာကျောင်းထိုင်ဘုန်းကြီးကကျနော်တို့သူငယ်ချင်းဘုန်းကြီးကိုဖိတ်ခိုင်းလိုက်ပါသည်။
မနက်ဖြန် Field အမှီပြန်ပို့ပေးမည်။လိုက်ချင်သောကျောင်းသားများလည်းလိုက်ခဲ့နိုင်သည်။
မနက်စာကျွေးပြီးပြန်ပို့ပေးမည်။စည်းကမ်းပိုင်းနှင့်ပတ်သက်ရင်ဆရာဖေတင်းကြပ်ပါသည်။
ဘုန်းကြီးကိုယ်တိုင်လာဖိတ်ပြီးကောင်စီလူကြီးကတာဝန်ယူသောကြောင့်ဆရာဖေခွင့်ပေးခဲ့ပါသည်။
လိုက်ချင်တဲ့သူလိုက်နိုင်တယ်လို့ဆရာဖေခွင့်ပြုသော်လည်းကျန်သောကျောင်းသားများမလိုက်ကြပါ။
ဘုန်းကြီး၊ကျနော်၊ကျီးကန်း၊ရှကီးလေးယောက်လိုက်သွားကြပါသည်။
အနောက်ရွာကျောင်းထိုင်ဘုန်းကြီးနဲ့ကျနော်တို့ဘုန်းကြီးရင်းနီးကြပါသည်။
တရားအကြောင်းဆွေးနွေးလိုက်တရားဟောတာဆွေးနွေးလိုက်အပေးအယူတည့်နေကြပါသည်။
ကျနော်နဲ့ကျီးကန်းကကစားဝိုင်းမှာကစားချင်နေပါသည်။ရှကီးကဘုရားပွဲမှာအမြည်းကောင်းကောင်းနဲ့အရက်သောက်ချင်နေပါသည်။
အနောက်ရွာဘုန်းကြီးကျောင်းဝင်းထဲမှာအောက်လင်းမီးအိမ်လင်းလင်းထိန်လျှက်အာဝါဒေးစနေပါပြီ။
ရွာသားတော်တော်များများဖဲကစားနေကြပါသည်။
ကျနော်နဲ့ကျီးကန်းလည်းတစ်မျိုးပြီးတစ်မျိုးပြောင်းကစားကြပါသည်။
ရှကီးအစားအသောက်ဆိုင်ဖက်ထွက်သွားပြီ…..ဘုန်းကြီးကကျောင်းထိုင်နဲ့စကားပြောကျန်ရစ်ခဲ့ပါသည်။
ကျနော်နဲ့ကျီးကန်း ကစားဝိုင်းမှ 12 နာရီလောက်မှာပြန်ခဲ့ကြပါသည်။ပြန်ရောက်တော့ရှကီးအိပ်ပျော်နေပြီ……..           
ဓမ္မာရုံဘေးနားကအိပ်ခန်းမှာကျနော်တို့ကိုသိပ်ပါသည်။ဘုန်းကြီးကကျနော်တို့ခေါင်းရင်းခန်းမှာအိပ်ပါသည်။
ဓမ္မာရုံကြီးထဲမှာမနက်ဖြန်မနက် 5 နာရီ ကျောင်းထိုင်တရားဟောရန်အတွက်ပြင်ဆင်နေကြပါသည်။
ကျနော်တို့အခန်းပြတင်းပေါက်မှကြည့်လျှင်တရာဟောမည့်စင်မြင့်ကိုလှမ်းမြင်နေရသလို၊ဘုန်းကြီးအခန်းတံခါးကိုလည်းမှန်ချပ်သာခြားသောကြောင့်မြင်နေရပါသည်။
ဘုန်းကြီးအခန်းတံခါးသည်မှန်တံခါးတပ်ထားပါသည်။
ထိုမှန်တံခါးမှကြည့်လျှင်လည်းတရားဟောစင်မြင့်ကိုလှမ်းမြင်နေရပါသည်။
ရာသီဥတုတော်တော်အေးသောကြောင့်ဘယ်အချိန်မှာအိပ်ပျော်သွားကြမှန်မသိပါ။
ဒါပေမယ့်နိုးတစ်ဝက်အိမ်မက်ထဲမှာကျနော်တို့ဘုန်းကြီးတစ်ကယ်သင်္ကန်းစီးထားပြီးတရားဟောနေပါသည်။
ကျနော်တို့ကတရားနာပရိတ်သတ်….နားထဲမှာတရားဟောသံကြားနေပါသည်။
            ဟာ…ကျောင်းထိုင်ဘုန်းကြီးတရားဟောနေပြီ….ထတော့မှဘဲ…..ရှကီးနဲ့ကျီးကန်းတုတ်တုတ်မျှမလှုပ်…….
ရာသီဥတုအေးသောကြောင့်ကျောင်းထိုင်ဘုန်းကြီးသင်္ကန်းလည်ထောင်ကိုမြင့်မြင့်ရုံပြီး၊တရားဟောနေတာတံခါးပေါက်မှလှမ်း တွေ့နေရပါသည်။
တရားဟောသောအသံစိတ်ထဲမှာကြားဖူးသလိုလို……
            ဟုတ်ပြီ….ဒါဘုန်းကြီးအသံဘဲ….ထပြီးဘုန်းကြီးအခန်းကိုမှန်တံခါးမှချောင်းကြည့်လိုက်တော့…..
ကျောင်းထိုင်ဘုန်းကြီးကိုကြည့်ပြီးမိုက်ခွက်ကိုင်ပြီးဘုန်းကြီးတရားဟောနေပါသည်။            ကျောင်းထိုင်ဘုန်းကြီးကိုကြည့်လိုက်တော့လည်ထောင်မြင့်နေသောကြောင့်ပါးစပ်လှုပ်တာကိုမမြင်ရပါ။
ကျနော်နားမလည်တော့ပါ။
ဘာဖြစ်လို့ဘုန်းကြီးကကျောင်းထိုင်ကိုယ်တော်အစားတရားဟောပေးနေရတာလဲ…..
            ယောနိန္ဒိယံ  ပသံ သတိ
            တံဝါ နိန္ဒတိယော ပသံသိယော
            ၀ိဓိနာတိ မုခေန သောကလိ ံ
            ကလိန တေန သုခံ နဝိန္ဒတိ
ကဲ့ရင့်သင့်သူကိုချီးမွမ်းသူသည်နှုတ်ဖြင့်အပြစ်ကိုစုဆောင်းသူမည်၏…
ချီးမွမ်းသင့်သူကိုကဲ့ရဲ့နေသူသည်လည်းနှုတ်ဖြင့်အပြစ်ကိုစုဆောင်နေသူမည်၏……
ထိုအကုသိုလ်အပြစ်ကျူးလွန်နေကြသူများသည်ဘယ်သောအခါမှချမ်းသာသုခကိုမရနိုင်ပါတကား…..
            သာဓု….သာဓု….သာဓု
ဒီနေ့မနက်ဘုန်းကြီးတော်တော်နေမကောင်းဘူး၊
ကိုယ်ရွာရဲ့တစ်နှစ်မှတစ်ခါဘုရားပွဲဆိုတော့ဘုန်းကြီးအားတင်းပြီးတရားဟောနေရတယ်……
တရားပွဲပြီးရင်ဘုန်းကြီးနားအုံးမယ်……  ပြောစရာရှိရင်လက်ထောက်ကိုဘဲမှာခဲ့ကြပါ…..
ပြောပြီးကျောင်းထိုင်ဘုန်းကြီးသူ့အဆောင်သို့ ပြန်ကြွသွားပါသည်။
ကျနော်တို့အားလုံးမြင်နေသည်။
အားလုံးကိုကျနော်တို့ဘုန်းကြီးကနောက်ကွယ်မှဟော၊ပြောပေးနေပါသည်။
            ဟေ့ကောင်ဘုန်းကြီး…မင်းငရဲကြီးမှာမကြောက်ဘူလား….မင်းဘာတွေလျှောက်လုပ်နေလဲ……
            ငါဘာမှမဟုတ်တာမလုပ်ဘူး…..အအေးမိပြီးအသံဝင်နေတဲ့ကျောင်းထိုင်ဘုန်းကြီးကိုငါကူညီနေတာ…                     
            ငါနားလည်တဲ့တရားကိုကျောင်းထိုင်ကိုယ်စားဟောပေးနေတာ…….လူတွေကိုတရားပြပေးနေတာ…
            လူတွေကိုဆဲနေတာမဟုတ်ဘူး…..ဘာလို့ငရဲကြီးရမှာလဲ……          
ကျနော်မပြောတတ်တော့ပါ။
လူတွေလည်းမရိပ်မိလို့တော်သေးသည်။
ဒါပေမယ့်ဘာဘဲဖြစ်ဖြစ်အားလုံးစားဘို့ထမင်းဟင်းများရှမ်းရိုးရာမုန့်မျိုးစုံကို၊ကျောင်းထိုင်ကကပ္ပိယနှင့်အပို့ခိုင်းလိုက်ပါသည်။
ကျနော်တို့ဘုန်းကြီးကောင်းမှုနဲ့ဒီနေ့ကျနော်တို့အားလုံးဟင်းကောင်းကောင်းနဲ့ထမင်းစားခဲ့ရပါသည်။

----------------။---------------------------------။--------------------------------------------------

ဒီနေ့ကျနော်တို့အုပ်စု Field တ စ်ရက်နားသည်။Camp မှာနေရင်းမြေပုံကြမ်း၊စာတမ်းနမူနာရေးကြမည်၊
ကျောက်နမူနာများကျောက်ဖြစ်ရုပ်ကြွင်းးနမူနာများကိုကောက်ယူခဲ့သောနေရာအမှတ်အသားများကိုမှတ်မည်။
နောက်ရက်မှာတော့မသေချာသောနေရာများကိုထပ်ဆင်းကြမည်။
ကျနော်တို့အုပ်စုတစ်ယောက်နဲ့တစ်ယောက်အပြောအဆိုအဆင်မချောကြပေမယ့်လည်းတစ်တန်းထဲသားပီပီ
အားလုံးညီညီညာညာလုပ်ကြပါသည်။သူငယ်ချင်းဆိုတာဒီလိုပါဘဲ……ခဏစိတ်ကောက်… ပြီးတော့ပြန်တည့်ကြပြန်
မတည့်အတူနေဆိုတာဒါဘဲလား..
မနက်ပိုင်းလုပ်စရာများကိုလုပ်လိုက်ကြပါသည်။
နေ့လည်စာစားပြီးတော့ကျနော်တို့အားလုံးမြင်းတိုက်ဘူတာမှာလာထိုင်နေကြပါသည်။
ဂါတ်စာရေးကိုစံမြကိုမတွေ့ပါ။ရထားချိန်မရောက်သေးသောကြောင့်ရွာထဲသွားတာလားမသိ…            
မြင်းတိုက်ဘူတာမှာကျနော်တို့အုပ်စုကလွဲ၍ဘယ်သူတွေမှမရှိကြပါ။
ဂတ်စာရေးကိုစံမြမွေးထားသောကြက်တစ်ကောင်သာဘူတာတဝိုက်မှာအစာရှာစားနေပါသည်။
ကိုစံမြကြက်က လူတွေနဲ့ယဉ် ပါးနေပါပြီ……
            ……ဒီး….ဒီး…..လာ…..လာ…..လာ……..            
ရှကီးကကြက်ကိုလှမ်းခေါ်နေသည်။ကြက်ကလေးကကျနော်တို့အုပ်စုနားလာပြီးကပ်နေသည်။
ဘုန်းကြီးကရထားလမ်းဘေးမှာရပ်ရင်းလက်အုပ်ချီပြီးနှုတ်မှတတွတ်တွတ်ရွက်ပြီး၊ဘာတွေဆုတောင်းနေလဲမသိပါ။
            …..ဘုန်းကြီးမင်းဘာတွေရွက်နေလဲ…….
            …..ခုနှစ်ရက်သားသမီးအန္တရာယ်ကင်းအောင်မေတ္တာပို့နေတာ……
လူတွေကိုမေတ္တာမပို့နဲ့…..ငါတို့အုပ်စု Grade ကောင်းကောင်း ရအောင်ဆုတောင်းပေးစမ်းပါ။
တောင်ပြောမြောက်ပြောကျနော်တို့အုပ်စုစကားတွေထိုင်ပြောနေကြပါသည်။
ရှကီးကထုံးစံအတိုင်းရေဘူးထုတ်ပြီးသောက်လိုက်ပါသည်။
ဂန်ဂါးကဆေးလိပ်ထုတ်သောက်နေသည်။
သူ့ဆေးလိပ်ငွေ့ရှူပြီးတဲ့အခိုက်မှာကျနော်တို့လည်းမူးဝေဝေဖြစ်လာပါသည်။
ဘိုးတော်နဲ့ဘုန်းကြီးကနှာခေါင်းပိတ်ပြီးအခြားတစ်ဖက်မှာသွားထိုင်နေသည်။
            …..ဟေ့ကောင်…ဂန်ဂါး….မင်း..ကွာ..လေထုညစ်ညမ်းအောင်လုပ်နေတာလား……ဝေးဝေးသွားကွာ…..
            ….လေကောင်းလေသန့်ရှူချင်တဲ့သူတွေငါနဲ့ဝေးရာကိုသွားကြ…..
            …..ငါးပါးသီလ မလုံတဲ့ကောင်တွေနဲ့ဝေးဝေးနေတာကောင်းပါတယ်…..
            ….ဘုန်ကြီးလုပ်ပြီ….ဘုန်းကြီးစကားကိုကြားသွားသောရှကီးက…
             ဟေ့ကောင်…မျောက်ခေါင်း လ္ဘက်သုတ်သွားဝယ်ကွာ…….
             အမြည်းမပါဘဲသောက်ရတာမမိုက်ဘူး….
             နတ်ပြည်ကိုတစ်ယောက်တည်းတက်ရသလိုပျင်းခြောက်ခြောက်နဲ့……
            …လူတွေက အရက်သောက်တာနဲ့နတ်ပြည်မရောက်ဘူးထင်နေကြတာ…….
            …..ဗုဒ္ဓဝင်မှာသွားကြည့်စမ်း….ငမူးတွေနတ်သားဖြစ်သွားတာအများကြီး…
ဘုရားတရားဘာမှနားမလည်ဘဲသိထားတဲ့တစ်ထွာတစ်မိုက်ကိုဘဲအဟုတ်မှတ်နေကြတာ…
ဘုန်းကြီးရိနေပြီ…
            သွားစမ်းပါကွာ…အရက်ကိုလူမပြောနဲ့…ဟောဒီကကိုစံမြကြက်တောင်ကြိုက်သေးတယ်……
ရှကီးမူးမူးရူးရူးနဲ့ကိုစံမြကြက်ကိုဖမ်းချုပ်ပြီးပါးစပ်ထဲအရက်အတင်းလောင်းထည့်နေသည်။
အတောင်တစ်ဖတ်ဖတ်ရိုက်ခတ်နေသောကြောင့်ဆေးသမားဂန်ဂါးကဝိုင်းချုပ်ပေးနေပါသည်။
            …….ဘုရားဘုရား…အပါယ်ကိုသွားမယ့်အကုသိုလ်ကောင်တွေပါလား…
            လူတွေကိုတော့မေတ္တာပို့သလေးဘာလေးနဲ့..၊  မျက်စိရှေ့မှာပါဏာတိပါတာကံကျူးလွန်တော့မယ့်ကောင်တွေကိုမင်းမတားဘူး…..
           ဘုန်းကြီးမင်းလည်းအလကားကောင်ဘဲ….မျောက်ခေါင်းဘုန်းကြီးကိုချဲနေပြီ…..ဟာ….
           ဒီကောင်တွေနဲ့ငါက အသူရာနဲ့သိကြားလိုတည့်မှမတည့်တာ….ငါပြောတဲ့စကားကိုအရွဲ့တိုက်နေကြတာ.           
ရေနွေးကြမ်းပုဂံတစ်ဝက်လောက်ကြက်ပါးစပ်ထဲလောင်းထည့်ပြီးတော့ကြက်ကိုပြန်လွှတ်ပေးလိုက်ပါသည်။
လွတ်ပေးလိုက်တော့ပထမကြက်ငြိမ်နေသည်။
ခဏနေတော့ရှကီးတိုက်လိုက်သောအရက်တံခိုးပြပြီ…၊.ကြက်ကလေးသည်မြင်းတိုက်ဘူတာခေါင်မိုးပေါ်သို့ပျံတက်သွားပါသည်။
ရထားသံလမ်းပေါ်သို့ပျံဆင်းလာသည်။တကောကောနဲ့အော်ရင်းဘူတာကိုပတ်ပြီးပြေးလိုက်ပျံတက်လိုက်ယောက်ခတ်နေပြီ…..
ကြက်ကလေးအရက်မူးနေပြီ..
အရက်မူးနေသောကြက်ကလေးကိုကြည့်ပြီးဆေးသမားဂန်ဂါးအသောမသတ်တဟီးဟီးနဲ့ရီနေသည်။
            …..ဟေ့ကောင်…ဂန်ဂါး….ဒါရီစရာမဟုတ်ဘူးကွ……..
            မင်းတို့လုပ်တဲ့အကုသိုလ်တွေမဆိုင်တဲ့သူတွေခံနေရတာ……ဘိုးတော်ဂန်ဂါးကိုထဆဲနေပါသည်,        
ကြက်ကလေးသည်ဘူတာကိုပတ်ပြေးရင်းကြာလာတော့ကျနော်တို့အရှေ့မှာဘဲဗြုံးကနဲလဲကျပြီးဖုတ်လှိုက်၊ဖုတ်လှိုက်နဲ့အသက်ငင်နေရှာပါသည်။
ကျနော်လည်းတွေ့ရတာစိတ်မကောင်းပါ…..
            ဒီအချိန်ကိုစံမြလည်းပြန်ရောက်လာပါပြီ…..
            ရှကီးကသူအပြစ်လွတ်အောင်အရင်ဦးစွာ……
            ……ကိုစံမြရေ….ခင်ဗျားကြက်ဘာတွေများအစားမှားသွားလဲမသိဘူး……..
            …..ကျနော်တို့အရှေ့မှာဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတယ်…..
            ဟုတ်တယ်…ကိုစံမြ…စောစောတုန်းကတွေ့တော့ဘာမှမဖြစ်ဘူး အခုမှဘာဖြစ်သွားလည်းမသိဘူး…….
ဆေးသမားဂန်ဂါးကသံယောင်လိုက်နေပါသည်။
            …..သတ္တဝါတွေလဲအချိန်တန်ရင်သေရတာပါဘဲ…မဆန်းပါဘူး……
            ကျနော်တို့အားလုံးဘာမှမပြောကြပါ။ရှကီးနဲ့ဂန်ဂါးကိုဘဲကြည့်နေကြသည်။
            …..ကိုစံမြ…ခင်ဗျားကြက်ကိုဘာလုပ်မှာလဲ……..
            ……ဘာခက်လဲဗျာ….ဟင်းအိုးထဲထည့်လိုက်ပေါ့…..
            …….ကောင်းတယ်….ဒီအကြံသိပ်ကောင်းတယ်…..      ကျနော့်ဆေးနဲ့ချက်လိုက်လို့ကနတ်ပြည်ရောက်မှာသေချာတယ်…..ဂန်ဂါးကအားရပါးရပြောနေပါသည်။
မင်းတို့အားလုံးသူတော်ကောင်းတွေဆိုရင်ငါတို့ချက်တဲ့ဟင်းကိုလာမစားကြနဲ့…….
ဒီနေ့ကြက်သားဟင်းကိုဆေးခြောက်နဲ့ထည့်ချက်မယ်…….
ရှကီးကကျနော်တို့အုပ်စုကိုမာန်သလိုလိုနှင့်ကျိတ်ပြီးလာပြောနေပါသည်။
ဒီငမူးကိုမင်းတို့ကြောက်ကြလား…အားလုံးလာခဲ့…..အတူတူနတ်ပြည်တက်ကြရအောင်..
မီးဖိုမှာဦးငွေသန်းတို့ကိုဒါလေးနဲ့ရောချက်ခိုင်းလိုက်မယ်..
ဆေးခြောက်ထုတ်ကိုပြပြီးဂန်ဂါးပြောပါသည်။နတ်ပြေတက်ချင်တဲ့ကောင်တွေလာစားကြ..
ဘုန်းကြီးလာစားမယ်မဟုတ်လား…ဂန်ဂါးနှင့်ရှကီးကြက်အတောင်ပံကိုတစ်ယောက်တစ်ဖက်ကိုင်ပြီးCampဆီသို့တက်သွားကြပြီ။
ကြက်ကလေးကိုကြည့်ပြီးသနားမိပါသည်။
မျက်စိရှေ့မှာဖြစ်ပျက်နေတာကိုဘာမျှမတားဆီးဖြစ်ခဲ့ပါ။
တကယ်တော့ကျနော်တို့အားလုံးအပြစ်မကင်းကြပါ။ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်မိပါသည်။
ကြက်သားဟင်းကိုလည်းမစားရက်တော့ပါ။

----------------။---------------------------------။-------------------------------------------------

ရှမ်းပြည်မှာမြို့မှအစရွာတွေအဆုံးတစ်ပတ်တစ်ခါမျိုး၊ငါးရက်တစ်ခါမျိုးစျေးနေ့ဆိုတာရှိပါတယ်။
ကျနော်တို့လည်းရှမ်းပြည်တောင်ပိုင်းကိုField ဆင်းတော့မှရှမ်းပြည်ရဲ့ဓလေ့တွေကိုသိလာရပါသည်။
ကျနော်တို့ Individual field ဆင်းသောဧရိယာသည်ကလောမြို့အနားရောက်နေပြီ……
ဒီနေ့ကလောစျေးနေ့ရှိသည်။ရန်ကုန်နှင့်ဝေးနေတာကြာပြီဖြစ်သောကြောင့်ကျနော်နဲ့ကျီးကန်းကလ္ဘက်ရည်ဆိုင်ထိုင်ချင်နေပါသည်။
ကျောင်းသားတိုင်းလိုလိုလူငယ်ပီပီကလောမြို့စျေးနေ့ကိုလျှောက်ကြည့်ချင်ပါသည်။
ဒါပေမဲ့  ကျောင်းသားအချို့မလိုက်ခဲ့ပါ။
လျှောက်လည်ချင်နေသောကျနော်တို့အုပ်စုကလောမြို့ကိုတက်ခဲ့ကြပါသည်။
စျေးနေ့ဖြစ်သောကြောင့်စျေးရောင်းသူများစျေးဝယ်သူများစည်ကားနေပါသည်။
ရှကီးကထုံးစံအတိုင်းခေါက်ဆွဲဆိုင်ကိုဝင်သွားပြီ…
ဘုန်းကြီးကစာအုပ်ဆိုင်တွေမှာတရားစာအုပ်တွေသွားရှာနေသည်။
ကျန်အဖွဲ့တွေကိုယ်အစီအစဉ်နဲ့ကိုယ်လျှောက်ကြည့်နေကြပါသည်။
နောက်တစ်နာရီမြို့မစျေးအပေါက်ဝမှာဆုံကြမည်။
ကျနော်တို့ကလျှောက်ကြည့်ပြီးလ္ဘက်ရည်ဆိုင်ထိုင်ကြပါသည်။
ဦးချစ်ဆိုင်လောက်မကောင်းပေမယ့်လည်းကလောလ္ဘက်ရည်ကကျနော်တို့မြင်းတိုက်လ္ဘက်ရည်ထက်သာပါသည်,
ကျနော်တို့အားလုံးပျော်ပါသည်။
စျေးဝယ်သူများစည်ကားနေတာကြည့်ပြီးစိတ်အပြောင်းအလဲဖြစ်စေပါသည်။
မြင်းတိုက် Camp ရောက်တာ ရက် 20 ကျော်နေပြီ…..
ရန်ကုန်မှာကျောင်းတက်နေသောကျောင်းသားများအဖို့ကြာလာတော့၊မြင်းတိုက်ရွာသည်နဲနဲတော့ပျင်းစရာကောင်းသလိုစိတ် ထဲထင်မိပါသည်။
ကလောစျေးနားမှာလျှောက်လည်လျှောက်ကြည့်ပြီးတော့ကျနော်တို့စိတ်တွေ၊တစ်ဖန်ပြန်လည်တက်ကြွလာပါသည်။
ကလောစျေးနေ့မှာကျနော်တို့အားလုံးစိတ်ကျေနပ်အောင်လျှောက်ကြည့်ကြပြီးနောက်ကွင်းဆင်းနေကြသော
ဧရိယာဆီသို့ပြန်လာနေကြပါပြီ……အပြန်ခရီးလမ်းလျှောက်လာကြရင်း….
            …..ဟေ့ကောင် ဗျိုင်း …ဘာလို့ခေါက်ဆွဲဆိုင်ကိုမဝင်လာတာလဲ…..
            …..ရွှေလိမ္မော်နဲ့ခေါက်ဆွဲကျော် သောက်ရမ်းမိုက်တယ်…….
            …..သြော်…..အနိစ္စ၊ဒုက္ခ၊အနတ္တ…..
            …ပစ္စုပ္ပန်မှာပြုတဲ့ကံကြောင့်နောက်ဘဝမှာဘာဖြစ်မယ်ဆိုတာလူတွေမတွေးကြပါလား၊

            ….ဒုက္ခ…ဒုက္ခ…..
            လုပ်ပြီ…ဘုန်းကြီးလုပ်ချလိုက်ပြီ…..ရှကီးနဲ့ပွဲတွေ့တော့မည်။
            ……ဟေ့ကောင်ဘုန်းကြီးမင်းလည်း မုသာဝါဒါကံကျူးလွန်နေတဲ့ကောင်ဘဲ……….
            …..ရှကီးမင်းဘာတွေပြောနေတာလဲ….ငါလိုအပြစ်ကင်းအောင်နေတဲ့သူမင်းတွေ့ဘူးလား……
မင်းဟာဘုန်းကြီးယောင်ဆောင်ပြီးတရားဟောတာပိုလို့တောင် အပြစ်င်္ကြိးသေးတယ်…
ငါသောက်တဲ့အရက်ဟာဒုစရိုက် 10 ပါးထဲမှာမပါဘူးကွ……..
            …..ဒုက္ခ…….ဒုက္ခ……မင်း…ငါးပါးသီလကိုဘယ်မှာပြစ်ထားလဲ…..၊

            သာသနာယောင်ဆောင်တာ…ပိုအပြစ်ကြီးတယ်လို့                
            ငါစာဖတ်ဘူးထားတယ်….
            လာပြီ….ဘိုးတော်…ရှကီးအဖွဲ့ဝင်တစ်ယောက်တိုးသွားပြီ……
            အောင်မယ်….ဘွဲ့မရဘဲ ဘွဲ့ရယောင်ဆောင်ထားတဲ့ကျူရှင်ဆရာမင်းလည်းအပါယ်ကျမဲ့ကောင်ဘဲ….
ဘာမှမသိတဲ့ကျောင်းသားလေးတွေကိုလိမ်ပြောနေတာမုသါဝါဒါကံကျူးလွန်နေတာဘဲ…..
ငါအပါယ်မကျနိုင်ဘူး….ငါသင်တဲ့စာကပြဌာန်းထားတဲ့စာအုပ်ထဲကအတိုင်းကျောင်းသားတွေကိုသင်ပေးတာ…..
မင်းလိုစိတ်ထင်ရာလျှောက်ပြောတာမဟုတ်ဘူး……
            စိတ်ထင်ရာလျှောက်ဟောတာလို့မင်းကိုဘယ်သူပြောလဲ…
            ဟိုကောင်…ကျီးကန်း……ကျီးကန်းဖက်လှည့်လာပြီ……
            ဟေ့ကောင် ကျီးကန်း…မင်းကဘုရားစာဘယ်လောက်တတ်လို့စိတ်ထင်ရာလျှောက်ဟောနေတာလို့ပြောတာလဲ…        
            ငါဟောတာဘုရားဟောထားတဲ့အထဲကထုတ်နှတ်ပြီးဟောပြတာ…..
            အသားမဲကျီးကန်းမင်းလည်းအမှောင်ထဲရောက်မယ့်ကောင်ဘဲ……….
            ခွေးမသားဘိုးတော်….ဒီကိစ္စနဲ့ပတ်သက်ပြီးဝဇီပိတ်နေမယ်လို့ပေးထားတဲ့ကတိဘယ်ရောက်သွားလဲ၊
            ပေးပြီးသားကတိကိုဖျက်တဲ့မင်းလည်းငရဲအိုးမှာဂျိုးကပ်မှာဘဲ…..….အားလုံးတိတ်စမ်း……
            31 ဘုံသားအားလုံးကိုနိဗ္ဗာန်ပို့ပေးမယ့်မဂ္ဂင်ယာဉ်ယူလာပြီ…….ဘယ်မှာလဲ မဂ္ဂင်ယာဉ်   ……
            ဒီမှာလေ…ဆေးသမားဂန်ဂါးကလောစျေးထဲကဝယ်လာသောဆေးခြောက်အထုတ်ကိုပြပါသည်။
            မဂ္ဂင်ယာဉ်ကိုစီးပြီးငါတို့အားလုံးနတ်ပြည်ကို Go ကြမယ်….
           ဘုန်းကြီး..မင်း…ပထမံစျန်ရသွားတာငါသိတယ်၊ဒုတိယံစျန်ကောမလိုချင်ဘူးလား…….
           ဒီနေ့ညဟင်းထဲငါထည့်ပေးလိုက်မယ်           
ဘုန်းကြီးသည်ဆေးသမားဂန်ဂါးတစ်ယောက်ကိုဘဲလန့်သည်။
ယုန်သားဟင်းစားမိသောနေ့မှစ၍ဂန်ဂါးကိုဝေးဝေးရှောင်နေသည်။
          တော်ကြတော့….. ခွင့်ပြုချက်မရဘဲနဲ့ကလောတက်လည်တာရယ်၊ကျောင်းသားအချင်းချင်းစကားများကြတာရယ်..
          ဒါတွေကိုဆရာဖေသိသွားရင်ငါတို့အားလုံးနာလိမ့်မယ်……
          လောလောဆယ်ငါတို့ဟာ Field စည်းကမ်းချိုးဖေါက်ထားလို့အကုသိုလ်တွေဖြစ်နေပြီ……ဒီအထဲမှာတစ်ယောက်မှသူတော်ကောင်းမပါဘူး……           
မျောက်ခေါင်းထပြောတော့မှအားလုံးငြိမ်သွားကြသည်။
ဆက်လျှောက်လာလိုက်ကြတာအနီးအနားရွာတစ်ရွာမှာအသုဘလိုက်ပို့နေတာနဲ့တည့်တည့်တိုးနေပါသည်။
အသုဘပို့ဆိုတော့လည်းကျန်ရစ်ခဲ့သောမိသားစုဝင်များကမျက်ရည်ရွဲရွဲနှင့်ငိုပြီးပို့ဆောင်နေကြပါသည်။
မြင်ရတာစိတ်မကောင်းပါ။လူတိုင်းတစ်နေ့နေ့တစ်ချိန်ချိန်သေကြရမှာကိုသိနေပြီးသားပါ။
ကြိုသိနေပေမယ့်လည်းတစ်ကယ်တန်းသေကွဲ ကွဲ ပြီဆိုတော့လည်းလူ့ဘဝမှာရစ်တွယ်ခဲ့တဲ့သံယောဇဉ်တွေကြောင့်
ဘယ်လိုမှဖြေ မဆည်နိုင်ကြပါ။
လူတွေအားလုံးဟာလူ့လောကထဲကိုခဏလာလည်ကြတဲ့ဧည်သည်တွေပါ။
            အနိစ္စ….ဒုက္ခ…..အနတ္တ…လောကကြီးထဲမှာဘယ်အရာမှမမြဲပါလား……
            လုပ်ပြီ….ဘုန်းကြီးတရားစဟောပြီ……
            အဒ္ဓုဝံ မေ ဇီဝိတံ
            ငါ၏အသက်ရှင်ခြင်းသည်မမြဲပါ…….
            ဓုဝံ မေ မရဏံ
            ငါ့အတွက်သေခြင်းသာမြဲသည်…..
            မရဏန္တံ ဟိ ဇီဝိတံ
            အသက်ရှင်ခြင်း၏နောက်ဆုံးမှာသေခြင်းတရားသာရှိလေသတည်း…….
            သာဓု….သာဓု……သာဓု…….
            ဒီတစ်ခါတော့ဘုန်းကြီး၏တရားဟောအပြီးမှာအရက်သမားရှကီး၊ဆေးသမားဂန်ဂါး၊ဘွဲ့မရဘဲအယောင်ဆောင်ကျူရှင်ဆရာဘိုးတော်အပါအဝင်အကုသိုလ်သူငယ်ချင်းများ၊

အားလုံးပါးစပ်မှတစ်ညီတစ်ညာတည်း၊သာဓုသုံးကြိမ်ကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲခေါ်လိုက်ကြလေသတည်း…….

---------------------။--------------------------။----------------------------------------------------


Comments

Popular posts from this blog

အဖိုးအလှူ