#စရိုက်မတူတဲ့လူ

 

အာစီတူးမှာကျောင်းစတက်တုန်းကကျောင်းဖွင့်ချိန်မှာဘဲဝါသနာတူတွေစုဖွဲ့မိကြပါတယ်..

ကျနော်က..ကမာရွတ်ဆင်ရေတွင်းမှာနေတယ်..ရှမ်းလေးကလှိုင်မှာနေတယ်..

ရှမ်းလေးအိမ်မှာကျနော်တို့တီးဝိုင်းလုပ်ကြတယ်...

ဖရက်ရှာဝဲလ်ကမ်း..မလုပ်ခင်..ရှမ်းလေးအိမ်မှာသီချင်းတိုက်ကြတယ်...

ဝါသနာရှင်တွေအများကြီးလာကြတယ်..ဂစ်တာတီးတဲ့ဝါသနာရှင်တွေလဲအများကြီး...

ကျနော်လဲ..ရစ်သမ်တီးတယ်..ဝိုင်းကူတဲ့သဘောပါ...

လာကြတဲ့ဝါသနာရှင်တွေထဲကကောင်မလေးတစ်ယောက်ထူးခြားနေတယ်..

မြန်မာဆန်ဆန်အင်္ကျီဝတ်ထားတယ်..သူ့နာမည်ကမခင်နှင်းဆီ

သူ့ကြည့်ရတာမြန်မာသီချင်း..ဆိုလိုတာကမြန်မာ့အသံကမိုနိုသီချင်းဆိုမယ်ထင်တာဘဲ..

“ဟြောင့်...မင်းနဲ့ငါနဲ့..အရင်သီချင်းတိုက်ရအောင်..”

ကျနော့်ကိုဘယ်သူခေါ်တာလဲလို့မော့ကြည့်မိတာ..မခင်နှင်းဆီ

စိတ်ထဲမှာတမျိုးကြီးဘဲ..ဆိုလိုတာက..သူ့ဒီဇိုင်းနဲ့သူ့ပြောသံနဲ့မလိုက်ဖက်တာ..

“မင်းဘာသီချင်းဆိုမလို့လဲ..”

...”ငါပြောမယ်..မင်းတီးပေးပါ..”

...”မဟာရန်ကုန်..ဟုန်..မြို့ရဲ့..လမ်းမကြီးတစ်ခုမှာ...”

..”လူတွေ..လူတွေ..ရှုပ်ထွေး..အများကြီးရှိလို့နေ..”

..”အမှတ်တမဲ့နဲ့တွေ့ရှိ..ရီးစားဟောင်းလေးကို..”

..”ပွမ်ပွမ်..မြည်တဲ့ကားထဲ..အတွဲလေးအသစ်နဲ့လေ..”

..”ဟြောင့်..ငါဆိုတာ..အဆင်ပြေလား..”

“ကောင်းပါတယ်...နောက်သီချင်းရှိသေးလား..”

..”ရှိတာပေါ့..မင်းတီးပေးအုန်း..”

..”ဦးဘညွန့်ရဲ့ချစ်ဒုက္ခကို..သိလား..”

..”ခုဘဲချစ်လိုက်..ခုဘဲမုန်းလိုက်..အဲဒါတွေကိုမလိုဘူး..ဟေ့..”

ဒီကောင်မလေး..လူနဲ့သီချင်းနဲ့သူ့နာမည်နဲ့..တခုမှမလိုက်ဖက်..

“မင်း..ဘယ်ဒီဇိုင်းနဲ့တက်ဆိုမလဲ..ဂျင်းဘောင်းဘီနဲ့ဂျင်းအင်္ကျီနဲ့ဆိုမိုက်မှာ..”

...”နိုး..နိုး..ငါက..မင်းသမီး..ထိုင်မသိမ်းအင်္ကျီနဲ့တက်ဆိုချင်တာ..”

ဗုဓ္ဒေါ...မြတ်စွာဘုရား...သောက်တလွဲ...

...”ဟေ့..မောင်ဂျစ်..မင်းကောင်မလေးက..ဘောပြားထင်တယ်..”

“ငါ့ကောင်မလေးမပြောပါနဲ့..”

“ကြည့်ရတာမင်းတို့ပြောတဲ့ဘောပြားလို့ထင်တာဘဲ..”

ဒီလိုနဲ့သီချင်းတိုက်ကြရင်းခင်လာကြပါတယ်...

ကျနော်တို့နှစ်ယောက်အတူတူသီချင်းတိုက်တာများတယ်

ဂီတအကြောင်း..ကျောင်းတက်နေတဲ့အကြောင်း..သူ့အကြောင်းကိုပြောပြတယ်

သုမင်္ဂလာလမ်းမှာခြံနဲ့နေတယ်..မိဘတွေချမ်းသာတဲ့ပုံဘဲ

..”ဟိုကောင်..မောင်ဂျစ်..မင်း...ဘောပြားအကိုင်ခံရတော့မယ်..”

“ဘာလဲ..ငါကရိုးရိုးသားသားပါ..”

ကျနော်တို့ခင်လာကြတာ..ဒုတိယနှစ်ရောက်လာပြီ...

...”ဟြောင့်တွေ..ငါတို့မိန်းထဲသွားရအောင်..”

“ဘာလုပ်မလို့လဲ..မိန်းကငါတို့နဲ့ဝေးတယ်..မအပ်စပ်ဘူး..”

..”လိုက်ခဲ့ကြပါကွာ..ငါ Fan Fair သွားချင်လို့ပါ..”မခင်နှင်းဆီအတင်းခေါ်နေတယ်

ဒီလိုနဲ့သူငယ်ချင်းတွေစုပြီးမိန်းထဲကိုချီတက်လာကြပါတယ်..

စီးပွါးရေးတက္ကသိုလ်နဲ့ဘွဲ့နှင်းသဘင်ကြားမှာ Fan Fair တခုလုပ်နေတယ်

ဂိမ်းတွေလဲအများကြီး၊ကျောင်းသားတွေလဲအများကြီး၊ဆော့နေလိုက်ကြတာ...

“ဟာ...ဟိုမှာ..ဟိုမှာ..ခြားရဟတ်ကြီး..သွားစီးရအောင်..”မခင်နှင်းဆီအော်ပြောနေတယ်..

သူပြောတာအရေးမကြီးဘူး..ကျနော့်လက်ကိုဆွဲပြီးပြေးတာ...

ကျနော့်မှာယက်ကန်ယက်ကန်နဲ့...

“ဟေ့ကောင်..မဖြစ်ဘူး..ငါမစီးဘူး..နင်စီးချင်စီး”

ကျနော့်အကြောင်းကျနော်သိတယ်..လုံးဝငြင်းတယ်..

ဘာကြောင့်ဆိုတော့..ကျနော့်မှာအမြင့်ကြောက်တဲ့ရောဂါရှိတယ်...

..”မင်းကလဲ..ယောကျ်ားဖြစ်ပြီး..ဘာဖြစ်နေတာလဲ”

ကျနော်မလိုက်တော့....နောက်တစ်ယောက်ခေါ်ပြီးစီးတယ်..

တစ်ခေါက်လဲမဆင်း..နှစ်ခေါက်လဲမပြီး...သုံးခေါက်လဲမလာ..

အဖေါ်လိုက်တဲ့ကောင်တွေတစ်ကောင်ပြီးတစ်ကောင်ဆင်းလိုက်တက်လိုက်

မခင်နှင်းဆီ..မပါ...

ခြားရဟတ်ပေါ်မှာ..တဟေးဟေးနဲ့ပျော်နေတဲ့ပုံကခလေးတစ်ယောက်လိုဘဲ

အာစီတူးကကဲင်တင်းတွေမှာ..သီချင်းတွေဆိုတဲ့..ရှမ်းလေးအိမ်မှာ..

မခင်နှင်းဆီနဲ့ကျနော်..တော်တော်လေးအပေးအယူတည့်တယ်...

သူငယ်ချင်းတွေ..ကျနော်တို့ကို..အမြဲစကြတယ်...

မောင်ဂျစ်နဲ့ဘောပြား...ဘောပြားနဲ့မောင်ဂျစ်...

မခင်နှင်းဆီလဲသူငယ်ချင်းတွေစနေတာ..သိနေတယ်..သူ..အေးအေးဆေးဆေးဘဲ

တစ်ရက်..ကျနော်ဆီဖုံးဆက်ပြီးခေါ်တယ်..အဲ့ဒီအချိန်ကျောင်းတွေပိတ်နေတယ်..

သူ့ကိုမြောက်ဥက္ကလာလိုက်ပို့ပေးဖို့..အချိန်ကြည့်လိုက်တာ ၇ နာရီရှိနေပြီ..

ကျနော်ပါပလစ်ကာနဲ့မခင်နှင်းဆီကိုသင်္ကန်းကျွန်းမှာသွားခေါ်ပြီးမြောက်ဥက္ကလာဆက်သွားတယ်..

မြောက်ဥက္ကလာ၊မယ်လမုဘုရားရှေ့မှာဘုရားပွဲရှိလို့လမ်းတွေပိတ်နေတယ်...

“မင်းကား..ဘုရားထဲဝင်ရပ်လိုက်လေ....”

...”နင်ဘယ်သွားမလို့လဲ..”

“ငါ..မယ်လမုဘုရားလာတာ..”

“စောထဲကပြောရော..”

“ဆင်းကွာ...ကြာတယ်..”

“ဘာလုပ်မလို့လဲ...”

..”ငါ..ခြားရဟတ်..စီးချင်နေတယ်”

“နင့်ဘာသာစီးချင်စီး...ငါမစီးဘူး..”

“..မင်းစီးကြည့်စမ်းပါ..မစီးရသေးဘဲနဲ့မပြောနဲ့..ရင်ထဲတလှပ်လှပ်နဲ့ခံစားလို့ကောင်းလိုက်တာ”

“..အဲဒီအရသာ..မောင်ဂျစ်ကိုခံစားစေချင်တာ...”

..”ငါခံစားလို့မရဘူး..”

မခင်နှင်းဆီ..တစ်ယောက်ထဲသွားပြီ..ကျနော့်ကခြားရဟတ်အောက်မှာငုတ်တုတ်ထိုင်စောင့်

တစ်ပတ်ပြီးတစ်ပတ်လှည့်ပြီးသွားတယ်..ဘေးကလူတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်

မခင်နှင်းဆီမဆင်းလာသေးပါ...ကျနော်သူ့ကိုနားမလည်တော့ပါ...

အပြန်သူ့ကိုလိုက်ပို့တဲ့အချိန် ဆယ်နာရီထိုးတော့မယ်...

“ငါ့နဲ့ထွက်သွားတာ..နင့်အိမ်ကစိတ်မပူဘူးလား..”

..”နင့်နဲ့ဆို..ပိုလို့တောင်စိတ်ချသေးတယ်..”

..”နင့်ကိုအားနာလို့..ငါပြန်ဆင်းလာတာ..မဆင်းချင်သေးဘူး..”

..”ငါက..ရင်တလှပ်လှပ်နဲ့ခံစားလို့တောင်မဝသေးဘူး..”

“ဝေဟင်မှာလေဟုန်စီး..ယီးလေးလေးခိုကာရယ်..”

“မောင့်ဆီကိုမနားတမ်း..ဝဲပျံချင်တယ်..”

“ချစ်ခွန်းတွေဖွဲ့ကာနွဲ့ကာ..သူ့ကိုနွဲ့ဆိုး..ဆိုးလိုက်ချင်တယ်..”

ကားပေါ်မှာ..မာမာအေးသီချင်း”မိုးယံမှသည်ချစ်သူဆီ”သီချင်းကို...

တအေးအေးနဲ့ဆိုနေတယ်၊သူငယ်ချင်းတွေစနေကြတာလဲ..သူသိနေတယ်..

သိနေတဲ့ကြားထဲက..ကျနော့်ကိုဟိုပို့ခိုင်း၊ဒီပို့ခိုင်း..အမြဲလုပ်တယ်..

ကျနော်လဲ..မခင်နှင်းဆီ..သွားချင်တဲ့နေရာတွေလိုက်ပို့ဖြစ်တယ်...

သူသီချင်းတွေဆိုနေရင်..သူဘယ်လောက်ဆိုဆို..ကျနော်ဂစ်တာတီးပေးချင်တယ်..

ဒါပေမဲ့..ခြားရဟတ်ပေါ်တက်ပြီးရင်..မဆင်းနိုင်တော့တဲ့သူ့ကိုစိတ်ကုန်လာတယ်

ဟိုနေ့တုန်းကလဲ..ဖုန်းဆက်ခေါ်ပြီးရေကျော်ပွဲဈေးလိုက်ပို့ခိုင်းတယ်..

ကျနော်သိတယ်..သူခြားရဟတ်စီးချင်နေပြီ...

တစ်နာရီကြာစီးပြီးမှပြန်ဆင်းလာတယ်...

သူကပြောရှာတယ်..ငါကြုံလို့ရဟတ်စီးတာပါတဲ့..

ရန်ကုန်တမြို့လုံးမှာရှိတဲ့ပွဲဈေးကခြားရဟတ်တွေကိုမတွေ့..တွေ့အောင်ရှာပြီးလိုက်စီးတယ်..

ကြာတော့ခြားရဟတ်လှည့်တဲ့ဝန်ထမ်းကောင်လေးတွေတောင်သူ့ကိုမှတ်မိနေကြပြီ..

ဒီလိုနဲ့..တတိယနှစ်မိန်းထဲရောက်လာပြီ..

ကျနော်ကမန္တလေးဆောင်..ဘူမိဗေဒမှာတက်နေပြီ..

မခင်နှင်းဆီ..သိပ္ပံခမ်းမဖက်ကရူပဗေဒမှာတက်နေတယ်...

သူနဲ့ကျနော်..ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာဘဲ...နဲနဲတော့ဝေးသွားပြီ..အသွားအလာကျဲသွားပြီ...

ဝေးတာတော့မဟုတ်..လာချင်ရင်အနီးလေးပါ...

သူနဲ့ကျနော်..ချစ်သူလို့တော့ပြောမရသေးပါ..ကျနော်သူ့ကိုဘာမှမပြောရသေးပါ..

ခင်မင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ပါ

အခြေအနေတွေက..ဒီထက်ပိုချင်ရင်လဲ..အခြေအနေတွေပေးနေတယ်...

ဒီလိုနဲ့..Fan Fair တခုကခြားရဟတ်ပေါ်မှာ မခင်နှင်းဆီကိုလက်ချင်းတွဲပြီး

ပြုံးပျော်ရွှင်နေတဲ့..ကောင်လေးတစ်ယောက်နဲ့အတူတူတွေ့လိုက်တယ်..

“ဟိုမှာ..မောင်ဂျစ်..မင်းဘောပြား..ဘဲအသစ်တပွေနဲ့..”

“ငါတို့ဒီကောင်လေးနဲ့တွဲနေတာမြင်တာကြာပြီကွ”

ကောင်းပါတယ်..အမြင့်ကြိုက်တဲ့သူ၊စရိုက်တူတဲ့သူအချင်းချင်းကြိုက်ကြတာဘဲကောင်းပါတယ်

ကျနော်..အမြင့်ကြောက်တယ်...

//////////////////////////////////////////

ကျနော်တို့ခေတ်တွေတုန်းကဂျပန်ထွက်ပြီးအလုပ်လုပ်ကြတာများတယ်..

သင်ခဲ့တဲ့ကျောင်းစာတွေနဲ့လုပ်နေတဲ့အလုပ်တွေကတခြားစီ..

လုပ်ခတွေကမက်စရာဆိုတော့သွားရတာပေါ့..

ကျောင်းဗီဇာနဲ့ထွက်ပြီး..ကျောင်းတက်...ဂျပန်စာသင်ရင်းနဲ့အလုပ်ရှာကြ..

အရင်ရောက်နှင့်တဲ့လူတွေကလမ်းညွန်ပေးလေ့ရှိတယ်..

လုပ်ရတာတွေကအမျိုးစုံပါဘဲ...အများအားဖြင့်စားသောက်ဆိုင်တွေမှာလုပ်ကြပါတယ်..

ကျနော်လဲစားသောက်ဆိုင်တစ်ဆိုင်မှာလုပ်တယ်...

သိကြတဲ့အတိုင်းအလုပ်သမားအများစုကကျနော်တို့ရွှေနိုင်ငံက...

ကျနော့်ကျောင်းနေဖက်တွေ၊အာစီတူးကသူငယ်ချင်းတွေ၊ဘူမိဗေဒကသူငယ်ချင်းတွေလဲရှိတယ်

ပင်ပမ်းပေမဲ့လဲ..သူငယ်ချင်းတွေနဲ့ဆိုတော့လုပ်ရတာပျော်စရာကြီး...

ကျနော်တို့အလုပ်မှာ..မန်နေဂျာလို့ခေါ်တဲ့ဂျာကြီးတစ်ယောက်ရှိတယ်..

သူ့အောက်မှာ..စူပါလို့ခေါ်တဲ့လက်ထောက်လေးယောက်ရှိတယ်..

စူပါအောက်မှာကျနော်တို့ ၁၅ ယောက်လုပ်ရတယ်..

စူပါတွေက..အသားတွေလဲလှီးတယ်...အကြော်ဆရာလဲလုပ်တယ်..

ကျနော်တို့လုပ်တာတွေကိုလဲစောင့်ကြည့်တယ်..

ကျနော်တို့ဆိုင်ရဲ့ချစ်စရာဓလေ့တခုကတလမှာတစ်ရက်နားရက်မှာ

အပမ်းဖြေစရာ..လည်ပတ်လို့ရတဲ့နေရာတွေလိုက်ပို့ပေးတယ်..

“မင်းတို့..လျှောက်လည်တဲ့အခါ..ဟိုစူပါလံဘားနဲ့ဆုံရင်....နာပြီ”

“ဘာဖြစ်လို့လဲ..”

“ဒီလံဘားက..မင်းတို့တွေရဲ့အားနည်းချက်တွေလိုက်နားထောင်ပြီးနောက်တတ်တယ်”

“ငါတို့အဖွဲ့..ပါးစပ်လုံပါစေ..”

“ပြီးခဲ့တဲ့လလျှောက်လည်ကြတုန်းကရေမကူးတတ်လို့ရေကြောက်တဲ့ကောင်ကို

ရေကန်ထဲတွန်းချခဲ့တယ်”

“တိရစ္ဆာန်ရုံသွားတုန်းကလဲမြွေကြောက်တဲ့ကောင်ကိုမြွေဝါတစ်ကောင်လည်ပင်းမှာ

ပတ်ပေးပြီး..တဟားဟားနဲ့သဘောကျနေတယ်”

“အဲဒီတုန်းကပေါ့..ငါ့ကိုခွေးတစ်ကောင်လည်ပတ်ကြိုးပေးပြီး..ဆွဲခိုင်းသေးတယ်”

“ငယ်ငယ်တုန်းကခွေးကိုက်ခံထိပြီး..ခွေးရူးဆေး ၁၄ လုံးထိုးခဲ့တယ်”

“အဲ့အချိန်ထဲက..ငါခွေးကိုမုန်းနေတာ..ဒီနေ့ထိ..ဒီသောက်လံဘား...ဒုက္ခပေးသွားတယ်”

“မင်းကိုဆွဲခိုင်းတဲ့ခွေးက..စူရှီ..ခွေးပုလေးပါကွာ..တစ်ထွာလောက်ဘဲမြင့်တဲ့ခွေးပု”

“ဘယ်ခွေးဖြစ်ဖြစ်ကွာ..ငါကခွေးဆိုရင်အားလုံးမုန်းတယ်...”

လူတိုင်းလူတိုင်းမှာအားနည်းချက်ကိုယ်စီရှိတယ်..

ဒီအားနည်းချက်ကိုမှ..စတာ..နောက်တာ..ကလုံးဝမကောင်းဘူး

ဒါပေမဲ့..လုပ်နေတာက..စူပါလံဘား..သူ့ကျတော့ဘယ်လိုပြောမလဲ..

လုပ်နေတာက..သူတို့ဆိုင်မှာ..

နေ..နေတာကသူတို့တိုင်းပြည်...

ကိုယ့်စာအုပ်က..အိုနေပြီ..

ဒီစူပါတွေက..ကျနော်တို့လုပ်ခတွေကိုမှတ်ချက်ပေးလို့ရတယ်...

ဆိုတော့...စူပါတွေကိုအလိုက်အထိုက်ပေါင်းနေရတယ်...

မချစ်ပေမဲ့လဲအောင့်ကာနမ်းလို့ဘဲပြောရမယ်...

အဲလောက်ထိ..မဆိုးသေးပါဘူး..အားလုံးအဆင်ပြေကြပါတယ်

ဒီလနားရက်..လျှောက်လည်ကြမယ်..ကျနော်တို့ချစ်တဲ့စူပါလံဘားနဲ့..

ကစားကွင်းတခုဆီဦးတည်ပြီးထွက်လာခဲ့ကြတယ်...

ကျနော်စိတ်ထဲမှာဘယ်မှမသွားချင်ပါ..ကိုယ့်အခန်းမှာဘဲနေ..နေချင်တယ်..

ဒါပေမဲ့..မရဘူး..လိုက်ခဲ့ရမယ်...ဆိုတော့လဲလိုက်ရတာပေါ့...

ကစားကွင်းထဲမှာ..သူ့အုပ်စုနဲ့သူ...ဆော့ကစားနေကြတယ်..

လမ်းလျှောက်ရင်း..ဟိုကြည့်ဒီကြည့်..လျှောက်သွားနေရာက

တနေရာမှာ..ရိုလာကိုစတာ..ကိုတွေ့တယ်...

ရိုလာကိုစတာ..ကိုကြည့်ရင်းကျနော်ချွေးပြန်လာတယ်..

အမြင့်ကြီး..မခင်နှင်းဆီကိုသတိရသွားတယ်...

အဲ့အချိန်မှာ..စူပါလံဘား..ကျနော့်လက်ကိုဆွဲပြီး..

“မောင်ဂျစ်..မင်းနဲ့ငါ..ရိုလာကိုစတာ..စီးရအောင်..”

ကျနော့်...အမြင့်ကြောက်တဲ့ရောဂါကိုဘယ်ကောင်ပါးစပ်ချောင်လိုက်ပြီလဲမသိ

ဒီစူပါလံဘားကိုငြင်းလို့လဲမကောင်းဘူး..မတတ်နိုင်ဘူး..

ကျနော်..ချွေးပြန်နေတာကြည့်ပြီး..စူပါလံဘားကျနော့်ကိုမေးတယ်...

“မောင်ဂျစ်..မင်းအဆင်ပြေလား..”

“စူပါ..ကျနော်ကြောက်တယ်..မစီးပါရစေနဲ့..”

ကျနော့်စိတ်ထဲကရှိတာ..အမှန်အတိုင်းဖွင့်ပြောလိုက်မိတယ်..

အဲဒီမှာပိုဆိုးသွားပြီ..ကျနော့်အားနည်းချက်သိသွားတဲ့ဒီသောက်လံဘား...

“မင်း..ဘာမှမကြောက်နဲ့..စီးလို့အရမ်းကောင်းတယ်”

“ငါတို့ဆီက..ရိုလာကိုစတာ..ကအရမ်းမိုက်တယ်..”

“မင်း...မဆင်းနဲ့..စီးဘူးတယ်ရှိအောင်စီးကြည့်လိုက်စမ်းပါ..”

စူပါလံဘား...ကျနော့်ကိုခြိမ်းခြောက်သလိုနဲ့..ကောင်းကောင်းဒုက္ခပေးပြီ..

ကိုယ်ကသူတို့ဆီမှာလာအလုပ်လုပ်နေတယ်...

သူတို့ကနိုင်ငံကြီးသားတွေ..ကျနော်တို့ကမျက်နှာငယ်တွေ...

နိုင်ချင်တာလဲပါမည်..နှိမ်ချင်တာလဲပါမည်..မတတ်နိုင်တော့ပါ

လက်မှတ်လဲဖြတ်ပြီးပြီ...ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ပြီ..

ကျနော်မျက်လုံးပိတ်ပြီး..စိုရိမ်ထိပ်လန့်နေတာကြည့်ပြီး

လံဘား....တဟားဟားအော်ရီနေတယ်

ခွေးမသားလံဘား...မင်းရီထားပေါ့ကွာ...

ဝေါကနဲစထွက်တာနဲ့ကြောက်လန့်နေတဲ့ကျနော်၊အသံကုန်အော်ဟစ်နေမိပါတယ်..

ကျနော့်အဖြစ်ကိုကြည့်ပြီး..လံဘားရီလိုက်တာ..

ကြောက်လန့်နေတဲ့ကျနော်..မရှက်နိုင်ပါ..အော်ဟစ်နေတဲ့အသံမရပ်..

ကျနော့်အဖြစ်ကိုကြည့်ပြီး..စူပါလဲအော်ရီနေတယ်...

ဘုရား..ဘုရား..မြန်မြန်ပြီးပါတော့..ရိုလာကိုစတာ...

လူတကိုယ်လုံးချွေးတွေလဲရွဲ..အသံလဲဝင်တော့မယ်..

ဘေးကလံဘား...ရီသံလဲ..မရပ်သေးဘူး...

ကျွီကနဲရပ်သွားတဲ့ဘရိတ်သံကြားမှကျနော်..ဟင်း..ချနိုင်တယ်

ဘေးကစူပါလံဘားဆီကအသံမကြားတော့ပါ...

လှည့်ကြည့်လိုက်တော့..သူ့ပါးစပ်..နားရွက်တက်ချိတ်မတတ်..ပြဲနေတယ်..

သို့သော်..အသံကမထွက်..အသံတိတ်ရီနေသလိုမျိုး..

“စူပါ..ရောက်ပြီ..ဆင်းရအောင်..”

လံဘား...မျက်လုံးကြောင်ကြောင်၊ယောင်တောင်ပေါင်တောင်နဲ့ထလိုက်တဲ့အခိုက်

နှာခေါင်းထဲဆိုးဝါးလှတဲ့အနံ့ဆိုးတစ်ခုတိုးဝင်လာပါတယ်..

စူပါလံဘားကိုသေချာကြည့်လိုက်တော့...

ရှူရှူတွေထွက်ကျပြီးဘောင်းဘီတထည်လုံးရွှဲရွှဲ..စိုနေပါရောလား.....

ဓါတ်ပုံကိုအင်တာနက်ထဲမှယူသုံးထားပါသည်။

 

#ကိုဂျစ်

#စရိုက်မတူတဲ့လူ

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ