ဒဂုံဆောင်ဖဲဝိုင်း
Photo credit to original uploader
တံခါးကို တစ်ဒုံးဒုံးထုသောအသံကြောင့် မှေးကနဲ အိပ်ပျော်တော့မည့်ဆဲဆဲမှာ လန့်နိုးသွားရပါသည်။ ညက သီရိဆောင်မှာ ဂစ်တာ သွားတီးကြတာ အဆောင်ပြန်ရောက်တော့ 3 နာရီထိုးနေပြီ……. မနက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက်နှင့် အိပ်လို့မရခဲ့ပါ။ ယခုလည်းအိပ်မယ်ကြံကာရှိသေး…တံခါးလာထုနေပြန်ပြီ……..
မောင်မောင်ဂျစ်ရေ…တံခါးဖွင့်ပေးပါအုံး…….
ဟင်း….စိတ်ညစ်လိုက်တာ…နေအုံး…..မကြားချင်ယောင်ဆောင်နေအုံးမှ…….
မောင်မောင်ဂျစ်ရေ…ကိုကိုဂျစ်ရေ….ထပါအုံး….ဒီမှာဖက်တီးရောက်နေပြီကွ……
ဟင်း….အိပ်ချင်လွန်းလို့…တံခါးဝမှာ " အိပ်နေသည်မနှေင့်ယှက်ပါနဲ့ " လို့ စာကပ်ထားလည်းမရပါ…
ကိုကိုဂျစ်….ဖက်တီးကို လမ်းဘေးမှာဘဲ ထမင်းစားခိုင်းတော့မလို့လား….
လုပ်ပြီ…ဒီဖက်တီး လူကိုသနားအောင်လည်း ပြောတတ်သည်။ ဖက်တီးကမြို့ထဲမှာနေသည်။ ခန္ဓာ ကိုယ်က ကျနော့်ထက် လေးဆလောက် ဝသည်။ သူ့ခန္ဓာကိုယ်က ဆင်ခန္ဓာကိုယ်နှင့်မခြား…..
အစားကိုလည်း တစွတ်စွတ်စားတော့ ဒီလောက်ဝတာပေါ့….. ဒီအတိုင်းဆက်အိပ်နေလို့လည်းမရ တော့ပါ…. ဖက်တီးက အလိုက်ကမ်းဆိုး မသိတဲ့ကောင်…..
ဝင်…ဝင်…..တံခါးဖွင့်ပေးလိုက်ပါသည်။
မောင်ဂျစ်… မင်းနေမကောင်းဘူးလား… နေ့ခင်းကြီးအိပ်နေလိုက်တာ…..
ဘာမှမဖြစ်ပါဘူးကွာ…ညကဂစ်တာတီးတာ ညဉ့်နက်သွားလို့……..
မင်းအတွက် တရုတ်တန်းက ကော်ပြန့်စိမ်းတွေ ဝယ်လာခဲတယ့်..စားလိုက်ပါအုံး…….
မင်းဘဲစားလိုက်တော့ ငါအိပ်ချင်တယ်…..
မောင်ဂျစ်တော့လုပ်ပြီ.. ငါစေတနာနှင့်စားစေချင်လို့ ယူခဲ့တာ……..
ဖက်တီးက စားပွဲပေါ်မှာ ထမင်းဗူးကို ဖွင့်ပြီး စားနေပါသည်။
သူက 12:30 နာရီ အတန်းလွှတ်ချိန်မှာ ဒဂုံဆောင်ကျနော့်အခန်းကိုလာပြီး ထမင်းစားလေ့ရှိပါသည်။
ကျနော်မရှိရင်တော့ တောင်ငူကင်တင်းမှာ သွားစားလေ့ရှိပါသည်။
ကိုဂျစ်….ကော်ပြန့်စိမ်းလာစားအုံး……..
မစားတော့ဘူး……မင်းဘဲစားလိုက်တော့….
ကျနော်မပြောလည်း…. သူ့ကော်ပြန့်စိမ်းသူဘဲစားမည်… သူ့ဗိုက်အိုးက ဘယ်တော့မှမပြည့်…….
ဖက်တီး စားသောက်ပြီးသွားပါပြီ…… သူ ငသေးကုတင်ပေါ်တက်ပြီး တစ်ရေးတစ်မောအိပ်တော့မည်။ ခဏအတွင်းမှာ သူ့ရဲ့ဟောက်သံကြီးက တစ်ခန်းလုံးကို ဖုံးသွားပါတော့သည်။
ဘယ်လိုလူလဲ…ခေါင်းချတာနှင့်အိပ်ပျော်ပြီ…….
ကျနော် နားနှစ်ဘက်ပိတ်ပြီး ဆက်အိပ်ပါသည်။ ဒါပေမယ့်မရပါ…
ဒီကောင်ဟောက်သံကြီးက ဆင်အော်သံအလား…..
ခူး…ခွီး..ခွီး…ခေါ်……
ခူး…ခွီး…ခွီး…ခေါ်….
ဖက်တီး အသံနှင့် နှိပ်စက်နေပြီ….
ညကသီရိဆောင်မှာ ဂစ်တာတီးပြီး အဆောင်သူတွေကိုအိပ်မရအောင် နှိပ်စက်ခဲ့သောကျနော်… ဝဋ်လည်ပြီ…….
ဖက်တီးမိဘတွေက….သိမ်ကြီးစျေးမှာမုံရွာစောင်တွေကိုလက်ကားပေးနေသောဒိုင်ကြီး…
ထို့ကြောင့် သူ့မိဘက စီးပွားရေးအဆင်ပြေသည်။ ဒိပြင် ဖက်တီးက တစ်ဦးတည်းသောသား…. သူ့အိမ်မှာသူ..ခလေး…
အိမ်မှာနေတော့...ဆင်ခန္ဓာကိုယ်နှင့်ဘောင်းဘီတိုလေး…..
ပါးစပ်ကလည်း… သားသား…….သားသား…..နှင့်မချ……
သူနှင့်ကျနော်ဘူမိဗေဒ..ဝင်ကတည်းက ခုံနံပတ်ရှေ့ဆင့်နောက်ဆင့်….
ကွင်းဆင်းတော့လည်း အတူတူဆိုတော့လည်း တော်တော်ခင်ခဲ့ကြသည်။ ကွင်းဆင်းစဉ်က လူတကာနောက်ပြောင်စရာဖြစ်နေသော သူ့ကို ကျနော် ဂရုစိုက်စောင့်ရှောက်ပေးခဲ့သောကြောင့် သူ့မိဘတွေပါ ကျနော်ကို ကျေးဇူးတင်ခဲ့ကြပါသည်။
ကိုဂျစ်ရေ…ဖက်တီးကို မင်းဘဲဂရုစိုက်ပေးပါနော်…….
အန်ကယ်တို့က သူ့ကိုမကြည့်နိုင်ဘူးဖြစ်နေတယ်……..
စီးပွားရေးနှင့်လုံးထွေးနေသော သူ့မိဘက ကျနော်ကို အပ်နှံခဲ့ပါသည်။ ဖက်တီး မျက်လုံးက တော်တော်မှုံပါသည်။ သူ့မျက်မှန်ဟာ ပုလင်းကွဲဖင်ပိတ်လောက် ထူပါသည်။ အတန်းထဲမှာ သူ့လို ပုလင်းကွဲဖင်တပ်ထားသော သူငယ်ချင်းတစ်ယေက်ရှိပါသေးသည်။ ပုသိမ်ကမွန်ကြီး…..
ကိုဂျစ်ရေ….ကွင်းဆင်းတုန်းက မျောက်ခေါင်းတို့အဖွဲ့က ငါ့ကို ရန်ကုန်သားဖြစ်ပြီး ဖဲမရိုက်တတ်လို့ ဝိုင်းဟားနေကြတယ်…
အဲဒီတော့….
အဲဒီတော့..မင်းငါ့ကို ဖဲရိုက်သင်ပေးပေါ့….
ဟာ..ဖဲရိုက်တာမကောင်းဘူးကွ……မင်းအဖေသိခဲ့ရင်မကောင်းဘူး…….
ဟာ…ငါအိမ်မှာမရိုက်ဘူးကွ…အဆောင်မှာဘဲရိုက်မှာ……အိမ်ကဘယ်လိုသိမှာလဲ…..
မလုပ်နှင့်ငွေကုန်ကြေးကျများတယ်……
ဟာ….ဒယ်ဒီပိုက်ဆံ…ငါမသုံးရင်ဘယ်သူသုံးမှာလဲ…….
အေး…မင်းစကားနှင့်မင်းဘဲနော်…မင်းကသူဋ္ဌေးသားဆိုတော့…
ရှိုးရိုက်တာ မင်းနှင့်အသင့်တော်ဆုံးပဲ…..ဒါမှမင်းဒယ်ဒီပိုက်ဆံမြန်မြန်ကုန်မှာ………
ဟေ့..ဟေ့..မလုပ်ပါနဲ့..ကိုဂျစ်တို့လို ကလိမ်ကကျစ်ကစားနည်းတော့ မသင်ပါရစေနဲ့…..
ဟာ…ဖဲရိုက်လည်းသင်ခိုင်းတယ်…ငါ့ကိုလည်းကလိမ်ကကျစ်ပြောတယ်…
ဆရာကိုစော်ကားသလိုဘဲ….တော်ပြီ..မသင်ပေးတော့ဘူး…..
ဟာ….ရှိုးရိုက်တာ ကလိမ်ကကျစ်မဟုတ်လို့ဘာလဲ…..
မောင်ဂျစ်အောက်ဖဲ ချီးပုံးနှင့်ဇံကြီးဆီက ပိုက်ဆံတွေ ညာညာပြီး စားသွားတာ…. ဖက်တီးမသိဘူး…မထင်နဲ့…..
ကိုဂျစ်အောက်ဖဲ…ချီးပုံးကို ဇံကြီး တစ်ထင်ပြီး ကျွေးတော့လည်းစားတာပေါ့…
ကလိမ်ကကျစ်မဟုတ်ပါဘူး…….
အဲဒါ ညာတာမဟုတ်လို့ဘာလဲ……..
ဖက်တီးကို ရှုပ်တဲ့ဖဲရိုက်နည်းမသင်ပေးနှင့်… လွယ်လွယ်နဲ့ ကံချင်းယှဉ်ပြီးကစားတဲ့နည်းသင်ပေးပါ...
ဒါဆိုရင်…ကိုးမီး ဘဲသင်တာပေါ့…..
သူ့ကို ကျနော် ဖဲသုံးချပ်စီဝေပြီး ကိုးမီးကစားနည်းသင်ပေးလိုက်ပါသည်။
တစ်ခါမှ ဖဲမရိုက်ဖူးသော ဖက်တီး အရမ်းတက်ကြွနေပါသည်။ အရင်တုန်းက အခန်းထဲမှာ ထမင်းစားပြီးရင် သူ တစ်ရေးတမော အိပ်လေ့ရှိပါသည်။ ကိုးမီးရိုက်တတ်ပြီးတော့ သူမအိပ်တော့ပါ။ ကျနော်ကို လူအတင်းစုခိုင်းပါသည်။ သူ့မှာ ဖဲရိုက်ချင်စိတ် တော်တော် ပြင်းပြနေပါသည်။ ဒါပေမယ့် ဖက်တီး တစ်ပွဲကိုတစ်ကျပ်ထက်တော့ပိုမကစား……
တစ်ခါတစ်ရံ လူစု၍မရသောနေ့များတွင် ကျနော် သူ့အဖေါ်အဖြစ် ကစားပေးရပါသည်။ ဖက်တီးကတော့ ဖဲကိုင်ရရင် ပျော်နေတာဘဲ…ကျနော်က အိပ်ချင်စိတ်တစ်ဝက်နဲ့ ကစားပေးနေရသည်။ ဘာပညာမှမပါတဲ့ ကိုးမီးကစားရင် ကျနော် အရမ်းအိပ်ငိုက်ပါသည်။ ဒီနေ့ အတန်းမတက်သေးသောကြောင့် မန္တလေးဆောင်ဆင်ဝင်အောက်မှာ ကျောင်းသားများ စုရုံးစုရုံးနဲ့စကားပြောနေကြပါသည်။ ကျနော့် မျက်စိရှေ့မှာ မန္တလေးဆောင်သို့ ဆင်တစ်ကောင်တရွှေ့ရွှေ့နှင့်လာနေသလိုဘဲ… သေချာကြည့်လိုက်တော့ဖက်တီး လာနေသည်….. ခါတိုင်းဆို လွယ်အိတ်ကို ပုခုံးမှာလွယ်ပြီး ကျန်လက်တစ်ဖက်က လက်သုတ်ပဝါချည်ထားသော လေးထောင့်ထမင်းဘူးကို ယူလာလေ့ ရှိပါသည်။ အခုတော့ လွယ်အိတ်တစ်ဖက်ကိုလွယ်ပြီး ငါးဆင့်ဂျိုက်ကြီးကို ကြိမ်ခြင်းနှင့်ထည့်ပြီး ဆွဲလာနေသည်။ သူ့ကိုကြည့်ရတာ မသက်သာပါ…. အမြင်မတော်သဖြင့် ကျနော် ဝိုင်းကူပြီး ဆွဲပေးလိုက်ပါသည်။
ဟာ…လေးလိုက်တာ…ဖက်တီးဘယ်အလှူကယူခဲ့တာလဲ……
မောင်မောင်ဂျစ်မင်းပေါက်ကရပြောတော့မယ်…….
မင်းကိုစားစေချင်လို့….အိမ်ကဒယ်ဒီထည့်ပေးလိုက်တာ…..ဒီနေ့အိမ်မှာတရုတ်ဘုရားရှိခိုးတယ်…
အိမ်ထမင်းငတ်နေတာနဲ့အတော်ဘဲ….
ဟာ…များလှချည်လား…ငါးဆင့်ဂျိုက်ကြီးနှင့်…ငါစားတာနဲနဲပါ….
မဟုတ်ဘူးလေကွာ…ဗျော့ကြီးတို့ မွန်ကြီးတို့ သေးသေးတို့အတွက်ပါ ယူခဲ့တာ…..
ဖက်တီးက ချစ်စရာကောင်းသွားပြန်ပြီ….သူငယ်ချင်းတွေအပေါ် ဒီလိုစေတနာရှိတာ…..
12:30 အတန်းလွှတ်တော့ ကျနော့်အခန်းမှာ ထမင်းစုစားကြပါသည်။
ဗျော့ကြီးထည့်စား….
ဖက်တီးပြောလဲပြော…..ခေါက်ဆွဲကြော်တွေ ပုဂံထဲထည့်ပေးသည်။
မွန်ကြီး…စားလေ…….
ကျနော်ဟင်းတွေထည့်စားတုန်း…အိမ်ထမင်းကိုပြန်သတိရလာပါသည်။
အိမ်နဲ့ဝေးနေတာ အတော်ကြာပြီ……..
အားလုံးစားသောက်ပြီးတော့ ဗျော့ကြီးနှင့်မွန်ကြီးက မတ်တတ်ထရပ်လိုက်ပါသည်။
ဗျော့ကြီးနှင့်မွန်ကြီး ဒါဘယ်လဲ………
စားပြီးပြီလေ…ပြန်တော့မယ်….
မပြန်နဲ့အုံး…မပြန်နဲ့အုံး…..
ဘာလုပ်မလို့လဲ…
ဖဲရိုက်မလို့…..
ဟာပိုက်ဆံမရှိဘူး…လကုန်တော့မယ်……
ပိုက်ဆံမရှိရင်လည်း…ငါချေးပေးမယ်…….
ဖက်တီး…..ဗျော့ကြီးနှင့်မွန်ကြီးလက်ကိုဆွဲပြီး စားပွဲပေါ်မှာ အတင်းထိုင်ခိုင်းပါသည်။
အော်…ဖက်တီးမှာအကြံနှင့်ကိုး….အခုမှကျနော်သဘောပေါက်သည်။ ဖဲကစားချင်လွန်းလို့ ထမင်းတွေ အလေးခံသယ်လာပြီး ကျွေးသည်။ ပိုက်ဆံမရှိတော့ ပိုက်ဆံချေးသည်။ ဖက်တီး ဖဲကစားချင်စိတ် တော်တော်ပြင်းပြနေရှာပါသည်။
ကဲ..ကဲ….မင်းတို့အားလုံး ဖက်တီးကျွေးတာ စားပြီးပြီဆိုတော့ ဖက်တီးကို ပါရမီဖြည့်ပေးလိုက်ကြတော့..
ကိုးမီး အလယ်ပုံကစားကြပါသည်။ တစ်အိမ် တစ်ကျပ်နှင့် အပွင့်ကြီးသူက အားလုံးစားကြေး……
ဟော..ဒီမှာကလောင်နှစ်ကားနှင့် ကိုးဖဲ…. ကိုးပေါက် ဖက်တီး ကုလားနှစ်ချပ်နှင့် ကိုးတက်တော့ဖက်တီးပျော်နေပါသည်။
မွန်ကြီး…..ဘယ်နှစ်ပေါက်လဲ….ဘူ…..
စားပြီ…ဖက်တီးမြူးနေပြီ…….
ဖက်တီးမင်းမအိပ်သေးဘူးလား….အိပ်ချင်ရင်လည်းအိပ်တော့…ငါတို့အပြင်ထွက်တော့မယ်…..
မရဘူး…မရဘူး….မင်းတို့အားလုံး တစ်နာရီကစားပေးရမယ်……ဖဲဝိုင်းပြီးမှငါတစ်ရေးအိပ်မယ်….
ဖက်တီး…ဒီတစ်လှည့်မကောင်းဘူး….3 ပေါက်ပဲရသည်။ ဖက်တီးက ကံကောင်းပြီးရင်းကောင်းနေပါသည်။
ကျန်လူအားလုံး….ဘူ၊တစ်၊နှစ်…. စားပြန်ပြီဖက်တီး……
တစ်ပွဲပြီးတစ်ပွဲ..တစ်လှည့်ပြီးတစ်လှည့်…ဆက်ဆော့နေကြပါသည်…
မောင်ဂျစ်… ဗျော့ကြီးအကျင့်မကောင်းဘူး…..
ဘာဖြစ်လို့လဲ…..
ဖက်တီးဖိနပ်ကိုဝှက်ထားတယ်……
အခန်းထဲရှိမှာပါ……
ဗျော့ကြီးအကျင့်ကို ဖက်တီးသိတယ်နော် …….ဖက်တီးကို နာမ်နှိမ်ဘို့လုပ်နေတာ…..
ဖက်တီးကံကောင်းလွန်းနေသည်။ သူ့ရှေ့မှာ ပိုက်ဆံတွေပုံနေပြီ…….ဗျော့ကြီးက နာမ်နှိမ်ရန် ဖိနပ်တစ်ဖက်ဝှက်ထားသည်။
ဒါလဲဖက်တီးအိမ်ကကောင်းနေဆဲ…..
ဟော..ကြည့်..မောင်ဂျစ် မင်းကောင်တွေကို ကြည့်ပြောအုံး….ဖက်တီးဖိနပ်တွေမရှိတော့ဘူး..
ဟိုမှာကြည့်စမ်း မွန်ကြီးအကျင့်မကောင်းဘူး…. ဖက်တီးဖိနပ်အပေါ်မှာ သူ့ဖိနပ်တင်ထားတယ်…..
ပြောပါအုန်း…ဖက်တီး အိမ်နိမ့်သွားအောင် အောက်လမ်းနည်းနှင့် လုပ်နေကြတယ်……
ရီလည်းရီရသည်။ ဖက်တီးအိမ် အရမ်းကောင်းနေသောကြောင့် ဖိနပ်ဝှက်သူက ဝှက်၊ ဖက်တီးဖိနပ်အပေါ် သူတို့ဖိနပ်တင်လိုတင်…..
ဖက်တီးအိမ် နိမ့်သွားအောင် ဝိုင်းလုပ်နေကြသည်။ ဖက်တီးအိမ်ကပန်းပန်လျှက်ပါဘဲ…..ပိုက်ဆံပုံကြီးကြီးလာပါသည်။
မောင်မောင်ဂျစ်…မင်းကောင်တွေကိုမပြောတော့ဘူးလား……ကြည့်စမ်းငါ့မှတ်စုစာအုပ်တွေကို ဖင်ခုထိုင်ထားကြတယ်….
အေး.. အေး..မင်းတို့ဘဲငရဲကြီးမှာ….
သူတို့တွေ ဒီလောက်အောက်လမ်းနည်းနှင့်တိုက်နေကြတာ မင်းလည်း အထက်လမ်းနဲ့ပြန်ဆော်ကွာ..
ဟာ….ဟုတ်ပြီ..ကိုဂျစ်ပြောသလို အထက်လမ်းနဲ့ပြန်ဆော်တော့မယ်….ဖက်တီးသည်းမခံတော့ဘူး
နော်….မင်းတို့သတိထားကြပေတော့…….
သူ့ဒယ်ဒီ… အန္တရယ်ကင်းအောင် ဆောင်ထားစေသော ဘိုးဘိုးအောင်ပုံတော်ကို ထုတ်ပြီး သူ့ပိုက်ဆံပုံပေါ်ကို တင်လိုက်ပါသည်။
သားသားကို..အန္တာရာယ်ကင်း ဘေးရှင်းအောင် ကြည့်ရှုစောင်မပေးတော်မူပါ။
နောက်ပြီး ဘိုးဘိုးအောင်တန်ခိုးနဲ့ သားသားငွေတွေ နှစ်ဆတိုးပါရစေ……..
ဖက်တီးတော့လုပ်ပြီ….ဘိုးဘိုးအောင်ကိုပါ ဖဲဝိုင်းထဲဆွဲသွင်းနေသည်။
မင်းအဖိုးတော့ မင်းကိုကူညီမှာတော့မဟုတ်ဘူး……..
မင်းက အကုသိုလ်အလုပ် လုပ်နေလို့…..
မြန်မြန်လုပ်ကြဟေ့….တစ်နာရီမပြည့်သေးဘူလား……..
မပြည့်သေးဘူး ဆယ်မိနစ်လိုသေးတယ်……
ဗျော့ကြီး ဒါကဘယ်လဲ…….
သေးသွားပေါက်မလို့ကွ…သေးတောင်ပေါက်လို့မရတော့ဘူးလား……
သွားပါ…..သွားပါ….ပြန်လာရမယ်နော်……
တံခါးတစ်ယောက် လာပိတ်ဟေ့….ဆရာဦးမေတ္တာလာရင် ဟုတ်ပေ့ဖြစ်နေအုံးမယ်…..
ဒီအချိန်ဆရာစာသင်နေတယ်….ငါတို့တံခါးဖွင့်ပြီးဖဲရိုက်လို့ရတယ်…..
ဒီလိုနဲ့ဘဲတစ်နာရီမပြည့်သေးလို့ အားလုံးဆက်ကစားနေကြပါသည်။
ဒေါက်…ဒေါက်…ဒေါက်…..တံခါးခေါက်သံကြားရပါသည်။
ဟေ့…..ဗျော့ကြီးတံခါးတွေဘာတွေခေါက်မနေနဲ့…ဂျက်မချထားဘူး…….
ဒေါက်..ဒေါက်…ဒေါက်…
ဘာဖြစ်နေတာလဲ……ဗျော့ကြီး…နားလေးနေလား……
ကျနော်တို့ စိတ်ဝင်စားစွာ ဖဲပွတ်နေကြပါသည်။ ထိုစဉ်တံခါးသည် ဖြေးဖြေးချင်းပွင့်လာပါသည်။
အမလေး…မြတ်စွာဘုရား……
ကျနော်တို့အားလုံး…လုံးဝ မမျော်လင့်ထားသော ဒဂုံဆောင်အဆောင်မှူး ဆရာဦးမေတ္တာ….
ဘယ်လိုမျက်စိလည်ပြီး ရောက်လာတာလဲမသိတော့ပါ။
ဖက်တီးပြောတော့ ဆရာအတန်းရှိတယ်ဆိုတော့ ကျနော်တို့အားလုံး စိတ်အေးလက်အေး ကစားနေကြတာ…….
ဆရာကိုမြင်တော့ လက်ထဲမှဖဲချပ်ကိုလွှတ်ချလိုက်ရင်း ကဗျာကရာ မတ်တပ်ထရပ်လိုက်ပါသည်။
ကိုဂျစ်….မင်းတို့ဟာ ဖိုင်နယ်ကျောင်းသားတွေ….အဆောင်မှာစံပြနေရမှာ..
နောက်ခန်းက ခလေးတွေကို အတုမြင်အတတ်သင်အောင် လုပ်နေတာလား…..
မဟုတ်ဘူးဆရာ…ကျနော်တို့ လ္ဘ္ဘက်ရည်တိုက်ကြေးလောက်ဘဲ ကစားကြတာ…..
ကစားကြရင်နဲနဲက စတာချည်းဘဲ…..
ဟို..ဖက်တီး…..Field မှာတုန်းက ဖဲမရိုက်တတ်ပါဘူး…ဘယ်တုန်းကတတ်သွားတာလဲ…
မကောင်းတာဆို..တယ်…အတတ်မြန်…..
ဖက်တီးသည် လေကဲ့သောလျှင်မြန်သောအဟုန်ဖြင့် ဆရာဦးမေတ္တာရှေ့မှာ တရုတ်ရာဇဝင်ရုပ်ရှင်ထဲမှာကဲ့သို့ ဒူးထောက်ပြီး လက်အုပ်ချီ လိုက်ပါသည်။ တစ်ကြိမ်တစ်ခါ အမိုက်မဲလေးကို ခွင့်လွှတ်တော်မူပါ……သားသားအရင်ကမရိုက်တတ်ပါဘူး….
မောင်မောင်ဂျစ်ဖဲရိုက်သင်ပေးလို့တတ်လာတာပါ…..
ကြည့်စမ်း…ကြည့်စမ်း..ခွေးသားဖက်တီး….သူတော်ကောင်းယောင်ဆောင်နေတာ…..
ဒီဝက်ကိုယ်လုံးကို ဘောလုံးတစ်လုံးလိုမျိုး ပြေးပြီး ပိတ်ကန်ပစ်လိုက်ချင်ပါသည်။
ဆရာဦးမေတ္တာကိုလည်း ဘိုးဘိုးအောင်မှတ်နေသလားမသိပါ…
သူ့ပြောသံကြားတော့ ကျနော်တို့အားလုံး ရီချင်နေပါသည်။
ပေးစမ်းဖဲထုတ်… နောက်အချိန်မှာ ငါအတန်းရှိတယ်…..
မင်းတို့အတန်းမတက်ရင်တော့ ဖဲရိုက်တဲ့ကိစ္စနဲ့ မင်းတို့ကိုအရေးယူမယ်……
အတန်းတက်ရင်တော့ တစ်ကြိမ်တစ်ခါမို့…..ငါခွင့်လွှတ်လိုက်မယ်…….
ဖဲထုတ်ကိုယူပြီး ဆရာထွက်သွားပါသည်။
ခွေးသား…ဖက်တီး…..သူတော်ကောင်း….မင်းတတ်ချင်လို့သင်ပေးရတယ်……..
အခုတော့..ငါ့ကိုပါဂျောက်ချတယ်….မင်းကျောကုန်းကိုဖနောင့်နဲ့ပေါက်ချင်တယ်…..
ထိုအခါဖက်တီးသည် ခုနကအတိုင်း ကျနော်ရှေ့မှာဒူးထောက်လက်အုပ်ချီပြီး……
တစ်ကြိမ်တစ်ခါ အမိုက်မဲလေးကို ခွင့်လွှတ်တော်မူပါ……
ကိုယ်တော်ကြီး…တစ်ကြိမ်တစ်ခါအမိုက်မဲလေးကို ခွင့်လွှတ်တော်မူပါ……
တရုတ်အမွှေးတိုင်နှင့် ရှိခိုးသလိုမျိုး လာလုပ်နေပါသည်…
သူလုပ်ပုံကိုကြည့်ပြီး ကျနော် စိတ်မဆိုးရက်တော့ပါ……
ခင်စရာသူငယ်ချင်းဆိုလို့ ဒါဘဲရှိတယ်……….
ကျနော်တို့အားလုံး ဆရာဦးမေတ္တာအတန်း တက်ရန် မန္တလေးဆောင်သို့ ထွက်ခဲ့ဲကြပါသည်။ ဆရာဦးမေတ္တာ စတိတ်ခုံပေါ်မှာ ကျောင်းသားများကို စိတ်ပါလက်ပါ သင်ကြားပို့ချနေပါသည်။ ကျနော်တို့ 5 ယောက်က နောက်ဆုံးတန်းမှာထိုင်နေကြပါသည်။ ဖက်တီး ကျွေးလိုက်သော ခေါက်ဆွဲကြော်၊ ဝက်သားလိပ်၊ကော်ပြန့်လိပ်တန်ခိုးနှင့် အဆီရစ်ပြီး မျက်လုံးကိုဖြဲပြီး ဖွင့်နေရပါသည်။ ဆရာပို့ချနေသော စာဆီသို့ စိတ်မရောက်ပါ။ အိပ်ချင်စိတ် အရမ်းပြင်းပြနေပါသည်။ ဖက်တီးက နံရံနဲ့ကပ်လျှက် ဘေးတိုက်မှီပြီး မေးစေ့ကို လက်နှစ်ဘက်ဖြင့် ထောက်ထားပါသည်။ မသိရင် ဆရာပို့ချနေတဲ့စာကို စိတ်ဝင်တစားနားထောင်နေတဲ့ပုံမျိုး…….
ဒါပေမယ့် သူ့ဆီက လေချွန်သံလို အသံသဲ့သဲ့ထွက်လာတော့... ကျနော်သိလိုက်ပါပြီ…..ဒီကောင်အိပ်ပျော်နေပြီ……..
စတိတ်ခုံပေါ်က ဆရာဦးမေတ္တာကတော့ ပုလင်းကွဲဖင်မျက်မှန်နောက်မှာရှိနေသော ဖက်တီးမျက်လုံး
ဖွင့်နေသလား…. ပိတ်နေသလား…..ဆိုတာ….ဘယ်လိုမှမသိနိုင်ပါ…….
#ကိုဂျစ်
#ဒဂုံဆောင်ဖဲဝိုင်း

Comments
Post a Comment