ငယ်သူငယ်ချင်း(သို့)ပုတ်သင်ညိုတစ်ကောင်
ကျနော်တို့နေထိုင်ကျင်လည်ရာ လူ့လောကကြီးအတွင်းမှာ ငယ်ရာမှယနေ့ထိတိုင် သူငယ်ချင်း (သို့) လုပ်ဖေါ်ကိုင်ဖက် (သို့) အပေါင်းအသင်း များသည် တိုးပြီးရင်းတိုး၍သာလာပါသည်။ သူငယ်ချင်းများ လျှော့သွားသည်ဆိုတာ မရှိခဲ့ပါ။ အကယ်၍ လျှော့သွားသည်ဆိုရင် ထိုသူငယ်ချင်း ကွယ်လွန်အနိစ္စရောက်သွား၍သာ ဖြစ်ရပါမည်။ ငယ်ငယ်ကသူငယ်ချင်း တစ်နေရာခြားပြီး ဝေးသွားသော်လည်း နှစ်ဘယ်လောက်ကြာကြာ ပြန်ဆုံမိကြလျှင် သူငယ်ချင်းသည် သူငယ်ချင်းသာ ဖြစ်ပါသည်။
လူလောကကြီးတွင် ခင်စရာအပေါင်းအသင်းများနှင့် အတူနေထိုင်လှုပ်ရှားသွားလာကြခြင်းဖြင့် လူ့လောကကြီးသည် ပို၍သာယာလှပ လာသလို ခံစားနေရပါသည်။ ကျောင်းနေဘက်သူငယ်ချင်း၊ တက္ကသိုလ်မှသူငယ်ချင်း၊ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်း အမျိုးမျိုးသော သူငယ်ချင်းတွေ ကျနော်တို့မှာ ရှိခဲ့ပါသည်။ အချိန်အခါ နေရာဒေသပေါ်မူတည်ပြီး ခင်မင်မှုအတိုင်းအတာက နဲနဲတော့ ကွာကြလိမ့်မည်။
ဒါပေမယ့် သူငယ်ချင်းက သူငယ်ချင်းပါဘဲ…..
ငယ်စဉ်က တစ်ကျောင်းတည်းတက်.. တစ်ရပ်ကွက်တည်းနေပြီး တက္ကသိုလ်အတူတူတက်ခဲ့ကြသော သူငယ်ချင်းများကိုတော့ ငယ်သူငယ်ချင်းများဟု ကျနော်သတ်မှတ်ထားပါသည်။ ထိုသူငယ်ချင်းများသည် အခြားသောသူငယ်ချင်းများထက်တော့ ခင်မင်မှု အတိုင်းအတာ ပိုပါလိမ့်မည်။ ငယ်သူငယ်ချင်းများစွာရှိသည့်အနက် တစ်ယောက်သောငယ်သူငယ်ချင်းအကြာင်းကို ရေးပြချင်ပါသည်။
တမြို့တည်း၊ တစ်ရပ်ကွက်တည်း၊ တစ်ကျောင်းတည်း တက်ခဲ့ပြီး တက္ကသိုလ်ကိုလဲ အတူတူတက်ရောက်ခဲ့ကြသည်။ မေဂျာမတူပေမယ့် လည်း အမြဲတမ်း သွားလာလည်ပတ်လေ့ ရှိကြပါသည်။ ကျနော်တို့မြို့ကလေးသည် ရန်ကုန်နှင့်အလှမ်းဝေးပါသည်။ သွားရေးလာရေး ခက်ခဲပါသည်။ လွယ်လွယ်ကူကူသွားလာ၍လည်း မရပါ။တက္ကသိုလ်ကျောင်းနေစဉ်အတွင်း အကြောင်းကိစ္စနှင့်မြို့ပြန်ရလျှင် ကျနော် တစ်ယောက်တည်း ဆိုရင်လည်း ကျနော့်သူငယ်ချင်း၏ မိဘများက သူတို့သားအကြောင်း မေးမြန်းလေ့ရှိသလို……သူပြန်ခဲ့လျှင်လည်း ကျနော့်အဖေအမေတို့က ကျနော်အကြောင်းကိုလဲမေးမြန်းလေ့ရှိပါသည်။ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး ဒီအကြောင်းတွေပါဘဲ……..
မိဘချင်းကလဲ ခင်မင်ရင်းစွဲရှိပြီးသားဆိုတော့ တစ်ယောက်ယောက်များ မြို့ပြန်စရာအကြောင်းပေါ်လာလျှင် ကျနော်တို့နှစ်ယောက် အတူတူ ပြန်ကြလေ့ရှိပါသည်။ ဒီလိုနှင့်ကျောင်းတွေပြီးလို့ စီးပွားရေးလောကထဲ ရောက်လာကြပါသည်။ ထိုအချိန်က မဆလ လက်ထက် လွတ်လွတ် လပ်လပ် လုပ်ခွင့်မရှိသော မှောင်ခိုခေတ်အတွင်း ကျနော်စီးပွားရေး စလုပ်ခဲ့ကြပါသည်။
မော်လမြိုင်..မိုင်ဒါစျေးအတွင်းမှာ ကျနော်တို့ကျောင်းပြီးစ စီးပွားရေးနယ်ပယ်ထဲကိုစဝင်ခဲ့ကြပါသည်။ ကျနော်သူငယ်ချင်းလဲ သူ့လိုင်းနှင့်သူ လှုပ်ရှားလျှက်ရှိနေပါသည်။ သူ့တွင်စွန့်စားလိုစိတ်အမြဲရှိနေပြီး…. နယ်မြေသစ်ကိုလည်း လေ့လာလိုစိတ်ပြင်းထန်သည်။ ထိုအချိန်က ပီနံကိုသွားနေသော စက်လှေနှင့်အလည်လိုက်ပါသွားရာမှ သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါသည်။ စက်လှေနှင့်ကုန်သွယ်ရခြင်းကို စိတ်ဝင်စားသောကြောင့် သူစက်လှေလောကထဲကို ရောက်ခဲ့ပါသည်။
ရိုးသားပြီး ကြိုးစားသော စိတ်ရင်းစေတနာတို့ကြောင့် သိပ်မကြာခင်မှာပင် လူအများယုံကြည်မှုကိုခံရသော အဝယ်တော်တစ်ယောက် ဖြစ်လာခဲ့ပါသည်။ သူ့ဘဝပီနံမှာနေလိုက်၊ မော်လမြိုင်မှာနေလိုက်ပါဘဲ….. နောက်မကြာခင် ပီနံမှာ အိမ်ထောင်ကျသွားပါသည်။ သူနှင့် အိမ်ထောင်ကျသူမှာ ကုမ္ပဏီပိုင်ရှင်သူဌေးသမီး မဟုတ်ပါ။ ကုမ္ပဏီဝန်ထမ်းတစ်ယောက်သာ ဖြစ်ပါသည်။
ပီနံမြို့၏လူဦးရေ ၈၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။ မလေးရှားနိုင်ငံမြို့များထဲတွင် ပီနံမြို့သည် ဗုဒ္ဓဘာသာဝင် အများဆုံး နေထိုင်သော မြို့ဖြစ်ပါသည်။ ကျနော့်သူငယ်ချင်း အိမ်ထောင်ဘက်သည်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ နောက်ပိုင်း ပီနံဘက်ကို သိပ်မသွားကြဘဲ စင်ကာပူဘက်သို့ စက်လှေများ သွားကြပါသည်။ ထိုအခါ သူတို့လည်း စင်ကာပူမှာ ပြောင်းရွှေ့ပြီး စီးပွားဆက်လက် လုပ်ကိုင်ကြပါသည်။
ကျနော့်သူငယ်ချင်းနှင့်ပတ်သက်သောမြန်မာအဆက်အသွယ်များ ……
သူ့ဇနီးဘက်ကမလေးရှားစင်ကာပူအဆက်အသွယ်များ ……
ကြောင့်သူတို့စီးပွားဖြစ်ခဲ့ကြပါသည်။
ငယ်သူငယ်ချင်းတစ်ယောက် တိုင်းတစ်ပါးမှာ ကြီးပွားချမ်းသာနေတာမြင်တော့ ကျနော်တို့သူငယ်ချင်းအားလုံး ဂုဏ်ယူကြပါသည်။ သူ့ဖက်ကလဲ သူငယ်ချင်းတွေကို အခင်အမင် မလျှော့ခဲ့ပါ။ စင်ကာပူရောက်ပြီဆိုလျှင်.. စလုံး တိုင်းပြည်မှ မလေးရှား နိုင်ငံအနှံ့ သူ့ကားနှင့် လိုက်ပို့ပေးလေ့ရှိပါသည်။ သူ့အိမ်က ပီနံမှာရော…K.L…မှာပါရှိနေပါသည်…..
ကျနော့်သူငယ်ချင်း ကံကောင်းပါသည်။ သူငယ်စဉ်ကတည်းက.. ကားရူူးတစ်ယောက်ဖြစ်ခဲ့ပါသည်။ ကျနော်တို့ဆီမှာက.. နိုင်ငံတကာစျေး နှင့်ယှဉ်လျှင်.. စျေးအဆမတန်များလွန်းနေသည်… မလေးရှား၊ စင်ကာပူတွေမှာ ကားစျေးကပေါပေါ…. ဝယ်တော့အကြွေးစနစ် ဆိုတော့ သူတော်တော် သဘောကျနေပါသည်။ အသစ်အဆန်းကားကိုလည်း အမြဲပြောင်းစီးလေ့ရှိပါသည်။ တိုင်းတပါးမှာ အနေကြာလာတော့ သူ့နိုင်ငံ သူ့စည်းကမ်းကို လေးလေးစားစား လိုက်နာပါသည်။ သူကားမောင်းရာတွင် လမ်းစည်းကမ်း ယာဉ်စည်းကမ်းကို အမြဲလိုက်နာလေ့ ရှိပါသည်။
မြန်မာပြည်မှ လာသူတစ်ဦးအနေဖြင့် လူမရှိသော မျဉ်းကျားမှာ မီးနီးလင်းနေလျှင် ကျနော်ဆို ဖြတ်မောင်းမိပါလိမ့်မည်။ မျဉ်းကျားပေါ်တွင် လူမရှိသောကြောင့်ဖြစ်ပါသည်။ သို့သော် သူဘယ်တော့မှ ဖြတ်မမောင်းပါ။ မျဉ်းကျားပေါ် လူမရှိပါစေ.. မီးစိမ်းသည်ထိ စောင့်ပြီးမှ မောင်းသည်။ ( CCTV နှင့်ကြည့်ချင်လဲကြည့်နေပါလိမ့်မည်)။ ယာဉ်မောင်းရာတွင်လည်း အဝေးပြေးလမ်းမှာရော မြို့ထဲလမ်းတွေမှာပါ အတင်းကျော်ဖြတ်မောင်းလေ့မရှိပါ။ သူတစ်ပါးကိုလဲ အမြဲ ဦးစားပေးလေ့ရှိပါသည်။ ယာဉ်စည်းကမ်း လိုက်နာတာတွေကို ကျနော်စိတ်ထဲမှ ချီးကျူးမိပါသည်။
ဒါပေမယ့် သူသည် မြန်မာပြည်သားတစ်ဦး ဖြစ်ပါသည်။ မြန်မာတစ်ဦးပီပီ တိုင်းတစ်ပါးတွင် ဘယ်လောက်အနေကြာကြာ မြန်မာမြေကို စနင်းသည်နှင့့် မြန်မာစိတ် ဝင်လာပါသည်။ လူများတန်းစီနေသော လဝက ဂိတ်မှာလဲ သူတန်းမစီတော့ဘဲ ကျော်ဖြတ်ပြီးဝင်ပါသည်။ လူအများ ၀ိုင်းပြောလျှင်လည်း ဟောက်စားလုပ်ပါသည်။ ရန်ကုန်မြို့ထဲ ကားမောင်းပြီဆိုလျှင်လည်း မည်သူလမ်းတောင်းတောင်း မပေးတော့ပါ။ ဦးစားပေးလမ်းမှာ မောင်းနေပြီဆိုလျှင် ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါ။ လက်ပြပြီး လမ်းတောင်းတာကိုပင် သူဂရုမစိုက်ပါ။ မန္တလေးမှာ ပိုပြီးဆိုးပါသည်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကိုလည်း မညှာပါ။ မော်လမြိုင်မှာဆို မြင်းလှည်းကိုပင် မသနားပါ။ တိုင်းတစ်ပါးမှာ စည်းကမ်းအလွန်ရှိခဲ့သော ကျနော့်ငယ်သူငယ်ချင်းတစ်ယောက် မြန်မာပြည်ပြန်ရောက်ပြီဆိုလျှင် ဘယ်လိုဖြစ်သွားတာလဲ.. ..... ကျနော်စဉ်းစား၍ပင်မရပါ။
နှုတ်မှပြောမထွက်သော်လည်းရင်ထဲမှာ……
ကျနော့်ငယ်သူငယ်ချင်းသည်ရေမြေဒေသကိုလိုက်ပြီးအရောင်ပြောင်းလဲတတ်သော ပုတ်သင်ညိုတစ်ကောင်ပါတကား…….

Comments
Post a Comment