ဒဂုံဆောင်ဖဲဝိုင်း - ၁
ရှေ့မှာဒေါက်တာဝင်းနိုင်သည် ဘူမိရူပဘာသာရပ်ကို တပည့်များကို စေတနာအပြည့်နှင့် စိတ်ပါလက်ပါ သင်ကြားပို့ချနေသည်။ ဘူမိဗေဒ ကျောင်းသားများကလည်း စိတ်ဝင်တစား လေ့လာမှတ်သားနေကြသည်။ နောက်တန်းမှာထိုင်နေသော ကျနော်တို့သည်လည်း အာရုံစူးစိုက်၍ ပိုက်ဆံပွတ်နေကြသည်။
ထိလား…မထိဘူးကွာ……မင်းကော ……
မထိဘူး…..
ပေး … ပေး…….သည်မှာတစ်ပေါက်…….
ကျနော်ရယ်၊ ကြည်မြင့်ရယ်၊ ဇံကြီးရယ် သုံးယောက် ပိုက်ဆံပွတ်နေကြပါသည်။ တစ်ကျပ်တန် ငွေစက္ကူ၏ နောက်ဆုံးဂဏန်းငါးလုံးကို ဘူကြီးလုပ်ပြီး ဆော့နေကြသည်။ တစ်ကျပ်တန် ငွေစက္ကူအရွက်ခြောက်ဆယ်ကို ဖဲထုတ်လိုသဘောထားပြီး တရွက်စီ ယူကြပါသည်။ နောက်ဆုံးဂဏန်းငါးလုံးကို ဘူကြီးထိမထိ၊ ထိရင် အပွင့်သာတဲ့သူ အားလုံးယူမည်။ တစ်ပွဲပြီးရင် တစ်ခါစာရင်းရှင်းမည်။ ဒီပွဲပြီးချိန်မှာ ကျနော် အရွက်သုံးဆယ်ရသည်။ ကြည်မြင့်က နှစ်ဆယ်ရသည်။ ဇံကြီးက ဆယ်ရွက်သာရသည်။ ကျနော်တို့ကြေးက အဲဒီတုန်းက တစ်ရွက်ကို တစ်ကျပ်ကြေး…ကျနော်အရွက်သုံးဆယ်ရသောကြောင့် ကြည်မြင့်ဆီက တစ်ဆယ်ရမည်၊ ဇံကြီးဆီက နှစ်ဆယ်ရမည်။ တစ်ဖန် ကြည်မြင့်က ဇံကြီးဆီက တစ်ဆယ်ရမည်။
ဒီတော့ လက်ထဲမှာ တစ်ဆယ်ရသော ဇံကြိး စုစုပေါင်း သုံးဆယ်ရှုံးပြီ…အခုရှင်းမလား….
နောက်မှရှင်းကွာ…အခုတာလီမှတ်ထားလိုက်မယ်….
ကြည်မြင့်က မှတ်စုစာအုပ်ထုတ်ပြီး အကြွေးစာရင်းတွေ မှတ်ထားလိုက်ပါသည်။
ကဲ…နောက်တစ်ပွဲထပ်စမယ်…..
တစ်ကျပ်တန် ငွေစက္ကူ အရွက်ခြောက်ဆယ်ကို ကုလားဖန်ထိုးသလိုလုပ်ပြီး နောက်တစ်ပွဲ ထပ်စပြန်ပါသည်။ ဒေါက်တာဝင်းနိုင်လည်း ဆက်လက်ပို့ချနေသလို….. ကျနော်တို့၏ဖဲဝိုင်းလည်း နောက်တစ်ပွဲထပ်စနေပြန်ပါပြီ…….
ထိလား…..ထိတယ်…ရှစ်ပေါက်…..
ဒီမှာကိုးပေါက်….
နှစ်ယောက်လုံးပေးကြ….ဒီမှာ ဘူကြီး….
တောက်…မနေ့ကထဲက နိမ့်နေတာ….ဒီနေ့ထိပြန်မတက်လာဘူး……..
ကိုးပေါက်ပိုင်ရှင် ဇံကြီး စိတ်ထဲမှာ မကျေမချမ်းနှင့်ရေရွက်နေသည်။ မနေ့ညက ဒဂုံဆောင် ကျနော့်အခန်းမှာ ရှိုးရိုက်ကြတာ ည 12 နာရီမှ ဝိုင်းသိမ်းကြသည်။ မနေ့ညက ဇံကြီး တော်တော်ကွဲသွားသည်။ သူရှုံးနေသောကြောင့် ဝမ်နင်သုံးကြိမ်ခေါ်ပြီး ပွဲရပ်လိုက်တာကိုပင် သူသိပ်မကျေနပ်ချင်။ ထပ်ကစားချင်နေသည်။ ဒါပေမယ့် သူတို့တွေ ရန်ကင်းပြန်ရမည်။
ဒီနေ့ဘာအစီအစဉ်ရှိလဲ…….ဇံကြီးကမေးနေပါသည်။
မင်းသဘောဘဲ…..
ဒီအတန်းပြီးရင် ဒဂုံဆောင်သွားကြရအောင်……မနေ့က မကျေပွဲ ဆက်နွဲချင်တယ်…..
အားလုံးသဘောတူပါသည်။ ဒီပွဲပြီးရင် စာရင်းရှင်းမည်။ တောင်ငူကင်တင်းက အရှည်ကြီးဆိုင်မှာ တစ်ခုခုစားမည်။ ကျနော်က အန်းကျိန်ဆိုင်မှာ ဆီချက်စားမည်။ ပြီးရင် ဒဂုံဆောင်ကျနော့်အခန်းမှာ ရှိုးရိုက်ကြမည်။ အတန်းထဲကထွက်လိုက်တော့ မန္တလေးဆောင် ဆင်ဝင်အောက်မှာ အဆိုတော်ပေါက်စ ကိုင်ဇာက သူ့တေးရေးဆရာဖြစ်သော ဇံကြီးခေါ် မောင်မောင်ဇံကို စောင့်နေပါသည်။ ဇံကြီးဆီက သီချင်းကိုလာစောင့်ယူနေပါသည်။ ဖဲပူမိနေသော ဇံကြီးတစ်ယောက် ဦးနှောက်ထဲမှာ ဂီတ ပဲတီပင်ပေါက်နှုတ်တွေမရှိဘဲ ဖဲချပ်များသာ မြင်နေသောကြောင့် ဘာသီချင်းစာသားမှ ထွက်မလာခဲ့ပါ။
ဟာ…..ညီလေး….Sorry ကွာ….အစ်ကို ဦးနှောက်တွေမကြည်လင်သေးလို့ စာသားတွေ မထွက်သေးဘူး…. ဒီတစ်ရက်နှစ်ရက်အတွင်း ရေးပေးပါ့မယ်…
ဇံကြီးလုပ်ပြီကွာ… ပြီးခဲ့တဲ့အပတ်က ပြောထားသားဘဲ……
အဆိုတော်ကိုင်ဇာက ငြီးငြီးငြူငြူ ပြောနေပါသည်။ သူ့မှာ R.C 2 ကလာခဲ့ရပါသည်၊ ဇံကြီးဆီက ဘာမှမရသောကြောင့် သူတော်တော် စိတ်ပျက်သွားပါသည်။
စိတ်ချ…ညီလေး….အစ်ကိုဒီတစ်ရက်နှစ်ရက်အတွင်းရေးပေးပါ့မယ်….
ဇံကြီး သေချာပါစေနော်….
အဆိုတော်အသစ်ဆိုတော့လဲ တေးရေးဆရာကို ပင့်မနေရပါသည်။ ဇံကြီးစိတ်ထဲမှာ သီချင်းစာသားထက် ရှိုးရိုက်ချင်စိတ်ဘဲ ပြင်းပြနေပါသည်။ မနေ့ညက ရှုံးကြွေးကို ပြန်ဆပ်ချင်နေပါသည်။ ကျနော်၊ ဇံကြီး၊ ကြည်မြင့်၊ ကျော်စိုး ကျနော်တို့လေးယောက်သား စားသောက်ပြီးတော့ ဒဂုံဆောင်ပြန်လာကြသည်။ နေ့လည်ဖြစ်ခြင်း၊ ကျောင်းသားများလည်း အတန်းတက်သူများ၊ လျှောက်လည် နေကြသူများကြောင့် ဒဂုံဆောင်သည် တိတ်ဆိတ်နေပါသည်။
ကျနော်တို့ နေ့ခင်းကတည်းက ရှိုးရိုက်နေကြတာ မှောင်လာပြီ….. တစ်ယောက်မှ ထမင်းမစားရသေး…
ထိုစဉ် ကျနော်အခန်းဖေါ် ဗျော့ကြီး လျှောက်လည်ရာမှ ပြန်ရောက်လာသည်။
အတော်ဘဲ…အားလုံးဘာမှမစားရသေးဘူးဆိုတော့….ဝိုင်းထဲကပိုက်ဆံအချို့ကိုယူပြီး တောင်ငူကင်တင်းက ရွှေပိတောက်ဆိုင်မှာ ထမင်းဟင်းတွေ သွားဝယ်ပေးပါသည်။ ကျနော်တို့ စားသောက်ပြီးတော့ ဆက်ကစားကြပြန်ပါသည်။ ဒီအချိန်ထိ အနိုင်အရှုံးက များများစားစား မရှှိသေးပါ။
ရှိုးကစားခြင်းသည် ဦးနှောက် ပြိုင်ခြင်း တစ်မျိုးပါဘဲ……
အရှောင်အတိမ်းတော်ရင် အရှုံးကြီးကြီးမားမားမရှှိနိုင်လို့ ကျနော်ယူဆခဲ့ပါသည်။
ကျနော်ကစားလျှင်လည်း 3 ရွက်မှာ အမြင်ရှုံးနေရင် ကျနော်ဆက်မလိုက်တော့ပါ…… ကိုယ့်အောက်ဖဲကောင်းနေရင်တော့ ဆက်ကစားလေ့ရှိပါသည်။ ဒါပေမယ့်ဖဲ 5 ချပ်ဝေပြီးချိန်တွင်တော့ အခေါ်အပြောတွေလိုလာပါပြီ….
သူရဲ့အောက်ဖဲကို အနီးစပ်ဆုံးခန့်မှန်းတတ်ဘို့လိုသလို ကိုယ်အောက်ဖဲကိုကိုလည်း ပို၍အထင်ကြီးအောင် ဟောက်တတ်ဘို့လည်း လိုပါသည်။
တစ်ပွဲထပ်စပြန်ပါသည်။………..
ကျနော့်အောက်ဖဲက ဒိုင်မွန်း တစ်….အပေါ်ဖဲက ဂျက်…..
ဖဲလေးချပ်ဝေပြီးချိန်မှာတော့ ကျနော်နှင့်ဇံကြီး ထိပ်တိုက်ဖြစ်နေပြီ……. ကျနော့်မှာအမြင်တစ်ပူးနှင့်ဂျက်…
အောက်ဖဲဒိုင်မွန်းတစ်ဆိုတော့ တစ်သုံးလုံး… ပါဝါအရတော်တော်မြင့်နေပြီ…..
ဇံကြီးမှာ ဂျက်၊ ကွင်း၊ ကင်း အောက်ဖဲမှန်းလို့မရသေး သူအလွန်ဆုံးရှိရင် အပူးတစ်ပူးသာရှိမည်။
အများနဲ့တူချင်မှတူမည်၊ကျနော်တို့သတ်မှတ်ချက်က လေးလုံးအမြင့်ဆုံး၊Run ကြီး၊Run သေး၊ သုံးလုံး
ကျနော်သေချာပေါက်နိုင်နေပြီ……ဒီအချိန်မှာ ရှိုးလိုက်ရင် သူသေချာပေါက် ပြေးတော့မည်။ သူ့ပိုက်ဆံတွေ နဲနဲများနေပါသည်။ မြင်နေရသောငွေကို ကျနော် လောဘတက်နေပါသည်။ သူလိုက်နိုင်ယုံငွေတင်ပေးလိုက်တော့ သူလိုက်လာပါသည်။
ကျနော့်အတွေးထဲမှာ သူ့ကိုတွဲပြီးခေါ်ချင်နေပါသည်။ လက်ရှိတစ်သုံးလုံးနှင့် ကျနော်နိုင်နေပါသည်။ အကယ်၍ ဇံကြီးကိုတွဲခေါ်၍ သူ့မှာ သုံးလုံးတက်ခဲ့ရင်လည်း ပါဝါအရကျနော်နိုင်မည်။ ဒါမှမဟုတ် နှစ်ပူးတက်ခဲ့ရင်လည်း ကျနော်နိုင်မည်။ ကျနော်အပေါ်စီးက ကောင်းကောင်းရိုက်ရတော့မည်လို့ တွေးနေမိပါသည်။ ငါးချပ်မှာပွဲက ပို၍ကြည့်ကောင်းတော့မည်။ ပိုက်ဆံတွေလည်းပိုများမည်။ နောက်ဆုံးဖဲ တစ်ချပ်စီဝေပါသည်။ ကျနော့်မှာ ကင်းတက်သည်။ ဇံကြီးမှာ တစ်ဆယ်တက်သည်။
ဒီအချိန်မှာတော့စဉ်းစားစရာတွေဖြစ်လာပါပြီ……
ဖဲ 4 ချပ်မှာတုန်းက သူ့အောက်ဖဲကို ကျနော်တစ်မပေးခဲ့ပါ။ ကျနော့်ဆီမှာ တစ်သုံးလုံးရှိနေသောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်စဉ်းစားနေရပြီ…… သူ့အောက်ဖဲက ပျောက်နေသော တစ်ဖဲဖြစ်ခဲ့လျှင် Run ဖြစ်နေသောကြောင့် ကျနော်ရှုံးတော့မည်။ လည်ချောင်းကတံထွေး မျိုမကျပါ၊ ရင်ခံတယ်ဆိုတာ ဒါဘဲ၊ ကျနော်စိတ်တွေလေးနေပါသည်….
ကျနော်မှားသွားပြီ…..
ဇံကြီးကို အခွင့်အရေးပေးသလို ဖြစ်သွားပါပြီ….
တစ်ကယ်ဆိုရင် လေးချပ်မှာကတည်းက ပြတ်ပြတ်သားသားလုပ်လိုက်ရမှာ....
ရှိသောငွေကို ရအောင်မယူနိုင်ခဲ့သောကျနော်… အတွေးချော်သွားပါသည်။
ကဲ…ဒီအချိန်မှာဘာလုပ်မလဲ……
သူ့ကို Run ပေးမလား.. တပူးပေးမလား…. ကျနော်မခေါ်လျှင်လည်း သူရှိုးတော့မည်……..
ဘာဘဲဖြစ်ဖြစ် ဟန်ကိုယ်ဘို့….. ကျနော်ရှိုးလိုက်ပါသည်။ ဇံကြီးကလည်း လိုက်ပါသည်။ သူလိုက်ရင်တော့ ကျနော်ရှုံးပြီ….. သူ့အောက်ဖဲ လှန်ပြတော့ ပျောက်နေသောတစ်ဖဲဖြစ်နေပါသည်။ ဖဲလေးချပ်မှာထဲက သူ့ကို အခွင့်အရေးမပေးသင့်ပါ။ စျေးပေါပေါနှင့် တွဲခေါ်လိုက်တာ ကျနော့်အမှား…..ပါဝါခြင်းယှဉ်လိုက်ရင် တစ်ဆယ်ဖဲ ဘာမှပါဝါမရှိပါ၊ သို့သော် ဒီဖဲတစ်ချပ်က ကျနော်တို့ကို အဆုံးအဖြတ်ပေးသွားပါသည်။
သူ…ကံကောင်းသွားပါသည်။ ကျနော်ကပြောင်းပြန်…..
ဒီနေ့ည ဇံကြီးကံကို ကျနော်မယှဉ်နိုင်ခဲ့ပါ။ ဇံကြီးကလည်း ပြောပါသည်။ လေးချပ်မှာဟောက်ပြီလို့ ထင်နေတာ…ဟောက်ခဲ့ရင် သူဆက်မလိုက်တော့ပါ..အခွင့်အရေးပေးလိုက်တော့ ကျနော့်နှာနုဖြတ်အရိုက်ခံရသလိုပါဘဲ…ကျနော့်အတွေးချော်တာ…ကျနော့်အမှား…
နောက်ထပ်ဆက်ပြီး ကစားကြပါသည်။ ဒီပွဲကတည်းက ချော်လိုက်သော ကျနော့်အတွေးသည် ဆက်တိုက်ပါဘဲ……
တစ်ပွဲပြီးတစ်ပွဲ မခံချင်စိတ်နဲ့ဆက်မိုက်နေတာ… ဝမ်နင်ခေါ်ပြီး ပွဲရပ်လိုက်တော့ ည 11 နာရီထိုးပြီ…..
နိုင်သွားသော ရန်ကင်းသားသုံးယောက်က ကျေကျေနပ်နပ်ဘဲ ပြန်သွားကြပါသည်။
အရှုံးသမားအဖြစ်….မနေ့ညက ဇံကြီးအလှည့်…ဒီနေ့ည ကျနော့်အလှည့်…..
ပွဲပြီးတော့ ကျနော်နှင့်ဗျော့ကြီး ဦးချစ်ဆိုင်မှာ သွားထိုင်ကြပါသည်။ ဖဲရှုံးသောကြောင့် ကျနော့်စိတ်တွေ ညစ်နေပါသည်…..ဗျော့ကြီးက ကျနော့ကို ဖြေးဖြေးဘဲ ကျနော့်အမှားတွေကို ထောက်ပြနေပါသည်။
မင်းကွာ….ဘာဖြစ်လို့ အရင်ကလို မကစားတာလဲ……ဇံကြီးနှင့်ပွဲမှာမင်းမှားတာ….4 ချပ်မှာဖြတ်ရမှာကွ…..
ထားလိုက်ပါတော့..နောက်ပွဲတွေလည်းမင်းဆက်မှားတာ…..မမြင်ရတဲ့ဖဲကိုမျှော်နေတာ…
အရင်ကမင်းမလုပ်ပါဘူး….
အမြင်နဲ့ဘဲမင်းကစားတာဘဲ……
နောက်ပြီးဒီနေ့ည ဇံကြီးကံက မင်းထက်ပိုကောင်းနေတယ်….
မပိုင်ဘဲနှင့် လျှောက်ရမ်းနေတာလည်း မင်းမှားတယ်…
ဒီနေ့ညမှာ အားလုံးကမင်းကို အဲဗားလိုက်ဘွဲ့ ပေးလိုက်တာကိုကြည့်တော့…..
ဖဲသမားဆိုတာ…နှဲသမားလို ဖောင်းလိုက်ပိန်လိုက်လို့ ပြောတာကို ငါလက္ခံတယ်……
ဒါပေမယ့်အရာရာကို စဉ်စားချင့်ချိန်ဘို့တော့လိုတယ်…
အမြင်ရှုံးနေလျှက်နဲ့ဆက်လိုက်တာတော့မင်းအမှားဘဲ…
#ကိုဂျစ်
#ဒဂုံဆောင်ဖဲဝိုင်း( ၂ )

Comments
Post a Comment