ကျွန်တော်ဖဲသမား



Final နှစ်များအတွင်း Field ဆင်းရသည်မှာ ပို၍ ပျော်စရာ ကောင်းပါသည်။ Main Camp တွင် Group အားလုံးစုကြပါသည် Field ဆင်းမည့် ဧရိယာတစ်ခုလုံး ကို ခြုံ၍ ဆရာနှင့်အတူ လေ့လာရပါသည်။ ဧရိယာ အကျဉ်း အကျယ် အပေါ်မူတည်၍ 5 ရက် မှ 8 ရက် ထိဆရာ လိုက်ပြ ပေးပါသည်။ ထို့နောက်တွင် Geology Map ကို အုပ်စု အနည်းအများ ပေါ်မူတည်ပြီး 5 ကွက် မှ 8 ကွက် ထိခွဲပြီး Group အလိုက်မဲနှိုက်ရပါသည်။ မဲကျသော ဧရိယာသို့ 7 ယောက်တစ်ဖွဲ့ ကိုယ့် အစီအစဉ် နှင့်ကိုယ် စခန်းချပြီး ဆင်းရပါမည်။ Individual Camp ဟုခေါ်ပါသည်။ Flying Camp ဟုလည်းခေါ်ကြပါသည်။ မဲကျသော ဧရိယာ အတွင်းရှိ အစဉ်ပြေဆုံးဖြစ်နိုင်မည့် ရွာတစ်ရွာကို ရွေးရပါသည်။ ဥပမာ- အားဖြင့် Field ဆင်းရာတွင် သွားရလာရ လွယ်ကူ မည့်ရွာမျိုး ၊ တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ဆက်သွယ်လို့လွယ် ကူမည့် ရွာမျိုးကို ရွေးရပါသည်။ ကျွန်တော်တို့အဖွဲ့အားလုံး စိတ်တူကြပါသည်။ တစ်ခြားကျောင်းသားများ နှင့် မတူသောမူကို ချထားပါသည်။

 ကိုယ်လုပ်ရမည့် တာဝန်ကို ကိုယ်တာဝန်ယူရမည်။

အမြန်ဆုံး နဲ့ ရက်အတိုဆုံးပြီးအောင်ပင်ပန်းပါစေ - ပြီးအောင်လုပ်မည်

ပြီး ရင်ကောင်းကောင်း နားကြမည်။ ဒါ ကျွန်တော်တို့ မူ - - -

 

ကိုယ့်ဧရိယာအတွက် Geology Map ထုတ်ပေးရပါမည်။ နမူနာ ကျောက်တုံးတွေရော ၊ Fossilတွေပါ စုဆောင်းပေး ရပါ မည်။ ပြီးလျှင် ကိုယ့်ဧရိယာ နှင့် ထိစပ်နေသော အဖွဲ့များ နှင့် လည်း Geology Map ပုံထုတ်ရန် ညှို နှိုင်းရပါမည်။ ကိုယ်ဟာကိုယ် ဟုတ်ပြီဆိုပြီး အချောသပ် ထုတ်လို့ မဖြစ်သေးပါ။ ဘေးအဖွဲ့ နှင့်လည်း တိုက်ကြည့် ရသေးသည်။ ကျွန်တော်တို့ ညှိုညှိုနှိုင်းနှိုင်း မလုပ်ခဲ့ဘဲ ဆရာ အရှေ့မှာ တစ်လွဲ ဖြစ်နေရင်တော့ နောက်တစ်ကြိမ် ပြန်လာနေရဦးမည်။ Geology map ဆိုတာ ကိုယ် စိတ်ထင်တာ ဆွဲထည့်လို့မရပါ။

 

အစကတည်းက ဤဧရိယာအတွက် ထုတ်ထားပြီးသားပါ။ Individual Camp ဆိုသည် ကိုယ့်အုပ်စု နဲ့ ကိုယ်စီစဉ်နဲ့ကိုယ် စခန်းချ နေထိုင် ချက်ပြုတ်စားသောက်ရပါသည်။ လတ်တလော ဆရာများ၏ အုပ်ချုပ်မှုမှ လွတ်နေပါသည်။ လွတ်လပ်မှုကို ကြိုက််သော ကျောင်းသားတိုင်း Individual Camp ကို သဘောကျကြပါသည်။ Individual Camp 10 ရက်အချိန်ပေးပါသည်။ ကျွန်တော်တို့ အုပ်စု လှည်းနှစ်စီး နှင့် ကျွန်တော် တို့အိပ်ရာ ၊ စားစရာ ငါးခြောက်တိုလီမိုလီ ကျွန်တော့်တို့ အသုံးအဆောင်တွေ တင်ပြီးထွက်လာခဲ့ပါတယ်။ မူလတန်း ကျောင်းမှာပြင်ဆင်ထားကြောင်း အသိပေးလာပါတယ်။

 

တစ်ချို့က ဘုန်းကြီးကျောင်း၊ တစ်ချို့အဖွဲ့ကျတော့ ဓမ္မာရုံတွေ မှာနေထိုင်ဖို့ ရွာက စီစဉ်ပေးပါတယ်။ ရွာရောက်တော့ ပါလာသော ငါးခြောက်အချို့ကို ရွာသူကြီးသို့လက်ဆောင်ပေးရင်း ကျွန်တော်တို့ ကိုယ်ကျွန်တော် တို့မိတ်ဆက်ရပါသည်။ ပြီးတော့ ဘုန်းကြီးကျောင်းသို့လည်း ငါးခြောက်သွားလှူခဲ့ပါသည်။ ရွာဦးဘုန်းကြီးကျောင်းက ကျွန်တော်တို့တည်းခိုသော မူလတန်းကျောင်း နှင့် ကပ်ရက်ပါ ။ ကျန်သေးတယ် ၊ ရွာထဲက နည်းနည်း ဆိုးသွမ်းသော လူရွယ်တွေနဲ့လည်း ပေါင်းထားရပါသည် ။ လူရွယ်တွေ ရဲ့ ခေါင်းဆောင်ကတော့ မေးစရာမလိုပါ။ သူကြီးသားများသာဖြစ်ပါသည်။ အားလုံးအဆင်ပြေပါသည်။ သူကြီးက ထမင်းချက် တစ်ယောက်ထည့်ပေးပါသည်။ ကျွန်တော်တို့စားသလို သူ့ကိုလည်း ကျွေးပါသည်။

 

ကျွန်တော်တို့ အုပ်စု ကျွန်တော်တို့ ချထားသော မူအတိုင်းအမြန်ဆုံးပြီးစီးအောင် အားလုံးတက်ညီလက်ညီ လုပ်ကိုင်ကြပါသည်။ ကျွန်တော်တို့အားလုံး စိတ်ထဲမှာလည်း အလုပ်ကို ပြီးအောင် အမြန်ဆုံးလုပ်မည်။ ပြီးရင် ကောင်းကောင်းနားမည် ။ ကောင်းကောင်း ကစားမည် ( ပိုကာဆွဲတာကို ပြောတာ)နောက်တစ်ခြား Camp များသို့ အလည်သွားကြမည်။ ကျွန်တော်တို့ သတ်မှတ်ထားသော ရက်အတွင်း ကျွန်တော်တို့ ပြီးစီးအောင်လုပ်နိုင်ခဲ့သည်။

 

အလုပ်ပြီးတော့ ကျွန်တော်တို့အားလုံး နေ့ခင်းထမင်း စားပြီးလျှင် ပိုကာဆွဲကြလေ့ရှိပါသည်။ တစ်ချို့ လည်း ရွာထဲလျှောက်လည်လေ့ရှိကြသည်။ ကျွန်တော်တို့ပိုကာ ဆွဲတိုင်း ဘုန်းကြီးကျောင်းမှ ကိုရင်လေး မူလတန်းကျောင်းပြူတင်းပေါက်ကို ကျော်ဝင်လာပြီး အမြဲလာကြည့်လေ့ရှိသည်။ ထို့နောက် ခါးကြားထဲပိုက်ဆံအိတ်ထုတ်ပြီး အတွင်းမှ ငွေအထပ်လိုက်ကျွန်တော်တို့ မြင်အောင် ပြလေ့ရှိပါသည်။

ကျောင်းသားတွေ ကိုရင်လေးကိုတစ်အိမ်ပေးဝင်ပါ --

ကိုရင် လေး မသင့်တော်ဘူး မလုပ်ပါနဲ့ --

ကိုရင်လေး တော်တော် ကစားချင်နေပုံရသည်။ ကျွန်တော်တို့ က မကစား စေချင်ပါ။ ကျွန်တော်တို့ အချင်းချင်း ဆော့တာပြဿနာ မရှိပါ။ ကိုရင်လေးရှုံးပါက ညှပ်ပြီး လုပ်တာလို့ အပြောမခံနိုင်ပါ။

 

တစ်ရက် ..

နှစ်ရက် .. မကစား ဖို့ ကျွန်တော်တို့ ဝို်င်းတားကြပါသည်။

သုံးရက် မြောက်နေ့မှာတော့ ကိုရင်လေး ထပ်တောင်းဆိုလာပြန်ပါသည်။ ဒီနေ့ အိမ်ကလည်းမပြည့် ဖြစ်နေတယ်။ တစ်ချို့က ရွာထဲ သွားနေကြ တယ်။ ကျွန်တော် တို့အချင်းချင်း  ဘယ်လိုလဲလို့မေး ဆတ်ပြတော့ ဒီလောက်ကစားချင်နေရင် လည်းပေးကစား လို်က်သဘောမျိုး ခေါင်းညိတ်ပြလို့ ဒီနေ့ ကိုရင်လေးဝင်ကစားပါတယ်။ ကိုရင်လေး လည်း ဝမ်းသာအားရနဲ့ထို်င်ပြီး ရွာဘုရားပွဲနေ့မှာ သူဘယ်လို်နိုင်ခဲ့တာတွေ လှည့်ကြွားနေပါတယ်။ နှစ်လှည့် သုံးလှည့် ကစားပြီးတော့ ကိုရင်လေး အခြေနေကို ခန့်မှန်းလို့ရနေပြီ၊ ကိုရင်လေး အဆင့်က မူကြိုအဆင့်သာသာ ဖဲကိုင်နေရရင် ပျော်နေပုံရသည်။ ပစ်ဖဲလည်း မသိ၊ လိုက်ဖဲလည်းမသိ သောက်ရမ်း ကစားတော့သူပဲ ---ရှုံး ပါလေတော့သည်။

 

နောက်ရက်လည်း လာကစား ပြန်ပါတယ်။ ထုံးစံအတိုင်း ရှုံးတာဘဲ ကျွန်တော်တို့ ကိုရင်လေးကို ညှပ်ပြီး လဲမကစားပါ။ ပုံမှန်အတိုင်း ကစားတာပါပဲ။ ကိုရင်လေး ပိုက်ဆံအိတ် မဖောင်းနိုင်တော့ပါ။ ပြားချပ်ချပ်ဖြစ်သွားပါသည်။ ကိုရင်လေးအသံတောင် မထွက်နိုင်တော့ပါ ။ ကျွန်တော်တို့ ကိုရင်လေးပိုက်ဆံကို ဖယ်ထားပါတယ်။ နောင်ကျရင် ပြန်ပေးမယ်လို့ အားလုံးတိုင်ပင်ထားပါသည်။

 

နောက်နေ့မနက်မှာ ထမင်းချက်က ကျွန်တော် တို့ကို တိုးတိုး လာပြောပါတယ်။ ကိုရင်လေး ဘကြီးက ကျောင်းထိုင်ဘုန်းကြီး ၊ ကိုရင်လေး ဖဲရှုံးတာကျွန်တော်တို့ညှပ်ပြီး လုပ်တာလို့ထင်နေပြီး ကျွန်တော်တို့ကို ဒေါကန်နေတဲ့အကြောင်း -- ကျွန်တော်တို့ကိုလည်း ဆက်မကစားဘိူ့ သတိပေးနေပါသည်။ ဒီလိုအထင်ခံရမှာ စိုးလို့ မပေးကစားခဲ့တာအခု အထင်လွဲနေပြီ ပြဿနာဘဲ။ တစ်ခြားလူဆိုရင် ဘာမှ အရေး မကြီး အခုက- - ကျောင်းထိုင်ဘုန်းကြီး

 

နေ့လည် ထမင်းစားပြီးရင် ဖဲကိုင်ရမှနေသာတဲ့ ဖဲသမားကျနော်တို့ --

ဒီနေ့လည်း မအောင့်နိုင်ကြပါ-- ကျွန်တော်တို့ ဆက်ကစားကြပါတယ်။ ကိုရင်လေးလာရင် ဘယ်လိုပြောရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းဘဲ ဗြုံး ဆို -- ပြူတင်းပေါက်ကို ကျော်ပြီး ကျွန်တော်တို့ ဝိုင်းဆီ ကျောင်းထိုင်ဘုန်းကြီး ရောက်ချလာပါတယ်။ ကိုရင်လေးတော့ မပါခဲ့ပါ။ သူ့နောက်မှာကပ္ပီယကယို့ယို့လေးပါလာတယ်၊

အားလုံး လုံးဝ မမျှော်လင့်ထားလို့ ကြောင်နေကြတယ်။

 

ငါ့အတွက် တစ်အိမ်ဝေစမ်း ---

ဟေ့ကောင်...ကိုင်လိုက်...ဘုန်းကြီးက၊ကပ္ပီယကိုဖဲကိုင်ခိုင်းတယ်

ဟုတ်…ဟုတ်….ဟုတ်ကဲ့ - - အာ -----တင်ပါ -တင်ပါ ---

ဘုန်းကြီး ကအနောက်ကညွန်ကြားပြီး ကစားပါတော့တယ်။ 

ပစ်ဖဲတွေ၊လိုက်ဖဲတွေပြောနေတယ်။

ကပ္ပီယကဘုန်းကြီးပြောတဲ့အတိုင်းလုပ်နေတယ်။

ဘုန်းကြီး လက်ရည် မဆိုးပါ။ ကျွန်တော်တို့နှင့်လက်ညီပါသည်။ ကျွန်တော်တို့လည်း စိတ်ရှုပ်စွာနဲ့ ကစားကြရင်း ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အချင်းချင်း မျက်လုံးချင်းမေးမိပါတယ်

အားလုံးကတော့ အရှုံးခံလိုက်တော့ ပုံစံမျိုးမေးဆတ်ပြပါတယ်

ဟေ့ကောင်..ဖဲကိုင်တာလား..ဖဲခင်းနေတာလား

ဘေးကဖဲသမားတွေမင်းမှာဘာရှိလဲသိကုန်ပြီပေါ့

ကပ္ပီယကိုပြောရင်းကျနော်တို့ကိုပါဘုန်းကြီးတွယ်ပြီ

ကျနော်တို့ကို"ဖဲသမားတွေ"တဲ့၊ဒီဘုန်းကြီးနဲ့တော့စိတ်ညစ်ရပြီ၊

ကျွန်တော်အပေါ်အိမ်ကျတဲ့အလှည့် မှာ ဘုန်းကြီးအတွက် ဖဲမထိမ်းတော့ပါ

လွတ်ပြီး ချပေးတဲ့အတွက် ဘုန်းကြီး ပိုကာဒေါင်းပါသည်။

နောက်ပြီး ဆက်တွတ်ပါသည်။ ပျော်မလားလို့ ကစားပါသည်။ ဘုန်းကြီးဝင်ပါနေတော့ --အားလုံးစိတ်မသက်မသာ --

ဒီနေ့ဘုန်းကြီး နိုင်ပါသည်။ ကိုရင်လေးရှုံးတဲ့ငွေတွေပြန်ကာမိ လောက်ပါတယ် ..

 

ပွဲသိမ်းတော့ ကျွန်တော်တို့ နောက်နေ့ ဆက်မကစား ဖြစ်တော့တဲ့အကြောင်း လုပ်စရာ လက်စသတ်စရာတွေကျန်နေတဲ့ အကြောင်း ဘုန်းကြီးကို ရှင်းပြလိုက်ပါတယ်.. ဘုန်းကြီးကတော့ ဖဲနိုင်တော့ ကျေကျေနပ်နပ် နှင့် ပြူတင်းပေါက်ကျော်ပြီး သူကျောင်းဝင်းထဲ ပြန်ကြွသွားပါတယ်။

 

ညဖက်ဂစ်တာတီးနေတဲ့ကျနော်တို့ဆီ ထမင်းချက် ရောက်လာပါသည်။ ကိုရင်လေး ကိုရော သူ့ကိုပါ ဘုန်းကြီးက ကျောင်းသားတွေကို ဘယ်လိုမျိုးနိုင်အောင်ကစားခဲ့တဲ့ အကြောင်း ဂုဏ်ယူပြီး ပြောနေပါတယ်။

တွေ့လား မင်း နှစ်ရက်ရှုံးထားတာ ငါတစ်ညနေနဲ့ ရအောင် ပြန်ယူနိုင်ခဲံ့တာ --

ဒါတောင် ငါဖဲမကိုင်တာ ၁၅  နှစ်လောက်ရှိပြီ

ဘုန်းကြီး ကတော့ ကြွား သလား မမေးနဲ့

အတွင်းသိ ဒကာရှေ့ မှာ ဘယ်လို နိုင်အောင်ကစားခဲ့တဲ့ အကြောင်း ကြွားလို့ဘဲ မပြီးနိုင်၊

 

အရှုံးပေးလိုက်တော့ နှလုံးအေးတာပေါ့

နောက်ရက်များတွင် ထမင်းချက်အလုပ်မရှိတော့ပါ။

အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ကျောင်းသားများရဲ့ စားရေး သောက်ရေးကို ကျောင်းထိုင် ဘုန်းကြီးတာဝန်ယူလိုက်၍ဖြစ်ပါသည်။

မနက် နေ့လည် ညစာ သုံးနပ်လုံးတာဝန်ယူသည် Camp ပြီးသည်အထိအားလုံးစရိတ်ငြိမ်း

 

အခြားအဖွဲ့ မှ သူငယ်ချင်းများ တစ်ရက် ကျွန်တော်တို့ Camp ကို လာလည်ကြပါသည်။

ဒီကောင်တွေ ကျွန်တော်တို့ Camp ကို မြင်တော့ အံ့ သြနေ ကြ သည်။

စားဖို့သောက်ဖို့ချက်ဖို့ ပြုတ်ဖို့ မီးဖို ပင်မရှိတော့၍ --- နောက်ထပ်အံ့သြစရာ သူတို့ကို ပြခဲ့ပါသည်။

ညစာ ကျောင်းမှာစား သည်၊ နံနက်စာကိုလည်း ကျောင်းမှာ စားသည်။ နေ့လည်စာ ကိုလည်းကျောင်းမှာစားသည်။

ဘုန်းကြီး သဘောကောင်းသလား မမေးနဲ့ …ကျက်သရေခန်းသော့ကို ဘုန်းကြီး ရွာနီးစပ်သွားသောအခါမျိုးမှာ ကျွန်တော်တို့ကို ပေးခဲ့ပါသည်။ ကျက်သရေခန်းဖွင့်ပြီး မုန့်တွေချကျွေးလိုက်တော့ - -ဒီကောင်တွေ လက်ရော ခြေရော ခေါင်းပါ - ခါထွက်ကုန်ပါတော့သည်။

ဘုန်းကြီးကို ဘယ်လို ပေါင်းထားလည်းလို့ ကျွန်တော်တို့ကို တိုးတိုးလေးကပ်ပြီးမေးနေကြပါတယ်။

အရှုံးပေးလိုက်တော့ နှလုံးသာမက ဝမ်းပါအေးသွားပါတော့တယ် ----

 

ခဏလေးဆုံခိုက်ကျွန်တော်တို့အပေါ် ကျွေးမွေး ကြည့်ရှု ပေးခဲ့သော ကျောင်းထိုင်ဘုန်းကြီး၏ ကျေးဇူးများကို ဘယ်တော့မှ မမေ့ခဲ့ပါ။

ဆရာတော်ကြီး ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ ။ ။

ကျွန်တော်အကြိမ်ကြိမ် ဦးချကန်တော့လျက်ပါ။ ။ ။။။။

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ