Field အပြီး ရှမ်းပြည်တောင်ပိုင်းသို့ အလည် သွားခြင်း
Photo credit to original uploader
ဒီနေ့ကျွန်တော်တို့ အားလုံး အရမ်းပျော်နေကြပါသည်။ လူတွေ့ဖြေတာလည်း အားလုံးဖြေလို့ရတယ်။ရန်ကုန် ပြန်မယ့် ရက် က နောက် 4 ရက် မှ ဒီရက်အတောအတွင်း မှာ သွားလည်ချင်သော နေရာသွားလည်၍ ရသည်။သက်မှတ်ထားသော နေ့ ၊သတ်မှတ်ထားသော အချိန် ၊ သတ်မှတ်ထားသောနေရာ ကို ပြန်ရောက်ဖို့ အရေးကြီးသည်။အချိန်မှီ မရောက်လာသူများ လက်တွေ့ကွင်းဆင်းသော ဘာသာရပ်စာမေးပွဲ အကျဟု သတ်မှတ်မည်။
ကျွန်တော်တို့အားလုံး တောင်ကြီးသွားမည် ၊ အပြန် ပင်းတယ နှင့် အင်းလေး မှာ လည်ပြီး ရင်စုရပ်မှာ ပြန်ဆုံကြမည်။ကျွန်တော်တို့သူငယ်ချင်းတစ်စု၊ ဆရာ ဦးမေတ္တာ အထုပ်အပိုး ပစ္စည်း များကို ဆရာ့အခန်းထဲဝင်ပြီး ထုပ်ပိုးသိမ်းဆည်းပေးနေပါသည်။
ဆရာကတော့ အပြင်ဖက်အခန်း မှာ ရေနွေးကြမ်း သောက်နေပါသည်။
….လာဟေ့…….
.. ထိုင် ….. ဆို …….ဘာကိစ္စ။
ဆရာကို် ကျွန်တော်တစ်ခု ပြောပါရစေ ၊ အမှားပါရင်လည်း ခွင့်လွတ်ပါ ဆရာ….
ကျောင်းသားအချင်းချင်း စကားပြောရင် ကြွားဝါတဲ့စကားကိုအမြဲပြောတတ် တဲ့သူ့ကို ငကြွား လို့ကွယ်ရာမှာခေါ်လေ.ရှိသည်။ ကျွန်တော် တို့အားလုံး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ပြီး ပုခုံးတွန့်လိုက်ကြသည်။
“ လာပြီ.. ငကြွား ….ဘာတွေလာ… အာ…မလဲ အသာလေးနားထောင်မှ”
ဆရာ Camp လည်း ပြီးသွားပြီ ဆိုတော့ ကျွန်တော့်ကို ဒီနေ့ဘဲ ဟဲဟိုး ကနေ Flight နဲ့ ပြန်ခွင့်ပြုပါ။
မာမီ အရမ်းလွမ်းနေတယ်လို့ မနေ့ကပဲ စာရတယ်။
“နောက်တစ်ခါ Field ဆင်းရင် မင်းမာမီကို Field ထဲခေါ်ခဲ့ပေါ့။
ဒါမှ သူလည်း မလွမ်းရတော့ဘူးပေါ့။ မကောင်းဘူးလား။
( ဆရာကတော့ ဆော် နေပြီ )
မဖြစ်ဘူးဆရာ ၊ မာမီ မှာ Heart ရှိနေတယ်။
ဒါဆိုရင်လည်း ရန်ကုန် ပြန်ရောက်ရင် မင်းမေဂျာ ပြောင်းဘို့ စီစဉ်တော့။
ဒါလည်း မဖြစ်ဘူးဆရာ။ ကျွန်တော် ကျောင်းပြီး ရင် Singapore မှ Geologist အနေနဲ့ အလုပ်လုပ်ဘို့ မာမီစီစဉ်ထားပြီးပြီ။
ဘူမိဗေဒဘာသာဆိုတာ တစ်ခြားမေဂျာ နဲ့ မတူတဲ့ …
လက်တွေ့ကျတဲ့ဘာသာရပ် တွေကို ပါ ဆရာ တွေက စေတနာ နဲ့ သင်ပေးနေတာ…
ဥပမာ အားဖြင့် လူလူချင်း ပေါင်းသင်းဆက်ဆံတာ ၊ နယ်မြေသစ် မှ လူတွေ နဲ့ လိုက်လျှော ညီထွေနေတတ်အောင်သင်ပေးတာ၊
ကျောင်းသားအချင်းချင်း ရိုင်းပင်းကူညီတာ…တောထဲ တောင်ထဲ မှာ အဆင်ပြေပြေ နေတတ်အောင်သင်ပေးတာ....ကိုယ့်အားကိုယ်ကိုး တတ်အောင် စိတ်ဓာတ်သွင်းပေးတာ ပြောရင် မကုန်နိုင်ဘူး
ဒီဘာသာ ဟာ လက်တွေ့လူနေမှု ဘဝနဲ့ နီးစပ်တဲ့ ပညာတွေကို သင်ပေးနေတဲ့ ဘာသာ။ဒီဘာသာကို လက်တွေ့ကွင်းဆင်းပြီး လေ့လာနေတဲ့ အချိန်မှာ အားလုံးဟာ တစ်ပြေးညီဘဲရှိနေရမယ်။ အားလုံးအတူတူပြန်ရမယ်။ အတူတူနေရမယ်။
တစ်ယောက်ထဲပြန်တာကို ငါလုံးဝခွင့်မပြုဘူး ရထားတစ်တွဲလုံး ဘူမိဗေဒ ကျောင်းသား ၊ ဒါကို ညစ်ပတ်နံစော် နေလို့ ချန်နေခဲ့ မယ်ဆိုလည်း ငါခွင့်မပြုဘူး။ ခွဲခြား ၊ ခွဲခြား စိတ်ဓာတ်တွေကိုလည်း ငါမကြိုက်ဘူး ဘူမိဗေဒကျောင်းသား ဆိုတာ အားလုံးတစ်သားတည်းရှိနေ နေရမယ်။
နောက်ထပ် အတွန့်တက်တာတွေ ငါမကြားချင်ဘူး။
ငါတို့ မေဂျာကို မကြိုက်ရင် တစ်ခြား မေဂျာပြောင်း လို့ရတယ်။
“ဟုတ်……ဟုတ်ကဲ့ပါဆရာ ၊ ဆရာ့ စေတနာကို ကျွန်တော် နားလည်ပါပြီ… ကျွန်တော်ကို ခွင့်လွတ်ပါဆရာ။ ..
ငကြွား.. ကုတ်ချောင်းချောင်း နဲ့ ပြန်ထွက်သွားသည်။ ကျွန်တော် တို့အားလုံး ဆရာ့ စကားတွေကြားလိုက် မိတာ ၊ ဆရာ့ကို အရမ်းလေးစားသွားတယ်
အသံမထွက် ရီကြပြီး ၊ လေပေါ်ကို လက်သီး နဲ့ ထိုးပြီး ကျွန်တော် တို့ ဆရာ့ကို ထောက်ခံလိုက်ကြပါတယ်။Field ပြီးသွားပြီ မို့ကျောင်းသားများ ကိုယ့်အုပ်စုနဲ့ကိုယ် လျှောက်လည်ကြပါတော့တယ်.။ ကျနော်တို့အုပ်စုက တောင်ကြီး မရောက်ဖူးကြတော့ တောင်ကြီး ကိုအလည်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပထမဆုံးကွင်းဆင်းတာရယ် ..ဘယ်လောက်ငွေကုန်မှန်းမသိတာရယ်..အသုံးစရိတ်မချွေတာ တာရယ်ကြောင့်……
ကျနော်တို့မှာငွေလက်ကျန်တော်တော်နဲ နေပါပြီ …
အားလုံးလျှောက်လည်ကြတော့…ကျနော်တို့လဲ .. မနေနိုင်ပါ …
ဒီလို နဲ့ ကျွန်တော်တို့ အားလုံး တောင်ကြီး ကို ရောက်ခဲ့ ကြတယ်။
တောင်ကြီး စျေးနေ့ ကြုံနေလို့ စည်လိုက်တာ အရမ်းပဲ တစ်နေ့ကုန် လျှောက်လည်ကြပါသည်။ ညနေရောက်တော့ ( နာမည် မမှတ်မိ တော့ပါ ) ဘုန်းကြီးကျောင်း တစ် ကျောင်း ဆီ သွားပြီး ညအိပ်တည်းခို ခွင့်ပြုဘို့ လျှောက်ထားပါတယ်။
ဆံပင် တွေလဲ ရှည်ရှည် ၊ အင်္ကျီတွေ ညစ်နွမ်းနွမ်းနဲ့ မြင်တော့ ဆရာတော်ကြီးစိတ်ထဲမှာ ဘာထင်နေလဲ မသိ။ အင်တင်တင် ဖြစ်နေတယ်။ ကျွန်တော်တို့ အားလုံး ဘူမိဗေဒ ကျောင်းသားပီပီ ပတ်ဝန်းကျင် နဲ့ လိုက်လျော ညီထွေ ပြောတတ် ၊ ဆိုတတ်ပါတယ်။ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားတွေမှန်း ဆရာတော်သိပြီး တဲ့ နောက်မှာတော့ အခြေနေတွေ အားလုံး ပြောင်းပြန်ဖြစ်ကုန်ပါတယ်။
ဆရာတော် ကျက်သရေခန်းဟာ သော့ခတ်ထားပါတယ်။ ကျွန်တော်တို့ အကြောင်းသိတဲ့ နောက်မှာ တော့ Without Key ဖြစ် သွားပါတယ်။
“ကြိုက်တာယူစား “
ဆရာတော် အမိန့်….
မီးလင်းဖိုပါတဲ့ အိပ်ခန်းကျယ်ကြီး မှာ စောင်တွေ မွှေ့ရာတွေ အများကြီး ညစာကို လည်း ကျောင်း မှ ကပ္ပိယစီစဉ်ပေးပါတယ်။ညစာ စားပြီးတော့ နောက်တစ်ကြိမ် အပြင်ထွက်လည်ကြပါတယ်။
ဝေးဝေးမသွားကြပါ။ ကျောင်းနား မှာ ဘုရားပွဲတစ်ခုရှိနေတယ်။ ရန်ကုန်က ဂျင်မီဇရက် ဇာတ်ကနေတယ်.။
လူပျက် ရဲ့ ပျက်လုံး တွေကို တစ်ဟားဟား ရယ်ကြရင်း ၊ ကျွန်တော်တို့ အားလုံး ပွဲထိုင်ကြည့်နေကြပါတယ်။ ပြဇာတ်ကြည့် နေကြရင်း ဇာတ်ခုံပေါ် မှာ ဖိုက်ကြတာ အပြင်မှာ တစ်ကယ်ဖိုက်နေကြသလိုပဲနောက်တော့ ဆိုင်းတီးသမားတွေလည်း ထွက်ပြေးကုန်ကြပြီ။
ပွဲခင်းထဲက ငမူး တွေ ..ပြဇာတ်ထဲဝင်ကြမ်းကြတာ ၊ ဇာတ်ထဲက လူ တွေအားလုံး ထွက်ပြေးကုန်တယ်။
ပွဲပျက်ပြီး ထင်တယ်။ အစ်ကို တို့ ပြန်ကြပါတော့ ၊ ဒီက လူတွေအရမ်းသွေးဆိုးကြတယ်။
ဘေးက ကလေးမ တွေက ကျွန်တော်တို့ကို စိုးရမ်ပြီး အတင်းပြန်ခိုင်းနေသည်။ကျွန်တော်တို့ လည်း ကိုယ့်အရပ်မဟုတ်တော့ ပြန်ရန်အားလုံး မတ်တပ်ထလိုက်ကြတယ်။ လူတွေအားလုံးလည်း မိုးတိုး မတ်တပ်။
ဒီအချိန်မှာ ဘုန်းကြီး တစ်ပါး ခါးတောင်းကျိုက်ပြီး လက်ထဲမှာ လဲ ငှက်ကြီးတောင် ဓားရှည် နဲ့ မိုက်ခွက် ရှေ့ကို ရောက်လာပါတယ်။
ဘုရား ။ ဘုရား ဘာတွေဖြစ်ကြဦးမလဲ။ ကျွန်တော် တို့အားလုံး ရင်တထိပ်ထိပ် နဲ့ ရပ်ကြည့် နေတယ်။
“ငါ့ပွဲ ဖျက်တဲ့ သူ ငါ့ရန်သူ”
မိုက်တဲ့ ကောင် စင်ပေါ်တက် လာခဲ့
ဓားဓားချင်း ယှဉ်မလား
လက် လက်ချင်း ယှဉ်မလား ကြိုက်တာနဲ့ ယှဉ်
စိန်ခေါ်ရင် တိမ်ပေါ်ထိ တက်မယ်
ရှမ်းသံ ဝဲဝဲ နဲ့ ဘုန်းကြီး အပြတ်စိန်ခေါ်နေပြီ
လူတွေအားလုံး အသံတွေ တိတ်ဆိတ်သွားကြသည်။ ပြန်ထိုင်တဲ့ သူလည်း ပြန်ထိုင်ကြပြီ ..ဇာတ်သမား အားလုံး ပြန်လာကြ။
..ဆိုင်းသမား တွေ ဆိုင်းဆက်တီး ၊ ငါ့အမိန့် နဲ့ ဆက်ကကြ…..ဆိုင်းသမား ၊ဇာတ်သမား အားလုံး ပြန်ရောက်လာပြီ ဆိုင်း သမား လည်း ဆက်တီးနေပြီး ပွဲလည်း ဆက်ကနေပြီ အနှောင့်အယှက်တွေလဲ မပေါ်လာတော့ပါ။
ဒါပေမယ့် ဘုန်းကြီးက ဓားထမ်းပြီး ဆို်င်းဝို်င်းဘေးမှာ ထို်င်ခုံ နှင့် ထို်င်ပြီး စောင့်ရှောက်နေပါသည်။
ဒီအချိန် မှာ မွန်ကြီး အသံထွက် လာသည်။
“ငါ့အမိ်န့် နဲ့ အားလုံး ပြန်ကြမယ်” အားလုံးပြန်ခဲ့ကြပါသည်။တောင်ကြီး ရာသီဥတု အရမ်းအေးလွန်း နေသည်။ ဘုန်းကြီး ကျောင်းရောက် ရင် မီးလှုံရင်း စောင်ခြုံကွေးတော့မည်။
ဆရာတော် အာဏာစက် ဘယ်လောက်ပြင်းသလဲ ဆိုတာ ကျွန်တော်တို့ အားလုံး လက်တွေ့သိခဲ့ရပြီ။ ငကြွားတို့ ကတော့ တောင်ကြီးဟို တယ် မှာ တည်းခိုနေတဲ့ အကြောင်း သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ပါသည်။
နံနက် အာရုဏ်ဆွမ်းအမှီ ကျွန်တော်တို့ အိပ်ယာထကြပါသည်။ ညကတည်းက မြန်မာမုန့်မျိုးစုံ ဆရာတော်များကို ဆွမ်းကပ်ရန် ပွဲစျေးက ဝယ်ခဲ့ကြပါသည်။
ဆရာတော်များဆွမ်းဘုန်းပြီးလျှင် ကျွန်တော်တို့အားလုံး အချိုပွဲ ကပ်ကြပါသည်။
ဆရာတော်ကြီးက ကျွန်တော်တို့ အားလုံးစားသောက်ပြီးမှ ခရီးထွက်ကြဘို့ မိန့်ပါသည်။
ဒီနေ့ အင်းလေးသွားမည့် အကြောင်းကို ကြိုလျှောက်ထား ခဲ့ ပါသည်။
ကျွန်တော်တို့အားလုံး ငွေများစုပြီး ဆရာတော်ကြီး ကို ဝတ္ထုကပ်လှူခဲ့ပါသည်။
ဆရာတော်ကြီး က ကျွန်တော်တို့ အားလုံးကို အန္တရာယ်ကင်း ဘေးကင်း ရန်ကင်း ဆုပေးပြီး ကျွန်တော်တို့ ကပ်လှူခဲ့သော ငွေများကို ကျွန်တော်တို့အားပြန်စွန့်ပေးခဲ့ပါသည်။
ထို့အပြင် သီးသန့် ငွေ တစ်ထောင် ထပ်စွန့်ခဲ့ပါသည်။ အမှန်ပြောရရင် ကျွန်တော်တို့အားလုံး ဘိုင်ပြတ် သလောက်ဖြစ်နေကြပါပြီဆရာတော် ကြီးအား ထပ်ခါထပ်ခါ ကျေးဇူးတင်ရင်း ခရီး ဆက်ခဲ့ကြပါသည်။
ညောင်ရွှေမြို့ မှာ အင်းလေး ရဲ့ အပေါက်ဝ ဖြစ်သည်။ တောင်ငူ ဆောင်မြန်မာစာ မှာ ကျောင်းတက်နေသော နန်းချော မှာ ညောင်ရွှေမြို့သူဖြစ်သည်။ကျွန်တော် နဲ့တော့ မခင်ကြပါ။ ဒါပေမယ့် မျက်မှန်းတော့ တန်းမိနေပါသည်။ ကျန်သူငယ်ချင်းများ နဲ့ ခင်ကြပါသည်။
နန်းချော တို့ အိမ်ကို အလည်သွားကြပါသည်။ ပြီးတော့ အင်းထဲသွားလည်ဘို့ စက်လှေဌားပါသည်။ နန်းချောတို့ အဖေ ဦးခွန်ထွန်း ပအိုဝ့်ဘာသာ နဲ့ ဘာပြောလိုက်သည် မသိ ပိုက်ဆံဘယ်လို ပေးပေး မယူပါ။ ဓါတ်ဆီအပြည့် ဖြည့်ပြီး အင်းထဲနေရာစုံလိုက်ပို့ ပေးပါသည်။
ကျွန်တော်တို့ အားလုံး နန်းချော.. ဦးခွန်ထွန်းတို့ မိသားစုကို စိတ်ထဲမှ ကျိတ်ပြီး ကျေးဇူးတင်နေရပါသည်။ကျွန်တော်တို့ မှာ သုံးစရာ ငွေလဲ မကျန်တော့ပါ။ဥဒေါင်းတောင်ဆရာတော် ဆီဝင် မဖူးဖြစ်ခဲ့ပါ။ ဥဒေါင်းတောင် ကျောင်း သည် ဝေးလဲဝေးသည်..အချိန်လဲကုန်သည်….အလကားလိုက်ပို့ပေးနေသော နန်းချောတို့ကိုလည်း အရမ်း အားနာပါသည်။လမ်းထဲမှာ ငကြွားတို့ အဖွဲ့ နဲ့ ဆုံခဲ့သေးတယ်။
စက်လှေတစ်စီးလုံးကို ငကြွားတို့ 5 ယောက် အပြတ်ငှားထားလိုက်သည်။ ပုံမှန် စက်လှေ တစ်စီး 15 ယောက်စီးနိုင်သည်။ကျောင်းတွေပြန် ဖွင့်ချိန်မှာကျွန်တော်တို့အဖွဲ့ ငွေစုပြီး ငါးခြောက်အကောင်းစား တစ်အိတ်ကို ဦးခွန်ထွန်းဆီကို ပို့ပေးခဲ့ပါသည်။
နောက် 15 ရက် လောက်ကျတော့ နန်းချောကိုယ်တိုင် မန္တလေး ဆောင်မှာ လာပြီး ကျေးဇူးတင်ကြောင်းလာပြောခဲ့ပါသည်။တစ်ကယ်တော့ ကျနော်တို့က ကျေးဇူး တင်ရမှာပါ…. နှစ်ယောက်ကိုထမင်းတစ်ထုပ် ပေါင်းပြီး စားနေချိန် ..ပအိုဝ်ဆရာတော်က ကျနော်တို့ကိုကျွေးမွေးခဲ့ သည်…
စက်လှေငှားခတောင်းခဲ့ရင်..ငွေမပြည့်လောက်သောအချိန်…နန်းချောတို့အင်းထဲကိုအလကားလိုက်ပို့ပေးခဲ့သည်….. ပအိုဝ်ဆရာတော်နှင့်ဦးခွန်ထွန်းတို့မိသားစုကို …. ကျေးဇူးတင်ပါသည်…ဟူသောစကားကိုကျွန်တော်ရင်ထဲမှ မပြောထွက်ခဲ့ပါ…
ကျေးဇူးတင်ပါသည်ဆိုသောစကားသည် သာမန်ကာလျှံကာနှင့်အရမ်းပေါ့ပျက်ပျက်နိုင်လွန်းပါသည်…
ကျွန်တော်တို့အခက်အခဲဖြစ်နေချိန်ကူညီဖြေရှင်းပေးခဲ့သော ဆရာတော်နှင့်ဦးခွန်ထွန်းတို့မိသားစုကို…
ကျေးဇူးရှိခဲ့ပါသည်ဟုရင်ထဲမှလှိုက်လှိုက်လှဲလှဲ ပြောလိုက်ချင်ပါတော့သည် ။ ။

Comments
Post a Comment