နတ်ဒိုးလေးနဲ့ Field ဆင်းကြမယ်

Photo credit to original uploader

#နတ်ဒိုးလေးနဲ့ Field ဆင်းကြမယ်
နံနက် ၇ နာရီ Campကထွက်လာချိန်မြူတွေမကွဲသေးပါ။
အအေးဒဏ်ကြောင့်ကျနော်တို့အားလုံးလက်နှစ်ဘက်ကိုပိုက်ရင်းလမ်းလျှောက် ခဲ့ကြပါသည်။
စကားပြောလိုက်တော့ပါးစပ်ထဲမှအခိုးတွေထွက်လာပါသည်။
ဒါကိုကျနော်တို့အားလုံးသဘောကျနေကြပါသည်။
နိုင်ငံခြားရုပ်ရှင်ကားထဲကလိုမျိုး….
ကျွဲတပ်ဆုံရွာသည်သာစည်မြို့နယ်မန္တလေးတိိုင်းအတွင်းမှာတည်ရှိပါသည်၊ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းနယ်နိမိတ်လောက်မှာရှိပါသည်။
ထို့ကြောင့်အညာအငွေ့အသက်များကိုလည်းမြင်နေရပါသည်။အညာထန်းပင်၊ကုက္ကိုပင်များကိုလည်းတွေ့နေရပါသည်။
ရာသီဥတုသည်ညဘက်မှာအေးသလောက်နေ့ခင်းဘက်မှာအတော်ပူပါသည်။
 
နံနက်ခင်းမှာမြူတွေကျနေသည်မှာသဘာဝပန်းချီကားတစ်ချပ်လိုပင်……
နံနက်ခင်းအေးသလောက် နေထွက်လာသည်နှင့်ရာသီဥတုသည်တဖြေးဖြေးချင်းပူလာပါသည်။
ကျွဲတပ်ဆုံဘုန်းကြီးကျောင်းဝင်းထဲရှိဆောက်လုပ်ရေးတန်းလျှားမှာကျနော်တို့ဘူမိဗေဒကျောင်းသားများစခန်းချနေပါသည် ၊ကျနော်တို့ကိုကြီးကြပ်မည့်ဆရာများအဖြစ်ကဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်းတို့ဖြစ်ပါသည်။
ကျနော်တို့စားရေးသောက်ရေးအတွက်ဦးလှသန်းနှင့်ကိုကြီးကစ္စနားတို့ကတာဝန်ယူချက်ပြုတ်ပေးပါသည်။
ကျနော်တို့သည်နယ်မြေတစ်ခုလုံးကိုဆရာများနှင့်ကွင်းဆင်းလေ့လာပြီးသွားပါပြီ…..
ထိုကြောင့်ကိုယ့်အုပ်စုနှင့်ကိုယ်တာဝန်ကျသောနယ်မြေများ၏ဘူမိဗေဒအကြောင်းအရာများကိုကိုယ်တိုင်လေ့လာကွင်းဆင်းပြီး
စာတမ်းတင်ရပါမည်။
 
ဒါကို Individual Field ဟုခေါ်ပါသည်။ဆရာများမပါသောကြောင့်ကျနော်တို့အားလုံးပျော်ကြပါသည်။

အားလုံးစိတ်တူကိုယ်တူလုပ်ချင်တာလုပ်ကြမည်။
ဒါပေမယ့်အချိန်မှီစာတမ်းတင်နိုင်ဘို့ကအရေးကြီးပါသည်။ကျနော်တို့အဖွဲ့အားလုံး12 ယောက်ရှိပါသည်။၊

ကျွဲတပ်ဆုံCamp မှ 5 မိုင်လောက်ဝေးသောဘုရားငါးဆူရွာဧရိယာမှာကျနော်တို့Field ဆင်းရပါသည်။
နံနက်ခင်းအေးသလောက်နေ့ခင်းကျတော့ရာသီဥတုကပြောင်းပြန်…..
ကျောကော့နေအောင်အညာနေ၏ဒဏ်ကိုကျနော်တို့ခံစားနေရပါသည်။
ထို့ကြောင့်နေလည်ထမင်းစားပြီး 12 နာရီမှာကျနော်တို့အရိပ်ရှာလေ့ရှိပါသည် ၊
နှစ်နာရီခွဲလောက်နားပြီးမှကျနော်တို့ညနေဘက်လုပ်စရာရှိတာကိုဆက်လုပ်လေ့ရှိကြပါသည်။
ပြီးခဲ့သောရက်များတွင်ဘုရားငါးဆူရွာဧရိယာပြင်ပမှာကွင်းဆင်းနေသောကြောင့်ကျနော်တို့ရွာဖက်ကိုမရောက်ဖြစ်ပါ
ဒီနေ့မှစပြီးရွာအနီးတစ်ဝိုက်မှာကွင်းဆင်းရပါမည်။
 
ဘုရားငါးဆူရွာသည်ကျွဲတပ်ဆုံထက်တော့ငယ်ပါသည်။
ရွာငယ်ပေမယ့်လည်းအားလုံးပြည့်စုံပါသည်။
စားသောက်ဆိုင်၊လ္ဘက်ရည်ဆိုင်၊စားစရာရောင်းသောဆိုင်များအစုံအလင်ရှိနေပါသည်။
နေ့လည်စာစားပြီးချိန်မှာရွာထဲမှာနားစရာရှာလေ့ရှိကြပါသည်။တမှေးမှေးပြီးရင်းလ္ဘက်ရည်ဆိုင်ထိုင်ကြပါသည်။
ပြီးရင်လုပ်စရာဆက်လုပ်ကြမည်။
ကျနော်တို့အဖွဲ့က 12 ယောက်လုံးညီကြပါသည်။
နောက်ပြီးသူငယ်ချင်းအရင်းနှီးဆုံးတွေလဲပါလာခဲ့တော့ဘာမှပြောစရာမလိုအောင်အဆင်ပြေကြပါသည်။
ဒီနေ့ …နေ့လည်စာစားနေရင်းနားထဲမှာနတ်ဒိုးသံလိုလိုကြားမိပါသည်။
…..ဗျော့ကြီး…..ဒါဘာသံလဲ……..
နတ်ဆိုင်းသံလေ………
ဒီမှာလည်းနတ်ကတာဘဲလား…..
ဒါအညာလေ…..ပိုတောင်ယုံသေး…….

ကျနော်သိသရွှေ့ဗျော့ကြီးတို့အဖိုးအဖွားလက်ထက်ကတည်းကနတ်ကန္နားပေးခဲ့သည်။
ထို့ကြောင့်ဗျော့ကြီးနှင့်နတ်ပွဲမစိမ်းပါ။ နတ်ပွဲမြင်ရင်ဝင်ကြည့်လိုက်ရမှသူစိတ်ကျေနပ်သည်။
ယခုလည်းနတ်ပွဲသွားဖို့ခေါ်နေပြီ….
ထမင်းစားပြီးရင်နတ်ပွဲသွားကြမယ်…..ဘယ်သူလိုက်မလဲ ….
6 ယောက်နေခဲ့ကြပြီးကျနော်တို့ခြောက်ယောက်ကနတ်ပွဲဆီထွက်ခဲ့ကြပါသည်။
 
             မသွယ်တဲ့မဝယ်     ရွှေနန်းဆိုကူနီမြင့်မှာ     ဘုန်းရောင်ပွင့်ခြယ်  
      ရန်တိုင်းငယ်ကြွယ်       ဘယ်ဝယ်မှမခန်းပါဘူး     
      လေးရောင်ကိုင်       လက်ရုံးတော်ညာစိန်နဲ့¯¯ ¯¯
      ပွဲပိုင်တဲ့မင်း       မင်း     
 နတ်ပင့်နေသောနတ်ဆိုင်းသံကြောင့်ကျနော်တို့ခြေလှမ်းသွက်လာပါသည်။တောသူဋ္ဌေးတစ်
ယောက်၏အိမ်မှာနတ်ကန္နားပေးနေသည်။
 
37 မင်းနတ်ရုပ်ရှေ့မှာပူဇော်ပသထားတာတွေအများကြီးတွေ့ရပါသည်။ကျန်တာတွေကျနော်တို့
စိတ်မဝင်စားပါ။နီရဲအောင်ကြော်ထားသောကြက်ကြော်နှင့် Mandalay Rum ကိုဘဲကျနော်တို့အား
လုံးသွားရေတမြားမြားကျပြီးကြည့်နေကြပါသည်။ဆိုင်းဝိုင်းရှေ့မှာနတ်ကတော်အခြောက်တစ်
ယောက်ကမိုက်ခွက်ကိုင်ပြီးနတ်ပင့်နေပါသည်။သူ့အသံတော်တော်ကောင်းသလိုအဆိုလည်းတော်
တော်ပိုင်ပါသည်။

သူ့အသံသူ့ဆိုဟန်နှင့်နတ်ဆိုင်းသံတွေကြားလိုက်ရတဲ့အခိုက်ကြက်သီးတဖြန်းဖြန်းထပြီးမူးဝေချင်သလိုဖြစ်သွားပါသည်။
ဗျော့ကြီး၊မွန်ကြီး၊ဖက်တီးတို့ကနတ်ပွဲဘေးမှာသွားထိုင်ကြည့်နေကြပါသည်။
နတ်ကရာ ကျီးမော့….မဟုတ်ဘူး….
နတ်ကရာကျောင်းသားတွေသွားမော့ကြည့်နေကြသည်။
ဒီနတ်ပွဲမှာနတ်ကတော်နှစ်ပါးကိုတွေ့ရပါသည်။တစ်ပါးကမိုက်ခွက်ကိုင်ပြီးအပြတ်ဟစ်နေသော
နတ်ကတော်ရယ်ခေါင်ချုပ်နတ်ကတော်ရယ်နှစ်ပါးဘဲတွေ့ရပါသည်။ရန်ကုန်မှာဆိုနတ်ကတော်တွေ
များမှများ…….

ဆိုင်းဝိုင်းလည်းရန်ကုန်ဆိုင်းဝိုင်းလောက်မကြီး…..နဲနဲကြဲကြဲ ဝိုင်းဆိုတာဒါဘဲလား…....
တောရွာဆိုတော့လည်းသူ့ အဆင့်နှင့်သူပေါ့…….
အသံကောင်းသောနတ်ကတော်မိုက်ခွက်ကိုင်ပြီးသီချင်းဆိုနေရရင်ပျော်နေတဲ့ပုံဘဲ……
ခေါင်ချုပ်နတ်ကတော်တစ်ယောက်ဘဲအစစအရာရာနတ်ကိစ္စဝင်လုပ်နေသည်။
လူဆိုတာကိုယ့်ယုံကြည်ရာနှင့်ကိုယ်ပါဘဲ….
နောက်နေ့..နေ့လည်စာစားပြီးတော့မွန်ကြီး၊ဗျော့ကြီး၊ဖက်တီးတို့နတ်ကရာ ကျောင်းသားသွားမော့
ကြပြန်ပါသည်။
 
      ကျနော်မလိုက်တော့ပါ။မစားရအညှော်ခံအဖြစ်မခံတော့ပါ။ဘုန်းကြီးကျောင်းမှာတစ်ရေးနှပ်မည်။
နိုးရင်လ္ဘက်ရည်ဆိုင်ထိုင်မည်။
ကိုကြီးကျော်…မ..မရင်လည်းနေပါစေ….
ကိုယ့်စရိတ်နှင့်ကိုယ်ဘဲလ္ဘက်ရည် သောက်တော့မည်။
 
              ရိုးရာနတ်ပွဲ        ပျော်ရွင်နွဲ
             လာလေသွားကြမယ်        သွားကြမယ်
             ခြိမ့်ခြိမ့်သဲအောင်ဘဲ       
        တို့လည်း        တို့လည်း        တို့လည်း         လိုက်လို့
      ပျော်လို့        ပျော်လို့        မော်လို့မဆုံးတယ်       
              အကြံစည်အောင်လို့         အဓိဋ္ဌာန်လည်းမြောက်တယ်      
      ကိုးကွယ်ကြပါတယ်       
နတ်ဒိုးသံသဲ့သဲ့ကြားနေရပါသည်။ကျနော်တို့အုပ်စု၏ကွင်းဆင်းလေ့လာခြင်းများလည်းပြီးလုနီးလာ
ပါပြီ……ဒီနေ့နတ်ပွဲနောက်ဆုံးနေ့…နတ်အောင်ပွဲနေ့…
ဒီနေ့လုပ်စရာအလုပ်များကိုခဏနားပြီးနတ်ကရာကျီးသွားမော့ကြမည်…..
             ရွှေမင်းဝန်တောင်ရိုး        မြူခိုးတွေနဲ့       
             ကျွန်းပင်နန်းကိုသွားပါမယ်       
      လိုက်ကြမလားဟေ့    အပေါင်းအဖေါ်တွေရယ်       
             မေးမယ်        မေးမယ်       
             တို့လည်း        တို့လည်း        တို့လည်း         လိုက်လို့        
              ပျော်လို့         ပျော်လို့        မော်လို့မဆုံးတယ်       
             အကြံစည်အောင်လို့        အဓိဋ္ဌာန်လည်းမြောက်တယ်       
             ကိုးကွယ်ကြပါတယ်       
ကျနော်တို့ထမင်းစားနေစဉ်နတ်ဒိုးသံကလည်းပြန့်လွင့်နေပါသည်။
ထမင်းစားပြီးတော့နတ်ကန္နားပေးသောနေရာသို့အားလုံးထွက်ခဲ့ကြပါသည်။
………အမေ လင်ပျောက်ရှာပုံတော်ဖွင့်ဘို့နေပြည်တော်ကိုတက်ခဲ့တယ်……
လမ်းမှာဘုရင့်တပ်တော်ရှေ့ကဖြတ်ပြေးရင်းထန်းရည်မူးမူးနဲ့အယုတ္တအနတ္တအားလုံးဆဲထည့်
လိုက်တာ……
……..တပ်တော်ရှေ့ကလည်းဖြတ်ပြေးသေး………..
ရိုင်းရိုင်းစိုင်းစိုင်းယုတ်ယုတ်မာမာလည်းဆဲသေး….ဆိုတော့ ဘုရင့်တပ်သားတွေအမေ့ကိုဝိုင်း
ရိုက်ကြတော့ အမေလည်းသေရော……….
      …….ဘယ်နေရာကိုရိုက်ထည့်လို့သေရတာလဲသိကြလား……..
      ……မသိပါဘူး………
      (- - )ပြောလဲပြောသည်…ထမိန်လဲလှန်ပြတော့…..
      နတ်ပွဲလာကြည့်ကြသောပရိတ်သတ်များတဝါးဝါးနဲ့ပွဲကျသွားပါသည်။ကျနော်တို့အုပ်စုရောက်
ချိန်မှာတော့အမေဂျမ်းဝင်ပူးနေပါပြီ……….
      စီးကရက်လေးတဖွာဖွာ…အရက်လည်းတမြမြနှင့်ပါးစပ်ကလည်းညစ်တီးညစ်ပတ်စုတ်စုတ်ပဲ့ပဲ့
ယုတ်ယုတ်မာမာနားထောင်မကောင်းသောစကားလုံးများအမေဂျမ်းဝင်ပူးနေသောနတ်က
တော်အခြောက်ပါးစပ်မှစက်သေနတ်ပစ်သလိုထွက်နေပါသည်။
အမေဂျမ်းဝင်ပူးနေသောကြောင့်သာနားထောင်နေရသည်။နားထောင်လို့မတင့်တယ်…
ဒါပေမယ့်လူတွေကလည်းဒီစကားကိုဘဲတဟားဟားရီပြီးတော့နားထောင်ချင်နေကြသည်။
ဒီနေ့နတ်ပွဲနောက်ဆုံးနေ့မို့လို့လားမသိလူတွေတော်တော်များပါသည်။
ကျနော်တို့လည်းလူကြားထဲတိုးရင်းအရှေ့ဆုံးနေရာရောက်အောင်ဆက်တိုးကြပါသည်။
အရှေ့ဆုံးရောက်တော့အားလုံးဖြန့်ပြီးထိုင်လိုက်ကြပါသည်။နတ်ချော့သီချင်းကိုဆိုနေသောနတ်က
တော်အခြောက်အသံတော်တော်ကောင်းပါသည်။သူ့ဆိုဟန်နှင့်နတ်ဒိုးသံပေါင်းမိပြီးကျနော်တို့ကိုယ်
တွေပါနတ်ကတော်နဲ့အပြိုင်ယိမ်းယိုင်စပြုလာပါသည်။
ထိုအခိုက်မှာ 37မင်းနတ်များကို်ပြင်ဆင်ထားသောနတ်စင်ရှေ့သို့ ၂ ပတ်ဂျွမ်းနှင့်လူတစ်ယောက်
မိုးပေါ်မှကျလာသလိုမျိုးကျလာပါသည်။
သူကျလာပုံကလည်းကြောင်ကျ ကျ လျှက်….37 မင်း နတ်များကိုခေါင်းငုံ့ပြီးဦးခိုက်နေပါသည်။
သူ့ခန္ဓာကိုယ်သည်လည်းတုန်ရီနေပါသည်။အပြင်ကလူတစ်ယောက်နတ်ဝင်ပူးပြီထင်ပါရ……..
……..သည်အချိန်အမေဂျမ်းမထွက်သေးပါ……..
ဟဲ့..မအေ - ိုး…ခွေးသူခိုး…သူတောင်းစား..ဝရမ်းပြေးနဲ့ဖာသည်မနဲ့စပ်ပြီးကျလာတဲ့အကောင်…
.ငါ့စည်းဝို်င်းထဲမှာဘာလာရှုတ်တာလဲ……
…..ငယ်ထိပ်ကိုအပြားလိုက်အပွတ်ခံချင်လို့လား……ကိုယ့်နေရာကိုယ်ပြန်နေစမ်း……..
စားခွက်အလုခံရမှာကြောက်နေသောအမေဂျမ်းသည်ညစ်တီးညစ်ပတ်စုတ်စုတ်ပဲ့ပဲ့စကားလုံး
တွေနှင့်မောင်းထုတ်နေပါသည်။
ထိုလူသည်ခန္ဓာကိုတုန်တုန်ရီရီနှင့်နတ်အပေါင်းကိုဦးခိုက်ဆဲ……….
နတ်ကန္နားပိုင်ရှင်အဒေါ်ကြီးသည်လည်းမိုးပေါ်ကကျလာသောမိုးကျရွှေကိုယ်ကိုတအံ့တသြကြည့်နေပါသည်။
အပြင်ကနတ်ဝင်နေသူတစ်ယောက်လား….အနှောင့်အယှက်ပေးမည့်သူလားဝေခွဲမရပါ……
ထို့အတူအမေဂျမ်းဝင်နေသောနတ်ကတော်သည်လည်းပါးစပ်မှညစ်ညစ်ပတ်ပတ်တွေ
ဆဲဆိုရင်းမိုးကျရွှေကိုယ်အကဲခတ်နေပါသည်။
နတ်ချော့သီချင်းဆိုနေသောနတ်ကတော်သည်လည်းသီချင်းရပ်ပြီးအကဲခတ်နေပါသည်။
ထို့ကြောင့်ဆိုင်းဝိုင်းလည်းအမေဂျမ်းကိုချော့နေသောဆိုင်းမှချိုးချပြီးပတ်
လုံးလေးဖြင့်မျောထားလိုက်ပါသည်။ဆိုင်းသမားလည်းနတ်ကန္နားရှင်နှင့်နတ်ကတော်ခေါင်ချုပ်တို့၏
အခြေအနေကိုအကဲခတ်နေပါသည်။သူတို့သဘော..သူတို့လက္ခံရင်ဆက်တီးပေးရမည်။
ပတ်လုံးလေးကိုတို့ကာတို့ကာ..မျောနေသည် ၊
မိုးကျရွှေကိုယ်ဘာဝင်ပူးမလဲ ….
ဝင်ပူးမည့်နတ်ဆိုင်းကိုချက်ချင်းကောက်တီးနိုင်အောင်……..
မိုးကျရွှေကိုယ်၏ဦးခေါင်းသည်နတ်ဆိုင်းနှင့်အတူတငြိမ့်ငြိမ့်နှင့်ခေါင်းကိုဖြေးဖြေးမော့လာပါသည်။
ဟာ…ဗျော့ကြီး…ဗျော့ကြီး…..နတ်ဝင်နေပြီဟေ့…..ဘေးကသူငယ်ချင်းတွေအော်ဟစ်သော
ကြောင့်ကျနော်သေသေချာချာကြည့်လိုက်မိပါသည်။
ဟုတ်ပါသည်…ဗျော့ကြီး….ဘယ်လိုဖြစ်တာလဲ
ဗျော့ကြီးနတ်ကတော်…..နတ်ကတော်ဗျော့ကြီး……….
ဘာတွေဖြစ်ကုန်ပြီလဲ…ဗျော့ကြီးကိုယ်ထဲဘာနတ်ဝင်ပူးသွားတာလဲအားလုံးရှုတ်ကုန်တော့မယ်……
ကျနော်တို့သူငယ်ချင်းအချို့ထပြီးဗျော့ကြီးကိုဝိုင်းထိန်းရန်နတ်ဝိုင်းထဲဝင်သွားပါသည်။
ကျနော်ကနတ်ကန္နားပိုင်ရှင်အဒေါ်နားသို့တိုးသွားပါသည်။
……တောင်းပန်ပါတယ်…ကျောင်းအမကြီးရယ်……..
…..လာနှောင့်ယှက်တာမဟုတ်ပါဘူး…..ကျနော်တို့ကျောင်းသားတွေပါ…….
 
      ….ကျနော့်သူငယ်ချင်းကဘယ်လိုဖြစ်သွားတာလဲမသိဘူး…….
      အားလုံးကအသားဖြူဖြူရုပ်သန့်သန့်နဲ့ကျောင်းသားတွေဆိုတော့အန်တီကြီးစိတ်ထဲ
အနှောင့်အယှက်မဖြစ်နိုင်လို့ယူဆသွားပါသည်။
      …….ကျနော့်သူငယ်ချင်းနေ့တိုင်းကျောင်းအမတို့နတ်ပွဲကိုလာကြည့်တာ…..
      …..ညဘက်ကျရင်လည်း ထ ထ အော်တယ်…..ငါတစ်ခေါက်ပြန်သွားရမယ်…..
      ……သွားကိုသွားရမယ်လို့ထအော်တယ်…..
      …..ကျနော်တို့လည်းနားမလည်ဘူး…..ကျနော်သူငယ်ချင်းကရေစကြိုသား….
      ….ဒီနေ့အလုပ်တွေလုပ်နေရင်းနဲ့သူထွက်လာလို့ကျနော်တို့အားလုံးလိုက်လာခဲ့ကြတာ……
      …..အခုဒီလိုဖြစ်နေတာကျနော်တို့လည်းကျောင်းအမတို့အနှောင့်အယှက်ဖြစ်မှာကို…..
     ….အရမ်းစိုးရိမ်တယ်…….
      ရေစကြိုသားဆိုတော့ပခန်းအဆက်တွေကိုး…..
      ….ကျောင်းအမကိုတောင်းပန်ပါတယ်…..
ကျနော်တို့သူငယ်ချင်းကိုဝိုင်းချုပ်ပြီးခေါ်သွားတော့မယ်ပြောပြီး နတ်ဝိုင်းထဲဝင်ရန်လှည့်လိုက်
တော့အန်တီကျနော့်လက်မောင်းကို လှမ်းဆွဲပြီး……..
      ….သား….သူ့ကိုမနှောင့်ယှက်နဲ့….သူပျော်သလိုနေပါစေ……
ကျနော်ဗျော့ကြီးဆီမသွားဖြစ်တော့ပါ။အန်တီ့  ဘေးမှာရပ်ရင်းဗျော့ကြီးကိုရပ်ကြည့်နေပါသည်။        
နတ်ဝင်နေသောဗျော့ကြီးသည်တုန်ရီလျှက်37 မင်းနတ်စင်ကြီးကိုတဖြေးဖြေး…..တငြိမ့်ငြိမ့်နှင့်
ဦးသုံးကြိမ်ချနေပါသည်။ထို့နောက်ခေါင်းငုံ့လျှက်ခေတ္တငြိမ်သက် သွားပါသည်။
ဝုန်းကနဲလေပေါ်ကိုခုန်တက်သွားပြီးလက်တစ်ဖက်မှလေထဲသို့ရမ်းလိုက်ရာအမဲသားအစိမ်းတစ်တွဲ
လက်ထဲရောက်လာပါတော့သည်။
ဟာ..ကနဲ….ဟင်..ကနဲ…..လူတွေအာမေဋိတ်သံနှင့်အတူလက်ထဲကအလိုအလျှောက်ရောက်
လာသောအမဲသားကိုတစ်အံ့တသြကြည့်ပြီးလက်ခုပ်သြဘာတွေပေးနေကြသည်။
လေထဲမှဆွဲယူလိုက်သောအမဲသားကိုမြှောက်ကိုင်ပြီးအားလုံးမြင်အောင်ဖြေးညှင်းစွာလှည့်ပြနေပါ
သည်။ဗျော့ကြီးသည်အမဲသားကိုနတ်ကတော်ရှေ့မှာမြောက်ပြလျှက်ရုတ်တရက်အမဲသားကိုအစိမ်း
လိုက်ကိုက်စားပါတော့သည်။
ဟာ…အမလေး…အသားစိမ်းတွေစားကုန်ပြီ…လူအများထိပ်လန့်ပြီးအော်ဟစ်သံများဆူညံသွား
ပါတော့သည်။
အမဲသားမစားသောကျနော်၊အမဲသားအစိမ်းစားနေသောဗျော့ကြီးကိုကြည့်ပြီးထိုးအန်ချင်နေပါ
သည်။ကျနော့်လိုပင်နတ်ကတော်သည်သွေးသံရဲရဲပေနေသောဗျော့ကြီးပါးစပ်ကိုကြည့်ပြီးအော်ဂလီ
ဆန်ချင်နေပုံပေါက်နေပါသည်။
ဗျော့ကြီးသည်အမဲသားတွဲကိုစားနေရင်းနတ်ကတော်ကိုကျောခိုင်းလျှက်တဖြေးဖြေးပြန်လှည့်
လျှောက်လာနေပါသည်။
ထိုအခိုက်စားလက်စတန်းလန်းအမဲသားအတွဲနှင့်ရုတ်တရက်လှည့်ပြီးနတ်ကတော်မျက်နှာသို့တည့်တည့်ပစ်ထည့်လိုက်ပါသည်။
အမှတ်တမဲ့မို့ရှောင်ချိန်မရလိုက်သောနတ်ကတော်မျက်နှာမှာအမဲသွေးများနှင့်ပေပွသွားပါပြီ………
      ……ငါစွန့်တာစားပြီး…..ကိုယ့်နေရာကိုယ်နေစမ်း……..
ဖနှောင့်နှင့်ပေါက်ပြီးအသံဝါကြီးနှင့်ပြောလိုက်သောဗျော့ကြီးအသံကြောင့်လူတွေအားလုံး၏အသံ
များတိတ်ဆိတ်သွားရပါသည်။
      ….အားလုံးကိုမမယ့်..ကို်ကြီးကျော်လာပြီဟေ့…..
      ဗျော့ကြီး၏အော်သံအဆုံးမှာပရိတ်သတ်ထဲမှလည်း….
      ကိုကြီးကျော်……ကိုကြီးကျော်…….ကိုကြီးကျော်……
အော်သံတွေလျှံတက်သွားပါသည်။
ကိုကြီးကျော်နောက်တစ်ခေါက်လာပြန်ပြီဟေ့…….
လို့အော်လိုက်သောနတ်ကန္နားပိုင်ရှင်အသံ၏အဆုံးတွင်ဆိုင်းဆရာလည်း
ဗိန်းဗောင်းတိုက်နေသောနတ်ဒိုးဖြင့်ကိုကြီးကျော်ကိုကြိုလိုက်ကြပါပြီ
 
       ကိုကြီးကျော်       ကိုကြီးကျော်       
            ကိုကြီးကျော်       ကိုကြီးကျော်       
             ဒို့ကိုကြီးကျော်       ဒို့ကိုကြီးကျော်       
      ထူးလည်းထူးတယ်       မူးလည်းမူးတယ်       ဒို့ကိုကြီးကျော်       
             အရက်သမားမှန်ရင်လေ       ယှဉ်ပြိုင်ကာသောက်လိုက်ချင်တယ်       
             ကြက်သမားမှန်ရင်လေ       ယှဉ်ပြိုင်ကာတိုက်လိုက်ချင်တယ်       
           ကြက်ကြော်        အရက်ဖော်        အမြည်းတွေကစုံပါသနှော်       
       ကျော်        ကျော်        ကျော်        ကျော်        
              ပုလင်းကိုကိုင်ဆွဲ         မူးတဲ့ကိုကြီးကျော်       
ဟာ…ဗျော့ကြီး..ကိုကြီးကျော်ဝင်ပူးနေပြီ…….
      ဗျော့ကြီးနှင့်ကို်ကြီးကျော်……ကို်ကြီးကျော်နှင့်ဗျော့ကြီး…..
      မဟုတ်ဘူး…ဗျော့ကြီးမဟုတ်တော့ဘူး…ကို်ကြီးကျော်ဖြစ်သွားပြီ…..
      ကိုကြီးကျော်….ကိုကြီးကျော်…….
      နတ်အဝတ်အစားနှင့်ဆင်ပေးထားတဲ့ဗျော့ကြီး….အဲ…မဟုတ်ဘူးကို်ကြီးကျော်……
      ကိုကြီးကျော် ဘယ်ညာ ဆွဲပြီးပျော်နေပြီ….
      ဘယ်လက်မှာ Army Rum……ညာလက်မှာ Mandalay Rum …….
……ဝင်…ဝင်….သားတို့လည်းကို်ကြီးကျော်နှင့်လိုက်ပျော်လိုက်……….
အန်တီတွန်းပို့သဖြင့်ကျနော်လည်းနတ်ဝိုင်းထဲရောက်သွားပါသည်။
မထူးပါဘူး….ဗျော့ကြီးကကိုကြီးကျော်ဆိုတော့ ကျနော်တို့ကညီဖွားတွေပေါ့……..
ကျနော်၊မွန်ကြီး၊ဖက်တီး၊သေးသေး ကျနော်တို့ 4 ယောက်နတ်ဝိုင်းထဲမှာကျနော်တို့လည်းနတ်က ကနေကြပါတော့သည်။
ကျန်ခုနှစ်ယောက်ကရှေ့ဆုံးမှာနေရာယူပြီးလက်ခုပ်သံပြိုင်တီးပေးနေကြပါသည်။
တဟေ့ဟေ့နှင့်သံပြိုင်…. .မြိုင်မြိုင်ဆိုင်ဆိုင်လိုက်အော်နေကြပါသည်။
ပရိတ်သတ်အသံတွေလည်းကိုကြီးကျော်ကိုကြီးကျော်နှင့်အော်နေကြပါသည်။
ညီဖွားတွေပျော်တော့ကို်ကြီးကျော်လည်းပျော်တယ်
…ကို်ကြီးကျော်ပျော်တော့…ကျောင်းအစ်မကြီးလည်း
ပျော်တာပေါ့…….
              ထူးလည်းထူးတယ်         မူးလည်းမူးတယ်       
              ဒို့ကိုကြီးကျော်         ဒို့ကိုကြီးကျော်       
             ရွှေလမ်းငွေလမ်း        ခင်းလို့ပေးမယ််       
              ကျော်        ကျော်         ကျော်         ကျော်         ဒို့ကိုကြီးကျော်
              မြို့တိုင်းမှာဆိုရင်          ကိုကြီးကျော်ကိုတကြပါသနော်       
              နယ်တိုင်းမှာဆိုရင်      ကိုကြီးကျော်ကိုတကြပါသနော်       
   နတ်ဒိုးနှင့်အပြိုင်ကျနော်တို့လည်းနတ်ကကနေကြပါပြီ….
      ကိုကြီးကျော် ဘယ်တမော့ ညာတစ်မော့ မော့နေပါပြီ…..
နောက်ပြီးကျနော်တို့ညီဖွားတွေကိုလည်းတစ်မော့စီပေးမော့ပါသည်။
ပြီးတော့ကြက်ကြော်ကိုပေါင်နှစ်ချောင်းတစ်ဖက်စီမှာကိုင်ပြီးကြက်ကိုယ်လုံးကိုကျနော်တို့ဆီပစ်ပေးလိုက်ပါသည်။
ညီဖွားလေးယောက်တစ်ယောက်တစ်ကိုက်နှင့်ခဏအတွင်းမှာကြက်ခမျာ…
စကယ်လီတန်ဘဝသို့ ရောက်သွားပါတော့သည်။နတ်ကန္နားရှင်အဒေါ်ကြီးကိုအကဲခတ်ကြည့်မိတော့…
…..ကျနော်တို့ပျော်နေသလိုသူလဲပျော်နေပါသည်။
သူ့နတ်ပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားနတ်ဝင်ပူးနေခြင်းကိုဂုဏ်ယူနေပုံရပါသည်။
ကိုကြီးကျော်၏လုပ်ချက်များကိုလည်းအရမ်းသဘောကျနေပါသည်။
 ကျနော်တို့အားလုံးနတ်ကကြတော့သူလည်းလက်ခုပ်ဝိုင်းတီးပေးသည့်အပြင်ကိုကြီးကျော်….
ကိုကြီးကျော်လက်သီးလက်မောင်းတန်း၍အားရပါးရအော်နေပါသည်။
ကိုကြီးကျော်ကဘယ်ညာဆွဲပြီးအပြတ်ကဲနေပါပြီ……….
              မူးလည်းမူးတယ်         ထူးလည်းထူးတယ်       
              ဒို့ကိုကြီးကျော်         ဒို့ကိုကြီးကျော်       
              အရက်သမားမှန်ရင်လေ         ယှဉ်ပြိုင်ကာသောက်လိုက်ချင်တယ်       
              ကြက်သမားမှန်ရင်လေ         ယှဉ်ပြိုင်ကာတိုက်လိုက်ချင်တယ်       
   ဟေ့     ဟေ့     ဟေ့     ဟေ့    
      ကို ကြီးကျော်နတ်ကန္နားရှင်ကျောင်းအမကြီးကိုစည်းရုံးနိုင်ခဲ့ပါပြီ……
      …….ကဲ…ကဲ…ညီဖွားတွေလာကြ……..       
      ကိုကြီးကျော်နတ်ကတော်နှစ်ယောက်ကိုခေါ်လိုက်ပါသည်။
      ……ကျနော်တို့အားလုံးနှင့်နတ်ကတော်နှစ်ယောက်ကိုပါပုခုံးဖက်ပြီး……
      …..ညီဖွားတွေပျော်ရဲ့လား……..
      မှန်ပါ့…ကိုကြီးကျော်ရဲ့….. ဖက်တီးပါးစပ်ကနတ်စကားထွက်နေပါပြီ……
      စိတ်ရွှင်မှလာဘ်ရွှင်မယ်…..စိတ်ရွှင်ပစေနော်….
      ဟုတ်ပါ့ကိုကြီးကျော်ရဲ့……. ဖက်တီးလုပ်ပြန်ပြီ…
      ညီဖွားတွေဘာမှမပူနဲ့….အားလုံးညီညီမျှမျှနဲ့ကိုကြီးကျော်မပေးမယ်…သိတယ်နော်..
      သိပါ့…….ကိုကြီးကျော်ရဲ့…….. ဖက်တီးက Follow လိုက်နေပြီ…..
      ကိုကြီးကျော်၏စကားကိုနတ်ကတော်နှစ်ပါးကချက်ချင်းဓါတ်ပေါက်သွားပါသည်။
      ……..နောက်တော်ပါးက ခစားလျှက်ပါကိုကြီးကျော်ရဲ့……
      ဒီတစ်ခါတော့ ဟိုနတ်ကတော်နှစ်ပါးဆီကအသံ……
      ….ကဲ….ညီဖွားတွေကိုယ့်တာဝန်ကိုယ်ကျေပစေနော်…….
      …မှန်ပါ..ကိုကြီးကျော်ရဲ့……ဒီဖက်တီးကမျက်လုံးမှိတ်ပြီးစွတ်အော်နေသည်။
      …..ကဲ…..ကဲ…….ကိုကြီးကျော်..  ကျောင်းအမကြီးကိုနှုတ်ဆက်မယ်….
      ….ကျောင်းအမကြီးရဲ့အမေနေကောင်းပြီလား……
      အန်တီကြီးမျက်နှာအံ့သြသွားပါသည်။
      အန်တီအမေပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာဘဲထူထူထောင်ထောင်ဖြစ်လာပါသည်။
      …..နေကောင်းသွားပါပြီ…..
      ….အေး..ကို ကြီးကျော်မမေ့ပါဘူး…….
      …..ကိုကြီးကျော်ကိုပသနေတဲ့သူတွေကိုမမေ့ပါဘူး……..
      …ဒီနှစ်ကိုကြီးကျော်မလို့ပဲစျေးတွေတက်ကုန်ပြီ….
ကျောင်းအမကြီးအခြေအနေကောင်းတယ်မဟုတ်လား……
 
မှန်ပါ……ဟုတ်ပါတယ်……အန်တီကြီးအံ့သြပြီးရင်းအံ့သြနေသည်။
ပထမအကြိမ်ကိုကြီးကျော် ဝင်စဉ်ကဘာမှမပြောခဲ့……
      ဒုတိယအကြိမ်တက္ကသိုလ်ကျောင်းသားနတ်ဝင်ပူးမှဘဲ..
ကိုယ်လျှို့ဝှက်ထားတာတွေပေါ်ပြီးရင်းပေါ်နေပြီ…
ကိုကြီးကျော်တယ်စွမ်းပါလား……
      …….ဒီတစ်ခေါက်လာတာကိုယ်ကြီးကျော်လက်ဗလာနှင့်မလာဘူး……..
      …..ညီဖွားတွေကြက်လောင်းလို့ရအောင်ငွေပေးမယ်……ဒီငွေနှစ်ဆတိုးစေရမယ်……..
      ထိုင်နေသောသူငယ်ချင်းထဲမှရွှေလိမ္မော်တစ်လုံးကိုနတ်စင်ရှေ့သို့ဆက်လိုက်ပါသည်။
      နောက်တစ်ယောက်ကငါးကျပ်တန်ဘဏ်ထုတ်နှစ်ထုတ်ကိုကိုကြီးကျော်ဆီရိုရိုသေသေပေးလိုက်ပါသည်။
      ကိုကြီးကျော်ထိုငွေနှစ်ထုတ်ကိုလက်နှင့်ပုတ်ပြီးကျနော့်ကိုလက်ညှိုးထိုးသောကြောင့်ကျနော်လှမ်းယူလိုက်ပါသည်
      ကဲ….ညီဖွား……ဒို့ညီအစ်ကိုတွေကိုမျှမျှတတလုပ်ပေးလိုက်အုံး…………
      ကျနော်သည်ငွေထုတ်မှငွေအချို့ကိုနတ်ကတော်နှစ်ပါး၏ဘောင်းတော်ကြားထဲသို့၄င်းဆိုင်းသမား၏ဖလားထဲ
သို့၄င်းထည့်ပေးလိုက်ပါသည်။
      ကျန်သောပိုက်ဆံများကိုကျောင်းအမကြီးဘက်သို့၄င်းပရိတ်သတ်ဘက်သို့၄င်းကြဲချလိုက်ပါသည်။
လူအများအုတ်အုတ်ကျက်ကျက်နှင့်ငွေများကိုလုယူနေကြပါသည်။
အန်တီကြီးသည်ပိုက်ဆံအကုန်ခံပြီးနတ်ဝင်ပူးနေသောကျနော်တို့ကိုတအံ့တသြကြည့်နေပါသည်။
ဖလားထဲငွေရောက်သွားသောကြောင့်ဆိုင်းသမား၏ပတ်လုံးသံသည်လည်းပိုပီပြင်လာသလိုပတ်မသံကြီးလည်း
တထီးထီးနှင့်ထုပါတော့သည်။
             ခန်းရွှေဘက်ဆီမှ        နန်းမြေကနက်မဟီက       
             ထန်းရည်အရက်ကိုမှတကယ်ဘဲကြိုက်သနော်       
             ဘယ်ပွဲတိုက်တိုက်        ကြိုက်သလောက်ခေါ်        ကြိုက်သလောက်ခေါ်
             ပြည်အပေါင်းမှာမင်းခေါင်ကျော်       
             ရွှေတစ်သောင်းနှင့်လင်းအောင်ပျော်       
      ဟေ့        ဟေ့        ဟေ့        ဟေ့       
အဆိုတော်နတ်ကတော်အသံကလည်းပီပြင်သလိုနတ်ဒိုးသံကလည်းလူကိုသွေးကြွစေပါသည်။
ဖက်တီးကမျက်လုံးလေးမှိတ်ပြီးလက်ညှိုးတစ်ချောင်းထောင်ရင်းနတ်ကကနေပြီ…….
ကိုကြီးကျော်စည်းရုံးမှုကြောင့်မသင်္ကာသောမျက်လုံးနှင့်ကြည့်နေသောခေါင်ချုပ်နတ်ကတော်လည်း
ကျနော်တို့ညီဖွားဖြစ်သွားပါပြီ……
ထိုကြောင့်ကျနော်တို့အားလုံးလွတ်လွတ်လပ်လပ်  ပျော်ပျော်ကြီးဝင်နွဲနေပါပြီ……
            ဟေ့        ဟေ့        ဟေ့        ဟေ့        
              တိုင်းကျော်        ပြည်ကျော်        ရပ်ကျော်        ရွှာကျော်       
             ရွှေလိုရင်မရှား          မတဲ့ ကိုကြီးကျော်       
             ငွေလိုရင်မရှား          မတဲ့ ကိုကြီးကျော်       
             တကြပါသလေ        တပါသလေ        
             မြို့တိုင်း        နယ်တိုင်း         အိမ်တိုင်းလေ       
             ဖေဖေကျော်လာတဲ့လမ်း       
             သားတို့သမီးတို့ဆီးကြိ်ုလို့သာမျှော်       
       ဟေ့        ဟေ့        ဟေ့        ဟေ့       
ကျောင်းအမကြီးဒီနှစ်ထဲမှာဂဏန်းထပ်ပေးအုန်းမယ်……..ပြီးခဲ့တဲ့အခေါက်ထက်ပိုရစေရမယ်…
ကိုကြီးကျော်မမယ်……
      ကျောင်းအမကြီးပြီးခဲ့တဲ့နှစ်လက ချဲထီနှစ်ရာဖိုးပေါက်သည်။
      ကျောင်းအမကြီးလုံးဝလုံးဝကိုကြီးကျော်ကိုယုံလိုက်ပါပြီ……သူ့ရဲ့အတွင်းသတင်းတွေကို ကိုကြီး
ကျော်အားလုံးသိနေပြီ….အံ့သြစရာ……
      ….ကိုကြီးကျော်ကိုအမြဲပသနေပါတယ်…….နှုတ်ဖြင့်လည်းစောင်မတော်မူပါ…
.လက်ဖြင့်လည်း စောင်မတော်မူပါ……..
      ……မြေသီးမြေ နှံများကောင်းအောင်စောင်မတော်မူပါ……
      …..စီးပွားရေးလာဘ်လာဘများပေးတော်မူပါ……
ညာဘက်ကတစ်လှည်းဝင်ပြီးဘယ်ဘက်ကတစ်ထမ်းသွင်းတော်မူပါ….စတော်မူပါ…မတော်မူပါ….
      ကျောင်းအမကြီး ကိုကြီးကျော်ခြေဖဝါးကိုနဖူးနဲ့ထိပြီးဦးခိုက်နေပြီ…
      ……ကျောင်းအမကြီး စိတ်အေးအေးထား…..ကို်ကြီးကျော်ပြစ်မထားပါဘူး…..
      ဟေ့ ….ဟေ့……ဟေ့……ဟေ့…….
နတ်ဒိုးက Cha Cha  beat ပြောင်းသွားပါသည်။
             နေကာမျက်မှန်လေးနဲ့        လေးနှမရယ်ခင်ပါတယ်       
             အသေအချာ သက်ပန်ဝေးကြ        ဆွေးရမှာသေချာတယ်       
             နေကာမျက်မှန်လေးနဲ့လေးနှမရယ်ကွယ်       
             တစ်ပြည်တစ်ရွာဆီဆက်ဆံရေးကြောင့်ဝေးကြရမယ်ထင်ပါတယ်       
           အသဲညှာနွဲ့ခင်ကညာ        မခွဲခွာခဲ့ချင်ပါတယ်       
              အသဲညှာနွဲ့ခင်ကညာ        အမြဲသာ လာခဲ့ချင်ပါတယ်       
      …….ဟာ နတ်ဒိုးကဘယ်လိုဖြစ်သွားတာလဲ……
အဆိုတော်နတ်ကတော်ဘက်လှည့်ကြည့်လိုက်တော့မွန်ကြီးနှင့်နတ်ကတော်ပခုံးဖက်လျှက်မိုက်ခွက်
တစ်လုံးကိုသူတစ်လှည့်ကိုယ်တစ်လှည့်ဆိုနေကြပါသည်။
မွန်ကြီးတစ်ယောက် ဗျော့ကြီး နတ်ဝင်နေတာ မေ့နေပြီ ၊ သူ့စိတ်ထဲမှာကာရာအိုကေဆိုနေတယ်လို့ထင်နေလားမသိ……
      ဖက်တီးကလည်းအင်းယားလမ်းခြံထဲမှာ Night Club သွားတက်တုန်းကကောင်မလေးခါးကိုဖက်ပြီး
Cha Cha  ကသလိုမျိုး ကနေပါသည်။
      အန်တီလည်းကျနော်တို့ကနေတာကြည့်ပြီးသဘောကျလက်ခုပ်တီးနေပါသည်။သေးသေးက..နေကာမျက်မှန်တပ်ပြီးဒစ်စကိုက..ကနေပါသည်။
             ငှက်ခါးလေးတွေ        အခါခါနားလို့       
            သက်ထားလေးတွေ        စာလွှာပါးရင်း       
             တစ်ဖက်သားအတွေးတွေသာယာစေကြောင်းတောင်းဆုပြုပါတယ်       
             မှတ်မိလေမလားကွယ်        တတ်သိစေကြောင်းရယ်       
             မေတို့မြို့ကခွာခါနီး        အပြီးပိုင်နှုတ်ဆက်စဉ်ကကွယ်       
             ဘဝင်မကျတဲ့ခင်နှမမျက်နှာလေးရယ်       
             မျက်မှန်လေးကိုမကာပင့်ကာရယ်       
           ကသုတ်ကရက်နဲ့နှုတ်ဆက်လိုက်စဉ်       
        သမင်မျက်လုံးက        အစဉ်တသက်တစ်သက်မမုန်းဘို့       သူပြောလိုက်သလိုနှယ်….       
      ကျနော်တို့ချည်းဘဲ မဟုတ်ပါ။ကိုကြီးကျော်လဲဒစ်စကိုကနဲ့နွဲနေပြီ…
…ဘေးပရိတ်သတ်တွေလဲခေါင်းတစ်လှုပ်လှုပ်လက်ခုပ်တီးပြီးအားပေးနေရသည်။
             ဇာတ်မင်းသားလေးသိန်းဇော်        သိန်းဇော်       
             တိုင်းပြည်ကမျှော်        မြန်မာ့သဘင်စင်မြင့်ပေါ်       
             တင့်တင့်တယ်တယ်        ထည်ဝါလှသော်       
             အောင်စည်သံငြိမ့်ငြိမ့်ညောင်း        သောင်းထိုက်ကကျော်       
       သောင်းထိုက်ကကျော်       
မွန်ကြီးအရစ်ရှည်နေပြီ……တစ်ပုဒ်နှင့်အားမရ၍နောက်တစ်ပုဒ်ထပ်ဟစ်နေပြန်ပြီ….
နတ်ကတော်နှင့်အတွဲတော်တော်မိနေပါပြီ….
      ကဲ…ကဲ…ညီဖွားတွေ..နေလဲအတော်စောင်းရော့ပေါ့…….
      I know ,I know ….
      Brother ကြက်ခွပ်တော့မယ်………..
ဖက်တီးပါးစပ်မှအရက်မူးမူးနဲ့သောက်ရမ်းတွေထွက်နေပါပြီ……
      ခေါင်ချုပ်နတ်ကအလိုက်သိပါသည်။စင်ပေါ်မှဖလားနဲ့ရွှေရည်စိမ်ထားသောကြက်ရုပ်ကိုလှမ်းပေးလိုက်ပါသည်။
      နတ်ဒိုးသံသည်တဗြောင်းဗြောင်းနဲ့ကျယ်လောင်လာပါသည်။
             ဟေ့        ဟေ့        ဟေ့        ဟေ့
             ပျော်        ပျော်        ပျော်သလားဟေ့        ပျော်သလားဟေ့        အပေါင်းအသင်းတွေ
            ရွှေလမ်းခင်းမလေ        ငွေလမ်းခင်းမလေ       
             ကြီးပွားချမ်းသာအမှန်ဘဲဟေ့        သခင်ကျော်နှင့်လက်တွဲ       
             ကြက်ပွဲလောင်းကြမယ်ဟေ့        လောင်းကြမယ်ဟေ့       
             ဟေ့        ဟေ့        ဟေ့        ဟေ့        
             ရွှေလိုရင်ရွှေရမယ်     ငွေလိုရင်ငွေရမယ်        စိန်လိုရင်စိန်ရမယ်        ကိုကြီးကျော်ကမပါမယ်   
             ဟေ့        ဟေ့        ဟေ့        ဟေ့        
ကိုကြီးကျော်ကြက်တိုက်တော့မည်၊ကျနော်ကဖလားလှမ်းယူပြီးပရိတ်သတ်ဘက်ဆီသို့ထွက်ခဲ့ပါ
သည်။
…ကိုကြီးကျော်ကြက်လောင်းတော့မယ်…လောင်းကြေးတွေထည့်ကြပါ…
..အိတ်ထဲကငွေနှစ်ဆတိုးချင်ရင်ထည့်ကြပါ..
…ခုနက ကိုကြီးကျော်ပေးထားတဲ့ငွေတွေဘယ်ရောက်ကုန်ပြီလဲ….နောက်ထပ်နှစ်
ဆတိုးချင်ရင်လောင်းကြေးထည့်ကြပါ…..မထည့်ရင်ကိုကြီးကျော်စိတ်ဆိုးမှာနော်……
     နဲနဲလှန့်ပေးလိုက်ပါသည်။
တောသူတောင်သားများရိုးသားလွန်းပါသည်။
အိတ်ထဲကငွေတွေကျနော့်ဖလားထဲပစ်ထည့်ကြပါသည်။
လျှပ်တစ်ပျက်ကြည့်လိုက်တော့ဖလားထဲမှာနှစ်ထောင်လောက်ရောက်နေပြီ….
      ညီဖွားရေ…..ကျောင်းအမကြီးခေါ်နေတယ်….ကိုကြီးကျော်ကကျနော့်ကိုလှမ်းခေါ်သောကြောင့်
ကျောင်းအမရှေ့ကျနော် ရောက်သွားပါသည်။
      ကျောင်းအမကြီးအရမ်းသဘောကောင်းပါသည်။
တစ်ဆယ်တန်ဘဏ်ထုတ်လေးထုတ်ကြက်ဖလားထဲကိုထည့်ပေးလိုက်ပါသည်။
 
      အခြေအေတော်တော်ကောင်းနေပြီဖလားထဲမှာငွေခြောက်ထောင်နှင့်ခုနှစ်ထောင်ကြားမှာရှိနေပြီ
.ကျနော်ကိုကြီးကျော် ကိုဆက်သလိုက်ပါသည်။
      ဟေ့……ဟေ့……ဟေ့…..ဟေ့……
      နတ်ဒိုးသံမြိုင်မြိုင် ကိုကြီးကျော်ကြက်တိုက်ပြီ……
      ဖလားက လက်တစ်ဖက်   ကြက်ကလက်တစ်ဖက်…….
      ရှေ့ဂျွမ်းနောက်ဂျွမ်းနှင့်ဖလားမမှောက်အောင်ထိန်းနိုင်ပါသည်။
ထက်အောက်ဖလားကိုလက်တစ်ဖက်နှင့်မှောက်လိုက်လှန်လိုက်ကစားနေသော်လည်းအထဲကပိုက်ဆံများမထွက်ကျလာခဲ့ပါ…..
      ကိုကြီးကျော်အားနဲ့မာန်နှင့်ကြက်လောင်းနေသည်
      ကြက်ကမြှောက်လိုက်၊ဖလားကမြှောက်လိုက်၊ဖနှောင့်ကိုဆတ်ကနဲပေါက်လိုက်၊ ရှေ့ကိုပြေးလိုက်၊မောဘဲမမောနိုင်ပါ...
      အန်တီကြီးကကိုကြီးကျော်ကြက်တိုက်နေပုံကိုအရမ်းသဘောကျနေသည်။သေးသေးနှင့်ဖက်တီးက
ခလေးများကြက်ဖခွပ်တန်းကစားသလိုကြက်ခွပ်နေကြပါသည်။
             ဘောင်းစထောင်        မော်ကြွားလျှက်        
             သောင်းမကပေါင်        ဘော်စနဲ့   
             မောင်းမတစ်ထောင်        အဖေါ်များနဲ့        
             ကိုကြီးကျော်        မောင်ကြီးကျော်       
             ဖေကြီးကျော်        ကျောင်းတစ်ကာကြီးကျော်       
             အပေါင်းသဟာနဲ့        လင်းပစေနော်       
             ကျောင်းတကာနဲ့        ယစ်ရွှေရည်အဖေါ်       
      …..ကျောင်းအမကြီးကို..ကိုကြီးကျော်စောင့်ရှောက် နေတယ် ဘာမှစိတ်မပူနဲ့…..
      …..နေစောင်းရင်ကိုကြီးကျော်ပခန်းပြန်ရတော့မယ်၊ နှုတ်ဆက်ခဲ့တယ်ကျောင်းအမကြီး……
ကိုကြီးကျော်နှုတ်ဆက်စကားဆိုပြီးကြက်ဆက်တိုက်နေပါသည်။ကြက်တိုက်ပြီးရင်ကိုကြီးကျော်ထွက်တော့မည်။
ကိုကြီးကျော်ဖလားကိုကျနော်ဆီသို့ကမ်းပေးလိုက်ပါသည်။ဖလားထဲမှငွေအချို့ကိုဆိုင်းသမား၏ဖလားထဲထည့်ပေးလိုက်ပါသည်။
      ဆိုင်းဆရာပြုံးပြပြီးပတ်လုံးကိုတဗြောင်းဗြောင်းနဲ့တီးပါတော့သည်။သူလဲဒီနေ့ရေလျှံနေပြီ……..
      နတ်ကတော်နှစ်ပါးကိုလည်းဆယ်တန်တချို့ကိုဆွဲထုတ်ပြီးရင်ဘတ်ကြားထဲထည့်ပေးလိုက်ပါ
သည်။နတ်ကတော်ကကျနော့်မေးစေ့ကိုကိုင်ပြီး……ချစ်စရာလေး…….တဲ့……
      ……ကဲကျန်တာကို ခုနှစ်ရက်သားသမီးတွေကိုမျှမျှတတစွန့်ပေးရမယ်……
      ကျပ်တန်များကိုပရိတ်သတ်ကြားထဲပစ်ထည့်…
…တစ်ဆယ်တန်တွေကိုထိုင်နေသောသူငယ်ချင်းဆီပစ်ထည့်…..
      ငါးကျပ်နှင့်တစ်ကျပ်တန်ကိုရောပြီးလူကြားထဲပစ်ထည့်…
…တစ်ဆယ်တန်အထပ်လိုက်ကျနော်တို့ကောင်တွေကြားထဲပစ်ထည့်…
တရုံးရုံးနဲ့ပိုက်ဆံကောက်နေကြသောကြောင့်ကျနော်ရွေးပြီးပေးနေတာကိုလူတွေမမြင်ကြပါ။
      ဖလားထဲမှာသုံးပုံတစ်ပုံလောက်ဘဲကျန်ပါတော့သည်။ကျောင်းအမကြီးကိုကျနော်ကမ်းပေးတော့
…သားတို့ဘဲယူလိုက်ကြတော့……တဲ့ သဘောကောင်းတဲ့ကျောင်းအမရယ်….
            ရွှေလိုရင်ရွှေရမယ်        ငွေလိုရင်ငွေရမယ်       
             စိန်လိုရင်စိန်ရမယ်        ကိုကြီးကျော်ကမပါမယ်       
             ယမင်းအပျော်ကိုတွဲ        ပုလင်းအဖေါ်ကိုဆွဲ       
           မင်းကျော်ပျော်တဲ့ပွဲ        ဟေ့        ဟေ့        ဟေ့        ဟေ့       
 
ဗျော့ကြီးကိုကျနော်နှင့်ငသေးတွဲပြီးနတ်ပွဲကိုကျောခိုင်းပြီးထွက်ခဲ့ကြပါသည်။နောက်မှာသူငယ်ချင်းအားလုံးလိုက်ခဲ့ကြပါသည်။
      ကျောင်းအမကြီးကဗျော့ကြီးကို..ကိုကြီးကျော်မှတ်ပြီးသံယောဇဉ်ဖြစ်နေသည်။
      မျက်ရည်လေး စမ်းစမ်းနဲ့…….
      ကျနော်တို့အားလုံးနှုတ်ဆက်ပြီးထွက်ခွာလာခဲ့ကြပါသည်။ကျန်ခဲ့တဲ့နတ်ကတော်နှစ်ပါးကရွှေဖျဉ်း
ညီနောင်ဆက်ပူးပြီးကျန်ရစ်ခဲ့ပါပြီ…..
  ကျနော်တို့တစ်ဖွဲ့လုံးဘုရားငါးဆူရွှာမှကျွဲတပ်ဆုံရွှာသို့ဦးတည်ပြီးထွက်လာခဲ့ကြပါသည်။အားလုံးတစ်ယောက်မှစကားမပြောဖြစ်ကြပါ။
ကိုယ့်အတွေးနှင့်ကိုယ်…..ခြေလှမ်းကျဲကျဲနဲ့ မြန်မြန်…….
      ဘုရားငါးဆူရွှာမှဝေးရာသို့မြန်မြန်ရောက်ချင်နေပါသည်။နောက်ဖက်မှာနတ်ဒိုးသံသဲ့သဲ့ကြားနေရသေးသည်
      …….အားလုံးမြန်မြန်လျှောက်ကြ…..
      ခြေလှမ်းကျဲကျဲနဲ့လျှောက်လာလိုက်ကြတာနတ်ဒိုးသံလည်းမကြားရတော့ပါ….ကျွဲတပ်ဆုံရွှာကိုလည်းလှမ်းမြင်နေရပြီ…….
      …….ရှေ့က ကုက္ကိုပင်အောက်မှာခဏနားကြမယ်ဟေ့…….
ကုက္ကိုပင်အောက်ထဲဝင်လိုက်တော့ရင်ထဲဧချမ်းသွားပါသည်။
      …….လွတ်မြောက်နယ်မြေရောက်ပြီဟေ့……..ဖက်တီးကျူးရင့်လိုက်ပါသည်။
      ……ဝူး…..ခုမှဘဲရင်ထဲအလုံးကြီးကျသွားတယ်…..
      ဗျော့ကြီးပါးစပ်ကအသံထွက်လာပါသည်။
      …….ကဲ …ကဲ…ပိုက်ဆံထုတ်ကြ  …ပိုက်ဆံရေမယ်…..
      အားလုံးကျောပိုးအိတ်တွေ၊ဘောင်းဘီတွေကြားမှာစုပြုံထိုးသိပ်ထည့်ထားသောပိုက်ဆံများကိုဆွဲထုတ်နေကြပါသည်။
      တွန့်ကြေနေသောပိုက်ဆံများကိုဆွဲဆန့်ရင်းတစ်ရွှက်ချင်းသပ်သပ်ရပ်ရပ်ပြန်စီကြပါသည်။
…………….အားလုံးဘယ်လောက်လဲ……
      နေအုံး….ရေလို့မပြီးသေးဘူး……
      တစ်ထောင်….နှစ်ထောင်….သုံးထောင်…လေးထောင်နဲ့သုံးရာ…..
      …..ဟေ့…ဘယ်လိုလဲ……Field ပြီးရင်တောင်ကြီးသွားဘို့အဆင်ပြေမလား……
      ……စရိတ်ကာမိလောက်ပါတယ်………..
      …..ဗျော့ကြီး..မင်းကိုတော့ချီးကျူးတယ်ကွာ……..
      …….မင်းလုပ်ချက်တွေက တကယ့်နတ်ကြီးအတိုင်းဘဲ……
…..အတုမြင်အတတ်သင်ပါ….
      ……မင်းတို့ဝိုင်းကူညီလို့လဲအဆင်ပြေသွားတာပါကွာ……
      …အန်တီကြီးနားကနေဗျော့ကြီးကိုသွားဆွဲမယ်ဆိုပြီးဝိုင်းထဲဝင်တော့မည့်အချိန်မှာငါစိတ်အလှုပ်ရှားဆုံးဘဲ….
သူငါ့ကိုမတားခဲ့ရင် ငါဘာဆက်လုပ်ရမလဲလို့တွေးနေတာ……
      …..ပုသိမ်သားဗျော့ကြီးကိုရေစကြိုသားလို့လိမ်ပြောလိုက်ရတာကိုဘဲစိတ်မကောင်းပါ…..
      ….မင်းရဲ့ဒိုင်ယာလော့်တွေ အန်တီ့နားထဲဝင်သွားလို့မင်းကိုလှမ်းတားလိုက်တာ…..
      ….ငါလဲမင်းတို့အခြေအနေကိုခေါင်းငုံ့နေရင်းအကဲခတ်နေတာ……
      ….အန်တီက ကိုကြီးကျော်လို့လက်ခံလိုက်လို့ငါတို့အဆင်ပြေတာ….
      …ဘေးကနတ်ကြီးနှစ်ကောင်ထော်လော်ကန့်လန့်လုပ်ရင်…
…ငါတို့ပြဿနာအကြီးအကျယ်တက်သွားနိုင်တယ်…..
      …ဘာဘဲ ဖြစ်ဖြစ်ဒီတစ်ပွဲက ဗျော့ကြီးပွဲဘဲ……
      …..ဗျော့ကြီးတော်လို့ဒီလောက်ငွေရတာ……
      အခုမှအားလုံးလွတ်လွတ်လပ်လပ်ထိုင်ပြောနိုင်ကြပါပြီ…..နတ်ကတဲ့အကြောင်းစမြုံ့ ပြန်ရင်းကျနော်တို့ရီမောနေကြပါပြီ…..
      သူငယ်ချင်းအားလုံးစုပြီး ဗျော့ကြီးကိုလေထဲသုံးကြိမ်သုံးခါမြှောက်ပြီးဂုဏ်ပြုကြပါသည်။
      ……ဗျော့ကြီးအမှန်အတိုင်းပြောရရင်ငါစိတ်မလုံဘူး…..လိပ်ပြာမသန့်ဘူး
ငါတို့လိမ်ညာတဲ့အလုပ်ကိုလုပ်ခဲ့တဲ့အတွက်ကိုကြီးကျော်တစ်ခုခုလုပ်မှာကိုငါကြောက်တယ်….
….နောက်ပြီးနတ်အကြောင်းတွေငါမသိဘူး……
      ဟေ့ကောင် ကိုဂျစ်…မင်းအဲဒီစိတ်တွေကိုဖျောက်လိုက်စမ်း……
ငါ..နတ်ပွဲဘေးမှာကြီးလာတဲ့ကောင်ပါ..မင်းတို့ဒုက္ခဖြစ်မဲ့အလုပ်ငါလုပ်မလား….
      နတ်ပွဲမှာ နတ်ကတော်အခြောက်တွေဟာနတ်ပူးနေတာမဟုတ်ဘူးကွ……
      နတ်ချော့နေတာ…ငါလဲ…ကိုကြီးကျော်ကိုချော့တာဘဲလေ..ငါတို့ရတဲ့ငွေတွေဟာလဲအန်တီ
ကြီးပေးတာဘဲလေ……..ဘာအမှားလုပ်ခဲ့လို့လဲ…….
      ကဲ…ကဲ..မင်းစိတ်ရှင်းသွားအောင်ကိုကြီးကျော်ကိုငါတို့တောင်းပန်လိုက်ကြရအောင်…..
      အန်တီကြီးပေးခဲ့သော Army Rum ပုလင်းကိုဖွင့်ပြီးဟန်းကောအဖုံးထဲအရက်တွေလောင်းထည့်
လိုက်ပါသည်။နောက်ပြီးဖက်ပေါ်မှာကြက်ကြော်ကိုတင်လိုက်ပါသည်။ဖယောင်းတိုင်းအမွှေးတိုင်ထွန်းညှိလိုက်ပါသည်။
အမွှေးတိုင်တစ်ယောက်တစ်ချောင်းစီကိုင်ထားကြပြီးဗျော့ကြီးတိုင်ပေးသမျှကိုအားလုံးလိုက်ဆိုကြပါသည်။
      ….ကိုကြီးကျော်ကို ပသပါသည်။
      …….ညီဖွားတို့မှာတောင်ကြီးသွားလည်ရန်လမ်းစရိတ်မရှိသောကြောင့်….
      …..ယခုကဲ့သို့အကြံအဖန်လုပ်ခဲ့ရခြင်းဖြစ်ပါသည်….
      ….တစ်ကြိမ်တစ်ခါမှားခဲ့သောညီဖွားတို့ကိုခွင့်လွှတ်တော်မူပါ……
…ညီဖွားတွေကိုပြစ်မထားပါနဲ့…ဆက်လက်ပြီးမစတော်မူပါ….
      လိုက်ဆိုပြီးတော့အမွှေးတိုင်များကိုမြေကြီးပေါ်သို့ထိုးစိုက်လိုက်ပါသည်။
      …..နှုတ်ဖြင့်လည်းစောင်မတော်မူပါ…..
      ….လက်ဖြင့်လည်းစောင်မတော်မူပါ…..
      ….စာမေးပွဲအောင်အောင်လဲစောင်မတော်မူပါ…….
      ….ရီးစားရအောင်လဲစောင်မတော်မူပါ…..
      ….ဘယ်လက်မှာနှစ်ထောင်ရရင်ညာလက်မှာလေးထောင်ရပါစေ…..
      …မတော်မူပါ….စတော်မူပါ…….     
      အတွန့်တက်နေသောဖက်တီးအသံကိုကြားပြီးကျနော်တို့အားလုံးရီကြပါသည်။
      Army Rum  ကိုတစ်ယောက်တစ်မော့မော့ချလိုက်ပြီးဗလာဆိုင်းနဲ့ကျနော်တို့အားလုံးလက်
မြှောက်ခြေမြှောက်နှင့်နတ်ပူးကြပါသည်။ဒီတစ်ခါတော့လွပ်လွပ်လပ်လပ်ကြီးနတ်က..က ကြပါတော့
သည်။
             ကိုကြီးကျော်       ကိုကြီးကျော်       
             ဒို့ကိုကြီးကျော်        ဒို့ဖေကြီးကျော်       
             ထူးလည်းထူးတယ်        မူးလည်းမူးတယ်       
             ဒို့ကိုကြီးကျော်        ဒို့ကိုကြီးကျော်       
             အရက်သမားမှန်ရင်လေ        ယှဉ်ပြိုင်ကာသောက်လိုက်ချင်တယ်       
          ကြက်သမားမှန်ရင်လေ        ယှဉ်ပြိုင်ကာတိုက်လိုက်ချင်တယ်       
             ကြက်ကြော်        အရက်ဖေါ်        အမြည်းတွေကစုံပါသနော်       
           ကျော်       ကျော်       ကျော်        ကျော်       
           ပုလင်းကိုကိုင်ဆွဲ        မူးတဲ့ကိုကြီးကျော်       
             ဟေ့        ဟေ့        ဟေ        ဟေ့        
 
ဗျော့ကြီးနတ်မဝင်ခင်ရက်များအတွင်းကျနော်ကလ္ဘက်ရည်ဆိုင်၊တို့ဟူးသုတ်ဆိုင်တွေမှာထိုင်
ရင်းနတ်ကန္နားရှင်အန်တီအကြောင်းကိုထောက်လှမ်းရပါသည်။
      ရွှာငယ်ငယ်လေးမှာဘာမှလျှို့ဝှက်ထား၍မရပါ…ပြီးခဲ့သောနှစ်လကချဲထီနှစ်ရာဘိုးပေါက်
သည်။ပြီးခဲ့တဲ့နှစ်ပဲတွေလှောင်ခဲ့တာအကြီးအကျယ်အမြတ်ရခဲ့သည်။အန်တီအမေပြီးခဲ့တဲ့လကအ
ကြီးအကျယ်နေမကောင်းဖြစ်ခဲ့ပြီးမကြာခင်ကမှ  နေပြန်ကောင်းလာသည်။
      ဗျော့ကြီးကသူ့အစီအစဉ်တွေကိုချပြနေပါသည်။ကိုဂျစ်ကအန်တီ့အနားမှာနေပြီးအဆက်မပြတ်
ဒိုင်သွင်းပေးနေရမယ်…….အန်တီကြီးလက္ခံမှငါနတ်ဝင်ပူးလို့ရမှာ……
      အန်တီလက္ခံလာအောင်ကိုဂျစ်တာဝန်ယူ……
ရန်ကုန်မှာဆိုနတ်ထိန်းအခြောက်တွေအရမ်းများတာ….
သူတို့တာဝန်ကနတ်ကန္နားထဲအနှောင့်အယှက်မဝင်နိုင်အောင်လို့စောင့်နေတာ…..
သူတို့ဟာငမူးသမားတွေမျိုး၊သိပ်ရမ်းကားတဲ့သူမျိုးကိုဘဲကြောက်တာ…..
အပြင်လူစည်းဝိုင်းထဲဝင်လာရင်ဂုတ်ဆွဲပြီးထုတ်မှာ…..
      ဒီမှာအခြောက်နှစ်ယောက်ဘဲရှိတယ်….အဲဒါလည်းငါတို့အခွင့်အရေးဘဲ……
      ခေါင်းချုပ်နတ်ကြီးကိုငါအမဲသွေးနှင့်ပက်တဲ့အချိန်မှာဖက်တီးနှင့်သေးသေးကသူ့မျက်နှာကိုသန့်ရှင်း
ရေးလုပ်ပေးသလိုနဲ့လူနဲ့ကွယ်ပြီးအချိန်နဲနဲဆွဲထားပါ…..
      ငါက ကိုကြီးကျော်ဟေ့လို့အော်လိုက်တဲ့အချိန်မှာထိုင်နေတဲ့ကောင်တွေကကိုကြီးကျော်လို့
ဆက်တိုက်အော်ပေးနေရမယ်…ဒါမှလူတွေရော…အန်တီကြီးရောလက္ခံမှာ….
      …..ကျန်တာတွေကိုငါ့တာဝန်ထား…..ကျန်သေးတယ်…
…ထောပတ်တစ်ဆယ်သားလောက်နှင့်ရှာလကာရည်အပြင်းစားနဲနဲလိုချင်တယ်    …..
ထောပတ်ကြိုစားထားရင်အရက်မမူးတော့ဘူး……
      ….ကိုကြီးကျော်ဝင်ရင်အရက်ကိုများများသောက်ပြရမှာ……..
      …..အမဲသားအဖျားနားလောက်ကိုရှာလကာရည်နဲ့စိမ်ထားလိုက်ရင်ကျက်သွားမယ်…….
      ….အဲဒီအပိုင်းကိုစားပြရင်လူတွေ အမဲသားအစိမ်းစားတယ်လို့ထင်ကြမယ်….
      ….အမဲသားအတွဲကိုငါ့ အင်္ကျီ လက်ရှည် ထဲထည့်ခဲ့မယ်….
      ….ငါ့နည်းငါ့ဟန်နဲ့လုပ်ပြမယ်…
      …..အားလုံးညီစေနော်…..
      ………ညီမယ်………
      …….ဒီကိစ္စအောင်မြင်ခဲ့ရင်….. Camp မှာတစ်ခွန်းမှမဟကြနဲ့…….
      ……..ရန်ကုန်ပြန်ရောက်မှပြောချင်ပြောကြ…….
      သူငယ်ချင်းအားလုံးသည်ဗျော့ကြီးချပြသောအစီအစဉ်အတိုင်းကိုယ့်တာဝန်ကိုယ်ယူခဲ့ကြပါသည်
 
                  ဂျုံး…..ဂျုံး…ဂျက်..ဂျက်… ဂျုံး…..ဂျုံး…ဂျက်..ဂျက်…
 
      အညာရထားကြီးသည်သာစည်မှရန်ကုန်သို့ဦးတည်ခုတ်မောင်းနေပါသည်။ကျနော်တို့ဘူမိဗေဒ
ကျောင်းသားများအတွက်ရထားတွဲနှစ်တွဲသီးသန့်နေရာပေးထားပါသည်။
      တလနီးပါးကြာခဲ့သောကွင်းဆင်းခရီးစဉ်၏အိမ်အပြန်ခရီးဖြစ်ပါသည်။ကျနော်တို့12 ယောက်အ
ဖွဲ့သည်ရထားနောက်ဆုံးခုံတန်းနှစ်တန်းမှာကြပ်ကြပ်ညပ်ညပ်အတူတူထိုင်ကြရင်းကွင်းဆင်းအတွေ့အကြုံများ တောင်ကြီးအတွေ့အကြုံများကိုပြောနေကြရင်းတဟီးဟီးတဟားဟားနဲ့ရီနေကြပါသည်။
      အဓိကပြောနေတာကတော့ဗျော့ကြီးကိုကြီးကျော်ဝင်ပူးသောအကြောင်းကိုသာအများဆုံးပြော
ဖြစ်ကြပါသည်။
      ကျန်သောကျောင်းသားအများစုကကွင်းဆင်းသောရက်များအတွင်းပင်ပမ်းခဲ့သောကြောင့်ရထားပေါ်တွင်ငိုက်မြည်းနေကြပါသည်။
အိပ်ပျော်နေကြသူများလည်းတွေ့ရပါသည်။
      ကိုကြီးကျော်လာပြီဟေ့……..
အသံနက်ကြီးကိုကြားလိုက်သောအခါအိပ်ပျော်နေကြသောကျောင်းသားများသည်၄င်း၊ငိုက်မြည်းနေ
ကြသောကျောင်းသားများသည်၄င်းလန့်ဖြတ်ပြီးမျက်လုံးများပွင့်လာကာ…..တောင်ကြည့်မြောက်
ကြည့်နဲ့..ဘာသံကြီးလဲ…ဘယ်ကထွက်လာတာလဲဆိုတာမျက်လုံးနှင့်စူးစမ်းကြည့်နေကြပါသည်။
      ဝုန်းကနဲကျနော်တို့တအုပ်လုံးမတ်တပ်ထရပ်လိုက်ပြီး…
      …..ကိုကြီးကျော်……ကိုကြီးကျော်
      …….ဒို့ကိုကြီးကျော်…..ဒို့ဖေဖေကျော်….
      ….ထူးလည်းထူးတယ်…မူးလည်းမူးတယ်…..
      ….ဒို့ကိုကြီးကျော်….ဒို့ကိုကြီးကျော်…….
     အရက်သမားမှန်ရင်လေ…..ယှဉ်ပြိုင်ကာသောက်လိုက်ချင်တယ်……
      …ကြက်သမားမှန်ရင်လေ…..ယှဉ်ပြိုင်ကာတိုက်လိုက်ချင်တယ်….
      …ကြက်ကြော်…အရက်ဖေါ် အမြည်းတွေစုံပါသနော်…
      ..ကျော်….ကျော်…..ကျော်…ကျော်….
      ….ပုလင်းကိုကိုင်ဆွဲမူးတဲ့ကိုကြီးကျော်……
      ဖက်တီးကလက်ညှိုးတစ်ချောင်းထောင်ပြီးနတ်ကကနေသလိုကျနော်တို့အားလုံးလည်းနတ်ပူးသလိုလုပ်နေကြပါသည်
      နတ်ကတော်အခြောက်ဆိုသောသီချင်းကိုလည်းမှတ်မိသ၍ဆိုရင်းကနေကြပါသည်။
      အာ…ဒီငပေါအဖွဲ့တွေအရူးထနေကြတာကိုး……
ဆိုပြီးပြန်အိပ်သွားကြသူရှိသလိုကျနော်တို့အဖွဲ့နှင့်အတူဝင်ပြီးနတ်ပူးမည့်သူတွေလဲရောက်လာကြပါသည်။
ဗျော့ကြီးပြောသလိုမျိုးကျနော်တို့အဖွဲ့…ကိုကြီးကျော်ကိုနတ်ချော့မည်။ကိုကြီးကျော်မစခဲ့သော
ကြောင့်တောင်ကြီး၊ပင်းတယ၊အင်းလေး၊ကလောမြို့စရိတ်ငြိမ်းလျှောက်လည်ခွင့်ရခဲ့ပါသည်။
အခြားလူတွေကို…ကိုကြီးကျော်…မတာတွေ…မ…မတာတွေကိုကျနော်တို့မသိ…..
   လောလောဆယ်ကျနော်တို့ကို၊ကိုကြီးကျော်မစခဲ့သည်။
ကိုကြီးကျော်တာဝန်ကျေခဲ့သောကြောင့်ကျနော်တို့ဖက်ကလည်းတာဝန်ကျေရပါမည်။
   ကိုကြီးကျော်ကိုနတ်ချော့ရမည်။
   ကဲ…ဆက်ပြီးနတ်ပူးကြမယ်…..
ပျော်..ပျော်…ပျော်..သလားဟေ့…အပေါင်းအသင်းတွေ…ရွှေလမ်းခင်းမလေ…ငွေလမ်းခင်းမလေ...
   ကြီးပွားချမ်းသာအမှန်ပဲဟေ့…..သခင်ကျော်နှင့်လက်တွဲ….
   ကြက်ပွဲလောင်းကြမယ်ဟေ့……
   ဟေ့…ဟေ့…..ဟေ့……ဟေ့…….
   ရွှေလိုချင်ရင်ရွှေရမယ်…..ငွေလိုချင်ရင်ငွေရမယ်…….
   စိန်လိုရင်စိန်ရမယ်……ကိုကြီးကျော်က မ..ပါမယ်……
ဖက်တီး …တောင်ကြီးကဝယ်ခဲ့သောစက္ကူကြက်ရုပ်တစ်ကောင်နှင့်ဟန်းကောအဖုံးကိုကိုင်ပြီး
  ဗျော့ကြီးကြက်တိုက်တဲ့ပုံစံမျိုးနတ်ပူးနေပါပြီ……
ဖက်တီးနှင့်ကျနော်တို့အုပ်စုနတ်ပူးနေတာကိုကြည့်ပြီးကျောင်းသားများအိပ်မငိုက်ကြတော့ပါ…..
..တဟားဟားနှင့်ကြည့်ပြီးရီနေကြပါပြီ……
 
   သူငယ်ချင်းနှစ်ယောက်၏မှတ်ချက်စကား…….
ငယ်ငယ်ကပျော်စရာများသည်အခုလွမ်းစရာအဖြစ်ကျန်ရစ်ခဲ့ပါပြီ…
….နတ်ပူးခဲ့သောသူငယ်ချင်းအားလုံးနဲ့ပြန်ဆုံချင်ပါတယ်……..……..
 
တစ်ယောက်စီ၊တစ်ပြည်စီ၊တစ်မြေစီ၊တစ်နယ်စီမှာရောက်နေကြပြီဖြစ်သောသူငယ်ချင်းများနှင့်
အတူတကွပြန်ဆုံနိုင်ဖို့ဆိုတာဒီဘဝမှာမဖြစ်နိုင်တော့ပါ……
မြတ်စွာဘုရားရှင်တန်ခိုးနဲ့ပြန်ဆုံခွင့်ရမယ်ဆိုရင်တောင်နတ်ပူးခဲ့ကြသောကျနော်တို့ 12 ယောက်လုံး ပြန်မဆုံနိုင်တော့ပါ…..
မွန်ကြီး(ခ)ကိုကျော်မြင့်(ပုသိမ်)ကွယ်လွန်သွားရှာပါပြီ…….

#ကိုဂျစ်…….


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ