Geologist နှင့် ရွှေတိဂုံတပေါင်းပွဲ

 


ကျနော်သည် ရန်ကုန်တက္ကသိုလ်အနီးလမ်းများဖြစ်သော ပြည်လမ်း၊ အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများကို   ဖြတ်သွားတိုင်း ငယ်စဉ်ကစာသင်ခဲ့သော မန္တလေးဆောင်ကို သတိရမိပါသည်။ နေခဲ့သော ဒဂုံဆောင်ကိုလည်း သတိရမိပါသည်။

 

ကျနော်တို့ကျောင်းတက်စဉ် RASU ဝင်းကြီးထဲမှာပျော်စရာတွေပြည့်နေသလို……

ရန်ကုန်မြို့မှာလည်း လစဉ်လတိုင်း ပျော်ပွဲရွင်ပွဲများ အလှည့်ကျရှိနေပါသည်။

 

အကယ်၍ ကျနော်ရန်ကုန်မှာနေပြီး ကျောင်းတက်ရသူတစ်ယောက်ဖြစ်ခဲ့လျှင် ကျနော့်မှာ သိပ်အမှတ်ရစရာရှိမှာမဟုတ်ပါ…….

တောမှလာပြီးကျောင်းတက်ရခြင်း၊ အဆောင်မှာနေခြင်း၊ မိဘ၏အရိပ်အောက်မှ ကင်းလွတ်နေခြင်းတို့ကြောင့် ကျနော်တို့သည် လွတ်လွတ်လပ်လပ် နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်ခဲ့ကြသည်။

 

ဒါတွေကြောင့်မို့လို့လဲ ဘဝမှာ အမှတ်တရလေးတွေ သတိရစရာတွေ ဖြစ်ခဲ့ရပါသည်။ ကျောင်းနေစဉ် သီတင်းကျွတ်မီးထွန်းပွဲသည် ကမာရွတ် လှည်းတန်းမှာ အစည်ဆုံးဖြစ်ပါသည်။ လှည်းတန်းလမ်းအတိုင်း လျှောက်ပြီးရင် ကြည့်မြင်တိုင်ဘက်ကိုပါ မီးထွန်းပွဲ ဆက်လျှောက်၍ ရသည်။

 

စတုဒီသာများလည်း တစ်လမ်းပြီးတစ်လမ်း ကျွေးကြပါသည်။ တတိယနှစ်မှာတော့ သီတင်းကျွတ်မီးထွန်းပွဲကို နှစ်ရက်သာမှီပါသည်။ ကျနော်တို့ Field ဆင်းရပါသည်။ Field အပြီးပြန်ရောက်ရင် တန်ဆောင်တိုင်မီးထွန်းပွဲက ကျနော်တို့ကို စောင့်ကြိုနေပါသည်။ တန်ဆောင်တိုင်ပွဲက မြို့ထဲတရုတ်တန်းတွင် အစည်ဆုံးဖြစ်ပါသည်။ ကျနော်တို့က အကောင်းဆုံးတီးဝိုင်းများကိုသာ လိုက်ကြည့်ကြပါသည်။

 

ဒီဇင်္ဘာ ကျောင်းတွေပြန်ဖွင့်ပြီဆိုလျှင် Fresher Welcome တွေလာနေပါပြီ……

ကျောင်းဖွင့်ရင်တော့ ကျောင်းတွင်းပျော်ပွဲရွင်ပွဲများက တစ်ခုပြီးတစ်ခုဆက်နေပါပြီ……

ကျနော်တို့နှစ်များအတွင်းက ပြည်ထောင်စုနေ့ပျော်ပွဲရွင်ပွဲနှင့် ရွှေတိဂုံတပေါင်းပွဲနှစ်ခုသည် ပွဲရက်အရှည်ဆုံးများဖြစ်ကြသည်။ 15 ရက် လောက် ကြာပါမည်။ ပွဲစသောရက်များတွင် လျှောက်လည်ကြပြီး မေ့လောက်မှ ပြန်ရောက်သွားသော်လည်း ပွဲစျေးတွေမပြီးသေးပါ…. အဲဒီလောက် ပွဲရက်ရှည်ပါသည်။ ပွဲများတွင် ကျောင်းမှဋ္ဌာနအလိုက်၄င်း အဆောင်အလိုက်၄င်း ရန်ပုံငွေရှာပွဲများလည်း လုပ်လေ့ရှိပါသည်။ ဒါကြောင့်မို့လဲ ကျနော်တို့တွေ ပွဲစျေးတွေမှာ တစ်ဝဲလည်လည်နှင့် ညတိုင်းရောက်ဖြစ်နေတာပါ။ တတိယနှစ် တပေါင်းပွဲရက်များမှ တစ်ရက်ကို ကျနော် သတိရမိပါသည်။

 

ဒီနေ့ည ဘယ်သွားကြမလဲ…..

ရွှေတိဂုံဘုရား….

ပုတီးသွားစိပ်မလို့လား……

ဟာ…. တပေါင်းပွဲ သွားမလို့ကွ…….

ကိုယ်ကတော့ Bed ကိုသွားပြီး ဘူးသီးကြော်သွားအားပေးမယ်…

ချိုုချို ဒီနေ့ညထွက်မယ်လို့ သတင်းရထားတယ်…….

မွန်ကြီး မင်းဘဝကလည်း ရထားနောက်လိုက်နေတဲ့ခွေးလိုဘဲ…

မမှီတဲ့ပန်းကို တုံးခုလှမ်းနေတယ်……..

ခွေးမသားတွေ… ပြောရက်လိုက်ကြတာ…..

မပြောကြပါနှင့်…….. ဒီကောင်မင်းကုသထုံးကို နှလုံးမူထားတာ…….

 

ကျနော်တို့အားလုံး ရွှေတိဂုံတပေါင်းပွဲကို ချီတက်ခဲ့ကြပါသည်။ Bed ကဘူးသီးကြော်၊ RASU ဋ္ဌာနတွေရဲ့အီကြာကွေး၊ ရှာလပတ်ရည်တို့ ကော်ပြန့်ကြော်တို့ တဖြေးဖြေး လျှောက်စားကြရင်း ရွှေတိဂုံတောင်ဘက်မုဒ်ဝသို့ ရောက်လာပါပြီ……

 

ဟာ…ဟေ့…ဒီနေ့ပွဲကောင်းတယ်ကွ….. လက်ဝှေ့ပွဲကြည့်ရအောင်…….

ဘယ်သူ့ပွဲလဲ…..

သမန်းကျားနှင့်ရန်ကုန်အောင်ဒင်…….

ဒီနှစ်ယောက်အတွဲက ထိုးတိုင်းအဖြေမပေါ်သေးဘူးကွ…

လာကွာ….ဒီနေ့သွားကြည့်ကြမယ်

 

Happy world ကစားကွင်းနေရာမှာ လက်ဝှေ့ရုံအကြီးကြီး ဆောက်ထားပါသည်။ အနောက်ဘက်မုဒ်မှာတော့ Stage Show ပွဲတွေ ရှိနေပါသည်။

 

လက်ဝှေ့ပွဲထဲရောက်သွားတော့ လူတွေပြည့်လျှံနေပါပြီ……

ဒီနေ့ပွဲက မြန်မာပြည်တွင် စိတ်အဝင်စားဆုံးပွဲ ဖြစ်ပါသည်။ ဒါကြောင့်မို့လို့လဲ လူများရခြင်းဖြစ်ပါလိမ့်မည်။ ဒါပေမယ့်….ရန်ကုန်မှာ ဘာပွဲလုပ်လုပ် အမြဲလူပြည့်လေ့ ရှိပါသည်။ ဆုပေးမည်ဆိုပါက မြန်မာပြည်ပရိတ်သတ်ကို ရွှေတံဆိပ်ဆုပေးသင့်ပါသည်။ ဘာပွဲလာလာ ပရိတ်သတ်အားပေးမှုက လျော့မသွား….

လက်ဝှေ့ရုံထဲမှာထိုင်စရာသိပ်မရှိတော့ပါ…..

နောက်ဆုံးတန်း…အမြင့်ဆုံးတန်းမှာသာနေရာရှိပါတော့သည်…….

လူကြားထဲက တရွေ့ရွေ့နှင့် နောက်ဆုံးတန်းကို တိုး…တိုးသွားနေရပါသည်။ ၀ါးတန်းတွေကို ရိုက်ပြီး ထို်င်ခုံအမြင့်မှအနိမ့်သို့ စီစဉ်ထားပေးပါသည်။ အထူးတန်းက ကြိုးဝိုင်းနေရာတစ်ဝိုက်ဖြစ်ပြီး ခေါက်ကုလားထိုင်များ ချပေးထားပါသည်။

 

ပွဲစနေပါပြီ….. ဒါပေမယ့်အပျော်တမ်းပွဲတွေ….. သမန်းကျားနှင့်ရန်ကုန်အောင်ဒင်ပွဲက နောက်ဆုံး...

အပျော်တမ်းပွဲတွေလဲမဆိုးပါ…….ထိုးသတ်ပုံတွေကောင်းပါသည်။

ပညာရှင်ဆိုသည်မှာ အပျော်တမ်းကို ကျော်ဖြတ်ပြီးမှ ရောက်လာသည်ကို မမေ့သင့်ပါ။

 

သမန်းကျားသည် ကရင်ပြည်နယ် ဖါးအံမှ လာခြင်းဖြစ်ပါသည်။ အောင်ဒင်မှာ ရန်ကုန်မှ ဖြစ်ပါသည်။ သူတို့နှစ်ယောက်ထိုးသတ်တိုင်း အဖြေမပေါ်သရေပွဲများပါသည်။ ထို့ကြောင့် ပရိတ်သတ်များကလည်း အဖြေတစ်ခုခု သိချင်နေကြပါသည်။

 

ငါတို့ ဒီအတိုင်းကြည့်နေလို့ ပျော်စရာကောင်းမှာမဟုတ်ဘူး….

ရင်ခုန်စရာလေးဖြစ်အောင် တစ်ဖက်စီနေပြီး လောင်းကြရင်ကောင်းမယ်……

ကောင်းတယ်…….ကောင်းတယ်…….

ငါတို့ကကရင်ပြည်နယ်ဘက်နေမယ်…….ငသေး…ပြောတော့ကျနော်လဲ…

ကရင်ပြည်နယ်ဘက်ကနေမယ်…..

ဟုတ်ပြီ….ဟိုကောင်သုံးကောင်က ရန်ကုန်တိုင်းဘက်က…. အားလုံးလာတဲ့ 7 ယောက်မှာ

သုံးယောက်စီနှင့်အဆင်ပြေနေပြီ….တစ်ယောက်ဘဲကျန်တယ်…..

ဟိုကောင်…ဗျော့ကြီး….မင်းဘယ်မှာနေမလဲ…..

ငါလား….ဧရာဝတီတိုင်းမှာ….

ခွေးမသား….နေတဲ့အိမ်ကိုမေးတာမဟုတ်ဘူး…..

ကရင်ပြည်နယ် သမန်းကျားနှင့် ရန်ကုန်အောင်ဒင် မင်းဘယ်သူ့ကိုယူမလဲ..

ကြောင်တောင်တောင် လုပ်နေသော ဗျော့ကြီးကို….

ဆိတ်ဂွေးစိတော့မလုပ်နှင့်…..ကပ်ချင်တဲ့ဘက်ကို…တစ်ဖက်ကပ်….

ကိုယ်ချစ်ချစ်နေတဲ့ရန်ကုန်တိုင်း…..

ဟုတ်ပြီရန်ကုန်တိုင်း 4 ယောက် ကရင်ပြည်နယ်ဘက် 3 ယောက် ငါတို့ဘာကြေး လောင်းမလဲ……

ရှုံးတဲ့သူ……ဒေါ်အေးဆီက အကြော်တစ်ပွဲကျွေးကြေး……

အိုကေ….ဟုတ်ပြီ…စိန်လိုက်…

ကျနော်တို့ ကြည့်ချင်နေသောပွဲရောက်လာပါပြီ…..

 

သမန်းကျားက နဲနဲအလုံးအထည်ပိုကြီးပြီး နဲနဲလေးမြင့်သည်။ ရန်ကုန်အောင်ဒင်က သမန်းကျားနှင့်ယှဉ်လျှင် နဲနဲနိမ့်ပြီးနဲနဲကျစ်သည်။ သူ့အလုံးအထည်လည်း တောင့်ပါသည်။ မြန်မာ့လက်ဝှေ့ကျော်နှစ်ဦး၏ ထိုးသတ်ကွက် ထိုးသတ်ပုံများမှာ ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားနိုင်လွန်းပါသည်။

 

ဟင်….ကနဲ… ဟာ… ကနဲ…. အာမေဋိတ်သံများ… မချင့်မရဲအော်သံများကလဲ တသောသော……

ကျနော့်စိတ်ထဲမှာ ကိုယ်လုုံးကိုယ်ပေါက်ကိုကြည့်ပြီး ကရင်ပြည်နယ်မှ သမန်းကျား လက်ရည်သာလိမ့်မည်ဟု ထင်ထားသော်လည်း ရန်ကုန်အောင်ဒင်သည် အဝင်အထွက်ပို၍ပင် သွက်ပါသည်။ သမန်းကျားက နဲနဲလေးနေပါသည်။ သို့သော် သမန်းကျားက အားပိုရှိသလို သမ္ဘာလဲပိုရင့်ပါသည်။ လက်ဝှေ့ပွဲတစ်ပွဲကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်၍မရပါ။ အချိန်ကလဲ စကားပြောပါမည်။

 

သမန်းကျား၏ ထိုးသတ်ကွက်များသည် ကျနော်တို့ ကရင်ပြည်နယ်သားတွေနှင့် မစိ်မ်းပါ…

အဘယ်ကြောင့်ဆိုသော်သူသည်… ..မြဝတီမြို့ ရွှေမင်းဝန်ဘုရားပွဲတွင် ထိုင်းလက်ဝှေ့ကျော်များနှင့် အမြဲယှဉ်ပြိုင်ထိုးသတ်လေ့ရှိပါသည်။ သူသည် ထိုးသတ်ကွက်များကောင်းသော်လည်း သူ့၏ပြိုင်ဘက်အပေါ် နဲနဲညစ်သောစိတ်ရှိသည်(ကျနော့်တွေးထင်ချက်များသာဖြစ်သည်)လက်ဝှေ့ဥပဒေကို လက်တလုံးခြားလှည့်ပြီး ထိုးသတ်လေ့ရှိ်သည်။ မြန်မာ-ထိုင်း လက်ဝှေ့ပွဲများတွင် သူဘယ်လိုထိုးထိုး ကျနော်တို့ မြန်မာဘက်က နိုင်ဘို့ အရေးကြီးပါသည်။ မြန်မာချင်းချင်း ထိုးသတ်ပွဲမှာတော့ မျှမျှတတ ထိုးသတ်စေချင်ပါသည်။

 

သမန်းကျားနှင့်ရန်ကုန်အောင်ဒင် ထိုးသတ်နေသောပွဲသည်လည်း ပထမအချီပြီးကာနီးနေပြီ…..

မြန်မာလက်ဝှေ့သည် အပူးအချုပ် ပညာပါသောကြောင့် English Boxing လိုမျိုး လက်အိပ်စွပ်၍ မရပါ။ မြန်မာ့လက်ဝှေ့တွင် လက်ကို ပတ်တီးဖြင့် စည်းထားရပါသည်။ လက်ဝှေ့ထိုးစဉ်အတွင်း တခါတရံ ပတ်တီးပြေကျတတ်ပါသည်။ တစ်ဖက်ပြိုင်ဘက် ပတ်တီးပြေကျ နေသောအခါတွင် ပတ်တီးပြန်စည်းခွင့်ကိုပေးရပါသည်။ ဒိုင်မြင်ခဲ့လျှင် ဒိုင်ကပွဲကို ခေတ္တရပ်နားပေးပါသည်။ ဒိုင်အမှုမဲ့နှင့် မမြင်ခဲ့လျှင်လည်း အခြားပြိုင်ဘက်က အလိုက်တသိနှင့် ပတ်တီးပြန်စည်းစေလေ့ရှိပါသည်။ ပတ်တီးပြန်စည်းစဉ်အတွင်း ပြိုင်ဘက်ကလည်း ကြိုးဝိုင်းထောင့်တွင် ခေတ္တအနားယူလေ့ရှိပါသည်။ ပတ်တီးပြန်စည်းနေစဉ် ဝင်ထိုးသတ်ခြင်းမလုပ်ကြပါ။ Fair play လို့ဘဲခေါ်မလား……

 

ထိုစဉ် ရန်ကုန်အောင်ဒင် လက်မှာပတ်ထားသောပတ်တီး ပြေကျသွားပါသည်။ ပတ်တီးပြန်စည်းရန် လက်တစ်ဖက်ထောင်ပြတာကို ကျနော်တို့အားလုံး မြင်လိုက်ကြပါသည်။ ဒိုင်လဲမြင်သည်ဟုထင်ပါသည်။ ရန်ကုန်အောင်ဒင်လဲ သူလက်ထောင်ထားသောကြောင့် အေးအေးဆေးဆေးဘဲ ပတ်တီးပြန်စည်းရန်ပြင်လိုက်ပါသည်။ ထိုအခိုက် သမန်းကျားက လစ်ကနဲ ရန်ကုန်အောင်ဒင်မျက်နှာကို ထိုးချလိုက်ပါသည်။ ရန်ကုန်အောင်ဒင် လျှပ်တစ်ပျက် ရှောင်လိုက်သော်လည်း သမန်းကျားလက်မောင်းနှင့် သူ့မျက်နှာနဲနဲတော့ ပွတ်မိသွားပါသည်။ ထိချက်မပြင်းသော်လည်း သူဒူးထောက်ထိုင်ချလိုက်ပါသည်။ ဒိုင်လည်း သမန်းကျားကို အတင်းဖယ်ထုတ်လိုက်ပါသည်။

 

ပွဲကအတော်ဆူသွားပါပြီ…..

လက်ဝှေ့ပွဲတစ်ပွဲမှာ သူ့ပရိတ်သတ် ကိုယ့်ပရိတ်သတ်ဆိုတာရှိပါသည်။

ရန်ကုန်အောင်ဒင်ပရိတ်သတ်များ မခံနိုင်ကြပါ။သမန်းကျားကို ၀ိုင်းအော်ဆဲကြသည်။

သမန်းကျားပရိတ်သတ်များကလည်း ရန်ကုန်အောင်ဒင်ဘက်ကို အပြန်အလှန်အော်ဆဲကြပါသည်။

လက်ဝှေ့ရုံထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေပါပြီ……

 

မင်းလားကွ ….. ဂန်ဒူး… သမန်းကျား…….

အခြောက်.. လက်ဝှေ့မထိုးနဲ့…ရှောက်သီးဆေးပြားသွားရောင်း…..

ဟေ့ကောင်…အောင်ဒင် သက်လုံမကောင်းရင်ပြန်ကျင့်အုန်း…..

ပတ်တီးစီးပြီး နားချိန်မတောင်းနှင့်…

လူကြီးလက်ဝှေ့ထိုးနေတာ….ခလေးကစားနေတာမဟုတ်ဘူး……

အောင်ဒင်အဖွဲ့တွေကလဲ ဒိုင်လူကြီးကို စေဒကတက်နေကြပါသည်။

သမန်းကျားတမင်လုပ်တယ်လို့ ၀ိုင်းပြောကြပါသည်။

 

ထိုအချိန် ကျနော်နှင့်ငသေးစိတ်ထဲမှာလည်း သမန်းကျားတမင်ထိုးသည်ဟု ပင်ယူဆပါသည်။

ကျနော်တို့နှစ်ယောက် သူထိုးပုံကို အကြောင်းသိ…. ဒီကောင်ညစ်ပြီ……..

 

ကြိုးဝိုင်းဒိုင်တွေကလဲ ဒိုင်ချုပ်ကို အစီရင်ခံနေကြပါသည်။ ထိုနောက် ပထမအချီပွဲနားချိန်နှင့် တစ်ဆက်တည်း ပေးလိုက်ပါသည်။ ဒိုင်ချုပ်ကစဉ်းစားပြီး အဆုံးအဖြတ်စကားပြောမယ်…….

 

ကြိုးဝိုင်းဒိုင်နှင့် အပြန်အလှန်ဆွေးနွေးနေကြသည်။ နှစ်ဘက်ပရိတ်သတ်ကအပြန်အလှန် အော်ဆဲနေကြဆဲ…….

 

ဒိုင်ချုပ် အဆုံးအဖြတ်ပေးမယ်ဆိုတော့ နဲနဲရပ်သွားပါသည်။ ထိုးဖက်နှစ်ယောက် ထောင့်တစ်ထောင့်စီမှာ အနားယူနေကြသည်။ ရန်ကုန်အောင်ဒင်အဖွဲ့က နည်းပြများကလည်း တော်တော်မကျေနပ်ကြ။ ဒိုင်ချုပ်နှင့် အပြန်အလှန်ငြင်းခုန်နေကြသည်။

 

ပရိတ်သတ်တွေလဲ စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည်။ ဒိုင်ချုပ်၏အဆုံးအဖြတ်များကို ရန်ကုန်အောင်ဒင်နည်းပြအဖွဲ့က မကျေမနပ်ဖြစ်သွားပုံရပါသည်။ သူတို့အဖွဲ့သားအချင်းချင်း တီးတိုးပြောဆိုနေကြပါသည်။ ပရိတ်သတ်အများစုက ပထမအချီသာ ရှိသေးသော ဒီပွဲကို ငွေပေးပြီး ဝင်ကြည့်ရတာနှင့် မကာမိသေးလို့ယူဆနေကြပါသည်…… လက်ဝှေ့ကျော်နှစ်ယောက် ထိုးသတ်ပုံကို ကြည့်ချင်သေးသည်။

 

ထိုအခိုက် ရန်ကုန်အောင်ဒင်နည်းပြက စင်ပေါ်တက်လာပြီး….. တစ်ဖက်ထိုးသတ်ဘက်သည် ဥပဒေပြင်ပမှ မရိုးသားသောနည်းဖြင့် ထိုးသောကြောင့် သူတို့ဆက်လက်မထိုးတော့ကြောင်း ကြေငြာလိုက်ပါသည်။ ရန်ကုန်အောင်ဒင်လည်း ပရိတ်သတ်ကို လက်အုပ်ချီ ဂါရဝပြုပြီး စင်ပေါ်က ဆင်းသွားပါသည်။ ပရိတ်သတ်အားလုံး အံ့သြသွားပါသည်။

 

ပရိတ်သတ်များက ပွဲကိုမပြီးစေချင်ပါ… ငွေပေးပြီးဝင်ရသောပွဲ….တစ်ချီသာထိုးရသေးသည်။

နှစ်ဘက်ပရိတ်သတ်လုံးက ဘယ်သူ့ဘယ်သူကို အပြစ်ပုံချရမှန်းမသိ ဖြစ်နေကြပါသည်။

 

ပွဲကတော့ဆူစပြုနေပြီ……….

ကျနော်တို့လည်း အချင်းချင်း ငြင်းခုံနေကြပါသည်။ ထိုအခိုက် ဗျော့ကြီးက ဒိုင်ချုပ်ဘက်သို့ လက်ညှိုးတထိုးထိုးနှင့် ရန်သွားတွေ့ပါတော့သည်။

 

သူ့ရန်ကုန်အောင်ဒင်ထိသွားတော့ သူမကျေနပ်နိုင်….

ဒိုင်တွေဘာလုပ်နေကြတာလဲ……

ဘာမှမဆုံးဖြတ်တတ်ဘဲနှင့် ဒီမှာဘာလာထိုင်နေလဲ………

ဒိုင်ချုပ် က ဗျော့ကြီးဘက်လှည့်ပြီး တစ်စုံတစ်ရာ ပြောပါသည်။ သို့သော်ကျနော်တို့မကြားရပါ……

ပရိတ်သတ်များက သူတို့နှစ်ယောက်ကို ကြည့်နေကြပါသည်။

 

ငါတို့အားလုံးပိုက်ဆံပေးပြီးဝင်ကြည့်တာ……..

မင်းတို့လို တစ်ဆွေလုံးတစ်မျိုးလုံး အထူးတန်းမှာ အလကား လာကြည့်တာမဟုတ်ဘူးကွ……

အဲဒီမှာပွဲဆူပါတော့သည်။ ဗျော့ကြီး ဖွချက်က ပရိတ်သတ်အားလုံး၏ဒေါသသည်…..

ဒိုင်တွေဘက်ကို ဦးတည်သွားပါသည်။ ဆဲဆိုသံများမိုးမွန်နေပါပြီ….

ရန်ကုန်အောင်ဒင်ပရိတ်သတ်နှင့် သမန်းကျားပရိတ်သတ်များ အပြန်အလှန်မအော်ကြတော့ဘဲ….

 

ဒိုင်ချုပ်ကို ၀ိုင်းအော်ဆဲကြပါသည်။

လက်ထဲက..စားစရာများ…ကောက်ညှင်းကျည်ထောက်များနှင့်လည်း ပစ်ပေါက်ကြပါတော့သည်။ နောက်တော့ ခေါက်ကုလားထိုင်များ မိုးပေါ်ပလူပျံနေပါပြီ…… ခေါင်းနားမှာလည်းတဝှီး….ဝှီး… ပွဲပျက်သွားပါပြီ…..

ဒိုင်ချုပ်အဖွဲ့ကား.. ခွေးပြေးဝက်ပြေး….ပြေးကုန်ပါပြီ……

 

ဟေ့…ဗျော့ကြီးကိုသွားခေါ်စမ်း…..

လာ…လာ..ပြန်ကြမယ်…..ပြောနေခိုက်မှာဘဲ ပရိတ်သတ်များ လှုပ်လှုပ်ရှားရှားအရှိန်နှင့် ကျနော်တို့ထိုင်နေသော ပွဲကြည့်စင် ဝုန်းကနဲပြိုကျသွားပါသည်။ ပရိတ်သတ်များနှင့်အတူ ကျနော်တို့အားလုံး စင်အောက်သို့ခွေးကျ…ကျသွားပါတော့သည်။ ဆဲဆိုနေသောအသံများ….ပစ်ပေါက်နေသောအသံများ…ထုရိုက်နေသောအသံများ….ကိုကျောခိုင်းပြီး ကျနော်တို့အားလုံး အပြင်သို့ ပြေးထွက်ခဲ့ကြပါသည်။

 

တော်ပါသေးသည်…ကျနော်တို့ 7 ယောက်လုံး ဒဏ်ရာကြီးကြီးမားမားမရလိုက်ပါ……..

ပွန်းရာ…ပဲ့ရာ…ခေါင်းပေါက်တာတွေတော့ ရှိပါသည်။ ရွှေတိဂုံဘုရားခြေရင်းက ကြက်ခြေနီအသင်းက ကျနော်တို့ကို ဆေးထည့်ပေးပါသည်။ ပတ်တီးကိုယ်စီနှင့် အဆောင်ပြန်ရောက်ချိန် ည 3 နာရီရှိနေပါပြီ…..

 

အောက်ဆိုက်ကားခလည်း အတောင်းကြမ်းသည်။ အိတ်ထဲကပိုက်ဆံတွေလဲ ဘယ်မှာလွင့်ကျကုန်လဲ မသိတော့ပါ။ အိတ်ထဲမှာတစ်ပြားမှမရှိတော့.. ရွှေတိဂုံဘုရားမှ ဒဂုံဆောင်သို့ လမ်းလျှောက်ပြန်ခဲ့ကြပါသည်။ ပတ်တီးကိုယ်စီနှင့် ကျနော်တို့ကိုမြင်တော့ ဒရဝမ်ကိုတင်ကြည် တအံ့တသြဖြစ်နေပါသည်။

 

ဘယ်သူတွေနှင့်ရန်ဖြစ်ကြတာလဲ….

တပေါင်းပွဲမှာ လက်ဝှေ့သွားထိုးတာ…..

ကရင်လူမျိုးကိုတင်ကြည် လက်ဝှေ့ထိုးတယ်ဆိုတော့ သူစိတ်ဝင်စားသွားပါသည်….

ပြောပါအုံး…နိုင်လား…ရှုံးလား…..

ရှုံးတယ်ဟေ့….တံခါးမြန်မြန်ဖွင့်စမ်းပါ….ဒီမှာခြေထောက်ညောင်းလှပြီ……

ငါလဲငယ်ငယ်ကလက်ဝှေ့ထိုးဖူးတယ်….

ရှုံးရင်အိမ်ပြန်မလာနဲ့…..အိမ်နာမည်ပျက်တယ်…လို့ငါ့အဖေပြောဘူးတယ်…..

ရှုံးတဲ့မင်းတို့ကောင်တွေအဆောင်ပြန်မလာကြနဲ့…အဆောင်နာမည်ပျက်တယ်…..

ငါတံခါးဖွင့်မပေးဘူး…..မင်းတို့ဟာမင်းတို့အဆင်ပြေတဲ့နေရာသွားအိပ်ကြတော့…..

ဒရဝမ်ကိုတင်ကြည်ရဲ့စကားသံကြားတဲ့အခိုက်မှာမွန်ကြီးတစ်ယောက်စိတ်ပျက်လက်ပျက်

နှင့်ဇာတ်ပွဲထဲကအိုက်တင်နဲ့…..ဒီလို…ငိုချင်းချလိုက်ပါတော့သည်…..

 

ဒိုင်ညစ်ရှုံးရှုံးပြီး…..လမ်းလျှောက်ပြန်လာတဲ့ကိုယ်တော်ကို….

မောင်မင်း….နင်းနှိပ်ပေးဖို့တော့စိတ်မကူးဘူး…

.တံခါးမဖွင့်…လမ်းဘေးမှာသွားအိပ်ခိုင်းတဲ့....ဟဲ့….ငတင်ကြည်…

.မောင်မင်း….လုပ်ပုံကောင်းသေးရဲ့လား…

.ဟောဒီက…အရပ်ကတို့ရဲ့ …….။

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ