Geologist နှင့် ၀ိပဿနာ

 ဤဆောင်းပါးဖြင့်ဦးမြင့်လွင်( Geologist 1980 Batch ) ကိုလေးစားဂုဏ်ပြုအပ်ပါသည်။

 

၀ိပဿနာဟူသောစကားသည်ကျနော်နှင့်မထိုက်တန်ပါ။

၀ိပဿနာနှင့်ပတ်သက်သောဗဟုသုတနည်းပါးခြင်းကြောင့်ဖြစ်ပါသည်။

ကျနော်၏အသက်သည်ဒုတိယအရွယ်သို့ရောက်နေပြီ။

အမှန်ဆိုလျှင်ဝိပဿနာဆိုသောစကားနှင့်ဒုတိယအရွယ်အလိုက်ဖက်ဆုံးပါ။

စိတ်ဝင်စားမည်၀ိပဿနာရှုမှတ်နည်းကိုမှန်ကန်စွာရှုမှတ်မည်။

ခန္ဓာကိုယ်ကလဲကျင့်စဉ်အပေါ်ခံနိုင်ရည်ရှိပါကဉာဏ်စဉ်အဆင့်ဆင့်လျှင်မြန်စွာရောက်နိုင်ပါသည်။

ဒုတိယအရွယ်သည်ဝိပဿနာရှုမှတ်ရန်အကောင်းဆုံးအချိန်ဟုထင်ရပါသည်။

တတိယအရွယ်တွင်ခန္ဓာကိုယ်ကမလိုက်နိုင်တော့ပါ။

တရားရှုမှတ်ချင်စိတ်ရှိသော်လည်းခန္ဓာကိုယ်မှခံနိုင်ရည်မရှိသောအချိန်တွင်ဉာဏ်စဉ်အဆင့်မြင့်မြင့်သို့ရောက်နိုင်ရန်ခဲ

ယဉ်းလိမ့်မည်ဟုထင်ပါသည်။

ကျနော်သိသရွေ့ဗဟုသုတကိုပြန်ပြောပြခြင်းဖြစ်ပါသည်။

ကျနော့်အထင်...မှားချင်လဲမှားပါမည်။

 

ကိုမြင့်လွင်နှင့်ပတ်သက်ပြီးဝိပဿနာဆိုသောစကားကိုကျနော်သိလာရပါသည်။

တနင်္ဂနွေရက်တစ်ရက်ကျနော်မင်္ဂလာစျေးကိုကျနော် ၁ဝးဝ၀ နာရီလောက်ကတည်းကရောက်နေသည်။

ထိုစဉ်ကိုမြင့်လွင်ကကျနော့်ဆီကို ဖုန်းဆက်လာပါသည်။

သူငယ်ချင်းမင်းအခုဘယ်ရောက်နေလဲ…..

ငါ….မင်္ဂလာစျေးမှာ….

မင်းနေ့လည်စာစားပြီးပြီလား…..

မစားရသေးဘူး…….

ကော့သောင်းမှာနေတဲ့ငါ့ညီရောက်နေတယ်……

မင်းနဲ့လည်းမိတ်ဆက်ပေးချင်တယ်ဖြစ်နိုင်ရင်အိမ်မှာနေ့လည်စာလာစားပါလား…..

သူထမင်းစားဖိတ်ခဲ့ ကျနော်ကန်ရိပ်သာလမ်းမှာရှိသောသူ့အိမ်ကိုရောက်ခဲ့ပါသည်

ကျနော်ရောက်ချိန်……..ရန်ကုုန်ကသူ့ ညီအကိုတွေလဲရောက်နေကြသည်။

သူတို့ညီအစ်ကိုတွေနှင့်ထမင်းစားရင်းစီးပွားရေးအကြောင်းအရာတွေကိုတော်တော်များများပြောဖြစ်ခဲ့ပါသည်။

ထမင်းစားပြီးဧည့်ခန်းမှာကျနော်တို့စကားထပ်ပြောကြပြန်ပါသည်။

လည်ကတုံးလက်ရှည်အဖြူနှင့်ယောဂီပုဆိုးအဝတ်အစားလဲထားသောကိုမြင့်လွင်ကကန်ရိပ်သာလမ်းဓမ္မာရုံကိုုိ

လိုက်ပို့ပေးရန်အကူအညီတောင်း၍ကျနော် လိုက်ပို့ပေးခဲ့ပါသည်။

 

Sunday School လို့အမည်ပေးထားသောတရားဆွေးနွေးပွဲကိုတနင်္ဂနွေနေ့တိုင်းနေ့လည် ၁၂းဝ၀ နာရီမှစ၍သူကိုယ်တိုင်ဦးဆောင်ပြီးလုပ်

လေ့ရှိကြောင်းရှင်းပြပါသည်။

ဒီနေ့ကိုလဲသူ့တရားပွဲကိုတက်ရောက်ပါရန် ဖိတ်ခေါ်၍ကျနော်လက္ခံလိုက်ပါသည်။

ဓမ္မာရုံရောက်တော့ ယောဂီခြောက်ဆယ်လောက်ကိုမြင့်လွင်ကိုစောင့်နေကြသည်။

အားလုံးမင်္ဂလာပါလို့ နှုှတ်ဆက်လိုက်သောအသံသည်အလွန်မှနားထောင်ကောင်းပါသည်။

ကျနော်လဲကျနော်နှင့်သင့်တော်သည့်နေရာဟုထင်သောအနောက်ဘက်ကျကျတွင်သွားထိုင်ပါသည်။

ထိုစဉ်ကိုမြင့်လွင်လှမ်းခေါ်ပြီးသူ့ယောဂီများနှင့်မိတ်ဆက်ပေးပါသည်။          

တစ်တန်းတည်းသား၊အဖွဲ့တစ်ခုတည်း၊အခန်းနားနီးချင်းနေခဲ့သောကျနော့်ကိုသူ့ကိုလေးစားသလိုကျနော့်ကိုလဲလေးစားစွာခင်ကြဘို့မိတ်

ဆက်ပေးပါသည်။

မင်္ဂလာပါယောဂီအားလုံးလက်အုပ်ချီပြီးနှုှတ်ဆက်သောကြောင့်ကျနော်လဲလက်အုပ်ချီ

ဦးညွတ်ပြီး ….မင်္ဂလာပါဟုပြန်နှုှတ်ဆက်လိုက်ပါသည်။

သူတို့ကိုကျနော်လေးစားရပါမည်။ကျနော့်ထက်အသက်ငယ်သူများရှိသလိုုအသက်ကြီးသူများလဲရှိပါမည်။

သို့သော်အားလုံးအကျီအဖြူ၊ယောဂီပုဆိုး/ထမီများဝတ်ထားပြီးမျက်နှာအားလုံးကြည်လင်

နေပြီးဘာသာ၊သာသနာအတွက်အရမ်းစိတ်အားထက်သန်နေကြပါသည်။

…..ထိုကြောင့်သူတို့အားလုံးကိုလေးစားပါသည်။

ကိုမြင့်လွင်ကသူနှင့်အနီးဆုံးအရှေ့ဆုံးနေရာမှာထိုင်စေပါသည်။ပြီးတော့သန့်၊တည်၊ပွား ဗုဒ္ဓဘာသာစာစဉ်များပေးဝေပါသည်။

Sunday School တရားပွဲစတင်ပါပြီ

ကျနော်၏ဘာသာရေးအခြေအနေကိုသိထားသောကိုမြင့်လွင်ကရိုးရိုးရှင်းရှင်းနားလည်

နိုင်မည့်ဗုဒ္ဓအ ခြေခံအချက်များကိုဆွေးနွေးခဲ့ပါသည်။

ကျနော်နားလည်လွယ်မည့်စကားလုံးများဖြင့်သာဆွေးနွေးခဲ့ပါသည်။

သို့သော်လည်းအခြေခံနည်းသောကျနော်အတွက်နားလည်တာလဲ ရှိသည်။ နားမလည်တာလဲရှိသည်။

ကိုမြင့်လွင်ရှင်းပြတာကိုနားထောင်ရင်းမရှင်းခဲ့တာတွေနဲနဲပိုရှင်းလာပါသည်။

ဗုဒ္ဓအနှစ်ချုပ်..သစ္စာလေးပါး…. ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ……

            မဂ္ဂင်ရှစ်ပါးကိုချုံ့လျှင် ..သီလ ၊သမာဓိ၊ ပညာ ဟူသောသိက္ခာသုံးပါး….

            ၄င်းသိက္ခာသုံးပါးကိုအနှစ်ချုံ့လျှင်သတိ….

            ဗုဒ္ဓ၏နိဗ္ပာန်ရောက်ကြောင်းသည်တစ်ကြောင်းတည်းသောလမ်း…..

            မဟာသတိပဌာန်တရားဖြစ်သည်။

            (သတိတစ်လုံးအရှိသုံးအဆုံးနိဗ္ဗာန်တိုင်)

            ဗြဟ္မစိုရ်တရားလေးပါးမေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ….

ကုသိုလ်ကောင်းမှုလေးမျိုး…. ဒါန ၊သီလ၊သမထဘာဝနာ၊၀ိပဿနာဘာဝနာ

၀ိပဿနာဘာဝနာတရားရှုမှတ်ခြင်းသည်ဒုက္ခသစ္စာမှလွတ်မြောက်လာပြီးနိရောဓသစ္စာ(နိဗ္ဗာန်)

သို့မျက်မှောက်ပြုရန်အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။

ကျွန်တော်တို့၏ဗုဒ္ဓမြတ်စွာဘုရားသည်လူများကိုသုတ္တန် ၁၀ ချက်….

ကိုလမ်းညွန်ပြီးမည်သည့်အယူဝါဒဖြစ်စေကိုယ်တိုင်သာလျှင်သိအောင်လုပ်ကြ…..

ကိုယ်တိုင်လက်တွေ့လုပ်ကြည့်လျှင်….မှန်..မှားဆိုး…. ကောင်း…..

ကိုကိုယ်တိုင်သိပြီးမှလက္ခံယုံကြည်ကျင့်သုံးကြရန်ညွန်ပြခဲ့သည်။

ကမ္ဘာပေါ်ရှိရှိသမျှအတွေးအခေါ်ပညာရှင်ကြီးများအားလုံးမှအထူးအလေးစားဆုံးနှင့်

ချီးမွမ်းအခံရဆုံးသုတ္တန်တစ်ခုဖြစ်ခဲ့ပြီး The bravest Announcement အရဲရင့်ဆုံးကြွေးကြော်သံဟုသတ်မှတ်ခံခဲ့ရပါသည်။

    
    

   သုတ္တန် ၁၀ ချက်

၁။         တဆင့်စကားပြောလာသောစကားကိုမယုံနှင့်အုံး….

၂။         ကောလဟလစကားကိုလဲမယုံနှင့်အုံး…..

၃။         စာအုပ်ထဲကပြောတိုင်းလဲမယုံနှင့်အုံး

၄။         ဘိုးဘွားအစဉ်အလာကိုလည်းမယုံနှင့်အုံး

၅။         အတွေးကောင်းတိုင်းမှန်တယ်ဆိုပြီးမယုံနှင့်အုံး….

၆။         ဟိုနည်းဒီနည်းကူးချပြီးလဲမယုံနှင့်အုံး

၇။         ယုတ္တိများနှင့်ဆင်ခြေပေးတိုင်းလဲမယုံနှင့်အုံး

၈။         ငါ့အယူဝါဒသာမှန်တယ်ဆိုပြီးမယုံနှင့်အုံး….

၉။         လေးစားကြည်ညိုထိုက်သောသူပြောတိုင်းလဲမယုံနှင့်အုံး……

၁၀။       ငါ့ဆရာပြောတိုင်းအားလုံးမှန်ပြီလို့မယုံနှင့်အုံး…..

၀ိပဿနာသည်သတိနှင့်ယှဉ်ပြီးခန္ဓာကိုတွင်းဖြစ်ပျက်သမျှမပြတ်သိနေအောင်ရှုမှတ်ခြင်း ဟုလွယ်လွယ်မှတ်ယူပါသည်။

၀ိပဿနာအားထုတ်ခြင်းဖြင့်ကျန်းမာခြင်း၊အနေတတ်ခြင်း၊အသေတတ်ခြင်း မဂ်၊ဖိုလ်၊နိဗ္ဗာန်မျက်မှောက်ပြုခြင်းအကျိုးကျေးဇူးရရှိပါသည်။

၀ိပဿနာနှင့်ပတ်သက်ပြီးကိုမြင့်လွင်ရှင်းပြခဲ့ပါသည်။ အချို့စကားလုံးများအနက်အဓိပ္ပါယ်ကိုကျနော်နားမလည်ခဲ့ပါ။

သန့်တည်ပွားဗုဒ္ဓဘာသာစာစဉ်များကိုကျနော်ဖတ်ကြည့်တော့ကျနော်တော်တော်သဘောကျသွားပါသည်။

တိုရှင်းလိုရင်းအနှစ်ချုပ်များကို ရေးထားပါသည်။

တရားဆွေးနွေးပွဲတစ်နာရီလောက်ကြာပါသည်။ပြီးတော့ခဏနားကြပါသည်။

ထိုအချိန်ကိုယ့်အယူအဆကိုယ်ထင်မြင်ချက်များကိုတင်ပြ ဆွေးနွေး  ကြပါသည်။ကိုမြင့်လွင်ကပြန်လည်ရှင်းပြပါသည်။

 အဲဒီနောက်ဝိပဿနာကိုလက်တွေ့ရှုမှတ်ကြမည်။

လာကြသောယောဂီ၊ဧည့်သည်များအားလုံးရှုမှတ်ရမည်။တရားရှုမှတ်စဉ်ဆရာများကလဲဘေးမှဝိုင်းကူညီပေးမည်။

နည်းလမ်းမှန်အနေအထားမှန်နှင့်

ရှုမှတ်လျှင်ဘာမှမခက်ကြောင်း……

ဒါမှပြဿနာဘဲကျနော်စိတ်ထဲမှာကျနော်ငယ်စဉ်မှယနေ့ထိတစ်ခါမှတရားရှုမှတ်ခဲ့ခြင်းမရှိပါ။တရားထိုင်ခဲ့ခြင်းလဲမရှိပါ။

အမှန်အတိုင်းပြော ရလျှင်ကျနော်တရားထိုင်ရမှာတော်တော်ကြောက်နေပါသည်။

ကျနော်တော်တော်စိတ်ညစ်နေပါသည်။ကျနော့်နောက်မှာလည်း တူ/တူမ အရွယ် တွေတရားမှတ်ဖို့အဆင်သင့်ဖြစ်နေကြပြီ။

ကျနော်စိတ်ထဲမှာလ္ဘ္ဘက်ရည်ဆိုင်ထိုင်ချင်နေ ပါသည်။ ဓမ္မာရုံထဲမှထွက်ချင်နေပါပြီ

လူ့စိတ်ဆိုတာမကောင်းမှုမှာမွေ့လျှော်တာကိုပြနေပါသည်။

စိတ်ကိုလျှော့ထားပါ..အနေအထားမှန်ပါစေ..ဘာမှမခက်ပါ…..

ကိုမြင့်လွင်အားပေးစကားပြောပါသည်။

ဒီတစ်ခါသောက်ရှက်ကွဲပြီထင်ပါရဲ့…..

တစ်ခါမှမလုပ်ဘူးတဲ့အလုပ်ကိုတစ်ခါတည်းတန်းပြီးလုပ်ကြည့်ရမှာ..

ငါမှတ်လို့ရပါ့မလား……

ငါ့အသက်အရွယ်နှင့်တရားမှတ်လို့မရရင်ဘေးက..ကလေးတွေရီကြတော့မယ်…….

အတွေးထဲမှာလဲအမျိုးမျိုးနှင့်စိတ်ပူပင်နေပါသည်။ကိုယ်မှာလဲဇောချွေးပြန်နေပါသည်။

ငါမဖြစ်ဘူးထင်တယ်ပြန်ပါရစေ……..ကျနော်ခွင့်တောင်းကြည့်ပါသည်။

ငါ့ကိုခင်ရင်ဒီတစ်ခုတော့ငါ့ပါရမီဖြည့်ပေးခဲ့ပါ…..

မင်းဘေးမှာရှိသောယောဂီတွေကဒီနှစ်တွေမှာသာသနာပြုရင်းငါ့နောက်လိုက်ပါလာကြတာ….

 

မင်းလိုငါတို့ကျောင်းနေဘက်တစ်ယောက်ကိုမစည်းရုံးနိုင်ခဲ့ရင်ငါလဲသာသနာပြုတဲ့နေရာမှာညံ့သလိုဖြစ်သွားမယ်

မင်းလည်းကုသိုလ်ရသွားအောင်..ငါ့ကိုလည်းကူညီတဲ့အနေနဲ့…..ဘာမှမခက်ဘူး

ငါအနေအထားကိုငါပြပေးမယ်..ပထမဆုံးထို်င်ပုံထိုင်နည်းကိုပြပေးပါသည်။ပြီးတော့ရှုမှတ်ရမည့်ပုံစံကိုပြောပြပါသည်။

            မင်းထိုင်နေရင်းခန္ဓာကိုယ်ကညောင်းညာကိုက်ခဲလာလိမ့်မယ်….

            လှုပ်ရှားချင်စိတ်တွေပေါက်လာလိမ့်မယ်ဒါကိုငါတို့ကဝေဒနာလို့ခေါ်တယ်……

            ဝေဒနာတက်လာရင်အသက်ရှူနှုန်းကိုမြင့်ပေးရမယ်…….

            ဝေဒနာထပ်မြင့်လာရင်အသက်ရှူနှုန်းကိုလဲထပ်မြှင့်ရမယ်….

            ဝေဒနာလျော့သွားရင်ရှူနှုန်းကိုလဲပြန်ချပေးရမယ်

            စမှတ်တော့မည်ဆိုလျှင်ပုံမှန်အသက်ရှူနှုန်း၏  ဆကိုတင်ထားရပါမည်။

            စစချင်းရှူနှုန်းကိုသိပ်မြင့်အောင်မတင်ထားရပါ

            တင်ခဲ့ပါကဝေဒနာတက်လာတော့မည်မဟုတ်ပါ….

            ရှုနှုန်းသိပ်နိမ့်နေပါကလည်း..မကြာခင်အိပ်ငိုက်မျဉ်းလာပါလိမ့်မယ်….

 

ထိုကြောင့်ပုံမှန်အသက်ရှူနှုန်း၏သုုံုုးဆနှင့်သာစရပါမည်။

ငြင်းလို့လဲမရတော့ပါ..ကျနော်မှတ်ရပါတော့မည်။ကျနော့်နားမှာကိုမြင့်လွင်တို့မြိတ်မှယော

ဂီတစ်ယောက်ကူညီပေးရန်အဆင်သင့်ဖြစ်နေပြီ……

ကဲစကြရအောင်……အချက်ပေးခေါင်းလောင်းစတီးပြီ

ကျနော်စမှတ်တော့မည်။သူတို့တွေပြောသလိုပုံမှန်အသက်ရှူနှုန်း၏ ဆတင်ပြီးစမှတ်ပါသည်။

စိတ်ထဲမှာဘာမှမထားနှင့်..ကိုယ့်စိတ်ကိုခန္ဓာကိုယ်ထဲမှာဘဲထားပါ….

တက်လာတဲ့ဝေဒနာတွေပေါ်မူတည်ပြီးရှုနှုန်းတင်ပါ….

ဆယ်မိနစ်လောက်ဘယ်လိုမှမနေပါ။

စိတ်တွေလဲဟိုရောက်သည်ရောက်အသက်ရှုသံတွေလဲဓမ္မာရုံတစ်ခုလုံးကိုလွမ်းလာပါသည်။

ရှုသွင်းသံ၊ရှုထုတ်သံ…..

၁၅မိနစ်လောက်မှာတော့ဝေဒနာတွေရောက်လာကြ ပါပြီ…..အလုံးအရင်းနှင့်.......

ကျောတက်လာသလိုလို၊ထိုင်နေတဲ့ဖင်နာသလိုလို၊ခြေထောက်ကျင်သလိုလိုဝေဒနာများတစ်ကိုယ်လုံးကိုပြန့်ကျဲနေသည်။ ဘယ်ကအနာဆုံးလဲမသိသေးပါ….

ရှုနှုန်းထပ်တင်သည်။ဝေဒနာတွေထပ်တက်လာသည်။

ရှုနှုန်းကိုထပ်တင်ပါသည်။ဘေးမှဆရာလဲကျနော့်အခြေအနေကိုကြည့်ရင်းပြောပြပေးနေပါသည်။

အားမလျော့နှင့်၊ရှုနှုန်းတင်ပြီးဝေဒနာကိုနိုင်အောင်ထိန်း…….

၁၅ မိနစ်နောက်ပိုင်းကျနော်မခံနိုင်တော့ပါ။အသက်ရှုတာကိုမေ့ပြီးခန္ဓာကိုယ်ကိုလှုပ်ချင်နေပါသည်။

ကျနော့်စိတ်ထဲတွင်ကျနော်ဤနေရာမှခုန်ထပြီးဓမ္မရုံထဲမှပြေးထွက်ချင်စိတ်တွေများတစ်ဖွားဖွားဖြစ်နေပါပြီ….

ဝေဒနာဆိုတာကလဲတစ်ကိုယ်လုံးမှာဖြစ်နေသည်။ဆရာကလဲရှုနှုန်းထပ်မြင့်ခိုင်းပါသည်။

ကျနော်ဆက်မထိုင်နိုင်တော့ပါ။ထပြန်ချင်နေပြီ….ဝေဒနာများကိုလဲသီးမခံနိုင်တော့ပါ….

ကိုမြင့်လွင်ကျနော်အခြေအနေကိုကြည့်ပြီးအားပေးစကားတွေပြောနေပါသည်။

သူငယ်ချင်းအားမလျော့လိုက်နှင့်….

ဝေဒနာကိုရှုနှုန်းနဲ့ထိန်းလိုက်ပါ။ရှုနှုန်းတင်၊ထပ်တင်….            ကျနော်ကိုယ်ပေါ်တွင်ချွေးများစီးကျနေပါသည်။ဝေဒနာကိုလဲဘယ်လိုမှထိန်းမရပါ၊

ကျနော်မနိုင်တော့ပါ..ကျနော်ပြန်ပါရစေ……ကျနော်ပြန်ပါရစေ….

ခန္ဓာကိုယ်တစ်ခုလုံး…..တုန်ရီနေသလိုပင်ခံစားနေရပါသည််။

အသက်ရှုနှုန်းတွေလဲမမှန်တော့ပါ။

ဝေဒနာတွေလဲဖြစ်နေဆဲ ….ကျနော်မရတော့့ဘူးထင်တယ်….

စိတ်ထဲမှာစိတ်လျော့ချင်နေပြီ….ဝေဒနာကိုလဲမထိန်းနိုင်ပါ……

ထိုအခိုက်ကိုမြင့်လွင်မှ……

သူငယ်ချင်းဝေဒနာတွေကိုနို်င်အောင်တိုက်ပါ….

တရားသဘောနှင့်ကြည့်ရင်ဘယ်အရာမှမတည်မြဲဘူးဖြစ်ပြီးရင်ပျက်မှာဘဲ….

ခန္ဓာကိုယ်မှာဖြစ်နေတဲ့ဒီဝေဒနာတွေလဲအမြဲတမ်းဖြစ်မနေဘူးဖြစ်ပြီးရင်ပျက်မှာဘဲ….

သူ့စကားသံကိုကျနော်ကြားလိုက်ရတာဦးနှောက်ထဲအသိတစ်ခုရိုက်သွင်းလိုက်သလိုပါဘဲ….

            ….ဘယ်အရာမှမတည်မြဲဘူး..၊ဖြစ်ပြီးရင်ပျက်မှာဘဲ….

            ….ပျက်ပြီးရင်တစ်ဖန်..ပြန်ဖြစ်မှာဘဲ

ကျနော်ထင်ထားသောဝေဒနာသည်အမြဲတမ်းဖြစ်မနေပါ။တစ်ချိန်ပြန်ပျက်မည်။

..ကျနော်မထူးတော့ပါ၊ဝေဒနာကိုအနိုင်တိုက်တော့မည်။

..လုပ်ပြီဆိုရင်ဖြစ်အောင်လုပ်တတ်သောဉာဉ်…. ကျနော့်မှာရှိသည်။

ဝေဒနာကိုလွန်အောင်တိုက်ရတော့မည်။စိတ်ကိုတစ်ဖန်ပြန်အားတင်းလိုက်ပါသည်။

ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေသောဝေဒနာအားလုံးကိုတစ်ခုချင်းခွဲခြမ်းစိတ်ဖြာလိုက်သည်။

ခြေထောက်ထုံကျင်နေသောဝေဒနာကအ*လိုက်ပါသည်။

ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေသောဝေဒနာအားလုံးကိုတစ်ခုချင်းခွဲခြမ်းစိတ်ဖြာလိုက်သည်။

ခြေထောက်ထုံကျင်နေသောဝေဒနာကအပြင်းဆုံး…..

ဒီဝေဒနာကိုအဓိကပစ်မှတ်ထားလိုက်သည်။

အသက်ရှူနှုန်းကိုထပ်ပြီးတင်ရင်းဝေဒနာကိုစတိုက်ပါတော့သည်။

ခြေထောက်ထုံကျင်လာတာကိုစတိုက်တော့အခြားခန္ဓာကိုယ်မှဝေဒနာတွေပျောက်ကုန်ပါသည်။

စိတ်ထဲမှာလည်းနဲနဲအားတက်လာပါသည်။ဘေးမှဆရာပံ့ပိုးမှုလည်းပါပါမည်။ရှုနှုန်းထပ်တင်သည်၊ဝေဒနာလည်းထပ်တက်သည်။

ရှုနှုန်းလည်းထပ်တင်သည်။

ဒီလိုနှင့်ချာလည်လိုက်နေရာကနေမထင်မှတ်သောအချိန်မှာခန္ဓာကိုယ်ပေါ်မှာဖြစ်နေသောဝေဒနာများတစ်ခုမှမရှိတော့ပါ။

စိတ်ထဲမှာပေါ့ပါးလန်းဆန်းနေပြီ။တိမ်ပေါ်မှာတငြိမ့်ငြိမ့်လေးစီးသွားသလိုခံစားမိပါသည်။

            ကျနော်ဝေဒနာတွေကိုကျော်ဖြတ်ခဲ့ပြီးပါပြီ…..

စိတ်ထဲမှာဘယ်လိုအေးချမ်းသွားမှန်းမသိတော့ပါအရမ်းတရားမှတ်၍ကောင်းနေပါသည်။

အချိန်နဲနဲလေးရလာတော့နောက်ကျောမှဝေဒနာတွေပြန်ပြီးတက်လာပါသည်။

ဒီတစ်ခါတော့ကျနော်အေးဆေးပါ။ဝေဒနာကိုနိုင်အောင်တိုက်သည့်နည်းသိခဲ့သလိုဘယ်လိုစိတ်ထားရမလဲသိနေပါပြီ။

            ….အားလုံးမမြဲပါ၊ဖြစ်ပြီးရင်ပျက်မည်…….

ဝေဒနာနောက်ကိုရှုနှုန်းနှင့်အသာလိုက်ပြီးထိန်းထားသည်ဝေဒနာတက်ရင်းထိန်းရင်း

            …..တက်ရင်းထိမ်းရင်းနှင့်……..

            တစ်ချိန်မှာတော့ဝေဒနာတွေပြန်ပျောက်ကုန်ပြန်ပါပြီ…..

            ကျနော်လဲအေးချမ်းသောနေရာသို့ပြန်ရောက်ပြန်ပါပြီ…..

 

ကိုမြင့်လွင်ကျနော့်အခြေအနေတွေကိုသိသွားပါပြီကျနော်ဝေဒနာတွေကိုကျော်ဖြတ်နို်င်ခဲ့ပြီ….

            ယောဂီအားလုံးစိတ်တွေပြန်လျော့လိုက်ကြပါ..အချိန်လဲစေ့ပါပြီ……..

အချက်ပေးသံကြားရပါသည်။ ၃၀ မိနစ်လား ၄၅  မိနစ်လားမသေချာပါ တရားမှတ်ချိန်ကျနော်အတွက်တော်တော်ကြာပါသည်။

ကျနော်စိတ်တွေအရမ်းအေးချမ်းနေ၍အချိန်အတော်ကြာအောင်ပြန်ဆွဲခေါ်နေရပါသည်။

ကျနော်အတွေ့အကြုံမရှိသူ၏ရေးပြချက်သည်တရားရှုမှတ်သူတစ်ယောက်အတွက်ရီစရာဖြစ်ချင်လဲဖြစ်နေပေလိမ့်မည်။

အသေးအဖွဲ ကိုပုံကြီးချဲ့ကားတာဟုထင်ချင််ထင်ပါလိမ့်မည်။

မတတ်နိုင်ပါ။ကျနော်ခံစားခဲ့တာတွေကိုရေးခြင်းသာဖြစ်သည်။

တစ်ခါမှမလုပ်ခဲ့ဘူးသောအလုပ်ကိုအောင်မြင်အောင်လုပ်ခဲ့သောသူအဖြစ်ကိုယ်ကိုကိုယ်အရမ်းဂုဏ်ယူကျေ နပ်မိပါသည်။

ထိုနောက် ..သန့်၊တည်၊ပွားအဖွဲ့ အားလုံးကို နှုတ်ဆက်ပြီးပြန်ခဲ့ပါသည်။သူတို့အားလုံးသည်သာသနာပြုနေကြ  သောသူများဖြစ်ပါသည်။

အိမ်အပြန်ကားမောင်းရတာလေထဲမှာလေယာဉ်မောင်းရသလိုခံစားရပါသည်။

….စိတ်ထဲမှာငြိမ့်ငြိမ့်လေး……

ကျနော့််သူငယ်ချင်းတော်တော်များများကိုမြင့်လွင်၏စည်းရုုံးမှုကြောင့်တရားရှုမှတ်တတ်နေကြပါပြီ။

ကိုမြင့်လွင်တို့အဖွဲ့နေ့စဉ်ဓမ္မာရုံတွင်မနက် နာရီတစ်ကြိမ်ည နာရီတစ်ကြိမ်တစ်နေ့ကိုနှစ်ကြိမ်တရားမှတ်ကြပါသည်။

ကျနော့်ကိုလဲလာ နိုင်ရင်လာခဲ့ဘို့ဖိတ်ခေါ်ပါသည်။

မလာနိုင်ရင်လဲအိမ်မှာဆက်မှတ်ဘို့တိုက်တွန်းပါသည်။သံမဏိတို့မိသားစု၊ကိုရှိန်လွင်၊ကိုလှမော်တို့မနက်၅နာရီပုံမှန်လာပြီးတရားမှတ်လေ့ရှိ သည်။

ကန်ရိပ်သာလမ်းဓမ္မာရုံကပြန်လာပြီးနောက်ပိုင်းအိမ်မှာလဲတရားမရှုမှတ်ဖြစ်ပါ။

ဓမ္မာရုံကိုလည်းမသွားဖြစ်ပါ။

သို့သော်ဝေဒနာလွန်မြောက်ပြီးသောအေးချမ်းမှုမျိုးကိုပြန်တမ်းတမိပါသည်။

သို့သော်ကျနော်မလုပ်ဖြစ်ခဲ့ပါ။

ဒီရက်ပိုင်းများတွင်ကျနော်သည်လူတတ်ကြီးလုပ်ပြီးအခြားသောသူငယ်ချင်းများ၏ရှုမှတ်နည်းကျင့်စဉ်နည်းလမ်းများကိုမေးမြန်းစုံစမ်း မိပါသည်။

တစ်ယောက်နှင့်တစ်ယောက်ရှုမှတ်ပုံများမတူညီကြပါ။

တစ်ယောက်တစ်မျိုးစီဖြစ်နေကြသည်။

နှာဖျားကိုလာထိနေသောလေကိုရှုမှတ်ရမည်။

သတိကိုဝင်လေထွက်လေနှင့်ကပ်ထားရမည်။

ကြာလာလျှင်ဝင်သောလေအတွင်းထိရောက်တာကိုသိနေပြီးထွက်လေကိုအတွင်းမှအပြင်သို့ထွက်သည်အထိသိနေမည်ဟုပြောပါသည်။

ငယ်သူငယ်ချင်းကိုသန်းဦးအိမ်ကိုရောက်လာတော့သူ့နည်းကိုလည်းနားထောင်မိပါသည်။

တက်လာသောဝေဒနာ၊ဝေဒနာဖြစ်သောနေရာတစ်ဝိုက်ကိုရှုမှတ်ပါတဲ့….

တစ်ချို့  ကျတော့လဲဖြစ်နေသောဝေဒနာကိုတည့်တည့်ရှုမှတ်ရမည်တဲ့

သူငယ်ချင်းများပြောကြတာကိုမှတ်ထားပြီးတစ်ညကျနော်စမ်းကြည့်ပါသည်။

ဟိုနည်းသည်နည်းတစ်မျိုးပြီးတစ်မျိုးလျှောက်စမ်းနေမိသည်။ တစ်ရက်ပြီးတစ်ရက်တစ်ညပြီးတစ်ညစမ်းကြည့်မိရင်း….. 

အဖြေတစ်ခုကိုကျနော်တွေ့ သွားပါသည်။

ထိုအဖြေမှာကျနော်ဝေဒနာတွေကိုမကျော်နိုင်တော့ပါ။

 

ကျနော့်ခန္ဓာကိုယ်သည်ဝေဒနာဖြစ် ခြင်းကိုခံနေရစဉ်မှာ….

ကျနော့်စိတ်တွေဝေဒနာတွေကိုလက်မြှောက်အရှုံးပေးလိုက်ပါပြီ…..

စိတ်မဝင်စားလို့လား…..နည်းလမ်းတွေများနေလို့လား….

ဒါမှမဟုတ်ဘေးကပံ့ပိုးမည့်သူမရှိလို့လား….

ကျနော်ဝေဒနာတွေကိုမကျော်နိုင်သည်မှာတော်တော်ကြာသွားပါပြီလူလည်းတော်တော်စိတ်ဓါတ်ကျသွားပါသည်။

အဆင်သင့်သောတစ်နေ့မှာတော့ကိုမြင့်လွင်ဆီမှာပညာပြန်သင်ရအုံးမည်။

တနင်္ဂနွေနေ့တစ်ရက် ၁၂း၃၀ လောက်မှာကန်ရိပ်သာလမ်းဓမ္မာရုံသို့ကျနော်ရောက်ခဲ့ပါသည်။စိတ်ထဲမှာကိုမြင့်လွင်တို့သန့်၊တည်၊ပွားအဖွဲ့နှင့် ဆုံလိမ့်မည်ဟုထင်ထားပါသည်။

ဓမ္မာရုံတံခါးသော့ခတ်ထားပါသည်။

အတွင်းဘက်လှမ်းကြည့်တော့လူမသုံးတာကြာနေပုံရပါသည်။ဖုံတွေကိုကြမ်းပြင်မှာတွေ့ရပါသည်။

အစောင့်ဟုထင်ရသောလူရွယ်တစ်ယောက်ကိုမေးကြည့်တော့သူဘာမှမသိကြောင်းဘဲပြောပါသည်။

သူမျက်နှာအကဲခတ်ကြည့်တော့တစ်ခုခုဖုံးကွယ်နေပုံရသည်။ကျနော်စိတ်မတင်မကျနှင့်အိမ်ပြန်ခဲ့ပါသည်။

ကျနော်မေ့မေ့လျော့လျော့နှင့်ကိုမြင့််လွင် ဆီကိုလဲဖုန်းမဆက်ဖြစ်ခဲ့ပါ။

တစ်နေ့ကျနော်ဆီသို့ကိုရှိန်လွင်ရောက်လာတော့မှအကြာင်းစုံသိရပါသည်။

ရပ်ကွက်လူကြီးအချို့ကသန့်တည်ပွားအဖွဲ့ကိုဓမ္မာရုံကိုအသုံးပြုခွင့်မပေးတော့ပါ။

သူတို့လဲအိမ်မှာဘဲရှုမှတ်နေကြောင်းပြောပြပါသည်။

Sunday  School…..ကိုယောဂီတစ်ယောက်၏အခန်းမှာဆက်ဖွင့်ထားကြောင်းလိပ်စာေားကြောင်းလိပ်စာပေးခဲ့ပါသည်။တစ်ရက်ကျနော်ရောက်ခဲ့ပါသည်။ ကန်ရိပ်သာလမ်း..အခန်းက လွှာလား လွှာလားမမှတ်မိပါ။နဲနဲကျဉ်းပါသည်။

Sunday School ကတရားပွဲတွေဆက်ရှိနေပါသည်။ထိုနေ့အားလုံးတရားရှုမှတ်ကြပါသည်။ ကျနော်ဝေဒနာကိုမကျော်လွန်နိုင်ခဲ့ပါ။

ကျနော် ခံစား နေရသောအခြေအနေကိုကိုမြင့်လွင်ကိုပြောပြခဲ့ပါသည်။

ဘာမှစိတ်ဓါတ်ကျစရာမလိုဘူး……ဘယ်အရာမှလဲမတည်မြဲဘူး…..

ဖြစ်ခြင်းနှင့်ပျက်ခြင်းကဒွန်တွဲနေတယ်….သူငယ်ချင်းစိတ်ရှည်ရှည်နှင့်ကျင့်ဘို့ဘဲလိုတယ်….

ကိုမြင့်လွင်အားပေးစကားပြောခဲ့ပါသည်။

ဒီလိုနှင့်နှစ်တွေနဲနဲကြာလာပြီ၊တစ်ရက် မိုင်ခွဲမှာ Novel Light ကျောင်းမှာတရားဆွေးနွေးပွဲ နေ့တိုင်းရှိနေပြီ..

လို့ကိုမြင့်လွင်ဖုန်းဆက်ခဲ့ပါသည်။ဒီလိုနှင့် Novel Light ကျောင်းကို ၆းဝ၀ နာရီပုံမှန်သွားရောက်နားထောင်ဖြစ်ခဲ့ပါသည်။

သူ့ရဲ့နောက်ဆုံးတရားပွဲဟုထင်ကြောင်းသူပြောပြ၍ကျနော်သိခဲ့ရပါသည်။သူသာလျှင်အခြေအနေတစ်ခုသို့ပြောင်းခဲ့လျှင်ကျနော့်မှာဆရာမ ရှိတော့ပါ။ထိုအချိန်ကျမှဘယ်သူ့ဆီတပည့််ခံရမလဲ...

ကျနော်စိတ်ထဲတွင်ဘာသာရေးနှင့်ပတ်သက်၍မရင်းနီးသောသူတွေဆီကိုမသွားချင်ပါ။သူရှိနေစဉ်အတွင်းမှာတော့ဝေဒနာကျော််ဖြတ်ရန် နည်းလမ်းကိုအတတ်နိုင်ဆုံးပြန်၍ရှာဖွေရအုံးမည်။

ဒီတစ်ခါသူသင်ပေးသောနည်းတစ်ခုတည်းကိုသာတိတိကျကျသတ်မှတ်ပြီးရှုမှတ်တော့မည်။

တခြားသူနည်းလမ်းများကိုမေ့လိုက်ပါတော့မည်။ 

တညနေ Novel Light ကိုကျနော်ရောက်သွားတော့ကိုမြင့်လွင်မရှိပါ။သူမရှိသောကြောင့်ယောဂီအားလုံးတရားမှတ်ဘို့ပြင် ဆင်နေကြသည်။ ယောဂီဆရာမဒေါ်ချိုချိုကအချိန်ရရင်တစ်ခါတည်း တရားဝင်မှတ်ဘို့တိုက်တွန်းပါသည်။

ကျနော်လဲဤအစီအစဉ်ကိုသဘောတူလိုက်သည်။ကျနော်နေရာယူပြီးထိုင်ချိန်တွင်ဒေါ်ချိုချိုကကျနော့်ကိုပြပေးရန်ဆရာတစ် ယောက်ကိုတာဝန်ချလိုက်ပါသည်။

ကျနော်လက်ခါပြပါသည်။မလိုတော့ပါ။ကျနော်တို့သည်တစ်ယောက်တည်းလာပြီးတစ်ယောက်တည်းပြန်ရမည့်ခရီးကိုသွားနေကြသည်။

….တစ်ယောက်တည်းနေတတ်အောင်ကြိုးစားရပါမည်။

ဒီနေ့မှာတော့ဝေဒနာတွေကိုမကျော်လွန်နိုင်ခဲ့သောကြောင့်…….

……ကျနေသောစိတ်ဓါတ်ကိုအရင်ဖယ်ထုတ်လိုက်ပါသည်။

စိတ်ကိုလဲလျော့ထားပြီးမှတရားစမှတ်ပါသည်။သက်တောင့်သက်သာအနေအထားနှင့်ဘဲစမှတ်ပါသည်။

စိတ်ဘဲလျော့ထား၍လားမသိ၊ပြင်းထန်သောဝေဒနာမတွေ့ခဲ့ပါ။

ကျနော်ဝေဒနာကိုသက်သက်သာသာဘဲကျော်ဖြတ် နိုင် ခဲ့ပါသည်။ဝေဒနာကိုနှစ်ကြိမ်ကျော်ဖြတ်ပြီးမှတရားမှတ်ချိန်ပြည့်သွားပါသည်။

ကျနော်ကျေကျေနပ်နပ်နှင့်အိမ်ပြန်ခဲ့ပါသည်။ဒီလိုခံစားမှုမျိုးနှင့်တစ်ကြိမ်တစ်ခါကအိမ်ပြန်ခဲ့ဘူးပါသည်။

ကန်ရိပ်သာလမ်းဓမ္မာရုံ Sunday school ကိုလဲပြန်သတိရမိပါသည်။အခုတော့ကန်ရိပ်သာလမ်းဓမ္မာရုံလဲဖုံတွေတက်ပြီးသော့ခတ်ထား ပါသည်။

ဓမ္မာရုံဆိုတာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထား  သောနေရာ

ဗုဒ္ဓဘာသာ၊သာသနာရေး ရာများတိုင်ပင်  ဆွေးနွေးလေ့ရှိသောနေရာ..

၀ါတွင်းသုံးလတွေမှာဥပုဒ်သီလစောင့်ပြီးတရားပွဲများလည်းလုပ်လေ့ရှိသောနေရာ

ဖြစ်ပါသည်။

သန့်၊တည်၊ပွား အဖွဲ့သည်ဗုဒ္ဓဘာသာပြန့်ပွားရန်သာသနာပြုနေသောအဖွဲ့ဖြစ်သည်။

တရားပွဲတွေတရားရှုမှတ်တာတွေကိုနေစဉ်နေ့တိုင်းသင်ကြားပေးလျှက်ရှိပါသည်။

ရပ်ကွက်ထဲမှလူကြီးလူငယ်တွေအပြင်အခြားခြားသောမြို့နယ်တွေမှလဲလာရောက်ဆွေးနွေးရှုမှတ်လေ့ရှိကြပါသည်။            

ထိုသို့သောသာသနာပြုနေတာကိုဘယ့်အတွက်ကြောင့်ဤဓမ္မာရုံကိုအသုံးပြုခွင့်ပိတ်ခဲ့တာလည်းကျနော်စဉ်းစား၍မရပါ။

တစ်ကယ်တော့ကျနော်တို့အားလုံးဟာဧည့်သည်တွေပါ။

လက်ဗလာနှင့်လာပြီး……လက်ဗလာနှင့်ပြန်ကြရမည့်ဧည့်သည်တွေပါ။

ပိုင်ဆိုင်တာဘာတစ်ခုမျှယူသွား၍မရပါ။

…..ဒါကိုလူတွေမေ့နေကြပါသည်……..

ဧည့်သည်

….လာတုံးကလည်း …..တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာဖေါ်မပါဘူး……

….ဥစ္စာချည်းနီး ..ကိုယ်ထီးတည်း….

….ပြန်သွားတော့လည်း….တစ်ယောက်တည်းနော့…..

….လက်တွဲခေါ်ကာဖေါ်မပါဘူး…..

….ဥစ္စာချည်းနီးကိုယ်ထီးတည်း…..

….လာပြီးတော့နား…….မသွားသေးခင်ချိန်လေးတွင်မှ

….ဝန်းကျင်ခက်နွယ်…..နှောင်ကြိုးသွယ်ကြ….

….ပြုံးရယ်မဲ့ငို…………ချစ်မုန်းပိုကြ

….မလိုဒေါသ……….လိုလောဘနှင့်….

….ဘဝရိပ်မြုံ……………ကကြိုးစုံခဲ့…….

….ကံကုန်မိုးချုပ်…………လက်တွဲဖြုတ်ကာ

….သုတ်သုတ်ဆောလျှင်……ခရီးနှင်သည်…..

….တို့များဧည့်သည်ပါတကား……….

 ဤဆောင်းပါးပါ .. ဧည့်သည်ကဗျာ ဗုဒ္ဓဘာသာနှင့်ပတ်သက်သောအချက်အလက်များသည်သန့်၊တည်၊ပွား စာစဉ်များမှမှီငြမ်းထားကြောင်းသိစေအပ်ပါသည်။

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ