Geologist နှင့်သာမညဆရာတော်
လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာရှိနေတဲ့၊ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ တစ်ကယ့်ဘဝမှာ ဖြစ်နေတာနဲ့ ဆန့်ကျင်ဖက် အခြေအနေမျိုး တော်တော်များများ ကြုံတွေ့နေရပါသည်။ ဆန္ဒနှင့်ဘဝ တစ်ခြားစီအဖြစ်မျိုး..
ကျနော့်ဘဝသည်လည်း မန္တလေးဆောင်မှာ ကျောင်းတက်စဉ်က ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့ပါသည်။ သို့သော် ကျောင်းပြီးသွားတော့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့ရပါသည်။ ကျနော့်တွင် စီးပွါးဖက် ကိုးရီးယားတစ်ယောက် ရှိပါသည်။ သူသည် ကုမ္ပဏီစီးပွါးရေးလုပ်ရန် ရည်ရွယ်ထားသောကြောင့် သူတက္ကသိုလ်တက်စဉ်ကတည်းက စီးပွါးရေးအုပ်ချုပ်မှုဘာသာရပ်ကို သင်ယူခဲ့ပါသည်။ သူကျောင်းပြီးသွားရင် တစ်ကယ့်လုပ်ငန်းခွင်မှာ အသုံးချရန်အတွက် ဖြစ်ပါသည်။ သူသင်ကြားခဲ့သော ဘာသာရပ်သည် လက်တွေ့ဘဝမှာ သူ့ကို အများကြီး အထောက်အပံ့ဖြစ်စေခဲ့ပါသည်။ ကျနော် Geologist တစ်ယောက်မှန်း သိသွားသောအခါ သူ အရမ်း အံ့သြနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့မှာ အမေရိကားမှာဒေါက်တာဘွဲ့ရနေသော Geologist ညီတစ်ယောက် ရှိနေသောကြောင့် ဖြစ်ပါသည်။
ကျနော်ကို ဘူမိဗေဒပညာနှင့် ဘာလို့ အသက်မွေးဝမ်းကျောင်းမပြုခဲ့သလဲလို့ မေးခဲ့ပါသည်။
ကျနော်ဘာမှမရှင်းပြနိုင်ခဲ့ပါ။
နောက်မေးခွန်းတစ်ခု ကျနော့်အတွက် ပိုပြီး အဖြေခက်ခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းရှင်လုပ်ရန် ရည်ရွယ်ထားပြီး Management ဘာသာကိုမယူဘဲ ဘာလို့ဘူမိဗေဒဘာသာကို ယူခဲ့လဲတဲ့……
ကျနော်တို့ရင်ထဲမှာရှိနေသော ဆန္ဒနှင့်ဘဝကို သူနားလည်အောင် ဘယ်လိုရှင်းပြရမှာလဲ…
သူကောနားလည်နိုင်ပါ့မလား…….
ကရင်ပြည်နယ် ဒေသကောလိပ်မှာ ကျနော်တို့ ကျောင်းတက်စဉ်က သာမညဆရာတော်ကြီးသည် ယခုလောက နာမည်မကြီးသေးပါ။ တနင်္ဂနွေတစ်ရက် သူငယ်ချင်းများစုပြီး ဆရာတော်ကျောင်းသို့ ဆရာတော်ကိုဖူးရန် ထွက်ခဲ့ကြပါသည်။ ထိုစဉ် ဆရာတော် ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာအရွယ် သာသနာပြုရန် စတင်ကြိုးစားနေပါပြီ….. သို့သော် အခြားနယ်မှ မသိကြသေး၊ ကျနော်တို့ ကရင်ပြည်နယ် အနီးအနားတစ်ဝိုက်သာ ဆရာတော်ကို သိကြသေးသည်။ ဆရာတော်ကျောင်းမှာလည်း သစ်သားကျောင်းလေးသာ ရှိပါသေးသည်။ ဆရာတော်က ကျနော်တို့ကို သက်သတ်လွတ်ဟင်းများနှင့် ထမင်းကျွေးခဲ့ပါသည်။ ကျနော်တို့ ထမင်းစားပြီးတော့ ဆရာတော်ဆီက တရားများကိုနာယူခဲ့ကြပါသည်။ တရားနာယူကြရင်း ရိုးသားပွင့်လင်းသော ပအို့ဝ်ဘုန်းကြီး၏စကားအချို့သည် ကျနော့်ကို အံ့သြစေခဲ့ပါသည်။
ဆရာတော်ငယ်စဉ်က ကျောင်းဆရာများကို အရမ်းလေးစားကြည်ညိုခဲ့ပါသည်။ နောင်တစ်ချိန်မှာ ကျောင်းဆရာဖြစ်ချင်ခဲ့သည်ဟု ဆရာတော်မိန့်ခဲ့ပါသည်။ ဒါပေမယ့် လက်တွေ့ဘဝမှာ ဘုန်းကြီးဖြစ်နေတယ်ပြောပြီး ဆရာတော်ရီနေခဲ့ပါသည်။ ဒါပေမယ့် ဆရာတော် သူ့ရဲ့အကြောင်းကို ယခုလို ထပ်ရှင်းပြခဲ့ပြန်ပါသည်။
ဖြစ်ချင်တာက ကျောင်းဆရာ၊ ဖြစ်နေတာက ဘုန်းကြီး ဘဝအတိတ်ကံကြောင့်လဲ ဘုန်းကြီးဖြစ်ခဲ့တယ် ထင်တယ်……
ဘုန်းကြီးဖြစ်လာတော့လည်း သာသနာပြုဘို့ စဉ်စားရပြန်ပါတယ်……အားလုံးမှတ်ထားဘို့က…….
လုပ်ချင်တာထက် လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ဘို့က အရေးကြီးတယ်…..
ဆရာတော်ကြီးက သူ့စကားနဲ့အညီ ဘာသာ၊ သာသနာမှာ အကောင်းဆုံးဖြစ်အောင် သာသနာပြုခဲ့ပါသည်။
အမျိုးသမီးများ အသက်ကြီးလာပါက အနေအထိုင်အသွားအလာ ပို၍ ဂရုစိုက်သင့်ပါသည်။ အသက်ကြီးလာပါက အမျိုးသမီးများ၏ အရိုးပွနှုန်းသည် အမျိုးသားများထက် ပို၍ မြန်ပါသည်။ ထို့ကြောင့် အမျိုးသမီးများ၏ အရိုးသည် ပို၍ ကျိုးလွယ်ပါသည်။ ကျနော့် အမေသည်လည်း အမှတ်မထင် လက်ထောက်မိရာမှ လက်ဖျံရိုး ကျိုးခဲ့ရပါသည်။ အမေ့ကိုကျနော် ရန်ကုန်ခေါ်ခဲ့ပြီး အရိုးအထူးကုနှင့် ကုသစေခဲ့ပါသည်။ ကျောက်ပတ်တီး စည်းခဲ့ရပါသည်။ ရန်ကုန်မှာ နှစ်လခန့်နေခဲ့ပါသည်။ နှစ်လအတွင်း အမေနှင့်မြေးတစ်အုပ်... တပြုံးပြုံး
အမေနဲ့မြေးများ စကားပြောနေတာကိုကြည့်ပြီး ကျနော်တို့ ငယ်ဘဝကိုလည်း ပြန်သတိရမိပါသည်။
လူတွေကြားရင်ရီကြမည်… ကျနော်တို့မှာ မောင်နှမရှစ်ယောက်ရှိပါသည်။ ဒါပေမယ့် အခု အမေအဖေဘေးမှာ ကျနော်ညီမ အငယ်ဆုံး နှစ်ယောက်သာ ကျန်ပါတော့သည်။ ကျန်မောင်နှမတွေက တပြည်စီ တစ်နယ်စီမှာ သူ့စီးပွားရေးနှင့်သူဆိုတော့ အမေတို့ဘေးမှာ မနေဖြစ်ကြတော့ပါ။
ကျနော်တို့နေခဲ့သောဇာတိမြို့မှာကရင်ပြည်နယ်၊ကော့ကရိတ်မြို့ဖြစ်ပါသည်။
အမေ ဒီမှာ မြေးတွေနှင့်ပျော်နေသော်လည်း ဇာတိမြို့ကအိမ်ကို စိတ်မချပါ၊ အရမ်းပြန်ချင်နေပါသည်။
ဆရာဝန် ပြန်ခွင့်ပြုလျှင် ပြန်ပို့ပေးမည်ဟု အမေ့ကို ကတိပေးထားခဲ့ပါသည်။
ဆရာဝန်ပြန်ခွင့်ပြုပြီဖြစ်သောကြောင့် ကျနော် မနက်ဖြန်ပြန်ပို့ပေးရမည်။ အဖွားပြန်တော့မယ်ဆိုတော့ မြေးတွေ စိတ်မကောင်းကြပါ။ ကျနော်နှင့်အမေ နှစ်ယောက်တည်းဘဲ ကျနော့်ကားနဲ့ ကျနော်တို့မြို့ကလေးကိုသွားရန် စီစဉ်ထားပါသည်။ ဖြစ်ချင်တော့ ဒီနေ့ညမှာ ကျနော့်အိမ်သို့ မောင်မောင်ကျော်(ခေါ်) ငကျော် ရောက်လာပါသည်။ သူက ဘူမိဗေဒဘွဲ့လွန် တက်နေသည်။ ခါတိုင်းလဲ သူလာနေကျ သူလာရင် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကျောင်းတုန်းကအကြောင်းတွေ ပြောကြမယ်၊ သူလည်း ကျနော်အဖေါ်ရအောင် လိုက်ခဲ့မယ်တဲ့….. ဒါပေမယ့် သူကျနော့်ဆီက ကတိတစ်ခုတော့ တောင်းပါသည်။ သူ့ကို သာမညဆရာတော်ဆီကို ပို့ပေးရမည်။ ဆရာတော်ကို သူ တစ်ခါမှ မမြင်ဘူးဘူး… သူအရမ်းဖူးချင်နေသည်။ ကျနော်လဲ ဆရာတော်ကို မဖူးဖြစ်တာ 15 နှစ်လောက်ရှိတော့မယ်။ ဝင်ဖူးကြတာပေါ့လို့ ကျနော်လည်း သဘောတူလိုက်သည်။ အမေ့ကို ဇာတိအိမ် ပြန်ပို့ပေးလိုက်ပါသည်။ ကျနော့်ဇာတိမြို့မှာ တစ်ညအိပ်ပြီး နောက်နေ့ 7 နာရီ ပြန်ထွက်လာခဲ့ပါသည်။
အဲဒီတုန်းက ကျနော်ကားက ဟိုင်းလတ်။ ကျနော်နှင့်ငကျော် နှစ်ယောက်ထဲ…..9 နာရီလောက်မှာ သာမညဘုန်းကြီးကျောင်းကို ရောက်လာပါသည်။ ပုံမှန်ဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ်ဆရာတော်ကြီး တရားဟောလေ့ရှိပါသည်။ မနက်တရားပွဲက 10 နာရီ ဆိုတော့ ကျနော်တို့ အေးအေးဆေးဆေးဘဲ ဆရာတော်အမှတ်တရများကို လျှောက်ဝယ်ကြပါသည်။
ဓမ္မာရုံထဲမှာ လူတွေတော့ပြည့်နေပြီ ဆရာတော် မထွက်လာသေးပါ။ ညနေတရားပွဲကို ကျနော်မနာချင်ပါ။ အဲဒီအချိန် ည ၁၀ နာရီ မထွက်ရအမိန့် ရှိနေပါသည်။ ထို့ပြင် သံလွင်တံတား မရှိသေးပါ။ ဖားအံဇက်ကူးရမည်။ ဇက်အချိန်က နှစ်နာရီတစ်ခေါက် နောက်ဆုံး 4 နာရီ တစ်ခေါက် ကူးရမည်။ ဒါပြင်စစ်တောင်းတံထားက ခြောက်နာရီမှာ ဖြတ်ခွင့်မပြုတော့ ညနေတရားပွဲဆိုရင် ကျနော် ရန်ကုန်ပြန်ဘို့မမှီနိုင်……ကျနော်စိတ်ထဲမှာ ဒီည ရန်ကုန်ကို ပြန်ရောက်ချင်နေသည်။ နောက်နေ့ ကျနော် အလုပ်ကိစ္စနှင့်ချိန်းထားတာတွေ ရှိနေသည်။
10 နာရီ ဓမ္မာရုံရောက်တော့ ဘုန်းကြီးတစ်ပါးက ဒီမနက်ပိုင်း ဆရာတော်ကြီး ခေါင်းမူးနေသောကြောင့် တရားမဟောဖြစ်ကြောင်း လော်စပီကာနဲ့ အော်နေပါသည်။ ဆရာတော်နေကောင်းပါက ညနေဖက်အဖူးခံပါမည်တဲ့……. ကျနော် တော်တော် စိတ်ပျက်သွားပါသည်။ ညနေတရားပွဲပြီးမှဆိုလျှင် ဖားအံဇက်ကို မမှီနို်င်ပါ။ မှီခဲ့သည်ထားဦး.. စစ်တောင်းတံတားပိတ်လောက်ပြီ။
ဒါပေမယ့် ငကျော်က ဆရာတော်ကြီးကို ဖူးရန် အရမ်း စိတ်ထက်သန်နေသောကြောင့် ကျနော် စိတ်လျှော့လိုက်ပါသည်။ ဘာဘဲဖြစ်ဖြစ် ရန်ကုန်မရောက်ခဲ့ရင်လည်း အဆင်ပြေသောနေရာမှာ အိပ်လိုက်တော့မည်။ ကျနော့််သူငယ်ချင်းကို ပါရမီဖြည့်ပေးရမည်။ ကျနော်တို့နှစ်ယောက် ထမင်းစားဆောင်မှာ သက်သတ်လွတ် ထမင်းစားခဲ့ကြသည်။ ပြီးနောက် တောင်ပေါ်က ဆရာတော်ကြီး သီတင်းသုံးနေသော အဆောင်ရှေ့မှာ ထိုင်ရင်း ကရင်ပြည်နယ် ဒေသကောလိပ်မှာတုန်းက လာခဲ့စဉ်အခြေအနေနဲ့ ယခုအခြေအနေကို နှိုင်းယှဉ်ကြည့်နေမိပါသည်။
အရင်က ဆရာတော်ကြီး တောင်အောက်က သစ်သားကျောင်းမှာ သီတင်းသုံးခဲ့သည်။ အဲဒီအချိန်က ဆရာတော်ကြီးကျောင်းမှာ ဆရာတော်ပါ ကိုယ်တော် 5 ပါး 6 ပါးလောက်သာရှိသည်။ ဆရာတော်ကျောင်းကို လာရသည်မှာ တောတောင်ကိုဖြတ်ပြီး လာရသလိုပါဘဲ၊ တောင်ခြေမှာ ရွာမရှိပါ၊ အိမ် 2 အိမ် 3 အိမ်သာရှိပါသည်။ အခုတော့ ဆရာတော်ကြီးကိုမှီပြီး တောင်ခြေမှာ ရွာကြီးတစ်ရွာဖြစ်နေပြီ၊ ကျောင်းမှာလည်း ကိုယ်တော်.တော်တော်များများ တွေ့ရပါသည်။ ဒကာ၊ ဒကာမတွေရော ကပ္ပိယတွေကလည်း အများကြီး၊ ထမင်းစားဆောင်မှာလဲ ဘယ်အချိန်စားစား ထမင်းက အလျှံပယ်……..
ဒီလိုပါဘဲသစ်တစ်ပင်ကောင်းတော့ငှက်တစ်သောင်းနားခိုနိုင်ပါသည်။
ကျနော် မော်လမြိုင်မိုင်ဒါစျေးမှာ အလုပ်လုပ်နေကတည်းက ဆရာတော် နာမည်ကြီးလာနေပါပြီ…..
သူငယ်ချင်းတော်တော်များများ ဆရာတော်ကြီးကို လာဖူးကြပါသည်။ ကျနော် သူတို့နှင့်မလိုက်ဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆရာတော်ကိုဖူးတာထက် ဆရာတော်ဟောကြားသောတရားထဲမှ အပြန်အလှန် အတိတ်စိမ်း ကောက်နေသောကြောင့်ဖြစ်ပါသည်။ ထိုအချိန် ကျနော်တို့မော်လမြိုင်မှာ ဂဏန်းသုံးလုံးခေါ် ချဲထီ အရမ်းခေတ်စားနေပါသည်။
ကျနော် ငယ်ငယ်ကတည်းက သိခဲ့သော သာမညဆရာတော်သည် သာသနာပြုဘို့သာ စိတ်ရှိနေသည်။ ဒီလိုဂဏန်းပေးမယ်လို့တော့ ကျနော်မယုံကြည်ပါ။ ဂဏန်းတောင်းချင်နေသော ဒကာများနှင့် ရောထွေးပြီး မဖူးချင်သောကြောင့် ကျနော်ဆရာတော်ကို မဖူးဖြစ်ခဲ့ပါ။ အခုရောက်လာတော့လည်း ဓမ္မာရုံထဲမှာ ထိုင်စောင့်နေကြသော ဘုရားဖူးများသည် တရားဒေသနာ အမြင်များကို မဆွေးနွေးကြဘဲ ဂဏန်းသင်္ချာ အမြင်များကိုသာ ဖလှယ်နေကြပါသည်။ ကျနော့်အတွက် နဲနဲထူးဆန်းနေပါသည်။ ဆရာတော်ကြီး ဟောကြားလိုက်သော တရားများကို ဘယ်လို ဖေါ်မြူလာတွေနှင့် Digital ဂဏန်းလုံး အဖြစ်သို့ ဘယ်လို ပြောင်းလိုက်သလဲဆိုတာ ကျနော် နားမလည်နိုင်ခဲ့ပါ။ သူတို့ဖေါ်မြူလာနှင့်သူတို့ ဟုတ်နေကြတာဘဲ…….
အချိန်တွေလည်းပိုနေ သွားစရာတွေလည်းမရှိတော့၍ ကျနော်တို့ ဆရာတော်ကျောင်းအရှေ့မှာဘဲ ကျောခင်းပြီး အိပ်နေကြပါသည်။ ကျနော်နှင့်ငကျော် ရန်ကုန်ပြန်မယ့်အစီအစဉ်တွေကို ပြောနေကြသည်။
ငကျော်။ ။ကိုဂျစ်ရေငါ့စိတ်ထင်တော့စစ်တောင်းတံထားကိုမမှီနိုင်ဘူး……
ကျနော်။ ။မျှော်လင့်ချက်ကနဲနေပြီ…အဆင်ပြေတဲ့နေရာမှာအိပ်လိုက်ကြတာပေါ့ကွာ…..
ငကျော်။ ။ မင်းကိုလည်းအရမ်းအားနာတယ်၊ ရောက်လက်စနဲ့တော့ဆရာတော်ကိုဖူးလိုက်ချင်တယ်၊
ကျနော်။ ။မထူးတော့ပါဘူး၊ ငါတို့စောင့်လိုက်တော့မယ်။
ကျနော်တို့နှစ်ယောက် အိပ်နေရင်း စကားတွေ ပြောနေကြပါသည်။
ဆရာတော်ကြီး တော်တော်နာမည်ကြီးနေပြီ…… မန္တလေးက ငါ့အမျိုးတွေ ပြီးခဲ့တဲ့လက လာဖူးသွားကြတယ်..
သူတို့တွေက အရမ်းယုံကြည်နေပြီ….လာဖူးပြီးတဲ့နောက်မှာ အထုတ်ကြီးကြီးဝင်လို့တဲ့….
ငကျော် မန္တလေးက သူ့အမျိုးတွေအကြောင်း ကျနော်ကို ပြောပြနေပါသည်။
ငါ့စိတ်ထဲမှာ သာမညဆရာတော်ဟာ ထူးခြားတယ်လို့ ငါထင်တယ်…..
ငါတို့ဒီမှာ ရောက်နေချိန်အတွင်းမှာ ထူးထူးခြားခြားတစ်ခု ဖြစ်ခဲ့ရင်တော့ ဆရာတော်ကို ငါယုံကြည်လိုက်တော့မယ်……
ငကျော်က သူ့အမြင် သူ့အထင်တွေကို ကျနော်ကို ပြောပြနေပါသည်။ ကျနော်က ဘာမှမပြောပါ။ ကျနော့်စိတ်ထဲမှာ ဆရာတော်ကြီးဟာ သာသနာပြု ပုဂ္ဂိုလ်တစ်ပါးလို့ဘဲ မြင်ထားပါသည်။ ဂဏန်းပေးတယ်လို့ ပြောတာတွေကို ကျနော်လက်မခံပါ။
ထိုအချိန်အတွင်းမှာ ခေါင်းရင်းဘက်မှာ တစ်စုံတစ်ယောက် ထိုင်နေသလို ထင်နေမိသဖြင့် မော့ကြည့်ရာ ထက်အောက်ယောဂီဆင်တူနှင့် ဆံပင်ရှည်ကို ထုံးထားသော ဘိုးတော်လိုလို လူတစ်ယောက်ကို တွေ့ရပါသည်။ ကျနော်တို့နှစ်ယောက်လုံး အခြားဘက်သို့ ခေါင်းရင်းထားပြီး လှည့်အိပ်လိုက်ပါသည်။ ခဏနေ ထိုဘိုးတော်ခေါင်းရင်းမှာ ထပ်ရောက်လာပြန်ပါသည်။ ကျနော် တော်တော် စိတ်အနှောင့်အယှက် ဖြစ်သွားပါသည်။
ဘိုးတော်…ကိုယ့်နေရာကိုယ်နေပါ…… ကျနော်ပြောလိုက်ပါသည်။
ဘိုးတော်က ခုနှစ်ရက်သားသမီးတွေကို ကယ်ဖို့ အခုအဓိဋ္ဌာန်နှင့် ဘုရားတည်နေတယ်။ သားတို့တတ်နိုင်သလောက်လှူပါ။
သားတို့လှူတဲ့ အလှူဟာ အနဲဆုံး ဆယ်ဆတိုးစေရမယ်လို့ ဘိုးတော်အာမခံပါတယ်။ ဘိုးတော် သာမညတောင်ကို ဆရာတော်ကြီးက ဘုရားတည်ဘို့ ငွေလှူမယ်ဆိုလို့ ရောက်လာခဲ့ရတာ။ သားတို့က ဒီနေ့ ရန်ကုန်ပြန်မယ်လို့ ဘိုးတော်အာရုံမှာ မြင်နေတယ်။ ဘိုးတော်ကိုလည်း လမ်းကြုံခေါ်သွားပါ။
လမ်းခရီး အန္တရာယ်ကင်းအောင် ဘိုးတော်ဓါတ်ဆင်ပေးမယ်။
ဘိုးတော် ဘာတွေလာပြောနေမှန်းမသိ….
ကျနော်စိတ်မဝင်စား၊ အဓိက သူရန်ကုန်လမ်းကြုံလိုက်ချင်နေသည်။ ကျနော်တို့ ပြောနေသောစကားကို နားထောင်ပြီးလာဖိန့်နေတာ…..
ကျနော်တို့ အခြားနေရာမှာ သွားထိုင်နေကြပါသည်။ ခဏနေတော့ သားအမိနှစ်ယောက် ကျနော်တို့ဘေးမှာ လာထိုင်ကြပြန်ပါသည်။
နှစ်ယောက်လုံး ထက်အောက်ယောဂီ ဝတ်ဆင်ထားပါသည်။ အမေ ဘုရားစာတွေ တတွတ်တွတ်ရွက်နေသလို သားဖြစ်သူလည်း လိုက်ရွက်နေပါသည်။ အမေဖြစ်သူ ရပ်လျှင် သူလည်း ရပ်လိုက်သည်။ အမေရွတ်လျှင် သူလည်းပြန်ရွတ်ပြန်ပါသည်။
သူတို့သားအမိကိုကြည့်ရသည်မှာတစ်မျိုးဘဲ……
သားဖြစ်သူသည် ဘုရားစာရွတ်နေရင်း အယုတ္တ အနတ္တတွေ ထဆဲပါတော့သည်။ အမေဖြစ်သူက ပါးစပ်လိုက်ပိတ်ရင်း
ငါမရှိရင် နင်ဘယ်လိုလုပ်မလဲ…. ငါလဲအမြဲမနေနိုင်ဘူး…
ကောင်လေးကို သေချာအကဲခတ်ကြည့်မိတော့…..
ပိန်ပိန်၊ ပြားပြား၊ ကပ်ကပ်၊ မျက်နှာတွေလည်း ချောင်ကျနေသည်။ မျက်လုံးတွေကလည်း ဂဏာမငြိမ်…….
သူ့ကိုကြည့်ရတာ မူးယစ်ဆေးတစ်ခုခုစွဲနေပုံ….
သားအမိပြောစကားအရ သားကို သာမညတောင်မှာ ဘုန်းကြီးဝတ်စေမည်တဲ့…
မူးယစ်ဆေးကို ဘုန်းကြီးဝတ်ပြီးဖြတ်မလို့လား…..
ဒီအချိန်မှာ စကားပြောသံ ဆူညံဆူညံနဲ့ လူအချို့ စောင်းတန်းအတိုင်း တက်လာပါသည်။ စကားသံ နားထောင်လိုက်တာနဲ့ မော်လမြိုင်သံမှန်း သိလိုက်ရသည်။ သေသေချာချာ နားစိုက်ထောင်ကြည့်လိုက်တော့…..
ကျနော်တို့မိုင်ဒါစျေးက သူငယ်ချင်းတွေ သူတို့က ဂဏန်းသုံးလုံးသမားတွေ……
ဟာ…မောင်ဂျစ် မင်းရန်ကုန်ကလာတာလား…….
အေး…..ဟုတ်တယ်….ကိုကြီးတို့က…..
ငါတို့ကထုံးစံအတိုင်း…လက်သုံးချောင်းထောင်ပြရင်း ရီပြီးပြောနေပါသည်။
ကျနော် မိုင်ဒါစျေးအဖွဲ့တွေနှင့် အဖွဲ့ကျသွားပါပြီ….
မောင်ဂျစ် မင်းနားထောင်ကြည့်စမ်း…..
ကက်ဆက်သေးသေးလေးနဲ့ ဖွင့်ပြသော ဆရာတော်ကြီး တရားသံများ..
အဲဒီတရားသံများက အရေးမကြီး၊ ကက်ဆက်ခွေကို ကျော်ရစ်လိုက်ပါသည်။
လူတစ်ယောက် တစ်နေ့ ထမင်းနှစ်နပ်ထက် ပိုမစားနိုင်ဘူး…….
အဲဒါပွိုင့်.. အဲဒါပြီးခဲ့တဲ့အပတ်က ထွက်သွားတဲ့ဂဏန်းဘဲ….
မင်းပေါက်လား…..
ဟင့် အင်း.. မပေါက်ဘူး……
ဟာ….ဘာဖြစ်လို့လဲ မင်းသိနေပြီလေ…..
တစ်လုံး လွဲသွားတာ နာတယ်ကွာ…. ငါထိုးတာ 121 ထွက်တာက 221…..
ကျနော်မစဉ်းစားတတ်တော့ပါ…… ဘယ်လိုကောက်တာလဲကျနော်မသိပါ။ မော်လမြိုင်အဖွဲ့တွေ နောက်တစ်အုပ်တက်လာပြန်ပါသည်။
ဟေ့…ကိုဂျစ် မင်းဘယ်တုန်းကရောက်လာတာလဲ…..
ဟာ…တရုတ်ကြီး ငါဆရာတော်ဖူးမလို့…….
အဖေထုတ်ပေးသော အရင်းအနှီးကို ယူခဲ့ပြီး ကျနော် မော်လမြိုင်မိုင်ဒါစျေးကို ရောက်ခဲ့ပါသည်။ အဲဒီအချိန်က ကျနော်တို့လူငယ်တွေ ဆိုင်ကယ်ကို ရူးရူးမူးမူး စွဲလမ်းခဲ့ကြသည်။ ကျနော်မစီးနိုင်ခဲ့ပါ။ အဖေပေးခဲ့သောငွေ ဆိုင်ကယ်ဝယ်ရန် မလောက်ပါ။ အဖေ့ကို အပြစ်မပြောပါ။ အရင်းအနှီး နဲတာများတာထက် အလုပ်လုပ်ချင်စိတ်၊ ကြီးပွားချင်စိတ် ရှိဘို့သာ အရေးကြီးပါသည်။ ကျနော့်မှာ ညီတွေ၊ညီမတွေ ရှိသေးသည်၊ ကျနော် ငဲ့ရပါအုံးမည်။
တရုတ်ကြီးနှင့်ကျနော် မိုင်ဒါစျေးမှာ အတူတူ ရုန်းကန်ခဲ့ကြပါသည်။ သူ့ကားပေါ်မှာ အကောက်ခွန်မဲ့ပစ္စည်းတွေ တွေ့ရှိခဲ့၍ အခု လောလောဆယ် သူအမှုဖြစ်နေသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း သူ့အကြောင်းကြားမိတော့ ကျနော် စိတ်မကောင်းပါ။ ကျနော်တို့ မော်လမြိုင်အုပ်စု စကားပြောကောင်းနေတုန်းမှာဘဲ ငလျှင်တစ်ခု လှုပ်သွားခဲ့ပါသည်။ ဓမ္မာရုံထဲက လူတွေကတော့ ဂဏန်းအကြောင်း စကားပြောမပျက်ကြပါ။ ငလျှင်လှုပ်ခြင်းကို စိတ်ထဲမှာလည်း မရှိကြ….
ဒါပေမယ့် ကျနော်နှင့်ငကျော် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြပါသည်။ ၁၉၉၂ နေ့ရက် အတိအကျ မမှတ်မိသော်လည်း ၄င်းငလျှင်သည် တောင်ငူအနီးတစ်ဝိုက်မှာ အကြီးအကျယ်လှုပ်ခဲ့ပါသည်။
ကိုဂျစ်……ငါတော့ယုံသွားပြီ….. ကျနော့်ဘေးမှ ငကျော် တိုးတိုးလေးပြောပါသည်။
နေ့လည် နှစ်နာရီထိုးတော့ ဆရာတော် အဖူးမျော်ခံရန် ဓမ္မာရုံသို့ ကြွလာခဲ့ပါသည်။ ဒီနေ့ ဆရာတော်မျက်နှာ အနည်းငယ် နွမ်းလျှပုံ ပေါ်နေပါသည်။ ထို့ကြောင့်လားမသိ ဆရာတော် ခါတိုင်းကဲ့သို့ တရားရှည်ရှည် မဟောပါ။ တရားကို တိုတိုတုတ်တုတ်ဘဲ ဟောခဲ့သည်။ ကိုကြီးတို့အဖွဲ့က ကက်ဆက်သေးသေးလေးနဲ့ အသံဖမ်းနေပါသည်။ တရားဟောပြီးတော့ တစ်ဦးချင်းအလှူ၊ အုပ်စုလိုက်အလှူများကို ဆရာတော်ကိုယ်တိုင် လက္ခံပေးပါသည်။ လူတွေအားလုံး တန်းစီပြီး တစ်ယောက်ပြီးတစ်ယောက် ဆရာတော်ဆီ လက်ရောက် လှူဒါန်းကြ ပါသည်။
ကိုကြီးက မောင်ဂျစ် မင်းဆရာတော်နှင့် စကားပြောဖြစ်ရင် ဆရာတော်ပြောတဲ့စကားကို ငါ့ကိုပြန်ပြောအုံးတဲ့..
ကိုကြီး ဘာတွေ အတိတ်ကောက်မလဲ မသိပါ။ ကျနော်တို့အုပ်စု ဆရာတော်ကြီးကိုဝင်ပြီး လှူဒါန်းရန် တန်းစီလိုက်ပါသည်။
ကျနော်က နောက်ဆုံးမှာ…. လူတွေ တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီး ဆရာတော်ကြီးကို လှူဒါန်းဖူးမျော်နေကြပါသည်။ ကျနော် ရှေ့ကိုလှမ်းကြည့်လိုက်တော့ ဆရာတော်ကြီးရှေ့မှာ ခေါင်းရင်းမှာလာထိုင်ခဲ့သော ဘိုးတော်အလှည့် ရောက်နေပြီ……
ဘိုးတော်နှင့် ဆရာတော်အသံကိုလည်း ကြားနေရသည်။
ဘိုးတော်။ ။တပည့်တော် ခုနှစ်ရက်သားသမီးတွေကိုကယ်ဘို့ အဓိဋ္ဌာန်ပြီး ဘုရားတည်နေပါတယ်….
ငွေကြေး အခက်အခဲတွေ့နေလို့ အကူအညီလာတောင်းတာပါ။ ငွေကြေးလေးစွန့်ပေးပါ အရှင်ဘုရား……
ဆရာတော်။ ။ခုနှစ်ရက်သားသမီးတွေကို ကူညီချင်ရင် ငါလမ်းခင်းနေတဲ့နေရာမှာ လုပ်အားပေးလိုက်အုံး…..
ဘိုးတော်တစ်ခုခုပြန်ပြောမယ်လုပ်တုန်းမှာ သာမညတောင်မှာ ဘုန်းကြီးဝတ်မည့် သားအမိတွန်းလိုက်သဖြင့် ဘိုးတော် နေရာရွေ့သွားရပါသည်။ ဘိုးတော်ဘာမှ ထပ်မပြောလိုက်ရဘဲ ဆရာတော်ရှေ့မှ နေရာဖယ်ပေးလိုက်ရပါသည်။ ဒါပေမဲ့ ဘိုးတော်က ထိုသားအမိကို မကြေမနပ်နဲ့ မိုက်ကြည့်ကြည့်နေပါသည်။
သားအမိ။ ။အရှင်ဘုရား တပည့်တော်သား အရှင်ဘုရားဆီမှာ ပဥ္ဇင်းခံချင်လို့ပါ…ခွင့်ပြုပေးတော်မူပါ…..
ဆရာတော်။ ။ငါ့ကျောင်းမှာ ဝိနည်းအတိုင်းနေနိုင်ရင် ဘယ်သူမဆို ဘုန်းကြီးဝတ်လို့ရတယ်….
ဝိနည်းမညီရင်တော့ ကျောင်းက ကိုယ်တော်တွေရဲ့ အဆုံးအဖြတ်ဘဲ…..
ဆရာတော်ကဆေးသမားပုံထွက်နေသောကောင်လေးကိုကြည့်ပြီးပြောလိုက်ပါသည်။
မိုင်ဒါစျေးက ကိုကြီးအလှည့် ရောက်လာပါပြီ……
ကိုကြီး။ ။အရှင်ဘုရားဒီထဲမှာပါလား…… ကက်ဆက်ကိုမြှောက်ပြီး မေးပါသည်။
ဆရာတော်။ ။ဘာလေးလဲ….
ကိုကြီး။ ။ကက်ဆက်ပါ……
ဆရာတော်။ ။ဘာလုပ်ဘို့လဲ……
ကိုကြီး။ ။ဆရာတော်ဟောတဲ့တရားတွေကို အသံဖမ်းထားတာပါ……
ဆရာတော်။ ။ငါဒီနေ့ ဘာတရားမှ မဟောရသေးဘူး…….
ကိုကြီးစိတ်ပျက်သွားပါသည်။ တရုတ်ကြီးအတွက်နေရာဖယ်ပေးလိုက်ရပါသည်။
တရုတ်ကြီး။ ။အရှင်ဘုရား နောက်လကျရင် အရှင်ဘုရားဆီမှာ ဘုန်းကြီးဝတ်ချင်လို့ပါ…..
ဆရာတော်။ ။ဒုလ္လာဘဝတ်တာ အခုဝတ်ချင်ရင်လည်း ဝတ်လို့ရတယ်…..
တစ်သက်လုံး ငါ့ကျောင်းမှာဝတ်ချင်ရင်တော့ ဒကာမရဲ့ခွင့်ပြုချက်တော့လိုတယ်…….
ဆရာတော်၏ မိန့်ကြားသောစကားသည် တရုတ်ကြီးကို ကြောင်တောင်တောင်ဖြစ်သွားပါသည်။ တရုတ်ကြီး၏အမှု ရှေ့လကျရင် စီရင်ချက်ချမယ်။ သူ့အမှု ကွင်းလုံးကျွတ်လွတ်ရန် ဆရာတော်ကြီးဆီက အကူအညီတောင်းနေတဲ့ပုံမျိုး….
ငကျော့်အလှည့်…
ငကျော်။ ။ရှေ့လဖြေတဲ့စာမေးပွဲကို အောင်ချင်ပါတယ်ဘုရား……
ဆရာတော်။ ။စာဖတ်ရင်စာမေးပွဲအောင်မှာပေါ့……
ငကျော့်ခေါင်းကို ဆရာတော်ကိုင်ပြီး မိန့်လိုက်ပါသည်။ ကျနော့်အလှည့်ရောက်ပြီ….
ကျနော် ဖောင်တိန်၊ မျက်မှန်၊ ဆရာတော်ပုံ၊ ကားသော့များကို လက်ကိုင်ပုဝါထဲထည့်ပြီး သိန္ဓိတင်ရန်မြှောက်လိုက်တော့…. ဆရာတော် လက်ဖဝါးနှင့် ထိပေးပါသည်။ ဆရာတော်မျက်နှာကို ဖူးနေရင်း နှုတ်မှ ဘာမှဆုမတောင်းဖြစ်ခဲ့ပါ။ သို့သော် ဆုမတောင်းဖြစ်ခဲ့ပါလို့ ပြောရင်လည်း လိမ်ရာကျမည်။ နှတ်မှထုတ်မပြောခဲ့သော်လည်း ရင်ထဲမှာ အောက်ပါစကားများကို ရေရွှတ်မိခဲ့ပါသည်။
အရှင်ဘုရား… တပည့်တော် ဒီနေ့ည ရန်ကုန်ပြန်ရောက်ချင်ပါတယ်… ကူညီနိုင်မယ်ဆိုရင် ကူညီပေးပါ….
မိုင်ဒါစျေးမှ သူငယ်ချင်းများနှင့် နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြပါသည်။ သူတို့တွေ ဆိုင်ကယ်နှင့်လာကြသည်။ နောက်တစ်နာရီခွဲကျော်လျှင် သူတို့အိမ် သူတို့ ပြန်ရောက်တော့မည်။ ကျနော် နာရီကိုကြည့်လိုက်တော့ သုံးနာရီနဲနဲကျော်နေပြီ…. ဖားအံ ဇက်သင်္ဘောက 4 နာရီဆိုရင် နောက်ဆုံးထွက်တော့မည်။ စစ်တောင်းတံတားက 6 နာရိပိတ်မည်။ ကျနော်ဒီည အိမ်ပြန်ရောက်ပါ့မလား…..
အိမ်အပြန်ခရီးဟာ ကျနော့်အတွက် မျော်လင့်ချက်မရှိသလောက်…….
ကျနော်တို့ ကားရပ်သောနေရာကိုဆင်းခဲ့ပါသည်။
ကားကိုမြင်တော့ ကျနော် နဲနဲအံ့သြသွားပါသည်။ ဒေါသလည်း ထွက်သွားပါသည်။
ဘိုးတော်နှင့် အပေါင်းအပါအဖွဲ့များသည် ဟိုင်းလတ် ငါးချိတ်ထဲမှာ အပြည့်ထိုင်နေကြသည်။
ငကျော်။ ။ ဟေ့…ဘယ်သူ့ခွင့်ပြုချက်နှင့်ထိုင်နေကြတာလဲ…..
လူအများ။ ။ ဘိုးတော်အမိန့်နဲ့ပါ။
ငကျော်။ ။ဘိုးတော်တွေ ဘွားတော်တွေ နားမလည်ဘူး…. အားလုံးဆင်းကြ… အခုဆင်း..
ငကျော်ဒေါပွပွနှင့် အားလုံးကိုကောပါတော့သည်။
ဘိုးတော်။ ။မောင်ရင်တို့ ရန်ကုန်ပြန်ကြမှာဘဲ…. အဆင်ပြေရင် လမ်းကြုံလိုက်ခွင့်ပြုပါ…. ဒီအချိန်လိုင်းကားလည်းအဆင်မပြေတော့ဘူး…
အဆင်ပြေတဲ့နေရာထိလောက်တော့ကူညီလိုက်ပါ…….
ဖားအံထိ လိုက်ပို့ပေးလိုက်မယ်လို့ ဆုံးဖြတ်ပြီး သူတို့ကိုတင်ခဲ့ပါသည်။
ကျနော်ကားမောင်းရင်း ဒီလူအုပ်ကြီးနှင့် မြန်မြန်မမောင်းနိုင်ပါ။ ကျနော့်အိမ်အပြန်ခရီးမှာ ဒီလူတွေကြောင့် အနှောင့်အယှက်ဖြစ်နိုင်သည်။ ဖားအံဘုရားကြီးရှေ့ရောက်တော့ အားလုံးကို ဆင်းခိုင်းလိုက်ပါသည်။
ဘိုးတော်။ ။မောင်ရင်တို့ ရန်ကုန်သွားမှာမဟုတ်လား….. ဘိုးတော်ကိုလိုက်ခွင့်ပြုပါ…ကျန်တဲ့လူတွေကိုတော့ မောင်ရင့်သဘောဘဲ……
ငကျော်။ ။ကျနော်တို့ အစီအစဉ်ပြောင်းသွားပြီ….ဘိုးတော်လည်းဆင်းတော့…..
ဘိုးတော်သည် ငကျော်ကို သာမညဆရာတော်ရှေ့မှာ ဆေးသမားသားအမိကိုကြည့်တဲ့ မကြေနပ်တဲ့အကြည့်နဲ့ ထပ်ကြည့်ပြန်ပါသည်။
ခုနှစ်ရက်သားသမီးကို ကယ်မဲ့ဘိုးတော်ကလည်း ဒေါသကြီးလှချည်လား…….
ဖားအံဇက်ဆိပ်သို့ ကမ်းနားလမ်းအတိုင်း မောင်းလာခဲ့ပါသည်။ ဇက်ခေါင်းတိုင်မှာ မီးခိုးတလူလူထွက်နေတာ မြင်ရပါသည်.။ ဇက်သင်္ဘောထွက်နေပြီလား…. ဒါမှမဟုတ်ထွက်ခါနီးနေပြီလား…. ဇက်အဆင်း ကားလမ်းအတိုင်း မောင်းချလိုက်ပါသည်။ မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျနော် တော်တော်စိတ်ဓါတ်ကျသွားပါသည်။ မြဝတီမှဆင်းလာသော ကုန်ကားများအပြည့်နှင့် ဇက်ကြီး ကမ်းနားမှခွာစပြုနေပါပြီ…. ပေနှစ်ဆယ်လောက် ကမ်းကခွာနေပြီ…. ကျနော်ကားကို ဇက်သင်္ဘောဆီသို့ တက်သော လမ်းထိပ််မှာ ထိုးရပ်လိုက်ပါသည်။ ဇက်ပေါ်မှာလည်း ကားတွေပြည့်နေပါပြီ။ ဇက်ပေါ်မှာ ကျနော်တို့ကားတစ်စီးစာလောက်တော့ ကျန်နေသေးသည်။ ဇက်မောင်းသော ဆလင်ကြီး၏သဘောဘဲ……. သူသနား၍ လိုက်ခွင့်ပြုလျှင် ကျနော်လိုက်ရမည်။ ထွက်သွားလျှင်လည်း ကျနော်ကျန်ခဲ့မည်။ ဖားအံဇက်ကို မှီတယ်ထားဦး.. ကျနော် ခရီးဆက်ရမှာရှိသေးသည်။
စစ်တောင်းတံတားကို မှီနိုင်ပါ့မလား…..စစ်တောင်းတံတားက 6 နာရီကျော်လျှင်ခွင့်မပြု…..
ထိုအခိုက် အံ့သြဖွယ်ရာ ဇက်ကြီးသည် ကျနော့်ကားတစ်စီးအတွက်နဲ့ ကမ်းသို့ပြန်ကပ်လာပါသည်။
ကျေးဇူးတင်လိုက်တာဆလင်ကြီးရယ်….
ဘုန်းကြီးပါစေ…အသက်ရှည်ပါစေ……
ကျနော်တို့ သထုံရောက်ချိန်မှာ 4 နာရီခွဲနေပြီ…. ဘီးလင်း၊ ကျိုက်ထိုကျန်နေသေးသည်။ ကျနော် စစ်တောင်းတံတားကို မှီနိုင်ဘို့ တော်တော် အခွင့်အရေး နဲနေပြီ…. ဘာဘဲဖြစ်ဖြစ် မှီလိုမှီငြား ကြိုးစားရမှာက ကျနော့်တာဝန်….
ဘီးလင်းအထွက် လုံခြုံရေးဂိတ်နေရာမှာ ကျနော်တို့ကားကို ဒုရဲအုပ်တစ်ယောက်က တားပါသည်။ သူယဉ်ယဉ်ကျေးကျေးဘဲ အကူအညီတစ်ခု တောင်းပါသည်။ လူနှစ်ယောက် လမ်းကြုံခေါ်တင်သွားဘို့ တစ်ယောက်က ကျိုက်ထိုမှာဆင်းမည်။ နောက်တစ်ယောက်က စစ်တောင်းမှာ ဆင်းမည်။ ဒီအချိန်လိုင်းကားတွေလည်း မရှိတော့ပါ။ လူနှစ်ယောက်လုံခြုံရေး သူတာဝန်ယူကြောင်း ဘီးလင်းရဲစခန်းမှ ဒုရဲအုပ်သူ့အမည်ကိုလည်း ပြောပြပါသည်။ လူနှစ်ယောက်အတွက်က ဘာမှအပန်းမကြီးပါ။ ကျနော်ခေါ်တင်ပြီး ခရီးဆက်ခဲ့ပါသည်။ လမ်းမှာကားရှင်းနေသောကြောင့် ကျနော် မြန်မြန်ဘဲ မောင်းနေပါသည်။ ကျိုက်ထိုမှာ လူတစ်ယောက်ချပေးပြီး ကျနော်တို့ ခရီးထပ်ဆက်ပြန်ပါသည်။ နာရီကြည့်မိတော့ မျော်လင့်ချက်မရှိသလောက်ပါဘဲ….. ခြောက်နာရီထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။
အိမ်ပြန်ချင်ဇောနှင့် ကျနော်လည်း မြန်နိုင်သမျှမြန်အောင် မောင်းနေပါသည်။ နောက်ခန်းမှာ လမ်းကြုံလိုက်လာသောသူမှာ ကားဝမ်းထဲမှာ ခလောက်ဆန်နေပါသည်။ သူသည် ကျနော်ကို တစ်စုံတစ်ရာကို အော်ပြောနေပါသည်။ ကျနော်မကြားပါ ကျနော့်စိတ်ထဲမှာ စစ်တောင်းတံတားကို အမြန်ရောက်ချင်နေသည်။ ကိုယ့်ကိုကိုယ် မမှီတော့မှန်းတော့ သိနေပါပြီ…. ဒါပေမယ့် ဆက်ပြီးမောင်းနေဆဲ…..
သိမ်ဇရပ်ကို လွန်ချိန်မှာတော့ စစ်တောင်းတံတားကို လှမ်းမြင်နေရပါပြီ……
ဒီတစ်ခါတော့ ကျနော် စိတ်ဓါတ်လုံးလုံးကျသွားပါပြီ….. အချိန်လွန်ခဲ့ပါပြီ……ဖြူနီတုံးများ လုံခြုံရေး အတားအဆီးများချထားပြီးပါပြီ….
စစ်တောင်းတံတားကို ဖြတ်သန်းခွင့်မပြုတော့ပါ။ လုံခြုံရေးဂိတ်နားထိ သွားရင်း မေးမြန်းကြည့်တော့ သူတို့သွားခွင့်မပြုတော့ပါ။ ကျနော် စိတ်ပျက်လက်ပျက်နှင့် ပြန်လှည့်လာပြီး ထမင်းဆိုင်တစ်ဆိုင်ရှေ့မှာ ထိုးရပ်လိုက်ပါသည်။ ထမင်းစားတော့မည်။ အိပ်ဘို့နေရာ စုံစမ်းကြည့်တော့ သူတို့ထမင်းဆိုင်မှာဘဲ အိပ်ပါတဲ့…. ထမင်းစားရန် နောက်ကကားကြုံလိုက်လာသူကိုပါ ခေါ်လိုက်ပါသည်။
ငကျော်။ ။ခင်ဗျား ဘယ်မှာဆင်းမှာလဲ စစ်တောင်းရောက်နေပြီလေ……..
လမ်းကြုံ။ ။ကျနော်ရွာက စစ်တောင်းတံတားဟိုဖက်မှာ…. ကျနော်လဲဒီညဒီမှာဘဲအိပ်ရတော့မယ်ထင်တယ်……
ကျနော်တို့ထမင်းစားလိုက်ကြပါသည်။ ထမင်းစားပြီးတော့ လမ်းကြုံလိုက်လာသောသူက ….
ခင်ဗျားတို့ကိုကျေးဇူးအရမ်းတင်တယ်ဗျာ...
တစ်ကယ်ဆို ကျနော်က အိမ်ရှင်၊ ခင်ဗျားတို့က ဧည့်သည် ထမင်းကျွေးရမှာက ကျနော့်တာဝန်ဖြစ်ရမှာ…..
ကိစ္စမရှိပါဘူးဗျာ….ကျနော်တို့က ကြိုးစားပြီး စစ်တောင်းအမှီ မောင်းတာဘဲ၊
မမှီတော့လည်း ဘာတတ်နိုင်မှာလဲ….ကဲ…ကဲ…
ကျနော်တို့ အိပ်ဘို့စီစဉ်ကြရအောင်….
ခဏလေးဗျာ…ကျနော်စစ်တောင်းဖြတ်ဘို့ ကျနော်ကျိုးစားကြည့်မယ်….
မရခဲ့ရင်လည်း ကျနော့်ကိုအပြစ်မပြောကြပါနဲ့…….
ကြိုးစားကြည့်တာမမှားပါဘူး…. ကျနော်တို့ဒီထမင်းဆိုင်မှာဘဲ စောင့်နေခဲ့မယ်…..
ပြောသာပြောလိုက်ပါသည် အားမရှိပါ။
သူကျနော်တို့ကိုပြောပြီး စစ်တောင်းတံတားဘက်ကို ဆိုက်ကားနှင့်ထွက်သွားပါသည်။ သူနာရီဝက်ကျော်တော့ ပြန်ရောက်လာပါသည်။ လာ…သွားရအောင်တဲ့…. စိတ်ထဲမှာ ဒီစကားကြားရတာ အရမ်းဝမ်းသာသွားပါသည်။ သို့သော် စစ်တောင်းတံတား မဖြတ်မချင်း လုံးဝမပျော်နိုင်သေးပါ။ လုံခြုံရေးဂိတ်မှာ ကျနော်တို့ကားကို စစ်ဆေးပါသည်။ ကျနော်တို့ကားမှာ အဝတ်အစားအိတ်ပင်မပါ။ တစ်ညအိပ်ခရီးဆိုတော့ ဘာမှမယူခဲ့တော့ပါ။ အထုတ်တစ်ထုတ်ကို လုံခြုံရေးဂိတ်က ဖွင့်ကြည့်ပါသည်။ သာမညဆရာတော်ပုံတော်များ အခြားသာမညတောင် အမှတ်တရပစ္စည်းများ ထွက်ပေါ်လာပါသည်။ သာမညဆရာတော်ဖူးပြီး ပြန်လာတာဖြစ်ကြောင်း ရှင်းပြလိုက်ပါသည်။ သေသေချာချာ စစ်ဆေးပြီးတော့ ကျနော်တို့ကားကို ဖြတ်ခွင့်ပေးလိုက်ပါသည်။
စစ်တောင်းတံတား ဟိုဘက်ရောက်တော့ ကားကြုံလိုက်သူက ဆင်းပြီး နေရစ်ခဲ့ပါသည်။ စိုင်းထီးဆိုင်ခေါ် ဗိုလ်ထီးလို့ သူ့ကို ခေါ်ကြတယ်။
ဒီရွာနဲ့ပတ်သတ်ပြီး ကိစ္စကြီးငယ်ရှိရင် ဝင်ခဲ့ပါတဲ့….
ကျေးဇူးတင်လိုက်တာစိုင်းထီးဆိုင်ရယ်…. ငကျော်နှင့် ကျနော် နှစ်ယောက်တည်း .. မော်လမြိုင် ရန်ကုန်ကားလမ်းမပေါ်မှာ ကျနော်တို့ ဟိုင်းလတ်ကား အဟုန်ပြင်းစွာနဲ့ ပြေးလွားနေပါသည်။ ည 10 နာရီ မထွက်ရ အမိန့်ထုတ်ထားသောကြောင့် ကားလမ်းပေါ်မှာ ကားတစ်စီးမှ မရှိပါ။ ကျနော်တို့ ပဲခူးရောက်တော့ ညကိုးနာရီထိုးနေပြီ….. ပဲခူးမှာဘဲ အိပ်လိုက်ရင် ကောင်းမလားလို့ တွေးမိပါသေးသည်။ မအိပ်တော့ အိမ်ကိုပြန်ရောက်အောင် ပြန်တော့မည် နဲနဲနောက်ကျခဲ့ရင်လည်း စစ်ဆေးရေးဂိတ်တွေကို ရှင်းပြလိုက်မည်။
ကားတွေရှင်းနေသောကြောင့် လွတ်လွတ်လပ်လပ် အရှိန်အဟုန်ပြင်းစွာနှင့် ပြေးပြေးလွှားလွှား…….
ကားထဲမှာ ကက်ဆက်ခွေမပါသောကြောင့် ကျနော်တို့နှစ်ယောက် သီချင်းတွေ အော်ဆိုနေခဲ့ကြပါသည်။ ဘူမိဗေဒကွင်းဆင်းတုန်းက ဆိုခဲ့သော သီချင်းတွေ တကြော်ကြော်အော်ဆိုရင်း ကားမောင်းလာခဲ့ကြပါသည်။ ကားမပျက်ရင် ဒီနေ့ည အိမ်ပြန်ရောက်မည်။ ရန်ကုန်ထဲဝင်လာပါပြီ….. ၄၆ လမ်းမှာနေသောကြောင့် ကန်တော်ကြီးဟိုတယ်ရှေ့ ကန်ပတ်လမ်းအတိုင်း မောင်းနှင်လာပါသည်။ ပုဂံလုံးကျွန်းနှင့် ဆရာဝန်အသင်းတိုက်ထောင့်မှာ လ္ဘက်ရည်ဆိုင်တစ်ဆိုင် တွေ့လိုက်ရပါသည်။
ဆိုင်ရှင်လည်းရောင်းနေဆဲ…
လူတွေလည်းထိုင်နေဆဲ…
10 နာရီထိုးရန် ဆယ်မိနစ်လိုနေသေးသည်။ ကျနော်တို့နှစ်ယောက် လ္ဘက်ရည်သောက်ရန် ဆင်းလိုက်ကြပါသည်။ နှပ်ထားသော လ္ဘက်ခြောက်အနံ့ မွှေးမွှေးလေးက နှာခေါင်းထဲတိုးဝင်လာနေပါသည်။ လ္ဘက်ရည်တစ်ကျိုက်ငုံပြီး မျိုချလိုက်ပါသည်။ အား..အရသာရှိလိုက်တာ…. ဒီလ္ဘက်ရည်က ဦးချစ်သား ကို်ကျော် ဖျော်နေပေးနေကျ လ္ဘက်ရည်ထက်ပိုပြီး အရသာရှိနေပါသည်။
မက်မက်မောမောနှင့် နောက်တစ်ကျိုက်ကို ထပ်သောက်လိုက်ပြန်ပါသည်။ ဆေးလိပ် တဖွာဖွာရှိုက်ရင်း ငကျော်နှင့်ကျနော် မျက်လုံးချင်း ဆုံမိကြပါသည်။ ပြီးနောက် နှစ်ဦးလုံး ပြိုင်တူခေါင်းငြိမ့်မိပါသည်။
ကျနော်တို့နှစ်ယောက် ခေါင်းငြိမ့်သောအဓိပ္ပါယ်ကို ကျနော်တို့နှစ်ယောက်သာ သိပါသည်။
ဒီလောက် အချိန်အတောအတွင်း၊ ဒီလိုအခက်အခဲတွေကြားထဲက 10 နာရီအမှီရန်ကုန်ပြန်ရောက်ခဲ့တာ
တစ်စုံတစ်ယောက် အကူအညီမပါဘဲနှင့် မရောက်နိုင်ပါ။
လောကကြီးသည် ထူးဆန်းအံ့သြဖွယ်ရာများနှင့် ပြည့်နေပါသည်။


Comments
Post a Comment