Geologist နှင့် အချစ်ဒုက္ခ
Photo credit to original uploader
ငယ်ရာမှကြီးလာခဲ့ကြသော လူသားအားလုံးသည် အချစ်ဆိုသောအရာနှင့် ဘဝမှာ တစ်ချိန်ချိန်တော့ ကြုံဘူးကြပါလိမ့်မည်။ အချစ်သည် တစ်ခါတစ်ရံ ချိုမြိန်စေသကဲ့သို့ တစ်ခါတစ်ရံ ခါးသက်စေပါသည်။ အချစ်မရှိဘဲနေရခြင်းသည် ဆားမပါသောဟင်းနှင့် ထမင်းနယ်စားသလို ဘာမှ အရသာမရှိပါ။ အချစ်သည် စိတ်ကို နုပျိုစေသလို တစ်ခါတစ်ရံ အိုမင်းရင့်ရော်စေပါသည်။ ကဗျာဆရာတွေ သီချင်းရေးဆရာတွေ အချစ်နှင့်ပတ်သတ်ပြီး ရေးချင်တာတွေ လျှောက်ရေးနေပါသည်။ ကျနော်ကတော့ အချစ်သည် လူကို တော်တော် ဒုက္ခပေးပါသည်ဟု အော်ဟစ်ပြီး ပြောပစ်လိုက်ချင်ပါသည်။
အိပ်ရေးပျက်တာ နှစ်ညဆက်တိုက်ရှိပြီ ဒီနေ့ညပါဆို သုံးညမြောက် မာလာဆောင် ဂိတ်ပေါက်ဝရှေ့မှာ ကျနော်တို့အုပ်စု ဂစ်တာ တီးနေပါသည်။ နံနက်သုံးနာရီထိုးခါနီးနေပါပြီ…. ရန်ကုန်ဆောင်းကမကုန်သေး။ မာလာဆောင်သူတွေကတော့ စောင်ခြုံပြီး ကွေးနေလောက်ပြီ….. အပြင်ကကျနော်တို့ ချမ်းချမ်းစီစီးနှင့် ချစ်ဒုက္ခကို အကြီးအကျယ်ခံနေရသည်။ ည 10 နာရီလောက်ကတည်းက ကျနော်တို့အုပ်စု ရောက်နေပါသည်။ ဟိုဘက်မှာ ပဲခူးဆောင်အဖွဲ့၊ ဒီဘက်မှာက အင်းဝဆောင်အဖွဲ့၊ မာလာဆောင် ပြည်လမ်းဂိတ်ပေါက်ဝ တည့်တည့်မှာ ကျနော်တို့သုံးအုပ်စု နေရာယူပြီး တစ်ယောက် တစ်လှည့် ဂစ်တာတီး သီချင်းဆိုနေကြပါသည်။ ညဉ့်နက်လေ ပို၍အေးလာလေ….. ကြာလာတော့ ရန်ကုန်အအေးဒဏ်ကို မခံနိုင်သောကြောင့် အုပ်စုသုံးအုပ်စုလုံး ရောထွေးပြီး တစ်စုထဲဘဲ စုပြုံတိုးဝှေ့ပြီး အအေးဒဏ်ကို တွန်းလှန်နေရပါသည်။
ပဲခူးဆောင်အဖွဲ့နှင့် အင်းဝဆောင်အဖွဲ့က 12 နာရီမှာကတည်းက ပြန်တော့မယ်၊ ကျနော်တို့အုပ်စု ချစ်ဒုက္ခကို သနားပြီး ရောယောင် ချစ်ဝေဒနာ ခံစားနေကြသူများ ဖြစ်ပါသည်။ ကျနော်တို့အုပ်စု တစ်အုပ်စုလုံး ချစ်ဒုက္ခ ခံစားနေတာမဟုတ်ပါ။ ဗျော့ကြီးတစ်ယောက်သာ ချစ်ဒုက္ခကို ခံစားနေတာပါ။ ကျနော်တို့က သူငယ်ချင်းအတွက် သူ့ကောင်မလေး စိတ်ပြေစေရန် ရွှေနားတော်သွင်း သီချင်းများနှင့် ဝိုင်းဒုက္ခခံနေရပါသည်။ ဗျော့ကြီးကတော့ စိတ်ဓါတ်ကျပြီး ခေါင်းငိုက်စိုက်ကျနေပါသည်။ ဒါပေမယ့် ဒီနေ့ည နဲနဲ အခြေအနေ ကောင်းနေပါသည်။ မာလာဆောင် ပထမထပ်မှာရှိသော သူ့ကောင်မလေးအခန်းက မီးဖွင့်ထားဆဲ….. အခြေအနေခန့်မှန်းရခက်နေပါသည်။
ပြီးခဲ့သောညတွေမှာ ကျနော်တို့အသံလည်းကြားရော… ဒေါက်..ကနဲ အခန်းမီးပိတ်လိုက်ပါသည်။
ဘယ်လောက်ဆိုးသလဲ စဉ်းစားသာကြည့်…
ချမ်းချမ်းစီးစီးနှင့် ဂစ်တာတီးတဲ့သူတွေကိုတောင် မသနား…..
အေးလေ…သူမသနားလို့လဲ ဗျော့ကြီးတစ်ယောက် ကြွေနေတာပေါ့။ ဒီနေ့ည အခြေအနေကောင်းနေပါသည်။
ဒါပေမယ့် ဘာမှအကြောင်းမပြန်သေး….. ရာသီဥတုကလည်း အရမ်းအေးနေပါသည်။ ဂစ်တာတီးသောလက်များလည်း နာနေပြီ။ အသံလည်း ပြာနေပြီ၊ ဆိုစရာသီချင်းတွေ စဉ်းစားမရတော့၊ ဘေးက နှစ်ဖွဲ့ကလည်း ဝိုင်းစဉ်းစားပေးနေသည်။ ဒီလိုအခြေအနေမျိုးမှာ ပို၍ ဂရုစိုက်ရသည်။ သီချင်းကိုလည်း ရွေးရသေးသည်။ အောက်ကျို့ပြီး ချစ်တဲ့အကြောင်းရေးထားသော သီချင်းမျိုးကို ရွေးချယ်ရသည်။ စိန်ခေါ်ရင် တိမ်ပေါ်လိုက်မည့်ပုံမျိုး၊ စိန်ခေါ်တဲ့ သီချင်းမျိုး သွားဆို၍မဖြစ်ပါ။ တော်ကြာ ဒေါက်ကနဲ မီးပိတ်လိုက်ရင်သေပြီ…. ခဲလေသမျှ သဲရေကျဖြစ်ကုန်မည်။
ကြာလာတော့ ကျနော်တို့အားလုံးကလည်း အချစ်သည် လူကို တော်တော်ဒုက္ခပေးပါသည်ဟု သံပြိုင်အော်ဟစ်ချင်နေကြပြီ…..
ဗျော့ကြီးတို့အတွဲ ပြီးခဲ့တဲ့ ဆယ်ရက်ကျော်လောက်ကတည်းက စိတ်ကောက်နေကြပါသည်။
ကျနော်တို့အားလုံး အမှုမဲ့ အမှတ်မဲ့…ဒါ …ဖြစ်တတ်တဲ့သဘောဘဲ…..
စိတ်ကောက်လိုက် ပြန်ချော့လိုက် ပြန်တဲ့လိုက် ပိုချစ်လာလိုက် ဒါဟာချစ်သူတွေရဲ့ထုံးစံပါဘဲ…
ဒါပေမယ့် အဲဒီထုံးစံတွေထဲမှာ ဗျော့ကြီးတစ်ယောက်မပါ။ သူဘဲစိတ်ကောက်မည်၊ ကောင်မလေးက သူ့ကိုချော့ရမည်။
ဒါ… သူ့ထုံးစံ ….ဒီထုံးစံနှင့်နေလာခဲ့တာ တော်တော်ကြာပြီ…
ဒီတစ်ခါတော့ သူ့ကောင်မလေး ဗျော့ကြီးထုံးစံကို လုံးဝ သပိတ်မှောက်လိုက်ပါပြီ… လုံးဝပြန်မချော့…..
ပထမ ဗျော့ကြီးသူ့ထုံးစံအရ နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင် ကောင်မလေး မန္တလေးဆောင်ကိုလာပြီး လာချော့မယ်လို့ မျော်လင့်နေသည်။
တစ်ရက်လည်း ရောက်မလာ၊ နှစ်ရက်လည်း ရောက်မလာ၊ သုံးရက်လည်း ပေါ်မလာခဲ့ပါ။ ဒီကောင့်လည်ပင်း တစ်ရက်ပြီး တစ်ရက် ပို၍ ပို၍ ရှည်ထွက်လာသည်။ ကျနော့်စိတ်ထင် ဒဂုံဆောင်ကဗျော့ကြီးလည်ပင်းဟာ မာလာဆောင်ဂိတ်ပေါက်ဝကို ရောက်တော့မယ်ထင်ပါရဲ့…… သူလည်ပင်းရှည်တာ အရေးမကြီး မဆီမဆိုင် ကျနော်လည်း ခြေထောက်ရှည်နေရပါသည်။ ဒဂုံဆောင်နှင့်မာလာဆောင်ကို လွန်းပျံ ပြေးနေရသည်။
ကျနော်တို့အားလုံးဟာ ရန်ကုန်မှာ ကျောင်းလာတက်နေကြသော တစ်နယ်တည်းသားတွေပါ…ပြောရမယ်ဆိုရင် ရပ်ဆွေရပ်မျိုးလို့လည်း ပြော၍ရသည်။ မောင်နှမတွေဆိုလည်း ဟုတ်ပါသည်။ မိဘတွေရော မောင်နှမတွေပါ အားလုံးခင်ကြပါသည်။ ဗျော့ကြီးကောင်မလေးက ကျနော့်ညီမသူငယ်ချင်း ဒါကြောင့်မို့ ကျနော့်ကိုလည်း အစ်ကိုတစ်ယောက်လို ခင်ပါသည်။ ဟိုနေ့က မာလာဆောင်ရောက်တော့ ကောင်မလေး ဗျော့ကြီးနှင့် ဘာမှမဖြစ်သလိုဘဲ ပြောပါသည်။ ဒီမှာဗျော့ကြီးက ဒဂုံဆောင်မှာကြွေနေပြီ…..အဲဒါပြောပြတော့ ဘာမှမဖြစ်ဘူးတဲ့…
နောက်ရက်သွားတွေ့တော့ ကျနော့်ကိုပါ ထွက်မတွေ့တော့……ဘာတွေစိတ်ကောက်နေကြလဲကျနော်မသိ….
ကျနော်သိတာက မာလာဆောင်ပြေးရတာနဲ့ အီကိုကိုလိုက်ရတာနဲ့ ကျနော့်ခြေထောက် ညောင်းလို့သေတော့မယ်……
10 ရက်လောက်နေတော့ ဗျော့ကြီးသူ့ထုံးစံပြောင်းပြန်လှန်လိုက်ရပါသည်။ အချစ်မရှိသောကမ္ဘာမှာ ဗျော့ကြီးတစ်ယောက် ကြာကြာဆက်ပြီး မနေနိုင်တော့ပါ။ ဗျော့ကြီးအလံဖြူတင်လိုက်ရပါပြီ။ သနားခံစာတွေ အကြိမ်ကြိမ် ကျနော် ပို့ပေးနေရသည်။ ဘာမှတုန့်ပြန်မှုမရ….. ဒီတစ်ခါတော့ တစ်ကယ်သွားပြီထင်တယ် ဆိုပြီး ဗျော့ကြီး ပြာနေပြီ….. သူပြာနေတော့လည်း ကျနော်လည်းမနေရပါ။ ညနေတုန်းကလည်း မာလာဆောင်ကို ရောက်ခဲ့ပါသည်။ သူ့ကောင်မလေး ထွက်မတွေ့…….မှာစရာရှိတယ်၊ နင် ထွက်မတွေ့လည်း ဧည့်ချိန်ကုန်တဲ့အထိ ထိုင်စောင့်နေမယ်လို့ ပြောလိုက်တော့မှ ကြောက်ကြောက်နဲ့ထွက်လာပြီး ဇာတ်စုံခင်းပြခဲ့ပါသည်။
…….အစ်ကိုသူငယ်ချင်းဟာ ကျမအပေါ် အရမ်းအနိုင်ယူတယ် …..နေရာတကာ သူ့စိတ်ချည်းဘဲ…..
…..ဒီမတိုင်ခင်က သူငယ်ချင်းတွေနှင့် ဆရာတွေကို သွားကန်တော့ကြမလို့ သူဘဲခွင့်ပြုထားတယ်…..
…..သွားခါနီးကျမှ မသွားရဘူးတဲ့….ကျမ…..ဆရာတွေကို မလေးစားသလို မဖြစ်သွားဘူးလား….
..သူငယ်ချင်း FRESHER WELCOME တုန်းကလည်း အားလုံးပြောပြီးမှ မသွားရဘူးတဲ့……
……ဒီတစ်ခါနှစ်ခါကိုဘဲ ပြောနေတာမဟုတ်ဘူး… ကျမကို ခဏခဏအရှက်ခွဲတယ်…….
..ငါတို့တွေက ရပ်ဆွေရပ်မျိုးဆိုလည်း ဟုတ်တယ်….မောင်နှမတွေဆိုလည်း မမှားဘူး…
... ဗျော့ကြီးစိတ်တိုတတ်တာ…ကလွဲပြီး ကျန်တာကောင်းပါတယ် နင်လည်း သူ့အကြောင်း သိရက်သားနဲ့့………
... ဒါလေးတစ်ခုကိုခွင့်လွှတ်လိုက်ပါ…..
...တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်… ကျမကို ….ခဏခဏ……စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်…….
….ကြာလာတော့ ကျမသူ့ကို စိတ်ကုန်လာပြီ…..ကျမ အသစ်ရှာချင်လို့ ပြောတာမဟုတ်ဘူး….. ……ကျမအကြောင်းအစ်ကို့ညီမအသိဆုံး…
……..ဒီစိတ်ရှုတ်တဲ့ဒဏ်တွေကို မခံချင်တော့လို့ပါ…. အဟင့်….အဟင့် ..ပြောပြီး ငိုပါလေတော့သည်။
ဟုတ်လည်း ဟုတ်ပါသည်။ ဗျော့ကြီးတစ်ကောင်ဟာ နေရာတကာ သူ့စိတ်ချည်းဘဲ… ဒီကောင်သဘောကောင်းပါသည်… ကျနော်သိသ၍ ဗျော့ကြီးရဲ့စိတ်ဟာ လက်တွေ့ဆန်သည်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ တော်တော်ဂွကျသည်။ သူ့ကောင်မလေးပြောပြသော စကားတွေကို ဒီကောင်ကို ပြောပြလို့မဖြစ်သေး။ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်နိုင်သည်။ ဒီအကြောင်း သူသိလို့ကတော့ ဒေါပွပွနဲ့ မာလာဆောင်ရှေ့မှာ သူလာအော်ဆဲမှာ သေချာသည်။ ဒါဆို ဒီကောင်လည်း လှည်းတန်းဂတ်တဲရောက်ဖို့ကိန်း မြင်နေရသည်။
ညဉ့်ကလည်း ပို၍နက်လာသလို ရာသီဥတုလည်း ပို၍အေးလာပါသည်။ စောစောက ကျနော်တို့နားမှာ လာခွေပြီး အိပ်နေကြသော ခွေးတွေတောင် ဘယ်ရောက်ကုန်ပြီလဲမသိ…. မရှိတော့ပါ။
ဘာသီချင်းဆိုမှန်းတောင် စဉ်းစား၍မရတော့ပါ။ ကောင်မလေးကဗျော့ကြီးကို ချွတ်ဘို့ ပြင်ဆင်ထားပုံရပါသည်။ ဒီရည်းစားနှစ်ယောက်ကြားထဲမှာ ကျနော်တို့အုပ်စုကလည်း ကန့်လန့်ကန့်လန့်ပါနေရပါသည်။ ဆိုစရာ သီချင်းလည်း ရှာမရတော့၊ ဂစ်တာတီးတဲ့ လက်တွေလဲ နာနေပြီ၊ ဒီတော့ ဗလာဆိုင်းနဲ့ ကိုတင်လှိုင်သီချင်းကိုဘဲ သံပြိုင်ဟစ်အော်ကြပါတော့သည်။
နှစ်ဦးစလုံးရဲ့ အသည်းများမှကွယ်.. အသိတရားများကို ဖလှယ်..
တွယ်တာ နှောင်တည်းကြသူချင်း..မို့ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်..
ချစ်စရာအပြုံးစကားလေးများသာကွယ်.. ရင်ဝယ်သိမ်းဆည်းကာ ထားမယ်မေရယ်..
(ဘဝအတွေ့အကြုံ မပြည့်စုံလို့ရယ် ယုယကာ စစမှာကွယ်
သွန်သင်ဆုံးမ ဆုံးမတာတွေရယ် အပြစ်လို့မြင်တတ်လေတယ်ကွယ်
သြော်…..ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ
ကျနော်ကချစ်မိသူပါကွယ် )
ခေါင်းထဲတွင်ရောက်လာသော ကိုတင်လှိုင်၏ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် သီချင်းကို သံပြိုင်သီဆိုကြပါသည်။
ဟိုမှာ….ဟိုမှာ…. သူငယ်ချင်းတွေ မာလာဆောင်ကို လက်ညှိုးထိုးပြနေသည်။ ဗျော့ကြီးကောင်မလေး အခန်းဘေးက ဂျပုမတို့အဖွဲ့ အသံမမြည်စေဘဲ လက်ခုပ်တီးပြနေသည်။ ဗျော့ကြီးကောင်မလေးအခန်းကို လက်ညှိုးထိုးပြပြီး လက်မထောင်ပြနေပါသည်။ အခြေအနေတွေ ကောင်းတော့မည်။ ဗျော့ကြီးက ခေါင်းငိုက်စိုက်ချထားသောကြောင့် ဘာမှမသိ၊ ပွဲမပြီးသေးလို့ သူမမြင်တာဘဲကောင်းမည်။
ကဲ….ကဲ…ဗျော့ကြီးအတွက် အားလုံးက ရင်ထဲ အသည်းထဲက လာသောအသံနှင့် သီချင်းဆက်ဆိုကြပြန်ပါသည်။
ပတ်ဝန်းကျင် အသိုင်းအဝိုင်းကကွယ် ပြောချင်တာတွေလည်း
ပြောကြပါစေကွယ်
ဘဝဆိုတာရယ် စိတ်တိုင်းကျတည်ဆောက်မှကွယ်
သာယာလိမ့်မယ် ယုံကြည်တယ်
အိမ်မက်ဆန်သောအတွေးများကြားဝယ် မမွေ့လိုသူပါကွယ်
တစ်ခုတည်းသောမေတ္တာကမ္ဘာ တည်ဆောက်ကာရယ်
အနာဂတ်ပြဿနာတိုင်းဝယ် တိုင်ပင်ဆွေးနွေးကာရယ်
မေတ္တာအေးရိပ်ဝယ် မှေးမှိတ်စို့လားချစ်သူရယ်
ကျနော်တို့ သီချင်းရွေးတာ မှန်သွားပြီ၊ သူ့ကောင်မလေး HEART ထိသွားလောက်ပြီ။ သူ့အခန်းထဲက လှုပ်လှုပ်ရှားရှားသဏ္ဍာန်တွေ တွေ့နေရပါသည်။ ဂျပုမတို့အဖွဲ့က လက်ခုပ်တီးပြနေပါသည်။ မြန်မာသံစဉ် နောက်တစ်ပုဒ် REQUEST အသံ သဲ့သဲ့ကြားလိုက်ပါသည်။ အဲဒါပြဿနာဘဲ…. ဒီလို HEART ထိမဲ့ သီချင်းမျိုး လောလောဆယ် စဉ်းစားလို့မရ။ အားလုံး ခဏတွေဝေပြီး စဉ်းစားနေကြပါသည်။ ပဲခူးဆောင်အဖွဲ့က ဂစ်တာနှင့်တီးပြီးဆိုလို့ရမယ့် ဂီတဥယာဉ်နန်းဝယ်သီချင်းကို အကြံပြုပါသည်။ ဘယ်သူဆိုလဲ ကျနော်မသိပါ။ ဒါပေမယ့် ဒီသီချင်းကို ကျနော်တို့လည်း ကြိုက်သည် ဂစ်တာနှင့်လည်း တီးနိုင်သည်။ အားလုံး ဒီသီချင်းဆိုပြရန် သဘောတူကြသည်။
မေတ္တာနှောင်ကြိုးရစ်ခွေ မေ့နိုင်သူရဲ့အသည်းဘဝင်ထဲမယ်
သံသရာကမ္ဘာ မြေပျက်ပြုန်းဆုံးပါစေ
မောင်ရဲ့မေတ္တာတွေ အသည်းထဲရစ်ခွေ စွဲမြဲချစ်နေ
အချစ်ဦးအသက်သာသိပါရစေ
တေးကမ္ဘာမြေ ဂီတဥယဉ်နန်းမှာသာလေ
သီကြွေးလှစ်ဟရမှာ ကိုယ့်အချစ်ဦးအသက်ပေ
ထာဝစဉ်သာယာစေကြောင်းတောင်းဆုပန်ချွေ
မေတ္တာကမ်းခြေ စခန်းမြေ ရွင်ပျော်ပျော်လှမ်းနိုင်ဘို့လေ
ဆန္ဒပြုပါရပါတယ်အဆွေ
ဗျော့ကြီးကောင်မလေး အခန်းထဲမှာ ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေပါပြီ။
ခဏနေတော့ ဂျပုမ စာရွက်ထောင်ပြရင်း အောက်ထပ် ပြေးဆင်းသွားပါသည်။
မာလာဆောင် ဒရဝမ် ဦးလေးဝ စာရွက်ကိုင်ပြီး ကျနော်တို့အုပ်စုဆီ လာနေပါပြီ….
ချိုချိုဆီက…… ပြောပြီး ကျနော်တို့ကို လှမ်းပေးပါသည်။
ဗျော့ကြီးစာကိုယူဖတ်ပြီးနောက်… ဟေး… ပွဲပြီးပြီကွ…..
အော်ပြီး ထခုန်ပါတော့သည်။ သူပျော်နေတာကြည့်ပြီး အားလုံး ဝမ်းသာကြပါသည်။ သူငယ်ချင်းအားလုံးကို သူ လိုက်နှုတ်ဆက်ပါသည်။
ဝိုင်းကူညီပေးတာအရမ်းကျေးဇူးတင်တယ်ဗျာ…..
ပွဲကပြီးသွားပါပြီ။ ကျနော်တို့ နှုတ်ဆက်သီချင်းအဖြစ် မြနန္ဒာသီချင်းနဲ့ ပွဲသိမ်းကြပါသည်။ ဗျော့ကြီးပျော်သလို သူငယ်ချင်းအားလုံးလည်း ပျော်ကြပါသည်။ ပျော်လွန်းလို့ ထကတဲ့သူတွေလည်း ထကနေကြပါသည်။ အနောက်ဘက်လှည့်ကြည့်တော့ ကျန်းမာရေးအတွက် လမ်းလျှောက်ကြတဲ့ သူတွေကို တွေ့ရပါသည်။ နာရီကြည့်လိုက်တော့ 5 နာရီ ထိုးတော့မည်။ တက္ကသိုလ်ပရဝုဏ်အတွင်းမှာ နေကြသော ဆရာများ၊ ကထိကများ၊ ပါမောက္ခများ မိသားစုအလိုက် ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်နေကြပါပြီ။
ကျနော်တို့ ဘူမိဗေဒဆရာများကိုသာ ကျနော်တို့ဆရာလို့ မသတ်မှတ်ပါ။ ရန်ကုန်တက္ကသိုလ်ဝန်းကျင်က ဆရာအားလုံးသည်လည်း ကျနော်တို့ဆရာများ ဖြစ်ကြပါသည်။ ကျနော်တို့ ဆရာများကိုဦးညွတ်ပြီး GOOD MORNING လို့ နှုတ်ဆက်တော့ ဆရာများကလည်း ပြန်လည်နှုတ်ဆက်ပါသည်။ ကျနော်တို့၏အဖြစ်ကိုလည်း နားလည်စာနာစွာ ပြုံးပြီး ကြည့်သွားကြပါသည်။
ဒါပေမယ့် ဆရာမများက ဟဲ့…..ဟဲ့…သိပ်မကဲကြနဲ့ …. စာမေးပွဲလာတော့မယ်….လို့ဆုံးမသွားပါသည်။
ကျန်သူငယ်ချင်းများက မြနန္ဒာသီချင်းကို ဆက်လက် ဟစ်ကြွေးနေဆဲ….
ခုန ဗျော့ကြီးပေးလိုက်သောစာကို အိတ်ထဲမှပြန်ထုတ်ပြီး ဖတ်ကြည့်လိုက်ပါသည်။ အဆင်ပြေပြီဆိုရင်လည်း ဒီလိုဘဲ လို့ စိတ်ထဲမှာတွေးပြီး စာကို ပြန်ခေါက်ထည့်လိုက်ပါသည်။ စိတ်ထဲမှာ သိပ်မရှင်းလို့ စာကိုပြန်ထုတ်ပြီး ပြန်ဖတ်ကြည့်မိပါသည်။
ကိုကို…..
ညဉ့်နက်နေပြီ၊ ပြန်အိပ်တော့….
မနက် ၈ နာရီထိုင်နေကျ ဂျဒ်ဆင်ကင်တင်းမှာစောင့်နေပါ…..
ချို…..
၂နာရီ…..
သေသေချာချာ ပြန်ဖတ်ကြည့်မိပါသည်။ ဒီကောင်မလေးနဖူးကို လက်သီးနှင့် ထုပစ်လိုက်ချင်ပါသည်။
နှစ်နာရီထဲက ပေးမည့်စာကို ဘာလို့ ငါးနာရီမှလာပေးရတာလဲ….လိမ်ရင်လည်း ပီပီပြင်ပြင်လိမ်…
စိတ်ထင်တော့ ဆရာကြီး တစ်ယောက်တော့ ရှိနေပြီ၊ မှတ်လောက်သားလောက်ဖြစ်အောင် ပုံစံပေးခိုင်းနေတဲ့ပုံဘဲ.
နေအုံး..ဘယ်သူလဲတော့မသိဘူး၊ သိခဲ့ရင်တော့ ဒီဆရာကြီး နာဖို့ပြင်ထား…
ဗျော့ကြီးတစ်ကောင်ထဲကို ပညာပေးခဲ့ရင် ကိစ္စမရှိ ၊ သူ့အချစ်နဲ့သူ့ဝဋ်.. သူခံပစေ..
အခုကဗျော့ကြီးတစ်ကောင်ထဲမဟုတ်၊ တစ်အုပ်လုံးကို ကောင်းကောင်း ဒုက္ခပေးထားတယ်။
သူငယ်ချင်းအားလုံးကိုပါ ရေခဲခန်းထဲထည့်ပြီး အအေးပေးခံထားသလိုဘဲ…..
တော်တော်ရက်စက်တဲ့ကောင်မတွေ……. ဒါကြောင့်မို့လို့ ဒီစကားကို ကျနော်တို့ အမြဲပြောနေကြတာ…
….အချစ်သည် လူကို တော်တော်ဒုက္ခပေးပါသည်။...

Comments
Post a Comment