Geologist နှင့်ဂီတအနုပညာ
လောကကြီးမှာနေထိုင်ကြသောလူများသည်အနုပညာနှင့်ဘယ်သူမှမကင်းနိုင်ကြပါ။တေးဂီတသီချင်းကိုမတီးတတ်၊ မဆိုတတ်သော်လည်း၊လူတိုင်းနားထောင်တတ်ကြပါသည်။
နားထောင်တတ်သည်ဆိ်ုကတည်းကအနုပညာကိုခံစားတတ်ခြင်းပါဘဲ…
အနုပညာကိုခံစားခြင်းဖြင့်စိတ်အပမ်းပြေစေသလိုစိတ်ဓါတ်ခွန်အားကိုလည်းတိုးတက်စေပါသည်။
ထိုကြောင့်လည်းလူတိုင်းအပမ််းပြေစေနိုင်ရန်ကာရာအိုကေဆိုသောစနစ်တစ်ခုဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ဒီစနစ်ပေါ်လာတာကိုကျနော်အရမ်းကျေးဇူးတင်ပါသည်။ဒီအသက်အရွယ်မှာဂစ်တာတီးပြီးလည်းကျနော့််သားတွေနဲ့အပြိုင်သီချင်းမ ဆိုချင်တော့ပါ။
ကိုယ်ဆိုခဲ့သောသီချင်းများသည်လည်းကျနော့်သားအငယ်ကောင်ဖိုးလပြည့်စကားနှင့်ပြောရလျှင်ကျောက်ခေတ်ကသီချင်းတွေ…..
ကိုယ်ကိုကိုယ်ဘဲဟုတ်လှပြီထင်နေတာ၊တူ၊တူမဖြစ်သောဖိုးလမင်းတို့အေးသီတာတို့ကအစနားမထောင်ချင်တော့ပါ။
ဒီတော့ကိုယ့်အခန်းမှာဘဲကိုယ်ဆိုပါ၊ဧည့်ခန်းမှာတော့သွားမဆိုနဲ့၊ ဖိုးလပြည့်တို့ဖိုးလမင်းတို့အေးသီတာတို့အဖွဲ့ဝိုင်းပြီးဆန္ဒပြကြမယ်။
တစ်ခါတစ်ရံစိတ်ပင်ပန်းနေသောအချိန်မျိုး၊စိတ်တင်းကြပ်နေသောအချိန်မျိုးတွင်စိတ်လွတ်ကိုယ်လွတ်နှင့်ကာရာအိုကေဆိုလိုက်ခြင်း ဖြင့်တင်းကြပ်နေသောစိတ်များကိုပြေလျှော့စေခဲ့ပါသည်။
ခလေးတွေမကြိုက်တော့လည်းကိုယ့်သီချင်းတွေကိုကိုယ့််အခန်းမှာဘဲဆိုနေရပါသည်။ဒါပေမယ့်သီချင်းဟူသည်သီချင်းရေးဆရာမွေး ဖွားပေးလိုက်သောကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ထိုကြောင့်သီချင်းတိုင်းသည်သူ့ခံစားချက်နှင့်သူရှိနေပါသည်။ကြည့်လိုက်ရင်သီချင်းတိုင်းမှာအဓိပ္ပါယ်ပြည့်နေပါသည်။
ကျနော်ငယ်စဉ်ကသီချင်းတိုင်းကိုနားထောင်ကြည့်သည်၊ခံစားကြည့်သည်။မြန်မာသံစဉ်ရော၊စတီရီယိုသံစဉ်တွေပါကျနော်ကြိုက်ပါသည်။
ဒီနေ့Hip hop ရော၊Punk ရော၊Rock ရောခလေးတွေဖွင့်ရင်ကျနော်လည်းဝင်ခံစားကြည့်ပါသည်။ကိုယ်အသက်အရွယ်နှင့် Hip Hop လိုမျိုးဆိုရမှာတမျိုးဖြစ်နေသော်လည်းသူတို့ရေးထားသောအကြောင်းအရာတွေကောင်းပါသည်။
သားကြီးသူငယ်ချင်းနော့နော်ဆိုသော အတိုင်းထက်အလွန်သီချင်းကိုကျနော်တော်တော်ကြိုက်ပါသည်။
ဒီသီချင်းကိုနားထောင်မိပြီးရင်ထဲမှာတော်တော်စွဲလမ်းခဲ့ပါသည်။ဖိုးလပြည့်ကသူ့အကိုသူငယ်ချင်းဆိုတော့အပြတ်အားပေးသည်
။ဖိုးလမင်းနှင့်အေးသီတာလည်းနော့နော်ဖွင့်ပြီဆိုလျှင်မိုက်ခွက်ပြေးလုကြသည်။
အိပ်လို့မရဘူး မျက်လုုံးတွေမမှိတ်သေးဘူး
မြင်နေတယ်ခုထိ မင်းရဲ့နှုှတ်ခမ်းပါးလေးဘဲမြင်ယောင်ရင်း
လွှဲလို့မရဘူး အာရုံကဒီစက်ကွင်းထဲ
အချိန်အခါတွေမနည်းခုထိ မင်းအကြောင်းစဉ်စားကာနေတုန်း
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင် အတိုင်းထက်အလွန်ဘဲ
ဒီလိုညတိုင်း ငါနဲ့မင်းအတူဆုံခွင့်ရှိရင် အတိုင်းထက်အလွန်ဘဲ
ငါ့အတွက်တော့
ကြည့်စမ်းသီချင်းစာသားလေးဘယ်လောက်မိုက်လဲ…….
ဆိုလို့လည်းအရမ်းကောင်းပါသည်။ဒါပေမယ့်ခလေးတွေမရှိတဲ့အချိန်မှာဘဲဆိုရဲသည်။သူတို့လေးတွေရှိနေရင်တော့မဆိုရဲပါ။
မျိုးဆက်သစ်လေးတွေရဲ့အနုပညာအစွမ်းအစတွေကိုလျှော့တွက်၍မရပါ။သားကြီးသူငယ်ချင်းမို့လိ့ိုဘက်လိုက်ပြီးမပြောပါ။
သူ့သီချင်းကိုကျနော့်အသက်အရွယ်နှင့်ခံစား၍ရနေပါသေးသည်။မဆိုးပါ။သူ့သီချင်းကိုဆိုနေရင်းရန်ကုန်တက္ကသိုလ်မှာကျောင်း တက်စဉ်ကျနော်တို့မြို့မှရန်ကုန်သို့အလာရထားပေါ်ကအဖြစ်အပျက်များကိုပြန်မြင်ယောင်လာမိပါသည်။
ကျောင်းတက််စဉ်ကာလအတွင်းကျနော်တို့ဇာတိမြို့နှင့်ရန်ကုန်တော်တော်အလှမ်းဝေးပါသည်။
ခရီးကိုအဆင့်ဆင့်ပြောင်းစီးရပါသည်။လမ်းခရီးမလုံခြုံသောကြောင့်စစ်တပ်အစောင့်အရှောက်နဲ့သာသွားလာနေရပါသည်။
ထို့ကြောင့်ဒီနေ့ရန်ကုန်သွားချင်တိုင်းလည်းသွား၍မရပါ။ကျနော့်သူငယ်ချင်းငသေးဆိုလျှင်ပိုဆိုးပါသည်။
သူကမြဝတီမှာနေသည်။မြဝတီကဆင်းလာပြီးလျှင်ကော့ကရိတ်မှာခဏနေ၊ယာဉ်တန်းရှိလျှင်ကျုံဒိုးကိုဆင်းကြမည်။
ကျုံဒိုးသင်္ဘောနှင့်မော်လမြိုင်ကိုသွားကြမယ်။
မော်လမြိုင်ရောက်ရင်မုတ္တမဘက်ကူးပြီးရန်ကုန်ရထားပြန်စီးပါသည်။ခရီးကိုအဆင့်ဆင့်ပြောင်းစီးရပါသည်။
ဒီဇင်္ဘာာကျောင်းတွေပြန်ဖွင့်နေပါပြီ၊ကျနော်ငသေးကိုစောင့်နေပါသည်။
မြဝတီယာဉ်တန်းမရှိသောကြောင့်သူမ လာနိုင်သေးပါ။သူရောက်လာရင်ကျနော်တို့နှစ်ယောက်ရန်ကုန်ကိုအတူတူသွားကြမည43;င်သေးပါ။သူရောက်လာရင်ကျနော်တို့နှစ်ယောက်ရန်ကုန်ကိုအတူတူသွားကြမည်။
ကျောင်းဖွင့်ပြီး ၁၀ ရက်နေမှသူရောက်လာသည်။နောက်တစ်နေ့ကျနော်တို့ ကျုံဒိုးသင်္ဘောနှင့်မော်လမြိုင်ကိုဆင်းခဲ့ကြပါသည်။
ဒီနေ့ရေကျ ရက်မို့လို့မော်လမြိုင်ကို ၁၂ နာရီမှာရောက်သွားပါသည်။သူနှင့်ကျနော်အပြေးအလွှားဘဲမုတ္တမဘက်ကို ပဲ့ချိတ်နှင့်ကူးကြပါသည်။
မုတ္တမရန်ကုန်ရထားက 3း 15 ထွက်မည်။ရထားလက်မှတ်ရရင်ကျနော်တို့ရန်ကုန်ည 10 း 45 လောက်ရောက်လိမ့်မည်။
ဒီနေ့အဆင်ပြေတယ်ဘဲပြောရမှာပါ၊ရထားလက်မှတ်ကိုရအောင်ရှာရှာဖွေဖွေဝယ်ရပါသည်။အထက်တန်းတော့မရပါ။
ရိုးရိုးတန်းသံခုံနှင့်ထိုင်ရမည်။ဆောင်းတွင်းမို့လို့သံခုံကိုကြည့်ရင်းညဘက်ကျရင်ဘယ်လောက်များအေးလိုက်မလဲလို့တွေ းကြည့်ရင်းဖင်တွန့်သွားပါသည်။
မတတ်နိုင်ပါ။ရတာဘဲယူရမည်။ဒီအချိန်ရထားပေါ်မှာမှောင်ခိုကယ်ရီသမားတွေပြည့်နေသည်။
မုတ္တမ-ရန်ကုန်ရထားကြီးသည်ပုံမှန်အတိုင်းထွက်ခွာလာခဲ့ပါသည်။
ဒီတစ်ခေါက်စီးသောရထားကနဲနဲထူးခြားနေသည်။ရထားစီးပြည်သူများအတွက်ဖျော်ဖြေရေးအစီအစဉ်တိုးချဲ့ထားပေးပါသည်။
အတွဲတိုင်းမှာဆောင်းဘောက်တပ်ပေးထားပြီးသီချင်းတွေအဆက်မပြတ်ဖွင့်ပေးနေပါသည်။
ဖွင့်ပေးနေသောသီချင်းများကလည်း လွမ်းမိုး၊စိုင်းထီးဆိုင်၊စိုင်းဆိုင်မော့ဝ်၊ခိုင်ထူး ထိုအချိန်ခေတ်စားနေသောသီချင်းများဖြစ်ပါသည်။
ကျနော်တို့နှစ်ယောက်အရမ်းသဘောကျနေပါသည်။သထုံလောက်မှာကျနော်တို့ညစာထမင်းစားလိုက်ကြပါသည်။
ထမင်းစားပြီးတော့သီချင်းတွေနားထောင်ရင်းအိပ်ငိုက်ရင်းလိုက်ပါလာခဲ့ကြပါသည်။ထိုင်နေသောနေရာမှတဖဝါးမှမရွှေ့ပါ။
ရွှေ့မိတာနှင့်ဖင်ကိုရေခဲတုံးကပ်ခံလိုက်ရသည့်အတိုင်းအေးစက်သွားပါသည်။
ပိုအေးလာတော့ကျနော်တို့နှစ်ယောက်ကျောချင်းကပ်ပြီးအပူဓါတ်ယူရင်းအိပ်ငိုက်ရင်းလိုက်ပါလာခဲ့ကြပါသည်။
ညကနက်လေပိုအေးလေပါဘဲ၊ သီချင်းကလည်းတအေးအေးဖွင့်လျှက်….
တစ်ရေးနိုးချိန်မှာတော့ရထားဘယ်ရောက်နေမှန်းမသိ၊ဒါပေမယ့်ရထားရပ်နေပါသည်။လူအချို့၏ပြောစကားအရရထားပျက်နေပါသည်။
ဘယ်လောက်ကြာနေပြီလဲကျနော်မသိပါ။ပတ်ဝန်းကျင်တခုလုံးမှောင်မဲနေသည်။
ဒါပေမယ့်ကက်ဆက်ကဖွင့်ထားဆဲအရင်သီချင်းတွေတော့မဟုတ်ပါ…ခေတ်ဟောင်းသီချင်းတစ်ပုဒ်ဖြစ်သော
.. ဆောင်းအမှီ….
မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ
ငွေရည် ငွေနှင်းကလေးတွေ ဖျန်းပက်နေတော့သည်
တစ်ယောက်မေထံ မောင်အပြန်ဆောင်းအမီ
လာစေချင်လွန်းလို့သာ ခွန်းဆင့်ကာတေးသီ
ရွှေရွှေကျီးကလေးအာနီ ရွှေရွှေကျီးကလေးအာနီ
တစာစာသူလည်း တအာအာနဲ့မည် တအာအာနဲ့မည
ဘာလဲလူကို ကျီစယ်နေသည်
သာလည်းသာနိုင် သာနိုင်ပေသည်
အောင်သွယ်ကောင်းလေပြီ သာယာတဲ့အကြောင်းနဲ့အညီ
မောင်ရယ်ဆောင်းအမှီ ဒီနေ့တော့ရောက်မယ်ထင်ပါသည်
(အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ
မေတစ်ရွာ မောင်တစ်မြို့လည်း နေလို့မဖြစ်ပါပြီ)
ငသေးကအိပ်ပျော်နေဆဲ။ကျောချင်းကပ်အနွေးဓါတ်ယူရင်းကျနော်လည်းသီချင်းကိုနားထောင်နေမိပါသည်။
ဆောင်းအမှီ ရောက်အောင်သာပြန်ခဲ့ခင့်ဆီ
ညောင်းနရီ မောင့်ကိုသာ ပျိုစောင့်ရမည်
သတင်းလေးသိဖို့နှင်းအေးပြီးတော အတွင်းရေးမရှိတဲ့ဆောင်းရာသီ
အသည်းတဆွေးဆွေးအေးလို့တုန်ယင် ခဲတမြေ့မြေ့ဆွေးဖို့ကြုံပြီ
တစ်နာရီမနွေးပြီ မောင်ပြန်လာထွေးချီ ဒီရာသီဆောင်းဆောင်းရာသီလေးအမီ
(အလွန်အေးတဲ့ရာသ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ
မေတစ်ရွာ မောင်တစ်မြို့လည်း နေလို့မဖြစ်ပါပြီ)
ရွေးချယ်စရာသီချင်းလည်းမရှိ၊ရွေးပြီးဖွင့်၍လည်းမရသောကြောင့်လာနေတဲ့သီချင်းကိုဘဲနားထောင်နေရပါသည်။
ဒီသီချင်းပြီးရင်ဘာသီချင်းလာမလဲလို့တွေးနေမိပါသည်။သီချင်းပြီးသွားပါပြီ…
နောက်တစ်ပုဒ်လာနေပြီ ဘာသီချင်းပါလိမ့် ဟာ…
ဆောင်းအမှီသီချင်းဘဲထပ်လာပြန်ပါသည်။ဒီသီချင်းပြီးတော့လည်းဒီသီချင်းဘဲ ထပ်ပြန်တလဲလဲလာနေပါသည်။
သီချင်းဖွင့်တဲ့သူအိပ်ပျော်နေတာလား၊ဒါမှမဟုတ်ဘာ ခလုတ်တွေကိုနှိပ်ထားလည်းမသိပါ။ဒီသီချင်းဘဲအကြိမ်ကြိမ်ပြန်လာနေသည်။
အပြင်မှာလည်းအေး၊သီချင်းထဲမှာလည်းအေး၊ကြာလာတော့အိပ်ငိုက်နေသောခရီးသည်တွေလည်းသိလာကြပါပြီ။
ထိုုအခါတစ်ယောက်တစ်ပေါက်နှင့်ထအော်ဆဲကြပါတော့သည်။
……ငါလခွေး……ဖွင့်စရာသီချင်းဒီလောက်ရှားရသလား…..
…သီချင်းကြားတာနဲ့မေးရိုက်နေပြီ..ဂစ်..ဂစ်..ဂစ်..
……လူတွေရေခဲဖြစ်ကုန်ပြီ…..
….အမြန်လဲပေးပါဗျို့…ရေခဲချောင်းဖြစ်တော့မယ်………
သီချင်းကလည်းဆောင်းအမှီ၊အပြင်မှာကလည်းဆောင်းတွင်း၊ထိုင်နေတဲ့သံခုံကလည်းရေခဲတုံးအလား…..
အဲဒါမှပိုပြီးသဘောကျနေပါပြီ…..
တဂစ်ဂစ်နဲ့ချမ်းတုန်ပြီးအော်ဆဲနေကြသောသူတွေလဲကြာကြာမအော်ဆဲနိုင်ပါ၊အသံတွေတဖြေးဖြေးတိတ်သွားပါသည်။
ဒါပေမယ့်ဆောင်းအမှီကတော့ ထပ်ခါထပ်ခါ လာနေဆဲ……
ပထမ သီချင်းကိုကျနော်အပေါ်ယံဘဲနားထောင်နေမိပါသည်။
အမှန်ဝန်ခံရပါလျှင်ထိုစဉ်ကကျနော်တို့သည်ဂစ်တာတီးပြီးဆိုလေ့ရှိသောစတီရီယိုသံစဉ်တွေကိုပို၍အထင်ကြီးခဲ့ကြပါသည်။
မြန်မာသံစဉ်ကိုလည်းနားထောင်ခဲ့ပါသည်။သို့သော်လာနေသောခေတ်ဟောင်းတေး..ဆောင်းအမှီ..ကိုတော့ယခုမှကြားမိပါသည်။
အကြိမ်ကြိမ်ကြားလာတော့လည်းအဓိပ္ပါယ်ကပိုပြီးနက်နဲလာသလိုခံစားမိပါသည်။
တဖြေးဖြေးသီချင်းကရင်ထဲကိုတိုး၍တိုး၍ဝင်လာနေပါသည်။စာသားအရမ်းကောင်းနေပါသည်။
တစ်မြေစီမှာနေနေကြသောချစ်သူတွေဆောင်းအမီပြန်လာဘို့မျှော်နေတဲ့ပုံ တွေကိုတေးရေးဆရာခြယ်မှုန်းပြသထားသည်။
ခုနကဒီသီချင်းကိုအော်ဆဲကြသူတွေထဲမှာကျနော်မပါ ပါ။ကျနော်တစိမ့်စိမ့်ခံစားပြီးနားထောင်နေပါသည်။အထပ်ထပ်အခါခါလာနေလည်းကျနော်အကြိမ်ကြိမ်အဖန်ဖန်ပြန်ခံစား နားထောင်နေမိပါသည်။
ဘာအသံမှမကြားရဘဲ၊ပုရစ်သံတွေပိုးကောင်သံတွေနဲ့စာရင်ဒီသီချင်းကပိုနားထောင်လို့မကောင်းဘူးလားဗျာ…..
ငသေးကကျနော့်ကျောကိုမှီပြီးအိပ်မောကျနေဆဲ……
အဆောင်တွေရဲ့ချစ်စရာကောင်းသောဓလေ့လေးတွေကိုအဆောင်နေဘူးကြတဲ့သူတိုင်းသိမှာပါ။
ကျနော်ကဒဂုံ ဆောင်မှာနေခဲ့တဲ့သူဆိုတော့ယနေ့ထိဒဂုံဆောင်ကိုလွမ်းနေဆဲ…..
ကျောင်းစဖွင့်ချိန်မှာအဆောင်သာယာရေးကော်မတီကကျောင်းသားအားလုံးကိုအစည်းအဝေးခေါ်လေ့ရှိကြပါသည်။
ဒီတစ်နှစ်အတွက်စားရေးသောက်ရေးကိုဝိုင်းဆွေးနွေးစေပါသည်။ဟင်းကောင်းကောင်းဟင်းများများစားမလား….
ဟင်းနဲနဲစားပြီး Refund များများပြန်ထုတ်ကြမလား…ကျောင်းသားတွေကိုကြိုက်တာရွေးခိုင်းပါသည်။
ကျနော်တို့တစ်အုပ်စုလုံးဟင်းကောင်းကောင်းနဲ့ဟင်းများများစားမည်ဟုမဲပေးကြပါသည်။
မဲရေတွက်တော့ဟင်းကောင်းကောင်းစားမည့်အဖွဲ့မဲရှုံးပါသည်။တော်တော်များများက Refund ပြန်ထုတ်ချင်ကြပါသည်။
ကျောင်းပိတ်အိမ်ပြန်ချိန်အိမ်ကိုအပူမကပ်ချင်ကြပါ…..
အဆောင်မှူးဆရာဦးမေတ္တာကကျောင်းသားတွေကိုဟင်းကောင်းတွေလည်းစားစေချင်ပါသည်။
Refund ကိုလည်းသင့်တင့်တော့ပြန်ရစေချင်ပါသည်။
ဟောကျူတာများနှင့်တိုင်ပင်ပြီးသင့်တင့်လျှောက်ပတ်သောအစားအသောက်အတွက်စီစဉ်ပေးမည်။
ဒီလိုဆိုတော့လည်းအားလုံးအဆင်ပြေသွားကြပါပြီ…..
ကျနော်တို့အဆောင်ဟင်းသည်အခြားအဆောင်ဟင်းတွေနှင့်စာရင်ပိုကောင်းသည်ဟုထင်ပါသည်။
စာမေးပွဲနီးလာရင်ဟင်းကောင်းကောင်းတစ်ပတ်ကိုနှစ်ရက်သုံးရက်လောက်ချက်ကျွေးလေ့ရှိပါသည်။
ကြက်ဆိုရင်တစ်ကောင်ကိုလေးစိပ််စိပ် ပြီးကျောင်းသားတစ်ယောက်တစ်စိပ််နှုန်းမျိုး….
ငါးဆိုရင်လည်းအကောင်ကြီးကြီးတစ်ကောင်နှုန်းရလေ့ရှိပါသည်။
စာမေးပွဲဖြေရန်တစ်လလောက်အလိုမှာညဘက်လ္ဘက်ရည်မတ်ခွက်တစ်ခွက်နှင့်မုန့်တစ်ခုရသည်။
စာမေးပွဲနီးနေပြီဖြစ်သောကြောင့်ဆရာများကအပြင်မထွက်စေချင်။ဟောကျူတာဆရာဦးမြင့်သိန်းကကျနော်တို့ထိုင်လေ့ရှိသော ဦးချစ်ဆိုင်ကပုံစံမျိုးဖျော်တတ်သောအဖျော်ဆရာတစ်ယောက်ကိုပါခေါ်ထားပေးပါသည်။
တစ်ခါတရံဇံကြီးတို့နှင့်ဖဲရိုက်နေသောနေ့များတွင်ငသေးကကျနော့်ထမင်းစားကဒ်ကိုယူသွားပြီးထမင်းနဲ့ဟင်းကိုဇလုံကြီးနှင့်ထည့်ပြီးယူ လာလေ့ရှိပါသည်။
သူယူပေးခဲ့သောထမင်းဟင်းတွေကိုဖဲရိုက်နေသောလေးယောက်ကောင်းကောင်းစားလောက်ခဲ့ပါသည်။
ကျောင်းဖွင့်စမှာ Fresher Welcome ၊စာသင်နှစ်ကုန်ခါနီးလာရင်တော့ Dinner ပွဲလုပ်လေ့ရှိပါသည်။
ပုံမှန်က RC ထဲမှာလုပ်လေ့ရှိသလိုတီးဝိုင်းတွေကလည်းမပါမဖြစ်၊ကျနော်တို့တတိယနှစ်ဒဂုံဆောင်ညစာစားပွဲမှာ Play boy တီးဝိုင်းကိုပါတွဲဖက်ပါစေခဲ့ပါသည်။
ထိုအချိန်က Play Boy မကွဲသေးပါ။Play boy အဖွဲ့ထဲက Bass ဂစ်တာတီးလေ့ရှိသောတော်မီကိုလူတိုင်းသိကြပါသည်။
သူသီဆိုဖျော်ဖြေမည့်အလှည့်ဆိုရင်ဘေ့ဂစ်တာ ထူ……ထူ…….ထူ…ထုပြီးတီးနေပြီဆိုလျှင်အားလုံးသူသီဆိုမည့်သီချင်းကိုသိနေပါပြီ…….
High way star ဆိုတော့မည်။
တစ်ကယ်တော့ကိုတော်မီသည်ကျနော့်ကိုဂစ်တာတီးသင်ပေးခဲ့သောသင်ဆရာတစ်ယောက်ဖြစ်ခဲ့ပါသည်။
ကျနော်တို့ဂစ်တာတီးတတ်စ ခုနှစ်တန်း ကျောင်းသားအရွယ်၊ဆရာတော်မီကျနော်တို့မြို့ကလေးကိုရောက်ခဲ့ပါသည်။
ထိုစဉ်ကသူတို့ကိုနယ်နှင်ဒဏ်ပေးခဲ့သည်ဟုနောက်မှသိခဲ့ရပါသည်။
ကျနော်တို့မြို့စျေးအနီးကအခန်းတစ်ခုမှာဆရာတော်မီနှင့်သူ့သူငယ်ချင်းတစ်ယောက်အတူနေကြပါသည်။
ဂစ်တာပြင်သည်။ဂစ်တာဝယ်မည့်သူများအတွက်ရန်ကုန်သို့ဂစ်တာမှာပေးသည်။
အများအားဖြင့်သူတို့အမြဲဂစ်တာတီးနေလေ့ရှိကြပါသည်။သူတို့ဆိုလေ့ရှိတာကလည်းအင်္ဂလိပ်သီချင်းများကိုသာသီဆိုလေ့ရှိပါသည်။
မြန်မာသီချင်းဆိုသံတီးသံတစ်ခါဘူးမျှမကြားမိခဲ့ပါ။
ကျနော်တို့မြို့ကလူငယ်တော်တော်များများသူ့အခန်းကိုသွားလည်လေ့ရှိပါသည်။
ဂစ်တာတီးတတ်စဆိုတော့လည်းကျွမ်းကျင်သောသူများတီးတာကိုသွားလေ့လာတဲ့သဘောပါဘဲ……
အဲဒီတုန်းကအရပ်ကလူကြီးတွေကလည်းကျနော်တို့ကိုတားခဲ့ပါသည်။
သူတို့ကလမ်းသူရဲတွေ၊မင်းတို့မသွားနဲ့၊မင်းတို့လဲလမ်းသူရဲဖြစ်ကုန်လိမ့်မယ်တဲ့…….
ဆရာတော်မီအလုပ်အားရင်ကျနော်တို့ကိုဂစ်တာတီးနည်းများ၊ဂီတ Note များကိုလည်းသင်ပေးပါသည်။
ကျနော်သူ ဘေ့စ်ဂစ်တာတီးတာကိုအကြိုက်ဆုံးပါ။ဆရာတော်မီကလည်းဘေ့စ်တီးပုံတီးနည်းများကိုသင်ပေးခဲ့ပါသည်။
ဒဂုံဆောင် Dinner ညမှာအရမ်းပျော်စရာကောင်းပါသည်။ဖိုးဆိုချင်တွေသီချင်းတက်ဆိုကြပါသည်။
Play boy အဖွဲ့ကလည်းစေတနာအပြည့်နှင့်တီးပေးနေပါသည်။
ဟောကျူတာဆရာဦးမြင့်သိန်းနှင့်ကိုသန်းနိုင်တို့ရင်းနှီးတာလည်းပါ ပါမည်။
အမျိုးသမီးအဆောင်တွေမှာလှည့်ပတ်ဂစ်တာတီးပြီးသီဆိုလေ့ရှိသောကျနော်သည်စင်ပေါ်သို့တက်ပြီးမဆိုရဲခဲ့ပါ။
ပရိတ်သတ်များများမြင်ရင်သွေးလန့်နေပါသည်။
ကျနော်တို့ Dinner ပွဲမှာဆရာတော်မီကိုကျနော် Request တစ်ခုလုပ်ခဲ့ပါသည်။
စာရွက်တစ်ရွက်မှာရေးချပြီးဆရာတော်မီဆီသို့ကျောင်းသားတစ်ယောက်မှတစ်ဆင့်သွားပေးစေခဲ့ပါသည်။
ကျနော့််စာရွက်ကိုဖတ်ပြီးဆရာတော်မီသွားဖြဲပြီးရီနေပါသည်။
ထို့နောက်စာရွက်ကိုလက်ညှိုးထိုးပြီးပရိတ်သတ်ဘက်လှည့်ပြီးမေးတဲ့သဘောမျိုးလုပ်ပါသည်။
ကျနော်လက်နှစ်ဖက်လုံးမြှောက်ပြီးမတ်တတ်ထရပ်ပြလိုက်ပါသည်။သူကျနော့်ကိုခါးညွှတ်ပြီးနှုတ်ဆက်ပါသည်။
…….အစ်ကို ညီလေးတို့မြို့ကိုမမေ့ပါဘူး……..
…….အကူအညီပေးခဲ့ကြတဲ့ အပေါင်းအသင်းတွေကိုကျေးဇူးတင်ကြောင်း…..
……ညီလေးကတစ်ဆင့်ပြောပေးပါ……..
……ညီလေးဆန္ဒကိုဖြည့်ပေးဘို့ရင်ထဲမှာစွဲစွဲလမ်းလမ်းဖြစ်ခဲ့တဲ့သီချင်းတစ်ပုဒ်ကိုဆိုပြပါမယ်…..
…….သူကျနော်တို့ဝိုင်းကိုကြည့်ပြီးထိုစကားပြောခဲ့ပါသည်။
ဆရာ…….
ကျနော်တို့မြို့ရောက်ခိုက်မှာဆရာ့ဆီကဂစ်တာပညာတွေသင်ယူခဲ့တဲ့တပည့်တစ်ဦးပါ……
အခု ဒဂုံဆောင်မှာနေပြီး ဘူမိဗေဒမှာစာသင်နေပါတယ်….
ဆရာ့ကို Request တစ်ခုလုပ်ပါရစေ….
ဆရာရင်ထဲမှာအစွဲလမ်းခဲ့ရဆုံးသီချင်းတစ်ပုဒ်ကိုဆိုပြစေချင်တယ်……
မောင်ဂျစ် (ကော့ကရိတ်)…..
ဒီစာသားကိုဆရာတော်မီဆီရေးပို့လိုက်တာပါ။သူသီချင်းဆိုပြပါမည်။
သူဘာသီချင်းကိုစွဲလမ်းခဲ့လဲကျနော်မသိပါ၊ကျနော့်စိတ်ထဲမှာဘယ်သီချင်းအသစ်ကိုသူဆိုမှာလဲ….
ဒါမှမဟုတ်High way star နှင့်ဆင်တူသီချင်းတွေလား..
သူစဆိုနေပါပြီ.
ရွက်ဝါကြွေလူး နွေမူးမူးဝယ် ပုရစ်ဖူးဝေ၍
ဖူးငုံစီမျှ ပွင့်သည့်လကို
မျော်တလေသည့် ကိုယ့်အဖြစ်များ မခေါ်သာမျှော်ပါလေတိုင်း
စိတ်ရိုင်းတွေထင်လာအသည်းဝယ်သူ့ကိုဘဲသတိရခြင်းက
ရင်မှာကုဋေ ကုဋာပြန်လည်တသ မေ့မရသည်ကွယ်
နှင်းသာမိုးနွယ် နေကို ကွယ်၍သာ စွေရွာမစဲ ပျော်နိုင်ဘဲကွယ်
သီးခိုင်ပွင့်ငုံပန်းမျိုးစုံတိ့ိုပွင့်ကြလေလည်း သည်းနှင့်ကိုယ်ရည်
ဘယ်အတွက်ကယ် မဆုံလေသလဲ ကိုယ်ရင်ထဲတွေးဘဲတွေးတတ်နိုင်ဘူးကွယ်
ကျနော့်ဂုရုပါးစပ်ကသည်သီချင်းထွက်လာတာကျနော်တို့တစ်အုပ်လုံးထူးဆန်းအံ့သြပြီးပါးစပ်ဟကာငေးကြည့်နေမိပါသည်။
နောက်ကျတော့သူ့ရဲ့တေးသွားအောက်မှာနစ်မျောခဲ့ရပါသည်။
ကိုသန်းလှိုင်၏ သည်နွေမိုးဆောင်းပြောင်းသော်လည်း……သီချင်းကိုဆိုပြနေပါသည်။
ကျနော်နှင့်ငသေးနေသောအခန်းစားပွဲပေါ်မှာစိုင်းထီးဆိုင်၊စိုင်းဆိုင်မော်၊ခင်ဝမ်း၊ဆလိုင်းသွှအောင်စသောသီချင်းခွေများ ပြန့်ကျဲလျှက်ရှိနေပါသည်။ဒါပေမယ့်ကိုတင်လှိုင်၊ကိုသန်းလှိုင်၊စန္ဒရားချစ်ဆွေသီချင်းသုံးခွေကိုအင်္ကျီဘီဒိုထဲမှာသိမ်းထားလေ့ရှိပါသည်။
ကျနော်တို့အမျိုးသမီးဆောင်မှာဂစ်တာတီးပြန်လာချိန်လက်တွေလည်းနာ၊လည်ချောင်းတွေလည်းပြာပြီးပင်ပမ်းနွမ်းလျှ လာလေ့ရှိပါသည်။ညဉ့်ကလည်းနက်နေပြီ….
ထိုအချိန်မျိုးမှာကိုသန်းလှိုင်သီချင်းခွေထုတ်ပြီးတိုးတိုးလေးနှင့်နားထောင်ပြီးစိတ်အပမ်းဖြေလေ့ရှိပါသည်။
နောက်ဖက်မှာ ပြည်ကဝါးရင်းတုတ်အခန်း၊သူကကျနော်တို့အဖွဲ့ဝင်တွေ၊ ရေဒီယိုသီချင်းများကိုကျန်သောအချိန်များတွင်မဖွင့်ပါ ။
ကျနော်တို့လိုဂစ်တာတီးနေသောလူကဒီသီချင်းတွေကိုနားထောင်နေတယ်လို့ပြောကြမှာကိုရှက်နေမိခဲ့ပါသည်။
ထိုအချိန်ကလူငယ်အများစုသည်စတီရီယိုသီချင်းကိုသာအထင်ကြီးပြီးရေဒီယိုတေးများကိုအထင်သေးခဲ့ကြပါသည်။
ဒါပေမယ့်ကျနော့်ရင်ထဲမှာရေဒီယိုတေးကိုအရင်ထဲကစွဲလမ်းမိခဲ့ပါသည်။
ချမ်းဆောင်းမြမြ သောကာလဝယ်
နှင်းမြူမှုန်ဖွေးဖွေး သူ့မျက်နှာတရေးရေး
မြင်ယောင်မိပါသေး မြင်ယောင်မိပါသေး
အတွေးနှင့်လွင့်ပါး နှင်းဆမ်းသောလမ်းဝယ်
မမောမပမ်း လျှောက်လှမ်းခဲ့ကြသော်လည်းကွယ
နှင်းပန်းနှင့်အတူ ပျောက်ကွယ်ပြန်တယ်
သည်နွေသည်မိုး သည်ဆောင်းပြောင်းသော်လည်း မေ့ဘူး အချစ်ဦးရယ
ဆရာတော်မီ သီချင်းဆိုပြီးသွားပါပြီ……ကျောင်းသားများအားလုံးသူ့သီချင်းထဲနစ်မြောခဲ့ရပါသည်။
တဒင်္ဂ တခဏမှာ RC တစ်ခုလုံးတိတ်ဆိတ််ငြိမ်သက်သွားခဲ့ရပါသည်။ကျနော်တို့တစ်အုပ်စုလုံးမတ်တပ်ရပ်ပြီးလက်ခုပ်တီးအားပေးကြပါသည်။
နောက်မှRC တစ်ခုလုံးမှကျောင်းသားများတဝေါဝေါ နှင့်လက်ခုပ်တီးပြီးအားပေးကြပါသည်။
High way star လိုHeavy rockသီချင်းကိုဆိုခဲ့သောကိုတော်မီပင်လျှင်မြန်မာသံစဉ်ကိုသန်းလှိုင်သီချင်းများကိုခံစားတတ်လျှင်ကျ နော်တို့လိုလူမျိုးနောင်ဆိုလျှင်မြန်မာသံစဉ်ကို တိုးတိုးမဖွင့်တော့ပါ။နေ့လည်တွေမှာလည်းဖွင့်နားထောင်ရန်စဉ်းစားထားလိုက်ပါတော့သည်။

Comments
Post a Comment