Geologist နှင့်ဆရာမင်းသိင်္ခ



လေးဘီးကားလေး ဒဂုံဆောင်ဆင်ဝင်အောက်မှာ ရပ်လိုက်ပါသည်။ နယ်မှလာသောကျနော်သည် ဒဂုံဆောင် ဘယ်မှာရှိလဲ မသိခဲ့ပါ…လေးဘီးကားသမားအကူအညီနှင့် ရောက်ခဲ့တာပါ။ ထိုစဉ် အစ်ကိုအရွယ် လူငယ်သုံးယောက်က ကျနော့်သေတ္တာ အသုံးအဆောင် ပစ္စည်းများကို ဝိုင်းဝန်းကူချပေးပါသည်။ ပြီးနောက် ကျနော်နေထိုင်ရမည့် အခန်းထိ ပစ္စည်းများကို ကူညီပို့ပေးကြပါသည်။ စီနီယာ ကျောင်းသားများ၏ နွေးထွေးစွာ ကြိုဆိုမှုကို ကျနော်သတိရနေဆဲပါ။ ဘူမိဗေဒစိတ်ဓါတ်ဆိုတာ ဒါပါလားလို့ နောင်အချိန်များတွင် ကျနော် သိလာရပါသည်။

 

ထိုစဉ် ဒဂုံဆောင်အဆောင်မှူးသည် ဘူမိဗေဒဆရာတစ်ဦးဖြစ်သူ ဦးမျိုးမင်းဖြစ်ပါသည်။ ဆရာအခုတော့ အမေရိကားကို ရောက်နေပြီလို့ ဆရာများက ပြောပြပါသည်။ ဆရာနှင့်ကျနော်တို့ Fresher welcome မှာ အမှတ်တရရိုက်ထားသော ဓါတ်ပုံလေးက ရှာမတွေ့တော့ပါ။

 

အခန်းသန့်ရှင်းရေးလုပ်နေစဉ် ကျောင်းသားတစ်ယောက်၏ မြိုင်နန်းစံပန်းတစ်ပွင့် တီးခတ်သီဆိုနေသံကို ကြားနေရပါသည်။

 

…ကိုယ်ရည်စူးတဲ့ပန်းကလေးဟာ……

….အရည်သွေးပြည့်တဲ့…..စံပွင့်မို့…..

….တစ်သက်တာပိုင်ဆိုင်လိုစိတ်ရှိတာကြောင့်……

….လက်ဦးထားတာကိုယ့်အတွက်ရင်ခုန်စရာ…..

 

ဒဂုံဆောင်မှာနေစဉ် ဖိုင်နယ်ဘူမိဗေဒကျောင်းသားများကို အစ်ကိုသဖွယ် အားကိုးခဲ့ကြပါသည်။ အစ်ကိုများကလည်း ကျနော်တို့ အခက်အခဲများကိုဝိုင်းဝန်းကူညီပေးကြပါသည်။ တက္ကသိုလ်ဆေးရုံမှ မင်္ဂလာဒုံ အသွားအပြန် မိုင်နှစ်ဆယ်လမ်းလျှောက်ခဲ့စဉ်က အစ်ကိုများက ကျနော််တို့ကို လမ်းအထိလိုက်လံပြီး အားပေးခဲ့ကြပါသည်။ ရေ၊ ရေခဲ၊ သံပုရာသီးများကိုလည်း အမောပြေစေရန် ကူညီပေးကြပါသည်။

 

ဒဂုံဆောင်မှာ တစ်ဖြေးဖြေး နေသားကျလာတော့ ဝါသနာတူအပေါင်းအသင်းတွေလဲ ရလာပါသည်။ ညဘက်ညဘက်ဆို ကျောင်းသူ အဆောင်များသို့ လှည့်ပတ်ပြီးဂစ်တာတီးလေ့ရှိကြပါသည်။ 

အမြဲတမ်းလိုလို 1 နာရီ 2 နာရီလောက်မှ ပြန်လာလေ့ရှိကြပါသည်။ ထိုအခါ နံနက်ပိုင်းထမင်းစားချိန် မမှီသလို စာသင်ချိန်တွေလည်း မမှီတော့ပါ။ ထမင်းစားဆောင်သည် 9:00 နာရီ ပိတ်ပါသည်။ ကျနော်တို့ အိပ်ရာထတာက 10:00 နာရီမှာ….. ကင်တင်းမှာနေ့တိုင်း နံနက်စာစားနေရသည်။ ကြာလာတော့ ဘတ်ဂျက်ထိလာပါသည်။

 

ကျနော်တို့ သူငယ်ချင်းတစ်စု ဘယ်လိုလုပ်ရင်ကောင်းမလဲ ထိုင်စဉ်းစားနေကြရပါပြီ……

ညစဉ်ညတိုင်းကလဲ ဝတ္တရားပျက်လို့မဖြစ်ပါ။ သူတို့လေးတွေ စိတ်ကောက်နေလိမ့်မည်။

ကျနော်တို့အားလုံး ဒဂုံဆောင်က အစ်ကိုတွေဆီ အကူအညီတောင်းရပါတော့သည်။

 

အစ်ကို….ကျနော်တို့ညဘက်အိပ်တာနောက်ကျတယ်……

မနက်အိပ်ရာကထချိန်နောက်ကျတော့ ထမင်းငတ်တဲ့နေ့တွေများနေပြီ…. ကူညီပါအုံး…အစ်ကိုရဲ့…..

ပြော…ပြော….ငါတို့ဘာကူညီရမလဲ……..

ထမင်းစားဆောင်ပိတ်ချိန်ကိုနောက်ထပ်တစ်နာရီနောက်ဆုတ်ခိုင်းပေးပါ…………

ဒါဆိုရင်ကျနော်တို့အဆင်ပြေပြီ…ထမင်းမငတ်တော့ဘူး……

ဗုဒ္ဓေါ….ခေတ်အဆက်ဆက်က ထမင်းစားဆောင် 9:00 နာရီပိတ်ခဲ့တာ….

မင်းတို့အလှည့်ကျမှ 10:00 နာရီ ပိတ်ခိုင်းနေတယ်ဖြစ်ပါ့မလား……

ဆရာဦးမျိုးမင်း… ဘာပြောမလဲမသိဘူး…….

လုပ်ပါအစ်ကိုတို့ရယ်…..အစ်ကိုတို့ပြောရင်မဖြစ်စရာ..အကြောင်းမရှိပါဘူး……

ဒါနဲ့ဘဲ ဒဂုံဆောင်အစ်ကိုတွေဖြစ်သော..ကိုစိုးပိုင်၊ ကိုမျိုးနိုင် တို့မှတဆင့် အဆောင်မှူးဆီကိုတင်ပြခဲ့ပါသည်။

 

ဘာ…..ထမင်းစားဆောင် 10:00 နာရီမှပိတ်ရမယ်….ဟုတ်လား…..

10:00 နာရီဆိုတာ 45 မိနစ်-နှစ်ချိန်ကုန်နေပြီ….ကျောင်းမတက်ကြဘဲနဲ့အိပ်နေကြတုန်းဘဲလား…..

မဟုတ်ပါဘူးဆရာရယ်….. Section တွေလဲမတူကြဘူး……

ရှိတဲ့အတန်းလဲရှိကြပါတယ်….မရှိတဲ့အတန်းလည်းမရှိကြပါဘူး…..

အတန်းမရှိတဲ့သူတွေလဲအိပ်ကြပါစေဆရာရယ်….စဉ်းစားပေးပါ ဆရာရယ်….

နောက်ရက်များတွင်ထမင်းစားဆောင် 9:30 မှပိတ်မည်ဟုစာကပ်ထားပါသည်။

 

ကျနော်တို့ အစ်ကိုတွေကို ကျေးဇူးတင်ကြပါသည်။ 9:30 ပိတ်မည်ဟု စာကပ်ထားသော်လည်း တကယ်တန်း 10:00 နာရီထိ ဆရာဦးမျိုးမင်း ထမင်းစားခွင့်ပြုခဲ့ပါသည်။ ဆရာဦးမျိုးမင်းကို ကျေးဇူးအရမ်းတင်ပါသည်။ ကျနော်တို့အားလုံး ပျော်ခဲ့ကြပေမယ့် မပျော်တဲ့သူတွေလဲရှိကြပါသည်။ ထမင်းစားဆောင်မှ ဦးကရင်တို့အဖွဲ့ မပျော်ကြပါ။ 10 နာရီထိ ကျောင်းသားတွေကို ထိုင်စောင့်နေကြရ ရှာပါသည်။

 

တကယ်တန်းကျောင်းသားအများစုသည် 8 နာရီမှ 9 နာရီအတွင်းမနက်စာစားပြီးကြပြီ….. 9နာရီနောက်ပိုင်းမှစားသော ကျောင်းသားများ အလွန်နည်းပါသည်။ ဒါပေမယ့် သူတို့ဝတ္တရားအရ စောင့်နေရရှာသည်။ သူတို့အတွက် ညနေစာ ပြင်ဆင်ရမည့်အချိန်များ နည်းသွားသောကြောင့်ဖြစ်ပါသည်။ အရင်က အချိန်ပိုရင် ဟိုနားဒီနား လုပ်စရာရှိတာတွေကို လုပ်လို့ရပါသည်။ ဤအခွင့်အရေး သူတို့ ဆုံးရှုံးသွားပါသည်။ ထိုအချိန်က ကျနော်တို့နားမလည်ခဲ့ပါ။ ကိုယ့်အခွင့်အရေးရတာကို ပီတိဖြစ်နေကြသည်။

 

ပျော်တဲ့သူတွေထဲမှာ တစ်ယောက်ကျန်ပါသေးသည်။ ထမင်းစားဆောင်ထိပ်မှာ ဝက်အူချောင်းကြော်၊ ကြက်ဥကြော်၊ ကန်းစွန်းရွက်ကြော် ရောင်းနေသော ဒေါ်အေးဖြစ်ပါသည်။ ကျောင်းသားများ ဟင်းမကောင်းသောနေ့များတွင် ဒေါ်အေးဆီက အကြော်တွေ ဝယ်စားလေ့ ရှိကြပါ သည်။

ဒေါ်အေးဖေါက်သည်..သည် ကျနော်တို့အုပ်စုဖြစ်ပါသည်။

လူများသောကြောင့် ဟင်းကောင်းကောင်း…..မကောင်းကောင်း…ဒေါ်အေး…အကြော်အမြဲဝယ်စားလေ့ရှိပါသည်။ဒေါ်အေးက သူ့အကြော် ရောင်း သောအချိန် တစ်နာရီပိုရသွားသောကြောင့် အရမ်းပျော်နေ ပါသည်။

 

ကျနော်တို့အရင်ကျောင်းသားတွေ လက်ထက်ကတည်းက ပျော်စရာကောင်းခဲ့တဲ့ RASU ဝင်းကြီးဟာ ကျနော်တို့လက်ထက်မှာလည်း ပျော်စရာတွေနှင့်ပြည့်နေပါသည်။ ကျောင်းစဖွင့်ပြီဆိုကတည်းက Fresher Welcome တွေကဆက်နေပါသည်။ ဌာနတိုင်း၊ အဆောင်တိုင်းရဲ့ ထုံးစံပါဘဲ……..

အများအားဖြင့် RC မှာလုပ်လေ့ရှိပါသည်။  အခန်းအနားလုပ်ပြီဆိုလျှင်တီးဝိုင်းတွေကပါစမြဲပါ……ကျနော်တို့လို ဂီတဝါသနာအိုးတစ် ယောက်အနေနှင့် အချိုရှာ..သကာတွေ့သလိုပါဘဲ…..

 

ထိုစဉ်က Play boy, Access, E-machine၊ ကိုလွှမ်းမိုးတို့တီးဝိုင်းတွေ လာတီးလေ့ရှိကြပါသည်။ နောက်ပြီး ဆလိုင်းသွှအောင်၊ ကိုတယ်ရီ၊ ဇော်ဝင်းရှိန်တို့တီးတဲ့ ကျောင်းသားတီးဝိုင်းတွေလဲရှိပါသည်။ ကိုလွှမ်းမိုးတို့ဝိုင်းက ကျောင်းသားတွေအလိုကို အမြဲလိုက်လျောလေ့ ရှိပါသည်။ ဒါကြောင့်မို့ သူတို့တီးဝိုင်းကိုပို၍ ခေါ်လေ့ရှိပါသည်။ နောက်ပြီး ရန်ကုန်တက္ကသိုလ်တစ်ခုတည်းမဟုတ်ပါ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် သူတို့တွေမှာလဲပွဲတွေလုပ်လေ့ရှိပါသည်။

 

နောက်ပြီး RC ထဲမှာ အားကစားပြိုင်ပွဲများကလည်း တစ်မျိုးပြီးတစ်မျိုး ဆက်တိုက်လုပ်လေ့ ရှိပါသည်။ သိကြတဲ့အတိုင်း ကျနော်တို့်အဖွဲ့က ကျနော်တို့ဌာနကိုဘဲ အားပေးပါသည်။ ဌာနအသင်းရှုံးချင်ရှုံးမည်.. ကျနော်တို့အားပေးတာဘယ်တော့မှမရှုံးပါ။ အမြဲတမ်းအနိုင်ရပါသည်။ ဌာနအသင်းမရှိသောနေ့များတွင် အဆင်ပြေနေသော ကောင်မလေးအသင်းတွေကို ဝိုင်းအားပေးမည်။

ဌာနအသင်းနှင့်ကောင်မလေးအသင်းနှင့်ဆုံခဲ့ရင်တော့….Sorry ဘဲ…

ဌာနအသင်းကိုဘဲအားပေးမည်…မကျေနပ်လို့ဖြတ်ချင်ဖြတ်ပါစေ…….

တိုင်းရင်းသားရိုးရာအစာအစားရောင်းချပွဲတွေလဲလုပ်လေ့ရှိပါသည်။ ချွေးတပြိုက်ပြိုက်ကျလောက်အောင် စပ်နေသော ရခိုင်မုန့်တီကိုလည်း ပြန်တမ်းတမိပါသည်။ ကာတွန်းပြပွဲ၊ ပန်းချီပြပွဲများလည်း လုပ်လေ့ရှိပါသည်။ စာမေးပွဲနီးလာရင်တော့ Dinner ပွဲတွေထပ်လာပြန်ပါသည်။ RC အပေါ်မှ တီးဝိုင်းကြည့်ရတာ အရမ်းသဘောကျပါသည်။

အပေါ်စီးမှမြင်ရတာကြောင့်ပါ….

သမီးရည်းစားမဖြစ်တစ်ဖြစ်သူငယ်ချင်းများ..

ကောင်မလေးနှင့် Dinner ပွဲမှာအတူတူထိုင်နေလို့က….

ဒီကောင်နာပြီ…….

တီးဝိုင်းသံတိတ်သွားသော အချိန်မျိုးတွင် ကျနော်တို့အုပ်စုလိုက်ထပြီး အော်ဟစ်နောက်ပြောင်လေ့ရှိကြပါသည်,ကျနော်တို့ကြောင့် အဆင် ပြေသွားကြသူရှိသလို နောက်ပြောင်တာလွန်သွားတဲ့အတွက် အဆင်မပြေဖြစ်သွားတဲ့သူတွေလဲ ရှိကြပါတယ်။ 

အဆင်မပြေဖြစ်သွားတဲ့ သူငယ်ချင်းများက ကျနော်တို့ကိုဝိုင်းပြီးမေတ္တာပို့နေကြပါသည်…….. သာသနာဖျက်တွေ…..

 

ဒီနေ့စနေနေ့နံက် 9:30 ကျော်လောက်မှာ ထမင်းစားဆောင်မှာ အားလုံးဆုံကြပါသည်။ ဦးကရင်တို့မိသားစု ကျနော်တို့ကို စိတ်ပျက်လက် ပျက်နှင့် စောင့်နေရှာပါသည်။ ကျနော်တို့တစ်အုပ်စုတည်းသာ ကျန်ပါသည်။

ကျောင်းသားတွေ…. အဘတို့ကိုကူညီတဲ့အနေနှင့် နဲနဲစောလာပေးပါလား….

ဟုတ်ကဲ့…ဟုတ်ကဲ့…နောက်နေ့ကျရင်စောစောလာခဲ့မယ်….

 

နောက်နေ့လဲဒီလိုအချိန်တွေပါဘဲ..ကိုယ့်လူနဲစုအတွက် အဆင်မပြေဖြစ်နေတဲ့ လူအများကို ကျနော်ထည့်မစဉ်းစားမိခဲ့ပါ။ ကျနော်တို့အရမ်း တစ်ကိုယ်ကောင်းဆန်သလို ဖြစ်ခဲ့ရပါသည်။

ကျနော်တို့ကိုခွင့်လွှတ်ပါ…ဦးကရင်ရယ်…..

 

ဒီနေ့ဘယ်မှာ…ဘာပွဲတွေရှိလဲ….

ဘာမှမရှိဘူး…..

ဟာ…ဒါဆိုရင်ပျင်းစရာတော်တော်ကောင်းမှာဘဲ…သမ္မတရုံမှာရုပ်ရှင်သွားကြည့်မယ်….

မကြည့်ဘူး…ငွေကုန်တယ်…..အလကားပွဲတွေကိုလိုက်ရှာမယ်……

ဘာပွဲမှမရှိတာ….ဘယ်မှာသွားရှာမလို့လဲ…..

B.ed တို့ Eco တွေမှာရောမရှိဘူးလား……

ဘာမှမရှိဘူးလို့ဆို…….

တစ်ခုတော့ရှိတယ်…..Science Hall မှာစာပေဟောပြောပွဲတစ်ခုရှိတယ်……

ဟာ…..အိပ်ငိုက်သွားမှာပေါ့ပျင်းစရာကြီးပါ….မနိပ်ပါဘူး…….

ငါသိတာဒါဘဲရှိတယ်…မင်းတို့သဘောဘဲ…

……...မြို့ ထဲသွားရင်လဲငွေကုန်တယ်……

 

အခြားပွဲတွေလဲဘာမှမရှိတော့စနေနေ့စာသင်ချိန်ပြီးတော့…..

ကျနော်တို့အားလုံးပျင်းပျင်းနှင့်သိပ္ပံခန်းမဘက်သို့လျှောက်ခဲ့ကြပါသည်။ ကျောင်းထဲမှာ ဘာပွဲမှမရှိတော့ ကျောင်းသားတော်တော်များများလည်း သိပ္ပံခန်းမဘက်မှာ ရှိနေကြသည်။

 

ဟာ…ဟိုမှာအသံတုကြယ်တစ်လုံးမဟုတ်လား……

ဟုတ်တယ်….ဟုတ်တယ်….One star ….ဝမ်းစတား ……

(ထိုအချိန် အသံတုကြယ်တစ်လုံးသည် တီးဝိုင်းများတွင် ကြေငြာသူအဖြစ်၄င်း၊ ဝင်းဦးသီချင်း၊ ညွန့်ဝင်းသီချင်းများကို အသံတုဖြင့် ဖျော်ဖြေ နေသူအဖြစ်၄င်း လူသိများနေပါပြီ)

မျက်လုံးတွေကလဲ…. ကမ်းပါ့…

ကြယ်တစ်လုံး…မှန်းမသိ….မင်းသိင်္ခ….မှန်းမသိတဲ့ အကောင်တွေ….

မင်းကဘယ်လိုသိတာလဲ….

ဟိုမှာလေ….ဘလက်ဘုတ်မှာရေးထားတာမတွေ့ဘူးလား……..

ခွေးသား…..

 

ထိုအခိုက်ဆရာမင်းသိင်္ခသည်ရန်ကုန်တက္ကသိုလ်စာပေအနုပညာအသင်းမှကျောင်းသားများခြံရံလျှက် ဖြတ်လျှောက်သွားပါသည်။

မင်းသိင်္ခ..ကျောင်းထဲကိုဘာလာလုပ်တာလဲ……….

ငါသိပြီ…ငါသိပြီ…ကျောင်းသားတွေကို ဗေဒင်အလကား လာဟောပေးတာဘဲဖြစ်ရမယ်……

အလကားတော့မဖြစ်နိုင်ဘူး…. တဝက်စျေးလောက်တော့ပေးရမယ်……

ဟေ့မွှန်ကြီး…ဘယ်သွားမလို့လဲ…….

အပြေးတစ်ပိုင်းနှင့်ထွက်သွားသော မွှန်ကြီးကိုကြည့်ပြီး အော်မေးကြပါသည်။

မင်းတို့မလိုက်လာကြနဲ့… ကိုယ်နှင့် Bed က ချိုချိုအကြောင်းဗေဒင်သွားမေးမယ်….

မင်းတို့ကသာသနာဖျက်တွေ…. အနားမလာကြနှင့်…..

မင်းသိင်္ခနှင့်ငါ နှစ်ယောက်တည်းကပ်ပြီး မေးမလို့……

မွှန်ကြီး…ငါ့ကိုစောင့်အုံး……ဗျော့ကြီးပြေးထွက်သွားပြန်ပါသည်။

ဗျော့ကြီး…..ငါ့ကိုလဲနေရာဦးထားပေး……အခြားတစ်ယောက်အော်ပြောပြန်ပါသည်။

မပေးဘူးကွာ…..ငါ လဲမေးစရာရှိတယ်…..

တစ်ကယ်ဘဲစိတ်ထဲမှာ မင်းသိင်္ခဗေဒင်ဟောပေးမယ်ထင်ပြီး ဝရုန်းသုန်းကားနှင့် ကျနော်တို့အုပ်စုတစ်ခုလုံး သိပ္ပံခန်းမထဲ ပြေးဝင်လိုက်ကြပါသည်။ သိပ္ပံခန်းမကြီးထဲ ကျောင်းသားများပြည့်နေပါပြီ…..

မင်းသိင်္ခဟောတော့ဟောပါသည်……

ဗေဒင်မဟုတ်ပါ…ဆရာမင်းသိင်္ခ သူ့ဘဝသူ့အကြောင်းကိုဟောပြောမည်…..

ကျနော်တို့အုပ်စု..တစုတည်းထိုင်စရာနေရာမရှိတော့ပါ။ တစ်ကွဲတစ်ပြားထိုင်လိုက်ကြပါသည်။

ဒီနေ့ဘယ်မှလဲသွားစရာမရှိတော့… မင်းသိင်္ခဟောပြောတာတွေဘဲနားထောင်ပါတော့မည်..

 

ဆရာမင်းသိင်္ခ..ဒီလိုစပြောပါတော့သည်…..

ဒီနေ့ကျောင်းသားတွေကို ကျနော့်ဘဝအကြောင်းတွေကို ဟောပြောပါမယ်။ လာရောက်ကြတဲ့ ကျောင်းသားတွေအားလုံးဟာ ကျနော့်ထက် ပညာအရည်အချင်းမြင့်ကြပါတယ်….. 

ဒါကြောင့်မို့ ကျနော်ပြောလိုက်တဲ့စကားတွေကို ကျောင်းသားများ ဦးနှောက်နဲ့စဉ်းစားပြီးမှ ယုံသင့်မှယုံပါ….လို့ဦးစွာပြောကြားလိုပါတယ်……

ဆရာမင်းသိင်္ခ တော်တော်အပြောကောင်းပါသည်။  သူ့အပြောသည်ကျောင်းသားများအာရုံကို ဖမ်းယူနိုင်ပါသည်။  ရယ်စရာဆိုလည်း ဝါးကနဲ…. 

စိတ်ဝင်စားစရာဆိုလဲ တုတ်တုတ်မျှပင်မလှုပ်..သည်အထိ မင်းသိင်္ခအပြောကောင်းပါသည်။

 

ထိုအချိန်က သူ့ကို ဗေဒင်ဆရာဟူ၍၄င်း..စာရေးဆရာအဖြစ်၄င်း…သိနေကြပါပြီ…….. 

ကျနော့်ကို ဗေဒင်ဆရာအဖြစ်နှင့် လူတော်တော် များများသိကြပါတယ်…ဘာလို့လဲဆိုတော့ကျနော်ဗေဒင်ဟောစားနေတာကိုး……..

ဒါပေမယ့်ဒီဗေဒင်ပညာကိုတတ်လို့လုပ်စားတာလား…..ငတ်လို့လုပ်စားတာလား……

ကျောင်းသားတွေမေးလာရင် ကျနော့်မှာအဖြေအသင့်ရှိပါတယ်……..

ကျနော် ငတ်လို့ဗေဒင်ဟောခဲ့တာ……… ဝါးကနဲကျောင်းသားတွေရယ်ကြပါသည်။

 

မရီကြပါနှင့်….ကျနော်အမှန်ကိုပြောနေတာပါ…….…..ကျနော့်ဘဝကိုဝန်ခံနေတာပါ…….

ကျနော့်မှာငယ်စဉ်ကတည်းကဗေဒင်ပညာအခြေခံတော့ရှိခဲ့ပါတယ်…

ဒါဟာလည်း မဟာဘုတ်ထူတာလောက်ကို သာမန်လူတစ်ကောက် လေ့လာရင်အလွယ်လေးပါ……..မခက်ခဲပါဘူး…..

ကျနော်ငယ်စဉ်က ခဏခဏ အိမ်ကပြေးတတ်တဲ့သူတစ်ယောက်ပါ…..

ကိုယ့်မိဘအိမ်မှာ…စားရေးသောက်ရေး ပူစရာမလိုဘူး……

ပိုက်ဆံလက်ထဲမရှိတဲ့ အိမ်ပြေးဘဝမှာ….. စားရေးသောက်ရေးအရေးကြီးလာပါပြီ……

 

တစ်ခါက ကျနော်အိမ်ကထွက်ပြေးပြီးမြို့ကလေးတစ်မြို့ကိုရောက်ခဲ့ပါတယ်…

ဒီမြို့မှာကျနော့်သူငယ်ချင်းမိသားစုရှိနေပါတယ်… ကျနော်လဲသူ့ဆီမှာခဏတည်းခိုလိုက်ပါတယ်…..

တစ်ရက်နှစ်ရက်တော့ ရွှေဧည့်သည်…….. ၁၀ ရက် ၁၅ ရက်ကျတော့ ပြောင်းတော့လို့ သူငယ်ချင်းမိန်းမ ရာဇသံကြောင့်ကျနော့်စားရေးသောက်ရေးအတွက် စဉ်းစားရပါတော့မယ်….

လုပ်စရာအလုပ်ကလဲမရှိ…ရှိတဲ့အလုပ်ကိုလဲမလုပ်ချင်တဲ့….ကျနော့် ငပျင်းစိတ်ကြောင့် ကျနော်တော်တော်ခေါင်းစားနေရပါပြီ…..တစ်နေ့တစ်နေ့အဲဒီမြို့ကဘုရားမှာ… တနေကုန်..နေနေရင်းဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေမိပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ကြည့်လိုက်တော့ ဘုရားပုံတော်တွေရောင်းတဲ့ နိဗ္ဗာန်ဆိုင်၊ ဘုရားစာတွေရောင်းတဲ့ တရားစာအုပ်ဆိုင်၊ ဘုရားပန်းဆိုင်၊ ပြီးတော့ ဗေဒင်ဟောခန်းတွေကိုတွေ့ရပါတယ််။ နိဗ္ဗာန်ကုန်ဆိုင်၊ တရားစာအုပ်ဆိုင်၊ ဘုရားပန်းဆိုင်တွေက ကျနော့်လို လက်ထဲမှာပိုက်ဆံမရှိတဲ့သူမလုပ်နိုင်ဘူး…… ဒါကြောင့်ကျနော့်မှာ ရွေးစရာတစ်လမ်းဘဲရှိတော့တယ်…ဗေဒင်ဟောဘို့…..

ဗေဒင်ဟောဘို့ဆိုတာလည်း ကျနော့်မှာအခန်းလိုနေပြန်တယ်…..

အခန်းတွေကိုဘုရားဂေါပက ကထိန်းထားတယ်… အခန်းငှားဘို့ကလဲ လက်ထဲမှာ ပိုက်ဆံမရှိဘူး…… ဂေါပကလူကြီးနှင့်ညှိရပါတော့မယ််။

 

“မောင်ရင် ဗေဒင်ဟောမယ်ဆိုရင်တော့ သိပ်အလုပ်မဖြစ်လောက်ဘူးထင်တယ်… မင်းမြင်တဲ့အတိုင်းဆရာဂိန်တို့……. ဒေါ်ပိန်သေးတို့လည်း အလုပ်သိပ်မဖြစ်လှဘူး….. ငါတို့မြို့ကငယ်လွန်းပါတယ်……” အခန်းခပေးရန်မရှိ၍ ဗေဒင်ဟောခန်းဖွင့်ပြီး တစ်ပတ်ကြာမှယူရန် ညှိနှိုင်းကြတာပါ… ပြောကြဆိုကြညှိနှိုင်းကြရင်း… ကျနော်ဗေဒင်ခန်းဖွင့်ခွင့်ရမည်ဆိုပါက ဘုရားအလှူလည်း နှစ်ဆတိုးစေရမည်ဟု ကတိပေးလိုက်ပါတယ်။

 

ဘုရားအလှူ နှစ်ဆတိုးပေးမယ် ဆိုတော့ ဘုရားလူကြီးလည်း မျက်လုံးကလည်ကလည်နှင့် သဘောတူလို်က်ပါတယ််။ သူ့စိတ်ထဲမှာလဲ ဝေခွဲမရနိုင်တဲ့ပုံပါဘဲ…….ဒါပေမယ့် ဗေဒင်ခန်းဖွင့်ခွင့်ရပြီဆိုတော့ ကျနော်ဗေဒင်ခန်းအတွက် ပြင်ဆင်ရပါတော့မည်။ အများအားဖြင့် ဗေဒင်ပညာကို အဖိုးမှသားသမီး၊ သားသမီးမှမြေးအထိ ဆက်ခံလေ့ရှိကြသည်။ ဘုရားပရဝုဏ်မှာရှိတဲ့ ဗေဒင်ခန်းကိုလေ့လာကြည့်တော့…

 

ဗေဒကဝိန် ဆရာဂိန်…..

ရွှေမှန်ဘီလူး လက္ခဏာဆရာမဒေါ်ပိန်သေး……

ပေစိရဲ့စာကလေးဗေဒင်…

ယောင်ပေစူးရဲ့စပါးလုံးဗေဒင် တဲ့…ဆွေမျိုးတစ်စုဘဲလုပ်စားနေကြတာ……..

သူတို့အားလုံးဟာဒီမြို့လေးရဲ့ဇာတိ……ဗေဒင်ဆရာကြီးဦးစိန်ရဲ့ သားသမီးမြေးတွေဆိုတာ တမြို့လုံးအသိ…….

တချို့ကျတော့လဲ ရွာနားကမြက် ရွာနွားမစားဆိုသလို…… မမေးချင်တာလဲပါတယ်…အထင်မကြီးတာလဲပါတယ်….

ဒါပေမယ့်အဓိက…က သူတို့ရဲ့ ယတြာရို်က်ချက် နဲနဲပြင်းတော မြို့ကလူတွေနဲနဲလန့်နေကြသည်။

 

ဆရာဂိန်ကိုသွားမမေးနှင့်…..ယတြာလုပ်ခိုင်းရင်ထမင်းပါငတ်လိမ့်မည်…..

ဒေါ်ပိန်သေးလဲအတူတူပါဘဲ…..တစ်မြို့လုံးကနဲနဲလန့်နေကြတယ်……

သူတို့အနေနှင့်ဗေဒင်ဟောခန်းဖွင့်တာ ဘာမှဆိုင်းဘုတ်တွေလဲမတင်ထားကြဘူး…..

တင်စရာလဲမလိုဘူးလေ…...ခလေးကအစသိနေကြတယ်…..

ကျနော်ဒီမြို့မှာလူသစ်ဆိုတော့နဲနဲထူးအောင်…..လူစိတ်ဝင်စားအောင်လုပ်ဘို့တော့လိုနေပါတယ်…. ဒါကြောင့်ပိတ်ဖြူပေါ်မှာသင်္ဘောဆေးအနီနှင့်ဒီလိုရေးလိုက်ပါတယ်…….

 

….ဆရာမင်းသိင်္ခ…

…သကြားယတြာနဲ့ဘုရားသာသနာတိုးတက်စေရမည်….

 

ပထမ….လူတွေ ကျနော့်ဆိုင်းဘုတ်ကိုကြည့်ပြီး သိကြားလဲမဟုတ်… သကြားတဲ့….

ဘာလဲ ဘုရားသာသနာ… အမျိုးမျိုးတွေးတောနေကြပါတယ်။

 

ကျနော့်အတွေးနှင့်ကျနော်ရေးထားတာပါ….. ဘုရားအလှူ နှစ်ဆ တိုးပေးမယ်လို့ ဂေါပကလူကြီးကိုကတိပေးခဲ့တော့….ဘုရားသာသနာ တိုးတက်စေရမယ်လို့ ရေးလိုက်တာပါ……အပြိုင်အဆိုင်မရှိတဲ့ လောကကြီးဟာ အလွန်မှပျင်းစရာကောင်းပါတယ်….

ဆရာဂိန်တို့၊ ဒေါ်ပိန်သေးတို့ ဗေဒင်ခန်းလာဖွင့်တဲ့အချိန်က 7:30 နာရီ၊ 8:00 နာရီလောက်မှလာဖွင့်ကြတာ….

တစ်ခါတစ်လေ ဗေဒင်မေးမည့်သူက သူတို့ကိုစောင့်နေရပါတယ်..

သူတို့လဲသိတယ်လေ… ဒီမြို့မှာ ဗေဒင်ဆရာ…သူတို့အပြင်အခြားမရှိ……

ကျနော်က ဗေဒင်ခန်းမှာဘဲ အိပ်တာဆိုတော့ အိပ်ရာနိုးတာနှင့်စဖွင့်နေပြီ…..

5:30 , 6;00 နာရီလောက်မှာ လဲဖွင့်နေပြီ……

ကျနော် 6 နာရီလောက်ဖွင့်တယ်ဆိုတော့ ဆရာဂိန်တို့ ဒေါ်ပိန်သေးတို့လည်း 6 နာရီလာဖွင့်ပါတယ်……

တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘာသံမှမကြားလို့ ဘေးဘီကို ချောင်းကြည့်လိုက်တာ…

ဆရာဂိန်က စားပွဲပေါ်မှာမှောက်လျှက်သား….. ဒေါ်ပိန်သေးက ရွှေမှန်ဘီလူးကို ဖက်လျှက်သား….အိပ်ပျော်နေကြတာ…

 

ဗေဒင်ပညာဟာ သောကအပူတွေများနေတဲ့ ခုနှစ်ရက်သားသမီးတွေကို သက်သာစေတဲ့ မေတ္တာကို အခြေခံထားတဲ့ ပညာရပ်တစ်ခုပါ…..

ကျနော်ဆိုလိုတာက သောကရောက်နေသူတစ်ယောက် ဗေဒင်လာမေးမယ်…

ကျနော်တွက်ချက်ပြီး ပေါ့ပေါ့ပါးပါး ယတြာတစ်ခု လုပ်ပေးလိုက်မယ်…

ဒါဆိုသူလည်း စိတ်ပေါ့ပါးသွားမယ်….စိတ်သက်သာရာလည်းရသွားမယ်……

ဆရာဂိန်တို့ကဒီလိုမဟုတ်ဘူး…..မျက်ဖြူဆိုက်လေဆရာကြိုက်လေဘဲ…..တော်ရုံလူလာမမေးရဲတော့ဘူး……

 

ဒီမြို့လေးမှာ ကျနော်ဗေဒင်ဟောခဲ့တာ ပေါ့ပေါ့ပါးပါး….ပျော်ပျော်ပါးပါးလို့ဘဲပြောရပါမယ်…..

ဘာလို့လဲဆိုတော့ ကျနော့်ဆီ ဗေဒင်လာမေးရင် တွက်ချက်ပြီး ပေါ့ပေါ့ပါးပါးယတြာမျိုးကို ချေခိုင်းလို့ပါဘဲ….

ပေါ့ပေါ့ပါးပါးယတြာဆိုတာ…….

….ဗုဒ္ဓဟူးထောင့်ကအလှူခံပုံးထဲငွေတစ်ကျပ်လှူလိုက်ပါ…

…ကြာသပတေးထောင့်မှာငွေတစ်ကျပ်ခွဲလှူလိုက်ပါ…

..သောကြာထောင့်မှာနှင်းဆီတစ်ပွင့်လှူလိုက်ပါ…

…စိပ်ပုတီးတစ်ကုံးစနေထောင့်မှာလှူလိုက်ပါ…

….ဂုဏ်တော်ကိုးပါးဘုရားစာအုပ်လှူလိုက်ပါ……

ကျနော့်ဗေဒင်ခန်းဖွင့်မှဘဲ ဘုရားပရဝုဏ်အတွင်းမှ ဆိုင်တွေ ရောင်းကောင်းလာသလို ဘုရားအလှူငွေလဲတိုးလာပါတယ်….

ဂေါပကလူကြီးတွေကခေါင်းတငြိမ့်ငြိမ့်နဲ့ပေါ့……

 

နောက်ပြီး လူပိုစိတ်ဝင်စားအောင် သကြားနှင့်ဖျော်ထားတဲ့ ဇီးဖျော်ရည်တစ်ငုံစာကို ဗေဒင်မေးတဲ့သူတိုင်းကို တိုက်ပါတယ်…

သကြားချိုချိုအေးအေးလေးက… ရင်ကိုအေးမြစေပါတယ်…. အဲဒါကိုသကြားယတြာလို့ခေါ်တာ…

ကျနော့်ဆီ ဗေဒင်မေးပြီးပြီဆိုရင် အားလုံးဟာ စိတ်အေးလက်အေး ပေါ့ပါးပြီးပြန်သွားလေ့ရှိကြပါတယ်..

ဘေးက ဆရာဂိန်တို့မောင်နှမက လက်မှိုင်ချနေပါတယ်…….

အရင်တစ်ခါမှ ဗေဒင်လာမမေးဖူးတဲ့ ပျိုပျိုရွယ်ရွယ် ခလေးမှအစ လူပျိုကြီး၊ အပျိုကြီးတွေအဆုံး…

ကျနော့်ဗေဒင်ခန်းမှာလူစည်လို့နေပါတယ်………

 

ကဲ…ကဲ…ကျနော် စကားလည်းရှည်နေပြီ…ကျောင်းသားတွေလည်း ပျင်းနေရော့မယ်..

ကျနော်အနှစ်ချုပ်ပြောပါရစေ…. အလုပ်လုပ်ရင်း အခက်အခဲကြုံတိုင်း ဗေဒင်မေးပြီး ယတြာချေဘို့ချည်းဘဲ မစဉ်းစားကြပါနှင့်လို့ ကျနော်ပြောချင်ပါတယ်… ကိုယ်လုပ်တဲ့အလုပ်ကို ဘယ်မှာအားနည်းချက်ရှိနေလဲ ဘာကြောင့်မအောင်မြင်ဖြစ်တယ်…ဆိုတာ ကိုယ်တိုင် တွေးတော ဝေခွဲတတ်ဖို့လိုပါတယ်….. 

ယတြာကောင်းလို့ အလုပ်အားလုံး အောင်မြင်မယ်ဆိုရင် ဗေဒင်ဆရာအားလုံးသူဌေးတွေဖြစ်ကုန်ပါလိမ့်မယ်……

 

နောက်တစ်ချက်ကျန်ပါသေးတယ်…… ကျနော်တို့ဗုဒ္ဓဘာသာမှာ ကံ..ကံ၏အကျိုးလို့ဆိုထားပါတယ်…

ယတြာ ဘယ်လောက်ကောင်းကောင်း… ကျနော်တို့ရဲ့ အတိတ်ကံကိုလဲ မေ့မထားကြပါနှင့်လို့….ကျနော်ပြောချင်ပါတယ်…..

(၁၉၈၀-၈၁ နှစ်များအတွင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သိပ္ပံခန်းမတွင်…ဆရာမင်းသိင်္ခ… ဟောပြောခဲ့သော အကြောင်းအရာများထဲမှ မှတ်မိသရွေ့ နားလည်သရွေ့ ပြန်လည်တင်ပြထားခြင်း ဖြစ်ပါသည်။)

 

အသက်တွေလည်း နောက်ထပ် နှစ်ဆယ့်ရှစ်နှစ်ကြီးသွားပါပြီ…….. ဆရာမင်းသိင်္ခလည်း နာမည်ကြီးသထက် ကြီးလာနေပါသည်။ လောကီမှာ ကျင်လည်နေသမျှ လူမှုအခက်အခဲ စီးပွားရေးအခက်အခဲများ.. မရိုးနိုင်အောင် တစ်မျိုးပြီးတစ်မျိုး ကြုံတွေ့နေရပါသည်။ အခက်အခဲတွေကြုံတိုင်း ဗေဒင်မေးဖို့၊ ယတြာချေဖို့ ကျနော့်မှာစိတ်ကူးမရှိခဲ့ပါ။……..။

 

အမှန်အတိုင်းပြောရလျှင် ဗေဒင်ဟောသူများကို မယုံကြည်သောကြောင့်ဖြစ်ပါသည်။ ရိုက်ချက်ပြင်းသောယတြာများကို ကြောက်ပါသည်ဟု ပြောလျှင်ပိုမှန်ပါလိမ့်မည်….သို့သော် ဗေဒင်ပညာသည် ခက်ခဲနက်နဲသောပညာရပ်ဖြစ်သည်ဟု ကျနော် လက္ခံထားပါသည်။

 

ဘဝတစ်လျှောက်လုံးမှာဗေဒင်နှင့် ကင်းခဲ့ပါသလားလို့ မေးခဲ့ရင် ကျနော်လည်းမကင်းခဲ့ပါ….

ဒါပေမယ့်နာမည်ကြီးနေသော ဗေဒင်ဆရာကြီးများ၊ လက္ခဏာဆရာကြီးများဆီသို့ ကျနော်မရောက်ခဲ့ဘူးပါ…..

ဆရာမင်းသိင်္ခပြောခဲ့သလို ဗေဒကဝိန်ဆရာဂိန်တို့လိုလူမျိုးနှင့် ကျနော်မတွေ့ချင်ပါ….

ကျနော်အခက်အခဲများကြုံရင် ကူညီပေးနေသောသူတွေရှိကြပါသည်။ မြတ်သူ(ငှက်ပျောသီး) ပဲခူး၊ 1980 batch ဘူမိဗေဒ ဆရာကန်တော့ပွဲ အခမ်းအနားပြီးပြီ… ဆိုရင်သူငယ်ချင်းတွေအားလုံး စုထိုင်ပြီး တက္ကသိုလ်ဓမ္မာရုံမှာ လ္ဘက်ရည်သောက်ရင်း အကြာကြီး စကားပြောလေ့ရှိကြပါသည်။ ထိုအခါငှက်ပျောသီးက တစ်ယောက်ချင်းကို ဗေဒင်တွက်ပေးပါသည်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ယတြာတွေ လုပ်ဖို့ပြောပါသည်။ ပေါ့ပေါ့ပါးပါးယတြာ ဆိုတော့လဲ လုပ်ဖြစ်ကြပါသည်။

 

နောက်တစ်ယောက်က အရင်က ကျနော့်လုပ်ဖေါ်ကိုင်ဖက်တစ်ယောက် သူက ဆရာမင်းသိင်္ခ ဆီမှာ ဗေဒင်ပညာ လေ့လာသင်ယူ တတ်မြောက်လာပါသည်။ စီးပွားဖြစ်ဟောစားနေသူတော့မဟုတ်ပါ။ သူငယ်ချင်းများ အခက်အခဲဖြစ်ခဲ့ရင် သူကူညီပြီး တွက်ချက်ပေး ပါသည်။

 

နောက်တစ်ဦးက အမေတို့၊ အဒေါ်တို့ ကိုးကွယ်နေသော ရန်ကုန်တိုင်း တာမွေမြို့နယ် မြနန္ဒာ ကမ္ဘောဇကျောင်းတိုက် ဆရာတော် ဦးတိက္ခဉာဏ(ရှမ်းဘုန်းဘုန်း) ပအို့ဝ်ဘုန်းတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးက ပေါ့ပေါ့ပါးပါးယတြာလေးများ ဖြင့်ကူညီလေ့ရှိပါသည်။

 

လူ့စိတ်သည် ယတြာလေးလုပ်လိုက်ခြင်းဖြင့် စိတ်သက်သာရာ ရှာလေ့ရှိကြပါသည်။ ဤလူ့စိတ်အားနည်းချက်ကို.. ဗေဒကဝိန်ဆရာဂိန်တို့က အပိုင်ကိုင်ထားလေ့ရှိပါသည်။ ဘူမိဗေဒမှာ ကွင်းဆင်းစဉ်က ကျနော်တို့သည် ပအို့ဝ်ဆရာတော်များနှင့် မကင်းခဲ့ကြပါ။ ကျနော်တို့ ပအို့ဝ်ဆရာတော်များ၏ အကူအညီလဲ ယူခဲ့ဖူးပါသည်။ ကွင်းဆင်းစဉ် ကုံလုံဆရာတော်ကြီးဆီကိုလည်း ရောက်ခဲ့ကြပါသည်။ မော်လမြိုင်မှာနေစဉ်ကလည်း သာမညဆရာတော်၊ သထုံအလံတစ်ရာဆရာတော်၊ ပအို့ဝ်ဆရာတော်များနှင့် မကင်းခဲ့ကြပါ။ ယနေ့ထိလည်း ပအို့ဝ်ဆရာတော်များ ကျနော်တို့အပေါ်ကူညီနေဆဲဖြစ်ပါသည်။

 

ဗုဒ္ဓဘာသာ၊ သာသနာပြုနေသောပအို့ဝ်ဆရာတော်ကြီးများ၏ အခန်းဏ္ဍကိုလျှော့တွက်၍မရပါ…

ထွန်းထွန်းပေါက်ပေါက် ပအို့ဝ်ဆရာတော်ကြီးများ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာခဲ့ကြပါသည်။

နောင်လည်းပေါ်ထွက်လာပါအုံးမည်….

 

ကျနော်သည် ဗေဒင်ကို မယုံကြည်ခဲ့သော်လည်း ဗေဒင်နှင့်မကင်းခဲ့သူ တစ်ယောက်လို့ဝန်ခံပါသည်…

ဒါပေမယ့် ကျနော်တို့စိတ်ထဲမှာ မှတ်ထားရမှာက ဆရာမင်းသိင်္ခပြောခဲ့သော စကားများ ဖြစ်ပါသည်။

အခက်အခဲတွေ့တိုင်း ယတြာချည်းဘဲအားမကိုးဘို့ ကိုယ်ကိုတိုင် တွေးတောအဖြေရှာဘို့…..

ယတြာ ဘယ်လောက်ကောင်းကောင်း……ကျနော်တို့ရဲ့အတိတ်ကံကို မေ့မထားကြဖို့ ဖြစ်ပါသည်။

ကဲ…..ကဲ…..ကျနော်တို့ဆရာမင်းသိင်္ခရဲ့စကားနှင့်ဘဲအဆုံးသတ်လိုက်ကြရအောင်……

 

“သကြားယတြာနှင့်ဘုရားသာသနာတိုးတက်စေအံ့……”

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ