ချင်းကြီးနှင့်ပြည်ထောင်စုနေ့

Photo credit to original uploader

ချင်းကြီးနှင့်ပြည်ထောင်စုနေ့
တတိယနှစ် ဒဂုံဆောင်မှာနေစဉ် ကျနော်တို့ဘေးခန်းမှာ ချင်းတစ်ယောက်နေပါသည်။ ကျနော်တို့နှစ်ယောက်က ကရင်ပြည်နယ်က…ကျနော်တို့စုပြီးစကားပြောလျှင် တော်တော်အာရုံစိုက်ပြီး နားထောင်ရပါသည်။ ချင်းသံဝဲနေသောအသံ ကျနော်တို့နှင့်စိမ်းနေပါသည်။ ထို့အတူ ကရင်ပြည်နယ်မှအသံသည်လည်း သူ့အတွက်အထူးအဆန်းဖြစ်နေပါသည်။ နောင်ကြာလာတော့ နားယဉ်သွားကြပါသည်။

အရပ်မြင့်သောချင်းကို ကျနော်တို့ ချင်းကြီးဟု ခေါ်လေ့ရှိပါသည်။ နောင်သောအခါ ချင်းကြီးလည်း သူ့ကိုယ်သူ နာမ်စားအဖြစ် ချင်းကြီးလို့ဘဲ ပြောလေ့ရှိပါသည်။ ချင်းကြီးက ခရစ်ယာန်ဘာသာကိုးကွယ်ပါသည်။ ဘယ်မှသွားစရာမရှိသော တနင်္ဂနွေနေ့များတွင် ချင်းကြီးနှင့်အတူ ဘုရားရှိခိုးကျောင်းကို လိုက်သွားလေ့ရှိပါသည်။ ဘုရားရှိခိုးကျောင်းမှာ ကျနော်တို့လုပ်ပုံကိုကြည့်ပြီး ချင်းကြီးသိပ်မသင်္ကာပါ……..
သူ့စိတ်ထဲမှာ ကျနော်တို့လဲ ခရစ်ယာန်ဘာသာလို့ဘဲ ထင်နေပါသည်။ ဒါပေမယ့်ဘာသာကွဲ..ထဲကလို့ ထင်နေပါသည်။ တစ်ကယ်တော့ ကရင်ပြည်နယ်မှာနေခဲ့သော ကျနော်တို့သည် ခရစ်ယာန်ဘာသာနှင့်မစိမ်းပါ…… ခရစ်ယာန်ကြားထဲမှာနေခဲ့သော ကျနော်တို့အဖို့ ဒီဘာသာနှင့်ရင်းနှီးနေပါသည်။ တကယ်တော့ ဘယ်ဘာသာမဆို ကောင်းတာကိုလုပ်ဘို့ဘဲ ညွန်ပြထားပါသည်။

ချင်းကြီးသည် ဘာသာရေးကို ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါသည်။….ထို့ကြောင့် မကြာမကြာ ဘာသာရေးအဖွဲ့နှင့်အတူ ခရီးထွက်လေ့ရှိပါသည်။

ကိုဂျစ်…ရှေ့အပတ်မှာ ငါတို့မော်လမြိုင်ကောလိပ်ကို သွားကြမယ်….လိုက်ခဲ့ပါလား…
ငါမော်လမြိုင်ကိုတစ်ခါမှမရောက်ဘူးဘူးကွ…..
ဟာ…..မင်းတို့ဘာသာရေးကိစ္စနှင့်သွားကြတာ….ငါတို့ပါလာလို့မကောင်းဘူးလေ……

မော်လမြိုင်ကောလိပ်တွင် ကျနော့်အမတွေ….ညီမတွေ ကျနော်တို့မြို့ကသူငယ်ချင်းများ….ကရင်ပြည်နယ်မှ သူငယ်ချင်းများစွာရှိသည်။ ကျနော်တို့ရန်ကုန်လာတိုင်း မော်လမြိုင်ကောလိ်ပ်မှာ တစ်ညဝင်အိပ်လေ့ရှိပါသည်။ သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါးပြန်ဆုံဖြစ်သည်။

လိုလိုမယ်မယ် ကျနော်တို့မြို့က ခရစ်ယာန်သူငယ်ချင်းဆီသို့ မိတ်ဆက်စာရေးပေးလိုက်ပါသည်။ နောက်တစ်ပတ် သူတို့ဘာသာရေးအဖွဲ့နှင့် ချင်းကြီးလည်း မော်လမြိုင်ကောလိပ်ကို လိုက်သွားပါသည်။

ဒီနေ့ ချင်းကြီးပြန်ရောက်လို့ သူငယ်ချင်းတွေအားလုံး ချင်းကြီးအခန်းမှာ လာစကားပြောနေကြပါသည်။ ကိုဂျစ် မင်းတို့မြို့က စောအဲဖရက်တို့ စောဂျက်ဆင်တို့နှင့် ဆုံခဲ့သေးတယ်…. နောက်ပြီး သူတို့သူငယ်ချင်း တောင်ငူက စောထဲမော်နှင့်လည်း မိတ်ဆက်ပေးခဲ့တယ်….. နေရာသစ်ကိုရောက်သွားခဲ့သော ချင်းကြီးအတွေ့အကြုံအသစ်တွေကို အားရပါးရပြောပြနေပါသည်။ တော်ပေါ်သားချင်းကြီး စက်စဲကမ်းခြေမှာ ပင်လယ်ကို စမြင်ဖူးပါသည်။

ငါမော်လမြိုင်ကောလိပ်ကို အရမ်းသဘောကျတယ်ကွာ…
..မော်လမြိုင်ကမ်းနားလမ်းကိုလဲ ကြိုက်တယ်ကွာ…
.တစ်ခုပြီးတစ်ခု သူသဘောကျတာတွေကို ပြောပြနေပါသည်။
ကျိုက်မရောကားလမ်းဘေးက ထန်းပင်တန်းတွေနှင့် ငါဓါတ်ပုံရိုက်ထားတယ်….
ဒါပေမယ့်ကွာ….တစ်ချို့လူတွေ စကားပြောရိုင်းတယ်ကွ….
..မင်းကိုဘာပြောလိုက်လို့လဲ…..မင်းကိုဘယ်မှာပြောတာလဲ…..
ကိုဂျစ် မင်းတို့ဆီကလူတွေ စကားပြောရိုင်းတယ်…..
ငါ့ကိုပြောလေ…သူတို့မင်းကိုဘာပြောလိုက်လို့လဲ…….
သူဘာမှတော့ပြန်မပြောပါ…ကျနော်မေးလဲသူပြန်မဖြေပါ…
.သူငယ်ချင်းတွေရှင်းသွားတော့မှ သူပြောပြပါသည်။

မှောင်ခိုခေတ်တွင် မော်လမြိုင်မြို့ တော်တော်စည်ကားပါသည်။ အနယ်နယ်မှ လူအများလည်း ဝင်ထွက်သွားလာနေကြပါသည်။ မိုင်ဒါစျေး…ဒေါင်းမင်းရပ်….. လမိုင်းစျေး စသောမှောင်ခိုပစ္စည်းများရောင်းဝယ်နေသောစျေးများရှိပါသည်။

ချင်းကြီးတို့အဖွဲ့လည်း တစ်နေရာပြီးတစ်နေရာ လျှောက်ကြည့်နေကြပါသည်။ ထိုအချိန် မှောင်ခိုဝင်ပေါက်တစ်ခုလိုဖြစ်နေသော မော်လမြိုင်မှာ ပစ္စည်းအသစ်အဆန်းများသည် တော်ပေါ်သားချင်းကြီးအဖို့ အထူးအဆန်းဖြစ်နေပါသည်။

ညီလေး..ဒီပစ္စည်းဘယ်ကလာတာလဲ……
တောင်ပေါ်က…..
ညီလေး…ဟိုပစ္စည်းကော…
တောင်ပေါ်က……
ဘယ်နေရာမှာမေးမေး တောင်ပေါ်ကလို့ဘဲ အမြဲပြောနေကြသည်…...ချင်းကြီးစိတ်ထဲမှာသိပ်မရှင်းဖြစ်နေပါသည်။

အစ်ကိုကြီး…ဟောဒီပစ္စည်းဘယ်ကလာတာလဲ….
တောင်ပေါ်က…
ကျနော်လဲတောင်ပေါ်မှာနေတာဘဲ…ကျနော်တို့တောင်ပေါ်မှာမတွေ့ပါဘူး…
ခင်ဗျားကဘယ်တောင်ပေါ်မှာနေတာလဲ….
ကျနော်ကချင်းတောင်မှာနေတာ……လို့ချင်းကြီးကဂုဏ်ယူစွာပြောလိုက်ပါသည်။

ထိုအခါစျေးရောင်းသူသည် ချင်းကြီးကို အထူးအဆန်းလိုကြည့်ပြီး ဤသို့ပြောလိုက်ပါသည်။
ခင်ဗျား ချင်းတောင်ပေါ်ကို လူတွေမပြောနှင့်ခွေးတောင်မသွားဘူး…..

အဲဒီမှာ ချင်းကြီး ပေါက်ကွဲပါတော့သည်။ တစ်ယောက်တစ်ခွန်းစကားများကြလို့ အတင်းပြန်ဆွဲခေါ်လာခဲ့ရပါသည်။

မင်းကွာ….သူတို့ပြောတဲ့စကားကို မင်းမို့လို့စိတ်ထဲမှာထည့်ထားတယ်….မေ့လိုက်ပါ…..
ရိုးသားသောချင်းကြီး သူတို့ချင်းတောင်တန်းကို ဒီလိုရိုင်းရိုင်းပြပြပြောရကောင်းလားဆိုပြီး စိတ်ဆိုးနေတာ…..

ကျနော်တို့ကျောင်းတက်စဉ်နှစ်များအတွင်း ပြည်ထောင်စုနေ့သည် အလွန်စည်ကားပါသည်။ ကျိုက္ကဆံကွင်းကြီးထဲမှာ ပျော်ပွဲရွင်ပွဲ၊ ပြည်နယ်တိုင်းပြခန်းများ၊ ဌာနပေါင်းစုံမှပြပွဲများ၊ ကျောင်းများမှလည်း ရန်ပုံငွေရှာပွဲများ လုပ်လေ့ရှိပါသည်။ ပြည်ထောင်စုအလံသည် တိုင်းနှင့်ပြည်နယ် 14 ခုသို့ လှည့်ပတ်ပြီး သွားပါသည်။

ပြည်ထောင်စုအလံတော်ခရီးအစသည် မြို့တော်ခန်းမမှ မင်္ဂလာဒုံလေယာဉ်ကွင်းဆီသို့ ဖြစ်ပါသည်။ ထိုမှ ပြည်နယ်တိုင်းများသို့ ခရီးဆန့်ပါလိမ့်မည်။ ပြည်ထောင်စုအလံတော်နောက်တွင် တိုင်းရင်းသားပေါင်းစုံ ခြံရံလျှက် မင်္ဂလာဒုံလေယာဉ်ကွင်းသို့ လိုက်ပါပို့ဆောင် ရပါသည်။ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ကချင် စသောတိုင်းရင်းသားများ စုံတွဲလိုက် မာဇဒါဂျစ်ပေါ် မတ်တတ်ရပ်လိုက်သွားရပါသည်။ စုံတွဲတစ်တွဲ မာဇဒါဂျစ်တစ်စီးနှင့် လေယာဉ်ကွင်းထိ လိုက်ပို့ရပါသည်။

အများအားဖြင့် လိုက်ပါပို့ဆောင်ရမည့် တိုင်းရင်းသားလူငယ်များကို တက္ကသိုလ်ကောလိပ်များမှ ရွေးချယ်လေ့ရှိပါသည်။ အရပ်မြင့်ပြီး ခန့်ငြားသောချင်းကြီးသည် ချင်းလူငယ်အဖြစ်ရွေးချယ်ခံရပါသည်။

ဟာ…ချင်းကြီးကံထလာပြီနော်……
မင်းနဲ့တွဲရမယ့်ချင်းမလေးလဲအလှဆုံးဖြစ်မှာနော်..
…မင်းစိတ်ကူးမလွဲနဲ့….
..ချင်းကြီးစွံတော့မယ်ဟေ့….
သူငယ်ချင်းအားလုံးလည်း ဝမ်းသာအားရနှင့် မြှောက်ထိုးပင့်ကော်လုပ်ကြပါသည်။ ချင်းကြီးက ရိုးသားသူပီပီ ရှက်နေပါသည်။
ကိုဂျစ်…..မင်းဘယ်သူ့ကိုမှမပြောနှင့်နော်…..ငါတစ်ခါမှရည်းစားမထားဘူး….ဘူး….
အဲဒါကြောင့်….မင်းကံထလာပြီလို့ပြောတာ..
မင်းနဲ့တွဲရမည့် ချင်းမလေးလည်း လှမှာပါ….မင်းအစွံထုတ်ပေတော့……

ဒီလိုနှင့် အစမ်းလေ့ကျင့်တဲ့နေ့ ရောက်လာပါတယ်။ အစမ်းလေ့ကျင့်တာဆိုတော့လည်း ခရီးဝေးဝေးမဟုတ်ပါ….. ဦးဝိစာရလမ်း တစ်လျှေက် အစမ်းလေ့ကျင့်ပါသည်။ ကျနော်တို့သူငယ်ချင်းတွေလဲ ချင်းကြီးကို သွားအားပေးကြပါသည်။ ချင်းကြီးနှင့်တွဲသော ကောင်မလေး တော်တော်ချောပါသည်။ ချင်းကြီးနှင့်လည်း လိုက်ဖက်ပါသည်။ ထင်ထားသည့်အတိုင်း အစမ်းလေ့ကျင့်ပြီးနောက်မှာတော့ ချင်းကြီးတစ်ယောက် အချစ်ရူးရူးပါတော့သည်။

ကိုဂျစ်……ချင်းမလေးချောလား…..
ချောတာပေါ့… ချင်းကြီးနှင့်သိပ်လိုက်….
ကိုဂျစ်…ချင်းကြီးရူးတော့မယ်ထင်တယ်…..
မရူးနဲ့အုံး… ချစ်တဲ့အကြောင်းပြောလိုက်ပါအုံး…..
အဲဒါပြောတာပေါ့..အချစ်ရူးကိုပြောနေတာ…
ချင်းကြီးတစ်ယောက်အချစ်ရူး…ရူးနေပါပြီ…….

“ တို့ပြည်ထောင်စုအလံတော်သည်….တလူလူလွင့်လို့ချီလာပြီ…
ပြည်သူအပေါင်းတို့ကြိုဆိုမည်….အလေးပြု ..အလေးပြုကြပါမည်….”.

ချင်းကြီးတစ်ယောက်တော့ရူးပြီ… မိုးမလင်းသေးဘူး ရေချိုးနေပြီ…..နံနက်ချိန်ခါ….တေးသံသာနှင့်အပြိုင် ပြည်ထောင်စုအလံကို နှုတ်မှတအေးအေးဆိုငြီးပြီး ကြိုဆိုနေပါသည်။ ခဏနေရင်ကျနော်တို့ကိုနှိုးတော့မည်…. ထမင်းစားပြီးရင်ကျောင်းတက်ရအုံးမည်….. မန္တလေးဆောင်ကိုတော့မဟုတ်ပါ။ ချင်းမလေးတက်နေသော B.ed သို့…..

သူငယ်ချင်းတွေက အဖေါ်အဖြစ်လိုက်ပေးရမည်……
ညနေကျရင်လည်း B.ed အဆောင်သို့မပျက်မကွက်…..
တနင်္ဂနွေရောက်ရင်လည်း ချင်းမလေးနှင့်အတူ ဘုရားကျောင်းသွားသည်။

ကျနော်တို့ကိုသတိမရတော့့ပါ…….
ကျနော်တို့အားလုံးအမြင်မှာ…အားလုံးအဆင်ချောနေပြီ…
လူမျိုးတူ….ဘာသာတူ….သိကြားမင်းဆင်းဖျက်ရင်တောင်မပျက်နိုင်…..
ဒါပေမယ့်ချင်းကြီးက ရိုးသားပြီး ရည်းစားလည်း တစ်ခါမှမထားဘူးတော့ ပြောဘို့ရှက်နေသလို ပြောဘို့လည်း ခက်နေပါသည်။

ချင်းကြီး ပြောစရာရှိတာ ပြောလိုက်တော့ကွာ…..ငါတို့ကြည့်တာအဆင်ချောနေပြီ…….
ကိုဂျစ်..ချင်းကြီးမပြောရဲဘူး…….
ဟာကွာ….ချင်းကြီးမရှက်နဲ့တော့…ချင်းမလေးရိပ်မိနေပြီ…….
ကိုဂျစ်…..ချင်းကြီးဘယ်တော့လောက်ဖွင့်ပြောလိုက်ရင်ကောင်းမလဲ……
ဒီလိုလုပ်ကွာ….ပြည်ထောင်စုအလံလေယာဉ်ကွင်းပို့တဲနေ့မှာ ဖွင့်ပြောတော့ကွာ…….
မြို့တော်ခန်းမကလေယာဉ်ကွင်းအထိ ကားပေါ်မှာ မင်းတို့နှစ်ယောက်တည်း…..
အေးအေး…ဆေးဆေးပြောလို့ရတယ်….ငါမြင်ယောင်သေးတယ်…
..မြို့တော်ခန်းမနှင့်လေယာဉ်ကွင်းခရီးနီးတယ်လို့ထင်နေမှာ…
…စကားပြောလို့ကုန်မဲ့ပုံမပေါ်ဘူး…….

အင်း…ဟုတ်ပြီ..ကိုဂျစ်အကြံကောင်းတယ်…..
အလံသယ်မယ့်နေ့မှာ ဖွင့်ပြောလိုက်တော့မယ်……
မနက်ဖြန် မနက်ပြည်ထောင်စုအလံတော်စတင်သယ်မယ့်နေ့… ချင်းကြီးအရမ်းအူမြူးနေပါသည်။ အလံတော်သယ်ယူရေးကော်မတီမှ မနက်လေးနာရီကားနှင့်လာခေါ်မည်…….အလံတော်ကိုမနက်ခြောက်နာရီလေယာဉ်ကွင်းအရောက်ပို့ပေးရမည်။

ချင်းကြီးနှင့်ချင်းမလေးနှစ်ယောက်ထဲ မာဇဒါဂျစ်ပေါ်မှာ ချင်းအမျိုးသားဝတ်စုံဝတ်လျှက် သူငယ်ချင်းတွေရှေ့မှာ ကြွားပြအုံးမည်လို့ ချင်းကြီး စိတ်ကူးယဉ်နေပါသည်။ ရည်းစားစကားကို ဘယ်လိုစပြောရင်ကောင်းမလဲ စဉ်းစားနေပါသည်။ ကားပေါ်ရောက်မှ အခြေအနေကြည့်ပြီး ပြောတော့မယ်…. အားလုံးအဆင်ပြေမှာပါ…... ချင်းကြီးအမျိုးမျိုးစိတ်ကူးတွေယဉ်နေသည်။

ညက ချင်းကြီးသိပ်အိပ်မပျော်ပါ….သုံးနာရီကတည်းကနိုးနေပြီ…..
ဟာ…ချင်းကြီးဒီအတိုင်းတော့သွားလို့မဖြစ်ဘူး…..နေအုံး…နေအုံး….
ချင်းကြီးကိုဘာလုပ်မလို့လဲ….
အလှပြင်ပေးရမယ်…..
ဟာ…..မလုပ်နှင့်….မလုပ်နှင့်….
ကျနော်တို့ ဘိုကွမ်းတို့ ရွှေဘိုဆောင်ကချစ်ချစ်ကို ခေါ်လာခဲ့ပါသည်။ ချစ်ချစ်က ချင်းကြီးကို အလှပြင်ပေးမည်…..

ချစ်ချစ်(သို့)အလှဖန်တီးရှင်အကြောင်း နဲနဲပြောပြချင်ပါသည်။ သူသည် ရန်ကုန် - မန္တလေးကားလမ်းပေါ်မှာရှိသော မြို့ကလေးတစ်မြို့မှာ နေသည်။ ဆယ်တန်းအောင်တော့ဝါသနာပါသော Eco ကို တက်ခဲ့ပါသည်။ သူ့အဖေကိုလည်း ကျောင်းပြီးရင် ပြင်ပစာရင်းစစ်လုပ်ငန်း လုပ်မည်ဟု ကတိပေးခဲ့ပါသည်။

မြို့ငယ်ငယ်မှာနေတုန်းက သိပ်မခြောက်သေး…….ရန်ကုန်ကိုလည်းရောက်ရော…လှည်းတန်းက အမောင်၊ တိုနီ၊ ရုက္ခဗေဒက ever green အစရှိသော ရန်ကုန်က Gay တစ်သိုက်နှင့် ပေါင်းမိပြီး နယ်မှာမခြောက်တစ်ခြောက်.. ရန်ကုန်ရောက်တော့လုံးဝ.. ချောတကောက်…ဖြစ်သွားပါပြီ……သူ့ရည်ရွယ်ချက်လည်း ပြောင်းသွားပါသည်။ အဖေ့ကိုပေးထားသောကတိကို ဖျက်လိုက်ပါပြီ…. အခြောက်တို့ထုံးစံ အတိုင်း အလှဖန်တီးရှင်လိုင်းထဲ ဝင်သွားပါသည်။ ကျောင်းတွေပိတ်ရင်သူ့မြို့ကိုလဲ မပြန်တော့ပါ…ကျောင်းနားမှာဘဲ ပျော်မြူးနေပါတော့ သည်။

ရန်ကုန်မှာ ဆောင်းတွင်းမကုန်သေးပါ… ချမ်းချမ်းစီးစီးကြားထဲ ချစ်ချစ်ကချင်းကြီးကို အလှပြင်ပေးနေသည်။ ဒီလိုမျိုး သန့်သန့်ခန့်ခန့်ကြီး ဒဂုံဆောင်မှာရှိနေတာ အသိနောက်ကျလေခြင်းဆိုပြီး ချစ်ချစ်တစ်ယောက် အလှပြင်ပေးရင်း ငိုချင်းချနေပါသည်။ ချင်းကြီး လက်မောင်းကိုတွဲလိုက်၊ ရင်ခွင်ထဲဝင်လိုက်၊ ပါးကိုလဲပြွတ်ကနဲနမ်းလိုက်နှင့် မျက်နှာကိုလဲ မိတ်ကပ်လိမ်းချယ်ပေးနေပါသည်။

ချင်းကြီးကတော့ရှက်နေပြီ…..မနေတတ်တော့ပါ…..
မင်းတို့ဒီအတိုင်းဘဲကြည့်နေကြတော့မှာလား…..
မဆိုးပါဘူး….ပြင်ထားတာကြည့်ကောင်းပါတယ်…….
အဲဒါပြောတာမဟုတ်ဘူးကွ….ငါမနေတတ်တော့ဘူး…..
ချင်းကြီးထအော်နေပါပြီ……
ချစ်ချစ်ကတော့ Ready ဘဲ….ချင်းချင်း ဘယ်လိုလဲတစ်ခါတည်းလိုက်ခဲ့ပါလား…..
ပြောနေရင်းအသဲယားလာပြီနော်………
ဟောဒီရင်ခွင်ထဲကိုဒီလိုတိုးဝှေ့လိုက်ချင်တာ……..
အမလေးမင်းတို့ကောင်တွေတော်တော်ကြည့်ကောင်းနေကြလား….
…ငါဒါနဲ့ဘဲကျိန်းကျေရတော့မလား….ငါ့အစီအစဉ်ကိုမင်းတို့အားလုံးသိတယ်နော်……
အေးပါ……အေးပါ……
အားလုံးနောက်နောက်ပြောင်ပြောင်နဲ့ဘဲ အလှပြင်ပြီးသွားပါသည်။ နံနက် 4 နာရီမှာချင်းကြီးကိုကားနှင့်လာခေါ်သွားပါသည်။

ချင်းကြီးသွားပေမယ့်လည်း ကျနော်တို့အားလုံး တာဝန်မပြီးသေးပါ။ ပြည်ထောင်စုအလံကြိုဆိုမည့်အစီအစဉ် စတော့မည်။ ရန်ကုန်တက္ကသိုလ်တစ်လျှောက် ပြည်လမ်းဘေးမှာ အဆောင်များမှ ကျောင်းသူကျောင်းသားများကြိုဆိုရမည်။ ဒီနှစ်အစီအစဉ်ထဲမှာ ကျနော်တို့ချင်းကြီးတစ်ယောက်ပါနေသောကြောင့် ကျနော်တို့လဲအိပ်နေ၍မရတော့ပါ……….ကျနော်တို့ ပြည်ထောင်စုအလံကို ကြိုဆိုသော အခမ်းအနားကိုတက်ရပါမည်။ ချင်းကြီးတို့အတွဲကိုလည်း အားပေးရမည်…….ဒဂုံဆောင်ကျောင်းသားများက ဂျဒ်ဆင် ဘုရားရှိခိုးကျောင်းရှေ့ ပြည်လမ်းနေရာမှာ နေရာယူရပါသည်။

ကျနော်တို့ဘေးမှာ သီရိဆောင် ဥပဒေကျောင်းသူများ….. ရန်ကုန်ဆောင်းမကုန်သေးသောကြောင့် ကျနော်တို့လက်များ အေးစက်နေ ပါသည်။ လက်ဖဝါးအချင်းချင်းပွတ်ပြီး အအေးဒဏ်ကို တွန်းလှန်နေရပါသည်။
ချမ်းတယ်ကွာ……
ချမ်းရင်မျောက်က…..က.. ကွာ…ဒါမှနွေးသွားမယ်……

ဘေးက ဥပဒေကျောင်းသူတွေလဲ အနွေးထည်ကိုယ်စီနှင့်….သူတို့ကြားထဲတွင် ကျနော်တို့ အမျိုးတွေ၊ ကရင်ပြည်နယ်က သူငယ်ချင်းတွေ ကိုလည်း တွေ့ရပါသည်။ ဗျော့ကြီးတော်တော်ချမ်းနေပါသည်။ ထိုကြောင့် သူသည် လှုပ်လှုပ်ရှားရှားသဘောမျိုး လက်ခုပ်ကို စည်းချက်ညီညီ တီးနေပါသည်။ ထိုစည်းချက်အတိုင်း မွန်ကြီးလည်း လက်ခုပ်လိုက်တီးပေးပါသည်…ပါးစပ်မှလည်း နံနက်ချိန်ခါ တေးသံသာမှလာသော သီချင်းများကိုလည်း ဒီလိုတိုးတိုးလေးဆိုပြီး ငြီးနေပါသည်။ နောက်…ကျနော်တို့အားလုံး လိုက်ဆိုကြပါသည်။

“ဒို့ပြည်ထောင်စုအလံတော်သည်…..တလူလူလွင့်လို့ချီလာပြီ…..
ပြည်သူအပေါင်းတို့ကြိုဆိုမည်….အလေးပြု…အလေးပြုုကြပါမည်……”

မြန်မာ့အသံမှ ထိုသီချင်းများကို ခလေးများက စုပေါင်းသီဆိုကြပါသည်။ ယခုကျနော်တို့သီဆိုသံကြားတော့ ဥပဒေကျောင်းသူများက ၀ိုင်းရီကြပါသည်။ သူတို့ဝိုင်းရီကြပေမယ့်လည်း ကျနော်တို့သီဆိုသံ လက်ခုပ်သံတွေ ရပ်မသွားပါ။ အားလုံးဝိုင်းဆိုကြသောကြောင့် ပို၍ပင်မြိုင်လာပါသည်။

ထိုအခါ ကျနော်တို့ သီရိဆောင်သူများ ရှေ့သို့ထွက်သွားပြီး အားလုံးဝိုင်းဆိုကြရန် စည်းချက်နှင့်အညီ လက်နှစ်ဘက်ကို မြှောက်၍ မြှောက်၍ ၀ိုင်းဆိုကြရန် တိုက်တွန်းလိုက်ပါသည်။ ထိုအခါ ကျနော်တို့ကရင်ပြည်နယ်မှသူငယ်ချင်းများကစပြီး လက်ခုပ်ညီညီတီးပြီး ပြည်ထောင်စုအလံသီချင်း စဆိုကြပါသည်။

ထိုမှသီရိဆောင်သူအားလုံး…..နောက်မာလာဆောင်…နောက်အင်းလျှားဆောင်သူများ….
ကျောင်းသားကျောင်းသူများအားလုံး၏ ညီညာသောလက်ခုပ်သံနှင့်အတူ ပြည်ထောင်စုအလံသီချင်းသည်လည်း ပြည်လမ်း တစ်လျှောက်လုံးကို ဖုံးလွှမ်းသွားပါတော့သည်။ တဒင်္ဂ တခဏမှာရန်ကုန်ဆောင်းကိုလည်းမေ့သွားပါသည်။

ပြည်ထောင်စုအလံသယ်ဆောင်လာသောယာဉ်မကြာမီရောက်လာပါတော့မည်……
ဟေ့…..ဟိုမှာ..ချင်းကြီးတို့အတွဲ……ဟေး…..ချင်းကြီး…..
ချင်းကြီး…ချင်းကြီး…..ငါတို့ဒီမှာကွ…..
ဗျော့ကြီးထခုန်ပြီးလက်မြှောက်ပြနေပါသည်။

ပြည်ထောင်စုအလံတော်ကရှေ့ဆုံး….နောက်မှာတိုင်းရင်းသားပေါင်းစုံ….စုံတွဲလိုက်…မာဇဒါဂျစ်ပေါ်ရပ်ပြီး လိုက်ပါလာခဲ့ကြပါသည်။ ကားတွေကပုံမှန်အတိုင်း သွားနေကြပါသည်။ ချင်းတိုင်းရင်းသားဝတ်စုံနှင့်ချင်းကြီးတို့စုံတွဲ အရမ်းကြည့်ကောင်းနေပါသည်။

ချင်းကြီးတစ်စုံတစ်ရာရှာနေသလိုလိုဘဲ…..
ဒါပေမယ့် များပြားသောကျောင်းသားများကြားထဲမှာ ကျနော်တို့အုပ်စုကို သူမမြင်နိုင်ပါ……
ပြည်ထောင်စုအလံ ကျနော်တို့ကို လွန်သွားပြီးနောက် ကျနော်တို့အားလုံး အဆောင်ပြန်အိပ်ကြပါသည်။ ညက အိပ်ရေးပျက်သောကြောင့် ဖြစ်ပါသည်။

…..တဒုန်းဒုန်းနှင့်တံခါးကိုထုရိုက်သံကြောင့် ကျနော်လန့်နိုးသွားပါသည်။
ဘယ်သူလဲ….
ချင်းကြီးပါ….တံခါးဖွင့်ပေးပါအုံး…….
ဟာ…..အိပ်ကောင်းတုန်းနောက်မှလာကွာ….
ကိုဂျစ်…ချင်းကြီးငိုချင်နေတယ်…တံခါးဖွင့်ပေးပါ…..
ဘာဖြစ်ပြန်တာလဲ….ကားပေါ်ကမင်းတို့စုံတွဲ…ငါတို့ကိုတောင်မမြင်ဘူးမဟုတ်လား……
ကိုဂျစ်…မင်းမသိဘူးနော်….ငါ့ဝေဒနာမင်းမသိဘူးနော်….
မင်းဝေဒနာကို ချင်းမလေးကိုပြောပြလိုက်ပေါ့….ရင်ပေါ့သွားအောင်……
ပြောလို့မဖြစ်လို့ပေါ့…မင်းကိုပြောမလို့…..
ငါ့ကိုလဲမပြောနှင့်ရွှေဘိုဆောင်ကချစ်ချစ်ကိုသွားပြော….
ကိုဂျစ်…ချင်းကြီးငိုချင်တယ်…..ချင်းကြီးဒီနေ့ကံမကောင်းဘူး….
ဘယ်လိုဖြစ်ရပြန်တာလဲ…ပြောပါအုံး….

ကျနော်ချင်းကြီး…..ဒီနေ့အရမ်းမြူးနေပါသည်။
ပြည်ထောင်စုအလံကို သယ်ယူမည့်အစီအစဉ်ထက် ညီမလေးကို ဒီနေ့ ရင်ထဲကအားလုံး သွန်ထုတ်ရန် စီစဉ်ထားသောကြောင့်ဖြစ်ပါသည်။ မြို့တော်ခန်းမမှကားများ စီတန်းပြီးထွက်လာပါသည်။ ကျနော်နှင့်ညီမလေးအတွဲက ချင်းတိုင်းရင်းသားကို ကိုယ်စားပြုပါသည်။ကား လေတိုးသောအရှိန်နှင့် ရန်ကုန်ဆောင်း ပိုအေးသွားပါသည်။ ဒီလိုအေးသောအချိန်မျိုးမှာ ကြင်နာခွင့်ရရင် ညီမလေးကို ရင်ခွင်ထဲသွင်းပြီး အအေးဒဏ်ကို ကာကွယ်ပေးလိုက်ချင်ပါသည်။

ဟာ…ငါဘာတွေတွေးနေတာလဲ….ချစ်တဲ့အကြောင်းတောင်မပြောရသေးဘူး….
ကိုဂျစ်တို့ပြောတဲ့ပုံစံအတိုင်းဆိုရင်အဆင်ပြေမှာပါ…..
အင်း….စ…စချင်းတော့ရည်းစားစကားပြောလို့မဖြစ်သေးဘူး…
…..အလ္လာပ သလ္လာပ..စကားတွေဘဲပြောရအုံးမယ်……
စကားတစ်ပြောပြောနှင့်လာလိုက်တာ…စိန်ဂျွန်းစျေးနားတောင်ရောက်လာပါပြီ….
ချင်းမလေးနှင့်စကားပြောလို့ကိုမကုန်နိုင်…
လေယာဉ်ကွင်းဒီထက်ပိုဝေးရင်ကောင်းမယ်…ပဲခူးလောက်ဆိုရင်ပိုပြီးကောင်းမယ်…..
အင်း….မြေနီကုန်းလောက်ရောက်ရင်တော့ရည်းစားစကား..စပြောလိုက်တော့မယ်…
…ဒါမှ…အဆင်ပြေရင်..ကိုဂျစ်တို့အဖွဲ့ကိုကားပေါ်ကကြွားလို့ရမှာ……
ဟော…ရှေ့မှာမြေနီကုန်းမီးပွိုင့်ရောက်နေပြီ…စတော့မှ…
…...အမလေး…လေး..ဘယ်လိုဖြစ်တာလဲ…..
ဗိုက်နာလိုက်တာ…..ဗိုက်အောင့်တာမဟုတ်ပါ…
ဗိုက်ရစ်ပြီးအိမ်သာတက်ချင်တာ……
အမလေး….လေး…ဒုက္ခပါဘဲ…
တောက်….ဟိုအခြောက် ဒုက္ခပေးတာ……
သူအလှပြင်ပေးနေတုန်းကအိမ်သာတက်ချင်စိတ်ပေါ်လာသား…..
ဒီကောင်…ဟိုဟိုဒီဒီလျှောက်ကိုင်တာနဲ့အိမ်သာတက်ချင်စိတ်ပါပျောက်သွားတာ…..
စီစဉ်ထားတဲ့စကားလုံးတွေတောင်ရှာမတွေ့တော့ဘူး….
မထူးတော့ပါဘူး…ပြောလိုက်တော့မယ်……
အမလေး…လေး..ဒုက္ခရောက်ပြီထင်တယ်…..
အူလမ်းကြောင်းထဲကရထားတွဲလည်းတစ်လစ်…တစ်လစ်…ဒုက္ခတော့ရောက်နေပါပြီ……
ကိုဂျစ်ရေ….ချင်းကြီးဒုက္ခကိုမင်းမသိဘူးနော်……
ဒီလောက်အေးစက်နေသောလေတိုးသည့်ကြားထဲကချင်းကြီးနဖူးပေါ်မှာချွေးပေါက်တွေ….
ချင်းကြီးမျက်နှာမပြုံးနိုင်ပါ…မဲ့နေပါသည်……
အာရုံလွဲသည့်အနေနှင့်စကားပြောနေသော်လည်းစိတ်ကဖင်မှာ…….
အို….အဖ..ဘုရားသခင်…..သားတော်ကိုကယ်တော်မူပါ….ချင်းကြီးဘုရားတနေပြီ…..
ကားတွေမြန်မြန်မောင်းကြပါလား…..လေယာဉ်ကွင်းမြန်မြန်ရောက်ပါတော့….
အောင့်ထားမှ…အောင့်ထားမှ…..
မအောင့်ထားနိုင်ရင်သောက်ရှက်ကွဲလိမ့်မယ်….
ကိုဂျစ်ရေ…..ချင်းကြီးကားပေါ်မှာဒုက္ခအကြီးအကျယ်ရောက်နေပြီကွ……
အမလေး…လေး….ချင်းကြီးအော်ဟစ်ပြီးငိုချင်နေပါသည်။

မြန်မြန်ရောက်ချင်မှကားတွေကလဲနှေးလိုက်တာ….
စိတ်ကိုဘယ်လိုဘဲအာရုံလွဲလွဲ..နောက်ဆုံးတော့ ဖင်ကိုဘဲစိတ်ရောက်ရောက်နေပါသည်။
ဝတ်ထားသောချင်းဝတ်စုံမှာလည်း ချွေးတွေရွဲနစ်နေပါသည်…….
အမလေး..လေး….ဗိုက်ထဲကရစ်ပြီးနာနေသည်။
ချင်းမလေးကိုပြုံးပြနေသော်လည်း သူ့မျက်နှာအပြုံးမပီပြင်တာသူဘဲသိသည်။
လေယာဉ်ကွင်းရယ်..မြန်မြန်ရောက်ပါတော့…..
အူလမ်းကြောင်းထဲကရထားတွဲလည်းထွက်လုထွက်ခင်……
ညီမလေး….ငါ့ ရင်ထဲကအကြောင်းတွေကိုပြောမထွက်ဘူး……
ဘယ်ပြောထွက်မလဲ…ဒီအချိန်မှာချင်းမလေးကို ချစ်တဲ့မေတ္တာထက်ဗိုက်ထဲမှာရစ်ပြီးနာနေသော ဝေဒနာက ပို၍ကြီးနေသောကြောင့် ဖြစ်ပါသည်။

မြို့တော်ခန်းမထွက်တုန်းက လေယာဉ်ကွင်း ဒီထက်ဝေးပါစေလို့ ကိုယ်စိတ်ထဲကဖြစ်စေချင်တာ…
ခုတော့..ကိုယ်ဆုတောင်းဒဏ်ကိုယ်ပြန်ခံနေရပြီ…
လေယာဉ်ကွင်းရယ်…..မြန်မြန်ရောက်ပါတော့….မြန်မြန်ရောက်ပါတော့…
ချင်းကြီးတစ်ယောက်..ငို၍ရီ၍မရသောမျက်နှာနှင့်…..
လမ်းတစ်ဖက်တစ်ချက်ဝဲယာမှလူအများက သောင်းသောင်းဖြဖြကြိုဆိုနေမှုကိုခံယူနေပါသည်…
မြန်မြန်ရောက်ပါတော့…လေယာဉ်ကွင်း…မြန်မြန်…...မြန်မြန်…..
လေယာဉ်ကွင်းမှာကားရပ်တာနှင့်ကားပေါ်ကခုန်ချပြီး တစ်ချိုးထဲပြေးပါတော့သည်…အိမ်သာဆီသို့.
….မရှက်နိုင်တော့ပါ…..
နောက်မှာချင်းမလေး……လှမ်းအော်ပြောတာတွေကိုလည်းဂရုမစိုက်နိုင်တော့ပါ…
….ကျနော့်ဖင်ပြဿနာ….အားလုံးထက်အရေးကြီးနေပါသည်။

မနက် ချင်းကြီးအခန်းကို ဖွင့်ကြည့်တော့ ဒီကောင်မှောက်ပြီးအိပ်နေသည်…
နေလည်ချောင်းကြည့်တော့လည်းဒီကောင်မှောက်အိပ်နေတုန်း……
အိပ်ပျော်နေတာမဟုတ်ပါ….ဒီနေ့အဖြစ်အပျက်ကိုတွေးပြီး ဒီကောင်စိတ်မကောင်းဖြစ်နေတာ…..
ရိုးသားသောချင်းကြီး ဒီနေ့ဒီအချိန်မှာပြောမယ်လို့ရည်ရွယ်ပြီးမှ မပြောဖြစ်ခဲ့ခြင်းအတွက်၄င်း၊ မနက်ကဗိုက်ပြဿနာကြောင့်၄င်း….
တွေး…တွေး..ပြီးစိတ်မကောင်းဖြစ်နေတာ…..
ကိုဂျစ်..ချင်းကြီးဒီနေ့ကံမကောင်းဘူး…..ချင်းမလေးနှင့်ဆုံနိုင်ပါ့မလား……
ဟေ့ကောင်…ချင်းကြီးမင်းရူးနေပြီလား…..
ချင်းမလေးကိုရီးစားစကားတောင်မပြောရသေးဘူး….မင်းစိတ်ဓါတ်ကျလှချည်လား…..
မနက်ကကိစ္စမေ့ထားလိုက်တော့…..လာ…ငါတို့ B.ed အဆောင်ကိုသွားကြမယ်…..
မင်းမပြောရဲရင်လဲ….ငါမင်းကိုယ်စားပြောပေးမယ်…
..ဒီနေ့မင်းပြောဖြစ်အောင်ပြောပေတော့့……
သူငယ်ချင်းတစ်ယောက် မှောက်အိပ်ပြီး ရင်နာနေသောအဖြစ်ကို ဆက်ပြီးမကြည့်နိုင်တော့ပါ……
ကျနော်တို့သူငယ်ချင်းအားလုံး ညနေဘက်မှာ ချင်းမလေးအဆောင်ကို ချီတက်ခဲ့ကြပါသည်။
ဟာ..ကိုဂျစ်တို့အုပ်စုတောင့်လှချည်လား…..
မနက်ကချင်းတိုင်းရင်းသူဝတ်စုံနှင့်ညီမလေး……..ခုတော့သနပ်ခါးဘဲကြားလူးထားပြီး…
မြန်မာဆန်ဆန်ဝတ်ဆင်ထားပါသည်။ချင်းကြီးလာမှာကိုကြိုသိနေသလိုပါဘဲ…..
ချင်းကြီးတစ်ယောက် နွားနောက်ဝယ်မလို့တဲ့…..
ငါတို့က…နွားဖမ်းဖို့လိုက်လာကြတာ…….
နွားနောက်အကြောင်းပြောလိုက်တော့ ချင်းမလေးသဘောပေါက်သွားပါသည်။
ချင်းကြီးကိုပြုံးပြုံးကြီးကြည့်နေပါသည်။

ချင်းရိုးရာနွားနောက်ကို မင်္ဂလာပစ္စည်းအဖြစ် တင်တောင်းရာတွင် သုံးပါသည်။ ထို့ပြင်မင်္ဂလာအခမ်းအနားတွင် နွားနောက်သားကို ဧည့်ခံကျွေးမွေးပါသည်။ ဒီနေ့ညနေ..၀ိုင်းတွန်းအားပေးထားသောကြောင့် ချင်းကြီးလည်း ရီးစားစကားပြောဖြစ်သွားပါသည်။ မဆွတ်ခင်က ညွတ်ချင်သလိုလိုဖြစ်နေသော ချင်းမလေးနှင့် ချင်းကြီးတို့ ပြည်ထောင်စုနေ့မတိုင်ခင်မှ အဆင်ပြေသွားကြပါသည်။

ဒီနှစ် ပြည်ထောင်စုနေ့မှာ ချင်းကြီးတစ်ယောက် အလုပ်အရှုပ်ဆုံး…
ချင်းပြည်နယ်ပြခန်းမှာ ချင်းမလေးကို ၀ိုင်းကူညီပေးနေရသည်။
လူရှင်းရင် နှစ်ယောက်သား တွတ်ထိုးနေကြသည်။
ကျနော်တို့အုပ်စု ချင်းပြည်နယ်ပြခန်းကို ရောက်ခဲ့ရင်လည်း ကျနော်တို့အပေါ် ဧည့်ဝတ်ကျေပါသည်။ ပြခန်းအနောက်ဘက်မှာ ခေါင်ရည်…ဂါလံပုံးလိုက် ချပေးထားပါသည်။

ချင်းပြည်နယ်က ခေါင်ရေသောက်ဘူးသွားပြီ…….. နွားနောက်သားမစားရသေးဘူး……
ချင်းကြီး….နွားနောက်သားစားချင်တယ်ကွာ……
ဗျော့ကြီး ခေါင်ရည်မူးမူးနှင့်ထအော်ပါတော့သည်…….
ဟေ့ကောင်တွေ…တိုးတိုး….တိုးတိုး….ချင်းကြီးရှက်နေပါသည်။ ချင်းမလေးက ချင်းကြီးလက်ကို တွဲထားပါသည်။ ကျနော်တို့အုပ်စု နွားနောက်အကြောင်းပြောကြတော့ ချင်းမလေး….ချင်းကြီးကိုကြည့်ပြီးရီနေပါသည်။
ကျနော်တို့ချင်းကြီးတစ်ယောက်သူ့ဘဝမှာပြည်ထောင်စုနေ့ကိုဘယ်တော့မှမမေ့နိုင်တော့ပါ………
#ကိုဂျစ်

#ချင်းကြီးနှင့်ပြည်ထောင်စုနေ့

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ