ဆန္ဒနှင့် ဘဝ

 

Credit to original uploader

ဆန္ဒနှင့်ဘဝ

လမင်းကြီးဝိုင်းစက်နေပြီးထိန်ထိန်သာလျှက်ရှိနေပါသည်။မိုးလေကင်းစင်သောကြောင့်ဝိုင်းစက်နေ
သောလမင်းကြီးကိုကြည့်မဝဖြစ်နေပါသည်။ဒီနေ့သီတင်းကျွတ်လပြည့်နေ့……
လမပြည့်ခင်ရက်များအတွင်းကျနော်တို့လဲအလုပ်ရှုပ်ခဲ့ပါသည်။

ကိုယ့်လုပ်ဖေါ်ကိုင်ဖက်များ၊ ပတ်သတ်ခဲ့သောလူကြီးများ၊ မိမိဆရာသမားများကို လက်ဆောင်ခြင်းများ အပြန်အလှန်ပေးပို့ပြီးဂါရဝပြုခဲ့ ကြပါသည်။
ထို့အတူကိုယ့်ဝန်ထမ်းများ၊ ကိုယ်နှင့်ပတ်သက်ခဲ့သော ညီငယ်များကလည်း ကိုယ့်ကိုပြန်ဂါဝရပြုခဲ့ကြပြန်ပါသည်။
တဖြေးဖြေးအသက်တွေကြီးလာတော့ကိုယ်လည်းကန်တော့ခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါပြီ…….
ကျနော့်စိတ်ထဲမှာအရှိကိုအရှိအတိုင်းရေးပြရလျှင်အသက်ကြီး၍ကန်တော့ခံရတာမျိုးကျနော်မခံချင်ပါ။ဥစ္စာဓနရှိ၍လည်းကန်တော့ တာမျိုးလည်းမခံချင်ပါ။လူဆိုတာမျိုးကတစ်နေ့ပြီးတစ်နေ့တစ်နှစ်ပြီးတစ်နှစ်အသက်ကြီးနေပါသည်။
အချိန်တန်လျှင်အသက်ကြီးလာပါမည်။ဥစ္စာဓနဆိုတာလည်းမမြဲပါ။
ကျနော့်အတိတ်ကံကြောင့်၄င်း၊မျက်မှောက်ကံကြောင့်၄င်းအချိန်မရွေးပြောင်းလဲသွားနိုင်ပါသည်။
ကျနော်ငယ်စဉ်ကတတ်သိပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့ပါသည်။
လူတကာ လေးစားသောပညာရှင်တစ်ဦးအနေနှင့်ကန် တော့ခံချင်ပါသည်။သို့သော်ကျနော့အတွေးမဖြစ်နိုင်တော့ပါ။

လက်ရှိကျနော်သည် သာမန်ဘွဲ့ရစီးပွားရေးလုပ်ငန်းရှင်တစ်ဦးသာဖြစ်ပါသည်။
နယ်ပယ်တစ်ခုမှာကျွမ်းကျင်နှံ့စပ်သောပညာရှင်တစ်ယောက်မဟုတ်ခဲ့ပါ။ဆန္ဒနှင့်ဘဝတစ်ခြားစီပါ။
ဘူမိဗေဒမှာကျောင်းတက်ခဲ့စဉ်နောက်ဆုံးနှစ်ကျနော်စာမေးပွဲကျခဲ့ဘူးပါသည်။ဘဝမှာဒီတစ်ကြိမ်သာစာမေးပွဲကျဘူးတာပါ။ ကျနော်၏အရည်အချင်းကိုသိနေသောအဖေသည်စာမေးပွဲကျတာကိုမယုံကြည်ခဲ့ပါ။
စာမေးပွဲတမင်အကျခံသည်ဟုဒီနေ့ထိအဖေယုံကြည်နေဆဲပါ။
ကျနော်ဘယ်လိုရှင်းပြရှင်းပြသူလက်မခံခဲ့ပါ၊တစ်ကယ်တော့ကျနော်ပေါ့လျှော့၍စာမေးပွဲကျခဲ့တာပါ။အားလုံးသည်ကျနော့်အပြစ်……
အဖေထင်လဲထင်စရာပါ……စာမေးပွဲကျလည်းကျနော်သိပ်မခံစားခဲ့ပါ။
သူငယ်ချင်းတစ်ရုန်းရုန်းနှင့်ကျောင်းပြန်တက်ခဲ့ပါသည်။သူငယ်ချင်းတွေနှင့်လည်းပျော်ပျော်ပါးပါးပါဘဲ…..
ဒါပေမယ့် Repeater တစ်ယောက်အနေနှင့်တော့ကိုယ်ကိုကိုယ်ပြန်သတိထားနေရပါသည်။
ဒီတစ်ခါစာမေးပွဲထပ်ကျလို့မဖြစ်…သင်ခန်းစာယူသင့်တာယူပြီး….စာကိုလည်းဂရုပြန်စိုက်ပါသည်။

Repeater နှစ်မှာကျနော်ကောင်းစွာစာမေးပွဲဖြေနိုင်ခဲ့ပါသည်။ထင်ထားသလိုဘဲစာမေးပွဲကောင်းစွာအောင်မြင်ခဲ့ပါသည်။အမှတ်တွေလဲကောင်းခဲ့ပါသည်၊သူငယ်ချင်းအားလုံးလည်းအောင်မြင်ခဲ့ကြသည်။
ကျောင်းဖွင့်သောရက်များတွင်မန္တလေးဆောင်ကိုပြန်ရောက်ခဲ့ပါသည်။သူငယ်ချင်းအားလုံးကHon;တန်းဆက်တက်ကြမည်။
အမှတ်မှီနေသောကျနော့်ကိုလည်းတက်စေချင်ပါသည်။
ထိုမှတစ်ဆင့်ပို၍မြင့်သောဘူမိဗေဒပညာကိုလေ့လာကြဘို့အစီအစဉ်ဆွဲထားပါသည်။
ပျော်ပျော်နေတတ်သောကျနော်သည်သူငယ်ချင်းများသာပါရင်ငရဲပြည်ကိုသွားလည်းလိုက်မှာပါဘဲ…
သူတို့အစီအစဉ်ကိုကျနော်သဘောကျပါသည်။
ကျောင်းမှာပျော်သောကျနော်ကျောင်းဆက်တက်မည်။အဖေကပညာရေးအတွက်ဆိုဘာမှမပြောပါ။
ကျနော့်သဘော….တက်ချင်ရင်လည်းဆက်တက်……
ကျနော်တို့တရုန်းရုန်းနှင့်ဒဂုံဆောင်မှာဘဲနေဘို့စီစဉ်ကြပါသည်။Hon;တန်းအတွက်ဒဂုံဆောင်မှာအဆောင်ပေးနေမည်။
ဒီထက်ပျော်စရာကောင်းသောနေရာမရှိတော့ပါ။
Hon;တန်းလျှောက်လွှာမတင်ခင်ရက်များအတွင်းကျောင်းထဲလျှောက်လည်လိုက်၊မြို့ထဲမှာလျှောက်လည်လိုက်နှင့် အပျော်ကြီးပျော်နေကြပါသည်။
တနင်္ဂနွေတစ်ရက်ကျနော်တို့အုပ်စုမြေနီကုန်းမှာရုပ်ရှင်သွားကြည့်ကြပါသည်။
အကယ်ဒမီစိန်မြင့်ပါဝင်သောအဖေတစ်ခုသားတစ်ခု

(အဖေတစ်ယောက်သားသမီးပေါ်ထားသောမေတ္တာကိုဖေါ်ကျူးထားသောရုပ်ရှင်) ဒီရုပ်ရှင်ကြည့်ပြီးကျနော်မပျော်တော့ပါ။
ကိုယ့်ကိုကိုယ်ပြန်ဝေဖန်ဆန်းစစ်ကြည့်နေမိပါသည်။
ကျနော်နောက်ဆုံးနှစ်တစ်နှစ်အချိန်ဖြုံးခဲ့ပြီးပြီ…
ယခုလည်းကျနော်ကျောင်းဆက်တက်အုန်းမည်…..
နောက်ထပ်ကျောင်းတက်ခွင့်ရရင်လည်းတက်အုန်းမယ်…
ကျနော့်အောက်မှာညီတွေညီမတွေရှိပါသေးသည်။

သူတို့လည်းကျောင်းတက်နေကြသလိုဆယ်တန်းဖြေမယ့်သူတွေလဲရှိနေပါသည်။
အမေ၊အဖေကိုလည်းပြန်ငှဲ့ကြည့်ရအုံးမည်…..

ကျနော်သားအကြီးဆုံး၊ပွဲရုံမှာအဖေတစ်ယောက်ထဲဦးစီးနေတယ်၊ညီတွေညီမတွေကိုလည်းအလှည့်ပေးရအုံးမည်။ကျနော်တစ်ယောက်တည်းတစ်ကိုယ်ကောင်းမဆန်သင့်ပါ။
ကျနော်ကျောင်းဆက်မတက်သင့်တော့လို့ကိုယ့်ကိုကိုယ်ဘဲဆုံးဖြတ်လိုက်ပါသည်။
ညကျတော့ကျနော့်ဆုံးဖြတ်ချက်ကိုသူငယ်ချင်းတွေကိုအသိပေးလိုက်ပါသည်။
သူငယ်ချင်းတွေကိုခင်တွယ်လွန်းသောကျနော့်ဆီကဒီစကားကြားလိုက်တော့သူငယ်ချင်းအားလုံးအံ့သြသွားကြပါသည်
ပြီးတော့ထပ်စဉ်စားဘို့တိုက်တွန်းကြပါသည်။
ကျနော်ဆုံးဖြတ်ချက်မပြင်တော့ပါ။အိမ်ပြန်ပြီးအဖေ့အလုပ်ကိုဝိုင်းကူလုပ်ပေးတော့မည်။
သူငယ်ချင်းတွေအားလုံးစိတ်မကောင်းကြပါ။နောက်နေ့ကျနော်ပြန်တော့မည်။
ဒဂုံဆောင်မှာနေစဉ်တစ်လျှောက်သုံးခဲ့သောအသုံးအဆောင်အားလုံးကိုပြန်မယူတော့ပါ။
ချို့တဲ့သောသူငယ်ချင်းများကိုဝေငှပေးလိုက်ဘို့ပြောလိုက်ပါသည်။သူငယ်ချင်းများကဘူတာကြီးထိလိုက်ပို့ပေးမည်။

လိုက်မပို့ခိုင်းတော့ပါ။ကျနော့်မှာဘာအထုတ်အပိုးမှမရှိတော့ပါ။
ကျောင်းနေစဉ်ကရိုက်ထားသောဓါတ်ပုံများကိုကျောပိုးအိတ်ထဲထည့်ပြီးလေးဘီးကားနှင့်တစ်ယောက်တည်းထွက်လာခဲ့ပါသည်။

ဒဂုံဆောင်ပေါ်တီဂိုအောက်မှာသူငယ်ချင်းအားလုံးလက်ပြနှုတ်ဆက်ပြီးကျန်ခဲ့ပါသည်။သူတို့အားလုံး Hon; အတန်းဆက်တက်ကြမည်။
လေးဘီးကားလေးသည်အဓိပတိလမ်းဝင်ပေါက်မှတက္ကသိုလ်ရိပ်သာလမ်းသို့ထွက်လိုက်ပါသည်။
မန္တလေးဆောင်ရှေ့ရောက်တော့ဒါနောက်ဆုံးဘဲလို့စိတ်ထဲမှာတွေးပြီးမန္တလေးဆောင်ကိုအကြာကြီးငေးစိုက်နေမိပါသည်။
သမင်လည်ပြန်လှည့်ကြည့်ရင်းခေါင်းအပြန်အလှည့်မှာမျက်လုံးအိမ်မှမျက်ရည်စများအသောမသတ်ထွက်ကျလာပါသည်။
သူငယ်ချင်းတွေနှင့်ခွဲခွာခြင်းကြောင့်လား……
ဆန္ဒကိုစွန့်လွတ်ခဲ့ခြင်းကြောင့်လား……
မန္တလေးဆောင်နှင့်ဝေးသွားလို့လား…….
ရန်ကုန်တက္ကသိုလ်ကိုလွမ်းလို့လား…..
ဝေခွဲမတတ်တော့ပါ……
သေချာတာတစ်ခုက ဒီဘဝမှာ ကျနော် Geologist ပညာရှင်တစ်ယောက်မဖြစ်နိုင်တော့ပါ…

(ရန်ကုန်တက္ကသိုလ်၊ဘူမိဗေဒကျောင်းသားတစ်ယောက်အဖြစ်ပါ)

#ကိုဂျစ်


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ