ပျဉ်ညောင်နေ့….ပျဉ်ညောင်ည…..





 

ပျဉ်ညောင်Camp သည်တောင်ကြီးကားလမ်းပေါ်တွင်ရှိပါသည်။ရှမ်းပြည်နယ်ထဲဝင်စပြုနေပြီ၊ဘေးပတ်ပတ်လည်မှာရှမ်းတောင် တန်းများဝိုင်းရံလျှက်ရှိသည်.။
ကျွဲတပ်ဆုံ Camp မှ TE ကားတွေနှင့်လာခဲ့ကြသည်။ကျွဲတပ်ဆုံကသာစည်နယ်ထဲမှာရှိသောကြောင့်ရာသီဥတုပူပါသည်။
ယင်းမာပင်ကိုကျော်လာတော့ ရာသီဥတုတဖြည်းဖြည်းပြောင်းလာပါသည်။တဖြေးဖြေးနှင့်စိမ့်လာပါသည်။
ကျနော်တို့ကိုဆောက်လုပ်ရေးဗိုလ်တဲတွင်နေရာချထားပါသည်။ဆရာများလဲလမ်းတစ်ဘက်ရှိဗိုလ်တဲမှာနေရာယူကြပြီးကျောင်းသားများ ကိုအခြားတစ်ဘက်မှာနေရာချထားလိုက်ပါသည်၊ဒီတစ်ခါတော့ကျနော်တို့အလုအယက်နှင့်နေရာမလုကြတော့ပါ။

ကိုယ့်ခင်ရာအုပ်စုလိုက်နေကြသည်။
ပို၍ပျော်စရာကောင်းပါသည်။ဆရာဦးမေတ္တာရောက်လာပြီး…..
ဘယ်လိုလဲအဆင်ပြေကြလား……
မင်းတို့ခလေးတွေမဟုတ်တော့ဘူး….နေတဲ့ ၁၀ ရက်လောက်ကိုသည်းခံပြီးနေကြပါ၊……..ဆရာကျနော်တို့အားလုံးအဆင်ပြေကြပါတယ်…….
ရာသီဥတုအေးတယ်……ရေချိုးချင်ရင်နေ့ခင်းဘက်မှာချိုးကြ……….
ဒီနေ့ Camp ပြောင်းသောကြောင့် Field မဆင်းပါ။ရာသီဥတုအေးနေသောကြောင့်ရေချိုးဘို့ပျင်းနေကြပါသည်။ အခြားအဖွဲ့ရေချိုးသွားမယ်လို့အသံကြားတော့ကျနော်တို့လဲလိုက်သွားကြပါသည်။
ပျဉ်ညောင်ရွာထိပ်နားလောက်တွင်တံတားတစ်ခုရှိပါသည်။ပျဉ်ညောင်တံတားသည် ရွေသွေးချောင်းကိုဖြတ်၍ဆောက်ထားပါသည်။ ကျနော်တို့အားလုံးရွေသွေးချောင်းမှာရေသွားချိုးရပါသည်။
ကျွဲတပ်ဆုံမှာကပူလဲပူသည်။ရေလဲရှားသည်။ဒီမှာကရေပေါသည်။ရာသီဥတုအေးသည်။ရွေသွေးချေင်းရေမနက်ပါ။ သောင်ပြင်မှာတော့ရွေကျင်နေကြသူများကိုတွေ့ရပါသည်။
ရေချိုးပြီးပြန်တော့တံတားနားမှာရန်ကုန်ဆိုင်ဆိုတဲ့စားသောက်ဆိုင်တစ်ဆိုင်ကျနော်တို့တွေ့ခဲ့ရပါသည်။ကျနော်တို့တစ်ယောက်ကိုတစ် ယောက်မျက်စပစ်ရင်းညဘက်အစီအစဉ်ကိုစိတ်ထဲမှာဆွဲထားလိုက်ပါသည်။
ညစာထမင်းစားပြီးတော့ထုံးစံအတိုင်းကျနော်တို့ ရွာထဲလျှောက်ကြပါသည်။ပြီးတော့ရန်ကုန်ဆို်င်ကိုသွားကြပါသည်။
အဖွဲ့လိုက်အုပ်စုလိုက်ရောက်နေကြပြီ။ပိုးဟပ်ဖြူနှင့်အာနိုးတို့နှစ်ယောက်ဘယ်အချိန်ကတည်းကရောက်နေလဲမသိပါ။ရွေလိမ္မော်တစ်ဝက် ကျိုးနေပြီ။အာနိုးကတော့ပိုးဟပ်ဖြူအတွက်စားစရာအမြည်းကိုကိုယ်တိုင်မီးဖိုထဲမှာကြော်လှော်နေပါသည်။ဆို်င်ပိုင်ရှင်ကလည်းသဘော ကောင်းပါသည်။
ကျောင်းသားမို့လို့လားမသိ၊ဘာဆိုဘာမှမပြော။ကြိုက်သလိုသဘောရှိ ….. ကျနော်တို့အားလုံးသည်တစ်ဆိုင်လုံးနှင့်ခဏအတွင်းမှာပင်ရင်းနှီးသွားကြပါသည်။
ကျနော်တို့အားလုံးကိုယ်အုပ်စုနှင့်ကိုယ်အေးအေးဆေးဆေးပါ။တစ်ယောက်ကိုတစ်ယောက်ရိတာတွေညစ်တာတွေမလုပ်ကြတော့ပါ။ ညဦးပိုင်းမှာအရက်အရှိန်နှင့်အိပ်မောကျသွားပါသည်။ညဉ့်နက်လာတော့အအေးကလဲပိုပြီးလန့်နိုးလာပါသည်။
 
အားပါးပါး……ချမ်းလိုက်တာ….
ပျဉ်ညောင် Camp ပထမည မှာ… ပူသောနေရာမှပြောင်းလာ၍လားမသိ……အရိုးကွဲမတတ်အေးစက်နေပါသည်။ ကျနော်တို့အားလုံးမအိပ်နိုင်တော့ပါ။အားလုံးစုထိုင်ပြီးမီးလှုံရင်းစကားပြောနေကြသည်။
ပျဉ်ညောင်မှာ Field ဆင်းရတာရာသီဥတုအေးသဖြင့်ပင်ပန်းသည်ဟုမထင်ရပါ။အနီးတစ်ဝိုက်မှာရှမ်းတောင်တန်းများရစ် ခွေနေသဖြင့် Field ဆင်းသည့်နေရာတိုင်း၊တောင်တက်ရလေ့ရှိသည်၊ တောင်ပေါ်တက်လိုက်၊တောင်ကြောတွေထဲဆင်းလိုက်…. ထို့အတူရွေသွေးချောင်းသည်လည်းကျနော်တို့ Field ဆင်းသောနေရာများနှင့်မကင်းခဲ့ပါ။သူလဲဒီနေရာဒေသလေးမှာရစ်ခွေပြီး၊စီးဆင်းနေသည်။
ပျဉ်ညောင် Camp မှာရှိနေစဉ်ကျနော်တို့အားလုံး Camp ဂျူတီကျသောနေ့များတွင်ဘယ်မှမသွားတော့ပါ။
ကျွဲတပ်ဆုံCamp မှာမင်းပုန်းတောင်သို့ဒဏ်ပေးခံရပြီးနောက်၊ကျနော်တို့အကုသိုလ်များသောအလုပ်ကိုကျနောတို့မလုပ်တော့ပါ။
Camp သိမ်းမှလျှောက်လည်ကြရန်အားလုံးတိုင်ပင်ထားကြပါသည်။
ပျဉ်ညောင်ရွာမှကားလမ်းအတိုင်းအပေါ်ဆက်တက်သွားပါက ၃မိုင် ၄မိုင်လောက်တွင်ရေပူစမ်းတစ်ခုရှိသည်။
ရွေသွေးချောင်းဘေးကပ်ရက်ထုံးကျောက်တောင်တွေကြားမှရေပူများထိုးထွက်နေပါသည်။Camp ဂျူတီကျသောနေ့များတွင်လျှော်စရာအ ဝတ်များကိုယူပြီးရေပူစမ်းကိုသွားကြပါသည်။လျှော်စရာရှိတာကိုလျှော်ပြီးရေပူစိမ်ရသည်မှာအရမ်းဇိမ်ရှိပါသည်။
Field စောစောပြန်သောနေ့များတွင်လည်းကျနော်တို့အားလုံးရေပူစမ်းမှာရေသွားစိမ်ကြပါသည်။
ပျဉ်ညောင်ရွာမှာရာသီဥတုအေးသောကြောင့် Camp ပြန်ရောက်ချိန်နောက်ကျပါကရေမချိုးနိုင်တော့ပါ။အရမ်းအေးပါသည်။
အခုလဲ Camp သိမ်းခါနီးနေပြီ အုပ်စုလိုက် Field ဆင်းနေကြရာကျနော်တို့အဖွဲ့အလုပ်များမပြီးပြတ်နိုင်သဖြင့် Campပြန် နောက်ကျပြီးရေမချိုးဖြစ်တာသုံးရက်တောင်ရှိနေပြီ။ကိုယ်မှာလဲအနံ့ပေါင်းစုံထွက်နေပြီဟုထင်ပါသာည်။
ဒီအချိန်ရေပူစမ်းမှာရေစိမ်ရရင်ဘယ်လောက်ထိဇိမ်ကျမလဲဟုစိတ်ကူးယဉ်နေမိပါသည်။ဒီနေ့လုပ်စရာရှိတာစောစောလုပ်ပြီးရေပူစမ်း မှာရေသွားစိမ်ကြဘို့အားလုံးသဘောတူထားကြသည်။
တောင်ပေါ်မှပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အရမ်းကြည့်၍ကောင်းပါသည်။
ဘေးမှာလဲလ္ဘ္ဘက်ခင်းများကို စိမ်းစိမ်းစိုစို …..တွေ့နေရပါသည်။
လ္ဘ္ဘက်ခူးနေသောသူတွေလဲရွက်နုများကိုခူးဆွတ်နေကြပါသည။
တောင်အောက်ကိုကြည့်လိုက်တော့ရွေသွေးချောင်းကတောင်ခြေမှာကွေ့ဝိုက်ပြီးစီးဆင်းနေသည်.။ကျနော်တို့တောင်ခြေကို်လဲဆင်းရ အုံးမည်။တဖြေးဖြေးဆင်းခဲ့ကြရာတောင်ခြေမှာရှိသောရွေသွေးချောင်းနံဘေးသို့ရောက်လာပါသည်။
အချိန်ကလဲ ၂;၃၀ လောက်ရှိနေပြီ။မထူးတော့ပါ။
ညနေ Camp ပြန်ရောက်မှရေပူစမ်းသို့ထပ်သွားရန်မသေချာ။စောစောပြန်ရောက်မရောက်တပ်အပ်မပြောနိုင်။
ထိုကြောင့်ကျနော်တို့အားလုံးအစီအစဉ်ပြောင်းလိုက်ကြသည်။ရွှေသွေးချောင်းမှာဘဲရေချိုးတော့မည်။ ရွှေသွေးချောင်းရေလဲချိုးချင်စရာကောင်း လောက်အောင်နွေးနွေးလေး…….
ခက်တာကရေလဲအကျီအဝတ်အစားအပိုမပါကြပါ။
ကျောပိုးအိတ်၊ထမင်းချိုင့်၊ရေဘူးများဖြုတ်လိုက်ပြီးသဲသောင်ပြင်ပေါ် ကျောခင်းချလိုက်ပါသည်။
ရေစိုအဝတ်နှင့်ဒီအတိုင်းပြန်လို့ကနေမကောင်းဖြစ်သွားနိုင်ပါသည်။
ရေချိုးချင်ရင်ရွေးစရာတစ်လမ်းတည်းသာရှိပါတော့သည်။
ဂျပန်လိုရေချိုးကြမလား….
လောလောဆယ်ခြေထောက်တွေညောင်းနေသည်….
ကျနော်တို့အားလုံးခဏမှေးလိုက်ကြပါသည်။ခဏနေတော့မွန်ကြီးတစ်ယောက်အကျီဘောင်းဘီချွတ်ပြီးရေထဲဆင်းသွားပါတော့သည်။
နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်အဝတ်ဗလာနှင့်ချောင်းထဲရောက်ကုန်ပါတော့သည်။
ကျနော်တို့အားလုံးတစ်ယောက်ကိုတစ်ယောက်မရှက်ကြပါ။
ဂျပန်ရေချိုးနည်းအတိုင်းအားလုံးဗလာ………
ဒါပေမယ့်လ္ဘ္ဘက်ခူးနေသောရွာသူတွေမြင်သွားရင်….ရှက်စရာ…..
ပထမဆုံးခေါင်းလေးတွေဖေါ်ကြရင်းရေစိမ်ကြနေကြသည်။ရေကလဲနေရှိန်နှင့်နွေးနွးလေး၊ရေလဲမနက်ပါ။
ရေအနက်ဆုံးနေရာကခါးလယ်လောက်သာ။လူငယ်သဘာဝ..ကြာလာတော့လည်းငြိမ်ငြိမ်မနေနိုင်ကြပါ၊
စကြ..နောက်ပြောင်ကြရင်း…
ကိုယ့်အခြေအနေကို…ကိုယ်မေ့သွားကြပါသည်…..
နောက်တော့ကျနော်တို့လူခွဲပြီးရခိုင်သင်္ကြန်ရေပက်တမ်းကစားကြသည်။
ရေမွန်းပြီးဆက်မပက်နိုင်သူကအရှုံး…..ရှုံးသူအရက်တိုက်ကြေး…
ကျနော်တို့အားလုံးလူငယ်ပီပီလောလောဆယ်ဂျပန်ရေချိုးနည်းကိုမေ့ပြီးတစ်ယောက်ကိုတစ်ယောက်အနိုင်မခံအရှုံးမပေးရေးအတွက်ရေ တွေလဲပက်နေကြပါသည်။
ပါးစပ်မှလဲတဟေးဟေးတဟားဟားနှင့်အော်သံများမှာတောင်ကြော တစ်ခုလုံးပျံ့နှံ့သွားပါသည်။
ကိုယ်တုံးလုံးနဲ့သဲသဲမဲမဲရေပက်နေကြသည်။ပါးစပ်ကလည်းမျိုးစုံအော်ဟစ်နေကြသည်။
အားလုံးတန်းလန်းတန်းလန်းနှင့်ရေပက်နေကြတာ…အပြင်လူမြင်ရင်တော့ဘယ်လိုထင်နေမလဲမသိ။
ကျနော်တို့ဘာကိုမှသတိမရတော့ပါ။တစ်ယောက်ကိုတစ်ယောက်သဲသဲမဲမဲရေပက်နေကြသည်။ပါးစပ်ကလည်းအသံပေါင်းစုံ….
အချိန်ဘယ်လောက်ကြာသွားသည်လဲမသိပါ…….
“အစ်ကိုတို့မပြီးသေးဘူးလား…….”
“ရွာသူတွေအစ်ကိုတို့ကိုမြင်ပြီးထွက်ပြေးကုန်ပြီ……..”
ခလေးတစ်ယောက်အော်ပြောသံကြားမှအားလုံးသတိဝင်လာပြီးဆက်ခနဲရေထဲထိုင်ချလိုက်ကြသည်။
“ဘာအခုမှရှက်ပါပြီလဲ…..”
“တန်းလန်းတန်းလန်းနှင့်ဆော့နေကြတာလ္ဘ္ဘက်ခူးတဲ့အဖွဲ့အား လုံးမြင်သွားကြပြီ………”
“မြန်မြန်တက်ကြတော့နောက်ကျနေပြီ……”
“ဒီနေရာဟာ ရွာသူတွေရေချိုးတဲ့ရေချိုးဆိပ် …….”
ဟာ…သွားပြီ…ခလေးပီပီဒဲ့ဒိုးပြောသောစကားများကြောင့်အားလုံးမျက်နှာပူသွားကြပါသည်၊

…..ဟင်…..နေတောင်အတော်စောင်းသွားပြီ…..
ကျနော်တို့အားလုံးရေထဲမှတက်လာကြပါသည်။ကျနော်တို့ကိုမြင်တော့ရွာထဲမှခလေးမျက်နှာလွဲသွားသည်။
ယိုသူမရှက်…မြင်သူရှက်တဲ့….
နောက်နှစ်ရက်လောက်မှာဆရာဦးမေတ္တာကျနော်တို့ကိုခေါ်ပါသည်။
“မင်းတို့ရွာသူတွေရေချိုးတဲ့နေရာမှာကိုယ်တုံးလုံးနှင့်ဘာသွားလုပ်ကြတာလဲ……”
“မင်းတို့ရိုးရိုးသားသားရောဟုတ်ရဲ့လား…..”
မြူဆွယ်တဲ့သဘောလား….လာ..ဖြေရှင်းစမ်း….
“ကျနော်တို့ဒီနေရာဟာရွာသူတွေရေချိုးတဲ့နေရာမှန်းမသိခဲ့ပါဘူး…..”
“ရေမချိုးတာသုံးရက်ရှိနေလို့ရေချိုးလိုက်တာပါ….
.လဲစရာအဝတ်မပါလို့ဂျပန်လိုဘဲရေချိုးလိုက်တာပါ……
.ကျနော်တို့မှာတခြားစိတ်မရှိခဲ့ပါဘူး…..”
“ရေချိုးရင်လဲတိတ်တိတ်ဆိတ်ဆိတ်မနေဘဲဘာလို့အော်နေကြတာလဲ…..”
“ပထမတော့တိတ်တိတ်ဆိတ်ဆိတ်ပါဘဲဆရာ….
.နောက်မွန်ကြီးတို့ကရခိုင်သင်္ကြန်ရေပက်တမ်းကစားမယ်…..
ရှုံးသူအရက်တိုက်ကြေးဆိုလို့ကျနော်တို့အားလုံးမေ့ပြီးအသံထွက်ကုန်တာ ပါဆရာ……..”

မင်းတို့ကလေးမဟုတ်တော့ဘူး၊

ကျနော်တို့ငယ်ပါတယ်ဆရာ

ဘာငယ်လဲ၊ရွာမှာ ၁၆နှစ်ဆိုမိန်းမယူပြီ၊မင်းတို့အရွယ်ဆိုခလေးနှစ်ယောက်ရပြီ

ဟ..တယ်ဆော်ပါလား....

ရွာမှာမီးမရှိလို့ပါ

“တော်ကြတော့၊နောက်နောင်အနေအထိုင်ဆင်ခြင်ပါ……..”
တော်ပါသေးသည်။ဒဏ်ပေးမခံရလို့…..
ကျနော်တို့ကစားကြရင်းအနီးအနားကလူတွေကအသံတွေကြားကြတော့စိတ်ပူပြီးလာကြည့်ရင်းတွေမြင်ကုန်တာ။
အချင်းချင်းတော့မရှက်ကြပါ။ဒါပေမယ့်ဒီသတင်းတွေတစ်ရွာလုံးပြန့်သွားတော့အလွန်ရှက်မိပါသည်။
ဒီကြားထဲချောင်းမှာလာအော်တဲ့ခလေးလိုက်ဖွလိုက်၍လားမသိ.
ရွာထဲကခလေးအားလုံးကကျနော်တို့အဖွဲ့ကိုဂျပန်တွေလို့ခေါ်ကြပါတယ်…
…ရှက်လိုက်တာ…..မတတ်နိုင်ပါ…..ကိုယ့်အပြစ်နဲ့ကိုယ်…
မနက်မှလျှောက်ခဲ့ရသောလမ်းသည်…ညနေစောင်းရင်ကျနော်တို့လူငယ်အနေနှင့်မခံနိုင်တော့ပါ…..
ကျနော်တို့ Field ထဲလျှောက်သွားရင်း ဗိုက်ပြန်ဆာလာလေ့ရှိပါသည်။
ထမင်းဗူးထဲမှာလဲထမင်းကုန်နေပြီ……..
ထိုအခါများတွင်အနီးအနားဝန်းကျင်ရွာထဲသို့ပြန်ဝင်လေ့ရှိပါသည်။
ရွာထဲမှာစားစရာဝယ်စား၍ရသောရွာရှိသလို..တစ်ချို့ ရွာထဲမှာဘာဆိုင်မှလဲမရှိကြပါ။
ရွာကသေးတာကိုး……
ဆိုင်မရှိသောရွာများတွင်နီးရာကြုံရာအိမ်အချို့ကိုဝင်ပြီးရေတောင်းလေ့ရှိကြပါသည်။ဒါဆိုအိမ်ရှင်များသဘောပေါက်သည်။ စားစရာချကျွေးလေ့ရှိသည်။အိမ်ကိုတော့နဲနဲရွေးရပါသည်။
အိမ်ကောင်းကောင်းအိမ်ကြီးကြီးဒါဆိုရင်ရွာထဲမှာပိုက်ဆံရှိသောသူဟုသတ်မှတ်၍ရပါသည်။ဟုတ်လဲဟုတ်ပါသည်။
ဒါမှကောင်းကောင်းနဲ့များများစားရတတ်သည်။တစ်ခါတစ်ရံကံကောင်းပါကရှင်ပြုများ

မင်္ဂလာဆောင်များ နှင့်လည်းကြုံရတတ်တယ်။
ထိုအခါကျနော်တို့ငြင်း၍မရတော့ပါ။ကျနော်တို့ကိုအတင်းကျွေးမွေးပါသည်။
တောသူတောင်သားများမှာစေတနာအပြည့်နှင့်၊…….မရှိ.. ရှိတာကိုချကျွေးလေ့ရှိပါသည်။ဟန်ဆောင်မှုတွေလဲမရှိပါ။
မြို့ကြီးများမှာတော့အပြောချိုသလောက်ဟန်ဆောင်မှုလဲအပြည့်။
ကျနော်တို့ Geology ကျောင်းသားများကွင်းဆင်းနေတာကိုပတ်ဝန်းကျင်ရွာတွေကအားလုံးသိကြပါသည်။
တစ်ရက်ကျနော်တို့ကွင်းဆင်းနေကြရင်းရွာငယ်လေးတစ်ရွာသို့ရောက်သွားခဲ့ပါသည်။ဗိုက်လဲဆာနေပြီ။ရေဘူးမှာလဲရေကုန်နေပြီ။
ထုံးစံအတိုင်းရေတောင်းရမည်။အဆင်ချောရင်စားစရာတွေပါရမည်။
ရှေ့အိမ်မှာယာယီအမိုးထုတ်ထားပြီးခုံတွေလဲချထားပါသည်။အလှူတစ်ခုဖြစ်ရမည်။
ကျနော်တို့တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ရင်း…..
ကံကောင်းရင် MSK ရနိုင်တယ် …..BN လဲမဆိုးပါဘူး……
…..နောက်ဆုံးလ္ဘ္ဘက်သုတ်တော့သေချာပေါက်ရမယ်…….
တစ်ယောက်တစ်ပေါက်နှင့်မဏ္ဍပ်ဆီကိုဦးတည်သွားပါသည်။
MSK မှာမုန့်ဆီကျော်နဲ့တူသောရှမ်းမုန့် ..BN ငှက်ပျောသီး ..ကိုယ့်အထာနဲ့ကိုယ်…..
သူတို့လ္ဘ္ဘက်သုတ်သည်လ္ဘ္ဘက်အသားရယ်..ပဲကြီးလှော်၊ကြက်သွန်နီနှင့်သုတ်လေ့ရှိပါသည်။ရန်ကုန်လ္ဘ္ဘက်သုတ်လိုတော့မဟုတ်ပါ။
ဗိုက်ဆာနေသောအချိန်တွင်ဘာလာလာအကုန်စားကောင်းပါသည်။
ကျနော်တို့အဖွဲ့မဏ္ဍပ်ထဲထိုင်လိုက်ကြတော့မုန့်ဆီကြော်တွေ၊ရှမ်းရိုးရာအချိုမုန့်တွေလ္ဘ္ဘက်သုတ်တွေလာချပေးပါသည်။
ကျနော်တို့အားလုံးဆာဆာနှင့်တီးကြပါလေသည်။
အိမ်ရှင်ကိုဘာအလှူမှန်းမမေးရသေး…
ကိုယ့်ကိစ္စကိုယ်ရှင်းနေကြပါသည်။နောက်ထပ်မုန့်တွေလဲလာချပေးနေသည်။
ထမင်းစားကြမလားမေးတော့ကျနော်တို့ခေါင်းခါပြသည်။ပါးစပ်ကတော့အစားမပျက်။
အတန်ကြာဗိုက်ထဲအစာတော်တော်ဝင်သွားပြီးမှနဲနဲပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။
ဗျော့ကြီးကစားပြီးသွားပြီ၊ရေဘူးထဲရေနွေးကြမ်းဖြည့်ပြီးပြီ….ပြန်ရန်အသင့်ဖြစ်တဲ့သဘော….
လူတွေအားလုံးမျက်နှာညှိုးနေကြသည်။ဒါဆိုအသုဘအိမ်ဘဲဖြစ်ရမည်။ကျနော်တို့လူငယ်တွေဘာအယူမှမရှိကြပါ။
အတန်ကြာတော့လူရွယ်တစ်ယောက်ကျနော်တို့ဝိုင်းထဲဝင်လာပါသည်။

“ဒီနေ့ရက်လည်တဲ့နေ့”
“သေသူကအသက် ၃၀.. ဝန်းကျင်အမျိုးသမီး”
သားသမီးနှစ်ယောက်ရှိတယ်….ယောကျာ်းကဓါးနှင့်ခုတ်သတ်လို်က်တာ….
ခေါင်းနှင့်ကိုယ်တစ်ခြားစီဖြစ်သွားတယ်……
သတ်ပြီးတော့ယောကျာ်းကိုယ်တိုင်ရဲစခန်းမှာသွားအဖမ်း ခံတယ်……
နှစ်ယောက်လုံးဒီရွာမှာဆွေမျိုးရင်းချာမရှိ…..
သူကြီးနှင့်ရွာသားတွေ ဦးစီးပြီး ရက်လည်သပိတ်သွပ်ခဲ့သည်…..
ခလေးနှစ်ယောက်လောလောဆယ်ဒီမှာဘဲနေကြတယ်…..
ရွာသားတွေဝိုင်းစောင့်ရှောက်ပေးနေသည်….
ညဘက်မှာအရမ်းခြောက်သည်။အပုပ်နံ့ပေးသည်……
ခလေးတွေကိုပေးမအိပ်…တစ်ညလုံးခလေးတွေငိုနေကြသည်….
စောင့်ပေးနေသောရွာသားများလဲတညဘဲခံသည်။မအိပ်ရဲ….
နောက်ထပ်လူအလှည့်ကျစောင့်ပေးနေသည်…..
ရွာသားပြောပြတာတွေဒီအကြောင်းတွေကြားတော့ဗျော့ကြီးမျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေပြီ။
ဒီကောင်အရမ်းကြောက်တတ်သည်။သူ့မျက်နှာဟန်ဆောင်၍ပင်မရတော့ပါ။
ကျနော်တို့အားပေးစကားပြောရင်းအားလုံးငွေစုပြီးအသုဘအကူငွေထည့်တော့ရွာသား
များကလက်မခံပါ။သူကြီးကဘယ်သူ့ဆီကမှလက်မခံဘို့မှာထားသည်တဲ့…..
ကျနော်တို့အားလုံးအသုဘအိမ်မှအထွက်မှာတိတ်တိတ်ဆိတ်ဆိတ်…….
ယောကျာ်းကတောင်ကြီးမှာအလုပ်သွားလုပ်သည်…
တစ်လနှစ်ကြိမ်လောက်တော့အိမ်ပြန်လေ့ရှိသည်။
မိန်းမနှင့်ခလေးတွေကတော့ရွာမှာ၊မိန်းမဘက်ကအခြားရွာကအမျိုးနီးစပ်လို့ပြောတာဘဲ၊

နှစ်ဝမ်းကွဲမောင်တစ်ယောက်တော့လာစောင့်ပေးသည်။
ပထမတော့ရိုးရိုးပါဘဲ။နောက်တော့နဲနဲဆန်းလာသည်။
ဒါကိုယောကျာ်းလုပ်သူကရိပ်မိသည်။သတိလဲပေးသည်။တောင်ကြီးမှာသူနှင့်အတူလာနေဘို့ခေါ်သည်။
မိ်န်းမဖြစ်သူကမလိုက်…ကြာတော့ဘေးပတ်ဝန်းကျင်ပြောစကားကိုယောကျာ်းဖြစ်သူမခံနို်င်တော့ပါ။
တဒင်္ဂ၊ တခဏမှာဒေါသအထွတ်အထိပ်ရောက်ပြီးသကာလ…..ဒါတွေဒီလိုဖြစ်ခဲ့ရတယ်။
ကြားလိုက်ရတာစိတ်မကောင်းပါ။
“ကိုဂျစ်ရေထပါအုံး၊ငါအိမ်သာတက်ချင်လို့အဖေါ်လိုက်ခဲ့ပေးပါ………”
ချမ်းချမ်းနှင့်ကွေးအိပ်နေတာ…ဗျော့ကြီးလက်မောင်းကိုကို်င်နိုးတော့မှနိုးလာသည်။

မနက်လေးနာရီ၊“ဟာကွာတစ်သက်လုံးဒီလိုဘဲနေလာတာ၊အခုမှဘာဖြစ်တာလဲ……”၊
“ကိုဂျစ်ငါကြောက်တယ်…ခေါင်းပြတ်သူရဲကိုငါကြောက်တယ်……”၊
“လိုက်ခဲ့ပေးပါ…..ငါကြောက်တယ်…တောင်းပန်ပါတယ်….”၊

"ချီးဘဲကွာ၊မင်းဖင်ကချီးမနက်မှထုတ်လို့မရဘူးလား....."

မလုပ်ပါနဲ့၊ဒီမှာထွက်တော့မယ်

 ကျနောဗျော့ကြီးမျက်နှာကြည့်ပြီးသနားသွားသည်။သူတစ်ကယ်ကြောက်လန့်နေပြီ။
ညနေ Camp အပြန်လမ်းမှာသူ့ကိုဝိုင်းပြီးအစလွန်ခဲ့တာကိုလဲနောင်တရမိသည်။
အသုဘအိမ်မှထွက်လာတော့ဗျော့ကြီးတစ်ယောက်ရေဗူးထဲမှရေကိုသွန်ထုတ်လိုက်သည်၊..မြန်မာအယူဆိုရင်..အပမှီမှာစိုးလို့…
Camp မရောက်ခင်လမ်းတစ်ဝက်လောက်နားနေခိုက်ဗျော့ကြီးရေဗူးနှင့်ရေအပြည့်ဖြည့်ထားသောရေဗူး ကိုဗျော့ကြီးမသိအောင် …လဲထားလို်က်သည်။
စစ်တပ်ရေဘူးဆိုတော့ဘယ်သူ့ဗူးဆိုတာခွဲခြားမရပါ။…အားလုံးအတူတူ
နောက်ပြီးသူ့ဦးထုပ်မှာလဲမသာပန်းလို့ခေါ်တဲ့ခေါင်ရမ်းပန်းကိုထိုးထားလိုက်ပါသည်။
ကြာဆံကတော့စာရွက်တစ်ရွက်မှာအမျိုးသမီးခေါင်းပြတ်ပုံနှင့်လည်ပင်းကသွေးတစ်စက်စက်ကျနေပုံကို၊သဘာဝကျကျမှင်အနီနှင့်ရေးဆွဲ ထားလိုက်ပါသည်။
နောက်ပြီးဗျော့ကြီးအိတ်ထဲထည့်ထားလိုက်ပါသည်။တစ်နေရာမှာနားတော့အားလုံးရေသောက်ကြသည်။
ဗျော့ကြီးလဲမေ့ပြီးသူ့ရေဗူးထုတ်ပြီးရေသောက်သည်။ရေတငုံသောက်ပြီးတော့မှသူသတိရပြီးအလန့်တကြားထခုန်ပါတော့သည်။

“ငါ့ရေဗူးထဲရေဘယ်လိုပြန်ရောက်နေတာလဲ……”
“မင်းဘဲမသာအိမ်ကရေတွေဖြည့်ခဲ့တာငါတွေ့ပါတယ်…..”
“ငါသွန်လိုက်ပြီ…….”
“မင်းလိပ်ပြာလှတော့ခေါင်းပြတ်သူရဲမကမင်းရေငတ်မှာစိုးလို့ရေလိုက်ဖြည့်ပေးတာနေမှာပါ……”
အမလေး…..ဘုရားဘုရား…….
ဗျော့ကြီးအလန့်တကြားနှင့်ထခုန်တော့ခေါင်းကဦးထုပ်မြေကြီးပေါ်ကျသွားပါသည်။
ဦးထုပ်မှာထိုးထားသောမသာပန်းကလဲတလှုပ်လှုပ်နှင့်ဗျော့ကြီးကိုပြောင်ပြနေသလိုပါဘဲ……

“ဒီမသာပန်းကိုဘယ်ကောင်ငါ့ဦးထုပ်မှာလာစိုက်သွားတာလဲ…….”
“စိတ်အေးအေးထားပါဗျော့ကြီးရာ……
မင်းလိပ်ပြာအရမ်းလှနေတော့ခေါင်းပြတ်သူရဲမက သူစိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းမင်းကိုအသိပေးတာပါ…..”
“ဖွဟဲ့..လွဲပါစေ…ဖယ်ပါစေ…မင်းတို့မနောက်ကြနှင့်ကွာ..ငါအရမ်းစိတ်ဆိုးတယ်…..”
မသာပန်းကိုဆွဲထုတ်ပြီးခြေထောက်နှင့်နင်းချေလိုက်သည်။
“မေတ္တာရဲ့အတိမ်အနက်ကို…ဗျော့ကြီးတစ်ယောက်မသိရှာဘဲကိုး…….”
“ညကျမှခေါင်းပြတ်သူရဲမကမင်းဟာကိုပါးစပ်နှင့်လာကိုက်လိမ့်မယ်……..”
ဗျော့ကြီးလက်နှစ်ဘက်နှင့်ပေါင်ကြားကိုအုပ်ရင်း……..
“ဟေ့ကောင်တွေ….မင်းတို့ဘာတွေလျှောက်ပြောနေတာလဲ…….”
“ဟုတ်တယ်လေ..သူ့မှာခေါင်းပြတ်ဆိုတော့လက်မပါဘူးလေ…
….ဒါကြောင့်ပါးစပ်နှင့်ကိုက်မယ် လို့ပြောတာ……..”
“မင်းတို့တွေပြောလေကဲလေပါလား….တော်ပြီ..ငါတစ်ယောက်တည်းဘဲပြန်တော့မယ်.
မင်းတို့နေရစ်ခဲ့တော့…..”
“အေးလေမင်းကတော့ခေါင်းပြတ်သူရဲမနှင့်ဓါတ်ကျနေပြီဆိုတော့ငါတို့ကိုနှင်ထုတ်ပြီပေါ့…
“တော်ပြီကွာ..မင်းတို့တရားလွန်လာပြီ……..”
ကျနော်တို့တစ်လမ်းလုံး နောက်နောက်ပြောင်ပြောင်နှင့်ပေါက်ကရတွေပြောလာပြီး…..
ပြန်ရောက်တော့မှောင်စပျိုးနေပြီ….
“ကိုဂျစ်တို့အဖွဲ့နောက်ကျလိုက်တာ..အားလုံးစားပြီးကုန်ပြီ…အမြန်လာစားလိုက်ကြတော့”
သိမ်းဆည်းရအုံးမယ့်…အဘတို့လည်းမြန်မြန်အလုပ်ပြီးသွားကြရအောင်…ဆရာဦးမေတ္တာကျနော်တို့ကိုခေါ်နေပါသည်။
ထမင်းစားပြီးတော့အဆောင်ရှေ့မှာထိုင်နေကြသည်။
 “ ဗျော့ကြီး..မင်းကြောပိုးအိတ်ထဲမှာ…ငါ့နမူနာကျောက်တွေထည့်ထားတယ်…ယူပေးပါအုံးသူငယ်ချင်းရာ……..”
“ဟာ..မှောင်နေပြီ….မမြင်မစမ်းနှင့်နောက်မှယူကွာ……”
ဗျော့ကြီးသွေးပျက်နေပြီ။အမှောင်ကိုကြောက်လန့်နေပြီ…….
“မှောင်နေရင်လဲလက်နှိပ်မီးယူသွားကွာ…..ဆရာငါ့ဆီမှာတောင်းနေပြီ……”
ဗျော့ကြီးတစ်ယောက်လက်နှိပ်မီးယူပြီး Camp ပေါ်စိတ်မသက်သာစွာနှင့်တက်သွားပါသည်။
မီးမရှိသောကြောင့် Camp တခုလုံးမှောင်မဲနေသည် ..

ကြောပိုးအိတ်ထဲလက်နှင့်စမ်းကြည့်တော့ဘာတစ်ခုမှမရှိ။လက်ထဲမှာမြေပုံ နှင့်တူသောစာရွက်လိပ်တစ်ခုတွေ့၍စမ်းယူလိုက်သည်။
ပြီးတော့ဖြန့်ပြီးလက်နှိပ်မီးနှင့်ထိုးကြည့်လိုက်သည်။အမျိုးသမီးလည်ပင်းမှာနီရဲသောသွေးများနှင့်သွေးများတစ်စက်စက်စီးကျနေသည်။
 
…ချစ်လွန်းလို့ပါကိုကိုဗျော့ရယ်….လို့စာရေးထားသေးသည်။
ဤပုံကိုမြင်ပြီးသကာလ…..
“ဟာ..အမလေး..ခေါင်းပြတ်သူရဲ…ခေါင်းပြတ်သူရဲ…..”
ဗျော့ကြီးငယ်သံပါအောင်အော်လိုက်သောအသံ Camp တစ်ခုလုံးကိုလွမ်းသွားပါသည်။
ဝုန်းဒိုင်းနှင့်တံခါးဆောင့်ဖွင့်သံတွေရော၊တဝုန်းဝုန်းပြေးသံတွေရောထွေး ပြီး Camp အပြင်ဘက်သို့ဗျော့ကြီးတစ်ယောက်ဝုန်းကနဲ ပစ်ကျလာပါသည်။
…ပါးစပ်ကလည်းငယ်သံပါအောင်အော်နေသည်။
…လက်မှာရော၊ဒူးမှာရော….ပွန်းရာပဲ့ရာဗလပွနှင့်….
ဤအချိန်ဗျော့ကြီးကိုမြင်ပြီးကျနော်တို့အစလွန်အနောက်အပြောင်လွန်သွားပြီဆိုတာနားလည်လိုက်ပါပြီ…..
ဆရာဦးမေတ္တာကျနော်တို့တစ်ဖွဲ့လုံးကိုတော်တော်ကြီးဆူပါသည်။“
ငယ်စဉ်ကထိုရွာလေးမှမိသားစုအကြောင်းကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်မိပါသည်။
ထိုစဉ်ကကျနော်တို့အားလုံးလူပျိုအရွယ်တွေ….လောကအကြောင်းလဲဘာမှမသိသေး…
မိသားစုဘဝကိုလဲလေးလေးနက်နက်မတွေးမိခဲ့…
.သမီးရည်းစားလိုဘဲတွေးမိသည်။
သူကြင်မှကိုယ်ကြင်ပေါ့…..
သူမကြင်တော့ဘာဖြစ်လဲ……ကိုယ်လဲမကြင်ယုံပေါ့…….
ကျနော်တို့မေ့နေကြ တာက …ခလေးတွေရှိနေသောသူတို့အိမ်ထောင်ရေး…..
အိမ်ထောင်စုတစ်စုရည်ရှည်တည်မြဲရန်တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိဘို့လိုပါသည်။
စောင့်ထိန်းရမယ့်လူ့ စည်းကမ်းများကိုအစဉ်လေး စားလိုက်နာရပါမည်……

ဒီလိုနဲ့ဘဲ..ကျောင်းတွေပြန်ဖွင့်…မန္တလေးဆောင်မှာစာသင်လိုက်…..
မိန်းထဲမှာ..ပျော်လိုက်နဲ့….အချိန်တွေကုန်နေပါသည်…
Field ဆင်းခဲ့စဉ်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုလည်းမေ့နေကြပါပြီ……
တမနက်ဆရာဦးမေတ္တာသတင်းစာထဲကသတင်းတစ်ပုဒ်ကိုထောက်ပြတော့မှ…
ပျဉ်ညောင်..နေ့တစ်နေ့ကိုပြန်သတိရလာပါသည်…..
သတ်သောယောကျာ်းကကြိုတင်ကြံစည်ပြီးမှသတ်သောကြောင့်သေဒဏ်အပေးခံရသည်။
…..အမေကအသတ်ခံရသူ….
….. ..အဖေကသတ်သူ……သေဒဏ်…..
…ကျန်တဲ့ခလေးနှစ်ယောက်…ဘယ့်သူ့အားကိုးနှင့်နေကြမလဲ…
.ပတ်ဝန်းကျင်မှရိုက်ခတ်လာသောစကားသံတွေ ကိုအသဲနုနုလေးတွေခံနိုင်ပါ့မလား….
ဒီခလေးတွေရဲ့စိတ်ထဲမှာအဖေနှင့်အမေကိုဘယ်လိုသဘောထား ကြမလဲ…….
ဒီသတင်းကိုကြားစဉ်က ပျဉ်ညောင်..ည မှာ….
ဆရာဦးမေတ္တာပြော ခဲ့သောမှတ်ချက်စကားများကိုပြန်ကြားယောင်မိပါသည်။
ဒုက္ခ…..ဒုက္ခ…ချစ်ဒုက္ခ…..တော်တော်ဆိုးပါလား….
မချစ်တဲ့သူလည်းဒုက္ခ……..
ချစ်တဲ့သူလည်း ဒုက္ခ…..


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ