ပြဿနာ



 

အသက်တစ်ရာမနေရ အမှုတစ်ရာပွေရဆိုတဲ့စကားဟာသိပ်မှန်ပါတယ်……
အမှုကိစ္စဆိုတဲ့စကားလုံးအစားကျနော်တို့ အားလုံးဟာပြဿနာလို့ဘဲလွယ်လွယ်ကူကူခေါ်လိုက်ကြပါတယ်….
ပြဿနာဆိုတဲ့ အဓိပ္ပါယ်က စိတ်မချမ်းသာစရာ၊စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုခေါ်လိုက်တာပါ။
တစ်ခါတစ်ရံ ပြဿနာတွေဟာ မဖိတ်ခေါ်ဘဲနဲ့ရောက်လာတတ်ပါတယ်…….ဟုတ်ပါတယ်….. တစ်ခုသော သစ်ပင်စိုက်သော လမှာပါ……. ကျနော့်ခြံကိုရဝတ လူကြီးအဖွဲ့တွေ ရောက်လာပါတယ်…… ရပ်ကွက်ထဲကမြေလွတ်တွေမှာ ကြက်ဆူပင်စိုက်ရန် အလှူလာခံတာပါ……. ရပ်ရေးရွာရေးကိစ္စတွေမှာ အမြဲတမ်းအလှူခံနေကျမို့လို့မထူးဆန်းတော့ပါ……ရပါတယ်၊လှူတာပေါ့……
လုပ်ငန်းရှင်မို့လို့ ကြက်ဆူပင်အပင်ငါးဆယ်လှူခိုင်းပါတယ်…..ရှောင်လို့မရတဲ့ အလှူ ဆိုတော့လက်ခံလိုက်ပါတယ်…… ကျနော့် စိတ်ထဲမှာ အလှူလာခံလို့ အလှူငွေထည့်လိုက်ရင် ကိစ္စပြီးပြီလို့ထင်ထားတာ။ ကျနော် မှားသွားပါတယ်….. ဇာတ်လမ်းကမပြီးသေးပါ…. နောက် တစ်ရက်နှစ်ရက်မှာ ကျနော့်ခြံရှေ့ကို တစ်တောင်ကျော်ကျော် မြင့်သောကြက်ဆူပင် အပင်ငါးဆယ်ရောက်လာပါတယ်……
ဟ….ဟ….. ဘာလုပ်ဘို့လဲ……
မြေလွတ်တွေမှာကြက်ဆူပင်စိုက်ရမယ်…..
အာ….ဒီ ခွေးသေးပန်းပင်လိုလို၊ဗိစပ်ပင်လိုလို ခြံထဲမှာ မစိုက်ဘူး……
ခင်ဗျားခြံထဲမှာလဲ မစိုက်ခိုင်းပါဘူး…..
ခင်ဗျားခြံရှေ့မှာစိုက်ရမယ်…..
ကျနော့်ခြံစည်းရိုးနဲ့ စည်ပင်မြောင်းကြားထဲမှာ မြေတော်တော်လွတ်နေပါတယ်…. ကျနော့်အိမ်ခြံစည်းရိုး လှလှလေး ဖြစ်သွားအောင် လွတ်နေတဲ့ စည်ပင်မြေပေါ်မှာ ဂျပန် မြက်နုတွေ ဝယ်စိုက်ထားတာတော်တော်ကြာနေပြီ …… ဂျပန်မြက်စိမ်းစိမ်းနဲ့ ကျနော့်အိမ်ကလေးဟာ တော်တော်လေး လိုက်ဖက်ပါတယ်…. အလုပ်သွားအလုပ်ပြန် မြက်ခင်းစိမ်းလေးကိုကြည့်ရတာ အရမ်းစိတ်ချမ်းသာပါတယ်……. အခုကျနော့် မြက်ခင်းစိမ်းစိမ်းနေရာမှာ ဟို ခွေးသေးပန်းပင်လိုလို အပင်တွေကိုလာစိုက်ကြတော့မယ်။ စည်ပင်မြေပေါ်မှာစိုက်သောကြောင့် ကျနော့်မှာတားပိုင်ခွင့်မရှိပါ……
ကျနော့်မြက်ခင်းစိမ်းစိမ်းလေးကိုပေါက်တူးပေါက်ပြားတွေနဲ့ တူးပြီး ကြက်ဆူပင်စိုက်ကြပါလေရောဗျာ..
ကျနော့်ခြံရှေ့က ကြက်ဆူပင်စိုက်ပွဲကြီးဟာ တော်တော်စည်ကားပါတယ်…. အထက်တန်းကျောင်းက ကျောင်းသားတွေကို ဒိုးပတ် တီးခိုင်း တယ်။သစ်ပင်စိုက်တဲ့သူတွေကို ရပ်ကွက်ကစုပြီး ကောက်ညှင်းပေါင်းကျွေးရတယ် …. ကျနော်မြက်ခင်းစိမ်းစိမ်းလေးခမျာလူတွေတက်နင်း တူးဆွတဲ့ ဒဏ်နဲ့ စုတ်ပြတ်သွားပါပြီ…..ကျနော်လဲမြင်ရတာ စိတ် မချမ်းသာပါ……အဲဒါမှ မြွေဝင်တာ…အရပ်စကားနဲ့ မြွေဝင်တယ်ဆိုတာလဲ
ပြဿနာနဲ့ အဓိပ္ပါယ်အတူတူပါဘဲ…….
ကျနော်လဲမြင်ရတာစိတ်ဆင်းရဲလို့ မြက်ခင်းစိမ်းစိမ်းဘက် လှည့်ကြည့်ဖြစ်တာကြာလှပေါ့ …….. တစ်ရက် ရဝတ လူကြီးအဖွဲ့ ရောက်လာ ပြန်ပါတယ်…..ခင်ဗျားခြံရှေ့က ကြက်ဆူပင်တွေကို ဆိတ်ဝင်စားသွားလို့တော်တော်ကုန်သွားပြီ……ခင်ဗျားထပ်စိုက်ပေးရမယ်……..
ဆိတ်ပိုင်ရှင်ကိုသွားတောင်းပေါ့….ကျနော်နဲ့ ဘာဆိုင်လဲ…….
ခင်ဗျားခြံရှေ့မှာဖြစ်တာဆိုတော့ ခင်ဗျားမှာတာဝန်ရှိတယ်…….
ခင်ဗျားဆိတ်တွေမတိုးနိုင်အောင်ဝါးခြံခတ်ပေးပါ…….
စိုက်တုန်းကလဲခင်ဗျားတို့ပြောလို့စိုက်ခဲ့ရတယ်….ခုလည်းဆိတ်ဝင်စားလို့ခြံခတ်ပေးရအုန်းမယ်…..
ခင်ဗျားတို့အပင်က ရွှေထွက်နေလို့လား…..
ခင်ဗျားတို့လုပ်ငန်းရှင်တွေက လူကြီးတွေရဲ့စေတနာတွေကို နဲနဲလေးမှနားမလည်ကြဘူး…… ကြက်ဆူပင်ကနေ ကြက်ဆူဆီထွက်တယ်၊ ကြက်ဆူဆီနဲ့ ကားမောင်းလို့ရတယ်၊ ဒါကြောင့်လူကြီးတွေက ကြက်ဆူပင်တွေများများ စိုက်ခိုင်းနေတာပေါ့ …… နောက်ဆိုရင် ဒီဇယ်၊ ဓါတ်ဆီတွေလုံးဝဝယ်စရာမလိုတော့ဘူး….ကြက်ဆူဆီနဲ့ကားမောင်းကြမယ်…..
အခုကြည့်လေကျုပ်တို့ စက်မှုဇုံက ကားတွေ ထွက်နေပြီ…
နောက်ဆိုရင် ကျုပ်တို့ စက်မှု ဇုံကားတွေ ဂျပန်ကိုပြန်ပို့တော့မှာ…….

(သောက်ကျိုးနဲ..ဂျပန်ကားကိုဖင်ဖြတ်ခေါင်းဖေါက်ပြီးမြန်မာပြည်တွင်လုပ်သည်လို့စာကပ်ထားတယ်)
ဓါတ်ဆီ၊ဒီဇယ်ဆီ ဝယ်ဘို့ ကုလားတွေကိုလည်းဂရုစိုက်စရာမလိုဘူး၊
စီးဘို့ကားအတွက်လဲ ဂျပန်တွေကို ဂရုစိုက်စရာမလိုတော့ဘူး……
ရှစ်တန်းအောင်ရဝတ ဥက္ကဋ္ဌ ပြောတဲ့စကားတွေကိုငြင်းမနေတော့ပါ၊ဒါပေမယ့်ကြက်ဆူပင်တွေကိုဝါးခြံခတ်ပေးလိုက်ရပါတယ်….
နဲနဲကြာလာတော့ ကျနော်ခတ်ထားတဲ့ ဝါးခြံလေးလဲ ကျိုးတိုးကျဲတဲ ဖြစ်လာပါတယ်….

၊ရပ်ကွက်ထဲက ထင်းရှာထွက်တဲ့ ကလေးတွေ ဝါးခြံစည်းရိုးကိုလာလာပြီးချိုးကြတယ်…..
ကျိုးတိုး ကျဲတဲ ဝါးခြံစည်းရိုးနဲ့ ကြက်ဆူပင်ထိုးထိုးထောင်ထောင် တွေရဲ့ နောက်ဘက်မှာရှိနေတဲ့ ကျနော့်အိမ်နဲ့ ခြံဝင်းရဲ့ အလှတရား ကိုရှာမတွေ့တော့ပါ…… ကြက်ဆူပင်စိုက်ခါစကြက်ဆူရွက် 10 ရွက် 15 ရွက်လောက်ကို ဆိတ်စားသွားတာကို ပြဿနာလာရှာကြသော ရဝတ တွေလည်းကြာလာတော့ကြက်ဆူပင် ကို စိတ်မဝင်စားတော့ပါ….
နေ့လည်နေ့ခင်း အခြေအနေမဲ့တွေ ကြက်ဆူပင်တွေကြားမှာ လာအိပ်နေတာတောင် လာမပြောကြတော့ဘူး….. စိုက်ခါစတုန်းက ကြက်ဆူပင်နားကို လူမပြောနဲ့ ဆိတ်တွေ ခွေးတွေတောင် ကပ်လို့မရဘူး… ဒီလိုဘဲ ရေတက် ငါးဇင်းရိုင်းလိုပေါ့…… ဇာတ်လမ်းက မပြီးသေးပါ..။
ကြက်ဆူပင်ခြုံတောကြီးဟာလည်းကြီးသထက်ကြီးလာနေပါတယ်…. ဂျပန်မြက်ခင်းရှိတုန်းကအရိပ်တကြည့်ကြည့်နဲ့ကျနော်ကြည့်မဝခဲ့ပါ။ အခုတော့ကြည့်ရလောက်အောင်လှလှပပအပင်တွေမဟုတ်တော့ဂရုစိုက်ကြည့်မနေတော့ပါ……ခြံရှေ့မှလာစိုက်ထားတဲ့အပင်တွေကိုမြင်ရင် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်…..
တစ်ရက် ကျနော့်ခြံထောင့်မှာရှိတဲ့ကြက်ဆူပင်တွေ နဲနဲကျဲသွားတယ်လို့ ထင်မိပါတယ်…. အမှတ်တမဲ့နေလာလိုက်တာတစ်လလောက် ရှိတော့မယ်….၊မနက်လမ်းလျှောက်ရင်းခြံထောင့်ကိုသွားကြည့်မိပါတယ်…..မြင်လိုက်ရတဲ့မြင်ကွင်းတော်တော်အံ့သြမိပါတယ်……ကျနော့် ခြံထောင့်မှရှိတဲ့ကြက်ဆူပင်တွေကိုဆွဲနှုတ်ပြီး ညောင်ပင်ပေါက်တစ်ပင်စိုက်ထားတယ်။ပတ်ပတ်လည်မှာ ဝါးနဲ့ ပတ်ပြီးခြံလုပ်ထားတယ်….
ပိုဆိုးတာက ဖယောင်းတိုင်မီးထွန်း၊အမွှေးတိုင်မီးထွန်းပြီး ပူဇော်ထားတာကိုမြင်လိုက်ရလို့ပါ၊……

ဖယောင်းတိုင် အတိုအစ၊အမွေးတိုင် အတိုအစတွေကိုကြည့်ခြင်းအားဖြင့်နဲနဲကြာလောက်နေပြီ.....၊ဘယ်ကဘယ်လိုဒီညောင်ပင်ရောက်လာပြီးပူဇော်နေကြလဲမသိပါ…စိတ်တိုတိုနဲ့ ညောင်ပင်ကိုဆွဲနှုတ်ပြီးမြက်ခုတ်ဓါးနဲ့ နှုတ်နှှုတ်စင်းလိုက်ပါတယ်….. အဲဒီမှာ ပြဿနာတက်တာဘဲ…. ညဘက်ရောက်တော့ရဝတရုံးက ကျနော့်ကို လာခေါ်ပါတယ်….
ရပ်ကွက်ထဲက စိုက်ထားတဲ့အပင်တစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်တယ်ဆို…
ရပ်ကွက်ထဲကစိုက်တဲ့အပင် ကျနော်လဲမသိရပါလား….
ခင်ဗျားခြံထောင့်မှာစိုက်ထားတယ်လို့ပြောကြတယ်….
ဥက္ကဋ္ဌ ဘာပင်လဲဆိုတာသိလား…..
မသိဘူးလေ သူတို့လာတိုင်လို့ ခင်ဗျားကို ခေါ်ရတာပေါ့…..
ညောင်ပင်….ညောင်ပင် …..သိလား…ယတြာချေချင်ရင် ကိုယ့်အိမ်ခေါင်းရင်းမှာစိုက်ပေါ့…. ဘာလို့ကျနော့်ခြံထောင့်မှာလာစိုက်တာလဲ……
ဥက္ကဋ္ဌ ကျနော့်ခြံမျက်နှာစာဟာ ယတြာချေ ဖို့သစ်ပင်စိုက်တဲ့နေရာမဟုတ်ဘူး……..
ဟိုတုန်းက ကြက်ဆူပင်နှုတ်ရင် ထောင်တစ်နှစ်ချမယ်လို့ခင်ဗျားတို့ဘဲပြောတယ်….အခုကြက်ဆူပင်နှုတ်ပြီး ညောင်ပင်စိုက်တာ ကျတော့ ဘာမှမပြောတော့ဘူး….
ခင်ဗျားတို့ ကြက်ဆူယတြာ..ချေပြီးကြပြီလား…
ပြီးရင်လဲ ကျုပ်ခြံရှေ့ကကြက်ဆူပင်တွေကို ခုတ်ပြစ်တော့မယ်………။
ဒီလောကကြီးထဲမှာအသက်ရှင်နေသ၍ပြဿနာတွေကမဖိတ်ခေါ်ဘဲရောက်လာနေအုန်းမှာပါဘဲ….။
 


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ