ဟောင်ကောင်
ငယ်ငယ်ကဟောင်ကောင်လို့ဆိုလိုက်တာနဲ့ဒေးဗစ်ချန်းလက်တစ်ဖက်ပြတ်သိုင်းကား၊တရုတ်သိုင်း
ကားတွေထဲကဘရုစ်လီ၊ဂျက်ကီချန်းတို့ကိုပြေးမြင်မိပါသည်။
စီးပွားရေးလောကထဲရောက်လာတော့ဟောင်ကောင်နှင့်နီးစပ်လာပါတယ်။သူတို့တွေဆီကပစ္စည်းတွေ
ဝယ်နေရလို့ဖြစ်ပါတယ်။တရုတ်ပြည်ဟာနေရာကျယ်ဝန်းသလောက်စက်ရုံအလုပ်ရုံတွေအလွန်ပေါများလှပါတယ်။
အခုဆိုရင်တရုတ်ပြည်ကြီးဟာအရမ်းတိုးတက်နေပါပြီ။ကျနော့်အဖိုးလက်ထက်ကငတ်ပြတ်နေတဲ့တရုတ်ပြည်
မဟုတ်တော့ပါဘူး။အဖိုးဟာငတ်ပြတ်ပြီးဗမာပြည်ကိုရောက်လာခဲ့တယ်….။
အခုကျနော်တို့လက်ထက်မှာတရုတ်ပြည်နှင့်ပြန်ဆက်သွယ်ပြီးစီးပွားရေးတွေလုပ်နေရပြီ။ကျနော့်သားလက်ထက်
မှာရောဘာတွေဆက်ဖြစ်မလဲ။ကျနော်မမှန်းတတ်တော့ပါ။ဒီပုံအတိုင်းဆက်သွားနေလို့ကမလွယ်ပါ။
တရုတ်ပြည်မှစက်ရုံတွေများသလောက်ထုတ်ကုန်မျိုးစုံတွေကိုလည်းတကမ္ဘာလုံးအနှံ့တင်ပို့နေသည်။
ဒါကြောင့်မို့တရုတ်ပြည်ထုတ်ကုန်မျိုးစုံကိုပြည်နယ်အလိုက်မြို့ကြီးတွေမှာကုန်စည်ပြပွဲတွေလုပ်လေ့ရှိသည်။တစ်မြို့
နှင့်တစ်မြို့နေ့ရက်မထပ်အောင်လအလိုက်ခွဲပြီးပြပွဲတွေလုပ်ကြသည်။တရုတ်ပြည်ကုန်စည်ပြပွဲများထဲတွင်
ကွမ်ကျိုးကုန်စည်ပြပွဲကိုကျနော်အကြိုက်ဆုံးဖြစ်ပါသည်။ပြသသောပစ္စည်းများအစုံလင်ဆုံးဖြစ်သည်။
တရုတ်ပြည်အနှ့ံမှစက်ရုံတွေလာပြလေ့ရှိသည်။တစ်နှစ်နှစ်ကြိမ်ပြပွဲလုပ်လေ့ရှိသည်။အောက်တိုဘာလနှင့်
ဧပြီလတို့တွင်ဖြစ်သည်။တစ်ကမ္ဘာလုံးမှလူမျိုးစုံရောက်လာလေ့ရှိသည်။ကျနော်တို့လည်းကွမ်ကျိုးပြပွဲကိုပုံမှန်
ရောက်လေ့ရှိသည်။ကိုယ့်အလုပ်နှင့်ပတ်သက်သောစက်ရုံတွေထပ်တိုးနေပြီလား…..
စျေးကွက်အခြေအနေဘယ်လိုဖြစ်နေပြီလဲ…..မျက်ခြေမပြတ်စေရန်အတွက်လာနေရပါသည်။
ပြပွဲနေ့ရက်တွေမှာကွမ်ကျိုးတစ်မြို့လုံးဧည့်သည်တွေနှင့်ပြည့်နေပါသည်။ပြပွဲကာလအတွင်းဟိုတယ်တွေလည်း
စျေးတက်လေ့ရှိပါသည်။ပုံမှန်တစ်ညယွမ် 200 ပေးရသောအခန်းပြပွဲကာလသို့ရောက်ရင်ယွမ် 600 ဖြစ်သွားသည်။
ပြပွဲပြီးရင်ယွမ် 200ပြန်ဖြစ်သွားသည်။ဘာကြောင့်စျေးတက်ရတာလဲလို့မေးကြည့်တာသူတို့ဟိုတယ်အဖွဲ့အစည်း
ကတမင်စျေးတင်ခိုင်းတာလို့ပြောကြတယ်။
ကြည့်စမ်းဘယ်လောက်စိတ်တိုစရာကောင်းသလဲ……ဧည့်သည်တွေကိုရိုက်သလားမမေးနဲ့…..။
ဘယ်တတ်နိုင်မလဲ...သူ့နိုင်ငံကပစ္စည်းတွေကိုလာဝယ်နေရတော့သူတို့ရိုက်ချက်ကိုခံနိုင်အောင်လည်းကျင့်ထားရမည်။
ပြပွဲကာလအတွင်းကြည့်စရာတွေကြည့်ပြီးရင်ကျနော်တို့စျေးဝယ်ထွက်လေ့ရှိသည်။တရုတ်ပြည်ကိုကျနော်
တို့သူငယ်ချင်းအားလုံးကအင်္ဂုလိတိုင်းပြည်လို့ခေါ်ကြပါသည်။တံဆိပ်မျိုးစုံအတုအားလုံးရှိသည်။နာမည်ကြီးလက်
ပတ်နာရီ၊ခါးပတ်၊ဖောင်တိန်၊တယ်လီဖုန်း၊အကျင်္ ီ၊ဘောင်းဘီ သူ့စျေးကွက်နှင့်သူရောင်းချနေသည်။တံဆိပ်တုပစ္စည်း
များအပြင်အခြားပစ္စည်းအတုလည်းရှိသေးသည်။ယောကျ်ားပစ္စည်းအတုအပြင် မိန်းမပစ္စည်းအတုလည်းရှိသေး သည်။
ရောင်းတဲ့စာရေးမကအားလုံးစိတ်တိုင်းကျစေရမယ်တဲ့….
သူတို့ဆီမှာကားလမ်းကိုပိတ်ပြီးစျေးရောင်းနေသောလမ်းတွေရှိသည်။ပေကျင်းလုနှင့်စန်းရှကျိုစသောနာ
မည်ကြီးသောလမ်းမှာညဘက်စျေးဝယ်ရင်းလမ်းလျှောက်ရတာကောင်းပါသည်။နောက်ပြီး
ပုလဲမြစ်ကမ်းနားက Guang Zhou Dong Jiang Seafood ဆိုင်မှာထမင်းသွားစားကြမည်။
ပင်လယ်စာရောင်း သောဆိုင်ထဲမှာနာမည်အကြီးဆုံးဆိုင်၊မိကျောင်းသားအပါအဝင်အထူးအဆန်းစားစရာတွေစုံလှပါသည်။
ကြည့်စရာတွေကြည့်၊ဝယ်စရာတွေဝယ်ပြီးရင်ကျနော်တို့မကာအိုကိုသွားကြမည်။မကာအိုကကွမ်ကျိုးမြို့နှင့်
ဆက်နေပါသည်။ကာစီနိုရုံတွေမြင်ရင်လူကနေချင်ပေမယ့်ကိုယ်ထဲမှာရှိနေသောတရုတ်သွေးကမနေပါ။
ကစားပွဲမြင်ရင်များများမဟုတ်တောင်နဲနဲကစားလိုက်ရမှနေသာထိုင်သာရှိပါသည်။ကာစီနိုရုုံတွေမှာ
ဆေးလိပ်သောက်ခွင့်ပြုထားတာတော်တော်ဆိုးပါသည်။ဆေးလိပ်မသောက်သောကျနော့်အတွက်ကြာကြာထိုင်
မကစားနိုင်ပါ။မီးခိုးတွေမွန်လာပြီးခေါင်းမူးလာပါသည်။
မကာအိုစိးပွားရေးကကာစီနိုကစားဝိုင်းအဓိကပါ။
လည်စရာပပတ်စရာဆိုလို့မကာအိုတာဝါ၊နှစ်လေးရာ သက်တမ်းရှိခရစ်ယာန်ဘုရားရှိခိုးကျောင်း၊တရုတ်ဘုရားကျောင်းသာရှိသည်။
မကာအိုမှာကျနော်တို့မြန်မာပြည်မှပြန်ခဲ့သောတရုတ်များနေသောရပ်ကွက်ရှိပါသည်။၄င်းရပ်ကွက်ကိုမီးသုံးလုံးရပ်ကွက်လို့ခေါ်ကြပါသည်။
မြန်မာမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ။လ္ဘက်ရည်ဆိုင်တွေရှိပါသည်။မြန်မာစကားသံတွေလည်းကြားနေရသည်။
ကျနော်စီးမိသောတက္ကဆီ ဒရိုင်ဘာကမြန်မာစကားပြောတတ်သည်။ထို့ပြင်သူ့အိမ်နှင့်ဖုံးဆက်လည်းမြန်
မာလိုပြောကြသည်။ထွက်လာခဲ့တာနှစ်သုံးဆယ်ကျော်ပြီတဲ့…..
မကာအိုမှာကာစီနိုကစားပြီးရင်ကျနော်တို့ဖယ်ရီသင်္ဘောဖြင့်ဟောင်ကောင်ကိုကူးကြမည်။နှစ်တိုင်းလို
လိုဟောင်ကောင်သို့ရောက်နေသောကြောင့်ဟောင်ကောင်သည်ကျနော်နှင့်မစိမ်းပါ။သို့သော်ကျနော့်စိတ်ထဲမှာ
ဟောင်ကောင်သည်ကျနော်နှင့်မရင်းနှီးပါ။ဘန်ကောက်၊စင်ကာပူ၊မလေးရှားတို့ကကျနော်နှင့်ရင်းနှီးပါသည်။
အဘယ်ကြောင့်ဆိုသော်အဲဒီမှာကျနော့်သူငယ်ချင်းတွေရှိနေသောကြောင့်စိတ်ထဲမှာရင်းရင်းနှီးနှီးရှိနေသည်။
ဟောင်ကောင်မှာကျနော်နှင့်ခင်သောသူငယ်ချင်းတွေမရှိသောကြောင့်လို့ထင်ပါသည်။
ကျနော်သည်အသည်းရောင်အသားဝါစီပိုးသတ်ဆေးထိုးနေစဉ်အတွင်းဘယ်မှခရီးမထွက်ဖြစ်ပါ။ဒီအတော
အတွင်းသူငယ်ချင်းတစ်ယောက်နှင့်စကားစပ်မိရာကငယ်သူငယ်ချင်းတစ်ယောက်နှင့်ပြန်အဆက်အသွယ်ရခဲ့ပါ သည်။
သူဟောင်ကောင်ကိုရောက်နေတာတော်တော်ကြာနေပြီ။။ထို့ကြောင့်ဟောင်ကောင်လည်းကျနော်နှင့်ရင်နှီးစပြုလာပါပြီ။
ဆုံးဖြတ်ချက်တစ်ခုသည်လူတစ်ယောက်၏ဘဝကိုလုံးဝပြောင်းလဲစေနိုင်ပါသည်။ကျနော့်သူငယ်ချင်းရင်
ဖွင့်ခဲ့သောအကြောင်းများကိုနားထောင်ပြီးကျနော်ဒီလိုမှတ်ချက်ချခဲ့တာပါ။
လူတိုင်းလူတိုင်းရှေ့မှာဘာဖြစ်မည်ဆိုတာကိုဘုရားမှလွဲ၍မည်သူမျှမသိနိုင်ပါ။ထို့ပြင်ဆုံးဖြတ်ချက်မှန်ခြင်း၊ကံ
ကောင်းခြင်းတို့သည်လည်းအတိတ်ကံနှင့်ပတ်သက်နေတာကိုကျနော်တို့ဗုဒ္ဓဘာသာဝင်တိုင်းကလက္ခံထားကြပါ
သည်။ကျနော့်သူငယ်ချင်းမှန်ကန်သောဆုံးဖြတ်ချက်ကိုချခဲ့သောကြောင့်သူဒီနေ့ဒီအချိန်မှာအလွန်အဆင်ပြေနေ
ပါသည်။သူ့ရဲ့အတိတ်ကံကြောင့်လို့ဘဲပြောရပါမည်။ဘာဘဲဖြစ်ဖြစ်သူငယ်ချင်းတစ်ယောက်ရေခြားမြေခြားမှာ
အောင်မြင်နေတာကိုကျနော်တို့သူငယ်ချင်းအားလုံးကဂုဏ်ယူနေကြပါသည်။
မြန်မာပြည်မှထွက်လာသူများသည်ဘဝနာသူများပီပီကျိုးကျိုးစားစားလုပ်လေ့ရှိကြသည်။ဟောင်ကောင်
ရောက်ကာစမှာသူကသာမန်အလုပ်သမားတစ်ယောက်သာဖြစ်ပါသည်။ကျိုးကျိုးစားစားလုပ်ခဲ့သောကြောင့်သူ့
ဘဝတိုးတက်လာပါသည်။စက်ရုံငယ်ငယ်ပိုင်ရှင်ဖြစ်လာသောကျနော်တို့သူငယ်ချင်းမိသားစုသည်မြန်မာပြည်ဖွား
များသာဖြစ်ပါသည်။ထိုအချိန်ကဟောင်ကောင်သည်အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာရှိသည်။
1997ခုနှစ်မှာတရုတ်ကိုပြန်လွှဲပေးရမည်ကိုဟောင်ကောင်သားအားလုံးသိကြပါသည်။
ဝေးနေသောအချိန်ဖြစ်သောကြောင့်လူတွေသိပ်သတိမထားမိကြပါ။သို့သော်တစ်နှစ်ပြီးတစ်နှစ် 1997 နှင့်နီးလာနေပါသည်။
နီးလာလေလေဟောင်ကောင်သူဌေးများစိုးရိမ်ထိတ်လန့်လာလေလေဖြစ်လာပါသည်။
ကျနော့်သူငယ်ချင်းမိသားစုလည်းနဲနဲသွေးပျက်နေပါပြီ။
အသိမိတ်ဆွေတွေမိသားစုလိုက်ပြောင်းကုန်တာမြင်တော့ကျနော့်သူငယ်ချင်းလည််းညညအိပ်မပျော်တော့ပါ။
တရုတ်ပြည်ကတစ်နိုင်ငံစနစ်နှစ်မျိုးကျင့်သုံးမယ်လို့ပြောနေသည်။ဟောင်ကောင်သားအများစုကကွန်မြူနစ်
စကားကိုသိပ်မယုံကြ၊ဒါပေမယ့်တရုတ်ပြည်မှာလည်းစက်မှုဇုံတွေတစ်ခုပြီးတစ်ခုဖွင့်ပေးနေသည်။
အခွင့်အရေးတွေလည်းပေးနေသည်။သူတို့ဆီမှာအလုပ်လုပ်ရာတွင်ဘဏ်အကူအညီကိုအများဆုံးယူနေရသည်။
လုပ်ငန်းတစ်ခုလျှင်လျှင်မြန်မြန်တိုးတက်လာစေရန်နောက်ခံဘဏ််ကအရေးကြီးပါသည်။မိမိကိုယ်ပိုင်ငွေနှင့်လုပ်
ကိုင်မည်ဆိုပါကလုပ်ငန်းသေးသေးသာလုပ်ကိုင်နိုင်ပါမည်။လုပ်ငန်းထပ်ချဲ့ရန်ဘဏ်၏ထောက်ပံ့မှုကအရေးပါ
လာပြီ။သူလည်းလုပ်ငန်းလုပ်ရာတွင်ဘဏ်ကိုအားပြုနေရပါသည်။ 1997 နှင့်နီးလာချိန်မှာဟောင်ကောင်သား
တိို့၏စိုးရိမ်ထိတ်လန့််မှုကြောင့်ဟောင်ကောင်စီးပွားရေးတဖြေးဖြေးကျလာပါသည်။ကျနော့်သူငယ်ချင်းနောက်ဆုံး
ဆုံးဖြတ်ရမည့်အချိန်ရောက်လာပါပြီ…….ဇော်ပိုင်သီချင်း ထဲကလို..လမ်းဆုံ.. ကိုရောက်နေပါပြီ…..
1 . အသားအရောင်မတူ၊စကားမတူတဲ့နိုင်ငံမှာဘဝကိုတစ်ကပြန်စမလား…….
2 . ဒီမှာဘဲဲဆက်နေရစ်ခဲ့မလား…
3 . ဒါမှမဟုတ်တရုတ်ပြည်အထဲကိုသွားမလား……
သူ့ဘဝလမ်းဆုံသုံးနေရာပေါ်ရောက်နေပါပြီ……အရွှေးမှားခဲ့ရင်သူ့မိသားစုအားလုံးဒုက္ခရောက်ကြမည်…။
၁။ အသားအရောင်မတူတဲ့အနောက်နိုင်ငံမှာတစ်ကပြန်စဘို့ဆိုတာသိပ်မဖြစ်နိုင်၊အသက်အရွယ်နှင့်နယ်မြေ
အသစ်ဖြစ်သောကြောင့်အခြေကျရန်အချိန်တော်တော်ယူရမည်။နောက်ပြီးဘယ်ဘဏ်ကိုအားကိုးရမှာလဲ….။
အကယ်၍ကံမကောင်းခဲ့ရင်သူအလုပ်သမားဘဝ ပြန်ရောက်သွားနိုင်သည်။
၂။ ဟောင်ကောင်မှာစက်ရုံဆက်လုပ်နေ၍လည်းရသည်။ဒါပေမယ့်ဟောင်ကောင်မှာစရိတ်ကြီးသည်။သူ့အ
တွက်အကျိုးအမြတ်နဲလာနေသည်။
၃။ တရုတ်ပြည်ထဲသွားရင်လောလောဆယ်စရိတ်နဲသည်။နိုင်ငံခြားလုပ်ငန်းရှင်တွေအတွက်အခွင့်အရေးပေးနေ
သည်။သို့သော်ကွန်မြူနစ်တွေကိုယုံရပါ့မလား…….
သူဆုံးဖြတ်ချက်ချလိုက်ပါသည်။နဂိုအတိုင်းလည်းမနေပါ။အဝေးဆုံးသွားဘို့လည်းမစွမ်းနိုင်တဲ့အတူတူအကြောက်
တရားကိုရင်ထဲမှာခဏသိမ်းထားပြီးအနီးဆုံးရင်ခွင်ထဲကိုတိုးဝင်ဘို့သူဆုံးဖြတ်လိုက်ပါသည်။သူ့စက်ရုံကိုဟောင်
ကောင်အနီးမှာရှိနေသောရှန်ကျင့်စက်မှုဇုံကိုရွှေ့လိုက်ပါသည်။
ရရှိလာသောအခွင့်အရေးနှင့်သူ၏ကျိုးစားမှုတွေကြောင့်သူအများကြီးတိုးတက်နေပါပြီ…….
ဒီနှစ်သင်္ကြန်ပိတ်ရက်ကိုဟောင်ကောင်ကိုသွားလည်ကြဘို့အစီအစဉ်ဆွဲလိုက်ပါသည်။ကျနော်တို့အစီအစဉ်ကို
သူငယ်ချင်းမိသားစုက Welcome ပါတဲ့……
ဟောင်ကောင်သွားမယ်လို့အသံလွင့်လိုက်တာာအစ်မတို့မိသားစုလည်းလိုက်ကြမယ်လို့အသိပေးလာပါ တယ်။
ကျနော်တို့အုပ်စုလူတော်တော်တောင့်သွားပါပြီ…..စင်ကာပူမှာစာဖတ်နေတဲ့ကျနော့်သားအလတ်ကိုဘုတ်ကဒီတစ်
ကြိမ်မှာလိုက်ခွင့်မကြုံခဲ့ပါဘူး။ဒါပေမယ့်လွန်ခဲ့တဲ့နှစ်တွေတုံးကသူရောက်ဖူးပါသည်။အဲဒီအချိန်ကကျနော်တို့
Newton Hotel မှာတည်းခဲ့ကြသည်။အခန်းထဲမှာမီးခြစ်ဆော့ရင်းမီးလန့်မှုတွေဖြစ်ခဲ့လို့ဟိုတယ်ကသူ့ကိုအရမ်း
စိတ်ဆိုးခဲ့ပါသည်။
သွားကြမယ့်လူတွေအားလုံးကအမျိုးတွေ၊လူနဲနဲများတော့သူငယ်ချင်းကိုဒုက္ခမပေးတော့ပါဘူး….
တိုးရစ်ကုမ္ပဏီနှင့်ချိတ်ဆက်ပြီးမကာအို-ဟောင်ကောင်လျှောက်လည်ဘို့စီစဉ်ခိုင်းလိုက်ပါသည်။
ဒီလိုနဲ့ဘဲဟောင်ကောင်ကိုသင်္ကြန်ပိတ်ရက်တွေမှာရောက်ခဲ့ရပြန်ပါသည်။ဒီတစ်ခါဟောင်ကောင်ကကျနော်တို့နှင့်
မစိမ်းတော့ပါ။ခင်တဲ့မိသားစုတွေရှိနေပြီဖြစ်လို့တစစရင်းနှီးလာပါပြီ……
လျှောက်လည်နေကြစဉ်အတွင်းသူငယ်ချင်းနှင့်လည်းအဆက်အသွယ်မပြတ်ပါ။သူတို့အားတဲ့အချိန်မျိုး၊ကျနော်တို့
နားတဲ့အချိန်မျိုးမှာလာတွေ့ကြပါသည်။ပြန်ကာနီးသုံးရက်လောက်သူငယ်ချင်းမိသားစုနှင့်လျှောက်လည်ဘို့အစီ
အစဉ်ထပ်ဆွဲထားကြပါသည်။မကာအိုကထုံးစံအတိုင်းကာစီနိုကစားဝိုင်းတွေကစည်ကားလျှက်ပါ။
ဒီနှစ်နိုင်ငံတကာစီးပွားရေးပျက်ကပ်နှင့်ကြုံနေလို့ကစားဝိုင်းတွေလူမပြည့်ပါဘူး…..ကစားနေတဲ့သူတွေလည်းကစားနေကြတာဘဲ…
ကျနော့်သူငယ်ချင်းက ကစားနေတဲ့သူတွေကိုကြည့်ပြီးအမှိုက်မကုန်သရွေ့လူမိုက်လည်းကုန်မှာမဟုတ်ဘူး….
တဲ့.........မကာအိုမှာအရင်က ကာစီနိုလိုင်စင်ကိုလူတစ်ယောက်ဘဲယူထားလေ့ရှိတယ်…..
တရုတ်လက်ထက်မှာတော့အမေရိကန်ကုမ္ပဏီတစ်ခုကိုပါချပေးလိုက်ပါတယ်။
နောက်တစ်ဖွဲ့၏Venetionလို့ခေါ်တဲ့ကာစီနိုခန်းမ၊ဟော်တယ်ကတော်တော်မိုက်တယ်……
ဟော်တယ်ထဲမှာဥရောပနိုင်ငံတွေရဲ့ထင်ရှားတဲ့အမှတ်အသားတွေနှင့်တောင်လုပ်ထားတယ်။
ဥပမာ….လန်ဒန်မြို့ပေါ်ကလမ်းပုံမျိုး၊အီတလီဗင်းနစ်ကတူးမြောင်းမှာလှေစီးတာမျိုး၊အခြားဥရောပ
နိုင်ငံပုံစံမျိုးတွေလည်းလုပ်ပြထားပါသည်။
ကျနော်ဥရောပကိုမရောက်ဖူးလို့ဥရောပနိုင်ငံတွေရဲ့ထင်ရှားတဲ့အမှတ်အသားတွေကိုမသိပါဘူး……
ဥရောပနာမည်ကြီးဆိုင်တွေလည်းလာဖွင့်ထားကြပါသည်။
ထူးဆန်းတာတစ်ခုကမိုးကောင်းကင်အတုပြုလုပ်ပြီးလူတွေကိုလှည့်စားထားတာပါ။ပထမကျနော်တို့လည်းမသိပါဘူး။တိုးရစ်ဂိုက်လာ ပြောမှသိတာပါ…
ဟောင်ကောင်မှာလည်စရာ Disney Land ထပ်တိုးလာပါသည်။နိုင်ငံတစ်ကာ Disney Land တွေမှာဟောင်ကောင် Disney Land ကအငယ်ဆုံးတဲ့……
ဘာဘဲဖြစ်ဖြစ်လုံးဝမရှိတာထက်စာရင်ကောင်းပါတယ်….
Disney Land ကိုမိတ်ဆက်တဲ့သဘောပေါ့၊ ကျနော်တို့အားလုံး Disney Land မှာတစ်နေကုန်လျှောက်လည်ကြပြီး Disney Land Hotel မှာဘဲတစ်ညအိပ်ခဲ့ကြပါသည်။
ဟောင်ကောင်ရဲ့နောက်ဆုံးနေ့ရောက်ဘို့နီးလာပါပြီ…..ဒီနေ့သူငယ်ချင်းမိသားစုနှင့်ကျနော်တို့အား
လုံး Ocean Park ကိုသွားလည်ကြမည်။ဟိုတယ်မှာမနက်စာစားပြီးတာနဲ့ထွက်လာကြပါသည်။
Ocean Park မှာကြည့်စရာ၊ကစားစရာတွေများပါသည်။ဖြည်းဖြည်းလမ်းလျှောက်ရင်းကြည့်စရာတွေကြည့်မယ်၊ကစားစရာတွေ့ရင်က စားကြမယ်….တစ်နေကုန်ဒီမှာဘဲအချိန်ဖြုံးမယ်လို့တိုင်ပင်ထားကြပါသည်။
ကလေးတွေကစားကွင်းတွေ့ရင်ဝင်ကစားကြပါသည်။ဝင်ကြေးထဲမှာအားလုံးအတွက်ယူပြီးသားပါ။
ကျနော်တို့လူကြီးတွေရှေးဟောင်းနှောင်းဖြစ်ပြန်ပြောကြရင်းကလေးတွေနောက်ကလိုက်ပေါ့……
ကလေးတွေအဖွဲ့ကများတော့တချို့ကဒီနေရာမှာကစားရင်းကျန်နေခဲ့၊တချို့ကဟိုနေရာမှာကျန်နေခဲ့၊တဖြေးဖြေးအားလုံးလူကွဲ သွားကြပါတယ်ကျနော်တို့နှစ်ယောက်ကစကားတပြောပြောနှင့်တဖြေးဖြေးလျှောက်လိုက်၊ခြေထောက်ညောင်းရင်ကော်ဖီဆိုင်ဝင် ထိုင်လိုက်….တစ်နေရာရောက်တော့ကျနော့်သူငယ်ချင်းကရိုလာကိုစတာာစီးကြမယ်တဲ့။သူ့စကားကြားလိုက်တာကျနောငယ်ထိပ်ကိုမိုးကြိုး ပြစ်ချလိုက်သလိုဘဲ….။
ကျနော်ငယ်ငယ်ကတည်းကအမြင့်ကြောက်တတ်တဲ့ကောင်..။ရိုလာကိုစတာကမြင့်လည်းမြင့်၊မြန်လည်းမြန်၊အပေါ်မှာဒလိမ့်ခေါက်ကွေး၊
စောက်ထိုးမိုးမျှော်ဖြစ်နေတာမြင်မိတာနဲ့ခြေဖျားလက်ဖျားအေးပြီးနှလုံးခုန်ရပ်ချင်နေပြီ။ငါတို့အသက်အရွယ်နှင့်ရိုလာကိုစတာာသွားစီးရင် ၀ိုင်းရီကြလိမ့်မယ်မစီးပါနဲ့လို့အမြင့်ကြောက်တတ်တာလဲမသိအောင်ခပ်တည်တည်နဲ့ တားလိုက်ပါသည်။
မရဘူး……ဒီကောင်ကစီးမယ်တဲ့……..။
ကျနော်တော်တော်စိတ်ညစ်နေရပြီ…….။
ကျနော်ဒီလိုစိတ်ညစ်တာမျိုးမန္တလေးဆောင်မှာကျောင်းတက်တုန်းကကြုံခဲ့ဖူးပါသည်။အဆင်ပြေလုနီးနီး
ဘီအီးဒီကကောင်မလေးနဲ့လျှောက်လည်ကြရင်း အီကို Fun Fair ကိုရောက်သွားပါသည်။အချောအလှပေါတဲ့ အီကို Fun Fairဟာအရမ်းစည်ကားပြီးကစား စရာတွေတော်တော်စုံပါသည်။
ချားရဟတ်ကြီးဟာမြင့်တာမို့အဓိပတိလမ်းကလှမ်းမြင်နေရပါသည်။အတွဲတွေကချားရဟတ်စီးရတာအရမ်းပျော်နေကြသည်။
ကောင်လေးကကြောက်နေတဲ့ ကောင်မလေးကိုအကြောက်ပြေအောင်ဖက်ပြီးနှစ််သိမ့်နေကြပါတယ်။
ကျနော်က ချားရဟတ်ကြီးလည်နေတဲ့အချိန်ကောင်မလေးတွေကြောက်ကြောက်လန့်လန့်နဲ့ငယ်သံပါ အောင်အော်လိုက်တဲ့အသံတွေကြားကတည်းကနှလုံးတုံရင်ခုန်ပြီးဒူးမခိုင်ချင်တော့ဘူး…….
ကောင်လေးတွေကချားရဟတ်စီးရမှာကြောက်နေတဲ့ကောင်မလေးတွေကိုစီးဖို့အတင်းဆွဲခေါ်နေသည်။
ကျနော်က ချားရဟတ်နဲ့ဝေးရာကိုဘဲသွားချင်နေတယ်…..ဒါပေမယ့်ချားရဟတ်ကြီးစီးနေကြတဲ့အတွဲတွေကိုမြင်ပြီးအားကျလို့ထင်ပါရဲ့…။
ကောင်မလေးကချားရဟတ်စီးချင်တယ်တဲ့…….။
ကျနော်နေရာမှာဘဲသေလိုက်ချင်ပါတော့တယ်……
မစီးပါနဲ့ရဟတ်ကြီးကမခိုင်ခန့်ဘူး၊ဟိုဟာဒီဟာအ ကြောင်းပြပြီးတားပါသည်။
ဘယ်လိုတားတားမရပါဘူး…….စီးမယ်တကဲကဲနဲ့…….
ကျနော်ကရဟတ်စီးဘို့သတ္တိလုံးဝမရှိပါ။မတတ်နိုင်တော့ပါ၊ငယ်ငယ်ကတည်းကအမြင့်ကြောက်တတ်တာကိုကျနော်ဝန်ခံလိုက်ပါသည်။
အဲဒီကစပြီးသူနှင့်ကျနော်ဝေးကြတော့တာဘဲ..ယောက်ျားဖြစ်ရက်နဲ့သတ္တိနဲရကောင်းလားဆိုပြီးကျနော်တို့ခွာပြဲကြတဲ့ဇာတ်လမ်းပါ။
မတတ်နိုင်ဘူး…။
မရဲဘဲနဲ့ကျွဲပြဲစီးတာမျိုးလည်းမလုပ်ချင်ပါဘူး…..
ကောင်မလေးကချားရဟတ်စီးတာတော်တော်ကြိုက်ပုံရပါသည်။နောက်ပိုင်းကျောင်း Fun Fair ကချားရဟတ်ပေါ်မှာကောင်လေးတစ်ယောက်နှင့်အမြဲလိုလိုတွေ့နေရပါသည်။
အပေါ်တက်အောက်ဆင်းအသဲနှလုံး ဗြောင်းဆန်သွားတာကိုမှ အရသာခံတတ်သူနဲ့အမြင့်ကြောက်တတ်တဲ့ကျနော်တို့မဆုံဖြစ်တာဘဲခပ်ကောင်းကောင်း
လို့သဘောထားလိုက်ပါသည်။အခု Ocean Park မှာလည်းကျောင်းတုန်းကစိတ်ညစ်တာမျိုးထပ်ကြုံနေရပါပြီ။
ဟိုအကြာင်းပြဒီအကြောင်းပြပြီးမစီးဘို့တားပါသည်။ဒီကောင်ကမရဘူးစီးမယ်ချည်းဘဲ…..
မတတ်နိုင်တော့ပါ…..ငါအမြင့်ကြောက်တယ်မစီးပါနဲ့လို့တောင်းပန်လိုက်မှပိုဆိုးသွားပါတယ်။
ငါသိတယ်မင်းငယ်ငယ်ကတည်းကအမြင့်ကြောက်တတ်တာ……
မင်းကြောက်တတ်လို့ငါခေါ်စီးတာတဲ့…..
ကြည့်စမ်း ဒီကောင်သက်သက်ညစ်တာ….
ရှိခိုးမတတ်တောင်းပန်လည်းမရ….
ငါ့ကိုခင်ရင်ရိုလာကိုစတာ လိုက်စီးပါဆိုတဲ့စကားနဲ့ဘဲချည်ထားတယ်…..
ဘယ်လိုပြောပြောမရတော့….မထူးတော့ပါဘူးလိုက်စီးပေးမယ်လို့ပြောလိုက်မှသူကျေနပ်သွားပါသည်။
ရိုလာကိုစတာပေါ်မှာဘီးလှိမ့်တာနဲ့ကျနော်အော်ပါတော့သည်။လူကြီးတစ်ယောက်ကြောက်ကြောက်လန့်လန့်နဲ့
အော်နေတာမြင်တော့ရိုလာကိုစတာပေါ်ကလူအားလုံးကျနော့်ကိုကြည့်ပြီးဝိုင်းရီကြပါတော့တယ်။
သူတို့ရီလည်းကျနော်မရှက်ပါ။ကျနော်အော်တာမရပ်ပါ။ဆက်ပြီးအော်နေပါသည်။
သူငယ်ချင်းကကျနော့်အဖြစ်ကိုကြည့်ပြီးအတောမသတ်ရီပါသည်။အသံထွက်အောင်အော်ခြင်းဖြင့်ကြောက်လန့်နေသောစိတ်၊ တင်းနေသောစိတ်ကိုပြေလျှော့စေသည် ဟုရိုလာကိုစတာစီးလေ့ရှိသောတူူတစ်ယောက်ကကျနော့်ကို
ပြောထားဘူးပါသည်။ထို့ကြောင့်ကြောက်လန့်နေသောစိတ်ကိုပြေသွားစေရန်ကျနော်ကတော့ဆက်လက်အော်နေပါသည်။
ရိုလာကိုစတာအရှိန်ရလာတော့ကျနော့်ကိုဝိုင်းရီနေသောအသံတွေပျောက်သွားပြီးသူတို့တွေအော်နေ
သောအသံတွေကကျနော့်အသံကိုဖုံးလွမ်းသွားပါတော့သည်။
အချိန်တွေဘယ်လောက်ကြာသွားလဲမသိတော့ပါ။အော်ရလွန်းလို့အသံတွေလဲမထွက်တော့ပါ။တစ်ကိုယ်လုံး
ချွေးစေးတွေပြန်နေသည်။ခြေဖျားလက်ဖျားတွေရေခဲတမျှအေးစက်နေသည်။
ရိုလာကိုစတာရပ်တော့မှစိတ်ထဲမှာ ဟင်း…….ချနိုင်ပါတော့သည်။သူငယ်ချင်းကရီနေဆဲ….။
ဒါပေမယ့်ဒီကောင်ရီနေတာအသံမထွက်ပါ။ပါးစပ်ဘဲပြဲနေသည်။
အားလုံးထကြတော့သူပါးစပ်ပြဲပြီးထိုင်နေတုန်း….။ရောက်ပြီဆင်းတော့မယ်လို့သူ့ကိုကိုင်တော့မှသူယောင်
ယောင်မှားမှားနဲ့ထလာပါသည်။အသံမထွက်ပါ…။ပါးစပ်ပြဲပြီးရီနေတဲ့ပုံစံအတိုင်းထလာပါသည်။သူ့ကိုကြည့်ရတာ
စိတ်ထဲမှာနဲနဲထူးဆန်းနေသည်။ ဒီအချိန်ထောင်း…ကနဲအနံ့ဆိုးတစ်ခုနှာခေါင်းထဲတိိုးဝင်လာပါသည်။
ကဗျာကရာအောက်ကိုငုံ့ကြည့်လိုက်တော့…….
ကျနော့်သူငယ်ချင်းဘောင်းဘီတစ်ထည်လုံး…သင်္ကြန်ရေလောင်းထားသလိုမျိုး…သေးတွေရွဲွရွဲနစ်လို့နေပါလား…။
Comments
Post a Comment