တစ်ခါက

Credit to original uploader

မောင်မျိုးကိုမတွေ့တာသုံးလေးရက်ရှိနေပြီ….ဒီကောင်တောင်ငူပြန်သွားတာလား……..
အိမ်မပြန်ဘူး၊မော်လမြိုင်ကောလိပ်ကိုသွားတာ၊မနေ့ညကပြန်ရောက်တယ်၊အိပ်ရာထမှီရင်အတန်းလာ
တက်မယ်လို့ ပြောတာဘဲ…….ဒီကောင်အိပ်နေတုန်းဘဲ….
ညကပြန်ရောက်တာတစ်နာရီလောက်ရှိနေပြီ၊ရထားပျက်နေတာတဲ့….
ဒီကောင်ကိုကြည့်ရတာအရမ်းပင်ပန်းတာဘဲ…….
ညတုန်းကအဆောင်လှေကားကိုတက်တာလက်ရမ်းကိုဆွဲပြီးတက်နေရတယ်၊
အိပ်ငိုက်နေလို့ဖြစ်မှာပါ….
ဘယ်ကလာ ဒီကောင်ဒူးချောင်နေတာ……
ဘာလို့ဒီကောင်ဒူးချောင်နေတာလဲ……..
မော်လမြိုင်ကောလိပ်မှာရိက္ခာသွားယူနေလို့……
ဟာ…မင်းတို့ဒဂုံဆောင်က ဒီကောင့်ကိုထမင်းမကျွေးဘူးလား…..
ဖက်တီး….မင်းကိုသနားတယ်…..
အောင်မာ….ဗျော့ကြီး မင်းစကားက ငါက အိုနာကျိုးကန်းဖြစ်နေလို့လား……
မဟုတ်ပါဘူး…ဖက်တီး…မင်းရည်းစားမထားဘူးလို့ပြောတာ……..
သူ့ကောင်မလေးက မော်လမြိုင်ကောလိပ်မှာလား……
မင်းတို့အားလုံးပါးစပ်မချောင်ကြနဲ့….ငါသိထားတာပြောပြမယ်…
ဒီကောင့်ကောင်မလေးကအိမ်ထောင်ကျဘူးတယ်လို့ငါကြားတယ်….
ဟာ….ဒီကောင်သူများမယားကိုသွားပြစ်မှားနေတာကိုး…..
ဒု သ န သော ဖြစ်တော့မှာဘဲ….
ဒု သ န သော ကိုခဏထား….အဲဒါကိုကြာကူလီလို့ခေါ်တယ်….
ငါကြားတာအဲဒီလိုမခေါ်ပါဘူး….ဘယ်လိုခေါ်လဲ…..
ကြွက်ဖျင်းလို့ခေါ်တယ်…..
မင်းတို့စကားတွေဒီမှာဘဲရပ်ရင်ကောင်းမယ်။ဘာမှတိတိကျကျမသိဘဲနဲ့ ကိုယ့်သူငယ်ချင်းသိက္ခာကျမယ့် အလုပ်တွေမလုပ်ကြနဲ့…….
ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနဖြစ်သောမန္တလေးဆောင်အပေါက်ဝမှာကျနော်တို့အားလုံးထိုင်ပြီးလေကန်
နေကြတာဖြစ်ပါသည်။ကျနော်တို့သူငယ်ချင်းတစ်ယောက်ဖြစ်သောကိုမျိုးတစ်ယောက်ဒီနေ့မှစ၍ လ္ဘက်ရည်
မတိုက်ရဘဲကြာကူလီဘွဲ့ရသွားပါသည်။ကွယ်ရာမှာအချင်းချင်းဒီကောင့်ကိုကြာကူလီလို့ခေါ်ကြပါသည်။
တစ်နေ့နေ့မှာဒီကောင့်ကိုပွင့်ပွင့်လင်းလင်းမေးရမည်။မဖြစ်သင့်တာတွေမဖြစ်ရအောင်…
တော်ကြာလင်ကြီးကမယားခိုးမှုနှင့်တရားစွဲမှပိုပြီးနာမည်ပျက်နေအုံးမယ်။
 
ဒီနေ့တောင်ငူကင်တင်းအရှည်ကြီးတို့ဆိုင်မှာကျနော်တို့အားလုံးထိုင်နေကြသည်။
ကိုမျိုးကနောက်မှလိုက်ခဲ့မယ်တဲ့…..
ဟိုမှာ…ကြာကူလီလာနေပြီ……
မင်းတို့အဲဒီလိုမခေါ်ကြပါနဲ့….ကိုယ့်သူငယ်ချင်းကိုသိက္ခာချသလိုဘဲ….
ဒီနေ့….ဒီကောင့်ကိုမေးရတော့မည်။ပြောစရာရှိရင်လည်းပြတ်ပြတ်သားသားပြောရတော့မည်။
မောင်မျိုး…မင်းကောင်မလေးအိမ်ထောင်ကျဘူးတယ်လို့ကြားတယ်….
ဟုတ်တယ်လေ…..
ဒါဆိုရင်မင်းဘာလို့သွားကြိုက်နေရတာလဲ….
ချစ်လို့ပေါ့ကွ…….
မဟုတ်သေးဘူးလေ……လွတ်လွတ်လပ်လပ်တွေကိုကြိုက်ပါလား….
မလွတ်မလပ်တွေကိုဘာလို့သွားကြိုက်ရတာလဲ….
ဘုရားလည်းခွင့်မပြုသလိုတရားလည်းခွင့်မလွတ်ဘူး…….
သူ့ယောကျာ်းသိရင်မင်းနာမယ်နော်…
မြန်မြန်ဖြတ်လိုက်စမ်းပါ…ကြာကူလီဘွဲ့မယူချင်စမ်းပါနဲ့…..
အခုလည်းသူ့ယောကျာ်းသိနေသားဘဲ…..
ဟာ….မင်းအတင့်ရဲလှချည်လား…မင်းကိုသူ့လင်ကြီးကမယားခိုးမှုနဲ့တရားစွဲမှာမကြောက်ဘူးလား…..
မကြောက်ပါဘူး……..
ဟာ….သူငယ်ချင်းတွေကြည့်တားပေးကြပါအုန်း ဒီကောင်….မွန်နေပြီ…….
စဉ်းစဉ်းစားစားလဲလုပ်ပါသူငယ်ချင်းရာ…….
မယားခိုးမှုဆိုတာအရမ်းသိက္ခာကျတယ်…မိ်န်းမ…မရှားပါဘူး…….
အေး….ငါကလည်းတစ်ယောက်ဆိုတစ်ယောက်…ပိတောက်ဆိုပိတောက်ဘဲ……..
သွားပြီ…သွားပြီ…..ဒုက္ခအကြီးအကျယ်ရောက်တော့မယ်။
လုပ်ကြပါအုံး….အရပ်ကတို့ လက်ထိပ်နံ့ …နံနေပြီ….
မောင်မျိုး….မင်း စဉ်းစဉ်းစားစားလုပ်ပါကွာ၊အားလုံးကမင်းအတွက်စိတ်ပူနေကြတယ်….
မင်းတို့ဘာမှစိတ်မပူကြနဲ့….ငါကြွက်ဖျင်းလည်းမဟုတ်ဘူး…ကြာကူလီလည်းမဟုတ်ဘူး…..
သူ့လင်ကြီးလည်းငါဘဲ…..သူ့လင်ငယ်လည်းငါဘဲ…ရှင်းပြီလား…
ဟာ….ဘာတွေလဲ….မင်းပြောမှပိုရှုပ်ကုန်ပြီ…
အေး….သူ့လင်ကြီးအကြောင်းကိုငါပြောပြမယ်……။
………………………….။………………………………………………။
ကျနော်နာမည်မောင်မျိုး…တောင်ငူသား….အဖေကကုန်သည်အသိုင်းအဝိုင်း….ဆယ်တန်းအောင်တော့ပဲခူး
ဒေသကောလိပ်ကိုရောက်ခဲ့ပါတယ်…..အဖေ့ညီမအဒေါ်တို့အိမ်မှာနေပြီးကျောင်းတက်ရပါတယ်။
အပြင်ဆောင်မှာအဖေနေခွင့်မပြုပါ။စည်းကမ်းကြီးတဲ့အဖေကပျက်စီးသွားမှာစိုးလို့တဲ့……။
ကျနော်ကျောင်းတက်တဲ့ပထမနှစ်မှာဘဲအတန်းတူအခန်းတူထဲကမျက်ဝန်းညိုညိုတစ်စုံနဲ့ဆုံခဲ့ပါတယ်။
သူ့မျက်ဝန်းနဲ့ဆုံရင်ကျနော်ရင်တွေခုန်လာပါတယ်။ကြာကြာလည်းမကြည့်ဝန့်ပါ။
မတွေ့ရင်လည်းခိုးကြည့်ပြန်ပါတယ်။တစ်ခါတစ်လေကျနော်တို့နှစ်ယောက်မျက်လုံးချင်းဆုံလေ့ရှိပါသည်။
မျက်လုံးချင်းဆုံမိရင်…ရင်ထဲမှာတလှပ်လှပ်နဲ့ဘယ်လိုဖြစ်နေမှန်းမသိပါဘူး….
ကောင်မလေးလည်းကျနော့်ကိုမကြာမကြာခိုးကြည့်တတ်ပါတယ် ။
ကျနော်ခံစားသလိုမျိုးသူလည်းခံစားနေမယ်လို့ထင်ပါသည်။သူ့နာမည်ကငယ်ငယ်တဲ့သူငယ်ချင်းတွေက
ပြောကြတယ်... မင်းသွားမစရင်ကောင်းမယ်။သူ့အဖေက အကောင်ကွ….တဲ့……
သူတို့ကုန်သည်အသိုင်းအဝိုင်းထဲကမဟုတ်ပါ။သူ့အဖေဘာကောင်လဲဆိုတာကျနော်စိတ်မဝင်စားပါ။
ကျနော်ကသူ့သမီးကိုဘဲစိတ်ဝင်စားနေပါတယ်….
ဒုတိယနှစ်ကိုရောက်တော့ကျနော်ငယ်ငယ့်ကိုရင်ဖွင့်ဖြစ်ပါတယ်။မျော်လင့်ထားသလိုဘဲကျနော်တို့
သမီးရီးစားဘဝကိုရောက်ခဲ့ပါတယ်။ကျနော်တို့နှစ်ယောက်ဟာကျောင်းမှာဘဲတွေ့ခွင့်ရှိပါတယ်။
အစောင့်အရှောက်များလွန်းတဲ့ငယ်ငယ်နဲ့ကျောင်းချိန်ပြင်ပမှာတွေ့ဘို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး…..
ကျနော်နဲ့ငယ်ငယ်တို့ရဲ့မေတ္တာထုထည်ဟာလည်းတဖြေးဖြေးကြီးမားလာသလို၊ကျနော်တို့ဒုတိယနှစ်စာမေးပွဲဟာလည်း
တဖြေးဖြေးနီးကပ်လာပါပြီ…သူနဲ့တစ်ရက်အေးအေးဆေးဆေးလျှောက်လည်ပြီးရင်စာဘဲကျက်
တော့မယ်လို့ဆုံးဖြတ်ထားပါတယ်။
ဒီနေ့သောကြာနေ့ကျနော်နဲ့ငယ်ငယ်အတန်းထဲကလစ်ပြီးဘုရားကြီးဘက်သွားလည်ကြဘို့စီစဉ်ထားပါတယ်
သူငယ်ချင်းတစ်ယောက်ရဲ့လေးဘီးကားကိုယူပြီးကျနော်တို့နှစ်ယောက်ထွက်ခဲ့ကြပါတယ် ။
ပဲခူးကထွက်တာနဲ့မွန်းကျပ်နေတဲ့စိတ်တွေလွတ်လပ်သွားပါသည်။
ကျနော်တို့နှစ်ယောက်ဟာလှောင်အိမ်ထဲက လွှတ်ပေးလိုက်တဲ့ငှက်တွေလိုပါဘဲ……..
နှစ်ယောက်လုံးဘယ်လိုပျော်နေမှန်းမသိတော့ပါဘူး……
ဒါပေမယ့်…ကျနော်တို့ရဲ့အပျော်လေးဟာကြာကြာမခံလိုက်ပါဘူး…နေ့လည်လောက်မှာသူငယ်ချင်း
တွေဂျစ်ကားနဲ့လိုက်လာခဲ့ကြတယ်။ဒီနေ့မှထူးထူးဆန်းဆန်းငယ်ငယ့်အမေကျောင်းကိုလိုက်လာပြီးသူ့သမီးကို လာရှာတယ်…..
တစ်ကျောင်းလုံးရှာနေတာမတွေ့လို့မြို့ပတ်ပြီးရှာနေတယ်….ဘယ်လိုလုပ်ကြမလဲတဲ့…..
ငယ်ငယ်ကစိုးရိမ်ထိတ်လန့်နေပြီးတရှုံ့ရှုံ့နဲ့ငိုနေတယ်……..ကျနော်ကလည်းဘာလုပ်ရမှန်းမသိတော့ဘူး….
အဲဒီအချိန်မှာကျနော့်အတွေးထဲမှာပဲခူးပြန်ရောက်ရင်ကျနော်တို့နှစ်ယောက်ပြန်မဆုံနိုင်တော့ဘူး၊လို့ထင်နေမိတယ်၊ကျနော်ငယ်ငယ်နဲ့မခွဲနိုင်ပါ။ကျနော်ရူးရူးမိုက်မိုက်ဆုံးဖြတ်လိုက်ပါတယ်။
ကျနော်မိန်းမခိုးပြေးတော့မယ်။ကျနော်ငယ်ငယ့်ကိုအဖေ့ဆီခေါ်သွားမလို့ဆုံးဖြတ်ပြီးတောင်ငူဘက်ဦးတည်
ပြီးကားမောင်းထွက်ခဲ့ပါတယ်။ငယ်ငယ်ကကျနော်ခေါ်ရာလိုက်မယ်။ကားမောင်းနေရင်းအဖေစိတ်ကြီးတဲ့ပုံ၊
စိတ်ဆိုးတဲ့ပုံတွေမြင်ယောင်ပြီးအဖေနဲ့တွေ့ဘို့လန့်လာပါတယ်။
မဖြစ်ဘူးမဖြစ်ဘူး….တစ်ရက်နှစ်ရက်တစ်နေရာမှာခိုနေပြီးတော့မှအမေ့အိမ်ကိုသွားရင်ကောင်းမယ်လို့
အတွေးပြန်ဝင်လာပါတယ်။ဒီမန္တလေးအဝေးပြေးကားလမ်းပေါ်မှာဒီအတိုင်းသွားနေရင်တော့ငယ်ငယ့်၊ 

အဖေကျ နော်တို့ကိုမြေလှန်ရှာနေတဲ့ပုံမျိုးနဲ့ဆိုမိသွားဖို့များနေပြီ….

ဒါလဲမဖြစ်သေးဘူး……
ကျနော်ကားဆက်မောင်းလာတာပိန်းဇလုပ်လွန်လာပြီးတော့ရှေ့မှာဖဒိုလမ်းခွဲကိုတွေ့လိုက်ပါတယ်။
ကျနော်ချိုးကွေ့ဝင်လိုက်ပါတယ်။မထူးတော့ပါဘူး။
ဖဒိုရွာဒါမှမဟုတ်ရိုးမတောင်ခြေနားမှရွာတစ်ရွာမှာဝင်ခိုနေဘို့ ဆုံးဖြတ်လိုက်ပါတယ်။
ဖဒိုမှာသူငယ်ချင်းတွေရှိတယ်။ဒါပေမယ့်သူတို့လည်းကျောင်းတက်နေတော့ရွာ
မှာမရှိကြဘူး…..ပြည်တော်သာလ္ဘက်ရည်ဆိုင်ကဖဒိုစျေးနားမှာရှိတယ်။
ဖဒိုရွာကလမ်းခွဲမှဆယ်မိုင်လောက်ဝေးတယ်။ရွာထဲရောက်မှအခြေအနေကြည့်တော့မယ်။
ရှေ့မှာ ပြည်တော်သာလ္ဘက်ရည်ဆိုင်ရောက်တော့မယ်။ဒါပေမယ့်မျက်စိထဲမှာရဲသားတစ်ယောက်
ဆိုင်ထဲဝင်သွားတာကိုရိပ်ခနဲမြင်လိုက်ပါတယ်။ကျနော်စိတ်မလုံတော့ပါ။
ဆိုင်ရှေ့အရောက်မှာလှည့်ကြည့်လိုက်တော့ရဲသားငါးယောက်ထိုင်နေတာတွေ့လိုက်ပါတယ်။

လ္ဘက်ရည်ဆိုင်ရှင် ဦးဘိုးလှိုင်ကရဲတွေနဲ့စကားပြောနေသည်။မဖြစ်တော့ဘူး…
ရိုးမတောင်ခြေနားကရွာတစ်ရွာကိုဦးတည်ပြီးကားဆက်မောင်းခဲ့ပါတယ်။
သစ်ထုတ်လုပ်ရေးစ ခန်းရှိတဲ့တောင်ခြေနားကမြို့ချောင်းရွာကိုရောက်ခဲ့ပါတယ်။တည်းခိုစရာအိမ်လိုက်မေးရင်လူရွယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။

သူ့အိမ်မှာလည်းတည်းခိုလို့ရပါတယ်ဆိုပြီးကျနော်လိုက်သွားမိပါတယ်။
သူ့အိမ်ရောက်တော့မှ မှားမှန်းသိပါတော့တယ်။ဒီရွာကရဲကင်းမှာအကြီးဆုံးဒုရဲအုပ်ဖြစ်နေပါတော့တယ်……
ကျနော်တို့ကားဖဒိုလမ်းကြောင်းအတိုင်းဝင်လာပြီဆိုတာသူ့ဆီသတင်းရောက်နေပြီ။,

ကျနော်တို့ကားကိုတားပေး ဘို့အကြောင်းကြားလာလို့သူခေါ်ခဲ့ရတာဖြစ်ကြောင်းရှင်းပြပါတယ်။
ဇာတ်လမ်းကပြီးနေပြီ၊ကျနော်တို့နှစ်ယောက်ပြေးစရာမြေမရှိတော့ပါ။

ကျနော်တို့ကိုသူ့အိမ်မှာဘဲနေစေပါတယ်။

တကွဲစီလည်းမထားပါ။ဒါပေမယ့်ကျနော်တို့နှစ်ယောက်လုံးကိုသေသေချာချာမေးမြန်းတယ်။
ကျနော်တို့အမှန်အတိုင်းဘဲပြောခဲ့ပါတယ်။
လူကြီးတွေလိုက်ရှာနေလို့ကြောက်ကြောက်လန့်လန့်နဲ့နှစ်ဦးသဘောတူထွက်ပြေးခဲ့တဲ့အကြောင်း…..
ဒါပေမယ့်သူအဓိကမေးတာကကျနော်ငယ်ငယ်ကိုအလိုမတူဘဲအနိုင်ကျင့်ပြီးခေါ်လာတာလား….
ဖျားယောင်း သွေးဆောင်ပြီးခေါ်လာတာလား…..
ငယ်ငယ်ကိုယ်တိုင်ခေါ်ရာလိုက်ခဲ့တဲ့အကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်။မနက်ဖြန်မနက်ငယ်ငယ်မိဘ
တွေဖဒိုရဲစခန်းကိုလိုက်လာမယ့်အကြောင်းကျနော်တို့ကိုအသိပေးလိုက်ပါတယ်။
သွားပါပြီ…ဒီတစ်သက်ဝေးရပြီထင်တယ်။ကျနော်တို့နှစ်ယောက်လုံးထိတ်လန့်တုန်လှုပ်နေကြပါပြီ…
ရဲကင်းကအစ်ကိုကြီးရဲ့စိတ်ကိုကျနော်မခန့်မှန်းတတ်ပါ။ကျနော်တို့ကိုသနားတာလား၊ဒါမှမဟုတ်ဒီနေ့ဟာ
ကျနော်တို့နှစ်ယောက်ရဲ့နောက်ဆုံးနေ့လို့ထင်နေလားမပြောတတ်ပါ……ကျနော်တို့နှစ်ယောက်ကိုသူ့အိမ်
မှာဘဲလွတ်လွတ်လပ်လပ်နေခွင့်ပြုခဲ့ပါတယ်။သူတို့မိသားစုတစ်နေရာမှာသွားအိပ်ကြလို့အဲဒီနေ့ညဟာ
ကျနော်တို့ရဲ့လူပျိုအပျိုနောက်ဆုံးညဖြစ်ခဲ့ရပါတယ်။
မနက်ရောက်တော့ကျနော်တို့နှစ်ယောက်ကိုအစ်ကိုကြီးကဖဒိုရဲစခန်းအထိလိုက်ပို့ပေးပါသည်။
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်းကျနော်တို့ထိုင်နေကြပါတယ်။
အမလေး…မသေကောင်းမပျောက်ကောင်းသမီးရယ်……အဖွားကြီးငိုယိုဝင်လာပြီးသူ့သမီးကိုအတင်းဆွဲ
ခေါ်သွားပါတယ်။တစ်ထောင့်မှာသမီးနှင့်အမေဘာတွေတိုးတိုးပြောနေကြလဲမသိပါ။
ငယ်ငယ်အဖေကကျနော့်ကိုလှည့်တောင်မကြည့်ပါ။လူကြီးတွေအချင်းချင်းစကားပြောနေကြပါတယ်။
ခုံတန်းလေးပေါ်မှာကျနော်တစ်ယောက်ထဲ……ခုနကငယ်ငယ်ကျနော့်ဘေးမှာရှိနေသေးတယ်။အခုမရှိတော့ပါ….
ကျနော့်မှာအားကိုးစရာဘယ်သူမှမရှိပါ။ဆယ့်ခုနှစ်သားလူငယ်တစ်ယောက်ရဲ့အတွေးထဲမှာအားလုံးကိုအရှုံးပေးလိုက်ပါပြီ……
ငယ်ငယ်လည်းကျနော့်ဆီပြန်မရောက်လာတော့ပါ။ကားစက်နှိုးသံကြောင့်အမှတ်မ
ထင်ကြည့်လိုက်မိပါတယ်။ငယ်ငယ့်ကိုအလယ်မှာထားပြီးမာဇဒါဂျစ်ထွက်သွားပါပြီ…..
စိတ်ဓါတ်တွေအဝီစိရောက်အောင်ကျသွားပါပြီ။ရဲစခန်းကခုံတန်းလေးပေါ်မှာကျနော်တစ်ယောက်တည်း
လက်သည်းကိုက်ပြီးထိုင်နေဆဲ……သူတို့ကျနော့်အသည်းနှလုံးကိုထုတ်ယူသွားကြပြီ……
နေ့လည်လောက်မှာကျနော့်ကိုပြန်ခွင့်ပေးပါတယ်။ဖူးစာမှန်ရင်ပြန်ဆုံကြမှာပါလို့အစ်ကိုကြီးက ကျနော့်ကိုနှစ်
သိမ့်ပေးပါသည်။ကျနော်အသံမထွက်နိုင်တော့ပါ။
အပြန်ခရီးဟာကျနော့်အတွက်အရမ်းခြောက်သွေ့ပူလောင်လွန်းပါတယ်။
အသည်းနှလုံးမရှိတဲ့စက်ရုပ်လိုကားမောင်းနေပေမယ့်လည်း

မျက်လုံးအိမ်ထဲကမျက်ရည်တွေအတောမသတ်စီးကျနေပါတယ်။
မနေ့ကအဖြစ်ဟာအိပ်မက်လေးတစ်ခုလိုထင်နေမိပါတယ်။
ဒီလူကြီးဟာငါတို့ပွဲရုံသမားတွေကိုဒုက္ခပေးပြီးပြီ…အခုလည်းငါ့တူကိုဒုက္ခပေးပြန်ပြီ…
လူတွေကလည်းရာထူးအရှိန်အဝါကိုလိုက်ပြီးဖါးနေတဲ့ငဖါးတွေချည်းဘဲ…
မပြောချင်တော့ပါဘူး…ကမ်းနားသစ်ပင်တွေပါ…
အကြောင်းစုံသိသွားတဲ့အဒေါ်ကတစ်ဗျစ်တောက်တောက်နဲ့ရွတ်နေပါတယ်….
ကမ်းနားသစ်ပင်၊ရာထူးအရှိန်အဝါ….ဘာတွေလဲကျနော်မစဉ်းစားပါ..
ငယ်ငယ်နဲ့အတူနေခဲ့တဲ့တစ်ညကိုသတိရပြီး..ည…ည…အိပ်မရပါ….
ကျနော့်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုရင်းနှီးတဲ့သူငယ်ချင်းတွေကလွဲလို့လူတွေမသိလိုက်ကြပါဘူး…..အိမ်
ပြန်ရောက်ပြီးနောက်မှာကျနော်အပြင်သိပ်မထွက်ဖြစ်တော့ပါ။အချစ်မှာရှုံးနိမ့်တဲ့သူလို့ကိုယ့်ကိုကိုယ်သတ်
မှတ်ပြီးသူငယ်ချင်းတွေနဲ့မျက်နှာချင်းမဆိုင်ရဲတာလည်းပါမည်။
ဒီကြားထဲရီးစားလည်းမက၊လင်မယားလည်းမကျတဲ့အလွမ်းဝေဒနာတွေကလည်းအရမ်းခံစားနေရပါတယ်။
မြင်ချင်လို့သွားချောင်းတော့အစောင့်အရှောက်များလွန်းလှတဲ့အတွက်အဆင်မပြေပါဘူး………
တစ်ညအိပ်ခဲ့ကြတဲ့ကျနော်တို့နှစ်ယောက်ကိုဘာကြောင့်ခွဲခဲ့ကြသလဲဆိုတာကျနော်နားမလည်ခဲ့ပါဘူး။
အရာအားလုံးဟာပြီးခဲ့ပြီးပြီ…နဂိုအတိုင်းလည်းပြန်မဖြစ်နိုင်တော့ပါ။
ဒါပေမယ့်ကျနော်ယုံကြည်နေသည်။ကျနော်တို့နှစ်ယောက်ပြန်ဆုံကြမယ်ဆိုတာ……
တတိယနှစ်မှာကျနော်ဘူမိဗေဒရန်ကုန်တက္ကသိုလ်မှာတက်ခွင့်ရသည်။ငယ်ငယ်ကဓါတုဗေဒမော်လမြိုင်
ကောလိပ်မှာတက်ခွင့်ရမည်။ကျနော်တို့နှစ်ယောက်ကိုဘယ်သူမှတား၍မရနိုင်တော့ပါ။
ကျောင်းတွေဖွင့်ပြီး တဲ့နောက်မှာမော်လမြိုင်ကောလိပ်ကိုအမြဲလိုလိုရောက်ဖြစ်နေတယ်။သိတယ်ဟုတ်….
ကျနော်တို့နှစ်ယောက်ကသမီးရည်းစားအဆင့်ကိုကျော်ခဲ့ပြီ။
ဘာမှန်းမသိတဲ့ကျနော့်သူငယ်ချင်းတွေကကျနော့်ကို ကြာကူလီ လို့ခေါ်ကြတယ်…….
ခေါ်ကြပါစေ…နောက်မှ ကျနော်ရှင်းပြတော့မယ်…..
………………………။………………………………………………..။


ဟာ….ဒီကောင့်ဇာတ်လမ်းကိုရုပ်ရှင်ရိုက်ဘို့ကောင်းတယ်။ဟုတ်တယ်….ဒါရိုက်တာဦးကြည်စိုးထွန်းနှင့် တွေ့မှပြောပြလိုက်အုံးမယ်….
ကျနော့်သူငယ်ချင်းမောင်မျိုးတစ်ယောက်မြန်မာ့မီးရထားကိုအလုပ်အကျွေးပြုနေပြီ…
သောကြာနေ့ဆို မော်လမြိုင်ဆင်းပြီ…..
တနင်္ဂလာနေ့မှပြန်တက်ခဲ့သည်……ဒုက္ခ…. ဒုက္ခ…. ချစ်ဒုက္ခ ……
ဒီရက်အတောအတွင်းမှာကျနော်ကရင်ပြည်နယ်ဇာတိမြို့ကိုပြန်ဘို့ကိစ္စပေါ်လာပါတယ်။ကျနော်တို့ပြန်မယ်ဆိုတော့မောင်မျိုးလည်းလိုက်ခဲ့မယ်တဲ့…..
ကျနော်မောင်မျိုးကိုမခေါ်ချင်ပါ။ကျနော်တို့မြို့ဟာနယ်စပ်မြို့ဖြစ်တဲ့အ ပြင်မအေးချမ်းလို့အမဲရောင်နယ်မြေလို့သတ်မှတ်ထားကြပါတယ်။
အမဲရောင်နယ်မြေဆိုတာသိကြတဲ့အတိုင်းနီးရာဓါးကိုကြောက်နေရတဲ့ဘဝ…..
လူ့အခွင့်အရေးတွေ၊ဘာတွေလာမပြောနဲ့….
ဒါပေမယ့်လည်း သူ မော်လမြိုင်ကောလိပ်မှာဘဲနေခဲ့ မှာတဲ့……..
မော်လမြိုင်ကောလိပ်မှာအမျိုးတွေ၊ကရင်ပြည်နယ်ကသူငယ်ချင်းတွေရှိနေတဲ့အတွက်ကျနော်တို့နှင့်မစိမ်းပါဘူး…..
ကျနော်တို့လည်းမော်လမြိုင်ကောလိပ်ကိုဝင်လည်ဘို့ဆုံးဖြတ်လိုက်ပါတယ်……..
ရောက်တဲ့ညမှာဘဲကျနော်တို့မြို့ကသူငယ်ချင်းတွေနှင့်အတူ ငယ်ငယ်တို့အဆောင်ရှေ့မှာဂစ်တာသွားတီးကြပါတယ်။

မုန်းမုန်းမေ့မေ့ မုန်းမေ့ပြီလားလို့မေးချင်တယ်……
အို…..အချိန်တွေနှောင်းလို့ရက်တွေပြောင်းခဲ့ပြီကွယ်…..
ချစ်သူလေးအတွက်ယနေ့တိုင်မရွှင်အားတယ်…..
ချိန်းမိလေတိုင်းချိန်းတဲ့ရက်မှာကွယ် သူမလာတာဘယ်အတွက်ရယ်…….
မောင့်ကိုများမုန်းမေ့ပြီလားလို့မေးချင်တယ်…သူငယ်ချင်းတွေဂစ်တာတီးပြီးမောင်မျိုးကဟစ်လိုက်တာ…..

ဘယ်ပြောကောင်းမလဲ ငယ်ငယ်Heart ကိုတဲ့တဲ့ ထိသွားပါတယ်……
နောက်နေ့မှာကျနော်တို့အားလုံးစက်စဲကိုဆင်းကြပါတယ်…..စက်စဲမှာတစ်ညအိပ်ကြမယ်….
စက်စဲမှာညစာစားတော့ထုံးစံအတိုင်းကျနော်တို့ပုလင်းထောင်ကြပါတယ်….မောင်မျိုးကငပါး….
လုံးဝအရက်မသောက်ဘူး…..
သူ့ဘေးမှာငယ်ငယ်ရှိနေလို့…..
ကျနော်တို့အရက်ရှိန်တက်ပြီးသောင်ပြင်မှာဂစ်တာသွားတီးကြပါတယ်။မောင်မျိုးတို့အတွဲကဘယ်အချိန်
ဘန်ဂလိုပြန်အိပ်ကြလဲမသိတော့ပါ။သူတို့အတွက်ကဟန်းနီးမွန်း……
ကျောင်းတက်နေရတဲ့အချိန်မှာမောင်မျိုးကထုံးစံအတိုင်းမော်လမြိုင်ကောလိပ်နဲ့လွန်းပျံပြေးနေပါတယ်……
သူ့ကိုရထားပေါ်မှာအမြဲလိုလိုတွေ့နေရလို့ရှာဖွေရေးတွေကမှောင်ခိုထင်လို့သူ့အိတ်ကိုရှာဖွေလေ့ရှိပါတယ်…..
ကျနော်တို့အားလုံးပျော်ပျော်ပါးပါး စာသင်ချိန်တွေကိုကျော်ဖြတ်ရင်းနဲ့ စာမေးပွဲကြီးဟာလည်းတဖြေးဖြေးနီးလာပါတယ်။
ဒီရက်ပိုင်းမောင်မျိုးတစ်ယောက်မော်လမြိုင်ကိုလွန်းပျံမပြေးနိုင်တော့ပါ။
မယားပူမိနေတဲ့မောင်မျိုး စာအုပ်ထဲမှာဘာမှတ်စုမှမရှိပါ။စာမေးပွဲနီးမှစာကူးနေပါတယ်……
တစ်နေ့အိပ်ရာထဲမှာနှပ်နေတုန်းမောင်မျိုးအခန်းတံခါးကိုထုနေသံနှင့်စကားပြောသံတွေကြားလိုက်ပါတယ်….
မောင်မျိုး….မောင်မျိုး….အောက်မှာ…….အောက်မှာ…….
ဘာလဲ….
ပို့ဆွမ်း…ပို့ဆွမ်း….
ဘုန်းကြီးကျောင်းမဟုတ်ဘူးကွ….
မင်းအတွက်ပို့ဆွမ်းရောက်နေတယ်….ဆင်းတွေ့လိုက်အုံး…….
ဒီကောင်မော်လမြိုင်ကိုမရောက်ဖြစ်လို့ ငယ်ငယ်ရန်ကုန်ကိုလိုက်လာတာ……
သူတို့အတွဲစက်စဲမှာညအိပ်တာကိုသတိရပြီး….
ကျနော်တို့အားလုံးလက်ခုပ်ကုန်းကိုသွားလည်ကြဘို့အစီအစဉ်ဆွဲလိုက်ကြပါတယ်။
ကျနော်တို့နှစ်တွေမှာ၊ မြို့နယ်အသင်း၊ဘာသာရပ်အသင်းတွေပျော်ပွဲစားထွက်ကြရင်လက်ခုပ်ကုန်းကိုသွားလေ့ရှိကြပါတယ်။
အဲဒီအချိန်ကလက်ခုပ်ကုန်းလမ်းဟာကြမ်းပါတယ်။
ဒါပေမယ့်ကျောင်းသားတွေလေ…လမ်းဘယ်လောက်ကြမ်းကြမ်း…. အုပ်စုလိုက်ခရီးထွက်နေရရင်ပျော်နေတာပါဘဲ……
မောင်မျိုးတို့အတွဲဆိုပိုပျော်နေသေး…
သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာသွားတည်းကြပါတယ်။လူတွေများတော့အနီးအနားကအိမ်တွေမှာခွဲပြီးအိပ်ဘို့စီစဉ်ထားကြပါတယ်…..
လက်ခုပ်ကုန်းကမ်းခြေဟာပင်လယ်နဲ့တိုက်ရိုက်မထိစပ်နေတော့စက်စဲကမ်းခြေလိုမျိုးပင်လယ်လှိုင်းတွေမရှိ
ပါ….ရေတက်ရေကျဘဲရှိတယ်…….
မောင်ဂျစ်…ကြာလေကြာလေ ဒီကြာကူလီကိုငါကြည့်မရတော့ဘူး …..
ဘာဖြစ်နေတာလဲဖက်တီး……သူများအတွဲကိုမနာလိုဖြစ်နေတာလား……
မင်းကြည့်ပါလား…ထမင်းစားပြီးတာနဲ့တဝါးဝါးသန်းပြနေတယ်…..သူ့အကြောင်းမသိရင်ခက်မယ်……
သူပင်ပမ်းနေလို့ဖြစ်မှာပါ…..
အားလုံးအတူတူလာတာပါကွာ….ဒီလောက်လဲမပင်ပမ်းပါဘူး…..
အိုး….သူအိပ်ငိုက်လို့နေမှာပါ….
ဟ……နေမဝင်သေးဘူး…..မင်းတို့တွေ့လား…..
အေးလေ….ခုနကနေမဝင်သေးဘူး…..အခုမှောင်နေပြီလေ…..
ဟေ့ကောင်ဖက်တီး….မင်းအကျင့်ကိုငါသိတယ်……
မင်း…..မောင်မျိုးကိုဘာဒုက္ခပေးလိုက်ပြီလဲ……
အမယ်…ဗျော့ကြီးကအထာပေါက်တယ်….ငါရွာထဲကစာရေးဆရာတစ်ယောက်ကိုခေါ်လာပြီး….

သူတို့အတွဲကိုစာပေအကြောင်းဟောပြောခိုင်းပြီး….ငါလစ်ခဲ့တယ်…..
မောင်မျိုးမျက်လုံးတွေ…ငါ့ကိုထုသတ်ချင်နေတယ်…..
ကျနော်တို့အုပ်စုရွာထဲကလ္ဘက်ရည်ဆိုင်မှာထိုင်ရင်းစကားပြောနေကြတာပါ။
ဘယ်မှသွားစရာမရှိ…..လ္ဘက်ရည်ဆိုင်ကလည်းခဏနေရင်ပိတ်တော့မယ်…..
ကျနော့်တို့အဖို့ပြန်အိပ်ဘို့ကလည်းစောလွန်းနေပါတယ်….လည်စရာအိမ်လည်းမရှိ။
ဒါပေမယ့်လ္ဘက်ရည်ဆိုင်ကညီလေးတစ်ယောက်ကဒေသကောလိပ်နှစ်မှာကျောင်း
တက်နေကြတဲ့ကျောင်းသူသုံးယောက်ဒီနေ့ရွာပြန်လာတယ်လို့ပြောပြပါတယ်…..
သူတို့နေတဲ့နေရာကိုမေးပြီးကျနော်တို့တစ်အုပ်လုံးမျက်နှာပြောင်ပြောင်နဲ့ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး၊အိမ်ပေါ်တက်ခဲ့ကြပါတယ်….
လက်ခုပ်ကုန်းရွာသားတွေဟာရိုးသားပါတယ်….လာလည်ကြတဲ့ဧည့်သည်တွေကိုလ္ဘက်သုတ်၊ရေနွေးကြမ်းနဲ့ဧည့်ခံပါတယ်….
ကောင်မလေးသုံးယောက်လုံးတစ်အိမ်ထဲမှာရှိနေပါတယ်…..
ကျောင်းသားတွေဆိုတော့ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာစကားတွေဖောင်လို့…..
ဖက်တီးနဲ့ဗျော့ကြီးအသံတွေချည်းဘဲ…..
အမှန်အတိုင်းပြောရရင်အိမ်ရှင်တွေကိုကျနော်တို့အရမ်းအားနာခဲ့တယ်။ပြန်ရအောင်လို့မျက်နှာရိပ်ကဲပြလည်းမသိဘူး….
ကောင်မလေးတွေအလိုက်သင့်စကားပြောနေပေမယ့်လည်းသူတို့အိပ်ငိုက်နေကြပြီ….

သူငယ်ချင်းတွေကစကားပြောကောင်းတုန်း…..
လူကြီးတွေဆိုအိပ်ကုန်ကြပြီ….ရွာမှာကထုံးစံ ရှစ်နာရီလောက်ဆိုအိပ်နေကြပြီ…….
ကျနော်တို့ဆယ်နာရီလောက်ထိသူများအိမ်မှာထိုင်နေဆဲ……
တစ်ကယ်ဆိုရင်ကျနော်တို့ပြန်သင့်ပြီ…..
လမ်းတစ်ဖက်မှအော်ဆဲသံတွေကြားတော့မှဖက်တီးတို့ခေါင်းထာင်လာတယ်…

ကျနော်တို့ကိုစောင်းမြောင်းပြီးဆဲတာကိုအားလုံးအထာပေါက်သည်။

ကျနော်တို့အိမ်ပြန်ရောက်တော့ 11 နာရီထိုးနေပြီ…..
ဖက်တီးနဲ့ဗျော့ကြီးတို့က ဒီရွာကလူတွေတော်တော်ရိုင်းတယ်လို့ပြောနေတယ်….
လက်ခုပ်ကုန်းရွာသားတွေမရိုင်းကြပါဘူး……

တစ်ကယ်ရိုင်းတာကကျနော်တို့ကျောင်းသားတွေပါ။

လူကြီးအိပ်ချိန်မှန်းမသိ…

စကားပြောရင်းအိပ်ငိုက်နေတဲ့ကျောင်းသူတွေကိုလည်းအားမနာဘဲ၊တဝါးဝါးတဟားဟားဆူညံနေခဲ့ကြတယ်…..
ကိုယ့်ကြောင့်သူများအနှောင့်အယှက်ဖြစ်နေခဲ့ရတာကိုလည်းနားမလည်ခဲ့ကြဘူး……
ကျောင်းဝင်းထဲပြန်ရောက်တော့၊ဒေသနှစ် မှာတက်နေတဲ့လက်ခုပ်ကုန်းကကျောင်းသူတွေကို၊

ကျနော်တို့ပြန်ပြီးတောင်းပန်ခဲ့ကြပါတယ်။
ကျနော်တို့ဘူမိဗေဒတတိယနှစ်သမားတွေစာမေးပွဲဖြေပြီးမှကွင်းဆင်းရမည်။
နောက်ဆုံးနှစ်သမားတွေစာသင်နှစ်ပထမပိုင်းသင်္ကြန်ကျောင်းပိတ်ရက်မှာကွင်းဆင်းလေ့ရှိကြပါတယ်။
ကျနော်တို့တစ်အုပ်စုလုံးကျွဲတပ်ဆုံနဲ့ပျဉ်ညောင်မှာကွင်းဆင်းရမည်။
ပထမကျွဲတပ်ဆုံစခန်းမှာဆယ်ရက်၊နောက်ပျဉ်ညောင်စခန်းမှာဆယ်ရက်ကွင်းဆင်းရမည်။
ကွင်းဆင်းနေတဲ့ကာလမှာကျနော်တို့အားလုံးပျော်ပျော်ရွင်ရွင်နဲ့ဘဲကွင်းဆင်းနေကြပါတယ်။မပျော်နိုင်တာကမောင်မျိုး…..
ဒီကောင်ကမယားပူမိနေတယ်……
ငယ်ငယ်ကမော်လမြိုင်ကောလိပ်အသုံးလုံးလုပ်အားပေးအဖွဲ့နဲ့အတူကယားပြည်နယ်ဒီမောဆိုကိုလိုက်သွားမည်,
သူတို့ရထားဘယ်နေ့လာမလဲဆိုတာကျနော်လည်းမသိ။သူတို့ရထားကျနော်တို့ကွင်းဆင်းတဲ့လမ်းကြောင်းက
ဖြတ်သွားမယ်……ဆုံ၊မဆုံ ဆိုတာကျနော်တို့ကံအပေါ်မူတည် နေပါတယ်…..
ဒီနေ့ကျနော်တို့ရထားလမ်းကြောင်းအတိုင်းကွင်းဆင်းနေကြပါတယ်…..
ကျောက်ပန်းအိုးတံတားထိပ်မှာသာစည်ကတက်လာတဲ့ရထားနဲ့ကျနော်တို့ဆုံကြပါတယ်။
မျက်စိလျင်တဲ့သူငယ်ချင်းတစ်ယောက်သတင်းပေးလို့မော်လမြိုင်ကောလိပ်ကျောင်းသားအတွဲပါလာတယ်တဲ့……
ကျနော်တို့အရမ်းဝမ်းသာသွားပါတယ်…..
ကျောက်ပန်းအိုးရထားထိပ်မှာမောင်မျိုးရပ်ပြီးဒီလိုအော်နေပါတယ်…..
ငယ်ငယ်….ကိုမျိုးဒီမှာဟေ့…..ထပ်ခါထပ်ခါဒီကောင်အော်နေတယ်….
ကျနော်တို့အားလုံးရှာလည်းရှာ၊အော်လည်းဝိုင်းအော်ပေးကြပါတယ်…..
ကိုမျိုး…..ကိုမျိုး…ငယ်ငယ်ရထားပြတင်းပေါက်ကကိုယ်တစ်ပိုင်းထွက်လာပြီးလက်ပြနေတယ်။နောက်စာအိတ်တစ်အိတ်ပစ်ချလိုက်ပါတယ်။

"ကယားပြည်နယ်…ဒီမောဆိုမြို့ အသုံးလုံးလုပ်အားပေးကျောင်းသားကျောင်းသူများမော်လမြိုင်ကောလိပ်"

လို့ရေးထားတဲ့ရထားတွဲဟာတောင်ခါးပန်းတွေကိုကွေ့ပတ်ပြီးပျောက်ကွယ်သွားပါတယ်………


ကိုမျိုး…..
ကွင်းဆင်းပြီးရင် ငယ်ငယ့်နောက်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့လိုက်ခဲ့ပါ
ငယ်ငယ်မျှော်နေမယ်…..
ချစ်တဲ့
ငယ်ငယ်…..


မယားပူမိနေတဲ့ကိုမျိုးတစ်ယောက်ငယ်ငယ့်စာကိုဖတ်မိပြီးဒီညအိပ်မပျော်တော့ပါ။
ကွင်းဆင်းပြီးရင်ငယ်ငယ့် နောက်ကိုလိုက်ဘို့အားလုံးကိုအကြံထုတ်ခိုင်းနေပါတယ်…..

ကျနော်တို့လည်းဝိုင်းစဉ်းစားပေးပါတယ်….။
ဒါပေမယ့်တိတိကျကျအကြံဉာဏ်လည်းမပေးတတ်ပါ။ရက်တွေကလည်းလိုပါသေးတယ်…..
ဒီလိုဘဲပျဉ်ညောင်စခန်းကိုရောက်ခဲ့ပါတယ်…..

ပျဉ်ညောင်စခန်းမှာဆယ်ရက်ကွင်းဆင်းပြီးရင်ကျနော်တို့ပြန်ရတော့မယ်….
ဆရာ…..တောင်ကြီးကားတစ်စီး…ဆရာ့နာမည်နဲ့စာတစ်စောင်ပေးသွားတယ်…..
ဗျော့ကြီးဆရာဦးမေတ္တာကိုစာသွားပေးနေပါတယ်…မှန်းစမ်း…ဆရာဦးမေတ္တာစာကိုယူပြီးကြည့်လိုက်တော့….


သို့
ဆရာ ဦးမေတ္တာ
တစ်ဆင့် မောင်မျိုး(တတိယနှစ် ဘူမိဗေဒ)
ပျဉ်ညောင်စခန်း
ဘူမိဗေဒဌာန၊ရန်ကုန်တက္ကသိုလ်
မှ ဦးကြည်၊တောင်ငူ….
ဟာ…ဒါမောင်မျိုးစာ…မောင်မျိုးကိုခေါ်ခဲ့စမ်း……..
သား….မောင်မျိုး….
မင်းဒေါ်လေး….နေမကောင်းဖြစ်နေတယ်…..
ကွင်းဆင်းပြီးရင် လွိုင်ကော်ကိုလိုက်သွားလိုက်ပါ…..
အဖေ့ကိုယ်စား မင်းဆက်ဆက်သွားပါ…..
ဒီစာပြပြီး…ဆရာဆီမှာခွင့်တောင်းလိုက်ပါ…..
                             အဖေ ဦးကြည်၊တောင်ငူ
မောင်မျိုးကမ်းပေးလာသောစာကို ဆရာ ဦးမေတ္တာဖတ်နေပါသည်။ ….ငါတို့စခန်းသိမ်းဘို့လိုပါသေးတယ်….
ပြီးရင်ဆရာစဉ်းစားပေးပါ့မယ်….ဆရာ ဦးမေတ္တာမောင်မျိုးပခုံးကိုပုတ်ပြီးကြင်နာစွာနဲ့ပြောလိုက်ပါသည်။
ဒီလိုနဲ့ဘဲပျဉ်ညောင်နောက်ဆုံးနေ့ကိုရောက်လာပါပြီ…..
မနက်ကဆရာဦးမေတ္တာတစ်ဦးချင်းလူတွေ့စစ်ဆေးခဲ့ပါသည်။ကျနော်တို့အဖွဲ့အားလုံးဖြေနိုင်ခဲ့ကြပါသည်။
အုပ်စုထဲမှာမောင်မျိုးခေါ် ကြာကူလီကအူအမြူးဆုံး ကျနော်တို့ကိုလိုက်နှုတ်ဆက်နေပါတယ်။
သူ့ကိုဆရာ ဦးမေတ္တာ လွိုင်ကော်သွားခွင့်ပေးလိုက်ပါသည်။ဆရာဘယ်သူ့ကိုမှသီးခြားခွဲပြီးပြန်ခွင့်မပြုပါ။
ကားကြုံနဲ့အောင်ပန်းအထိသူလိုက်သွားမည်။အောင်ပန်းမှာလွိုင်ကော်ကားစီးပြီးခရီးဆက်အုံးမည်။
ပြီးရင်ဒီမောဆိုကိုသွားမည်။ ဒါပေမဲ့…သူ…ဒီမောဆို..ကိုတစ်ခါမျှမရောက်ဘူးပါ။
သိတယ်ဟုတ်အချစ်ရဲ့ဆွဲအားဘယ်လောက်ပြင်းသလဲဆိုတာ…..။
လုပ်အားပြဘို့တန်ပြီ…လုပ်အားပြဘို့တန်ပြီ….ဖက်တီးကလက်ဖျောက်စည်းချက်နဲ့မဆလအလုပ်သမား
သီချင်းကိုဆိုပြနေသည်။ဗျော့ကြီးကခြင်းကြားငယ်ငယ်သေးသေးလေးတစ်ခုကိုမောင်မျိုးကိုလှမ်းပေးနေပါ
တယ်…..ဒါကို ဆရာ ဦးမေတ္တာမြင်သွားပြီး….မင်းတို့မောင်မျိုးကိုဘာတွေပေးနေတာလဲ…..
ကြက်ဥတွေပါဆရာ…..
ဘာလုပ်ဘို့လဲ……
အားရှိအောင်လို့ပါ…..မောင်မျိုးမျက်လုံးပြူးပြတော့မှ
မဟုတ်ဘူး…..မဟုတ်ဘူးဆရာ…မောင်မျိုးဒေါ်လေးနေမကောင်းဘူးဆိုလို့ကျနော်တို့ပေးလိုက်တာပါ…
……………………….။…………………………………………….။……………

     
တစ်ခါကကျနော်တို့သည်ချစ်ဒုက္ခခံစားနေသော(သို့)မယားပူမိနေသောကြာကူလီကိုမကြည့်ရက်ခဲ့သော
ကြောင့်လုပ်ကြံစာကိုဖန်တီးပြီးဆရာဦးမေတ္တာကိုလိမ်ညာမိခဲ့ပါသည်။
ငယ်ငယ်ရှိနေသောဒီမောဆိုသို့ မောင်မျိုးလိုက်သွားခွင့်ရအောင်ဝိုင်းလိမ်ညာပေးခဲ့သောအပြစ်အတွက်
ကျနော်တို့ကိုခွင့်လွှတ်ပေးပါရန် ကျနော်တို့အားလုံးဆရာဦးမေတ္တာကို ရိုသေစွာရှိခိုးတောင်းပန်အပ်ပါသည်။


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ