ဘဝဇာတ်ဆရာ
ဘူမိဗေဒကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။
သူနဲ့ကျနော်တို့ပထမနှစ်၊ဒုတိယနှစ်တွေတုန်းကအုပ်စုမတူခဲ့ပါ၊သိတော့သိတယ်သာမန်ဘဲ။
နောက်ပြီးကျနော်တို့ကဒဂုံဆောင်နေတယ်၊သူကဒေးကျောင်းသား။
တတိယနှစ်ရောက်တော့ခုံနံပါတ်ဘယ်လိုစီလိုက်လဲမသိ၊
သူကျနော်တို့အုပ်စုထဲရောက်လာပါတယ်၊
သတိထားမိသလောက်ဒုတိယနှစ်တုန်းကသူ့ဆံပင်မရှည်သေး၊တတိယနှစ်မှာသူ့ဆံပင်ခါးလောက်ရောက်နေပြီ၊
ဘာဖြစ်လို့အရှည်ထားလဲနားမလည်၊သိပ်မခင်သေးတော့မမေးဖြစ်ခဲ့။
အဲဒီတုန်းကအရှည်ထားကြတာဘဲ၊သူ့လောက်မရှည်ကြ၊
သူဆံပင်ကိုစည်းထားတာလဲရှိတယ်။တခါတလေရောင်ထုံးထားသေးတယ်။
ကျနော်တို့ခေတ်ကရောင်ထုံးနဲ့ပါမောက္ခတစ်ယောက်သိပ္ပံခမ်းမဖက်မှာစာသင်နေတာတွေ့ခဲ့ဘူးပါတယ်။
အဲဒီအချိန်တုန်းကကျနော်တို့အားလုံးဝါးခြမ်းပြားသာသာပိန်ခြောက်ခြောက်နဲ့ဒီကောင်ကကျနော်တို့ထက်
ဗလတောင့်တယ်။
ဗလတောင့်တောင့်၊ရောင်ထုံးထုံးထားတဲ့ဒီကောင့်ကြည့်ရတာအချိုးမပြေ။
ကျနော်တို့အားလုံးသူ့ကိုဗလကြီးလို့နာမည်ပေးလိုက်ကြတယ်။
နောက်နောက်ပြောင်ပြောင်နဲ့ခေါ်လိုက်ကြတာသူလဲစိတ်မဆိုးလို့အားလုံးသောကျောင်းသားတွေ
သူ့ကိုခေါ်လိုက်ကြတယ်”ဗလကြီး”
လူကောင်ကြီးကြီး၊ရောင်ထုံးထားတဲ့ဗလကြီးစကားပြောတော့တိုးတိုးလေး၊
အုပ်စုလိုက်ကောင်းကင်ဓါတ်ပုံကြည့်တာတွေ၊ကျောက်ဖြစ်ရုပ်ကြွင်းကြည့်တာတွေ၊
နှစ်ယောက်တွဲလုပ်ရင်လူ့ဗလံဗျော့ကြီးနဲ့ဗလကြီးနဲ့တစ်တွဲ၊
ဟေ့ကောင်တွေဗလကြီးကနဲနဲထူးခြားတယ်၊အခြောက်လားမသိ
စကားပြောတာကလဲပွဲမင်းသားလိုဘဲ
သူဆိုတဲ့သီချင်းတွေကလဲဇာတ်ပွဲသီချင်းတွေ
ဗျော့ကြီးပြောပြတာတွေပါ၊
မန္တလေးဆောင်မှာကျောင်းတက်ခဲ့တာတွေကပုံမှန်ပါဘဲ၊
နေ့ကျောင်းသားဗလကြီးနဲ့စာသင်အုပ်စုမှာတွဲတာကလွဲလို့အပြင်မှာမတွေ့ဖြစ်ပါ။
ဒီလိုနဲ့စာမေးပွဲတွေပြီးလို့ကွင်းဆင်းရမည့်အချိန်ရောက်လာပါပြီ
ရှမ်းပြည်ဖက်ကိုတလကွင်းဆင်းရမည်၊
ပထမတစ်ပိုင်းကသာစည်မြို့နယ်ကျွဲတပ်ဆုံမှာဆင်းရမည်။
ဒုတိယပိုင်းကရှမ်းပြည်တောင်ကြီးကားလမ်းပေါ်ကပြင်ရွာမှာကွင်းဆင်းရမည်၊
ကိုယ့်အုပ်စုနဲ့ကိုယ်စခန်းချတဲ့နေရာမှာနေရတယ်၊ပထမပိုင်းတုန်းက
ကျွဲတပ်ဆုံရွာဘုန်းကြီးကျောင်းထဲကဆောက်လုပ်ရေးအလုပ်သမားများနေသောတန်းလျားရှည်ကြီးမှာ
အားလုံးရောနေကြရတယ်။
ကွင်းဆင်းတဲ့ပထမရက်စခန်းသို့အပြန်လမ်းမှာဗျော့ကြီးတစ်ယောက်ဘိနပ်ပေါက်ပါလေရော၊
ဖြေးဖြေးလျှောက်ရင်းနောက်မှာတဖြေးဖြေးဝေးကျန်ခဲ့ပါတော့တယ်။
ကျနော်တို့ကဟေးလားဝါးလားနဲ့ဗျော့ကြီးအဖြစ်ကိုမသိ
ဗလကြီးကစောင့်ပြီးလိုက်ခဲ့တယ်။
အားလုံးစခန်းပြန်ရောက်တဲ့အချိန်ဗလကြီးတို့နှစ်ယောက်မပါလာခဲ့ကြပါ။
အားလုံးရေမိုးချိုးပြီးတဲ့အချိန်ရောက်မှဗလကြီး၊ဗျော့ကြီးကိုကျောပိုးပြီးဘုန်းကြီးကျောင်းထဲဝင်လာပါတယ်။
ကျနော်တို့အားလုံးဗလကြီးကိုလေးစားသွားပါတယ်။
စခန်းရောက်တော့လဲထမင်းစားပြီးတာနဲ့ဗလကြီးရွာထဲသွားပြီးဗျော့ကြီးအတွက်လိုတဲ့ဆေးဝါးတွေသွားဝယ်ပါတယ်၊
တစ်နေ့လုံးလျှောက်ခဲ့ရလို့ဘယ်သူမှမလှုပ်ရှားနိုင်တော့ဘဲအားလုံးကအိပ်ရာထက်မှာ၊
နောက်ပိုင်းရက်တွေမှာအလိုလိုနေရင်းဗလကြီးကကျနော်တို့အုပ်စုခေါင်းဆောင်လိုဖြစ်လာပါတယ်။
ဘာလို့လဲဆိုတော့ရှေ့မှာဆရာရှင်းပြနေတာတွေကို၊နောက်မှာစနောက်နေတဲ့ကျနော်တို့ကိုဗလကြီးက
စိတ်ရှည်ရှည်နဲ့ပြန်ရှင်းပြပေးပါတယ်။
ကွင်းဆင်းတဲ့လမ်းတလျှောက်ချောက်ထဲဆင်းရတာတွေ၊တောင်ပေါ်တက်ရတာတွေနဲ့ကြုံရင်ဗလကြီးကဦး
ဆောင်ပြီးအန္တာရာယ်ကင်းအောင်လမ်းရှင်းပေးတယ်။
ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်းတို့ဦးဆောင်သင်ကြားမှုအောက်မှာကျနော်တို့ကွင်းဆင်းလေ့လာ
ကြပါတယ်။ဗလကြီးကတကယ့်ခေါင်းဆောင်ကောင်းပီသပါတယ်။ကျနော်တို့အုပ်စုကိုအမြဲတမ်းဂရုစိုက်တယ်၊
သူယူခဲ့တဲ့စားစရာတွေဆိုအားလုံးကိုဝေငှကျွေးတယ်။ဘယ်သူနေမကောင်းဖြစ်လဲဗလကြီးဘဲဆေးဝယ်၊ဆေးတိုက်လုပ်တယ်။
လေးစားစရာအကောင်းဆုံးကကျနော်တို့အုပ်စုစည်းကမ်းဖေါက်လို့အပြစ်ပေးခံရရင်လဲဗလကြီးဘဲခေါင်းခံပြီးတာဝန်ယူတယ်။
အုပ်စုလိုက်ကွင်းဆင်းနေတဲ့တစ်ရက်ကျနော်တို့ဆယ်ယောက်ထဲကငါးယောက်လိုင်းကားစီးပြီးသာစည်ကိုခိုးသွားကြတာ၊
ဗလကြီးကမလိုက်၊တားတော့တားတယ်၊မသွားကြဖို့။ဒါပေမဲ့ကျနော်တို့ခိုးထွက်ကြတယ်။
“ဆရာတွေမသိနိုင်ပါဘူးကွာ၊”စိတ်ထဲမှာထင်ထားကြတာ
အပြန်လိုင်းကားမှာထိုင်စရာခုံမရှိတော့လို့နှစ်ယောက်ခေါင်မိုးပေါ်ကလိုက်ခဲ့တယ်။ကျနော်တို့နေရာရောက်ခါနီး၊ကားလမ်းပေါ်
မှာကျောင်းသားအုပ်စုတွေနဲ့အတူဆရာတွေကိုလှမ်းမြင်လိုက်တယ်။အမြန်ဆုံးဝပ်ချလိုက်တာဘဲ။
ကျနော့်မျက်စိထဲမှာဆရာမြင်သွားပြီလို့ထင်တာဘဲ။
ပြန်ရောက်တော့ဆရာတွေဘာမှမပြောပါဘူး။စိတ်ထဲမှာအေးအေးဆေးဆေး၊ဆရာမသိလိုက်ဘူး။
ဒါမှမဟုတ်ဘာမှအရေးမယူတော့ဘူးလို့ထင်ပြီးခိုးသွားရတာကိုပျော်နေကြတာ။
ကျွဲတပ်ဆုံရွာနောက်ဆုံးနေ့ရောက်လာပြီ။
စည်းကမ်းဖေါက်၊အပြစ်ကျူးလွန်ထားကြတဲ့ကျောင်းသားစာရင်းတွေဘုတ်ပေါ်မှာကပ်ထားတယ်။
အခြားကျောင်းသားတွေလဲပါတယ်၊ဘာအပြစ်လုပ်ထားလဲကျနော်တို့မသိ။
ကျူးလွန်တဲ့ပြစ်ချက်တွေပါရေးထားတယ်။ကျောင်းသားအားလုံးအပြစ်ဝန်ခံခဲ့ပါတယ်။
အားလုံးရဲ့စိတ်ထဲမှာလုပ်ရဲရင်ခံရဲရမယ်ဆိုတဲ့စိတ်ဓါတ်။
အပြစ်ရှိတဲ့ကျောင်းသားအားလုံးဒီနယ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့မင်းပုန်းတောင်ကိုတက်ရမယ်။
လမ်းတလျှောက်ကျောက်နမူနာကောက်ခဲ့ရမယ်၊တောင်ထိပ်မှာတွေ့ခဲ့တဲ့အမှတ်အသားတွေကိုပြောရမယ်။
ဆိုးတာကဒီနေ့နောက်ဆုံးနေ့၊အဆောင်မှာနားရပြီလို့ထင်ထားတာ။
မနက်စာစားနေချိန်မှာစာရင်းလာကပ်တာ။
အပြစ်ရှိတဲ့ကျောင်းသားတွေမနက်စာစားပြီးတာနဲ့ချက်ချင်းသွားရမယ်။
အပြစ်မရှိတဲ့ကျောင်းသားတွေအေးအေးဆေးဆေးနားနေကြပါ။
ရွာထဲလျှောက်လည်လို့ရတယ်။
နေ့လည်စာထမင်းတွေဂျိုင့်ထဲထည့်ပြီးရွာထိပ်ထိဆရာတွေလိုက်ပို့တယ်။
အကြမ်းဖျင်းလမ်းညွန်ပေးတယ်။ ကွန်ပတ်ကိုသုံးပြီးသွားရမယ်။
ရွာထဲကလမ်းပြခေါ်ခွင့်မပြု၊ နေ့လည် ၂ နာရီအရောက်ပြန်ခဲ့ရမယ်။
ချီးဘဲကွာ၊ သွားရတာနဲ့မတန်လိုက်တာ
ကျောပိုးအိပ်လွယ်ပြီးအပြစ်သားတွေထွက်လာကြပါပြီ၊ မင်းပုန်းတောင်ထိပ်ဆီသို့
“ဟေ့ကောင်တွေငါ့ကိုစောင့်ပါအုန်း”ကျောပိုးအိပ်ကြိုးတန်းလန်းနဲ့အပြေးလိုက်လာတဲ့ဗလကြီး
“ဗလကြီး၊ငါတို့အပြစ်သားတွေထဲမင်းမပါဘူးလေ၊ဘာလို့လိုက်လာရတာလဲ”
“ငါတို့ကြမ်းတပြေးထဲအိပ်ခဲ့ကြတဲ့ညီအစ်ကိုတွေပါကွာ၊မင်းတို့ကိုဒီအတိုင်းရပ်ကြည့်နေလို့မရဘူးလေ”
“ငါတို့တူတူတက်ကြတာပေါ့”
ဗလကြီးပါလာတော့ပိုပြီးအဆင်ပြေသွားတယ်၊ မင်းပုန်းတောင်တက်လမ်းကိုသူသိတယ်၊
ဘယ်သူမှမလိုက်ရင်တောင်၊ဒီနေ့ဒီတောင်ကိုတက်ဖို့သူ့မှာစိတ်ကူးရှိပြီးသား
ဒီနေ့သူ့အတွက်ရော၊ကျနော်တို့အတွက်ပါအဆင်ပြေပြီ
တောင်ထိပ်ရောက်တော့လေပြေလေးတဖြူးဖြူးနဲ့ရင်ကိုအေးသွားတာဘဲ
ကျောက်ဂူထဲမှာ ဆင်ချည်တိုင်၊မြင်းချည်တိုင်၊စာနဲ့ရေးထားတယ်
ခပ်လှန်းလှန်းကမြေညီအမြင့်ကိုဘုရင့်သလွန်တဲ့
နဲနဲမြင့်တဲ့ကျောက်စွန်းမှာဗုဒ္ဓဘုရားတစ်ဆူကိုဖူးတွေ့ခဲ့ပါတယ်။
ဗလကြီးကအနီးမှာရှိနေတဲ့တောပန်းလေးတွေနဲ့ဘုရားပန်းကပ်တယ်။
နေ့မကူးသေးတော့၊ပါလာတဲ့ထမင်းနဲ့ဟင်းကိုဆွမ်းတော်တင်လိုက်ကြပါတယ်။
အရင်ခေတ်တုန်းကစစ်ရှုံးခဲ့တဲ့ဘုရင်တစ်ပါးလာပုန်းနေလို့မင်းပုန်းတောင်လို့ခေါ်ကြတာ
ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမျော်ရင်းရင်ထဲကခံစားရတဲ့ငြီမ်းချမ်းခြင်းအရသာ၊
ဒီလိုတစ်ခါဘူးမျှမခံစားခဲ့ဘူးပါ၊ထူးဆန်းလေစွ။
ဒုတိယစခန်းပြင်ရွာ
ကျနော်တို့စခန်းပြောင်းကြပြီ၊ပြင်ရွာစခန်းမှာနေရတာပိုလွတ်လပ်တယ်။
ဆောက်လုပ်ရေးဘန်ဂလိုတွေအများကြီး၊ကိုယ့်အုပ်စုနဲ့ကိုယ်နေကြ။
ကျနော်တို့အုပ်စုဘန်ဂလိုတစ်လုံးမှာနေကြတယ်။စုပြီးနေကြတော့ပိုရင်းနှီးလာတယ်။
ပြင်ရွာစခန်းမှာကိုယ့်အုပ်စုနဲ့ကိုယ်၊ဆရာချထားပေးသောနေရာမှာကွင်းဆင်းရတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းရှာကြမယ်၊နမူနာကျောက်တွေကောက်ကြမယ်၊
ဘူမိမြေပုံထုတ်ရမယ်။ကျနော်တို့လုပ်ခဲ့တာတွေကြည့်ပြီး
ဆရာတွေအဆင့်သတ်မှတ်ပေးမယ်။ကိုယ့်အုပ်စုကိုယ်ဆိုတော့အလှဲ့ကျနားမယ်ဆိုရင်နားလို့ရတယ်။
ဗလကြီးကဘယ်တော့မှမနား၊လုပ်စရာရှိတာအရင်ပြီးအောင်လုပ်ပြီးမှနားကြရအောင်၊
ပြင်ရွာကရှမ်းပြည်ထဲရောက်လာလို့ရာသီဥတုပြောင်းသွာပြီ၊နေစောင်းရင်ရေမချိုးနိုင်တော့ဘူး၊
ညဖက်ကျရင်မီးဖိုပြီးအိပ်ရတယ်။
အရက်မော့တဲ့ကောင်တွေကြိုက်တဲ့ရာသီဥတုမျိုး၊
မအိပ်ခင်စကားတွေပြောကြ၊လ္ဘက်သုတ်တွေစားကြ၊စောစောတစ်ခါမှမအိပ်ဖြစ်၊
ညနက်မှအိပ်လေ့ရှိတယ်
အဲဒီမှာဗလကြီးပြောပြတဲ့သူ့အကြောင်းတွေကိုသိခွင့်ရခဲ့တယ်၊၊
ဗလကြီး
ကျနော်သည်တစ်ဦးတည်းသား၊
အမေကမော်လမြိုင်၊လမုတန်းဇာတိ၊မော်လမြိုင်သူ
အဲ့အချိန်တုန်းကမော်လမြိုင်ဇာတ်သဘင်လောကတော်တော်အောင်မြင်နေတဲ့အချိန်၊
အဖိုးကဇာတ်ဆရာ၊အုန်းမှုတ်စိန်၊အုန်းလက်စိန်၊ပုဂံစိန်၊ပုလင်းစိန်၊ဖန်ခွက်စိန်၊အမြည်းစိန်၊
ဘာစိန်၊ညာစိန်ဆိုတဲ့နာမည်တွေနဲ့ဇာတ်သဘင်အလုပ်ဖြစ်နေတဲ့အချိန်။
အဖိုးလဲအဲ့လိုစိန်တစ်လုံးနာမည်နဲ့အောင်မြင်နေတဲ့ဇာတ်ဆရာ၊
အဖိုးကကိုယ်တိုင်က၊အဖွားမင်းသမီး၊ကျနော့်အမေငယ်ငယ်ချောချောလေးကပြဇာတ်မင်းသမီး၊
ယိမ်းထွက်ရင်အမေကခေါင်းဆောင်မင်းသမီး၊
ဘာလိုသေးလဲဗျာ၊အဖိုးကအမျိုးအားလုံးကိုဇာတ်ထဲမှာအလုပ်ပေးထားတယ်။
အဖေဘွဲ့ရပြီးမော်လမြိုင်ကိုမြေစာရင်းရုံးအောက်တန်းစာရေးဘဝနဲ့ရောက်လာတယ်။
မော်လမြိုင်မှာမိုးကုန်တာနဲ့ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေဆက်နေရော၊
ရပ်ကွက်အလိုက်သူ့နေ့နဲ့သူဆွမ်းကြီးလောင်းပွဲတွေရှိပြီးသား၊
အဲ့ခေတ်ကတီးဝိုင်းတွေမပေါ်သေး၊ဆွမ်းကြီးလောင်းပွဲဆိုရင်ဇာတ်ပွဲကိုဘဲငှားကြတာ၊
ဇာတ်ပွဲတွေလဲအလုပ်ဖြစ်၊တမိုးတွင်းလုံးဇာတ်တိုက်ခဲ့ကြတာမိုးကုန်တာနဲ့မနားရတော့ဘူး။
တောက်လျှောက်မွန်ပြည်နယ်၊ကရင်ပြည်နယ်လိုက်ကရတာ၊
တစ်ခုသောဆွမ်းလောင်းပွဲမှာအဖေကအမေ့ကိုစတွေ့တာ၊အမေကပြဇာတ်မင်းသမီး
ငယ်ငယ်ချောချောဆိုတော့အဖေစွဲသွားပါလေရော၊
မော်လမြိုင်အနီးအနားအမေဇာတ်ကတဲ့နေရာတွေရှိရာအဖေရောက်ရောက်လာတယ်၊
အဖေပြဇာတ်မင်းသမီးလေးကိုစွဲလန်းနေပြီ
နောက်ကြတော့အမေလဲသတိထားမိလာတယ်၊၊ချစ်ခြင်းအစမျက်စိကဆိုသလို
သူတို့နှစ်ယောက်မျက်လုံးချင်းဆုံတာများလာတော့၊သမီးရည်းစားဘဝရောက်ကုန်ရော
ပြဇာတ်မင်းသမီးဆိုတော့လဲမင်းသားအပွေ့အဖက်လေးတွေတော့ရှိတာပေါ့။
အဖေအူနုကျွဲခတ်သလိုခံစားနေတယ်လို့အမေပြောပြတယ်၊
ကြာလာတော့အဖေသည်းမခံနိုင်တော့ဘူးထင်ပါတယ်၊အမေ့ကိုခိုးပြေးပါလေရော
ဒါပေမဲ့သူတို့မယူခင်သဘောတူညီမှုတစ်ခုပြုခဲ့ကြတယ်။
အဖေကသူ့အရှေ့မှာဇာတ်အကြောင်းမပြောရ၊ဇာတ်ကဖို့လဲမတောင်းဆိုရ။
အမေကလဲသူ့ကိုလူတန်းစေ့နေနိုင်၊ထားနိုင်ရင်အဲဒီစည်းကမ်းတွေကိုသူလိုက်နာမယ်။
ဇာတ်သမကိုယူပြီးဇာတ်ကိုမုန်းတာနင့်အဖေတစ်ယောက်ဘဲမြင်ဘူးတယ်လို့အမေပြောတာ။
ဇာတ်ဆရာအဖိုးကလက်မောင်းပြုတ်သွားလို့အရမ်းစိတ်ဆိုးနေတယ်။
ဒီလိုနဲ့ဘဲရောင်နောက်ဆံထုံးပါဆိုသလိုအဖေ့နောက်လိုက်ရင်း၊တမြို့ပြီးတမြို့တာဝန်ကျတဲ့
နေရာပြောင်းရွှေ့ရင်းနဲ့ကျနော့်ကိုမွေးလာပါတယ်။
နောက်ကြတော့အထက်တန်းစာရေးကြီးဘဝနဲ့ရန်ကုန်ရောက်လာပါတယ်။
အဖေ့အမျိုးတွေရှိတဲ့တောင်ဥက္ကလာမှာနေကြပါတယ်။တောင်ဥက္ကလာအိမ်မျက်စောင်းထိုးမှာ
ရပ်ကွက်ဓမ္မါရုံရှိတယ်၊ဓမ္မါရုံအရှေ့မှာရပ်ကွက်ဘောလုံးကွင်းရှိတယ်။
ကျနော်တို့အိမ်ရှေ့ကဘောလုံးကွင်းတည့်တည့်ကျတယ်။
ရပ်ကွက်ဓမ္မါရုံမှာဆွမ်းအောင်ပွဲ၊ဆွမ်းသိမ်းပွဲ၊လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့တွေမှာ
ဇာတ်ပွဲကလေ့ရှိတယ်။ကျနော်တို့အိမ်အပေါ်ထပ်ဝရန်တာကကြည့်ရင်အထူးတန်းကကြည့်
ရသလိုဘဲ၊အမေအရမ်းသဘောကျတာ။
ကျနော်ငယ်ငယ်အိမ်စပြောင်းတဲ့နှစ်၊အိမ်ရှေ့မှာဇာတ်ပွဲကတဲ့ညအဖေနဲ့အမေအကြီးအကျယ်စကား
များကြတာ၊ အဖေကပွဲမကြည့်ရတဲ့၊အမေကသွားကြည့်တာမဟုတ်၊ကိုယ့်အိမ်ပေါ်ကကြည့်တာ
ကြည့်ခွင့်ရှိတယ်။နောက်ဆုံးအဖေဖက်ကအဖိုး၊အဖွားတွေပါလိုက်လာတော့မှရန်ပွဲပြီးသွားတယ်။
အဖိုးအဖွားတွေကအဖေ့ကိုအစွန်းမရောက်ဖို့ဆုံးမတယ်။
နောက်တော့အဖေအလျှော့ပေးလိုက်ပါတယ်၊အမေ့ကိုချစ်တာကိုး
အဲဒီညအဖေ့ညီမတွေပါအိမ်မှာပွဲလာကြည့်ကြတယ်၊ပျော်စရာကြီး
အဒေါ်တွေကပွဲကြိုက်ခင်
အမေလဲအဖေ့ကိုပြန်တောင်းပန်ပါတယ်
ဇာတ်ပွဲကိုလိုက်မကြည့်ဘူး၊အိမ်ရှေ့မှာလာကရင်ကြည့်ပါရစေ
တစ်နှစ်မှာသုံးလေးခါအိမ်ရှေ့မှာပွဲခံလေ့ရှိတယ်။
ကျနော်နဲနဲကြီးလာတဲ့အချိန်၊အဖေကခြံနဲနဲကျယ်တဲ့နေရာပြောင်းကြဖို့အမေ့ကိုပြောတာ
အမေလုံးဝ၊လုံးဝလက်မခံ၊ဒီအိမ်မှဒီအိမ်
သူဝါသနာပါတဲ့ဇာတ်ပွဲကိုအထူးတန်းကကြည့်နေရတဲ့အိမ်ကိုအခြားဘယ်အိမ်နဲ့မှမလဲနိုင်ပါ
ကျနော်ငယ်ငယ်တုန်းကကျနော့်မှာကစားစရာဆိုလို့ဘာမှမရှိ၊တမြို့ပြီးတမြို့ပြောင်းနေရတဲ့
အဖေဝန်ထမ်းဘဝမှာပစ္စည်းများများထားလို့အဆင်မပြေပါ။
ဒါကြောင့်ကျနော့်မှာကစားစရာမရှိတာ၊ကျနော်ကိုယ်တိုင်လဲမမက်မော၊
အမေရှိနေရင်ကျနော့်အတွက်ကစားစရာမလို၊
အဖေရုံးတက်ရင်ကျနော်တို့သားအမိအိမ်မှာကျန်ရစ်ခဲ့တယ်။
လမ်းလျှောက်တတ်ခါစမှာကတည်းကနေ့လည်ဆိုအမေကျနော့်ကိုကပြလေ့ရှိတယ်။
ဇာတ်သမဖြစ်ခဲ့ဘူးတဲ့အမေ၊ကတာခုန်တာဝါသနာပါနေဆဲ၊
ကကြိုးကကွက်တွေမမေ့ရအောင်ဇာတ်သမအလွမ်းပြေ၊ကပြရင်းကျနော့်ကိုချော့သိပ်ခဲ့တယ်။
ကျနော်မှတ်မိစအရွယ်ကတည်းကအမေ့ရဲ့နွဲ့ပြောင်းတဲ့ကကွက်တွေမှာနစ်မျောတတ်လာခဲ့တယ်။
နဲနဲကြီးလာတော့အမေ့ရဲ့ကကွက်အတိုင်းလိုက်ကတတ်လာပါတယ်၊အမေလဲသင်ပေးပါတယ်။
ဇာတ်သမကတဲ့ကကွက်အကုန်နီးပါးကျနော်ကတတ်လာပါပြီ။
နင်ကနေတာနင့်အဖေမြင်ရင်ငါ့ကိုသတ်လိမ့်မယ်
ဘယ်သူမှကျနော်ဒီလိုကတတ်မှန်းမသိကြပါဘူး
နေ့လည်နေ့ခင်းအဖေမရှိတဲ့အချိန်တွေမှာဇာတ်ပွဲသီချင်းတွေကိုကက်ဆက်နဲ့ဖွင့်ရင်းကျနော်ကတယ်။
အမေကလိုအပ်တာတွေသင်ပေးတယ်။
အဖေ့ရှေ့မှာဘာမှမလုပ်။
ကျနော်လေးတန်းတုန်းကကျောင်းမှာပြည်ထောင်စုအလံကြိုဆိုရေးမှာစည်တော်ယိမ်းကဖို့လူရှာကြတယ်။
ရွယ်တူဆယ်ယောက်အတွဲညီညီကရမယ်။မကတတ်တဲ့လူတွေချည်းဘဲ။
စည်တော်ယိမ်းသီချင်းဖွင့်နေတုန်းကျနော်ထွက်ကပြလိုက်တယ်၊တတ်တဲ့ပညာမနေသာဆိုသလိုပေါ့။
ဆရာမတွေအံ့သြကုန်တယ်၊ကတတ်မယ်လို့လုံးဝမထင်ထားဘူး။
ဒါပေမဲ့အဲဒီစည်တော်ယိမ်းလဲမထွက်ဖြစ်ပါဘူး၊လူမှမစုံတာ၊ကတတ်တာကကျနော်တစ်ယောက်ထဲ။
အခြားအတန်းက၊ကလေးတွေနဲ့တွဲကဖို့အမေ့ဆီခွင့်တောင်းတာအမေခွင့်မပြုခဲ့ဘူး။
အမေကျနော့်ကိုရှင်းပြပါတယ်၊အဖေသဘောမကျတဲ့အကြောင်းတွေ၊အမေပေးခဲ့တဲ့ကတိတွေ၊
ကျနော်နားလည်ပါတယ်၊ဒီအရွယ်မှာကတည်းကအမေ့ကိုနားလည်ခွင့်လွတ်တယ်။
မကရလို့ကျနော်ဘာမှမဖြစ်ဘူး၊အဖေသိခဲ့ရင်အမေနဲ့စကားများကြမှာ
ဇာတ်ပွဲမင်းသားလိုတော့မကပါနဲ့သားရယ်၊ပညာတတ်ကြီးဖြစ်အောင်သာ၊သားကျိုးစားပါနော်
အမေကတိတောင်းခဲ့တယ်။
ဒါပေမဲ့ကျနော့်စိတ်ထဲမှာတနေ့နေ့တချိန်ချိန်တနေရာရာမှာ၊ကျနော်တတ်ထားတဲ့အနုပညာထုတ်ပြဖို့ရည်ရွယ်ထားပါတယ်။
ရန်ကုန်မှာတော့မဖြစ်နိုင်၊အဖေသိရင်အမေမလွယ်ရေးချမလွယ်။
ဒီနေ့ကျနော်ကွင်းဆင်းနေတဲ့ပြင်ရွာစခန်းသိမ်းပွဲမှာကျနော့်အနုပညာထုတ်ပြဖို့မျော်လင့်ထားပါတယ်၊
ကွင်းဆင်းနေရင်း၊မအားတဲ့ကြားထဲကရွာထဲကကာလသားတွေ၊ရွာလူကြီးတွေနဲ့လိုက်ချိတ်ကြည့်တာ၊
ရွာမှာအလှူရှိရင်လိုက်တီးတဲ့ဒိုးဝိုင်းတစ်ဝိုင်းရှိတယ်။
သူတို့နဲ့ချိတ်မိတော့သူတို့ကူညီမယ်တဲ့၊အသံချဲ့စက်ပါကူမယ်.
ကျနော်တို့စခန်းသိမ်းတဲ့ညမှာဆိုင်းတီးပေးမယ်၊ဆိုတာ၊ကတာကျနော့်တာဝန်
ဒါပေမဲ့နှစ်ရက်သုံးရက်လောက်သီချင်းတိုက်ဖို့လိုမယ်၊
ကူညီပေးမယ်တဲ့၊ရွာသားတွေကအပျော်ကြိုက်တယ်
တက္ကသိုလ်ကျောင်းသားကမယ်ဆိုတော့သူကြီးအမိန့်နဲ့အားလုံးဝိုင်းကူကြ
နေ့ခင်းရွာဓမ္မါရုံမှာအကတိုက်ကြမယ်၊အဆိုတိုက်ကြမယ်
ဘာဘဲဖြစ်ဖြစ်သူကြီးကိုယ်တိုင်အားပေးမှတော့ပွဲစည်ဖို့များနေပြီ
ဒါပေမဲ့အရေးကြီးဆုံးကိုကျနော်မေ့နေတယ်
ဆရာဦးမေတ္တာခွင့်ပြုချက်ရဖို့လိုတယ်၊ဆရာ့ဆီမှာခွင့်ပြုချက်တောင်းရမည်
ကျနော့်ဘဝအကြောင်းကိုအရင်ပြောပြတယ်
ကျနော်အနုပညာကိုအဖေ့ပတ်ဝန်းကျင်ရန်ကုန်မှာဘယ်လိုမှဖော်ထုတ်လို့မရ။
ဒီရှမ်းပြည်မှာဒီလိုအခြေအနေမှာအဆင်ပြေဆုံး
ဖြစ်ပါ့မလားဗလကြီးရာ၊ဘယ်နေရာမှာကမှာလဲ
ဓမ္မါရုံမှာပါဆရာ
သူကြီးခွင့်ပြုချက်လိုတယ်နော်
သူကြီးကိုပြောထားပြီးပါပြီ၊သူကြီးခွင့်ပြုတယ်ဆရာ
ရွာကယိမ်းသမတွေလဲကူညီမယ်လို့ပြောပါတယ်
ဟ,,,ဟ,,,မင်းနဲ့တွဲကလို့ကာလသားတွေကြည်ဖြူပါ့မလား
ကာလသားခေါင်းကိုသာအေးကိုပြောထားပါတယ်
သူများသမီးပျိုတွေကိုသိပ်ကြီးဆွဲလားရမ်းလားမလုပ်ပါနဲ့ကွာ
ဆရာတို့ကရန်တွေဖြစ်မှာစိုးလို့ပါ
သူကြီးဆီမှာခွင့်တောင်းတုန်းကကျနော့်တစ်ယောက်ထဲကပါ့မယ်လို့ခွင့်တောင်းခဲ့တာပါ
ဒါပေမဲ့သူကြီးကမောင်ကျောင်းသားမင်းတစ်ယောက်ထဲဆိုမမြိုင်ဘူးလေကွာ
မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားအောင်ကျုပ်ရွာထဲကယိမ်းသမတွေကိုအကူခိုင်းလိုက်မယ်
ဒီလိုနဲ့ဒီလိုဖြစ်သွားတာပါ။
သူငယ်ချင်းများ
ဗလကြီးအကြောင်းနားထောင်လိုက်ကြတာတော်တော်မိုးချုပ်နေပြီ။
ဗလကြီးရဲ့အနုပညာပိုးကတော်တော်ပြင်းနေပြီ၊
လူမှာအမျိုးဆိုတာအမှန်၊အဖိုးရဲ့အနုပညာသွေးတွေဗလကြီးကိုယ်ထဲမှာအပြည့်၊
သူ့ရင်ထဲကစကားတွေနားထောင်နေရင်းကျနော့်စိတ်ထဲမှာကူညီချင်စိတ်တွေတဖွားဖွားပေါ်လာပါတယ်။
ဒါပေမဲ့ကျနော်တို့တအုပ်စုလုံးအင်းလေးနဲ့ပင်းတယသွားလည်ကြဖို့ရန်ကုန်မှာကတည်းကစီစဥ်ထားကြတယ်။
ဒါကိုဗလကြီးလဲသိတယ်။
ဗလကြီးမင်းကိစ္စကိုငါတို့ဝိုင်းစဥ်းစားပေးမယ်၊ရက်လဲလိုပါသေးတယ်၊
မောင်ဂျစ်မင်းတို့အားလုံးပျော်ပျော်ကြီးသွားကြပါ
ငါ့ကိစ္စငါစီစဥ်ပါ့မယ်၊ငါ့ကိုအားမနာနဲ့
ဗလကြီးဘယ်လိုပြောပြော၊သူဟာကျနော်တို့အုပ်စုထဲမှာအနစ်နာအခံဆုံးသူငယ်ချင်း
ဘယ်လိုဘဲဖြစ်ဖြစ်အားလုံးသဘောထားကိုမေးကြည့်ရမယ်၊
ကျနော့်စိတ်ထဲမှာဗလကြီးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါပြီ
အင်းလေး၊ပင်းတယခရီးကျနော်မလိုက်တော့ပါ
ညအိပ်တော့ဘေးမှာအိပ်နေတဲ့ဗျော့ကြီးကိုပြောပြလိုက်ပါတယ်၊
နောက်ရက်တွေမှာကျနော်မလိုက်ဖြစ်တာသိကုန်ပါတယ်၊
ဒီလိုနဲ့ဘဲပြင်ရွာစခန်းနောက်ဆုံးနေ့ရောက်လာပါပြီ၊
နောက်ဆုံးနေ့ဆိုတာလူတွေ့စစ်တာပါ၊အားလုံးအဆင်ပြေကြပါတယ်။
လူတွေ့စစ်ပြီးတာနဲ့တောင်ကြီး၊အင်းလေး၊ပင်းတယခရီးသွားမည့်သူများကိုဆရာတွေကထွက်ခွင့်ပေးလိုက်ပါပြီ၊
ကျနော်တို့အုပ်စုခရီးမသွားဖြစ်တော့ပါ၊ဗလကြီးကိုကူညီမည်၊
ဒီနေ့ရသလောက်အချိန်လေးမှာသီချင်းတိုက်မည်၊အကတိုက်မည်၊
ဗလကြီးကသူ့ကက်ဆက်နဲ့သူရွေးထားသေားသီချင်းခွေယူပြီးဓမ္မါရုံဆီကိုချီတက်ကြပါတယ်၊
ဓမ္မါရုံမှာတီးဝိုင်းသမားတွေစောင့်နေကြတယ်၊
တကယ်ဆိုရင်ကက်ဆက်ဖွင့်ပြီးဘန်ဂလိုမှာကဖို့ဘဲစီစဥ်ထားတာ၊ဓမ္မါရုံလောက်အထိလဲမရည်ရွယ်ခဲ့ပါ
အကူညီပေးမည့်သူတွေကလဲအဆင်သင့်ဆိုတော့ရွာသားပရိတ်သတ်အများကြီးရှေ့မှာဗလကြီးအနုပညာ
ဖေါ်ထုတ်ခွင့်ရသွားပါပြီ။
သူကမည့်သီချင်းများကိုရွေးတယ်၊တီးဝိုင်းသမားတွေကတီးနိုင်မည့်သီချင်းတွေရွေးတယ်။
ပြီးတော့မှအသင့်တော်ဆုံးဖြစ်မည့်သီချင်းတွေကိုရွေးကြတယ်။
ဒါဆိုဗလကြီးအဆိုနဲ့သီချင်းတိုက်ကြတော့မည်။
နောက်ကျရင်အက၊အဆို၊တီးဝိုင်းတပြိုင်တည်းတိုက်တော့မည်။
အစမ်းတိုက်ကြမယ်၊အဆိုနဲ့အတီးစပြီ
ရွာသားတစ်ယောက်မိုက်ဂျပ်ပင်နဲ့အသံချဲ့စက်လော်နဲ့ချိတ်ပေးလိုက်တော့ဗလကြီးသီချင်းသံ
တရွာလုံးပြန့်လွင့်လို့သွားပါတော့တယ်။
“ဓမ္မါရုံမှာကျောင်းသားတွေအကတိုက်နေပြီ၊အကတိုက်မည့်နှမငယ်များအမြန်လာကြပါ”
လော်နဲ့ခေါ်လိုက်တာနာရီဝက်အတွင်းပေလေးဆယ်ပတ်လည်ဓမ္မါရုံတခုလုံးပြည့်သွားပါတော့တယ်၊
ဗလကြီးသူ့ပရိတ်သတ်ကိုကြည့်ပြီးတော်တော်အားရကျေနပ်နေပုံရတယ်၊
ကျနော်တို့အုပ်စုဓမ္မါရုံကိုဇာတ်ခုံအသွင်ပြောင်းဖို့ဝိုင်းစဥ်းစားကြတယ်။
မျက်နှာစာ ၃ ခန်းဖွဲ့ထားပြီးမြေပြင်ထက်၃ ပေမြင့်၊ဖိနပ်ချွတ်ကပြင်တခုအပေါ်လှေကားထိုးထားတယ်။
လှေကားနဲ့ကပြင်ဖြုတ်လိုက်ရင်ဓမ္မါရုံဟာဇာတ်ခုံပုံမျိုးဖြစ်သွားမယ်၊
လှေကားနဲ့ကပြင်ဖြုတ်ဖို့ကာလသားခေါင်းကိုသာအေးအကူအညီနဲ့သူကြီးခွင့်ပြုချက်တောင်းခဲ့တယ်။
ပွဲတွေပြီးရင်နဂိုအတိုင်းပြန်တပ်ထားပေးမယ်။ရွာသားတွေအကူအညီနဲ့ဓမ္မါရုံလဲဇာတ်ခုံဘဝရောက်သွားပြီ၊
လမ်းမနဲ့ပေ ၃၀ အနောက်ဆုတ်ထားတဲ့ဓမ္မါရုံ၊ပရိတ်သတ်အတွက်နေရာအတော်ဘဲ၊
ကျနော်တို့တာဝန်ပြီးသလောက်ဖြစ်နေပြီ
ဗလကြီးကိုကြည့်တော့ဇာတ်မင်းသားများလိုရောင်ထုံး၊ထုံးထားတယ်။
ဒီကောင်ဆံပင်ရှည်ထားတဲ့ရည်ရွယ်ချက်ကိုသိလိုက်ရပြီ၊မချောဆယ်ယောက်ကိုအကသင်ပေးနေသောဗလကြီး
ကျနော်တို့ဖက်လှည့်ပြီးလက်မထောင်ပြနေတယ်။ဆိုသံတွေ၊အကတိုက်နေတဲ့အသံတွေကလော်မှတဆင့်
ကတရွာလုံးပြန့်လွင့်နေတယ်။ညနေစောင်းတော့အလိုလိုနေရင်းလူစုသလိုဖြစ်နေပါတယ်။
ဓမ္မါရုံနားတဝိုက်လူတွေစည်ကားနေပြီ။
ဗလကြီးတစ်ယောက်ဆိုလိုက်၊ကလိုက်ညစာမေ့နေပြီ၊
ကျနော်တို့အလှဲ့ကျထမင်းပြန်စားကြတယ်၊၊ကျနော်တို့ဓမ္မါရုံပြန်ရောက်တော့၊အမယ်ဗလကြီးတစ်ယောက်
မချောဆယ်ယောက်နဲ့ရွာသားအလယ်မှာထမင်းစားနေတယ်၊ဒီကောင်ကံကောင်းပါ့၊
ထမင်းစားပြီးတော့ဆက်ပြီးအကတိုက်ကြပါတယ်၊၊လူတွေလျှံနေပြီ။
ဗလကြိးပြောဟန်လေသံတွေကသူ့ကိုယ်သူဇာတ်ဆရာ၊ဇာတ်ဆရာချင်းထပ်နေရော
ယိမ်းသမတွေကလဲဇာတ်ဆရာ၊တီးဝိုင်းအဖွဲ့လဲဇာတ်ဆရာ။
ဇာတ်ဆရာဗလကြီးပီတိဖြာလို့၊သူ့အနုပညာထုတ်ပြခွင့်ရလို့အရမ်းကျေနပ်နေပုံရတယ်။
မမောနိုင်၊မပမ်းနိုင်ကကြိုးတွေကြားမှာသူပျော်နေတယ်။
ညဖက်ရောက်တော့သူကြီးလာကြည့်ပါတယ်၊ဗလကြီးရဲ့ငြိမ့်ငြောင်းနွဲ့နှောင်းတဲ့ကကွက်ကိုကြည့်ပြီး
မောင်ကျောင်းသားကကွက်တယ်ကောင်းပါလားလို့ချီးကျူးနေတယ်။
အကတိုက်တာတွေကြည့်ရင်းသူကြီးခေါင်းလေးတငြိမ့်ငြိမ့်၊
ညအိပ်ချိန်ရောက်တော့ကျနော်တို့အားလုံးမီးလှုံရင်းစကားတွေပြောကြတယ်၊
ဗလကြီးမင်းဒီလိုဘဲတီရှပ်၊ပုဆိုးနဲ့ဘဲကမလို့လား
ဟာ,,ဘယ်ဟုတ်မလဲ၊ငါပြမယ်၊
ချိတ်ပုဆိုး၊ခေါင်းပေါင်း၊ခါးတောင်မင်းသားအင်္ကျီတို့ကိုအဝတ်အိတ်ထဲကဆွဲထုတ်ပြပါတယ်။
မင်းသားတွေအတွင်းဝတ်တဲ့သရီးကွာတလို၊ရွှေချည်ထိုးဘောင်းဘီလဲပါသေးတယ်၊
အားလုံးတအံ့တသြနဲ့ကြည့်ကြပြီးဒီကောင်ဝါသနာတော်တော်ကြီးတာသိလိုက်ကြပါတယ်။
ကျနော်တို့အားလုံးသူ့ကိုပါရမီဝိုင်းဖြည့်ပေးရမည်။
ဘဝဇာတ်ဆရာဗလကြီး
ညအိပ်တော့တော်တော်နဲ့အိပ်မပျော်၊ဘေးကသူငယ်ချင်းတွေအားလုံးအိပ်မောကျနေကြပြီ၊
ကျနော့်ကိုသူငယ်ချင်းတွေအားလုံးဝိုင်းကူကြတယ်၊ပင်ပမ်းတယ်လို့တစ်ချက်မှမငြီးဘူး၊
ငယ်ငယ်တုန်းကအကြောင်းပြန်တွေးရင်ကျနော့်အပေါ်သူငယ်ချင်းတွေမကောင်းကြပါ၊
လေးတန်းနှစ်စည်တော်ယိမ်းကျနော်ကပြကတည်းကပါဘဲ၊ကျနော့်ကိုဝိုင်းလှောင်ကြတာ
ပွဲမင်းသား၊မျောက်ဖိုးစိန်၊အခြောက်အမျိုးမျိုးကင်ပွန်းတပ်ပြီးခေါ်လိုက်ကြတာ၊
လူကောင်သေးသေးနဲ့နိုင်ချင်တိုင်းကျနော့်ကိုနိုင်ခဲ့ကြတာ၊
ဒါကြောင့်မို့လဲဗလကြီးလာအောင်လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်၊၊ရန်တွေလဲမဖြစ်ချင်ပါဘူး၊
အမေ့ဆီကအနုပညာသွေးကလူကိုနူးညံ့စေပါတယ်။လူကောင်ကြီးလာတော့နဲနဲရှိန်သွားကြပေမဲ့လဲ
ဗရုတ်အုပ်စုတွေကဆယ်တန်းထိဟားတိုက်ပြီးလှောင်နေဆဲပါဘဲ၊
စတိတ်ကျောင်းသားဘဝမှာလှောင်စရာကျောင်းသားတစ်ယောက်ဖြစ်ခဲ့ရတယ်။
ဒါကြောင့်ဆယ်တန်းအောင်ပြီးတော့အနားကသူငယ်ချင်းတွေကိုကျနော့်ဝါသနာအကြောင်းမပြောတော့ဘူး၊
တတိယနှစ်မောင်ဂျစ်တို့ဗျော့ကြီးတို့အုပ်စုနဲ့ပေါင်းမိတော့၊သူတို့စိတ်ဓါတ်တွေသိလာလို့ကျနော့်အကြောင်းတွေ
ပြောပြလိုက်တယ်။သူတို့ကျနော်ကိုမဟားဘူး၊မလှောင်ဘူး၊အခုလဲဝိုင်းကူညီပေးတယ်၊
တကယ်တော့သူတို့တွေလဲအနုပညာသမား၊ဂစ်တာသမားတွေပါ၊
လွမ်းမိုးသီချင်းတွေ၊စိုင်းထီးဆိုင်သီချင်းတွေကိုအရမ်းပိုင်တာ၊
ညဖက်အဆောင်မှာသွားတီးနေကျ၊သူတို့ပရိတ်သတ်လဲများတယ်။
အခုဂစ်တာဘေးချထားပြီးကျနော့်ကိစ္စဝိုင်းလုပ်ပေးနေကြတယ်၊
ရန်ကုန်ပြန်ရောက်ရင်သူငယ်ချင်းတွေအကြောင်းအမေ့ကိုပြောပြရအုန်းမယ်။
ဆက်ရန် ..ဘဝဇာတ်ဆရာအပိုင်း( ၂ )
#ကိုဂျစ်
# ဘဝဇာတ်ဆရာ
ဘဝဇာတ်ဆရာအပိုင်း( ၂ )
ဇာတ်ခုံပြင်ဆင်ခြင်း
ဒီနေ့ညဗလကြီးပွဲကမယ်ဆိုတော့နေ့ခင်းကတည်းကဇာတ်ခုံအပြင်အဆင်တွေဝိုင်းပြင်နေကြတယ်၊
ဇာတ်ခုံလိုက်ကာ၊မီးလုံးတွေဆင်နေကြရင်း၊ဗလကြီးကနေခုန်နေတာလဲကြည့်ရင်း၊
မြင်နေသမျှပြောရရင်ဗလကြီးနဲ့ယှဥ်ကနိုင်တဲ့ယိမ်းသမတစ်ယောက်ဘဲတွေ့တယ်၊
ကျန်တာတွေကဖဲဝိုင်းစကားနဲ့ပြောရရင်အိမ်ဖြည့်တွေ၊ဖင်လှုပ်ခေါင်းလှုပ်တောင်အပေါက်အလမ်းမတည့်၊
လက်ချိုးခြေချိုးလဲအဆင်မပြေ၊
ဒီကောင်မလေးကတာအရမ်းညက်တယ်၊ဗလကြီးနဲ့အတွဲညီတယ်၊၊အပေးအယူမျှတယ်။
သူတို့နှစ်ယောက်နှစ်ပါးဂွင်ကကြမယ်၊အတော်ကြည့်ကောင်းမဲ့အတွဲ၊
စကားပြောကြရင်းကာလသားခေါင်းကိုရင်သာအေးကသူကြီးတူ၊
အကတော်တဲ့ယိမ်းသမခေါင်းဆောင်မင်းသမီးကသူကြီးသမီးမိချို
သူကြီးသမီးကအကသင်တမ်းတွေအများကြီးတက်ထားတယ်၊
မိတ္ထီလာမဟာသင်္ကြန်တွေမှာယိမ်းအဖွဲ့လိုက်သွားပြိုင်နေကျ၊ဆုတွေဘာတွေလဲရခဲ့တယ်။
သူကြီးကသူ့သမီးအကတော်ကြောင်းကြွားချင်နေတယ်၊ကြွားချင်ပေမဲ့လဲသူကြီးသမီးအတွက်
ကကွက်ကလဲမရှိ၊ရှင်ပြုအလှူတွေမှာလဲသူကြီးကခွင့်မပြုပါ၊သမီးလက်ရည်နဲ့အဆင့်နိမ့်လွန်းတယ်။
အဆင့်အတန်းရှိတဲ့နေရာမျိုးမှာကစေချင်တာ၊
ဟိုဖက်ရွာကသူကြီးသမီးလဲအကတော်တယ်၊သူတို့ရွာမှာပျဥ်းမနားဇာတ်ပွဲလာတုန်းက
ဇာတ်ဆရာနဲ့ပေါင်းပြီးသူကြီးသမီးကိုပွဲထုတ်ခဲ့သေးတယ်။
ဒီသတင်းကြားတော့မိချိုအဖေသူကြီးရင်ထဲမှာယားကျိကျိ
မဖြစ်ဘူးငါ့သမီးအကတော်ကြောင်းကိုရွာနီးစပ်တွေသိရအောင်ပွဲထုတ်ရအုန်းမယ်၊
ဒါပေမဲ့အခွင့်မသာခဲ့ပါ
ကဲခုတော့အခါအခွင့်ကြုံပြီ
ဟိုဖက်ရွာကသူကြီးသမီးနဲ့တွဲကတဲ့ဇာတ်မင်းသားကအညာသား၊အသံကပြာတာတာ
အခုကျုပ်သမီးနဲ့တွဲကတာတက္ကသိုလ်ကျောင်းသား၊အရပ်မြင့်မြင့်၊အသားဖြူဖြူ၊
အဆိုကလဲပိုင်လိုက်သေး
ဟိုအညာသားပွဲမင်းသားနဲ့လာမနှိုင်းနဲ့၊ဆီနဲ့ရေ
သူကြီးတူသာအေးဆီကသတင်းရတာ
ဒါကြောင့်မို့သူကြီးအားထည့်ပြီးကူနေတာ၊
အဲဒီကတည်းကသူကြီးအနီးအနားရွာတွေကိုသတင်းလွင့်ပြီးပြီ၊
သူတို့ရွာမှာရန်ကုန်တက္ကသိုလ်အနုပညာအသင်းကအကပညာရှင်စေတနာနဲ့ကပြမည့်အကြောင်း၊
သမီးမိချိုနဲ့လဲတွဲကဖို့ကမ်းလှမ်းလို့သမီးလဲကူညီကပြပေးမည့်အကြောင်းတွေ၊
ဘာဘဲဖြစ်ဖြစ်အနီးအနားရွာတွေစိတ်ဝင်စားနေပြီ၊ဒီညပရိတ်သတ်များများနဲ့မြင်ရတော့မယ်။
ပင်းတယ၊တောင်ကြီးသွာလည်ကြသောသူငယ်ချင်းများတဖွဲဖွဲပြန်ရောက်လာကြပြီ၊
ဗလကြီးပွဲအားပေးကြမည်၊
ကျနော်တို့အချင်းချင်းသိက္ခာကျသည့်လှောင်ပြောင်မှုတွေမလုပ်ဖို့ဆရာတွေကသတိပေးပါတယ်။
သူငယ်ချင်းအားလုံးစိတ်ထဲမှာလှောင်ပြောင်တာတွေမရှိကြပါဘူး၊
အချင်းချင်းယိုင်းပင်းကူညီရမယ်ဆိုအားလုံးနားလည်ကြပါတယ်။
ဗလကြီး၏ဇာတ်ပွဲ
ဒါပေမဲ့လဲပွဲကတော်တော်မထွက်နိုင်၊ စင်ဘေးမှာသူကြီးအဖွဲ့တွေ၊လူကြီးတွေ၊ကိုရင်သာအေးတို့လူငယ်တွေ
စကားတွေပြောနေကြတယ်၊ဘာတွေရှုပ်နေကြလဲမသိပါ၊
တစ်ခုခုတော့တစ်ခုခုဘဲ
မိတ်ကပ်အဖွေးသားမျက်နှာနဲ့ဗလကြီးလိုက်ကာကြားထဲက ငါးမိနစ်တစ်ခါလောက်ထွက်ထွက်လာတယ်။
မျက်နှာလေးဘဲပြပြီး၊တောင်ကြည့်မြောက်ကြည့်နဲ့ပြန်ဝင်
သူ့မျက်နှာမြင်ရင်ကျောင်းသားတွေကလဲလက်ခေါက်မှုတ်သူကမှုတ်၊တဟေးဟေးနဲ့ညာသံပေးရတာအမော၊
ခဏခဏမျက်နှာထွက်ထွက်ပြနေတဲ့ဗလကြီးကိုကြာလာတော့သူငယ်ချင်းတွေစိတ်မရှည်တော့၊
ပရိတ်သတ်တွေတော်တော်များနေပြီ၊ ရွာနီးစပ်ကလူတွေပွဲငတ်နေတာနဲ့မျှော်လင့်နေကြတာ၊
ထွက်ပါတော့ဗျို့ အော်ကြပြီ ၊ လှိုင်ဇာတ်ရုံမှာအော်တာမျိုးအော်နေကြပြီ။
ရှေ့ထွက်ဆိုင်းသံတညံညံနဲ့တီးနေတာကြာနေပြီ
ဘာအတွက်ကြာနေလဲ ၊ နားမလည်တော့
သူငယ်ချင်းအားလုံး ဗလကြီးဘယ်လိုပုံစံနဲ့ထွက်လာမလဲ မျှော်တလင့်လင့်နဲ့စိတ်မရှည်တော့။
ဗလကြီးမင်းသမီးဘယ်ညာတစ်ယောက်စီနဲ့ထွက်မလား
အလယ်မှာတစ်ယောက်ထဲ နောက်ကဝိုင်းရံနေကြမလား
မင်းသမီးတွေကလဲအများသား၊ မင်းသားမျက်နှာပွင့်ချက်ကကောင်းနေရော၊
ဒီလိုနဲ့ဘဲရွှေမန်းတင်မောင်ရဲ့အောင်ပါစေတေးသွားကိုဆိုင်းသမားတွေကပီပီပြင်ပြင်နဲ့တီးနေပြီ
မင်းသားထွက်တော့မယ်ထင်ပါရဲ့
ကားဆွဲသမားလိုက်ကာကိုဖြေးဖြေးချင်းဆွဲတင်နေပြီ၊
အောက်ကစပြီးမြင်ရပြီ၊ မင်းသမီးနဲ့မင်းသား ချိတ်ဆင်တူလေးနဲ့
ချိတ်တောင်ရှည်ပုဆိုးနဲ့မင်းသား၊ ဘယ်မင်းသမီးလဲမသိဘူး၊
နဲနဲ ဝနေသလို၊မင်းသမီး.....ဖင်ကြီးလှချည်လား
မင်းသမီးနဲ့မင်းသားကပရိတ်သတ်ကိုကျောပေးထားတယ်
လိုက်ကာဆွဲတင်လိုက်ပြီ၊ မင်းသားနဲ့မင်းသမီးတဖြေးဖြေးချင်းပရိတ်သတ်ဖက်မျက်နှာလှည့်လာပြီ
ဟာကနဲဟင်ကနဲ အသံတွေ၊ လခွမ်း မှဘဲ ၊ အော်သံမျိုးစုံ ၊ ဆဲသံမျိုးစုံလဲမထပ်ရဘဲ ဆူညံသွားပါတယ်၊
ပုံတော်ဖိနပ်၊ချိတ်တောင်ရှည်ပုဆိုး၊ ရင်ဖုံးတိုက်ပုံ၊ ခေါင်ပေါင်းကိုညာချထားပြီး
မိတ်ကပ်လိမ်းထားတဲ့သူကြီးနဲ့မင်းသမီးထိုင်မသိမ်းဝတ်စုံအပြည့်နဲ့သူကြီးကတော်(ခြေအိတ်အဖြူပါဝတ်လိုက်သေးတယ်)
ကျနော်တို့ကျောင်းသားပါးစပ်ဆိုတာက၊ဘရိတ်ပေါက်နေတဲ့ကားလိုဘဲ
ဆဲသံဆိုသံတွေ၊ ဒလစပ် ဆူညံကုန်ပါတယ်
ဗလကြီးမင်းဘယ်ရောက်နေလဲ၊ မင်းကိုငါတို့လာအားပေးတာ
ဒီသောက်ခွက်မှန်းသိရင်မလာဘူး၊ခွေးချေးပုံကြည့်ရသလိုဘဲ။
ချီးဘဲကွာ
သူကြီးကိုကြည့်ရတာအရေထူနေတဲ့ပုံဘဲ၊ဒီလောက်ဆဲဆိုသံတွေကြားထဲမှာအေးအေးဆေးဆေးသာသာယာယာ၊
လူတွေကိုပြုံးပြလိုက်သေး
အောင်ပါစေ--အောင်ပါစေ
ဇေယျတုနဲ့ချွေ၊သပြေနုခက်ဝေ
ရွှေရေချမ်းလောင်းလို့၊တောင်းဆုပန်ချွေ
ကမ္ဘာမြေအမှီပြုတဲ့၊လူထုအားလုံးကျန်းမာချမ်းသာစေ------
သူ့အရပ်နဲ့သူ့ဇာတ်ဟုတ်နေရော၊သူကြီးကသီချင်းဆိုပြီးသူကြီးကတော်ကွေးနေအောင်ကတယ်၊
သူ့အမျိုးအဆွေတွေကလက်ခုပ်တီးလို့
ရွာပရိတ်သတ်ဘယ်လိုနေလဲကျနော်တို့မသိ၊
ကျနော်တို့အားလုံးမကျေနပ်ကြပါ၊ ထားလိုက်တော့သူ့ရွာမှာသူ့သဘော
သူကြီးတို့လင်မယားဆိုလို့ကလို့ပြီးသွားပြီ
ကျနော်တို့ဗလကြီးအလှည့်ရောက်ပြီထင်တယ်၊
ဇာတ်ခုံပေါ်စားပွဲတွေ၊ခုံတွေခင်းနေကြတယ်။ရွားသားတစ်ယောက်လယ်ဂျာစာအုပ် ၃အုပ်၄အုပ်စားပွဲပေါ်လာတင်သွားတယ်။
သူကြီးကတော်ဆင်းသွားပြီ၊သူကြီးကမိုက်ခွက်ကိုင်ပြီး
ခုလိုလူတွေစုံတုန်းမှာဒီနှစ်သာရေးနာရေးစာရင်းရှင်းတမ်းနဲ့နောက်နှစ်သူကြီးရွေးဖို့ကိစ္စဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်၊
ပြီးရင်ဇာတ်ဆရာတက္ကသိုလ်ကျောင်းသားနဲ့ကျုပ်တို့ရွာသူအချောအလှများရဲ့နှစ်ပါးဂွင်ကိုဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။
ဒီနှစ်သာရေးနာရေးစာရင်းရှင်းတမ်းကို၊ကိုရင်သာအေးဖတ်ပြပါမယ်၊
မရှင်းတာရှိရင်နောက်မှမေးကြပါ၊အချိန်သိပ်မရလို့ပါ၊လူတွေကပွဲကြည့်ချင်နေကြပြီ
ဟုတ်တယ်မလားပရိတ်သတ်ကြီး’’
ဟုတ်တယ်
သူ့လူနဲ့သူအတိုင်အဖေါက်ညီနေရော၊ ကိုရင်သာအေးစာရင်းတွေဖတ်ပြနေတယ်
လော်အသံကသူကြီးသီချင်းဆိုတုန်းအသံကြည်နေပေမဲ့၊ ကိုရင်သာအေးငွေစာရင်းလဲဖတ်ရော
မိုက်သံ၊လော်အသံကဖေါက်လာပြီ၊ငှက်ဆိုးထိုးသံလိုလို၊ကြွက်အော်သံလိုလို၊ဆူညံသံမျိုးစုံ၊
ကိုရင်သာအေးစာရင်းဇယားကလဲဝိုးတိုးဝါးတား
စိတ်ထဲမှာမကျေနပ်ပါ။ သူကြီးကျနော်တို့ကိုထိပ်ကွက်သွားပြီး
သူငယ်ချင်းတွေရဲ့ဆဲဆိုသံတွေပိုကျယ်လာတယ်။
ဒါပေမဲ့ရွာသားတွေရဲ့အသံကပိုကျယ်လာပါတယ်။
ဝါဆိုလပြည့်နေ့အလှူတုန်းကကျုပ်ဝက်နှစ်ကောင်ဘိုးခုထိမရသေးဘူး။
သူကြီးမိသားစုဝါဆိုသင်္ဃန်းသာစည်မှာသွားကပ်တဲ့ကိစ္စဘာလို့ကျုပ်တို့ရွာစာရင်းထဲလာထည့်ထားလဲ
သွားတာဘယ်သူမှလဲမသိဘူး
သူကြီးအဒေါ်ဆုံးတုန်းကနာရေးအကူငါးသောင်းဆိုတာကျုပ်ကြားလိုက်တယ်။
ကျုပ်အမေဆုံးတော့ဘာနာရေးအကူမှရောက်မလာဘူး၊ဒါဘာသဘောလဲ။
အရူးမလေးသဇင်,လေဥ၊ဥတဲ့ကိစ္စရှင်းပေးပါအုန်း
သူ့ဗိုက်ကတော်တော်ထွက်နေပြီ
သူ့ဟာသူလမ်းတကာလျှောက်သွားပြီး၊ဘယ်ကောင်ဘုလိုက်လဲငါမသိဘူး
ဘာလို့ဒီကိစ္စဒီမှာလာပြောနေတာလဲ
တစ်ရွာလုံးသူကြီးခြေရာလက်ရာတွေဆိုတော့သူကြီးသိမလားလို့ပါ
သင်္ကြန်တုန်းကသူကြီးသမီးမိတ္ထီလာမှာအကသွားပြိုင်တာဘာဆိုင်လို့သင်္ကြန်ဖျော်ဖြေရေးစရိတ်တင်ထားတာလဲ
မကျေနပ်ဘူး
မျောစာမပါလို့ဖမ်းထားတဲ့သစ်ပုံကြီးလျော့လျော့နေတာသူကြီးသိလား
ဒီညအချိန်မရဘူးနောက်နေ့ရှင်းမယ်
တစ်ယောက်တစ်ပေါက်မေးတာတွေ၊ပြန်ပြောတာတွေဆူညံနေ
ကျနော်တို့လဲတော်တော်စိတ်ပျက်ကုန်တယ်၊ငြင်းခုံတာတွေပိုပြင်းထန်လာတယ်
ဗလကြီးနှစ်ပါးဂွင်ကမိုးလင်းမှကရမယ်ထင့်
ရုတ္တရက်မိုက်သံတွေတိုးသွားပါတယ်၊အသံပျောက်သွားလို့သူကြီးသူ့မိုက်ကိုကိုင်ပြီး
ဟဲလို တက်စတင်း လုပ်နေတယ်
ဒီအချိန်မိုက်ခွက်ကိုင်ပြီးလူတစ်ယောက်စင်ပေါ်တက်လာပါတယ်၊
အားလုံးငြိမ်ပေးကြပါ၊ ကျနော်ကနောင်နှစ်လူကြီးရွေးပွဲမှာဝင်အရွေးခံမဲ့ ဦးလူအေးဖြစ်ပါတယ်၊
အသံပါဝါကြီးကြီး၊ကြည်လင်နေတဲ့မိုက်အသံနဲ့စကားကိုဟန်ပန်နဲ့ပြောပါတယ်။
ဒီလူမိုက်ခွက်နဲ့မစိမ်းသောသူဖြစ်မယ်လို့ထင်ပါတယ်။
သူကြီး”ဟေ့ကောင်သာအေး ,စက်အနားကကောင်တွေဘယ်မှာသွားသေနေကြလဲ
ဘယ်လိုလုပ်ဘုန်းကြီးလူထွက်ဆီမိုက်ခွက်ရောက်သွားရတာလဲ
ဦးလူအေး”ကျနော်ရှင်းပြပါ့မယ်၊ဖမ်းထားတဲ့သစ်တွေဘယ်ရောက်သွားလဲဆိုရင်
ရွာမြောက်ဖက်ကမအေးအိမ်ရောက်သွားလို့ပါ၊ မအေးတဲပုတ်ကတစ်ထပ်ခြေတံရှည်အိမ်ဖြစ်သွားတာအားလုံးမြင်ကြမှာပါ
ဒါပေမဲ့တစ်ယောက်မှမဟကြဘူး၊သူကြီးနဲ့ပတ်သက်နေလို့ပါ
ဖမ်းထားတဲ့သစ်စာရင်း၊သစ်တောမှာအတိအကျရှိပါတယ်
စစ်ဆေးရေးဝင်တဲ့တစ်နေ့ကျရင်ကျုပ်တို့တစ်ရွာလုံးအဖမ်းခံရပါမယ်
ဒါမှမဟုတ်တစ်ရွာလုံးစိုက်လျှော်ရပါလိမ့်မယ်
သူကြီးလျှော်မှာမဟုတ်ပါဘူး၊အားလုံးကိုထိုးထည့်မှာ
နောက်ပြီးမအေးဟာလတ်တလော၊လင်နဲ့ကွဲနေပေမဲ့တရားဝင်မကွာရှင်းရသေးပါဘူး
သူကြီးဟာသူတစ်ပါးသားမယားကိုအပြစ်ကျူးလွန်နေပါတယ်
ငွေစာရင်းတွေကိုကလိမ်ကကျစ်အမျိုးမျိုးလုပ်ပြီးရိုးသားတဲ့ကျုပ်တို့ရွာသားတွေကိုညာစားနေပါတယ်
ဒီလိုမျိုးအကုသိုလ်အမျိုးမျိုးနဲ့တစ်ရွာလုံးကိုဒုက္ခပေးနေတဲ့လူကိုခင်ဗျားတို့နောက်နှစ်လူကြီးထပ်လုပ်ခိုင်းမလို့လား
အဲဒီမှာပွဲကြမ်းကုန်ပြီ၊ရွာသားတွေအုပ်စုနှစ်ခုကွဲသွားပြီ
ဘုန်းကြီးလူထွက်ဦးလူအေးကတစ်ဖက်
သူကြီးအဖွဲ့ကတစ်ဖက်
ခွေးမသားဘုန်းကြီးလူထွက်၊ဘုန်းကြီးအလုပ်အေးအေးဆေးဆေးမလုပ်တဲ့အကောင်
ပို့ဆွမ်းကိုအေးအေးဆေးဆေးမစားဘဲနဲ့ပို့ဆွမ်းပို့တဲ့အိမ်အထိလိုက်ကြောင်ပြီးလူထွက်တဲ့အကောင်
ပုဇွန်ဥနှောက်နဲ့သူကြီးအရွေးခံမယ်တဲ့၊မင့်ပါးစပ်ကပြောထွက်သေး
သူကြီးဆိုတာပိုက်ဆံရှိမှလုပ်လို့ရတာ၊ဘယ်မလဲမင့်သောက်ဆံ
သူကြီးအိတ်စိုက်ပြီးလုပ်နေတာမင်းဘာသိလို့လဲ
ဦးလူအေး” ကျုပ်သိတာပေါ့၊ ကျုပ်မှာဘာမှမရှိတာတစ်ရွာလုံးအသိ
ကျုပ်ဘာမှမမက်ဘူး၊ သူကြီးအိတ်စိုက်တာကျုပ်နားရှိလို့သာကြားလိုက်တယ်
ခေါင်းစဥ်အမျိုးမျိုးနဲ့ကောက်တဲ့ပိုက်ဆံတွေ
နောက်တော့ရွာသားတစ်မတ်၊သူကြီးတစ်ကျပ်ဖြစ်ကုန်တာကျုပ်မသိဘူးထင်လား
ခင်ဗျားဒီလိုနဲ့ချမ်းသာလာတာ၊ရွာပိုက်ဆံနဲ့ချမ်းသာပြီးရွာကိုပြန်မကြည့်တဲ့ကောင်
ကျုပ်ကတစ်ရွာလုံးကိုမေတ္တာဖြန့်ပြီးသူကြီးလုပ်မှာ
သူကြီး’’ ဘာမေတ္တာလဲ၊ မင့်မိန်းမကိုသွားပေးလိုက်
ဦးလူအေး” ဟုတ်တယ်ကျုပ်မေတ္တာကျုပ်ဇနီးကိုပေးတယ်
ခင်ဗျားလိုရွာနီးနားကမုဆိုးမတွေ၊တခုလပ်တွေကိုလိုက်မဝေဘူး
စတိတ်စင်ပေါ်ကစကားစစ်ထိုးပွဲ၊အနာပေါ်တုတ်ကျသွားလို့
အယုတ်တ၊အနတတွေသူကြီးပါးစပ်ကထွက်လာတယ်
ဒါပေမဲ့သူ့မိုက်ကအသံမထွက်တော့လူတွေဘာမှမကြား
ဦးလူအေးကတရားပြတဲ့ဒီဇိုင်းနဲ့ပြောဟောလိုက်တာရွာသားတွေသူ့ဖက်များလာတယ်
သူ့မိုက်ခွက်ကအသံထွက်တာကိုး
အဲဒီမှာရိုက်ကြ၊ထိုးကြ၊ဂဲတွေနဲ့ပြစ်ပေါက်ကြ
ရန်ပွဲကမထင်မှတ်ဘဲကြီးလာပါတော့တယ်
ဝင်မပါကြနဲ့၊ငါတို့ပြန်ကြမယ်
ဟေ့ဗလကြီးကိုလဲချန်မထားကြနဲ့
ဗလကြီးရေ လာခဲ့တော့၊အဆောင်ပြန်ကြမယ်
မင်းနှစ်ပါးဂွင်လဲမေ့လိုက်တော့၊ မင်းပါကြားညှပ်မယ်
ဗလကြီးကိုအော်ခေါ်ကြ
စင်ပေါ်မှာခွေးခြေခုံတွေအတောင်တပ်ထားသလိုမျိုးမိုးပျံပြီးရောက်လာပါတယ်။
အခြေအနေမကောင်းတော့
ဗလကြီး၊ဗလကြီး၊ထွက်ခဲ့တော့၊အဆောင်ပြန်မယ်၊သူငယ်ချင်းသံပြိုင်အော်ခေါ်သံကြားပြီး
မိတ်ကပ်အဖွေးသား၊ဇာတ်မင်းသားဝတ်စုံပြည့်နဲ့ဗလကြီးပြေးထွက်လာပါတယ်။
ဒါပေမဲ့သူ့နောက်တော်ပါးမှာသူ့ပုဆိုးကိုဆွဲပြီးဇာတ်မင်းသမီးဝတ်စုံပြည့်နဲ့သူကြီးသမီးကတန်းလန်းတန်းလန်း
မောင်ကြီးမောင်ကြီး--နှစ်မတော်စောင့်ပါအုန်း--နှစ်မတော်မထားခဲ့ပါနဲ့---နှစ်မတော်လဲလိုက်ပါရစေ။
အို--နှစ်မတော်--မောင်ကြီးကိုခွင့်လွတ်ပါ--နှစ်မတော်၊
ဒီဘဝမှာမောင်ကြီးနဲ့နှစ်မတော်မဆုံနိုင်တော့ဘူး၊
ဘာဖြစ်လို့လဲမောင်ကြီးရဲ့---
နှစ်မတော်နဲ့မောင်ကြီး ဘဝခြားသွားပြီ--နှစ်မတော်ရဲ့
မောင်ကြီးမောင်ကြီးဘယ်ဘဝရောက်ရောက်နှစ်မတော်လိုက်ခဲ့မယ်
မဖြစ်ချေဘူး---နှစ်မတော်ရဲ့
ဘယ်လိုဘဝခြားတာလဲမောင်ကြီး
မောင်ကြီးကနတ်ပြည်သွားတော့မလို့လား
တော့်ကိုနတ်သမီးငါးရာလက်ထဲတော့အရောက်မခံနိုင်ဘူး
မိရာဆွဲပြီးလိုက်ခဲ့မှာဘဲ--အဟင့်
ပုဆိုးစအတင်းဆွဲထားတဲ့သူကြီးသမီးလက်ကလွတ်အောင်၊တောင်ရှည်ပုဆိုးကွင်းလုံးချွတ်ချပြီး
ဗလကြီးပြေးလေပြီ၊ ပြေး--ပြေး--ပြေးနိုင်မှလွတ်မယ်
သူငယ်ချင်းတွေကညာသံပေးပြီးအော်ကြ
အဆောင်ပြန်ရောက်ပြီ။
အဖေ့စကားမှန်လိုက်တာ”ဖြစ်ချင်တိုင်းဖြစ်မယ်၊လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ဘယ်တော့မှမထင်နဲ့’’
“ဘဝဇာတ်ဆရာရဲ့ကခိုင်းတဲ့အတိုင်းကရတာ”
ကျုပ်ရဲ့ကကြိုးကကွက်တွေနဲ့သည်ရွာကပရိတ်သတ်တွေကိုဖျော်ဖြေဖြစ်မယ်လို့ကျုပ်စိတ်ထဲမှာလုံးဝ
ယုံကြည်ထားတာ၊ကြည့်စမ်းအဖေ့စကားအတိုင်းဘဲ
သူ့ကကြိုးကကွက်တွေနဲ့ပရိတ်သတ်အာရုံကိုဖမ်းစားဖို့ကျိုးစားလေ့ကျင့်ခဲ့တဲ့ဗလကြီး
အနုပညာအရည်အချင်းတွေကိုပြခွင့်မရခဲ့တဲ့ဗလကြီးဝမ်းနည်းပက်လက်၊မျက်ရည်လည်ရွဲနဲ့ပြောနေတယ်။
သူငယ်ချင်းအားလုံးသူ့အဖြစ်ကိုထူးဆန်းစွာကြည့်နေတယ်။
ကျနော်ကိုယ်တိုင်အံ့သြမိပါရဲ့၊မကရတာနဲ့ဒီလောက်ဖြစ်နေရလားလို့
တောင်ရှည်အသစ်လဲထားပြီးခါးပုံစဆွဲပြီးငိုနေတဲ့ပုံကလှိုင်ဇာတ်ရုံထဲကနောက်ပိုင်းအလွမ်းခန်းထွက်နေသလိုမျိုးဘဲ။
ဗလကြီးအနုပညာပိုးကမသေးပါလား၊
သူငယ်ချင်းအားလုံးဗလကြီးဒီလောက်ခံစားရမယ်လို့မထင်ထားကြ၊
“နေသလိုမဖြစ်တဲ့ဘဝ၊ဖြစ်သလိုနေရမယ်လို့ကြားဘူးတယ်”
ဒီတော့ဗလကြီးစိတ်ထဲပေါ့သွားအောင်ငါတို့အဆောင်မှာဘဲကကွာ။မင်းသမီးကိုလဲမခေါ်နဲ့တော့။
ဗလကြီး’’ အေး--ဒီလိုလဲကောင်းပါတယ်၊ငါ့ညီအစ်ကိုတွေရှေ့မှာဘဲငါ့ရဲ့ကကွက်တွေကိုကပြတော့မယ်၊
နောက်မို့ဆိုရင်ကြိုးစားထားတာအလကားဖြစ်သွားမယ်။
ခုတော့အချီးနှီးမဖြစ်တော့ဘူး၊
ညီအစ်ကိုတွေကျနော့်ကိုကူညီသောအားဖြင့်လက်ခုတ်ညီညီတီးပြီး၊စာသားရတဲ့သူတွေဝိုင်းဆိုပေးကြပါ။
(ဇာတ်သမားဟန်နဲ့ပြောတာ)
အိုကေ--ညီစေနော်---
ညီကြမယ်---ဒါဆိုစပြီ--- ဖိုး--သရီး--တူး--ဝမ်း--ဂိုး--
အောင်ပါစေ--အောင်ပါစေ
ဇေယျတုနဲ့ချွေ--သပြေနုခက်ဝေ
ရွှေရေချမ်းလောင်းလို့၊တောင်းဆုပန်ချွေ---
ကမ္ဘာမြေအမှီပြုတဲ့၊လူထုအားလုံးကျန်းမာချမ်းသာစေ------
စီးပွါးရေး၊ကြီးပွါးရေး၊သမီးရည်းစားရေးလဲအောင်ပါစေ---ဟေ့---ဟေ့--
စီးပွါးရေး၊ကြီးပွါးရေး၊သမီးရည်းစားရေးလဲအောင်ပါစေ---ဟေ့---ဟေ့--
ဇမ္ဗူတဝှမ်းမှာလှူဒါန်းမဲ့သူတွေ၊အောင်ပါစေ---အောင်ပါစေ
မင်္ဂလာရက်မြတ်၊လက်ထပ်မဲ့သူတွေအောင်ပါစေ--အောင်ပါစေ--
ရွှေရေချမ်းလောင်းလို့လေ၊ကောင်းမြတ်တဲ့မောင်တင်မေတ္တာဝေ----
ဗလကြီး၏နှစ်ပါးဂွင်တော့မဟုတ်၊ တပင်တိုင်မင်းသားဗလကြီး။
ဗလကြီးရေ --မင်းရဲ့ကကြိုးကကွက်တွေမင်းစိတ်ကြိုက်ကလိုက်စမ်းပါ။တညလုံးကစမ်းပါ။
မနက်ဖြန်သာစည်ဘူတာကိုလိုက်ပို့ပေးမည့်ကားတွေလဲအဆောင်ရှေ့ရောက်နေကြပြီ။
ငါတို့လဲဒီညနောက်ဆုံးညအဖြစ်မအိပ်တော့ပါ။
ဗလကြီးရေ -- တညလုံးက၊ငါတို့အားလုံးအားပေးနေမယ်။
ပြလိုက်စမ်းပါ--မင်းရဲ့အနုပညာသွေး---
ကလိုက်စမ်းပါ--ဗလကြီးရေ---
ကျနော်တို့ဘူမိဗေဒကွင်းဆင်းခဲ့သောအတွေ့အကြုံနှင့်စိတ်ကူးယဥ်အစိပ်အပိုင်းများကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
ဒုတိယစခန်းရွာအမည်လွဲထားပါသည်။မည်သူ့ကိုမျှရည်ရွယ်ထားခြင်းမရှိပါ။တိုက်ဆိုင်ခဲ့ပါကခွင့်လွတ်ပေးကြပါ။
ဒါကျောင်းသားသဘာဝမို့ပါ။
ကျေးဇူးတင်ပါသည်။
#ကိုဂျစ်
#ဘဝဇာတ်ဆရာ

Comments
Post a Comment