ဆရာစိုင်း...သို့

 


 

 

 

ကျနော်ကလေးပေါက်စအချိန်၊နိုင်ငံကိုစစ်တပ်အာဏာသိမ်းလိုက်တယ်၊

ပြီးတော့နိုင်ငံအုပ်ချုပ်မှုစနစ်ကမဆလတစ်ပါတီစနစ်အသွင်ပြောင်းလိုက်တယ်၊

ဆိုရှယ်လစ်နိုင်ငံများနည်းတူစီးပွါးရေးကိုသမဝါယမစနစ်နဲ့ဆက်ချီတက်ကြပါပြီ,

သမဆိုင်တွေပေါ်လာပြီး၊ကုန်ဝယ်ခွင့်စာအုပ်တွေပြီးနောက်ခွဲတန်းစနစ်၊တန်းစီတိုးစားသောစနစ်ပေါ်လာပါတယ်။

တန်းမစီနိုင်ရင်စာအုပ်ပေးထားပစ္စည်းရောင်းပြီးအမြတ်ခွဲပေးသောစနစ်ဖြစ်ပါတယ်၊

ငယ်ငယ်တုန်းကရပ်ကွက်သမဆိုင်မှာပြည်သူတွေအတွက်လူသုံးကုန်ပစ္စည်းတွေခွဲတမ်းစာအုပ်နဲ့ရောင်းချပေးလေ့ရှိတယ်။

ဥပမာပြောရရင်ရပ်ကွက်မှာအိမ်ထောင်စုတစ်ရာရှိရင်ဆပ်ပြာဆယ်ပိုင်းရောက်လာတယ်။

ကျနော်တို့အိမ်ကမသိသေးဘူး၊ဆိုင်မှာပစ္စည်းကုန်သွားပြီ၊နီးစပ်တဲ့လူမျိုး၊ရပ်ကွက်လူကြီးနဲ့အဆင်ပြေတဲ့လူတွေရလေ့ရှိတယ်။

ကျနော်တို့အိမ်ကတစ်ခါဘူးမျှမရခဲ့ပါ။

ငယ်ငယ်တုန်းကအဖြစ်တစ်ခုပြောပြချင်ပါတယ်၊

တစ်ရက်သမဆိုင်မှာကြော်ငြာထားတာတွေ့လိုက်တယ်၊

ကျနော်တို့ရပ်ကွက်အိမ်ထောင်စုတစ်ရာအတွက်နေရှင်နယ်ရေဒီယိုတစ်လုံးရောင်းပေးမည်

လူဦးရေနဲ့ပစ္စည်းမမျှတဲ့အတွက်မဲစနစ်နဲ့ရောင်းပေးမည်

မဲပေါက်တဲ့လူရမည်

ကျနော်တို့ငယ်ငယ်တုန်းကဖျော်ဖြေရေးဆိုလို့ရေဒီယိုတစ်ခုဘဲရှိတယ်၊

သမဆိုင်မှာမဲနှိုက်မည့်ရေဒီယိုကိုဖွင့်ပြထားတယ်၊ကျနော်တို့ကလေးတစ်အုပ်သွားနားထောင်ကြလေ့ရှိတယ်။

ရေဒီယိုကံစမ်းပွဲကိုရပ်ကွက်ဓမ္မါရုံမှာမဲနှိုက်ကြမယ်၊

ကျနော်ရေဒီယိုလေးကိုအရမ်းလိုချင်တယ်။

ကျနော်အမေ့ကိုပူဆာရတော့မယ်၊

အမေ..ကျနော်မဲသွားနှိုက်မယ်နော်

အေးပါ...

ကျနော်မဲပေါက်ရင်ရေဒီယိုဖိုးအမေပေးရမယ်နော်

နင်မဲပေါက်အောင်အရင်နှိုက်ပါအုန်း

ပေါက်ရင်ပေးရမယ်နော်

အေးပါ...ပေးမှာပေါ့၊သားရယ်...အဲဒါတွေကအမေတို့အတွက်မဟုတ်ဘူးသားရဲ့

သူတို့လူနဲ့သူတို့အတွက်တွေပါ၊သားမသိပါဘူး

အမေ..ကလဲအားလုံးအရှေ့မှာနှိုက်မယ်လေ

အမေတို့ဘဲပြောတယ်၊ကံထမ်းလာတာမမြင်ရဘူးဆို

ကျနော်ကံကောင်းချင်ကံကောင်းနေမှာပေါ့၊ဘယ်သူမှမသိနိုင်ပါဘူး

အေးပါသားရယ်၊သွားကံစမ်းကြည့်လိုက်ပေါ့

ဒါပေမဲ့..မင်းကံက ..ငါတို့ရပ်ကွက်လူကြီးဦးသူတော်...ရဲ့ကံကိုမှီမယ်မထင်ဘူး

ဘာလို့ဆိုရှားပါးပစ္စည်းမဲဖေါက်ရင်သူဘဲပေါက်လေ့ရှိတယ်

တကယ်ကံကောင်းတဲ့လူကြီး၊...ဒီလိုမျိုးရှားတယ်

နာမည်နဲ့လိုက်ပါပေတယ်၊သူတော်စင်ဆိုတဲ့နာမည်လိုက်တဲ့ဦးသူတော်

သူ့နာမည်နဲ့နေ့နံအရမ်းကိုက်လို့ကံကောင်းနေတာ

အမေ..ကျနော့်ကျတော့ကံကောင်းအောင်ဘာလို့နာမည်မမှဲ့တာလဲ

ဟဲ့...ဘုန်းကြီးရွှေးတာလေ..အမေလဲဘယ်သိမလဲ

အမေ့ဘုန်းကြီးနဲ့ဦးသူတော်ကိုနာမည်ရွှေးပေးတဲ့ဘုန်းကြီးနဲ့တူလား

ဦးသူတော်ကငါနဲ့ရွယ်တူလေ၊သူ့ဘုန်းကြီးခုလောက်ဆိုဘယ်ရှိတော့မလဲ

ဒီလိုဘုန်းကြီးမျိုးနဲ့မဆုံလိုက်ရတာနာတာဘဲ

မင်းနှယ်..ဘုန်းကြီးကိုတောင်အပြစ်တင်နေသေးတယ်

မင်း..မဲအရင်နှိုက်လိုက်ပါအုန်း

ကျနော်မဲပေါက်ရင်အမေငွေပေးရမယ်နော်..ဂတိ

အေးပါ..လုပ်စမ်းပါ

ကျနော်သူငယ်ချင်းတွေပါခေါ်ပြီးရပ်ကွက်ဓမ္မါရုံကိုသွားကြပြီ

မဲနှိုက်မည့်သူများဆီစာအုပ်ယူခဲ့ရမည်၊ဆီစာအုပ်တစ်အုပ်တစ်ယောက်မဲနှိုက်ခွင့်ရှိတယ်။

ဆီစာအုပ်ထပ်ကြပါ၊နောက်ကျရင်မဲနှိုက်ခွင့်မပြုတော့ပါ။

ဆီစာအုပ်ယူသွားပြီ၊အားလုံး ၇၅ယောက်နှိုက်မယ်။

မဲလိပ် ၇၅လိပ်ဒီမှာကြည့်...ဖလားထဲထည့်လိုက်ပြီ၊ ဒီထဲမှာမဲရှိတယ်

ဆီစာအုပ်ကြည့်ပြီးခေါ်တယ်၊နှိုက်တယ်၊ ဗလာ...သွား...

လာနောက်တစ်ယောက်...နှိုက်..ဗလာ...သွား..နောက်တစ်ယောက်

ကျနော်ဦးသူတော်မတွေ့လို့လိုက်ရှာကြည့်တာ

ဓမ္မါရုံထဲကဘုရားစင်ရှေ့မှာတရားမှတ်နေတယ်။

မဲကိစ္စသူဝင်မပါ..လူတွေအထင်လွဲမှာစိုးလို့ထင်တယ်.

မဆိုးပါဘူး၊ဒီလူသူတော်စင်ပါဘဲ

ဒီလိုနဲ့နှိုက်လိုက်ကြတာဆယ်ယောက်လောက်ဘဲကျန်တော့တယ်

ကျနော်လဲမနှိုက်ရသေး၊

ကျနော်ကံကောင်းလာပြီထင်တယ်၊

ကျနော်နဲ့ဦးသူတော်..နှစ်မဲဘဲကျန်တော့တယ်။

ဒီအချိန်မှဦးသူတော်ကထလာပြီးအနားရောက်လာတယ်

ကျနော်မောင်ဂျစ်တူးကိုဦးစားပေးပါတယ်၊

မောင်ဂျစ်တူးအရင်နှိုက်လိုက်ပါ..ကျန်တဲ့မဲကျနော်ယူလိုက်မယ်၊

မောင်ဂျစ်တူးကအရင်နှိုက်လို့အရင်ဖွင့်ပါ

မဲလိပ်ကိုတဖြေးဖြေးဖြေကြည့်နေပါတယ်

“ဗလာ” မောင်ဂျစ်တူးဗလာမဲဆိုတော့ဦးသူတော်ကံထူးသွားပါပြီ

ဦးသူတော်ရေဒီယိုမဲပေါက်သွားပါပြီ၊မဲလိပ်ကိုကြည့်စရာမလိုတော့ပါဘူး

နှစ်မဲမှာတစ်မဲဗလာဖြစ်သွားတဲ့အတွက်ကျန်တဲ့မဲကိုကြည့်စရာမလိုတော့ပါဘူး

အားလုံးရှင်းကြတယ်နော်၊အားလုံးရှင်းတယ်နော်...ကဲ...ပွဲပြီးပြီ

ဟေ့..ဟေ့....စားပွဲတွေ၊ခုံတွေသိမ်းကြတော့

နောက်ကျနေပြီ...လုပ်ကြ..မြန်မြန်...

ဦးသူတော်တပည့်တွေပစ္စည်းတွေသိမ်းဆည်းကြ၊ဝုန်းဒိုင်းကြဲနေပြီ

ပတ်ဝန်းကျင်ကလူတွေအားလုံးကျနော့်ကိုသနားစရာသတ္တဝါအလားဝိုင်းကြည့်နေတယ်

ကျနော့်မှာမျက်လုံးလေးကလည်ကလည်နဲ့မယုံနိုင်သေး

ဒါပေမဲ့ ..မတတ်နိုင်၊သူတို့လူတွေသိမ်းသွားကြပြီ

ငါပြောတာယုံပါ...မင်း၊ဦးသူတော်ကံနဲ့သွားမယှဉ်နဲ့

ဦးသူတော်ကအမြဲကံကောင်းတဲ့လူ

ငယ်ငယ်တုန်းကကျနော့်အမေရပ်ကွက်လူကြီးဦးသူတော်ကိုမဟာကံထူးရှင်ဘွဲ့ပေးထားတယ်

ကျနော်ကြီးလာမှကျနော်ဂျင်းအကြီးကြီးအထည့်ခံခဲ့ရတာသိခဲ့တယ်။

ဒါကြောင့်လဲလူကြီးလုပ်ချင်ကြတာကိုး

-------------------------------------------------------------------------

ကျနော်တို့ကျောင်းပြီးတဲ့အချိန်ထိလဲကျုပ်တို့တိုင်းပြည်မဆလစနစ်နဲ့ချီတက်နေဆဲ...

နိုင်ငံစီးပွါးရေးကိုသမဝါယမစနစ်ကမတင်ပေးမယ်တဲ့

ပြောတာတော်တော်ကြာသွားပြီ

အပ်ချုပ်အပ်တောင်မထုတ်နိုင်တဲ့တိုင်းပြည်၊နိုင်ငံတကာနဲ့ရင်ဘောင်တန်းလာတော့မယ်..

အမြဲတမ်းသတင်းစာမှာရေးနေတာဘဲ၊

သတင်းစာဖတ်ရင်းနဲ့ကျနော်တို့တိုင်းပြည်အဆင်းရဲဆုံးဘွဲ့ကိုယူလိုက်ပါပြီ

သတင်းစာဖတ်လို့သိရတာမဟုတ်ပါ၊ဘီဘီစီသတင်းမှာပြောသံကြားလိုက်တယ်

ကျနော်အလုပ်စလုပ်တာမော်လမြိုင်မိုင်ဒါဈေးကစခဲ့တယ်

မြဝတီတက်၊မဲဆောက်သွားပြီးလိုတဲ့ပစ္စည်းဝယ်ပြီးကယ်ရီအပ်ရင်

မော်လမြိုင်မိုင်ဒါဈေးဆိုင်အရောက်ယူလာပေးမည်။

ကယ်ရီနှုန်းကိုဘဲညှိရမယ်၊အတိုးအလျှော့တွေရှိပါတယ်။

ဈေးကလမ်းကြောင်းပေါ်မူတည်နေတယ်။

နိုင်ငံမှာလိုအပ်ချက်တွေများလာတော့ထိုင်းနိုင်ငံကပစ္စည်းတွေသွင်းနေရတယ်။

တရားဝင်မဟုတ်ပါ၊ဒေါနတောင်ကိုကျော်၊ပစ္စည်းကိုကျောပိုးပြီးသယ်လာ၊

ပြီးနောက်ဂျိုင်းမြစ်ကိုပဲ့ချိတ်စက်လှေနဲ့ဖြတ်ပြီးမိုင်ဒါဈေးကိုပို့ရတာ၊

ပစ္စည်း မိုင်ဒါဈေးရောက်ရင်ရန်ကုန်အဝယ်တော်ကိုရောင်းမလား

ကိုယ်တိုင်ရန်ကုန်ဒိုင်ပို့မလား၊ရန်ကုန်ပို့ချင်ရင်ကယ်ရီထပ်အပ်ရမယ်

လမ်းတလျှောက်လုံးကာစတန်တွေ၊ရှာဖွေရေးတွေကြားထဲကဖြတ်ပြီးလာခဲ့ရတယ်။

ဒီလိုစီးပွါးရေးမျိုးစိတ်ဆင်းရဲလို့မလုပ်ချင်လို့လဲမရ၊ဒီလမ်းကြောင်းဘဲရှိတယ်။

ကျနော်လဲအများနည်းတူလုပ်ခဲ့ရတယ်။

၈၈အရေးအခင်းပြီးတော့နိုင်ငံစီးပွါးရေးတွေပွင့်လာတယ်။

တရားဝင်သွင်းကုန်လိုင်စင်လျှောက်ပြီးသွင်းလို့ရပြီ။

မော်လမြိုင်ကကြားစခန်းလိုဖြစ်သွားပြီ၊မြဝတီမှရန်ကုန်ထိတိုက်ရိုက်လာလို့ရပြီ၊

မော်လမြိုင်ဝင်စရာမလိုတော့ပါ၊ဒါကြောင့်ကျနာ်တို့မိသားစုရန်ကုန်ပြောင်းလာပါတယ်၊

မင်္ဂလာဈေး မှာဆိုင်ငှားပြီးအလုပ်လုပ်ရတယ်။ပြီးတော့ဈေးကွက်ရှိတဲ့နေရာမှာဆိုင်သွားဖွင့်တယ်။

ဒီလိုမျိုးဘဲလုပ်ရတာဘဲအဲဒီအချိန်ကပုံစံ။

အဲဒီအချိန်လောက်ကတရုတ်တွေမတိုးတက်သေးပါ။တရုတ်ပစ္စည်းတွေမဝင်သေးပါ။

ထိုင်းနိုင်ငံကအများဆုံးဝယ်နေရတယ်။မဟာချိုင်မှာရှိနေတဲ့ထိုင်းစက်ရုံတွေဘာပစ္စည်းလုပ်လုပ်

မြန်မာပြည်ကိုထည့်လို့ရတယ်လို့ထိုင်းသူဌေးတွေပြောလေ့ရှိခဲ့တယ်။

အီအီးကုန်းတဲ့စက္ကူကစပြီးသွားကြားထိုးတံအဆုံး၊အားလုံးမြန်မာကိုပို့ကြတယ်။

ထိုင်းသူဌေးအားလုံးရဲ့စိတ်ထဲမှာမြန်မာပြည်ဟာဂျင်းထည့်လို့အကောင်းဆုံးနိုင်ငံလို့သတ်မှတ်ထားကြတယ်။

ကျနော်တို့ဝယ်နေကျပစ္စည်းလဲမဟာချိုင်စက်မှုဇုံကထုတ်ပါတယ်။

သူဌေးကဘန်ကောက်မှာနေတယ်၊မဲဆောက်မှာမန်နေဂျာထားပြီးဆိုင်လာဖွင့်ထားတယ်။

မန်နေဂျာကမြန်မာစကားတတ်တဲ့ရှမ်း၊ကျနော်အတွက်ပြဿနာမရှိတော့ပါ။

မန်နေဂျာကိုအော်ဒါပေးပြီးမြဝတီဂျူတီဆောင်ပေးနေကျဧဂျင့်ကိုအပ်လိုက်ရင်အလုပ်ပြီးပြီ။

ရန်ကုန်မှာဆိုင်လာဖွင့်တော့ပစ္စည်းဝယ်အားများလာပါတယ်။

ဒါကြောင့်အော်ဒါတင်ရင်လဲငွေပမာဏများလာပါတယ်။ဒီလိုလုပ်နေရင်းတစ်ရက်မဲဆောက်ရောက်နေချိန်၊

သူဌေးကကျနော့်နဲ့တွေ့ချင်တယ်။ဘန်ကောက်တက်ခဲ့ဖို့မန်နေဂျာပြောပါတယ်။

အဆင်ပြေသလိုတက်လာခဲ့ပါ၊ခရီးစရိတ်သူဌေးထုတ်ပေးမယ်။

လက်ထဲမှာပတ်စပို့လဲမရှိ၊ပတ်စပို့လုပ်ရင်လဲအရမ်းကြာတယ်။

ကျနော့်မှာမဲဆောက်ကအသိမိတ်ဆွေတွေကိုအကူအညီတောင်းရပါတော့တယ်။

လူကယ်ရီရှာတယ်လို့ပြောရမယ်၊

ဒီလိုရှာရင်းနဲ့ဘန်ကောက်ပို့ပေးမဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။

စိတ်ချရတယ်...ဘာပြဿနာမှမဖြစ်စေရပါ၊ဘန်ကောက်အသွားအပြန်ပို့ခဈေးနှုန်းကိုမန်နေဂျာနဲ့ညှိလိုက်ကြတယ်။

အဆင်ပြေသွားပါပြီ။ကျနော်လဲစိတ်အေးသွားပါပြီ။

ကျနော့်ကိုလိုက်ပို့မဲ့သူကကျနော့်ဦးလေးအရွယ်ထိုင်းရဲအရာရှိဖြစ်နေလို့ပါ။

စိတ်ထဲမှာဘာမှပူစရာမလိုတော့ပါ။

ဘာကြောင့်လဲဆိုတော့ထိုင်းရဲအရာရှိကမြန်မာစကား၊မြန်မာစာတတ်နေလို့ပါ၊

ကျနော်တို့ကော့ကရိတ်မြို့လေးမှာသူရှစ်တန်းအထိကျောင်းနေခဲ့တယ်။

ပြီးတော့မှာထိုင်းပြန်ပြီးထိုင်းကျောင်းပြန်တက်ပြီးဘွဲ့ရလာတာ၊

သူကမွတ်ဆလင်ဖြစ်လို့ကျနော်သူ့ကိုဘိုင်ကြီး(အကို)လို့ဘဲခေါ်တယ်၊

မဲဆောက်အထွက်တောင်ကြားဂိတ်မှာထိုင်းရဲ၊စစ်တပ်၊လဝကအဖွဲ့စုံရှိနေတယ်။

အဝင်အထွက်စစ်နေတယ်၊ဘိုင်ကြီးကားမာစီးဒီးစ်မြင်တော့အားလုံးအလေးပြုကြပါတယ်။

လဝကအရာရှိကြီးတစ်ယောက်လာနှုတ်ဆက်ပါတယ်။

ကျနော်တို့နဲ့သိနေတဲ့"ဦးဝင်းထဲင်"၊လွိုင်ကော်မှာ ကျောင်းတက်ပြီး၊ထိုင်းမှာဘွဲ့ယူ၊ထိုင်းလဝကမှာအလုပ်၊လုပ်နေသော

ဘိုင်ကြီးတို့အရွယ်အရာရှိ၊သူတို့နှစ်ယောက်နှုတ်ဆက်ကြတာ၊မြန်မာပြည်ကိုပြန်သတိရမိတယ်၊

ဘိုင်ကြီး...ဘယ်လဲ...

ဘန်ကောက်ဧည့်သည်ပို့မလို့ပါ၊နေကောင်းတယ်နော်

ကောင်းပါ့ဗျာ၊ညီလေးကဘယ်လဲစက်ရုံလား

ဟုတ်ကဲ့၊သူဌေးခေါ်လို့ဘိုင်ကြီးကိုအကူအညီတောင်းလိုက်တာပါ

ဘိုင်ကြီး...ဖြေးဖြေးမောင်းနော်..

"ဦးဝင်းထဲင်"လဝကလူကြီး၊ကျနော်တို့မဲဆောက်ဝင်ရင်လဝကလက်မှတ်လုပ်ရတယ်။

"ဦးဝင်းထဲင်"နဲ့ဆုံရင်ကျနော်တို့နာမည်တွေကိုမြန်မာစာနဲ့ရေးပေးတယ်။

မြန်မာလိုရေးထားတဲ့သူ့လက်မှတ်ပါရင်ထိုင်းရဲတွေမရစ်တော့ဘူး

မဲဆောက်မှာညအိပ်လို့လဲရတယ်

သူတို့နှစ်ယောက်နှုတ်ဆက်ကြတာမြန်မာစကားနဲ့နှုတ်ဆက်ကြတယ်။

ဘေးကထိုင်းအရာရှိတွေပါးစပ်ဟပြီးငေးနေကြတယ်။

 

ဘိုင်ကြီးနဲ့ကျနော်စကားတပြောပြောနဲ့သွားနေကြတာစိတ်ထဲမှာမော်လမြိုင်ရန်ကုန်ခရီးလို့တောင်ထင်မိတယ်၊

ကျနော်တို့အဆက်မပြတ်ပြောနေလိုက်ကြတာ၊နောက်ခုံမှာအိပ်ပြီးလိုက်လာတဲ့သူ့သားငယ်က

အဖေတို့အမျိုးတွေ့နေကြလားလို့တောင်မေးယူရတယ်။

ဘိုင်ကြီးကကျနော်တို့မြို့အထက်တန်းကျောင်းနားကဘိုကုန်းရပ်မှာနေခဲ့တယ်။

သူ့အမျိုးတွေကကျနော့်သူငယ်ချင်းတွေ၊သူကျနော့်ကိုပြောပြခဲ့တာတွေ...

အရင်ထိုင်းပညာရေးကမြန်မာထက်နိမ့်လို့သူ့မိဘတွေအမျိုးတွေဆီပို့ပြီးမြန်မာပညာရေးကိုသင်စေခဲ့တာ၊

သူ့မိဘကျေးဇူးကြောင့်သူဒီရာထူးတွေရခဲ့တာ၊အဲ့အချိန်မြန်မာပညာရေးအင်္ဂလိပ်စာ ကိုထိုင်းတွေလိုက်မမှီခဲ့ပါ

နောက်ပြီးထိုင်းနိုင်ငံရေးနဲ့မြန်မာနိုင်ငံရေးကိုနှိုင်းယှဉ်ပြောခဲ့တယ်။

ထိုင်းမှာလဲအာဏာခဏခဏသိမ်းတယ်၊ဒါပေမဲ့စီးပွါးရေးကိုမထိခိုက်စေဘူး၊

နိုင်ငံရေးနဲ့စီးပွါးရေးကိုခွဲခြားထားတယ်။မြန်မာပြည်မှာအာရှထိပ်တန်းကနေအာဏာသိမ်းပြီးနောက်

စီးပွါးရေးထိုးဆင်းသွားတာသူတောင်းစားနိုင်ငံထိရောက်သွားတယ်။

ထိုင်းစီးပွါးရေးကောင်းလာတာဟာဘေးနိုင်ငံတွေခွက်နိုင်ငံဖြစ်နေလို့ပါ၊

လော၊ကမ်ပူးချား၊မြန်မာအားလုံးတူတူဘဲ။လူကြီးတွေအားလုံးကိုယ်ကျိုးကြည့်တဲ့လူတွေ၊

နိုင်ငံကိုမကြည့်ကြဘူး၊ထိုင်းလူကြီးတွေနိုင်ငံကိုကြည့်တယ်။နိုင်ငံတိုးတက်အောင်စဉ်းစားတယ်။

ဘိုင်ကြီးကျနော်တို့နိုင်ငံအကြောင်းမချင့်မရဲနဲ့ပြောနေတယ်၊

ထိုင်းနိုင်ငံသားတစ်ယောက်ကသူနေခဲ့တဲ့တိုင်းပြည်အပေါ်လေးစားတဲ့စိတ်နဲ့မချင့်မရဲဖြစ်နေတဲ့

ဘိုင်ကြီးကိုကျနော်လေးစားမိတယ်။

လူကြီးကောင်းရင်မြန်မာတွေထိပ်ပြန်ရောက်သွားမှာထိုင်းကလူကြီးတွေအားလုံးစိုးရိမ်နေကြတယ်။

ဒီလိုနဲ့ဘန်ကောက်ရောက်ခဲ့ပါတယ်။သူဌေးစီစဉ်ထားတဲ့မဟာချိုင်နားကဟိုတယ်မှာချပေးခဲ့ပါတယ်။

နောက်နေ့မနက်ကျနော့်ကိုသူဌေးကားဒရိုင်ဘာစက်ရုံကိုလိုက်ပို့ပေးပါတယ်။

သူဌေးစောင့်နေတယ်။သူဌေးနဲ့အတူဆရာစိုင်းကိုစတွေ့ဘူးတယ်။

ကျနော်တို့နှစ်ယောက်အတွက်စကားပြန်လိုနေတယ်။

စီးပွါးရေးအတွက်စကားပြောရတာအရေးကြီးတယ်၊ရှင်းရှင်းလင်းလင်းသိထားမှကောင်းတာ၊

မရှင်းမလင်းနဲ့နောက်ကျမှစကားများကြတာမျိုးမဖြစ်ချင်ပါ

ဒါကြောင့်သူဌေးကမြန်မာစကားပြန်ဆရာစိုင်းကိုအကူအညီတောင်းခဲ့တယ်။

ဆရာစိုင်းကသူဌေးနဲ့ခင်နေလို့၊သူဌေးစီးပွါးရေးကိုလဲလေ့လာချင်လို့ကူညီသလိုနဲ့လာချောင်းနေတာ၊

အင်တာနေရှင်နယ်ဘန်ကောက်တက္ကသိုလ်မှာစာပြနေတဲ့ဆရာစိုင်းလုပ်ခကိုနာရီနဲ့ရတာ၊

နေစရာအိမ်၊စီးဖို့ကားပါစီစဉ်ပေးထားတာ၊ပေါ့ပေါ့သေးသေးမဟုတ်၊

ဘန်ကောက်မှာအခန်းတွေဝယ်ပြီးငှားစားနေတယ်။

သူဌေးအကူအညီတောင်းလို့သူလာခဲ့ရတဲ့အကြောင်း၊ဒီနေ့သူစာမပြလိုက်ရလို့ထိုင်းဘတ်ငွေဘယ်လောက်နစ်နာရတဲ့

အကြောင်းတွေပြောပြပါတယ်။

သူဌေးကထုံးစံအတိုင်းဆယ်ဧကလောက်ရှိတဲ့သူ့စက်ရုံတွေကိုဓါတ်ခဲကားနဲ့လိုက်ပြပါတယ်၊ကြွားတာပေါ့

ပစ္စည်းထုတ်ပုံအဆင့်ဆင့်ကိုရှင်းပြပါတယ်၊သူ့စက်ရုံရဲ့ရာဇဝင်တွေကိုလဲပြောပြပါတယ်။

အဖိုးလက်ထက်ကအိမ်တွင်းစက်မှုလုပ်ငန်း၊ဒီအချိန်ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကပစ္စည်းတွေကိုဝယ်နေရတဲ့အချိန်၊

အဖေလက်ထက်မှာစက်ရုံအလတ်စားလေးဖြစ်လာပြီ၊ပြည်တွင်းရောင်းတဲ့အဆင့်ဘဲရှိသေးတယ်၊

သူ့လက်ထက်မှာတော့ပို၍ကြီးသွားပြီ၊နိုင်ငံတကာကိုရောင်းနေပြီ။

ကျနော်စိတ်ထဲမှာချီးကျူးမိတယ်။သူဌေးကိုမဟုတ်ပါ

ထိုင်းနိုင်ငံကိုအုပ်ချုပ်ခဲ့သောအစိုးရအဆက်ဆက်ကိုပါ။

လိုက်ကြည့်ရင်းကျနော့်စိတ်ထဲမှာကျနော့်တိုင်းပြည်နဲ့ယှဉ်ပြီးကြည့်မိတယ်။

အဖိုးလက်ထက်မှာဈေးရောင်းနေတဲ့ကုန်ခြောက်ဆိုင်လေးပြည်သူပိုင်အသိမ်းခံရတယ်။

အဖေလက်ထက်မှာတစ်ရာတန်နဲ့ငါးဆယ်တန်ဖျက်သိမ်းခဲ့တယ်။

ရှိတဲ့ငွေတွေကိုအကန့်အသတ်၊ခွဲတမ်းနဲ့ဘဲလဲပေးတယ်။

အဖေအိမ်နားလူတွေ၊မိတ်ဆွေတွေ၊ဘုရားဂေါပကလူကြီးတွေမကျန်အားလုံးကိုမျှပေးပြီးလဲခိုင်းခဲ့တယ်။

ပြန်ရရင်တဝက်ဘဲယူမယ်ပြောပြီးသား။

ဒီအချိန်ရေဒီယိုကကိုယ့်လက်ထဲရှိတာကိုယ့်ပိုက်ဆံ၊ဘယ်သူ့ကိုမှပြန်ပေးစရာမလို။

ဥပဒေနဲ့တရားစွဲလို့မရဘူးလို့ကြေညာချက်ထွက်ပြီးနောက်၊

အဖေ့ငွေတွေရေစက်ချလိုက်ပါပြီ။တစ်ယောက်မှပြန်လာမပေးကြတော့ဘူး။

အဖေ့အဖြစ်ကမင်းကြီးအာသောကလိုဘဲအလှူကြီးကြီးပေးသလိုမျိုးပေါ့

ကျနော်ကျောင်းပြီးစအလုပ်နေချိန်တစ်ရာတန်၊ငါးဆယ်တန်တွေဖျက်သိမ်းတယ်၊

မကြာဘူးနောက်ထပ် ၃၅ကျပ်တန်၊၄၅ကျပ်တန်၊၉၀တန်တွေထပ်ဖျက်သိမ်းတယ်။

ဘာရည်ရွယ်ချက်လဲမသိပါ၊ပြည်သူတွေကိုသူတောင်းစားဖြစ်အောင်လုပ်လိုက်တယ်။

ကျနော်နားလည်လိုက်တာကကျနော်တို့အုပ်ချုပ်သူတွေဟာပြည်သူတွေကိုမကြည့်တဲ့လူတွေ။

ထိုင်းလူကြီးတွေနဲ့ဒီမှာကွာသွားပြီ။

သူဌေးပစ္စည်းတွေတော်တော်များများထုတ်လုပ်နေတယ်။အချို့ကိုတခြားနိုင်ငံကိုရောင်းတယ်။

တချို့ကိုမြန်မာပြည်ကိုရောင်းတယ်။ကျနော်ဝယ်တဲ့ပစ္စည်း၃ မျိုးဘဲရှိတယ်။

ကျန်ပစ္စည်းတွေကိုအခြားကုန်သည်တွေကိုရောင်းတယ်။

ကျနော်နဲ့သူဌေးအလုပ်စကားပြောကြပြီ၊ဆရာစိုင်းကစကားပြန်လုပ်တယ်။

သူဌေးပြောချင်တာကသူ့ထုတ်ကုန်အားလုံးကိုဝယ်စေချင်တယ်၊

သူ့ပစ္စည်းအားလုံးဝယ်ရင်မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ပေးမည်

မြန်မာပြည်ကဘယ်သူ့ကိုမှသူမရောင်းတော့

သူဌေးကကျနော့်တစ်ယောက်နဲ့ဘဲဆက်ဆံချင်တယ်။

ဒါတွေကသူဌေးအပြောတွေပါ

ဒါပေမဲ့ကျနော့်ဈေးကွက်ပစ္စည်းသူ့ဆီမှာ ၃ မျိုးဘဲရှိတယ်။အခြားဟာတွေကကျနော့်လိုင်းမဟုတ်၊

ဒီပစ္စည်းအတွက်ကျနော်လုပ်ရင်နောက်ဆယ်နှစ်လောက်မှကျနော်ဈေးကွက်ပိုင်မည်။

နောက်ဆယ်နှစ်မှာဘာဖြစ်လာမယ်ဆိုတာဘယ်သူမှမသိနိုင်ပါ၊အချိန်ကုန်သွားမယ်၊

ပစ္စည်းအသစ်အတွက်ကျနော်ကျိုးစားနေချိန်၊သူဌေးရောင်းချင်တဲ့ပမာဏအပြည့်

ကျနော်မလုပ်ပေးနိုင်ခဲ့ရင်သူဌေးနဲ့ကျနော်စကားများရတော့မယ်

အဆင်မသင့်ရင်မိတ်ပျက်နိုင်တယ်။

ကျနော်ငြင်းလိုက်တယ်၊ကျနော့်ဈေးကွက်ပစ္စည်း ၃ မျိုးဘဲကျနော်ယူနိုင်မယ်၊

ကျနော်သာသူ့ထုတ်ကုန်အားလုံးလုပ်ပေးခဲ့ရင်၊ဈေးတွေလဲထပ်လျော့ပေးမယ်၊အကြွေးလဲပေးမယ်၊

ဆရာစိုင်းနဲနဲစိတ်ဝင်စားလာပြီ

ကျနော်အကြွေးမယူပါ၊ငွေလက်ငင်းပေးမယ်၊ကျနော့်ကိုအခြားသူတွေထက်ဈေးလျော့ပေးရင်ရပြီ

ကျနော်တို့တိုင်းပြည်အခြေအနေပေါ်မူတည်ပြီးငွေဈေးအတက်အကျရှိတယ်၊

ကျနော်ငွေဈေးကြိုက်ရင်ဝယ်ပြီးသူဌေးဆီမှာအပ်ထားလေ့ရှိတယ်၊ကျနော့်အကြောင်းသူဌေးကောင်းကောင်းသိတယ်၊

သူနဲ့အလုပ်လုပ်ခဲ့တဲ့တလျှောက်လုံးကျနော်အကြွေးဝယ်တာမရှိသလောက်နဲတယ်။

သူဌေးနောက်ဆုံးအခွင့်အရေးအနေနဲ့စဉ်းစားဖို့ပြောပါတယ်၊

သူ့ပစ္စည်းအားလုံးဝယ်ပေးရမည်၊အကြွေးကိုတစ်နှစ်ဆိုင်းပေးမည်။

ဝယ်ရမည့်အနဲဆုံးပမာဏနဲ့ဈေးနှုန်းတွေကိုစာရင်းပြတယ်။

အကြွေးတစ်နှစ်ဆိုင်းပေးမည်လို့ပြောကထဲကဆရာစိုင်းမျက်လုံးတွေအရောင်တလက်လက်နဲ့တောက်နေပြီ။

စာရင်းစာရွက်ယူပြီးဂဏန်းတွက်စက်နဲ့ဆရာစိုင်းတွက်နေပြီ၊

တွက်ကြည့်တဲ့ငွေပမာဏကိုကြည့်ပြီးဆရာစိုင်းမျက်လုံးပြူးသွားတယ်၊

ညီလေးမင်းကိုသူဌေးအကြွေးပေးတဲ့ငွေပမာဏဟာဒီကသူဌေးတွေပိုင်တဲ့ငွေထက်များနေတယ်။

ညီလေးမင်းသူဌေးနဲ့အလုပ်တွဲလုပ်သင့်နေပြီ

ဆရာစိုင်းမျက်လုံးအရောင်တောက်တောက်နဲ့ကျနော့်ကိုတိုက်တွန်းနေတယ်

ဒါပေမဲ့ကျနော်ငြင်းလိုက်ပါတယ်

ငွေဈေးနှုန်းတွေကအတက်အကျတွေရှိတယ်၊ဒီလိုငွေဈေးအတက်အကျမှာဘဝပျက်သွားတဲ့ကုန်သည်တွေကျနော်မြင်ခဲ့ဘူးတယ်

သူဌေးကျနော့်ကိုအကြွေးပေးတယ်ဆိုတာကျနော့်ကိုအမွေပေးတာမဟုတ်၊တစ်ချိန်ကျနော်ပြန်ဆပ်ရမည်၊

သူတောင်းတဲ့အချိန်ကျနော်တို့ငွေကြေးဘယ်လိုဖြစ်နေမလဲကြိုမသိနိုင်

ကျနော့်အခြေအနေကျနော်ဘဲသိတယ်၊ကျနော့်ဓနအင်အားနဲပါတယ်၊

မိသားစုတစ်ပိုင်တစ်နိုင်နဲ့စခဲ့တဲ့စီးပွါးရေး၊ကျနော်ယိုင်လဲလို့မဖြစ်၊ကျနော့်မှာနောက်ခံမရှိ၊

ကျနော်လဲကျခဲ့ရင်ကမ်းပေးမည့်လက်မရှိ၊ကျနော့်မိသားစုဘဲဒုက္ခရောက်မည်

မိဘထုတ်ပေးတဲ့ငွေယူပြီးအလုပ်လုပ်ခဲ့တယ်

မိဘတွေဆီကနောက်ထပ်ငွေရေးကြေးရေးအကူအညီထပ်မတောင်းဖို့စိတ်ထဲမှာဆုံးဖြတ်ထားတယ်

ကျနော့်မှာညီတွေ၊ညီမတွေရှိသေးတယ်၊ကျနော်တကိုယ်ကောင်းဆန်လို့မရ။

ကျနော့်ညီ၊ညီမတွေကိုကျနော်ကူညီရာရောက်အောင်မိဘဆီကငွေထပ်မတောင်းရန်ဆုံးဖြတ်ခဲ့တာပါ။

သူဌေးနဲ့ကျနော်ညှိနှိုင်းလို့မရခဲ့ပါ။

သူဌေးကအများနဲ့ပေးမည့်ဈေးကိုမပေးနိုင်၊အားလုံးကျနော်မဝယ်လို့

နဂိုပုံမှန်ဈေးဘဲထားပေးမည်၊ဒါပေမဲ့ကျနော့်ကိုဦးစားပေးမည်၊

ကျနော်ကျေနပ်တယ်၊အကြွေးတပူပူနဲ့အိပ်မပျော်တဲ့ဘဝမျိုးမလိုချင်ပါ။

ကျနော့်မှာငါးပြားရှိရင်ငါးပြားဘိုးဘဲအလုပ်လုပ်ကြမယ်လို့မိသားစုတိုင်ပင်ထားပြီးသား

ဆရာစိုင်းကျနော့်ကိုဟိုတယ်ပြန်ပို့ပေးတယ်။

ဟိုတယ်မှာသူနဲ့ကျနော်အရက်နဲနဲသောက်ဖြစ်ပါတယ်။

ညီလေးမင်းအခွင့်အရေးတစ်ခုလက်လွတ်လိုက်တာနာတယ်ကွာ

ငါမင့်အစားနှမျောလိုက်တာ

ငါသာဆိုသူဌေးကိုဘဏ်လိုသဘောထားပြီးသူ့ငွေနဲ့အခြားမှာရင်းနှီးလိုက်မှာ

လူတစ်ယောက်နဲ့တစ်ယောက်တွေးခေါ်ပုံတွေမတူကြပါ။

ကျနော်မကျွမ်းကျင်သောလိုင်းတွေကိုမလုပ်ချင်ပါ။

လူအများနဲ့ရှယ်ယာထည့်တာမျိုးလဲမလုပ်ချင်ပါ

မျက်စိရှေ့မှာမြင်နေတယ်။မြတ်ရင်တစ်မတ်၊ရှုံးရင်တစ်ကျပ်

ဆရာစိုင်းနဲ့ကျနော်အရက်သောက်ကြရင်း

ဆရာစိုင်းစိတ်ရင်းနဲနဲပေါ်လာတယ်၊

ငါသာမင့်နေရာမှာဆိုချက်ချင်းလက်ဆွဲနှုတ်ဆက်လိုက်တော့မှာ

မင်းအခွင့်အရေးမယူတတ်ဘူး

ငါတစ်ခုစဉ်းစားမိတယ်

ငါသာစီးပွါးရေးလုပ်ရင်မင်းထက်သာမယ်လို့ငါယုံကြည်တယ်

ဘာလို့ဆိုတော့ငါက,ကိုးရီးယားစကား၊တရုတ်စကား၊အင်္ဂလိပ်စကား၊အခုထိုင်းစကား

ကောင်းကောင်းပြောနိုင်တယ်လေ

မင်းက ငပိစကားတစ်ခုဘဲတတ်တယ်

စီးပွါးရေးလုပ်တယ်ဆိုတာအပြောအဆိုအရေးကြီးတာငါသိခဲ့ရပြီ

ဟုတ်ပါတယ်၊ဆရာ့စကားမှန်ပါတယ်

ဆရာစိုင်းဒီထက်အောင်မြင်ပါစေ

ညီလေးလဲစီးပွါးတိုးတက်ပါစေ

ချီးယားစ် ပြောပြီး၊ခွက်ချင်းတိုက်၊လက်ကျန်အကုန်မော့ချပြီး၊လမ်းခွဲလိုက်ကြပါတယ်

 

 

ရန်ကုန်ပြန်ရောက်နေတာတော်တော်ကြာသွားပြီ

စိတ်ထဲမှာဆရာစိုင်းကိုလဲမေ့နေပြီ၊

တစ်ရက်ကုမ္ပဏီအရောင်းဆိုင်ဖွင့်ပွဲဖိတ်စာတစ်စောင်ရောက်လာပါတယ်၊

ကျနော်အံ့ဩရပါတယ်၊ဘန်ကောက်မှာဆရာလုပ်နေတဲ့ဆရာစိုင်းရန်ကုန်မှာဆိုင်လာဖွင့်တယ်။

လာဖြစ်အောင်လာခဲ့ပါလို့ဆရာစိုင်းဖုံးဆက်လို့ကျနော်သွားခဲ့ပါတယ်

ဖွင့်ပွဲမှာကျနော်ပိုအံ့ဩရပါတယ်။ဘန်ကောက်ကသူဌေးပါရောက်နေလို့

သူဌေးနဲ့ကျနော်နှုတ်ဆက်စကားပြောကြပါတယ်

ညစာစားပွဲမှာဆုံကြရအောင်ဆိုလို့ကျနော်သွားခဲ့ပါတယ်။

ကျနော်၊ဆရာစိုင်း၊သူဌေး...အရက်ခွက်တိုက်ရင်း

စီးပွါးရေးတိုးတက်ကြပါစေ...ချီးယားစ်

နောက်နေ့သူဌေးပြန်သွားပါပြီ၊သူဌေးဆီကမေးလ်တစ်စောင်ရောက်လာပါတယ်။

မြန်မာပြည်ကိုယ်စားလှယ်ဆရာစိုင်းရသွားလို့ကျနော်ပစ္စည်းဝယ်ချင်ရင်ဆရာစိုင်းနဲ့

ဘဲဆက်လုပ်ကြဖို့အကြောင်းကြားစာ

ဆရာစိုင်းနဲ့သူဌေးပေါင်းပြီးကျနော်ကိုတေ့ဖြုတ်သွားပြီ

သူတို့ကျနော့်ကိုမြောင်းထဲတွန်းချလိုက်ပြီ

တကယ်တော့စီးပွါးရေးလောကမှာဤအရာသည်ထူဆန်းသောအရာမဟုတ်ပါ၊

စက်ရုံပိုင်ရှင်တစ်ယောက်ထုတ်လုပ်အားတိုးမြှင့်လိုက်ပါကရောင်းအားလဲတက်လာအောင်ကျိုးစားရမည်။

ဈေးကွက်ထပ်ချဲ့ရတော့မည်၊ဒီဟာကသူဌေးတစ်ယောက်လုပ်ကိုလုပ်ရမည်။

သူဌေးနဲ့ရင်းနှီးနေသောဆရာစိုင်း၊လောဘတက်ပြီးအရောင်တောက်နေသောမျက်လုံးပိုင်ရှင်ဆရာစိုင်း

ကျနော့်မသိစိတ်ကသတိပေးခေါင်းလောင်းသံအကျယ်ကြီးကြားနေတယ်၊

တနေ့နေ့ဆရာစိုင်းသူ့အမျိုးတွေကိုရန်ကုန်မှာဆိုင်လာဖွင့်ခိုင်းနိုင်တယ်၊

သူကဘန်ကောက်မှာနေပြီးကြီးကြပ်ပေးမယ်၊စိတ်ထဲဒီလိုထင်ခဲ့တာ

ဒါပေမဲ့ဆရာစိုင်းကိုယ့်ကိုကိုယ်၊ယုံကြည်မှုအပြည့်နဲ့ကျောင်းဆရာအလုပ်ကထွက်ပြီးရန်ကုန်ပြန်လာတယ်။

ဘန်ကောက်ကပြန်ရောက်ကထဲကညညအိပ်မက်ထဲမှာသတိပေးခေါင်းလောင်းသံတွေကြားပြီး

လန့်လန့်နိုးနေတယ်။ကျနော်စီးပွါးရေးသမားတစ်ယောက်၊ကိုယ့်ဒိန်ခဲတော့အပျောက်မခံနိုင်ပါ။

ကိုယ့်ဈေးကွက်ကအလားတူပစ္စည်းမျိုးကိုလှည့်ပတ်ပြီးထွက်ရှာနေခဲ့တယ်။

ကွမ်ကျိုးကုန်စည်ပြပွဲမှာတွေ့ခဲ့တယ်။ကျနော်စိတ်အေးသွားပြီ

သူဌေးကိုအားကိုးစရာမလိုတော့ပါ။ဒါပေမဲ့သူဌေးနဲ့လုပ်လို့ရသ၍ဆက်လုပ်မယ်

သံယောဇဉ်တွေရှိခဲ့တယ်၊ကျနော်ကျောင်းပြီးစ၊အလုပ်စလုပ်တဲ့အချိန်ထဲကအတူတွဲလုပ်ခဲ့ကြတယ်။

နှစ်တွေကြာခဲ့ပြီ၊

လုပ်ခွင့်မကြုံတော့ရင်ကိုယ့်လမ်းကိုယ်ဆက်လျှောက်တော့မယ်။

ဆရာစိုင်းနဲ့ကျနော်ဆက်ဆံရေးကျဲသွားပါတယ်

ကျနော့်ရင်ထဲမှာခံစားရသလို၊ဆရာစိုင်းကျနော့်ကိုမျက်နှာပူတာလဲပါမည်။

ပထမကျနော့်မှာပစ္စည်းမရှိတော့ကျနော့်ဖေါက်သည်တွေဆရာစိုင်းဆီရောက်ကုန်ပါတယ်။

နောက်ပိုင်းကျနော့်မှာပစ္စည်းပြန်ရောက်တော့ကျနော့်ဆီပြန်လာကြပါတယ်။

ဖေါက်သည်ဆိုတာကဈေးပေါတဲ့ဆီကိုသွားမယ်၊ကျနော်အပြစ်မပြောပါဘူး၊

ဈေးခြင်းတူလို့ကျနော့်ဆီလာတဲ့သူမှဖေါက်သည်အစစ်၊ကျနော့်အယူအဆ

ငွေရဖို့အတွက်အလုပ်လုပ်နေကြတာလေ

ကိုယ့်ဈေးကွက်နဲ့ကိုယ်လုပ်ကိုင်နေကြရင်းအချိန်တွေကုန်လာပြီ၊

ကျနော့်စီးပွါးရေးကိုစဉ်းစားမိတိုင်းဆရာစိုင်းကိုကြံဖန်ပြီးကျေးဇူးတင်မိပါတယ်၊

ဆရာစိုင်းဝင်ခဲ့လို့ကျနော့်ဘဝအပြောင်းအလဲတွေဖြစ်ခဲ့ရတယ်၊

အကယ်၍များဆရာစိုင်းသာမဝင်ခဲ့ရင်ကျနော့်ဘဝ”တစ်ပင်ထဲရင်ထဲကနွယ်”လိုမျိုး

သူဌေးနဲ့ဆက်ပြီးစခန်းသွားနေဖို့ရှိတယ်။

အပြင်ထွက်ပြီးမှမျက်စိတွေ၊နားတွေပွင့်ကုန်တယ်၊

နိုင်ငံအစုံကဈေးနှုန်းတွေကသူဌေးဈေးနဲ့ယှဉ်နိုင်နေတယ်၊

ဆရာစိုင်းဘယ်လိုရောင်းနေလဲမသိပါ။

သူ့ဖေါက်သည်နဲ့သူရှိနေမှာပါ

ကျေးဇူးပါ....ဆရာစိုင်း

တစ်နှစ်...နှစ်နှစ်...သုံးလေးနှစ်....

တဆင့်စကားနဲ့ဆရာစိုင်းတို့ဆိုင်ပိတ်နေတာတစ်ပတ်လောက်ရှိနေပြီ၊

စာရင်းချုပ်နေတယ်လား....စာရင်းရှင်းနေတယ်ဆိုလား...

ပြောနေကြတာဘဲ၊ကိုယ့်ကိစ္စလဲမဟုတ်တော့မေ့တေ့တေ့

တစ်ရက်သူဌေးရန်ကုန်ရောက်နေတယ်၊ထရိတ်ဒါးဟိုတယ်မှာလာတွေ့ပါတဲ့ဖုံးဆက်တာ

တချိန်တုန်းကကျနော့်ကျေးဇူးရှင်၊ဟိုတယ်ဆီအမြန်ပြေးတွေ့ရပါတယ်

သူဌေးပြောပြမှဇာတ်လမ်းစုံသိခဲ့ရတယ်။

ပထမတစ်နှစ်နဲ့နှစ်နှစ်မှာနှစ်ယောက်လုံးအကျိုးရှိခဲ့ကြတယ်၊

တတိယနှစ်ရောက်တော့ရှမ်းမြောက်ဖက်အမျိုးတွေရှိတဲ့ဆရာစိုင်းကျောက်လိုင်းဖက်ကူးသွားတယ်။

လက်ထဲကသူဌေးပိုက်ဆံတွေကိုသူ့ပိုက်ဆံလို့ထင်နေပုံရတယ်

ကျောက်တွင်းတွေမှာရှယ်ယာထည့်တယ်၊ကျောက်တွေဝယ်တယ်၊

ခွဲတယ်....ကွဲတယ်...

ဆရာစိုင်းကျောက်လောကသံသရာထဲကမထွက်နိုင်တော့ပါ..

ရန်ကုန်အလုပ်တွေကိုတပည့်တွေနဲ့လွဲထားပြီး၊မန္တလေးနဲ့ဖါးကန့်မှာအနေများလာတယ်။

သူဌေးကိုပါသူ့ကျောက်လုပ်ငန်းထဲရှယ်ယာထည့်ဖို့လှန်းခေါ်တော့သူဌေးဒေါပွပြီ၊

ဆရာစိုင်းကိုအယုံအကြည်မဲ့လာပြီ၊ဒီကြားကာလထဲမြန်မာငွေဈေးလဲထိုးကျတော့ဆရာစိုင်းဒုက္ခရောက်ပြီ

သူဌေးကိုအကြွေးဆပ်ရမှာကထိုင်းဘတ်ငွေ၊လက်ထဲမှာမြန်မာကျပ်ငွေသေပြီပေါ့

ရောင်းထားတဲ့ဈေးကအရင်ဈေးတွေနဲ့အခုဈေးနဲ့ဆိုကွဲပြီ၊ငွေလွဲရင်လဲထပ်ကွဲအုန်းမယ်

ဈေးတွေကလဲကျပြီးရင်းကျနေတယ်။ဆရာစိုင်းရှုံးပြီးရင်းရှုံး၊

ကျောက်တွင်းရှယ်ယာတွေလဲဖြတ်ပိုင်းပြန်မလာတဲ့ဇာတ်လမ်းတွေ၊

ကျောက်ဝယ်တာလဲကျောက်ဆရာတစ်ယောက်ကိုကြည့်ခိုင်းပြီး၊သူဝယ်ဆိုရင်ဝယ်

ပြီးတော့ခွဲတယ်၊ကွဲတယ်၊ရတာနဲနဲရှုံးတာများများ

သူဌေးက ၄ နှစ်စာ၊စာရင်းချုပ်ခိုင်းတယ်၊ဆရာစိုင်းစာရင်းချုပ်ကိုကြည့်လို့တောင်မရဲဘူး

လက်ထဲမှာငွေမရှိတော့ဘူး၊ဆရာစိုင်းဆီမှာကျောက်တွင်းရှယ်ယာတွေကျန်သေးတယ်။

ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကတူးခွင့်လိုင်စင်မရတော့စက်ယန္တယားတွေဘဲကျန်တယ်

လက်ကျန်ငွေတွေကအသုံးစရိတ်စာရင်းစာရွက်ဘဲတက်လာတယ်၊ဘာမှမရှိ

နောက်ဆုံးစာရင်းချုပ်မှာငွေဆိုတာစာရွက်ထဲမှာဘဲရှိတော့တယ်။လက်ထဲမှာမရှိ။

ဆရာစိုင်းငွေလဲကုန်သွားတယ်၊သူဌေးငွေကပျောက်သွားတယ်။

သူဌေးဖက်ကဆရာစိုင်းဆီမှာရရန်တိတိကျကျစာရင်းရှိနေတယ်။

ဒီငွေတွေပေးကိုပေးရမယ်၊အလုပ်ကရှယ်ယာလုပ်ထားတာမဟုတ်။

ဆရာစိုင်းကိုပစ္စည်းရောင်းထားတာ၊ကုန်ဘိုးရရန်စာရင်းငွေတွေမနဲပါလား

ကြားရတာစိတ်မကောင်း၊ဆရာစိုင်းသူဌေးကိုရှောင်နေတယ်၊အတွေ့မခံ

ငါကျောင်းဆရာကိုယုံမိတာမှားတယ်

ကျောင်းဆရာဆိုတာစာသင်လို့ဘဲတတ်မှာပေါ့၊စီးပွါးရေးဘယ်လုပ်တတ်မလဲ

ကြည့်စမ်း,ငါမစဉ်းစားခဲ့မိဘူး

ဆရာစိုင်းကထိုင်းစကားကောင်းကောင်းပြောနိုင်တာသူဌေးအတွက်အဆင်မပြေဘူးလား

ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလို့ရတာကိုပြောတာပါ

ထိုင်းစကားတတ်ပြီးဘာလုပ်ဖို့လဲ

လူငယ်တွေလိုရီးစားစကားပြောနေတာမှမဟုတ်တာ၊အလုပ်လုပ်နေတာလေ

မင်းငယ်ငယ်တုန်းကမှတ်မိလား၊ငါတို့စအလုပ်လုပ်ကြတုန်းက

သူဌေးပြောပြီးဂဏန်းတွက်စက်ကောက်ယူပြီးပုတ်ပြပါတယ်

မင်းနဲ့ငါစလုပ်တုန်းကငါ့ဈေးကိုဒီမှာရေးတယ်

မင်းဆစ်တဲ့ဈေးဒီမှာရိုက်ပြတယ်

ကျေနပ်ရင်ငါရောင်းတယ်၊ပြီးပြီလေ....အလုပ်ဆိုတာဒါဘဲ..စကားပြောစရာမလိုပါဘူး

ဆရာစိုင်းဘန်ကောက်ကတိုက်ခန်းတွေသူဌေးလက်ထဲအပ်လိုက်ရတယ်

ဒါလဲသူဌေးရစရာအကြွေးတွေအများကြီးကျန်သေးတယ်

ဘယ်လိုရှင်းကြမလဲမမေးတော့ပါ။

သူတို့စလုပ်တုန်းကကျနော်မသိခဲ့သလို၊အခုဇာတ်လမ်းတွေရှုပ်တော့လဲမသိချင်တော့ပါ။

နောက်ပြီးကျနော်နဲ့သူဌေးလဲဆက်လုပ်စရာမရှိတော့ပါ

ကျနော့်မှာအပြင်ကအချိတ်အဆက်တွေရနေပြီ

ဒီဇာတ်လမ်းတွေပြီးခဲ့တာဆယ်စုနှစ်တွေတောင်ကျော်နေပြီ

တစ်ရက်ကျနော့်အိမ်ကိုစာတစ်စောင်ရောက်လာပါတယ်

ဒီခေတ်ကြီးမှာစာပို့လုင်တွေငုတ်တုတ်ထိုင်နေတာကြာပြီ။ထူးဆန်းစွာစာကိုဖွင့်လိုက်ပါတယ်။

ဆရာစိုင်းဆီကစာ

ညီလေး

ဆရာဖုံးမဆက်ရဲလို့ဒီစာရေးလိုက်တာပါ၊

စီးပွါးရေးမှာဘောင်ကျော်ပြီးလုပ်ခဲ့တဲ့ဆရာ့လုပ်ရပ်အတွက်တောင်းပန်ပါတယ်

ကိုယ်မကျွမ်းတဲ့နယ်ပယ်ကိုဝင်လုပ်ခဲ့တဲ့အတွက်အများကြီးနစ်နာဆုံးရှုံးခဲ့ရတာဆရာဝန်ခံပါတယ်

အကောင်းဆုံးမိတ်ဆွေတွေဆုံးရှုံးလိုက်ရတာဝမ်းအနဲဆုံးပါဘဲ

ကျနော့်ဘဝဟာဆရာ၄၂၀” ဆိုတဲ့နာမည်ပျက်နဲ့ဘန်ကောက်တက္ကသိုလ်ဝင်းထဲတောင်ခြေမချရဲတဲ့

ဘဝရောက်ခဲ့ရတယ်

ဆရာအခုလူမှန်နေရာမှန်ပြန်ရောက်နေပါပြီ

စာသင်ပြရင်းအေးချမ်းတဲ့ဘဝမှာမိသားစုနဲ့ပျော်နေပါပြီ

ညီလေးရောက်ရင်ဝင်လည်ဖို့လိပ်စာရေးပေးထားတယ်၊

ညီလေးသားတွေဖြစ်ဖြစ်၊အမျိုးထဲကဖြစ်ဖြစ်ဆရာရှိနေတဲ့ကျောင်းမှာရောက်နေရင်အကြောင်းကြားပေးပါ

ဆရာအတတ်နိုင်အကူအညီပေးမယ်လို့ဂတိပေးပါတယ်

ကျနော်တို့တိုင်းပြည်နဲ့နေ့ညလွဲနေတဲ့အမေရိကားနိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်မှာစာပြနေတဲ့ဆရာစိုင်း

ဝမ်းသာပါတယ်၊လူမှန်နေရာမှန်ပေါ့

 

နှစ်တစ်ခုရဲ့နောက်ဆုံးနေ့

ခြံထဲမှာမိသားစုအားလုံးအကင်တွေစားနေကြရင်းနှစ်သစ်ကိုကြိုဖို့စောင့်နေခိုက်မှာဖုံးထဲစာတစ်စောင်

ဝင်လာပါတယ်။

နှစ်သစ်မှာပျော်ရွှင်ပါစေဆိုတဲ့ဆုတောင်းစကားနဲ့အတူဖုံးခေါ်လို့ရမလားလို့မေးလာတဲ့ဆရာစိုင်း

အိုကေ လို့စာပြန်ပြီးမကြာခင်ဖုံးဝင်လာပါတယ်

သာကြောင်းမာကြောင်းစကားတွေပြောကြရင်းဆရာစိုင်းကငါတို့ခွက်ချင်းမတိုက်ရတာကြာပြီနော်

အခုတိုက်လိုက်ရအောင်

ဆရာကကျောင်းထဲမှာဆိုတော့အရက်ခွက်ကိုင်လို့မရဘူး၊ဒီမှာချမ်းလို့ရှမ်းပြည်ကပို့ထားတဲ့လ္ဘက်ရည်အကြမ်းသောက်နေတယ်

အရောင်တူပါတယ်၊

ကျနော့်လက်ထဲမှာအရက်ခွက်....ဒါတွေနဲ့ဘဲလုပ်လိုက်ရအောင်

ဆရာစိတ်ထဲရှိတာအော်.....

ကျနော်လဲစိတ်ထဲရှိတာအော်မယ်....ကျနော်တိုင်ပင်ခေါ်လိုက်မယ်..ဝမ်း...တူး...သရီး....

ကျန်းမာအသက်ရှည်ပါစေ.........မတိုင်ပင်ပါဘဲစကားလုံးအတူတူအော်လိုက်မိတယ်

ကျန်းမာအသက်ရှည်ကြပါစေ

နှစ်သစ်မှာပျော်ရွှင်ကြပါစေ

 

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ