မြန်မာစာပေ...လောကနှင့်ရှဲဒိုးသိုင်းဆရာများ
www.geologist-myanmar.com ကို ၂၀၀၈ ဝန်းကျင်လောက်စလုပ်ဖြစ်ခဲ့ပါတယ်။
ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ကျနော်၊ကွင်းဆင်းတုန်းကဓါတ်ပုံလေးတွေစုဆောင်းချင်လို့
ဝက်ဆိုဒ်ထောင်တာဖြစ်ပါတယ်။သူငယ်ချင်းတွေမှာရှိတဲ့ဓါတ်ပုံလေးတွေတင်ကြရင်း
ကျနော်တို့ကျောင်းသားဘဝကိုအလွမ်းဖြေခဲ့ကြပါတယ်။
အဲဒီအချိန်တုန်းကဓါတ်ပုံလေးတွေလိုက်စုတဲ့အခါနှစ်တွေတော်တော်ကြာခဲ့တာကြောင့်
တော်တော်များများပျက်စီးနေကြပါပြီ၊
နှမျောလိုက်တာ....ကျနော်ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဆိုရင်နေရာအရွှေ့အပြောင်းတွေမှာ
တော်တော်များများပျက်စီးသွားပါတယ်။
ကျနော်တို့ဓါတ်ပုံလေးတွေကိုကြည့်မဝနိုင်ခဲ့ကြဘူး၊
ကျောင်းကိုသတိရလို့”မြကျွန်းညိုညို၊တက္ကသိုလ်”သီချင်းအသံဖိုင်လေးပါတင်ထားခဲ့တယ်၊
နောက်ကျတော့ကွင်းဆင်းခဲ့တုန်းကအတွေ့အကြုံလေးတွေရေးကြရင်ကောင်းမယ်ဆိုပြီး
စာလေးတွေစရေးခဲ့ပါတယ်၊သူငယ်ချင်းတစ်ယောက်လဲကူရေးပါတယ်။
သူကမအားတာကြောင့်ရေးတာနဲပါတယ်။ကျနော့်စာတွေကပိုများနေပါတယ်။
ကျနော်တို့ကျင်လည်ခဲ့တဲ့တက္ကသိုလ်ဝန်းကျင်ကအကြောင်းတွေ၊ကွင်းဆင်းတဲ့အတွေ့အကြုံတွေ၊
အနီးပတ်ဝန်းကျင်ကလူတွေအကြောင်းတွေ၊စိတ်ထဲပေါ်လာတာရေးဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်စာရေးဆရာတစ်ယောက်မဟုတ်သလိုစာပေလောကနဲ့နီးစပ်သူလဲမဟုတ်ခဲ့ပါ။
ကျနော်နားလည်သလိုရေးခြင်းသာဖြစ်ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာလူတွေက Facebook ကိုပိုစိတ်ဝင်စားလာကြပါတယ်။
အဲဒီနောက်ပိုင်းဝက်ဆိုဒ်ကိုလူတွေစိတ်မဝင်စားကြတော့ဘူးလို့ထင်ပါတယ်။
ဝန်ခံရရင်ကျနော်တို့ကိုယ်တိုင်လဲမကြည့်ဖြစ်တော့ပါ။
လူတွေနဲ့အတူ FBရေစီးကြောင်းနောက်လိုက်ပါသွားကြပါတယ်။
ရေးစရာရှိလဲ FB မှာဘဲရေးဖြစ်ပါတော့တယ်။
FB ကစာတိုတွေဘဲရေးဖြစ်ပါတယ်။
နှစ်တွေတော်တော်ကြာကြာကြီးဝက်ဆိုဒ်ကိုပြစ်ထားခဲ့မိပါတယ်။
အဲဒီနှစ်အတောအတွင်းစာတွေရေးချင်ပေမဲ့မရေးဖြစ်ခဲ့ပါဘူး၊
ဟိုတုန်းအချိန်စာရေးခဲ့တာ..ရေးချင်စိတ်ပေါ်လာရင်ဗလာစာအုပ်မှာချရေးတယ်
ပြီးရင်ဝန်ထမ်းတစ်ယောက်က ဇော်ဂျီဖောင့်နဲ့ကွန်ပြူတာမှာရိုက်၊ဟာ့ဒစ်မှာသိမ်းထားတယ်။
နောက်ကျတော့ကျနော်စာရေးရတာပျင်းလာတာကြောင့်မရေးဖြစ်တော့
(လက်ရေးလဲစုတ်ပြတ်သတ်နေရောဘဲ)မရေးချင်တာဒါလဲပါတယ်။
ဒီထဲရေးပြီးစာကိုရိုက်ဖို့မအားကြတာနဲ့၊အလုပ်ရှုတ်နေတာနဲ့၊မေ့သွားတာနဲ့၊
အတင်းအကြပ်လဲမပြောချင်ပါ။သူတို့လေးတွေကကျနော့်လုပ်ငန်းထဲကဝန်ထမ်းလေးတွေ၊
ဒီလိုနဲ့ဘဲမရေးဖြစ်တော့ပါ၊မရေးတာကြာလို့ရေးချင်စိတ်လဲမရှိတော့ပါ။
တခါတလေရေးချင်စိတ်တော့ပေါ်လာပါတယ်။လက်ရေးနဲ့ရေးရမှာပျင်းနေတယ်။
ဒီလိုနဲ့ဘဲ ၂၀၂၂ နှစ်ရောက်လာပါရော...
တိုက်ဆိုင်မှုတွေ၊အကြောင်းကြောင်းတွေကြောင့်ဒီဝက်ဆိုဒ်ကိုဖျက်သိမ်းဖို့ဖြစ်လာပါတယ်။
ဓါတ်ပုံတွေကကျုံ့ပြီးတင်ထားသောကြောင့်ပြန်ယူတဲ့အချိန်ပုံသေးသေးလေးတွေဘဲဖြစ်နေပါတယ်။
အဆင်မပြေတော့ပါ။
ကျနော်ရေးထားတဲ့မှတ်တမ်းတွေကိုကော်ပီပြန်ကူးထားလိုက်ပါတယ်။
တနေ့နေ့တချိန်ချိန်တနေရာရာမှာပြန်ပြထားချင်လို့ပါ
ကျနော်အချိန်ကုန်ခံပြီးရေးခဲ့တာတွေ၊ကျနော်တန်ဘိုးထားတယ်။
ဟိုအချိန်ကဇော်ဂျီနဲ့ရေးခဲ့တယ်၊ဒီနေ့ယူနီကုတ်ဖြစ်နေပြီ
တူလေးတစ်ယောက်အကူအညီနဲ့ယူနီကုတ်ပြန်ပြောင်းပြီး၊ဘလော့တစ်ခုလုပ်လိုက်တယ်၊
ဟိုတစ်ချိန်တုန်း ဘလော့ခေတ်စားတဲ့အချိန်တစ်ခုရှိခဲ့ဘူးတယ်။ပြန်သတိရမိပါတယ်၊
ရေးလဲရေးချင်တယ်၊နာမည်လဲမဖေါ်ရဲတဲ့ဘဝ၊
လွတ်မြောက်နယ်မြေရောက်နေတဲ့သူတွေဆီပို့ပြီး၊သူတို့ဘလော့မှာတင်ထားတယ်။
ကိုယ်ရေးတာပါလို့လဲမပြောရဲဘူး၊ကြောက်လို့
https://mytalksteve.blogspot.com
ဘလော့လေးလုပ်ပြီးကျနော့်စာပြန်တင်နေတယ်၊ဖြေးဖြေးချင်းဘဲသွားနေတယ်။
တစ်ပုဒ်ပြီးတစ်ပုဒ်ပေါ့၊ကျနော်အရင်တင်ခဲ့တုန်းလိုအစီအစဉ်အတိုင်းတော့မလုပ်ဖြစ်တော့ပါ၊
လွယ်ကူရာတစ်ပုဒ်ကိုယူနီကုတ်ပြောင်း၊စာလုံးပေါင်းတွေစစ်၊ထပ်ဖြည့်ချင်တာရှိရင်ဖြည့်လိုက်
သူငယ်ချင်းတွေထဲကအချို့က မင်းတို့ဟာတွေကဒိတ်အောက်နေပြီလို့ပြောကြတယ်။
ရေးတာတွေကလဲခေတ်နောက်ကျနေပြီလို့လဲပြောကြတယ်။
ကျနော်ဘာမှမပြောလိုပါ။စိတ်ချမ်းသာသလိုပြောကြပါစေ။
ကျနော်သည်တစ်လတစ်အုပ်ထုတ်နေသောစာရေးဆရာမဟုတ်ပါ၊သူမေ့နေတယ်။
ကျနော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်တာလေးတွေကိုအမှတ်တရဖြစ်အောင်ရေးထားခြင်းဖြစ်သည်။
ကျနော့်အတွေ့အကြုံ၊သူငယ်ချင်းအတွေ့အကြုံများကိုအခြေခံပြီးရေးနေခြင်းဖြစ်သည်။
ကိုးရီးယားရုပ်ရှင်လိုအခန်းဆက်ရေးနေသောစာရေးဆရာလဲမဟုတ်ပါ။
မြန်မာပြည်ကစာရေးဆရာများနဲ့လဲမနှိုင်းယှဉ်အပ်ပါ၊
ကျနော့်အရည်အချင်းကျနော်သိပါသည်။
၂၀၂၂ မှာကိုးရီးယားအခန်းဆက်ရုပ်ရှင်တွေကျနော်စကြည့်ဖြစ်တယ်။
အရင်နှစ်တွေကဘောလုံးပွဲ၊ဘတ်စကက်ဘောပွဲ၊တင်းနစ်ပွဲတွေဘဲတောက်လျှောက်ကြည့်ခဲ့တယ်။
နောက်ကျတော့အားကစားလိုင်းတွေသိပ်မကြည့်ဖြစ်တော့ပါ။
မန်ယူ ခွက်ခွက်လန်အောင်ရှုံးနေသောကြောင့်စိတ်ကုန်လာပါတယ်။
ကျနော်တို့ကမန်ယူဖန်စစ်စစ်တွေ၊ရှုံးတာများတော့မကြည့်ချင်တော့ပါ။
မြန်မာစာတမ်းထိုးကားတွေကြည့်ရင်း၊မြန်မာစာအသုံးအနှုန်း၊လိုက်လျောညီထွေဖြစ်အောင်
ဘာသာပြန်တာတွေကိုချီးကျူးမိပါတယ်။
(အရင်မြန်မာစာတမ်းထိုးသောရုပ်ရှင်သူတို့ရေးလိုက်တဲ့မြန်မာစာကျနော်တို့တောင်နားမလည်ခဲ့)
ကြည့်နေရင်းနဲ့စာရေးချင်စိတ်လဲပေါ်လာပါတယ်။
Chicago Type writer ကိုးရီးယားကားကြည့်ပြီးစာရေးချင်စိတ်ပိုဖြစ်လာပါတယ်။
ဒီအချိန်ယူနီကုတ်နဲ့ကျနော်စာရိုက်နေပြီ၊
ကိုးရီးယားရုပ်ရှင်ထဲကလိုကွန်ပြူတာနဲ့တခါထဲရိုက်ကြည့်ချင်နေတယ်၊
ရေးချင်စိတ်လေးကိုတခါထဲကွန်ပြူတာနဲ့ရိုက်ထည့်လိုက်တယ်။
အမှားပြင်ရလွယ်တယ်၊စာတွေထပ်ဖြည့်ရတာလွယ်တယ်၊
ကျနော်နဲနဲအဆင်ပြေလာပြီ၊
တကယ်တော့ကျနော်ကခေတ်နောက်ကျနေတာပါ၊စာရေးဆရာတွေတခါထဲကွန်ပြူတာနဲ့ရေးနေတာ
ကြာပြီလို့သူငယ်ချင်းတွေပြောလို့သိရတယ်။
သူငယ်ချင်းထဲကတစ်ယောက်ပြောခဲ့တာကိုကျနော့်စိတ်ထဲကသိပ်မကျေနပ်ပါ။
မင်းတို့ဟာတွေကဒိတ်အောက်နေပြီ၊လုပ်မနေပါနဲ့
ဘယ်သူမှလဲဖတ်မှာမဟုတ်ဘူး
ခေတ်မှီတာတွေရေးစမ်းပါ
ကျနော့်ကိုပြောခဲ့တာ၊ကျနော်ဘာမှပြန်မပြောပါ၊
ကျနော်ရေးခဲ့တာ ၂၀၁၀ လောက်ကရေးခဲ့တာ၊
တစ်ခါ ကျနော်တို့ကွင်းဆင်းကြတာ ၁၉၈၀/၁၉၈၁ အချိန်တုန်းကအတွေ့အကြုံတွေကိုရေးတာ
သူပြောတဲ့ခေတ်မှီတယ်ဆိုတာဘာကိုဆိုလိုတာလဲကျနော်မသိပါ၊
ရှေ့မှာပြောခဲ့သလိုကျနော်စာရေးဆရာမဟုတ်ပါ
သို့သော်ကျနော်ရေးထားသောစာ၊ကျနော်တန်ဘိုးထားသောစာတွေကိုကျနော့်စာကြည့်တိုက်ထဲ
မှာသိမ်းထားခြင်းဖြစ်ပါတယ်၊စိတ်ဝင်စားတဲ့လူတွေဖတ်ဖို့စုထားခြင်းဖြစ်ပါတယ်။
စိတ်ဝင်စားသူများအတွက်ကျနော်သိမ်းထားတာပါ၊
သူပြောတဲ့ဒိတ်အောက်တယ်ဆိုတာကိုလဲကျနော်နားမလည်ပါ
ကျနော်သည်ဆရာကြီးဒေါင်းနွယ်ဆွေ၊ဆရာကြီးရွှေဥဒေါင်း၊ဆရာကြီးသော်တာဆွေ၊အရင့်အရင်စာအုပ်များကို
ဖတ်နေဆဲပါ။မဖတ်ရသေးသောစာအုပ်သည်ကျနော်အတွက်အသစ်ဖြစ်ပါသည်။
သူတို့ပြောသလိုဆိုရင်စာကြည့်တိုက်တွေမလိုတဲ့ပုံမျိုးဖြစ်နေပြီ
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးအပိုဖြစ်နေပြီပေါ့
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာလွန်ခဲ့သောနှစ်တစ်ရာလောက်ကစာအုပ်တွေ
ရှိနေတယ်လို့သူငယ်ချင်းတစ်ယောက်ပြောပြဘူးတယ်
ကျနော်ကြိုက်သောစာအုပ်အဟောင်းများကိုထပ်ခါထပ်ခါဖတ်လေ့ရှိတယ်။
ကျနော်အကြိုက်ဆုံးစာအုပ်တစ်အုပ်ရှိခဲ့ဘူးပါတယ်။
ဆရာတင်မောင်မြင့်ဘာသာပြန်ခဲ့သော”ငွေရန်သူ”စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်လေးကိုကျနော့်အိပ်ယာဘေးမှာအမြဲထားတယ်။
အိပ်မပျော်တဲ့ညတွေမှာထပြီးကျနော်ဖတ်တယ်။
မအိပ်ခင်မှာလဲဖတ်တယ်။ဒီစာအုပ်လေးကကျနော့်စိတ်ခွန်အားကိုဖြစ်စေလို့ပါ
ညစဉ်ညတိုင်းဖတ်တယ်၊၊အပြောင်းအရွှေ့မှာစာအုပ်ပျောက်သွားပါတယ်။
ရှာမတွေ့တော့မဖတ်ဖြစ်တော့ပါ၊ဆယ်နှစ်လောက်ကြာသောအခါ”ငွေရန်သူ”
စာအုပ်ထပ်ရိုက်တော့ကျနော်ဝယ်ပြီးထပ်ဖတ်နေပါသည်။ဖတ်လို့ကောင်းနေဆဲ
“ငွေရန်သူ”စာအုပ်သည်ကျနော့်စိတ်ထင်အနှစ်နှစ်ဆယ်လောက်ရှိနေပြီ
ကျနော့်အတွက်မရိုးသေးပါ
……………………………………………………………………
Chicago Type writer ရုပ်ရှင်ကြည့်နေရင်းရှဲဒိုးစာရေးဆရာအကြောင်းပြောနေတာ
ကြည့်ခဲ့ရပါတယ်။ရှဲဒိုးစာရေးဆရာဆိုတော့ကျနော့်သူငယ်ချင်းတစ်ယောက်ကိုသတိ
ရမိပါတယ်။မြန်မာစာပေလောကမှာရှဲဒိုးစာရေးဆရာတွေကျနော်တို့စာသင်နေတဲ့
ကာလမှာထဲကရှိနေပြီးသားပါ၊
ကျနော်တို့သူငယ်ချင်းရှဲဒိုးဆရာသည်ကျနော်တို့မေဂျာကမဟုတ်ပါ။
ကျနော့်အခန်းကပ်ရက်အခန်းမှာလာနေသောကြောင့်သိခဲ့၊ခင်ခဲ့သောသူငယ်ချင်းတစ်ယောက်
ဖြစ်ခဲ့ပါတယ်။သူ့ကိုကျနော်တို့ရှောင်လင်သိုင်းဆရာလို့ခေါ်ကြတယ်။
သူသည်ပေါ့သေးသေးမဟုတ်ပါ၊တရုတ်သိုင်းဝတ္ထုများကိုဘာသာပြန်ပေးနေသောစာရေးဆရာ
တစ်ယောက်ဖြစ်ခဲ့လို့ပါ။သို့သော်သူ့ကလောင်နာမည်သုံးခွင့်မရခဲ့သောရှဲဒိုးဆရာတစ်ဦး
“ကိုးသင်းချိုင်းကစိန်ခေါ်သံ” “နဂါးပျံဒါးနဲ့ပန်းလိပ်ပြာ””ရှောင်လင်ဒါးနဲ့ဘီလူးသိုင်း”စသော၊စသော
အခန်းဆက်သိုင်းဝတ္ထုတွေလိုမျိုးဆင်ဆင်သိုင်းဝတ္ထုကိုဘာသာပြန်ပေးနေတယ်၊
ဘယ်သိုင်းဝတ္ထုကိုဘာသာပြန်နေလဲကျနော်တို့မသိပါ၊သူ့လောင်စူးပြန်ခိုင်းတဲ့စာအုပ်ကိုပြန်ပေးရတာ
ဒီတစ်ခေါက်ဒီအပိုင်းကိုဘာသာပြန်၊နောက်နေ့ကျတော့အခြားသိုင်းစာအုပ်
အမြဲတမ်းစာအုပ်တစ်အုပ်ထဲဘာသာပြန်ရတာမျိုးမဟုတ်ပါ၊
သူ့လောင်စူးလဲသိုင်းစာအုပ်ဘယ်နှစ်အုပ်ကိုပြန်ပေးနေလဲမသိပါ
စာရေးဆရာဘယ်နှစ်ယောက်အတွက်ရှဲဒိုးလုပ်ပေးနေလဲမသိပါ
သူ့ကိုသိုင်းဆရာကြီးလို့ခေါ်ကြလို့သူ့ရဲ့ရုပ်သွင်ကိုစိတ်နဲ့မှန်းကြည့်ရင်
ဗလတောင့်တောင့်၊အရပ်မြင့်မြင့်၊ဒါးကိုင်ထားသောကြောင့်အကြောပြိုင်းပြိုင်းထနေသော
လက်ကောက်ဝတ်ပိုင်ရှင်၊ဆံပင်ရှည်ရှည်ကိုနဖူးမှာစီးထားသောလူစွမ်းကောင်းလို့ထင်ကြပါလိမ့်မယ်။
လုံးဝတခြားစီပါ၊ကတုံးကေ၊အရပ်မမြင့်(သို့သော်မပု)၊ပိန်ပိန်၊အသားဖြူ(တရုတ်ဆိုတော့ဖြူပါတယ်)
မျက်မှန်တပ်ထားသောမှန်ကြောင်လေးပါ၊လူဗလံလေးပါ။
ကြည့်ရင်ကျနော့်ညီအရွယ်၊ဒါပေမဲ့ကျနော်တို့ထက်အသက်ရှစ်နှစ်လောက်ကြီးတယ်၊
သူ့ဘဝကအဖေနဲ့အမေတရုတ်ကျောင်းဆရာတွေ၊သူလဲကြည့်မြင်တိုင်တရုတ်ကျောင်းတက်ခဲ့တယ်။
တရုတ်ဗမာအရေးအခင်းဖြစ်တော့တရုတ်ကျောင်းတွေအပိတ်ခံရ။
မိဘလဲအလုပ်ပြုတ်၊သိုင်းဆရာလဲကျောင်းမတက်ရတော့ပါ။
သိုင်းဆရာအစ်ကိုနှစ်ယောက်ကစိတ်ဓါတ်ပြင်းတော့တရုတ်ပြည်ပြန်တယ်။
သိုင်းဆရာကငယ်သေးတော့မြန်မာပြည်မှာကျန်ရစ်ခဲ့တယ်။
သူ့ဘဝတရုတ်ကျောင်းကမြန်မာကျောင်းပြောင်းတော့အကောင်သေးတဲ့သိုင်းဆရာကို
တစ်တန်းမှာစတက်ခိုင်းခဲ့တယ်။ဒါပေမဲ့သူ့အသက်ကတစ်တန်းခလေးအသက်မဟုတ်ပါ။
သိုင်းဆရာဥဏ်ကောင်းတယ်၊ဆယ်တန်းအမှတ်ကဆေးမှီတယ်။
မိဘတွေကနိုင်ငံခြားသားဆိုတော့တက်ခွင့်မရခဲ့ပါ။
ဘွဲ့ရပြီးရောဆိုပြီးအမရဆောင်ကသမိုင်းမေဂျာဘဲယူလိုက်တယ်။
သူနေတာကျောက်မြောင်းထဲမှာအိမ်တွေကကြပ်ညပ်နေရော၊လူတွေလဲများ၊
ဆူညံနေလို့သူစာရေးလို့မရပါ၊သူနဲ့အမျိုးမကင်းတဲ့၊ကျနော့်အခန်းဘေးကသူငယ်ချင်းဆီရောက်ခဲ့တယ်။
သူအလယ်တန်းလောက်မှာထဲကစီးပွါးရေးမကောင်းတော့ပါ။
မိဘတရုတ်ကျောင်းဆရာတွေဆိုတော့အပြင်ဘာမှမလုပ်တတ်ကြပါ။
ဒီကြားထဲပြည်သူပိုင်သိမ်းတာတွေ၊လူမျိုးရေးပြဿနာတွေကြောင့်တရုတ်တွေအနှိမ်ခံနေရတယ်။
နောက်ဆုံးကောက်ရိုးမျှင်လေးတစ်မျှင်ကြောင့်အသက်ဆက်ခွင့်ရခဲ့တယ်။
သူ့လောင်စူးကတရုတ်သိုင်းဝတ္ထုတွေကိုဘာသာပြန်ခိုင်းရာမှထမင်းစားဖို့အဆင်ပြေလာတယ်။
သူ့အနေနဲ့လဲကလောင်နာမည်တွေဘာတွေမလို၊ထမင်းစားရရင်ရပြီ
အဲ့လိုဘာသာပြန်ရင်းသိုင်းဆရာဘွဲ့ကိုကျနော်တို့ပေးခဲ့ကြတာ။
“ဂန်ဂါးသည်ခုံပေါ်၌ဆေးလိပ်သောက်နေရင်းမည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ၊ခုံအောက်သို့ဂျွမ်း
ထိုးကျသွားပါသည်(ဆေးလိပ်ထဲဆေးခြောက်ထည့်ထားတာ)”
“ရှကီးသည်ရေဗူးကိုတကျိုက်ကျိုက်မော့ချနေရင်းမည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ၊
အစာတွေရောရေတွေပါဝေါကနဲအန်ထွက်လာပါသည်”
(ရှကီးရေဗူးထဲမှာရေမှမဟုတ်တာ၊အရက်တွေ)
သူရဲကောင်းကြီးရှောင်အားတီသည်လက်တစ်ဖက်တွင်ပြောင်လက်နေသာ၆ပေဓါးရှည်ကိုကိုင်စွဲလျက်ကျန်လက်တစ်ဖက်မှာ
မြင်းဇက်ကြိုးမြဲမြဲဆုပ်ကိုင်ပြီးစစ်သူကြီးဘုတိုဆီသို့လေကဲ့သိုအဟုန်ဖြင့်တည့်တည့်တိုးဝင်သွားပါသည်။
ချွမ်းချင်...ချွမ်းချင်...(ဓါးခုတ်သံများ)...ကျီ...ကျီ...အား....ဘုတ်
စစ်သူကြီးဘုတို၏ခေါင်းသည်မြက်ခင်းပေါ်တွင်သွေးသံရဲရဲ...နဲ့လိမ့်နေပါသည်။
"ငါ့နဲ့ယှဉ်ရဲတဲ့ကောင်ရှိရင်ထွက်ခဲ့" သူရဲကောင်းကြီးရှောင်အားတီဟစ်ကြွေးလိုက်သောအသံသည်
ဝူယိတောင်တကြောလုံးပဲ့တင်ထပ်သွားပါတော့သည်။
ညီလေးတို့ရာတိုးတိုးပြောကြပါ။လူတွေသိကုန်ရင်ကျနော်ထမင်းအိုးကွဲလိမ့်မယ်
ကျနော့်ဆရာကြားသွားရင်ပိုဆိုးမယ်။ကျနော့်ကိုလူတွေမသိစေနဲ့လို့မှာထားတာ
ကျနော်တို့သိုင်းဆရာဝတ္ထုဖတ်ပြီးနောက်ပြောင်နေတာကိုသိုင်းဆရာတောင်းပန်နေတယ်။
သူ့လောင်စူးလဲဘယ်သူ့အတွက်ရှဲဒိုးလိုက်နေလဲမသိပါ။
ဒါပေမဲ့သိုင်းဆရာဘာသာပြန်ထားတာတော်တော်ဖတ်လို့ကောင်းတယ်
သိုင်းဆရာတရုတ်ဘာသာပြန်တစ်ခုဘဲလုပ်တတ်မယ်လို့ထင်ထားတာ
သူအချစ်ဝတ္ထုတွေလဲရေးတတ်တယ်။
"အကိုအမြတ်တနိုးပေးတဲ့ပန်းကို၊ညီမဘာလို့လွင့်ပြစ်လိုက်တာလဲ"
"အကိုပေးတဲ့ပန်းကနှင်းဆီပန်းမှမဟုတ်တာ၊ ကျမကနှင်းဆီဘဲကြိုက်တယ်"
"ဘယ်ပန်းဖြစ်ဖြစ်အချိန်တန်ရင်နွမ်းကျွေရတာပါဘဲ၊"
"ညီမချစ်တဲ့နှင်းဆီအပါရေထဲကဗေဒါ၊ကုန်းပေါ်ကနေကြာလဲအချိန်လေးတစ်ခုမှာဘဲပွင့်လန်းရတာပါ"
"ဘယ်အရာမှမမြဲပါဘူး၊မမြဲခြင်းတရားတစ်ခုဘဲမြဲနေတဲ့တရား၊ဘုရားဟောခဲ့တာ"
"နေပါအုန်း၊ကိုဟဝှါ...ရှင်ကျမကိုသီလရှင်ဝတ်ခိုင်းတော့မလို့လား"
"ရှင့်ခေါင်းထဲမှာဘာတွေကြံနေလဲဆိုတာကျမသိတယ်နော်...ဟင်း...ဟင်း..."
စာသားအနုအလှလေးတွေကိုဖွဲ့နွဲ့ပြီးရေးတတ်တယ်၊ဖတ်လို့ကောင်းတယ်။
သိုင်းဆရာဘယ်စာအုပ်တိုက်ပို့မလို့လဲ
ငါ့ဆရာမိတ်ဆက်ထားပေးတဲ့စာအုပ်တိုက်တွေရှိတယ်။
ဘယ်သူကြိုက်လဲ၊ကြိုက်တဲ့သူယူကြ၊
ငါကငွေရရင်ပြီးရော၊သူ့ဟာသူဘယ်နာမည်ဘဲသုံးသုံး
ကျနော်တို့သိုင်းဆရာကတကယ့်ရှဒိုးဆရာစစ်စစ်ပါဘဲ
ရေးလိုက်တဲ့စာတွေနာမည်ရဖို့အတွက်မဟုတ်၊ငွေရဖို့
ကျနော့်အဖြစ်ကနာမည်ကြီးအောင်လုပ်နေရင်ကျနော့်မိဘတွေထမင်းငတ်ကုန်မယ်။
ကျနော့်မိဘထမင်းစားရဖို့နံပါတ်တစ်အရေးကြီးတယ်။
…………………………………………………………………………………………………..
တစ်ရက်ကျနော့်ဆီဖုံးနံပါတ်အသစ်တစ်ခုဆက်လာပါတယ်။
Geologist-myanmar.com ပိုင်ရှင်လား
ဟုတ်ပါတယ်
ကျနော်ဒီဝက်ဆိုဒ်နဲ့ပါတ်သက်ပြီးစကားပြောချင်လို့ပါ
ကျနော်တို့ကျောက်ကုန်းထိပ်က”အခရာလ္ဘက်ရည်ဆိုင်”မှာချိန်းလိုက်ကြပါတယ်။
သူလဲတစ်ယောက်ထဲလာသလို၊ကျနော်လဲတစ်ယောက်ထဲသွားခဲ့တယ်။
သူကပိုင်ရှင်မှန်မမှန်သိချင်နေတယ်။ Creative web ကိုဖုံးဆက်ပြီးအတည်ပြုလိုက်ပါတယ်၊
ပိုင်ရှင်မှန်တယ်ဆိုရင်ဒီဝက်ဆိုဒ်ထဲက ဝတ္ထုတိုလေးတွေကိုဝယ်ချင်တယ်လို့ကမ်းလှန်းပါတယ်၊
ငွေကြေးပမာဏတစ်ခုသူပြောပါတယ်။
သူပြောတဲ့ငွေကြေးကျနော်စိတ်မဝင်စားပါ၊အဲ့လိုနဲ့ကျနော်တို့လမ်းခွဲလိုက်ကြပါတယ်
နောက်တစ်ပတ်လောက်သူနဲ့ပြန်တွေ့ကြပါတယ်၊
ငွေကြေးပမာဏထပ်တိုးပေးပြီးပြန်စဉ်းစားပေးဖို့ပြောပါတယ်၊
အမှန်ပြောရရင်ကျနော်ဖင်ခေါင်းကျယ်တာမဟုတ်ပါ၊ဒီငွေလောက်ကိုကျနော်ဂရုမစိုက်ပါ။
သို့သော်စိတ်ဝင်စားဟန်ပြပြီးသတင်းနှိုက်ကြည့်ဖို့စိတ်ကူးလိုက်ပါတယ်။
သူကဥပဒေနဲ့ကျောင်းပြီးခဲ့သောရှေ့နေတစ်ဦး၊ဒါပေမဲ့သူ့ဘွဲ့ကအဝေးသင်
ကျနော်တို့ထက်အများကြီးငယ်တယ်။ကျနော့်တူအရွယ်လောက်ဘဲရှိမယ်။
ကျနော်တို့နေခဲ့တဲ့တက္ကသိုလ်ပရဝုဏ်နဲ့မနီးစပ်ပါ။
မန္တလေးဆောင်သိလားဆိုမသိပါတဲ့၊
နောက်ကျတော့သူဝန်ခံတယ်၊သူထုတ်ဝေသူတစ်ဦးအတွက်အကျိုးဆောင်ပေးနေတာပါတဲ့
အလုပ်ဖြစ်ရင်သူအကျိုးဆောင်ခထပ်ရမည်။
ကျနော်နောက်အပတ်ထပ်ချိန်းလိုက်တယ်၊ထုတ်ဝေသူဆန္ဒတွေကိုတိတိကျကျသိချင်တယ်လို့ပြောလိုက်တယ်၊
နောက်အပတ်ကျတော့သူတို့ဖက်ကအပိုင်တွက်ထားပုံရတယ်၊စာချုပ်နမူနာတွေပါယူခဲ့တယ်။
သူတို့ဝယ်ဖြစ်ခဲ့ပါက....
ကျနော်ဝတ္ထုတိုများကိုကျနော်အမည်သုံးခွင့်မပြုပါ၊
ကျနော်ဝတ္ထုတိုများနှင့်ပတ်သက်ပြီးပြင်ဆင်ခြင်း၊တည်းဖြတ်ခြင်း၊အစားထိုးပြောင်းလဲခြင်းများကိုလဲစွက်ဖက်ခွင့်မရှိပါ။
ကျနော့်စာပေကိုသူတို့လုပ်ချင်သလိုလုပ်ခွင့်ပေးရမည်ဆိုတဲ့သဘောမျိုး၊
ငယ်ငယ်ကဆုံခဲ့သောရှောင်လင်သိုင်းဆရာကိုပြန်သတိရမိပါတယ်။
သိုင်းဆရာကငွေကြေးကြောင့်ရှဲဒိုးလုပ်နေရသူ၊
ကျနော်ကဝါသနာအရရေးနေသူ၊အများကြီးကွာခြားနေပါသည်။
သူတို့ဘာကြောင့်ခုမှစိတ်ဝင်စားလဲသိချင်နေပါတယ်။ကျနော်ဝက်ဆိုဒ်လုပ်ထားတာဆယ်နှစ်ကျော်ခဲ့ပြီ၊
မကြာမှီရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်လာတော့မည်၊တက္ကသိုလ်ကျောင်းသားများစိတ်ဝင်စားမည့်
တက္ကသိုလ်နဲ့ပတ်သက်သောဝတ္ထုတို/ရှည်၊လုံးချင်းစာအုပ်ထုတ်ဖို့ကျိုးစားနေကြတယ်။
တက္ကသိုလ်နဲ့ဆိုင်သောဝတ္ထုတို/ရှည်များကိုလိုက်စုဆောင်းနေတယ်။
ကျနော်ဆီကစာတွေရခဲ့ရင်လုံးချင်းဝတ္ထုတွေတောင်ထုတ်မယ်လို့ပြောတယ်၊
သူ့အပြောအရသူတို့ဆီမှာရှဲဒိုးဆရာအဖွဲ့လိုက်ရှိတယ်၊
နောက်ပြီးသူပြောပြတာကကျနော့်စာထဲကဘူမိဗေဒကွင်းဆင်းတဲ့အကြောင်းတွေဆိုရင်ထပ်ဖြည့်မယ်၊
တက္ကသိုလ်ထဲကဇာတ်လမ်းတွေကိုထပ်ရှည်အောင်ဆန့်မယ်။အဓိကလူတွေစိတ်ဝင်စားအောင်လုပ်ပြမယ်။
ညီလေးတို့ရှဲဒိုးအုပ်စုမှာဘူမိဗေဒနဲ့ကျောင်းပြီးတဲ့လူတွေပါလားအကိုသိချင်တယ်၊မေးပေးပါလား
အကိုတိတိကျကျသိချင်တယ်.....ပိုင်ရှင်လား၊ဘယ်သူ့ဆီကိုလားဖုံးဆက်လိုက်တယ်
မပါဘူး၊အများစုကအဝေးသင်နဲ့ဘွဲ့ရထားသူတွေများတယ်၊
ဘွဲ့မရတဲ့သူတွေလဲရှိတယ်။
ရန်ကုန်တက္ကသိုလ်ထဲမှာကျောင်းတက်ခဲ့သူတွေရောရှိလား
ရှိတယ်၊အဝေးသင်လာဖြေချိန်မှာတက်ခဲ့ဘူးတယ်၊တစ်လလားရက်နှစ်ဆယ်လားနေခဲ့တယ်
ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲကဇာတ်လမ်းတွေထပ်ဆန့်တာကျနော်မပြောလိုပါ။
ကျနော်တို့ကွင်းဆင်းတာတွေကိုထပ်ဖြည့်မယ်ဆိုတော့....
ကျနော်တို့ဘူမိဗေဒကွင်းဆင်းတာကိုဇာတ်လမ်းတည်ပြီးရေးခဲ့တဲ့ဝတ္ထုတစ်အုပ်ရှိခဲ့ဘူးတယ်။
ဆရာမင်းလူရေးခဲ့တယ်၊ဝတ္ထုနာမည်.”ချစ်သောပန်းကလေး “သူငယ်ချင်းတွေနဲ့ဝယ်ဖတ်ခဲ့တယ်။
ကျနော်တို့ကွင်းဆင်းခဲ့တဲ့ကျွဲတပ်ဆုံရွာလေး၊ပြင်ညောင်ရွာလေးကိုအခြေတည်ပြီးရေးခဲ့တယ်,
၊အခြားလူတွေရေးခဲ့တာရှိရင်လဲရှိနိုင်တယ်၊ကျနော်မသိတာလဲဖြစ်မယ်။
ကျနော်စဉ်းစားကြည့်မိတယ်၊အပြင်လူတစ်ယောက်ကအချစ်နဲ့ပတ်သက်ပြီး
ရန်ကုန်တက္ကသိုလ်ထဲကအကြောင်းတွေဆန့်ပြီးရေးလို့ရချင်ရမယ်၊
ကျနော်တို့ကွင်းဆင်းတဲ့ရွာလေးတွေနဲ့ပတ်သက်သောအကြောင်းအရာများကိုဘူမိဗေဒကျောင်းသားမဟုတ်
ဘဲသူဘယ်လိုရွှီးမလဲဆိုတာစဉ်းစားလို့မရ၊ရွာသားတွေနဲ့ကျောင်းသားတွေအပြန်အလှန်လေးစားမှုတွေ၊
ရွာသူကြီးနဲ့ကျောင်းသားများ၊ရွာဘုန်းကြီးနဲ့ကျောင်းသားများတို့ရဲ့နွေးနွေးထွေးထွေးဆက်ဆံရေးများသည်
ကျနော်တို့ဘဝမှာမမေ့နိုင်သောအမှတ်တရတွေရှိခဲ့ဘူးပါတယ်၊
ဆရာဖေမောင်သန်း၊ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်း၊ဆရာဦးချိုဦး၊ဆရာဦးခိုင်ရှင်း၊
ဆရာဦးတင်ကျော်သန်း၊ဆရာဦးအောင်ကျော်ထွန်း၊ဆရာဦးဇော်သက်....ဆရာများနဲ့အတူကွင်းဆင်းခဲ့ပါသည်၊
ကျနော်တို့ဌာနမှာဆရာ၊ဆရာမများစွာရှိနေပါသေးတယ်၊
အတူကွင်းဆင်းခဲ့ဘူးသောဆရာများကိုရေးပြခြင်းသာဖြစ်ပါတယ်၊ကွင်းဆင်းကာလတစ်လအတွင်း
မိဝေးဖဝေးကျောင်းသားများအပေါ်မိဘထက်ပိုသောမေတ္တာနဲ့စောင့်ရှောက်ပေးခဲ့သောဆရာများ၏
ကျေးဇူးတွေကိုဒီနေ့ထိမမေ့နိုင်သေးပါ။ဆရာတပည့်ဆက်ဆံရေးများသည်ယနေ့ထိနွေးထွေးနေဆဲပါ.
ကျနော်တို့စာသင်ခဲ့သောမန္တလေးဆောင်ကြီးကိုမြင်တိုင်းသူငယ်ချင်းများ၊ဆရာများကိုလဲသတိရဆဲပါ၊
ထို့အတူကျနော်တို့နေခဲ့သောဒဂုံဆောင်(ခုတော့အမျိုးသမီးအဆောင်ဖြစ်သွားပါပြီ)မြင်တိုင်းသူငယ်ချင်းများ၊
အဆောင်မှူးဆရာဦးမျိုးမင်း၊ဆရာဦးမေတ္တာတို့ကိုလဲသတိရဆဲပါ။
ကျနော်တို့သည်စာရေးဆရာမင်းလူပရိတ်သတ်များဖြစ်ကြပါတယ်။
ကျောင်းနေစဉ်စာအုပ်အငှားဆိုင်တွေမှာမင်းလူစာအုပ်အသစ်ထွက်တိုင်းအလုအယက်တိုးဝှေ့၍ငှားဖတ်ခဲ့ကြတယ်။
ဆရာမင်းလူရေးခဲ့သော”ချစ်သောပန်းကလေး”စာအုပ်ကိုကျနော်တို့ဝယ်ပြီးဖတ်ခဲ့ကြတယ်။
ကျနော်တို့ဘူမိဗေဒကွင်းဆင်းခဲ့တာတွေရေးပြထားတယ်။အဲဒီအချိန်ကျနော်တို့ကွင်းမဆင်းဘူးသေးတဲ့အချိန်၊
ကွင်းဆင်းခြင်းနဲ့ပတ်သက်သောအတွေ့အကြုံမရဘူးသေးပါ။ဒါကြောင့်စာတွေ့နဲ့အတွေ့အကြုံသိချင်လို့ဖတ်ကြတာပါ။
ဆရာမင်းလူရေးပြခဲ့တာတွေကျနော်တို့အားလုံးကြိုက်ခဲ့ကြတယ်။
ဘူမိဗေဒကျောင်းသားများအကြားမှာပေါက်ခဲ့သောစာအုပ်လို့ဆိုချင်ပါတယ်၊
ဆရာမင်းလူသည်ဘူမိဗေဒမှငယ်သူငယ်ချင်း ၅ ယောက်တို့၏ကွင်းဆင်းအတွေ့အကြုံများအမှီပြု၍
ရေးခဲ့ခြင်းဖြစ်သည်။ကွင်းမဆင်းမှီဖတ်ခဲ့သောစာများသည်ကျနော်တို့ကွင်းဆင်းကြသောအခါ
ဆရာမင်းလူ၏စာအုပ်နဲ့ထပ်တူနီးပါးကြုံခဲ့ကြပါတယ်။
ကွင်းဆင်းကာလတစ်လျှောက်လုံး၊ဗိုက်ဆာတိုင်းပါးစပ်မှ ဆရာမင်းလူ၏ မစိန်တင်ကိုတမ်းတခဲ့ကြတယ်။
"မစိန်တင်..ရေ...အကိုဗိုက်ဆာနေပြီ၊ဂျူးကြော်တစ်ပွဲချန်ထားပေးပါ"
"ဂျူးကြော်စားချင်တယ်...မစိန်တင်...."
"ဂျူးကြော်မရှိတော့ဘူး၊စမူဆာဘဲကျန်တယ်"
"အဲ့..စမူဆာ၊ကိုရင်ဗျော့ကိုဘဲကျွေးလိုက်တော့"
ကျနော့်စာကိုလာဝယ်သူများသည်မည်သူ့အကူအညီယူပြီးကွင်းဆင်းသောဇာတ်လမ်းကိုဆန့်ထုတ်မလဲ
ဘူမိဗေဒနဲ့ဘွဲ့ရသူတစ်ယောက်မှမရှိသောသူတို့ရှဲဒိုးအုပ်စုသူတို့ဘယ်လိုပုံစံနဲ့လုပ်ဖို့စဉ်းစားထားလဲ
ကျနော်တို့ရင်ထဲမှာရှိနေသောဘူမိဗေဒဌာနနဲ့ပတ်သက်နေသောအကြောင်းအရာများကို၊
အပြင်လူတစ်ယောက်၊ရှဲဒိုးဆရာတစ်ယောက်သူဘယ်လိုရေးမလဲဆိုတာခံစားကြည့်လို့မရပါ၊
သူတို့အရေးအသားကောင်းချင်ကောင်းပါလိမ့်မည်၊
ဒါပေမဲ့ကွင်းဆင်းသောအတွေ့အကြုံများကိုကိုယ်တိုင်မခံစားရသောသူတစ်ယောက်ရေးမယ်ဆိုတော့
ကျနော့်သားသမီးအရင်းကိုသူစိမ်းကိုပေးပြီး၊သူစိမ်းကလမ်းဘေးမှာတောင်းရမ်းခိုင်းနေခဲ့ရင်(ဒါမှမဟုတ်)
မျောက်ပွဲလိုရုံသွင်းပြသနေရင်ကျနော်ရင်ကျိုးလိမ့်မယ်။
ကျနော့်စာထဲတွင်ကျနော့်ဘဝအစိပ်အပိုင်းအချို့ကိုလဲရေးထားတာတွေရှိတယ်။
သူတို့ဆီပေးပြီးမှသူတို့စိတ်ကြိုက်ရေးချင်တာတွေရေးလိုက်ခဲ့သော်၊ကျနော်ဘဝဂျွမ်းထိုးမှောက်ခုံ
ဖြစ်သွားနိုင်တယ်၊ကျနော့်ဘဝပါပြောင်းသွားနိုင်တယ်။
ဒါကြောင့်ကျနော့်ရင်ထဲကစာသားတွေ၊ကျနော့်အတွေးတွေကိုဘယ်သူ့ကိုမှမပေးဖို့ဆုံးဖြတ်လိုက်တယ်။
ကျနော်ရေးထားတာတွေကျနော့်ကိုယ်ပိုင်စာကြည့်တိုက်မှာဘဲသိမ်းထားလိုက်တော့မယ်။
မည်သူမဆိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
စာကြည့်တိုက်နာမည်”https://mytalksteve.blogspot.com”
(ဝန်ခံခြင်း)
ရန်ကုန်တက္ကသိုလ် ခုနှစ်ဆယ့်ငါးနှစ်ပြည့် အခန်းအနားကျင်းပချိန်အတွင်းအကြောင်းကြောင်းကြောင့်
သူငယ်ချင်းများနှင့်ကျနော်မဖြစ်ဆုံခဲ့ပါ။
သူငယ်ချင်းများအားလုံးရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အချိန်ကိုမျှော်လင့်ခဲ့ကြပါသည်။
အဘယ်ကြောင့်ဆိုသော်ကျနော်တို့သူငယ်ချင်းအားလုံးကျောင်းပျော်များဖြစ်ကြလို့ပါ။
သို့သော်အကြောင်းတိုက်ဆိုင်စွာဖြင့်ကျနော်တို့ဆီကိုဗစ်ကပ်ရောဂါရောက်ရှိလာချိန်နဲ့
တိုက်ဆိုင်သွားပါတယ်။စက်ရုံတွေအားလုံးရပ်၊အလုပ်တွေရပ်၊ဝန်ထမ်းတွေကိုအပြင်မထွက်စေ
ဘဲ၊စားစရိတ်ငြိမ်းတာဝန်ယူထားသောအချိန်ဖြစ်ပါတယ်။
အိမ်ကတစ်ယောက်ယောက်များအပြင်ထွက်မယ်ဆိုရင်အားလုံးဝိုင်းတားနေချိန်ဖြစ်ပါတယ်။
ဘယ်သူမှကိုဗစ်ရောဂါအိမ်ထဲမရောက်စေချင်ပါ။လမ်းမှာအရေးပေါ်ကားဥဩသံတညံညံ၊
ဘေးအိမ်တွေမှာအဝါရောင်ကြိုးတွေတားပြီး၊လော့ဒေါင်းချနေချိန်၊ကျနော်လူကြီးတစ်ယောက်
အနေနှင့်အိမ်စည်းကမ်းကိုမဖေါက်ချင်တော့ပါ။
သူငယ်ချင်းတွေဆီဖုံးဆက်တော့ကိုဗစ်ဖြစ်လို့ကွာရန်တင်းစင်တာရောက်သူရောက်၊
နှာစေးချောင်းဆိုးပြီးအိမ်မှာခွဲနေ၊နေကြသူတွေများနေပါတယ်။
နောက်ဆုံးကျနော်လက်လျှော့လိုက်ပါပြီ၊
ကျနော်နဲ့ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်မဆုံဖြစ်တော့ပါ၊
Comments
Post a Comment