မြန်မာစာပေ...လောကနှင့်ရှဲဒိုးသိုင်းဆရာများ

 



www.geologist-myanmar.com ကို ၂၀၀၈ ဝန်းကျင်လောက်စလုပ်ဖြစ်ခဲ့ပါတယ်။

ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ကျနော်၊ကွင်းဆင်းတုန်းကဓါတ်ပုံလေးတွေစုဆောင်းချင်လို့

ဝက်ဆိုဒ်ထောင်တာဖြစ်ပါတယ်။သူငယ်ချင်းတွေမှာရှိတဲ့ဓါတ်ပုံလေးတွေတင်ကြရင်း

ကျနော်တို့ကျောင်းသားဘဝကိုအလွမ်းဖြေခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းကဓါတ်ပုံလေးတွေလိုက်စုတဲ့အခါနှစ်တွေတော်တော်ကြာခဲ့တာကြောင့်

တော်တော်များများပျက်စီးနေကြပါပြီ၊

နှမျောလိုက်တာ....ကျနော်ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဆိုရင်နေရာအရွှေ့အပြောင်းတွေမှာ

တော်တော်များများပျက်စီးသွားပါတယ်။

ကျနော်တို့ဓါတ်ပုံလေးတွေကိုကြည့်မဝနိုင်ခဲ့ကြဘူး၊

ကျောင်းကိုသတိရလို့”မြကျွန်းညိုညို၊တက္ကသိုလ်”သီချင်းအသံဖိုင်လေးပါတင်ထားခဲ့တယ်၊

နောက်ကျတော့ကွင်းဆင်းခဲ့တုန်းကအတွေ့အကြုံလေးတွေရေးကြရင်ကောင်းမယ်ဆိုပြီး

စာလေးတွေစရေးခဲ့ပါတယ်၊သူငယ်ချင်းတစ်ယောက်လဲကူရေးပါတယ်။

သူကမအားတာကြောင့်ရေးတာနဲပါတယ်။ကျနော့်စာတွေကပိုများနေပါတယ်။

ကျနော်တို့ကျင်လည်ခဲ့တဲ့တက္ကသိုလ်ဝန်းကျင်ကအကြောင်းတွေ၊ကွင်းဆင်းတဲ့အတွေ့အကြုံတွေ၊

အနီးပတ်ဝန်းကျင်ကလူတွေအကြောင်းတွေ၊စိတ်ထဲပေါ်လာတာရေးဖြစ်ပါတယ်။

ဒါပေမဲ့ ကျနော်စာရေးဆရာတစ်ယောက်မဟုတ်သလိုစာပေလောကနဲ့နီးစပ်သူလဲမဟုတ်ခဲ့ပါ။

ကျနော်နားလည်သလိုရေးခြင်းသာဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်းမှာလူတွေက Facebook ကိုပိုစိတ်ဝင်စားလာကြပါတယ်။

အဲဒီနောက်ပိုင်းဝက်ဆိုဒ်ကိုလူတွေစိတ်မဝင်စားကြတော့ဘူးလို့ထင်ပါတယ်။

ဝန်ခံရရင်ကျနော်တို့ကိုယ်တိုင်လဲမကြည့်ဖြစ်တော့ပါ။

လူတွေနဲ့အတူ FBရေစီးကြောင်းနောက်လိုက်ပါသွားကြပါတယ်။

ရေးစရာရှိလဲ FB မှာဘဲရေးဖြစ်ပါတော့တယ်။

FB ကစာတိုတွေဘဲရေးဖြစ်ပါတယ်။

နှစ်တွေတော်တော်ကြာကြာကြီးဝက်ဆိုဒ်ကိုပြစ်ထားခဲ့မိပါတယ်။

အဲဒီနှစ်အတောအတွင်းစာတွေရေးချင်ပေမဲ့မရေးဖြစ်ခဲ့ပါဘူး၊

ဟိုတုန်းအချိန်စာရေးခဲ့တာ..ရေးချင်စိတ်ပေါ်လာရင်ဗလာစာအုပ်မှာချရေးတယ်

ပြီးရင်ဝန်ထမ်းတစ်ယောက်က ဇော်ဂျီဖောင့်နဲ့ကွန်ပြူတာမှာရိုက်၊ဟာ့ဒစ်မှာသိမ်းထားတယ်။

နောက်ကျတော့ကျနော်စာရေးရတာပျင်းလာတာကြောင့်မရေးဖြစ်တော့

(လက်ရေးလဲစုတ်ပြတ်သတ်နေရောဘဲ)မရေးချင်တာဒါလဲပါတယ်။

ဒီထဲရေးပြီးစာကိုရိုက်ဖို့မအားကြတာနဲ့၊အလုပ်ရှုတ်နေတာနဲ့၊မေ့သွားတာနဲ့၊

အတင်းအကြပ်လဲမပြောချင်ပါ။သူတို့လေးတွေကကျနော့်လုပ်ငန်းထဲကဝန်ထမ်းလေးတွေ၊

ဒီလိုနဲ့ဘဲမရေးဖြစ်တော့ပါ၊မရေးတာကြာလို့ရေးချင်စိတ်လဲမရှိတော့ပါ။

တခါတလေရေးချင်စိတ်တော့ပေါ်လာပါတယ်။လက်ရေးနဲ့ရေးရမှာပျင်းနေတယ်။

ဒီလိုနဲ့ဘဲ ၂၀၂၂ နှစ်ရောက်လာပါရော...

တိုက်ဆိုင်မှုတွေ၊အကြောင်းကြောင်းတွေကြောင့်ဒီဝက်ဆိုဒ်ကိုဖျက်သိမ်းဖို့ဖြစ်လာပါတယ်။

ဓါတ်ပုံတွေကကျုံ့ပြီးတင်ထားသောကြောင့်ပြန်ယူတဲ့အချိန်ပုံသေးသေးလေးတွေဘဲဖြစ်နေပါတယ်။

အဆင်မပြေတော့ပါ။

ကျနော်ရေးထားတဲ့မှတ်တမ်းတွေကိုကော်ပီပြန်ကူးထားလိုက်ပါတယ်။

တနေ့နေ့တချိန်ချိန်တနေရာရာမှာပြန်ပြထားချင်လို့ပါ

ကျနော်အချိန်ကုန်ခံပြီးရေးခဲ့တာတွေ၊ကျနော်တန်ဘိုးထားတယ်။

ဟိုအချိန်ကဇော်ဂျီနဲ့ရေးခဲ့တယ်၊ဒီနေ့ယူနီကုတ်ဖြစ်နေပြီ

တူလေးတစ်ယောက်အကူအညီနဲ့ယူနီကုတ်ပြန်ပြောင်းပြီး၊ဘလော့တစ်ခုလုပ်လိုက်တယ်၊

ဟိုတစ်ချိန်တုန်း ဘလော့ခေတ်စားတဲ့အချိန်တစ်ခုရှိခဲ့ဘူးတယ်။ပြန်သတိရမိပါတယ်၊

ရေးလဲရေးချင်တယ်၊နာမည်လဲမဖေါ်ရဲတဲ့ဘဝ၊

လွတ်မြောက်နယ်မြေရောက်နေတဲ့သူတွေဆီပို့ပြီး၊သူတို့ဘလော့မှာတင်ထားတယ်။

ကိုယ်ရေးတာပါလို့လဲမပြောရဲဘူး၊ကြောက်လို့

https://mytalksteve.blogspot.com

ဘလော့လေးလုပ်ပြီးကျနော့်စာပြန်တင်နေတယ်၊ဖြေးဖြေးချင်းဘဲသွားနေတယ်။

တစ်ပုဒ်ပြီးတစ်ပုဒ်ပေါ့၊ကျနော်အရင်တင်ခဲ့တုန်းလိုအစီအစဉ်အတိုင်းတော့မလုပ်ဖြစ်တော့ပါ၊

လွယ်ကူရာတစ်ပုဒ်ကိုယူနီကုတ်‌ပြောင်း၊စာလုံးပေါင်းတွေစစ်၊ထပ်ဖြည့်ချင်တာရှိရင်ဖြည့်လိုက်

သူငယ်ချင်းတွေထဲကအချို့က မင်းတို့ဟာတွေကဒိတ်အောက်နေပြီလို့ပြောကြတယ်။

ရေးတာတွေကလဲခေတ်နောက်ကျနေပြီလို့လဲပြောကြတယ်။

ကျနော်ဘာမှမပြောလိုပါ။စိတ်ချမ်းသာသလိုပြောကြပါစေ။

ကျနော်သည်တစ်လတစ်အုပ်ထုတ်နေသောစာရေးဆရာမဟုတ်ပါ၊သူမေ့နေတယ်။

ကျနော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်တာလေးတွေကိုအမှတ်တရဖြစ်အောင်ရေးထားခြင်းဖြစ်သည်။

ကျနော့်အတွေ့အကြုံ၊သူငယ်ချင်းအတွေ့အကြုံများကိုအခြေခံပြီးရေးနေခြင်းဖြစ်သည်။

ကိုးရီးယားရုပ်ရှင်လိုအခန်းဆက်ရေးနေသောစာရေးဆရာလဲမဟုတ်ပါ။

မြန်မာပြည်ကစာရေးဆရာများနဲ့လဲမနှိုင်းယှဉ်အပ်ပါ၊

ကျနော့်အရည်အချင်းကျနော်သိပါသည်။

၂၀၂၂ မှာကိုးရီးယားအခန်းဆက်ရုပ်ရှင်တွေကျနော်စကြည့်ဖြစ်တယ်။

အရင်နှစ်တွေကဘောလုံးပွဲ၊ဘတ်စကက်ဘောပွဲ၊တင်းနစ်ပွဲတွေဘဲတောက်လျှောက်ကြည့်ခဲ့တယ်။

နောက်ကျတော့အားကစားလိုင်းတွေသိပ်မကြည့်ဖြစ်တော့ပါ။

မန်ယူ ခွက်ခွက်လန်အောင်ရှုံးနေသောကြောင့်စိတ်ကုန်လာပါတယ်။

ကျနော်တို့ကမန်ယူဖန်စစ်စစ်တွေ၊ရှုံးတာများတော့မကြည့်ချင်တော့ပါ။

မြန်မာစာတမ်းထိုးကားတွေကြည့်ရင်း၊မြန်မာစာအသုံးအနှုန်း၊လိုက်လျောညီထွေဖြစ်အောင်

ဘာသာပြန်တာတွေကိုချီးကျူးမိပါတယ်။

(အရင်မြန်မာစာတမ်းထိုးသောရုပ်ရှင်သူတို့ရေးလိုက်တဲ့မြန်မာစာကျနော်တို့တောင်နားမလည်ခဲ့)

ကြည့်နေရင်းနဲ့စာရေးချင်စိတ်လဲပေါ်လာပါတယ်။

Chicago Type writer ကိုးရီးယားကားကြည့်ပြီးစာရေးချင်စိတ်ပိုဖြစ်လာပါတယ်။

ဒီအချိန်ယူနီကုတ်နဲ့ကျနော်စာရိုက်နေပြီ၊

ကိုးရီးယားရုပ်ရှင်ထဲကလိုကွန်ပြူတာနဲ့တခါထဲရိုက်ကြည့်ချင်နေတယ်၊

ရေးချင်စိတ်လေးကိုတခါထဲကွန်ပြူတာနဲ့ရိုက်ထည့်လိုက်တယ်။

အမှားပြင်ရလွယ်တယ်၊စာတွေထပ်ဖြည့်ရတာလွယ်တယ်၊

ကျနော်နဲနဲအဆင်ပြေလာပြီ၊

တကယ်တော့ကျနော်ကခေတ်နောက်ကျနေတာပါ၊စာရေးဆရာတွေတခါထဲကွန်ပြူတာနဲ့ရေးနေတာ

ကြာပြီလို့သူငယ်ချင်းတွေပြောလို့သိရတယ်။

သူငယ်ချင်းထဲကတစ်ယောက်ပြောခဲ့တာကိုကျနော့်စိတ်ထဲကသိပ်မကျေနပ်ပါ။

မင်းတို့ဟာတွေကဒိတ်အောက်နေပြီ၊လုပ်မနေပါနဲ့

ဘယ်သူမှလဲဖတ်မှာမဟုတ်ဘူး

ခေတ်မှီတာတွေရေးစမ်းပါ

ကျနော့်ကိုပြောခဲ့တာ၊ကျနော်ဘာမှပြန်မပြောပါ၊

ကျနော်ရေးခဲ့တာ ၂၀၁၀ လောက်ကရေးခဲ့တာ၊

တစ်ခါ ကျနော်တို့ကွင်းဆင်းကြတာ ၁၉၈၀/၁၉၈၁ အချိန်တုန်းကအတွေ့အကြုံတွေကိုရေးတာ

သူပြောတဲ့ခေတ်မှီတယ်ဆိုတာဘာကိုဆိုလိုတာလဲကျနော်မသိပါ၊

ရှေ့မှာပြောခဲ့သလိုကျနော်စာရေးဆရာမဟုတ်ပါ

သို့သော်ကျနော်ရေးထားသောစာ၊ကျနော်တန်ဘိုးထားသောစာတွေကိုကျနော့်စာကြည့်တိုက်ထဲ

မှာသိမ်းထားခြင်းဖြစ်ပါတယ်၊စိတ်ဝင်စားတဲ့လူတွေဖတ်ဖို့စုထားခြင်းဖြစ်ပါတယ်။

စိတ်ဝင်စားသူများအတွက်ကျနော်သိမ်းထားတာပါ၊

သူပြောတဲ့ဒိတ်အောက်တယ်ဆိုတာကိုလဲကျနော်နားမလည်ပါ

ကျနော်သည်ဆရာကြီးဒေါင်းနွယ်ဆွေ၊ဆရာကြီးရွှေဥဒေါင်း၊ဆရာကြီးသော်တာဆွေ၊အရင့်အရင်စာအုပ်များကို

ဖတ်နေဆဲပါ။မဖတ်ရသေးသောစာအုပ်သည်ကျနော်အတွက်အသစ်ဖြစ်ပါသည်။

သူတို့ပြောသလိုဆိုရင်စာကြည့်တိုက်တွေမလိုတဲ့ပုံမျိုးဖြစ်နေပြီ

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးအပိုဖြစ်နေပြီပေါ့

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာလွန်ခဲ့သောနှစ်တစ်ရာလောက်ကစာအုပ်တွေ

ရှိနေတယ်လို့သူငယ်ချင်းတစ်ယောက်ပြောပြဘူးတယ်

ကျနော်ကြိုက်သောစာအုပ်အဟောင်းများကိုထပ်ခါထပ်ခါဖတ်လေ့ရှိတယ်။

ကျနော်အကြိုက်ဆုံးစာအုပ်တစ်အုပ်ရှိခဲ့ဘူးပါတယ်။

ဆရာတင်မောင်မြင့်ဘာသာပြန်ခဲ့သော”ငွေရန်သူ”စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်လေးကိုကျနော့်အိပ်ယာဘေးမှာအမြဲထားတယ်။

အိပ်မပျော်တဲ့ညတွေမှာထပြီးကျနော်ဖတ်တယ်။

မအိပ်ခင်မှာလဲဖတ်တယ်။ဒီစာအုပ်လေးကကျနော့်စိတ်ခွန်အားကိုဖြစ်စေလို့ပါ

ညစဉ်ညတိုင်းဖတ်တယ်၊၊အပြောင်းအရွှေ့မှာစာအုပ်ပျောက်သွားပါတယ်။

ရှာမတွေ့တော့မဖတ်ဖြစ်တော့ပါ၊ဆယ်နှစ်လောက်ကြာသောအခါ”ငွေရန်သူ”

စာအုပ်ထပ်ရိုက်တော့ကျနော်ဝယ်ပြီးထပ်ဖတ်နေပါသည်။ဖတ်လို့ကောင်းနေဆဲ

“ငွေရန်သူ”စာအုပ်သည်ကျနော့်စိတ်ထင်အနှစ်နှစ်ဆယ်လောက်ရှိနေပြီ

ကျနော့်အတွက်မရိုးသေးပါ

……………………………………………………………………

Chicago Type writer ရုပ်ရှင်ကြည့်နေရင်းရှဲဒိုးစာရေးဆရာအကြောင်းပြောနေတာ

ကြည့်ခဲ့ရပါတယ်။ရှဲဒိုးစာရေးဆရာဆိုတော့ကျနော့်သူငယ်ချင်းတစ်ယောက်ကိုသတိ

ရမိပါတယ်။မြန်မာစာပေလောကမှာရှဲဒိုးစာရေးဆရာတွေကျနော်တို့စာသင်နေတဲ့

ကာလမှာထဲကရှိနေပြီးသားပါ၊

ကျနော်တို့သူငယ်ချင်းရှဲဒိုးဆရာသည်ကျနော်တို့မေဂျာကမဟုတ်ပါ။

ကျနော့်အခန်းကပ်ရက်အခန်းမှာလာနေသောကြောင့်သိခဲ့၊ခင်ခဲ့သောသူငယ်ချင်းတစ်ယောက်

ဖြစ်ခဲ့ပါတယ်။သူ့ကိုကျနော်တို့ရှောင်လင်သိုင်းဆရာလို့ခေါ်ကြတယ်။

သူသည်ပေါ့သေးသေးမဟုတ်ပါ၊တရုတ်သိုင်းဝတ္ထုများကိုဘာသာပြန်ပေးနေသောစာရေးဆရာ

တစ်ယောက်ဖြစ်ခဲ့လို့ပါ။သို့သော်သူ့ကလောင်နာမည်သုံးခွင့်မရခဲ့သောရှဲဒိုးဆရာတစ်ဦး

“ကိုးသင်းချိုင်းကစိန်ခေါ်သံ” “နဂါးပျံဒါးနဲ့ပန်းလိပ်ပြာ””ရှောင်လင်ဒါးနဲ့ဘီလူးသိုင်း”စသော၊စသော

အခန်းဆက်သိုင်းဝတ္ထုတွေလိုမျိုးဆင်ဆင်သိုင်းဝတ္ထုကိုဘာသာပြန်ပေးနေတယ်၊

ဘယ်သိုင်းဝတ္ထုကိုဘာသာပြန်နေလဲကျနော်တို့မသိပါ၊သူ့လောင်စူးပြန်ခိုင်းတဲ့စာအုပ်ကိုပြန်ပေးရတာ

ဒီတစ်ခေါက်ဒီအပိုင်းကိုဘာသာပြန်၊နောက်နေ့ကျတော့အခြားသိုင်းစာအုပ်

အမြဲတမ်းစာအုပ်တစ်အုပ်ထဲဘာသာပြန်ရတာမျိုးမဟုတ်ပါ၊

သူ့လောင်စူးလဲသိုင်းစာအုပ်ဘယ်နှစ်အုပ်ကိုပြန်ပေးနေလဲမသိပါ

စာရေးဆရာဘယ်နှစ်ယောက်အတွက်ရှဲဒိုးလုပ်ပေးနေလဲမသိပါ

သူ့ကိုသိုင်းဆရာကြီးလို့ခေါ်ကြလို့သူ့ရဲ့ရုပ်သွင်ကိုစိတ်နဲ့မှန်းကြည့်ရင်

ဗလတောင့်တောင့်၊အရပ်မြင့်မြင့်၊ဒါးကိုင်ထားသောကြောင့်အကြောပြိုင်းပြိုင်းထနေသော

လက်ကောက်ဝတ်ပိုင်ရှင်၊ဆံပင်ရှည်ရှည်ကိုနဖူးမှာစီးထားသောလူစွမ်းကောင်းလို့ထင်ကြပါလိမ့်မယ်။

လုံးဝတခြားစီပါ၊ကတုံးကေ၊အရပ်မမြင့်(သို့သော်မပု)၊ပိန်ပိန်၊အသားဖြူ(တရုတ်ဆိုတော့ဖြူပါတယ်)

မျက်မှန်တပ်ထားသောမှန်ကြောင်လေးပါ၊လူဗလံလေးပါ။

ကြည့်ရင်ကျနော့်ညီအရွယ်၊ဒါပေမဲ့ကျနော်တို့ထက်အသက်ရှစ်နှစ်လောက်ကြီးတယ်၊

သူ့ဘဝကအဖေနဲ့အမေတရုတ်ကျောင်းဆရာတွေ၊သူလဲကြည့်မြင်တိုင်တရုတ်ကျောင်းတက်ခဲ့တယ်။

တရုတ်ဗမာအရေးအခင်းဖြစ်တော့တရုတ်‌ကျောင်းတွေအပိတ်ခံရ။

မိဘလဲအလုပ်ပြုတ်၊သိုင်းဆရာလဲကျောင်းမတက်ရတော့ပါ။

သိုင်းဆရာအစ်ကိုနှစ်ယောက်ကစိတ်ဓါတ်ပြင်းတော့တရုတ်ပြည်ပြန်တယ်။

သိုင်းဆရာကငယ်သေးတော့မြန်မာပြည်မှာကျန်ရစ်ခဲ့တယ်။

သူ့ဘဝတရုတ်ကျောင်းကမြန်မာကျောင်းပြောင်းတော့အကောင်သေးတဲ့သိုင်းဆရာကို

တစ်တန်းမှာစတက်ခိုင်းခဲ့တယ်။ဒါပေမဲ့သူ့အသက်ကတစ်တန်းခလေးအသက်မဟုတ်ပါ။

သိုင်းဆရာဥဏ်ကောင်းတယ်၊ဆယ်တန်းအမှတ်ကဆေးမှီတယ်။

မိဘတွေကနိုင်ငံခြားသားဆိုတော့တက်ခွင့်မရခဲ့ပါ။

ဘွဲ့ရပြီးရောဆိုပြီးအမရဆောင်ကသမိုင်းမေဂျာဘဲယူလိုက်တယ်။

သူနေတာကျောက်မြောင်းထဲမှာအိမ်တွေကကြပ်ညပ်နေရော၊လူတွေလဲများ၊

ဆူညံနေလို့သူစာရေးလို့မရပါ၊သူနဲ့အမျိုးမကင်းတဲ့၊ကျနော့်အခန်းဘေးကသူငယ်ချင်းဆီရောက်ခဲ့တယ်။

သူအလယ်တန်းလောက်မှာထဲကစီးပွါးရေးမကောင်းတော့ပါ။

မိဘတရုတ်ကျောင်းဆရာတွေဆိုတော့အပြင်ဘာမှမလုပ်တတ်ကြပါ။

ဒီကြားထဲပြည်သူပိုင်သိမ်းတာတွေ၊လူမျိုးရေးပြဿနာတွေကြောင့်တရုတ်တွေအနှိမ်ခံနေရတယ်။

နောက်ဆုံးကောက်ရိုးမျှင်လေးတစ်မျှင်ကြောင့်အသက်ဆက်ခွင့်ရခဲ့တယ်။

သူ့လောင်စူးကတရုတ်သိုင်းဝတ္ထုတွေကိုဘာသာပြန်ခိုင်းရာမှထမင်းစားဖို့အဆင်ပြေလာတယ်။

သူ့အနေနဲ့လဲကလောင်နာမည်တွေဘာတွေမလို၊ထမင်းစားရရင်ရပြီ

အဲ့လိုဘာသာပြန်ရင်းသိုင်းဆရာဘွဲ့ကိုကျနော်တို့ပေးခဲ့ကြတာ။

 

“ဂန်ဂါးသည်ခုံပေါ်၌ဆေးလိပ်သောက်နေရင်းမည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ၊ခုံအောက်သို့ဂျွမ်း

ထိုးကျသွားပါသည်(ဆေးလိပ်ထဲဆေးခြောက်ထည့်ထားတာ)”

“ရှကီးသည်ရေဗူးကိုတကျိုက်ကျိုက်မော့ချနေရင်းမည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ၊

အစာတွေရောရေတွေပါဝေါကနဲအန်ထွက်လာပါသည်”

(ရှကီးရေဗူးထဲမှာရေမှမဟုတ်တာ၊အရက်တွေ)

သူရဲကောင်းကြီးရှောင်အားတီသည်လက်တစ်ဖက်တွင်ပြောင်လက်နေသာ၆ပေဓါးရှည်ကိုကိုင်စွဲလျက်ကျန်လက်တစ်ဖက်မှာ

မြင်းဇက်ကြိုးမြဲမြဲဆုပ်ကိုင်ပြီးစစ်သူကြီးဘုတိုဆီသို့လေကဲ့သိုအဟုန်ဖြင့်တည့်တည့်တိုးဝင်သွားပါသည်။

ချွမ်းချင်...ချွမ်းချင်...(ဓါးခုတ်သံများ)...ကျီ...ကျီ...အား....ဘုတ်

စစ်သူကြီးဘုတို၏ခေါင်းသည်မြက်ခင်းပေါ်တွင်သွေးသံရဲရဲ...နဲ့လိမ့်နေပါသည်။

"ငါ့နဲ့ယှဉ်ရဲတဲ့ကောင်ရှိရင်ထွက်ခဲ့" သူရဲကောင်းကြီးရှောင်အားတီဟစ်ကြွေးလိုက်သောအသံသည်

ဝူယိတောင်တကြောလုံးပဲ့တင်ထပ်သွားပါတော့သည်။

 

ညီလေးတို့ရာတိုးတိုးပြောကြပါ။လူတွေသိကုန်ရင်ကျနော်ထမင်းအိုးကွဲလိမ့်မယ်

ကျနော့်ဆရာကြားသွားရင်ပိုဆိုးမယ်။ကျနော့်ကိုလူတွေမသိစေနဲ့လို့မှာထားတာ

ကျနော်တို့သိုင်းဆရာဝတ္ထုဖတ်ပြီးနောက်ပြောင်နေတာကိုသိုင်းဆရာတောင်းပန်နေတယ်။

သူ့လောင်စူးလဲဘယ်သူ့အတွက်ရှဲဒိုးလိုက်နေလဲမသိပါ။

ဒါပေမဲ့သိုင်းဆရာဘာသာပြန်ထားတာတော်တော်ဖတ်လို့ကောင်းတယ်

သိုင်းဆရာတရုတ်ဘာသာပြန်တစ်ခုဘဲလုပ်တတ်မယ်လို့ထင်ထားတာ

သူအချစ်ဝတ္ထုတွေလဲရေးတတ်တယ်။

"အကိုအမြတ်တနိုးပေးတဲ့ပန်းကို၊ညီမဘာလို့လွင့်ပြစ်လိုက်တာလဲ"

"အကိုပေးတဲ့ပန်းကနှင်းဆီပန်းမှမဟုတ်တာ၊ ကျမကနှင်းဆီဘဲကြိုက်တယ်"

"ဘယ်ပန်းဖြစ်ဖြစ်အချိန်တန်ရင်နွမ်းကျွေရတာပါဘဲ၊"

"ညီမချစ်တဲ့နှင်းဆီအပါရေထဲကဗေဒါ၊ကုန်းပေါ်ကနေကြာလဲအချိန်လေးတစ်ခုမှာဘဲပွင့်လန်းရတာပါ"

"ဘယ်အရာမှမမြဲပါဘူး၊မမြဲခြင်းတရားတစ်ခုဘဲမြဲနေတဲ့တရား၊ဘုရားဟောခဲ့တာ"

"နေပါအုန်း၊ကိုဟဝှါ...ရှင်ကျမကိုသီလရှင်ဝတ်ခိုင်းတော့မလို့လား" 

"ရှင့်ခေါင်းထဲမှာဘာတွေကြံနေလဲဆိုတာကျမသိတယ်နော်...ဟင်း...ဟင်း..."

စာသားအနုအလှလေးတွေကိုဖွဲ့နွဲ့ပြီးရေးတတ်တယ်၊ဖတ်လို့ကောင်းတယ်။

သိုင်းဆရာဘယ်စာအုပ်တိုက်ပို့မလို့လဲ

ငါ့ဆရာမိတ်ဆက်ထားပေးတဲ့စာအုပ်တိုက်တွေရှိတယ်။

ဘယ်သူကြိုက်လဲ၊ကြိုက်တဲ့သူယူကြ၊

ငါကငွေရရင်ပြီးရော၊သူ့ဟာသူဘယ်နာမည်ဘဲသုံးသုံး

ကျနော်တို့သိုင်းဆရာကတကယ့်ရှဒိုးဆရာစစ်စစ်ပါဘဲ

ရေးလိုက်တဲ့စာတွေနာမည်ရဖို့အတွက်မဟုတ်၊ငွေရဖို့

ကျနော့်အဖြစ်ကနာမည်ကြီးအောင်လုပ်နေရင်ကျနော့်မိဘတွေထမင်းငတ်ကုန်မယ်။

ကျနော့်မိဘထမင်းစားရဖို့နံပါတ်တစ်အရေးကြီးတယ်။

…………………………………………………………………………………………………..

တစ်ရက်ကျနော့်ဆီဖုံးနံပါတ်အသစ်တစ်ခုဆက်လာပါတယ်။

Geologist-myanmar.com ပိုင်ရှင်လား

ဟုတ်ပါတယ်

ကျနော်ဒီဝက်ဆိုဒ်နဲ့ပါတ်သက်ပြီးစကားပြောချင်လို့ပါ

ကျနော်တို့ကျောက်ကုန်းထိပ်က”အခရာလ္ဘက်ရည်ဆိုင်”မှာချိန်းလိုက်ကြပါတယ်။

သူလဲတစ်ယောက်ထဲလာသလို၊ကျနော်လဲတစ်ယောက်ထဲသွားခဲ့တယ်။

သူကပိုင်ရှင်မှန်မမှန်သိချင်နေတယ်။ Creative web ကိုဖုံးဆက်ပြီးအတည်ပြုလိုက်ပါတယ်၊

ပိုင်ရှင်မှန်တယ်ဆိုရင်ဒီဝက်ဆိုဒ်ထဲက ဝတ္ထုတိုလေးတွေကိုဝယ်ချင်တယ်လို့ကမ်းလှန်းပါတယ်၊

ငွေကြေးပမာဏတစ်ခုသူပြောပါတယ်။

သူပြောတဲ့ငွေကြေးကျနော်စိတ်မဝင်စားပါ၊အဲ့လိုနဲ့ကျနော်တို့လမ်းခွဲလိုက်ကြပါတယ်

နောက်တစ်ပတ်လောက်သူနဲ့ပြန်တွေ့ကြပါတယ်၊

ငွေကြေးပမာဏထပ်တိုးပေးပြီးပြန်စဉ်းစားပေးဖို့ပြောပါတယ်၊

အမှန်ပြောရရင်ကျနော်ဖင်ခေါင်းကျယ်တာမဟုတ်ပါ၊ဒီငွေလောက်ကိုကျနော်ဂရုမစိုက်ပါ။

သို့သော်စိတ်ဝင်စားဟန်ပြပြီးသတင်းနှိုက်ကြည့်ဖို့စိတ်ကူးလိုက်ပါတယ်။

သူကဥပဒေနဲ့ကျောင်းပြီးခဲ့သောရှေ့နေတစ်ဦး၊ဒါပေမဲ့သူ့ဘွဲ့ကအဝေးသင်

ကျနော်တို့ထက်အများကြီးငယ်တယ်။ကျနော့်တူအရွယ်လောက်ဘဲရှိမယ်။

ကျနော်တို့နေခဲ့တဲ့တက္ကသိုလ်ပရဝုဏ်နဲ့မနီးစပ်ပါ။

မန္တလေးဆောင်သိလားဆိုမသိပါတဲ့၊

နောက်ကျတော့သူဝန်ခံတယ်၊သူထုတ်ဝေသူတစ်ဦးအတွက်အကျိုးဆောင်ပေးနေတာပါတဲ့

အလုပ်ဖြစ်ရင်သူအကျိုးဆောင်ခထပ်ရမည်။

ကျနော်နောက်အပတ်ထပ်ချိန်းလိုက်တယ်၊ထုတ်ဝေသူဆန္ဒတွေကိုတိတိကျကျသိချင်တယ်လို့ပြောလိုက်တယ်၊

နောက်အပတ်ကျတော့သူတို့ဖက်ကအပိုင်တွက်ထားပုံရတယ်၊စာချုပ်နမူနာတွေပါယူခဲ့တယ်။

သူတို့ဝယ်ဖြစ်ခဲ့ပါက....

ကျနော်ဝတ္ထုတိုများကိုကျနော်အမည်သုံးခွင့်မပြုပါ၊

ကျနော်ဝတ္ထုတိုများနှင့်ပတ်သက်ပြီးပြင်ဆင်ခြင်း၊တည်းဖြတ်ခြင်း၊အစားထိုးပြောင်းလဲခြင်းများကိုလဲစွက်ဖက်ခွင့်မရှိပါ။

ကျနော့်စာပေကိုသူတို့လုပ်ချင်သလိုလုပ်ခွင့်ပေးရမည်ဆိုတဲ့သဘောမျိုး၊

ငယ်ငယ်ကဆုံခဲ့သောရှောင်လင်သိုင်းဆရာကိုပြန်သတိရမိပါတယ်။

သိုင်းဆရာကငွေကြေးကြောင့်ရှဲဒိုးလုပ်နေရသူ၊

ကျနော်ကဝါသနာအရရေးနေသူ၊အများကြီးကွာခြားနေပါသည်။

သူတို့ဘာကြောင့်ခုမှစိတ်ဝင်စားလဲသိချင်နေပါတယ်။ကျနော်ဝက်ဆိုဒ်လုပ်ထားတာဆယ်နှစ်ကျော်ခဲ့ပြီ၊

မကြာမှီရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်လာတော့မည်၊တက္ကသိုလ်ကျောင်းသားများစိတ်ဝင်စားမည့်

တက္ကသိုလ်နဲ့ပတ်သက်သောဝတ္ထုတို/ရှည်၊လုံးချင်းစာအုပ်ထုတ်ဖို့ကျိုးစားနေကြတယ်။

တက္ကသိုလ်နဲ့ဆိုင်သောဝတ္ထုတို/ရှည်များကိုလိုက်စုဆောင်းနေတယ်။

ကျနော်ဆီကစာတွေရခဲ့ရင်လုံးချင်းဝတ္ထုတွေတောင်ထုတ်မယ်လို့ပြောတယ်၊

သူ့အပြောအရသူတို့ဆီမှာရှဲဒိုးဆရာအဖွဲ့လိုက်ရှိတယ်၊

နောက်ပြီးသူပြောပြတာကကျနော့်စာထဲကဘူမိဗေဒကွင်းဆင်းတဲ့အကြောင်းတွေဆိုရင်ထပ်ဖြည့်မယ်၊

တက္ကသိုလ်ထဲကဇာတ်လမ်းတွေကိုထပ်ရှည်အောင်ဆန့်မယ်။အဓိကလူတွေစိတ်ဝင်စားအောင်လုပ်ပြမယ်။

ညီလေးတို့ရှဲဒိုးအုပ်စုမှာဘူမိဗေဒနဲ့ကျောင်းပြီးတဲ့လူတွေပါလားအကိုသိချင်တယ်၊မေးပေးပါလား

အကိုတိတိကျကျသိချင်တယ်.....ပိုင်ရှင်လား၊ဘယ်သူ့ဆီကိုလားဖုံးဆက်လိုက်တယ်

မပါဘူး၊အများစုကအဝေးသင်နဲ့ဘွဲ့ရထားသူတွေများတယ်၊

ဘွဲ့မရတဲ့သူတွေလဲရှိတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာကျောင်းတက်ခဲ့သူတွေရောရှိလား

ရှိတယ်၊အဝေးသင်လာဖြေချိန်မှာတက်ခဲ့ဘူးတယ်၊တစ်လလားရက်နှစ်ဆယ်လားနေခဲ့တယ်

ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲကဇာတ်လမ်းတွေထပ်ဆန့်တာကျနော်မပြောလိုပါ။

ကျနော်တို့ကွင်းဆင်းတာတွေကိုထပ်ဖြည့်မယ်ဆိုတော့....

ကျနော်တို့ဘူမိဗေဒကွင်းဆင်းတာကိုဇာတ်လမ်းတည်ပြီးရေးခဲ့တဲ့ဝတ္ထုတစ်အုပ်ရှိခဲ့ဘူးတယ်။

ဆရာမင်းလူရေးခဲ့တယ်၊ဝတ္ထုနာမည်.”ချစ်သောပန်းကလေးသူငယ်ချင်းတွေနဲ့ဝယ်ဖတ်ခဲ့တယ်။

ကျနော်တို့ကွင်းဆင်းခဲ့တဲ့ကျွဲတပ်ဆုံရွာလေး၊ပြင်ညောင်ရွာလေးကိုအခြေတည်ပြီးရေးခဲ့တယ်,

၊အခြားလူတွေရေးခဲ့တာရှိရင်လဲရှိနိုင်တယ်၊ကျနော်မသိတာလဲဖြစ်မယ်။

ကျနော်စဉ်းစားကြည့်မိတယ်၊အပြင်လူတစ်ယောက်ကအချစ်နဲ့ပတ်သက်ပြီး

ရန်ကုန်တက္ကသိုလ်ထဲကအကြောင်းတွေဆန့်ပြီးရေးလို့ရချင်ရမယ်၊

ကျနော်တို့ကွင်းဆင်းတဲ့ရွာလေးတွေနဲ့ပတ်သက်သောအကြောင်းအရာများကိုဘူမိဗေဒကျောင်းသားမဟုတ်

ဘဲသူဘယ်လိုရွှီးမလဲဆိုတာစဉ်းစားလို့မရ၊ရွာသားတွေနဲ့ကျောင်းသားတွေအပြန်အလှန်လေးစားမှုတွေ၊

ရွာသူကြီးနဲ့ကျောင်းသားများ၊ရွာဘုန်းကြီးနဲ့ကျောင်းသားများတို့ရဲ့နွေးနွေးထွေးထွေးဆက်ဆံရေးများသည်

ကျနော်တို့ဘဝမှာမမေ့နိုင်သောအမှတ်တရတွေရှိခဲ့ဘူးပါတယ်၊

ဆရာဖေမောင်သန်း၊ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်း၊ဆရာဦးချိုဦး၊ဆရာဦးခိုင်ရှင်း၊

ဆရာဦးတင်ကျော်သန်း၊ဆရာဦးအောင်ကျော်ထွန်း၊ဆရာဦးဇော်သက်....ဆရာများနဲ့အတူကွင်းဆင်းခဲ့ပါသည်၊

ကျနော်တို့ဌာနမှာဆရာ၊ဆရာမများစွာရှိနေပါသေးတယ်၊

အတူကွင်းဆင်းခဲ့ဘူးသောဆရာများကိုရေးပြခြင်းသာဖြစ်ပါတယ်၊ကွင်းဆင်းကာလတစ်လအတွင်း

မိဝေးဖဝေးကျောင်းသားများအပေါ်မိဘထက်ပိုသောမေတ္တာနဲ့စောင့်ရှောက်ပေးခဲ့သောဆရာများ၏

ကျေးဇူးတွေကိုဒီနေ့ထိမမေ့နိုင်သေးပါ။ဆရာတပည့်ဆက်ဆံရေးများသည်ယနေ့ထိနွေးထွေးနေဆဲပါ.

ကျနော်တို့စာသင်ခဲ့သောမန္တလေးဆောင်ကြီးကိုမြင်တိုင်းသူငယ်ချင်းများ၊ဆရာများကိုလဲသတိရဆဲပါ၊

ထို့အတူကျနော်တို့နေခဲ့သောဒဂုံဆောင်(ခုတော့အမျိုးသမီးအဆောင်ဖြစ်သွားပါပြီ)မြင်တိုင်းသူငယ်ချင်းများ၊

အဆောင်မှူးဆရာဦးမျိုးမင်း၊ဆရာဦးမေတ္တာတို့ကိုလဲသတိရဆဲပါ။

ကျနော်တို့သည်စာရေးဆရာမင်းလူပရိတ်သတ်များဖြစ်ကြပါတယ်။

ကျောင်းနေစဉ်စာအုပ်အငှားဆိုင်တွေမှာမင်းလူစာအုပ်အသစ်ထွက်တိုင်းအလုအယက်တိုးဝှေ့၍ငှားဖတ်ခဲ့ကြတယ်။

ဆရာမင်းလူရေးခဲ့သော”ချစ်သောပန်းကလေး”စာအုပ်ကိုကျနော်တို့ဝယ်ပြီးဖတ်ခဲ့ကြတယ်။

ကျနော်တို့ဘူမိဗေဒကွင်းဆင်းခဲ့တာတွေရေးပြထားတယ်။အဲဒီအချိန်ကျနော်တို့ကွင်းမဆင်းဘူးသေးတဲ့အချိန်၊

ကွင်းဆင်းခြင်းနဲ့ပတ်သက်သောအတွေ့အကြုံမရဘူးသေးပါ။ဒါကြောင့်စာတွေ့နဲ့အတွေ့အကြုံသိချင်လို့ဖတ်ကြတာပါ။

ဆရာမင်းလူရေးပြခဲ့တာတွေကျနော်တို့အားလုံးကြိုက်ခဲ့ကြတယ်။

ဘူမိဗေဒကျောင်းသားများအကြားမှာပေါက်ခဲ့သောစာအုပ်လို့ဆိုချင်ပါတယ်၊

ဆရာမင်းလူသည်ဘူမိဗေဒမှငယ်သူငယ်ချင်း ၅ ယောက်တို့၏ကွင်းဆင်းအတွေ့အကြုံများအမှီပြု၍

ရေးခဲ့ခြင်းဖြစ်သည်။ကွင်းမဆင်းမှီဖတ်ခဲ့သောစာများသည်ကျနော်တို့ကွင်းဆင်းကြသောအခါ

ဆရာမင်းလူ၏စာအုပ်နဲ့ထပ်တူနီးပါးကြုံခဲ့ကြပါတယ်။

ကွင်းဆင်းကာလတစ်လျှောက်လုံး၊ဗိုက်ဆာတိုင်းပါးစပ်မှ ဆရာမင်းလူ၏ မစိန်တင်ကိုတမ်းတခဲ့ကြတယ်။

"မစိန်တင်..ရေ...အကိုဗိုက်ဆာနေပြီ၊ဂျူးကြော်တစ်ပွဲချန်ထားပေးပါ" 

"ဂျူးကြော်စားချင်တယ်...မစိန်တင်...."

"ဂျူးကြော်မရှိတော့ဘူး၊စမူဆာဘဲကျန်တယ်" 

"အဲ့..စမူဆာ၊ကိုရင်ဗျော့ကိုဘဲကျွေးလိုက်တော့"

ကျနော့်စာကိုလာဝယ်သူများသည်မည်သူ့အကူအညီယူပြီးကွင်းဆင်းသောဇာတ်လမ်းကိုဆန့်ထုတ်မလဲ

ဘူမိဗေဒနဲ့ဘွဲ့ရသူတစ်ယောက်မှမရှိသောသူတို့ရှဲဒိုးအုပ်စုသူတို့ဘယ်လိုပုံစံနဲ့လုပ်ဖို့စဉ်းစားထားလဲ

ကျနော်တို့ရင်ထဲမှာရှိနေသောဘူမိဗေဒဌာနနဲ့ပတ်သက်နေသောအကြောင်းအရာများကို၊

အပြင်လူတစ်ယောက်၊ရှဲဒိုးဆရာတစ်ယောက်သူဘယ်လိုရေးမလဲဆိုတာခံစားကြည့်လို့မရပါ၊

သူတို့အရေးအသားကောင်းချင်ကောင်းပါလိမ့်မည်၊

ဒါပေမဲ့ကွင်းဆင်းသောအတွေ့အကြုံများကိုကိုယ်တိုင်မခံစားရသောသူတစ်ယောက်ရေးမယ်ဆိုတော့

ကျနော့်သားသမီးအရင်းကိုသူစိမ်းကိုပေးပြီး၊သူစိမ်းကလမ်းဘေးမှာတောင်းရမ်းခိုင်းနေခဲ့ရင်(ဒါမှမဟုတ်)

မျောက်ပွဲလိုရုံသွင်းပြသနေရင်ကျနော်ရင်ကျိုးလိမ့်မယ်။

 

ကျနော့်စာထဲတွင်ကျနော့်ဘဝအစိပ်အပိုင်းအချို့ကိုလဲရေးထားတာတွေရှိတယ်။

သူတို့ဆီပေးပြီးမှသူတို့စိတ်ကြိုက်ရေးချင်တာတွေရေးလိုက်ခဲ့သော်၊ကျနော်ဘဝဂျွမ်းထိုးမှောက်ခုံ

ဖြစ်သွားနိုင်တယ်၊ကျနော့်ဘဝပါပြောင်းသွားနိုင်တယ်။

ဒါကြောင့်ကျနော့်ရင်ထဲကစာသားတွေ၊ကျနော့်အတွေးတွေကိုဘယ်သူ့ကိုမှမပေးဖို့ဆုံးဖြတ်လိုက်တယ်။

ကျနော်ရေးထားတာတွေကျနော့်ကိုယ်ပိုင်စာကြည့်တိုက်မှာဘဲသိမ်းထားလိုက်တော့မယ်။

မည်သူမဆိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

စာကြည့်တိုက်နာမည်”https://mytalksteve.blogspot.com”

 

 

                                          (ဝန်ခံခြင်း)

ရန်ကုန်တက္ကသိုလ် ခုနှစ်ဆယ့်ငါးနှစ်ပြည့် အခန်းအနားကျင်းပချိန်အတွင်းအကြောင်းကြောင်းကြောင့်

သူငယ်ချင်းများနှင့်ကျနော်မဖြစ်ဆုံခဲ့ပါ။

သူငယ်ချင်းများအားလုံးရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အချိန်ကိုမျှော်လင့်ခဲ့ကြပါသည်။

အဘယ်ကြောင့်ဆိုသော်ကျနော်တို့သူငယ်ချင်းအားလုံးကျောင်းပျော်များဖြစ်ကြလို့ပါ။

သို့သော်အကြောင်းတိုက်ဆိုင်စွာဖြင့်ကျနော်တို့ဆီကိုဗစ်ကပ်ရောဂါရောက်ရှိလာချိန်နဲ့

တိုက်ဆိုင်သွားပါတယ်။စက်ရုံတွေအားလုံးရပ်၊အလုပ်တွေရပ်၊ဝန်ထမ်းတွေကိုအပြင်မထွက်စေ

ဘဲ၊စားစရိတ်ငြိမ်းတာဝန်ယူထားသောအချိန်ဖြစ်ပါတယ်။

အိမ်ကတစ်ယောက်ယောက်များအပြင်ထွက်မယ်ဆိုရင်အားလုံးဝိုင်းတားနေချိန်ဖြစ်ပါတယ်။

ဘယ်သူမှကိုဗစ်ရောဂါအိမ်ထဲမရောက်စေချင်ပါ။လမ်းမှာအရေးပေါ်ကားဥဩသံတညံညံ၊

ဘေးအိမ်တွေမှာအဝါရောင်ကြိုးတွေတားပြီး၊လော့ဒေါင်းချနေချိန်၊ကျနော်လူကြီးတစ်ယောက်

အနေနှင့်အိမ်စည်းကမ်းကိုမဖေါက်ချင်တော့ပါ။

သူငယ်ချင်းတွေဆီဖုံးဆက်တော့ကိုဗစ်ဖြစ်လို့ကွာရန်တင်းစင်တာရောက်သူရောက်၊

နှာစေးချောင်းဆိုးပြီးအိမ်မှာခွဲနေ၊နေကြသူတွေများနေပါတယ်။

နောက်ဆုံးကျနော်လက်လျှော့လိုက်ပါပြီ၊

ကျနော်နဲ့ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်မဆုံဖြစ်တော့ပါ၊

 

 

 

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ