လေတံခွန်(သို့)စွန်
လေတံခွန်(သို့)စွန်
လက်ထဲမှာကိုင်ထားသောချည်ကြိုးလေးကိုဆရင်းဆရင်းနဲ့ကျနော့်ရဲ့သိမ်းငှက်လေးဟာလေထဲသို့
တရွေ့ရွေ့တက်လာပါသည်။လေကောင်းစွာမမိသေး၍ကြိုးကိုဆွဲပြီးတင်းလိုက်လျှော့ပေးလိုက်နဲ့
လေထဲရောက်အောင်ကစားနေရပါသည်။နဲနဲလေးကြာတော့ကျနော့သိမ်းငှက်လေးဟာလေထဲမှာ
လွတ်လွတ်လပ်လပ်ပျံနေပြီ…..,
ရောင်စုံအတောင်နှစ် ဘက်နဲ့အမြီးဖွားဖွားလေးဟာလေထဲမှာအရမ်းကြည့်ကောင်းနေပါပြီ…ညာတိမ်းပြီးဘယ်ယိမ်းလိုက် ဘယ်တိမ်းညာ ယိမ်းလိုက်နဲ့လွတ်လွတ်လပ်လပ်ကစားနေ ပါသည်။
ချာတိတ်တစ်ကောင်ဘယ်ရောက်နေလဲ…..ဒီကောင်နဲ့မတွေ့တာ 3 ရက်လောက်ရှိပြီ…..လေထဲမှာကျနော့်
သိမ်းငှက်တစ်ကောင်ထဲပြေးလွှားဆော့ကစားနေပါသည်။တစ်ကောင်တည်းဆိုတော့ပျင်းနေပြီလား…….
သိမ်းငှက်လေးဆိုတာ တစ်ကယ်တော့ကျနော့ရဲ့လေတံခွန်ခေါ်စွန်လေးရဲ့အမည်ပါ။ကျနော်ဟာစွန်ရူးတစ်
ယောက်ပါ။ကျနော့်အခန်းထဲမှာစွန်အကောင်သုံးဆယ်လောက်ရှိသည်။
စွန်လေးတွေမှာသိမ်းငှက်၊ပျံလွှား၊တိုက်ကြက်၊ကျီးကန်း စသောကိုယ်ပိုင် အမည်လေးတွေရှိသည်။သိမ်းငှက်
ဟာအလှလွှတ်သောစွန်တစ်ကောင်ဖြစ်ပါသည်။ပျံလွှားတို့တိုက်ကြက်တို့လိုမျိုးတိုက်စွန်မဟုတ်ပါ။
လေထဲမှာအမြီးတရမ်းရမ်း၊အတောင်အရောင်စုံလေးနဲ့အရမ်းကြည့်ကောင်းပါသည်။ဖြတ်မည့်စွန်တွေတက်လာခဲ့ရင်တော့
သိမ်းငှက်လေးကိုအောက်ပြန်ခေါ်ချပြီးပျံလွှားတို့တိုက်ကြက်တို့နဲ့တက်ဖိုက်မည်။လေထဲမှာခါတိုင်းရက်တွေမှာအဖေါ်တစ်ကောင်ရှိပါသည်။၊
သူမပေါ်လာတာ 3 ရက်တောင်ရှိနေပြီ…..၊
ကောင်လေးငယ်……တစ်ယောက်တည်းစွန်လွှတ်နေတာမပျင်းဘူးလား….
ငါတို့နဲ့ဘောလုံးလာကန်ပါလား…….သူငယ်ချင်းအချို့လှမ်းခေါ်နေသည်။ကျနော်လက်ခါပြလိုက်သည်။
ဘောလုံးကအချိန်မရွေးကန်လို့ရသည်။စွန်လွှတ်တာကဆောင်းဝင်စအရှေ့လေမြူးနေချိန်မှာသာလွှတ်၍ကောင်းသည်
ကျန်အချိန်လွှတ်၍မကောင်းပါ။
ဒါကြောင့်မို့ဆောင်းအဝင်ကိုစွန်လွှတ်ရာသီလို့ခေါ်ကြပါသည်။
ဟော… .ဟော…ဇင်ယော်တက်လာပြီ……
စွန်အဖြူ၊အနီရောင် မြှီးရှည်လေးနဲ့ဇင်ယော်တက်လာနေပါပြီ….ဇင်ယော်ပိုင်ရှင်ကချာတိတ်……
ချာတိတ်..မင်းဘယ်ပျောက်နေလဲ၊ သိမ်းငှက်လေးအဖေါ်မဲ့နေတာသုံးရက်ရှိပြီ……
တဖြေးဖြေးနဲ့တက်လာလိုက်တာသိမ်းငှက်နဲ့ဇင်ယော်အမြင့်တူနေကြပြီ…..ကျနော်တို့ကစားကြတော့မည်။
စွန်ဖြတ်တာမဟုတ်ပါ။စွန်နှစ်ကောင်ညီညီညာညာဘယ်ယိမ်းညာယိမ်း၊အပေါ်တက်အောက်ဆင်းကစားကြမည်။
ကျနော့်အနားသို့ခလေးတွေရောက်နေကြပါပြီ….သူတို့လေးတွေကကျနော့်ပရိတ်သတ်တွေ……..၊
ကျနော်စွန်လွှတ်ရင်သူတို့အမြဲအားပေးနေကျ…….
အတွဲညီညီကစားကြတော့ခလေးများသာမကအခြားအဆောင်ကျောင်းသားတွေပါလာကြည့်ကြသည်။
ခပေါင်းအဆောင်ရှေ့ကကွက်လပ်မှာကျနော်စွန်လွှတ်နေသည်။ဘေးမှာသူငယ်ချင်းများကဘောလုံးကန်နေသည်။
ထမင်းစားပြီးသောသူငယ်ချင်းတွေသမိုင်းဝင်းထဲမှာရှိနေသော အမျိုးသမီးအဆောင်များသို့လျှောက် လည်နေကြပါသည်။
ကျနော်ဒုတိယနှစ်ဘူမိဗေဒမှာတက်နေပါသည်။ပထမနှစ်မှာကတည်းကခပေါင်းဆောင်မှာနေခဲ့ ပါသည်။
ဒီလိုရာသီမျိုးမှာညနေအတန်းဆင်းရင်ရစ်လုံးနဲ့စွန်ကိုယူပြီးအဆောင်ရှေ့ကွက်လပ်ထဲကိုဆင်းပြီးစွန်လွှတ် လေ့ရှိပါသည်။
စွန်ရူးတစ်ယောက်ဖြစ်သောကျနော့်အတွက်ခပေါင်းဆောင်နှင့်အဆင်ပြေနေပါသည်။
လေထဲမှာကစားနေကြတာနာရီဝက်ရှိတော့မည်။ဇင်ယော်လေးကအောက်ဆင်းတော့မည်။သူအချက်ပြနေပြီ။
ကျနော်လည်းသိမ်းငှက်လေးကိုတဖြေးဖြေးချင်းအောက်ကိုဆွဲချနေပါပြီ။ခဏကြာရင်မှောင်လာတော့မည်။
ကျနော်ဆယ်တန်းအောင်ပြီးတက္ကသိုလ်ဝင်ခွင့်လျှောက်တော့ဘူမိဗေဒဝင်ခွင့်ရပါသည်။သမိုင်းကောလိပ်ဝင်း
ထဲမှာပထမနှစ်၊ဒုတိယနှစ်ထိတက်ရပြီးတတိယနှစ် နှင့် Final မှာတော့မန္တလေးဆောင်မိန်းထဲမှာသွားတက်ရပါမည်။
တတိယနှစ်ဆိုရင်ကျနော်ဒဂုံဆောင်ကိုပြောင်းရမည်။ ပထမနှစ်ခပေါင်းဆောင်ကိုစရောက်တော့အရှေ့မှကွက်လပ်ကိုကြည့်ပြီး
ကျနော်သဘောကျနေပါသည်။ ကျနော်စွန်လွှတ်ရမည့်နေရာရပြီ…… တစ်ရက်သိမ်းငှက်လေးနဲ့ကျနော်လေထဲမှာလွတ်လွတ်လပ်လပ်ကစားနေကြပါသည်။၊
ဘယ်ယိမ်းညာယိမ်းအ ပေါ်တက်အောက်ဆင်း…..
တက္ကသိုလ်ကျောင်းသားအများစုကသူတို့ကိုယ်သူတို့လူကြီးလို့သတ်မှတ်လိုက်သောကြောင့်စွန်လွှတ်ကစား
ခြင်းကိုမလုပ်ကြတော့ပါ။စွန်လွှတ်တာကိုခလေးအလုပ်လို့သဘောထားကြပါသည်။ကျနော်ကတော့ခလေးအလုပ်ကိုဘဲသဘောကျပါသည်။၊
ကျနော့်မောင်နှမမှာကျနော်အငယ်ဆုံး….အစ်မနှစ်ယောက်ရှိပါသည်။
မိဘ၊အစ်မဆိုဆုံးမမှုအောက်မှာကျနော့်စိတ်ကတစ်ကယ့်ကလေးစိတ်အတိုင်း ပါဘဲ……ကျောင်းတက်မည်။
စာဖတ်မည်၊ဆော့ကစားမည်။ အခြားဘာမှစိတ်မဝင်စား…….၊
ညနေဆိုရင်သူငယ်ချင်းတွေဘောလုံးကန်သူကန်မည်။၊
ကောင်မလေးဆီသွားလည်သူသွားလည်ကြမည်။ဒါပေမယ့်ကျနော်တစ်ယောက်တည်းစွန်လွှတ်နေလေ့ရှိပါသည်
ဒါကြောင့်မို့အားလုံးကကျနော့်ကိုခလေးစိတ်မကုန်သေးတဲ့ကောင်လေးငယ်လို့ခေါ်ကြပါသည်။
ဒီနေ့လည်းတစ်ယောက်တည်းသိမ်းငှက်နဲ့စွန်လွှတ်နေပါသည်။ဒီအချိန်မှာစွန်တစ်ကောင်တစ်ဖြေးဖြေးနဲ့တက်
လာနေပါသည်။သူ့အခြေအနေကိုကြည့်ရတာကျနော်နဲ့ဖြတ်ချင်နေတဲ့ပုံဘဲ…..၊
သိမ်းငှက်လေးနဲ့ဖြတ်လို့မဖြစ်ပါ။သိမ်းငှက်ကအလှလွှတ်သောစွန်၊တိုက်စွန်မဟုတ်……
အလှလွှတ်သောစွန်နဲ့တိုက်စွန်တို့သည်ဆိုင်းကြိုးချည်ပုံချင်းမတူပါ။အလှလွှတ်သောစွန်ကခေါင်းငြိမ်ဘို့လိုသည်။
တိုက်စွန်ကခေါင်းလည်အောင်ဆိုင်းကြိုးချည်ရသည်။ဒါမှလျှင်လျှင်မြန်မြန်ဘယ်ညာယိမ်းလို့ရမည်။
တက်လာသောစွန်လေးသည်ကျနော့်သိမ်းငှက်ဆီသို့အတင်းတိုးလာနေပါသည်။အသာရှောင်ရင်းအောက်သို့
ပြန်ခေါ်ချလိုက်ပါသည်။စိတ်ထဲမှာစွန်လွှတ်ရတာအားမရသေး……..
နောက်တစ်ရက်ကျနော့်သိမ်းငှက်လေးနဲ့ကောင်းကင်ပြာပေါ်မှာဆော့ကစားနေကြပါသည်။စွန်လွှတ်တာဘာမှမကြာသေး
လာပြန်ပြီစွန်တစ်ကောင်…….သိမ်းငှက်လေးကိုအတင်းလိုက်ဖြတ်နေပါသည်။မြန်မြန်ပြန်ခေါ်ချခဲ့ပါသည်။
နောက် 4 ရက် 5 ရက်လောက်မှာတော့အနှောင့်အယှက်မရှိကျနော်နဲ့သိမ်းငှက်ဆော့ကစားနိုင်ခဲ့ပါသည်။
နောက်တစ်ရက်မှာတော့သိမ်းငှက်လေးကိုလေထဲတင်ရုံရှိသေးသည်၊စွန်တစ်ကောင်လာပြီးအတင်းလိုက်ဖြတ်သည်။ရှောင်ချိန်မရလိုက်ပါ။သိမ်းငှက်ကိုချည်ထားသောကြိုးမှာမှန်စာမပါသောကြောင့်ကျနော့်သိမ်းငှက်အဖြတ်ခံလိုက်ရပါသည်။
လေထဲမှာလွှင့်၍လွင့်၍ပိုင်ရှင်မဲ့ဖြစ်သွားရရှာသောသိမ်းငှက်လေးကိုကြည့်ပြီးကြေကွဲဝမ်းနည်းရပါသည်။
ဝမ်းနည်းစိတ်၏တစ်ဖက်မှာလည်းဒေါသစိတ်ဖြစ်ခဲ့ရပါသည်။ နောက်နေ့မှာတော့မှန်စာကြိုးနဲ့ပျံလွှားကိုကိုင်ပြီးလာသမျှစွန်ကိုဖိုက်ရန်ဆုံးဖြတ်လိုက်သည်။၊
ဒီနေ့အတန်းလွှတ်နောက်ကျသောကြောင့်အဆောင်ပြန်ရောက်နောက်ကျခဲ့ပါသည်။
အဆောင်ရှေ့ကွက်လပ်ထဲရောက်ချိန်ကောင်းကင်မှာစွန်အဖြူတစ်ကောင်ရှိနေပါသည်။ သူ့အခြေအနေကိုအကဲခတ်ကြည့်တာနဲနဲလေးလံနေပါသည်။၊
သွက်သွက်လက်လက်မရှိဆိုင်းကြိုးချည်ထားတာခေါင်းလေးနေပုံရနေသည်။ မှန်စာကြိုးလေးကိုဆရင်းပျံလွှားကိုလေထဲတင်လိုက်ပါသည်။၊
သွက်လက်နေသောပျံလွှားခဏအတွင်းလေ ပေါ်ရောက်သွားပါပြီ…..၊
ခေါင်းတစ်ရမ်းရမ်းနဲ့ပျံလွှားစွန်အဖြူဆီကိုဦးတည်လိုက်ပါသည်။၊
အမြင့်တူရောက်ချိန်မှာစွန်အဖြူကအခြားတစ်ဖက်သို့သွားနေပါသည်။
ကျနော့်ကိုရှောင်နေတာလား…. ဒီလိုရှောင်ပြေးလို့ဘယ်ရမလဲ…သူ့အခြေအနေကိုကြည့်ရင်းအသာလေးကြိုးကိုလျော့ပေးရင်းမျောနေပါသည်။ ကျနော့်စိတ်ကြိုက်အနေအထားအရောက်မှာဘယ်ကိုအယောင်ပြပြီးညာဘက်ဆွဲပြီးစွန်အဖြူကိုအောက်မှ
ပိုင်းချလိုက်ပါသည်။ ကျနော့်မှန်စာကောင်း၍လာမသိ။ကြာကြာမဆွဲလိုက်ရပါ။ တောက်ကနဲအတွေ့ခံစားချက်နဲ့အတူစွန်ဖြူလေး၊လေထဲမှာဆန့်ငင်ဆန့်ငင်နှင့်လွှင့်မျောသွားရှာပါပြီ…… သိမ်းငှက်အတွက်လည်းလက်စားချေလိုက်ရလို့ကျေနပ်သွားပါသည်။
ဒါပေမယ့်ကျနော့်သိမ်းငှက်ကိုဖြတ် လိုက်တာဘယ်သူမှန်းတော့ကျနော်မသိပါ။နောက် သုံးလေးရက်မှာလည်း
အပိုတိုက်စွန်ငါးကောင်နဲ့ရစ်လုံးတစ်လုံးအ ပိုယူလာခဲ့ပြီးတွေ့သမျှစွန်တွှေနဲ့လိုက်ဖြတ်နေပါသည်။
ကျနော်ခံရတာလည်းရှိပါသည်။သို့သော်ကျနော်ဘယ်တော့မှအရှုံးမပေးပါ။
အပိုစွန်တစ်ကောင်ကိုလေထဲထပ်တင်ပြီးထပ်ဖိုက်ပါသည်။ကျနော့်သိမ်းငှက်လေးအတွက်ပြန်ပြီးလက်စားချေနေတာ…….
ဒီနေ့ကောင်းကင်မှာကျနော့် ပျံလွှားတစ်ကောင်တည်းဖိုက်ရမည့်စွန်တွေကိုစောင့်နေရပါသည်။တစ်ကောင်မှတက်မလာကြသေးပါ။
ကြာလာတော့နဲနဲပျင်းလာပါပြီ….
ဟေ့ကောင်…မင်းလူပါးဝလှချည်လား……ဘယ်ကမှန်းမသိသောချာတိတ်တစ်ယောက်ကျနော့်ကိုလာကောနေသည်။
မင်းဘယ်သူလဲ…ငါမသိဘူး…..မင်းကိုငါဘာလုပ်မိလို့လဲ…… ၊
.....မင်းလုပ်တာမင်းမသိဘူးလား……
ချာတိတ်ကကျနော်စွန်လွှတ်နေသောနေရာကိုလိုက်လာပြီးကျနော့်ကိုလိုက်ချဲနေပါသည်။
သူ့ကိုကျနော်မသိပါ။ချာတိတ်ကအလာကြီး…….ဘေးမှာကောင်မလေးတစ်ယောက်နဲ့…. ၊
ချာတိတ်မင်းဘာတွေပြောနေလဲငါမသိဘူး
……. မင်းဖြတ်လိုက်လို့…ငါ့ဇင်ယော်လေးသေသွားရတာ….
ငါစွန်လွှတ်တာ..မင်းဇင်ယော်သေတာနဲ့ဘာဆိုင်လဲ….စွန်ကိုမရှောင်နိုင်တဲ့ငှက်သေပစေပေါ့…….
.......ငါ့ဇင်ယော်ဆိုတာစွန်အဖြူလေးကိုခေါ်တာ……
.....ငါ့စွန်ကမင်းလိုတိုက်စွန်မဟုတ်ဘူး…… ရှောင်ပေးတာလည်းနားမလည်ဘူး…..
......အတင်းလိုက်ဖြတ်လို့ငါ့စွန်လေးပြတ်သွားရတာ…..
မင်းစွန်ထက်လှတဲ့ငါ့သိမ်းငှက်ကိုလည်းဘယ်ခွေးသူတောင်းစားလာဖြတ်သွားလဲမသိဘူး…..
ဒါကြောင့်ငါအားလုံးကိုလိုက်ဖြတ်နေတာ……
မင်းစွန်ပါသွားတော့လည်း Sorry ပေါ့….. ဒီချာတိတ်နဲ့ကျနော်ဒီလိုရန်ဖြစ်တာကသိလာရတာပါ။ကျနော်နဲ့စာသင်နှစ်တူသည်။
သူလည်းပထမနှစ်…. တစ်ကယ်တော့ချာတိတ်ဟာယောကျာ်းစိတ်ပေါက်နေသောကောင်မလေး….
အင်ကြင်းဆောင်မှာနေပြီး အီကိုတက် နေသည်။နှစ်ခါသုံးခါလောက်ချာတိတ်နဲ့ရန်ဖြစ်ပြီးနှစ်ယောက်သဘောတူညီမှုရယူလိုက်ကြပါသည်။
သူ့စွန်ကကျနော့်လိုတိုက်စွန်မဟုတ်အလှလွှတ်သော
စွန်ဖြစ်သောကြောင့် ကျနော်နောက်ဘယ်တော့မှမဖြတ် တော့ပါ။ဒါပေမယ့်ကောင်းကင်မှာစွန်တွေအများကြီး…..
ဘယ်စွန်ကချာတိတ်စွန်မှန်းကျနော်မသိ…..
အမှတ်အသားအဖြစ်ချာတိတ်ကသူ့စွန်ကိုအနီရောင်အမြှီးလေးတပ်ပေးထားပါသည်။ ကျနော်လည်းအနီရောင်အမြှီးပါသောစွန်ဆိုရင်မဖြတ်တော့ပါ။၊
ဒီနောက်ပိုင်းကျနော်သိပ်မပျင်းရတော့ပါ။
ကျနော့်စွန်လေးဘေးမှာဇင်ယော်လေးအမြဲရှိနေပါသည်။ဇင်ယော်လေးကိုကျနော်အမြဲတမ်းအကာအကွယ်ပေးနေရ သည်။
လာသမျှစွန်တွေကိုကျနော်ဖိုက်ပေးနေရသည်။ချာတိတ်ကယောကျာ်းစိတ်ပေါက်နေသော်လည်းမိန်းခလေးကမိန်းခလေးသာဖြစ်ပါသည်။
ကျနော်တို့လိုတိုက်စွန်နဲ့လိုက်ဖြတ်နေတာမျိုးမဟုတ်ပါ။၊
သူ့ဇင်ယော်လေးနဲ့လေထဲမှာလှလှပပပျံဝဲနေလေ့ရှိပါသည်။ ကျနော်….ကျနော်နဲ့ပြောသောချာတိတ်
မန္တလေးသူပီသပါပေသည်။ဆံပင်ပုံစံကယောကျာ်းဆံပင်ပုံစံမျိုးညှပ် ထားသေးသည်။
ဘောင်းဘီရှည်အမြဲဝတ်ထားသောကြောင့်လူတိုင်းကယောကျာ်းလေးလို့ထင်ကြပါသည်။
ပထမနှစ်မှာကတည်းကရန်ဖြစ်ပြီးမှခင်လာကြပါသည်။စွန်ရာသီ မှာကျနော်တို့နှစ်ယောက်ညနေတိုင်းလိုလို ကောင်းကင်မှာဆုံလေ့ရှိပါသည်။
ဇင်ယော်လေးကိုအကာအကွယ်ပေးလိုက်ကျနော့်သိမ်းငှက်လေးနဲ့တွဲပြီးအလှပြလိုက်
စွန်ရာသီမှာစွန်လွတ်ရ တာတော်တော်ပျော်စရာကောင်းနေပါသည်။ ကျနော့်အတန်းထဲကသူငယ်ချင်းတွေကျနော်တို့နှစ်ယောက်ကိုအမြဲစနေကြပါသည်။၊
ကျနော့်စိတ်ထဲမှာဘာမှ မခံစားမိပါ။ချာတိတ်နဲ့ကျနော်စွန်လွှတ်ချိန်မှလွဲ၍ကျန်အချိန်မှာလည်းမတွေ့ဖြစ်ကြပါ။ သူကအီကိုမှာတက်နေသည်။ကျနော်ကသမိုင်းဝင်းထဲကဘူမိဗေဒမှာကျောင်းတက်နေသည်။
နေရာချင်းက တစ်ခြားစီ….
ဒီလိုနဲ့ဘဲဒုတိယနှစ်စာမေးပွဲတွေပြီးသွားကြပါပြီ….. ကျနော်လည်းကျနော်တို့မြို့ကလေးဖြစ်သောတောင်ငူကိုပြန်ရောက်နေပါပြီ……
ချာတိတ်လည်းမန္တလေးပြန် ရောက်နေပြီ…..၊ကျောင်းပိတ်ရက်ရှည်ကြာလွန်းနေပြီ…..ချာတိတ်ကိုသတိရသလိုလိုဖြစ်သောကြောင့်ကျနော်ဖုံး ဆက်မိပါသည်။
ဖုံးထဲမှာဆုံမိသည့်နောက်ပိုင်းမှာကျနော်တို့မကြာမကြာဖုံးဆက်ဖြစ်ခဲ့ကြပါသည်။
တတိယနှစ်ကျောင်းတွေပြန်ဖွင့်တော့နေရာသစ်မှာအသားမကျသေးသောကျနော်…..၊
ခပေါင်းဆောင်နဲ့လှိုင်နယ် မြေထဲကသီရေတာကိုလွမ်းမိပါသည်။စွန်ရာသီမှာစွန်လွှတ်လေ့ရှိသောခပေါင်းဆောင်ရှေ့ကကွက်လပ်ကိုလည်းသတိရမိပါသည်။ ဒီနှစ်ဒဂုံဆောင်မှာနေပြီးမန္တလေးဆောင်မှာစာသင်ရမည်။၊
ခါတိုင်းနှစ်လိုမျိုးကျောင်းဆင်းပြီးချိန်မှာပျံလွှားတို့ တိုက်ကြက်တို့နဲ့စွန်လွှတ်ရန်နေရာဒဂုံဆောင်မှာမရှိ…..၊
ကံ့ကော်ပင်တွေနဲ့သက်တမ်းရင့်အပင်ကြီးတွေအုံ့ဆိုင်းနေ သော RASU ဝင်းထဲမှာစွန်လွှတ်၍မပါ။ ကျနော့်လိုချာတိတ်လည်းမာလာဆောင်ကိုရောက်လာပါသည်။သူ့မှာလဲစွန်လွှတ်မည့်နေရာမရှိတော့ပါ။
ကျောင်းဖွင့်စစွန်ရာသီမှာစွန်မလွှတ်ရသောကြောင့်ရင်ထဲမှာဟာနေပါသည်။ကျနော့်လိုဘဲချာတိတ်လည်းခံစားနေရပါသည်။
တစ်ရက်စွန်လွှတ်ချင်စိတ်ပြင်းပြနေသောကြောင့်ကျနော်နဲ့ချာတိတ်တို့တက္ကသိုလ်ဘောလုံးကွင်းဘက်သို့စွန်နဲ့ရစ်လုံးယူပြီးထွက်ခဲ့ကြပါသည်။
နေရာသစ်မှာကျနော်နဲ့ချာတိတ်မပျော်ကြပါ။စွန်လွှတ်နေသော်လည်းသမိုင်းအဆောင်တွေလောက်မကောင်းပါ။
ဘောလုံးကန်သောကျောင်းသားတွေများသောကြောင့်ကျနော်တို့စွန်လွှတ်ရခက်ပါသည်။
ချာတိတ်အတွက်ပိုပြီးခက်ပါသည်။စွန်လွှတ်တာအားမရသေးခင်မာလာဆောင်ကိုအချိန်မှီပြန်ရအုံးမည်။တက္ကသိုလ်ဘောလုံးကွင်းကမာလာဆောင်နဲ့နဲနဲဝေးသည်။၊
စွန်နဲ့ရစ်လုံးကိုကိုင်ပြီးမာလာဆောင်လိုက်ပို့တော့ကျောင်းသား များကကျနော်တို့ကိုဝိုင်းရီကြပါသည်။
ခပေါင်းဆောင်မှာတုန်းကလိုလွတ်လွတ်လပ်လပ်စွန်လွတ်သောနေရာမရှိသော
ကြောင့်ကြာလာတော့ကျနော်တို့စွန်မလွှတ်ဖြစ်ကြတော့ပါ။
ဒါပေမယ့်ကျနော်တို့နှစ်ယောက်ကျောင်းဝင်းတစ်ခုတည်းမှာရှိနေသောကြောင့်အနေနီးသလိုခံစားနေရပါသည်။
တစ်ယောက်ကိုတစ်ယောက်ဖေးမသောသဘောဖြင့်ကျနော်မာလာဆောင်ရောက်သည့်အခါမျိုးရှိသလိုမ
ရောက်တာသုံးလေးရက်ကြာလာ၍ချာတိတ်ကျနော့်ကိုဒဂုံဆောင်မှာလာရှာလေ့ရှိပါသည်။အပြင်မှာနှစ်ယောက်တွဲသွားလျှင်လူအများကယောကျာ်းလေးသူငယ်ချင်းနှစ်ယောက်လို့ထင်ကြပါသည်။
တက္ကသိုလ်ဝင်းကြီးတစ်ခုတည်းမှာနေကြသောကြောင့်ကျနော် အီကိုကင်တင်းမှာချာတိတ်နဲ့ထိုင်တတ်သလို
မန္တလေးဆောင်ကိုလာရင်းဦးချစ်ဆိုင်မှာလည်းကျနော်တို့နှစ်ယောက်ထိုင်တတ်ကြပါသည်။ကျနော်တို့နှစ်ယောက်ခင်မင်မှုကသူငယ်ချင်းခင်မင်သလိုပါဘဲ…..၊အချိန်တရွေ့ရွေ့ကုန်လွန်ချိန်မှာကျနော်တို့အားလုံးတတိယနှစ်စာမေးပွဲဖြေပြီးသွားကြပါပြီ…..
ချာတိတ်ကအရင်ဖြေပြီးသွားပြီ……သူတို့မှာ Practical မရှိသောကြောင့်ကျနော်တို့ထက်ပို၍စောပြီးသည်။
ကျနော်တို့ကသူတို့ထက် 10 ရက်လောက်နောက်ကျသည်။နောက်ဆုံးစာမေးပွဲဖြေပြီးလို့အတန်းထဲကထွက်လာချိန်ကျနော်အံ့အားသင့်သွားပါသည်။၊
မန္တလေးဆောင်ပေါ်တီဂိုအောက်မှာချာတိတ်ကိုတွေ့လိုက်ရသောကြောင့်ဖြစ် ပါသည်။
ကျနော့်စိတ်ထဲမှာသူမန္တလေးပြန်ရောက်နေပြီလို့ထင်နေတာ။သူမပြန်ရသေး။မာလာဆောင်မှာရှိနေသေး
သည်။သူ့မှာကိစ္စတွေရှိနေသေးလို့ပြောပါသည်။ချာတိတ်ရှိနေသောကြောင့်ကျနော်လည်းမပျင်းတော့ပါ။
ဒါပေမယ့်နောက် သုံး လေး ရက်လောက်ကြာရင်ကျနော်တို့ဘူမိဗေဒကျောင်းသားများရှမ်းပြည်တောင်ပိုင်းသို့ Field ဆင်းရတော့မည်။
ကျနော်တို့ခရီးထွက်သောနေ့မှာချာတိတ်လည်းမန္တလေးကိုပြန်မည်။ Field မဆင်းခင်ညနေ
ချာတိတ်နဲ့တွေ့ဖြစ်ခဲ့ပါသည်။Field ဆင်းတော့မှာမို့နှုတ်ဆက်သည့်သဘောပါ။ချာတိတ်ကကျနော့်ကိုခလေးတစ်
ယောက်လိုမျိုးအရက်မသောက်နဲ့၊ဆေးလိပ်မသောက်နဲ့၊ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့၊သူများမြောက်ပေးတိုင်းအရူးမထဖို့၊
ကျန်းမာရေးဂရုစိုက်ဖို့၊အမျိုးမျိုးမှာနေပါသည်။သူ့..မှာတမ်းကတော်တော်ရှည်ပါသည်။
ရှမ်းပြည်ရာသီဥတုအေးသောကြောင့်အနွေးထည်တစ်ထည်လက်ဆောင်ပေးပါသည်။
မန္တလေးဆောင်မှာတီအီးကားကြီးကကျနော်တို့ကိုစောင့်နေပါသည်။ကျနော်တို့အထုပ်အပိုးများလိုအပ်သောအသုံးအဆောင်များ၊
ကျောင်းသားများဆရာများကိုတင်ဆောင်ပြီးဘူတာကြီးသို့လိုက်ပို့ပေးမည်။
သူငယ်ချင်းတွေအားလုံးနဲ့ခရီးထွက်ရမှာမို့လို့ကျနော်တို့အားလုံးပျော်ရွင်နေကြပါသည်။ရန်ကုန်ဘူတာ
ကြီးမှာတစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်သံများနောက်ပြောင်နေသော အသံများဆူညံလို့နေပါသည်။ရထားထွက်ချိန်နီးလာပြီဖြစ်သောကြောင့်ကျနော်တို့အားလုံးရထားပေါ်မှာနေရာယူကြပါသည်။
…….ကောင်လေးငယ်….ဟိုမှာ…ချာတိတ်….မင်းကိုရှာနေတယ်…..
သူငယ်ချင်းတစ်ယောက်လက်ညှိုးထိုးပြနေသောကြောင့်ရထားပေါ်ကခုန်ဆင်းလိုက်ပါသည်။
……ချာတိတ် …..ဘူတာဆင်းတာလား……..
အေးဟုတ်တယ်….ဒါပေမယ့်မန္တလေးရထားက 6 နာရီမှထွက်မှာကောင်လေးငယ်ကိုလာနှုတ်ဆက်တာ……..
…..ဒို့တွေ….မနေ့ကနှုတ်ဆက်ပြီးပြီလေ…….
….ကောင်လေးငယ်….မင်း…ကိုဘူတာလိုက်ပို့ချင်လွန်းလို့လာခဲ့တာ…….
သူ့စကားကိုကြားမိပြီးကျနော်ချာတိတ်မျက်နှာကိုစိုက်ကြည့်မိပါသည်။သူလည်းကျနော့်ကိုပြန်စိုက်ကြည့်နေပါသည်။
ကောင်လေးငယ်……..ရထားထွက်တော့မယ်ဟေ့……….သူငယ်ချင်းတွေအော်ခေါ်နေပြီ……
ရထားထွက်ချိန် 5 မိနစ်သာလိုပါတော့သည်။သတိပေးစာတမ်းလေးမှိတ်တုတ်မှိတ်တုတ်လင်းနေပါပြီ…..
ဒီအခိုက်မှာကျနော့်ရင်ထဲမှာငလျှင်တစ်ခုလှုပ်သွားသလိုတလှပ်လှပ်ခံစားမိလိုက်ပါသည်။ကျနော်တို့နှစ်
ယောက်ကြားမှာသံဇကာခြားနေပါသည်။ထိုအခိုက်ကျနော့်ကိုစိုက်ကြည့်နေသောချာတိတ်မျက်လုံးအိမ်ထဲမှမျက်ရည်စများထွက်ကျလာပါတော့သည်။၊
ကျနော်အံ့သြသွားပြီးမသိစိတ်ဖြင့်သံဇကာကိုကိုင်ထားသောချာတိတ်လက်ကိုအမှတ်မထင်ဆုပ်ကိုင်လိုက်မိပါသည်။သံဇကာကိုခေါင်းစိုက်ပြီးချာတိတ်တစ်ယောက်တသိမ့်သိမ့်ရှိုက်ပြီးငိုနေပါသည်။
ကောင်လေးငယ်…..ရထားထွက်နေပြီ..တက်ခဲ့တော့…သူငယ်ချင်းတွေဝိုင်းအော်နေကြပြီ……
ရထားဘီးလှိမ့်စပြုနေပြီ…….
ကျနော်သံဇကာပေါ်မှချာတိတ်လက်ကိုကိုင်ထားသောလက်ကိုလွှတ်လိုက်တော့ချာတိတ်လက်ညှိုးနဲ့လက်မကသံဇကာကြားမှ
ကျနော့်လက်ညှိုးကိုပြန်ဆွဲထားပါသည်။ချာတိတ်ကျနော့်ကိုမျက်ရည်ကြားထဲမှစိုက်ကြည့်နေပါသည်။
မခွဲချင်ပေမဲ့လည်းခွဲရတော့မည်။ချာတိတ်လက်ထဲမှကျနော့လက်ညှိုးကိုဖြေးညင်းဆွဲထုတ်ပြီးရထားဆီသို့လှည့်
ပြေးလာခဲ့ရပါသည်။ရထားဘီးလှိမ့်နေပြီ။သူငယ်ချင်းများ၏အော်ခေါ်သံများဆူညံလို့နေပါပြီ။
ရထားလက်ကိုင်တန်းကိုဆွဲပြီးတာ့တာပြတော့ချာတိတ်လည်းလက်ကိုပြန်ဝှေ့ယမ်းပြနေရှာပါသည်။
သာစည်ရထားသည်တရွေ့ရွေ့ရန်ကုန်ဘူတာကြီးနဲ့ဝေးသွားပါပြီ…..
ကျနော့်ရင်ထဲမှာဟာနေသလိုလို၊ချာတိတ်ကိုသတိရနေသလိုလိုခံစားနေမိပါသည်။
"အမှန်ဆိုအလှမ်းမဝေးနီးရက်ကွယ်....ရန်ကုန်မန္တလေးခရီးဆက်မယ်.... ရန်ကုန်ဒါးပိန်တာဝ...."
ကျနော်တို့ကွင်းဆင်းတိုင်းဆိုလေ့ရှိသော..ရန်ကုန်မန္တလေးခရီးသွားမယ်…သီချင်းကို
ကျောင်းသားအားလုံးလက်ခုပ်သံပြိုင်တီးပြီးသီချင်းဆိုနေကြပြီ…….
သူငယ်ချင်းတစ်ယောက်က Mandalay Rumဖွင့်ပြီးခွက်လှည့်နေကြပြီ…..
"မသည်းတမ်းတစ်ကယ်သွားရောက်ပုံရယ်....."
".....ဘဝအရေးအကျိုးမျော်သည်အခင်းဝယ်......"
"....ခရီးလမ်းမှာအစားအသောက်စုံတယ် စာကလေးဂျိုးကြော်ဆီထမင်းရယ်....."
သီချင်းဆိုသူတွေလည်းဆို၊ခွက်မော့နေတဲ့ကောင်တွေလည်းမော့၊ကတဲ့သူတွေလည်းကနေကြပြီ…..
သူငယ်ချင်းတွေပျော်သလိုကျနော်မပျော်နိုင်ပါ။ကျနော့်စိတ်တွေချာတိတ်ဆီမှာကျန်ခဲ့ပါပြီ……ချာတိတ်ကိုပြန်တွေ့ချင်နေသည်။၊
ချာတိတ်နဲ့ထိုင်ပြီးစကားပြောချင်နေပါသည်။
ချာတိတ်နဲ့ဝေးကွာရခြင်းသည်ရင်ထဲမှာအတော်ပူလောင်နေပါလား။နှစ်တိုင်းခွဲနေကျပါ၊အခုကျနော့်ရင်ထဲမှာ
ဘာတွေဖြစ်နေလဲမသိတော့ပါ။ မျက်ရည်တွေနဲ့ချာတိတ်မျက်နှာကိုပြန်မြင်ယောင်နေသည်။
မိုးကောင်းကင်မှာဇင်ယော်ကိုပျံလွှားကအကာအကွယ်ပေးနေသလိုမျိုးကျနော် ချာတိတ်ကိုနှစ်သိမ့်ပေးလိုက်
ချင်ပါသည်။ထူးဆန်းသောခံစားချက်တစ်မျိုးရင်ထဲမှာခံစားနေရပါသည်။
ကျောင်းတက်မည်၊စာဖတ်မည်၊စွန်လွှတ်မည်၊ခလေးအတွေးများသာရှိသောကျနော့်ရင်ထဲမှာတစ်ခုခုဖြစ်နေပြီ။
ထို့အတူယောကျာ်းစိတ်ပေါက်နေသောချာတိတ်ကျနော့်ကိုကြည့်ပြီးဘာကြောင့်ငိုနေပါလိမ့်……
သူ့မှာဘာကိစ္စမှမရှိဘူး……၊
ကောင်လေးငယ်Field ဆင်းရင်လိုက်ပို့ချင်လို့မန္တလေးမပြန်သေးဘဲတမင်စောင့်နေတာ..
ချာတိတ်သူငယ်ချင်းတစ်ယောက်ကျနော့်ကိုတိုးတိုးလေးပြောပြခဲ့ပါသည်။
ရော့ ….ကောင်လေးငယ်…မင်းအလှည့်…ကမ်းပေးလာသောဖန်ခွက်ကိုယူပြီးမော့ချလိုက်ပါသည်။
လည်ချောင်းကိုမီးစနဲ့ထိုးလိုက်သလိုမျိုးခံစားလိုက်ရပါသည်။
…….အော်…ရေမှန်းမသိ….အရက်မှန်းမသိတဲ့ကောင်လေးငယ်…မင်းသာစည်ကျရင်ဆင်းနေခဲ့တော့……
…..ဘာဖြစ်လို့လဲ………
….ဘာဖြစ်ရမှာလဲ….မင်း ရူးနေပြီ….မန္တလေးရထားလာရင်ချာတိတ်နောက်ကိုမင်းလိုက်သွားတော့……..
…….မင်းအချစ်ရူးရူးနေပြီ…ကောင်လေးငယ်အချစ်ရူး…အချစ်ရူးကောင်လေးငယ်….
……ငါတို့ကောင်လေးငယ်.....အချစ်ကိုရှာတွေ့သွားပြီ…ဟေ့…...
…..အချစ်နဲ့သူ၏ကိုကို…
……. မဟုတ်ဘူး…. မဟုတ်ဘူး….ကောင်လေးငယ်နဲ့သူ့ရဲ့ချာတိတ်….
သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်နဲ့အော်ဟစ်သံများဆူညံနေပါသည်။
ခလေးစိတ်မကုန်သေးသောကျနော်နဲ့ယောကျာ်းစိတ်ပေါက်နေသောချာတိတ်…
ကျနော်တို့နှစ်ယောက်စလုံးရင်ထဲမှာရှိသောသံယောဇဉ်သည်အဆင့်တစ်ဆင့်ကိုကျော်ခဲ့ပြီလား…..
သို့မဟုတ်ကျနော်တို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာတစ်ယောက်ကိုတစ်ယောက်ချစ်နေကြပြီလား…….
#ကိုဂျစ်
#လေတံခွန်(သို့)စွန်

Comments
Post a Comment