ရေသူမလေး……..သို့


Photo credit to original uploader

ငယ်ငယ်တုန်းက အတွဲညီညီနဲ့ဆိုးခဲ့ကြသော ကျနော့်သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။ ခလေးဘဝဆိုတော့လည်းဘာမှမစဉ်းတတ်ခဲ့ ပါဘူး……
ငယ်တဲ့သူတွေအပေါ် အနိုင်ကျင့်တာတွေရှိခဲ့သလို ရွယ်တူတွေအပေါ်မိုက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်….
ရှင့်သား…..ကျမသားလေးကိုရေထဲတွန်းချလို့ဒီမှာတစ်ကိုယ်လုံးရေရွဲကုန်ပြီ…….
ကျမသားလေး…စာအုပ်တွေဗွက် ထဲပစ်ချလိုက်တယ်ရှင့်…မဆုံးမကြတော့ဘူးလား…….
ဒီကောင်လေးနှစ်ယောက်ဝိုင်းထိုးကြလို့ကျမသားနှုတ်ခမ်းကွဲသွားပြီ……
ရပ်ကွက်ထဲမှာပြဿနာရှာခဲ့သမျှ…ဒီပြဿနာတွေအိမ်ကိုဘဲရောက်လာပါတယ်…… ပြဿနာဖြစ်လာတိုင်းကျနော်က ကိုယ်လွတ်ရုန်းဘို့ဘဲစဉ်စားခဲ့ပါတယ်……,

လာသမျှအပြစ်အားလုံးကိုသူငယ်ချင်းအပေါ်ပုံချလေ့ ရှိပါတယ်….
အမေ…အဲဒါကျနော်မလုပ်ဘူး…..ဒီကောင်လုပ်လိုက်တာ….
အမေ ဒီကောင့်ကြောင့်ဖြစ်ရတာ….
ကျနော့်အမေကျနော့်စကားကိုဘယ်တော့မှလက်မခံခဲ့ပါ။,

နင်တို့နှစ်ယောက်စလုံး၊ပုလင်းတူဘူးဆို့ဘဲ….
စရိုက်တူလို့ပေါင်းလို့ရတာ၊သူ့ကိုဘဲလွဲချဘို့မစဉ်းစားနဲ့..နင့်မှာလည်းအပြစ်ရှိတယ်…..
အမေဆူပြီးရင်ဆော်ခံထိပြီ……
ငယ်ငယ်ကသူငယ်ချင်း……
အတန်းတွေနဲနဲရလာတော့သူနဲ့ကျနော်ကွဲသွားကြပါတယ်။အံ့သြစရာကောင်းပါတယ်။သူနဲ့ကျနော်ရန်ကုန်တက္ကသိုလ်မှာပြန်ဆုံခဲ့ကြပါတယ်။,

ဒါပေမယ့်သူနှင့်ကျနော်သင်ကြားနေတဲ့ဘာသာရပ်မတူသလိုနေတဲ့အဆောင်လည်းမတူပါ။ သူကဥပဒေမှာတက်နေပြီး အင်းဝဆောင်မှာနေသည်။
ကျနော်က မန္တလေးဆောင်မှာတက်ပြီးဒဂုံဆောင်မှာနေခဲ့သည်။
ငယ်ငယ်ကအခေါ်အဝေါ်တွေမခေါ်ကြတော့ပါ။ 

ဥပဒေကျောင်းသားသူ့ကိုကျနော်က ကိုလောဟုခေါ်ပြီး သူက ကျနော့်ကိုမောင်ကျောက်ခဲ…တဲ့.. ,

တစ်ကယ်တော့ သူငယ်ချင်းဆိုတာဝါသနာတူ၊စရိုက်တူမှပေါင်းလို့ရတာပါ။
ကိုလောနဲ့အရမ်းခင်ခဲ့တာကကျနော်တို့နှစ်ယောက်ဟာဝါသနာ၊စရိုက်၊စိတ်သဘောထားတွေပါအရမ်းတူခဲ့လို့ပါ။ ဖဲကစားတာ၊ ဂစ်တာတီးတာ၊ ဂလေရိုက်တာ၊ ကောင်မလေးတွေနဲ့တွဲတာတွေ…ဟိုစဉ်ကမေတ္တာဆိုတာကျနော်တို့လူငယ်ပီပီလေးလေးနက်နက်မရှိခဲ့ကြပါဘူး။
ဒါကြောင့်မို့ ကျနော်နဲ့ကိုလော ငါးရံ့နှစ်ကောင်သုံးကောင်လောက်လက်မှာဖမ်းထားလေ့ရှိပါတယ်။ တခါတလေလည်း ကျနော်တို့အကြောင်းသိသွားတဲ့ကောင်မလေးတွေပစ်သွားလို့ ,

ကျနော်တို့နှစ်ယောက်လက်ဗလာနဲ့ကျန်ခဲ့တာလည်းမနည်းပါ။ ဒါပေမယ့်….
သိတယ်ဟုတ်….
ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းကြီးဟာအရမ်းကျယ်သလို ကျောင်းသူတွေလည်းများမှများ…….
ဒီတော့ကျနော်တို့နှစ်ယောက်လုံးထုံးစံအတိုင်း အချစ်သစ်တွေကိုထပ်ပြီးရှာဖွေကြပြန်ပေါ့….
တစ်ရက်ကျနော်တို့နှစ်ယောက်အတန်းမတက်ဘဲအင်းလျားကန်ဘက်ထွက်ခဲ့ကြတယ်။အင်းယားကန်ဘေးတက္ကသိုလ်ရေကူးကန်အသစ်မှာ
ကျောင်းသားကျောင်းသူ တော်တော်များများစုရုံးစုရုံးနဲ့တွေ့နေရပါတယ်။
မေးကြည့်တော့တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲတဲ့……,

ဒီနေ့ဘယ်မှမသွားဖြစ်တော့ပါဘူး…..ကျောင်းသားတွေ ရေကူးတာဘဲထိုင်ကြည့်တော့မယ်။၊

 တက္ကသိုလ်ပေါင်းစုံရေကူးသမားတွေ အတန်းလိုက်၊ ရေကူးနည်းမျိုးစုံပြိုင်ဆိုင်နေကြသည်။ အခုအဆိုတော်ဖြစ်နေတဲ့ခိုင်ထူးလည်း RASU ကိုယ်စား ဝင်ပြိုင်နေတာတွေ့ရပါသည်။ ,

နောက်ပြိုင်ပွဲတစ်ခုကမိန်းကလေးပြိုင်ပွဲ၊ ဘာရေကူးနည်းလည်းကျနော်မသိပါ။ ,

ကျနော်တို့နှစ်ယောက်လုံးစနစ်တကျ ရေကူးတတ်တာတော့မဟုတ်ပါ။တောမှာနေခဲ့တဲ့ကျနော်တို့..တောကူးနဲ့ခွေးကူးလောက်ဘဲကူးတတ်ပါသည်။
ပြိုင်ပွဲဝင်မယ့်မိန်းကလေးတွေကမြင်လိုက်တော့ကျနော်တို့နှစ်ယောက်လုံးအပြာရောင်ရေကူးဝတ်စုံ၊ဝတ်ထားတဲ့ကောင်မလေးကို စိတ်ဝင်စားသွားပါတယ်။,

နာမည်စာရင်းနှင့်တက္ကသိုလ်နာမည်ခေါ်သံကြားမိတာသူလေးကကျနော်တို့ RASU ကိုယ်စားဝင်ပြိုင်မယ်…..
ဟေ့..ကိုလော….ငါ အပြာရောင်ဝတ်စုံနဲ့ ရေသူမကိုအားပေးမှာနော်…..
မင်း….မင်း…ငါအရင်မြင်တာနော်…ငါလည်းသူ့ကိုဘဲအားပေးမှာ….
မင်း တစ်ခြားတစ်ယောက်ကိုအားပေးကွာ…… ငါက RASU ကိုအားပေးမှာ…..
အံမာ…ငါလည်း… RASU ဘဲ…ရေသူမလေးကိုဘဲအားပေးမယ်….
အေးပါ…ငါတို့နှစ်ယောက်လုံးရေသူမလေးကိုဘဲအားပေးကြတာပေါ့……
ဒီနေ့အပြာရောင်ရေသူမလေးဟာရေကူးအရမ်းတော်တယ်….သူတစ်ယောက်တည်းဆုနှစ်ဆုတောင်ရခဲ့တယ်…..
ရေပြာပြာမှာကူးနေတဲ့သူမဟာတစ်ကယ့်ရေထဲမှာရေသူမကူးခတ်နေတဲ့သဏ္ဍာန်အလားကျနော်တို့ မျက်လုံးထဲမှာ စွဲကျန်ရစ်ခဲ့ပါတယ်။
ရေသူမလေးကဘယ်မေဂျာလဲမသိဘူး….မိုက်တယ်နော်….
အေး…ဟုတ်တယ်….မေဂျာအရင်သိအောင်လုပ်ရမယ်……
ညဘက်ဦးချစ်ဆိုင်မှာ ထိုင်ရင်းကျနော်တို့ရေသူမလေးအကြောင်းကိုပြောနေကြတာပါ။ ,

ခဏကြာတော့ RASU ရေကူးသမားခိုင်ထူး သူ့သူငယ်ချင်းတွေနဲ့ရောက်လာကြပါတယ်။ နေ့လည်ကအတွေ့အကြုံကိုသူ့သူငယ်ချင်းတွေကိုပြောပြနေပါတယ်…။
ကျောက်ခဲ……မင်းခိုင်ထူးကိုသွားမေးပါလား…….
ဟာ…ငါနဲ့ခိုင်ထူးနဲ့မှမသိတာ….
မသိလည်းကိစ္စမရှိဘူး….ကျောင်းသားအချင်းချင်းဘဲ….. ဒီလိုနဲ့ဘဲရေသူမလေးအကြောင်းကိုခိုင်ထူးဆီကတစ်ဆင့်နဲနဲကျဉ်းကျဉ်းသိခဲ့ရပါတယ်။
ကျနော်တို့လိုတတိယနှစ်…ရေသူမလေးကဒေးကျောင်းသူ…ဓါတုဗေဒမှာကျောင်းတက်နေတယ်။ နောက်နေ့တွေမှာ ကျနော်တို့နှစ်ယောက် သိပ္ပံဆောင် ရှေ့ကိုခြေဆန့်ပြီးရေသူမရှာပုံတော်ဖွင့်ခဲ့ကြပါသည်။ ,

မေးရင်းမြန်းရင်းကြာကြာမရှာရပါဘူး…. တစ်ရက်နှစ်ရက်အတွင်းမှာဘဲရေသူ မလေးကိုရှာတွေ့ခဲ့ ပါတယ်။ ,

ရေသူမလေးတက်နေတဲ့အချိန်ဇယားကိုပါရခဲ့တယ်။ 

ရေသူမလေးကအတန်းထဲမှာ ပိုလို့ချစ်စရာကောင်းနေတယ်။,

 အင်း…ကျနော့်ရင်ထဲမှာ အချစ်တစ်ခုမွေးဖွားတော့မယ်ထင်ပါရဲ့…..။ ကိုလောကိုကြည့်ရတာလည်းကျနော့်လိုဘဲခံစားနေပုံရတယ်…..,

ဝိဇ္ဇာခန်းမမှာစာသင်နေသောကိုလောနဲ့မန္တလေးဆောင်မှာကျောင်းတက်ရသောကျနော်ကျောက်ခဲတို့နှစ်ယောက်၊ဘာမှမဆိုင်သောသိပ္ပံခန်းမဘက်မှာဓါတ်ကျနေကြတယ်။၊

 ရေသူမလေးကမနက်ပိုင်း ကျောင်းတက်နေတယ်။
ဒါကြောင့်မို့တမနက်လုံးကျနော်တို့နှစ်ယောက်သိပ္ပံခန်းမဘက်မှာဘဲအချိန်ကုန်လေ့ရှိပါတယ်။ 

 .......................................................................

ဒီနေ့တနင်္ဂနွေနေ့…. ညကကျနော်တို့အဖွဲ့သီရိဆောင်မှာဂစ်တာသွားတီးကြတာ 2 နာရီမှပြန်အိပ်ကြသည်။၊

 ကိုလောကအင်းဝဆောင် ပြန်သွားတယ်….ခါတိုင်းဒဂုံဆောင် ကျနော့်အခန်းမှာအိပ်လေ့ရှိတယ်….
အိပ်ရာထနောက်ကျပြီးမနက်စာမမှီခဲ့သောကြောင့်တောင်ငူကင်တင်းက ရွှေပိတောက်ထမင်းဆိုင်မှာကျနော်တစ်ယောက်တည်း ထမင်းစားနေရသည်။ထမင်းစားနေရင်း….မနက်ရေချိုးနေစဉ်ဘူမိဗေဒရေကူးသမားကိုကြည်ဝင်းရဲ့ပြောစကားကိုပြန်ကြားယောင်ရင်း၊ကိုလောကိုနဲနဲဒေါပွနေမိပါတယ်။,

ကျောက်ခဲ….မင်းသူငယ်ချင်းကိုလောဒီနေ့ရေလာကူးတယ်….
ဒီနေ့မင်းတို့သွားသွားချောင်းနေတဲ့ရေသူမ လေးလည်းလာတယ်….
ခွေမသား ကိုလော…..တွေ့မယ်…..တွေ့မယ်…မင်းနဲ့ငါတွေ့မယ်…..,

ဒီကောင် အကြောင်းစဉ်စားမိတာ၊စား နေတဲ့ထမင်းပါနင်နေပြီ….
ကျနော်တို့သူဌေးမင်းလို့ခေါ်တဲ့ရွှေပိတောက်ဆိုင်ပိုင်ရှင်ကရေတစ်ခွက်ခပ်ပေးတယ်…
ကျနော်တို့ရွှေပိတောက်ထမင်းဆိုင်မှာအကြွေးစားလေ့ရှိပါတယ်။
ကျနော်တို့ရဲ့အကြွေးရှင်မို့လို့သူ့ကိုသူဌေးမင်းလို့ခေါ်ကြတာပါ ….
ဟေ့ကောင်..ကိုလော…မနက်ကရေသွားကူးတာဘာလို့ငါကိုမခေါ်တာလဲ…
ဟ…မနက် 2 နာရီမှအိပ်တဲ့မင်း..အိပ်ကောင်းတုန်းနေမှာ….,

ငါ့ဘေးခန်းကကောင်တွေအတင်းနှိုးလို့လိုက်သွား ရတာ…..
ရေသူမလေးလာမယ်ဆိုတာ..ငါလဲမသိဘူး……..
ကြည့်…ဒီကောင် အိုးမလုံအုံပွင့်နေပြီ….
ကိုလော…..မင်းရေသူမလေးကိုစိတ်ဝင်စားလား…….
အေး….စိတ်ဝင်စားတယ်….မင်းရော……
ငါလဲစိတ်ဝင်စားတယ်…….
ကျောက်ခဲ….မင်း…မင်း…လွန်လာပြီကွာ……မင်းမှာဘီအီးဒီက ဆော်ရှိနေတယ်လေ….
အေးလေ ဘာဖြစ်လို့လဲ…နှစ်ယောက်လုံးကိုကြိုက်လို့မရဘူးလား….
မင်းတစ်ကိုယ်ကောင်းမဆန်နှင့်ကွာ….ဆော်တစ်ယောက်မှမရှိတဲ့ငါ့ကိုမင်းဦးစားပေးသင့်တယ်……
လုပ်မနေနှင့်….ငါးရံ့နှစ်ကောင်လုံး…မကိုင်တတ်လို့နှစ်ကောင်လုံးလွတ်သွားတာ…မင်းအပြစ်နှင့် မင်းဘဲ……
အေးပါ…အခု…ဒီရေသူမကိုဘဲဖမ်းတော့မယ်…..
မရဘူး….ငါလည်းကြိုက်တယ်….
မင်းဒီလိုတော့မညစ်နဲ့ကွာ…….
ညစ်တာမဟုတ်ဘူး …ငါလည်းကြိုက်နေတာ…. ,

ကျောက်ခဲ…မင်း….သက်သက်ငါ့ကိုဒုက္ခပေးတာဘဲ……
ရေသူမကိုမင်းလဲကြိုက်တယ်…ငါလည်းကြိုက်တယ်…..ဒီတော့ ပြည်သူ့ဆိုင်မှာလို ခွဲတမ်းချရမယ်…..
ရေသူမကိုဘယ်လိုခွဲတမ်းချမှာလဲ….
ကိုလောမင်းကတရားသူကြီးလုပ်မယ့်ကောင်ဆိုတော့ ,

မင်းကိုငါလေးစားတဲ့အနေနဲ့ ရေသူမလေးအပေါ်ပိုင်းကို မင်းယူလိုက်….
ငါကပထဝီမြေကြီးဖြစ်လို့ အောက်ပိုင်းဘဲယူမယ်…..
ဟ….ဘယ်ရမလဲ…ငါလဲအောက်ပိုင်းဘဲယူမယ်…..မင်းအပေါ်ပိုင်းယူ….. ရေသူမလေးရဲ့သဘောကိုလည်းမသိသေးဘဲနဲ့……..
သောက်ရမ်းလျှောက်ပြောနေတယ်…..
အပေါ်ပိုင်းတွေအောက်ပိုင်းတွေခဏထားလိုက်….
မင်းနဲ့ငါ…တစ်ပြိုင်ထဲလိုက်လို့တော့မဖြစ်ဘူး….
တစ်ယောက်ပြီးမှတစ်ယောက်လိုက်ကြမယ်…ဘယ်လိုလဲ…ကိုလော…
မင်းကမနက်ပိုင်းလိုက်၊ငါကညနေဘက်လိုက်မယ်…..
ဟာ…ဒီလိုလည်းမဟုတ်ဘူးလေ….Yes or No အဖြေရတဲ့အထိတစ်ယောက်အရင်လိုက်……
ဟာ…..ဒါဆိုရင်အရင်လိုက်တဲ့သူကသာမှာပေါ့ကွ……..
မင်းနဲ့ငါဒီရက်ပိုင်းမှာဘဲရေသူမလေးကိုစတွေ့တာနော်…..
ဒီမတိုင်ခင်မှာလည်းလိုက်တဲ့သူရှိမှာဘဲ…..,

သူအပျိုဖြစ်စအရွယ်ကတည်းကလိုက်တဲ့သူတွေရေကြည့်ရင်နဲမှာမဟုတ်ဘူး…..
သူသာကြိုက်တဲ့သူရှိရင်ခုလောက်ဆို…ခလေးနှစ်ယောက်အမေဖြစ်လောက်ပြီပေါ့ကွ……
ကြိုက်တဲ့သူမတွေ့သေးလို့အပျိုဘဝနဲ့နေ..နေတာပေါ့……..ဘာမှအားမငယ်ပါနဲ့…..
ဒါဆို….ငါဘဲခွဲတမ်းချမယ်…..ငါအရင်လိုက်မယ်….ဘာကြောင့်လဲဆိုတော့မင်းမှာငါးတစ်ကောင်ရှိနေလို့ဘဲ….
ဘယ်ရမလဲတရားနည်းလမ်းကျကျဘဲလုပ်ရမယ်……,

ဘာလဲမဲနှိုက်မလို့လား……မင်းကိုမယုံဘူး…..
ပိုက်ဆံပွတ်မယ်….နောက်ဆုံးသုံးလုံးပေါင်းကိုးအမြင့်ဆုံး…….ဘယ်လိုလဲ…….
ကျနော်တို့နှစ်ယောက်ပိုက်ဆံပွတ်ကြတော့မည်။အပွင့်ကြီးသူရေသူမလေးကိုအရင်ချစ်ခွင့်ပန်ခွင့်ရမည်။
မှောက်ချထားသောပိုက်ဆံတွေထဲကတစ်ယောက်တစ်ရွက်စီဆွဲလိုက်ပါသည်။တဖြေးဖြေးချင်းပွတ်ဆွဲကြည့်လိုက်တော့ခြောက်ပြီး
သုံးပွင့်တွေ့သည်။
ထပ်ပွတ်လိုက်တာသုညတွေ့သည်။အို..ကေ…ကိုးပွင့် ကိုလောရှုံးတော့မယ်……ကျောက်ခဲမင်းတင်လိုက်တော့….ဒီမှာ ကိုးပွင့်…..
ဟ…ကိုလောလည်းကိုးပွင့်…နောက်တစ်ရွက်စီထပ်ဆွဲလိုက်ကြပါသည်။ သွားပြီ…တစ်ပေါက်…ကျနော်ရှုံးပြီ……..ကျနော်လက်ခါပြ
တော့ကိုလောပိုက်ဆံ ပစ်ချလိုက်ပါသည်။ သူလည်းတစ်ပွင့်ဘဲရှိသည်။နောက်တစ်ခါလာပြန်ပြီဟေ့…….ဒီတစ်ခါကျနော်ငါးပွင့်….ကိုလော
သုံးပွင့်….ကျနော်နိုင်သွားပြီ…..ရေသူမလေးကိုကျနော်အရင်ချစ်ခွင့်ပန်ရတော့မည်……
ကိုလောကတော့မကျေမနပ်ဗျစ်တောက်ဗျစ်တောက်ရွတ်နေပြီ……
ဒါပေမယ့်ကျနော်တို့နှစ်ယောက်သဘောတူညီမှုရခဲ့ပြီ……ကျနော်အရင်လိုက်ရမည်။အချိန်ကနှစ်လအတွင်းမှာတိကျသောအဖြေတစ်ခုခုတောင်းရမည်။
အမှန်ပြောရရင်ရေသူမလေးအပေါ်တစ်ကယ်မေတ္တာရှိခဲ့ရင်ဒီအချိန်အတိုင်းအတာနှင့်,

လူတစ်ယောက်ကိုယုံကြည်ဘို့ဆိုတာမဖြစ်နိုင်ပါ။ ကျနော်သာရေသူမ နေရာမှာဆို No လို့သာအဖြေပေးမည်။
ကျနော့်ကိုကျနော်ပြန်သုံးသပ်နေခြင်းဖြစ်ပါသည်။
ရေသူမလေးကိုကျနော်မြင်ရတဲ့အတိုင်းပြောရရင်ရေသူမလေးဟာမျက်နှာချိုချိုနှင့်ချစ်စရာကောင်းပါသည်။အမြဲပြုံးနေတတ်ပါတယ်။အတန်းထဲမှာရှိသောကျောင်းသား ကျောင်းသူအားလုံးနဲ့တည့်သောကြောင့်သဘောကောင်းပုံရပါသည်။အားကစားထူးချွန်တဲ့အခြားကျောင်းသားတွေလိုဂုဏ်မောက်တဲ့ပုံမျိုးမရှိပါ။ ,

အားကစားရေကူးတော်တာရယ်၊ မျက်နှာချိုချိုနဲ့ချစ်စရာ ကောင်းသူမို့ သူမရဲ့ပတ်ဝန်းကျင်မှာ စိတ်ဝင်စားသူ၊,

တော်တော်များတာကိုကျနော်မြင်နေရပါသည်။ ရေသူမလေး အတန်းအပြင်ဘက်မှာ
စိတ်ဝင်စားတဲ့ကျောင်းသားတွေ ခြောက်ယောက်လောက်တွေ့နေရပါသည်။ ကျနော်တို့မပါသေးဘူးနော်……ကြားပေါက်လာချောင်းတတ်တဲ့…စက်မှုကကောင်တွေ.. ,ဆေးကကောင်တွေ မပါသေးဘူး…..ပြောရရင်ဘုရင့်သမီးကိုပန်းကုံးစွပ်မယ့်ခုနှစ်ပြည်ထောင်မင်းညီမင်းသားတွေရဲ့ပွဲလို့
ကျနော်တင်စားလိုက်ချင်ပါတယ်။ တစ်ခုထူးခြားတာကရေသူမလေးဟာသူကြိုက်တဲ့ကျောင်းသားတိုင်းနဲ့တစ်ကြိမ်တစ်ခါလောက်တော့ကင်တင်း
မှာထိုင်ပြီးစကားပြောတတ်ပါတယ်။နောက်ပြီးကျောင်းမှာဆုံရင်လည်းနှုတ်ဆက်လေ့ရှိသည်။
ကိုယ်မကြိုက်ဘူးဆိုပြီးခါးခါးသီးသီးမုန်းလိုက်တာမျိုးတစ်ခါမှမတွေ့ခဲ့ရပါ။အားလုံးကိုသူမျက်နှာချိုချိုနှင့်နှှုတ်ဆက်တတ်ပါတယ်။ ဒီနေ့ထိတော့ချစ်ရမယ့် သူမတွေ့သေးတဲ့ပုံပါဘဲ….
ရေသူမလေးကိုချစ်မိတဲ့စိတ်နဲ့ရေသူမလေးရေကူးတတ်တဲ့တက္ကသိုလ်ရေကူးကန်ကို၊နံနက်စောစောအိပ်ချင်မူးတူးနဲ့ကျနော်တို့ရောက်လာတတ်သလို၊

တစ်ခါမှမရောက်ဘူးတဲ့ ကုက္ကိုင်းရေကူးကန်နဲ့ အိုရီယင့်ရေကူးကန်တွေကိုလည်းသွားတတ်နေပါပြီ……ရေသူမလေးကရွှေစွန်ညိုဘာလို လို့ဝဲတာလဲဆိုတာကိုရိပ်မိနေ ပါပြီ…..,

ဒါပေမယ့်ကျနော်တို့နှစ်ယောက်ထဲက ဘယ်သူကြိုက်နေတာလည်းဆိုတာကိုတော့သူဝေခွဲမရတဲ့ပုံပါဘဲ…..,

ကျနော်တို့မေတ္တာကိုအသိအမှတ်ပြု နေတဲ့မျက်လုံးလေးနဲ့ပြန်ကြည့်တတ်ပါတယ်။ ယောကျာ်းတွေမေတ္တာရှိခြင်းက မိန်းကလေးတွေအတွက်မင်္ဂလာ တစ်ပါးဘဲလေ……တစ်ရက်ကင်တင်းမှာရေသူမလေးနဲ့မဆုံဆုံအောင်ကျနော်တို့နှစ်ယောက်တမင်ဖန်တီးလိုက်ပါသည်။
စားပွဲမှာကျနော်တို့နှစ်ယောက် ရေသူမလေးနဲ့သူ့သူငယ်ချင်း အားလုံးလေးယောက်……. မျက်နှာပြောင်ပြောင်နဲ့ကျနော်တို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ကြပါတယ်။ 

ရေသူမလေးကိုကျနော်အံ့သြမိပါတယ်။ သူငယ်ချင်းဖြစ်ကြတဲ့အထိမ်းအမှတ်နဲ့သူဒကာခံမယ်တဲ့……
နောက်ပြီးဘတ်စကက်ဘောကစားနေတဲ့ကျနော်နဲ့ ဥပဒေအသင်းမှာဘော်လီဘောရိုက်နေတဲ့ ကိုလောကိုလည်း သူသိနေတယ်…..။ ဒီလိုနဲ့ဘဲ ကျနော်တို့နဲ့ရေသူမလေး….၊သူငယ်ချင်းအဖြစ်ကိုရောက်ခဲ့ကြပါတယ်။၊

 အခြေအနေကောင်းလားလို့ မေးခဲ့ရင်ကျနော် မဖြေတတ်ပါ။,

 ရေသူမလေးဟာအခြားကျောင်းသူတွေနဲ့မတူပါ။၊

 သူ့ရဲ့စိတ်နေသဘောထားဟာထူးခြားနေတာတော့အမှန်ဘဲ……အားကစားမှာ ထူးချွန်သလိုစာလည်းတော်သည်။၊

 လူမှုရေးနယ်ပယ်မှာလည်းဝင်ဆံ့သလိုသူငယ်ချင်းတွေလည်းများပါတယ်။အားလုံးနဲ့လည်းခင်ခင်မင်မင်နေတတ်တယ်…..
ဒါပေမယ့်သူ့မှာချစ်ရမယ့်သူမရှိသေးဘူးဆိုတာတော့ သူပြောပြလို့ကျနော်တို့သိခဲ့ရသည်။ ကိုယ်စတဲ့ဇာတ်လမ်းကိုဆက်ကရမှာကျနော့်တာဝန်ပါ။
ရေသူမလေးနဲ့ကျနော်ဆုံခဲ့တဲ့တစ်ရက်မှာကျနော်ရင်ဖွင့်ခဲ့ပါတယ်။ 

ရေသူမလေးကကြိုသိနေပြီးသားဆိုတော့ အေးအေးဆေးဆေးကျနော်ပြောသမျှကိုနားထောင်နေပါတယ်။၊

 ကျနော်ပြောပြီးတော့အေးအေးဆေးဆေးဘဲသူပြန်ပြောပါတယ်။ တစ်ချိန်ချိန်မှာကိုကျောက်ခဲဒီစကားမျိုးပြောမယ်ဆိုတာကျမသိပါတယ်။၊

 ကျမဘဝမှာမိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေကိုအမြဲလိုချင်နေခဲ့ပါတယ်။ ကျမကိုချစ်ခင်ကြတဲ့သူတွေအားလုံးကိုလည်းသူငယ်ချင်းတွေလို့ဘဲ ၊

သဘောထားပြီးကိုကျောက်ခဲတို့ကိုခင်သလိုမျိုးခင်ခဲ့ပါတယ်။ နေရတဲ့ဘဝတိုတိုလေးနဲ့ ပတ်ဝန်းကျင်မှာ မိတ်ဆွေ သူငယ်ချင်းများများနဲ့ဘဲ နေချင်ပါတယ်။၊

 ကျမမှာစိတ်ဆိုးပြီးမုန်းရမယ့်သူဆိုတာလည်းမရှိပါဘူး….
ကိုကျောက်ခဲရှေ့ကသူငယ်ချင်းတွေကိုပြောခဲ့တဲ့စကားကိုဘဲပြောပါရစေ…..
ကျမဒီမှာဘွဲ့ရပြီးရင် ဒီထက်မြင့်တဲ့ဘွဲ့နိုင်ငံခြားမှာထပ်ယူဘို့ အစီအစဉ်ရှိပါတယ်။ ပညာမစုံသရွေ့ကြင်ယာမရှာဘူးလို့ ကျမဆုံးဖြတ်ထားပါတယ်။
ဒီတော့ကိုကျောက်ခဲပြောတာတွေကိုကျမဟင့်အင်းလို့ဘဲပြောပါရစေ…….ဟင့်အင်း….. ဆိုတာအခုလောလောဆယ်အတွက်ပြောတာပါ။

 ကျမပညာစုံတဲ့အချိန်မှာကိုကျောက်ခဲကျမအပေါ်ပြန်ချစ်တဲ့စိတ်ရှိသေးရင်ကျမစဥ်းစားရမှာပေါ့….,

ဟုတ်ဖူးလား……
နောက်ပြီးကိုကျောက်ခဲကိုကျမစကားတစ်ခွန်းပြောချင်သေးတယ်…
မိန်းကလေးတစ်ယောက်ဆီကမေတ္တာပြန်ရဘို့ဆိုတာအချိန်ပေးရတယ်ဆိုတာကိုလည်း နားလည်ထားပေးပါ။ ကျမတို့မိန်းကလေးတွေ ဘဝလက်တွဲဖေါ်ရွေးမယ်ဆိုရင်ပိုပြီးအချိန်ပေးရမှာ….
ဒီနေ့ကျမကိုကျောက်ခဲကိုပေးခဲ့တဲ့အဖြေဟာကိုကျောက်ခဲမတိုင်ခင်ကသူငယ်ချင်းတွေကိုလည်း၊ဒီအဖြေဘဲပေးခဲ့တယ်။ နောက်လာမယ့် သူငယ်ချင်းတွေအတွက် လည်း ဒီအဖြေဘဲဆိုတာသိထားစေချင်တယ်။ ကျနော်ကကျောင်းပြီးရင်တောပြန်ရတော့မှာ….ရေသူမလေးပညာစုံတဲ့အချိန်မှာကြင်ယာ
စုံမစုံဆိုတာကျနော်ဘယ်လိုလုပ်သိနိုင်မှာလဲဗျာ….. ,

အော်ကိုကျောက်ခဲ…,

ကျမသူငယ်ချင်းတွေကို မေးလိုက်ရင်ကျမကို ဆက်သွယ်ရမယ့်နေရာကိုအသိပေးကြမှာပေါ့…။ ရေသူမလေးပြောခဲ့တဲ့တရားတွေကိုနာမိပြီးသူ့ကိုပြောခဲ့မိတဲ့ချစ်ပါတယ်ဆိုတဲ့စကားလုံးလေး၊ကိုပြန်ရုပ်သိမ်းလို့ရရင်ပြန်ရုပ်သိမ်းလိုက်ချင်ပါတယ်။ 

ပြောမိတဲ့ပါးစပ်ကိုယ့်ပါးကိုယ်ပြန်ရိုက်ချင်တယ်၊

ဘာကြောင့်လဲဆိုတော့ကျနော့်ရဲ့ပေါ့ပျက်ပျက်မေတ္တာဟာရေသူမလေးနဲ့မထိုက်တန်လို့ပါ…..,

ဗီဒီယိုဇာတ်လမ်းတစ်ခုသာဆိုလျှင်ကျနော်အခွေကိုနောက်ပြန်ရစ်ပြီးချစ်ပါတယ်၊လို့ပြောတဲ့အခန်းကိုဆင်ဆာကတ်ကြေးနဲ့ဖြတ်လိုက်ချင်ပါတယ်….,

 ညနေဘက်ကိုလောနဲ့ဆုံတဲ့ အချိန်ရေသူမလေး ရဲ့ အဖြေကို ပြောပြလိုက်ပါတယ်။ ကျောက်ခဲ…..ဟုတ်ရဲ့လား…..မင်းပြောကောပြောဖြစ်လို့လား……
ငါပြောပြီးပြီ…..ချစ်တယ်လို့ပြောပြီးတာနဲ့ ဟင့်အင်းလို့တစ်ခါတည်းတန်းပြီးအဖြေပေးလိုက်တယ်….။
မင်းအလှည့်ဘဲမင်းဆက်လိုက်တော့….,

သူစဉ်စားမယ်လို့မပြောဘူးလား………,

ငါပြောပြီးပြီ… တစ်ခါတည်းငြင်းလိုက်တယ်….
ကိုလောတစ်ယောက်ဇဝေဇဝါစိတ်ရှုတ်ထွေးနေတဲ့ပုံနဲ့ကျနော့်ကိုစိုက်ကြည့်နေပါတယ်………ကျနော်ခွင့်ပြုချက်ရပြီးတဲ့နောက်မှာကိုလောတစ်ယောက်သိပ္ပံဆောင်မှာအလုပ်ရှုပ်နေပါပြီ…..,

ကျနော်သူနဲ့မလိုက်သွားတော့ပါ။ သူလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်အောင်လို့ပါ…. ဒီနေ့ကျနော်တောင်ငူဆောင်အီးမေဂျာ အတန်းထဲကကောင်မလေးတစ်ယောက်နဲ့စကားသွားပြောနေပါတယ်။ ဟိုးအရင်နေ့တွေကတည်းကသူနဲ့မျက်လုံးချင်းခဏခဏဆုံနေခဲ့တယ်…..
ရေသူမလေးဆီသွားနေရလို့သူနဲ့ဇာတ်လမ်းမစဖြစ်သေးတာ။ ဒီနေ့တော့သူနဲ့စကားပြောနေရင်းသူ့အခြေအနေကိုအကဲခတ်ရမည်။
စကားပြောလို့ကောင်းနေတုန်း..ကိုလော တောင်ငူဆောင်ကိုရောက်လာပါတယ်။ ကျနော်တို့နှစ်ယောက်စကားပြောနေတာကိုမြင်ပြီးတော့သူနဲနဲအံ့သြသွားပုံရပါတယ်။
နောက်ပြီးကင်တင်းသွားမလို့တဲ့…..,

ရတယ်သွားမယ်၊ ကောင်မလေးပါခေါ်ခဲ့မယ်ဆိုတော့.. ,

မခေါ်နဲ့တဲ့…ဒီကောင်ဘာတွေဖြစ်နေလဲမသိပါ။
ကျောက်ခဲ…..မင်းဟာဘယ်လိုကောင်လဲ….,

မနေ့တနေ့ကဘဲရေသူမဆီကဟင့်အင်းလို့အဖြေရတာနဲ့ဒီမှာနောက်ဇာတ်လမ်းစနေပြီ….
ဘီအီးဒီကဇာတ်လမ်းလဲမပြီး သေးဘူး……
မင်းအစကတည်းကရေသူမလေးကိုမချစ်ရင်လည်းမလိုက်သင့်ဘူး….ငါ့ကိုဦးစားပေးဘို့သင့်တယ်။
ဟ…..ငါရေသူမလေးကိုချစ်ပါတယ်……သူကဟင့်အင်းဆိုလို့ ငါစိတ်လျှော့လိုက်တာပါ…..
ချစ်တဲ့စိတ်တွေငါ့မှာအပြည့်ရှိတယ်။ ဒါပေမဲ့..ရေသူမလေးကမယူလို့ပိုနေတဲ့ငါ့အချစ်တွေကိုအီးမေဂျာကကောင်မလေးဆီသွန်ချပေးဘို့စဉ်းစားနေ
တာပါ….
မင်းကိုအခွင့်အရေးအရင်ပေးလိုက်တာနဲ့ရေသူမလေးငါ့ကိုဘယ်လိုမြင်မလဲမသိဘူး….
လောင်းကြေးစားကြေးနဲ့လိုက်တယ်ထင်ရင်တော့ငါရင်ကွဲပြီ…..,

ငါ့ကိုမှမချစ်တာ….မင်းမှာအခွင့်အရေးရှိပါတယ်….ဆက်လိုက်စမ်းပါ…..
ကိုလောကျနော့်ကိုစိတ်ဆိုးနေတဲ့ပုံပေါ်နေတယ်…..ကိုလောကိုကြည့်ရတာနဲနဲထူးခြားနေတယ်…..။
အရင်ကလိုမဟုတ်တော့ပါ။ရေသူမလေးအပေါ်ထားတဲ့သူ့မေတ္တာဟာကျနော့်ထက်ပိုနေပါပြီ…။ ကျနော့်ကိုရေသူမလေးမချစ်လို့ ဆွေးနေတဲ့ပုံကိုမမြင်ရဘဲသူမြတ်နိုးနေ တဲ့ရေသူမကို၊ကျနော့်ခေါင်းထဲကထုတ်ပြီး တောင်ငူဆောင်အချစ်သစ်လာရှာနေတာကိုသူတော်တော်ဒေါကန်နေပုံရပါတယ်။
ဒီလိုနဲ့နောက်တစ်ပတ်လောက်မှာကိုလောထပ်ရောက်လာပြန်ပါတယ်။ဒီကောင့်ကိုကြည့်ရတာမျက်နှာနီနီနဲ့ဒေါကန်နေပုံရတယ်……မဖြစ်ဘူး…စကားပြော ဆင်ခြင်မှ….
ဟေ့ကောင်ကျောက်ခဲ….မင်းကိုငါသတ်ချင်တယ်…..၊

သူငယ်ချင်း….ငါဘာအမှားလုပ်မိလို့လဲကွာ….
မင်းအမှားမင်းမသိဘူးလား….ရေသူမလေးမင်းကိုဘာပြောလိုက်လဲ……၊

ဟာ….သူငယ်ချင်း…ငါမင်းမကောင်းတဲ့ အကြောင်းတစ်ခွန်းမှရေသူမလေးကိုငါမပြောခဲ့ပါဘူးကွာ…….
မင်းကိုအရမ်းစိတ်တိုတယ်…..နံပတ်တစ်….မင်းကိုပထမအခွင့်အရေးပေးလိုက်တာရယ်….
နံပတ်နှစ်…ရေသူမလေးပြောတာတွေကိုငါ့ကိုပြန်မပြောတာရယ်…..
စိတ်မဆိုးပါနဲ့ကွာ…ငါမျှမျှတတဖဲကစားပြီးပထမဆုံးလိုက်ခွင့်ရတာပါ။ဒါပေမယ့်ငါ့ကိုသူမကြိုက်ဘူးလေ…..
မင်းမှာအခွင့်အရေးရှိပါတယ်…….
မင်းဟာ တစ်ကယ်မေတ္တာမရှိဘဲသွားပြောလိုက်တာမို့ငါ့ကိုလည်းအထင်သေးသွားပုံရတယ်…..
နေပါအုံး…မင်းသူ့ဆီကအဖြေရပြီလား……..ဘယ်လိုလဲ…..အိုကေလား…….
မအိုကေလို့မင်းဆီလာတာပေါ့……အိုကေရင်မင်းဆီတောင်မလာဘူး……
နေပါအုံး…မင်းဘာဖြစ်လို့ရေသူမပြောတဲ့စကားတွေ ငါကိုဘာလို့ပြန်မပြောရတာလဲ…..
ရေသူမဘာပြောလို့လဲ……
နောက်လာမယ့်သူတွေကိုလည်းနိုးလို့ဘဲအဖြေပေးမယ်လို့မင်းကိုပြောထားပြီးပြီတဲ့…..,

အဲဒါမင်းငါ့ကိုဘာလို့ပြန်မပြောတာလဲ…..
ဟာ….သူငယ်ချင်းဘယ်လိုမျက်နှာမျိုးနဲ့မင်းကိုငါပြန်ပြောရမှာလဲ…..မင်းမလိုက်နဲ့….မင်းကိုလည်းနိုးလို့ဘဲ အဖြေပေးမှာဘဲလို့ ငါပြောရင်မင်းစိတ်ထဲမှာဘယ်လိုထင်မလဲ…….,

ဒီခွေးမသား……သူမရတိုင်းသူများရသွားမှာစိုးလို့……သက်သက်မဲ့လိုက်တားနေတယ်လို့မင်းထင်မှာ……။
ဒါကြောင့်မို့ငါကိုမကြိုက်လဲမင်းကိုကြိုက်ချင်ကြိုက်မှာဘဲလို့တွေးပြီးမင်းကိုမပြောခဲ့တာ……
....အကျိုးအကြောင်းလောက်တော့ပြောသင့်တာပေါ့…..,

အခုတော့ချောက်ထဲကျမယ့်လမ်းသွားနေတာကိုဟားတိုက်ရီပြီးထိုင်ကြည့်နေတဲ့မင်းကို
ငါတော်တော်သတ်ချင်တယ်……
ငါဟားတိုက်ပြီးရီနေတဲ့ကောင်မဟုတ်ဘူး…..,

မိန်းကလေးတစ်ယောက်အိမ်ထောင်မကျသေးသ၍ငါတို့ယောကျာ်းတွေချစ်တဲ့ အကြောင်းပြောလို့ရတယ်…..
ငါ့ကိုနိုးလို့အဖြေပေးပေမယ့်လည်းမင်းအပေါ်သဘောထားငါမှမသိတာ….,

ရေသူမနှုတ်ကငါ့ကိုဘယ် လောက်ပြောပြော၊ မိန်းကလေးတွေရဲ့စိတ်ကို မင်းလည်း သိသားဘဲ…..
မကြိုက်တဲ့သူဆိုရင်ကျောင်းအုပ်ဆရာမနဲ့တိုင်ပြီး….
ကြိုက်တဲ့သူဆိုရင်ဘယ်သူမှတောင်မသိလိုက်တဲ့ငါတို့ငယ်ငယ်ကအဖြစ်တွေကိုလည်းမင်းစဉ်းစားပါအုံး…
ဘယ်လိုဘဲပြောပြောဒီကောင်စိတ်ဆိုးဆိုးနဲ့ပြောပြီးထထွက်သွားပါသည်။ဘယ်လောက်စိတ်ဆိုးသွားလဲမသိပါ၊လေးရက်ငါးရက်ရှိနေပြီ။ကျနော့်ဆီကို…. ကိုလော..လုံးဝမလာတော့ပါ….၊

မဖြစ်ဘူး ဒီနေ့တော့အင်းဝဆောင် ဘက်ကိုလိုက်သွားမယ်….မတွေ့ရင်တော့ဝိဇ္ဇာခမ်းမဘက်မှာသွားရှာမယ်…,

သူငယ်ချင်းဒီလောက်လဲစိတ်ဓါတ်မကျပါနဲ့……ဟောဒီကျောင်းဝင်းထဲမှာမင်းနဲ့ငါအတွက်ရွေးစရာအများကြီးကျန်ပါသေးတယ်…..
ငကန်းသွားရင်ငစွေလာမယ်လို့မင်းဘဲငါ့ကိုပြောခဲ့တာလေ…..,

ဟေ့ကောင်စိတ်ဓါတ်ကျတာမဟုတ်ဘူး…..ငါရှက်နေတာ….ရေသူမလေးအပေါ် ပေါ့ပျက်ပျက် သဘောထား မိတဲ့ ငါ့ကိုယ်ငါရှက်နေတာ…..စောစောစီးစီးသူ့တရားနာမိရင်ငါချစ်တယ်လို့ပြောဖြစ်မှာမဟုတ်ဘူး…..
ကိုလော……ကိုလော….ရေသူမလေး တရားနာယူပြီးကျနော့်လိုဘဲခံစားနေရပြီ…..
ခွေးမသား…မင်းကလည်းသူ့စကားတွေကိုငါ့ကိုပြန်မပြောပြဘူး…….,

မင်းကလည်းဒါဘဲထပ်ပြောပြန်ပြီ…သူငယ်ချင်းငါလဲဘယ်သိပါ့မလဲကွာ……
ငါတို့လူကဲခတ်မညံ့ပါဘူး…….. ဒီတစ်ခါဘဲခံလိုက်ရတာပါ…….ဂျဒ်ဆင်ကင်တင်းမှာကျနော်တို့စကားပြောနေကြတာပါ……
ဟေ့…ဟေ့…..ဟိုမှာဗျော့ကြီးတို့စုံတွဲ….ဒီဘက်လာနေပြီ….
ဟာ….ကောင်မလေးနောက်တစ်ယောက်ပါလာသေးတယ်ကွ………
တစ်ခါမှမမြင်ဖူးဘူး……မိုက်တယ်ကွ…မဆိုးဘူး…….ဗျော့ကြီးကိုခေါ်လိုက်….,

ဗျော့ကြီးတို့စုံတွဲကိုမရမကခေါ်ပြီးထိုင်ခိုင်းလိုက်တော့ဘေးက ပါလာတဲ့ကောင်မလေးလည်းဝင်ထိုင်ရပါတယ်…..
ကျနော်ကဗျော့ကြီးကောင်မလေးကိုဧည့်သည်ကောင်မလေးဘက်မျက်စပစ်ပြလိုက်ပါတယ်…..
သူ့နာမည်က မအေးချမ်းတဲ့….မိအေးချမ်းလို့လည်းခေါ်တယ်….
ငါတို့ အီကိုက….မာလာဆောင်မှာအခန်းချင်းကပ်ရပ်ဘဲ……
ငါတို့ကရင်ပြည်နယ်က ကိုကျောက်ခဲနဲ့ကိုလောတဲ့…….သိရတာဝမ်းသာပါတယ်ရှင့်…….
ကျနော့်အာရုံထဲမှာမအေးချမ်းဟာ မွန်ပြည်နယ်ကဖြစ်ရမယ်….,

မအေးချမ်းတို့အိမ်နားမှာရေပြင်အကျယ်ကြီးရှိနေတယ်……
ရှင်…ကိုကျောက်ခဲကအကြားအမြင်ရတယ်ဟုတ်…..ကျမက ကျိုက္ခမီသူရှင့်….
မအေးချမ်းဟာမွန်လူမျိုးစစ်စစ်ဖြစ်ရမယ်…ကိုလောလဲအားကျမခံဝင်ရောနေပြီ……..
ငယ်ငယ်က မွန်သူငယ်ချင်းတွေရှိတာကြောင့်စကားဝဲသံကိုနားထောင်ပြီး၊မွန်လူမျိုးဆိုတာကျနော်ခန့်မှန်းလို့ရပါတယ်…..
ကိုလောနဲ့မိအေးချမ်းတို့အဖွဲ့ကျနေပြီ….,

ဘာကြောင့်လဲဆိုတော့ကိုလောအမေကမွန်လူမျိုး၊မွန်စကားနဲနဲပါးပါးပြောတတ်လို့ပါ။၊

 ကျနော်…သိန်းတန်သီချင်းတစ်ပုဒ်ကိုအရမ်း ကြိုက်တယ်…..
ကျမလဲကြိုက်တယ်ရှင်…ကိုလောကဘာသီချင်းကြိုက်လဲ…..
ကမ်းကျိုက္ခမီသောင်ယံဦးဝယ်…..ခရုကောက်လို့လည်မှာလည်း….
အလှစီချယ်…ကိုယ်လွမ်းသမျှ…ဒီတစ်ခါလာရင်မပြန်ဘူးကွယ်……
ရွှေမြိုင်မှာပင်နေတော့မယ်….,

ဒီသီချင်းနာမည်က…. ရွှေမြိုင်မှာပင်နေတော့မယ်….ဟုတ်တယ်ဟုတ်…..
သိပ်ဟုတ်….သိပ်ဟုတ်…..ညီမလေးကမှန်သွားပြီ….ရော့နှစ်မှတ်ယူ…..သီချင်းရေးဆရာကိုရောသိလား….
သိတယ်…မော်လမြိုင်ကချစ်စု…..
ဟာ…ညီမလေးအရမ်းတော်နေပါလား…..ရော့….ရော့….ဆယ်မှတ်ယူလိုက်…….
မွန်ပြည်နယ်အကြောင်းသီချင်းဆိုထားတဲ့အမျိုးသမီးအဆိုတော်ကိုသိလား….
အဆိုတော်ထား..မွန်တို့ဋ္ဌာနေ..ရာမည………ဒါလေးများ…..။
ငါ့ညီမ..ဆယ်မှတ်ထပ်ယူလိုက်ပြန်ပြီ….
အမယ်…အမယ်…..ကိုလောနဲ့မအေးချမ်းတို့နှစ်ယောက်သီချင်းပဟေဋ္ဌိဝှက်တမ်းကစားနေကြတယ်.......
ရှေ့တည့်တည့်မှာထိုင်နေသောကျနော်တို့ကိုမမြင်တော့ပါ…..
အစ်ကိုက ကျိုက္ခမီကိုတစ်ခါမှမရောက်ဖူးဘူး……ကျောင်းပိတ်အိမ်ပြန်ရင်အလည်ခေါ်မှာလား……
ခေါ်မှာပေါ့အစ်ကို….ဒါပေမယ့်အစ်ကိုတောင်ပေါ်တက်နိုင်ရဲ့လား…..
ဘာဖြစ်လို့လဲ….ညီမ….
ကျမတို့ကျိုက္ခမီဘုရားကတောင်ပေါ်မှာတည်ထားလို့ပါ………
ခွေးမလေး….လူကြီးကိုညာတယ်…နင်ငရဲကြီးတော့မယ်…..၊

ကျိုက္ခမီဘုရားကပင်လယ်ထဲမှာ….ငါ့ကိုလာလိမ်နေတယ်……
အစ်ကိုလဲငရဲကြီးမယ်….ကျိုက္ခမီဘုရားကိုရောက်ဖူးရက်သားနဲ့မရောက်ဖူးဘူးဘူးပြောလို့………ကိုလော....ကိုလော..ခုနကရေသူမလေးအတွက်နဲ့လဒလိုမှိုင်နေတဲ့မျက်နှာကသူ့အမျိုးမွန်မလေးနဲ့၊တွေ့ပြီးသွားဖြဲပြီးပြုံးနေလိုက်တာရေသူမလေးကိုလည်းသတိမရတော့ပါ…. ,

ကိုလော....ဒီကောင်တော့နာတော့မယ်

မိအေးချမ်းကိုမွန်စကားနဲ့ဘာတွေပြောနေလဲမသိဘူး၊နှစ်ယောက်သားကျနော့်ကိုကြည့်ပြီးရီနေကြတယ်

..ဟေ့ကောင်...မင်းငါ့အတင်းချနေပြီမလား 

မဟုတ်ရပါဘူးကွာ၊မိအေးချမ်းကမင်းကိုချောတယ်လို့ပြောနေတယ်

ငါပြန်ပြောလိုက်တယ်၊ချောလဲချောတယ်၊ပိုက်ဆံလဲရှိတယ်၊အချစ်သူဌေးလို့

ခွေးမသား...အဲဒါငါ့အတင်းမဟုတ်လို့ဘယ်သူ့အတင်းလဲ

ကျောက်ခဲ…ဒီနေ့ည မာလာဆောင်ရှေ့မှာ ဂစ်တာသွားတီးကြရအောင်….
လုပ်လိုက်လေ…ကြာသလားလို့…..
အင်း..ဒီတစ်ခါတော့ပိုက်ဆံလည်းမပွတ်တော့ပါ။ဖဲရိုက်ပြီးတော့လည်းခွဲတမ်းမချတော့ပါ။
မိအေးချမ်းကို…ကိုလောစိတ်ဝင်စားမယ်ဆိုရင်ကျနော့်သူငယ်ချင်းကိုဦးစားပေးရပါတော့မယ်….
ကိုလော…ရေ….ဒီတစ်ခါမင်းအလှည့်………
နွေကျောင်းမပိတ်ခင်ကတည်းကအိမ်အပြန်ကျိုက္ခမီဝင်လည်ကြမယ်၊အတင်းအဓမ္မလိုက်ခဲ့ရမယ်လို့ကျနော်နဲ့ဗျော့ကြီးကို…ကိုလောအမိန့်ထုတ်ထားပါတယ်။အိမ်ရှင်တွေဧည့်ဝတ်ကျေကြပါတယ်။ ကျနော်တို့အတွက်ဘီယာဗူးတွေပါကင်လိုက်ထားပေးပါတယ်။ဟိုအချိန်ကမှောင်ခိုစက်လှေတွေဝင်ထွက်နေတဲ့ကျိုက္ခမီမှာ ဘီယာတွေအလွန်ပေါ…,

ကိုလောအဖို့တကယ့်လမင်းနဲ့ပင်လယ်..ပါဘဲ…
မီတာငါးဆယ်ဘောင်ခတ်ထားတဲ့ရေကန်အတွင်းမှာရေကူးနေတဲ့ရန်ကုန်ကရေသူမလေးကိုမေ့နေပါပြီ။ ကန့်သတ်မှုဘောင်မရှိတဲ့ပင်လယ်ပြင်မှာလွတ်လွတ်လပ်လပ်ကူးခတ်နေတဲ့မိအေးချမ်းကို၊သူအရမ်းသဘောကျနေပါပြီ။ စကားတူတဲ့မိအေးချမ်းတို့မိသားစုနဲ့လဲအဖွဲ့ကျနေပြီ။ကျနော်တို့နှစ်ကောင်ကကြည့်စရာမျက်နှာတွေလည်းမရှိ။ တနေ့တနေ့ဘီယာတွေသောက်ပြီးကျိုက္ခမီပင်လယ်ဝကိုဘဲထိုင်ကြည့်နေရပါတယ်။နေ့တိုင်းဘီယာသောက်နေလို့ဗိုက်ပူပြီးမျက်နှာဖောလိုက်လာပြီ။

ပင်လယ်နဲ့မနီးစပ်ခဲ့တဲ့ကျနော်တို့ဟာတနေ့တနေ့ပင်လယ်ကိုကြည့်ရတာကြာလာတော့ငြီးငွေ့လာပါတယ်။၊

 ပင်လယ်ပြင်ကြီးကိုကြည့်ရင်းစိတ်ထဲမှာအော်ဟစ်ပြီးငိုချင်တွေ ပေါက်ပေါက်လာပါတယ်။
ပြန်ကြရအောင်လို့ခေါ်တာ၊ကိုလော တစ်ယောက်အိမ်ပြန်ဖို့သတိမရတော့ပါ။၊

 ဒီအတိုင်းလွတ်ထားလိုက်ရင် နွေကျောင်းပိတ်ရက်အတွင်း အိမ်ပြန်ရောက်မှာမဟုတ်တော့ပါ ။၊

မဖြစ်ဘူး….။ အချစ်နတ်ပူးနေတဲ့ကိုလော…

မင်းရဲ့အချစ်ရွာမှာမင်းတစ်ယောက်ထဲနေရစ်ခဲ့ပေတော့

ဘိုင့်...ဘိုင်....ကျိုက္ခမီ.......
 
          
          
          
          
          
          
          
          
          
          
          
          
          


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ