ဝေးနေအုန်းမည့်………ဝိပဿနာ


Photo credit to original uploade

 ဝေးနေအုန်းမည့်....ဝိပဿနာ

ဘာသာရေးနဲ့ပတ်သက်ရင် တော်တော်အားနည်းနေမှန်းကိုယ့်ကိုယ်ကိုသိနေတယ်။
မိရိုးဖလာဗုဒ္ဓဘာသာဝင်မို့ ငယ်စဉ်ကကိုရင်ဝတ် ပဥ္ဖင်းတက်ခဲ့တာဘဲရှိတယ်။ ဒါကိုပင်ကိုယ့်ကိုယ်ကိုတာဝန်ကျေပြီလို့ယူဆထားခဲ့တယ်။
အသက်နဲနဲကြီးလာတော့ ဒါလေးလုပ်ရုံနဲ့ မလုံလောက်သေးမှန်းသိခဲ့ပါတယ်။ နည်းပေးလမ်းပြလုပ်ပေးမည့် ဆရာသမားတော့လိုနေပြီ။
ငယ်ငယ်တုန်းက အကုသိုလ်အလုပ်တွေ တော်တော်လုပ်ခဲ့သောကြောင့် အပယ်ငရဲကျမှာကိုတော့အကြောက်သား။
ကျောင်းနေတုန်းကတွဲခဲ့တဲ့ သူငယ်ချင်းတွေလဲဘာသာရေးအကြောင်းတွေနဲနဲပြောလာပြီ။

ဆေးသမားဂန်ဂါး.. ခုတော့ဆေးမလုပ်တော့ပါ။ အရက်သမားရှကီးနဲ့လိုင်းပူးသွားပြီ။
ကျနော်တို့က သူငယ်ချင်းတွေဆုံမှ သောက်လေ့ရှိကြတယ်။ တွေ့မှသောက်တာပါလို့ ပြောတဲ့ရှကီး၊ အရက်ကိုမတွေ့ရင်၊တွေ့အောင်ရှာပြီး သောက်တာ။ 

ကျနော်တို့သုံးယောက်ဘာသာရေးနှင့်ပတ်သက်ပြီးစည်းကမ်း လျော့လျော့ပေါ့ပေါ့နဲ့ ပြပေးမည့် ဆရာသမား(သို့) ဆရာတော်တွေကို နားစွင့်နေကြပါတယ်။၊

 ပြောရမှာရှက်စရာ ကောင်းပါတယ်။
ဘာသာရေးအားနည်းနေလို့ သိပ်မြင့်သော တရားတော်များကို နားမလည်မှာစိုးသောကြောင့်ဖြစ်ပါတယ်။

ဒဂုံတောင်ကဘိုးတော်တပါး တရားပြတာအရမ်းမှန်တယ်လို့ပြောကြတယ်။
ဘယ်လိုတရားမျိုးလဲ….
နှစ်လုံးသုံးလုံးပြတဲ့တရား…..
နေစမ်းပါဗျာ..အဲဒါလောင်းကစားတွေဘုးရားမကြိုက်ဘူး။
ငါတို့ဘူမိဗေဒ တတိယနှစ်တုန်းက စာသင်ပေးတဲ့ဆရာ ဦးမြင့်လွင်ကိုမှတ်မိလား…။
မှတ်မိတယ်….။
သန့်တည်ပွားအသင်းထောင်ပြီး တရားပြနေတယ်။ ဆရာဦးမြင့်လွင်ဆိုရင် ငါ့တို့နဲ့ အဆင်ပြေမယ်ထင်တယ်။
ကန်ရိပ်သာလမ်းထဲက ဓမ္မာရုံမှာတရားပြနေတယ်လို့ ကြားတယ်။ ငါတို့တရက်လောက်သွားကြည့်ကြရအောင်။

ဒီလိုနဲ့ကျနော်တို့ ကန်ရိပ်သာလမ်းထဲက ဓမ္မာရုံကိုရောက်ခဲ့ကြပါတယ်။
ယောဂီဝတ်စုံနဲ့လူငယ်တော်တော်များများကို တွေ့လိုက်ရတာ ကိုယ့်ကိုယ်ကိုအားငယ်မိပါတယ်။
ဆရာဦးမြင့်လွင်က ကျနော်တို့ကိုဝမ်းသာအားရကြိုဆိုပါတယ်။
မြတ်စွာဘုရားဟာမြေကြီးတစ်ဆုပ် ကျုံးပြီးလက်ပေါ်ကိုဖြူးချလိုက်သောအခါ လက်သဲခွံပေါ်မှာမြေမှုန့်အနဲငယ်တင်ကျန်ရစ်ပြီး
ကျန်တာအားလုံး အောက်ကို ကျကုန်တယ်။ လက်သဲခွံပေါ်တင်ကျန်နေသော မြေမှုန့်ပမာဏနဲ့တူညီသောလူနတ်တွေသာ
လူနတ်ပြန်ဖြစ်ပြီး ကျန်တာအားလုံးဟာ အပယ်ငရဲကို ရောက်ကုန်တယ်။

ဝိပဿနာမလုပ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှအပယ်ငရဲကိုဆင်းမှာပဲ။
ဆရာဟောတဲ့တရားအတိုင်းဆိုရင် ကျနော်တို့သုံးကောင်လုံးဟာ မီးနီမမိဘဲ အပယ်ငရဲကိုတိုက်ရိုက်ဆင်းမည့်ပုံပေါက်နေပြီ။
ကျနော်တို့ဝိပဿနာနဲ့ အလွန်ဝေးနေသောကြောင့်ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက တစ်ခါမျှတရားမမှတ်ခဲ့ဘူး။
အပယ်တံခါးပိတ်ချင်ရင် ဝိပဿနာကျင့်မှသာအပယ်ပိတ်မည်တဲ့။၊ အပယ်ငရဲကျမှာကြောက်နေသော ကျနော်တို့ သုံးကောင်အတွက် ရွေးစရာလမ်းမရှိတော့ပါ။၊

 အပယ်မကျချင်ရင် ဝိပဿနာ ကျင့်ရမည်။ ဆရာဦးမြင့်လွင်တရားဟာ လိုတိုရှင်း ဆိုတော့
ကျနော်တို့နားလည်သလိုလိုရှိသား။
ကျနော်တို့လူဖြစ်ရတဲ့အချိန်လေးဟာဘုရားသာသနာနဲ့ကြုံခိုက်၊ သူတော်ကောင်းတရားနဲ့ဆုံခိုက်၊ ဒီအချိန်လေးမှာမှ အပယ်မရောက်ဖို့ မကျိုးစားရင်၊

 နောင်ဘဝအဆက်ဆက် မကျွတ်လွတ်နိုင်တော့ဘူး။
ဒီဘဝမှာအပယ်တံခါးပိတ်အောင် ကျိုးစားကြပါ၊ဆရာအတတ်နိုင်ဆုံးပြပေးမယ်….။

ကဲ…… ခဏနားပြီးရင် တရားထိုင်ကြမယ်။ တရားထိုင်ကြမယ်ဆိုတော့ကျနော်တို့နဲ့မဆိုင်သလိုဘဲ၊ဒီတော့အားလုံးထလိုက်ပါတယ် ။
မင်းတို့ဘယ်သွားကြမလို့လဲ…..။
ကျနော်တို့ပြန်တော့မယ်ဆရာ…..။
ဟာ…. မင်းတို့ပဲအပယ်ကျမှာကြောက်တယ်ဆို ၊ အပယ်မကျချင်ရင်ဝိပဿနာကျင့်ရတယ်။
ဆရာ .. ကျနော်တို့ ဒီနေ့ပဲစလာရသေးတယ်၊ အဆင်သင့်မဖြစ်သေးလို့ပါ။
မင်းတို့ဒီပုံအတိုင်းသွားနေရင် ဘယ်တော့မှအဆင်သင့်ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့မင်းတို့တရားမှတ်ရမယ်။ နာရီဝက်ပဲကြာမယ်။

ဆရာ့တချက်လွတ်အမိန့်နဲ့ ကျနော်တို့တရားထိုင်ရတော့မယ်။ ဘဝမှာပထမဆုံးအကြိမ် တရားထိုင်ရတော့မယ်။ ထိုင်ရမည့်ပုံဏ္ဍာန်ကို ဆရာပြပေးပါသည်။

 တရားစမှတ်ရင်လှုပ်လို့မရတော့ပါ။ သက်တောင့်သက်သာအနေထားဖြစ်အောင် ဆရာပြပေးပါတယ်။ တရားစမှတ် ကြပါပြီ။

ဆရာသင်ထားသည့် အတိုင်းပုံမှန်အသက်ရှူနေပါသည်။ ဆရာကပုံမှန်ထက်လဲမလျော့စေနဲ့အသက်ရှူနှေးရင်အိပ်ငိုက်သွားမယ်တဲ့၊
အသက်ပြင်းပြင်းရှူနေရင်လဲ ဝေဒနာတက်မလာတော့ပါတဲ့ သတိထားပြီးအသက်ရှူနေပါတယ်။ ဝေဒနာဆိုတာက ခန္ဓာကိုယ်တွင်းမှာ ဖြစ်ပျက်တရားတဲ့… ကျနော်သိပ်နားမလည်သေးပါ။

ထိုင်နေရင်းနဲ့ ခြေထောက်တွေ ညောင်းလာပါတယ်။ ဒါဝေဒနာဘဲဖြစ်မယ်။ အသက်ရှူနှှုန်း ထပ်တင်ရမယ်။ ခြေထောက်ညောင်းတာလဲ လျော့မသွားပါ။၊

နောက်ကြောတက်လာသလိုလို ဖြစ်လာပါတယ်။ အသက်ရှူနေတာပဲ၊ ခန္ဓာကိုယ်မှာလဲနာနေတာဘဲ။ ညတုန်းကရောက်ခဲ့တဲ့ ကာရာအိုကေဆိုင်ဆီကို စိတ်ရောက်သွားပါတယ်။

ဒီနေ့ညထပ်လာခဲ့မယ်လို့ ညီမလေးကို ကတိပေးထားတာမေ့နေတယ်။မဖြစ်ဘူးဒီနေ့ညထပ်သွားအုန်းမှ။ စိတ်တွေဟိုဖက်ရောက်ခိုက် ၊ခန္ဓာကိုယ်နာတာကျင်တာတွေ ခဏမေ့သွား ပါတယ်။

 ဟော…အခုထပ်နာလာပြန်ပြီ…. ကျောင်းသားဘဝတုန်းက ဒီဇင်ဘာလ၊ချမ်းတဲ့ညက
သီရိဆောင်ရှေ့မှာဂစ်တာ သွားတီးတာကို စိတ်ရောက်သွားပါတယ်။ကောင်မတွေအားပေးလိုက်ကြတာ…

ဇီးဖျော်ရည်ရေခဲများများနဲ့တစ်ဂျိုင့်လာပေးသွားတာ….
တောက်….ကောင်မစုတ်တွေ…..
ခန္ဓာကိုယ်ကညောင်းနေလား၊ကျင်နေလား၊ကိုက်နေလား…မပြောတတ်တော့ပါ။

ဓမ္မာရုံကြီးထဲကခုန်ထပြီး ထွက်ပြေးချင်စိတ်တွေပေါက်လာတယ်။ အချိန်လဲမစေ့သေးပါ။ အနှစ်လေး ဆယ်ကျော်စည်းလွတ်ဝါးလွတ်နေခဲ့တဲ့ စိတ်ကိုဘယ်လိုမှထိန်းချုပ်မရပါ။၊

 ကောင်းကင်မှာလွင့်မြောနေတဲ့တိမ်လိုပဲ၊ လွင့်ချင်ရာကို လွင့်နေတယ်။ ဟိုနှစ်ကောင်ဘယ်လိုနေလဲမသိပါ။
ပထမဆုံးတရားထိုင်ခြင်းဟာ ဟိုလိုဒီလိုနဲ့ ဘဲပြီးသွားပါတယ်။ ကျနော်တို့လ္ဘက်ရည်ဆိုင်မှာ သွားထိုင်ပြီး အတွေ့အကြုံဖလှယ်ကြပါတယ်။

ငါဘယ်လိုမှတရားထိုင်လို့မရဘူးကွာ စိတ်တွေကပြန့်နေတာပဲ။ ကျောင်းနေတုန်းကဘဝကိုပြန်ရောက်သွားသေးတယ်။
တရားထိုင်ရတာ ဘာမှမသိဘူး။ ကြောအောင့်ဖင်နာတာပဲသိနေတယ်။ ဟာ….ငါတရားထိုင်တာအရမ်းကောင်းတယ်ကွာ။
ဟာ…ဂန်ဂါး…တယ်ဟုတ်ပါလား…. ဘာတွေတွေ့ခဲ့လဲပြောပါအုန်း။

ဒီစကားဒီမှာပဲပြီးပါစေ ၊ ငါတရားထိုင်နေရင်းအရင်ဘဝက ငါ့မိန်းမနဲ့ပြန်တွေ့တယ်ကွ …။
အရင်ဘဝကငါ့မိန်းမက မေသန်းနုထက်တောင် ချောသေးတယ်.. ကိုကို မသွားပါနဲ့ဆိုပြီးငါ့ကိုဆွဲထားတာမနဲရုန်းပြီးပြန်လာခဲ့တာ။
ဟုတ်ရဲ့လားကွာ…ရှကီးမင်းရောဘာတွေ့လဲ။၊

 ငါလား…ငါ့အာရုံထဲမှာ ဘလက်ဝီစကီကြီးတလုံးနဲ့Red ဝီစကီအသေးတလုံးဘဲ မြင်နေရတယ်။
ဘဝမှာဒါန ၊ သီလ၊ သမထ ဘယ်လောက်ပဲများများ အပယ်မှ မလွတ်မြောက် နိုင်ဘူး။
ဒါန၊ သီလ၊ သမထဆိုတာ ပိုက်ဆံ ချမ်းသာတာနဲ့တူတယ်။
ပိုက်ဆံကုန်ရင်ဆင်း ရဲသားပြန်ဖြစ်သလို ဒါန ၊သီလ ၊သမထ အကျိုးပေးကုန်ရင် အပယ်ပြန်ဆင်းရတယ်။

ဝိပဿနာဆိုတာ သင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့တူတယ် ပညာဆိုတာ ဘယ်လောက်သုံးသုံး မကုန်နိုင်ဘူး။
ဝိပဿနာဘာဝနာကို ကျင့်ခြင်းဖြင့်အပယ်ကို မရောက်နိုင်သောကြောင့် အပယ်တံခါးပိတ်ချင်ရင် ဝိပဿနာ ကိုကျင့်ကြပါလို့ဆရာတိုက် တွန်းချင်ပါတယ်။၊

 ဒုတိယအကြိမ်ဆရာဦးမြင့်လွင်တရားကို နာယူနေတာပါ။ ကျနော်ဒီဘဝ တလျှောက်လုံးမှာ ဝိပဿနာကို
တခါမျှမကျင့်ခဲ့ဘူးပေမဲ့ အလှူအတန်းနဲ့ ပတ်သတ်ရင် ရက်ရက်ရောရော လှူခဲ့တန်းခဲ့ဘူးပါသည်။

ဒါပေမဲ့ ဆရာဆုံးမစကားအရ ဒါနကုသိုလ်ဘယ်လောက်များများ အကျိုးပေးကုန်ရင် အပယ်ကျမည်ဆိုသောကြောင့် အပယ်ကြောက်သော
ကျနော်အဖို့ ဝိပဿနာတရားမှတ်တဲ့ အလုပ်ကို လုပ်ကိုလုပ်ရမည်ဖြစ်ပေသည်။ ဒါပေမဲ့ဒုတိယအကြိမ် တရားထိုင်ရာတွင်လဲ ဆရာပြောသကဲ့သို့ ဝေဒနာကိုမကျော်ဖြတ်နိုင်ခဲ့ပါ။၊

 ဒီလိုနဲ့ပဲအချိန်စေ့ခဲ့ပြန်ပါတယ်။

ဒီတခေါက်တရားထိုင်တာပိုမိုက်တယ်ကွ ။
ဘာဖြစ်လို့လဲဂန်ဂါး……

ပြီးခဲ့တဲ့ဘဝမဟုတ်ဘူး နောက်တစ်ဘဝက မိန်းမဟောင်းနဲ့ ပြန်တွေ့တယ်။ ထက်ထက်မိုးဦးထက် ချောတယ်ကွ၊ ပြန်ပေါင်းလို့ရရင်၊လူ့ဘဝကမယားကိုကွာရှင်းပြီး ပြန်ပေါင်းချင်တယ်ကွာ။

ဟေ့ကောင်ဂန်ဂါး မင်းကြွားတာလွန်လွန်းနေပြီ။ အဲဒီဘဝကမင်းခွေးဖြစ်နေတာ ၊ သောက်စားငမ်းပြီးငါကျွေးတဲ့အဆိပ်လူးထားတဲ့ အမဲသားတုံးနဲ့ ၊

တွေ့ပြီးငါ့ရှေ့မှာပဲဆန့်ငင်ဆန့်ငင်နဲ့ရှောသွားတာ လာမလိမ်နဲ့တော့။

ဆရာသင်ပေးလိုက်သော ဝိပဿာနာကိုရေးရေးလေးမြင်လာပါပြီ။ တရားမှတ်စဉ်အတွင်း ခန္ဓာကိုယ်တွင်းမှ ဖြစ်ပျက်တရားကြောင့် ဟိုနာဒီနာဆိုတဲ့ ဝေဒနာတွေပေါ်လာမည်။၊

ဒီဝေဒနာတွေကို ရှုသွင်းရှုထုတ်လေများကိုမှတ်ခြင်းဖြင့် ဝေဒနာကိုကျော်ဖြတ်နိုင်မည်။
ဝေဒနာ ပိုတက်လာလျှင် အသက်ရှုနှုန်း ပိုတင်ရမည်။ ထိုကဲ့သို့မှတ်ခြင်းဖြင့်ဖြစ်ခြင်း ပျက်ခြင်းသဘောကြောင့် တချိန်ချိန်မှာ ဝေဒနာသည် လဲပျက်သွားပြီး၊ အေးငြိမ်းသော ခံစားမှု့ကိုခံစားရမည်။၊

 ဤခံစားမှု့မျိုးကိုဖလ္လာ့ဝင်စားတယ်လို့ ဆရာပြောပါတယ်။
ကျနော်ကျိုးစားပြီး မှတ်ပါတယ်။

ဒါပေမဲ့ကျနော်သည် ဝေဒနာကိုမကျော်လွန်နိုင်ခဲ့ပါ။ ထို့ကြောင့် အေးငြိမ်းသောခံစားမှုမျိုး၊ ဖလ္လာ့ဝင်စားတာမျိုးတခါဘူးမျှမရခဲ့ပါ။
ဝေဒနာတက်နေချိန် ၊အသက်ရှုနှုန်းတင်နေရင်း နောက်ဆုံးကျနော်ဝေဒနာကို လက်မြှောက်အရှုံးပေးလိုက်တာလဲ အကြိမ်ကြိမ်။
အိမ်မှာတရားမှတ်ခဲ့သလို တနင်္ဂနွေနေ့ လိုမျိုးမှာရွှေတိဂုံဘုရားပေါ်တက်ပြီးတရားမှတ်လေ့ရှိပါတယ်။
ကျနော့်ဘဝပါရမီမပြည့်လို့လား၊ ကျနော်သည်ဝေဒနာနှင့် နပမ်းလုံးရင်း နဲ့ဘဲ အဆုံးသတ်သွားလေ့ရှိပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်အားတော့ မလျှော့ပါ။ တနင်္ဂနွေနေ့ မနက်ပိုင်းတွေမှာ ရွှေတိဂုံပေါ်တက်ပြီး တရားမှတ်လေ့ရှိပါတယ်။
ကျနော်သည်အင်္ဂါသား ဖြစ်သောကြောင့် အင်္ဂါ ထောင့်ရှိ  ဇရပ်တခုထဲမှာ တရားမှတ်လေ့ရှိပါတယ်။ ဓမ္မာရုံမှာတရားလာမှတ်ကြသောယောဂီအပေါင်းအသင်းတွေ ကျနော့်မှာ တော်တော်ရှိလာပါပြီ။၊

 ကျနော့်ထက် အသက်ကြီးသူတွေ၊ ရွယ်တူတွေလဲရှိပါတယ်။
ကျနော့်ထက် အများကြီးငယ်သော တူအရွယ်တွေကိုတော့ ချီးကျူးမိပါတယ်။ ကျနော်သူတို့အသက်ရွယ်ချိန်တုန်းက ဘုရားကိုပင်သတိမရခဲ့ပါ။၊

 တရားလာမှတ်နေကျ လူငယ်နှစ်ယောက်ကို ပို၍ ချီးကျူးမိပါတယ်။ သူတို့နှစ်ယောက်ဟာ တရားစမှတ်ပြီး
ငါးမိနစ် အတွင်းမှာ ဖလ္လာ့ဝင်စား နေပြီတဲ့ ၊သူတို့လေးတွေ ရှေ့မှာကျနော်ဟာ တရားမှတ်တဲ့အကြောင်းတွေ သိပ်မပြောရဲပါ။
ကျနော်မှာဝေဒနာနဲ့ နပမ်းလုံးတဲ့ အဆင့်၊ ဝိပဿနာ မူကြိုအဆင့်ဘဲ ရှိနေသောကြောင့် ဖြစ်ပါတယ်။ ဖလ္လာ့ဝင်စားနေသော အချိန်များတွင် ရုပ်နဲ့နာမ်ခွဲ သွားသလိုမျိုးအဝေးကို 

နာမ်သက်သက် ထွက်သွားသလိုမျိုး ခံစားနေရတယ်။၊

 ရုပ်နဲ့နာမ်ပြန်ကပ်ရန် တော်တော်ကြာအောင် ပြန်ဆွဲနေရတယ်လို့ တူသားအရွယ် ၊

လူရွယ်၏ ပြောစကားကို ကျနော်ပါးစပ်ဟပြီး နားထောင်နေမိပါတယ်။ ကျနော်ကဝိပဿနာနှင့် ဝေးနေဆဲ။

ကျနော်စိတ်ဓာတ်မကျပါ။ တနင်္ဂနွေ နံနက်တိုင်း ရွှေတိဂုံပေါ်တက်ပြီး တရားမှတ်တယ်။ ဝေဒနာကျော်၊ မကျော်ကို ကျနော် သိပ်ဂရုမစိုက်တော့ပါ။၊

 ဘုးရားရိပ်၊ တရားရိပ်သည် အေးချမ်းပါတယ်။ ရွှေတိဂုံကုန်းတော်ပေါ် ရောက်ရင်၊ ရင်ထဲအေးချမ်းသွားတာ အမှန်ဘဲ။ တခုသော တနင်္ဂနွေတစ်ရက် မှတ်မှတ်ရရ 26.12.2004 နေ့ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားတရား မှတ်နေကျ ဓမ္မာရုံထဲမှာ မျက်မှန်းတန်းနေသော ဓမ္မမိတ်ဆွေ တွေတော်တော်စုံနေပြီ။ နောက်ဖက်မှာ လူတွေများနေသော ကြောင့်ဝင်ပေါက် အနီးမှာဘဲ ထိုင်ချလိုက်ပါတယ်။၊

 ဘုရားကိုဦးချပြီးထုံးစံအတိုင်း တရားစမှတ်ပါတော့တယ်။
အချိန်ကား 9နာရီ ဝန်းကျင်လောက် ရှိမယ်ထင်ပါရဲ့။ ထုံးစံအတိုင်းစိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် စုစည်းပြီး ဝင်လေထွက်လေနဲ့ ဝေဒနာကိုစတိုက်ပါတော့တယ်။၊

 ရန်ကုန်ဆောင်းတွင်း ကာလမို့ လေအေးအေးလေးတွေ တိုက်ခတ်နေတယ်။ ရာသီဥတုဟာ တရားမှတ်လို့
အကောင်းဆုံးရာသီဟု ဆိုနိုင်ပါတယ်။

ဒီဇင်ဘာ 25 ရက် ခရစ်စမတ်နေ့ဟာ မနေ့ကကုန်လွန်ခဲ့ပြီ။

ဘုရားရင်ပြင်ပေါ်မှာ ခရီးသွားဧည့်သည်တွေ တော်တော်များများ မြင်တွေ့နေရပါတယ်။၊

 ဒီအခိုက်လေးမှာ ဦးခေါင်းထဲမှာ သိမ့်ကနဲ၊ သိမ့်ကနဲ ထူးထူးခြားခြား ခံစားလိုက်မိပါတယ်။၊

 ကျနော်အရမ်းအံ့ဩဝမ်းသာသွားပါတယ်။ နောက်ဖက်မှာ တရားမှတ်နေသော
လူငယ်နှစ်ယောက် ပြောသော ဖလ္လာ့ဆိုတဲ့ခံစားမှု့မျိုးရတော့မယ်ထင်ရဲ့။

စိတ်ကိုထပ်ပြီးစုစည်းလိုက်ပါတယ်။

ခေါင်းထဲမှာသိမ့်ကနဲ… သိမ့်ကနဲ ခံစားနေတုံးပဲဟုတ်ပြီ၊ ကျနော်ဆက်ကျိုးစားမည်။၊

 ရွှေတိဂုံဘုရားကြီးလဲ အသိမှတ်ပြုနေပြီ ထင်ပါတယ်။ ဘုရားပေါ်က ဆွဲလွဲသံတွေပိုလို့ ဆူညံလို့လာနေပါတယ်။

လူလေး ……. အဘခေါင်းမူးလို့ ခဏမှီပါရစေ…။ နောက်ကျောကို တောင်းပန်စကားသံနဲ့ အတူ တစုံတယောက်မှီချလိုက်တာကို ခံစားလိုက် ရပါတယ်။၊

 ဒီအခိုက်ဆွဲလွဲသံတွေ ပိုဆူလာသလို၊ တဝေါဝေါအသံတွေကို လဲကြားလိုက်မိပါတယ်။ ဆူဆူညံညံ
လူသံတွေကိုလဲကြားနေရပါတယ်။ မျက်လုံးခွင့်ကြည့်ခိုက် ရင်ပြင်တခုလုံးမှာ လူတွေပြေးလွှားနေကြတယ်။

မပြေးကြပါနဲ့ …..မပြေးကြပါနဲ့ …ငလျင်လှုပ်တာပါ။

ရင်ပြင်ပေါ်မှာ စိတ်အချရဆုံးပါ …အားလုံးထိုင်နေကြပါ။

ဂေါပကရုံးကမိုက်နဲ့ အော်သံကြားလိုက်ရတဲ့ အခိုက်မှာ ကျနော့်ဦးခေါင်းနားက ဝှီကနဲ၊ ဝှီကနဲ အသံတွေကြောင့် ကျနော်ဝပ်ချလိုက်ပါတယ်။
တရားမှတ်နေတဲ့ ဓမ္မာမိတ်ဆွေတွေ ၊ ဖလ္လာ့သမာပတ်ဝင်စားနေတဲ့ လူရွယ်နှစ်ယောက် အပါအဝင်လူပေါင်း သုံးဆယ်လောက်ဟာ အပေါက်ဝတည့်တည့်မှာ ထိုင်နေတဲ့၊

 ကျနော်ခေါင်းပေါ်က လွားကနဲလွားကနဲ ခုန်ပျံကျော်လွားပြီး ဓမ္မာရုံအောက်ကို ပြေးဆင်းကုန်ပါတယ်။
အဆင်မသင့်ရင် ကျနော်ဦးခေါင်းကို အဖျားခတ်သွားနိုင်သောကြောင့် ဝပ်ချလိုက်တာမှန်သွားပါတယ်။

ခဏနေဦး၊ ခေါင်းထောင်ပြီး ဓမ္မာရုံထဲကို ငှဲ့ကြည့်လိုက်တာ ဘယ်သူမှမရှိတော့ပါဘူး။၊

 ခေါင်းမူးလို့ မှီလှဲနေတဲ့ အဘနဲ့ကျနော် နှစ်ယောက်ထဲ ကျန်ပါတော့တယ်။၊

 ဖလ္လာ့ဝင်စားနေရင် နာမ်ကိုပြန်ဆွဲခေါ်ရတာ တော်တော်ကြာတယ်လို့ ပြောတဲ့လူရွယ်နှစ်ယောက်လဲ ဒီအခိုက်မှာရုပ်နဲ့နာမ်ကိုဘယ်လို ဖြတ်လမ်းနည်းနဲ့ စွဲကပ်ပြီးခုန်ချသွားသလဲဆိုတာ ကျနော်မစဉ်းမိတော့ပါ။

ကိုယ့်ကိုကိုယ်ကိုလဲတော်တော်စိတ်ပျက်သွားပါတယ်။,

 ဝင်လေထွက်လေနဲ့ ဝေဒနာလွန်ဆွဲပွဲမှာ ဝေဒနာအဆင့်ကို ကျော်ပြီး
ဖလ္လာ့ဝင်စားတော့မယ်လို့ မှတ်နေတဲ့ကျနော့်စိတ်၊

 မတန်မရာကိုမှန်းနေတဲ့ ကျနော့်စိတ် ၊ လက်တွေ့မှာ ဘာမှမဖြစ်လာသေးတဲ့
ကျနော်အခြေအနေကို ကျနော် စိတ်ပျက်သွားပါတယ်။

ကျနော်အဆင့်ဟာမူကြို ဝိပဿနာကမတက်သေးပါ။ ဒါကြောင့်ကျနော်နဲ့ ဝိပဿနာဟာ ပွင့်ပွင့်လင်းလင်းပြောရရင်….ဝေးနေအုန်းမည့်…. ဝိပဿနာ……၊

26.12.2004 ဒီနေ့ဟာ ကျနော့်ဘဝရဲ့ အမှတ်တရနေ့အဖြစ်လဲ ကျနော်မှတ်သား ထားပါတယ်။ ပိုပြီးမှတ်မိစေတာက လူအသေအပျောက်အပျက်အစီး အများဆုံးဖြစ်ခဲ့တဲ့ ဆူနာမီဖြစ်ခဲ့လို့ပါ။၊

 ဖူးခက်မှာကျနော်တို့ နိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ အများကြီး သေခဲ့ရပါတယ်။၊

 အင်ဒိုနီးရှားမှာအာချေးပြည်နယ်တခုလုံး ပျက်စီးခဲ့ရတဲ့နေ့တနေ့ပေါ့ ဗျာ….။

#ကိုဂျစ်

#ဝေးနေအုန်းမည့်....ဝိပဿနာ


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ