ကျောင်းတော်ကရန်စ
ပဲခူးတိုင်းရွာလေးတစ်ရွာမှာ ကျနော့်ကိုမွေးခဲ့ပါတယ်….အိမ်က ကျနော်ကို ညိုကြီးလို့ခေါ်ကြပါတယ်….
ကျနော့်ကိုမွေးပြီး သုံးလအကြာမှာ အဖေ့ညီမ ဝမ်းကွဲ အရီးလေးလဲ ခလေးမွေးပါတယ်….
ညိုကြီးရဲ့ညီ ဖြစ်တာကြောင့် သူ့နာမည်ဟာ ညိုလေးလို့ အလိုလိုနေရင်းနာမည် တွင် သွားပါတယ်….
ကျနော်တို့ရွာဟာအိမ်ခြေတစ်ရာလောက်ဘဲရှိတဲ့ ရွာတစ်ရွာပါ… အဘိုးညီအကိုတွေက ဆင်းသက်လာခဲ့တာကြောင့်
တစ်ရွာလုံးဆွေမျိုးတွေ ချည်းဘဲလို့ ပြောလို့ရပါတယ်…..
ကျနော်ငယ်စဉ်က ကျနော့်တို့ရွာမှာ မူလတန်းကျောင်းလေးဘဲရှိပါတယ်….ရှိတဲ့မူလတန်းကျောင်းမှာဘဲစာသင်ကြပါတယ်…
အဘ အလယ်တန်းကျောင်း ဖြစ်ဘို့ကြိုးစားနေတယ် …. ညိုလေးတို့အမေ အရီးကလည်း အလယ်တန်းဖြစ်မြောက်ဘို့
ကူညီကြပါတယ်….. စာသင်ခန်းတွေဆောက်ပေးတယ်။ဆရာ ဆရာမတွေနေရေးထိုင်ရေးအတွက်ကူညီပေးတယ်….
စာမတတ်တဲ့ အဘ နဲ့ အရီးလေးတို့ဟာ ခလေးတွေကို စာတတ်စေချင်ကြပါတယ်….
ဒါကြောင့်မူလ တန်းမှ အလယ်တန်းဖြစ်မြောက်အောင် ကြိုးစားနေကြတာ…..
ကျနော်တို့နှစ်ယောက် ဟာတစ်ဦးတည်းသားများ ဖြစ်သောကြောင့်မိဘတွေဟာ ပညာရေးနဲ့ ပတ်သက်ပြီး
မိဘနဲ့ ခွဲပြီး အခြားနေရာမှာ မသွားစေချင်တာကပိုပြီး အဓိကကျပါတယ်….
ဒီလိုနဲ့ ဘဲကျနော်တို့အလယ်တန်းရောက်လာတော့ မိဘတွေက တွဲဖက် အထက ဖွင့်ခွင့်ရအောင်ကြိုးစားကြပြန်ရော….
ကျနော်မိဘရဲ့ သားသမီးတွေအပေါ်ချစ်တဲ့ စိတ်ကိုကျနော်နားလည်ခံစားမိပါတယ်…….အဘဟာကျနော်နဲ့ ခွဲမနေချင်ဘူး….
ရွာမှာဘဲ အထက်တန်းထိကျောင်းတက်နိုင်အောင် ကျိုးစားနေတယ်…..အရီးလေးနဲ့ အဘ သားသမီးအပေါ်ထားတဲ့မေတ္တာအတူတူပါဘဲ…..
အဘတို့ အရီးလေးတို့ ကြိုးစားအားထုတ်မှုကြောင့် ကျနော်တို့ရွာမှာ တွဲဖက်အထကလေးဖြစ်လာပါတယ်။
တွဲဖက်အထက မရှိခဲ့ရင် ကျနော်တို့ အနီးဆုံးမြို့ရွှေတောင်မှာသွားပြီးကျောင်းတက်ကြရမှာ……
အခုတော့ မိဘအရိပ်အောက်ကိုယ့်ရပ်ကိုယ့်ရွာမှာဘဲကျောင်းဆက်တက်ခွင့်ရခဲ့ပါပြီ…..
ကျနော်နဲ့ညို လေးဟာ သုံးလဘဲခြားသောကြောင့် တစ်တန်းထဲအတူတူကျောင်းတက်ခဲ့ကြပါတယ်….
မူလတန်းမှအထက် တန်းထိ တစ်ခန်းတည်းအတူတူစာသင်ခဲ့ကြပါတယ်…
နှစ်ယောက်လုံးစာကြိုးစားသောကြောင့် အခန်းထဲမှာအဆင့်တွေက သူတစ်ပြန်ကိုယ်တစ်ပြန်ဘဲ……
ညိုလေးစိတ်ထဲမှာ ကျနော့်အပေါ်ဘယ်လိုသဘောထားလဲမသိပေမယ့် ကျနော့်စိတ်ထဲမှာ ဒီကောင်ကျနော့်ကို အမြဲလိုက်ပြိုင်နေတယ် လို့ဘဲခံစားနေမိပါတယ်…… ဒီကိစ္စနဲ့ပတ်သက်ပြီး အဘကိုတောင် ပြောပြခဲ့သေးပါတယ်…… ပြိုင်ဆိုင်မှုရှိမှ တိုးတက်မယ်လို့ အဘပြောစကားကြောင့် ညိုလေးကို ကျနော့် ပြိုင်ဘက်တစ်ယောက်လို့ဘဲသဘောထားလိုက်ပါတယ်….
ဒီလိုနဲ့ဘဲကျနော်တို့ဆယ်တန်းဖြေခဲ့ကြပါတယ်….ဆယ်တန်းအောင်ပြီးရင်တော့ ဒီကောင်နဲ့ ကျနော်ဘယ်လိုမှမဆုံနိုင်တော့ဘူး။ဒီကောင်နဲ့ မဆုံတာကောင်းမယ်။အတန်းတူနေတုန်းကစိတ်ထဲမှာ မလွတ်လပ်ဘူး။ ဖိအားတွေအမြဲရှိနေတယ်…..
ညိုလေးနဲ့ ကျနော်ရေစက်မကုန်သေးဘူး… ရန်ကုန်တက္ကသိုလ်ဘူမိဗေဒမှာအတူတူတက်ခွင့်ရတယ်…. ဒါပေမယ့် တက္ကသိုလ်ရောက်တော့ ညိုလေးရဲ့ဖိအားတွေကျနော့်အပေါ်သိပ်မရှိတော့ဘူး…… ရွာမှာလိုကျောင်းသားနဲနဲလေးမှမဟုတ်တာ…….
အတန်းခွဲတွေလည်းမတူတော့ဘူး…..ဒါကြောင့်ညိုလေးနဲ့ သိပ်မတွဲဖြစ်တော့ဘူး….ပထမနှစ်၊ဒုတိယ နှစ်၊တတိယနှစ်အထိ ကျနော့်ဘဝဟာ ရိုးရိုးသားသားပါဘဲ…..မန္တလေးဆောင်၊ဒဂုံဆောင်၊မိန်း၊ဦးချစ်ဆိုင် ဒီဘဝမှာဘဲပျော်နေခဲ့တာ…..
နောက်ဆုံးနှစ်မှာကျနော်ရင်တွေခုန်တတ်လာပြီ ၊ပုဂံဆောင်ပျော်ပွဲရွင်ပွဲကို လိုက်သွားရာက ပုဂံဆောင်သူတစ်ယောက်နဲ့ မျက်လုံးချင်းဆုံပြီး ရင်ခုန်တတ်လာပြီ၊ သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးလို့ ကျနော်ညနေဘက်ပုဂံဆောင်ကို အလည်သွားတတ်လာပြီ….။ ညဖက် ပုဂံဆောင်အနောက်မှာဂစ်တာသွားတီးတတ်လာပြီ။သူ့ကို ကျနော် မဖွင့်ပြောရသေးပေမယ့် ချစ်သူတွေသာထိုင်လေ့ရှိတဲ့ ဘီအိုစီကောလိပ် ဝင်ပေါက်မှာ ခေါ်ထိုင်ရင်လဲ အတူတူလာထိုင်တယ်….အများ အမြင်မှာတော့ ကျနော်တို့နှစ်ယောက်ဟာ အတွဲလို့ဘဲထင်ကြမှာ….အချစ်နဲ့ ပတ်သက်ရင် အတွေ့အကြုံမရှိတဲ့ကျနော်ဟာ နှုတ်မရဲသလို လက်လဲနှေးခဲ့ပါတယ်….
တစ်ရက မန္တလေးဆောင်အပေါ်ထပ်မှာ စာသင်နေစဉ် သူငယ်ချင်းတစ်ယောက် မန္တလေးဆောင်ကို လက်ချင်းတွဲပြီး ဝင်လာတဲ့ အတွဲတစ်တွဲကို ပြပါတယ်….
ကမ္ဘာကြီးသွက်သွက်ခါသွားသလို ခံစားလိုက်ရပါတယ်…. ပုဂံသူနဲ့ ညိုလေး ဘယ်တုန်းက ရည်းစားဖြစ်သွားကြတာလဲ…. ငါ့ကို ဘာအဓိပ္ပါယ်နဲ့ လက္ခံနေတာလဲ…. စိတ်ထဲမှာရှက်လဲရှက်၊ ဒေါသလဲထွက်၊ ဒီဘဝမှာပြိုင်ဘက်တစ်ယောက်လို့ သဘောမထားတော့တဲ့ ညိုလေး၊ ဘယ်အချိန်က ကွက်ကျော်ရိုက်သွားလဲမသိပါ….. ဒီကောင် ငါ့ကိုဘယ်လောက် ဟားတိုက်ရီနေမလဲ …… နောက်ကောက် ချခံလိုက်ရလို့ အရမ်းလည်းရှက်နေမိတယ်….အော် …ညိုလေး….ညိုလေး…မင်းနဲ့ ရေစက်မကုန်သေးပါလား….ဒါပေမယ့် ဒီတစ်ပွဲ ကျနော်ရှုံးသွားပြီ….
နောက်ဆုံးနှစ်အောင်စာရင်းထွက်တော့ ညိုလေးရော ကျနော်ပါ ဂုဏ်ထူးတန်းတက်ခွင့်ရတယ်…… ညိုလေးကျောင်းဆက်တက်မယ်လို့ အရီးလေးလာပြောပါတယ်…..ဘီအီးဒီ ပုဂံသူကနောက်ဆုံးနှစ်ဆိုတော့ ညိုလေးကျောင်းဆက်တက်မှာပေါ့….
သူတို့နှစ်ယောက်နဲ့ မျက်နှာချင်းမဆိုင်ချင်တော့ပါ …. ကျောင်းဆက်တက်ရင်မြင်နေရအုန်းမယ် …. ဒါကြောင့် ကျနော်ကျောင်းဆက် မတက်တော့ပါ….. ကျနော် သင်္ဘောတက်ခဲ့တယ်….. ကျနော်ရေပျော်ငါးဘဲ လုပ်တော့မယ် ……. သူငယ်ချင်းတွေက မင်းမရှိတာဘဲ ကောင်းတယ် .. မြင်ရရင် မင်းစိတ်ထိခိုက်မယ် ။ ပုဂံသူနဲ့ ညိုလေးအရမ်းတွဲကြတာ ၊ မန္တလေးဆောင်နဲ့ ပုဂံဆောင် ချောင်းပေါက်တော့ မယ်တဲ့….. ပြိုင်ဘက်လို့ သဘောမထားတဲ့အချိန်မှာ ကိုယ့်ကို နောက်ကျောက ရိုက်သွားတာ အရမ်းခံရခက်ပါတယ်။ ညိုလေးမင်းနဲ့ ငါရေစက်မကုန်သေးဘူး…..
နောက်ဆုံးနှစ်စာမေးပွဲပြီး၊ ရွာပြန်ရောက်ချိန်မှာကတည်းကညိုလေးနဲ့ ကျနော် စကားသိပ်မပြောဖြစ်တော့ပါ….. ကျနော့်အကြောင်း ပုဂံသူပြောပြထားမှာပေါ့….ကျနော့်ကိုအရှက်ခွဲတယ်လို့ ခံစားနေမိပါတယ်….ကျနော်ကိုယ်တိုင်လဲ ညိုလေးကိုစကားမပြောချင်တော့ပါ….
ဝေးရာကိုပြေးတာအကောင်းဆုံးဘဲလို့ ထင်ပါတယ်….ကျနော့်ဘဝထဲကို ပင်လယ်ကူးသင်္ဘောကြီးရယ်၊ ဇင်ယော်လေးတွေရယ်၊ပြာလဲ့လဲ့ မိုးကောင်းကင်ရယ်၊ကြည်စိမ်းနေသောပင်လယ်ပြင်ကြီးရယ် ဝင်ရောက်လာပါတယ်….
ညိုလေးက ဂုဏ်ထူးတန်းပြီးတော့ ဒီအေဂျီ ဆက်တက်နေတယ်၊ ပုဂံသူနဲ့ တွဲနေတုန်းဘဲ၊ သူတို့နှစ်ယောက်ယူကြတော့မယ်လို့ အရီးလေးလာပြောနေတယ်…. ကျနော့်ဘဝကပင်လယ်ထဲမှာ….. ညိုလေး ဒီအေဂျီ ပြီးတော့ အလုပ်ဝင်နေပြီ၊ သူ့ဘဝက သင်ယူထားသောပညာကို အသုံးချနေသော ဌာနတစ်ခုမှာ အလုပ်ဝင်နေပြီ၊အလုပ်အကိုင် ရှိနေပြီဆိုတော့ သူတို့နှစ်ယောက်မင်္ဂလာက မဝေးတော့ဘူးထင်ပါရဲ့……
လောကကြီး ဟာ အလွန်ဘဲထူးဆန်းလွန်းပါတယ်။ သုံးလေးနှစ်တွဲခဲ့တဲ့စုံတွဲ နောက်ဆုံး ပုဂံသူ ညိုလေးကိုပစ်ပြီး ပုခုံးမှာ အပွင့်အခက်တွေတပ်ထားတဲ့ ပုဂ္ဂိုလ်စိမ်းနောက်ကို လိုက်သွားပါတယ်….
အမိမြေပြန်ရောက်ချိန်မှာ စိတ်ဓါတ်ကျနေတဲ့ညိုလေးကို အားပေးစကားပြောဘို့သွားပေမယ့် ညိုလေး ကျနော့်ကိုအတွေ့မခံခဲ့ပါ…. ဟိုတစ်ချိန်က ကျနော်ညိုလေးကိုရှောင်ခဲ့တယ်…..အခုညိုလေးကျနော့်ကိုရှောင်နေပြီ……
ကျနော်တို့နှစ်ယောက်ဟာဘဝ တိုးတက်ရာတိုးတက်ကြောင့်ကြိုးစားပြီး လျှောက်ခဲ့ကြတယ်..... ဒါကြောင့်ကျနော်လဲသင်္ဘောကုမ္ပကြီး တစ်ခုရဲ့ဧဂျင့် ဖြစ်နေသလို ညိုလေး လည်းဌာနမှာ လူကြီးတစ်ယောက်ဖြစ်နေပြီ….အားလုံးအဆင်ပြေနေကြတယ်လို့ဘဲပြောရပါတယ်…. ကျနော်တို့နှစ်ယောက်လုံးဟာချစ်တဲ့သူနဲ့ မညားခဲ့ကြဘူး….
သူ့အိမ်ထောင်နဲ့သူ၊ ညားပြီးမှ ချစ်တတ်လာကြပါတယ်။ ကျနော်မှာသားတစ်ယောက်နဲ့ ညိုလေးမှာ သမီးတစ်ယောက် စီရှိနေကြပါပြီ……
ကျနော့်အလုပ်က ညိုလေးအလုပ်လောက် အဆင်မပြေပါဘူး….. ညိုလေးကအကောင်တော်တော်ကြီးနေပါပြီ…. ဆရာကန်တော့ပွဲတွေမှာ ဆိုညိုလေးဘဲဦးဆောင်ပြီးလုပ်နေတယ်….
ကိုယ်က နိမ့်နေတော့ ဆရာကန်တော့ပွဲတွေကို မလာဖြစ်ဘူး …… ဆရာကိုမလေးစားလို့ မဟုတ်ပါဘူး။ ဒီကောင်ဦးဆောင်နေလို့ မလာချင်တာ….ဆရာတွေကိုအဝေးတစ်နေရာကဘဲကန်တော့ နေပါတယ်……
ကျောင်းပြီးနှစ်တွေမှာ မန္တလေးဆောင်ကိုအမြဲ သတိရနေပါတယ်…အတန်းတူသူငယ်ချင်းတွေက မာစတာတန်းတွေတက်နေတုန်းဘဲ…….
ဒါပေမယ့် မန္တလေးဆောင်ကို မလာဖြစ်ဘူး…..မသိစိတ်ထဲမှာ ပုဂံသူနဲ့ ညိုလေးတို့ဇာတ်လမ်းတွေဟာကျနော့်ကိုအရှက်ခွဲခဲ့တဲ့နေရာဆိုတဲ့ အတွေးက မန္တလေးဆောင်ကို မဝင်ဖြစ်တော့ပါ…. တစ်ကယ်တန်းညိုလေးနဲ့ ပုဂံသူလည်း မဆုံဖြစ်ခဲ့ပါဘူး….. ကျနော်တို့နှစ် ဆရာကန်တော့ပွဲဟာ ကျောင်းပြီးလို့ ဆယ်နှစ်လောက်မှ စလုပ်ဖြစ်တာပါ… အဲဒီအချိန်တုန်းက ညိုလေးဘဲ ဦးဆောင်လုပ်နေတယ်….. ကျနော်ဘဝက ရေထဲတစ်လှည့် ကုန်းပေါ်တစ်လှည့်နေရတဲ့ဘဝ၊ ရုန်းကန်နေရတဲ့ဘဝ၊ ဒါပေမယ့် ကြိုးစားမှုရလဒ်ဟာ တိုက်တန်သလောက် ပြန်ခံစားရပါတယ်…. ကျနော့်ဘဝ အဆင်ပြေလာပါပြီ… အဆင်ပြေလာပြီဆိုတော့ ငယ်ငယ်တုန်းက အဘဆုံးမစကား ကိုပြန်ကြားယောင် လာမိပါတယ်…
ပြိုင်ဆိုင်မှုရှိမှတိုးတက်မယ်လို့ အဘအမြဲဆုံးမခဲ့တယ်….
ဟုတ်ကဲ့…အဘ စကားကို ကျနော်အမြဲနားထောင်နေပါတယ်……
ညိုလေးနဲ့ ညိုကြီး ပြိုင်ဆိုင်ပွဲကြီး ပြန်စကြပြန်ပါတယ်….. မိန်းမတွေက နားခြင်းပြိုင်ကြ၊ ယောကျာ်း တွေက ကားချင်း ပြိုင်ကြ၊ တိုက်ခြင်း ပြိုင်ကြ၊ ခြံခြင်းပြိုင်ကြ မဆုံးသေးတဲ့ ဇာတ်လမ်းတွေ….
ပညာရှင်တွေဟာ ပညာရှင်အချင်းချင်းလေးစားကြတယ်….. တစ်ယောက်ကိုတစ်ယောက်ရိုသေကြတယ်…… ဒါပေမယ့်ကျောက်ခဲပညာနဲ့ ပတ်သက်ပြီးဘာမှမသိတဲ့ပုဂ္ဂိုလ်တွေက ညိုလေးလို ပညာရှင်များကိုခဏခဏ လိုအပ်သည်များကို လမ်းညွန်မှာကြားနေကြတယ်…. ကြာလာတော့ ပညာရှင်တွေလဲနားပူလို့ထင်ပါရဲ့ညိုလေးတစ်ယောက်အလုပ်ထွက်လိုက်တယ်လို့ကြားပါတယ်…… ညိုလေးက ပညာရှင်ဘဲ တတ်ထားတဲ့ ပညာနဲ့ကျောက်မျက် ကုမ္ပဏီထောင်ပြီး ဆက်အလုပ်လုပ်တယ်…..
ကိုယ်ခံစားခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ဆရာကန်တော့ပွဲကို မလာဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကိုယ်ချင်းစာ မိပါတယ်…. ကျောင်းသားဘဝတုန်းက အားလုံး မိဘအုပ်ထိမ်းမှုအောက်မှာ၊ ကျောင်းပြီး နောက်မှာကိုယ်ပိုင် စီးပွားရေးနဲ့ ဖြစ်လာပါပြီ ….. ကံကောင်းတဲ့ သူတွေရှိသလို ကံမကောင်းတဲ့ သူတွေလည်းရှိကြပါတယ် …. နိမ့်တဲ့သူတွေကျတော့ အားငယ်စိတ်နဲ့ မလာဖြစ်တော့ဘူး…..
ထို့အတူ ကျနော့်လိုကျောင်းတော်က ရန်စရှိတဲ့သူတွေလည်း မလာဖြစ်ကြပါဘူး ….. ငယ်ရွယ်သေးတဲ့ အချိန်မှာမာန်မာနတွေ မလျှော့ကြ သေးပါ…… ဒါပေမယ့် အသက်အရွယ်ဆိုတာရပ်တန့်မနေပါ …. အသက်အရွယ်ရလာတာနဲ့ အမျှရင့်ကျက်လို့လာပါပြီ … နောက်ပိုင်းကျနော် ကိုယ်တိုင်အရာအားလုံးကို မေ့ပစ်လိုက်ပါတယ်။ သူငယ်ချင်းတွေအားလုံး ဆုံနိုင်ဘို့ အားတက်သရော တိုက်တွန်း ခဲ့ပါတယ်……
ဆရာကန်တော့ပွဲမှာသူငယ်ချင်းတွေပြန်ဆုံဆည်းမိရင်၊ရင် ထဲမှာ အသက်တစ်ဝက်ငယ်သွားသလိုဘဲ ပြန်ခံ စားနေမိပါတယ်….ကျနော်နဲ့ ညိုလေးလည်း ခလေးဘဝက ခင်မင်မှုတွေပြန်ရခဲ့ကြပါပြီ….ဒီလိုမြင်ရတာ အရီးလေးအရမ်းဝမ်းသာနေပါတယ်……ကျနော်တို့နှစ်ယောက် ပုဂံသူကိစ္စနဲ့ ပတ်သက်ပြီး စကားမပြောကြ တာကိုအရီးလေးသိနေတယ်…….မိန်းခလေးတစ်ယောက် အတွက်နဲ့ ညီအကို နှစ်ယောက် စကားမပြောကြ တာ အရမ်းဝမ်းနည်းတယ်လို့ပြောပြီး အရီးလေး အကြိမ်ကြိမ်ငိုခဲ့ဘူးတယ်….
ဒီနေ့မှာတော့ အရီးလေးမျက်ရည်ဘယ်တော့မှကျမှာမဟုတ်တော့ဘူး…. ဒီနေ့ဟာ ကျနော့် သားနဲ့ ညိုလေးသမီး မင်္ဂလာဆောင် တဲ့နေ့ အမျိုးတွေရှိတဲ့ ဇာတိရွာမှာ သွားလုပ်ကြတာ….. အရီးလေးမျက်နှာပြုံးနေတာဘဲ…. ကျနော်တို့ညီအကိုနှစ်ယောက်လုံး ဟိုး တစ်ချိန်က ဖြစ်ခဲ့ကြတဲ့ ကျောင်းတော်က ရန်စတွေကိုလည်း ရင်ထဲက အပြီးအပိုင် ထုတ်လိုက်ကြပါပြီ…….။

Comments
Post a Comment