နာဂစ်ရယ်…..ဒုက္ခသည်ရယ်….NGO ရယ်……..
မေလ နှစ်ရက် 2010 နာဂစ်ဖြစ်ပြီးနှစ် နှစ်ပြည့်သောနေ့ ဖြစ်ပါသည်။ဒီနှစ်နှစ်အတွင်းမှာ နာဂစ်ဒုက္ခသည်
တွေအတွက် ကျနော် ဘာများလုပ်ပေးခဲ့ပါသလဲ…….
နာဂစ်ဖြစ်ပြီး နှစ်ပတ်လောက်မှာ သူငယ်ချင်းတွေနဲ့ဧရာဝတီတိုင်းကမြို့လေးတစ်မြို့ပေါ်ရောက်ရှိခဲ့ကြပါ
သည်။စားစရာနှင့်ဆန်အိတ်တွေဝေပေးခဲ့ပါသည်။နောက်ဆယ်လလောက်မှာထပ်ရောက်ခဲ့ပါသည်။စာသင်
ကျောင်းတစ်ကျောင်းဆောက်ရန်အလှူငွေအချို့ပေးအပ်ခဲ့ပါသည်။
သူငယ်ချင်းတွေစုပြီးကျနော်တို့လှူတာတွေနာဂစ်ဒုက္ခသည်တွေနဲ့စာရင်ဘာမှမပြောပလောက်ပါဘူး…..
နိုင်ငံခြား NGO အဖွဲ့တွေနဲ့နှိုင်းလျှင်ပို၍ ကွာခြားနေပါသည်။သူတို့တွေက လူအင်အား၊ငွေအင်အားနဲ့ဒုက္ခ
သည်တွေကိုထောက်ပံ့ပေးနေပါသည်။လူမျိုးမတူ၊ဘာသာမတူ ပေမယ့်သူတို့တွေရက်ရက်ရောရော
ကူညီနေတာမြင်တော့ကိုယ့်လိပ်ပြာကိုယ်မလုံသလိုခံစားမိပါသည်။ကျနော်တို့ဗုဒ္ဓဘာသာအများစုသည်
မမြင်ရသောနောင်ဘဝမှာ ချမ်းချမ်းသာသာနေနိုင်ရန်အတွက်ဘာသာရေးသာသနာရေးတွေမှာလှူနေကြသည်။
အနောက်တိုင်းသား တွေကလက်တွေ့ဒုက္ခရောက်နေသူကိုလှူကြသည်၊ကူညီကြသည်။
ကျနော်တို့ကိုယ်တိုင်သည်လည်းလူမှုရေးတွေမှာထက်ဘာသာရေးတွေမှာပိုလှူဖြစ်ပါသည်။ဗုဒ္ဓဘာသာ
ဝင်ဖြစ်ပေမယ့်လည်းလက်တွေ့ကျသောသူတို့တွေ၏ကူညီမှုများကိုလေးစားမိပါသည်။
အမျိုးမျိုးသော NGO အဖွဲ့သည်ချမ်းသာကြွယ်ဝသောလူပုဂ္ဂိုလ်၊အဖွဲ့အစည်းများကိုနောက်ခံပြုထား
ပါသည်။သူတို့၏လှူဒါန်းမှုများကိုသူတို့လူတွေမှတစ်ဆင့်ဒုက္ခသည်တွေကိုတိုက်ရိုက်ကူညီနေကြပါသည်။
မည်သည့်အစိုးရအဖွဲ့အစည်းများကိုမှကြားခံမထားကြပါ။
အင်အားကြီးသောငွေတွေနဲ့ဒုက္ခသည်တွေကိုကူညီတာတစ်ကယ်အားရစရာပါ…..
နာဂစ်ဖြစ်ပြီးနှစ်နှစ်အတွင်း ကျနော်ကြားမိတာတွေ၊မြင်မိတာတွေကို ကျနော်ပြန်ပြောပြချင်ပါတယ်…..
နာဂစ်ဖြစ်ပြီးနှစ်ပတ်လောက်အကြာမှာမြင်ရသောမြင်ကွင်းအားလုံးမြင်ရက်စရာမကောင်းပါ…..ရွာတွေ
မှာအလောင်းတွေလည်းမသိမ်းနိုင်၊အနံ့တွေကလည်းဆိုးဆိုးရွားရွား၊ဒုက္ခသည်စခန်းမှာလည်းလူတွေပြည့်ကျပ်၊
အခြေအနေတော်တော်ဆိုးနေပါတယ်။
စခန်းမှာရှိတဲ့လူတွေအားလုံးနေစရာမရှိ၊စားစရာမရှိ၊လင်သေ၊မယားသေ၊သားသမီးသေ အားလုံးဟာ
စိတ်ဒုက္ခရောက်နေကြပါတယ်။
ဒီလူတွေအများကြီးကြားထဲမှာကျနော်လူနှစ်ယောက်ကိုသတိထားမိခဲ့ပါတယ်……ကိုပိုးတီ နဲ့ မဝိုင်းစိန်……
ဒုက္ခသည်စခန်းကိုကူညီတဲ့အဖွဲ့ရောက်လာပြီဆိုရင်သူတို့နှစ်ယောက်ထိပ်ဆုံးမှာနေပြီးငိုချင်းချပြလေ့ရှိ သည်။
ကိုပိုးတီကမယားနဲ့သားရေနစ်ပြီးဆုံးသွားရတဲ့အကြောင်း ငိုချင်းချပါတယ်……
အဲဒီနေ့ကသူမရှိခဲ့လို့မယားနဲ့သားဆုံးခဲ့ရတာ…
သူရှိခဲ့ရင်ဒီအဖြစ်ဆိုးနဲ့တိုးမှာမဟုတ်တဲ့အကြောင်း၊မယားနဲ့သားဆုံးတာသူ့အပြစ်ဆိုပြီး
သူ့ ကိုယ် သူဒဏ်ပေးတဲ့အနေနဲ့တိုင်ကိုခေါင်းနဲ့ပြေးဆောင့်ပါတယ်…..
ဘေးလူတွေပြေးပြီးဆွဲ၊စိတ်ထိန်း…စိတ်ထိန်း၊တရားနဲ့ဖြေ …….ဝိုင်းပြီးတရားချလို့မပြီးသေးပါဘူး….
စခန်းထောင့်တစ်ထောင့်ကအမေလေး ….ကိုရိုး….ကျမကိုတစ်ယောက်တည်းထားခဲ့ပြီလား…
ဆုံးသွားတဲ့လင်ကိုတမ်းတငိုရှိုက်ရင်းတက်နေပါသည်။ကိုပိုးတီဘေးနားကလူတွေလည်း
မဝိုင်းစိန်အနားကိုရောက်လာပြန်ပါတယ်……
နှာနှပ်တဲ့သူနှပ်၊ခြေမချိုးတဲ့သူချိုး အားလုံးအလုပ်ရှုပ်နေ ပါတယ်…..
ကျနော်တို့ရဲ့ဆန်အိတ်အားလုံးကိုဒီဒုက္ခသည်စခန်းမှာဘဲပေးခဲ့လိုက်ပါတယ်။ကျနော်တို့စီစဉ်ထားတာရှေ့
ရွာကိုလည်းလှူဘို့စီစဉ်ထားတာပါ…..မြင်ရတာစိတ်မကောင်းဖြစ်ပြီးအားလုံးပေးလိုက်တာပါ….
နောက်ဆယ်လအကြာဒီရွာလေးကိုဒုတိယအ ကြိမ်ပြန်ရောက်တာတော်တော်ပြောင်းလဲသွားပါတယ်။
နိုင်ငံတော်အကူအညီ၊NGO အကူအညီတွေနဲ့အိမ်ယာ တွေစီစီရီရီတွေ့လိုက်ရလို့ပါ…..
ကျနော်တို့ဒီရွာလေးမှာနှစ်ညအိပ်ခဲ့ကြပါတယ်…….
ရွာသားတွေနဲ့စကားပြောကြရင်းဒုက္ခသည်အကြောင်းရွာသားတွေအကြောင်း
NGO အဖွဲ့တွေရဲ့အကြောင်းတွေကိုတော်တော်များများကြားသိခဲ့ရပါတယ်…..
ရွာသားတွေရဲ့ပြောစကားဖြစ်လို့မှန်တာတွေလည်းပါနိုင်သလို
မမှန်တာတွေဒါမှမဟုတ်ချဲ့ကားပြီးပြောတာတွေလည်းပါနိုင်ပါတယ်။
နာဂစ်ဖြစ်ပြီးတော့ဒုက္ခသည်တွေဟာနေရာမရှိလို့ရွာကဘုန်းကြီးကျောင်းဓမ္မာရုံထဲမှာနေကြရင်း
ဓမ္မာရုံလည်းဒုက္ခသည်စခန်းဖြစ်သွားပါတယ်။
လူတွေကများတော့ဘုန်းကြီးကျောင်းကရေစိုဆန်တွေလည်း
နှစ်ရက်သုံးရက်အတွင်းကုန်ပါလေရော…..
ဒါပေမယ့်မြို့ကအလှူရှင်တွေရက်ဆက်ရောက်လာတော့ စားစရာအတွက်မပူရတော့ပါဘူး……
အလှူရှင်တွေလည်းတစ်နေ့တစ်နေ့လေးငါးဖွဲ့လောက်ရောက်လာတာပါ….အလှူပစ္စည်းတွေလည်းများ
မှများ၊စားဘို့သောက်ဘို့မပူရတော့လူတွေလည်းငပျင်းဖြစ်လာကြပြီ….
စားသောက်ပြီးအလှူရှင်အဖွဲ့တွေရောက်မလာသေးရင်အိပ်နေကြတာအတုံးအရုံး…….
အလှူရှင်တွေရောက်လာကြပြီဆိုလျှင်ကမန်းကတမ်းထပြီးအလှူ
ရှင်တွေသနားအောင်ငိုချင်းချပြကြလေပြီ…….
ငိုချင်းချတဲ့နေရာမှာ ကိုပိုးတီနဲ့မဝိုင်းစိန်ကရှယ်ဘဲ…..အလှူရှင်တွေကြွေသွားအောင်လုပ်နိုင်တယ်…..
တစ်ရက်နဲ့တစ်ရက်အိုက်တင်တွေမထပ်အောင်လည်းလုပ်နိုင်တယ်…..
ဒီနေ့တိုင်ကိုခေါင်းနဲ့ဆောင့်ပြရင်နောက်နေ့မျက်ရည်တွေကျပြီးငေးကြောင်ကြောင်
အမူအရာနဲ့မယားနဲ့သားကိုသတိရတဲ့ပုံစံမျိုး…..
နောက်နေ့ကျတော့ဒိုးပတ်ကနေတဲ့ပုံစံမျိုး စိတ်နောက်ပြီးဂေါက်သွားသလိုပုံစံမျိုးပေါ့….တစ်ရက်နဲ့
တစ်ရက်မရိုးအောင်ကိုပိုးတီနဲ့မဝိုင်းစိန်တို့အဖွဲ့တွေလုပ်နိုင်ခဲ့တယ်။လာသမျှအလှူရှင်တွေသူတို့အမူအရာနဲ့
တွေ့သွားပြီး အားလုံးပေးပစ်ခဲ့တာများပါတယ်။ဒါကြောင့်သူတို့စခန်းဟာအခြားရွာကစခန်းတွေထက်ပိုပြီးစို
ပြေပါတယ်….ကျနော်တို့အကြီးအကဲတွေဟာ ကျနော်တို့မြန်မာလူမျိုးအကြောင်းကိုကောင်းကောင်းသိပါတယ်။
နာဂစ်အလွန်တစ်လကျော်လာတော့ဒုက္ခသည်စခန်းကိုဖျက်ခိုင်းပါတယ်….လူတွေကိုကိုယ့်နေရင်းကိုယ်ပြန်
ခိုင်းပါတယ်….ဒါမှန်တဲ့လုပ်ရပ်ပါ….ဘာကြောင့်လဲဆိုတော့ဒုက္ခသည်စခန်းမှာငပျင်းတွေဘဲကျန်နေခဲ့လို့ပါ….
အလုပ်လုပ်ချင်စိတ်ရှိတဲ့သူတွေကစခန်းမှာတစ်ပတ်လောက်နေပြီးထွက်သွားကြပါတယ်။ကိုယ့်နေရာကိုယ်
ပြန်တဲ့သူတွေ တစ်ချို့လည်းမြို့တက်ပြီးအလုပ်ပြန်လုပ်တဲ့သူတွေ….လုပ်နေကြပါတယ်…..
ကိုပိုးတီနဲ့မဝိုင်းစိန်တို့ စရိုက်တူ နောက်လိုက်တွေဘဲကျန်ပါတော့တယ်……အများစုကလက်လုက်လက်
စား၊ပျံကျအလုပ်သမားမိသားစုတွေများပါတယ်….ပျံကျအလုပ်သမားဆိုတာလည်းဆန်ပုံးထဲမှာဆန်ရှိနေရင်အ
လုပ်လုပ်ဖို့ပျင်းတဲ့ကောင်တွေ……ဆန်ပုံးကိုအိပ်ယာခြေရင်းမှာထားလေ့ရှိတယ်။အိပ်ယာနိူးရင်ပထမဆုံးဆန်ပုံး
ကိုခြေထောက်နဲ့တွန်းကြည့်မယ်..။ဆန်ပုံးထဲမှာဆန်ရှိနေရင်အလုပ်လည်းမသွားတော့ဘူး..။
ဆက်အိပ်တော့မယ်..။
အပျက်အစီးတွေကိုပြင်ဆင်ဖို့စခန်းမှာအလုပ်သမားတွေသွားခေါ်တာတစ်ယောက်မှမလိုက်ကြဘူးလို့
ရွာသားတစ်ယောက်ကပြောပါတယ်……သူတို့တွေစားဘို့အဆင်သင့်ရှိနေလို့အလုပ်လုပ်ဘို့လည်းစိတ်မဝင်စား
ကြတော့ပါဘူး…..
နာဂစ်ဖြစ်ပြီးတစ်လလောက်ကြာချိန်မှာ NGO အဖွဲ့တွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာပါတယ်…..ရေရရှိ
အောင်ကူညီတဲ့အဖွဲ့တွေ၊အိမ်တွေဆောက်ပေးတဲ့အဖွဲ့တွေ၊စားသောက်စရာကူညီတဲ့အဖွဲ့၊ငါးဖမ်းလုပ်ငန်းအတွက်
လှေတွေကူညီပေးတဲ့အဖွဲ့တွေ အများကြီး၊အများကြီးပါဘဲ……ဒုက္ခသည် ဘဝအားလုံးအဆင်ပြေအောင်ဝိုင်းကူ
ညီပေးကြပါတယ်….
လူကြီးတွေကဒုက္ခသည်စခန်းကထွက်ဖို့သတိပေးနေတဲ့အချိန်အတွင်းမှာကိုပိုးတီတို့တသိုက် ယောက်
ယက်တွေခတ်ကုန်ကြပါတယ်….အိမ်ကိုလည်းမပြန်ချင် ပြန်စရာအိမ်ကလည်းမရှိသလို အိမ်သားတွေလည်းမရှိ၊
ဒီစခန်းမှာအနေချောင်သလိုအစားလဲချောင်တယ်…ဒါကြောင့်ဒီစခန်းကမခွာချင်….မဝိုင်းစိန်လည်းကိုပိုးတီလိုပါ ဘဲ…။
အားလုံးဟာဒီသောင်ယံကမခွါရက်နိူင်ဖြစ်နေကြတယ်…။
သူတို့အဖွဲ့တွေဘုံပျောက်လုဆဲဆဲမှာ အကူအညီပေးနေသောအဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မစ္စတာကြက်ဖ
နဲ့တွေ့တော့ကိုပိုးတီတို့အဖွဲ့အဆင်ပြေသွားကြပါသည်။
မစ္စတာကြက်ဖတို့ကအိမ်တွေဆောက်ပေးမယ်….
လိုအပ်တာကူညီပေးမယ်….
မစ္စတာကြက်ဖက ကိုပိုးတီတို့အဖွဲ့ကိုအရမ်းသဘောကျတယ်….
ကိုပိုးတီတို့ကအတွဲညီ တဲ့အုပ်စု၊ အတိုင်အဖေါက်လည်းညီတယ်…
ဇာတ်တိုက်စရာမလိုဘူး…….
အားလုံးတူညီတဲ့စိတ်ထားရှိကြတယ်…
ပျင်းတဲ့နေရာမှာ……
မစ္စတာကြက်ဖက သူတို့ကိုတစ်စုတစ်ဝေးတည်းရှိနေအောင်နေရာတစ်ခုဖန်တီးပေးတယ်….စားစရာတွေ
ကူညီပေးတယ်….မစ္စတာကြက်ဖတို့ရဲ့အထက်လူကြီးတွေလာရင်ကိုပိုးတီတို့အဖွဲ့နဲ့ပေးတွေ့လိုက်တယ်…….
အဲဒါမျိုးကျရင်ကိုပိုးတီနဲ့မဝိုင်းစိန်တို့အစွမ်းပြကြလိမ့်မယ်…ပုံစံအမျိုးမျိုးနဲ့……
မစ္စတာကြက်ဖကကိုပိုးတီတို့ လုပ်ချက်တွေကိုအရမ်းသဘောကျတာ…
..လူကြီးတွေဆိုစုပ်တသတ်သတ်နဲ့ပြန်သွားကြတာ….နောက်ရက်တွေ
ဆိုအကူအညီအများကြီးရောက်လာပြီ……..
နာဂစ်ဖြစ်ပြီးနှစ်လသုံးလအတွင်းမှာအလုပ်လုပ်ကြတဲ့သူတွေလည်းသူ့လမ်းကြောင်းနဲ့သူရောက်လာကြပါတယ်…..
ရွာမှာဘိလိယက်ခုံတွေရောက်လာတယ်၊ဗီဒီယိုရုံတွေညဘက်ဖွင့်လာကြတယ်…….
ဒုက္ခသည်စခန်းမှာနေနေကြတဲ့သူတွေကလည်းစားစရာမပူရ၊နေစရာမပူရတော့နေ့လည်ဆိုဘိလိယက်ခုံ
သွား၊ညဘက်ဆိုဗီဒီယိုရုံရောက်လာကြပါတယ်….စခန်းထဲမှာလည်း ပိုက်ဆံပွတ်တာ၊ဖဲရိုက်တာတွေကြိတ်ဝိုင်းလေးတွေ ဖြစ် လာကြပါတယ်….၊ကိုပိုးတီနဲ့မဝိုင်းစိန်တို့ဟာတစ်ရွာတည်းသားတွေဖြစ်ကြပါတယ်…..
ကိုပိုးတီဟာဘာအလုပ်အကိုင်မှမယ်မယ်ရရမရှိဘူး၊လုပ်ချင်စိတ်လည်းမရှိဘူး၊
လူစုစုနဲ့ဟေးလားဝါးလားလားဆိုပိုးတီထိပ်ဆုံး၊သူ့မှာမယားနဲ့သားတစ်ယောက်ရှိတယ်….
နာဂစ်ဖြစ်တဲ့ညက အရှေ့ရွာအသုဘအိမ်ကို ရောက်နေတယ်…..
ဖဲဝိုင်းဘေးမှာပိုက်ဆံတွေရေပေးနေတဲ့ ပိုးတီအလုပ်ကိုလုပ်နေတယ်……ဒါမျိုးဆိုပိုးတီ…
မယားနဲ့သားကိုလည်းသတိမရတော့ပါ……
ဖဲဝိုင်းထဲမှာမဝိုင်းစိန်လည်းပါတယ်…ရွာထဲမှာဖဲဝိုင်းရှိရင်မဝိုင်းစိန်မပါရင်ပွဲမစည်ဘူး….၊
ဖဲဝိုင်းတိုင်းမှာသူအမြဲပါတယ်….ဒါကြေင့်သူကိုဝိုင်းစိန်လို့ခေါ်ကြတာ…..
သူကဖဲမကိုင်ရရင်နေမကောင်းသလိုလိုဖြစ်တတ်တယ်။ဒါကြောင့်ဝိုင်းစိန်တစ်ယောက်နေထိုင်ကောင်းအောင်
အမြဲဖဲဝိုင်းလိုက်ရှာနေလေ့ရှိတယ်....သူ့မှာလည်းသူ့ထက်အသက်ကြီးတဲ့ကိုရိုးဆိုတဲ့လင်နဲ့သမီးလေးတစ်
ယောက်ရှိတယ်….သူလည်းဖဲကိုင်နေရရင်လင်နဲ့သမီးကိုမေ့တာဘဲ…..၊
နာဂစ်ညက ဖဲဝိုင်းမှာမဝိုင်းစိန်လည်းဝင်နွဲနေတယ်…..
သူတို့ရောက်နေတဲ့ရွာကကုန်းမြင့်မှာရှိနေလို့သက်သာသွားပေမယ့်ပင်လယ်နားမှာရှိတဲ့
သူတို့ရွာလေးက ရေမြုပ်သွားပါတယ်။သူတို့တွေရဲ့မိသားစုတွေဆုံးကုန်ကြပါတယ်…….
ဒီလိုနဲ့ဘဲ သူတို့တွေဟာဒုက္ခသည်စခန်းကိုရောက်လာကြပါတယ်…….ဒုက္ခသည်စခန်းမှာစားစရာမပူရ၊
အိပ်စရာမပူရ၊အလုပ်လုပ်စရာမလို လောက်အောင်အဆင်ပြေနေခဲ့ကြပါတယ်…..
ဒါပေမယ့်ကျနော်တို့လူကြီးတွေရဲ့ကိုယ့်နေရင်းနေရာပြန်နေကြလို့လော်နဲ့လိုက် အော်လိုက်တဲ့အသံ
ကြားရတဲ့အခိုက်မှာကိုပိုးတီတို့ဒုက္ခသည်ငပျင်းတစ်သိုက် ခေါင်းကိုပျားတုတ်ခံရသလိုခံစားသွားပါတယ်…..
နဂိုကမှလက်ကြောမတင်းတဲ့အဖွဲ့ဆိုတော့အိမ်ပြန်ပြီးအလုပ်လုပ်ရမှာကိုတော်တော်ကြောက်နေရှာတယ်…
ပြန်စရာအိမ်လည်းမရှိသလို၊မိသားစုလည်းမရှိတော့ပါဘူး……
သူတို့အားလုံးအတွက်ဒုက္ခသည်စခန်းကအဆင်အပြေဆုံးနေရာဖြစ်နေခဲ့တယ်….
မစ္စတာကြက်ဖတို့အဖွဲ့ကသူတို့အတွက်အိမ်တွေဆောက်ပေးမယ်တဲ့….
မစ္စတာကြက်ဖနဲ့ကိုပိုးတီတို့အဖွဲ့ကအစကတည်းကစပ်ထိနေတဲ့အဖွဲ့၊မစ္စတာကြက်ဖတို့
ကူညီပေးခဲ့လို့သူတို့စခန်းတော်တော်အဆင်ပြေနေခဲ့ တယ်…
.သူတို့အုပ်စုအတိုင်အဖေါက်ညီညီလုပ်ပြခဲ့လို့မစ္စတာကြက်ဖတို့အထက်လူကြီးတွေဂရုဏာမိုး
တွေရွာချခဲ့တယ်၊အထက်လူကြီးတွေအကူအညီများများပေးလေ၊မစ္စတာကြက်ဖတို့ပိုအဆင်ပြေလေပါဘဲ……
အားလုံးအားလုံး ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ..တစ်ဦးကစေတနာ၊တစ်ဦးကမေတ္တာဆိုသလို ပါဘဲ….
မစ္စတာကြက်ဖ တို့အဖွဲ့ဟာ..ကိုပိုးတီတို့စခန်းကိုရက်ခြားရောက်လာလေ့ရှိပါတယ်……
အခုလည်းမစ္စတာကြက်ဖ တို့အိမ်ဆောက်ပေးမယ်ဆိုတော့ထိုင်ရှိခိုးမတတ်ကျေးဇူးတင်နေကြပါတယ်…
မစ္စတာကြက်ဖတို့အိမ်တော့ဆောက်ပေးပါတယ်…..
သူတို့သတ်မှတ်တဲ့စည်းကမ်းဘောင်အတွင်းမှာရှိတဲ့သူကို သာနေခွင့်ပြုမယ်တဲ့….
အိမ်တစ်လုံးကိုမိသားစုတစ်စုဘဲနေခွင့်ပြုမယ်တဲ့….လင်ရယ်မယားရယ်သားသမီးတွေရှိရမယ်….
သားသမီးမရှိရင်တောင်မှလင်မယားနှစ်ယောက်ရှိရမယ်…
ဒီစည်းကမ်းချက်ကိုလည်းကြားရောဒုက္ခသည်စခန်းကလူတွေဒုက္ခတွေရောက်ကုန်ပါတယ်….
ဒုက္ခသည် တွေအများစုဟာ မုဆိုးဖိုနဲ့မုဆိုးမတွေချည်းဘဲ….ကဲ ဘယ်လိုလုပ်ပြီးအိုးအိမ်နဲ့နေခွင့်ရတော့မှာလဲ……
သူတို့တွေအားလုံးခေါင်းစားနေကြပါတယ်…….
ဒါပေမယ့်မြန်မာတွေလေ ဉာဏ်ပြေးသလားမမေးနဲ့ရတဲ့အခွင့်အရေးကိုတော့လက်လွတ်မခံကြပါဘူး…..
စခန်းမှာရှိတဲ့မုဆိုးဖိုနဲ့မုဆိုးမ အဆင်ပြေတဲ့သူနဲ့အဆင်ပြေသလိုတွဲပေးလိုက်ကြပါတယ်….ချစ်တာတွေ
မေတ္တာတွေကိုခဏဘေးဖယ်ထား၊လူသားတိုင်းလိုအပ်နေတဲ့သွေးသားတောင့်တမှုအတွက်အဆင်ပြေသွားမယ်၊
နေဖို့အိမ်လည်းရမယ်၊တစ်ချက်ခုတ်နှစ်ချက်ပြတ် အားလုံးအဆင်ပြေသွားပြီ…..
ဒီလိုနဲ့ဘဲ ကိုပိုးတီနဲ့မဝိုင်းစိန်တို့ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့်လည်းရလာတဲ့အခွင့်အရေးကိုမဆုံးရှုံးရ
အောင်ဝါတွင်းကြီးမှာဘဲလင်မယားအရာမြောက်ခဲ့ကြပါတယ်။
လင်မယားဖြစ်ရင်အိမ်တစ်လုံးပိုင်ပြီလေ……ကဲ ဘယ်လောက်အကြံပိုင်လိုက်သလဲ….
သူ့ကိုမစ္စတာကြက်ဖလို့ခေါ်ကြတယ်….ဘာကြောင့်ခေါ်သလဲလို့မေးကြည့်တော့မစ္စတာကြက်ဖရဲ့အသား
ဟာတိုက်ကြက်ဖရင်ဘတ်ကနီရဲနေတဲ့အရောင်မျိုး၊ ပြီးတော့သူ့အသံဟာလည်း တိုက်ကြက်ဖ အောက်အီးအီး
အွတ် လို့အော်လိုက်တဲ့အသံမျိုးနဲ့ တူနေလို့ဒီ်အဖြူကောင်ကိုတစ်ရွာလုံးက မစ္စတာကြက်ဖလို့ခေါ်ကြတာ..တဲ့။
မစ္စတာကြက်ဖ ဟာ NGO အဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တစ်ဦးပါ။မစ္စတာကြက်ဖ တို့ရုံးခန်းဟာကိုပိုးတီတို့
ရွာနဲ့ဆယ်မိုင်လောက်ဘဲဝေးတဲ့ ဧရာဝတီတိုင်းကမြို့လေးတစ်မြို့မှာရှိပါတယ်…..နှစ်ထပ်တိုက်အိမ်ကိုတစ်လ
ခုနှစ်သိန်းနဲ့ငှားထားတယ်….တစ်ခါမှမရဘူးတဲ့စျေးရလိုက်လို့အိမ်ရှင်ကတစ်ခြားတစ်နေရာမှာချက်ချင်းပြောင်းနေလိုက်တယ်….
ကယ်ဆယ်ရေးပစ္စည်းတွေထားတဲ့ဂိုဒေါင်ကတစ်လကို ငါးသိန်းပေးရတယ်….မစ္စတာကြက်ဖတို့စီးနေတဲ့
လန်ခရူဇာကားလည်းငှားစီးနေတာ….
ဧရာဝတီတိုင်းသားတွေဒုက္ခရောက်နေပေမယ့်မစ္စတာကြက်ဖ တို့ငှားထားတဲ့အိမ်ရှင်တွေကတော့ကံ ကောင်း
သွားပါတယ်၊ဧရိယာတစ်ခုထဲမှာကံဆိုးတဲ့သူရှိသလိုကံကောင်းတဲ့သူလည်းရှိနေပါသေးတယ်……
ကူညီပေးနေတဲ့အဖွဲ့အစည်းတွေဆိုတာကလည်းငွေကြေးချမ်းသာသောသူဌေးကြီးတွေကိုနောက်ခံပြု
ထားတော့ကူညီပြီဆိုရင်လည်းရက်ရက်ရောရောဘဲ……ဒါပေမယ့်ဝန်ထမ်းတွေရဲ့အသုံးစရိတ်လစာတွေဟာ
လည်းအကူအညီငွေတွေနဲ့နင်လားငါလားပါဘဲ…….
သိန်းတစ်ရာပို့လိုက်ရင်ဝန်ထမ်းလစာအသုံးစရိတ်တွေက သိန်ငါးဆယ်…..ကျန်သိန်းငါး ဆယ်ကဒုက္ခသည်တွေအတွက်……
.ဘာဘဲဖြစ်ဖြစ်သူတို့တွေကိုကျေးဇူးတင်ပါတယ်…..သူတို့တွေလောက်ကိုယ့်ဆီကလူတွေလည်းမပေးနိုင်ကြဘူး….. သူတို့လာမလှူလို့လည်းဘယ်သူမှအပြစ်ပြောကြမှာမဟုတ်ပါဘူး….
တစ်ကယ်တော့ဝန်ထမ်းတွေဆိုတာလည်းဝမ်းရေးအတွက်လုပ်နေကြတဲ့သူတွေပါ….၊သူတို့မိသားစုတွေရှိသေးတယ်။
စေတနာ့ဝန်ထမ်းဆိုတာကလည်း ခဏဘဲလုပ်နိုင်မယ် အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး…….
မစ္စတာကြက်ဖ ဟာကျနော်တို့နဲ့တော်တော်ဝေးတဲ့တိုင်းပြည်ကလာတာ….နာဂစ်မဖြစ်ခင်သုံးလလောက်
ကတည်းကမစ္စတာကြက်ဖ ထိုင်းနိုင်ငံကိုရောက်နေတယ်…..၊
ဖါးပြုပ်မျက်နှာနဲ့ယပလက်မတစ်ယောက်ကိုလပေးမယားအဖြစ်ငှားပြီးပတ္တရာကမ်းခြေမှာအပန်းဖြေနေတယ်….
နာဂစ်နောက်ပိုင်း NGO အဖွဲ့တစ်ခုကအလုပ်ခန့် လိုက်လို့မစ္စတာကြက်ဖ အကောင်ဖြစ်သွားပြီး
မြန်မာပြည်ရောက်လာတာပါ….နယူအော်လင်းမှာ ကတ်ထရီနာဖြစ်တုန်းကမစ္စတာကြက်ဖ၊
အဖွဲ့တစ်ခုနဲ့တွဲပြီးကယ်ဆယ်ရေးလုပ်ပေးခဲ့ဘူးတယ်….
ဒီအတွေ့အကြုံကြောင့် NGO အဖွဲ့ကအလုပ်ခန့်လိုက်တာပါ……
မစ္စတာကြက်ဖဟာNGO ဝန်ထမ်းအတွက်အလုပ်အင်တာဗျူးရင်းနဲ့မင်းသမီးနဲ့တွေ့ကြတာပါ။မင်းသမီးက
မစ္စတာကြက်ဖလိုချင်တဲ့အရည်အချင်းနဲ့ပြည့်စုံတော့
သူ့ကိုယ်ပိုင်အတွင်းရေးမှူးအဖြစ်ချက်ချင်းခန့်လိုက်တယ်….ဧရာဝတီတိုင်းအကြောင်းကိုကျွမ်းတဲ့
ဧရာဝတီတိုင်းသူဖြစ်ရမယ်၊ရေကူးကျွမ်းကျင်ရမယ်၊ခရီးကြမ်းသွားနိုင်ရမယ်၊ကျန်းမာသန်စွမ်းရမယ်။နောက်ပြီး
မစ္စတာကြက်ဖလိုချင်တဲ့ အောက်ပါအချက်တွေနဲ့လည်းပြည့်စုံတော့ပိုပြီးအလုပ်ဖြစ်သွားတာပါ……
မင်းသမီးလည်းပေါ့သေးသေးတော့မဟုတ်ပါ……ဂျပန်၊ကိုးရီးယား၊မလေးရှားတွေမှာ အလုပ်လုပ်ခဲ့တယ်။
လက်ရှိကစင်ကာပူမှာအလုပ်လုပ်နေတာ…….နာဂစ်ဖြစ်ပြီးအိမ်ကိုခဏပြန်လာရင်း မစ္စတာကြက်ဖ တို့ဆီမှာ
အလုပ်လျှောက်လိုက်တာပါ…….အင်တာဗျူးတဲ့အချိန်မှာသူ့ကို မစ္စတာကြက်ဖ အလုပ်ခန့်တော့မယ်ဆိုတာ
သူ့အတွေ့အကြုံနဲ့ သိနေတယ်လေ……
လစာဘယ်လောက်မှန်းထားလဲလို့မေးတော့ သူလက်ရှိစင်ကာပူမှာရနေတဲ့လစာထက်ပိုရမှလုပ်နိုင်မယ်
လို့အေးအေးဆေးဆေးဘဲပြန်ပြောပါတယ်……
မင်းသမီးလည်း မစ္စတာကြက်ဖ ရဲ့မျက်လုံးကသူ့ကိုအလုပ်ခန့်တော့မယ်ဆိုတာကြိုသိနေတယ်လေ…..
ဒီမှာနေပြီး စင်ကာပူထက်များတဲ့လစာရယ်၊နေစရိတ် စားစရိတ်အပြင်ခရီးထွက်ရင်ခရီးစရိတ်ထပ်ရမယ်….
ဒီ ထက်ကောင်းတဲ့အလုပ်ဂျပန်နဲ့ကိုးရီးယားမှာသွားရှာလည်းမရနိုင်ပါ……
မစ္စတာကြက်ဖ ကလှလှပပ ပြင်ဆင်ထားတာကိုအရမ်းသဘောကျတာ…..ဒါကြောင့်မင်းသမီးလည်း
ရေရေလည်လည် ဒီလိုရှိုင်းတာ…….၊ရေဘေးဒုက္ခသည်စခန်းကိုသွားတာရှုတင်ရိုက်ကွင်းထဲသွားသလိုမျိုးပြင်ဆင်ပြီးသွားတာ……၊
ဒါကြောင့်သူ့ကိုတစ်ရွာလုံးကမင်းသမီးလို့ခေါ်ကြတာ…….
မင်းသမီးက မစ္စတာကြက်ဖ အတွက် စကားပြန်လည်းလုပ်ပေးရတာယ်…..
မင်းသမီးက Taking အရမ်း ကောင်းတော့ မစ္စတာကြက်ဖ
အရမ်းခိုက်တာပေါ့…..သူတို့နှစ်ယောက်ကနေ့တိုင်းနီးနီးဒုက္ခသည်စခန်းကို လန်ခရူဆာ တစ်စီးနဲ့လျှောက်ကြည့်လေ့ ရှိသည်။၊
မင်းသမီးကခရီးထွက်လေခရီးစရိတ်များများရလို့တွက်ချေကိုက်လေ………
မစ္စတာကြက်ဖလည်းကခရီးသွားရတာပျော်တယ်….မင်းသမီးနဲ့သွားလာနေရရင်ပိုပျော်နေတာ….
နောက်ပြီးခရီးထွက်တိုင်းခရီးစရိတ်ရတယ်..။သူ့ခရီးစရိတ်လည်းမနဲဘူး…..
မစ္စတာကြက်ဖ ပါဆင်နယ် ကိစ္စတွေဘယ်လိုဘဲဖြစ်ဖြစ် အလုပ်မှာတော့အရမ်းစည်းကမ်းကြီးတယ်။
အလုပ်သမားတွေကို လစာပေးထားတာနဲ့တန်အောင်ခိုင်းလေ့ရှိတယ်…..
ကိုယ့်ဆီကအကောင်တွေက ကမ္ဘာပတ်ပြီးလုပ်စားနေတဲ့အဖြူကောင်တွေကိုလျှော့တွက်ပြီး
အချောင်ခိုတာတွေ၊အချိန်မလေးစားတာတွေ၊မလည်မပတ်နဲ့စာရင်းလိမ်တာတွေ၊ဖျောက်တာတွေလုပ်ကြတာ။
သူတို့စိတ်ထဲမှာလည်း NGO တွေဟာဒုက္ခသည်တွေဆီကခွဲယူနေတဲ့ကောင်တွေ၊၊ဒါကြောင့်သူတို့လည်း NGO
တွေဆီကပြန်ခွဲယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်လာတဲ့ကောင်တွေလည်းရှိသေးတယ်။
နယူးအော်လင်းလိုကြမ်းရမ်းတဲ့အမဲကောင်တွေကြားထဲမှာလှုပ်ရှားခဲ့တဲ့ကြက်ဖတို့ဟာကျနော်တို့
အာရှကောင်တွေလောက်ကိုစာရင်းထဲတောင်မထည့်ဘူး..။စည်းကမ်းမလိုက်နာတဲ့ကောင်တွေကိုချက်ချင်း
မောင်းထုတ်ပြစ်တာ……။စာရင်းစစ်လို့ဖြောင်ထားတာပေါ်ပြီးဆိုရင်လျှော်နိူင်ရင်လျှော်၊မလျှော်နိူင်ရင်ရဲစခန်း
မှာအမှုဖွင့်ပြီ…။
ဘယ်လိုဘဲဖြစ်ဖြစ် မစ္စတာကြက်ဖ တို့အဖွဲ့ ဟာကျနော်တို့ဒုက္ခသည်တွေကိုတော်တော်ကူညီခဲ့ပါတယ်။
တစ်ကယ်တော့ မစ္စတာကြက်ဖ ကို NGO အဖွဲ့ကအလုပ်ခန့်ကတည်းကတစ်နှစ်စာချုပ်နဲ့ဘဲခန့်ခဲ့တာပါ…
ထို့ အတူ ကျနော်တို့မြန်မာပြည်ကဝန်ထမ်းတွေကိုလည်း NGO အဖွဲ့ကအလုပ်သက်တမ်းကို
တိတိကျကျမသတ်မှတ် ထားဘဲ NGO အဖွဲ့ စခန်းသိမ်းရင်သူတို့တာဝန်တွေပြီးပြီဆိုတာလက္ခံပါတယ်ဆိုပြီး
လက်မှတ်ထိုးထားရပါတယ်….
သူတို့ရုံးချုပ်က ကျနော်တို့ဒုက္ခသည်တွေကိုတစ်နှစ်တိတိကူညီပေးဖို့ရာထားပါတယ်။တစ်ကယ်လိုအပ်
နေသေးရင်ဆက်လက်ကူညီနေအုံးမယ်။သူတို့ရုံးချုပ်ဆက်ကူညီနေမှ မစ္စတာကြက်ဖလည်းအဆင်ပြေမယ်။
ဒါကြောင့် မစ္စတာကြက်ဖလည်းအရမ်းလှုပ်ရှားနေတယ်။သူ့ရီပို့အရေးကောင်းမှရုံးချုပ်ကတစ်နှစ်ထက်ပိုပြီး
ကူညီမယ်။အခုဆိုတစ်နှစ်ခွဲကျော်လာပြီ။မစ္စတာကြက်ဖရဲ့အစွမ်း၊ဒုက္ခသည်စခန်းကကိုပိုးတီ၊မဝိုင်းစိန်တို့ရဲ့သ ရုပ်ဆောင်တာပီပြင်လို့ဆက်ပြီးကူညီနေတယ်…..
ဒါပေမယ့်အခုတစ်လော ကြက်ဖ မပျော်နိုင်ပါ……ရုံးချုပ်မှာရှိနေတဲ့အတွင်းလူတစ်ယောက်ဆီ
ကအီးမေးတစ်စောင်ကြောင့်ကြက်ဖတော်တော်စိတ်ညစ်နေရတယ်……နှစ်နှစ်ပြည့်ရင်သူတို့စခန်းသိမ်းတော့မယ်ဆိုတာ မစ္စတာကြက်ဖ သိလိုက်ရလို့ပါ……
လဲနေတဲ့သူကိုထူပေးရမယ်….ရပ်လို့ရပြီဆိုရင်လမ်းလျှောက်ဖို့ကကိုယ့်ရဲ့တာဝန်၊တစ်သက်လုံးတွဲပေးဖို့
ဆိုတာမဖြစ်နိုင်၊ကမ္ဘာတစ်ဝှမ်းလုံးမှာတစ်နေရာပြီးတစ်နေရာ ဒုက္ခရောက်နေကြတယ်။၊
ဒီတော့နှစ်နှစ်အတွင်းမှာဖြတ်ကိုဖြတ်တော့မယ်…..
ဒီသတင်းကို မစ္စတာကြက်ဖကတစ်ဆင့်မင်းသမီး၊မင်းသမီးကတစ်ဆင့်ကိုပိုးတီတို့မဝိုင်းစိန်တို့ဇာတ်အ
ဖွဲ့တွေသိကုန်ကြပါတယ်….တစ်နှစ်ခွဲလောက်လက်တွဲခဲ့ကြတော့အားလုံးစိတ်မကောင်းကြပါ….ကြက်ဖကလည်း
NGO အဖွဲ့ကပေးတဲ့လစာငွေ၊အသုံးစရိတ်တွေကိုနှမျောနေတယ်…..နောက်ပြီးမင်းသမီးနဲ့ဝေးရတော့မယ်….
ရိုးရိုးအီးမေဂျာနဲ့ကျောင်းပြီးထားတဲ့မင်းသမီး၊ စင်ကာပူမှာအကြီးတန်းအင်ဂျင်နီယာတစ်ယောက်လစာထက်ပို
ရနေတဲ့ယခုအခြေအနေမင်းသမီးလည်းနောက်ထပ်ဒီလိုအခွင့်အရေးမျိုးမရနိုင်တော့မှန်းသိလို့ဆွေးနေရှာတယ်။
ကိုပိုးတီနဲ့မဝိုင်းစိန်တို့တစ်ဖွဲ့သားလုံးလည်းဒီလိုအကူအညီမလာတော့ရင်ဘယ်လိုလုပ်စားကြမှာလဲလို့
ခေါင်းစားနေကြတယ်….
ဒါကြောင့်သူတို့အားလုံးမတိုင်ပင်ဘဲ ညတိုင်းညတိုင်းတူညီတဲ့ဆုတစ်ခုတောင်းနေကြရှာတယ်…..
အဲဒီဆုက`မြန်မာပြည်ကို နောက်ထပ်နာဂစ်တစ်လုံးလာပါစေ´……….။


Comments
Post a Comment