ငွေသောင်ယံကမခွါရက်နိုင်သူ
ငွေသောင်ယံမှမခွါရက်နိုင်သူ
လှိုင်တက္ကသိုလ်အားကစားရုံမှာတက္ကသိုလ်ပေါင်းစုံဘောလီဘောပြိုင်ပွဲကျင်းပနေတယ်။
ဒီနေ့ဖိုင်နယ်နေ့ ရန်ကုန်တက္ကသိုလ်နဲ့စက်မှုတက္ကသိုလ်ပြိုင်နေတယ်။
ကျောင်းပိတ်ရက်ဖြစ်နေလို့ပရိတ်သတ်အားနဲသလိုမျိုးခံစားနေရတယ်။
ကျောင်းဖွင့်ချိန်ဆို RIT ပရိတ်သတ်ဘယ်လောက်တောင်အားပေးလိုက်ကြမလဲ
ကျမနာမည်ကနွေးနွေး၊စက်မှုတက္ကသိုလ်ပထမနှစ်တက်နေတဲ့ကျောင်းသူ
ကျမကချောင်းသာမရောက်ခင်မှာရှောပြာသို့ဆိုင်းဘုတ်မြင်ဘူးကြမယ်၊
ကျမကရှောပြာသူ၊မိဘတွေအရင်ကသစ်လုပ်ငန်းလုပ်ခဲ့တယ်။
စီးပွါးရေးအဆင်ပြေကြပါတယ်၊ကျမတို့အိမ်ကချောင်းသာမှာလဲရှိတယ်။
ရှောပြာနဲ့ချောင်းသာက ၄၅မိနစ်လောက်ဆိုင်ကယ်စီးရင်ရောက်ပြီ
စာမေးပွဲဖြေပြီးကျောင်းပိတ်ရက်၊သူငယ်ချင်းတွေကိုချောင်းသာအလည်ခေါ်ခဲ့တယ်။
သူငယ်ချင်းတွေပြန်ကြတော့အိမ်မှာနေရစ်ခဲ့မယ်ဆိုတော့မရဘူး
အတင်းရန်ကုန်ပြန်လိုက်ခဲ့ဆိုလို့ပြန်ပါလာတယ်။
အားလုံးအဆောင်မှာပြန်ဝင်နေကြတယ်၊သူငယ်ချင်းတွေမခွဲနိုင်မခွါရက်။
ဒီနေ့တက္ကသိုလ်ပေါင်းစုံဘောလီဘောနောက်ဆုံးဖိုင်နယ်
RIT အသင်းမှာ မော်မော်တို့ဦးလေး...ဦးကျော်ကျော် ကစားနေတယ်
သူကအသင်းခေါင်းဆောင်၊သူ့ရိုက်ချက်ကပြင်းသလားလို့မမေးနဲ့
ဒိုင်းဆိုမြေထဲဆိုက်နေပြီ၊RIT အသင်းရဲ့အကောင်းဆုံးဘောလီဘောသမား
ပင့်ထောင်သူရဲ့အချိန်ကိုက်ပိုက်နားထောင်ပေးလိုက်တဲ့ဘောကို..ဦးကျော်...ပြေးပြီး
ဟတ်ဘရိတ်ရိုက်ချလိုက်တာ..ဒိုင်းဆိုတာ RASU ကောင်တွေဘာမှမတတ်နိုင်။
သေစမ်း RASU …., သေစမ်းRASU…..,သေစမ်း RASU…..
ကျမတို့အုပ်စုသံပြိုင်အော်လိုက်တဲ့အသံတွေလှိုင်တက္ကသိုလ်အားကစားရုံတခုလုံးဟိန်းနေပါတယ်
ကျမတို့ရောက်လာမှပိုပြီးပွဲစည်လာပြီ၊ဘေးက RASU ကျောင်းသားတွေမျက်နှာချင်းဆိုင်က
ပွဲကြည့်စင်ဖက်ရွှေ့သွားကြပြီ၊ဒီဖက်မှာ RIT အားပေးတဲ့အဖွဲ့၊ဟိုဖက်RASU အဖွဲ့
သူတို့ဖက်ကနိုင်ရင်လဲသူတို့အော်ကြတယ်
သေစမ်းစက်မှု....သေစမ်းစက်မှု.....သေစမ်းစက်မှု....၊
ကျမတို့ဖက်ကနိုင်ရင်ကျမတို့အော်ကြတယ်၊ဒါပေမဲ့ဒီပွဲကကျမတို့ပွဲ
ဒါကြောင့်ကျမတို့ဖက်ကအသံအကျယ်ဆုံး၊ကျမတို့အားပေးသံတွေကြောင့်
RIT ကစားသမားတွေကျမတို့ကိုသတိထားလာကြတယ်။
ကျမတို့အုပ်စုကိုဦးကျော်မြင်ပြီးကျန်ကစားသမားတွေကိုတစုံတခုလှမ်းပြောလိုက်လို့
အားလုံးကျမတို့ကိုလက်ပြနှုတ်ဆက်ကြတယ်၊
ဦးကျော်..ကစားတာတော်လို့ကျောင်းမပြီးခင်ထဲကစက်မှုတစ် ဝန်ကြီးဌာနအသင်းကလစာပေးပြီး
ခေါ်ကစားနေတယ်။ သူငယ်ချင်းတွေထဲမှာ မော်လမြိုင်သူ မော်မော်ကိုအခင်ဆုံး
မော်မော့်ဦးလေးဦးကျော်ကျော်က မော်မော့်အမေမောင်အငယ်ဆုံး
မော်လမြိုင်ဈေးကြိုခြံထဲမှာနေတယ်။ခြံကြီးထဲမှာ မော်မော်အဖိုးနဲ့အဖွားနှစ်ယောက်ထဲနေတယ်။
ခြံထဲမှာဒူးရင်းပင်၊ကျွဲကောပင်တွေရှိတယ်။
ကျောင်းမှာဆိုဦးကျော်ကနာမည်ကြီးတယ်။လက်ရွှေးစင်ဘောလီဘောသမား
အရပ်မြင့်မြင့်၊ပါးသိုင်းမွေးစိမ်းစိမ်း၊ဂျင်းဘောင်းဘီနဲ့အရမ်းမိုက်တယ်။
နင့်ဦးလေးကအားကစားဒီလောက်တော်တာဘာလို့စာမေးပွဲ ၂ ခါတောင်ကျရလဲ
ဆရာတွေမကြည့်ကြဘူးလား
သူဘောလီဘောကစားတာတော်တယ်၊ဒါကြောင့်တစ်နှစ်လုံးကစားနေတာ
ဘယ်လို...ငါနားမလည်ဘူး
ကျောင်းမှာလဲကစားတယ်၊ပြည်နယ်တိုင်းပြိုင်ပွဲမှာမွန်ပြည်နယ်မှာကစားတယ်၊
ဌာနဆိုင်ရာပြိုင်ပွဲမှာစက်မှု ၁ ၊ မှာကစားတယ်။
တံခွန်စိုက်ပြိုင်ပွဲတွေရှိသေးတယ်။
ကစားနေတာဘဲ၊စာဖတ်ချိန်တောင်မရှိဘူး
နောက်ကစားတာရှိသေးတယ်
ဘာအားကစားလဲ
ဖဲရိုက်တာ
အဲဒါအားကစားမှမဟုတ်တာ၊လောင်းကစား
အေး..ဦးကျော်ကဖဲကစားရင်လဲထမင်းမေ့ဟင်းမေ့၊တခါတလေနှစ်ရက်သုံးရက်အိမ်မပြန်လာဘူး
မော်လမြိုင်မှာသူတို့သူငယ်ချင်းတွေဘယ်မှာဖဲရိုက်နေလဲဆိုတာအားလုံးသိနေတော့လူကြီးတွေလဲ
လိုက်ခေါ်မနေပါဘူး၊ဆယ်တန်းလောက်ကဆိုရင်ဒီနှစ်၊နှစ်ကူးမှာစရိုက်တဲ့ဖဲနောက်နှစ်ကူးထိဆက်သွားတာ
ဦးကျော်အိမ်ကဘာမှမပြောကြဘူလား
ငါတို့တရုတ်တွေကနှစ်ကူးဖဲရိုက်တာဘာမှမပြောကြဘူး၊ထုံးစံဖြစ်နေပြီ
နှစ်ကူးကြရင်ငါတို့လဲအပျော်ကြေး၊အမျိုးတွေစုပြီးဆော့ကြတာ
ဟဲ့..ငါတို့အိမ်မှာတော့၊အဖေကလုံးဝခွင့်မပြုဘူး၊အကိုတွေကစားတာအဖေကြားရင်
တုတ်နဲ့လိုက်ရိုက်တာ
“မင်းတို့ဒီအကျင့်ကိုဖျောက်၊မွဲဆေးဖေါ်သလိုဖြစ်သွားမယ်”
လောင်းကစားတာကမကောင်းပါဘူး၊ဦးကျော်မှာဒီဝါသနာကိုဖြတ်မရဘူး
အန်းကုံး၊အန်းမနဲ့လဲခဏခဏစကားများရတယ်
ဒီနေ့ပွဲမှာဦးကျော် အကောင်းဆုံးဆုရတယ်၊ပထမဆုလဲရခဲ့တယ်။
ကျမတို့ပထမနှစ်စာသင်နေတဲ့အချိန်ဦးကျော်ကနောက်ဆုံးနှစ်၊
နောက်နှစ်ကျောင်းပြန်ဖွင့်တဲ့အချိန်ဦးကျော်... ကျောင်းပြီးသွားပြီ
ဒါပေမဲ့..ကျောင်းနားတဝိုက်မှာအမြဲတွေ့နေရတယ်။
ဦးကျော်ကမော်လမြိုင်ခြံအလုပ်ကိုစိတ်မဝင်စားဘူး
ရန်ကုန်မှာသူငယ်ချင်းတွေနဲ့ပေါင်းပြီးကန်ထရိုက်တာလုပ်မယ်လို့လဲပြောနေတာဘဲ
ရန်ကုန်မှာကလွတ်လပ်တယ်၊သူ့ကိုပြောမဲ့သူမရှိဘူး
နောက်သူကမိန်းမရှုတ်လို့လား
သူကမိန်းမလိုင်းမဟုတ်ဘူး၊အရက်သမားလဲမဟုတ်ဘူး၊ဖဲသမားလိုင်း
မားမားလဲအမြဲပြောတယ်။မကစားဖို့သူ့ကိုတားမဲ့သူမပေါ်သေးဘူး၊
နွေးနွေး..နင်ပြောကြည့်ပါလား။
နင့်စကားဆိုဦးကျော်နားထောင်ရင်ထောင်မှာ
ဟ...ဘာဆိုင်လို့လဲ၊ငါကဘာလို့ပြောရမှာလဲ
ငါ့ထက်လဲအများကြီးအသက်ကြီးတယ်
ဟယ်...ဘယ်လောက်ကွာလို့လဲ..၈နှစ်/၉နှစ်ကဘာမှမသိရပါဘူး
ကောင်မ..နင်ဘာသဘောလဲ၊အောင်သွယ်လုပ်နေတာလား
ခုမှငါတို့ဒုတိယနှစ်ဘဲရှိသေးတယ်
မော်မော်ကအမျိုးတော်ချင်နေပုံရတယ်။ကျမစိတ်ထဲမှာအသက်အရမ်းကွာလွန်းတယ်။
ကျမစိတ်မဝင်စား၊သက်တူရွယ်တူဆိုရင်တော်သေးရဲ့၊
နောက်ပြီးသူတို့ကတရုတ်လူမျိုး၊ကျမကရခိုင်သွေးပါတယ်
တရုတ်တွေကတရုတ်အချင်းချင်းဘဲသဘောတူကြတာ
ကျမကရခိုင်လူမျိုး၊သူတို့သဘောကျမှာမဟုတ်
စိတ်ထဲကလျှောက်တွေးနေတာ၊ကျမလောလောဆယ်ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး။
ကျမတို့ရဲ့စာသင်နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ဖြတ်ကျော်လာခဲ့ပါပြီ
ကျမတတိယနှစ်မှာဦးကျော်တို့သူငယ်ချင်းတွေစုပြီးကျောက်မြောင်းမှာစပြီးကန်ထရိုက်စလုပ်တယ်။
မြေရှင်နဲ့အခန်းပေးအခန်းယူတွေနဲ့စလုပ်ကြတယ်။သူတို့အပေးအယူတွေဘယ်လိုတွက်ကြလဲကျမ၊မသိ။
ကျမစိတ်ဝင်စားတာကအိမ်တွင်းဒီဇိုင်းလုပ်ရတာစိတ်ဝင်စားတယ်။
ကိုယ့်စိတ်ဝင်စားတဲ့ဒီဇိုင်းလေးတွေကိုဦးကျော်တို့ဆောက်သောတိုက်ခန်းတွေနဲ့တွဲကြည့်တယ်။
စိတ်တိုင်းမကျရင်ဒီဇိုင်းထပ်ဆွဲ၊ထပ်ခါထပ်ခါလုပ်ကြည့်တော့အတွေ့အကြုံအရအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။
ဆွဲထားတဲ့ပုံလေးနဲ့အခန်းရှင်တွေပြကြည့်တယ်။သဘောကျတဲ့သူတွေရှိသလိုမကျတဲ့လူတွေလဲရှိပါတယ်။
ကျမမှာစီးပွါးရေးအတွေ့အကြုံမရှိ၊ကုန်ကျစရိတ်တွေမတွက်တတ်၊ဦးကျော်ကကုန်ကျစရိတ်တွက်ပေးတယ်။
လုပ်ချင်တဲ့အခန်းရှင်တွေကိုဦးကျော်ဘဲဈေးပြောတယ်။
ကျမဒီဇိုင်းလေးတဖြေးဖြေးအကောင်အထည်ပေါ်လာရင်အရမ်းပျော်တာ၊
ဦးကျော်ကဒီဇိုင်းလုပ်ခဆိုပြီးငွေတွေထုတ်ပေးပါတယ်။
ကျမငွေရေးကြေးရေးထက်ကျမဒီဇိုင်းကိုလူစိတ်ဝင်စားရင်ပျော်နေတဲ့လူမျိုး။
နွေးနွေး...ဒီဟာကစီးပွါးရေးလုပ်နေတာ
တနေ့နေ့ကျရင် နွေးနွေးလဲဒီဇိုင်းနာတစ်ယောက်ဖြစ်လာတော့မယ်။
စလုပ်တုန်းကကျောက်မြောင်းတိုက်ခန်းအတွင်းဒီဇိုင်းတွေ၊နောက်ကျတော့လုံးချင်းအိမ်အတွင်းဒီဇိုင်းတွေလုပ်ချင်လာတယ်။
ဦးကျော်ကိုဘဲအပူကပ်ရတယ်။သူ့သူငယ်ချင်းတွေဆောက်ထားတဲ့လုံးချင်းအိမ်တွေကိုဒီဇိုင်းဆွဲပြီးပြကြည့်၊
စိတ်ဝင်စားရင်ငွေရေးကြေးရေး ဦးကျော်နဲ့စကားပြော၊ကုန်ကျငွေတွေ၊တွက်ချက်ပုံတွေဦးကျော်ကျွမ်းတယ်။
ဦးကျော်ကဖဲရိုက်လို့လားမသိ၊အတွက်အချက်အရမ်းမြန်တယ်။
ကောင်မ..ဦးကျော်နဲ့တွဲပြီးအလုပ်ဖြစ်နေပြီဆို
နင်..ကျောင်းမပြီးခင်၊ဆရာကြီးဖြစ်တော့မယ်လို့ဦးကျော်ပြောနေပြီ။
ဦးကျော်ကဆရာကြီးပါ
အေးလေ...ဆရာကြီးလဲဘာဖြစ်လဲ၊အတူတူတွဲလုပ်ရင်ပိုလို့တောင်စီးပွါးတက်အုန်းမှာ
ကောင်မ..စိတ်ကူးမလွဲနဲ့
နင်ကတော့ဒီဘူတာဘဲဆိုက်တယ်
ငါ့အဆင့်ကမူကြိုအဆင့်ပါဟာ၊သူနဲ့ရွယ်တူဆရာမကြီးတွေလဲတွေ့နေပါတယ်။
သူကငါ့လိုပါမွားကိုဘယ်စိတ်ဝင်စားမလဲ
နင့်စိတ်ကိုနင်ဆုံးဖြတ်၊ငါ့ဦးလေးကိုအမျိုးတွေနဲ့ဖိပြောမယ်။
ဟယ်...မဖြစ်နိုင်တာတွေမလုပ်ပါနဲ့၊ငါတို့ကလူမျိုးလဲမတူဘူး၊ငါကြောက်တယ်
ထားလိုက်စမ်းပါ၊ဒိတ်အောက်တဲ့အတွေးတွေ
ကျမစိတ်တွေပြောင်းလာသလားလို့တွေးမိပါတယ်၊ဦးကျော်ကိုအားကိုးစရာ
အကိုတစ်ယောက်လိုမြင်လာပါတယ်။
အလုပ်တွေမှာပြဿနာဖြစ်တိုင်းဦးကျော်ဘဲဖြေရှင်းလေ့ရှိတယ်။
ကျမအတွေ့အကြုံတွေကလူအများနဲ့ဆက်ဆံရတာနဲနေသေးတယ်။
စာသင်နှစ်ငါးနှစ်မှာဦးကျော်..ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီစထောင်တယ်။
ကျမနဲ့မော်မော်ကိုလဲဒါရိုက်တာထဲထည့်ထားတယ်။
သူငယ်ချင်းအားလုံးကကျမတို့ကိုအားကျနေကြတယ်။
ကျောင်းမပြီးသေးဘူး၊အလုပ်လုပ်နေကြပြီ။
လက်တွေ့လုပ်နေတဲ့ကျမတို့မရှင်းတာတွေရှိရင်ဆရာတွေကိုမေးလို့ရတယ်။
ဒီတော့ဆရာတွေနဲ့လဲရင်းနှီးလာတယ်။
ဦးကျော်ညီမတွေလို့ဘဲဆရာတွေသိထားကြတော့ကူညီပါတယ်။
သိတယ်ဟုတ်....RIT ကျောင်းမှာကဦးကျော်ကနာမည်ကြီးတစ်ယောက်
အရင်ကထက်အလုပ်တွေကောင်းလာတယ်။အလုပ်အပ်တဲ့လူတွေလဲများလာတယ်။
ကျမတို့လဲကျောင်းတဖက်နဲ့အလုပ်လုပ်နေရပြီ၊
မော်မော်ကရုံးပိုင်းနဲ့ငွေစာရင်းတွေကိုင်တယ်။
ကျမကဆိုက်တွေဆီသွားရတယ်၊ဆိုက်ပလန်တွေဆွဲပေးရတယ်။
အလုပ်သမားတွေအချိန်မလစ်ဟင်းရအောင်ဆိုက်တွေမှာနေရာချပေးရတယ်။
ကျမလုပ်ရတဲ့အလုပ်ကိုသဘောကျတယ်၊လက်တွေ့အကောင်အထည်ပေါ်လာတာမြင်နေရတာ
ကျမအရမ်းကျေနပ်တယ်၊မြေကြီးကနေတစတစထိုးထွက်လာတဲ့အဆောက်အဦး
ကိုမြင်ပြီးကြည်နူးနေရတဲ့စိတ်ကဘယ်အရာနဲ့မှမလဲနိုင်ဘူး။
ဦးကျော်ကအပြင်လုပ်ကွက်၊ဌာနဆိုင်ရာလုပ်ကွက်တွေရှာတယ်၊
ဆိုက်အတွက်လိုတဲ့ပစ္စည်းရှာနေရတယ်။
စည်ပင်ကိစ္စတွေကိုလုပ်နေတဲ့ရှေ့နေအဖွဲ့လဲသပ်သပ်ရှိသေးတယ်။
သူတို့တွေကအရောင်းအဝယ်တွေမမှားရအောင်စည်ပင်ရုံးမှာဝင်ထွက်နေကြတယ်။
ဦးကျော်ကိုကျမ၊မကြိုက်တဲ့အချက်တွေရှိသေးတယ်။
တခါတလေကိစ္စရှိလို့ဖုံးဆက်ရင်ဖုံးပိတ်ထားတတ်တယ်။စည်းဝေးရှိနေလို့ပြောတာဘဲ
ဒါရိုက်ဘာကိုမေးကြည့်တော့အင်းယားလမ်းကသူ့သူငယ်ချင်းခြံထဲမှာ၊
ဒါဆိုကျမသိပြီ၊သူငယ်ချင်းတွေစုပြီးချိန်းဝိုင်းလုပ်နေကြပြီ
အိမ်ကအဖေသိရင်ဘယ်လောက်တုတ်နဲ့ဆော်မလဲမသိ၊
ကျမအကိုနှစ်ယောက်အဖေဆုံးမမှုအောက်မှာနေခဲ့တော့လောင်းကစားနဲ့ကင်းတယ်။
ကျမဦးကျော်အပေါ်စိုးရိမ်တတ်လာတယ်။
ဦး..မကစားနဲ့လေ၊လောင်းကစားကဘဝပျက်နိုင်တယ်၊
ဦးကကျမထက်အသက်ကြီးတယ်၊ပိုစဉ်းစားတတ်ရမယ်
....အေးပါ၊ငါအပျော်ဆော့တာပါ...
ကျမနောက်ဆုံးနှစ်ကထူးထူးခြားခြားနှစ်ပါဘဲ
ကျမသည်အချောအလှတစ်ယောက်မဟုတ်ပါ၊သာမန်မိန်းခလေးတစ်ဦးပါ
သူများတွေလိုခေတ်ဆန်ဆန်လဲမဝတ်စားတတ်ပါ၊
အမြဲတမ်းလိုရှပ်အင်္ကျီအပွနဲ့ဘဲဆိုက်ထဲသွားနေသလို၊ကျောင်းတက်လဲဒီပုံပါဘဲ။
သူငယ်ချင်းအတွဲတွေမြင်ခဲ့ရင်ငါများဒိတ်အောက်နေလို့ကြိုက်မဲ့သူမရှိတာလားလို့
ကိုယ့်ကိုကိုယ်အားငယ်မိသလိုဖြစ်မိသား၊
မိန်းခလေးဆိုတာကကိုယ့်ကိုကြိုက်တဲ့သူများရင်ဂုဏ်ယူစရာလို့ဘဲမြင်တယ်၊
ကိုယ်ကြိုက်တာမကြိုက်တာကနောက်။
ကိုဖြိုး ...မန္တလေးသား၊ကျမတို့နဲ့အုပ်စုတူတယ်၊Field ဆင်းတာမျိုး၊လေ့လာရေးသွားရတာမျိုးမှာတစ်အုပ်စုထဲ
ဒီနှစ်ထဲမှာ ကျမကိုချစ်ရေးဆိုခဲ့တယ်။ကိုဖြိုးကိုတွဲလို့ရသလို၊ယူမယ်ဆိုရင်လဲရတယ်။
ဒါပေမဲ့သူလဲအဖြေအတင်းအကြပ်မတောင်းပါဘူး။
သူ့ရဲ့ပလန်ကိုတော့ချပြတယ်၊ကျောင်းပြီးရင် စလုံးသွားမယ်။
သူငယ်ချင်းတွေ၊အမျိုးတွေရောက်နေပြီးသားဆိုတော့သူ့အတွက်အလုပ်မခက်နိုင်၊
သူနဲ့တခါထဲလိုက်ခဲ့ဖို့ခေါ်နေတယ်၊၊ကျမတို့ဦးကျော်မှာလုပ်နေတာလဲသူသိတယ်။
သူနဲ့ကျမ ရှေ့ရေးစဉ်းစားတဲ့နေရာမှာသဘောကွဲသွားပြီ၊
ကျမသည်ကိုယ့်တိုင်းပြည်မှာဘဲနေမည်၊ကျမတတ်နိုင်သော၊လုပ်နိုင်သောအရာနှင့်တိုင်းပြည်အတွက်အမှတ်တရ
လုပ်ပေးချင်သည်။မူလတန်းကျောင်းဆောက်ပေးတာမျိုး၊ဆေးရုံဆေးခန်းရွာအတွက်ဆောက်ပေးရတာမျိုး
ကျမလုပ်ချင်တယ်။မိမိဝင်ငွေရဖို့အတွက်သူများနိုင်ငံအတွက်မလုပ်ပေးနိုင်။
ကျမအယူအဆလူတွေရီစရာဖြစ်ချင်ဖြစ်မည်၊၊ကျမမိဘတွေကတောသူဌေးတွေ၊ငွေရေးကြေးရေး
ပူစရာမလို၊ အဖေနဲ့အမေ ဂုဏ်တက်စေမည့်အလုပ်မျိုးကျမလုပ်ချင်တယ်။
နိုင်ငံခြားကိုအထင်မသေးပါ၊သူတို့ကျမတို့ထက်ရှေ့ရောက်နေတာလဲသိပါတယ်။
ကျမတို့မှာလိုအပ်ချက်များနေတာအားလုံးအသိပါ။ကျမကူညီချင်ပါသည်။
ဒါ ကျမစိတ်ရင်းပါ
ကိုဖြိုးကိုသူငယ်ချင်းလိုဘဲနေကြစို့လို့ပြောလိုက်တယ်
ကျမရင်ထဲမှာအချစ်မပေါ်သေးတာလဲဖြစ်မည်။
ဦးကျော်ကိုလဲစိတ်မဝင်စားပါ၊အသက်ကွာလွန်းတယ်။
အဖေတို့သစ်ထုတ်လုပ်ရေးလုပ်ခဲ့တုန်းကငွေသောင်ယံဖက်မှာအုန်းသီးခြံဧကခြောက်ဆယ်လောက်
ဝယ်ထားတယ်။ချောင်းသာနဲ့နဲနဲဝေးတယ်။ကျမတို့မောင်နှမ ၃ ယောက်အတွက်ဝယ်ပေးခဲ့တယ်။
ကျမရွာအတွက်ဆေးရုံ ဒါမှမဟုတ် အထက်တန်းကျောင်း ကိုဘယ်သူ့အကူအညီမှမပါဘဲကျမလုပ်ပေးချင်တယ်။
တနေ့နေ့ကျမရည်မှန်းချက်အောင်မြင်မယ်လို့ယုံကြည်တယ်။
ဒါကြောင့် ဦးကျော်ဆီမှာအလုပ်လုပ်ရင်း ပညာတွေသင်နေတယ်။
ကျောင်းပြီးတစ်နှစ်လောက်မှာမော်မော်သူ့ချစ်သူနဲ့လက်ထပ်ဖို့မော်လမြိုင်ပြန်သွားပါတယ်။
ဦးကျော် ဆောက်လုပ်ရေးကုမ္ပဏီမှာ ကျမနဲ့ဦးကျော် နှစ်ယောက်ဘဲကျန်တော့တယ်။
မော်မော်လုပ်ခဲ့တဲ့ငွေစာရင်းတွေကို စာရင်းစစ်အဖွဲ့ငှားပြီးဆက်လုပ်ကြပါတယ်။
အဆောက်အဦးတွေတော်တော်ဆောက်ဖြစ်ခဲ့တယ်။ငွေစာရင်းတွေကိုကျမလဲအမြဲစစ်တယ်။
ငွေစာရင်းအခြေအနေတော်တော်ကောင်းနေပြီ။
ကျမတို့ကုမ္ပဏီကတော်တော်ကြီးလာပြီ၊ဦးကျော်အောက်မှာလက်ထောက်အင်ဂျင်နီယာအယောက်နှစ်ဆယ်လောက်
ရှိနေတယ်၊ကျမတို့ရုံးခန်းမှာလဲအာခီသမား ဆယ်ယောက်လောက်ပုံတွေထုတ်နေရတယ်။
ဆိုက်တိုင်းမှာအင်ဂျင်နီယာအငယ်တွေကဆိုက်တာဝန်ခံအနေနဲ့ထားထားတယ်။
လက်သမားနဲ့ပန်းရံအဖွဲ့တွေနှစ်ရာလောက်ရှိနေတယ်။ဆပ်ကွန်းလို့ခေါ်တဲ့တဆင့်ကန်ထရိုက်တာတွေလဲ
အများကြီး၊အမြဲလိုလိုလုပ်ကွက်လာတောင်းနေတယ်။ကျမကအတွင်းစည်းထဲကလူ
တစ်လတစ်လဝန်ထမ်းလစာငွေမနဲပါလား
တစ်ရက်ဦးကျော် ကျမကိုအသိပေးပါတယ်။ချောင်းသာ ရွှေသောင်ယံဖက်မှာဟိုတယ်ဇုံချပေးတာ
ဦးကျော် နဲ့သူ့သူငယ်ချင်း နှစ်ယောက် ကပ်ရက်အကွက်နှစ်ကွက်ယူထားတာတွေ၊
သူ့သူငယ်ချင်းဟိုတယ်ဆောက်ဖို့သူ့ကိုဘဲအပ်တဲ့အကြောင်းတွေ၊
ဦးကျော်ကျမတို့ကိုသူလုပ်မဲ့ပလန်ချပြပါတယ်၊
သူငယ်ချင်းဟိုတယ်ဆောက်နေရင်းရတဲ့ငွေနဲ့သူ့မြေမှာဆောက်မဲ့ပုံစံကိုရှင်းပြတယ်။
နောက်ဖက်မှာလေးထပ်ဟိုတယ်ကိုအရင်လုပ်မယ်၊ရေကူးကန်လုပ်မယ်
နောက်ပြီးပင်လယ်ဘေးမှာဘန်ဂလိုလေးတွေဆောက်မယ်။
နောက်ဆုံးကျတော့မှဟိုတယ်ခမ်းမတွေကိုဆောက်မယ်။
အချိန်အတိုင်းအတာကဆယ်နှစ်လောက်ကြာသွားနိုင်တယ်။
ကုမ္ပဏီဝင်ငွေပေါ်မူတည်ပြီးဆက်လုပ်မည်။
တကယ်တော့ဦးကျော် ကုမ္ပဏီမှာကျမနဲ့မော်မော်ကနာမည်ခံပါဘဲ
ငွေတွေကဦးကျော်ငွေတွေ၊ဘာဖြစ်ဖြစ် ချောင်းသာမှာကုမ္ပဏီဆောက်ခွင့်ရတာကျမဝမ်းသာတယ်။
ကျမအရည်အချင်းထုတ်ပြခွင့်ရပြီ၊ကျမအတွက်အခွင့်အရေးလို့မြင်ပါတယ်။
ဟိုတယ်အတွင်းဒီဇိုင်းတွေပါအပ်ထားလို့ကျမကိုတရုတ်ပြည်မှာသွားလေ့လာဖို့နဲ့
ဒီဇိုင်းသင်တမ်းတက်ခိုင်းခဲ့တယ်။ကျမဦးကျော်ကိုအရမ်းကျေးဇူးတင်တယ်။
ကျမစိတ်ဝင်စားတဲ့ဘာသာပြန်လေ့လာချင်နေတာကြာပြီ။
သင်ခဲ့ရတာတွေကြာလို့ဒိတ်အောက်နေပြီလို့ထင်နေတာ
တရုတ်မသွားခင်တရုတ်စာသင်ဖို့ဆရာမလေးတစ်ယောက်ခေါ်ပေးတယ်၊
ကော့ယီစာစကားပြောသီးသန့်၊သင်တယ်
ဦးလဲစာစကားပြောတတ်တယ်။ဦးတို့အိမ်မှာပြောတာကအင်္ကျီရှည်တရုတ်တွေပြောတဲ့ရွာစကား
မန္တလေးအထက်ဖက်မှာယူနန်တရုတ်စကားပြောကြတယ်။
သင်တမ်းမှာအင်္ဂလိပ်စကားနဲ့သင်မယ်။ကျမအတွက်ပြဿနာမရှိ။
တရုတ်ပြည်အင်္ကျီရှည်တရုတ်လူမျိုးနေသောရှမဲန်မှာသင်တမ်းတက်ရမယ်။
ဦးတို့အမျိုးတွေလဲရှိနေတယ်၊ဦးတူမတစ်ယောက်ကျမကိုအစစကူညီပေးတယ်။
ဒီလိုနဲ့ဘဲတရုတ်ပြည်မှာခြောက်လကြာနေခဲ့ရတယ်။ခြောက်လလောက်နေခဲ့ရတော့
ရခိုင်လူမျိုးစစ်စစ်ကတရုတ်စကားအထိုက်အလျှောက်ပြောလို့ရလာပြီ။
တရုတ်စကားတွေပြောနေကြရင်း၊ကျမ ဦးကျော်မိဘအကြောင်းသွားစဉ်းစားမိပါတယ်။
ဒီအချိန်သူ့တို့သားဦးကျော်နဲ့သဘောမတူဘူးလို့ပြောခဲ့ရင် ငါတရုတ်လိုဘယ်လိုပြန်ပြောလိုက်ရမလဲ
လို့စဉ်းစားကြည့်မိတာပါ။အဟိ....တရုတ်စကားပြောတဲ့ငါ့ကိုသူတို့တွေတရုတ်ငချိတ်လို့ခေါ်ကြမလား
စဉ်းစားရင်းပြုံးမိပါတယ်။တရုတ်ရိုးရာကန်တော့တာတွေလဲသိလာရပါတယ်။
တရုတ်တွေတစ်နှစ်မှာနှစ်ကြိမ်ကန်တော့ကြတယ်၊
ဝါခေါင်လတစ်ကြိမ်ကန်တော့တယ်။နှစ်သစ်ကူးကန်တော့တာတွေ၊
တော်သလင်းလမှာလမုန့်ကန်တော့တာတွေ
တန်ခူးလမှာအဘိုးအဘွား၊မိဘတွေရဲ့အုတ်ဂူတွေမှာသွားကန်တော့တာတွေ
အရင်ကဦးကျော်မိဘတွေကိုစိတ်ထဲကကြောက်နေသလိုမျိုးခံစားခဲ့ရတယ်။
ခုတော့အဲဒီကြောက်စိတ်တွေမရှိတော့ဘူး။ဘာလို့ဆိုတော့သူတို့ရိုးရာဓလေ့ကိုနားလည်လာသလို
သူတို့ပြောတဲ့စကားကျမနဲနဲပြောနိုင်ပြီ၊ကျမသွေးထဲမှာရခိုင်သွေးပါတာကလွဲလို့ကျမလဲ
တရုတ်တစ်ပိုင်းဖြစ်နေပြီလေ၊
ကျမကပင်လယ်နားမှာကြီးလာတော့ရေကူးတတ်တယ်၊ဥတိုချောင်းထဲမှာပဲ့ချိတ်လဲမောင်းရဲတယ်။
ရွာမှာအိမ်ကကားနဲ့ဆိုင်ကယ်တွေကျမမောင်းနေတယ်။
တောသူကျမအကြမ်းခံ၊အမာခံ၊ချောင်းသာနဲ့ရန်ကုန်လမ်းလဲကားမောင်းတယ်။
ကျမတို့ရုံးခန်းကတောင်ဥက္ကလာခြံထဲမှာရှိတယ်။မြေကျယ်တယ်၊အိမ်ဟောင်းပေမဲ့နေလို့ရသေးတယ်။
ဒီမြေကွက်ကိုဦးကျော်ဝယ်ထားတာ၊စီမီးကွန်ဒိုမျိုးဆောက်ဖို့ရည်ရွယ်ထားတယ်။
နောက်ပြီးလေးထပ်ကိုယ်ပိုင်အိမ်မျိုးဆောက်ထားတယ်။ဖျက်ရမှာလဲနှမျောစရာ။
ကားဂိုဒေါင်လဲရှိတယ်၊ဝန်ထမ်းတန်းလျားလဲရှိတယ်၊
လောလောဆယ်ရုံးခန်းဘဲလုပ်ထားလိုက်တယ်။
အောက်ထပ်နဲ့ပထမထပ်ကရုံးခန်း၊ဒုတိယထပ်မှာဦးကျော်နေတယ်၊
ကျမတို့ဝန်ထမ်းခြောက်ယောက်ကအပေါ်ဆုံးထပ်မှာနေတယ်။
ကျမတို့အတွက်အရမ်းအဆင်ပြေတယ်၊ထမင်းချက်ရှိတယ်၊ဒရိုင်ဘာတွေလဲရှိတယ်။
ရွှေသောင်ယံမှာဟိုတယ်ဆောက်တော့ကျမလဲအိမ်မကြာမကြာပြန်လို့ရတယ်။
ချောင်းသာအိမ်ရောက်ရင်လဲကျမဆိုက်ထဲမှာနေတာများပါတယ်။
ကျမလိုရွာခံတစ်ယောက်ရွာအတွက်လုပ်ပြနေတာကိုဂုဏ်ယူစေချင်တယ်။
ကျမတို့ကဒီဟိုတယ်အတွက်တည်ဆောက်ရေးပိုင်းကိုတာဝန်ယူထားတယ်။
လိုတဲ့ပစ္စည်းတွေကိုဦးကျော်သူငယ်ချင်းကချပေးတယ်။
ဟိုတယ်ကြီးတော့ပစ္စည်းပိုင်းတာဝန်ယူဖို့ခက်ခဲတယ်။ပစ္စည်းသွင်းဖို့တွေကသွင်းကုန်လိုင်စင်
တွေလိုတယ်။ပစ္စည်းသွင်းရင်သင်္ဘောကြာချိန်တွေရှိသေးတယ်၊
တခါတလေအရမ်းကြာတာတွေရှိတယ်။သင်္ဘောလိုင်းပေါ်မူတည်နေတော့အလုပ်တွေ
အချိန်ကိုက်ပြီးဖို့ခက်သွားမယ်။နောက်ပြီးနိုင်ငံခြားကမှာရတာငွေချက်ချင်းပေးရတယ်။
ဒီမှာလိုအကြွေးမရဘူး၊ပစ္စည်းမရောက်မချင်းငွေမြှပ်နေရော၊
ရင်းနှီးမြှပ်နှံမှုကော်မီရှင်ခွင့်ပြုချက်နဲ့လုပ်ပေမဲ့လဲပစ္စည်းဝယ်ရတာအပြင်ကဝယ်ရတာ၊
ငွေဈေးအတက်အကျတွေကခန့်မှန်းရခက်တယ်။
ဒါကြောင့်ဒီအပိုင်းကိုသူ့သူငယ်ချင်းကိုပေးလိုက်တယ်၊
ကိုယ်စားရမဲ့လမ်းကြောင်းသူများကိုပေးလိုက်ရတာနှမျောစရာ၊
ရင်းရမဲ့ငွေပမာဏကြီးလွန်းနေတယ်၊ရန်ကုန်ဆိုက်တွေကလဲများတော့ငွေတွေကြပ်သွားမယ်လို့
ဦးကျော်ရှင်းပြပါတယ်။ကျမတို့ဘဏ်ကငွေယူထားတာတွေတော့ရှိတယ်။
အများကြီးတော့မဟုတ်ဘူး၊ဦးကျော်ဘဏ်ကြွေးတွေကိုတော့မတတ်နိုင်တဲ့အခြေအနေမျိုးမှဘဲ
ယူလေ့ရှိတယ်။အတတ်နိုင်ဆုံးအကြွေးကင်းအောင်နေတယ်။
ဒီဟာတစ်ခုကချီးကျူးစရာကောင်းတယ်။
ဒါပေမဲ့သူလောင်းကစားလုပ်နေတာလဲသူ့သေတွင်းသူတူးနေသလိုပါဘဲ၊
တခါတလေစဉ်းစားမိရင်၊ရင်လေးတယ်။ဒီအချိန်တွေမှာမော်မော်ဆီဖုံးဆက်ဖြစ်ပါတယ်။
ဦးကျော်နဲ့ပတ်သက်ပြီးရင်ထဲမှာတင်းကြပ်နေတာဖြေလျော့ချင်လို့ပါ။
ဒီကောင်မနဲ့ပြောရင်နောက်ဆုံးဒီဘူတာဘဲဆိုက်လေ့ရှိတယ်။သူကအမျိုးတော်ချင်နေတယ်။
ချောင်းသာဟိုတယ်ဆောက်တော့ကျမကရွာခံဆိုတော့အလုပ်သမားအကြမ်းအဖွဲ့တွေကို
အကိုတွေအကူအညီနဲ့ရှာပေးခဲ့တယ်။
ဟိုတယ်စဆောက်တော့ကျမတို့မိသားစုအားလုံးမနေရဘူး၊ရွာကဘုန်းကြီးပင့်အန္တရယ်ကင်း၊ဘေးရှင်းအောင်
ပရိတ်ရွတ်ကြ၊ဆုတွေတောင်းကြတယ်။အဖေ၊အမေ၊အကိုတွေနဲ့အမျိုးတွေပါလာကြတယ်။
အဖေတို့အတွက်ဂုဏ်တက်တာပေါ့။သမီးရဲ့သူဌေးဆောက်တာဆိုပြီးဂုဏ်ယူလို့ရပြီ
ကျမအမြဲတမ်းရွာမှာမရှိပါဘူး၊ရန်ကုန်ဆိုက်တွေကများတယ်။
မြေကြီးထဲကထိုးထိုးထောင်ထောင်နဲ့အဆောက်အဦးတက်လာရင်ကျမအရမ်းပျော်တယ်။
……………………………………………………………..
ဒီနေ့ဟာစိတ်အပျက်ရဆုံးနေ့ပါ
ရုံးစတက်တာနဲ့ဖုံးဝင်လာတယ်၊ဥက္ကလာဆိုက်တစ်ခုစည်ပင်အတားခံရတယ်၊
ဘေးအိမ်ကသူ့အိမ်နံရံကွဲသွားလို့ဆိုပြီးတိုင်သည်။
စည်ပင်လာစစ်မည်။လုပ်ငန်းရပ်ထားပါ။
နောက်ဖုံးကဘဏ်ကအတိုးလာသွင်းပေးပါ၊ဒီနေ့နောက်ဆုံးနေ့
နောက်ဖုံးတစ်လုံးကဝယ်နေကျဆိုင်ကဖုံးဆက်တယ်၊မနေ့ကပေးတဲ့ချက်ငွေမလောက်လို့ထုတ်မရပါ
ဘဏ်စာအုပ်ကိုစစ်ကြည့်တော့ဦးကျော်..သိန်းတစ်ထောင်တန်ချက်နှစ်စောင်အရင်ထုတ်သွားလို့
လက်ကျန်ငွေမလောက်တော့ပါ။
ဘယ်အချိန်ကဘယ်သူ့ကိုရေးပေးလိုက်တာလဲ၊ငွေစာရင်းဌာနကလဲမသိ၊
ဦးကျော်ဆီဖုံးဆက်တော့ဖုံးပိတ်ထားတယ်။ဦးကျော်ကိုမတွေ့တာနှစ်ရက်လောက်ရှိနေပြီ။
ဘယ်ချိန်းဝိုင်းရောက်နေပြန်လဲမသိ၊ဖုံးပိတ်ထားတာလောက်စိတ်ပျက်စရာကောင်းတာမရှိ။
လုံးဝခေါ်မရ၊
ချောင်းသာအမျိုးတစ်ယောက်ဆီကဖုံးလာတယ်။ချောင်းသာဈေးနားလ္ဘက်ရည်ဆိုင်မှာဦးကျော်တို့အဖွဲ့ကို
တွေ့လိုက်တယ်။ဦးကျော်ကားအပါ...လန်သုံးစီးနဲ့တွေ့တယ်။
ဘာကိစ္စနဲ့ချောင်းသာသွားတာလဲ ၊ ဘာမှပြောတာလဲမရှိ။
ပြီးခဲ့တဲ့အပတ်ကကျမသွားခဲ့သေးတယ်။ဟိုတယ်ဆိုက်ထဲဖုံးဆက်တော့ဦးကျော်မရောက်လာ။
ဦးကျော်ချောင်းသာရောက်နေတယ်ကြားတော့ဆိုက်တာဝန်ခံတွေအလုပ်ရှုတ်ကုန်ပြီ။
ဦးကျော်...ကျမအမျိုးအားလုံးကိုမသိပေမဲ့၊ကျမအမျိုးအားလုံးဦးကျော်ကိုသိနေတယ်၊
ဒီနေ့ကြုံတွေ့ရတဲ့ပြဿနာတွေကပုံမှန်တွေ့နေကျပြဿနာတွေပါဘဲ။
ဖြေရှင်းတဲ့နည်းလမ်းတွေရှိပါတယ်။ပုံမှန်လုပ်နေကျတွေပါဘဲ,
အမျိုးဆီကဖုံးထပ်လာပါတယ်၊သူတို့ကားသုံးစီးပြန်သွားကြပြီ
ပုံမှန်မဟုတ်တာကဦးကျော်...
ဘာကိစ္စနဲ့ချောင်းသာသွားတာလဲ
ချောင်းသာရောက်ပြီးဘာလို့ဆိုက်ထဲမရောက်တာလဲ
ဒီလောက်များတဲ့ရင်းနှီးမှုလုပ်ထားတဲ့နေရာကိုတစ်ချက်တောင်လာမကြည့်တာဘာသဘောလဲ
ဒီထက်ဘာအရေးကြီးကိစ္စရှိနေလဲ
ဘာမှစဉ်းစားလို့ကိုမရ၊စဉ်းစားရင်းဒေါသထွက်လာတယ်။
ဦးကျော်ရောက်နေတယ်ဆိုတော့၊အဖေနဲ့အကိုတွေပါမနေရဘူး
ဆိုက်ထဲမှာသွားစောင့်နေကြတယ်။ဆိုက်ထဲကလူကြမ်းတွေကအကိုတို့ခေါ်ထားပေးတာ
အဖေတို့စောင့်နေတာထမင်းစားချိန်ပါလွန်သွားတယ်
ချောင်းသာကလူတွေကိုအရူးလုပ်သွားတဲ့ဦးကျော်ကိုကျမ၊မကျေနပ်ပါ။
ဒီနေ့ညစာစားပြီးချိန်မှဦးကျော်ပြန်ရောက်လာတယ်။
အားလုံးအပေါ်ထပ်ရောက်ကုန်ကြပြီ၊ကျမကဦးကျော်ထမင်းစားပြီးချိန်လောက်အောက်ပြန်ဆင်းလာတယ်။
စိတ်ထဲမရှင်းတာတွေမေးချင်နေတယ်။
ဦး...ချောင်းသာဘာကိစ္စနဲ့သွားတာလဲ
......နင့်ကိုဘယ်သူပြောလဲ
ကျမကိုချောင်းသာကအမျိုးပြောတယ်၊ဦး...သူတို့ကိုမသိပေမဲ့၊သူတို့အားလုံးဦးကိုသိနေတယ်၊
......လာပြန်လည်တဲ့သူငယ်ချင်းတွေလိုက်ပို့ခိုင်းလို့လိုက်ပို့တာပါ....
ချောင်းသာရောက်ရင်၊ဒီလောက်ကြီးတဲ့ဟိုတယ်ကို၊ဦး...ဆောက်နေတာလေ
သူငယ်ချင်းတွေကိုလိုက်ပြသင့်တာပေါ့
ဦး...ဘာလို့ဆိုက်ထဲမရောက်ရတာလဲ၊ဦးကပိုင်ရှင်လေ...လိုက်ပြပေးရမယ်၊
နောက်ပြီးသိန်းတစ်ထောင်တန်ချက်နှစ်စောင်ဦးဘယ်သူ့ကိုပေးလိုက်လဲ
ငွေစာရင်းကိုလဲအသိမပေးထားဘူး
.........ဦးကိုယ်ပိုင်ထုတ်ငွေလို့ဘဲခေါင်းစဉ်တပ်လိုက်ပါ
ဒီကိစ္စကျမ၊မရှင်းဘူး၊ကျမကိုတိတိကျကျအဖြေပေးပါ၊ဒီငွေတွေဟာကျမငွေတွေလဲမဟုတ်ဘူး
ဦးရဲ့ငွေတွေဘဲ၊ဦး...သုံးချင်သလိုသုံးလို့ရတယ်။ကျမတို့ကဝိုင်းစောင့်ရှောက်ပေးနေတဲ့လူတွေ
အတင်းအကြပ်မေးလိုက်တော့၊အဖြေထွက်လာပါတယ်။
သူငယ်ချင်းတွေနဲ့ချောင်းသာမှာချိန်းဝိုင်းလုပ်ကြတာ
ဦး...သိန်းနှစ်ထောင်ရှုံးသွားတယ်။ချက်နှစ်စောင်ကဖဲကြွေးဆပ်လိုက်တာ
စိတ်တော်တော်ပျက်သွားတယ်။ကျမတို့အုပ်စုတွေခေါင်းကိုက်အောင်လုပ်နေရတဲ့အချိန်မှာ
ဦးမို့လို့လုပ်ရက်တယ်။အကြွေးယူထားတဲ့ဆိုင်တွေ၊ကုမ္ပဏီတွေကိုလဲတောင်းပန်နေရတာအာပေါက်တော့မယ်။
တရုတ်ပြည်မှာကိုဗစ်ရောဂါစဖြစ်နေပြီ၊ဘေးနိုင်ငံတွေမှာလဲပြန့်နေပြီလို့ပြောနေကြတယ်၊
ကိုယ့်ဆီမှာမစစ်လို့လား၊စစ်စရာစက်မရှိလို့လား၊မတွေ့သေးဘူးလို့ပြောကြတယ်။
တရုတ်မှာလူတွေလဲသေဆုံးတာများနေလို့ကြောက်နေကြပြီ၊တရုတ်အစိုးရအလုပ်တွေပိတ်ခိုင်းနေပြီ
ဒီရောဂါဒီကိုတချိန်ချိန်ရောက်လာတော့မယ်၊ရောက်လာရင်လော့ဒေါင်းလုပ်ရင်၊အလုပ်တွေရပ်ကုန်တော့မှာကြိုမြင်နေတယ်
ဒါတွေထားလိုက်ပါ၊ဦးနဲ့စာရင်းရှင်းရအုန်းမယ်။
ဆိုက်ထဲကိုအဖေနဲ့အကိုတွေကိုယ်တိုင်ဦး...ရောက်နေတယ်ဆိုလို့သွားစောင့်နေကြတယ်။
နေ့လည်စာအချိန်လွန်တဲ့အထိစောင့်နေခဲ့ကြတာ၊
“ဦး...ချောင်းသာကလူတွေကိုအရူးလုပ်သွားတာကျမ၊မကျေနပ်ဘူး”
“ဦး..ဒီလိုငွေကြေးကိစ္စတွေကို၊ကစားတာတွေနဲ့ရောထွေးနေမယ်ဆိုရင်တနေ့ဦးဒုက္ခတွေ့လိမ့်မယ်။”
ကျမကြိုမြင်နေပြီ၊
“ဒီတိုင်းဆက်သွားမယ်ဆိုရင်ကျမအလုပ်ထွက်တော့မယ်။”
ပြောစရာစကားကုန်သွားပြီ၊အပေါ်ပြန်တက်အဝတ်အစားအိတ်ထဲထည့်၊မနက်ပြန်တော့မယ်။
ဘတ်စကားပေါ်မှာလာနေကျဖုံးတွေတောက်လျောက်လာနေတယ်။
ဦးလိုမျိုးဖုံးကိုမပိတ်ရက်ပါ၊ကိုယ့်ဖေါက်သည်တွေ၊ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေကိုခရီးသွားနေလို့ပါ
နားထောင်ကောင်းအောင်ပြောနေတယ်။ချောင်းသာအိမ်ရောက်တော့မော်မော်ဆီဖုံးဆက်လိုက်တယ်။
ညကဦးကျော်နဲ့စကားပြောတာတွေ၊ချောင်းသာကိစ္စတွေကိုပြောလိုက်တယ်။
နောက်ဆုံးစကားကအလုပ်ထွက်လိုက်ပြီလို့ပြောလိုက်တယ်။မော်မော်ကစဉ်းစားပါအုန်း
ဦးကျော်...ကိုငါ့မားမားနဲ့ကစားတာတွေမလုပ်ဖို့ပြောခိုင်းမယ်၊
နင်မထွက်ပါနဲ့၊အလုပ်ထဲမှာနင်မရှိလို့မဖြစ်ဘူး
ဖုံးကိုတော့မပိတ်ဘူး၊လာသမျှဖုံးတွေကိုမကိုင်တော့ဘူး
အိမ်ထဲမှာဘဲနေ၊နေတယ်။ဟိုတယ်ဆိုက်ထဲလဲမသွားချင်တော့ဘူး
တွေ့နေမြင်နေရင်သံယောဇဉ်တွေဖြစ်နေအုန်းမယ်။
အိမ်ကလူတွေကအကြောင်းတခုခုကြောင့်အိမ်ပြန်လာတာလို့ဘဲထင်နေကြတယ်။
ကျမကိုမမေးရဲကြပါ။
ရုံးဆင်းချိန်တွေလောက်ဆိုရင်ကျမဖုံးကိုကြည့်ဖြစ်တယ်
ဘယ်သူတွေခေါ်ထားလဲသိချင်လို့
ဦး တစ်ခါမှမခေါ်ဘူး၊
အိမ်ပြန်ရောက်နေတာ ၄ ရက်ရှိနေပြီ။ဦးကျော်..ကျမဆီတစ်ခါမှမခေါ်ထားဘူး
ကျမရဲ့မသိစိတ်ကဦးကျော်ဖုံးကိုမျှော်နေလား
ဒီအလုပ်ကိုတကယ်ဖြတ်နိုင်လား၊
ကျမကိုကုမ္ပဏီမှာနာမည်ခံထည့်ထားပေမဲ့၊ဦးကျော်ပေးတဲ့လစာတွေ၊ဒီဇိုင်းလုပ်ခတွေ၊
နှစ်ကုန်အမြတ်ခွဲပေးတာတွေကတော်တော်များတယ်၊
နောက်ပြီးဒီအလုပ်မှာပညာယူစရာတွေအများကြီးရှိသေးတယ်။
ကျမရွာအတွက်ကျမငွေနဲ့လုပ်ချင်တာတွေလုပ်ဖို့ကျမငွေစုဖို့လိုသေးတယ်။
ဝန်ခံရရင်ဆယ်နှစ်နီးပါးအတူလုပ်ခဲ့တဲ့ဦးကျော်ကိုလဲသတိရနေတယ်။
အရင်တုန်းကအသက်ကြီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မော်မော့်ကိုငြင်းခဲ့ပေမဲ့လဲ
အသက်ကြီးတဲ့လူရဲ့အတွေ့အကြုံတွေကကျမတို့အလုပ်အတွက်ခွန်အားဖြစ်စေခဲ့တာ
အားလုံးဝန်ခံကြပါတယ်။ကျမစိတ်တွေဦးကျော်ဆီကဖုံးကိုမျှော်နေမိတယ်။
စိတ်တွေလေနေတယ်။ဦးကျော်သူ့ငွေနဲ့သူလောင်းကစားလုပ်တာကျမနဲ့ဘာဆိုင်လဲ
ရလဲသူ့ငွေ၊ကုန်လဲသူ့ငွေဘဲလေ၊ကျမဘာကိုစိတ်ပူနေတာလဲ။
သေသေချာချာပြန်စဉ်းစားကြည့်တော့ကျမဆီမှာသံယောဇဉ်အမျှင်တန်းလေး၊ရေးရေးမြင်နေပြီ။
မော်မော်ကသူ့ဦးကျော်ကိုအမျိုးနဲ့ဖိပြောရင်ရမယ်လို့ပြောတာဘဲ
ဒီရက်ပိုင်းမော်မော်ဆီကဖုံးတွေတောက်လျှောက်လာနေတယ်။မကိုင်ဘူး၊ပြစ်ထားလိုက်အုန်းမယ်
အိမ်မှာနေတော့လဲအလုပ်တွေကိုပြန်သတိရနေတယ်။ဦးကျော်ဆီဖုံးဆက်ပြီးပြန်လာတော့မယ်လို့
ပြောလိုက်ရင်ကောင်းမလား၊
နင့်နေရာလူစားခန့်လိုက်ပြီဆိုရင်ဘယ်လိုလုပ်မလဲ
ဒီလောက်ရက်လေးနဲ့တော့လူစားထိုးမခန့်လောက်ပါဘူးလို့စိတ်ဖြေကြည့်ပါတယ်
ကျမအလုပ်မလုပ်ရရင်မနေတတ်ဘူး၊စိတ်ကိုလျှော့ထားလိုက်တယ်
နောက်နေ့ဆိုက်ထဲသွားကြည့်မယ်
ဒီနေ့မိုးလင်းတာနဲ့မနက်စာစားပြီးဆိုင်ကယ်နဲ့ဟိုတယ်ဆိုက်ဖက်ကိုထွက်ခဲ့ပါတယ်
“ဂျာကြီးရောက်နေတယ်လို့ဖုံးဆက်ကြပြီး၊ဘာလို့ဆိုက်ထဲမလာတာလဲ”
“ကျနော်တို့မျှော်နေကြတာ”
ဆိုက်တာဝန်ခံတွေဝမ်းသာအားရနဲ့ကြိုဆိုနှုတ်ဆက်ကြတယ်။
သူတို့လေးတွေကိုမြင်ပြီး၊ကျမစိတ်လျှော့ချလိုက်ပါပြီ
လောကကြီးထဲမှာလူပိုတစ်ယောက်လိုကျမ၊မနေချင်ပါ။
ချောင်းသာမှာရှိနေခိုက်ဦးကျော်ကိုကူညီလိုက်တော့မယ်။
တမနက်လုံးဆိုက်ထဲမှာဘဲအချိန်ကုန်သွားပါတယ်။နေ့လည်စာစားဖို့အိမ်ပြန်ခဲ့တယ်။
အိမ်ရှေ့မှာမော်မော်နဲ့သူ့အမျိုးသားရောက်နေတယ်။
မော်မော်ကျမလက်ကိုဆွဲပြီးနင်နေနိုင်လိုက်တာ၊ငါ့ဖုံးကိုတစ်ချက်မှမကိုင်ဘူး
ငါနေနိုင်တာမဟုတ်ဘူး။ဦးကျော်လုပ်ရပ်တွေကိုစိတ်ကုန်သွားတာ
နောက်ပြီးအကျိုးသင့်အကြောင်းသင့်ရှင်းပြမယ်ဆိုငါလက်ခံနိုင်သေးတယ်
ငါ့ဆီတစ်ခါမှမဆက်ဘူး၊
....အေး၊ဦးကျော်နင့်ဆီမဆက်ရဲလို့ငါ့ဆီတစ်နေ့ဆယ်ခါလောက်ဆက်ပြီးနင့်ဆီကိုဆက်ခိုင်းနေတာ
....ပြန်လာဖို့၊ငါရိပ်မိပါပြီ၊နင်တို့နှစ်ယောက်လုံးရင်ထဲမှာသံယောဇဉ်တွေရှိနေကြပြီ
.....ငါတို့နဲ့ပြန်လိုက်ခဲ့ပါ
ခုတောင်ငါ့နေရာလူစားထိုးခန့်လိုက်ပြီလားမသိဘူး
....အေး၊ခန့်လိုက်တယ်ဆိုရင်လဲငါကိုယ်တိုင်မောင်းထုတ်မယ်
....ငါ့မှာပါဝါရှိတယ်။ဘယ်လိုလုပ်ပြီးလူစားထိုးမလဲ
....ပါအောင်ခေါ်ခဲ့ဖို့ငါ့ကိုတာဝန်ပေးလိုက်တယ်
နဂိုထဲကရန်ကုန်ပြန်ချင်နေတယ်၊အလုပ်တွေကိုသတိရတာထက်ဦးကျော်ကိုပိုသတိရနေတယ်။
ပြန်ဖို့ခေါ်နေတဲ့သူလဲအရံသင့်ဆိုတော့၊နောက်နေ့ပြန်လိုက်ခဲ့တယ်။
ရန်ကုန်ရောက်တဲ့ညစာ ဦးကျော်၊မော်မော်တို့စုံတွဲနဲ့ကျမတို့အတူတူစားကြတယ်။
“ဘေးမှာငြိတွယ်နေသောပယောဂအားလုံးရန်မှငြိမ်းစေသတည်း။”
အားလုံးစစ်ပြေငြိမ်းလိုက်ကြပြီ
နောက်နေ့မော်မော်တို့မော်လမြိုင်ပြန်ကြမယ်။
နင်နဲ့စကားပြောလို့မဝသေးဘူး၊မော်လမြိုင်မှာဆက်ပြောကြမယ်
ကျမလဲကန့်လန့်ကန့်လန့်နဲ့မော်လမြိုင်ရောက်ခဲ့ရပြန်တယ်။
မော်လမြိုင်မှာဦးတို့သူငယ်ချင်းငွေမိုးဟိုတယ်မှာမော်မော်နဲ့သွားအိပ်တယ်။
အိမ်မှာမအိပ်ဘူး၊စကားပြောရတာအားမရလို့၊တညလုံးစကားတွေပြောကြတာ
နောက်နေ့အမျိုးတွေဆီတစ်အိမ်တက်ဆင်းလိုက်နှုတ်ဆက်တယ်။
မော်မော်..နင်ဘာလုပ်မလို့လဲ
….အမျိုးတွေကိုလိုက်ပြနေတာ...
ကောင်မတော့လုပ်ပြီ၊မုန့်ဆီကြော်ဘယ်လိုနေလဲမသိဘူး
...မုန့်ဆီကြော်ကိစ္စ၊နင်ပူစရာမလိုဘူး
မော်လမြိုင်ကိုကျောင်းတုန်းကနှစ်ခေါက်ရောက်ခဲ့ပြီးပြီ
ဒီတစ်ခေါက်ဆိုသုံးခေါက်မြောက်၊အမျိုးတွေစုပြီးကျိုက္ခမီ၊စက်စဲသွားကြတယ်။
အမျိုးတွေကြားထဲမှာကျမ၊ဥပမာပေးရရင်ဗျိုင်းကြားထဲရောက်နေတဲ့တောကျီးကန်းတစ်ကောင်
အပြန်ဖါးအောက်ရေစိမ်မုန့်ဟင်းခါးစားကြတယ်။ကျမကရခိုင်မုန့်တီပူပူစပ်စပ်စားတယ်။
ရေစိမ်မုန့်ဟင်းခါးစားလို့ကောင်းပါတယ်။တစ်မျိုးစီကောင်းပါတယ်။
ပြီးတော့ကျားတံတားကဘိန်းမုန့်ဝယ်စားကြတယ်။ရန်ကုန်ရေကျော်ဘိန်းမုန့်လိုမျိုး၊
ထောပတ်၊ကြက်ဥ၊အုန်းသီး၊နှမ်းတွေနဲ့လုပ်ထားတယ်၊မွှေးလဲမွှေးတယ်၊စားကောင်းတယ်။
အမျိုးတွေထမင်းခေါ်ကျွေးလွန်းလို့တားယူရတယ်။
လူတွေအကြိုက်မတူကြတာပြောပြချင်တယ်။
ဦးကျော်တို့ခြံထဲမှာဒူးရင်းသီးမှည့်တဲ့အချိန်နဲ့ကြုံနေတယ်။
ခွဲစားလိုက်ကြတာအားရပါးရ၊ကျမနှာခေါင်းပိတ်ပြီးအဝေးမှာထိုင်ကြည့်နေတယ်။
ကျမဒူးရင်းသီးအနံ့ခံလို့မရ၊
ခြံထဲလျှောက်ကြည့်ရင်းနဲ့ရဲ့ယိုသီးအမှည့်တွေ့လို့တစ်လုံးကောက်ခဲ့တယ်။
ရေဆေး၊ဆားနဲနဲတောင်းပြီး၊ရဲ့ယိုသီးနဲ့တို့စားတာကြည့်ပြီးအမျိုးတွေအားလုံးထွက်ပြေးကုန်တယ်။
ရန်ကုန်ဆိုက်တွေပုံမှန်လည်ပတ်နေတယ်၊အလုပ်အသစ်တွေလက်မခံဖို့ဦးကျော်ကိုပြောထားတယ်။
မမြင်ရတဲ့ကိုဗစ်ရောဂါကိုလဲကြောက်နေမိတယ်။သတင်းတွေမှာမြင်နေရတာသောက်သောက်လဲ
သေနေကြတယ်။ဥရောပနိုင်ငံတွေမှာခရီးသွားတွေကိုပိတ်လိုက်ပြီ။
ကျမတို့တိုင်းပြည်ဘယ်တော့ပိတ်မလဲမသိဘူး။အချိန်ရှိတုန်းလုပ်စရာတွေအမြန်ဖြတ်နိုင်မှဖြစ်မယ်။
တရုတ်သင်္ဘောလိုင်းတွေရပ်ကုန်တယ်။ဆိပ်ကမ်းမြို့တွေလော့ဒေါင်းချလို့၊အလုပ်၊လုပ်လို့မရတော့ဘူး။
ပုတ်ပြတ်အပြီးအစီးလက်ခံထားတဲ့အလုပ်တွေလဲရှိသေးတယ်။သင်္ဘောလိုင်းတွေရပ်၊ပစ္စည်းတွေပြတ်ပြီး
အလုပ်ရပ်သွားမဲ့အဖြစ်မျိုးတော့အဖြစ်မခံနိုင်ဘူး၊ငွေတွေထွက်ရင်လိုတဲ့ပစ္စည်းတွေဝယ်ထားဖို့ဦးကျော်
ကိုသတိပေးနေရတယ်။သူဆုံးဖြတ်ရမှာလေ၊
သံနဲ့ပတ်သက်တဲ့ထုတ်လုပ်ရေးတွေလုပ်ဖို့အရှေ့ဒဂုံစက်မှုဇုံမှာနှစ်ဧကအကွက်ကုမ္ပဏီကဝယ်ထားတယ်။
ဝယ်ထားတဲ့သံတွေအားလုံးစက်မှုဇုံမှာထုတ်လုပ်ရေးလုပ်ပြီးမှဆိုက်ထဲကိုပို့ရတယ်။
ဒီတစ်ခေါက်ချောင်းသာလာရတာစိတ်ထဲမပျော်ဘူး။ပုံမှန်ဆိုအရမ်းပျော်တယ်။
ကျမတို့တာဝန်ယူထားတဲ့ဟိုတယ်၊တော်တော်အကောင်အထည်ပေါ်နေပြီ၊
ကုမ္ပဏီမြေကွက်ထဲကလေးထပ်ဟိုတယ်လဲအကြမ်းထည်တွေပြီးနေပြီ။
အတွင်းဒီဇိုင်းလုပ်ရတာတွေကအချိန်ပိုယူရတယ်။
ဟိုတယ်ကြီးဆိုရင်နောက်နှစ်နှစ်လောက်တော့လုပ်ရဦးမယ်ထင်တယ်။
အကယ်၍များသင်္ဘောလိုင်းတွေရပ်လို့ပစ္စည်းတွေပြတ်ရင်၊ကျမတို့ဘာဆက်လုပ်ကြမလဲ။ဖြစ်တော့မဖြစ်သေးပါ။
ဝန်ထမ်းတွေကအများကြီး၊အများစုကရွာခံတွေ၊ပြဿနာဖြစ်ရင်အဖေဆီအရင်ရောက်မှာ
ကျမအရမ်းစိတ်ပူတတ်တယ်။
ကျမဦးကျော်ကိုလဲစိတ်မချဘူး၊သူ့ဝါသနာကိုဖြတ်လို့မရဘူး၊
သူ့အရှုံးအနိုင်ကိုမသိပါ။ဘယ်ငွေစာရင်းလမ်းကြောင်းကသွားလဲမသိပါ။
သူ့ငွေတွေအခြားမှာလဲရှိမှာပါ။
ကုမ္ပဏီငွေစာရင်းနဲ့လာမရှုတ်တော့ဘူး၊တစ်ခေါက်ဖြစ်ပြီးထဲက
ကျမနဲ့နားလည်မှုတော့ယူထားတယ်၊ဖုံးမပိတ်ပါနဲ့
ဦးကျော်ဖုံးတော့မပိတ်ပါဘူး၊ကြေးကြီးလာပြီဆိုဖုံးပိတ်ချလိုက်ပြီ
ဖုံးလာရင်အာရုံနောက်လို့တဲ့
မော်မော်ကိုလဲဖုံးဆက်ပြီးအမြဲပြောပြတယ်။
အဖေဦးကျော်အကြောင်းမသိသေးဘူး၊သိများသိခဲ့ရင်ကျမကိုဦးကျော်နဲ့သဘောတူနိုင်ပါ့မလား
တွေးရင်းရင်လေးတယ်။
လောင်းကစားနဲ့ပတ်သက်ရင်ကျမတို့မှာနမူနာသာဓကတွေရှိနေတယ်။
အဖေ့ညီအငယ်ဆုံး၊ကျမတို့ခေါ်တယ်ဦးငယ်
မိဘအလိုလိုက်ဆုံး၊မောင်နှမတွေအချစ်ဆုံးဖြစ်ခဲ့သူ
ငယ်ငယ်ထဲကလောင်းကစားမှန်သမျှနဲ့မကင်းခဲ့သူ၊
မိဘအမွေတွေကိုအများဆုံးရခဲ့သူ၊အမွေကုန်အောင်လောင်းကစားလုပ်ခဲ့တယ်။
ကိုယ်ပိုင်ငွေကုန်တော့ညီအကိုတွေမှာချေးတယ်။ကုန်တယ်၊ပြန်မဆပ်ဘူး။
အဖေတော်တော်စိတ်ကုန်သွားတယ်၊
လောင်းကစားမလုပ်တော့ပါဘူး၊လောင်းကစားတာတွေအားလုံးစွန့်လွတ်ပါတော့မယ်ဆိုပြီး
ဘုန်းကြီးရှေ့မှာလဲသစ္စာဆိုတယ်။ဘုရားရှေ့မှာသစ္စာဆိုတယ်
နောက်တော့ဒုံရင်းဒုံရင်း။ဒါကြောင့်အကိုတွေလောင်းကစားတာကြားရင်
အဖေတုတ်နဲ့လိုက်ရိုက်တာ
“မွဲဆေးဖေါ်သလိုဖြစ်သွားမယ်”“နင်တို့ဦးငယ်ကိုကြည့်ထား”အဖေအမြဲပြောခဲ့တယ်။
အဖေကျမကိုလူရွေးမမှားဖို့အမြဲသတိပေးခဲ့တယ်။အခုကျမတည့်တည့်တိုးနေပြီ။
အဖေ့ကိုဘယ်လိုပြောရပါ့
ကျမဦးလေးဦးငယ်၊...ငယ်ငယ်ရွယ်ရွယ်နဲ့သူဌေးသားဖြစ်ခဲ့တဲ့သူ့ကြမ္မာကမလှပခဲ့ပါ။
ရှိတာတွေပြောင်အောင်ကစားခဲ့သူ၊အကြွေးဗလပွနဲ့လူတောထဲမတိုးတော့တဲ့အဖြစ်ကို
အရက်နဲ့နှစ်ရင်းစိတ်ဖြေခဲ့သူ၊ငယ်ငယ်လေးနဲ့အသက်တိုခဲ့တယ်။
သားတစ်ယောက်ကျန်ခဲ့တယ်။သူ့အမျိုးသမီးလဲနောက်အိမ်ထောင်ပြုတော့၊
ကျမမောင်ဝမ်းကွဲလေးကိုတိုးကျမတို့အိမ်ရောက်လာခဲ့တယ်။
ကျမမောင်လေးကိုတိုး..စာလဲကောင်းကောင်းမသင်၊သူ့အဖေသွေးပါလာတယ်။
ဆိုတော့...အဖေ့နဲ့အဆင်မပြေ။ကွယ်ရာမှာအဖေ့မကောင်းကြောင်းပြောတယ်။
သူ့အဖေသေရတာကျမအဖေမကြည့်ခဲ့လို့တဲ့၊
သေသွားတဲ့အဖေကိုလဲကျိန်ဆဲတယ်။သူ့အတွက်ငွေမချန်ခဲ့လို့၊
နောက်ယောကျာ်းယူသွားတဲ့အမေကိုလဲဆဲတယ်။သားကိုမကြည့်လို့ဆိုပြီး
တကယ်တော့သူ့အတွက်အလုပ်မရှားပါ။ကျမဆိုက်ထဲမှာလုပ်လို့ရတယ်။
စာမတတ်တော့အလုပ်ကစာမတတ်တဲ့အဆင့်ဘဲရမယ်။ကျမလဲမတတ်နိုင်ပါ။
ကျမအကိုဆီဆိုင်တွေရှိတယ်။ပုသိမ်နဲ့ချောင်းသာလမ်းတွေမှာရှိတယ်။
လက်ကြောတင်းအောင်မလုပ်ချင်သူ။အခုမလေးရှားသွားဖို့အဖေ့မှာအရင်းလာတောင်းနေတယ်။
အဖေငွေထုတ်ပေးမယ်လို့ထင်တာဘဲ။
ကျမတို့အိမ်နီးနားချင်းအန္ဒိယမှာကိုဗစ်အကြီးအကျယ်ဖြစ်နေတယ်။လူတွေသေတယ်။
တွေ့တာတွေကရင်နာစရာအောက်စီဂျင်အိုးတွေအလုအယက်တန်းစီနေကြရတယ်။
ကိုဗစ်ရောဂါကအောက်စီဂျင်ထိုးကျပြီးလူ့အသက်ကိုနှုတ်ယူသွားတာ။
အောက်စီဂျင်စက်ရုံတွေမှာလူတွေအများကြီးတန်းစီနေကြတယ်။
တန်းစီနေတဲ့လူတန်းကြီးကအရှည်ကြီး။
ကျမတို့ဆီမရောက်သေးပါ။ကာကွယ်ဆေးတွေလဲမထွက်သေးပါ။
ဆေးရုံ၊ဆေးခန်းတွေမှာတွေ့နေကျအောက်စီဂျင်အိုးဘယ်နေရာကလုပ်နေလဲ
စက်ရုံတွေဘယ်နေရာရှိလဲကျမ၊မသိပါ၊
သတင်းလိုင်းတွေမှာပြနေတယ်။အန္ဒိယမှာလူတန်းရှည်ကြီးအောက်စီဂျင်တန်းစီနေကြတယ်။
ဂင်္ဂါမြစ်ထဲမှာလူတွေသင်္ဂြိုလ်နေတာပြနေတယ်။လမ်းဘေးမှာအသက်မရှိတဲ့လူတွေမြင်နေရတယ်။
ကျမတို့ဆီမှာအားလုံးအလုပ်လုပ်နေကြတုန်း၊ကျန်တဲ့လူတွေဘယ်လိုတွေးနေလဲမသိပါ
ကျမအလုပ်တွေအမြန်ပြီးချင်နေတယ်။ဒီရောဂါ၊တစ်နေ့ကျမတို့ကိုဒုက္ခပေးတော့မယ်။
အန္ဒိယနဲ့တရုတ်မှာလော့ဒေါင်းချပြီးအလုပ်တွေရပ်ကုန်တာသတင်းမှာမြင်နေရတယ်။
တကမ္ဘာလုံးစီးပွါးရေးတွေရပ်စပြုလာနေပြီ။
ကျမတို့နိုင်ငံကို၂၀၂၀ မတ်လမှာဒီရောဂါစရောက်လာပြီ၊အရေအတွက်နဲပါတယ်။
အလုပ်တွေလုပ်နေဆဲ၊ဒါပေမဲ့ဒီနှစ်သင်္ကြန်မဆော့ဖြစ်တော့ပါဘူး။
နိုင်ငံတော်ကသင်္ကြန်တွင်းကို stay at home သတ်မှတ်လိုက်တယ်။
ကျမတို့အားလုံးအိမ်မပြန်ကြဘူး၊ရုံးမှာအတူတူနေနေတယ်။
သင်္ကြန်တွင်းဦးကျော်လဲအပြင်မထွက်၊
ရောဂါကိုကြောက်လို့လား၊လူစုလို့မရတာလားမပြောတတ်ပါ။
နေ့လည်ထမင်းစားပြီးရင်ဆောက်လုပ်ရေးအတတ်ပညာတွေ၊တွက်ချက်ပုံတွေကိုသင်ပေးတယ်။
ဈေးကွက်အနေအထားနဲ့အခန်းပေးအခန်းယူဆောက်တာတွေ၊
လုံချင်းအိမ်ပုတ်ပြတ်ဆောက်တာတွေအကြောင်းရှင်းပြပါတယ်။
တကယ်တော့အဓိကကုန်ကြမ်းဖြစ်တဲ့သံဈေး၊ဘိလပ်မြေဈေးအရေးကြီးတယ်။
ကျမတို့ငွေထွက်ရင်ထွက်သလောက်ကုန်ကြမ်းတွေကိုဝယ်ထားတယ်။
ဒီကုန်ကြမ်းပြဿနာဟာကျမတို့လုပ်ငန်းနဲ့တိုက်ရိုက်ပတ်သက်နေတယ်။
သင်္ကြန်အပြီးအလုပ်၊လုပ်လို့မကောင်းတော့ဘူး။ stay at home ကိုဆက်တိုက်လုပ်နေတော့
အလုပ်သမားတွေအလုပ်ထဲမလာနိုင်တော့ဘူး၊သူတို့စားဝတ်နေရေးရှိသေးတယ်။
သူတို့အလုပ်မလုပ်ပေမဲ့လုပ်ခတဝက်နှုန်းနဲ့ဦးကျော်ရှင်းပေးနေတယ်။
သင်္ကြန်ပြီးနှစ်လလောက်မှာအလုပ်ကိုရှိတဲ့ဝန်ထမ်းတွေနဲ့ပြန်စလုပ်တယ်။
မလာတဲ့ဝန်ထမ်းတွေကိုတော့ကျမတို့လဲမတတ်နိုင်တော့ပါ။တကယ်တော့
အချို့ဝန်ထမ်းတွေကျမတို့ဆီကလစာယူနေပြီး၊အခြားဆိုက်မှာဝင်လုပ်နေတာနောက်မှသိရတာ
လုပ်လို့ဘာမှမကြာသေးကိုဗစ်ဒုတိယလှိုင်းလို့ပြောမလား၊ဇူလိုင်လကုန်လောက်မှာပြန်ဖြစ်လာတယ်။
ဒီတခေါက်ကဆိုးတယ်၊ရောဂါဖြစ်တဲ့လူတွေပိုများလာလို့လူတွေလဲပိုကြောက်လာတယ်။
ရပ်ကွက်ထဲမှာရောဂါဖြစ်တဲ့လူတွေကိုကားနဲ့ဧရာဝတီစင်တာပို့တယ်၊
ရောဂါကူးခံရတဲ့အိမ်ခန်းတွေကိုအဝင်အထွက်မပေးလုပ်တော့ဘူး။
အဝါရောင်ကြိုးတွေတားပြီးပိတ်ထားတယ်။လူတွေပိုပြီးတုန်လှုပ်လာတယ်။
ကျမတို့အလုပ်တွေပိုထိခိုက်လာတယ်။ကျမတို့ဆိုက်ရှိနေတဲ့ရပ်ကွက်တွေကအလုပ်သမားတွေကို
ရန်ပြုတာတွေရှိလာတယ်။ရပ်ကွက်သားတွေအပြင်လူအဝင်မခံတော့ပါ။
ဌာနဆိုင်ရာကဆိုက်တွေလဲအပိတ်ခံရတယ်။ကျမတို့အတွက်အလုပ်မလုပ်ရဘဲဝန်ထမ်းစရိတ်တွေတက်နေပြီ။
အလုပ်တွေမကောင်းတဲ့ကြားကဦးကျော်လဲသူ့ဝါသနာကိုမစွန့်နိုင်ဘူး၊
ငွေစာရင်းဌာနမှာအနှုတ်လက္ခဏာပြနေတာတောင်သူမို့စိတ်အေးလက်အေးနဲ့ကစားနိုင်တယ်။
ကျမချောင်းသာမရောက်ဖြစ်တာပထမလှိုင်းစဝင်ကထဲကစပြီးမရောက်ဖြစ်တော့ဘူး၊
ချောင်းသာမှာရောဂါမတွေ့ဘူး၊အခြားနယ်တွေမှာလဲပထမလှိုင်းကဖြစ်တဲ့လူနာနဲပါတယ်။
ချောင်းသာဆိုက်ထဲကအင်ဂျင်နီယာတွေလဲဘယ်မှသွားမရ၊
ဒါပေမဲ့ချောင်းသာဆိုက်ကဆက်တိုက်အလုပ်လုပ်လို့ရတယ်။
အဖေနဲ့အကိုတို့လဲဝိုင်းကြည့်ပေးနေတယ်။ဆိုက်ထဲပစ္စည်းကားတွေဝင်နေဆဲ၊
ပစ္စည်းသွင်းနေတဲ့ကုမ္ပဏီတွေပစ္စည်းမချနိုင်မှာဘဲစိုးရိမ်နေတယ်။
ပစ္စည်းတွေရှိနေသရွှေ့လုပ်ကွက်လဲရှိနေမယ်။
ဦးနဲ့ကျမဇာတ်လမ်းကမော်လမြိုင်ကပြန်ရောက်ထဲကချစ်သူတွေဖြစ်သွားကြပါပြီ၊
ရောဂါတွေဖြစ်နေတဲ့အချိန်၊ဘယ်မှလဲထွက်မရတဲ့အချိန်တွေကကျမတို့အတွက်ပျော်စရာတွေဖြစ်ခဲ့ပါတယ်။
အပြင်မထွက်ရတဲ့အချိန်၊ဘယ်ဆိုက်ကိုမှလဲသွားကြည့်လို့မရတဲ့အချိန်တွေမှာကျမအတွင်းဒီဇိုင်းပုံတွေဆွဲနေတယ်။
ရုံးမှာနေနေတဲ့အာခီသမားတွေလဲပုံတွေဆွဲနေကြတယ်။
ရုံးတွင်းလုပ်ရမဲ့အလုပ်တွေဆက်လုပ်နေကြတယ်။
ငွေစာရင်းအဖွဲ့တွေမလာနိုင်တော့၊ကျမဘဲငွေစာရင်းကိုင်ပေးနေတယ်။
အလုပ်မလုပ်ရပေမဲ့လဲဝန်ထမ်းစရိတ်တွေမနဲပါ
ဦးကသနားတတ်တဲ့သူဆိုတော့၊ဝန်ထမ်းတွေအတွက်ဆန်တွေ၊ဆီတွေလိုက်ပို့ခိုင်းတယ်။
အင်ဂျင်နီယာအဖွဲ့တွေကိုအရှေ့ဒဂုံစက်မှုဇုံကထုတ်လုပ်ရေးဆိုက်မှာနေရာပေးထားတယ်။
စားရေးသောက်ရေးအတွက်ပါစီစဉ်ထားပေးတယ်။
အရင်အချိန်တွေတုန်းကညစာစားကြရင်ကျမတို့ဝန်ထမ်းတွေစုပြီးစားကြတယ်။
ဦးနဲ့ကျမချစ်သူဖြစ်သွားတဲ့အချိန်နောက်ပိုင်းညစာကိုရုံးအဖွဲ့နဲ့အတူမစားဖြစ်တော့ပါ။
ဦးနဲ့အတူတူညစာစားဖို့သဘောတူညီမှုယူထားလိုက်တယ်။
ဒါပေမဲ့...ဒါပေမဲ့...ပေါ့...တစ်လမှာ ၁၅ ရက်လားဘဲအတူတူစားဖြစ်ကြပါတယ်။
ကျမတစ်ယောက်ထဲအထီးကျန်စွာနဲ့ညစာစားခဲ့တဲ့ရက်တွေများလာပါတယ်။
အလုပ်ရှိနေတဲ့ရက်တွေရှိသလိုသူ့ဝါသနာကိုမစွန့်နိုင်လို့ပျက်ရက်တွေများနေတယ်လို့ထင်ပါတယ်။
တခါတလေစဉ်းစားကြည့်မိတယ်၊ဦးဟာမိသားစုဘဝကိုမလိုချင်တာလား
မိသားစုထက်ဝါသနာပါတဲ့လောင်းကစားကိုပိုမက်မောနေတာလား၊ဝေခွဲမရပါ.
တခါတခါစဉ်းစားရင်းရင်မောလာပါတယ်၊ဒီအချိန်မော်မော့်ဆီဖုံးဆက်မိပါတယ်။
“မယူဖြစ်သေးလို့ပါ၊နောင်ကျရင်နင့်စိတ်တိုင်းကျဖြစ်သွားမှာပါ”
အချိန်တွေတရွှေ့ရွှေ့နဲ့ကုန်လွန်ခဲ့ရာ ၂၀၂၀ နိုဝင်္ဘာ ရွေးကောက်ပွဲကြီးရောက်လာပါပြီ။
ကျမတို့အားလုံးစိတ်အားထက်သန်စွာနဲ့မဲထည့်ခဲ့ကြပါတယ်။အကာအကွယ်ဝတ်စုံတွေ၊
နှာခေါင်းစည်းတွေ၊မျက်နှာအုပ်တွေနဲ့ကျမတို့မဲရုံသွားခဲ့ကြတယ်။
ရွေးကောက်ပွဲပြီးချိန်မှာရောဂါအခြေအနေနဲနဲတည်ငြိမ်သလိုဖြစ်နေခိုက်ကျမချောင်းသာ
ကိုခဏပြန်ခဲ့တယ်။အဖေနဲ့အမေ့ကိုတွေ့ချင်တယ်။
ကျမဖြစ်စဉ်ကိုရင်ဖွင့်ချင်တယ်၊
အမေနဲ့အဖေကိုဦးရဲ့ဝါသနာကိုပြောပြလိုက်တယ်၊သူတို့တွေအံ့ဩသွားကြတယ်။
ဒီလောက်အလုပ်ကြီးကြီးလုပ်နေတာ၊ငါတို့လုံးဝမထင်ထားဘူး။
ချောင်းသာကိုရုတ္တရက်ရောက်လာပြီးဆိုက်ထဲလဲမသွားဘဲရုတ်ချည်းထပြန်တုန်းက
သိန်းနှစ်ထောင်ဖဲရှုံးခဲ့တာတွေပြောပြလိုက်တယ်။ဒီလောက်များတဲ့ငွေတွေဒီလိုဘဲ
လုပ်ပြစ်လိုက်ရလားဆိုပြီးအဖေခေါင်းတယမ်းယမ်းနဲ့
“သမီး...နင်လူရွေးမှားမယ်နော်...”
“ပစ္စည်း၊ဥစ္စာဆိုတာမမြဲဘူးနော်...”
“ငါတို့ဘဝတွေမှာသင်္ခန်းစာတွေရှိခဲ့တယ်၊နင့်ဦးငယ်ကိုနင်ပြန်ကြည့်စမ်းပါ”
“မိသားစုဖြစ်လာရင်သားသမီးဆိုတာရှိလာမယ်”
“ငါတော့ဒုတိယကိုတိုးတစ်ယောက်ထပ်မရောက်စေချင်ဘူး”
“ကျန်တာသမီးဆုံးဖြတ်ပါ”
ကျမအဖေ့စိတ်ကိုငယ်ငယ်ထဲကနားလည်ပြီးသားပါ။
ဦးဝါသနာလောင်းကစားဆိုတာနဲ့အဖေ့မှာအဖြေရှိပြီးသားပါ
ဒါပေမဲ့အခုအချိန်မှာကျမဦးကိုအရမ်းချစ်နေမိပြီ၊
ကျမလမ်းဆုံကိုရောက်နေပြီ၊မိဘတဖက်နဲ့ချစ်ရတဲ့ဦး
ကျမဦးကိုသူ့ဝါသနာစွန့်လွတ်ဖို့နားချချင်သေးတယ်။
အချိန်ယူရမယ်ဆိုတာကျမနားလည်ပါတယ်။ကျိုးစားကြည့်ချင်တယ်။
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာကျမတို့နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းဘဏ်တွေမှာအပ်ထားတဲ့ငွေထုတ်မရတာတွေကြောင့်ဝန်ထမ်းလုပ်ခတွေ
ပေးဖို့အခက်တွေ့လာပါတယ်။ဘဏ်အကောင့်တူအချင်းချင်းပေးလို့ရပေမဲ့အခြားဘဏ်
တွေကိုပေးရခက်သွားပြီ၊စာရင်းပြောင်းခွင့်မပြုတော့ပါ။
ဆားဗစ်ကောင်းပါတယ်ဆိုတဲ့ဘဏ်ကြီးတွေလဲပြောင်းပြန်ဖြစ်သွားကြပါပြီ၊
ဘဏ်တွေနဲ့လုပ်ငန်းရှင်ကြားကယုံကြည်မှုတွေပျောက်ဆုံးကုန်ပါပြီ။
ကိုဗစ်ရောဂါတွေဖြစ်နေဆဲ၊လမ်းပေါ်မှာလူတွေလဲထွက်နေဆဲ
ATM စက်မှာငွေထုတ်ဖို့တန်းစီနေတဲ့လူတွေလဲအများကြီး၊
ဆိုက်ထဲအလုပ်၊လုပ်ရတာတွေအဆင်မပြေဘူး။
အလုပ်သမားတွေကိုစုရတာခက်လာတယ်။လမ်းပေါ်ရောက်နေလို့
ဒီခေတ်ပျက်ကြီးထဲမှာဘယ်သူတွေစီးပွါးဖြစ်နေလဲလို့မေးခဲ့ရင်၊
ဘဏ်ဝန်ထမ်းတွေလို့ဘဲပြောပါရစေ၊ကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့
ဘဏ်ဝန်ထမ်းတွေကိုမျက်နှာငယ်၊အောက်ကြို့ပြီးပြောနေရတယ်။
ထုတ်လို့ရလားမေးရင်၊မရပါ။ ဗဟိုဘဏ်အမိန့်ဆိုတဲ့စာရွက်ဘဲထုတ်ပြတယ်၊
သူတို့အချိတ်အဆက်နဲ့သူတို့လုပ်စားနေကြတယ်။ရာခိုင်နှုန်း ပေးမှငွေထုတ်လို့ရတယ်။
စိတ်ပျက်စရာအကောင်းဆုံးအချိန်တွေ၊ဘဏ်တွေကိုစိတ်ပျက်သွားပြီ၊
ဖေါက်သည်တွေရဲ့ယုံကြည်မှုကိုဘဏ်တွေကအလွဲသုံးစားလုပ်သွားကြပြီ၊
ကုမ္ပဏီဝန်ထမ်းလစာတွေကိုဆောက်လုပ်ရေးအသင်းထောက်ခံချက်နဲ့
လျှောက်ရင်ငွေထုတ်ခွင့်ပေးမယ်ဆိုလို့တင်လိုက်တဲ့လျှောက်လွာတွေ၊
ဘာမှလဲထူးခြားမလာဘူး၊ထုတ်ခွင့်မရခဲ့ပါ။
ဒါတွေကကိုယ့်ငွေကိုယ်ပြန်ထုတ်နေတာ၊ဘဏ်ကချေးနေတာမဟုတ်ပါ။
ဘဏ်အပြင်မှာတန်းစီနေတဲ့ကျမတို့ရှေ့မှာအိတ်ကြီးအိတ်ငယ်တွေနဲ့သူ့လူနဲ့သူထုတ်လိုက်တဲ့
ငွေထုတ်ကြီးတွေမနဲမနော၊
ကျမတို့ဘယ်လိုလုပ်ပြီးယုံကြည်ရတော့မလဲဘဏ်တွေကို၊
ဒီလိုခေတ်ပျက်နေတဲ့ကြားမှာယုံကြည်မှုကိုအလွဲသုံးစားလုပ်နေတဲ့ဘဏ်ဝန်ထမ်းတွေအလုပ်အဖြစ်ဆုံး
သူတို့ဘဲလုပ်ပိုင်ခွင့်ရှိတယ်။
အလုပ်လုပ်ရတာအကြမ်းတမ်းဆုံးအချိန်တွေ၊
ဆိုက်တွေကိုကျမလိုက်ကြည့်လေ့ရှိတယ်၊ရောဂါတွေလဲဖြစ်နေဆဲ
လမ်းပေါ်မှာလဲလူတွေအများကြီး၊ ATM စက်ရှေ့မှာလဲတန်းစီနေဆဲ
လူတွေရောဂါကိုမေ့နေကြပြီ
ရန်ကုန်ဆိုက်တွေထဲကျမနေ့တိုင်းရောက်တယ်၊
နှာခေါင်းစည်းတွေအကာအကွယ်တွေတော့ဝတ်ထားတာဘဲ၊
ရုံးမှာကျန်နေတဲ့ဝန်ထမ်းတွေကြောက်ပြီးအပြင်မထွက်ရဲကြဘူး၊
တောသူဖြစ်တဲ့ကျမသူတို့တွေထက်အကြမ်းခံမယ်လို့ထင်တာဘဲ၊
ညကတရေးနိုးတော့ကျမ....တုန်ပြီးချမ်းနေတယ်
မနက်အိပ်ရာထတော့ကိုယ်လက်တွေနာနေတယ်။လည်ချောင်းတွေနာနေတယ်
Covid Delta ကျမရောဂါကူးခံရပြီထင်တယ်။
ဝန်ထမ်းတွေကိုမေးကြည့်တော့သူတို့လဲကိုယ်လက်နာနေတယ်၊
နေမကောင်းသလိုဖြစ်နေတယ်၊အလုပ်နားချင်နေတယ်၊
မပြောရဲလို့ပါ၊အားလုံးအကူးခံရပြီထင်တယ်၊
အရှေ့ဒဂုံဆိုက်ထဲဖုံးဆက်တော့” ဂျာကြီးမလာနဲ့၊အားလုံးအနံ့မရတော့ဘူး”
“အားလုံးနေကောင်းကြတယ်၊အစားသောက်မပျက်ဘူး”
ကျမတို့မေ့နေတဲ့ကိုဗစ်ကျမတို့ဆီရောက်လာပြီ၊သွေးဖေါက်ပြီးစစ်ကြတယ်။
ကျမတို့အားလုံးထိသွားပြီ၊အံ့ဩရတာကဦး၊ဒရိုင်ဘာအဖွဲ့၊ထမင်းချက်အန်တီတို့မှာ
အင်တီဘော်ဒီထွက်နေပြီ၊ဘယ်အချိန်ကဖြစ်ပြီးသွားလဲမသိပါ။
အင်ဂျင်နီယာလူငယ်တွေကဖြစ်ပြီးပြန်ကောင်းနေပြီ၊
၂၀၂၁ ဇူလိုင်လဆန်းမှာရုံးခန်းကလူတွေအားလုံးအကူးခံရပြီ
ကိုဗစ်ရောဂါရန်ကုန်မြို့ကြီးမှာအကြီးအကျယ်ပြန့်နေပြီလို့သတင်းတွေတက်နေတယ်။
ဘဏ်မှာတန်းစီနေတဲ့လူတွေအားလုံးအောက်စီဂျင်စက်ရုံတွေဆီရောက်ကုန်ပြီ
အိမ်တိုင်းမှာကိုဗစ်ဖြစ်နေကြပြီ၊ဆေးရုံတွေမှာလဲကိုဗစ်လူနာဆိုလက်မခံကြ
ကိုဗစ်စင်တာအချို့ကိုဖျက်လိုက်ကြပြီ၊ကျန်တဲ့ကိုဗစ်စင်တာတွေမှာလဲလူနာတွေအပြည့်
ကျမတို့တဖွဲ့လုံးကိုဆေးရုံတက်မလားလို့ဦးကမေးတယ်။
ဖြစ်စမို့လားမသိဘာမှမခံစားရပါ၊မလိုပါဘူး၊အားလုံးအစားမပျက်နေကောင်းနေကြတယ်။
ဒါပေမဲ့..ကျမတို့အောက်မဆင်းတော့ပါ၊ဦး...ကိုဝေးဝေးနေခိုင်းတယ်
ရန်ကုန်မှာအောက်စီဂျင်အိုးတွေအလုအယက်ဝယ်နေကြတယ်၊
လူတွေအောက်စီဂျင်စက်ရုံမှာတညလုံးတန်းစီနေကြတယ်
ဦးကအောက်စီဂျင်အိုးကြီးတွေဈေးကြီးပေးပြီးဝယ်လာတာမြင်နေတယ်။
နောက်ထပ်မီးနဲ့ချိတ်ပြီးအောက်စီဂျင်ထုတ်စက်တွေလဲဦးဝယ်လာတယ်။
ကျမတို့ဝန်ထမ်းအဖွဲ့များတော့လိုလိုမယ်မယ်ဆိုပြီး၊ဦး..အောက်စီဂျင်နဲ့ပတ်သက်တာ
တွေစုနေတယ်။လူတွေအားလုံးမှာလဲလိုနေတယ်။
ပိုနေရင်လှူလိုက်မယ်လို့ဦးပြောတယ်။
ကျမတို့အဖွဲ့ကဖြစ်စကသိပ်မခံစားရသလိုဘဲ၊နေကောင်းအစားမပျက်ကြဘူး။
ပုံမှန်အောက်စီဂျင်တိုင်းတယ်၊သွေးပေါင်ချိန်ချိန်တယ်၊အားလုံးပုံမှန်ဘဲ
ကျမကိုယ်ကျမ၊တောသူဆိုတော့သူတို့ထက်ပိုမာမယ်လို့ထင်ပါတယ်။
ရောဂါဖြစ်သက်တမ်း 3 ရက်လောက်အရောက်မှာအနံ့မရတော့ဘူး
နောက် 5 ရက်ကျတော့လျှာပေါ်မှာဘာအရသာမှမရှိတော့ပါ။
ဘာစား၊စားအရသာမရှိတော့ပါ။အစားအသောက်ပျက်လာပါတယ်။
ကျမတို့ရောဂါဖြစ်နေချိန်တွေမှာဦးဘယ်မှမသွားဘူး၊
ဘာဖြစ်ဖြစ်ကျမအနားမှာဦးရှိနေရင်အားရှိတယ်။
အစားအသောက်ပျက်နေတဲ့ကျမတို့ကိုအတင်းအစားစားခိုင်းတယ်
မစားချင်လဲကြိတ်မှိတ်ပြီးစားလို့ဦးသတိပေးနေတယ်၊၊
စွပ်ပြုတ်တွေ၊အရိုးပြုတ်တွေသောက်တယ်၊နို့၊ကြက်ဥ၊ဒိန်ချဉ်၊ကြက်သားတွေစားခိုင်းတယ်။
“အစားမစားရင်နင်တို့ပိုခံရမယ်၊ဝင်အောင်စားကြပါ”ဦးအမြဲတမ်းပြောနေတယ်၊
ဖြစ်စကကုထုံးတွေလဲမသိကြဘူး၊ကြားဘူးနားဝနဲ့သောက်ဆေးတွေသောက်ကြတယ်၊
D3,Cevit,Zinc,အားဆေးတွေသောက်ကြတယ်၊ကုထုံးမှန်၊မမှန်လဲမသိ
ဆေးရုံ၊ဆေးခန်းတွေမှာလဲလူနာလက်မခံ၊နောက်ဆုံးဦးဆရာဝန်လေးတစ်ယောက်ခေါ်လာတယ်။
ဆရာဝန်လေးက Ramdesivir ဆေးထိုးချင်တယ်။ဆေးကဈေးကြီးတယ်။
အချို့ဆရာဝန်တွေကဒီဆေးကိုမထိုးချင်ကြဘူး၊တစ်ယောက်တစ်မျိုးစီအယူအဆတွေ၊
ဒါပေမဲ့လောလောဆယ်ပစ္စည်းပျောက်နေတယ်။ဦးရအောင်ရှာလာခဲ့တယ်။
ဈေးကြီးပေးပြီးဝယ်ခဲ့ရတယ်။ကျမတို့ 7 ယောက်အတွက်
6 ရက်ဆက်တိုက်ထိုးရတယ်၊ဒီဆေးထိုးပြီးနောက်ကျန်တဲ့လူတွေသက်သာလာတယ်။
ပုံမှန်မဖြစ်တာကကျမ၊တမနက်အိပ်ယာထခေါင်းနဲနဲမူးနေတယ်၊
အောက်စီဂျင်ကျနေတယ်၊သွေးပေါင်ချိန်လဲကျနေတယ်
အနာတခြား၊ဆေးတခြားဖြစ်နေပြီထင့်၊တဖြေးဖြေးနဲ့ကြောက်လာပြီ
ကျန်တဲ့လူတွေကပုံမှန်၊ ကျမတစ်ယောက်ဘဲအောက်စီဂျင်တွေကျလာတယ်။
ဝန်ထမ်းတွေကနယ်ကလာတာတွေ၊ရောဂါဖြစ်တော့အိမ်ပြန်ချင်နေကြတယ်။
ဦး..ကဘာမှမပူကြနဲ့၊ဆရာမတွေခေါ်ပေးမယ်။
ဒီအချိန်နယ်မပြန်ကြပါနဲ့၊နယ်မှာတွေလဲဖြစ်နေတယ်။
ရောဂါဖြစ်နေတဲ့လူနာတွေကိုအဝင်မခံဘူး..ဦးရှင်းပြတယ်။
တချို့ကစိုးရိမ်ထိပ်လန့်ပြီးတငိုငိုနဲ့ဖုံးတွေဆက်ကြ၊
ဒီအချိန်ကားအသွားအလာမရှိကြဘူး၊သွားရေးလာရေးအရမ်းခက်နေတယ်။
ဦး...ကျမတို့အတွက်သူနာပြုဆရာမ နှစ် ယောက်ခေါ်လာခဲ့တယ်။
နေ့နေ့ညည ...ဒီမှာဘဲစောင့်ရှောက်နေပေးမယ်။
ဆေးထိုးပေးတဲ့ဆရာဝန်လေးလဲလာကြည့်ပေးတယ်။
ကျန်တဲ့ဝန်ထမ်းတွေအစားအသောက်ပျက်၊ကိုယ်လက်နာတာတွေ၊ချောင်းဆိုးလည်ချောင်းနာတာတွေ
တဖြေးဖြေးသက်သာလာကြတယ်။
ကျမကိုယ်ကျမအထင်ကြီးခဲ့တာပြောင်းပြန်ဖြစ်သွားပြီ၊
ဆိုက်ထဲလျှောက်သွားခဲ့တဲ့ကျမကိုယ်ထဲကိုဗစ်ပိုးကောင်ရေတော်တော်များများဝင်သွားပြီ
ထင်ပါရဲ့၊လူကညညအိပ်လို့မရတော့ဘူး၊စိတ်တွေလဲဂယောက်ဂယက်
ပိုဆိုးတာကကျမချောင်းဆိုးရင်သွေးပါလာတယ်။ကျန်တဲ့လူတွေဘာမှမဖြစ်ဘူး။
ဆရာဝန်ကကျမဓါတ်မှန်ကြည့်ပြီးအဆုပ်တော်တော်ထိခိုက်နေပြီလို့ပြောတာကြားနေတယ်။
ဒီအတောအတွင်းအသိမိတ်ဆွေထဲကဆုံးပါးကုန်တာနေ့တိုင်းကြားနေရတယ်။
ဖေ့ဘွတ်ကိုမကြည့်ရဲလို့ပိတ်ထားတယ်၊ပရိုဖိုင်းမဲမဲကြီးတက်လာရင်ကြောက်နေရပြီ၊
ကျမဒီတောင်ကိုကျော်နိုင်ပါ့မလား၊ကျမဦးနဲ့ဒီဘဝမှာဆုံနိုင်ပါ့မလား
အတွေးတွေကြားထဲမှာဝမ်းနည်းနေမိတယ်။
ကျမအိပ်မက်က၊ကိုယ်ပိုင်ငွေနဲ့ငွေသောင်ယံရွာလေးကိုမူလတန်းကျောင်းဆောက်ပေးချင်တယ်၊
ဦးနဲ့ကျမ..ရွှေသောင်ယံကကျမတို့ဟိုတယ်မှာလက်ထပ်ချင်တယ်။
မော်လမြိုင်ရှိနေတဲ့..အန်းကုန်း၊အန်းမတို့ကိုရွှေသောင်ယံဟိုတယ်မှာပေးနေချင်တယ်။
လူကြီးတွေအတွက်ပင်လယ်လေတွေကအထောက်အကူဖြစ်စေမယ်လို့ကျမထင်တယ်။
ကျမအိမ်မက်တွေဒီဘဝမှာဖြစ်နိုင်ပါတော့မလားတွေးရင်းဝမ်းနည်းမိတယ်။
ကိုဗစ်ရောဂါခုမှစဖြစ်တဲ့ကျမတို့နိုင်ငံမှာကုထုံးတွေနဲ့မရင်းနှီးသေးပါ။
တစ်ယောက်နဲ့တစ်ယောက်အယူအဆတွေမတူကြပါ။
Ramdesivir ဆေးထိုးတာချင်အတူတူ၊ကျမကလွဲအားလုံးသက်သာလာကြတယ်။
အဓိကကိုယ်ခံအားကောင်းဖို့၊အစာများများစား၊အိပ်ရေးဝအောင်အိပ်။
ကိုယ်ခံအားကောင်းတဲ့လူတွေရောဂါမဖြစ်ဘူး။
ဖြစ်ခံရင်လဲနဲနဲဘဲဖြစ်ပြီးပြန်ကောင်းကြတယ်။
သက်သာလာတဲ့လူတွေကိုအပေါ်မှာဘဲနေစေပြီး၊ကျမကိုဦးနေတဲ့အထပ်ကိုရွှေ့ထားတယ်။
ဆရာမတစ်ယောက်ကအပေါ်ကလူနာကိုကြည့်ဖို့တာဝန်ပေးထားပြီး
ကျန်တဲ့ဆရာမကကျမဘေးမှာအမြဲကြည့်နေတယ်။
သူတို့ကျတော့ဘာလို့မဖြစ်လဲလို့မေးကြည့်တော့ကျန်းမာရေးဝန်ထမ်းတွေက
ကာကွယ်ဆေးတစ်ကြိမ်းထိုးထားပြီးပြီ
ဒါပေမဲ့သူတို့လဲအကာအကွယ်အပြည့်အစုံနဲ့ကြည့်ပေးပါတယ်
ကျမအတွက်အစားအစာတွေကိုဦးကိုယ်တိုင်စီစဉ်ပေးတယ်၊
စားရင်လဲအနားမှာအမြဲစောင့်ကြည့်နေတယ်၊
ကျမကိုတစ်ယောက်ထဲညစာစားခဲ့ရတာအချိန်၊ပြန်သတိရမိတယ်
ဦးပြန်ဝဋ်လည်တာလို့နောက်လိုက်သေးတယ်။
ကျမအားရှိအောင်ဦးကိုယ်တိုင်ငှက်သိုက်ပေါင်းပြီးကျွေးတယ်။
ဦးကသူ့ပါးပါး၊မားမားအတွက်လုပ်ပေးနေကျလို့ပြောတယ်။
စားလိုက်တာဘဲရှိတယ်၊ပါးစပ်ကပျက်နေတုန်းဘဲ
လူလဲအားမရှိတော့ဘူး၊အောက်စီဂျင်စက်ကိုနှာခေါင်းမှာအမြဲတပ်ထားရတယ်၊
ဖြုတ်တာနဲ့အောက်စီဂျင်ကျပြီ၊အိမ်သာသွားရင်တောင်အောက်စီဂျင်အိုးတန်းလန်းနဲ့သွားရတာ
12 ရက်မြောက်နေ့မိုးလင်းထဲကခေါင်းမထူနိုင်လို့မျက်နှာမသစ်ရဘူး
ဘာမှမစားချင်ဘူး၊ဦးမနက်စာတွေယူခဲ့ပေးတယ်၊မစားဖြစ်ပါ
စိတ်ထဲမှာအိပ်ချင်နေတယ်၊ဒါပေမဲ့အိပ်မရပါ၊ချောင်းဆိုးတာဆိုးတာ
ချောင်းဆိုးရင်သွေးပါလာတယ်၊နေ့လည်ထိကျမဘာမှမစားဖြစ်လို့
ဦးငှက်သိုက်လာကျွေးတယ်၊”မစားချင်ဘူး”
...မစားလို့မဖြစ်ဘူး၊ငှက်သိုက်တစ်ခွက်ကုန်အောင်သောက်လိုက်ပါ
ဦးချော့ပြီးကျွေးတော့စားလိုက်ပါတယ်၊ချိုတဲ့အရသာကိုကျမလျှာကမသိ
အိမ်သာသွားမလို့လမ်းလျှောက်တာမောနေတယ်၊ဆရာမလာတွဲရတယ်။
ဒီနေ့တနေ့လုံးနှုံးချိနေတယ်၊စိတ်ထဲမှာကြောက်နေတယ်
“ကျမသေရတော့မယ်ထင်တယ်”ဘေးမှာရှိနေတဲ့ဦးကိုပြောလိုက်မိတယ်၊
“နင်ကဘာလို့သေရမှာလဲ၊ရောဂါသက်တမ်းက ၁၄ ရက်ဘဲရှိတာ”
“နေပြန်ကောင်းတော့မှာ”
“ဘာမှစိတ်ထဲမထားနဲ့”
ဦးပြောတာတွေကြားတချက်မကြားတချက်နဲ့အိပ်ပျော်တာလား၊မေ့မျောတာလားမသိတော့ပါ
“နွေးနွေး....နွေးနွေး....”ဦးကျမလက်ကိုလှုပ်ပြီးခေါ်သံကြားတယ်၊
မျက်လုံးတွေလေးနေတယ်၊အသက်ရှုရတာမကောင်း၊ရင်ထဲကြပ်နေသလိုမောနေသလိုမျိုးခံစားနေရတယ်။
ကျမမျက်လုံးဖြေးဖြေးဖွင့်ကြည့်လိုက်တော့၊ရုံးအဖွဲ့အားလုံး၊ဆရာမတွေနဲ့အတူဦးကိုတွေ့လိုက်တယ်။
သူတို့မျက်လုံးတွေကျမကိုစိုးရိမ်စိတ်နဲ့ကြည့်နေကြတယ်။
ဦးကဖုံးဆက်နေတယ်၊ဆေးရုံတင်ဖို့အကြောင်းတွေပြောနေသံကြားတယ်။
“ဦး...ကျမဆေးရုံတက်ချင်တယ်၊ပို့ပေးပါ”
“ဆရာနဲ့ဖုံးဆက်ထားတယ်၊မပူနဲ့၊ဦး...ပို့ပေးမယ်”
“ဦး..ကျမလက်ကိုကိုင်ထားပေးပါ၊မလွတ်နဲ့နော်”
“ကျမအိပ်ချင်နေတယ်၊ကျမကြောက်တယ်၊ပြန်မနိုးတော့မှာကြောက်တယ်”
ရုံးအဖွဲ့တွေရဲ့ရှိုက်ငိုသံတွေကြားနေတယ်၊
“ဦး...ကျမလက်ကိုမလွတ်ပါနဲ့နော်”
…………………………………………………………………………………………………………….
ရွှေသောင်ယံဟိုတယ်ဘေးကကမ်းစပ်သဲသောင်ပြင်မှာမင်္ဂလာအခမ်းအနားပြင်ထားတယ်။
ဧည့်သည်တွေစုံနေကြပြီ.......
ဦးနဲ့ကျမအဖြူရောင်ဆင်တူ၊မင်္ဂလာဝတ်စုံနဲ့လက်ချင်းတွဲပြီး၊
ရင်ဘတ်မှာမင်္ဂလာအထိမ်းအမှတ်အနီရောင်ဖဲကြိုးလေးကိုယ်စီ၊
ကျမဦးခေါင်းထက်မှာမင်္ဂလာဆောင်ဇာခေါင်းစည်းလေးစည်းလျက်၊
ဖြေးဖြေးချင်းလမ်းလျှောက်ထွက်လာပြီ
ကျမအရမ်းပျော်နေတယ်၊ဦးလက်ကိုတင်းတင်းဆုပ်ပြီးဖြေးဖြေးလှန်းလာနေပြီ
မင်္ဂလာစင်မြင့်ထက်ဆီသို့..........
တီးဝိုင်းအဖွဲ့ကကြည်နူးဖွယ်မင်္ဂလာတေးသွားတရုတ်သီချင်းကိုတီးမှုတ်နေတယ်၊
ဧည့်သည်တွေကိုနှုတ်ဆက်အပြုံးနဲ့နှုတ်ဆက်ရင်းဖြေးဖြေးလျှောက်လာနေတယ်၊
ဦး...မင်္ဂလာစင်မြင့်ကိုမတက်ဘဲပင်လယ်ကမ်းခြေဖက်ကိုဆက်လျှောက်နေတယ်၊
“ဦး...ဘယ်သွားမလို့လဲ၊စင်မြင့်ကနောက်မှာကျန်ခဲ့ပြီ”
ကမ်းခြေရောက်တော့..ဦး..ကျမလက်ကိုအတင်းဖြုတ်ချပြီး
ပင်လယ်တည့်တည့်ဆီပြေးသွားနေတယ်
ရုတ္တရက်ကျမကြောင်နေပြီးမှကျမလဲဦးရဲ့အနောက်ကိုဂါဝန်မပြီးအပြေးလိုက်ပါတော့တယ်
“ဦး...ပြန်လာခဲ့ပါ၊ကျမကိုမထားခဲ့ပါနဲ့”
ကျမဒူးထောက်ရက်လဲကျသွားပါတယ်၊မင်္ဂလာပန်းစည်းလဲလွင့်စင်ကျေမွသွားပါပြီ
ဦး...ကျမကိုထားခဲ့ပြီး၊ပင်လယ်ထဲခုန်ချပျောက်ကွယ်သွားပါပြီ
“ဦး...ကျမကိုမထားခဲ့ပါနဲ့၊ဦး....ကျမကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့”
ကျမလက်တွေသဲတွေကိုဆုပ်ကိုင်ရင်း၊နှုတ်မှလဲငိုရင်းပြောနေမိပါတယ်
“ဦး...ကျမကိုမထားခဲ့ပါနဲ့””ကျမ..ကိုမထားခဲ့ပါနဲ့”
…………………………………………………………………………….
အဖေဒေါသထွက်နေတယ်၊ကျမကိုမကြည့်ဘဲအဝေးကိုငေးကြည့်နေတယ်၊
“အဖေ...သမီးမိုက်ကိုခွင့်လွတ်ပါ၊”
“အဖေမုန်းတဲ့လူကိုချစ်နေမိတဲ့ကျမကိုအဖေကြိုက်သလိုအပြစ်ပေးပါ”
“အဖေ...သမီးကိုခွင့်လွတ်ပါ”
…………………………………………………………………………………..
“မော်မော်..ရေ...ငါဘာဆက်လုပ်ရမလဲ”
“ငါ...ဦးကိုအရမ်းချစ်နေပြီ၊”
“ငါ့အဖေ...ကစားသမားတွေကိုအရမ်းမုန်းတယ်”
“ငါဘာဆက်လုပ်ရမလဲ၊”
ငါဘာလုပ်ရမလဲ...မော်မော်
……………………………………………………………………………..
“အရှင်ဘုရား...တပည့်တော်မ...ရိုသေစွာလျှောက်ထားခွင့်ပြုပါ”
“ငွေသောင်ယံရွာကလေးအတွက်တပည့်တော်ချွေးနဲစာနဲ့မူလတန်းကျောင်းဆောက်ပေးချင်ပါတယ်”
“မူလတန်းကျောင်းဆောင်လှူပြီးသည်အထိတပည့်တော်ကိုနေခွင့်ပေးပါ”
“ရှင်သန်ခွင့်ပေးပါ၊တပည့်တော်မသေပါရစေနဲ့...အရှင်ဘုရား”
…………………………………………………………………………………………………………
နားထဲမှာအသံတွေကြားနေတယ်၊ဒါပေမဲ့ကြားနေကျအသံတွေမဟုတ်၊
အိပ်နေရင်းကိုယ်လှည့်ကြည့်လိုက်တာ၊တစုံတယောက်လက်မောင်းကိုလာထိမ်းတာခံစားလိုက်ရတယ်
“ဦး....မနွေး၊သတိရလာပြီ၊ မနွေး....မနွေး...နားနားကပ်ပြီးခေါ်သံကြားတယ်”
မျက်လုံးဖြေးဖြေးဖွင့်ကြည့်လိုက်တယ်၊
စိုးရိမ်တဲ့မျက်လုံးနဲ့စိုက်ကြည့်နေတဲ့ဦး...ဦးဘေးမှာဆရာမ၊
လက်နှစ်ဖက်လုံးဆေးတွေချိတ်ထားတယ်၊အဖြူရောင်အခန်းငယ်ထဲမှာ
နှာခေါင်းမှာဆေးနံ့၊အရက်ပျံအနံ့တွေရနေတယ်။
နွေးနွေးသတိရပြီလား၊ဘာမှမပူနဲ့တော့၊ဆေးရုံရောက်နေပြီ
ကျမသတိမေ့နေတာ ၂ ညရှိခဲ့ပြီ၊အခုပါရမီဆေးရုံရောက်နေတယ်။
ဆေးရုံမရောက်ခင်ကျမပါးစပ်ကဘာတွေယောင်ယမ်းပြောနေမှန်းမသိ၊
နောက်ပြီးသတိလစ်သွားတယ်။ရုံးခန်းမှာသတိလစ်ပြီးတဲ့နောက်
ကျမပါးစပ်ကထွက်လာတဲ့စကား၊အားလုံးဦး....ကြားနေတယ်။
နောက်ကျတော့ဦး...ပြန်ပြောပြတယ်၊
ကျမ၊မရှက်ပါဘူး၊ဒီစကားအားလုံးဟာကျမရင်ထဲကလာတဲ့စကားလုံးတွေပါ။
ကျမရင်ထဲကစကားတွေဦး...ကြားလိုက်တာပိုတောင်ကောင်းသေးတယ်။
ပါရမီဆေးရုံမှာကျမကိုဦးကျော်နဲ့ဆရာမ..နှစ်ယောက်စောင့်ပေးတယ်။
ရောဂါရှိသူတွေနဲ့အတူရှိနေလို့ဦးကိုလဲအိမ်ပြန်ခွင့်မပြုပါ၊
အောက်စီဂျင်စက်နဲ့အသက်ရှုနေရတယ်။လက်နှစ်ဖက်လုံးဆေးတွေချိတ်ထားတယ်။
ညဖက်အိပ်ဆေးနဲ့အိပ်နေရတယ်။လမ်းလျှောက်ရင်မောနေတုန်းဘဲ
ကျမကိုရှင်သန်ခွင့်ပေးတဲ့ဗုဓ္ဒဘုရားရှင်ကိုကျေးဇူးတင်တယ်
မူလတန်းကျောင်းကိုနေပြန်ကောင်းရင်ဆောက်မယ်လို့ရည်ရွယ်ထားတယ်
ကျမကိုယ်ပိုင်ငွေနဲ့တော့မလောက်ဘူး၊ဒါပေမဲ့..ကျမအဖေကူမယ်လို့ကတိပေးထားတယ်။
ကျမငွေတွေလဲမလိုချင်တော့ဘူး၊နေကောင်းအောင်ပြန်ကျိုးစားရတော့မယ်။
ဆေးရုံဆိုတော့သူတို့ကုထုံးနဲ့ကုသပေးပါတယ်၊ကျမလဲအခြေအနေပြန်ကောင်းလာနေပြီ။
ချောင်းသာအိမ်ကိုပြန်ချင်တယ်။အမေတို့အိမ်ကိုပြန်ချင်တယ်။
အလုပ်တွေလဲလုပ်ချင်စိတ်မရှိတော့ဘူး။ဆေးရုံမှာလဲမနေချင်ဘူး၊
ကျမနဲနဲသက်သာလာပေမဲ့ကျမဘေးကလူနာတွေခဏခဏအပြောင်းအလဲဖြစ်နေတယ်။
ကျမရှေ့မှာသေခြင်းတရားနဲ့နေ့တိုင်းကြုံနေရတယ်။
ကျမကြောက်နေမိတယ်။ဦးအမြဲတမ်းကျမဘေးမှာရှိနေလို့တော်သေးတယ်။
အမြဲအားပေးစကားတွေပြောနေတယ်။ဆေးရုံမှာဆယ်ရက်နေခဲ့ရတယ်။
ရုံးခန်းပြန်ရောက်ပြီ၊အဖွဲ့တွေနဲ့ပြန်ဆုံလို့စိတ်အပြောင်းအလဲတော့ဖြစ်ပါတယ်။
လှုပ်ရှားရင်မောနေတုန်းဘဲ၊အရင်ကအရမ်းသန်မာခဲ့တဲ့ကျမ၊အခုပျော့ခွေနေပြီ။
ရင်ထဲမှာကြောက်စိတ်တွေအောင်းနေတယ်။
ရုံးအဖွဲ့အားလုံးရောဂါကင်းစင်နေပြီ၊အိမ်မပြန်ဖြစ်ကြပါ။
ကျမနဲ့ဆရာမတို့ဦးအထပ်မှာဘဲအိပ်ကြတယ်။
ကျမရောဂါကင်းပြီး၊ဆရာမ...မလိုတော့ရင်အပေါ်ထပ်ပြန်တက်မယ်။
ကျမအဆုပ်အောက်ပိုင်းတွေဖြူနေတာကိုဓါတ်မှန်မှာတွေ့ခဲ့ရတယ်။
ကြာရင်တဖြေးဖြေးကောင်းသွားမယ်လို့ပြောကြတယ်။
အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ခိုင်းတယ်၊ဒါမှအမောခံနိုင်လာမယ်လို့ပြောတယ်။
ကျမရင်ထဲမှာကြောက်စိတ်တွေရှိနေတယ်၊ဘာကိုကြောက်နေလဲကျမ၊မသိပါ။
သေရမှာကြောက်နေတာလား၊တခုခုကိုစိုးရိမ်နေတာမျိုးလား၊မပြောတတ်ဘူး
နေရတာမပျော်ဘူး၊
မော်မော်ကိုသတိရလို့ဦးကိုမေးကြည့်တော့သူတို့တအိမ်လုံးကိုဗစ်ဖြစ်ကြတယ်။
ခုတော့ပြန်ကောင်းနေပြီဆိုတော့ကျမစိတ်အေးသွားပါတယ်။
ဖုံးတော့မဆက်ဖြစ်၊ကျမကိုယ်တိုင်ဖုံးဆက်ချင်စိတ်မရှိလို့ပါ။
ဈေးကြိုခြံထဲကအန်းကုန်း၊အန်းမတို့ဘာမှမဖြစ်လို့တော်သေးတယ်၊
ခြံကျယ်တယ်၊လူဝင်လူထွက်မရှိတော့ရောဂါကင်းတယ်။
အဖေတို့ဆီမှာလဲမဖြစ်ကြဘူး၊အားလုံးအေးအေးဆေးဆေးဘဲ
ဒါပေမဲ့...ချောင်းသာကမ်းခြေမှာလူတွေမရှိတော့ဘူး၊
ဧည့်သည်တွေမလာကြတော့၊ချောင်းသာတရွာလုံးအလုပ်မရှိကြတော့ပါ။
ချောင်းသာဆိုက်ကြီးကငွေဈေးတွေတက်တာကြောင့်သံသမားပစ္စည်းမသွင်းနိုင်တော့ဘူး။
ဟိုတယ်ကြီးမှာဖြစ်ကြတာကျမတို့နဲ့မဆိုင်ဘူး၊ကျမတို့ကလက်ခစားလုပ်နေတာ၊
ပိုင်ရှင်၊သံသမားနဲ့ဦးတို့စကားတွေပြောနေကြတယ်။အရင်နှုန်းတွေနဲ့တော့သံသမားမလုပ်နိုင်တော့ဘူး။
ပစ္စည်းဈေးနှုန်းကိစ္စတွေပြန်ညှိုနေကြတယ်။
လောလောဆယ်သံသမားပစ္စည်းမချတော့ကျမတို့လဲအလုပ်ရပ်နေတယ်။
ကုမ္ပဏီဟိုတယ်အတွက်သံတွေဘိလပ်မြေတွေကြိုဝယ်ထားတော့နဲနဲခံသာတယ်။
ဆေးရုံဆင်းပြီး ဆယ့်ငါးရက်လောက်မှာဆရာမကိုပြန်လွတ်ပြီး
ကျမအပေါ်ထပ်ပြန်တက်ခဲ့တယ်၊လူလဲနဲနဲနေကောင်းလာပြီ
ဒါပေမဲ့အလုပ်ထဲကိုအာရုံစိုက်လို့မရ၊အိမ်တွင်းဒီဇိုင်းလက်စသတ်ဖို့ကျန်သေးတယ်။
စားပွဲပေါ်ထိုင်ပြီးကိုယ်ဆွဲထားတဲ့ပုံတွေပြန်ကြည့်တာ၊
ဆွဲထားတဲ့ပုံတွေကိုယ့်နဲ့စိမ်းနေသလိုဘဲခံစားရတယ်။
ထပ်ဆွဲဖို့လိုနေသေးတယ်ဆိုတာသိတယ်၊ဒါပေမဲ့ခေါင်းထဲကဘာမှမထွက်လာ၊
ဖုံးငွေဖြည့်ဖို့ AYA Banking password မေ့နေတယ်။
ဖုံးထဲရှာကြည့်ပြီးဖြည့်ဖို့ကိုယ့်ဖုံးနံပါတ်ကိုယ်မေ့နေတယ်။
ကျမမှတ်ဥဏ်တွေဘာဖြစ်ကုန်ပြီလဲမသိတော့ပါ၊
ပိုဆိုးတာကကားမမောင်းရဲတော့ဘူး၊ကိုယ်ကိုကိုယ်ယုံကြည်မှုပျောက်နေတယ်။
ကိုဗစ်ကလူ့သွေးကိုပြစ်စေတယ်။သွေးခဲအစအနတွေကသွေးကြောထဲပိတ်ဆို့စေပြီး
လူ့အသက်ဆုံးရှုံးတဲ့အထိဖြစ်တတ်တယ်။
ဆေးရုံဆင်းပြီးတော့ရောဂါဖြစ်တဲ့လူအားလုံးသွေးအပြစ်အကျဲကိုသွေးဖေါက်စစ်ပြီး
သွေးကျဲဆေး Enoxaprin ချက်ပတ်လည်အရေပြားအောက်ကအဆီပြင်မှာ 7 ရက်ဆေးထိုးကြတယ်။
တစ်ရက်ရုံးမှာထိုင်ရင်းမော်မော့်ကိုသတိရလို့ဖုံးကောက်ဆက်လိုက်တယ်။
ဖုံးစက်ပိတ်ထားတယ်၊နေပြန်ကောင်းနေပြီဘာလို့ဖုံးပိတ်ထားတာလဲ
ရုံးမှာဦးရှိနေတယ်
“ဦး...မော်မော့်ဖုံးပိတ်ထားတယ်၊ဦးဖုံးဆက်လို့ရလား “
ဦးကျမမျက်နှာကိုစိုက်ကြည့်ပြီး”နွေးနွေး..နင်...စိတ်လျှော့ထားနော်၊မော်မော်ဆုံးတာတစ်ပတ်ရှိပြီ”
ကျမခေါင်းထဲမိုက်ကနဲဖြစ်သွားတယ်”ဦး...ပြောတာနေကောင်းပြီဆို”
“ဟုတ်တယ်၊သွေးခဲတွေကအဆုပ်မှာဆို့ပြီးဆုံးသွားတယ်”
“ဦး..ဘာလို့နာရေးမသွားတာလဲ”
“သွားလို့မရလို့ပေါ့၊အသွားအလာတွေပိတ်ထားတယ်”
ဦးလဲစိတ်မကောင်းလို့မျက်နှာလွဲနေတယ်။
ကျမရင်ထဲအရမ်းဝမ်းနည်းပြီးငိုနေမိတယ်၊
မော်မော်မရှိတော့ဘူး၊ဆုံးသွားပြီ၊ကျမရင်ထဲကလက်မခံနိုင်ဘူး
ဒီနေ့ညစာကျမ၊မစားနိုင်ပါ၊မျိုမကျတာ
မော်မော်အကြောင်းတွေတွေးပြီးဝမ်းနဲလာတယ်။
ကျမအချစ်ဆုံးသူငယ်ချင်းမရှိတော့ဘူး၊တွေးရင်းတွေးရင်း၊ရင်ထဲမှာကြပ်လာတယ်။
ခြေဖျားတွေအေးစက်လာတယ်၊ရင်ထဲမှာကတုန်ကရင်ဖြစ်နေတယ်။
ကျမအခြေအနေမကောင်းတာဦးကိုအကြောင်းကြားလိုက်လို့ဦးအပေါ်ထပ်တက်လာတယ်။
“ဦး...ကျမရင်ထဲမှာမကောင်းဘူး၊နေလို့မကောင်းဘူး”
“ဘာဖြစ်နေလဲမသိဘူး”
ဦးကျမကိုသွေးပေါင်ချိန်တိုင်းတယ်
အပေါ်သွေး ၁၅၀/ အောက်သွေး ၈ရ /နှလုံးခုန် ၈၄
၅မိနစ်လောက်ထပ်တိုင်းတယ် ၁၆၅/၉၈ နှလုံးခုန် ၈ရ
ခဏဘဲထပ်တိုင်းတယ် ၁ရ၀/၉၉ နှလုံးခုန် ၉၀
ဒါပုံမှန်မဟုတ်တော့ဘူး၊ဦး..ကျမကို....အောင်ရတနာဆေးရုံခေါ်လာတယ်။
ဆေးရုံရောက်တော့သွေးပေါင်ချိန်တွေလဲတက်နေတုန်း၊
ကျမမှာဆီးချိုမရှိဘူး၊အခုဆီးချိုပါတက်နေတယ်။
ဆေး ၃မျိုးတိုက်တယ်။အီးစီဂျီတွေဆွဲတယ်။
ဆေးသောက်ပြီးနာရီဝက်လောက်မှာသွေးပေါင်ချိန်ပြန်ကျလာတယ်။
ဆီးချိုလဲပြန်ကျလာတယ်။နောက်တစ်နာရီလောက်မှာပုံမှန်ပြန်ဖြစ်လာတယ်။
ကျမခန္ဓာကိုယ်ပုံမှန်မဟုတ်တော့ဘူး၊မနက်ဖြန်နှလုံးအထူးကုနဲ့ပြဖို့စီစဉ်ရတော့မယ်။
အိမ်ပြန်ရောက်တော့ကျမသောက်တဲ့ဆေးတွေအကြောင်းဆရာဝန်ကိုမေးကြည့်တယ်၊
သွေးကျဆေး Losar denk 50mg
အိပ်ဆေး Xanax 0.5mg
နှလုံးငြိမ်ဆေး Corbis 5mg
နှလုံးအထူးကုဆရာဝန်ကြီးနဲ့စစ်ကြည့်တော့လဲအားလုံးပုံမှန်၊ပြန်စောင့်ကြည့်ကြမယ်၊
နောက်နှစ်ရက်ညဖက်ထပ်ဖြစ်လို့ဆေးရုံထပ်ရောက်တယ်၊
နှလုံးခုန်မြန်တယ်၊ခြေလက်အေးလာတယ်၊ဆီးချိုတက်တယ်။
အရင်ဆေးတွေဘဲထပ်သောက်ရတယ်။နောက်တစ်နာရီဆိုရင်ပုံမှန်ပြန်ဖြစ်သွားပြန်ရော
ကိုယ့်ကိုကိုယ်သိနေတယ်ပုံမှန်မဟုတ်ဘူးဆိုတာ
နှလုံးဆရာဝန်ကြီးကပေးတဲ့ဆေးတွေကိုဆောင်ထားခိုင်းတယ်။
နောက်ထပ်ဖြစ်ရင်ဆေးသောက်ဖို့မှာလိုက်တယ်။
နောက်ဖြစ်ရင်ဖုံးဆက်ဖို့လဲမှာထားတယ်။
နောက်သုံးရက်မှာထပ်ဖြစ်ပြန်တယ်။ဆရာဝန်ကြီးဆီဖုံးဆက်တယ်။
ပေးထားတဲ့ဆေးကိုသောက်ဖို့ပြောတယ်။နောက်တနာရီလောက်ဆိုပြန်ကျသွားတယ်။
ကိုယ့်ကိုကိုယ်စိတ်ပျက်လာတယ်။ဖြစ်တာတွေကရက်ခြားဖြစ်နေပြီ
နောက်အကြိမ်တွေမှာ သွေးကျဆေး Losar Denk ဖြုတ်လိုက်တယ်။
ဆေး နှစ်မျိုးနဲ့ပြန်ထိမ်းနိုင်တာတွေတွေ့လာတယ်။
မကြာခဏဖြစ်နေလို့ဆရာကြီးကဟော်မုန်းဆရာနဲ့တွေ့ဖို့အကြံပြုခဲ့တယ်။
အာယုဆေးရုံကဟော်မုန်းဆရာကြီးကိုပြတယ်။
ဆရာကြီးကအဒရီနယ်ဂလင်းကိုမသင်္ကာဘူး၊အဒရီနယ်ဂလင်းရောင်နေရင်လဲ
ဒီလက္ခဏာမျိုးဖြစ်တတ်လို့ပါတဲ့၊ CT scan ရိုက်ကြည့်တယ်။
ကျမအဒရီနယ်ဂလင်းကပုံမှန်ဘဲ၊ဒီလိုနဲ့ကျမနှလုံးဆရာဝန်ကြီးဆီပြန်ရောက်လာပြန်ပါတယ်။
နှလုံးဆရာဝန်ကြီးကညဖက်တွေမှာဆေးနှစ်မျိုးကိုတခြမ်းစီသောက်ဖို့မှာလိုက်တယ်
စိတ်ထဲမှာမသင်္ကာရင်တစ်လုံးစီသောက်ဖို့ပါမှာလိုက်တယ်။
နှလုံးခုန်တာတွေကရက်ခြားဖြစ်နေတဲ့ကျမစိတ်ဓါတ်ကျလာတယ်။
အလုပ်လုပ်ချင်စိတ်မရှိတော့ဘူး။
ဆရာကြီးကစိတ်လှုပ်ရှားစရာတွေရှောင်ဖို့မှာလိုက်တယ်။ဖြစ်ပျက်နေတဲ့လောကကြီးထဲမှာ
နေနေကြတဲ့ကျမတို့ဝမ်းနည်းစရာ၊ဝမ်းသာစရာတွေရှောင်လို့မရပါဘူး၊
တစ်ရက်ကျမနဲ့ဦး ..ညစာစားရင်းအမှတ်မထင်ဦးဆီကအလုပ်လုပ်ရတာခက်လာတဲ့အကြောင်းတွေ၊
ပစ္စည်းတွေဈေးတက်နေတဲ့အကြောင်းတွေ၊ပစ္စည်းမရှိလို့အလုပ်ရပ်ထားရတဲ့ဆိုက်တွေအကြောင်း
ကျမကြားမိပြီးအဲဒီည နှလုံးတုန်ရင်ခုန်ပြီးဆေးသောက်ခဲ့ရသေးတယ်။
နောက်တစ်ညတရေးနိုးမှမော်မော့်အကြောင်းတွေးပြီးစိတ်လှုပ်ရှားတာတွေဖြစ်၊ဆေးသောက်လိုက်ရတယ်။
တခါတလေညစာစားဖို့ဦးမရောက်လာတဲ့ညတွေမှာလဲကျမဆေးသောက်နေရတယ်။
ဟိုတုန်းကအသဲမာတဲ့ကျမခုတော့အသဲမမာနိုင်တော့ပါ။
ကျမနှလုံးသားတွေခံနိုင်ရည်မရှိတော့ပါ။
ကိုဗစ်နှိပ်စက်လိုက်တာဒီလောက်တောင်ကျမနှလုံးသားပျက်စီးခဲ့ရလားဆိုပြီး
ကိုယ့်ကိုကိုယ်ဒေါသထွက်ပြီးဆေးသောက်ခဲ့ရတဲ့ညတွေလဲမနဲပါ။
ဦးအကြံပေးလို့ကျမဘန်ကောက်ဆေးရုံသွားပြီးဆေးစစ်ခဲ့သေးတယ်။
ကျမနှလုံးစစ်ရင်အားလုံးကောင်းနေတယ်၊ကျမအဖြစ်တွေကိုပြောပြတော့ဆရာဝန်တွေလဲအဖြေရှာမရ။
နောက်ဆုံးတော့ကိုဗစ်နောက်ဆက်တွဲဖြစ်တတ်တဲ့ရောဂါလို့ဘဲနာမည်တပ်လိုက်ကြပါတယ်။
ကြာလာတော့နှလုံးတုန်၊ရင်ခုန်တာတွေဖြစ်တာတွေနဲလာပါတယ်။
ဒါပေမဲ့အရင်လိုတော့မကောင်းသေးပါ။ဖြစ်တာတွေရှိနေတုန်းပါဘဲ။
ဦးသူ့သူငယ်ချင်းတွေနဲ့စင်္ကာပူအလည်သွားကြပါတယ်။
ကျမရောဂါသက်သာအောင်ဦးနဲ့ပတ်သက်တာတွေကိုစိတ်လျှော့ထားတယ်။
ဦးနဲ့အတူပါသွားတဲ့အမျိုးတစ်ယောက်ဆီကစာတိုတစ်စောင်ဝင်လာတယ်။
“Santosa casino မှာဦးနှစ်ညကစားတာ ဒေါ်လာငါးသောင်းကျော်နိုင်တယ်”
ဝါသနာကိုတားမရပါဘူး၊ကျမစိတ်ထင်ကျမတားရင်ရမယ်လို့ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့တယ်။
ရန်ကုန်မှာလူစုလို့မရလို့မကစားဖြစ်တာ၊အခုစင်္ကာပူမှာသွားကစားနေတယ်။
ဦးဝါသနာကိုသိကြားမင်းဆင်းတားလဲမရပါဘူး
ဦးဒေါ်လာငါးသောင်းနိုင်လို့ကျမဝမ်းမသာပါဘူး၊ကစားသမားတွေဟာအမြဲတမ်းနိုင်နေတာမှမဟုတ်တာ၊
ဒီနေ့ငါးသောင်းနိုင်တယ်၊နောက်နေ့တစ်သိန်းရှုံးနိုင်တယ်၊ဆယ်သိန်းလဲရှုံးနိုင်တယ်၊
သိန်းတစ်ရာလဲရှုံးနိုင်တယ်။အချိန်မရွှေးကျမတို့ကုမ္ပဏီဒေဝါလီခံသွားနိုင်တယ်။
ကျမငွေတော့မဟုတ်ပါဘူး၊ဒါပေမဲ့တချိန်နှစ်ယောက်တစ်ဘဝထူထောင်နေတဲ့အချိန်၊
သားသမီးတွေရှိလာရင်၊ဒီလိုကြုံရမဲ့အဖြစ်တွေးတောင်မတွေးရဲဘူး၊
ကျမတို့ဦးငယ်၊သူ့သားကျမမောင်လေးကိုတိုးကိုမြင်ယောင်မိတယ်၊
အဖေပြောခဲ့တယ်ဒုတိယကိုတိုးတစ်ယောက်ထပ်မမြင်ချင်ဘူး
“မိနွေး...နင်စိတ်လျှော့လိုက်တော့”
“နင့်ရဲ့...တိုင်ပင်ဖေါ်......မော်မော်လဲမရှိတော့ဘူး”
“နင်ဘယ်သူ့ကိုရင်ဖွင့်မလဲ”
“အဖေ့ကိုဒီအကြောင်းပြောမလား”
“နင်တုတ်စာမိသွားမယ်”
စဉ်းစားရင်း..နှလုံးတုန်၊ရင်ခုန်..ပြီးတော့ဆေးသောက်အိပ်။
ဧပြီလဆန်း...တရုတ်ရွာစကားနဲ့ပြောရရင်”ချိန်မှိန်”တရုတ်တွေကွယ်လွန်ပြီးခဲ့သောမိဘ၊အဖိုးအဖွားတွေကို၊
သတိရစေဖို့သူတို့ရဲ့အုတ်ဂူတွေကိုသွားကန်တော့တဲ့အချိန်ရောက်လာပြီ၊
ခါတိုင်းနှစ်တွေဦးမသွားပါဘူး၊မော်လမြိုင်ကအန်းကုန်း၊အန်းမနဲ့အမျိုးတွေဘဲကန်တော့ကြတယ်။
ဒီနှစ်ကျမဦးကိုမော်လမြိုင်လိုက်ပို့ပေးဖို့တောင်းဆိုခဲ့တယ်။
ကျမမော်မော့်ကိုပြောမဲ့စကားတွေရှိနေတယ်။ကျမရင်ထဲကတောင်းပန်စကားတွေရှိနေတယ်။
မော်မော့်ရှေ့မှာပြောချင်လွန်းလို့မော်လမြိုင်ကိုသွားချင်နေတယ်။
ကျိုက်မရောလမ်း၊မုယောင်းကျေးရွာ၊ထားဝယ်ဘုန်းကြီးကျောင်းအလွန်မော်လမြိုင်တရုတ်သင်္ချိုင်း
ဒီနေ့ကန်တော့တဲ့ရက်မို့လို့လူတွေစည်ကားနေတယ်။
အုတ်ဂူအသီးသီးအပေါ်မှာရောင်စုံစက္ကူလေးတွေအုပ်မိုးပေးနေကြတယ်၊
အုတ်ဂူရှေ့ပန်းအိုးတွေထဲမှာလှပတဲ့ပန်းလေးတွေစိုက်ထိုးထားကြတယ်။
အမွှေးတိုင်အနံ့တွေ၊မီးရှို့လိုက်တဲ့ငွေစက္ကူအနံ့တွေနှာခေါင်းထဲဝင်လာနေတယ်။
မော်မော်အုတ်ဂူရှေ့ကိုရောက်ပြီ၊မိသားစုတွေကန်တော့ပြီးသွားပြီ၊
ကျမတို့လာမယ်ဆိုလို့အားလုံးစောင့်နေကြတယ်။
မော်မော်လဲလျှောင်းနေတဲ့အုတ်ဂူလေး၊ဆေးရောင်တွေလတ်ဆတ်နေဆဲ၊
အုတ်ဂူမျက်နှာစာမှာထွင်းပြီးကပ်ထားတဲ့မော်မော်ဓါတ်ပုံ၊ကျမကိုစိုက်ကြည့်နေတယ်။
မမော်မော်
အသက်( ၃၆ )နှစ်
27.07.2021 နေ့တွင်ကွယ်လွန်သည်။
မော်မော်မျက်နှာလေးကိုထိတွေ့ရင်းကျမရှိုက်၍ရှိုက်၍ငိုနေမိတယ်။
ကမ်းပေးလာသောအမွှေးတိုင်ကိုယူပြီးကန်တော့လိုက်ပါတယ်။
“မော်မော်...ငါ့ကိုခွင့်လွတ်ပါလို့မပြောချင်တော့ဘူး”
နင့်ကိုပေးထားတဲ့ဂတိငါဖျက်လိုက်လို့ငါ့ကိုခွင့်မလွတ်ပါနဲ့
နင်နဲ့ငါအမျိုးတော်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး
ဦးကိုမချစ်တော့လို့မဟုတ်ဘူး၊
နောက်တစ်ယောက်အသစ်တွေ့လို့လဲမဟုတ်ဘူး
ငါ့အချစ်တွေဦးဆီမှာဘဲထားခဲ့ပြီ
ငါ့အဖေအရမ်းမုန်းတဲ့ကစားသမား၊ဦးလဲသူ့ဝါသနာသူမစွန့်နိုင်ဘူး
အရင်ကငါသူ့ဝါသနာကိုတားနိုင်လိမ့်မယ်လို့ထင်ခဲ့တယ်
အခုငါ့နှလုံးသားလဲအရင်လိုမမာနိုင်တော့ဘူး
ဦးနဲ့ယူလိုက်ရင်..ငါမကြာခင်နင့်နောက်ကိုလိုက်ရတော့မယ်။
ငါရွာအတွက်လုပ်ပေးစရာတွေရှိသေးတယ်
ငါအသက်ဆက်ရှင်ချင်သေးတယ်
ငါ့ဘဝကိုတစ်ယောက်ထဲဇာတ်သိမ်းဖို့ဆုံးဖြတ်လိုက်ပြီ
ငါမကြာခင်ရွာပြန်တော့မယ်၊
ငါ့မိဘအရိပ်မှာဘဲခိုလှုံတော့မယ်၊
“နင်နဲ့ငါနောက်ဘဝမှာပြန်ဆုံကြရအောင်”
ရုံးပြန်ရောက်တော့ဆိုက်အတွက်လူတွေစီစဉ်ရတယ်။
ကျမလုပ်ခဲ့တဲ့နေရာတွေကိုအစားထိုးရတော့မယ်။
ငွေစာရင်းကြီးကြပ်ဖို့ရုံးမှာရှိပြီးသားဦးတို့အမျိုးထဲကတစ်ယောက်ကိုတာဝန်ပေးလိုက်တယ်။
ကျမနောက်ဆုံးအလုပ်ကနှလုံးဆရာဝန်ကြီးနဲ့တွေ့ခဲ့တယ်။
“ကျမရွာပြန်တော့မယ်၊ဘာဆေးတွေဆောင်ထားရမလဲ”
ဆောင်ထားရမဲ့ဆေးတွေကိုဆရာရေးပေးပါတယ်
ကျမသောက်နေကျဆေးတွေပါဘဲ၊စိတ်ငြိမ်ဆေး Tenaxit ထပ်ဆောင်ထားခိုင်းတယ်၊
ဆရာကြီးကအရေးကြီးရင်ဖုံးဆက်ဖို့မှာလိုက်တယ်။
ဒီနေ့ညကျမဦးကိုပြောရတော့မယ်။
“ဦး...ကျမရွာကိုအပြီးပြန်တော့မယ်၊ကျမအလုပ်ထွက်တော့မယ်”
......နင်နေမကောင်းသေးဘူးလေ...
....ရန်ကုန်မှာဆေးမကုတော့ဘူးလား....
“ဆရာ့နဲ့တွေ့ပြီးပြီ၊လိုတဲ့ဆေးတွေလဲစုထားပြီးပြီ”
.....နင်ဘယ်လုပ်လုပ်မလို့လဲ....
“ကျမဘယ်အလုပ်မှလဲမလုပ်ဘူး၊ကျမအိမ်ဘဲပြန်မယ်”
....အေးအေးဆေးဆေးအနားယူလိုက်ပါ....
....နင်ပျော်သလောက်နေပြီးပြန်လာခဲ့ပါ...
“ကျမငွေသောင်ယံမှာမူလတန်းကျောင်းဆောက်ပေးချင်တယ်”
“ကျမကိုယ်တိုင်ကြီးကြပ်ပြီး၊ဆောက်ပေးချင်တယ်”
.....နင်ကိုဗစ်ဖြစ်နေထဲက၊နင်ဖြစ်ချင်တာတွေကြားတယ်၊အဖေနဲ့တိုင်ပင်ပြီးဆောက်နေတာပြီးတော့မယ်....
ကျမအံ့ဩသွားတယ်၊ဦးရောအဖေပါဒီအကြောင်းတွေကျမကိုမပြောခဲ့ကြ။
ရောဂါဖြစ်ကထဲကရွာမပြန်တာလဲအတော်ကြာနေပြီလေ။
.....ငါတို့ဟိုတယ် Sea view ကဘန်ဂလိုတွေလဲလက်စသတ်နေပြီ.....
....ငါတို့မင်္ဂလာပွဲလုပ်လို့ရနေပြီ.....
“ဦး..ဒီအကြောင်းတွေမေ့လိုက်ပါတော့၊ကျမတို့အတူနေဖို့ဆိုတာမဖြစ်နိုင်တော့ဘူး”
“ဦး..လဲဦးဝါသနာကိုမစွန့်နိုင်ဘူး၊အဖေလဲကျမကိုစိုးရိမ်နေတယ်၊သူ့မှာသင်္ခန်းစာတွေရှိခဲ့တယ်”
“ကျမအဖေ့ကိုပုံချပြီးဖြတ်တာတော့မဟုတ်ဘူးနော်၊ကျမဘဝကျမပိုင်တယ်”
“အဖေ့ကိုဂရုမစိုက်ဘဲ၊ကျမလမ်း၊ကျမလျှောက်ရဲတယ်”
“ဒီအတွေးနဲ့ဦးကိုချစ်ခဲ့တယ်”
“အခုအခြေအနေကအရင်နဲ့မတူတော့ဘူး”
“ကျမနှလုံးသားခံနိုင်ရည်မရှိတော့ဘူး”
“ဆေးတွေအမြဲဆောင်ထားရတယ်၊ရှေ့ရေးတွေတွေးပြီးအိပ်မရတဲ့ညတွေမှာဆေးသောက်နေရတယ်။”
....အနာသိရင်ဆေးရှိပါတယ်၊ရောဂါကိုပျောက်အောင်ကုလို့ရမှာပါ၊အချိန်တစ်ခုယူရင်ပျောက်သွားမှာပါ၊....
.....ငါ့အချစ်ဆိုတာလဲ၊နင့်ကိုတွေ့ပြီးမှဖြစ်လာတာပါ၊ငါ့ဘဝဘယ်သူ့ကိုမှလဲစိတ်မဝင်စားခဲ့ဘူး...
.....နင်အေးအေးဆေးဆေးနားပါ၊ပြန်လာခဲ့ပါ၊ငါတို့မင်္ဂလာပွဲနောက်ဆုတ်ချင်လဲနောက်ဆုတ်ပါ.......
“ဦးကဝါသနာကိုစွန့်ဖို့ခက်မယ်၊ကျမ..ဦးနဲ့ယူလိုက်ရင်၊ကျမ...သိပ်မကြာဘူး၊မော်မော်နောက်လိုက်ရမယ်”
“ပြီးတော့ကျမအဖေ...သူလဲကျမစိတ်နဲ့အသက်တိုမှာဘဲ”
“ကျမအားလုံးစဉ်းစားပြီးမှဆုံးဖြတ်တာပါ”
“ဦးနဲ့သင့်တော်မဲ့သူတွေအများကြီးပါ၊စိတ်ကြိုက်ရွှေးပါ၊ကျမကိုမေ့လိုက်ပါ”
“အလုပ်အတွက်လူတွေစီစဉ်ထားပြီးပြီ”
“ကျမမနက်ဖြန်ပြန်တော့မယ်”
.........နင်ကားမောင်းလို့ဖြစ်ပါ့မလား......
“ကျမ..လိုင်းကားနဲ့ဘဲပြန်မယ်၊ကားထားခဲ့လိုက်ပြီ၊အဲဒါဦးကားလေ...”
.....လိုင်းကားနဲ့ဘယ်ဖြစ်ပါ့မလဲ၊ငါလိုက်ပို့မယ်.....
ဦးနဲ့ကျမနှစ်ယောက်ထဲချောင်းသာကိုဦးတည်ပြီးထွက်လာခဲ့တယ်။
လမ်းမှာကျမတို့နှစ်ယောက်အလုပ်အကြောင်းတွေပြောကြရင်းလာနေကြတာ၊
....နွေးနွေး...နင်မနေ့ကပြောတဲ့စကားတွေတကယ်ဘဲလား.....
ကျမ..တကယ်ပြောတာပါ၊
....ခုတော့လဲငါနဲ့အေးအေးဆေးဆေးဘဲ၊နင်ပြောနိုင်တယ်နော်...
....ငါကြားဘူးတာတွေမှာကွဲကြပြဲကြပြီဆိုရင်၊စိတ်ဆိုးကြ၊မုန်းကြတာတွေဘဲကြားနေရလို့..
....နင်ငါ့ကိုစိတ်ဆိုးတာလားဒါမှမဟုတ်မုန်းနေတာလား....
ကျမဦးကိုစိတ်လဲမဆိုးဘူး၊မုန်းလဲမမုန်းဘူး၊ကျမဦးကိုချစ်နေတုန်းဘဲ
.....ဒါဆိုဘာဖြစ်လို့မင်္ဂလာကိစ္စတွေဖျက်လိုက်ရတာလဲ....
....ငါတို့မျော်လင့်ထားတဲ့အချိန်ရောက်မှနင်ဘာဖြစ်သွားရတာလဲ...
ကျမရောဂါသည်၊နှလုံးမကောင်းတော့ဘူး၊စိတ်ထိခိုက်တာတွေခံနိုင်ရည်မရှိတော့ဘူး
ကျမအရင်က..နွေးနွေး..မဟုတ်တော့ဘူး၊ကျမအမာခံမဟုတ်တော့ဘူး
ကျမအဖေကကျမကိုပြောခဲ့တယ်၊ဒုတိယကိုတိုးတစ်ယောက်မရောက်လာစေချင်ဘူးတဲ့
အိမ်ထောင်ပြုကြပြီဆိုရင်သားသမီးတွေကိုလိုချင်ကြတာချည်းဘဲ
သားသမီးမရှိတဲ့အိမ်ထောင်ရေးကပြီးပြည့်စုံတဲ့အိမ်ထောင်ရေးတော့မဟုတ်ဘူး
တရုတ်မှာဆိုရင်အမျိုးစာလုံးကျန်ရစ်ဖို့အတွက်သားယောကျာ်းကိုပိုပြီးလိုချင်ကြတယ်။
ကျမဦးအတွက်ဦးရဲ့ဆန္ဒတွေဖြည့်ပေးနိုင်မဲ့မိန်းခလေးဖြစ်မှာမဟုတ်တော့ဘူး
ကျမဦးနဲ့အိမ်ထောင်ပြုရင်ကျမကလေးမွေးပေးနိုင်မှာမဟုတ်ဘူး၊
ဘာကြောင့်လဲဆိုတော့ကျမအဖေပြောစကားတွေကျမနားထဲအမြဲကြားနေလို့
ဒီအချိန်မှာဦး...မကစားတော့ပါဘူးလို့ဘယ်လောက်ဂတိပေးပေးကျမမယုံကြည်ဘူး၊
ကျမမှာသင်္ခန်းစာတွေအများကြီးရှိခဲ့တယ်၊
ကျမတို့ဦးငယ်..သူမကစားတော့ပါဘူးဆိုပြီးဘုရားအဆူဆူနဲ့ဘုန်းကြီးတွေကိုလိမ်ခဲ့တယ်။
နောက်ဆုံးဘုရားမှာသစ္စာဆိုထားတာတွေ၊ဘုန်းကြီးတွေကိုဂတိပေးထာတာတွေအားလုံးဖျက်ခဲ့တယ်။
ဝါသနာကိုတားမရပါဘူး၊ကျမဦးကိုဖြောင်းဖြနိုင်လိမ့်မယ်လို့မိုက်မိုက်မဲမဲယုံကြည်ခဲ့ပြီးချစ်ခဲ့တာ
အခုလက်လျှော့လိုက်ပါပြီ၊ဦးစိတ်တိုင်းကျသလိုသာနေပါတော့
ကျမဦးကိုချစ်နေဆဲ၊မေတ္တာရှိနေဆဲပါ
ဒါပေမဲ့နှစ်ယောက်တစ်ဘဝထူထောင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး
ဦးမောင်းလာခဲ့သောလန်ခရူဇာကား၊ကျမမွေးရပ်မြေရှောပြာလမ်းခွဲကိုကျော်ခဲ့ပြီ၊
မကြာမှီဥတိုတံတားရောက်တော့မယ်၊
ချောင်းသာအဝင်ကြိုဆိုပါ၏ဆိုင်းဘုတ်ကျော်လာတော့ရွှေသောင်ယံလမ်းခွဲထဲကွေ့ဝင်လိုက်တယ်။
“ဦး...ဆိုက်ထဲသွားမလို့လား”
....အပြန်ကျမှဝင်မယ်၊နင့်ကိုပြစရာရှိတယ်....
“ဦးတို့ဆောက်ထားတဲ့မူလတန်းကျောင်းကိုလား”
....အေး၊ဟုတ်တယ်...
သွပ်အစိမ်းရောင်မိုးထားသောမူလတန်းကျောင်း၊ကျမထင်ထားတာထက်ကြီးနေပါတယ်၊
နိုင်ငံတကာအသိအမှတ်ပြုထားသော၊ပညာရေးအဆောက်အဦး E ပုံသ္ဍာန်လေးဆောက်ထားတယ်။
“ဘာလို့အကြီးကြီးဆောက်ထားတာလဲ၊ကျမငွေနဲ့လောက်မှာမဟုတ်ဘူး”
....နောင်တစ်ချိန်အလယ်တန်းအတွက်ပါရည်ရွယ်ထားတာပါ၊....
“ကျမငွေဦးကိုလွဲပေးလိုက်မယ်”
.....ထားလိုက်ပါ၊ငွေစကားတွေမပြောပါနဲ့...
.....နင်ငါ့အပေါ်ကိုယ့်အလုပ်လိုသဘောထားပြီးလုပ်ပေးခဲ့တာတွေနဲ့ယှဉ်ရင်မပြောပလိုက်ပါဘူး...
.....ဒီခေတ်ကြီးထဲမှာနင့်လိုစိတ်ဓါတ်နဲ့ငါ့ကိုကူညီပေးမဲ့သူမရှိတော့ပါဘူး.....
“ကျမဦးကိုချစ်တဲ့စိတ်နဲ့မိသားစုအလုပ်လိုသဘောထားပြီးလုပ်ခဲ့တာပါ”
“ဦးကိုချစ်တဲ့သူနောက်တစ်ယောက်ပေါ်လာရင်၊ကျမထက်တောင်ပိုလုပ်ပြပါလိမ့်မယ်”
.....ဒီဘဝမှာမဖြစ်နိုင်တော့ပါဘူး၊ငါ့အချစ်တွေနင့်ကိုပေးလို့ကုန်ပြီလေ......
“ကျမရှိတဲ့ငွေအားလုံးလွဲပေးလိုက်မယ်၊ကျမတွက်တတ်တယ်၊ကျမရှိတဲ့ငွေနဲ့မလောက်ဘူးဆိုတာ”
.....နင့်ငါ့ကိုပေးလဲ၊နင့်အဖေကိုငါပြန်ပေးလိုက်မယ်....
ကျမတို့ကျောင်းကိုလှည့်ပတ်ကြည့်ရင်းပြောနေကြတာ၊နောက်ဖက်မှာဆရာမတွေနေဖို့အဆောင်ဆောက်ထားပေးတယ်၊
အဆောင်ဘေးမှာနှစ်ထပ်အိမ်တစ်လုံးလဲဆောက်ထားတယ်။
“ဒီအိမ်ကဘယ်သူနေဖို့လဲ”
.....နင်နဲ့ငါနေဖို့ရည်ရွယ်ထားတယ်....ဒီစကားကြားတော့ကျမဦးမျက်နှာကိုကြည့်နေမိတယ်
ဦးသူ့ဟိုတယ်မှာဘဲအိပ်မယ်၊ဦးဟိုတယ်ကဧည့်သည်တွေလာနေကြပြီ
ရောဂါကြောင့်မွန်းကြပ်နေတဲ့စိတ်တွေအပမ်းဖြေဖို့လူတွေချောင်းသာကိုလာနေကြပြီ
ညဖက်ထမင်းစားပြီး၊ဟိုတယ်ဖက်ကျမရောက်ခဲ့တယ်
Sea view အခန်းဝရန်တာကခုံရှည်လေးမှာအတူထိုင်ပြီးစကားတွေပြောကြတယ်။
ဟိုတယ်မှာလုပ်စရာတွေကျန်သေးတယ်၊ငွေတွေမရသေးတာကြောင့်ဦးဟိုတယ်
အချိန်တော့ယူရအုန်းမယ်၊ဆိုက်ထဲမှာအင်ဂျင်နီယာတွေ၊အလုပ်သမားတွေ
ရှိသေးတယ်။ပစ္စည်းရှိတာလေးတွေနဲ့ဆက်လုပ်နေတယ်။
နောက်ဖက် ၄ ထပ်အဆောင်တွေအားလုံးပြီးနေပြီ၊Sea view ကဘန်ဂလိုတွေဆောက်ဖို့ကျန်သေးတယ်။
ဟိုတယ်အဓိကအဆောက်အဦးကလုံးဝမလုပ်ရသေး၊
ငွေတွေလဲထပ်ကုန်ဖို့အများကြီးရှိသေးတယ်၊ခေတ်ကာလကလဲမကောင်းဘူး၊
ဘာတွေဆက်လုပ်ကြမလဲ၊အရည်အချင်းရှိတဲ့ဝန်ထမ်းတွေတဖြေးဖြေးနဲလာပြီ၊
ကိုယ့်ငွေတန်ဘိုးကျတော့အပြင်ထွက်ပြီးပိုလုပ်ချင်နေကြတယ်။
အရင်တုန်းကလုပ်ခတွေအပြင်နဲ့အတွင်းသိပ်မကွာဘူး၊ခုတော့ငွေဈေးကြောင့်အပြင်မှာလုပ်ရင်
သုံးဆလောက်ပိုရသလိုဖြစ်နေတော့ထွက်ကြတာပေါ့၊ဘယ်တတ်နိုင်မလဲ
ပတ်စပို့ရုံးမှာတန်းစီနေတဲ့လူတန်းကအရှည်ကြီး၊ပြည်တွင်းလုပ်ငန်းရှင်တွေမျက်ဖြူဆိုက်နေပြီ
ဦးနဲ့ကျမရန်ကုန်မှာလဲဒီအကြောင်းတွေပြောခဲ့ကြတယ်၊ရှေ့လျှောက်ဘယ်လိုလုပ်ကြမလဲ
ပုတ်ပြတ်အပ်ထားတဲ့ဆိုက်တွေ၊ပိုင်ရှင်နဲ့ဈေးတွေပြန်ညှိုနေရတယ်၊
ညှိုနှိုင်းကြတဲ့ဈေးကိုလက်ခံတဲ့ပိုင်ရှင်ရှိသလိုလက်မခံတဲ့ပိုင်ရှင်တွေလဲရှိကြတယ်
ဦးကအလုပ်တွေကိုမြန်မြန်ဖြတ်နေတယ်၊တည်တည်ငြိမ်ငြိမ်အခြေအနေရောက်မှပြန်စဉ်းစားတော့မယ်၊
အလုပ်တွေကိုဖြတ်မယ်၊ဟိုတယ်ကိုငွေရှိသလောက်ဆက်ဆောက်မယ်။
ငွေကုန်ပြီ၊ရစရာငွေတွေလဲမရှိတော့ရင်နားတော့မယ်။
ဒီအခြေအနေတွေကိုကျမလဲသိနေတယ်၊ကျမကိုယ်တိုင်လုပ်ခဲ့တယ်။
အလုပ်လောဘကြီးတဲ့ဦးတစ်ယောက်ဒီတစ်ခါတကယ်နားရတော့မယ်၊
ဝင်ငွေရလမ်းကဟိုတယ်တစ်ခုဘဲရှိတော့တယ်။
ညနေထွက်လာတုန်းကနဲနဲပူလို့အင်္ကျီအပါးဘဲဝတ်ခဲ့တယ်၊
စကားပြောရင်းညဖက်ကျတော့ပင်လယ်ကတိုက်တဲ့လေကအေးလာတယ်။
ကျမချမ်းစိမ့်စိမ့်နဲ့ခြေဖျားလက်ဖျားအေးလာပြီ၊ကျမဆေးသောက်ရတော့မယ်။
“ဦး ...ကျမချမ်းလာပြီ၊ကျမကိုဖက်ထားပေးပါလား”
....ဖြစ်ပါ့မလား၊နင်ဘဲငါ့နဲ့အိမ်ထောင်မပြုတော့ဘူးဆို...
“ကျမပြောတာကမချစ်လို့မှမဟုတ်တာ၊အခုထိကျမဦးကိုချစ်နေတုန်းဘဲ”
“ကျမဦးကိုကြောက်နေတာကဦးဟာကျမထက်ဦးရဲ့ဝါသနာကိုပိုချစ်နေလို့”
“ဒီလောင်းကစားကြောင့်ကျမဦးကိုမယူရဲတာ”
“လောင်းကစားဝါသနာဦးမှာသာမရှိခဲ့ရင်ကျမတို့ညားတာဖြစ်ကြာလှပြီ၊”
....နင်ငါ့ကိုဒီလောက်ချစ်ခဲ့တာ၊ငါ့ဖက်ကလဲငါ့ဝါသနာကိုလျော့လိုက်ပါ့မယ်...
.....နင်နားလိုက်ပါ၊နေကောင်းရင်ပြန်လာခဲ့ပါ....
ဦးကျမကိုသူ့ရင်ခွင်ထဲမှာဖက်ထားပေးပါတယ်၊
နှစ်ယောက်လုံးချစ်သူဖြစ်နေရက်နဲ့၊အမုန်းတရားတွေလဲမရှိဘဲနဲ့၊
သံယောဇဉ်ဖြတ်ဖို့ဆိုတာအပြောလွယ်သလိုနဲ့တော်တော်ခက်ပါတယ်၊
အခန်းထဲမှာကြိတ်ကြိတ်ပြီးငိုနေတာအမေအရင်သိသွားတယ်။
ချစ်ရက်နဲ့စွန့်ခဲ့တဲ့အကြောင်းတွေအမေ့ကိုပြောလိုက်တယ်၊
အဖေ့စကား၊ဦးငယ်ရဲ့အဖြစ်တွေကြောင့်ကျမနောက်ဆုတ်တော့မယ့်အကြောင်းတွေ၊
အလုပ်ထွက်တော့မဲ့အကြောင်းတွေပြောပြလိုက်တယ်။
အမေကအဖေ့နဲ့ဆန့်ကျင်ဖက်၊သမီးတို့စုံတွဲကိုပေးယူချင်တယ်၊
နောက်ပြီးကိုယ်ကိုယ်တိုင်အလုပ်ကိုဦးဆောင်နိုင်တဲ့လူ၊အလုပ်လုပ်တတ်နေတဲ့လူ၊
လောကကြီးကိုဘာမှာကြောက်နေစရာမလို၊နောင်တချိန်နင့်ဦးကိုနင်ထိမ်းနိုင်လိမ့်မယ်.
အမေကအရှုံးမပေးခိုင်းဘူး၊ခေတ်မှီနေတဲ့လောကကြီးထဲမှာကျမဖြစ်နေတဲ့
ရောဂါတချိန်ဆေးတွေ့မယ်၊အမေ့အားပေးစကားတွေကျမအတွက်အားတက်စရာ၊
နောက်ပြီးဦးငယ်နဲ့ပတ်သက်တာပြောတယ်၊ဦးငယ်မိန်းမဘာစောက်သုံးကျလဲ
သူဌေးသားဆိုလို့ယူတာဘဲရှိတယ်၊ကိုယ်တိုင်စီးပွားရေးလုပ်ဖို့လဲစိတ်မကူး၊
ယောကျာ်းအမွေကိုဘဲမက်နေတဲ့မိန်းမ၊ယောကျာ်းကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာလဲမစဉ်းစား၊
တရွာလုံးလတ်ယားလတ်ယားနဲ့လျှောက်လည်နေတဲ့မိန်းမ၊သူခလေးမွေးတော့လဲအိမ်မှာဘဲလာပို့ထားတယ်
ဘာစောက်လုပ်စောက်ကိုင်မှလဲရှိတာမဟုတ်ဘူး၊ကိုတိုးလေးစိတ်ဆိုးမယ်ဆိုလဲစိတ်ဆိုးချင်စရာဘဲ
လင်ဆုံးပြီးဘာမှမကြာဘူး၊နောက်လင်တစ်ယောက်ကောက်ယူလိုက်တယ်။
ငါ..မပြောလိုက်ချင်ဘူး..
နင့်ဦးငယ်နဲ့ငါ့သမီးကိုလာမနှိုင်းနဲ့၊လူချင်းမတူဘူး
နင့်ဦးငယ်စာတတ်တဲ့ကောင်မဟုတ်ဘူး၊နင်ကရိုးရိုးဘွဲ့မဟုတ်၊
အင်ဂျင်နီဘာဘွဲ့၊ကိုယ်တိုင်စီးပွါးရေးကိုကြီးကြပ်နေတဲ့လူ၊
နင့်အဖေကိုငါကိုယ်တိုင်ပြောမယ်
“မပြောပါနဲ့အမေ၊အဖေကကျမရှေ့ရေးကိုတွေးပူတယ်၊
အဖေတစ်ယောက်အနေနဲ့လဲသမီးအတွက်စိတ်ပူပေးရမယ်လေ”
သမီးကြီးပွါးတာကိုမြင်ချင်နေသောအမေနဲ့ဥစ္စာဓနပျောက်ပြီးသမီးဒုက္ခရောက်မှာစိုးရိမ်နေသောအဖေ၊
ကျမအိပ်ခန်းထဲမှာငို၊ငိုနေတာအဖေလဲသိသွားတယ်၊အဖေစိတ်မကောင်းဖြစ်နေတာလဲကျမသိတယ်။
ကျမအကြောင်းတွေကိုအမေ၊အဖေ့ကိုပြောပြလိုက်ပြီထင်တယ်။
ညဖက်ဧည့်ခန်းမှာအဖေတစ်ယောက်ထဲထိုင်နေတတ်တယ်။
အဖေ....လွတ်တဲ့ငါးကြီးတယ်လို့ထင်နေတာလား၊
ယူကြပြီးမှဥစ္စာဓနကုန်အောင်လောင်းကစားလုပ်ပြစ်မှာကိုစိုးရိမ်နေလို့လား
အဖေ့စိတ်ထဲကအရာကျမထိုးဖေါက်ကြည့်လို့မသိနိုင်ပါ
ဒီနေ့ဦးရန်ကုန်ပြန်မယ်၊အိမ်မှာလာနှုတ်ဆက်တယ်။
အဖေရော၊အမေပါမျက်နှာမကောင်းကြပါ၊ဘာကြောင့်လဲကျမမသိ၊
“ဦး...ဘယ်သူပါသေးလဲ”
...ဟ...ဘယ်သူပါရမလဲ၊ငါ့တစ်ယောက်ထဲပေါ့....
“တစ်ယောက်ထဲ၊မဖြစ်ဘူး၊မဖြစ်ဘူး၊အင်ဂျင်နီယာလေးတစ်ယောက်ကိုထည့်ပေးလိုက်မယ်”
.....ရပါတယ်၊အရင်ကလဲငါ့တစ်ယောက်ထဲလာနေကျပါ....
“မဖြစ်ဘူး၊ကျမစိတ်ပူတယ်၊ဆိုက်ထဲကတစ်ယောက်ခေါ်သွားပါ”
ကျမကိုယ်တိုင်ဆိုက်ထဲလိုက်သွားပြီး၊တစ်ယောက်ထည့်ပေးလိုက်တယ်။
ကျမစိတ်ကိုကျမအရမ်းအံ့ဩတယ်၊
ခါတိုင်းတစ်ယောက်ထဲသွားလာနေကျဦးကိုကျမအရမ်းစိတ်ပူတတ်နေပြီ၊
ဦးပြန်သွားတဲ့နေ့တစ်ရက်လုံးကျမစိတ်တွေပူနေတယ်၊
လိုက်ပါသွားတဲ့ကောင်လေးဆီကိုဖုံးဆက်တယ်၊ဘယ်ရောက်နေပြီလဲ
ဦးဆီမဆက်ချင်ဘူး၊ကားမောင်းနေရင်းဖုံးမပေးကိုင်ချင်ဘူး
ရန်ကုန်ရောက်မှကျမရင်ထဲကအလုံးကျသွားတယ်
နောက်မှကျမသိခဲ့တယ်၊ဦးမပြန်ခင်ညကအဖေနဲ့အမေ၊ကျမနဲ့ပတ်သက်ပြီး
သဘောထားကွဲကြတယ်၊တိုးတိုးနဲ့ကြိတ်ပြီးစကားပြောသံတွေကျမနားထဲမှာ
ကြားနေတယ်၊ဘာမှမသဲကွဲ၊ကျမအိပ်ဆေးသောက်ပြီးအိပ်ချင်နေတယ်။
နောက်ရက်နောက်ရက်တွေအိမ်မှာနေကြည့်တယ်၊စိတ်ထဲမှာနေလို့မရဘူး
ခေါင်းပေါ်တာဝန်တစ်ခုရှိနေသလိုခံစားမိပြီး၊ဟိုတယ်ဆိုက်ထဲရောက်ခဲ့ပြန်တယ်၊
ဦးဆီကဖုံးလာနေတယ်
....နင်ဘယ်ရောက်နေလဲ...
“ဆိုက်ထဲမှာ”
....ဘာလို့အိမ်မှာမနားတာလဲ၊နေကောင်းလို့လား.....
“နေကောင်းပါတယ်၊အလုပ်မရှိရင်ပျင်းနေလို့ဆိုက်ထဲလာတာ”
....ငါနောက်အပတ်လာခဲ့မယ်....
“ပြန်တာဘဲမကြာသေးဘူး၊မလာပါနဲ့၊ကျမလဲရှိနေတယ်၊”
....နင်ရှိနေလို့ငါလာချင်နေတာ၊နင့်ကိုတွေ့ချင်လို့လာတာ....
နှုတ်ကမလာပါနဲ့လို့ပြောနေပေမဲ့၊ဦးလာမယ်လို့ကြားမိတော့ရင်ထဲပျော်သွားပါတယ်။
ဒီတစ်ခေါက်ကျမရှိနေလို့ဘဲလား၊ရန်ကုန်ဆိုက်အလုပ်ပါးနေတာလား
နဲနဲကြာကြာနေမယ်၊နင်ကိုသတိရတာအဓိကဘဲ
ရန်ကုန်ဆိုက်မှာလူတွေတော်တော်လျော့နေပြီ
ငွေဈေးတွေတက်တော့ကုန်ဈေးနှုန်းတွေလဲတက်နေတယ်၊
ဒီကလုပ်ခတွေကိုပိုပေးရလောက်အောင်လဲဆောက်လုပ်ရေးတွေတပ်ပျက်နေတယ်၊
ဆိုတော့လူငယ်တွေအားလုံးအပြင်ထွက်ဖို့ဘဲကျိုးစားနေကြတယ်။
တရားဝင်ထွက်တာတွေရှိသလို၊တောင်ကျော်ပြီးထွက်တာလဲအများကြီး
ကျမတို့ဘာမှမတတ်နိုင်ပါ။
ဆိုက်အားလုံးရဲ့ဝန်ထမ်းအင်အားစာရင်းကြည့်လိုက်တာထက်ဝက်လောက်လျော့သွားပြီ
ပစ္စည်းဈေးတွေလဲတက်လိုက်ကြတာ၊ဆောက်လက်စဆိုက်တွေအတွက်ဘဲလုပ်ရတော့မယ်။
အမှန်ပြောရရင်ဆောက်လက်စဆိုက်တွေဟာအရှုံးခံပြီးဆက်ဆောက်နေတယ်၊
မြန်မြန်ပြီးပြတ်အောင်ဆောက်တဲ့သဘောဘဲ၊
နောက်ထပ်အသစ်ထပ်ဆောက်ဖို့လဲမရှိတော့ဘူး၊
ကျမနေ့တိုင်းဟိုတယ်ဆိုက်ထဲမှာဘဲရှိနေတယ်၊နေ့လည်စာနဲ့ညစာဦးနဲ့အတူတူစားကြတယ်။
ပြီးရင် Sea view ကဝရန်တာခုံလေးမှာနှစ်ယောက်အတူထိုင်ပြီးစကားပြောကြတယ်။
ကျမတို့နှစ်ယောက်ပြောကြတာအလုပ်အကြောင်းများပါတယ်။
ဦးကသူလုပ်ချင်တဲ့ဆိုက်တွေ၊ခေတ်ပျက်ကြီးနဲ့ကြုံသွားလို့ပျက်သွားတဲ့စီမံကိန်းအကြောင်းတွေ၊
ရင်နာနာနဲ့ပြောပြတယ်၊ကျမလဲသိတယ်၊စောစောစီးစီးပျက်သွားတာကျေးဇူးတင်ရမယ်၊
တဝက်တပျက်လုပ်လက်စဆိုရင်ကျမတို့သေပြီ၊ငွေဈေး၊ပစ္စည်းဈေးတက်နေတဲ့ပုံစံနဲ့ဆိုရင်၊
ဦးလောင်းကစားလုပ်တာထက်ပိုဆိုးသွားနိုင်တယ်၊ကုမ္ပဏီဒေဝါလီခံသွားနိုင်တယ်။
လောကကြီးမှာမမြင်နိုင်တာတွေ၊မမျှော်လင့်ခဲ့တာတွေအချိန်မရွှေးဖြစ်သွားနိုင်တယ်။
ပစ္စည်း၊ဥစ္စာဓနဆုံးရှုံးခြင်းဆိုတာလောင်းကစားမှမဟုတ်၊
အခြားသောမမြင်နိုင်သောအကြောင်းအချင်းအရာကြောင့်လဲ
ဖြစ်နိုင်တယ်ဆိုတာကျမလက်တွေ့မြင်လိုက်ရတယ်။
ဦးပြောပြဘူးတယ်သူ့အဖိုးလက်ထက်ကပြည်သူပိုင်သိမ်းလိုက်လို့လက်ထဲ
ငွေတွေတပြားမှမရှိတော့တဲ့အခြေအနေရောက်ခဲ့ရတာတွေ၊
ကျမအဖိုးပုသိမ်မှာအိမ်ဝယ်ဖို့ရွှေထုတ်ရောင်းပြီး၊ငွေထုပ်ကိုင်ထားတဲ့အချိန်
တစ်ရာကျပ်တန်၊ငါးဆယ်ကျပ်တန်တရားမဝင်ကျေညာလိုက်လို့၊
ချက်ချင်းအထည်ကြီးပျက်ဘဝရောက်ခဲ့တာတွေ၊
ကျမအဖေလက်ထက်မှာလဲတစ်ရာတန်ငါးဆယ်တန်တရားမဝင်ကျေညာလိုက်၊
ကိုးဆယ်တန်၊လေးဆယ့်ငါးကျပ်တန်၊သုံးဆယ့်ငါးကျပ်တန်၊တရားမဝင်ကျေညာလိုက်နဲ့၊
သူဌေးကနေခွေးဘဝရောက်ခဲ့တဲ့အကြောင်းတွေ၊
ဒီလိုဆိုတော့လဲဦးအပျော်တမ်းကစားတာတွေကသေးသေးလေးလို့ဘဲမြင်မိတယ်။
လောကကြီးထဲမှာအပြစ်မြင်ချင်ရင်အကြီးကြီးဖြစ်သွားနိုင်သလို၊
အချစ်မြင်ရင်လဲသေးသွားတတ်ပါတယ်၊ကျမကိုယ်တွေ့ကြုံနေပြီလေ..
ဦးအတွက်အဖေ့တရားခွင်မှာကျမနဲ့အမေရှေ့နေလုပ်ရတော့မယ်၊
မတတ်နိုင်ပါဘူး၊ချစ်တဲ့စိတ်ကိုတားလို့မှမရတာ....
ခုံလေးမှာထိုင်နေရင်းပင်လယ်ဖက်ကလေအေးအေးလေးတွေတိုက်လာရင်
ဦးကျမကိုသူ့ရင်ခွင်ထဲထည့်ပြီးဖက်ထားပေးတယ်
ကျမကိုဆောက်လုပ်ရေးအတတ်ပညာတွေသင်ပေးခဲ့သောဆရာ၊
ကျမအသက်ကိုကယ်ခဲ့ဘူးတဲ့ကျမကျေးဇူးရှင်၊
ဦးရင်ခွင်ဟာကျမအတွက်အလုံခြုံဆုံးနားခိုရာလေးပါ
ဒီနေ့ဦးပြန်တော့မယ်၊မနက်အိပ်ရာထ၊ဘုရားရှိခိုးပြီးဆိုက်ထဲထွက်လာခဲ့တယ်
ဦးနဲ့ဟိုတယ်မှာမနက်စာစားဖို့ချိန်းထားတယ်။
မနက်စာစားပြီးရင်ဦးပြန်တော့မယ်၊ရင်ထဲမှာလွမ်းလိုက်တာ
ဒီနေ့ဆိုက်ထဲမှာအလုပ်ပါးတော့နားလိုက်ကြတယ်၊လူငယ်တွေအားလုံးရွာထဲထွက်လည်နေကြပြီ
ကျမအတွေးမှားသွားပြီလားလို့ကိုယ့်ကိုကိုယ်သံသယဝင်လာမိတယ်။
တကယ်တော့ဦးဟာမုန်းရခက်ကြီးပါ၊ဒါတွေကကျမအပေါ်မူတည်နေတယ်။
ကျမတို့နှစ်ယောက်အတွင်းစကားတွေ၊ဦးနဲ့ကျမနှစ်ယောက်ထဲသိကြတယ်။
အဖေနဲ့အမေကလွဲလို့ဘယ်သူမှမသိကြပါ၊
နေမကောင်းလို့ကျမရွာမှာအနားယူမယ်လို့ဘဲရုံးအဖွဲ့တွေသိထားတယ်
အမေ့စကားသံတွေကကျမအားတက်စရာ၊
“ဦးခဏနေပါအုန်း၊အဖေါ်လိုက်ဖို့လူရှာလိုက်မယ်”
ကျမဆိုက်ထဲလျှောက်ကြည့်တော့အားကိုးရမဲ့အင်ဂျင်နီယာကောင်လေးတွေမရှိ၊
အပြင်ထွက်လည်နေကြတယ်၊
....နင်ရှိနေတာဘဲ၊အတူတူပြန်ကြရအောင်....
ဦးကျမကိုကြည့်ပြီးပြောတယ်၊ကျမဦးကိုစိုက်ကြည့်နေမိတယ်။
.....ပြန်လိုက်ခဲ့ပါ....
“ရုံးပြန်ရောက်ရင်ကျမအိမ်ပြန်ဖြစ်မှာမဟုတ်တော့ဘူး”
....ကောင်းတာပေါ့၊နင်နဲ့ဝေးဝေးငါမနေချင်တော့ဘူး....
နဂိုထဲကယိုင်နဲ့နဲ့စိတ်၊လေတိုက်လိုက်တော့အလိုက်သင့်ဆိုသလိုဘဲ
စွေ့ကနဲကားပေါ်တက်ထိုင်လိုက်တယ်
“ခဏ...ခဏ...အမေ့ကိုဖုံးဆက်လိုက်မယ်”
....အေးပြောလိုက်..လိုက်ပြေးသွားပြီလို့...
“ဟာ..ဦးကလဲ”
“အမေ..သမီးရုံးကိုဦးနဲ့လိုက်သွားတော့မယ်”
....အေး...အေး....အမေပြောတာတွေသတိရပါ၊နင့်အပေါ်မှာမူတည်တယ်နော်...
...သမီး...လုပ်နိုင်မယ်လို့အားတင်းထားစမ်းပါ...
...အဖေ့ကိစ္စ၊အမေ့တာဝန်ထားလိုက်...
ဦးမောင်းနေတဲ့လန်ကရူဇာကားချောင်းသာမှရန်ကုန်သို့ဦးတည်ထွက်လာပါပြီ
ဥတိုတံတားကျော်ရင်ကျမတို့ရွာရှောပြာလမ်းခွဲရောက်တော့မယ်။
“ဦး..ခဏရပ်ပေးပါ၊ကျမကိုဓါတ်ပုံတစ်ပုံရိုက်ပေးပါ”
ရှောပြာသို့ဆိုသောလမ်းခွဲဆိုင်းဘုတ်အနီးမှာကျမရပ်နေတယ်
လက်ထဲမှာဆိုက်ထဲဆောင်းရန်ယူခဲ့သောအုန်းလက်အစိမ်းဦးထုပ်ကိုလက်မှာကိုင်ထားလျက်
....နင့်ခြေထောက်ကိုပြင်၊ကားယားကြီးမနေနဲ့၊ Cat walk လျှောက်သလိုတဖြောင့်ထဲရပ်
....ကိုယ်ကိုနဲနဲနွဲ့..ဟုတ်ပြီ၊ဦးထုပ်ကိုရင်ခွင်မှာပိုက်ထား..
...ဟုတ်ပြီ...OK ....ဝမ်း...တူး..သရီး...
“မိုက်တယ်ကွာ...မမနွေးပုံစံအရမ်းမိုက်တယ်”
ကျမမောင်လေးကိုတိုး...ဘယ်အချိန်ထဲကရောက်နေမှန်းမသိ
ဆိုင်ကယ်ရပ်ပြီး၊ကျမကိုအော်ပြောလိုက်တယ်။
“မမ တို့စုံတွဲပုံကျနော်ရိုက်ပေးမယ်လေ”
...အေး...ကောင်းသားဘဲ၊ရော့...ကိုတိုး...
ဦး..ကိုတိုးကိုဖုံးလှန်းပေးလိုက်တယ်
ဦးရင်ခွင်ထဲနွဲ့နွဲ့လေးမှီထားတယ်၊ဦးကကျမပုခုံးလေးကိုဖွဖွလေးကိုင်ထားတယ်
ကျမရင်ခွင်ထဲမှာအုန်းလက်စိမ်းဦးထုပ်လေးပိုက်လို့၊
ချစ်စရာကောင်းသော၊Romantic ဆန်သောအလှဆုံးဓါတ်ပုံလေးတစ်ပုံထွက်လာပါတော့တယ်၊
ကားပေါ်မှာကျမစိတ်ကူးတွေတန်းစီပြီးစဉ်းစားနေပါတယ်။
ကျမအချစ်ဆုံးသူငယ်ချင်းမော်မော်၊မော်လမြိုင်သွားပြီးဝမ်းသာစကားပြောပြမယ်၊
ရွှေသောင်ယံကကုမ္ပဏီဟိုတယ်ကိုမင်္ဂလာအခန်းအနားလုပ်ဖို့လိုတာတွေပြင်ဆင်မယ်၊
ငွေသောင်ယံကမူလတန်းကျောင်းကိုအမြန်ဆုံးဖွင့်နိုင်အောင်ကျိုးစားမယ်၊
ကျောင်းဘေးမှာဆောက်ထားသောအိမ်လေးအတွက်လိုတဲ့ပစ္စည်းတွေဖြည့်ရမယ်။
ကျမတို့မင်္ဂလာ ပွဲ ပြီးရင်ဒီအိမ်လေးမှာနေကြမယ်၊
အလုပ်တွေကိုခဏထားပြီး၊ငွေသောင်ယံကအိမ်လေးမှာအနားယူမယ်၊
ဧည့်သည်တွေချောင်းသာရောက်ရင် တစ်ရက်နှစ်ရက်လောက်နေပြီးရင်ပျင်းသွားကြပြီ
သူတို့တွေပြန်ချင်နေကြပြီ၊ဧည့်သည်တွေနဲ့ကျမကွာတာကကျမကဒီရွာသူ
ဒီဒေသ၊ဒီနေရာလေးမှာနေ၊နေရရင်ဘယ်တော့မှမပျင်းဘူး။
ချောင်းသာဆိုက်ထဲလာရင်တော်ရုံမပြန်ဖြစ်တဲ့ကျမ၊
ဒါတွေကြောင့်ကျမကိုဦးကအမြဲဒီလိုမျိုးခေါ်လေ့ရှိတယ်
“ငွေသောင်ယံမှမခွါရက်နိုင်သူ”
Comments
Post a Comment