ချစ်သူ..ဝိုင်းဝိုင်းလည်
ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( ၁ )
(အဆိုတော် သန်းသန်းဆင့် သီဆိုထားသော “ ချစ်သူ..ဝိုင်းဝိုင်းလည်” သီချင်းကို
အသံဖိုင်ထည့်ပေးထားပါသည်၊ ဤသီချင်းသည်ယခုဇာတ်လမ်း၏အဓိကနေရာမှ
ပါဝင်ထားပါသည်။၎င်းအသံဖိုင်ကိုyoutubeမှဒေါင်းထားပါသည်။
အသံဖိုင်ဖွင့်မရပါက ဆာဗာအခက်အခဲကြောင့်ဖြစ်ပြီးနားလည်ခွင့်လွတ်ပေးကြပါ၊
မူရင်းအနုပညာရှင်များအားလုံးကို CRD ပေးပါသည်)
တခုသောဘူမိဗေဒဆရာကန်တော့ပွဲနေ့၊တက္ကသိုလ်ဓမ္မာရုံကြီးထဲမှာ
သူငယ်ချင်းတွေနဲ့ပြန်ဆုံခဲ့ကြတယ်။ဆရာတွေကန်တော့ပွဲအခန်းအနားပြီးတော့
အားလုံးမပြန်သေးပါ၊မတွေ့မြင်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေစုပြီး
စကားဝိုင်းတွေဖွဲ့ကြမယ်။လ္ဘက်ရည်သောက်ရင်းရှေးဟောင်းနှောင်းဖြစ်တွေ၊
၊မိသားစုအရေးတွေ၊စီးပွါးရေးတွေ၊နိုင်ငံရေးတွေ၊ပြောဆိုနေကြတယ်။
ပဲခူးမှာဗေဒင်ဓါတ်ခန်းဖွင့်ပြီးစီးပွါးရေးအဆင်ပြေနေတဲ့သူငယ်ချင်းငှက်ပျော်သီး
သူငယ်ချင်းတွေကိုဗေဒင်တွက်ပေးနေတယ်။
ကြည့်ချင်တဲ့သူတွေလာကြ၊အလကားကြည့်ပေးမယ်၊
ဘာရယ်လို့မဟုတ်အပျော်သဘော၊တစ်ယောက်ပြီးတစ်ယောက်ဗေဒင်ကြည့်ကြတယ်။
ကျနော်အလှဲ့ရောက်တော့တွက်ချက်ပြီး
သူငယ်ချင်း...လူပျိုကြီး....မင်းနေတဲ့နေရာမျိုးမဟုတ်တဲ့နေရာသစ်တစ်ခုကိုသွားရလိမ့်မယ်..
အဲဒီအချိန်တုန်းက.....သွားဆိုတော့လဲ...သွားပေါ့ကွာ...ကျနော်တို့ပေါ့ပေါ့ပါးပါးရီရီမောမောနဲ့ပြောခဲ့တယ်။
ဗေဒင်ဆရာငှက်ပျော်သီးယတြာလုပ်ပေးဖို့မေ့ခဲ့လို့လားမသိ၊
ကျနော့်ဘဝတစ်ဆစ်ချိုး၊ဘဝမှာလုံးဝမမျော်လင့်ခဲ့သောနေရာ၊
အင်းစိန်ထောင်ကိုကျနော်ရောက်ခဲ့ရတယ်၊
မြန်မာ့ဆိုရှယ်လစ်စီးပွါးရေးတည်ဆောက်မှုကာကွယ်ရေးဥပဒေ( ဆစတက )ဥပဒေနဲ့ငြိပြီး
အင်းစိန်ထောင်ကိုရောက်ခဲ့တယ်။
အဲဒီဥပဒေပုဒ်မနဲ့ကျနော်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်။
မဆလလက်ထက်Law ဘွဲ့မရသော၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်တရားသူကြီးက
”ဦးခင်ဇော်လတ်ကိုထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။”
လုပ်လိုက်ကြစမ်းပါ၊မင်းတို့စနစ်အောက်မှာ,လုပ်ချင်သလိုလုပ်ကြ၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏အုပ်ချုပ်မှုအောက်မှာရှိနေသောမြန်မာနိုင်ငံ
ဒီနိုင်ငံကဒီဥပဒေနဲ့ပြစ်ဒဏ်ချလိုက်တယ်။ကျနော်ဘာမှမတတ်နိုင်ပါ၊
လူသတ်၊ခိုးဆိုး၊ဓါးပြတိုက်ခဲ့တာမဟုတ်၊ကိုယ့်ငွေနဲ့ကိုယ်ကောင်းရောင်းကောင်းဝယ်
လုပ်စားနေသောကျနော်၊အခုတရားခံဝက်ခြံထဲမှာ
အာမခံမရသောပုဒ်မနဲ့တရားစွဲခံခဲ့ရတဲ့ကျနော်၊
ပြီးခဲ့တဲ့နှစ်ကဒီဥပဒေမရှိဘူး၊ဒီနှစ်မှထုတ်လိုက်တယ်။
ရက်ပိုင်းဘဲရှိသေးတယ်။မတ်ပဲကိုရောင်းဝယ်ခွင့်ပိတ်လိုက်သောဥပဒေ
ဒီဥပဒေထွက်လာတာနဲ့မတ်ပဲဈေးကခုန်တက်သွားတယ်။
တောင်ငူမှာအောက်ဈေးတွေနဲ့လိုက်သိမ်းထားတာတွေရှိနေတယ်။
အမိန့်ထုတ်လိုက်ချိန်ပစ္စည်းတွေကျနော့်ကားပေါ်ရောက်နေပြီ၊
အချို့ကလမ်းတဝက်ရောက်နေပြီ၊
ကျနော်အတင့်ရဲတာလဲပါမည်၊
အစစ်အဆေးတွေဒီလောက်မြန်မယ်လို့မထင်လိုက်မိဘူး
ကျနော့်မတ်ပဲတွေတင်လာတဲ့ကားကိုလှည်းကူးစစ်ဆေးရေးဂိတ်မှာမိတယ်။
လမ်းတဝက်ကကားတွေပြန်လှည့်ပြေးခိုင်းလိုက်တယ်။
တင်လာတဲ့ကား...ကျနော့်ကား
တင်လာတဲ့မတ်ပဲ...ကျနော့်ပစ္စည်း
ကျနော်လိုက်သွားတယ်၊အတတ်နိုင်ဆုံးညှိုမယ်လို့စဉ်းစားထားတယ်။
စစ်ဆေးရေးအဖွဲ့တွေကအဖွဲ့စုံ၊သိပ်မလွယ်တော့ဘူး
ပထမဆုံး၊စံပြလုပ်ရမဲ့တာဝန်တွေရှိနေတဲ့ဝန်ထမ်းတွေတက်တက်ကြွကြွနဲ့ကျနော့်ကိုဖမ်းတယ်။
ချက်ချင်းကျနော့်ကိုလက်ထိပ်ခတ်လိုက်ကြတယ်
တောင်ငူအဖေ့ပွဲရုံကတင်လိုက်သောမတ်ပဲတွေ၊
ကျနော့်နာမည်မခံဘဲတောင်ငူအဖေ့ပွဲရုံကိုလွဲချလိုက်ရင်ရတယ်။
ဒါပေမဲ့ကျနော့်အဖေအသက်ကြီးမှထောင်ကျမဲ့အဖြစ်မျိုးကျနော်မမြင်ချင်ပါ။
ကျနော့်မတ်ပဲလို့ဘဲဝန်ခံလိုက်တယ်။
သွားပေတော့...အင်းစိန်ထောင်...မတ်ပဲနဲ့အင်းစိန်ထောင်ရောက်တာကျနော်ပထမဆုံး
ကျနော်ထောင်ထဲရောက်မှသိလာတယ်၊
သတင်းပေးရှိလို့ကျနော့်ကားကိုဖမ်းတာ
ဘယ်သူသတင်းပေးတာလဲ....
စုံစမ်း...မေးမြန်းရင်း....လူကြီးတွေဆီကသတင်းနှိုက်တော့ကျနော့်နဲ့စီးပွါးပြိုင်ဖက်တစ်ယောက်သတင်းပေးလိုက်တယ်။
ဥပဒေကိုလျော့တွက်ခဲ့တာကိုယ့်အမှားလို့ဘဲကိုယ့်ကိုကိုယ်အပြစ်တင်မိပါတယ်။
……………………………………………………
ကျနော်တို့ခပေါင်းဆောင်မှာနေပြီးသမိုင်းသီရေတာမှာဘူမိဗေဒတက်နေကြတယ်။
ဒုတိယနှစ်ရောက်နေပြီ၊ဒီနေ့သူငယ်ချင်းတွေစုပြီးလှိုင်မြို့နယ်ကဒီလှိုင်းစားသောက်ဆိုင်မှာထမင်းစားကြတယ်။
သိတဲ့အတိုင်း..ပုလင်းထောင်ကြတာပေါ့၊စကားတွေပြောကြရင်းမိုးချုပ်နေပြီ
အဆောင်ကိုလမ်းလျှောက်ပြန်ခဲ့ကြတယ်။
“စောသေးတယ်ကွာ၊လှိုင်ဇာတ်ရုံမှာဘာဇာတ်ကနေလဲမသိဘူး”
“ဝင်ကြည့်ရအောင်”
“ခိုင်စပယ်ဖူးအငြိမ့်”
မင်းသမီးကမိုက်တယ်၊ဝင်ကြည့်ရအောင်
လက်မှတ်ဝယ်ပြီး၊ဇာတ်ရုံထဲဝင်လာကြပါတယ်
မင်းသမီးတွေတစ်လက်ပြီးတစ်လက်ကနေကြတယ်။
သူငယ်ချင်းအချို့ကအဆောင်မှာဂစ်တာသွားတီးကြမယ်ဆိုပြီးပြန်သွားကြတယ်။
ကျနော်နဲ့သူငယ်ချင်းအချို့ပွဲဆက်ကြည့်ကြတယ်။
ကြိုက်လို့တော့မဟုတ်ဘူး၊ထိုင်လက်စ၊အရက်လဲနဲနဲမူးနေတာကြောင့်ဆက်ကြည့်နေတာ
ခေါင်းဆောင်မင်းသမီးအလှည့်ရောက်တော့မယ်။
အငြိမ့်တွေမှာခေါင်းဆောင်မင်းသမီးတွေကအဆိုရော၊အကပါတော်လေ့ရှိတယ်။
ကျနော်ခေါင်းဆောင်မင်းသမီးကတာကြည့်ချင်တယ်
ခေါင်းဆောင်မင်းသမီးနာမည်က”ခိုင်စပယ်ဖူး”
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...
စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့
ချစ်သူ...ဝိုင်းဝိုင်းလည်.....
ခေါင်းဆောင်မင်းသမီးရဲ့အကနဲ့အဆိုကကျနော့်နှလုံးသားကိုဆုပ်ကိုင်လိုက်ပါပြီ
ကျနော့်မျက်လုံးထဲမှာနွဲ့ပြောင်းတဲ့သူအက၊ကျနော့်ကိုဖမ်းစားနိုင်လွန်းတယ်
“ကျမရုပ်ရည်ကို၊နှစ်သက်သူတွေကလဲ
ကျမအနားမှာဘဲဝိုင်းဝိုင်းလည်
ပြောဟန်ဆိုဟန်..တေးသံလွင်လွင်နားဆင်ချင်သူတွေကလဲ
ကျမအနားမှာဘဲ...ဝိုင်းဝိုင်းလည်...
အတွေးပင်လယ်မြော..
ပြောရင်မောရုံရှိမယ်
သံယောဇဉ်လဲ...အသဲတွင်ငြိတွယ်
ကျနော့်ရင်ထဲမှာခေါင်းဆောင်မင်းသမီးနဲ့သူဆိုတဲ့သီချင်း”ချစ်သူဝိုင်းဝိုင်းလည်”ခွဲမရတော့ဘူး။
နောက်နှစ်ညဆက်တိုက်ကျနော့်တစ်ယောက်ထဲအငြိမ့်လာကြည့်တယ်။
ကျနော်အငြိမ့်မင်းသမီးကိုစွဲလန်းခဲ့ပြီ၊
သတင်းစာတွေ့ရင်”ခိုင်စပယ်ဖူး အငြိမ့်” ဘယ်မှာကနေလဲဆိုလိုက်ကြည့်မိတယ်။
အနီးအနားမှာကနေရင်ကျနော်လိုက်ကြည့်တယ်။
ခေါင်းဆောင်မင်းသမီးကပြီးရင်ကျနော်ပြန်လာပြီ
သူမ..ဆိုနေသော”ချစ်သူဝိုင်းဝိုင်းလည်”သီချင်းနဲ့မင်းသမီးခိုင်စပယ်ဖူးကျနော့်ရင်ထဲမှာနေရာယူနေပြီ၊
ဒီလောက်အချောအလှတွေပေါနေတဲ့ကျောင်းထဲမှာနေပြီး၊အငြိမ့်မင်းသမီးကိုစွဲလန်းနေသောကျနော့်ကို
သူငယ်ချင်းအားလုံးဝိုင်းတားကြပါတယ်
ဇော်လတ်...မင်းရူးနေပြီလားကွာ
မင်းရူးတာတွေရပ်ပါတော့ကွာ
မင်းသားပေါင်းစုံနဲ့တွဲကနေတဲ့မင်းသမီးကိုမှသွားကြိုက်တဲ့အရူး
မင်းတော့လှည်းကျိုးထမ်းရတော့မယ်
ကျနော်နဲ့အတူနေသောကျော်ကြီးကဘာမှမပြောပါ၊သူနဲ့ကျနော်တမြို့ထဲတောင်ငူသား
မင်းချစ်မိတာကိုငါဘာမှမပြောချင်ပါဘူး
မင်းအမှားတခုခုလုပ်ရင်မင်းအိမ်ကငါ့ကိုအရင်ဆဲမှာ
ငါတို့သူငယ်ချင်းတွေပြောသလိုလှည်းကျိုးထမ်းတာမျိုးတော့မဖြစ်ချင်ဘူး
နောက်ပြီးမင်းကြိုက်နေတာဘဲရှိတယ်၊သူ့အကြောင်းဘာမှလဲမသိဘူး
သူ့မှာအိမ်ထောင်ရှိနေလားဘာလား၊မင်းဘာမှမသိဘူး
မင်းတကယ်ကြိုက်တယ်ဆိုရင်သူ့အကြောင်းကိုအရင်စုံစမ်းစေချင်တယ်
ကျော်ကြီးပြောတာနဲ့သူတို့အငြိမ့်နေရာကိုစုံစမ်းကြည့်တော့ကြည့်မြင်တိုင်မှာ
ကြိုက်မရှက်ဆိုတဲ့စကားအတိုင်းကျနော်မင်းသမီးကိုသွားရှာတာ၊တွေ့ခွင့်မရခဲ့ဘူး၊
ကျနော်လဲကျောင်းတက်နေရင်းကြည့်မြင်တိုင်ဖက်ရောက်ရင်ရှာတာဘဲ
မတွေ့ပါဘူး၊ကျနော့်စိတ်ထင်ဇာတ်ဆရာတွေမပေးတွေ့ဘူးလို့ထင်တာဘဲ
ဒီလိုနဲ့ဘဲကျနော်ဘူမိဗေဒတတိယနှစ်ရောက်လာပါပြီ၊
ခိုင်စပယ်ဖူးအငြိမ့်ကနှစ်တိုင်းလှိုင်ဇာတ်ရုံမှာကနေကျ၊
ကျနော်နေတဲ့ဒဂုံဆောင်နဲ့ဝေးသွားပြီ၊တခါတလေလှိုင်မြို့နယ်ကလှည်းတန်းထိလမ်းလျှောက်ပြန်ရတယ်။
ကျနော်ရူးနေပြီ၊မောရမှန်းမသိဘဲလမ်းလျှောက်နေတယ်၊
ကျနော်တို့ဧပြီကျောင်းပိတ်ရက်ကွင်းဆင်းရတော့မယ်၊တလကြာမယ်
ဒီညကျော်ကြီးကိုအဖေါ်ခေါ်ပြီးလှိုင်ဇာတ်ရုံမှာပွဲသွားကြည့်မယ်
ကျော်ကြီးဘဲကျနော့်ဆန္ဒတွေကိုကူညီနေတယ်
မင်းဒီလိုဇာတ်မျောကြီးတော့မလုပ်နဲ့ကွာ
မင်းကိုကြည့်ရတာပင်ပမ်းလိုက်တာမင်းအငြိမ့်လိုက်ကြည့်နေတယ်လို့အခြားလူတွေကြားရင်
ဝိုင်းရီကြမှာ၊တခုခုတော့အမြန်ဆုံးဖြတ်ကွာ
အချိန်တွေမကုန်စေနဲ့
ဒီညအဖေါ်ခေါ်တာတစ်ယောက်မှမလိုက်၊ကျနော်နဲ့ကျော်ကြီးနှစ်ယောက်ထဲ
ကျနော်မှာမင်းသမီးကနေတာငေးမောနေမိတယ်။
သူ့သီချင်း”ချစ်သူဝိုင်းဝိုင်းလည်”ထဲမှာနစ်မျောနေမိတယ်။
ဒီညလူရွှင်တော်တွေပြောတဲ့စကားတွေကကျနော့်စိတ်ကိုလှုပ်နိူးလိုက်သလိုဘဲ
မိဘပြည်သူများကိုတောင်းပန်စရာတစ်ခုရှိပါတယ်
ခေါင်းဆောင်မင်းသမီးနဲ့ပတ်သက်လို့ပါ
သမီးလေးကစာမေးပွဲဖြေစရာရှိနေလို့ဒီညနောက်ပိုင်းတွေမကနိုင်တာခွင့်လွတ်ပေးကြပါ
လို့တောင်းပန်ချင်ပါတယ်။
သမီးလေးကိုပါရမီဖြည့်ပေးကြပါ
ကျနော်မင်းသမီးကပြီးတာနဲ့ဇာတ်ရုံနောက်ကိုလိုက်သွားပါတယ်။
ဇာတ်ရုံနောက်မှာမင်းသမီးဖယ်ရီကားပေါ်မှာထိုင်နေတယ်။
ကျနော်အနားကပ်သွားတော့ဇာတ်အဖွဲ့တွေဝိုင်းတားကြပါတယ်။
ကျနော်ကျောင်းသားတစ်ယောက်ပါ၊မင်းသမီးရဲ့အမာခံပရိတ်သတ်ပါ
မင်းသမီးနဲ့ခဏလေးဘဲတွေ့ပါရစေ
မင်းသမီးလဲကျနော်ပြောတာကြားနေတယ်
ဦး...လာပါစေ....
ကျနော်မင်းသမီးအနားရောက်ပြီးသူ့မျက်နှာလေးမြင်လိုက်ရတာ၊ရင်တွေခုန်လိုက်တာ
ကျနော်ထင်တာထက်အပြင်မှာပိုငယ်နေတယ်
ထင်ရှားတာတစ်ခုကညာဖက်မေးစေ့ထောင့်လေးကမှဲ့ကတော်တော်ထင်ရှားတယ်
လူကိုမမြင်ခင်မှဲ့ကိုသတိထားမိလောက်တဲ့အမှတ်အသားမျိုး
ညီမဘာစာမေးပွဲဖြေမလို့လဲ၊အကိုသိခွင့်ရမလား
အကိုလဲတတိယနှစ်ဘူမိဗေဒတက်နေတဲ့ကျောင်းသားပါ
ကျနော်ပွင့်ပွင့်လင်းလင်းပြောလို့လားမသိဘူး
ကျနော့်ကိုအကဲခတ်သလိုကြည့်ပြီး
သမီးဥပဒေအဝေးသင်တတိယနှစ်ဖြေမှာပါ
ရန်ကုန်မိန်းထဲမှာလား
ဟုတ်တယ်၊စာသင်တာကဝိဇ္ဇာခမ်းမဖက်မှာ
သီရိဆောင်မှာအဆောင်ပေးထားတယ်
အကိုကနောက်ရက်တွေရှမ်းပြည်တောင်ပိုင်းကွင်းဆင်းရတော့မှာ
ကွင်းဆင်းပြီးပြန်ရောက်ရင်ကျနော်လာတွေ့လို့ရမလား
လာချင်ရင်တော့လာခဲ့လေ၊သိပ်တော့မသေချာဘူး
သမီးစာတွေမကျက်ရသေးဘူး
အနှောင့်အယှက်ဖြစ်နေရင်မလာတော့ပါဘူး
ကျနော်အဝေးကဘဲကြည့်နေတော့မယ်
ကျနော့်နာမည်ဇော်လတ်ပါ၊တောင်ငူကလာတာပါ၊ဒဂုံဆောင်မှာနေတယ်
မင်းသမီးနဲ့စကားပြောခွင့်ရသလိုအဝေးသင်တက်နေတဲ့သူမကိုကျော်ကြီးလဲအံ့ဩနေတယ်။
ငါ့စိတ်ထင်အိမ်ထောင်တွေမကျလောက်သေးဘူးထင်တယ်
မင်းထပ်စုံစမ်းကြည့်တာပေါ့
မနက်ဖြန်သာစည်ရထားနဲ့ ရှမ်းပြည်တောင်ပိုင်းကို Field ဆင်းရတော့မယ်
မင်းသမီးလေးနဲ့ဝေးရတော့မယ်။
အေးကွာ...ငါဒီတစ်ခါဘဲကြားဘူးတယ်အဝေးသင်တက်နေတဲ့အငြိမ့်မင်းသမီး
အထင်သေးတာတော့မဟုတ်ပါဘူး၊ငါတို့ဆုံခဲ့ဘူးတဲ့ဇာတ်သမားတွေထဲမှာဘွဲ့ရတွေမတွေ့သလောက်ဘဲ
ကျနော်တို့တတိယနှစ် Field ကကျွဲတပ်ဆုံနဲ့ပြင်ညောင်မှာဆင်းရမယ်၊
ကျွဲတပ်ဆုံကသာစည်မြို့နယ်မန္တလေးတိုင်းထဲရှိတယ်၊ရာသီဥတုကအညာအတိုင်းပူတယ်။
ပြင်ညောင်ကရှမ်းပြည်နယ်၊သာစည်၊တောင်ကြီးကားလမ်းပေါ်မှာ
ရာသီဥတုကအရက်သမားကြိုက်တဲ့ရာသီဥတု၊ချမ်းတယ်၊
ညဖက်တွေမှာရွှေလိမ္မော်လေးတစ်ခွက်နဲ့ဂစ်တာတီးရတာအရမ်းမိုက်တယ်၊
ကျနော်ညဖက်ရောက်ရင်မင်းသမီးကိုသတိရတယ်ဗျာ
မင်းသမီးကိုချစ်မိနေတဲ့မေတ္တာထုတော်တော်ကြီးနေပြီ
ကျနော်နဲ့ကျော်ကြီးတစ်အုပ်စုထဲကျနေတယ်။သူငယ်ချင်းကျော်ကြီးကိုရင်ဖွင့်လို့ရသေးတယ်။
မင်းအချစ်ကိုငါမှန်းမတတ်ဘူး၊ဒါပေမဲ့ဇာတ်မင်းသမီးကိုမင်းအိမ်ကသဘောတူမှာမဟုတ်ဘူး
မင်းဘယ်လိုလုပ်မလဲ
ငါချစ်မိတာဘဲရှိတယ်၊သူငါ့ကိုဘယ်လိုသဘောထားမလဲမသိသေးဘူး
ငါသိတယ်၊မင်းသမီးကိုမင်းစွဲနေပြီ
ညဖက်ဂစ်တာကိုင်ပြီးကျနော်နဲ့လိုက်တဲ့ C key နဲ့မင်းသမီးဆိုနေကျ”ချစ်သူ..ဝိုင်းဝိုင်းလည်”
သီချင်းကိုကော့ရှာကြည့်တယ်။တီးကြည့်တယ်။အဆင်ပြေတယ်၊
ကျနော့်အလွမ်းတွေကိုသီချင်းလေးနဲ့အပမ်းဖြေလို့ရပြီ၊
မင်းသမီးလဲသီရိဆောင်ရောက်နေလောက်ပြီ၊ဝိဇ္ဇာခမ်းမဖက်မှာစာသင်နေလောက်ပြီ၊
စိတ်ထဲမှာကွင်းဆင်းနေတဲ့ရက်တွေကြာလွန်းတယ်လို့ထင်နေမိတယ်၊
ဒီလိုနဲ့ရက်တွေကုန်လွန်ရင်း ကွင်းဆင်းရက်နောက်ဆုံးနေ့ရက်ရောက်လာပါပြီ
ဒီနေ့ညနောက်ဆုံးရက်မီးပုံဖိုရင်းကွင်းဆင်းရက်နှုတ်ဆက်ပွဲလုပ်ကြမယ်၊
ကျနော့်စိတ်ထဲမှာမင်းသမီးနဲ့ပြန်တွေ့ရတော့မှာမို့အရမ်းတက်ကြွနေတယ်။
ကျနော်မြန်မာသံစဉ်သီချင်းဖြစ်သော “ ချစ်သူ...ဝိုင်းဝိုင်းလည် “အငြိမ့်သီချင်းကိုဂစ်တာတီးပြီး
ဆိုပြမယ်လို့စဉ်းစားထားတယ်၊ကျနော့်ကိုမယ်ဒလင်တီးပြီးကူညီပေးမဲ့ရွာသားတစ်ယောက်လဲရှာထားတယ်၊
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...
စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့
ချစ်သူ...ဝိုင်းဝိုင်းလည်.....
ကျနော်ဂစ်တာတီးပြီးဆိုတယ်၊မယ်ဒလင်ဆရာကဝိုင်းတီးပေးတယ်၊
ဘေးကသူငယ်ချင်းတွေပွဲမှာကြည့်သလိုမျိုး..တဟေ့ဟေ့...ဖော်လိုလိုက်ကြတယ်၊
သီချင်းကမြိုင်လာတော့ကတတ်တဲ့သူငယ်ချင်းတစ်ယောက်ကမင်းသမီးလိုဝင်ကတယ်
ကျနော်တို့ဘူမိကျောင်းသားတွေရဲ့ပွဲလို့ဘဲတင်စားရတော့မယ်။
ဘေးနားရွာသားတွေလဲလာကြည့်ကြတယ်၊အားပေးသံတွေ၊လက်ခုပ်သံတွေအားရစရာ၊
ဒီညမှာ”ချစ်သူ...ဝိုင်းဝိုင်းလည်”သီချင်းကို ၃ ခါလောက်ဆိုလိုက်ရတယ်၊၊
နောက်နေ့သာစည်ရထားပေါ်မှာအိပ်ငိုက်ပြီးလိုက်လာတုန်း၊လုပ်စမ်းပါကွာ
အငြိမ့်သီချင်းလေးဝိုင်းဆိုရအောင်၊သူငယ်ချင်းတွေတောင်းဆိုလို့တီးကြ၊ဆိုကြတာပေါ့၊
ရန်ကုန်ဘူတာကြီးကိုဆိုက်ရောက်လာပါပြီ၊အမှန်ပြောရရင်ကျနော်တောင်ငူသား
တောင်ငူဘူတာမှာဆင်းခွင့်ပြုတယ်၊ရန်ကုန်ထိလိုက်စရာမလိုပါ
ဒါပေမဲ့ရန်ကုန်သွားချင်နေတယ်၊မင်းသမီးနဲ့အပြင်မှာဆုံချင်တယ်၊
သူ့အကြောင်းကျနော်သိချင်နေတယ်
အောက်ပြည်အောက်ရွာကကျောင်းသားတွေကိုဒဂုံဆောင်မှာနေခွင့်ပေးထားတယ်၊
ဒါပေမဲ့ကိုယ့်အခန်းတော့ကိုယ်မနေရတော့ပါ၊အဝေးသင်တွေရောက်နေတယ်၊
အဆောင်ရောက်တာနဲ့အထုပ်ပြစ်ချပြီး၊ဝိဇ္ဇာခမ်းဖက်ပြေးပါလေရော။
ညဖက်ဇာတ်ခုံမှာမြင်နေကျမင်းသမီးကိုအပြင်မှာမမြင်ဘူးသေးပါ၊
အပြင်ဆိုလို့ဖယ်ရီကားပေါ်မှာထိုင်နေတာဘဲမြင်ခဲ့တယ်၊
ခဏလေးဆုံမိလိုက်တဲ့အခိုက်သူ့ဆံပင်ရှည်လားတိုလားမမှတ်မိတော့ဘူး
ရှာရတာနဲနဲခက်တော့မယ်၊ဒါပေမဲ့သူ့မေးစိအောက်နားကမှဲ့ကလူမှားစရာမရှိ၊
ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေတာဘဲ
ကျောင်းထဲလဲရောက်ရော၊များပြားလိုက်တဲ့အဝေးသင်ကျောင်းသားတွေ
စာသင်ခန်းတွေမှာကြပ်သိပ်ပြီးထိုင်နေကြတယ်
ဘယ်လိုလုပ်ရှာတွေ့နိုင်ပါ့မလဲ
စိတ်ဓါတ်ကိုအကြီးအကျယ်ကျသွားတယ်၊လျှောက်သွားလျှောက်လာရှာနေတာဘဲ
ကျနော်လဲရှာတယ်၊ကျော်ကြီးလဲလိုက်ရှာတယ်၊
လူခွဲပြီးတော့လဲအတန်းတွေမှာလိုက်ချောင်းတယ်
ဒါပေမဲ့သူမပုံသဏ္ဍန်ကိုအပြင်မှာမြင်ဘူးကြတာမဟုတ်၊
သူ့ကိုမြင်တုန်းကဖယ်ရီကားပေါ်မှာထိုင်နေတယ်
အကယ်၍များမျက်နှာချင်းဆိုင်ဆုံခဲ့ရင်တောင်ကျနော်တို့မှတ်မိနိုင်ပါ့မလား
ထင်ထင်ရှားရှားဆိုလို့သူ့ညာဖက်မေးစိထောင့်နားမှာထင်ရှားတဲ့မှဲ့
ပြီးတော့ညနေဖက်အဆောင်ပိတ်ချိန်ထိ၊သီရိဆောင်ရှေ့မှာသွားရှာတယ်။
ဘာမှမထူးခြားဘူး၊
ငါတို့ဂျင်းအထည့်ခံရပြီလားမသိ၊
ကျနော်ချစ်နေတဲ့မင်းသမီးကိုပညာတတ်ဘွဲ့ရတစ်ယောက်တော့ဖြစ်စေချင်တယ်၊
စိတ်ထဲမှာဂျင်းမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်
တစ်ရက်၊နှစ်ရက်၊သုံးရက်မြောက်နေ့
စိတ်လျှော့လိုက်ပါပြီ၊
ကျော်ကြီးရေ....ငါတို့မနက်ဖြန်ပြန်ကြရအောင်
စိတ်ပျက်၊အားလျှော့စွာနဲ့အိပ်ယာပေါ်ပြစ်လဲချလိုက်ပါတယ်၊
မျက်လုံးအိမ်ထဲကမျက်ရည်စတွေဘာလို့ထွက်ကျလာလဲကျနော်မသိ၊
ခိုင်စပယ်ဖူးအငြိမ့်
“ကျမရုပ်ရည်ကို၊နှစ်သက်သူတွေကလဲ
ကျမအနားမှာဘဲဝိုင်းဝိုင်းလည်
ပြောဟန်ဆိုဟန်..တေးသံလွင်လွင်နားဆင်ချင်သူတွေကလဲ
ကျမအနားမှာဘဲ...ဝိုင်းဝိုင်းလည်...
အတွေးပင်လယ်မြော..
ပြောရင်မောရုံရှိမယ်
သံယောဇဉ်လဲ...အသဲတွင်ငြိတွယ်
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...
စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့
ချစ်သူ...ဝိုင်းဝိုင်းလည်.....
စပယ်မနင့်အမေဘယ်လိုကနေလဲ၊ကြည့်ထား...နောက်ကျနင်ပြန်ကပြ
ဆယ်နှစ်သမီးကျမ၊မစပယ်ကိုဇာတ်ဆရာအဖိုးကလှမ်းပြောနေတာ
ကျမကျောင်းကပြန်လာတဲ့အချိန်၊အမေတို့ဇာတ်တိုက်နေကြတုန်းဘဲ၊
အဖိုးဇာတ်ဆရာထောင်ခဲ့သောတိုင်းရွှေကျော်ဇာတ်အဖွဲ့ထဲမှာအမေ၊မနှင်းဆီ(မင်းသမီး)
အဖေဦးပေါက်စ(လူရွှင်တော်)ဘကြီးတွေ၊ဦးလေးတွေ၊အမျိုးအားလုံးကိုအဖိုးအလုပ်ပေးထားတယ်၊
တမိုးတွင်းလုံးဇာတ်တွေတိုက်ကြ၊ပြဇာတ်တွေကကြ၊နွေအတွက်ပြင်ဆင်နေကြတယ်။
အမေနဲ့အဖေဇာတ်လမ်း၊ရွှေမင်းသမီးနဲ့လူရွှင်တော်မရိုးတဲ့ဇာတ်လမ်းပါဘဲ
ဇာတ်ထဲမှာထုံးစံလိုဖြစ်နေတဲ့ဇာတ်လမ်း၊တကယ်တော့အဖေနဲ့အမေဆွေမျိုးမကင်းတဲ့လူတွေပါ
အမေနဲ့အဖေ,ငယ်ငယ်တုန်းကဇာတ်ကရင်ပျော်နေတဲ့လူမျိုး၊ဒါပေမဲ့..ကျမကိုမွေးပြီးနောက်
ဇာတ်ကဖို့ပြန်စဉ်းစားနေပြီ၊သမီးလေးမစပယ်ကိုသူတို့လိုဇာတ်မကစေချင်တော့ပါ
ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်၊သူတို့ကိုယ်တိုင်လဲဇာတ်ကချင်စိတ်ကုန်ခမ်းလာနေပြီ
ဆီးချုပ်၊ဝမ်းချုပ်နဲ့နေနေရတဲ့ဘဝ၊မလွတ်မလပ်နဲ့နေရတဲ့ဘဝတွေစိတ်ကုန်နေပြီ
အဖေဇာတ်ဆရာကိုပြောထားတယ်
မအေးချမ်းတဲ့နေရာမျိုး၊ဥပဒေမစိုးမိုးတဲ့နေရာမျိုးညကြေးငွေဘယ်လောက်ပေးပေးမလိုက်ဖို့၊
တခါတုန်းကညကြေးမြက်မြက်ရလို့လိုက်သွားခဲ့တဲ့နယ်စပ်မြို့တစ်နေရာမှာအမေကံကောင်းလို့၊
မင်းသမီးကိုငွေပြပြီးညအိပ်ဖို့တောင်းဆိုခဲ့တယ်။
စာချုပ်ချုပ်ထဲကလုံခြုံရေးတာဝန်ယူပါမယ်လို့ရေးထားတယ်။
ဇာတ်ပွဲမင်းသမီးတိုင်းကိုမဆိုလိုပါ၊အချို့မင်းသမီးတွေဝမ်းရေးအတွက်လုပ်ခဲ့ရင်လဲလုပ်ကြမယ်။
ကျမအမေဒီအတန်းစားထဲကမဟုတ်၊ဇာတ်အဖွဲ့သားအားလုံးကအမျိုးမကင်းတဲ့သူတွေ။
အားလုံးစိတ်ဆိုးဒေါသထွက်ကြပြီး၊စာချုပ်ဖျက်ပြီးပြန်လာခဲ့တယ်။
ဒါပေမဲ့ကျမ...အမေရဲ့နွဲ့ပြောင်းတဲ့အကတွေကြည့်ပြီးကချင်ခုန်ချင်စိတ်တွေဖြစ်လာတယ်။
အမေ့ဆီကပါလာသောအနုပညာသွေးကစကားပြောလာပါတယ်၊
ကျောင်းဖွင့်နေရင်အမေတို့ကျမကိုဇာတ်နောက်မပေးလိုက်ပါ
ကျောင်းပိတ်ရက်နဲ့ဆုံနေရင်လိုက်ခွင့်ရတယ်၊
ကျမတတ်ထားတဲ့အနုပညာကိုထုတ်ပြချင်တယ်၊
အမေ့ခြေရာအတိုင်းကျမအနုပညာအရည်အသွေးကိုအခွင့်အရေးရတိုင်းပြခဲ့တော့
ပရိတ်သတ်တွေတောင်းဆိုမှုအရအဖိုးဇာတ်မှာကျမနေရာနဲနဲရလာတယ်။
မှတ်မိသလောက်ပြောရရင်ကျမရှစ်တန်းလောက်မှာအနုပညာပြခွင့်ရခဲ့တယ်။
အမေကကျမကိုကျောင်းဘဲဆက်နေစေချင်တယ်။
ကျမမိဘတွေကိုတဖက်တလမ်းနဲ့ကူညီချင်တယ်၊ဇာတ်ကခွင့်အမေ့ဆီမှာအတိုက်အခံလုပ်ပြီးတောင်းဆိုခဲ့တယ်။
ခရီးဝေးသွားမဲ့မြို့တွေဆီလိုက်ခွင့်မပြုဘူး၊ဒါပေမဲ့လာငှားတဲ့လူတွေကလဲကျမ၊မပါရင်မငှားတော့ဘူးဆိုတော့လဲ
အလိုလိုနေရင်းမပါမဖြစ်၊ဖြစ်လာရတဲ့ကျမဘဝပါ။
နောက်ပိုင်းကျတော့အဖိုး..တိုင်းရွှေကျော်ဇာတ်သဘင်နဲ့အတူ”ခိုင်စပယ်ဖူးအငြိမ့်”ဆိုပြီးထပ်ခွဲလိုက်တယ်။
ဇာတ်အဖွဲ့သားတွေကအတူတူ၊အငြိမ့်မှာတော့ကျမအဓိက၊ဇာတ်သဘင်မှာကျမ၊မကတော့ဘူး
အငြိမ့်ကရင်းနဲ့ဆယ်တန်းဖြေတာအောင်သွားပါတယ်၊အငြိမ့်လဲကချင်တယ်၊စာလဲဖတ်ချင်တယ်။
စာတတ်ပုဂ္ဂိုလ်လဲဖြစ်စေချင်တဲ့အမေ့ဆန္ဒကိုလဲဖြည့်ချင်တယ်။
အဲ့ချိန်အဝေးသင်နဲ့ဘွဲ့ယူလို့ရနေပြီ၊ကျမ ဥပဒေအဝေးသင်လျှောက်လိုက်တာ၊တက်ခွင့်ရခဲ့တယ်။
ကျမဝမ်းသာလိုက်တာ၊ကျမတို့ဇာတ်အဖွဲ့ကိုလူတွေကစာမတတ်ပါဘူးဆိုပြီးအထင်သေးကြတယ်။
ဒါပေမဲ့...လူတွေ...လူတွေ...ဇာတ်သမားဆိုရင်အထင်သေးတတ်ကြတယ်၊
ကျမဘဝအတွက်သင်္ခန်းစာတစ်ခုရခဲ့တယ်
အဝေးသင်ပထမနှစ်စာမေးပွဲဖြေဖို့မိန်းထဲရောက်ခဲ့တယ်၊နေဖို့အဆောင်ကသီရိဆောင်မှာနေရာချတယ်။
အဝေးသင်သင်ရိုးညွန်းတန်းတွေကိုတစ်လကျောင်းတက်ပြီးမှစာမေးပွဲဖြေရတယ်။
ကျမအသက်တစ်ဆယ့်ခုနှစ်နှစ်၊အငြိမ့်သာကနေတာပတ်ဝန်းကျင်နဲ့ထိတွေ့တာနဲနဲ
လူတွေအားလုံးကိုကျမလိုရိုးရိုးသားသားလို့ဘဲထင်ခဲ့မိတယ်.
စာသင်နေရင်းသူငယ်ချင်းအပေါင်းအသင်းတွေလဲရလာပါတယ်.
စာသင်ချိန်တဝက်လောက်ရောက်လာချိန်အားလုံးကလဲခင်လာသလိုလိုဖြစ်လာချိန်မှာ
ကျမရိုးရိုးသားသားဘဲအငြိမ့်မင်းသမီးကျမအကြောင်းပြောပြလိုက်မိပါတယ်။
နောက်နေ့...နောက်နေ့..တွေကစပြီးကျမကိုခင်တဲ့လူတွေကျမကိုရှောင်ဖယ်လာကြပါတော့တယ်။
ဇာတ်သမား၊အနုပညာဖက်ခွက်စားဆိုပြီးလူတန်းစားခွဲတဲ့စိတ်တွေလူတွေမှာရှိကြတုန်းပါလား
ဆိုပြီးကျမသင်္ခန်းစာအကြီးကြီးရလိုက်တယ်၊
အမေ့ကိုဝမ်းနဲစွာနဲ့ပြောပြတော့၊အမေကိုယ်ချင်းစာတယ်၊အမေ့ဘဝလဲဒါမျိုးကြုံခဲ့ပြီးပြီ
အဖေ့နဲ့မယူခင်တုန်းကချစ်ခဲ့တဲ့ချစ်သူ၊သူ့မိဘတွေဇာတ်သမနဲ့မပေးစားနိုင်ဘူးလို့ငြင်းခဲ့လို့
အချစ်ဦးနဲ့လွဲခဲ့ရတဲ့အမေ့အဖြစ်၊
နောက်နှစ်နောက်နှစ်တွေမှာကျမဘဝပေးအသိတွေကြောင့်ကျမစကားတွေကိုအကုန်မပြောတော့ဘူး၊
လူတန်းစားခွဲတတ်တဲ့လူတွေကိုမုန်းတဲ့စိတ်တွေကျမကိုယ်ထဲမှာကိန်းအောင်းလာခဲ့တယ်
အရင်တုန်းကနာမည်ကြီးအငြိမ့်မင်းသမီးဖြစ်ချင်ခဲ့တယ်၊တဖြေးဖြေးနဲ့ကျမနာမည်ကြီးလာပါပြီ
ကျမရည်ရွယ်ချက်ပြောင်းလိုက်ပြီ၊ကျမကျောင်းပြီးတဲ့တစ်နေ့ရောက်ရင်ကျမအငြိမ့်မကတော့ဘူး
ကျမတရားသူကြီးဖြစ်အောင်ကျိုးစားတော့မယ်
လူရိုသေ၊ရှင်ရိုသေဖြစ်အောင်ကျိုးစားတော့မယ်
တတိယနှစ်စာမေးပွဲဖြေခါနီးတစ်ရက်ညဖက်အငြိမ့်ကပြီးအိမ်ပြန်တော့မယ်၊စာဖတ်ရတော့မယ်
စာမေးပွဲနီးလာပြီ၊ဖယ်ရီကားပေါ်မှာစောင့်နေတုန်းလူရွယ်တစ်ယောက်ရောက်လာတယ်၊
သူ့အဖေါ်တစ်ယောက်ကရပ်စောင့်နေတယ်...
လာမိတ်ဆက်တာလို့ထင်တာဘဲ၊...ဒါလဲထုံးစံပါဘဲ
မိတ်ဆက်မယ်...ခင်ချင်တယ်ပြောပြီး...လာကြောင်မယ်...ရိုးနေပြီ
သူ့ကိုလဲကျမ..မမှတ်မိပါဘူး၊ကျမ...ခေါင်းထဲထည့်လေ့မရှိသူတစ်ယောက်ပါ
သူပြောတာကြားလိုက်တယ်၊သူကဘူမိဗေဒကျောင်းသား
အဝေးသင်စာသင်နေတဲ့အချိန်တွေ့ချင်တယ်၊ Field ဆင်းမယ်ဆိုလား
Field ဆင်းပြီးရင်တွေ့ပါရစေဆိုလား၊ ကျမ...မသိတော့ဘူး
ဒီနေ့စာသင်နေတာတစ်လပြည့်တော့မယ်၊မကြာခင်စာမေးပွဲဖြေရတော့မယ်၊
အချိန်ရသလောက်ကျက်နေတာဘဲ၊အဆင်ပြေနေပြီလို့ထင်တာဘဲ
တစ်ရက်စာသင်ခန်းရှေ့မှာကျောင်းသားနှစ်ယောက်ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး
တစုံတယောက်ကိုရှာနေသလိုမျိုး၊စာသင်ခန်းတွေမှာလိုက်ကြည့်နေတာသတိထားမိတယ်၊
ကျမကိုလာမိတ်ဆက်တဲ့တစ်ယောက်များလားလို့ထင်မိပါတယ်၊
ညဖက်တွေ့တာကျမလဲသိပ်မမှတ်မိ၊ကျမလဲမသိသလိုမျိုးနဲ့အကဲခတ်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊
သူလဲကျမကိုမှတ်မိတဲ့ပုံမပေါ်ဘူး၊ဘယ်မှတ်မိမလဲ..ကျမဂျင်းဘောင်းဘီနဲ့ရှပ်ကွက်အမြဲဝတ်ထားတယ်
မင်းသမီးဝတ်စုံနဲ့မှမဟုတ်တာ၊ကျမလေ့လာခွင့်ရပြီ
ကျမထင်တာမမှားခဲ့ရင်ဒီကျောင်းသားအရပ်မြင့်မြင့်နဲ့ရုပ်ဖြောင့်တယ်လို့သတ်မှတ်လိုက်မယ်
တစ်ခုတော့ကျမသတိထားရမယ်၊ကျမမေးစိကမှဲ့ကိုတခုခုနဲ့ကွယ်ထားမှဖြစ်မယ်
ကျမနဲ့မျက်နှာချင်းဆိုင်ဆုံကြသေးတယ်၊ကျမဦးထုပ်ဆောင်းပြီး၊မှဲ့ကိုစာအုပ်နဲ့ကွယ်ထားတယ်
သူမမှတ်မိပါ၊ညနေအဆောင်ရှေ့မှာလာပြီးလမ်းလျှောက်နေတယ်
ကျမသီရိဆောင်အပေါ်ထပ်ကမြင်နေရတယ်။
တစ်ရက်..နှစ်ရက်...သုံးရက်...သေချာပြီ၊လာမိတ်ဆက်တဲ့သူဘဲ
လေးရက်မြောက်နေ့...မနက်အဆောင်ရှေ့ကထွက်လာတယ်၊ကျမဘာအကာအကွယ်မှမလုပ်တော့ဘူး
ကျမအမာခံပရိတ်သတ်ကိုအတွေ့ခံလိုက်တော့မယ်၊သူမှတ်မိရင်ပေါ့
မမှတ်မိတော့လဲ..အရင်လာကြောင်နေကျကောင်တွေလို့သတ်မှတ်လိုက်တော့မယ်
လမ်းလျှောက်လာနေတဲ့ကျမ...အရှေ့မှာလဲသူတို့လာနေပြီ
ကျမ..သူ့မျက်နှာကိုအေးအေးဆေးဆေးဘဲကြည့်ပြီးလျှောက်လာခဲ့တယ်။
သူလဲကျမကိုကြည့်နေတယ်။သူကျမရှေ့တည့်တည့်မှာပိတ်ရပ်လိုက်တယ်။
ညီမ..အကို့ကိုမှတ်မိလား
.......ရှင်ဘယ်သူလဲ
ကျနော်..ညီမပရိတ်သတ်ပါ
........အော်...ကျမ၊မမှတ်မိဘူး
ညီမဖယ်ရီကားမှာထိုင်နေတုန်းကလာတဲ့အကိုပါ
.......အော်...ကျမမှတ်မိပြီ၊အကိုခရီးကပြန်ရောက်ပြီလား
ကျနော်ရောက်တာသုံးရက်ရှိပြီ၊ကျနော်လိုက်ရှာနေတာခြေတိုနေပြီဗျာ
မတွေ့ပါဘူး၊ညီမဘယ်အတန်းမှာတက်နေတာလဲ
........ဝိဇ္ဇာဟောလ်ထဲမှာလေ..မတွေ့ဘူးလား
ကျနော်မတွေ့ဘူးဗျာ..ကျနော့်ကိုခွင့်လွတ်ပါ၊ညီမကိုထိုင်မသိမ်းဝတ်စုံနဲ့ဘဲမှတ်မိတာ
ဒီလိုဝတ်ထားမယ်လို့လုံးဝမမျော်လင့်ထားပါဘူး
ညီမ ..ဒီဝတ်စုံတွေနဲ့လဲလိုက်တယ်နော်...
.......ရှင်ကျမကိုဘယ်လိုမှတ်မိတာလဲ
မှဲ့လေ....မှဲ့...မှဲ့..သူလက်ညိုးထိုးပြတယ်
.....ကျမအတန်းတက်ရတော့မယ်...ပြောပြီးဆက်လျှောက်တော့သူလိုက်လာတယ်။
ညီမအတွက်အနှေင့်အယှက်မဖြစ်အောင်နေပါ့မယ်၊အကို့ကိုအဝေးကကြည့်ခွင့်ပေးပါ
ကျမစာသင်ချိန်တလျှောက်လုံးအဝေးကလှမ်းကြည့်နေတဲ့အကို၊စိတ်ထဲမှာသနားသလိုလို
နောက်ရက်တွေအကို့တစ်ယောက်ထဲတွေ့နေတယ်၊အဖေါ်မပါတော့ဘူး
တကယ်တော့ကျမအဆောင်မှာလဲဘယ်သူ့ကိုမှအပေါင်းအသင်းမလုပ်ပါဘူး
ပထမနှစ်ကပေးလိုက်တဲ့ Lesson ကြောင့်လူတွေကိုမေးထူးခေါ်ပြောအဆင့်ထက်
မပိုသောဆက်ဆံရေးနဲ့ဘဲနေနေတယ်၊
တစ်ရက်စာသင်ချိန်ဆရာ၊မရောက်လာလို့အကိုနဲ့ကဲန်တီးသွားထိုင်ဖြစ်တယ်။
ကျမစိတ်ထဲမှာဘယ်သူ့ကိုမှယုံကြည်လို့မရ၊သူ့အကြောင်းကျမမသိသေးဘူး
သူပြောတိုင်းလဲယုံလွယ်တဲ့မိန်းမထဲမှာကျမ၊မပါ။
......အကိုဘယ်မှာနေတာလဲ
တောင်ငူမှာနေတယ်၊ကွင်းဆင်းပြီးအိမ်မပြန်တော့ဘူး
ညီမကိုတွေ့ချင်လို့အဆောင်မှာဝင်နေလိုက်ပြီ
.......အကို့မိဘတွေမပြောဘူးလား
ကျနော့်မိဘတွေပွဲရုံလုပ်တယ်၊ကျနော်ပြန်သင့်တယ်
ဒါပေမဲ့..ညီမကိုလဲမြင်ချင်နေတယ်
........အခုမြင်ပြီးပြီလေ...အိမ်ပြန်ပြီးမိဘတွေကိုဝိုင်းကူလိုက်ပါလား
သူကျမကိုစိုက်ကြည့်နေတယ်
အကို့ကိုသူငယ်ချင်းတစ်ယောက်လိုလက်ခံပါလား
...........ရပါတယ်..ရိုးရိုးသားသားဆိုရင်လက်ခံပါတယ်၊နောက်မှအထွန့်မတက်နဲ့
..........သူငယ်ချင်းအဖြစ်ကရပ်လိုက်မယ်
အကိုကညီမအက၊အဆိုသဘောကျတဲ့ပရိတ်သတ်တစ်ယောက်ပါ
ညီမအနုပညာကိုစွဲလန်းနေသူတစ်ယောက်ပါ
ညီမနဲ့တွေ့ချင်ရင်၊စကားပြောချင်ရင်တွေ့ခွင့်ပြုမှာလား
..............ကျမတို့အဖွဲ့ကကြည့်မြင်တိုင်၊ထီးတန်းမှာရှိတယ်
...............အမြဲတမ်းကျမလဲမအားဘူး၊
...........ညဖက်ကဖို့၊နေ့မှာအားမွေးနေရတဲ့မင်းသမီးကိုနားလည်ပေးပါ
ဒါလဲကျောင်းအားရက်နဲ့ဆုံရင်ပြောတာပါ
ကျနော်ကညီမရန်ကုန်ပွဲခွင်တွေရှိရင်မရောက်၊ရောက်အောင်လာပြီးအားပေးနေမှာပါ
ပွဲခင်းထဲမှာလက်နှိပ်မီးအစိမ်းရောင်လေးမြင်ရင်အကိုရောက်နေပြီလို့မှတ်လိုက်ပါ
.............ကျမအငြိမ့်ကနေတာကျမမိဘကိုဝိုင်းကူနေတယ်လို့သဘောထားပြီးကနေတာပါ။
..............အကိုလဲအကို့မိဘကိုဝိုင်းကူသင့်တယ်
ဟုတ်ပါပြီ...ကျနော်ဒီညပြန်တော့မယ်၊ပွဲခင်းထဲကပိုးစုန်းကြူးမီးအစိမ်းရောင်မြင်
အကို့ကိုသတိရလိုက်ပါနော်
ကျနော်ပြန်တော့မဲ့ဆဲဆဲနေ့၊မကျေနပ်လို့မနက်ထွက်ရှာမယ်ဆိုပြီးထွက်ခဲ့တယ်။
မင်းသမီးနဲ့ဆုံခဲ့တဲ့အဖြစ်ပါ။
………………………………………………..
ကျနော်တောင်ငူရထားပေါ်မှာအိမ်ပြန်နေပြီ၊
မင်းသမီးနဲ့တွေ့ပြီးနောက်မှာကျော်ကြီးအိမ်ပြန်သွားပြီ
တကယ်တော့ကျနော့်ရင်ထဲမှာမင်းသမီးကိုစွဲလန်း၊နှစ်သက်၊ချစ်မြတ်နိုးနေတာ
မင်းသမီးကတော့ကျနော့်ကိုပိတ်ပြောလိုက်ပြီ
နောက်မှအထွန့်တက်ရင်သူငယ်ချင်းအဖြစ်ကရပ်လိုက်မယ်လို့သတိပေးထားတယ်
မတတ်နိုင်ပါဘူး၊အဝေးကမြင်နေရင်ကျေနပ်နေရမှာ
အဖေ့ပွဲရုံမှာဝိုင်းကူလိုက်မယ်၊
လောလောဆယ်အလုပ်လုပ်ဖို့စိတ်မပါဘဲ၊
ရီးစားထားဖို့စိတ်ကူးနေတဲ့ကျနော့်ကိုအမေတို့ဘယ်လိုသဘောထားကြမလဲ
စိတ်ထဲမှာရီးစားအဖြစ်တောင်မဟုတ်ဘူး၊နှစ်ယောက်တစ်ဘဝနေဖို့အထိတွေးနေတာ
ရှေးရိုးဆန်တဲ့ကျနော့်မိဘတွေဇာတ်သမနဲ့ဖြစ်ပါ့မလား
မင်းသမီးကလဲကျနော်ကိုလက်ခံအုန်းမှ၊
မင်းသမီးမှာအိမ်ထောင်ရှိလား၊မရှိလားမမေးကြည့်ရသေးဘူး
အိမ်ထောင်ရှိခဲ့ရင်တော့ကြိုပြောမှာပါလေ
ညဖက်ရောက်ရင်မင်းသမီးကိုသတိရပြီ၊ကျောင်းမြန်မြန်ပြန်ဖွင့်ချင်နေပြီ
#ကိုဂျစ်
#ချစ်သူ..ဝိုင်းဝိုင်းလည် အပိုင်း ( ၁ )
………………………………………………………………………………………………………………………………………………………………………………………………………………….
……………………………………………………………………………………………………………………………………………………………………………………………………………………
ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( ၂ )
ဒဂုံဆောင်မှာသူငယ်ချင်းအားလုံးပြန်ဆုံနေကြပြီ
Field ဆင်းတုန်းကအငြိမ့်သီချင်းကိုအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဆိုကြကကြတာတွေပြန်ပြောနေကြတယ်
အလိုလိုနေရင်းအချို့သူငယ်ချင်းတွေကကျနော့်ကိုခေါ်ကြတယ်”ဇာတ်ဆရာ”
မင်းသမီးနဲ့တွေ့ချင်တယ်၊သူတို့ရှိနေတဲ့ကြည့်မြင်တိုင်ဖက်ရောက်ခဲ့တယ်
ပြည်ရွှေဆံတော်မှာသွားကနေတယ်၊ကျနော်မောပြီးပြန်ခဲ့ရတယ်
ဒါပေမဲ့ ပဒုမ္မာဇာတ်ရုံမှာနောက်အပတ်ကမယ်၊
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”
“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”
“ချစ်သူ...ဝိုင်းဝိုင်းလည်.....”
မမြင်တာကြာပြီမို့လွမ်းဆွတ်နေတဲ့စိတ်နဲ့မင်းသမီးအကကိုကြည့်နေမိတယ်
ချစ်သူတွေဝိုင်းဝိုင်းလည်နေတဲ့မင်းသမီးကျနော်ရောက်နေတာမသိနိုင်၊
အစိမ်းရောင်ဆီစိမ်စက္ကူကပ်ထားသောဓါတ်မီးလေးထိုးပြနေမိတယ်
သူသိပါ့မလား၊ကျနော့်ဓါတ်မီးရောင်ကိုဆလိုက်မီးပတ်လည်အထိုးခံနေရတဲ့သူ့မျက်လုံးကမြင်နိုင်ပါ့မလား
ပိုးစုန်းကြူးသာသာကျနော့်ဓါတ်မီး၊ဘေးပတ်လည်မှာထိုးနေသောဆလိုက်မီးမောင်းကြီးတွေကိုယှဉ်နိုင်ပါ့မလား
စိတ်ပျက်အားငယ်သွားပါတယ်၊အချက်ပြရမှာကျနော့်တာဝန်၊သိတာမသိတာသူ့အလုပ်
ပဒုမ္မာကွင်းမှာ ၃ ညကတယ်၊ ညတိုင်းကျနော်သွားတယ်၊ဓါတ်မီးအစိမ်းရောင်ထိုးပြတယ်။
နောက်တစ်ပတ်ကြည့်မြင်တိုင် စလင်းကွင်းမှာကတယ် ၊ ၄ ညကတယ်။
ကျနော်တစ်ယောက်ထဲညတိုင်းသွားခဲ့တယ်၊ညတိုင်းဓါတ်မီးနဲ့အချက်ပြခဲ့တယ်။
နောက်တစ်ပတ်သူတို့ဇာတ်ဆရာသူ့ဦးလေးအိမ်ကိုလိုက်သွားတယ်
မဆုံဖြစ်ပါဘူး၊မင်းသမီးနယ်ဆင်းနေတယ်
ကျနော်ညဖက်ပွဲကြည့်ပြီးပြန်လာရင်တနေကုန်အိပ်တာ
မင်းသမီးဘယ်လိုနေမလဲမသိ
သူ့အပေါ်ကျနော်သနားစိတ်ဝင်မိတယ်။ကျနော့်ထက်အသက်ငယ်သူ၊
မိဘကိုလုပ်ကျွေးနေသူ၊နောက်ပြီးညဖက်ကပြအသုံးတော်ခံနေရတဲ့သူ့ဘဝ
ကျနော်ကိုယ်တိုင်မိဘကိုကူရကောင်းမှန်းမသိသူ၊
မိဘတွေလုပ်နိုင်တာဘဲဆိုပြီး၊ရေသာခိုအချောင်နေ၊နေတဲ့ကျနော်
ကိုယ့်ကိုကိုယ်ပြန်ရှက်မိပါရဲ့
တနင်္ဂနွေကျောင်းပိတ်ရက်တစ်ရက်မှာထီးတန်းကိုကျနော်သွားတယ်။
ကျောင်းမှာတုန်းကနှစ်ခါလောက်ဘဲစကားပြောခဲ့ရတဲ့မင်းသမီးနဲ့တွေ့ချင်တယ်။
သူ့မျက်နှာလေးကိုမြင်ချင်နေတယ်၊
ဇာတ်အဖွဲ့နယ်မထွက်ပါစေနဲ့လို့ဆုတောင်းမိတယ်။
ကျနော့်ဆုတောင်းပြည့်သလားမပြည့်သလားမပြောတတ်ဘူး
သူတို့တွေဇာတ်တိုက်နေကြတယ်၊မင်းသမီးထွက်မတွေ့နိုင်
ဒါပေမဲ့ဇာတ်ကနေတဲ့မင်းသမီးကိုမြင်နေရရင်ကျေနပ်ပြီ
ကျနော်ရောက်နေတာတစ်နာရီလောက်ထဲက၊သူတို့ဇာတ်တိုက်ပြီးတာ
ငါးနာရီကျော်နေပြီ၊သူတို့ပြီးတော့မှကျနော့်ကိုလာတွေ့တာ
ပထမ...မင်းသမီး..ဇဝေဇဝါနဲ့သူမေ့နေတယ်
ကျနော်သူ့ကိုအပြစ်မမြင်ပါ၊သူ့မှာချစ်သူတွေဝိုင်းဝိုင်းလည်နေတယ်
ကျနော်ပြန်ပြောပြမှသူသတိရသွားတယ်။
ကျနော်ပဒုမ္မာကွင်းနဲ့စလင်းကွင်းမှာကတုန်းကလာကြည့်တဲ့အကြောင်းတွေပြောတော့
“ဟုတ်လား”ဆိုပြီးသူကျနော့်ကိုသာမန်မိတ်ဆွေလိုမျိုးဘဲပြန်ပြောတယ်။
ကျနော့်ဓါတ်မီးအစိမ်းနဲ့ထိုးတာညီမတွေ့လားလို့မေးတာ
ကျနော့်ကိုထူးထူးဆန်းဆန်းနဲ့ပြန်ကြည့်ပြီး
အကိုဘာကိုဆိုလိုတာလဲ
ညီမကို...အကိုပြောခဲ့တယ်လေ၊အကိုလာကြည့်ရင်ဓါတ်မီးအစိမ်းနဲ့အချက်ပြမယ်
ဟုတ်လား...ကျမတွေ့မှာမဟုတ်ဘူး၊မီးဆလိုက်တွေကအားပြင်းတယ်
ကျနော်လဲထင်ပါတယ်၊ကျနော့်ဓါတ်မီးကပိုးစုန်းကြူးမီးလောက်ဘဲရှိတာ
မီးဆလိုက်ကိုမယှဉ်နိုင်ပါဘူး
ကျနော့်ကိုသူငေးကြည့်နေတယ်
ကျနော့်ဓါတ်မီးအစိမ်းရောင်နဲ့ရန်ကုန်ပွဲခွင်တွေမှာအားပေးနေမှာပါ
ကျနော်နှုတ်ဆက်ပြီးပြန်ခဲ့တယ်၊
ကျနော့်ကိုချစ်သူဝိုင်းဝိုင်းလည်နေတဲ့မင်းသမီးသာမန်ပရိတ်သတ်လို့ဘဲသဘောထားပုံရတယ်
ဒါလဲမထူးဆန်းပါဘူး၊သူကျနော့်အကြောင်း၊ကျနော့်မေတ္တာတွေကိုဒီရက်တိုတိုမှာမသိနိုင်ဘူး
နောက်တစ်ပတ်တောင်ဥက္ကလာ၊ပဒေသာဇာတ်ရုံမှာကတယ်
ကျနော်ထုံးစံအတိုင်းအားပေးရမယ်။သူသိနိုင်အောင်ဇာတ်ခုံနံဘေး၊မှောင်ရိပ်ကျနေတဲ့
နေရာကထိုးမှသူသတိထားမိမယ်။ကျနော့်အတွေးမှန်သွားပြီ
ကျနော့်ဓါတ်မီးအစိမ်းရောင်ကိုမင်းသမီးတွေ့သွားတယ်။ကျနော်ကိုသူလက်ပြတယ်၊
ဒီညအဆောင်ပြန်လမ်းခြေထောက်နဲ့မြေကြီးထိတယ်လို့တောင်မထင်
နောက်အပတ်မှာသာကေတမှာကတယ်။သူကျနော့်ဓါတ်မီးရောင်ကိုသတိထားမိလာပြီ။
နောက်အပတ်ကျနော်မင်းသမီးဆီသွားလည်တယ်၊
ကျနော်ကိုအသိအမှတ်ပြုလာလို့ရင်ထဲမှာအပျော်လုံးဆို့နေပြီ
............အကို..ဘာလို့ကျမနောက်လိုက်ကြည့်နေတာလဲ
ကျနော်...ညီမအကနဲ့အဆိုကိုကြိုက်လို့ဘဲပြောပါတော့
..............အကို...စာဖတ်ရဲ့လား၊ကျောင်းရောတက်ရဲ့လား
..............ဒါမှမဟုတ်...အကို...ကျောင်းတက်နေတာရော..ဟုတ်ရဲ့လား
.............ဘာလို့ဆိုတော့..ကျမကိုလာမိတ်ဆက်သူတွေကသူတို့အကြောင်းကိုလိမ်ပြောတတ်ကြလို့ပါ
ကျနော်ဘဝကိုဘာလို့လိမ်စရာလိုလို့လဲ
ကျနော်မိဘတွေတောင်ငူမှာနေတယ်၊”သစ်ဆန်းပဲရောင်းဝယ်ရေး”ဟာကျနော်တို့အလုပ်ဘဲ
နောက်ပြီးကျနော်ဘူမိဗေဒတတိယနှစ်တက်နေတယ်၊ဒဂုံဆောင်မှာနေနေတယ်
ကျနော်ညီမအနုပညာကိုချစ်လို့အနောက်တကောက်ကောက်လိုက်နေတဲ့သူပါ
သူကျနော့်ကိုကြည့်နေတယ်၊သူယုံကြည်မှာမဟုတ်သေးဘူး
ရန်ကုန်ပွဲခွင်တွေကျနော်အမြဲအားပေးနေတယ်၊သူလဲသတိထားမိနေပြီ
နောက်အပတ်...မင်းသမီး...ဖြူးမှာသွားကတယ်၊ကျနော်လွမ်းလိုက်တာ
ကျော်ကြီးကကျနော့်ကိုသတိပေးနေတယ်
မင်းဇာတ်လမ်းအမြန်ဖြတ်လိုက်ရင်ကောင်းမယ်
ဇာတ်သမကိုဒီလောက်ဒုက္ခခံပြီးလိုက်နေစရာမလိုပါဘူး
ကျောင်းမှာဒီလောက်အချောအလှတွေပေါတာကြိုက်တာရွှေးစမ်းပါ
မင်းပြောပုံအရသူကဘဲမင်းကိုမယုံမကြည်ဖြစ်နေသေးတယ်ဆိုတော့
ငါတို့တက္ကသိုလ်ကျောင်းသားတွေသိက္ခာကျတယ်ကွာ
နောက်ပြီးမင်းမိဘတွေသဘောတူမှာမဟုတ်ဘူး
လူမျိုးလဲမတူဘူး၊မင်းအဖေတယူသန်နဲ့ဖြစ်ပါ့မလားကွာ
ဒီလောက်နဲ့ဘဲရပ်လိုက်ပါတော့၊
ကျနော့်ရင်ထဲမှာအချစ်မြှားဆူးနေတာကျော်ကြီးမသိ
ဒီတစ်ခေါက်ပြန်လာတော့မင်းသမီးကျနော့်ကိုပိုပြီးခင်ခင်မင်မင်နဲ့စကားပြောတယ်
အကိုကျောင်းပြီးရင်ဘာလုပ်မလဲ
...ကျနော်ကမိဘပွဲရုံအလုပ်ဆက်လုပ်ရမှာပေါ့..
တခုမေးမယ်၊အကို့အဖေအလုပ်၊အကိုစိတ်ဝင်စားလား
...စိတ်ဝင်စားတာပေါ့၊ဒါပေမဲ့ကျနော်တောင်ငူမှာမလုပ်ချင်ဘူး..
...ရန်ကုန်မှာပွဲရုံလုပ်ချင်တယ်၊ကျနော့်မှာညီမလေးတစ်ယောက်ရှိတယ်
...ညီမနဲ့အဖေကိုတောင်ငူမှာထိုင်ပြီး၊ကျနော်ရန်ကုန်မှာလုပ်ဖို့စိတ်ကူးထားတယ်
အကိုအစိုးရအလုပ်စိတ်မဝင်စားဘူးလား
...ကျနော့်အမျိုးကကုန်သည်မျိုးရိုးဆိုတော့ကုန်သည်ဘဲလုပ်မှာပါ
မင်းသမီး...ဖြူးမှာသွားကတုန်းကကျနော်တို့ပွဲရုံသွားပြီးစုံစမ်းခဲ့တယ်။
ကျနော်သည်အကြံအဖန်မဟုတ်၊အမှန်အကန်ဆိုတာလက်ခံလိုက်တယ်
ကျနော်တို့ခင်မင်မှုတွေတိုးတက်လာတယ်၊ကျနော်ကြိုက်နေတာသူသိတယ်
ဒါကသဘာဝဘဲလေ၊ရွှေစွန်ညိုဘာလိုလို့ဝဲလဲဆိုတာမိန်းခလေးတိုင်းသိတယ်
ကျနော်မင်းသမီးဆီဝင်ထွက်လွယ်လာတယ်၊သူတို့လူကြီးတွေနဲ့လဲခင်လာပါတယ်
အခေါ်အဝေါ်တွေလဲပြောင်းလာတယ်၊မင်းသမီးကို”စပယ်”လို့ခေါ်တယ်။
သူကကျနော့်ကို”ကိုလတ်”လို့လဲခေါ်တယ်၊နှုတ်ကျိုးနေလို့” အကို”လို့လဲခေါ်တယ်
ဘယ်လိုခေါ်ခေါ်ပါ၊ကျနော်တို့ရင်းနှီးလာကြပြီ
တစ်ရက်သူတို့ဇာတ်တိုက်နေချိန်ရောက်သွားတယ်
ကျနော်ထိုင်ခုံမှာထိုင်ရင်း”စပယ်”ကနေတာငေးကြည့်နေမိတယ်
“ချစ်သူပတ်လည်ဝိုင်းလို့...ခင်မင်ကြင်သူတွေ...
များတဲ့ကျမလိုသဘင်သည်...
အနုပညာရှင်မို့...မောင့်ရင်ထဲက...သဝန်တိုပေမယ်..
မမြင်လိုပေမယ်...အရင်လိုမဟုတ်တော့ဘူးလို့...
စိတ်ကူးရင်လွယ်...အတွေးပင်လယ်မျော..
မောင်ပြောရင်မောရုံရှိမယ်..သံယောဇဉ်လဲ...အသဲမှာငြိတွယ်...
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”
“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”
“ချစ်သူ...ဝိုင်းဝိုင်းလည်.....”
သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...
တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...
ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း
ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...
မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”
“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”
“ချစ်သူ...ဝိုင်းဝိုင်းလည်.....”
စပယ်ကျနော့်ရှေ့နားမှာဆိုပြီးကနေတယ်။သူ့မျက်နှာကိုငေးကြည့်မိတယ်။
ကျနော့်ကိုရည်ရွယ်နေတာလား
သူလဲကျနော့်ကိုကြည့်ပြီးကနေတာ
ကျနော့်ရင်ထဲကမေတ္တာထုတ်ဖေါ်သင့်ပြီလို့ထင်မိပါတယ်၊
ကျနော်နောက်ဆုံးနှစ်ရောက်လာသလိုစပယ်လဲစတုတ္ထနှစ်ရောက်လာပြီ၊
စပယ်တို့က ၅ နှစ်တက်ရမယ်။
တိုတိုပြောရရင်ဒီနှစ်ထဲမှာကျနော်တို့အဆင်ပြေသွားတယ်။
ကျနော့်အတွက်စည်းကမ်းချက်တွေလဲများလာတယ်၊
ကျနော့်ကိုရန်ကုန်ပွဲခွင်တွေကိုညတိုင်းကြည့်ခွင့်မပေးတော့ပါ၊
ဘာဖြစ်လို့လဲ..စပယ်..ဒီပွဲကိုမကြည့်ရရင်အကို..စပယ့်ကိုမတွေ့ရတော့ဘူးလေ..
ဖြစ်နိုင်ရန်ညတိုင်း..စပယ်..ကတာအကိုကြည့်ချင်နေတာ...
အော်...အကိုရယ်..စပယ်စဉ်းစားထားပြီးသားပါ...
စနေည၊တွေမှာလာကြည့်လို့ရတယ်
အကို့ကိုအိပ်ရေးအပျက်မခံစေချင်ဘူး
တနင်္ဂနွေနေ့ ၃ နာရီနောက်ပိုင်းအကိုညီမတို့အိမ်လာလည်လို့ရတယ်
မနက်ပိုင်းတွေမှာအကတိုက်လေ့ရှိလို့ပါ
ညတိုင်းကနေတဲ့ညီမကို...အကိုသနားတယ်
အကိုကျောင်းပြီးရင်အကိုတို့လက်ထပ်ရအောင်...
ဖြေးဖြေး...ပြော..ညီမလုပ်စရာတွေရှိသေးတယ်...
အကို့အိမ်ကရောဇာတ်သမနဲ့သဘောတူပါ့မလား
အကိုကစဉ်းစားထားပြီးသား၊သဘောမတူလဲယူမယ်
အကို..ရန်ကုန်မှာပွဲရုံလုပ်မယ်
ချစ်သူသက်တမ်းကြာလာတော့ကျနော်တို့ရှေ့ရေးတွေတိုင်ပင်ကြပါတယ်၊
စပယ်ကသူစာမေးပွဲပြီး၊အလုပ်ရရင်ဇာတ်မကတော့ဘူး၊
ရေရှည်ကမယ်လို့လဲသူမဆုံးဖြတ်ထားဘူး၊
Law နဲ့ကျောင်းပြီးရင်အသက် ၂၅ နှစ်မပြည့်ခင်တရားရေးဝန်ထမ်းရွှေးချယ်ရေးအတွက်စာမေးပွဲဖြေရမယ်။
စာမေးပွဲအောင်ရင်တရားရေးမှာအလုပ်ဝင်မယ်
တရားသူကြီးဖြစ်အောင်ကျိုးစားမယ်။
လူရိုသေ၊ရှင်ရိုသေတရားသူကြီးအလုပ်ကို..အားကျတယ်
ဖြစ်အောင်လုပ်မယ်၊ညီမကိုကူညီပါ
ကျမတရားသူကြီးဖြစ်မှယူကြရအောင်
အခုအချိန်ကျမကိုယူရင်အကို့အိမ်ကသဘောတူမှာမဟုတ်ဘူး
ဒီခလေးမလေးကသူ့ရည်မှန်းချက်တွေကိုရှင်းပြတယ်
သူကျောင်းပြီး...အနဲဆုံးလေးနှစ်ငါးနှစ်လောက်မှယူလို့ရမယ်
လောလောဆယ်ကျောင်းတက်နေဆဲ၊ကျနော်နောက်မှစဉ်းစားတော့မယ်။
အဝေးသင်ကျောင်းတက်ချိန်တွေမှာကျနော်ကိုင်ဇာသီချင်းထဲကလို
ကိုယ်ရံတော်တပ်မှူးလုပ်လို့ရပြီ,..ပျော်စရာနေ့ရက်တွေ
ဒါပေမဲ့..ကျနော့်အဖေကျနော်တို့ဇာတ်လမ်းသိသွားတယ်၊
ဇာတ်သမနဲ့သဘောမတူဘူးလို့အပြတ်ပြောတယ်,
ကျနော်ရှင်းပြပါတယ်၊အဖေ..ကျနော့်ရီးစားဇာတ်သမ..အဝေးသင်စာပေးစာယူနဲ့ဘွဲ့ယူတော့မယ်
ပြီးရင်သူဇာတ်မကတော့ဘူး၊တရားသူကြီးလုပ်တော့မှာ
ကျနော့်အဖေ..ရှေးရိုးစွဲလူကြီး...
မင်း..ဘာတွေလာပြောနေလဲ
ဇာတ်မင်းသမီး...ပြဇာတ်ထဲကစကားလုံးတွေလာပြောနေတာကိုယုံနေတယ်
ဟိုလူဒီလူကိုင်ချင်သလိုကိုင်ထားတဲ့မင်းသမီးကိုမင်းမလို့သွားကြိုက်တယ်
မင်းတော့ရူးနေပြီ
ငါ့အိမ်ကိုခေါ်မလာနဲ့
အဖေ့ကိုနောက်မှဖြေးဖြေးနားချတော့မယ်၊
ဒီအတောအတွင်းစပယ်တို့အငြိမ့်တောင်ငူ၊ရွှေဆံတော်ဘုရားကြီးမှာလာကတယ်၊
ပထမညအမေနဲ့ညီမလေးကိုခေါ်ပြီးပွဲသွားကြည့်တယ်။
စပယ်ကချောလဲချောတယ်၊အကလဲတော်တယ်၊ကျနော့်ချစ်သူလို့အသိပေးလိုက်တယ်
အမေနဲ့ညီမလေးတို့သဘောကျနေတယ်
ကျနော့်အမေနဲ့ညီမကိုစပယ့်ရည်မှန်းချက်တွေပြောပြလိုက်တယ်
ကျနော့်အိမ်ကိုအလည်မခေါ်ဖြစ်ပါဘူး၊
စပယ်တို့တည်းခိုနေတဲ့တည်းခိုခန်းနဲ့ဇာတ်ရုံအပို့အကြိုကျနော်တာဝန်ယူထားတော့
တောင်ငူတမြို့လုံးကျနော့်ရီးစားဆိုတာသိကုန်တယ်
ကျနော်ဂရုမစိုက်ပါဘူး၊ဒါပေမဲ့..လူတွေပါးစပ်ဆိုတာတွေကကြောက်ဖို့ကောင်းတယ်
မလိုတဲ့လူတွေကအဖေ့ကိုသွေးထိုးတယ်၊အဖေကျနော့်ကိုပေါက်ကွဲတာ
အဖေ့စကားလုံးတွေပြစ်ပြစ်နှစ်နှစ်နဲ့ပြောတာ
အဖေနဲ့ကျနော်တို့တိုက်ပွဲပြင်းထန်လာတယ်။
အဖေကျနော့်ကိုသားအဖြစ်ကစွန့်လွတ်ကြောင်းသတင်းစာထဲထည့်တယ်။
ဇာတ်သမကိုအိမ်ခေါ်လာမှာစိုးလို့ကြိုကန်ထားတယ်။
အဖေ့ကိုကျနော်အပြစ်မမြင်ပါဘူး၊
မိဘဆိုတာသားသမီးကိုအကောင်းဆုံးဘဲဖြစ်ချင်ကြတယ်။
ကျနော်တို့မိသားစုအကွဲအပြဲကိုစပယ်သိသွားတယ်။
သူမေးတော့..ကျနော်ခတ်ပေါ့ပေါ့ဖြေခဲ့တယ်။
ကျနော့်စကား...စပယ်မယုံတာလဲကျနော်သိတယ်၊
ဖြေးဖြေးနားချရင်ရပါတယ်ဆိုပြီးကျနော်နှစ်သိမ့်ခဲ့တယ်။
ဒါပေမဲ့..စပယ်ကျနော့်အကြောင်းသတင်းစာမှာဖတ်လိုက်ရတယ်။
ကျနော့်ဘူမိဗေဒနောက်ဆုံးနှစ်ပြီးရင်ကျနော်စပယ်နဲ့ဝေးရတော့မယ်။
ကျနော်မဝေးချင်ဘူး၊စပယ်အနားမှာဘဲနေချင်တယ်။
ဒီနှစ်ကိုကျနော်မိုက်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။
အဖေ့ကိုလဲအရွဲ့တိုက်ချင်စိတ်နဲ့စာမေးပွဲဖြေနေရင်းတစ်ဘာသာကိုဖျက်ချခဲ့တယ်
ကျနော်နောက်ဆုံးနှစ်စာမေးပွဲကျခဲ့တယ်။
ကျနော်တမင်အကျခံခဲ့တဲ့အကြောင်းစပယ်ကိုပြောပြတော့,
စပယ်..ငိုလိုက်တာ...သူ့ကြောင့်ဖြစ်ရတာဆိုပြီး..ငိုတာ..
ဒီနှစ်ထဲမှာကျနော်တောင်ငူကိုလုံးဝမပြန်ဖြစ်ခဲ့ပါ၊ပြန်ချင်စိတ်လဲမရှိပါ၊
အဖေနဲ့မတွေ့ချင်ဘူး၊တစ်ခုထူးခြားတာကဒီနှစ်ထဲမှာ
စပယ်..ကျနော့်ကိုပိုဂရုစိုက်တယ်၊တနင်္ဂနွေနေ့တွေမှာသူတို့အိမ်မှာဘဲထမင်းစားခိုင်းတယ်။
အကိုနေရတာအဆင်ပြေရဲ့လား
ဒဂုံဆောင်ကျနော့်သူငယ်ချင်းအခန်းမှာကပ်နေတယ်
အဆောင်မှူးဆရာဦးမေတ္တာကိုကျနော့်အခက်အခဲတွေပြောပြပြီးနေခွင့်တောင်းခဲ့တယ်၊
ဆရာကျနော့်အကြောင်းကိုသူငယ်ချင်းတွေကတဆင့်သိနေတယ်။
“ဆရာတို့စိတ်ထဲမှာအဆင့်အတန်းခွဲခြားတဲ့စိတ်မရှိဘူးနော်”
“ဒါပေမဲ့..ကိုလတ်..မိဘအရိပ်အောက်ကမလွတ်သေးဘူး”
“ အခုလောလောဆယ် မိဘစကားနားထောင်လိုက်ပါ”
“ကိုလတ်..ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့နေ့ကျရင်ကိုယ့်ကိုယ်ပိုင်အတွေးနဲ့ဆုံးဖြတ်ပါ”
ဆရာတာခွင့်ပြုချက်နဲ့နေခွင့်ရခဲ့တယ်၊
ထမင်းကိုတောင်ငူကဲင်တီးကရွှေပိတောက်ဆိုင်မှာလပေးစားတယ်။
အဖေကကျနော်စာမေးပွဲကျတာအရမ်းစိတ်ဆိုးပြီး၊သုံးဖို့ငွေမပို့တော့ဘူး
ကျနော်အိမ်ပြန်ချင်စိတ်ကုန်သွားတယ်၊
အမေကရန်ကုန်ကအဒေါ်ဆီမှာငွေယူခိုင်းတယ်။
ကျနော့်..အချစ်ရူး..စပယ်ကိုအရမ်းချစ်တယ်၊
အဖေ့ဆီမပြန်ဘဲနဲ့ကျနော်တို့နှစ်ယောက်တစ်ဘဝအိပ်မက်မဖြစ်နိုင်။
ဒါပေမဲ့ကျနော်..အဖေ့ကိုရွှဲ့ချင်တယ်၊အဖေ့ဆီမှာလက်မဖြန့်ချင်ဘူး။
ကျနော်လမ်း..ကျနော်လျှောက်မယ်လို့ဆုံးဖြတ်လိုက်တယ်။
ကျနော် Repeater စာမေးပွဲထပ်မကျဖို့တော့..စပယ်သတိပေးနေတယ်၊
ဒီနှစ်ကျနော်တို့နှစ်ယောက်လုံးဖြေနိုင်ကြပါတယ်၊စပယ်ကကျနော့်ကိုသူတရားသူကြီးဖြစ်မှယူကြရအောင်လို့ပြောနေတယ်။
စာမေးပွဲတွေပြီးတော့ကျနော်နေစရာမရှိတော့ဆင်ရေတွင်းကအဆောင်မှာသွားနေတယ်။
အိမ်မပြန်ချင်ဘူး၊စပယ်..ကလူကြီးစိတ်ဆိုးလဲခဏ..ပြန်လိုက်ပါ
လောလောဆယ်အဒေါ်တွေဆီကငွေတောင်းသုံးနေရတယ်။
ကျနော်အိမ်မပြန်ချင်ပါ၊ဒါပေမဲ့သုံးစရာငွေလဲကြပ်လာတယ်၊
ကျနော်တခုခုလုပ်ရတော့မယ်၊ပွဲရုံလုပ်ငန်းကျနော်လုပ်တတ်တယ်
အချိန်အခါကြည့်ပြီးလုပ်ရတဲ့ပဲရောင်းတာဝယ်တာကျနော်သိတယ်၊ဒါပေမဲ့ကျနော့်မှာအရင်းအနှီးမရှိ
အဲ့ဒီအချိန်ကအိတ်စပို့မရှိ၊ပြည်တွင်းဈေးကွက်၊အောက်လမ်းကအပြင်ထွက်တယ်
ဈေးကွက်အကြောင်းကျနော်သိနေတယ်၊
အမေနဲ့တိုင်ပင်ကြည့်တာ၊အရင်းအနှီးထုတ်ပေးဖို့ကမဖြစ်နိုင်၊
ငွေအားလုံးအဖေကကိုင်တွယ်ထားတယ်၊ဘာမှမတတ်နိုင်
ကျနော့်အဖြစ်စပယ်နဲ့လဲတိုင်ပင်ပါတယ်၊စပယ်ကျနော့်ကိုကြည့်ပြီးမျက်ရည်ကျတာကလွဲပြီး
သူလဲဘာမှမတတ်နိုင်ပါ၊နောက်ဆုံးအမေနဲ့တိုင်ပင်ပြီးအမေ့ညီမအဒေါ်ရှိနေတဲ့ထိုင်ဝမ်ထွက်ဖို့
ဖြစ်လာတယ်၊စပယ်ကိုပြောပြတော့စပယ်စိတ်ပူနေတယ်
ညီမတို့တသက်လုံးဝေးရတော့မယ်ထင်တယ်ပြောပြီးငိုလိုက်တာ...
ကျနော်ထိုင်ဝမ်မှာအလုပ်လုပ်ပြီးပြန်လာမယ့်အကြောင်းတွေပြောပြပေမဲ့
စပယ်...ငိုတာ...ငိုတာ...ညီမတို့ရှေ့ရေးနီးဖို့မမြင်တော့ဘူး
အကို..စပယ့်ကိုဘယ်လောက်ဂတိပေးပေး၊ဟိုရောက်ရင်လူမျိုးတူ၊စကားတူတွေနဲ့တွေ့ရင်
အကိုကျမကိုမေ့သွားမှာပါပြောပြီး..ငိုတာ...ကျနော့်ဘဝကျနော့်ရှေ့ရေးကိုအဖေ့အကူအညီ
မယူဘဲနဲ့လုပ်နိုင်တဲ့အကြောင်း၊ပြချင်တယ်။မခံချင်စိတ်နဲ့လုပ်ပြချင်တယ်။
အဲဒီအချိန်ပတ်စပို့..လုပ်ရခက်နေတယ်၊ထိုင်ဝမ်သံရုံးရန်ကုန်မှာမရှိဘူး။
ထိုင်ဝမ်ထွက်မဲ့သူတွေကိုစီစစ်ပေးနေတဲ့၊ဗီဇာအတွက်ထောက်ခံပေးနေတဲ့တရုတ်လူကြီးတွေ
ရန်ကုန်မှာရှိတယ်၊စပွန်စာပေးမဲ့အဒေါ်ဆီကစာရွက်တွေတောင်း၊ပတ်စပို့လဲအမြန်ရအောင်လိုက်တယ်
ဒီအတောအတွင်းကျနော်ဘဝခက်ခဲကြမ်းတမ်းတဲ့အချိန်တွေပါဘဲ၊
ကျနော်ထွက်မယ်ဆိုတော့..စပယ်..ကျနော့်ကိုစိတ်မချ၊သူ့ဆီသွားလည်ရင်လဲအမြဲငိုနေတယ်။
တစ်ရက်ကျနော်သွားလည်တော့အငြိမ့်အဖွဲ့နယ်ထွက်သွားပြီ
စစ်ကိုင်းဖက်မှာသွားကကြမယ်၊ပွဲဆက်တွေဆက်နေတော့တလနီးပါးကြာမယ်။
ကျနော်ကိုအသိမပေးဘဲထွက်သွားတဲ့..စပယ်..ရင်ထဲဟာတာတာဖြစ်ကျန်ရစ်ခဲ့တဲ့ကျနော်။
ကျနော်ထိုင်ဝမ်ဗီဇာအဆင်ပြေနေပြီ၊လေယာဉ်လက်မှတ်ဝယ်ဖို့ဘဲကျန်တယ်။
လက်မှတ်မဝယ်သေးဘူး၊ကျနော်..စပယ်နဲ့တွေ့ပြီးမှဝယ်မယ်။
တစ်လလောက်မှာစပယ်တို့အိမ်ကိုကျနော်လိုက်သွားတယ်။
အဲဒီမှာထူးဆန်းတာတွေကျနော်တွေ့တယ်။
မခင်နှင်းဆီအငြိမ့်ဆိုတဲ့ဆိုင်းဘုတ်အသစ်တွေ့တယ်။
စပယ်မိဘတွေနဲ့တွေ့တော့ပိုပြီးထူးဆန်းပါတယ်။
စပယ်ယောကျာ်းယူလိုက်ပြီ၊ဆွေမျိုးထဲကတစ်ယောက်နဲ့ယူလိုက်တယ်
ယောကျာ်းနောက်လိုက်သွားလို့”ခိုင်စပယ်ဖူးအငြိမ့်”ကိုလဲဖျက်လိုက်ပြီ။
မဖြစ်နိုင်ဘူး၊ကျနော်လုံးဝမယုံဘူး
...ယုံတာ..မယုံတာ..မောင်ဂျစ်ဆုံးဖြတ်ပါ၊ဦးတို့ကသမီးမရှိလို့သူနာမည်ပါတဲ့အငြိမ့်ကိုဖျက်လိုက်ရတာ
...ဦးတို့လက်မောင်းပြုတ်သွားသလို၊ပိုပြီးရင်နာရပါတယ်
ကျနော်မယုံဘူး၊မဖြစ်နိုင်ဘူး
....မောင်ဂျစ်မယုံတာကိုဦးတို့လဲမတတ်နိုင်ဘူး
...ဒါပေမဲ့ဒါကိုကြည့်ပါ၊သတင်းစာတစ်စောင်ထိုးပေးတယ်
“နှစ်ဦးသဘောတူလက်ထပ်ပြီးစီးခြင်း”ဆယ်ရက်တောင်ရှိသွားပြီ
...မောင်ဂျစ်..ရောက်လာမယ်ထင်ပြီး၊သူစောင့်နေသေးတယ်...
ပြီးခဲ့တဲ့ရက်ကဘဲသူတို့လင်မယားကောင်လေးအလုပ်ရှိတဲ့နေရာကိုထွက်သွားပြီ
...ကျနော့်ကိုဘယ်မြို့လဲ၊ပြောပြလို့ရမလား၊နှုတ်ဆက်ချင်လို့ပါ
ကျနော်လဲခရီးထွက်တော့မှာပါ
တွေ့လဲမထူးတော့ဘူးလေ၊နှစ်ယောက်လုံးစိတ်မကောင်းရုံဘဲရှိမယ်
မောင်ဂျစ်စိတ်ဖြတ်ပြီးထွက်သွားလိုက်ပါ
ဒီမှာစပယ်မှမရှိတော့တာ၊မောင်ဂျစ်စိတ်ဆုံးဖြတ်ပြီးဟိုမှာအပြီးနေလိုက်ပါလား
ကျနော်မယုံဘူး၊ကျနော့်ကိုညာတာဘဲဖြစ်မယ်
…………………………………………………………
ကျနော့်အဖြစ်သောင်ပြင်မှာလွတ်နေတဲ့ခွေးတစ်ကောင်လိုဘဲ၊ဗိုက်ဆာတယ်စားစရာမရှိ၊
အဖေကကျနော့်ကိုအမွေပြတ်စွန့်လွတ်ကြောင်းသတင်းစာထဲထည့်ထားတယ်။
ကျနော်ပြန်စရာအိမ်မရှိ၊
ကျနော်ချစ်ရတဲ့စပယ်လဲဘယ်လိုဘယ်အကြောင်းနဲ့ကျနော်ကိုစွန့်သွားတာလဲကျနော်မသိ၊
မိဘမေတ္တာအဖြတ်ခံထားရသူ၊အချစ်မှာရှုံးနိမ့်ခဲ့သူတစ်ယောက်
ယောင်လယ်လယ်နဲ့ထိုင်ဝမ်၊ထိုင်ပေမြို့ကြီးကိုရောက်လာပါတယ်။
အမေ့ညီမ၊ကျနော့်အဒေါ်မိသားစုအားလုံးကျနော့်ကိုဝမ်းသာအားရနဲ့ကြိုဆိုကြတယ်
ထိုင်ပေမြို့ရွှေဆိုင်တန်းတွေရှိတဲ့မြို့ထဲမှာကျနော့်အဒေါ်ရွှေဆိုင်ဖွင့်ထားတယ်။
ကျနော့်အဒေါ်မိသားစု၊ပြောရရင်ဘော့စ်အကြီးကြီးဖြစ်နေပြီ
ကျနော့်အတွက်အလုပ်နေရာတွေစီစဉ်ပေးတယ်။ဒီလိုနဲ့ထိုင်ဝမ်ရောက်ပြီးတလလောက်မှာ
ကျော်ကြီးဖုံးဆက်တယ်၊မစပယ်တို့လင်မယားတောင်ငူရောက်လာလို့သူနဲ့ဆုံတဲ့အကြောင်းပြောတယ်။
အခုလောလောဆယ်ယောကျာ်းနောက်လိုက်နေ၊နေတဲ့အကြောင်းပြောတယ်။
စပယ့်လုပ်ရပ်တွေကိုကျနော်နားမလည်ပါ၊
ကျနော်တို့ရှေ့ရေးအကြိမ်ကြိမ်ဆွေးနွေးကြပြီးပြီ
စပယ်...စပယ်...နင်တို့ဇာတ်သမားတွေဟန်ဆောင်တော်လိုက်တာ
ဇာတ်ကနေသလိုသဘောထားပြီး၊ငါ့ကိုနှစ်ပေါက်တစ်ပေါက်ရိုက်လိုက်တာပေါ့လေ
စိတ်ထဲမှာစပယ်ယောကျာ်းရလို့စိတ်ထဲမှာနှမျောမိပေမဲ့ကျနော်သူ့ကိုစွဲလန်းနေတုန်းဘဲ
သမီးရီးစားမထားဘူးတဲ့ကျနော်၊စပယ်နဲ့တွေ့မှအချစ်တွေ့လာတဲ့ကျနော်
ကျနော့်အချစ်အားလုံးစပယ်ကိုပုံပေးလိုက်ပြီ
ထိုင်ပေလိုညဖက်ပျော်စရာတွေပြည့်နေတဲ့မြို့ကြီးမှာ၊စပယ်ကိုကျနော်သတိရနေတုန်းဘဲ
နိုက်ကလပ်တွေမှာညီအစ်ကိုတွေနဲ့ပျော်နေကြပေမဲ့မြန်မာပြည်ကစပယ်ကိုသတိရနေဆဲ၊
ကျနော့်စိတ်ထဲမှာကျနော်လှည့်ဖျားခံနေတယ်လို့ထင်နေဆဲ
မဖြစ်နိုင်ဘူး..စပယ်..ယောကျာ်းရတာကိုကျနော်မယုံဘူး
သူဘယ်နည်းနဲ့မှအချစ်မပါတဲ့အိမ်ထောင်ရေး၊သူလုပ်မှာမဟုတ်
ကျနော့်နဲ့ရီးစားသက်တမ်းနှစ်နှစ်လောက်နေခဲ့ကြတာ၊သူ့စိတ်သူ့သဘောထားတွေ
ကျနော်သူ့မိဘထက်တောင်အတွင်းကျကျသိနေတယ်
စပယ်ယောကျ်ားရသွားတာစိတ်ထဲကလက်မခံ
ဒါပေမဲ့ကျနော်ငယ်သူငယ်ချင်းကျော်ကြီးကျနော့်ကိုလိမ်ပြောမှာမဟုတ်၊
ရှိသမျှအချစ်တွေစပယ့်ကိုပုံပေးထားလို့ဘယ်သူ့ကိုမှလဲချစ်လို့မရ
ကျနော့်စိတ်ထဲမှာ..စပယ်..တစ်ယောက်ဘဲရှိတယ်၊
အမေကျနော့်အကြောင်းပြောပြထားလို့အဒေါ်လဲသိတယ်
ထိုင်ဝမ်မြန်မာအသိုင်းအဝိုင်းတော်တော်များတယ်
အဒေါ်မျက်နှာကြီးတာလဲပါမယ်၊ကျနော့်ကိုလာစပ်ဟပ်တဲ့ကောင်မလေးတွေအများကြီး
နင်ဒီမှာအိမ်ထောင်ပြုပြီးနေလိုက်ပါလား...အဒေါ်တိုက်တွန်းနေတယ်
ကျနော်ထိုင်ဝမ်မှာမနေချင်ပါ၊ဒီမှာနေရင်ကျနော်ဝန်ထမ်းအဆင့်ကတက်မှာမဟုတ်၊
ကျနော်မြန်မာပြည်ပြန်ပြီးကိုယ်ပိုင်အလုပ်ဘဲလုပ်ချင်တယ်
ဒါပေမဲ့..ကျနော့်မှာအရင်းအနှီးမရှိ၊ကျနော်ဒီမှာရသလောက်ငွေစုပြီးရင်ပြန်မယ်၊
ကျနော်တို့တရုတ်လူမျိုးဆိုတာလောင်းကစားနဲ့ဖက်ပြီးမွေးလာသလားထင်ရတယ်၊
နှစ်ကူးရောက်တိုင်းဖဲရိုက်ကြတာ၊လူကြီးတွေဘာမှမပြော
ထိုင်ဝမ်ရောက်ပြီးတစ်နှစ်လောက်ကြာမှာကျနော့်ညီအစ်ကိုတွေလုပ်နေတာကိုသိခွင့်ရတာ၊
ကမ္ဘာ့ရွှေဈေးအတက်အကျကိုကြည့်ပြီးကစားကြတာ၊
မဂိုလမ်းမှာရွှေသမားတွေလုပ်တဲ့လေပတ်ကားလိုမျိုးလုပ်ကြတာ
သူတို့အခန်းထဲမှာလုပ်နေတာဘယ်သူမှမသိကြ။
ကွန်ပြူတာတွေအများကြီးနဲ့နိုင်ငံတကာကိုချိတ်ဆက်ပြီးလုပ်နေကြတယ်။
ငွေပေးငွေယူက on line banking ရှိပြီးသား၊
ဝယ်တယ်၊ရောင်းတယ်၊ဒီကြားထဲအဝယ်နဲ့အရောင်းကြား ဟချက်ကြည့်ပြီးငွေလွဲလိုက်ရုံဘဲ
ကမ္ဘာ့ဈေးကျနေတယ်၊ဝယ်သူတွေဈေးကြိုက်နေပြီ၊ဈေးကွက်ထဲမှာဘယ်သူတွေရောင်းကြမလဲ
လိုက်ရှာပြီးထည့်မယ်၊ဈေးနိမ့်ရင်ဝယ်မယ်၊
ဈေးကျလို့အဝယ်အရမ်းများနေပြီ၊ဘယ်သူရောင်းကြမလဲ၊ဒီဈေးနဲ့ပေးနိုင်မလား
အဝယ်သိပ်များလို့မပေးနိုင်ရင်၊ဩဇီကအမျိုးတွေကိုချိတ်သူတို့ပေးနိုင်မလား
နယူးယော့ကအမျိုးတွေပေးနိုင်မလား
ပေးနိုင်ရင်စာရင်းတွေမှတ်ပြီးပို့ရမယ်၊ဒီစာရင်းတွေညနေပေါက်ဈေးနဲ့ဖြတ်မယ်
ပစ္စည်းမယူကွာဟချက်တွေကိုအလောင်းအစားလုပ်တဲ့သဘော
ညနေစာရင်းချုပ်ပြီးရင်ပိုငွေလိုငွေတွေကိုဘဏ်နဲ့ပေးကြမယ်။
လွယ်လွယ်ပြောရရင်မဂိုလမ်းကလေပတ်ကားလိုဘဲ
ကျနော့်အတွက်အကိုတွေကစီစဉ်ထားပေးတာဩဇီ၊နယူးယော့စာရင်းထဲကကော်မီရှင်ပေးတယ်
အဲဒီစာရင်းတွေကိုကျနော်ကိုင်ရတယ်။
သူတို့လုပ်ပုံကိုင်ပုံတွေကကျနော်တို့ဆီမှာလုပ်လို့ရတယ်။
ကျနော့်ကိုယ်ပိုင်ငွေ၊ရန်ကုန်မှာလုပ်နိုင်တဲ့အရင်းအနှီးရလာရင်ကျနော်ပြန်တော့မယ်၊
ကျနော်ထိုင်ဝမ်မှာနေ၊နေပေမဲ့လဲကျနော်စိတ်တွေ..စပယ့်..ကိုစိတ်မကုန်သေးဘူး။
ကျနော်ချစ်တဲ့စိတ်တွေသူ့ဆီမှာကျန်ခဲ့ပြီ
#ကိုဂျစ်
#ချစ်သူ....ဝိုင်းဝိုင်းလည် အပိုင်း ( ၂ )
..............................................................................................................................................................................................................................................
…………………………………………………………………………………………………………………………………………………………………………………………….
ချစ်သူ..ဝိုင်းဝိုင်းလည် အပိုင်း ( ၃ )
ကျနော်ရန်ကုန်ပြန်ရောက်ချိန်ကျနော်အသက်သုံးဆယ်ကျော် နေပြီ၊
နှလုံးသားအမာရွတ်နဲ့လူသားဘယ်သူ့ကိုမှလဲမချစ်တော့ဘူး၊
ရန်ကုန်ရောက်တာနဲ့ ၁၉ လမ်းမှာပွဲရုံလုပ်ဖို့စီစဉ်တယ်၊ညီမလေးနဲ့ချိတ်ပြီးပဲဝယ်ရောင်းလုပ်ဖို့စီစဉ်တယ်။
အဖေ့ပွဲရုံကျနော့်ညီမလေးဦးစီးနေပြီ
အဖေလဲအသက်နဲနဲရလာပြီ၊ညီမလေးဘဲဆုံးဖြတ်ပြီးလုပ်နေပြီ
ငယ်ငယ်ထဲကပဲဝယ်ရောင်းလုပ်ခဲ့တဲ့ကျနော်၊ဒီအလုပ်ဘဲဆက်လုပ်မယ်။
ကျနော်တို့မြန်မာနိုင်ငံတော်ကြီးကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအောက်မှာဆက်လက်ရှင်သန်ဆဲ
အခြားတိုင်းပြည်မှာလုပ်ခဲ့တဲ့ကျနော်၊ကိုယ့်တိုင်းပြည်မှာလုပ်ရတာ၊မလုပ်နိုင်တာဘာမှမရှိ။
ထိုင်ဝမ်မှာနားလည်ခဲ့သောပညာနဲ့လုပ်ဖို့ရည်ရွယ်ထားတယ်။
ငွေမစိုက်ရဘဲလုပ်တဲ့ပညာ၊
ကျနော်တို့ပဲလောကမှာအမှန်တကယ်ဝယ်တဲ့ကုန်သည်တွေရှိသလို၊
ဝယ်လှောင်တဲ့လှောင်လက်တွေလဲရှိတယ်၊ဒါကိုကစားတာလို့ခေါ်လို့ရတယ်။
အမှန်တကယ်ဝယ်တဲ့ပွဲရုံတွေက..လှေသမားတွေ၊မြဝတီကုန်သည်တွေကိုချိတ်ဆက်ပြီးရောင်းကြတယ်။
သူတို့ကို၊ပစ္စည်း အပ်ကိုအပ်ရမယ်၊သူတို့ပဲတွေကိုအောက်လမ်းနဲ့ပို့ကြမှာ
လှောင်လက်တွေကိုပစ္စည်းအပ်စရာမလို၊ဈေးတက်လို့သူတို့ရောင်းချင်ရင်ဈေးဖြတ်ပြီးငွေရှင်းပေးလိုက်၊
ကျနော်ကလှောင်လက်တွေဝယ်တာသဘောကျတယ်။
ကျနော့်မှာပစ္စည်းရှိတာ၊မရှိတာစဉ်းစားစရာမလို
ဝယ်ဈေးသတ်မှတ်ပြီးရင်ငွေပေးမယ်၊သူကြိုက်ဈေးရလို့ရောင်းရင်ကျနော်ငွေရှင်းပေးရမယ်။
ဒါပေမဲ့ ယုံကြည်မှုရှိတဲ့လူမျိုးတော့ဖြစ်ရမယ်။
တောင်ငူအဖေ့ပွဲရုံကိုလူတွေယုံပြီးသား၊ဒါကြောင့်ကျနော့်ကိုလဲယုံကြည်ကြတယ်။
ပစ္စည်းရှိလားမေးရင်၊တောင်ငူဂိုဒေါင်မှာအပြည့်၊ကြိုက်တဲ့အချိန်ယူချင်ရင်ယူလို့ရတယ်
တောင်ငူမှာလဲကျနော့်ပဲတွေထားထားတယ်၊
လှောင်လက်ချပေးတဲ့ငွေတွေအခြားလုပ်ငန်းတွေမှာလှည့်လို့ရတယ်
လုပ်စရာမရှိရင်ငွေတိုးချစားလို့ရတယ်။
မြန်မာပြည်ပဲဈေးကွက်ကပဲပေါ်ချိန်မှာဈေးကျပြီ၊ရာသီကုန်ပြီဆိုရင်ပဲဈေးတက်ပြီ
ထုံးစံလိုဖြစ်နေတယ်။ပဲထွက်ပြီဆိုရင်ရှိသမျှငွေအကုန်ဝယ်ပြီးလှောင်ထားတယ်။
ရာသီကုန်ပြီလက်ကျန်နဲလာပြီဆိုဈေးကလှုပ်လှုပ်နဲ့တက်လာပြီ
ကျနော့လိုဘဲလှောင်လက်တွေပဲပေါ်ချိန်ဆိုငွေအပုံလိုက်ချဝယ်ပြီ၊
ကျနော့်ဆီမှာပဲပေါ်ချိန်ဆိုလှောင်လက်ချထားတဲ့ငွေတွေအပုံလိုက်ရှိတယ်။
ဈေးနိမ့်မယ်ထင်တဲ့အခြားပစ္စည်းတွေဝယ်၊ပြီးပြန်ရောင်း
ဒီလိုနဲ့ဘဲလုပ်ကိုင်နေတာမြန်မာပြည်မှာနေသားကျလာပြီ
ဒါပေမဲ့..ညရောက်ရင်ကျနော်..စပယ်..ကိုသတိရပြီ
မေ့ဖျောက်လို့လဲမရ၊ခုချိန်ဆိုရင်သူသားသမီးဘယ်နှစ်ယောက်ရနေပြီလဲလို့တွေးနေမိတယ်။
အကယ်၍များသူနဲ့ပြန်ဆုံဖြစ်ခဲ့ရင်၊သူလွတ်လပ်တဲ့လူတစ်ယောက်သာဖြစ်ခဲ့ရင်မင်းဘာဆက်လုပ်မလဲလို့
ကိုယ့်ကိုကိုယ်မေးကြည့်ပါတယ်။
ကျနော်သူ့ကိုလက်ထပ်ချင်တယ်၊
စပယ်..ဘယ်ဘဝရောက်ရောက်လွတ်လပ်တဲ့သူဖြစ်ခဲ့ရင်ကျနော်သူ့ကိုယူမယ်၊
ကျနော့်အချစ်တွေ..သူ့ဆီပုံထားပေးခဲ့ပြီလေ...
သူဘယ်လိုဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ကျနော်ခွင့်လွတ်တယ်
ဒါပေမဲ့သူတို့ဇာတ်တိုက်ခဲ့သောကြည့်မြင်တိုင်၊ထီးတန်းဖက်ကိုစိတ်နာလို့တခါမျှမသွားဖြစ်ခဲ့ပါ။
အမှတ်မထင်သတင်းစာကိုင်မိရင်၊ဇာတ်ပွဲကနေတဲ့နေရာတွေလိုက်ကြည့်ဖြစ်တယ်။
“ခိုင်စပယ်ဖူးအငြိမ့်”ကိုမမြင်တော့ဘူး၊”မခင်နှင်းဆီအငြိမ့်”ကိုတွေ့တွေ့နေတယ်။
ခေါင်းဆောင်မင်းသမီးနာမည်ကအခြားတစ်ယောက်နာမည်၊
စိတ်ထဲ...စပယ်..နာမည်ပြောင်းလိုက်သလားထင်ပြီး၊တခါဝင်ကြည့်လိုက်သေးတယ်။
စပယ်..မဟုတ်ပါ၊သူလဲသူ့အိမ်ထောင်နဲ့ဖြစ်နေပြီလို့ထင်ပါတယ်။
ကျနော်ရန်ကုန်မှာအခြေကျနေပြီ၊
လုပ်စားကိုင်စားလို့အဆင်ပြေတဲ့ရန်ကုန်၊ဒါပေမဲ့အချစ်မရှိတဲ့နှလုံးသားနဲ့သွားလာလှုပ်ရှားနေတဲ့ဘဝ၊
ကိုယ့်ကိုကိုယ်ပြန်စဉ်းစားမိတယ်၊ငါဘာအတွက်အလုပ်လုပ်နေရတာလဲ
သူငယ်ချင်းတွေအားလုံးကျနော့်ကိုလူပျိုကြီးလို့နောက်နေကြပြီ
ရန်ကုန်ပဲလောက၊ကျနော့်ကစားသမားဆန်တဲ့လုပ်ကွက်တွေကြောင့်အချို့ပွဲရုံတွေဖေါက်သည်လျှော့ကုန်တယ်။
သူတို့လူတွေကျနော့်ဆီရောက်လာတယ်၊ကျနော့်ကိုအမြင်မကြည်ကြဘူး။
ဒါတွေကအဓိပ္ပါယ်မရှိဘူး၊ကျနော်လုပ်နိုင်သလိုမျိုးသူတို့လဲလုပ်နိုင်တယ်။
ပင်လယ်ရေဘယ်သူသောက်သောက်ပါ၊တစ်ယောက်ထဲသောက်မကုန်ပါဘူး၊
မတ်ပဲကိုနှစ်တိုင်းလုပ်နေကျ၊ဘာမှအတားအဆီးမရှိဘူး၊
ပြည်တွင်းကထွက်တဲ့သီးနှံလွတ်လွတ်လပ်လပ်ရောင်းဝယ်ခွင့်ရှိတယ်။
ကျနော်အဖမ်းခံလိုက်ရတဲ့နှစ်ကျမှဘာတွေဘယ်လိုဖြစ်ကုန်လဲမသိတော့ပါ။
ကိုယ့်ဆီမှာကိုယ့်ငွေနဲ့ကိုယ်၊ကောင်းရောင်းကောင်းဝယ်လုပ်စားလို့လဲမရ၊
အမှန်ကကျနော်ပေါ့ဆတာ၊အမိန့်ထွက်တာနဲ့မတ်ပဲဈေးတွေခုန်တက်ကုန်တယ်။
ချက်ချင်းတောင်ငူမှာလိုက်သိမ်းခိုင်းတယ်။
အောက်လမ်းထွက်မဲ့ကုန်သည်တွေနဲ့ရိုက်ထားပြီးသား၊
စက်လှေစောင့်နေပြီ၊ဆိပ်ကမ်းကဏ္ဍကျနော့်နဲ့မဆိုင်
ကျနော့်ကားရောက်ရင်ဆိပ်ကမ်းထဲတန်းသွားပြီးပစ္စည်းချမယ်။
သူတို့ကြိုစီစဉ်ထားပြီးသား၊အားလုံးသူတို့ညှိုပြီးသား။
ကျနော့်ပစ္စည်းကသူတို့ဆီမရောက်လိုက်ဘူး၊ကျနော့်လက်ထဲမှာဖြစ်တဲ့ကိစ္စသူတို့နဲ့မဆိုင်။
အပြင်ရောက်ရင်ကျနော်ကိုအမိန့်ချတဲ့တရားသူကြီးကိုကျနော်သိချင်တယ်။
အပြင်မှာလှုပ်ရှားနေတဲ့ကျနော်၊အင်းစိန်ထောင်ထဲမှာအနေကြပ်တာကလွဲလို့အဆင်ပြေတယ်။
ကျနော့်အပေါင်းအသင်းတွေကအဆင်ပြေအောင်လုပ်ပေးနေကြတယ်
လုပ်စရာဘာမှမရှိ၊စဉ်းစားစရာတွေးစရာတွေဘဲရှိတယ်။
ထုံးစံအတိုင်းကျနော့်ခေါင်းကို..မစပယ်..သူဘဲရောက်ရောက်လာတယ်။
ကျောင်းသားဘဝသူကနေတဲ့အငြိမ့်ကိုသွားကြည့်နေတဲ့ပုံရိပ်တွေ၊
ရုပ်ရှင်ပြနေသလိုတစ်ခုပြီးတစ်ခုပေါ်လာတယ်၊
အတွေးထဲမှာ..သူ့ကိုကျနော်ချစ်နေဆဲဘဲ
စပယ်ကိုမမြင်တာဆယ်နှစ်ကျော်နေပြီ၊
ကျနော်မေ့ဖျောက်လို့မရပါ၊ကျနော့်ဘဝ၊တစ်ယောက်ထဲချစ်ခဲ့တဲ့ကျနော်၊
ကျနော်နှလုံးသားမှာ..စပယ့်ရုပ်ပုံလွာတွေပြည့်နေတယ်။
မည်သူ့ရုပ်ပုံကိုမှရေးထိုးဖို့ကျနော့်နှလုံးသားထက်မှာနေရာမရှိတော့ပါ
………………………………………………………………………………………………………………………………………………………………..
သန်ံရှင်းလတ်ဆတ်နေသောလေကိုရှုရှိုက်တဲ့ခဏလေးမှာဦးနှောက်တွေကြည်လင်လန်းဆန်းလာပါတယ်၊
ထောင်ဒဏ် သုံးနှစ်ချခံထားရတဲ့ကျနော်၊နှစ်နှစ်လောက်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့အပြင်ပြန်ရောက်လာတယ်။
အင်းစိန်ထောင်ကအကြောင်းတွေမစဉ်းစားချင်တော့ပါ၊
အားလုံးပြည်ဖုံးကားချခဲ့ပြီ၊လူသစ်စိတ်သစ်နဲ့ဘဝသစ်ကိုပြန်စတော့မယ်။
ဒါပေမဲ့ကျနော့်အသဲနှလုံးကအရင်အဟောင်းပါဘဲ၊နှလုံးသားအသစ်မဖြစ်နိုင်တော့ပါ။
သူ့တစ်ယောက်ကိုချစ်ခဲ့တဲ့ကျနော်နှလုံးသား၊အသစ်ဘယ်တော့မှမဖြစ်နိုင်တော့ပါ။
ကျနော်သိချင်တာတွေရှိနေတယ်၊စုံစမ်းရအုန်းမယ်။
နိုင်ငံတော်နဲ့ပတ်သက်နေတဲ့ကျနော့်အမှုကိုမြို့နယ်ရုံးကအမိန့်ချခဲ့တယ်။
အဲဒီအချိန်ကပြည်သူ့တရားစီရင်ရေး ၃ ဦးကော်မီတီရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ခဲ့ကြတယ်။
တရားသူကြီးကိုလမ်းစဉ်ပါတီကခန့်ခဲ့တယ်။
တရားသူကြီးကတရားရေးအကြံပေးနဲ့ဥပဒေအကြံပေးတို့ရဲ့တရားစီရင်ရေးအကြံပြုချက်ကိုမှီငြမ်းပြီး
အမိန့်ချခဲ့တယ်။ကျနော်နာမည်သိချင်တယ်။
နာမည်စာရင်းလာပေးတယ်။
တရားသူကြီးနာမည်...ကျနော်မသိချင်ဘူး၊
ဥပဒေအကြံပေးနာမည်...ကျနော်မသိချင်ဘူး၊
တရားရေးအကြံပေး...ဒေါ်ခိုင်စပယ်..ကြည့်မြင်တိုင်....မှာနေတယ်။
ဒီလောက်သိရင်လုံလောက်ပြီ၊
မမှားလောက်ဘူးဆိုရင်ဒေါ်ခိုင်စပယ်..ဟာ...စပယ်..ကလွဲပြီးအခြားသူတွေမဖြစ်နိုင်ပါ
သူနဲ့ကျနော်ဝေးနေတာ ဆယ်နှစ်တော်တော်ကျော်ခဲ့ပြီ။
သူ့အတွေ့အကြုံ၊လုပ်သက်နဲ့ဆိုရင်တရားသူကြီးဖြစ်နေလောက်ပြီ။
အော်...စပယ်...စပယ်...နင်ငါ့ကိုရာဇဝင်အကြွေးဆပ်လိုက်တာလား
ဒါမှမဟုတ်...မင်းခယောကျ်ား...ကမ်းနားသစ်ပင်...ဘဝနဲ့ငါ့ကိုအမိန့်ချတာလား
ငါသိချင်တယ်...ငါသိချင်တယ်။
တနင်္ဂနွေတစ်ရက်မနက် ၈ နာရီလောက်စပယ်တို့ခြံရှေ့ကျနော်ရောက်နေတယ်။
အရာရာဟာပြောင်းလဲနေပြီ၊အရင်ဇာတ်တိုက်နေတဲ့ပျဉ်ထောင်အိမ်ကြီးနေရာမှာ
သံဘင့်တွေနဲ့ဆောက်ထားတဲ့ဆောက်အဦးမြင့်မြင့်ကြီးကိုတွေ့တယ်
အထဲမှာဇာတ်ခုံလိုမျိုးဆင်ထားမယ်လို့တွေးကြည့်ပါတယ်။
အရင်..စပယ်တို့မိသားစုအိမ်နေရာမှာသုံးထပ်အိမ်ဖြစ်နေပြီ
ခြံပေါက်ဝမှာကောင်လေးတစ်ယောက်တွေ့လို့
ဒီအိမ်က..ဒေါ်ခိုင်စပယ်တို့အိမ်လား
.....ဟုတ်ပါတယ်...
အကိုအလုပ်ကိစ္စနဲ့လာတာပါ၊ဒေါ်ခိုင်စပယ်နဲ့တွေ့ချင်လို့ပါ
ကောင်လေးကအိမ်ဖက်ပြေးသွားတယ်၊ကျနော်ခြံရှေ့မှာရပ်စောင့်နေတယ်။
တော်တော်ကြာတယ်၊ဘယ်သူမှထွက်မလာဘူး
နောက်ကျတော့မှစပယ့်အဖေနဲ့အမေ..မျက်နှာပျက်ပျက်နဲ့ထွက်လာတယ်။
ကိုဇော်လတ်ပါလား...စပယ်ဒီမှာမနေဘူးကွဲ့၊သူကအခြားမှာနေတယ်၊သူ့အဖေအပြော
သူ့အမေကအပြင်သွားနေတယ်လို့တစ်ယောက်တလွဲပြောနေကြတယ်၊
....ဦးနဲ့အန်တီနေကောင်းကြတယ်နော်..
....ကျနော်..စပယ့်ကိုစကားနဲနဲဘဲပြောပြီးပြန်မှာပါ၊ကျနော့်ကိုစကားပြောခွင့်ပြုပါ..
သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမျက်နှာပျက်နေကြတယ်။
သူတို့ကျနော်ဒီကိုလိုက်လာမယ်လို့လုံးဝမထင်ထားကြဘူး၊ပြောတာတွေလွဲနေတယ်။
နောက်ပြီးစိတ်ထဲက..စပယ်အိမ်ထဲမှာရှိနေတယ်ဆိုတာကျနော်သိနေတယ်၊
...ရပါတယ်၊ကျနော်..စပယ်ပြန်လာတဲ့ထိစောင့်နေမယ်..ညမိုးချုပ်ပေ့စေကျနော်စောင့်နေမယ်
...ကျနော်ကိုစပယ်နဲ့တွေ့ခွင့်ပေးပါ...
သူတို့အိမ်ထဲဝင်ဖို့မဖိတ်ခေါ်ဘဲအထဲပြန်ဝင်သွားကြပြီ
ကျနော်သိတယ်၊စပယ်ရှိနေတယ်
သူတို့ခြံရှေ့ရေမြောင်းအုတ်ခုံလေးပေါ်ထိုင်ချလိုက်ပါတယ်။
အချိန်ကြာမယ်လို့စိတ်ထဲသတ်မှတ်ထားပါတယ်။
ကျနော့်ရင်ထဲမှာမေးချင်တာစကားနှစ်ခွန်းဘဲရှိတယ်
ကျနော့်ကိုရာဇဝင်အကြွေးဆပ်လိုက်တာလား
တာဝန်အရလုပ်တာလား
ရောက်လာတဲ့အချိန် မနက် ၈ နာရီ၊အခုတစ်နာရီထိုးနေပြီ
ကျနော်အုတ်ခုံမှာထိုင်နေတာ ၅ နာရီကြာခဲ့ပြီ။ရတယ်..မိုးချုပ်ထိထိုင်စောင့်နေမယ်
ရင်ထဲကအဖြေရှင်းရှင်းလင်းလင်းသိပြီးမှပြန်မယ်၊….ဆက်စောင့်မယ်
နေ့လည်တစ်နာရီခွဲလောက်မှာမနက်ကတွေ့တဲ့ကောင်လေးကျနော့်ကိုလာခေါ်တယ်။
အိမ်ထဲလိုက်ဝင်လိုက်တယ်၊တွေ့ပါပြီ...ကျနော်အတွေ့ချင်ဆုံး...မစပယ်...
ဆယ်နှစ်ဆယ်မိုးမျော်လင့်၊တောင့်တခဲ့သောမျက်နှာပိုင်ရှင်ကိုတွေ့ရပါပြီ
ဧည့်ခန်းဆက်တီမှာထိုင်နေတယ်၊
ထိုင်ပါ...ဦးခင်ဇော်လတ်..
....ဟုတ်ကဲ့ပါ.....
ပြောပါ..ကျမကိုဘာပြောချင်လို့ပါလဲ..
ကျနော်သူ့မျက်နှာကိုငေးကြည့်နေမိတယ်၊တည်ငြိမ်၊ရင့်ကျက်နေတဲ့မျက်နှာပိုင်ရှင်
ဒါပေမဲ့သူ့မျက်လုံးကအငိုမျက်လုံး၊ကျနော်သိတယ်၊စိတ်ထဲကအလိုလိုသိနေတယ်
ခန္ဓာကိုယ်အရင်အတိုင်းဘဲ၊မပြောင်းလဲပါဘူး၊သူ့ဘေးမှာမိဘတွေကိုမတွေ့ပါ
ဒေါ်ခိုင်စပယ်...ကျနော့်ကိုချလိုက်တဲ့ပြစ်ဒဏ်ကတာဝန်အရလား
ကျနော့်မိဘကြောင့်လွဲခဲ့ရတဲ့အဖြစ်ကြောင့်ကျနော့်အပေါ်အညှိုးနဲ့ချခဲ့တာလား
....ကျမတရားရေးဝန်ထမ်းတစ်ယောက်အနေနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်လို့သတ်မှတ်ပြီးအကြံပေးခဲ့တာပါ
....ဒီပုဒ်မထဲမှာနိုင်ငံတော်နဲ့ပတ်သက်နေလို့အမြင့်ဆုံးအပြစ်ဒဏ်သေဒဏ်ထိချလို့ရတယ်ဆိုတာ
...ဦးခင်ဇော်လတ်သိပါတယ်နော်...
ဟုတ်ကဲ့...ကျနော်သိပါတယ်၊ဘာဖြစ်လို့ကျနော့်ကိုသေဒဏ်အမိန့်မချခဲ့လဲ
ကျနော့်ဘဝ..စပယ်..စွန့်ပြီးကထဲကသေလူတစ်ယောက်ဖြစ်နေပါပြီ
ကျနော့်မေတ္တာတွေကို..စပယ့်ကိုပေးပြီးထဲက..
ဘယ်သူ့ကိုမှပေးစရာလဲမရှိတော့ပါဘူး
ကျနော်ချစ်တဲ့သူနဲ့မဆုံရတဲ့ကျနော့်ဘဝ...သေလူတစ်ယောက်လိုပါဘဲ...
ကျနော်ကိုဘာလို့သေဒဏ်မချခဲ့တာလဲဗျာ...
ကျနော့်မှာသံယောဇဉ်ထားရမဲ့လူမရှိတဲ့တစ်ယောက်ထဲသမား၊
အဓိပ္ပယ်မရှိတဲ့ဘဝကိုလျှောက်နေတဲ့ကျနော့်ဘဝသေသွားတာကောင်းပါတယ်ဗျာ
စပယ့်မျက်နှာကြည့်ပြီးနှုတ်မှတတွတ်တွတ်ရွတ်နေမိတယ်....
စပယ်...ကျနော့်မျက်နှာကိုငေးကြည့်နေတယ်၊
......ဦးခင်ဇော်လတ်ဆိုလိုတာကမိသားစုထိုင်ဝမ်မှာကျန်နေတာကိုပြောတာလား
ကျနော်တစ်ယောက်ထဲသမား၊ကျနော့်မှာဘာမိသားစုမှလဲမရှိဘူး
ကျနော့်အိမ်ကလဲကျနော့်ကိုစွန့်ထားတယ်။
.....ဘာဖြစ်လို့တောင်ငူမပြန်တာလဲ၊မိဘဆိုတာသားသမီးကိုကောင်းစေချင်တဲ့မေတ္တာနဲ့ပါ
ဒါပေမဲ့ဗျာ...ကျနော်မျော်လင့်ခဲ့တဲ့ဘဝ၊ကျနော်တို့မိသားစုကြောင့်ဝေးခဲ့ရတယ်လေ
ကျနော်အိမ်မပြန်ချင်တော့ဘူး၊
ကျနော့်မျော်လင့်ချက်ပျောက်ဆုံးကုန်တာစဉ်းစားမိတိုင်းရင်နာတယ်
စပယ့်မျက်နှာကိုကျနော်ငေးကြည့်နေမိတယ်၊
....ကိုလတ်...ဘာကြည့်နေတာလဲ
နင့်မှဲ့ကိုကြည့်နေတာ၊ငါမြတ်နိုးခဲ့တဲ့မှဲ့လေးကိုပိုင်ခွင့်မရတော့လို့
....အော်..အကိုကလဲ...
နင်တို့မိသားစုရော
....စပယ်စဉ်းစားပြီးမှ၊ အပြင်သွားကြတယ်
သားသမီးဘယ်နှစ်ယောက်ရပြီလဲ...
....သမီးတစ်ယောက်...
ဘယ်နှစ်နှစ်လဲ....
....ငါးနှစ်.....
ကလေးတွေတောင်ငါးနှစ်ရှိပြီ၊ငါ့ဘဝခြောက်ကပ်ကပ်နဲ့လျှောက်လာတာဆယ်စုနှစ်တွေတောင်ကျော်ခဲ့ပြီ
.......ကိုလတ်...မနက်ဖြန်အားလား၊ကျမရုံးကခွင့်ယူထားတယ်
......ကျမတို့မိသားစုနဲ့မိတ်ဆက်ပေးမယ်၊ကိုလတ်..လာချင်စိတ်ရှိရင်ထမင်းအတူတူစားကြရအောင်
နင်တို့မိသားစုနဲ့ဆုံဖို့ငါတော်တော်အားတင်းပြီးလာရမှာ
ပိုင်ရှင်ရှိပြီးသားနင့်ကို...နောက်ဆုံးတွေ့တဲ့အနေနဲ့လာခဲ့မယ်..၊
ဒါနောက်ဆုံးတွေ့ခြင်းဘဲ
ငါ့ရှေ့မှာနင်တို့မိသားစုကိုမြင်နေရရင်၊ငါ့နှလုံးသားတွေခံနိုင်မှာမဟုတ်ဘူး
ဒါပေမဲ့...ငါလာခဲ့ပါ့မယ်....
ဧည့်ခန်းထဲမှာဘယ်သူမှမရှိကြပါ၊ရင်ထဲရှိတာတွေထုတ်ပြောလိုက်ရတာနဲနဲပေါ့သွားတယ်
ညရောက်တော့လဲ..စပယ့်ကိုသတိရတာဘဲ
ညဉ့်နက်သန်းကောင်အိပ်မရတဲ့ညတွေ၊ဒီအချိန်ဆိုသူ့အမျိုးသားရင်ခွင်ထဲမှာအိပ်နေရော့မယ်
…………………………………………………………………….
ကျနော်..စပယ့်သမီးလေးအတွက်..လက်ဆောင်ဝယ်သွားပေးမယ်၊
ကျနော်ပေးမဲ့ပစ္စည်းက၊ကလေးအတွက်ကြီးချင်ကြီးနေမယ်
ကျနော်တို့ဆီမှာကလေးနဲ့ရွှေ၊မအပ်စပ်၊အန္တာရာယ်များလွန်းတယ်
သမီးလေးကြီးလာတဲ့အချိန်၊ဆင်လို့ရအောင်အမှတ်တရပေးတဲ့သဘောပါ
ရွှေကြိုးတုတ်တုတ်၊အပျိုအရွယ်ဆင်ကြတဲ့နားဆွဲဒီဇိုင်းလေး
လက်ဆောင်လေးကိုကြည့်ပြီးကျနော်ရင်နာလိုက်တာ..မဆုံဖြစ်ခဲ့တဲ့ဘဝတွေ
မနက် ၁၁ နာရီလောက်ရောက်သွားတယ်၊
ကျနော်တွေ့ချင်တဲ့..စပယ်..လန်းလန်းဆန်းဆန်းနဲ့ကြိုနေတယ်၊
ကျနော်လာမှာကိုသိနေသလို၊ဝမ်းသာနေသလိုမျိုးခံစားနေတဲ့ပုံ၊
ဒီလိုနေ့မျိုးတွေကျနော်နောက်ဆုံးနှစ်တုန်းကတွေ့ကြုံခဲ့ပြီးပြီ
အဲဒီအချိန်တုန်းကသူရော၊ကျနော်ပါ..လွတ်လပ်နေတဲ့အချိန်
အခုက...အရင်အခြေအနေနဲ့မတူပါ
သမီးလဲမတွေ့ပါလား၊
…….သူ့အဖိုးအဖွားဘုရားသွားမယ်ဆိုလို့လိုက်သွားကြတယ်၊
နောက်အမျိုးသားရော...
....ကားမောင်းပို့တယ်
ရော့..ဒီမှာ..သမီးလေးအတွက်လက်ဆောင်
....ကျမကြည့်လို့ရလား
ကျနော်ကမ်းပေးလိုက်တယ်။
.....ဟင်....ကိုလတ်၊လက်ဆောင်ကလဲလူကြီးဒီဇိုင်းတွေ...
....စပယ်..ပစ္စည်းတွေထုတ်ကြည့်ပြီး..
...ညီမ..ဝတ်ကြည့်ချင်တယ်၊ကိုလတ်ဆင်ပေးပါလား..
ရွှေကြိုးလေးကို၊စပယ်နောက်ကျောကရပ်ပြီး..လချိပ်ဖြုတ်ပြီးဆင်ပေးလိုက်တယ်၊
နားဆွဲလေးကိုသူ့ပုလဲနားကပ်ဖြုတ်ပြီးပန်ပေးလိုက်တယ်,
ဒီအခိုက်စိတ်တွေငယ်ဘဝကိုရောက်သွားသလိုဖြစ်ပြီး
သူ့ပုခုံးလေးကိုကိုင်ရင်း..စပယ်ပါးကိုနမ်းမိလုမတတ်
စပယ်လဲသူ့ပါးလေးကိုကျနော့်ဆီထိုးပေးလာခဲ့တယ်
ဘုရား..ဘုရား...ပိုင်ရှင်ရှင်ရှိပြီးအိမ်ထောင်သည်ကိုအပြစ်ကျူးလွန်မိတော့မယ်၊
လက်ကိုလွတ်ချပြီး၊ထိုင်ခုံပေါ်ခေါင်းငိုက်စိုက်နဲ့ထိုင်ချမိလိုက်တယ်၊
ချစ်လျက်နဲ့လက်လွတ်လိုက်ရခြင်းဆိုသောအသိတွေက
ဝမ်းနည်းစိတ်တွေတလိမ့်လိမ့်တက်လာပါတယ်
ဒီအချိန်ကျနော့်မျက်လုံးအိမ်ထဲကမျက်ရည်တွေအလိုလိုထွက်ကျလာပါတော့တယ်။
“ငါ..ပြန်တော့ရင်ကောင်းမယ်၊ကြာရင်ငါ့အသဲတွေနှုတ်နှုတ်စင်းသလိုကျေမွကုန်တော့မယ်”
....မပြန်ပါနဲ့၊ထမင်းစားကြရအောင်...
....လာ..ကိုလတ်...
စပယ်ကျနော့်လက်ဆွဲပြီး၊ထမင်းဝိုင်းကိုခေါ်လာခဲ့တယ်၊
ကျနော်လဲသူဆွဲရာနောက်ကိုလိုက်ခဲ့မိတယ်
ဟင်းတွေက..ပဲကြီးနှပ်၊ ငါးခူရဲ့ယိုရွက်နဲ့ဆီပြန်ချက်...
ဒါကျနော့်အကြိုက်...သူချက်ကျွေးနေကျဟင်း....
သူတို့အိမ်မှာထမင်းစားတဲ့အချိန်တုန်းစပယ်ချက်ကျွေးခဲ့တာ
ကျနော့်ဘေးမှာသူထိုင်ရင်းငါးခူအရိုးဖယ်ပြီးကျနော့်ပုဂံထဲထည့်ပေးရင်း
သီချင်းငြီးလိုက်သေးတယ်။သူဆိုနေကျသီချင်း....
သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...
တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...
ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း
ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...
မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”
“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”
“ချစ်သူ...ဝိုင်းဝိုင်းလည်.....”
....စပယ်..နင်ဘာသဘောလဲ...နင့်အမျိုးသားမြင်ရင်ပြဿနာတက်ကုန်မယ်
ကိုလတ်..ကို..တခုမေးမယ်..ကျမတခုလပ်ဆိုရင်ကျမကိုဘယ်လိုသဘောထားမလဲ
....နင်ဘာတွေပြောနေတာလဲ...ငါ့စိတ်ထဲမှာတခုခုဖြစ်နေသလိုဘဲ
ဟုတ်တယ်၊ကျမတခုလပ်ဖြစ်နေတယ်၊ကိုလတ်ကျမကိုယူချင်စိတ်ရှိသေးလား
.....နင်ဘယ်လိုပြောလိုက်တာလဲ၊နင်ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ငါလက်ခံတယ်၊ငါယူမယ်
....သူများသားမယားကိုတော့မပြစ်မှားဘူး၊ငါထောင်ထဲထပ်မဝင်ချင်တော့ဘူး
တရားသူကြီးကျမကအကို့ကိုလုပ်မလား..အကိုရယ်
ယောကျ်ားတစ်ယောက်စွန့်ပြစ်ခံခဲ့ရတဲ့ကျမပါ၊ကျမအခုလွတ်လပ်နေတဲ့မိန်းမတစ်ယောက်ပါ
ကိုလတ်ကျမကိုစိတ်ရှင်းရှင်းနဲ့ယူနိုင်တဲ့သတ္တိရှိလားကျမသိချင်တယ်
ကျမအပေါ်အရင်ကချစ်တဲ့စိတ်မျိုးနဲ့ပြန်ချစ်နိုင်မလား
ပတ်ဝန်းကျင်ကိုရင်ဆိုင်ရဲရဲ့လား
ကျမအခု Single ဖြစ်နေပြီနော်
....ယူမယ်၊ငါအခုယူမယ်၊ရုံးတက်လက်မှတ်ထိုးမယ်
နိုး..နိုး...ချက်ချင်းကြီးမဆုံးဖြတ်ပါနဲ့၊ဖြေး..ဖြေး..စဉ်းစားပါ...ကျမဘယ်မှမထွက်ပြေးပါဘူး
....ငါနင့်ကိုအခုယူချင်တယ်၊အရင်ကလိုငါ့ကိုပြစ်သွားမှာစိုးရိမ်နေတယ်
ကျမဘယ်မှမပြေးပါဘူး၊ကျမလိုတစ်လင်ကွာမိန်းမကိုလူတွေကအထင်သေးကြပါတယ်
အကိုဖြေးဖြေးစဉ်းစားပါ၊အိမ်နဲ့တိုင်ပင်ပါအုန်း
...ဘာတိုင်ပင်စရာလိုလို့လဲ၊ငါ့ကိုသားအဖြစ်ကစွန့်ထားတာနင်လဲသိတယ်
အကိုဖြေးဖြေးလေးလေးနက်နက်စဉ်းစားဆုံးဖြတ်ပါ
ကျမ...အကို့ကိုချစ်နေဆဲဘဲ၊ကျမကိုမယူလဲကျမဆက်ပြီးချစ်နေမဲ့သူပါ
......ငါအမြတ်တနိုးနမ်းခဲ့တဲ့ပန်းကိုနင်းချေစွန့်ပြစ်လိုက်တဲ့လူတွေလဲရှိသေးတယ်နော်
လူတိုင်းကိုကိုယ့်စိတ်နဲ့မနှိုင်းနဲ့လေ၊လူတွေကသူ့အကြောင်းနဲ့သူပါ
……………………………………………………………..
ဒီနေ့ကျနော်ဘဝ၊ကျနော့်နှလုံးသားပြန်လည်အသက်ဝင်သောနေ့လို့ဘဲသတ်မှတ်ရမယ်၊
စပယ်...တစ်လင်ကွာ...လွတ်လပ်နေတဲ့ဘဝကိုကျနော်မြင်လိုက်တဲ့အခိုက်
ကျနော်ရင်ထဲမှာလှုပ်ရှားနေသောနှလုံးခုန်သံတွေ၊ကမ္ဘာမိုးယံသိမ့်သိမ့်ညံ
ကျနော်တို့ရှေးဟာင်းနှောင်းဖြစ်တွေပြောနေလိုက်ကြတာကျနော်ပြန်တဲ့အထိပါဘဲ။
ဒီနေ့ညကျနော်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့တယ်၊
ဘဝမှာဒီလိုမျိုးမအိပ်ခဲ့တာဆယ်စုနှစ်ကျော်နေပြီ၊
ညတရေးနိုးအိပ်မက်ဆိုးတွေကြားထဲမှာအိပ်မရတဲ့ညတွေများနေပြီ။
အင်းစိန်ထောင်ထဲမှာတုန်းကဒီထက်ပိုဆိုးခဲ့တာပေါ့
ကျနော်စိတ်ထဲမှာထူးခြားတာ၊သတိထားမိတာ...စပယ်တို့အိမ်မှာ
သူ့ဘွဲ့ရဓါတ်ပုံ၊မိဘနှစ်ပါးနောက်ကဘွဲ့ဝတ်စုံနဲ့ပုံဘဲတွေ့တယ်။
သူ့မိသားစုပုံ၊သမီးလေးပုံကိုလဲမတွေ့ပါ။
သူ့မိသားစုပုံကိုစိတ်နာလို့မချိတ်ဘူးဘဲထားပါတော့
သမီးလေးပုံလောက်တော့ချိတ်သင့်တယ်လို့ထင်ပါတယ်။
ကျနော်ပြန်တဲ့အချိန်ထိသမီးလေးပြန်မရောက်သေးပါ။
နောက်ကျတော့တွေ့မှာပါလေ၊စပယ့်သမီးဆိုတော့လဲကျနော့်သမီးဘဲပေါ့
ဒီနေ့ကျနော်..စပယ်ဆီသွားမယ်၊သူရုံးဆင်းပြီးအိမ်ပြန်ရောက်ချိန်လောက်မှန်းပြီးလာခဲ့တယ်၊
ထုံးစံအတိုင်း..စပယ်..သနပ်ခါးပါးကွက်ကြားလေးနဲ့ကြိုနေတယ်။
ကျနော်တို့..ငယ်ငယ်တုန်းကအတိုင်းဘဲ၊ဝမ်းသာအားရနဲ့ကြိုနေတာ
ကိုလတ်..ကိုမနက်ထဲကမျော်နေတာ၊ငါ့အကိုငါ့ကိုရွှံ့သွားလို့မလာတော့ဘူးထင်ပြီးကျမငိုလိုက်ရတာ
........စပယ်...ငါ့ကိုနင်တခုခုပြော..နင့်မှာလျှို့ဝှက်ချက်တွေရှိနေတယ်လို့ငါထင်တယ်။
........ငါ့ကိုနင့်ဘဝအကြောင်းပြောပြ၊ငါနင့်ကိုဘယ်တော့မှစိတ်မပျက်ဘူး
ကျမဘဝမှာမှန်တယ်လို့ထင်တဲ့ဆုံးဖြတ်ချက်တခုဘဝနဲ့ရင်းပြီးဆုံးဖြတ်ခဲ့တယ်၊
ကျမရှေ့နေအကူအညီယူပြီးတရားရုံးလက်ထပ်စာချုပ်နဲ့သတင်းစာထဲထည့်ခဲ့တယ်။
မိုက်လုံးကြီးလိုက်တဲ့သမီးဆိုပြီးကျမမိဘတွေအရမ်းစိတ်ဆိုးကြတယ်၊
သူ့ဟာသူထွက်သွားပြီးသားကိစ္စနင်ဘာလို့နာမည်အပျက်ခံပြီးလုပ်ရလဲဆိုပြီးပြောလိုက်ကြတာ
နင်လုပ်ခဲ့တာနင်တသက်လုံးနောင်တရမယ်ဆိုပြီးပြောခဲ့ကြတယ်။
နောက်ပြီးယောကျ်ားယောင်ဆောင်ပေးဖို့သူငယ်ချင်း
တစ်ယောက်ကိုခေါ်ပြီးအကိုတို့တောင်ငူ,ကိုကျော်ကြီးဆီသွားခဲ့တယ်။
ဒါတွေအားလုံးလုပ်ရတာ..အကိုကျမကိုစိတ်နာသွားအောင်လုပ်ရတာပါ
အကိုကျမကိုသံယောဇဉ်ပြတ်ပြီးထိုင်ဝမ်မှာစိတ်ရှင်းရှင်းနဲ့နေနိုင်အောင်လုပ်လိုက်ရတာပါ။
ဒါပေမဲ့..ဒီနောက်ဆက်တွဲအကျိုးဆက်ကျမပြန်ခံရတယ်။
ယောကျ်ားရှိတယ်၊လင်ကိုမတွေ့တော့လင်မယားကွဲနေတယ်ဆိုပြီးလူတွေကပြောကြပြန်တယ်။
လူတွေကကိုယ့်နဲ့မဆိုင်ပေမဲ့ပါးစပ်အရသာခံပြီးပြောကြတာ၊
နောက်ပြီးကျမကိုပွဲမင်းသမီးဆိုတော့ဒီလောက်တော့ရှိမှာပေါ့ဆိုပြီးအတင်းတွေတုတ်ကြပြန်တယ်။
ကျမရုံးခန်းအရှေ့မှာ”ခိုင်စပယ်ဖူးအငြိမ့်”စာကပ်ခံရဘူးတယ်။
ကျမအငြိမ့်ကခဲ့တယ်၊ဝမ်းရေးအတွက်ကခဲ့တယ်၊ကျမ,မရှက်ပါဘူး
ဒါရှက်စရာလဲမဟုတ်ဘူး
ကျမဂရုမစိုက်ဘူး၊ကိုယ့်လမ်းကိုယ်တစိုက်စိုက်မတ်မတ်လျှောက်ခဲ့တယ်။
ဖြေရမဲ့စာမေးပွဲတွေကျိုးစားကျက်မှတ်ပြီးဖြေခဲ့တယ်။
အပြောခံ၊ဘဝနာနေတဲ့အဖြစ်ကကျမအတွက်တွန်းအားဖြစ်စေခဲ့တယ်၊
ဒါကြောင့်လဲကျမအသက်ငယ်ငယ်နဲ့မြို့နယ်တရားရေးအကြံပေးဖြစ်ခဲ့တယ်။
ကျမအကို့သတင်းတွေအမြဲစုံစမ်းနေတယ်။
အကိုရန်ကုန်ပြန်ရောက်နေတာလဲကျမသိတယ်။ ၁၉ လမ်းမှာပွဲရုံလုပ်နေတာလဲသိနေတယ်၊
ပဲလောကမှာဆရာကြီးဖြစ်နေတာလဲကျမကြားနေတယ်၊
ကျမအကို့ကိုမျှော်နေမိတယ်၊
တနေ့နေ့အကိုပေါ်လာမလားဆိုပြီးမျော်နေခဲ့မိတယ်။
အကိုမပေါ်လာဘူး၊ကျမဆင်ထားတဲ့ဇာတ်လမ်းကိုအကိုယုံသွားပြီလို့ဘဲမှတ်လိုက်တယ်။
ကျမဝမ်းနည်းလိုက်တာ၊ငါလုပ်တာမှားသွားပြီလို့တောင်ထင်ခဲ့တာ
အမှန်ဆိုရင်ကျမမှာယောကျ်ားလဲမရှိဘူး၊သမီးလေးလဲမရှိဘူး၊
အကိုနဲ့ကျမပြန်ဆုံကြတော့လဲကျမကိုင်နေတဲ့တရားခွင်ထဲမှာ
တရားခံအဖြစ်နဲ့ပြန်ဆုံခဲ့ရတယ်။
ကိုလတ်ကျမကိုမသိနိုင်ဘူး၊ကျမကတရားရေးအကြံပေးအနေနဲ့
နောက်ကွယ်ကကိုင်ခဲ့ရလို့ပါ။
ကျမစားပွဲရှေ့အကို့အမှုတွဲရောက်ချိန်ကျမပြန်သတိရတယ်။
နာမည်”ဦးခင်ဇော်လတ်”အကို့နဲ့နာမည်တူလို့ဘဲထင်မိတယ်။
မှတ်ပုံတင်နံပါတ်မြင်လိုက်တော့အကိုသေချာသွားပြီ
ကျမကိုလတ်နောက်ကိုရှဲဒိုးလိုက်နေရဲ့သားနဲ့အကိုနိုင်ငံတော်ကတားထားတဲ့
မတ်ပဲလုပ်နေတာကျမ၊မသိလိုက်ဘူး၊
ကျမညံ့သွားတယ်။ကျမကြိုသိခဲ့ရင်ကိုလတ်ပွဲရုံကိုလိုက်ပြီးတားခဲ့မှာ
တရားခံဝက်ခြံထဲမှာထိုင်နေတဲ့အကို့ကိုမြင်တိုင်းဝမ်းနဲလိုက်တာ
ညတိုင်းညတိုင်းဝမ်းနဲစိတ်နဲ့အိပ်မရခဲ့ဘူး
အကို့ကိုတပ်ထားတဲ့ပုဒ်မကနိုင်ငံတော်နဲ့ပတ်သက်နေတဲ့ပုဒ်မ၊ပြစ်ဒဏ်ကြီးလွန်းတယ်။
ကျမစိတ်ထဲမှာကျမတို့ဒီဘဝပြန်မဆုံတော့ဘူးလို့ထင်နေတာ
အကို့အိမ်ကလိုက်လာတာတွေမတွေ့တော့၊အကို့အိမ်ကိုကျမအရမ်းစိတ်ဆိုးခဲ့တယ်။
သားတစ်ယောက်ကိုဒီလိုဘဲဥပက္ခာပြုရက်သလားဆိုပြီး
ကိုကျော်ကြီးကိုနှစ်ခါလောက်လာတာမြင်ခဲ့တယ်
ထွက်မနှုတ်ဆက်ပါဘူး၊ကျမတို့တရားရေးမှာစည်းကမ်းသတ်မှတ်ချက်တွေရှိတယ်။
ဒါပေမဲ့ကျမတရားရေးအကြံပေးအနေနဲ့ရော၊ခင်နေတဲ့ဥပဒေအကြံပေးတွေ၊
ကျမရဲ့ဆရာတွေကိုကိုယ့်ဂုဏ်သိက္ခာကိုနှိမ့်ချပြီး၊အကို့ပုဒ်မကိုလျှော့ပေးဖို့အကူအညီတွေ
တရားဝင်နည်းလမ်းကျကျနဲ့လိုက်ခဲ့တယ်။
အကို့ရှေ့နေတော်လို့မဟုတ်ဘူးနော်..
.......အိမ်ကမလိုက်လာတာက၊သူတို့ကရှေးရိုးတွေ၊ကြောက်နေကြတယ်။
.......အင်းစိန်ထောင်ကိုအမေလာတွေ့ပါတယ်၊
........ဒါဆိုနင်အိမ်ထောင်တကယ်မကျခဲ့ဘူးပေါ့၊
ကျမပြောပြီးပြီလေ၊စာရွက်ပေါ်မှာလက်ထပ်ခဲ့တဲ့ကျမ၊ခုထိလူတွေအတင်းပြောနေကြဆဲ
အမှန်ပြောရင်ကျမရင်ထဲမှာလဲအကိုတစ်ယောက်အတွက်ဘဲနေရာရှိပါတယ်။
စပယ်ထပြီးကက်ဆက်ဖွင့်လိုက်ပါတယ်၊သီချင်းသံလေးကပြန့်လွင့်ခဲ့ပါတယ်
ကျနော့်ဘဝ၊စပယ့်ဘဝ၊ဒီသီချင်းလေးနဲ့စခဲ့ကြတဲ့သီချင်း
သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...
တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...
ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း
ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...
မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်
“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”
“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”
“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”
“ချစ်သူ...ဝိုင်းဝိုင်းလည်.....”
#ကိုဂျစ်
#ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( ၃ )
Comments
Post a Comment