ချစ်သူ..ဝိုင်းဝိုင်းလည်

 


 

ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( )

 

(အဆိုတော် သန်းသန်းဆင့် သီဆိုထားသောချစ်သူ..ဝိုင်းဝိုင်းလည်” သီချင်းကို

အသံဖိုင်ထည့်ပေးထားပါသည်၊ ဤသီချင်းသည်ယခုဇာတ်လမ်း၏အဓိကနေရာမှ

ပါဝင်ထားပါသည်။၎င်းအသံဖိုင်ကိုyoutubeမှဒေါင်းထားပါသည်။

အသံဖိုင်ဖွင့်မရပါက ဆာဗာအခက်အခဲကြောင့်ဖြစ်ပြီးနားလည်ခွင့်လွတ်ပေးကြပါ၊

မူရင်းအနုပညာရှင်များအားလုံးကို CRD ပေးပါသည်)

တခုသောဘူမိဗေဒဆရာကန်တော့ပွဲနေ့၊တက္ကသိုလ်ဓမ္မာရုံကြီးထဲမှာ

သူငယ်ချင်းတွေနဲ့ပြန်ဆုံခဲ့ကြတယ်။ဆရာတွေကန်တော့ပွဲအခန်းအနားပြီးတော့

အားလုံးမပြန်သေးပါ၊မတွေ့မြင်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေစုပြီး

စကားဝိုင်းတွေဖွဲ့ကြမယ်။လ္ဘက်ရည်သောက်ရင်းရှေးဟောင်းနှောင်းဖြစ်တွေ၊

၊မိသားစုအရေးတွေ၊စီးပွါးရေးတွေ၊နိုင်ငံရေးတွေ၊ပြောဆိုနေကြတယ်။

ပဲခူးမှာဗေဒင်ဓါတ်ခန်းဖွင့်ပြီးစီးပွါးရေးအဆင်ပြေနေတဲ့သူငယ်ချင်းငှက်ပျော်သီး

သူငယ်ချင်းတွေကိုဗေဒင်တွက်ပေးနေတယ်။

ကြည့်ချင်တဲ့သူတွေလာကြ၊အလကားကြည့်ပေးမယ်၊

ဘာရယ်လို့မဟုတ်အပျော်သဘော၊တစ်ယောက်ပြီးတစ်ယောက်ဗေဒင်ကြည့်ကြတယ်။

ကျနော်အလှဲ့ရောက်တော့တွက်ချက်ပြီး

သူငယ်ချင်း...လူပျိုကြီး....မင်းနေတဲ့နေရာမျိုးမဟုတ်တဲ့နေရာသစ်တစ်ခုကိုသွားရလိမ့်မယ်..

အဲဒီအချိန်တုန်းက.....သွားဆိုတော့လဲ...သွားပေါ့ကွာ...ကျနော်တို့ပေါ့ပေါ့ပါးပါးရီရီမောမောနဲ့ပြောခဲ့တယ်။

ဗေဒင်ဆရာငှက်ပျော်သီးယတြာလုပ်ပေးဖို့မေ့ခဲ့လို့လားမသိ၊

ကျနော့်ဘဝတစ်ဆစ်ချိုး၊ဘဝမှာလုံးဝမမျော်လင့်ခဲ့သောနေရာ၊

အင်းစိန်ထောင်ကိုကျနော်ရောက်ခဲ့ရတယ်၊

မြန်မာ့ဆိုရှယ်လစ်စီးပွါးရေးတည်ဆောက်မှုကာကွယ်ရေးဥပဒေ( ဆစတက )ဥပဒေနဲ့ငြိပြီး

အင်းစိန်ထောင်ကိုရောက်ခဲ့တယ်။

အဲဒီဥပဒေပုဒ်မနဲ့ကျနော်ထောင်ဒဏ်  ၃ နှစ်ချမှတ်ခံခဲ့ရတယ်။

မဆလလက်ထက်Law ဘွဲ့မရသော၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်တရားသူကြီးက

”ဦးခင်ဇော်လတ်ကိုထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။”

လုပ်လိုက်ကြစမ်းပါ၊မင်းတို့စနစ်အောက်မှာ,လုပ်ချင်သလိုလုပ်ကြ၊

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏အုပ်ချုပ်မှုအောက်မှာရှိနေသောမြန်မာနိုင်ငံ

ဒီနိုင်ငံကဒီဥပဒေနဲ့ပြစ်ဒဏ်ချလိုက်တယ်။ကျနော်ဘာမှမတတ်နိုင်ပါ၊

လူသတ်၊ခိုးဆိုး၊ဓါးပြတိုက်ခဲ့တာမဟုတ်၊ကိုယ့်ငွေနဲ့ကိုယ်ကောင်းရောင်းကောင်းဝယ်

လုပ်စားနေသောကျနော်၊အခုတရားခံဝက်ခြံထဲမှာ

အာမခံမရသောပုဒ်မနဲ့တရားစွဲခံခဲ့ရတဲ့ကျနော်၊

ပြီးခဲ့တဲ့နှစ်ကဒီဥပဒေမရှိဘူး၊ဒီနှစ်မှထုတ်လိုက်တယ်။

ရက်ပိုင်းဘဲရှိသေးတယ်။မတ်ပဲကိုရောင်းဝယ်ခွင့်ပိတ်လိုက်သောဥပဒေ

ဒီဥပဒေထွက်လာတာနဲ့မတ်ပဲဈေးကခုန်တက်သွားတယ်။

တောင်ငူမှာအောက်ဈေးတွေနဲ့လိုက်သိမ်းထားတာတွေရှိနေတယ်။

အမိန့်ထုတ်လိုက်ချိန်ပစ္စည်းတွေကျနော့်ကားပေါ်ရောက်နေပြီ၊

အချို့ကလမ်းတဝက်ရောက်နေပြီ၊

ကျနော်အတင့်ရဲတာလဲပါမည်၊

အစစ်အဆေးတွေဒီလောက်မြန်မယ်လို့မထင်လိုက်မိဘူး

ကျနော့်မတ်ပဲတွေတင်လာတဲ့ကားကိုလှည်းကူးစစ်ဆေးရေးဂိတ်မှာမိတယ်။

လမ်းတဝက်ကကားတွေပြန်လှည့်ပြေးခိုင်းလိုက်တယ်။

တင်လာတဲ့ကား...ကျနော့်ကား

တင်လာတဲ့မတ်ပဲ...ကျနော့်ပစ္စည်း

ကျနော်လိုက်သွားတယ်၊အတတ်နိုင်ဆုံးညှိုမယ်လို့စဉ်းစားထားတယ်။

စစ်ဆေး‌ရေးအဖွဲ့တွေကအဖွဲ့စုံ၊သိပ်မလွယ်တော့ဘူး

ပထမဆုံး၊စံပြလုပ်ရမဲ့တာဝန်တွေရှိနေတဲ့ဝန်ထမ်းတွေတက်တက်ကြွကြွနဲ့ကျနော့်ကိုဖမ်းတယ်။

ချက်ချင်းကျနော့်ကိုလက်ထိပ်ခတ်လိုက်ကြတယ်

တောင်ငူအဖေ့ပွဲရုံကတင်လိုက်သောမတ်ပဲတွေ၊

ကျနော့်နာမည်မခံဘဲတောင်ငူအဖေ့ပွဲရုံကိုလွဲချလိုက်ရင်ရတယ်။

ဒါပေမဲ့ကျနော့်အဖေအသက်ကြီးမှထောင်ကျမဲ့အဖြစ်မျိုးကျနော်မမြင်ချင်ပါ။

ကျနော့်မတ်ပဲလို့ဘဲဝန်ခံလိုက်တယ်။

သွားပေတော့...အင်းစိန်ထောင်...မတ်ပဲနဲ့အင်းစိန်ထောင်ရောက်တာကျနော်ပထမဆုံး

ကျနော်ထောင်ထဲရောက်မှသိလာတယ်၊

သတင်းပေးရှိလို့ကျနော့်ကားကိုဖမ်းတာ

ဘယ်သူသတင်းပေးတာလဲ....

စုံစမ်း...မေးမြန်းရင်း....လူကြီးတွေဆီကသတင်းနှိုက်တော့ကျနော့်နဲ့စီးပွါးပြိုင်ဖက်တစ်ယောက်သတင်းပေးလိုက်တယ်။

ဥပဒေကိုလျော့တွက်ခဲ့တာကိုယ့်အမှားလို့ဘဲကိုယ့်ကိုကိုယ်အပြစ်တင်မိပါတယ်။

……………………………………………………

ကျနော်တို့ခပေါင်းဆောင်မှာနေပြီးသမိုင်းသီရေတာမှာဘူမိဗေဒတက်နေကြတယ်။

ဒုတိယနှစ်ရောက်နေပြီ၊ဒီနေ့သူငယ်ချင်းတွေစုပြီးလှိုင်မြို့နယ်ကဒီလှိုင်းစားသောက်ဆိုင်မှာထမင်းစားကြတယ်။

သိတဲ့အတိုင်း..ပုလင်းထောင်ကြတာပေါ့၊စကားတွေပြောကြရင်းမိုးချုပ်နေပြီ

အဆောင်ကိုလမ်းလျှောက်ပြန်ခဲ့ကြတယ်။

“စောသေးတယ်ကွာ၊လှိုင်ဇာတ်ရုံမှာဘာဇာတ်ကနေလဲမသိဘူး”

“ဝင်ကြည့်ရအောင်”

“ခိုင်စပယ်ဖူးအငြိမ့်”

မင်းသမီးကမိုက်တယ်၊ဝင်ကြည့်ရအောင်

လက်မှတ်ဝယ်ပြီး၊ဇာတ်ရုံထဲဝင်လာကြပါတယ်

မင်းသမီးတွေတစ်လက်ပြီးတစ်လက်ကနေကြတယ်။

သူငယ်ချင်းအချို့ကအဆောင်မှာဂစ်တာသွားတီးကြမယ်ဆိုပြီးပြန်သွားကြတယ်။

ကျနော်နဲ့သူငယ်ချင်းအချို့ပွဲဆက်ကြည့်ကြတယ်။

ကြိုက်လို့တော့မဟုတ်ဘူး၊ထိုင်လက်စ၊အရက်လဲနဲနဲမူးနေတာကြောင့်ဆက်ကြည့်နေတာ

ခေါင်းဆောင်မင်းသမီးအလှည့်ရောက်တော့မယ်။

အငြိမ့်တွေမှာခေါင်းဆောင်မင်းသမီးတွေကအဆိုရော၊အကပါတော်လေ့ရှိတယ်။

ကျနော်ခေါင်းဆောင်မင်းသမီးကတာကြည့်ချင်တယ်

ခေါင်းဆောင်မင်းသမီးနာမည်က”ခိုင်စပယ်ဖူး”

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...

စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့

ချစ်သူ...ဝိုင်းဝိုင်းလည်.....

ခေါင်းဆောင်မင်းသမီးရဲ့အကနဲ့အဆိုကကျနော့်နှလုံးသားကိုဆုပ်ကိုင်လိုက်ပါပြီ

ကျနော့်မျက်လုံးထဲမှာနွဲ့ပြောင်းတဲ့သူအက၊ကျနော့်ကိုဖမ်းစားနိုင်လွန်းတယ်

“ကျမရုပ်ရည်ကို၊နှစ်သက်သူတွေကလဲ

ကျမအနားမှာဘဲဝိုင်းဝိုင်းလည်

ပြောဟန်ဆိုဟန်..တေးသံလွင်လွင်နားဆင်ချင်သူတွေကလဲ

ကျမအနားမှာဘဲ...ဝိုင်းဝိုင်းလည်...

အတွေးပင်လယ်မြော..

ပြောရင်မောရုံရှိမယ်

သံယောဇဉ်လဲ...အသဲတွင်ငြိတွယ်

ကျနော့်ရင်ထဲမှာခေါင်းဆောင်မင်းသမီးနဲ့သူဆိုတဲ့သီချင်း”ချစ်သူဝိုင်းဝိုင်းလည်”ခွဲမရတော့ဘူး။

နောက်နှစ်ညဆက်တိုက်ကျနော့်တစ်ယောက်ထဲအငြိမ့်လာကြည့်တယ်။

ကျနော်အငြိမ့်မင်းသမီးကိုစွဲလန်းခဲ့ပြီ၊

သတင်းစာတွေ့ရင်”ခိုင်စပယ်ဖူး အငြိမ့်” ဘယ်မှာကနေလဲဆိုလိုက်ကြည့်မိတယ်။

အနီးအနားမှာကနေရင်ကျနော်လိုက်ကြည့်တယ်။

ခေါင်းဆောင်မင်းသမီးကပြီးရင်ကျနော်ပြန်လာပြီ

သူမ..ဆိုနေသော”ချစ်သူဝိုင်းဝိုင်းလည်”သီချင်းနဲ့မင်းသမီးခိုင်စပယ်ဖူးကျနော့်ရင်ထဲမှာနေရာယူနေပြီ၊

ဒီလောက်အချောအလှတွေပေါနေတဲ့ကျောင်းထဲမှာနေပြီး၊အငြိမ့်မင်းသမီးကိုစွဲလန်းနေသောကျနော့်ကို

သူငယ်ချင်းအားလုံးဝိုင်းတားကြပါတယ်

ဇော်လတ်...မင်းရူးနေပြီလားကွာ

မင်းရူးတာတွေရပ်ပါတော့ကွာ

မင်းသားပေါင်းစုံနဲ့တွဲကနေတဲ့မင်းသမီးကိုမှသွားကြိုက်တဲ့အရူး

မင်းတော့လှည်းကျိုးထမ်းရတော့မယ်

ကျနော်နဲ့အတူနေသောကျော်ကြီးကဘာမှမပြောပါ၊သူနဲ့ကျနော်တမြို့ထဲတောင်ငူသား

မင်းချစ်မိတာကိုငါဘာမှမပြောချင်ပါဘူး

မင်းအမှားတခုခုလုပ်ရင်မင်းအိမ်ကငါ့ကိုအရင်ဆဲမှာ

ငါတို့သူငယ်ချင်းတွေပြောသလိုလှည်းကျိုးထမ်းတာမျိုးတော့မဖြစ်ချင်ဘူး

နောက်ပြီးမင်းကြိုက်နေတာဘဲရှိတယ်၊သူ့အကြောင်းဘာမှလဲမသိဘူး

သူ့မှာအိမ်ထောင်ရှိနေလားဘာလား၊မင်းဘာမှမသိဘူး

မင်းတကယ်ကြိုက်တယ်ဆိုရင်သူ့အကြောင်းကိုအရင်စုံစမ်းစေချင်တယ်

ကျော်ကြီးပြောတာနဲ့သူတို့အငြိမ့်နေရာကိုစုံစမ်းကြည့်တော့ကြည့်မြင်တိုင်မှာ

ကြိုက်မရှက်ဆိုတဲ့စကားအတိုင်းကျနော်မင်းသမီးကိုသွားရှာတာ၊တွေ့ခွင့်မရခဲ့ဘူး၊

ကျနော်လဲကျောင်းတက်နေရင်းကြည့်မြင်တိုင်ဖက်ရောက်ရင်ရှာတာဘဲ

မတွေ့ပါဘူး၊ကျနော့်စိတ်ထင်ဇာတ်ဆရာတွေမပေးတွေ့ဘူးလို့ထင်တာဘဲ

ဒီလိုနဲ့ဘဲကျနော်ဘူမိဗေဒတတိယနှစ်ရောက်လာပါပြီ၊

ခိုင်စပယ်ဖူးအငြိမ့်ကနှစ်တိုင်းလှိုင်ဇာတ်ရုံမှာကနေကျ၊

ကျနော်နေတဲ့ဒဂုံဆောင်နဲ့ဝေးသွားပြီ၊တခါတလေလှိုင်မြို့နယ်ကလှည်းတန်းထိလမ်းလျှောက်ပြန်ရတယ်။

ကျနော်ရူးနေပြီ၊မောရမှန်းမသိဘဲလမ်းလျှောက်နေတယ်၊

ကျနော်တို့ဧပြီကျောင်းပိတ်ရက်ကွင်းဆင်းရတော့မယ်၊တလကြာမယ်

ဒီညကျော်ကြီးကိုအဖေါ်ခေါ်ပြီးလှိုင်ဇာတ်ရုံမှာပွဲသွားကြည့်မယ်

ကျော်ကြီးဘဲကျနော့်ဆန္ဒတွေကိုကူညီနေတယ်

မင်းဒီလိုဇာတ်မျောကြီးတော့မလုပ်နဲ့ကွာ

မင်းကိုကြည့်ရတာပင်ပမ်းလိုက်တာမင်းအငြိမ့်လိုက်ကြည့်နေတယ်လို့အခြားလူတွေကြားရင်

ဝိုင်းရီကြမှာ၊တခုခုတော့အမြန်ဆုံးဖြတ်ကွာ

အချိန်တွေမကုန်စေနဲ့

ဒီညအဖေါ်ခေါ်တာတစ်ယောက်မှမလိုက်၊ကျနော်နဲ့ကျော်ကြီးနှစ်ယောက်ထဲ

ကျနော်မှာမင်းသမီးကနေတာငေးမောနေမိတယ်။

သူ့သီချင်း”ချစ်သူဝိုင်းဝိုင်းလည်”ထဲမှာနစ်မျောနေမိတယ်။

ဒီညလူရွှင်တော်တွေပြောတဲ့စကားတွေကကျနော့်စိတ်ကိုလှုပ်နိူးလိုက်သလိုဘဲ

မိဘပြည်သူများကိုတောင်းပန်စရာတစ်ခုရှိပါတယ်

ခေါင်းဆောင်မင်းသမီးနဲ့ပတ်သက်လို့ပါ

သမီးလေးကစာမေးပွဲဖြေစရာရှိနေလို့ဒီညနောက်ပိုင်းတွေမကနိုင်တာခွင့်လွတ်ပေးကြပါ

လို့တောင်းပန်ချင်ပါတယ်။

သမီးလေးကိုပါရမီဖြည့်ပေးကြပါ

ကျနော်မင်းသမီးကပြီးတာနဲ့ဇာတ်ရုံနောက်ကိုလိုက်သွားပါတယ်။

ဇာတ်ရုံနောက်မှာမင်းသမီးဖယ်ရီကားပေါ်မှာထိုင်နေတယ်။

ကျနော်အနားကပ်သွားတော့ဇာတ်အဖွဲ့တွေဝိုင်းတားကြပါတယ်။

ကျနော်ကျောင်းသားတစ်ယောက်ပါ၊မင်းသမီးရဲ့အမာခံပရိတ်သတ်ပါ

မင်းသမီးနဲ့ခဏလေးဘဲတွေ့ပါရစေ

မင်းသမီးလဲကျနော်ပြောတာကြားနေတယ်

ဦး...လာပါစေ....

ကျနော်မင်းသမီးအနားရောက်ပြီးသူ့မျက်နှာလေးမြင်လိုက်ရတာ၊ရင်တွေခုန်လိုက်တာ

ကျနော်ထင်တာထက်အပြင်မှာပိုငယ်နေတယ်

ထင်ရှားတာတစ်ခုကညာဖက်မေးစေ့ထောင့်လေးကမှဲ့ကတော်တော်ထင်ရှားတယ်

လူကိုမမြင်ခင်မှဲ့ကိုသတိထားမိလောက်တဲ့အမှတ်အသားမျိုး

ညီမဘာစာမေးပွဲဖြေမလို့လဲ၊အကိုသိခွင့်ရမလား

အကိုလဲတတိယနှစ်ဘူမိဗေဒတက်နေတဲ့ကျောင်းသားပါ

ကျနော်ပွင့်ပွင့်လင်းလင်းပြောလို့လားမသိဘူး

ကျနော့်ကိုအကဲခတ်သလိုကြည့်ပြီး

သမီးဥပဒေအဝေးသင်တတိယနှစ်ဖြေမှာပါ

ရန်ကုန်မိန်းထဲမှာလား

ဟုတ်တယ်၊စာသင်တာကဝိဇ္ဇာခမ်းမဖက်မှာ

သီရိဆောင်မှာအဆောင်ပေးထားတယ်

အကိုကနောက်ရက်တွေရှမ်းပြည်တောင်ပိုင်းကွင်းဆင်းရတော့မှာ

ကွင်းဆင်းပြီးပြန်ရောက်ရင်ကျနော်လာတွေ့လို့ရမလား

လာချင်ရင်တော့လာခဲ့လေ၊သိပ်တော့မသေချာဘူး

သမီးစာတွေမကျက်ရသေးဘူး

အနှောင့်အယှက်ဖြစ်နေရင်မလာတော့ပါဘူး

ကျနော်အဝေးကဘဲကြည့်နေတော့မယ်

ကျနော့်နာမည်ဇော်လတ်ပါ၊တောင်ငူကလာတာပါ၊ဒဂုံဆောင်မှာနေတယ်

မင်းသမီးနဲ့စကားပြောခွင့်ရသလိုအဝေးသင်တက်နေတဲ့သူမကိုကျော်ကြီးလဲအံ့ဩနေတယ်။

ငါ့စိတ်ထင်အိမ်ထောင်တွေမကျလောက်သေးဘူးထင်တယ်

မင်းထပ်စုံစမ်းကြည့်တာပေါ့

မနက်ဖြန်သာစည်ရထားနဲ့ ရှမ်းပြည်တောင်ပိုင်းကို Field ဆင်းရတော့မယ်

မင်းသမီးလေးနဲ့ဝေးရတော့မယ်။

အေးကွာ...ငါဒီတစ်ခါဘဲကြားဘူးတယ်အဝေးသင်တက်နေတဲ့အငြိမ့်မင်းသမီး

အထင်သေးတာတော့မဟုတ်ပါဘူး၊ငါတို့ဆုံခဲ့ဘူးတဲ့ဇာတ်သမားတွေထဲမှာဘွဲ့ရတွေမတွေ့သလောက်ဘဲ

ကျနော်တို့တတိယနှစ် Field ကကျွဲတပ်ဆုံနဲ့ပြင်ညောင်မှာဆင်းရမယ်၊

ကျွဲတပ်ဆုံကသာစည်မြို့နယ်မန္တလေးတိုင်းထဲရှိတယ်၊ရာသီဥတုကအညာအတိုင်းပူတယ်။

ပြင်ညောင်ကရှမ်းပြည်နယ်၊သာစည်၊တောင်ကြီးကားလမ်းပေါ်မှာ

ရာသီဥတုကအရက်သမားကြိုက်တဲ့ရာသီဥတု၊ချမ်းတယ်၊

ညဖက်တွေမှာရွှေလိမ္မော်လေးတစ်ခွက်နဲ့ဂစ်တာတီးရတာအရမ်းမိုက်တယ်၊

ကျနော်ညဖက်ရောက်ရင်မင်းသမီးကိုသတိရတယ်ဗျာ

မင်းသမီးကိုချစ်မိနေတဲ့မေတ္တာထုတော်တော်ကြီးနေပြီ

ကျနော်နဲ့ကျော်ကြီးတစ်အုပ်စုထဲကျနေတယ်။သူငယ်ချင်းကျော်ကြီးကိုရင်ဖွင့်လို့ရသေးတယ်။

မင်းအချစ်ကိုငါမှန်းမတတ်ဘူး၊ဒါပေမဲ့ဇာတ်မင်းသမီးကိုမင်းအိမ်ကသဘောတူမှာမဟုတ်ဘူး

မင်းဘယ်လိုလုပ်မလဲ

ငါချစ်မိတာဘဲရှိတယ်၊သူငါ့ကိုဘယ်လိုသဘောထားမလဲမသိသေးဘူး

ငါသိတယ်၊မင်းသမီးကိုမင်းစွဲနေပြီ

ညဖက်ဂစ်တာကိုင်ပြီးကျနော်နဲ့လိုက်တဲ့ C key နဲ့မင်းသမီးဆိုနေကျ”ချစ်သူ..ဝိုင်းဝိုင်းလည်”

သီချင်းကိုကော့ရှာကြည့်တယ်။တီးကြည့်တယ်။အဆင်ပြေတယ်၊

ကျနော့်အလွမ်းတွေကိုသီချင်းလေးနဲ့အပမ်းဖြေလို့ရပြီ၊

မင်းသမီးလဲသီရိဆောင်ရောက်နေလောက်ပြီ၊ဝိဇ္ဇာခမ်းမဖက်မှာစာသင်နေလောက်ပြီ၊

စိတ်ထဲမှာကွင်းဆင်းနေတဲ့ရက်တွေကြာလွန်းတယ်လို့ထင်နေမိတယ်၊

ဒီလိုနဲ့ရက်တွေကုန်လွန်ရင်း ကွင်းဆင်းရက်နောက်ဆုံးနေ့ရက်ရောက်လာပါပြီ

ဒီနေ့ညနောက်ဆုံးရက်မီးပုံဖိုရင်းကွင်းဆင်းရက်နှုတ်ဆက်ပွဲလုပ်ကြမယ်၊

ကျနော့်စိတ်ထဲမှာမင်းသမီးနဲ့ပြန်တွေ့ရတော့မှာမို့အရမ်းတက်ကြွနေတယ်။

ကျနော်မြန်မာသံစဉ်သီချင်းဖြစ်သောချစ်သူ...ဝိုင်းဝိုင်းလည် “အငြိမ့်သီချင်းကိုဂစ်တာတီးပြီး

ဆိုပြမယ်လို့စဉ်းစားထားတယ်၊ကျနော့်ကိုမယ်ဒလင်တီးပြီးကူညီပေးမဲ့ရွာသားတစ်ယောက်လဲရှာထားတယ်၊

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...

စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့

ချစ်သူ...ဝိုင်းဝိုင်းလည်.....

ကျနော်ဂစ်တာတီးပြီးဆိုတယ်၊မယ်ဒလင်ဆရာကဝိုင်းတီးပေးတယ်၊

ဘေးကသူငယ်ချင်းတွေပွဲမှာကြည့်သလိုမျိုး..တဟေ့ဟေ့...ဖော်လိုလိုက်ကြတယ်၊

သီချင်းကမြိုင်လာတော့ကတတ်တဲ့သူငယ်ချင်းတစ်ယောက်ကမင်းသမီးလိုဝင်ကတယ်

ကျနော်တို့ဘူမိကျောင်းသားတွေရဲ့ပွဲလို့ဘဲတင်စားရတော့မယ်။

ဘေးနားရွာသားတွေလဲလာကြည့်ကြတယ်၊အားပေးသံတွေ၊လက်ခုပ်သံတွေအားရစရာ၊

ဒီညမှာ”ချစ်သူ...ဝိုင်းဝိုင်းလည်”သီချင်းကို ၃ ခါလောက်ဆိုလိုက်ရတယ်၊၊

နောက်နေ့သာစည်ရထားပေါ်မှာအိပ်ငိုက်ပြီးလိုက်လာတုန်း၊လုပ်စမ်းပါကွာ

အငြိမ့်သီချင်းလေးဝိုင်းဆိုရအောင်၊သူငယ်ချင်းတွေတောင်းဆိုလို့တီးကြ၊ဆိုကြတာပေါ့၊

ရန်ကုန်ဘူတာကြီးကိုဆိုက်ရောက်လာပါပြီ၊အမှန်ပြောရရင်ကျနော်တောင်ငူသား

တောင်ငူဘူတာမှာဆင်းခွင့်ပြုတယ်၊ရန်ကုန်ထိလိုက်စရာမလိုပါ

ဒါပေမဲ့ရန်ကုန်သွားချင်နေတယ်၊မင်းသမီးနဲ့အပြင်မှာဆုံချင်တယ်၊

သူ့အကြောင်းကျနော်သိချင်နေတယ်

အောက်ပြည်အောက်ရွာကကျောင်းသားတွေကိုဒဂုံဆောင်မှာနေခွင့်ပေးထားတယ်၊

ဒါပေမဲ့ကိုယ့်အခန်းတော့ကိုယ်မနေရတော့ပါ၊အဝေးသင်တွေရောက်နေတယ်၊

အဆောင်ရောက်တာနဲ့အထုပ်ပြစ်ချပြီး၊ဝိဇ္ဇာခမ်းဖက်ပြေးပါလေရော။

ညဖက်ဇာတ်ခုံမှာမြင်နေကျမင်းသမီးကိုအပြင်မှာမမြင်ဘူးသေးပါ၊

အပြင်ဆိုလို့ဖယ်ရီကားပေါ်မှာထိုင်နေတာဘဲမြင်ခဲ့တယ်၊

ခဏလေးဆုံမိလိုက်တဲ့အခိုက်သူ့ဆံပင်ရှည်လားတိုလားမမှတ်မိတော့ဘူး

ရှာရတာနဲနဲခက်တော့မယ်၊ဒါပေမဲ့သူ့မေးစိအောက်နားကမှဲ့ကလူမှားစရာမရှိ၊

ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေတာဘဲ

ကျောင်းထဲလဲရောက်ရော၊များပြားလိုက်တဲ့အဝေးသင်ကျောင်းသားတွေ

စာသင်ခန်းတွေမှာကြပ်သိပ်ပြီးထိုင်နေကြတယ်

ဘယ်လိုလုပ်ရှာတွေ့နိုင်ပါ့မလဲ

စိတ်ဓါတ်ကိုအကြီးအကျယ်ကျသွားတယ်၊လျှောက်သွားလျှောက်လာရှာနေတာဘဲ

ကျနော်လဲရှာတယ်၊ကျော်ကြီးလဲလိုက်ရှာတယ်၊

လူခွဲပြီးတော့လဲအတန်းတွေမှာလိုက်ချောင်းတယ်

ဒါပေမဲ့သူမပုံသဏ္ဍန်ကိုအပြင်မှာမြင်ဘူးကြတာမဟုတ်၊

သူ့ကိုမြင်တုန်းကဖယ်ရီကားပေါ်မှာထိုင်နေတယ်

အကယ်၍များမျက်နှာချင်းဆိုင်ဆုံခဲ့ရင်တောင်ကျနော်တို့မှတ်မိနိုင်ပါ့မလား

ထင်ထင်ရှားရှားဆိုလို့သူ့ညာဖက်မေးစိထောင့်နားမှာထင်ရှားတဲ့မှဲ့

ပြီးတော့ညနေဖက်အဆောင်ပိတ်ချိန်ထိ၊သီရိဆောင်ရှေ့မှာသွားရှာတယ်။

ဘာမှမထူးခြားဘူး၊

ငါတို့ဂျင်းအထည့်ခံရပြီလားမသိ၊

ကျနော်ချစ်နေတဲ့မင်းသမီးကိုပညာတတ်ဘွဲ့ရတစ်ယောက်တော့ဖြစ်စေချင်တယ်၊

စိတ်ထဲမှာဂျင်းမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်

တစ်ရက်၊နှစ်ရက်၊သုံးရက်မြောက်နေ့

စိတ်လျှော့လိုက်ပါပြီ၊

ကျော်ကြီးရေ....ငါတို့မနက်ဖြန်ပြန်ကြရအောင်

စိတ်ပျက်၊အားလျှော့စွာနဲ့အိပ်ယာပေါ်ပြစ်လဲချလိုက်ပါတယ်၊

မျက်လုံးအိမ်ထဲကမျက်ရည်စတွေဘာလို့ထွက်ကျလာလဲကျနော်မသိ၊

 

ခိုင်စပယ်ဖူးအငြိမ့်

“ကျမရုပ်ရည်ကို၊နှစ်သက်သူတွေကလဲ

ကျမအနားမှာဘဲဝိုင်းဝိုင်းလည်

ပြောဟန်ဆိုဟန်..တေးသံလွင်လွင်နားဆင်ချင်သူတွေကလဲ

ကျမအနားမှာဘဲ...ဝိုင်းဝိုင်းလည်...

အတွေးပင်လယ်မြော..

ပြောရင်မောရုံရှိမယ်

သံယောဇဉ်လဲ...အသဲတွင်ငြိတွယ်

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...

စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့

ချစ်သူ...ဝိုင်းဝိုင်းလည်.....

 

စပယ်မနင့်အမေဘယ်လိုကနေလဲ၊ကြည့်ထား...နောက်ကျနင်ပြန်ကပြ

ဆယ်နှစ်သမီးကျမ၊မစပယ်ကိုဇာတ်ဆရာအဖိုးကလှမ်းပြောနေတာ

ကျမကျောင်းကပြန်လာတဲ့အချိန်၊အမေတို့ဇာတ်တိုက်နေကြတုန်းဘဲ၊

အဖိုးဇာတ်ဆရာထောင်ခဲ့သောတိုင်းရွှေကျော်ဇာတ်အဖွဲ့ထဲမှာအမေ၊မနှင်းဆီ(မင်းသမီး)

အဖေဦးပေါက်စ(လူရွှင်တော်)ဘကြီးတွေ၊ဦးလေးတွေ၊အမျိုးအားလုံးကိုအဖိုးအလုပ်ပေးထားတယ်၊

တမိုးတွင်းလုံးဇာတ်တွေတိုက်ကြ၊ပြဇာတ်တွေကကြ၊နွေအတွက်ပြင်ဆင်နေကြတယ်။

အမေနဲ့အဖေဇာတ်လမ်း၊ရွှေမင်းသမီးနဲ့လူရွှင်တော်မရိုးတဲ့ဇာတ်လမ်းပါဘဲ

ဇာတ်ထဲမှာထုံးစံလိုဖြစ်နေတဲ့ဇာတ်လမ်း၊တကယ်တော့အဖေနဲ့အမေဆွေမျိုးမကင်းတဲ့လူတွေပါ

အမေနဲ့အဖေ,ငယ်ငယ်တုန်းကဇာတ်ကရင်ပျော်နေတဲ့လူမျိုး၊ဒါပေမဲ့..ကျမကိုမွေးပြီးနောက်

ဇာတ်ကဖို့ပြန်စဉ်းစားနေပြီ၊သမီးလေးမစပယ်ကိုသူတို့လိုဇာတ်မကစေချင်တော့ပါ

ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်၊သူတို့ကိုယ်တိုင်လဲဇာတ်ကချင်စိတ်ကုန်ခမ်းလာနေပြီ

ဆီးချုပ်၊ဝမ်းချုပ်နဲ့နေနေရတဲ့ဘဝ၊မလွတ်မလပ်နဲ့နေရတဲ့ဘဝတွေစိတ်ကုန်နေပြီ

အဖေဇာတ်ဆရာကိုပြောထားတယ်

မအေးချမ်းတဲ့နေရာမျိုး၊ဥပဒေမစိုးမိုးတဲ့နေရာမျိုးညကြေးငွေဘယ်လောက်ပေးပေးမလိုက်ဖို့၊

တခါတုန်းကညကြေးမြက်မြက်ရလို့လိုက်သွားခဲ့တဲ့နယ်စပ်မြို့တစ်နေရာမှာအမေကံကောင်းလို့၊

မင်းသမီးကိုငွေပြပြီးညအိပ်ဖို့တောင်းဆိုခဲ့တယ်။

စာချုပ်ချုပ်ထဲကလုံခြုံရေးတာဝန်ယူပါမယ်လို့ရေးထားတယ်။

ဇာတ်ပွဲမင်းသမီးတိုင်းကိုမဆိုလိုပါ၊အချို့မင်းသမီးတွေဝမ်းရေးအတွက်လုပ်ခဲ့ရင်လဲလုပ်ကြမယ်။

ကျမအမေဒီအတန်းစားထဲကမဟုတ်၊ဇာတ်အဖွဲ့သားအားလုံးကအမျိုးမကင်းတဲ့သူတွေ။

အားလုံးစိတ်ဆိုးဒေါသထွက်ကြပြီး၊စာချုပ်ဖျက်ပြီးပြန်လာခဲ့တယ်။

ဒါပေမဲ့ကျမ...အမေရဲ့နွဲ့ပြောင်းတဲ့အကတွေကြည့်ပြီးကချင်ခုန်ချင်စိတ်တွေဖြစ်လာတယ်။

အမေ့ဆီကပါလာသောအနုပညာသွေးကစကားပြောလာပါတယ်၊

ကျောင်းဖွင့်နေရင်အမေတို့ကျမကိုဇာတ်နောက်မပေးလိုက်ပါ

ကျောင်းပိတ်ရက်နဲ့ဆုံနေရင်လိုက်ခွင့်ရတယ်၊

ကျမတတ်ထားတဲ့အနုပညာကိုထုတ်ပြချင်တယ်၊

အမေ့ခြေရာအတိုင်းကျမအနုပညာအရည်အသွေးကိုအခွင့်အရေးရတိုင်းပြခဲ့တော့

ပရိတ်သတ်တွေတောင်းဆိုမှုအရအဖိုးဇာတ်မှာကျမနေရာနဲနဲရလာတယ်။

မှတ်မိသလောက်ပြောရရင်ကျမရှစ်တန်းလောက်မှာအနုပညာပြခွင့်ရခဲ့တယ်။

အမေကကျမကိုကျောင်းဘဲဆက်နေစေချင်တယ်။

ကျမမိဘတွေကိုတဖက်တလမ်းနဲ့ကူညီချင်တယ်၊ဇာတ်ကခွင့်အမေ့ဆီမှာအတိုက်အခံလုပ်ပြီးတောင်းဆိုခဲ့တယ်။

ခရီးဝေးသွားမဲ့မြို့တွေဆီလိုက်ခွင့်မပြုဘူး၊ဒါပေမဲ့လာငှားတဲ့လူတွေကလဲကျမ၊မပါရင်မငှားတော့ဘူးဆိုတော့လဲ

အလိုလိုနေရင်းမပါမဖြစ်၊ဖြစ်လာရတဲ့ကျမဘဝပါ။

နောက်ပိုင်းကျတော့အဖိုး..တိုင်းရွှေကျော်ဇာတ်သဘင်နဲ့အတူ”ခိုင်စပယ်ဖူးအငြိမ့်”ဆိုပြီးထပ်ခွဲလိုက်တယ်။

ဇာတ်အဖွဲ့သားတွေကအတူတူ၊အငြိမ့်မှာတော့ကျမအဓိက၊ဇာတ်သဘင်မှာကျမ၊မကတော့ဘူး

အငြိမ့်ကရင်းနဲ့ဆယ်တန်းဖြေတာအောင်သွားပါတယ်၊အငြိမ့်လဲကချင်တယ်၊စာလဲဖတ်ချင်တယ်။

စာတတ်ပုဂ္ဂိုလ်လဲဖြစ်စေချင်တဲ့အမေ့ဆန္ဒကိုလဲဖြည့်ချင်တယ်။

အဲ့ချိန်အဝေးသင်နဲ့ဘွဲ့ယူလို့ရနေပြီ၊ကျမ ဥပဒေအဝေးသင်လျှောက်လိုက်တာ၊တက်ခွင့်ရခဲ့တယ်။

ကျမဝမ်းသာလိုက်တာ၊ကျမတို့ဇာတ်အဖွဲ့ကိုလူတွေကစာမတတ်ပါဘူးဆိုပြီးအထင်သေးကြတယ်။

ဒါပေမဲ့...လူတွေ...လူတွေ...ဇာတ်သမားဆိုရင်အထင်သေးတတ်ကြတယ်၊

ကျမဘဝအတွက်သင်္ခန်းစာတစ်ခုရခဲ့တယ်

အဝေးသင်ပထမနှစ်စာမေးပွဲဖြေဖို့မိန်းထဲရောက်ခဲ့တယ်၊နေဖို့အဆောင်ကသီရိဆောင်မှာနေရာချတယ်။

အဝေးသင်သင်ရိုးညွန်းတန်းတွေကိုတစ်လကျောင်းတက်ပြီးမှစာမေးပွဲဖြေရတယ်။

ကျမအသက်တစ်ဆယ့်ခုနှစ်နှစ်၊အငြိမ့်သာကနေတာပတ်ဝန်းကျင်နဲ့ထိတွေ့တာနဲနဲ

လူတွေအားလုံးကိုကျမလိုရိုးရိုးသားသားလို့ဘဲထင်ခဲ့မိတယ်.

စာသင်နေရင်းသူငယ်ချင်းအပေါင်းအသင်းတွေလဲရလာပါတယ်.

စာသင်ချိန်တဝက်လောက်ရောက်လာချိန်အားလုံးကလဲခင်လာသလိုလိုဖြစ်လာချိန်မှာ

ကျမရိုးရိုးသားသားဘဲအငြိမ့်မင်းသမီးကျမအကြောင်းပြောပြလိုက်မိပါတယ်။

နောက်နေ့...နောက်နေ့..တွေကစပြီးကျမကိုခင်တဲ့လူတွေကျမကိုရှောင်ဖယ်လာကြပါတော့တယ်။

ဇာတ်သမား၊အနုပညာဖက်ခွက်စားဆိုပြီးလူတန်းစားခွဲတဲ့စိတ်တွေလူတွေမှာရှိကြတုန်းပါလား

ဆိုပြီးကျမသင်္ခန်းစာအကြီးကြီးရလိုက်တယ်၊

အမေ့ကိုဝမ်းနဲစွာနဲ့ပြောပြတော့၊အမေကိုယ်ချင်းစာတယ်၊အမေ့ဘဝလဲဒါမျိုးကြုံခဲ့ပြီးပြီ

အဖေ့နဲ့မယူခင်တုန်းကချစ်ခဲ့တဲ့ချစ်သူ၊သူ့မိဘတွေဇာတ်သမနဲ့မပေးစားနိုင်ဘူးလို့ငြင်းခဲ့လို့

အချစ်ဦးနဲ့လွဲခဲ့ရတဲ့အမေ့အဖြစ်၊

နောက်နှစ်နောက်နှစ်တွေမှာကျမဘဝပေးအသိတွေကြောင့်ကျမစကားတွေကိုအကုန်မပြောတော့ဘူး၊

လူတန်းစားခွဲတတ်တဲ့လူတွေကိုမုန်းတဲ့စိတ်တွေကျမကိုယ်ထဲမှာကိန်းအောင်းလာခဲ့တယ်

အရင်တုန်းကနာမည်ကြီးအငြိမ့်မင်းသမီးဖြစ်ချင်ခဲ့တယ်၊တဖြေးဖြေးနဲ့ကျမနာမည်ကြီးလာပါပြီ

ကျမရည်ရွယ်ချက်ပြောင်းလိုက်ပြီ၊ကျမကျောင်းပြီးတဲ့တစ်နေ့ရောက်ရင်ကျမအငြိမ့်မကတော့ဘူး

ကျမတရားသူကြီးဖြစ်အောင်ကျိုးစားတော့မယ်

လူရိုသေ၊ရှင်ရိုသေဖြစ်အောင်ကျိုးစားတော့မယ်

တတိယနှစ်စာမေးပွဲဖြေခါနီးတစ်ရက်ညဖက်အငြိမ့်ကပြီးအိမ်ပြန်တော့မယ်၊စာဖတ်ရတော့မယ်

စာမေးပွဲနီးလာပြီ၊ဖယ်ရီကားပေါ်မှာစောင့်နေတုန်းလူရွယ်တစ်ယောက်ရောက်လာတယ်၊

သူ့အဖေါ်တစ်ယောက်ကရပ်စောင့်နေတယ်...

လာမိတ်ဆက်တာလို့ထင်တာဘဲ၊...ဒါလဲထုံးစံပါဘဲ

မိတ်ဆက်မယ်...ခင်ချင်တယ်ပြောပြီး...လာကြောင်မယ်...ရိုးနေပြီ

သူ့ကိုလဲကျမ..မမှတ်မိပါဘူး၊ကျမ...ခေါင်းထဲထည့်လေ့မရှိသူတစ်ယောက်ပါ

သူပြောတာကြားလိုက်တယ်၊သူကဘူမိဗေဒကျောင်းသား

အဝေးသင်စာသင်နေတဲ့အချိန်တွေ့ချင်တယ်၊ Field ဆင်းမယ်ဆိုလား

Field ဆင်းပြီးရင်တွေ့ပါရစေဆိုလား၊ ကျမ...မသိတော့ဘူး

ဒီနေ့စာသင်နေတာတစ်လပြည့်တော့မယ်၊မကြာခင်စာမေးပွဲဖြေရတော့မယ်၊

အချိန်ရသလောက်ကျက်နေတာဘဲ၊အဆင်ပြေနေပြီလို့ထင်တာဘဲ

တစ်ရက်စာသင်ခန်းရှေ့မှာကျောင်းသားနှစ်ယောက်ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး

တစုံတယောက်ကိုရှာနေသလိုမျိုး၊စာသင်ခန်းတွေမှာလိုက်ကြည့်နေတာသတိထားမိတယ်၊

ကျမကိုလာမိတ်ဆက်တဲ့တစ်ယောက်များလားလို့ထင်မိပါတယ်၊

ညဖက်တွေ့တာကျမလဲသိပ်မမှတ်မိ၊ကျမလဲမသိသလိုမျိုးနဲ့အကဲခတ်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊

သူလဲကျမကိုမှတ်မိတဲ့ပုံမပေါ်ဘူး၊ဘယ်မှတ်မိမလဲ..ကျမဂျင်းဘောင်းဘီနဲ့ရှပ်ကွက်အမြဲဝတ်ထားတယ်

မင်းသမီးဝတ်စုံနဲ့မှမဟုတ်တာ၊ကျမလေ့လာခွင့်ရပြီ

ကျမထင်တာမမှားခဲ့ရင်ဒီကျောင်းသားအရပ်မြင့်မြင့်နဲ့ရုပ်ဖြောင့်တယ်လို့သတ်မှတ်လိုက်မယ်

တစ်ခုတော့ကျမသတိထားရမယ်၊ကျမမေးစိကမှဲ့ကိုတခုခုနဲ့ကွယ်ထားမှဖြစ်မယ်

ကျမနဲ့မျက်နှာချင်းဆိုင်ဆုံကြသေးတယ်၊ကျမဦးထုပ်ဆောင်းပြီး၊မှဲ့ကိုစာအုပ်နဲ့ကွယ်ထားတယ်

သူမမှတ်မိပါ၊ညနေအဆောင်ရှေ့မှာလာပြီးလမ်းလျှောက်နေတယ်

ကျမသီရိဆောင်အပေါ်ထပ်ကမြင်နေရတယ်။

တစ်ရက်..နှစ်ရက်...သုံးရက်...သေချာပြီ၊လာမိတ်ဆက်တဲ့သူဘဲ

လေးရက်မြောက်နေ့...မနက်အဆောင်ရှေ့ကထွက်လာတယ်၊ကျမဘာအကာအကွယ်မှမလုပ်တော့ဘူး

ကျမအမာခံပရိတ်သတ်ကိုအတွေ့ခံလိုက်တော့မယ်၊သူမှတ်မိရင်ပေါ့

မမှတ်မိတော့လဲ..အရင်လာကြောင်နေကျကောင်တွေလို့သတ်မှတ်လိုက်တော့မယ်

လမ်းလျှောက်လာနေတဲ့ကျမ...အရှေ့မှာလဲသူတို့လာနေပြီ

ကျမ..သူ့မျက်နှာကိုအေးအေးဆေးဆေးဘဲကြည့်ပြီးလျှောက်လာခဲ့တယ်။

သူလဲကျမကိုကြည့်နေတယ်။သူကျမရှေ့တည့်တည့်မှာပိတ်ရပ်လိုက်တယ်။

ညီမ..အကို့ကိုမှတ်မိလား

.......ရှင်ဘယ်သူလဲ

ကျနော်..ညီမပရိတ်သတ်ပါ

........အော်...ကျမ၊မမှတ်မိဘူး

ညီမဖယ်ရီကားမှာထိုင်နေတုန်းကလာတဲ့အကိုပါ

.......အော်...ကျမမှတ်မိပြီ၊အကိုခရီးကပြန်ရောက်ပြီလား

ကျနော်ရောက်တာသုံးရက်ရှိပြီ၊ကျနော်လိုက်ရှာနေတာခြေတိုနေပြီဗျာ

မတွေ့ပါဘူး၊ညီမဘယ်အတန်းမှာတက်နေတာလဲ

........ဝိဇ္ဇာဟောလ်ထဲမှာလေ..မတွေ့ဘူးလား

ကျနော်မတွေ့ဘူးဗျာ..ကျနော့်ကိုခွင့်လွတ်ပါ၊ညီမကိုထိုင်မသိမ်းဝတ်စုံနဲ့ဘဲမှတ်မိတာ

ဒီလိုဝတ်ထားမယ်လို့လုံးဝမမျော်လင့်ထားပါဘူး

ညီမ ..ဒီဝတ်စုံတွေနဲ့လဲလိုက်တယ်နော်...

.......ရှင်ကျမကိုဘယ်လိုမှတ်မိတာလဲ

မှဲ့လေ....မှဲ့...မှဲ့..သူလက်ညိုးထိုးပြတယ်

.....ကျမအတန်းတက်ရတော့မယ်...ပြောပြီးဆက်လျှောက်တော့သူလိုက်လာတယ်။

ညီမအတွက်အနှေင့်အယှက်မဖြစ်အောင်နေပါ့မယ်၊အကို့ကိုအဝေးကကြည့်ခွင့်ပေးပါ

ကျမစာသင်ချိန်တလျှောက်လုံးအဝေးကလှမ်းကြည့်နေတဲ့အကို၊စိတ်ထဲမှာသနားသလိုလို

နောက်ရက်တွေအကို့တစ်ယောက်ထဲတွေ့နေတယ်၊အဖေါ်မပါတော့ဘူး

တကယ်တော့ကျမအဆောင်မှာလဲဘယ်သူ့ကိုမှအပေါင်းအသင်းမလုပ်ပါဘူး

ပထမနှစ်ကပေးလိုက်တဲ့ Lesson ကြောင့်လူတွေကိုမေးထူးခေါ်ပြောအဆင့်ထက်

မပိုသောဆက်ဆံရေးနဲ့ဘဲနေနေတယ်၊

တစ်ရက်စာသင်ချိန်ဆရာ၊မရောက်လာလို့အကိုနဲ့ကဲန်တီးသွားထိုင်ဖြစ်တယ်။

ကျမစိတ်ထဲမှာဘယ်သူ့ကိုမှယုံကြည်လို့မရ၊သူ့အကြောင်းကျမမသိသေးဘူး

သူပြောတိုင်းလဲယုံလွယ်တဲ့မိန်းမထဲမှာကျမ၊မပါ။

......အကိုဘယ်မှာနေတာလဲ

တောင်ငူမှာနေတယ်၊ကွင်းဆင်းပြီးအိမ်မပြန်တော့ဘူး

ညီမကိုတွေ့ချင်လို့အဆောင်မှာဝင်နေလိုက်ပြီ

.......အကို့မိဘတွေမပြောဘူးလား

ကျနော့်မိဘတွေပွဲရုံလုပ်တယ်၊ကျနော်ပြန်သင့်တယ်

ဒါပေမဲ့..ညီမကိုလဲမြင်ချင်နေတယ်

........အခုမြင်ပြီးပြီလေ...အိမ်ပြန်ပြီးမိဘတွေကိုဝိုင်းကူလိုက်ပါလား

သူကျမကိုစိုက်ကြည့်နေတယ်

အကို့ကိုသူငယ်ချင်းတစ်ယောက်လိုလက်ခံပါလား

...........ရပါတယ်..ရိုးရိုးသားသားဆိုရင်လက်ခံပါတယ်၊နောက်မှအထွန့်မတက်နဲ့

..........သူငယ်ချင်းအဖြစ်ကရပ်လိုက်မယ်

အကိုကညီမအက၊အဆိုသဘောကျတဲ့ပရိတ်သတ်တစ်ယောက်ပါ

ညီမအနုပညာကိုစွဲလန်းနေသူတစ်ယောက်ပါ

ညီမနဲ့တွေ့ချင်ရင်၊စကားပြောချင်ရင်တွေ့ခွင့်ပြုမှာလား

..............ကျမတို့အဖွဲ့ကကြည့်မြင်တိုင်၊ထီးတန်းမှာရှိတယ်

...............အမြဲတမ်းကျမလဲမအားဘူး၊

...........ညဖက်ကဖို့၊နေ့မှာအားမွေးနေရတဲ့မင်းသမီးကိုနားလည်ပေးပါ

ဒါလဲကျောင်းအားရက်နဲ့ဆုံရင်ပြောတာပါ

ကျနော်ကညီမရန်ကုန်ပွဲခွင်တွေရှိရင်မရောက်၊ရောက်အောင်လာပြီးအားပေးနေမှာပါ

ပွဲခင်းထဲမှာလက်နှိပ်မီးအစိမ်းရောင်လေးမြင်ရင်အကိုရောက်နေပြီလို့မှတ်လိုက်ပါ

.............ကျမအငြိမ့်ကနေတာကျမမိဘကိုဝိုင်းကူနေတယ်လို့သဘောထားပြီးကနေတာပါ။

..............အကိုလဲအကို့မိဘကိုဝိုင်းကူသင့်တယ်

ဟုတ်ပါပြီ...ကျနော်ဒီညပြန်တော့မယ်၊ပွဲခင်းထဲကပိုးစုန်းကြူးမီးအစိမ်းရောင်မြင်

အကို့ကိုသတိရလိုက်ပါနော်

ကျနော်ပြန်တော့မဲ့ဆဲဆဲနေ့၊မကျေနပ်လို့မနက်ထွက်ရှာမယ်ဆိုပြီးထွက်ခဲ့တယ်။

မင်းသမီးနဲ့ဆုံခဲ့တဲ့အဖြစ်ပါ။

………………………………………………..

ကျနော်တောင်ငူရထားပေါ်မှာအိမ်ပြန်နေပြီ၊

မင်းသမီးနဲ့တွေ့ပြီးနောက်မှာကျော်ကြီးအိမ်ပြန်သွားပြီ

တကယ်တော့ကျနော့်ရင်ထဲမှာမင်းသမီးကိုစွဲလန်း၊နှစ်သက်၊ချစ်မြတ်နိုးနေတာ

မင်းသမီးကတော့ကျနော့်ကိုပိတ်ပြောလိုက်ပြီ

နောက်မှအထွန့်တက်ရင်သူငယ်ချင်းအဖြစ်ကရပ်လိုက်မယ်လို့သတိပေးထားတယ်

မတတ်နိုင်ပါဘူး၊အဝေးကမြင်နေရင်ကျေနပ်နေရမှာ

အဖေ့ပွဲရုံမှာဝိုင်းကူလိုက်မယ်၊

လောလောဆယ်အလုပ်လုပ်ဖို့စိတ်မပါဘဲ၊

ရီးစားထားဖို့စိတ်ကူးနေတဲ့ကျနော့်ကိုအမေတို့ဘယ်လိုသဘောထားကြမလဲ

စိတ်ထဲမှာရီးစားအဖြစ်တောင်မဟုတ်ဘူး၊နှစ်ယောက်တစ်ဘဝနေဖို့အထိတွေးနေတာ

ရှေးရိုးဆန်တဲ့ကျနော့်မိဘတွေဇာတ်သမနဲ့ဖြစ်ပါ့မလား

မင်းသမီးကလဲကျနော်ကိုလက်ခံအုန်းမှ၊

မင်းသမီးမှာအိမ်ထောင်ရှိလား၊မရှိလားမမေးကြည့်ရသေးဘူး

အိမ်ထောင်ရှိခဲ့ရင်တော့ကြိုပြောမှာပါလေ

ညဖက်ရောက်ရင်မင်းသမီးကိုသတိရပြီ၊ကျောင်းမြန်မြန်ပြန်ဖွင့်ချင်နေပြီ

#ကိုဂျစ်

#ချစ်သူ..ဝိုင်းဝိုင်းလည် အပိုင်း ( )

………………………………………………………………………………………………………………………………………………………………………………………………………………….

……………………………………………………………………………………………………………………………………………………………………………………………………………………

ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( )

 

ဒဂုံဆောင်မှာသူငယ်ချင်းအားလုံးပြန်ဆုံနေကြပြီ

Field ဆင်းတုန်းကအငြိမ့်သီချင်းကိုအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဆိုကြကကြတာတွေပြန်ပြောနေကြတယ်

အလိုလိုနေရင်းအချို့သူငယ်ချင်းတွေကကျနော့်ကိုခေါ်ကြတယ်”ဇာတ်ဆရာ”

မင်းသမီးနဲ့တွေ့ချင်တယ်၊သူတို့ရှိနေတဲ့ကြည့်မြင်တိုင်ဖက်ရောက်ခဲ့တယ်

ပြည်ရွှေဆံတော်မှာသွားကနေတယ်၊ကျနော်မောပြီးပြန်ခဲ့ရတယ်

ဒါပေမဲ့ ပဒုမ္မာဇာတ်ရုံမှာနောက်အပတ်ကမယ်၊

 

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”

“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”

“ချစ်သူ...ဝိုင်းဝိုင်းလည်.....”

မမြင်တာကြာပြီမို့လွမ်းဆွတ်နေတဲ့စိတ်နဲ့မင်းသမီးအကကိုကြည့်နေမိတယ်

ချစ်သူတွေဝိုင်းဝိုင်းလည်နေတဲ့မင်းသမီးကျနော်ရောက်နေတာမသိနိုင်၊

အစိမ်းရောင်ဆီစိမ်စက္ကူကပ်ထားသောဓါတ်မီးလေးထိုးပြနေမိတယ်

သူသိပါ့မလား၊ကျနော့်ဓါတ်မီးရောင်ကိုဆလိုက်မီးပတ်လည်အထိုးခံနေရတဲ့သူ့မျက်လုံးကမြင်နိုင်ပါ့မလား

ပိုးစုန်းကြူးသာသာကျနော့်ဓါတ်မီး၊ဘေးပတ်လည်မှာထိုးနေသောဆလိုက်မီးမောင်းကြီးတွေကိုယှဉ်နိုင်ပါ့မလား

စိတ်ပျက်အားငယ်သွားပါတယ်၊အချက်ပြရမှာကျနော့်တာဝန်၊သိတာမသိတာသူ့အလုပ်

ပဒုမ္မာကွင်းမှာ ၃ ညကတယ်၊ ညတိုင်းကျနော်သွားတယ်၊ဓါတ်မီးအစိမ်းရောင်ထိုးပြတယ်။

နောက်တစ်ပတ်ကြည့်မြင်တိုင် စလင်းကွင်းမှာကတယ် ၊ ၄ ညကတယ်။

ကျနော်တစ်ယောက်ထဲညတိုင်းသွားခဲ့တယ်၊ညတိုင်းဓါတ်မီးနဲ့အချက်ပြခဲ့တယ်။

နောက်တစ်ပတ်သူတို့ဇာတ်ဆရာသူ့ဦးလေးအိမ်ကိုလိုက်သွားတယ်

မဆုံဖြစ်ပါဘူး၊မင်းသမီးနယ်ဆင်းနေတယ်

ကျနော်ညဖက်ပွဲကြည့်ပြီးပြန်လာရင်တနေကုန်အိပ်တာ

မင်းသမီးဘယ်လိုနေမလဲမသိ

သူ့အပေါ်ကျနော်သနားစိတ်ဝင်မိတယ်။ကျနော့်ထက်အသက်ငယ်သူ၊

မိဘကိုလုပ်ကျွေးနေသူ၊နောက်ပြီးညဖက်ကပြအသုံးတော်ခံနေရတဲ့သူ့ဘဝ

ကျနော်ကိုယ်တိုင်မိဘကိုကူရကောင်းမှန်းမသိသူ၊

မိဘတွေလုပ်နိုင်တာဘဲဆိုပြီး၊ရေသာခိုအချောင်နေ၊နေတဲ့ကျနော်

ကိုယ့်ကိုကိုယ်ပြန်ရှက်မိပါရဲ့

တနင်္ဂနွေကျောင်းပိတ်ရက်တစ်ရက်မှာထီးတန်းကိုကျနော်သွားတယ်။

ကျောင်းမှာတုန်းကနှစ်ခါလောက်ဘဲစကားပြောခဲ့ရတဲ့မင်းသမီးနဲ့တွေ့ချင်တယ်။

သူ့မျက်နှာလေးကိုမြင်ချင်နေတယ်၊

ဇာတ်အဖွဲ့နယ်မထွက်ပါစေနဲ့လို့ဆုတောင်းမိတယ်။

ကျနော့်ဆုတောင်းပြည့်သလားမပြည့်သလားမပြောတတ်ဘူး

သူတို့တွေဇာတ်တိုက်နေကြတယ်၊မင်းသမီးထွက်မတွေ့နိုင်

ဒါပေမဲ့ဇာတ်ကနေတဲ့မင်းသမီးကိုမြင်နေရရင်ကျေနပ်ပြီ

ကျနော်ရောက်နေတာတစ်နာရီလောက်ထဲက၊သူတို့ဇာတ်တိုက်ပြီးတာ

ငါးနာရီကျော်နေပြီ၊သူတို့ပြီးတော့မှကျနော့်ကိုလာတွေ့တာ

ပထမ...မင်းသမီး..ဇဝေဇဝါနဲ့သူမေ့နေတယ်

ကျနော်သူ့ကိုအပြစ်မမြင်ပါ၊သူ့မှာချစ်သူတွေဝိုင်းဝိုင်းလည်နေတယ်

ကျနော်ပြန်ပြောပြမှသူသတိရသွားတယ်။

ကျနော်ပဒုမ္မာကွင်းနဲ့စလင်းကွင်းမှာကတုန်းကလာကြည့်တဲ့အကြောင်းတွေပြောတော့

“ဟုတ်လား”ဆိုပြီးသူကျနော့်ကိုသာမန်မိတ်ဆွေလိုမျိုးဘဲပြန်ပြောတယ်။

ကျနော့်ဓါတ်မီးအစိမ်းနဲ့ထိုးတာညီမတွေ့လားလို့မေးတာ

ကျနော့်ကိုထူးထူးဆန်းဆန်းနဲ့ပြန်ကြည့်ပြီး

အကိုဘာကိုဆိုလိုတာလဲ

ညီမကို...အကိုပြောခဲ့တယ်လေ၊အကိုလာကြည့်ရင်ဓါတ်မီးအစိမ်းနဲ့အချက်ပြမယ်

ဟုတ်လား...ကျမတွေ့မှာမဟုတ်ဘူး၊မီးဆလိုက်တွေကအားပြင်းတယ်

ကျနော်လဲထင်ပါတယ်၊ကျနော့်ဓါတ်မီးကပိုးစုန်းကြူးမီးလောက်ဘဲရှိတာ

မီးဆလိုက်ကိုမယှဉ်နိုင်ပါဘူး

ကျနော့်ကိုသူငေးကြည့်နေတယ်

ကျနော့်ဓါတ်မီးအစိမ်းရောင်နဲ့ရန်ကုန်ပွဲခွင်တွေမှာအားပေးနေမှာပါ

ကျနော်နှုတ်ဆက်ပြီးပြန်ခဲ့တယ်၊

ကျနော့်ကိုချစ်သူဝိုင်းဝိုင်းလည်နေတဲ့မင်းသမီးသာမန်ပရိတ်သတ်လို့ဘဲသဘောထားပုံရတယ်

ဒါလဲမထူးဆန်းပါဘူး၊သူကျနော့်အကြောင်း၊ကျနော့်မေတ္တာတွေကိုဒီရက်တိုတိုမှာမသိနိုင်ဘူး

နောက်တစ်ပတ်တောင်ဥက္ကလာ၊ပဒေသာဇာတ်ရုံမှာကတယ်

ကျနော်ထုံးစံအတိုင်းအားပေးရမယ်။သူသိနိုင်အောင်ဇာတ်ခုံနံဘေး၊မှောင်ရိပ်ကျနေတဲ့

နေရာကထိုးမှသူသတိထားမိမယ်။ကျနော့်အတွေးမှန်သွားပြီ

ကျနော့်ဓါတ်မီးအစိမ်းရောင်ကိုမင်းသမီးတွေ့သွားတယ်။ကျနော်ကိုသူလက်ပြတယ်၊

ဒီညအဆောင်ပြန်လမ်းခြေထောက်နဲ့မြေကြီးထိတယ်လို့တောင်မထင်

နောက်အပတ်မှာသာကေတမှာကတယ်။သူကျနော့်ဓါတ်မီးရောင်ကိုသတိထားမိလာပြီ။

နောက်အပတ်ကျနော်မင်းသမီးဆီသွားလည်တယ်၊

ကျနော်ကိုအသိအမှတ်ပြုလာလို့ရင်ထဲမှာအပျော်လုံးဆို့နေပြီ

............အကို..ဘာလို့ကျမနောက်လိုက်ကြည့်နေတာလဲ

ကျနော်...ညီမအကနဲ့အဆိုကိုကြိုက်လို့ဘဲပြောပါတော့

..............အကို...စာဖတ်ရဲ့လား၊ကျောင်းရောတက်ရဲ့လား

..............ဒါမှမဟုတ်...အကို...ကျောင်းတက်နေတာရော..ဟုတ်ရဲ့လား

.............ဘာလို့ဆိုတော့..ကျမကိုလာမိတ်ဆက်သူတွေကသူတို့အကြောင်းကိုလိမ်ပြောတတ်ကြလို့ပါ

ကျနော်ဘဝကိုဘာလို့လိမ်စရာလိုလို့လဲ

ကျနော်မိဘတွေတောင်ငူမှာနေတယ်၊”သစ်ဆန်းပဲရောင်းဝယ်ရေး”ဟာကျနော်တို့အလုပ်ဘဲ

နောက်ပြီးကျနော်ဘူမိဗေဒတတိယနှစ်တက်နေတယ်၊ဒဂုံဆောင်မှာနေနေတယ်

ကျနော်ညီမအနုပညာကိုချစ်လို့အနောက်တကောက်ကောက်လိုက်နေတဲ့သူပါ

သူကျနော့်ကိုကြည့်နေတယ်၊သူယုံကြည်မှာမဟုတ်သေးဘူး

ရန်ကုန်ပွဲခွင်တွေကျနော်အမြဲအားပေးနေတယ်၊သူလဲသတိထားမိနေပြီ

နောက်အပတ်...မင်းသမီး...ဖြူးမှာသွားကတယ်၊ကျနော်လွမ်းလိုက်တာ

ကျော်ကြီးကကျနော့်ကိုသတိပေးနေတယ်

မင်းဇာတ်လမ်းအမြန်ဖြတ်လိုက်ရင်ကောင်းမယ်

ဇာတ်သမကိုဒီလောက်ဒုက္ခခံပြီးလိုက်နေစရာမလိုပါဘူး

ကျောင်းမှာဒီလောက်အချောအလှတွေပေါတာကြိုက်တာရွှေးစမ်းပါ

မင်းပြောပုံအရသူကဘဲမင်းကိုမယုံမကြည်ဖြစ်နေသေးတယ်ဆိုတော့

ငါတို့တက္ကသိုလ်ကျောင်းသားတွေသိက္ခာကျတယ်ကွာ

နောက်ပြီးမင်းမိဘတွေသဘောတူမှာမဟုတ်ဘူး

လူမျိုးလဲမတူဘူး၊မင်းအဖေတယူသန်နဲ့ဖြစ်ပါ့မလားကွာ

ဒီလောက်နဲ့ဘဲရပ်လိုက်ပါတော့၊

ကျနော့်ရင်ထဲမှာအချစ်မြှားဆူးနေတာကျော်ကြီးမသိ

ဒီတစ်ခေါက်ပြန်လာတော့မင်းသမီးကျနော့်ကိုပိုပြီးခင်ခင်မင်မင်နဲ့စကားပြောတယ်

အကိုကျောင်းပြီးရင်ဘာလုပ်မလဲ

...ကျနော်ကမိဘပွဲရုံအလုပ်ဆက်လုပ်ရမှာပေါ့..

တခုမေးမယ်၊အကို့အဖေအလုပ်၊အကိုစိတ်ဝင်စားလား

...စိတ်ဝင်စားတာပေါ့၊ဒါပေမဲ့ကျနော်တောင်ငူမှာမလုပ်ချင်ဘူး..

...ရန်ကုန်မှာပွဲရုံလုပ်ချင်တယ်၊ကျနော့်မှာညီမလေးတစ်ယောက်ရှိတယ်

...ညီမနဲ့အဖေကိုတောင်ငူမှာထိုင်ပြီး၊ကျနော်ရန်ကုန်မှာလုပ်ဖို့စိတ်ကူးထားတယ်

အကိုအစိုးရအလုပ်စိတ်မဝင်စားဘူးလား

...ကျနော့်အမျိုးကကုန်သည်မျိုးရိုးဆိုတော့ကုန်သည်ဘဲလုပ်မှာပါ

မင်းသမီး...ဖြူးမှာသွားကတုန်းကကျနော်တို့ပွဲရုံသွားပြီးစုံစမ်းခဲ့တယ်။

ကျနော်သည်အကြံအဖန်မဟုတ်၊အမှန်အကန်ဆိုတာလက်ခံလိုက်တယ်

ကျနော်တို့ခင်မင်မှုတွေတိုးတက်လာတယ်၊ကျနော်ကြိုက်နေတာသူသိတယ်

ဒါကသဘာဝဘဲလေ၊ရွှေစွန်ညိုဘာလိုလို့ဝဲလဲဆိုတာမိန်းခလေးတိုင်းသိတယ်

ကျနော်မင်းသမီးဆီဝင်ထွက်လွယ်လာတယ်၊သူတို့လူကြီးတွေနဲ့လဲခင်လာပါတယ်

အခေါ်အဝေါ်တွေလဲပြောင်းလာတယ်၊မင်းသမီးကို”စပယ်”လို့ခေါ်တယ်။

သူကကျနော့်ကို”ကိုလတ်”လို့လဲခေါ်တယ်၊နှုတ်ကျိုးနေလို့” အကို”လို့လဲခေါ်တယ်

ဘယ်လိုခေါ်ခေါ်ပါ၊ကျနော်တို့ရင်းနှီးလာကြပြီ

တစ်ရက်သူတို့ဇာတ်တိုက်နေချိန်ရောက်သွားတယ်

ကျနော်ထိုင်ခုံမှာထိုင်ရင်း”စပယ်”ကနေတာငေးကြည့်နေမိတယ်

 

“ချစ်သူပတ်လည်ဝိုင်းလို့...ခင်မင်ကြင်သူတွေ...

များတဲ့ကျမလိုသဘင်သည်...

အနုပညာရှင်မို့...မောင့်ရင်ထဲက...သဝန်တိုပေမယ်..

မမြင်လိုပေမယ်...အရင်လိုမဟုတ်တော့ဘူးလို့...

စိတ်ကူးရင်လွယ်...အတွေးပင်လယ်မျော..

မောင်ပြောရင်မောရုံရှိမယ်..သံယောဇဉ်လဲ...အသဲမှာငြိတွယ်...

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”

“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”

“ချစ်သူ...ဝိုင်းဝိုင်းလည်.....”

သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...

တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...

ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း

ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...

မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”

“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”

“ချစ်သူ...ဝိုင်းဝိုင်းလည်.....”

 

စပယ်ကျနော့်ရှေ့နားမှာဆိုပြီးကနေတယ်။သူ့မျက်နှာကိုငေးကြည့်မိတယ်။

ကျနော့်ကိုရည်ရွယ်နေတာလား

သူလဲကျနော့်ကိုကြည့်ပြီးကနေတာ

ကျနော့်ရင်ထဲကမေတ္တာထုတ်ဖေါ်သင့်ပြီလို့ထင်မိပါတယ်၊

ကျနော်နောက်ဆုံးနှစ်ရောက်လာသလိုစပယ်လဲစတုတ္ထနှစ်ရောက်လာပြီ၊

စပယ်တို့က ၅ နှစ်တက်ရမယ်။

တိုတိုပြောရရင်ဒီနှစ်ထဲမှာကျနော်တို့အဆင်ပြေသွားတယ်။

ကျနော့်အတွက်စည်းကမ်းချက်တွေလဲများလာတယ်၊

ကျနော့်ကိုရန်ကုန်ပွဲခွင်တွေကိုညတိုင်းကြည့်ခွင့်မပေးတော့ပါ၊

ဘာဖြစ်လို့လဲ..စပယ်..ဒီပွဲကိုမကြည့်ရရင်အကို..စပယ့်ကိုမတွေ့ရတော့ဘူးလေ..

ဖြစ်နိုင်ရန်ညတိုင်း..စပယ်..ကတာအကိုကြည့်ချင်နေတာ...

အော်...အကိုရယ်..စပယ်စဉ်းစားထားပြီးသားပါ...

စနေည၊တွေမှာလာကြည့်လို့ရတယ်

အကို့ကိုအိပ်ရေးအပျက်မခံစေချင်ဘူး

တနင်္ဂနွေနေ့ ၃ နာရီနောက်ပိုင်းအကိုညီမတို့အိမ်လာလည်လို့ရတယ်

မနက်ပိုင်းတွေမှာအကတိုက်လေ့ရှိလို့ပါ

ညတိုင်းကနေတဲ့ညီမကို...အကိုသနားတယ်

အကိုကျောင်းပြီးရင်အကိုတို့လက်ထပ်ရအောင်...

ဖြေးဖြေး...ပြော..ညီမလုပ်စရာတွေရှိသေးတယ်...

အကို့အိမ်ကရောဇာတ်သမနဲ့သဘောတူပါ့မလား

အကိုကစဉ်းစားထားပြီးသား၊သဘောမတူလဲယူမယ်

အကို..ရန်ကုန်မှာပွဲရုံလုပ်မယ်

ချစ်သူသက်တမ်းကြာလာတော့ကျနော်တို့ရှေ့ရေးတွေတိုင်ပင်ကြပါတယ်၊

စပယ်ကသူစာမေးပွဲပြီး၊အလုပ်ရရင်ဇာတ်မကတော့ဘူး၊

ရေရှည်ကမယ်လို့လဲသူမဆုံးဖြတ်ထားဘူး၊

Law နဲ့ကျောင်းပြီးရင်အသက် ၂၅ နှစ်မပြည့်ခင်တရားရေးဝန်ထမ်းရွှေးချယ်ရေးအတွက်စာမေးပွဲဖြေရမယ်။

စာမေးပွဲအောင်ရင်တရားရေးမှာအလုပ်ဝင်မယ်

တရားသူကြီးဖြစ်အောင်ကျိုးစားမယ်။

လူရိုသေ၊ရှင်ရိုသေတရားသူကြီးအလုပ်ကို..အားကျတယ်

ဖြစ်အောင်လုပ်မယ်၊ညီမကိုကူညီပါ

ကျမတရားသူကြီးဖြစ်မှယူကြရအောင်

အခုအချိန်ကျမကိုယူရင်အကို့အိမ်ကသဘောတူမှာမဟုတ်ဘူး

ဒီခလေးမလေးကသူ့ရည်မှန်းချက်တွေကိုရှင်းပြတယ်

သူကျောင်းပြီး...အနဲဆုံးလေးနှစ်ငါးနှစ်လောက်မှယူလို့ရမယ်

လောလောဆယ်ကျောင်းတက်နေဆဲ၊ကျနော်နောက်မှစဉ်းစားတော့မယ်။

အဝေးသင်ကျောင်းတက်ချိန်တွေမှာကျနော်ကိုင်ဇာသီချင်းထဲကလို

ကိုယ်ရံတော်တပ်မှူးလုပ်လို့ရပြီ,..ပျော်စရာနေ့ရက်တွေ

ဒါပေမဲ့..ကျနော့်အဖေကျနော်တို့ဇာတ်လမ်းသိသွားတယ်၊

ဇာတ်သမနဲ့သဘောမတူဘူးလို့အပြတ်ပြောတယ်,

ကျနော်ရှင်းပြပါတယ်၊အဖေ..ကျနော့်ရီးစားဇာတ်သမ..အဝေးသင်စာပေးစာယူနဲ့ဘွဲ့ယူတော့မယ်

ပြီးရင်သူဇာတ်မကတော့ဘူး၊တရားသူကြီးလုပ်တော့မှာ

ကျနော့်အဖေ..ရှေးရိုးစွဲလူကြီး...

မင်း..ဘာတွေလာပြောနေလဲ

ဇာတ်မင်းသမီး...ပြဇာတ်ထဲကစကားလုံးတွေလာပြောနေတာကိုယုံနေတယ်

ဟိုလူဒီလူကိုင်ချင်သလိုကိုင်ထားတဲ့မင်းသမီးကိုမင်းမလို့သွားကြိုက်တယ်

မင်းတော့ရူးနေပြီ

ငါ့အိမ်ကိုခေါ်မလာနဲ့

အဖေ့ကိုနောက်မှဖြေးဖြေးနားချတော့မယ်၊

ဒီအတောအတွင်းစပယ်တို့အငြိမ့်တောင်ငူ၊ရွှေဆံတော်ဘုရားကြီးမှာလာကတယ်၊

ပထမညအမေနဲ့ညီမလေးကိုခေါ်ပြီးပွဲသွားကြည့်တယ်။

စပယ်ကချောလဲချောတယ်၊အကလဲတော်တယ်၊ကျနော့်ချစ်သူလို့အသိပေးလိုက်တယ်

အမေနဲ့ညီမလေးတို့သဘောကျနေတယ်

ကျနော့်အမေနဲ့ညီမကိုစပယ့်ရည်မှန်းချက်တွေပြောပြလိုက်တယ်

ကျနော့်အိမ်ကိုအလည်မခေါ်ဖြစ်ပါဘူး၊

စပယ်တို့တည်းခိုနေတဲ့တည်းခိုခန်းနဲ့ဇာတ်ရုံအပို့အကြိုကျနော်တာဝန်ယူထားတော့

တောင်ငူတမြို့လုံးကျနော့်ရီးစားဆိုတာသိကုန်တယ်

ကျနော်ဂရုမစိုက်ပါဘူး၊ဒါပေမဲ့..လူတွေပါးစပ်ဆိုတာတွေကကြောက်ဖို့ကောင်းတယ်

မလိုတဲ့လူတွေကအဖေ့ကိုသွေးထိုးတယ်၊အဖေကျနော့်ကိုပေါက်ကွဲတာ

အဖေ့စကားလုံးတွေပြစ်ပြစ်နှစ်နှစ်နဲ့ပြောတာ

အဖေနဲ့ကျနော်တို့တိုက်ပွဲပြင်းထန်လာတယ်။

အဖေကျနော့်ကိုသားအဖြစ်ကစွန့်လွတ်ကြောင်းသတင်းစာထဲထည့်တယ်။

ဇာတ်သမကိုအိမ်ခေါ်လာမှာစိုးလို့ကြိုကန်ထားတယ်။

အဖေ့ကိုကျနော်အပြစ်မမြင်ပါဘူး၊

မိဘဆိုတာသားသမီးကိုအကောင်းဆုံးဘဲဖြစ်ချင်ကြတယ်။

ကျနော်တို့မိသားစုအကွဲအပြဲကိုစပယ်သိသွားတယ်။

သူမေးတော့..ကျနော်ခတ်ပေါ့ပေါ့ဖြေခဲ့တယ်။

ကျနော့်စကား...စပယ်မယုံတာလဲကျနော်သိတယ်၊

ဖြေးဖြေးနားချရင်ရပါတယ်ဆိုပြီးကျနော်နှစ်သိမ့်ခဲ့တယ်။

ဒါပေမဲ့..စပယ်ကျနော့်အကြောင်းသတင်းစာမှာဖတ်လိုက်ရတယ်။

ကျနော့်ဘူမိဗေဒနောက်ဆုံးနှစ်ပြီးရင်ကျနော်စပယ်နဲ့ဝေးရတော့မယ်။

ကျနော်မဝေးချင်ဘူး၊စပယ်အနားမှာဘဲနေချင်တယ်။

ဒီနှစ်ကိုကျနော်မိုက်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။

အဖေ့ကိုလဲအရွဲ့တိုက်ချင်စိတ်နဲ့စာမေးပွဲဖြေနေရင်းတစ်ဘာသာကိုဖျက်ချခဲ့တယ်

ကျနော်နောက်ဆုံးနှစ်စာမေးပွဲကျခဲ့တယ်။

ကျနော်တမင်အကျခံခဲ့တဲ့အကြောင်းစပယ်ကိုပြောပြတော့,

စပယ်..ငိုလိုက်တာ...သူ့ကြောင့်ဖြစ်ရတာဆိုပြီး..ငိုတာ..

ဒီနှစ်ထဲမှာကျနော်တောင်ငူကိုလုံးဝမပြန်ဖြစ်ခဲ့ပါ၊ပြန်ချင်စိတ်လဲမရှိပါ၊

အဖေနဲ့မတွေ့ချင်ဘူး၊တစ်ခုထူးခြားတာကဒီနှစ်ထဲမှာ

စပယ်..ကျနော့်ကိုပိုဂရုစိုက်တယ်၊တနင်္ဂနွေနေ့တွေမှာသူတို့အိမ်မှာဘဲထမင်းစားခိုင်းတယ်။

အကိုနေရတာအဆင်ပြေရဲ့လား

ဒဂုံဆောင်ကျနော့်သူငယ်ချင်းအခန်းမှာကပ်နေတယ်

အဆောင်မှူးဆရာဦးမေတ္တာကိုကျနော့်အခက်အခဲတွေပြောပြပြီးနေခွင့်တောင်းခဲ့တယ်၊

ဆရာကျနော့်အကြောင်းကိုသူငယ်ချင်းတွေကတဆင့်သိနေတယ်။

“ဆရာတို့စိတ်ထဲမှာအဆင့်အတန်းခွဲခြားတဲ့စိတ်မရှိဘူးနော်”

“ဒါပေမဲ့..ကိုလတ်..မိဘအရိပ်အောက်ကမလွတ်သေးဘူး”

အခုလောလောဆယ် မိဘစကားနားထောင်လိုက်ပါ”

“ကိုလတ်..ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့နေ့ကျရင်ကိုယ့်ကိုယ်ပိုင်အတွေးနဲ့ဆုံးဖြတ်ပါ”

ဆရာတာခွင့်ပြုချက်နဲ့နေခွင့်ရခဲ့တယ်၊

ထမင်းကိုတောင်ငူကဲင်တီးကရွှေပိတောက်ဆိုင်မှာလပေးစားတယ်။

အဖေကကျနော်စာမေးပွဲကျတာအရမ်းစိတ်ဆိုးပြီး၊သုံးဖို့ငွေမပို့တော့ဘူး

ကျနော်အိမ်ပြန်ချင်စိတ်ကုန်သွားတယ်၊

အမေကရန်ကုန်ကအဒေါ်ဆီမှာငွေယူခိုင်းတယ်။

ကျနော့်..အချစ်ရူး..စပယ်ကိုအရမ်းချစ်တယ်၊

အဖေ့ဆီမပြန်ဘဲနဲ့ကျနော်တို့နှစ်ယောက်တစ်ဘဝအိပ်မက်မဖြစ်နိုင်။

ဒါပေမဲ့ကျနော်..အဖေ့ကိုရွှဲ့ချင်တယ်၊အဖေ့ဆီမှာလက်မဖြန့်ချင်ဘူး။

ကျနော်လမ်း..ကျနော်လျှောက်မယ်လို့ဆုံးဖြတ်လိုက်တယ်။

ကျနော် Repeater စာမေးပွဲထပ်မကျဖို့တော့..စပယ်သတိပေးနေတယ်၊

ဒီနှစ်ကျနော်တို့နှစ်ယောက်လုံးဖြေနိုင်ကြပါတယ်၊စပယ်ကကျနော့်ကိုသူတရားသူကြီးဖြစ်မှယူကြရအောင်လို့ပြောနေတယ်။

စာမေးပွဲတွေပြီးတော့ကျနော်နေစရာမရှိတော့ဆင်ရေတွင်းကအဆောင်မှာသွားနေတယ်။

အိမ်မပြန်ချင်ဘူး၊စပယ်..ကလူကြီးစိတ်ဆိုးလဲခဏ..ပြန်လိုက်ပါ

လောလောဆယ်အဒေါ်တွေဆီကငွေတောင်းသုံးနေရတယ်။

ကျနော်အိမ်မပြန်ချင်ပါ၊ဒါပေမဲ့သုံးစရာငွေလဲကြပ်လာတယ်၊

ကျနော်တခုခုလုပ်ရတော့မယ်၊ပွဲရုံလုပ်ငန်းကျနော်လုပ်တတ်တယ်

အချိန်အခါကြည့်ပြီးလုပ်ရတဲ့ပဲရောင်းတာဝယ်တာကျနော်သိတယ်၊ဒါပေမဲ့ကျနော့်မှာအရင်းအနှီးမရှိ

အဲ့ဒီအချိန်ကအိတ်စပို့မရှိ၊ပြည်တွင်းဈေးကွက်၊အောက်လမ်းကအပြင်ထွက်တယ်

ဈေးကွက်အကြောင်းကျနော်သိနေတယ်၊

အမေနဲ့တိုင်ပင်ကြည့်တာ၊အရင်းအနှီးထုတ်ပေးဖို့ကမဖြစ်နိုင်၊

ငွေအားလုံးအဖေကကိုင်တွယ်ထားတယ်၊ဘာမှမတတ်နိုင်

ကျနော့်အဖြစ်စပယ်နဲ့လဲတိုင်ပင်ပါတယ်၊စပယ်ကျနော့်ကိုကြည့်ပြီးမျက်ရည်ကျတာကလွဲပြီး

သူလဲဘာမှမတတ်နိုင်ပါ၊နောက်ဆုံးအမေနဲ့တိုင်ပင်ပြီးအမေ့ညီမအဒေါ်ရှိနေတဲ့ထိုင်ဝမ်ထွက်ဖို့

ဖြစ်လာတယ်၊စပယ်ကိုပြောပြတော့စပယ်စိတ်ပူနေတယ်

ညီမတို့တသက်လုံးဝေးရတော့မယ်ထင်တယ်ပြောပြီးငိုလိုက်တာ...

ကျနော်ထိုင်ဝမ်မှာအလုပ်လုပ်ပြီးပြန်လာမယ့်အကြောင်းတွေပြောပြပေမဲ့

စပယ်...ငိုတာ...ငိုတာ...ညီမတို့ရှေ့ရေးနီးဖို့မမြင်တော့ဘူး

အကို..စပယ့်ကိုဘယ်လောက်ဂတိပေးပေး၊ဟိုရောက်ရင်လူမျိုးတူ၊စကားတူတွေနဲ့တွေ့ရင်

အကိုကျမကိုမေ့သွားမှာပါပြောပြီး..ငိုတာ...ကျနော့်ဘဝကျနော့်ရှေ့ရေးကိုအဖေ့အကူအညီ

မယူဘဲနဲ့လုပ်နိုင်တဲ့အကြောင်း၊ပြချင်တယ်။မခံချင်စိတ်နဲ့လုပ်ပြချင်တယ်။

အဲဒီအချိန်ပတ်စပို့..လုပ်ရခက်နေတယ်၊ထိုင်ဝမ်သံရုံးရန်ကုန်မှာမရှိဘူး။

ထိုင်ဝမ်ထွက်မဲ့သူတွေကိုစီစစ်ပေးနေတဲ့၊ဗီဇာအတွက်ထောက်ခံပေးနေတဲ့တရုတ်လူကြီးတွေ

ရန်ကုန်မှာရှိတယ်၊စပွန်စာပေးမဲ့အဒေါ်ဆီကစာရွက်တွေတောင်း၊ပတ်စပို့လဲအမြန်ရအောင်လိုက်တယ်

ဒီအတောအတွင်းကျနော်ဘဝခက်ခဲကြမ်းတမ်းတဲ့အချိန်တွေပါဘဲ၊

ကျနော်ထွက်မယ်ဆိုတော့..စပယ်..ကျနော့်ကိုစိတ်မချ၊သူ့ဆီသွားလည်ရင်လဲအမြဲငိုနေတယ်။

တစ်ရက်ကျနော်သွားလည်တော့အငြိမ့်အဖွဲ့နယ်ထွက်သွားပြီ

စစ်ကိုင်းဖက်မှာသွားကကြမယ်၊ပွဲဆက်တွေဆက်နေတော့တလနီးပါးကြာမယ်။

ကျနော်ကိုအသိမပေးဘဲထွက်သွားတဲ့..စပယ်..ရင်ထဲဟာတာတာဖြစ်ကျန်ရစ်ခဲ့တဲ့ကျနော်။

ကျနော်ထိုင်ဝမ်ဗီဇာအဆင်ပြေနေပြီ၊လေယာဉ်လက်မှတ်ဝယ်ဖို့ဘဲကျန်တယ်။

လက်မှတ်မဝယ်သေးဘူး၊ကျနော်..စပယ်နဲ့တွေ့ပြီးမှဝယ်မယ်။

တစ်လလောက်မှာစပယ်တို့အိမ်ကိုကျနော်လိုက်သွားတယ်။

အဲဒီမှာထူးဆန်းတာတွေကျနော်တွေ့တယ်။

မခင်နှင်းဆီအငြိမ့်ဆိုတဲ့ဆိုင်းဘုတ်အသစ်တွေ့တယ်။

စပယ်မိဘတွေနဲ့တွေ့တော့ပိုပြီးထူးဆန်းပါတယ်။

စပယ်ယောကျာ်းယူလိုက်ပြီ၊ဆွေမျိုးထဲကတစ်ယောက်နဲ့ယူလိုက်တယ်

ယောကျာ်းနောက်လိုက်သွားလို့”ခိုင်စပယ်ဖူးအငြိမ့်”ကိုလဲဖျက်လိုက်ပြီ။

မဖြစ်နိုင်ဘူး၊ကျနော်လုံးဝမယုံဘူး

...ယုံတာ..မယုံတာ..မောင်ဂျစ်ဆုံးဖြတ်ပါ၊ဦးတို့ကသမီးမရှိလို့သူနာမည်ပါတဲ့အငြိမ့်ကိုဖျက်လိုက်ရတာ

...ဦးတို့လက်မောင်းပြုတ်သွားသလို၊ပိုပြီးရင်နာရပါတယ်

ကျနော်မယုံဘူး၊မဖြစ်နိုင်ဘူး

....မောင်ဂျစ်မယုံတာကိုဦးတို့လဲမတတ်နိုင်ဘူး

...ဒါပေမဲ့ဒါကိုကြည့်ပါ၊သတင်းစာတစ်စောင်ထိုးပေးတယ်

“နှစ်ဦးသဘောတူလက်ထပ်ပြီးစီးခြင်း”ဆယ်ရက်တောင်ရှိသွားပြီ

...မောင်ဂျစ်..ရောက်လာမယ်ထင်ပြီး၊သူစောင့်နေသေးတယ်...

ပြီးခဲ့တဲ့ရက်ကဘဲသူတို့လင်မယားကောင်လေးအလုပ်ရှိတဲ့နေရာကိုထွက်သွားပြီ

...ကျနော့်ကိုဘယ်မြို့လဲ၊ပြောပြလို့ရမလား၊နှုတ်ဆက်ချင်လို့ပါ

ကျနော်လဲခရီးထွက်တော့မှာပါ

တွေ့လဲမထူးတော့ဘူးလေ၊နှစ်ယောက်လုံးစိတ်မကောင်းရုံဘဲရှိမယ်

မောင်ဂျစ်စိတ်ဖြတ်ပြီးထွက်သွားလိုက်ပါ

ဒီမှာစပယ်မှမရှိတော့တာ၊မောင်ဂျစ်စိတ်ဆုံးဖြတ်ပြီးဟိုမှာအပြီးနေလိုက်ပါလား

ကျနော်မယုံဘူး၊ကျနော့်ကိုညာတာဘဲဖြစ်မယ်

…………………………………………………………

ကျနော့်အဖြစ်သောင်ပြင်မှာလွတ်နေတဲ့ခွေးတစ်ကောင်လိုဘဲ၊ဗိုက်ဆာတယ်စားစရာမရှိ၊

အဖေကကျနော့်ကိုအမွေပြတ်စွန့်လွတ်ကြောင်းသတင်းစာထဲထည့်ထားတယ်။

ကျနော်ပြန်စရာအိမ်မရှိ၊

ကျနော်ချစ်ရတဲ့စပယ်လဲဘယ်လိုဘယ်အကြောင်းနဲ့ကျနော်ကိုစွန့်သွားတာလဲကျနော်မသိ၊

မိဘမေတ္တာအဖြတ်ခံထားရသူ၊အချစ်မှာရှုံးနိမ့်ခဲ့သူတစ်ယောက်

ယောင်လယ်လယ်နဲ့ထိုင်ဝမ်၊ထိုင်ပေမြို့ကြီးကိုရောက်လာပါတယ်။

အမေ့ညီမ၊ကျနော့်အဒေါ်မိသားစုအားလုံးကျနော့်ကိုဝမ်းသာအားရနဲ့ကြိုဆိုကြတယ်

ထိုင်ပေမြို့ရွှေဆိုင်တန်းတွေရှိတဲ့မြို့ထဲမှာကျနော့်အဒေါ်ရွှေဆိုင်ဖွင့်ထားတယ်။

ကျနော့်အဒေါ်မိသားစု၊ပြောရရင်ဘော့စ်အကြီးကြီးဖြစ်နေပြီ

ကျနော့်အတွက်အလုပ်နေရာတွေစီစဉ်ပေးတယ်။ဒီလိုနဲ့ထိုင်ဝမ်ရောက်ပြီးတလလောက်မှာ

ကျော်ကြီးဖုံးဆက်တယ်၊မစပယ်တို့လင်မယားတောင်ငူရောက်လာလို့သူနဲ့ဆုံတဲ့အကြောင်းပြောတယ်။

အခုလောလောဆယ်ယောကျာ်းနောက်လိုက်နေ၊နေတဲ့အကြောင်းပြောတယ်။

စပယ့်လုပ်ရပ်တွေကိုကျနော်နားမလည်ပါ၊

ကျနော်တို့ရှေ့ရေးအကြိမ်ကြိမ်ဆွေးနွေးကြပြီးပြီ

စပယ်...စပယ်...နင်တို့ဇာတ်သမားတွေဟန်ဆောင်တော်လိုက်တာ

ဇာတ်ကနေသလိုသဘောထားပြီး၊ငါ့ကိုနှစ်ပေါက်တစ်ပေါက်ရိုက်လိုက်တာပေါ့လေ

စိတ်ထဲမှာစပယ်ယောကျာ်းရလို့စိတ်ထဲမှာနှမျောမိပေမဲ့ကျနော်သူ့ကိုစွဲလန်းနေတုန်းဘဲ

သမီးရီးစားမထားဘူးတဲ့ကျနော်၊စပယ်နဲ့တွေ့မှအချစ်တွေ့လာတဲ့ကျနော်

ကျနော့်အချစ်အားလုံးစပယ်ကိုပုံပေးလိုက်ပြီ

ထိုင်ပေလိုညဖက်ပျော်စရာတွေပြည့်နေတဲ့မြို့ကြီးမှာ၊စပယ်ကိုကျနော်သတိရနေတုန်းဘဲ

နိုက်ကလပ်တွေမှာညီအစ်ကိုတွေနဲ့ပျော်နေကြပေမဲ့မြန်မာပြည်ကစပယ်ကိုသတိရနေဆဲ၊

ကျနော့်စိတ်ထဲမှာကျနော်လှည့်ဖျားခံနေတယ်လို့ထင်နေဆဲ

မဖြစ်နိုင်ဘူး..စပယ်..ယောကျာ်းရတာကိုကျနော်မယုံဘူး

သူဘယ်နည်းနဲ့မှအချစ်မပါတဲ့အိမ်ထောင်ရေး၊သူလုပ်မှာမဟုတ်

ကျနော့်နဲ့ရီးစားသက်တမ်းနှစ်နှစ်လောက်နေခဲ့ကြတာ၊သူ့စိတ်သူ့သဘောထားတွေ

ကျနော်သူ့မိဘထက်တောင်အတွင်းကျကျသိနေတယ်

စပယ်ယောကျ်ားရသွားတာစိတ်ထဲကလက်မခံ

ဒါပေမဲ့ကျနော်ငယ်သူငယ်ချင်းကျော်ကြီးကျနော့်ကိုလိမ်ပြောမှာမဟုတ်၊

ရှိသမျှအချစ်တွေစပယ့်ကိုပုံပေးထားလို့ဘယ်သူ့ကိုမှလဲချစ်လို့မရ

ကျနော့်စိတ်ထဲမှာ..စပယ်..တစ်ယောက်ဘဲရှိတယ်၊

အမေကျနော့်အကြောင်းပြောပြထားလို့အဒေါ်လဲသိတယ်

ထိုင်ဝမ်မြန်မာအသိုင်းအဝိုင်းတော်တော်များတယ်

အဒေါ်မျက်နှာကြီးတာလဲပါမယ်၊ကျနော့်ကိုလာစပ်ဟပ်တဲ့ကောင်မလေးတွေအများကြီး

နင်ဒီမှာအိမ်ထောင်ပြုပြီးနေလိုက်ပါလား...အဒေါ်တိုက်တွန်းနေတယ်

ကျနော်ထိုင်ဝမ်မှာမနေချင်ပါ၊ဒီမှာနေရင်ကျနော်ဝန်ထမ်းအဆင့်ကတက်မှာမဟုတ်၊

ကျနော်မြန်မာပြည်ပြန်ပြီးကိုယ်ပိုင်အလုပ်ဘဲလုပ်ချင်တယ်

ဒါပေမဲ့..ကျနော့်မှာအရင်းအနှီးမရှိ၊ကျနော်ဒီမှာရသလောက်ငွေစုပြီးရင်ပြန်မယ်၊

ကျနော်တို့တရုတ်လူမျိုးဆိုတာလောင်းကစားနဲ့ဖက်ပြီးမွေးလာသလားထင်ရတယ်၊

နှစ်ကူးရောက်တိုင်းဖဲရိုက်ကြတာ၊လူကြီးတွေဘာမှမပြော

ထိုင်ဝမ်ရောက်ပြီးတစ်နှစ်လောက်ကြာမှာကျနော့်ညီအစ်ကိုတွေလုပ်နေတာကိုသိခွင့်ရတာ၊

ကမ္ဘာ့ရွှေဈေးအတက်အကျကိုကြည့်ပြီးကစားကြတာ၊

မဂိုလမ်းမှာရွှေသမားတွေလုပ်တဲ့လေပတ်ကားလိုမျိုးလုပ်ကြတာ

သူတို့အခန်းထဲမှာလုပ်နေတာဘယ်သူမှမသိကြ။

ကွန်ပြူတာတွေအများကြီးနဲ့နိုင်ငံတကာကိုချိတ်ဆက်ပြီးလုပ်နေကြတယ်။

ငွေပေးငွေယူက on line banking ရှိပြီးသား၊

ဝယ်တယ်၊ရောင်းတယ်၊ဒီကြားထဲအဝယ်နဲ့အရောင်းကြား ဟချက်ကြည့်ပြီးငွေလွဲလိုက်ရုံဘဲ

ကမ္ဘာ့ဈေးကျနေတယ်၊ဝယ်သူတွေဈေးကြိုက်နေပြီ၊ဈေးကွက်ထဲမှာဘယ်သူတွေရောင်းကြမလဲ

လိုက်ရှာပြီးထည့်မယ်၊ဈေးနိမ့်ရင်ဝယ်မယ်၊

ဈေးကျလို့အဝယ်အရမ်းများနေပြီ၊ဘယ်သူရောင်းကြမလဲ၊ဒီဈေးနဲ့ပေးနိုင်မလား

အဝယ်သိပ်များလို့မပေးနိုင်ရင်၊ဩဇီကအမျိုးတွေကိုချိတ်သူတို့ပေးနိုင်မလား

နယူးယော့ကအမျိုးတွေပေးနိုင်မလား

ပေးနိုင်ရင်စာရင်းတွေမှတ်ပြီးပို့ရမယ်၊ဒီစာရင်းတွေညနေပေါက်ဈေးနဲ့ဖြတ်မယ်

ပစ္စည်းမယူကွာဟချက်တွေကိုအလောင်းအစားလုပ်တဲ့သဘော

ညနေစာရင်းချုပ်ပြီးရင်ပိုငွေလိုငွေတွေကိုဘဏ်နဲ့ပေးကြမယ်။

လွယ်လွယ်ပြောရရင်မဂိုလမ်းကလေပတ်ကားလိုဘဲ

ကျနော့်အတွက်အကိုတွေကစီစဉ်ထားပေးတာဩဇီ၊နယူးယော့စာရင်းထဲကကော်မီရှင်ပေးတယ်

အဲဒီစာရင်းတွေကိုကျနော်ကိုင်ရတယ်။

သူတို့လုပ်ပုံကိုင်ပုံတွေကကျနော်တို့ဆီမှာလုပ်လို့ရတယ်။

ကျနော့်ကိုယ်ပိုင်ငွေ၊ရန်ကုန်မှာလုပ်နိုင်တဲ့အရင်းအနှီးရလာရင်ကျနော်ပြန်တော့မယ်၊

ကျနော်ထိုင်ဝမ်မှာနေ၊နေပေမဲ့လဲကျနော်စိတ်တွေ..စပယ့်..ကိုစိတ်မကုန်သေးဘူး။

ကျနော်ချစ်တဲ့စိတ်တွေသူ့ဆီမှာကျန်ခဲ့ပြီ

#ကိုဂျစ်

#ချစ်သူ....ဝိုင်းဝိုင်းလည် အပိုင်း ( )

..............................................................................................................................................................................................................................................

…………………………………………………………………………………………………………………………………………………………………………………………….

ချစ်သူ..ဝိုင်းဝိုင်းလည် အပိုင်း ( )

ကျနော်ရန်ကုန်ပြန်ရောက်ချိန်ကျနော်အသက်သုံးဆယ်ကျော် နေပြီ၊

နှလုံးသားအမာရွတ်နဲ့လူသားဘယ်သူ့ကိုမှလဲမချစ်တော့ဘူး၊

ရန်ကုန်ရောက်တာနဲ့ ၁၉ လမ်းမှာပွဲရုံလုပ်ဖို့စီစဉ်တယ်၊ညီမလေးနဲ့ချိတ်ပြီးပဲဝယ်ရောင်းလုပ်ဖို့စီစဉ်တယ်။

အဖေ့ပွဲရုံကျနော့်ညီမလေးဦးစီးနေပြီ

အဖေလဲအသက်နဲနဲရလာပြီ၊ညီမလေးဘဲဆုံးဖြတ်ပြီးလုပ်နေပြီ

ငယ်ငယ်ထဲကပဲဝယ်ရောင်းလုပ်ခဲ့တဲ့ကျနော်၊ဒီအလုပ်ဘဲဆက်လုပ်မယ်။

ကျနော်တို့မြန်မာနိုင်ငံတော်ကြီးကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအောက်မှာဆက်လက်ရှင်သန်ဆဲ

အခြားတိုင်းပြည်မှာလုပ်ခဲ့တဲ့ကျနော်၊ကိုယ့်တိုင်းပြည်မှာလုပ်ရတာ၊မလုပ်နိုင်တာဘာမှမရှိ။

ထိုင်ဝမ်မှာနားလည်ခဲ့သောပညာနဲ့လုပ်ဖို့ရည်ရွယ်ထားတယ်။

ငွေမစိုက်ရဘဲလုပ်တဲ့ပညာ၊

ကျနော်တို့ပဲလောကမှာအမှန်တကယ်ဝယ်တဲ့ကုန်သည်တွေရှိသလို၊

ဝယ်လှောင်တဲ့လှောင်လက်တွေလဲရှိတယ်၊ဒါကိုကစားတာလို့ခေါ်လို့ရတယ်။

အမှန်တကယ်ဝယ်တဲ့ပွဲရုံတွေက..လှေသမားတွေ၊မြဝတီကုန်သည်တွေကိုချိတ်ဆက်ပြီးရောင်းကြတယ်။

သူတို့ကို၊ပစ္စည်း အပ်ကိုအပ်ရမယ်၊သူတို့ပဲတွေကိုအောက်လမ်းနဲ့ပို့ကြမှာ

လှောင်လက်တွေကိုပစ္စည်းအပ်စရာမလို၊ဈေးတက်လို့သူတို့ရောင်းချင်ရင်ဈေးဖြတ်ပြီးငွေရှင်းပေးလိုက်၊

ကျနော်ကလှောင်လက်တွေဝယ်တာသဘောကျတယ်။

ကျနော့်မှာပစ္စည်းရှိတာ၊မရှိတာစဉ်းစားစရာမလို

ဝယ်ဈေးသတ်မှတ်ပြီးရင်ငွေပေးမယ်၊သူကြိုက်ဈေးရလို့ရောင်းရင်ကျနော်ငွေရှင်းပေးရမယ်။

ဒါပေမဲ့ ယုံကြည်မှုရှိတဲ့လူမျိုးတော့ဖြစ်ရမယ်။

တောင်ငူအဖေ့ပွဲရုံကိုလူတွေယုံပြီးသား၊ဒါကြောင့်ကျနော့်ကိုလဲယုံကြည်ကြတယ်။

ပစ္စည်းရှိလားမေးရင်၊တောင်ငူဂိုဒေါင်မှာအပြည့်၊ကြိုက်တဲ့အချိန်ယူချင်ရင်ယူလို့ရတယ်

တောင်ငူမှာလဲကျနော့်ပဲတွေထားထားတယ်၊

လှောင်လက်ချပေးတဲ့ငွေတွေအခြားလုပ်ငန်းတွေမှာလှည့်လို့ရတယ်

လုပ်စရာမရှိရင်ငွေတိုးချစားလို့ရတယ်။

မြန်မာပြည်ပဲဈေးကွက်ကပဲပေါ်ချိန်မှာဈေးကျပြီ၊ရာသီကုန်ပြီဆိုရင်ပဲဈေးတက်ပြီ

ထုံးစံလိုဖြစ်နေတယ်။ပဲထွက်ပြီဆိုရင်ရှိသမျှငွေအကုန်ဝယ်ပြီးလှောင်ထားတယ်။

ရာသီကုန်ပြီလက်ကျန်နဲလာပြီဆိုဈေးကလှုပ်လှုပ်နဲ့တက်လာပြီ

ကျနော့လိုဘဲလှောင်လက်တွေပဲပေါ်ချိန်ဆိုငွေအပုံလိုက်ချဝယ်ပြီ၊

ကျနော့်ဆီမှာပဲပေါ်ချိန်ဆိုလှောင်လက်ချထားတဲ့ငွေတွေအပုံလိုက်ရှိတယ်။

ဈေးနိမ့်မယ်ထင်တဲ့အခြားပစ္စည်းတွေဝယ်၊ပြီးပြန်ရောင်း

ဒီလိုနဲ့ဘဲလုပ်ကိုင်နေတာမြန်မာပြည်မှာနေသားကျလာပြီ

ဒါပေမဲ့..ညရောက်ရင်ကျနော်..စပယ်..ကိုသတိရပြီ

မေ့ဖျောက်လို့လဲမရ၊ခုချိန်ဆိုရင်သူသားသမီးဘယ်နှစ်ယောက်ရနေပြီလဲလို့တွေးနေမိတယ်။

အကယ်၍များသူနဲ့ပြန်ဆုံဖြစ်ခဲ့ရင်၊သူလွတ်လပ်တဲ့လူတစ်ယောက်သာဖြစ်ခဲ့ရင်မင်းဘာဆက်လုပ်မလဲလို့

ကိုယ့်ကိုကိုယ်မေးကြည့်ပါတယ်။

ကျနော်သူ့ကိုလက်ထပ်ချင်တယ်၊

စပယ်..ဘယ်ဘဝရောက်ရောက်လွတ်လပ်တဲ့သူဖြစ်ခဲ့ရင်ကျနော်သူ့ကိုယူမယ်၊

ကျနော့်အချစ်တွေ..သူ့ဆီပုံထားပေးခဲ့ပြီလေ...

သူဘယ်လိုဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ကျနော်ခွင့်လွတ်တယ်

ဒါပေမဲ့သူတို့ဇာတ်တိုက်ခဲ့သောကြည့်မြင်တိုင်၊ထီးတန်းဖက်ကိုစိတ်နာလို့တခါမျှမသွားဖြစ်ခဲ့ပါ။

အမှတ်မထင်သတင်းစာကိုင်မိရင်၊ဇာတ်ပွဲကနေတဲ့နေရာတွေလိုက်ကြည့်ဖြစ်တယ်။

“ခိုင်စပယ်ဖူးအငြိမ့်”ကိုမမြင်တော့ဘူး၊”မခင်နှင်းဆီအငြိမ့်”ကိုတွေ့တွေ့နေတယ်။

ခေါင်းဆောင်မင်းသမီးနာမည်ကအခြားတစ်ယောက်နာမည်၊

စိတ်ထဲ...စပယ်..နာမည်ပြောင်းလိုက်သလားထင်ပြီး၊တခါဝင်ကြည့်လိုက်သေးတယ်။

စပယ်..မဟုတ်ပါ၊သူလဲသူ့အိမ်ထောင်နဲ့ဖြစ်နေပြီလို့ထင်ပါတယ်။

ကျနော်ရန်ကုန်မှာအခြေကျနေပြီ၊

လုပ်စားကိုင်စားလို့အဆင်ပြေတဲ့ရန်ကုန်၊ဒါပေမဲ့အချစ်မရှိတဲ့နှလုံးသားနဲ့သွားလာလှုပ်ရှားနေတဲ့ဘဝ၊

ကိုယ့်ကိုကိုယ်ပြန်စဉ်းစားမိတယ်၊ငါဘာအတွက်အလုပ်လုပ်နေရတာလဲ

သူငယ်ချင်းတွေအားလုံးကျနော့်ကိုလူပျိုကြီးလို့နောက်နေကြပြီ

ရန်ကုန်ပဲလောက၊ကျနော့်ကစားသမားဆန်တဲ့လုပ်ကွက်တွေကြောင့်အချို့ပွဲရုံတွေဖေါက်သည်လျှော့ကုန်တယ်။

သူတို့လူတွေကျနော့်ဆီရောက်လာတယ်၊ကျနော့်ကိုအမြင်မကြည်ကြဘူး။

ဒါတွေကအဓိပ္ပါယ်မရှိဘူး၊ကျနော်လုပ်နိုင်သလိုမျိုးသူတို့လဲလုပ်နိုင်တယ်။

ပင်လယ်ရေဘယ်သူသောက်သောက်ပါ၊တစ်ယောက်ထဲသောက်မကုန်ပါဘူး၊

မတ်ပဲကိုနှစ်တိုင်းလုပ်နေကျ၊ဘာမှအတားအဆီးမရှိဘူး၊

ပြည်တွင်းကထွက်တဲ့သီးနှံလွတ်လွတ်လပ်လပ်ရောင်းဝယ်ခွင့်ရှိတယ်။

ကျနော်အဖမ်းခံလိုက်ရတဲ့နှစ်ကျမှဘာတွေဘယ်လိုဖြစ်ကုန်လဲမသိတော့ပါ။

ကိုယ့်ဆီမှာကိုယ့်ငွေနဲ့ကိုယ်၊ကောင်းရောင်းကောင်းဝယ်လုပ်စားလို့လဲမရ၊

အမှန်ကကျနော်ပေါ့ဆတာ၊အမိန့်ထွက်တာနဲ့မတ်ပဲဈေးတွေခုန်တက်ကုန်တယ်။

ချက်ချင်းတောင်ငူမှာလိုက်သိမ်းခိုင်းတယ်။

အောက်လမ်းထွက်မဲ့ကုန်သည်တွေနဲ့ရိုက်ထားပြီးသား၊

စက်လှေစောင့်နေပြီ၊ဆိပ်ကမ်းကဏ္ဍကျနော့်နဲ့မဆိုင်

ကျနော့်ကားရောက်ရင်ဆိပ်ကမ်းထဲတန်းသွားပြီးပစ္စည်းချမယ်။

သူတို့ကြိုစီစဉ်ထားပြီးသား၊အားလုံးသူတို့ညှိုပြီးသား။

ကျနော့်ပစ္စည်းကသူတို့ဆီမရောက်လိုက်ဘူး၊ကျနော့်လက်ထဲမှာဖြစ်တဲ့ကိစ္စသူတို့နဲ့မဆိုင်။

အပြင်ရောက်ရင်ကျနော်ကိုအမိန့်ချတဲ့တရားသူကြီးကိုကျနော်သိချင်တယ်။

အပြင်မှာလှုပ်ရှားနေတဲ့ကျနော်၊အင်းစိန်ထောင်ထဲမှာအနေကြပ်တာကလွဲလို့အဆင်ပြေတယ်။

ကျနော့်အပေါင်းအသင်းတွေကအဆင်ပြေအောင်လုပ်ပေးနေကြတယ်

လုပ်စရာဘာမှမရှိ၊စဉ်းစားစရာတွေးစရာတွေဘဲရှိတယ်။

ထုံးစံအတိုင်းကျနော့်ခေါင်းကို..မစပယ်..သူဘဲရောက်ရောက်လာတယ်။

ကျောင်းသားဘဝသူကနေတဲ့အငြိမ့်ကိုသွားကြည့်နေတဲ့ပုံရိပ်တွေ၊

ရုပ်ရှင်ပြနေသလိုတစ်ခုပြီးတစ်ခုပေါ်လာတယ်၊

အတွေးထဲမှာ..သူ့ကိုကျနော်ချစ်နေဆဲဘဲ

စပယ်ကိုမမြင်တာဆယ်နှစ်ကျော်နေပြီ၊

ကျနော်မေ့ဖျောက်လို့မရပါ၊ကျနော့်ဘဝ၊တစ်ယောက်ထဲချစ်ခဲ့တဲ့ကျနော်၊

ကျနော်နှလုံးသားမှာ..စပယ့်ရုပ်ပုံလွာတွေပြည့်နေတယ်။

မည်သူ့ရုပ်ပုံကိုမှရေးထိုးဖို့ကျနော့်နှလုံးသားထက်မှာနေရာမရှိတော့ပါ

………………………………………………………………………………………………………………………………………………………………..

သန်ံရှင်းလတ်ဆတ်နေသောလေကိုရှုရှိုက်တဲ့ခဏလေးမှာဦးနှောက်တွေကြည်လင်လန်းဆန်းလာပါတယ်၊

ထောင်ဒဏ် သုံးနှစ်ချခံထားရတဲ့ကျနော်၊နှစ်နှစ်လောက်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့အပြင်ပြန်ရောက်လာတယ်။

အင်းစိန်ထောင်ကအကြောင်းတွေမစဉ်းစားချင်တော့ပါ၊

အားလုံးပြည်ဖုံးကားချခဲ့ပြီ၊လူသစ်စိတ်သစ်နဲ့ဘဝသစ်ကိုပြန်စတော့မယ်။

ဒါပေမဲ့ကျနော့်အသဲနှလုံးကအရင်အဟောင်းပါဘဲ၊နှလုံးသားအသစ်မဖြစ်နိုင်တော့ပါ။

သူ့တစ်ယောက်ကိုချစ်ခဲ့တဲ့ကျနော်နှလုံးသား၊အသစ်ဘယ်တော့မှမဖြစ်နိုင်တော့ပါ။

ကျနော်သိချင်တာတွေရှိနေတယ်၊စုံစမ်းရအုန်းမယ်။

နိုင်ငံတော်နဲ့ပတ်သက်နေတဲ့ကျနော့်အမှုကိုမြို့နယ်ရုံးကအမိန့်ချခဲ့တယ်။

အဲဒီအချိန်ကပြည်သူ့တရားစီရင်ရေး ၃ ဦးကော်မီတီရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ခဲ့ကြတယ်။

တရားသူကြီးကိုလမ်းစဉ်ပါတီကခန့်ခဲ့တယ်။

တရားသူကြီးကတရားရေးအကြံပေးနဲ့ဥပဒေအကြံပေးတို့ရဲ့တရားစီရင်ရေးအကြံပြုချက်ကိုမှီငြမ်းပြီး

အမိန့်ချခဲ့တယ်။ကျနော်နာမည်သိချင်တယ်။

နာမည်စာရင်းလာပေးတယ်။

တရားသူကြီးနာမည်...ကျနော်မသိချင်ဘူး၊

ဥပဒေအကြံပေးနာမည်...ကျနော်မသိချင်ဘူး၊

တရားရေးအကြံပေး...ဒေါ်ခိုင်စပယ်..ကြည့်မြင်တိုင်....မှာနေတယ်။

ဒီလောက်သိရင်လုံလောက်ပြီ၊

မမှားလောက်ဘူးဆိုရင်ဒေါ်ခိုင်စပယ်..ဟာ...စပယ်..ကလွဲပြီးအခြားသူတွေမဖြစ်နိုင်ပါ

သူနဲ့ကျနော်ဝေးနေတာ ဆယ်နှစ်တော်တော်ကျော်ခဲ့ပြီ။

သူ့အတွေ့အကြုံ၊လုပ်သက်နဲ့ဆိုရင်တရားသူကြီးဖြစ်နေလောက်ပြီ။

အော်...စပယ်...စပယ်...နင်ငါ့ကိုရာဇဝင်အကြွေးဆပ်လိုက်တာလား

ဒါမှမဟုတ်...မင်းခယောကျ်ား...ကမ်းနားသစ်ပင်...ဘဝနဲ့ငါ့ကိုအမိန့်ချတာလား

ငါသိချင်တယ်...ငါသိချင်တယ်။

တနင်္ဂနွေတစ်ရက်မနက် ၈ နာရီလောက်စပယ်တို့ခြံရှေ့ကျနော်ရောက်နေတယ်။

အရာရာဟာပြောင်းလဲနေပြီ၊အရင်ဇာတ်တိုက်နေတဲ့ပျဉ်ထောင်အိမ်ကြီးနေရာမှာ

သံဘင့်တွေနဲ့ဆောက်ထားတဲ့ဆောက်အဦးမြင့်မြင့်ကြီးကိုတွေ့တယ်

အထဲမှာဇာတ်ခုံလိုမျိုးဆင်ထားမယ်လို့တွေးကြည့်ပါတယ်။

အရင်..စပယ်တို့မိသားစုအိမ်နေရာမှာသုံးထပ်အိမ်ဖြစ်နေပြီ

ခြံပေါက်ဝမှာကောင်လေးတစ်ယောက်တွေ့လို့

ဒီအိမ်က..ဒေါ်ခိုင်စပယ်တို့အိမ်လား

.....ဟုတ်ပါတယ်...

အကိုအလုပ်ကိစ္စနဲ့လာတာပါ၊ဒေါ်ခိုင်စပယ်နဲ့တွေ့ချင်လို့ပါ

ကောင်လေးကအိမ်ဖက်ပြေးသွားတယ်၊ကျနော်ခြံရှေ့မှာရပ်စောင့်နေတယ်။

တော်တော်ကြာတယ်၊ဘယ်သူမှထွက်မလာဘူး

နောက်ကျတော့မှစပယ့်အဖေနဲ့အမေ..မျက်နှာပျက်ပျက်နဲ့ထွက်လာတယ်။

ကိုဇော်လတ်ပါလား...စပယ်ဒီမှာမနေဘူးကွဲ့၊သူကအခြားမှာနေတယ်၊သူ့အဖေအပြော

သူ့အမေကအပြင်သွားနေတယ်လို့တစ်ယောက်တလွဲပြောနေကြတယ်၊

....ဦးနဲ့အန်တီနေကောင်းကြတယ်နော်..

....ကျနော်..စပယ့်ကိုစကားနဲနဲဘဲပြောပြီးပြန်မှာပါ၊ကျနော့်ကိုစကားပြောခွင့်ပြုပါ..

သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမျက်နှာပျက်နေကြတယ်။

သူတို့ကျနော်ဒီကိုလိုက်လာမယ်လို့လုံးဝမထင်ထားကြဘူး၊ပြောတာတွေလွဲနေတယ်။

နောက်ပြီးစိတ်ထဲက..စပယ်အိမ်ထဲမှာရှိနေတယ်ဆိုတာကျနော်သိနေတယ်၊

...ရပါတယ်၊ကျနော်..စပယ်ပြန်လာတဲ့ထိစောင့်နေမယ်..ညမိုးချုပ်ပေ့စေကျနော်စောင့်နေမယ်

...ကျနော်ကိုစပယ်နဲ့တွေ့ခွင့်ပေးပါ...

သူတို့အိမ်ထဲဝင်ဖို့မဖိတ်ခေါ်ဘဲအထဲပြန်ဝင်သွားကြပြီ

ကျနော်သိတယ်၊စပယ်ရှိနေတယ်

သူတို့ခြံရှေ့ရေမြောင်းအုတ်ခုံလေးပေါ်ထိုင်ချလိုက်ပါတယ်။

အချိန်ကြာမယ်လို့စိတ်ထဲသတ်မှတ်ထားပါတယ်။

ကျနော့်ရင်ထဲမှာမေးချင်တာစကားနှစ်ခွန်းဘဲရှိတယ်

ကျနော့်ကိုရာဇဝင်အကြွေးဆပ်လိုက်တာလား

တာဝန်အရလုပ်တာလား

ရောက်လာတဲ့အချိန် မနက် ၈ နာရီ၊အခုတစ်နာရီထိုးနေပြီ

ကျနော်အုတ်ခုံမှာထိုင်နေတာ ၅ နာရီကြာခဲ့ပြီ။ရတယ်..မိုးချုပ်ထိထိုင်စောင့်နေမယ်

ရင်ထဲကအဖြေရှင်းရှင်းလင်းလင်းသိပြီးမှပြန်မယ်၊….ဆက်စောင့်မယ်

နေ့လည်တစ်နာရီခွဲလောက်မှာမနက်ကတွေ့တဲ့ကောင်လေးကျနော့်ကိုလာခေါ်တယ်။

အိမ်ထဲလိုက်ဝင်လိုက်တယ်၊တွေ့ပါပြီ...ကျနော်အတွေ့ချင်ဆုံး...မစပယ်...

ဆယ်နှစ်ဆယ်မိုးမျော်လင့်၊တောင့်တခဲ့သောမျက်နှာပိုင်ရှင်ကိုတွေ့ရပါပြီ

ဧည့်ခန်းဆက်တီမှာထိုင်နေတယ်၊

ထိုင်ပါ...ဦးခင်ဇော်လတ်..

....ဟုတ်ကဲ့ပါ.....

ပြောပါ..ကျမကိုဘာပြောချင်လို့ပါလဲ..

ကျနော်သူ့မျက်နှာကိုငေးကြည့်နေမိတယ်၊တည်ငြိမ်၊ရင့်ကျက်နေတဲ့မျက်နှာပိုင်ရှင်

ဒါပေမဲ့သူ့မျက်လုံးကအငိုမျက်လုံး၊ကျနော်သိတယ်၊စိတ်ထဲကအလိုလိုသိနေတယ်

ခန္ဓာကိုယ်အရင်အတိုင်းဘဲ၊မပြောင်းလဲပါဘူး၊သူ့ဘေးမှာမိဘတွေကိုမတွေ့ပါ

ဒေါ်ခိုင်စပယ်...ကျနော့်ကိုချလိုက်တဲ့ပြစ်ဒဏ်ကတာဝန်အရလား

ကျနော့်မိဘကြောင့်လွဲခဲ့ရတဲ့အဖြစ်ကြောင့်ကျနော့်အပေါ်အညှိုးနဲ့ချခဲ့တာလား

....ကျမတရားရေးဝန်ထမ်းတစ်ယောက်အနေနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်လို့သတ်မှတ်ပြီးအကြံပေးခဲ့တာပါ

....ဒီပုဒ်မထဲမှာနိုင်ငံတော်နဲ့ပတ်သက်နေလို့အမြင့်ဆုံးအပြစ်ဒဏ်သေဒဏ်ထိချလို့ရတယ်ဆိုတာ

...ဦးခင်ဇော်လတ်သိပါတယ်နော်...

ဟုတ်ကဲ့...ကျနော်သိပါတယ်၊ဘာဖြစ်လို့ကျနော့်ကိုသေဒဏ်အမိန့်မချခဲ့လဲ

ကျနော့်ဘဝ..စပယ်..စွန့်ပြီးကထဲကသေလူတစ်ယောက်ဖြစ်နေပါပြီ

ကျနော့်မေတ္တာတွေကို..စပယ့်ကိုပေးပြီးထဲက..

ဘယ်သူ့ကိုမှပေးစရာလဲမရှိတော့ပါဘူး

ကျနော်ချစ်တဲ့သူနဲ့မဆုံရတဲ့ကျနော့်ဘဝ...သေလူတစ်ယောက်လိုပါဘဲ...

ကျနော်ကိုဘာလို့သေဒဏ်မချခဲ့တာလဲဗျာ...

ကျနော့်မှာသံယောဇဉ်ထားရမဲ့လူမရှိတဲ့တစ်ယောက်ထဲသမား၊

အဓိပ္ပယ်မရှိတဲ့ဘဝကိုလျှောက်နေတဲ့ကျနော့်ဘဝသေသွားတာကောင်းပါတယ်ဗျာ

စပယ့်မျက်နှာကြည့်ပြီးနှုတ်မှတတွတ်တွတ်ရွတ်နေမိတယ်....

စပယ်...ကျနော့်မျက်နှာကိုငေးကြည့်နေတယ်၊

......ဦးခင်ဇော်လတ်ဆိုလိုတာကမိသားစုထိုင်ဝမ်မှာကျန်နေတာကိုပြောတာလား

ကျနော်တစ်ယောက်ထဲသမား၊ကျနော့်မှာဘာမိသားစုမှလဲမရှိဘူး

ကျနော့်အိမ်ကလဲကျနော့်ကိုစွန့်ထားတယ်။

.....ဘာဖြစ်လို့တောင်ငူမပြန်တာလဲ၊မိဘဆိုတာသားသမီးကိုကောင်းစေချင်တဲ့မေတ္တာနဲ့ပါ

ဒါပေမဲ့ဗျာ...ကျနော်မျော်လင့်ခဲ့တဲ့ဘဝ၊ကျနော်တို့မိသားစုကြောင့်ဝေးခဲ့ရတယ်လေ

ကျနော်အိမ်မပြန်ချင်တော့ဘူး၊

ကျနော့်မျော်လင့်ချက်ပျောက်ဆုံးကုန်တာစဉ်းစားမိတိုင်းရင်နာတယ်

စပယ့်မျက်နှာကိုကျနော်ငေးကြည့်နေမိတယ်၊

....ကိုလတ်...ဘာကြည့်နေတာလဲ

နင့်မှဲ့ကိုကြည့်နေတာ၊ငါမြတ်နိုးခဲ့တဲ့မှဲ့လေးကိုပိုင်ခွင့်မရတော့လို့

....အော်..အကိုကလဲ...

နင်တို့မိသားစုရော

....စပယ်စဉ်းစားပြီးမှ၊ အပြင်သွားကြတယ်

သားသမီးဘယ်နှစ်ယောက်ရပြီလဲ...

....သမီးတစ်ယောက်...

ဘယ်နှစ်နှစ်လဲ....

....ငါးနှစ်.....

ကလေးတွေတောင်ငါးနှစ်ရှိပြီ၊ငါ့ဘဝခြောက်ကပ်ကပ်နဲ့လျှောက်လာတာဆယ်စုနှစ်တွေတောင်ကျော်ခဲ့ပြီ

.......ကိုလတ်...မနက်ဖြန်အားလား၊ကျမရုံးကခွင့်ယူထားတယ်

......ကျမတို့မိသားစုနဲ့မိတ်ဆက်ပေးမယ်၊ကိုလတ်..လာချင်စိတ်ရှိရင်ထမင်းအတူတူစားကြရအောင်

နင်တို့မိသားစုနဲ့ဆုံဖို့ငါတော်တော်အားတင်းပြီးလာရမှာ

ပိုင်ရှင်ရှိပြီးသားနင့်ကို...နောက်ဆုံးတွေ့တဲ့အနေနဲ့လာခဲ့မယ်..၊

ဒါနောက်ဆုံးတွေ့ခြင်းဘဲ

ငါ့ရှေ့မှာနင်တို့မိသားစုကိုမြင်နေရရင်၊ငါ့နှလုံးသားတွေခံနိုင်မှာမဟုတ်ဘူး

ဒါပေမဲ့...ငါလာခဲ့ပါ့မယ်....

ဧည့်ခန်းထဲမှာဘယ်သူမှမရှိကြပါ၊ရင်ထဲရှိတာတွေထုတ်ပြောလိုက်ရတာနဲနဲပေါ့သွားတယ်

ညရောက်တော့လဲ..စပယ့်ကိုသတိရတာဘဲ

ညဉ့်နက်သန်းကောင်အိပ်မရတဲ့ညတွေ၊ဒီအချိန်ဆိုသူ့အမျိုးသားရင်ခွင်ထဲမှာအိပ်နေရော့မယ်

…………………………………………………………………….

ကျနော်..စပယ့်သမီးလေးအတွက်..လက်ဆောင်ဝယ်သွားပေးမယ်၊

ကျနော်ပေးမဲ့ပစ္စည်းက၊ကလေးအတွက်ကြီးချင်ကြီးနေမယ်

ကျနော်တို့ဆီမှာကလေးနဲ့ရွှေ၊မအပ်စပ်၊အန္တာရာယ်များလွန်းတယ်

သမီးလေးကြီးလာတဲ့အချိန်၊ဆင်လို့ရအောင်အမှတ်တရပေးတဲ့သဘောပါ

ရွှေကြိုးတုတ်တုတ်၊အပျိုအရွယ်ဆင်ကြတဲ့နားဆွဲဒီဇိုင်းလေး

လက်ဆောင်လေးကိုကြည့်ပြီးကျနော်ရင်နာလိုက်တာ..မဆုံဖြစ်ခဲ့တဲ့ဘဝတွေ

မနက် ၁၁ နာရီလောက်ရောက်သွားတယ်၊

ကျနော်တွေ့ချင်တဲ့..စပယ်..လန်းလန်းဆန်းဆန်းနဲ့ကြိုနေတယ်၊

ကျနော်လာမှာကိုသိနေသလို၊ဝမ်းသာနေသလိုမျိုးခံစားနေတဲ့ပုံ၊

ဒီလိုနေ့မျိုးတွေကျနော်နောက်ဆုံးနှစ်တုန်းကတွေ့ကြုံခဲ့ပြီးပြီ

အဲဒီအချိန်တုန်းကသူရော၊ကျနော်ပါ..လွတ်လပ်နေတဲ့အချိန်

အခုက...အရင်အခြေအနေနဲ့မတူပါ

သမီးလဲမတွေ့ပါလား၊

…….သူ့အဖိုးအဖွားဘုရားသွားမယ်ဆိုလို့လိုက်သွားကြတယ်၊

နောက်အမျိုးသားရော...

....ကားမောင်းပို့တယ်

ရော့..ဒီမှာ..သမီးလေးအတွက်လက်ဆောင်

....ကျမကြည့်လို့ရလား

ကျနော်ကမ်းပေးလိုက်တယ်။

.....ဟင်....ကိုလတ်၊လက်ဆောင်ကလဲလူကြီးဒီဇိုင်းတွေ...

....စပယ်..ပစ္စည်းတွေထုတ်ကြည့်ပြီး..

...ညီမ..ဝတ်ကြည့်ချင်တယ်၊ကိုလတ်ဆင်ပေးပါလား..

ရွှေကြိုးလေးကို၊စပယ်နောက်ကျောကရပ်ပြီး..လချိပ်ဖြုတ်ပြီးဆင်ပေးလိုက်တယ်၊

နားဆွဲလေးကိုသူ့ပုလဲနားကပ်ဖြုတ်ပြီးပန်ပေးလိုက်တယ်,

ဒီအခိုက်စိတ်တွေငယ်ဘဝကိုရောက်သွားသလိုဖြစ်ပြီး

သူ့ပုခုံးလေးကိုကိုင်ရင်း..စပယ်ပါးကိုနမ်းမိလုမတတ်

စပယ်လဲသူ့ပါးလေးကိုကျနော့်ဆီထိုးပေးလာခဲ့တယ်

ဘုရား..ဘုရား...ပိုင်ရှင်ရှင်ရှိပြီးအိမ်ထောင်သည်ကိုအပြစ်ကျူးလွန်မိတော့မယ်၊

လက်ကိုလွတ်ချပြီး၊ထိုင်ခုံပေါ်ခေါင်းငိုက်စိုက်နဲ့ထိုင်ချမိလိုက်တယ်၊

ချစ်လျက်နဲ့လက်လွတ်လိုက်ရခြင်းဆိုသောအသိတွေက

ဝမ်းနည်းစိတ်တွေတလိမ့်လိမ့်တက်လာပါတယ်

ဒီအချိန်ကျနော့်မျက်လုံးအိမ်ထဲကမျက်ရည်တွေအလိုလိုထွက်ကျလာပါတော့တယ်။

“ငါ..ပြန်တော့ရင်ကောင်းမယ်၊ကြာရင်ငါ့အသဲတွေနှုတ်နှုတ်စင်းသလိုကျေမွကုန်တော့မယ်”

....မပြန်ပါနဲ့၊ထမင်းစားကြရအောင်...

....လာ..ကိုလတ်...

စပယ်ကျနော့်လက်ဆွဲပြီး၊ထမင်းဝိုင်းကိုခေါ်လာခဲ့တယ်၊

ကျနော်လဲသူဆွဲရာနောက်ကိုလိုက်ခဲ့မိတယ်

ဟင်းတွေက..ပဲကြီးနှပ်၊ ငါးခူရဲ့ယိုရွက်နဲ့ဆီပြန်ချက်...

ဒါကျနော့်အကြိုက်...သူချက်ကျွေးနေကျဟင်း....

သူတို့အိမ်မှာထမင်းစားတဲ့အချိန်တုန်းစပယ်ချက်ကျွေးခဲ့တာ

ကျနော့်ဘေးမှာသူထိုင်ရင်းငါးခူအရိုးဖယ်ပြီးကျနော့်ပုဂံထဲထည့်ပေးရင်း

သီချင်းငြီးလိုက်သေးတယ်။သူဆိုနေကျသီချင်း....

 

သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...

တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...

ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း

ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...

မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”

“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”

“ချစ်သူ...ဝိုင်းဝိုင်းလည်.....”

....စပယ်..နင်ဘာသဘောလဲ...နင့်အမျိုးသားမြင်ရင်ပြဿနာတက်ကုန်မယ်

ကိုလတ်..ကို..တခုမေးမယ်..ကျမတခုလပ်ဆိုရင်ကျမကိုဘယ်လိုသဘောထားမလဲ

....နင်ဘာတွေပြောနေတာလဲ...ငါ့စိတ်ထဲမှာတခုခုဖြစ်နေသလိုဘဲ

ဟုတ်တယ်၊ကျမတခုလပ်ဖြစ်နေတယ်၊ကိုလတ်ကျမကိုယူချင်စိတ်ရှိသေးလား

.....နင်ဘယ်လိုပြောလိုက်တာလဲ၊နင်ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ငါလက်ခံတယ်၊ငါယူမယ်

....သူများသားမယားကိုတော့မပြစ်မှားဘူး၊ငါထောင်ထဲထပ်မဝင်ချင်တော့ဘူး

တရားသူကြီးကျမကအကို့ကိုလုပ်မလား..အကိုရယ်

ယောကျ်ားတစ်ယောက်စွန့်ပြစ်ခံခဲ့ရတဲ့ကျမပါ၊ကျမအခုလွတ်လပ်နေတဲ့မိန်းမတစ်ယောက်ပါ

ကိုလတ်ကျမကိုစိတ်ရှင်းရှင်းနဲ့ယူနိုင်တဲ့သတ္တိရှိလားကျမသိချင်တယ်

ကျမအပေါ်အရင်ကချစ်တဲ့စိတ်မျိုးနဲ့ပြန်ချစ်နိုင်မလား

ပတ်ဝန်းကျင်ကိုရင်ဆိုင်ရဲရဲ့လား

ကျမအခု Single ဖြစ်နေပြီနော်

....ယူမယ်၊ငါအခုယူမယ်၊ရုံးတက်လက်မှတ်ထိုးမယ်

နိုး..နိုး...ချက်ချင်းကြီးမဆုံးဖြတ်ပါနဲ့၊ဖြေး..ဖြေး..စဉ်းစားပါ...ကျမဘယ်မှမထွက်ပြေးပါဘူး

....ငါနင့်ကိုအခုယူချင်တယ်၊အရင်ကလိုငါ့ကိုပြစ်သွားမှာစိုးရိမ်နေတယ်

ကျမဘယ်မှမပြေးပါဘူး၊ကျမလိုတစ်လင်ကွာမိန်းမကိုလူတွေကအထင်သေးကြပါတယ်

အကိုဖြေးဖြေးစဉ်းစားပါ၊အိမ်နဲ့တိုင်ပင်ပါအုန်း

...ဘာတိုင်ပင်စရာလိုလို့လဲ၊ငါ့ကိုသားအဖြစ်ကစွန့်ထားတာနင်လဲသိတယ်

အကိုဖြေးဖြေးလေးလေးနက်နက်စဉ်းစားဆုံးဖြတ်ပါ

ကျမ...အကို့ကိုချစ်နေဆဲဘဲ၊ကျမကိုမယူလဲကျမဆက်ပြီးချစ်နေမဲ့သူပါ

......ငါအမြတ်တနိုးနမ်းခဲ့တဲ့ပန်းကိုနင်းချေစွန့်ပြစ်လိုက်တဲ့လူတွေလဲရှိသေးတယ်နော်

လူတိုင်းကိုကိုယ့်စိတ်နဲ့မနှိုင်းနဲ့လေ၊လူတွေကသူ့အကြောင်းနဲ့သူပါ

……………………………………………………………..

ဒီနေ့ကျနော်ဘဝ၊ကျနော့်နှလုံးသားပြန်လည်အသက်ဝင်သောနေ့လို့ဘဲသတ်မှတ်ရမယ်၊

စပယ်...တစ်လင်ကွာ...လွတ်လပ်နေတဲ့ဘဝကိုကျနော်မြင်လိုက်တဲ့အခိုက်

ကျနော်ရင်ထဲမှာလှုပ်ရှားနေသောနှလုံးခုန်သံတွေ၊ကမ္ဘာမိုးယံသိမ့်သိမ့်ညံ

ကျနော်တို့ရှေးဟာင်းနှောင်းဖြစ်တွေပြောနေလိုက်ကြတာကျနော်ပြန်တဲ့အထိပါဘဲ။

ဒီနေ့ညကျနော်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့တယ်၊

ဘဝမှာဒီလိုမျိုးမအိပ်ခဲ့တာဆယ်စုနှစ်ကျော်နေပြီ၊

ညတရေးနိုးအိပ်မက်ဆိုးတွေကြားထဲမှာအိပ်မရတဲ့ညတွေများနေပြီ။

အင်းစိန်ထောင်ထဲမှာတုန်းကဒီထက်ပိုဆိုးခဲ့တာပေါ့

ကျနော်စိတ်ထဲမှာထူးခြားတာ၊သတိထားမိတာ...စပယ်တို့အိမ်မှာ

သူ့ဘွဲ့ရဓါတ်ပုံ၊မိဘနှစ်ပါးနောက်ကဘွဲ့ဝတ်စုံနဲ့ပုံဘဲတွေ့တယ်။

သူ့မိသားစုပုံ၊သမီးလေးပုံကိုလဲမတွေ့ပါ။

သူ့မိသားစုပုံကိုစိတ်နာလို့မချိတ်ဘူးဘဲထားပါတော့

သမီးလေးပုံလောက်တော့ချိတ်သင့်တယ်လို့ထင်ပါတယ်။

ကျနော်ပြန်တဲ့အချိန်ထိသမီးလေးပြန်မရောက်သေးပါ။

နောက်ကျတော့တွေ့မှာပါလေ၊စပယ့်သမီးဆိုတော့လဲကျနော့်သမီးဘဲပေါ့

ဒီနေ့ကျနော်..စပယ်ဆီသွားမယ်၊သူရုံးဆင်းပြီးအိမ်ပြန်ရောက်ချိန်လောက်မှန်းပြီးလာခဲ့တယ်၊

ထုံးစံအတိုင်း..စပယ်..သနပ်ခါးပါးကွက်ကြားလေးနဲ့ကြိုနေတယ်။

ကျနော်တို့..ငယ်ငယ်တုန်းကအတိုင်းဘဲ၊ဝမ်းသာအားရနဲ့ကြိုနေတာ

ကိုလတ်..ကိုမနက်ထဲကမျော်နေတာ၊ငါ့အကိုငါ့ကိုရွှံ့သွားလို့မလာတော့ဘူးထင်ပြီးကျမငိုလိုက်ရတာ

........စပယ်...ငါ့ကိုနင်တခုခုပြော..နင့်မှာလျှို့ဝှက်ချက်တွေရှိနေတယ်လို့ငါထင်တယ်။

........ငါ့ကိုနင့်ဘဝအကြောင်းပြောပြ၊ငါနင့်ကိုဘယ်တော့မှစိတ်မပျက်ဘူး

ကျမဘဝမှာမှန်တယ်လို့ထင်တဲ့ဆုံးဖြတ်ချက်တခုဘဝနဲ့ရင်းပြီးဆုံးဖြတ်ခဲ့တယ်၊

ကျမရှေ့နေအကူအညီယူပြီးတရားရုံးလက်ထပ်စာချုပ်နဲ့သတင်းစာထဲထည့်ခဲ့တယ်။

မိုက်လုံးကြီးလိုက်တဲ့သမီးဆိုပြီးကျမမိဘတွေအရမ်းစိတ်ဆိုးကြတယ်၊

သူ့ဟာသူထွက်သွားပြီးသားကိစ္စနင်ဘာလို့နာမည်အပျက်ခံပြီးလုပ်ရလဲဆိုပြီးပြောလိုက်ကြတာ

နင်လုပ်ခဲ့တာနင်တသက်လုံးနောင်တရမယ်ဆိုပြီးပြောခဲ့ကြတယ်။

နောက်ပြီးယောကျ်ားယောင်ဆောင်ပေးဖို့သူငယ်ချင်း

တစ်ယောက်ကိုခေါ်ပြီးအကိုတို့တောင်ငူ,ကိုကျော်ကြီးဆီသွားခဲ့တယ်။

ဒါတွေအားလုံးလုပ်ရတာ..အကိုကျမကိုစိတ်နာသွားအောင်လုပ်ရတာပါ

အကိုကျမကိုသံယောဇဉ်ပြတ်ပြီးထိုင်ဝမ်မှာစိတ်ရှင်းရှင်းနဲ့နေနိုင်အောင်လုပ်လိုက်ရတာပါ။

ဒါပေမဲ့..ဒီနောက်ဆက်တွဲအကျိုးဆက်ကျမပြန်ခံရတယ်။

ယောကျ်ားရှိတယ်၊လင်ကိုမတွေ့တော့လင်မယားကွဲနေတယ်ဆိုပြီးလူတွေကပြောကြပြန်တယ်။

လူတွေကကိုယ့်နဲ့မဆိုင်ပေမဲ့ပါးစပ်အရသာခံပြီးပြောကြတာ၊

နောက်ပြီးကျမကိုပွဲမင်းသမီးဆိုတော့ဒီလောက်တော့ရှိမှာပေါ့ဆိုပြီးအတင်းတွေတုတ်ကြပြန်တယ်။

ကျမရုံးခန်းအရှေ့မှာ”ခိုင်စပယ်ဖူးအငြိမ့်”စာကပ်ခံရဘူးတယ်။

ကျမအငြိမ့်ကခဲ့တယ်၊ဝမ်းရေးအတွက်ကခဲ့တယ်၊ကျမ,မရှက်ပါဘူး

ဒါရှက်စရာလဲမဟုတ်ဘူး

ကျမဂရုမစိုက်ဘူး၊ကိုယ့်လမ်းကိုယ်တစိုက်စိုက်မတ်မတ်လျှောက်ခဲ့တယ်။

ဖြေရမဲ့စာမေးပွဲတွေကျိုးစားကျက်မှတ်ပြီးဖြေခဲ့တယ်။

အပြောခံ၊ဘဝနာနေတဲ့အဖြစ်ကကျမအတွက်တွန်းအားဖြစ်စေခဲ့တယ်၊

ဒါကြောင့်လဲကျမအသက်ငယ်ငယ်နဲ့မြို့နယ်တရားရေးအကြံပေးဖြစ်ခဲ့တယ်။

ကျမအကို့သတင်းတွေအမြဲစုံစမ်းနေတယ်။

အကိုရန်ကုန်ပြန်ရောက်နေတာလဲကျမသိတယ်။ ၁၉ လမ်းမှာပွဲရုံလုပ်နေတာလဲသိနေတယ်၊

ပဲလောကမှာဆရာကြီးဖြစ်နေတာလဲကျမကြားနေတယ်၊

ကျမအကို့ကိုမျှော်နေမိတယ်၊

တနေ့နေ့အကိုပေါ်လာမလားဆိုပြီးမျော်နေခဲ့မိတယ်။

အကိုမပေါ်လာဘူး၊ကျမဆင်ထားတဲ့ဇာတ်လမ်းကိုအကိုယုံသွားပြီလို့ဘဲမှတ်လိုက်တယ်။

ကျမဝမ်းနည်းလိုက်တာ၊ငါလုပ်တာမှားသွားပြီလို့တောင်ထင်ခဲ့တာ

အမှန်ဆိုရင်ကျမမှာယောကျ်ားလဲမရှိဘူး၊သမီးလေးလဲမရှိဘူး၊

အကိုနဲ့ကျမပြန်ဆုံကြတော့လဲကျမကိုင်နေတဲ့တရားခွင်ထဲမှာ

တရားခံအဖြစ်နဲ့ပြန်ဆုံခဲ့ရတယ်။

ကိုလတ်ကျမကိုမသိနိုင်ဘူး၊ကျမကတရားရေးအကြံပေးအနေနဲ့

နောက်ကွယ်ကကိုင်ခဲ့ရလို့ပါ။

ကျမစားပွဲရှေ့အကို့အမှုတွဲရောက်ချိန်ကျမပြန်သတိရတယ်။

နာမည်”ဦးခင်ဇော်လတ်”အကို့နဲ့နာမည်တူလို့ဘဲထင်မိတယ်။

မှတ်ပုံတင်နံပါတ်မြင်လိုက်တော့အကိုသေချာသွားပြီ

ကျမကိုလတ်နောက်ကိုရှဲဒိုးလိုက်နေရဲ့သားနဲ့အကိုနိုင်ငံတော်ကတားထားတဲ့

မတ်ပဲလုပ်နေတာကျမ၊မသိလိုက်ဘူး၊

ကျမညံ့သွားတယ်။ကျမကြိုသိခဲ့ရင်ကိုလတ်ပွဲရုံကိုလိုက်ပြီးတားခဲ့မှာ

တရားခံဝက်ခြံထဲမှာထိုင်နေတဲ့အကို့ကိုမြင်တိုင်းဝမ်းနဲလိုက်တာ

ညတိုင်းညတိုင်းဝမ်းနဲစိတ်နဲ့အိပ်မရခဲ့ဘူး

အကို့ကိုတပ်ထားတဲ့ပုဒ်မကနိုင်ငံတော်နဲ့ပတ်သက်နေတဲ့ပုဒ်မ၊ပြစ်ဒဏ်ကြီးလွန်းတယ်။

ကျမစိတ်ထဲမှာကျမတို့ဒီဘဝပြန်မဆုံတော့ဘူးလို့ထင်နေတာ

အကို့အိမ်ကလိုက်လာတာတွေမတွေ့တော့၊အကို့အိမ်ကိုကျမအရမ်းစိတ်ဆိုးခဲ့တယ်။

သားတစ်ယောက်ကိုဒီလိုဘဲဥပက္ခာပြုရက်သလားဆိုပြီး

ကိုကျော်ကြီးကိုနှစ်ခါလောက်လာတာမြင်ခဲ့တယ်

ထွက်မနှုတ်ဆက်ပါဘူး၊ကျမတို့တရားရေးမှာစည်းကမ်းသတ်မှတ်ချက်တွေရှိတယ်။

ဒါပေမဲ့ကျမတရားရေးအကြံပေးအနေနဲ့ရော၊ခင်နေတဲ့ဥပဒေအကြံပေးတွေ၊

ကျမရဲ့ဆရာတွေကိုကိုယ့်ဂုဏ်သိက္ခာကိုနှိမ့်ချပြီး၊အကို့ပုဒ်မကိုလျှော့ပေးဖို့အကူအညီတွေ

တရားဝင်နည်းလမ်းကျကျနဲ့လိုက်ခဲ့တယ်။

အကို့ရှေ့နေတော်လို့မဟုတ်ဘူးနော်..

.......အိမ်ကမလိုက်လာတာက၊သူတို့ကရှေးရိုးတွေ၊ကြောက်နေကြတယ်။

.......အင်းစိန်ထောင်ကိုအမေလာ‌တွေ့ပါတယ်၊

........ဒါဆိုနင်အိမ်ထောင်တကယ်မကျခဲ့ဘူးပေါ့၊

ကျမပြောပြီးပြီလေ၊စာရွက်ပေါ်မှာလက်ထပ်ခဲ့တဲ့ကျမ၊ခုထိလူတွေအတင်းပြောနေကြဆဲ

အမှန်ပြောရင်ကျမရင်ထဲမှာလဲအကိုတစ်ယောက်အတွက်ဘဲနေရာရှိပါတယ်။

စပယ်ထပြီးကက်ဆက်ဖွင့်လိုက်ပါတယ်၊သီချင်းသံလေးကပြန့်လွင့်ခဲ့ပါတယ်

ကျနော့်ဘဝ၊စပယ့်ဘဝ၊ဒီသီချင်းလေးနဲ့စခဲ့ကြတဲ့သီချင်း

 

သန့်သန့်ရှင်းရှင်းချစ်ခြင်းမြဲထားကာပင်...

တစ်ယောက်ဆိုတစ်ယောက်ထဲတပွင့်ထဲပန်ချင်...

ရွှေလကိုကြည့်မိရင်ကွယ်...မေကတော့..ပြည့်ပြည့်ဝန်းဝန်း

ရွှန်းမြမြ..ထွန်းပတာမြင်ချင်ပါတယ်...

မောင့်မျက်နှာရွှေလဝန်း...သှုန်ပါနဲ့...မှုန်ပါနဲ့...ကွယ်လေးရယ်

“စွဲမိရွှေဘဝင်၊...အကြင်နာမကုန်ပေတယ်”

“ချစ်စိတ်မငြိုငြင်...ယုံစေချင်တယ်...”

“စိတ်ချပါ့မောင်ရယ်...အငြိမ့်သမမို့”

“ချစ်သူ...ဝိုင်းဝိုင်းလည်.....”

 

#ကိုဂျစ်

#ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( )

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ