အမေနှင့်နာဂစ်အလှူ
ကျနော်တို့ညီအစ်ကိုရယ် ၁၉၈ရ ကျောင်းပြီးခဲ့သော ဘူမိဗေဒသူငယ်ချင်းများရယ် ဂျပန်ပြန်သူငယ်ချင်းအချို့ရယ် စုပေါင်းပြီး ကွမ်းခြံကုန်း မြို့နယ် တော်ကူးရွာမှာ ဧရာဝတီတိုင်း လေဘေးအကူအညီ သွားရောက်ကူညီခဲ့ကြပါသည်။ တော်ကူးအလှူကအပြန်မှာတော့ အမေ အရမ်းကျေနပ်ပြီး သာဓုခေါ်ခဲ့ပါသည်။ ကျနော်တို့တောမြို့မှာ နှစ်စဉ်နှစ်တိုင်းလိုလို မီးရေးဖြစ်တတ်ပါသည်။ အိမ်ခြေအနည်းအများပေါ် မူတည်ပြီး ဘုန်းကြီးကျောင်းများ မူလတန််းကျောင်းများတွင် မီးဘေးဒုက္ခသည်စခန်းထားရှိလေ့ရှိပါသည်။ မီးဘေးသင့်သူများကိုလည်း ပြည်သူများက တတ်နိုင်သ၍ ကူညီလေ့ရှိကြပါသည်။
အမေလဲ ကူညီလေ့ရှိပါသည်။ အမေ အမြဲကူညီသည်ကိုသိသော ရပ်ကွက်လူကြီးများ မီးရေးဖြစ်ပြီဆိုလျှင် အိမ်သို့အမြဲလာလေ့ရှိသည်။ ထမင်းထုပ်များ စားစရာများ၊ ကျနော်တို့မောင်နှမများ၏ အဝတ်အစားများကို အမြဲပေးလေ့ရှိသည်။
နာဂစ်မဖြစ်မီ တစ်လခန့်ကမှစ၍ ကျနော့်ဂိုဒေါင်ကို ခြံဝင်းအုတ်တံတိုင်းခတ်နေခဲ့ပါသည်။ ပန်းရံကြီးများ၊ လူကြမ်းများ စုစုပေါင်း အယောက် နှစ်ဆယ်ခန့် ပုံမှန်အလုပ်ဆင်းလေ့ရှိကြပါသည်။ ပန်းရံအဖွဲ့အများစုသည် ဆွေမျိုးနီးစပ်ဖြစ်ကြပြီး နေထိုင်သော ရပ်ကွက်မှာလည်း တစ်ရပ်ကွက်သားများဖြစ်ကြသည်။ သူတို့တွေ မြောက်ဒဂုံမှ အလုပ်လာဆင်းကြသည်။
နာဂစ်ဖြစ်ပြီး လေးရက်လောက်ထိ ပန်းရံအဖွဲ့များ ပေါ်မလာတော့ပါ။ ငါးရက်မြောက်နေ့မှာ အချို့ပေါ်လာကြပါသည်။ ကွင်းပြောင်ပြောင်မှာ ရှိနေသောတဲများသည် နာဂစ်ဒါဏ်ကို မခံနိုင်တော့ဘဲ အိမ်တိုင်တွေပါ ကျွတ်ခဲ့ရပါသည်။ သူတို့အားလုံး ဒုက္ခသည်စခန်းကို ရောက်ကုန်ပါတော့သည်။ လေးရက်အတွင်း ဒုက္ခသည်စခန်းမှကျွေးတာကိုစားပြီး အိမ်များကိုရရာနှင့်ပြန်ဆောက်ခဲ့ရသည်။
သူတို့နှင့်သူတို့ရပ်ကွက်အခြေအနေများကို ကြားသိခဲ့ရတော့ အမေ တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ အမေ့စိတ်ကိုကျနော်သိပါသည်။ တောမှာဆို အမေကူညီပေးပြီးလောက်ပြီ။
နာဂစ်ဖြစ်ပြီးကတည်းက အမေ ကူညီချင်စိတ်တွေ တဖွားဖွားဖြစ်နေပါသည်။ ဧရာဝတီတိုင်းကိုတော့ အမေဘယ်လိုမှ သွားလို့မဖြစ်နိုင်ပါ။ ရန်ကုန်အနီးနားတစ်ဝိုက်မှာ အမေ လှူနိုင်အောင် ကျနော်တို့ တစ်ခုခုစီစဉ်ပေးရပါမည်။
ကျနော် ပန်းရံအဖွဲ့နေသော ရပ်ကွက်ကို သွားကြည့်ပါသည်။ ရပ်ကွက်လူကြီးများနှင့်လည်း ဆုံခဲ့ပါသည်။ ကွင်းပြောင်ပြောင်မှာ ဆောက်ထားသော အိမ်ကလေးများကို နာဂစ်အသာလေးယူဆောင်သွားပါသည်။ တော်ပါသေးသည် ဒီရေလိုက်မလာလို့…..
ဒီရေလိုက်ခဲ့လျှင်တော့ ကျနော်မတွေးရဲတော့ပါ။ လူဦးရေနှင့်ယှဉ်ပြီး ဆန်အိတ်ငယ်များသို့ ခွဲထည့်ပါသည်။ အခြားစားစရာများကိုလဲ ထည့်ပေးပါသည်။ ကျနော်တိို့ ဒိုင်နာတစ်စီးစာ ဆန်နှင့်စားစရာတင်ပြီး အမေတို့ကို မြောက်ဒဂုံသို့ ပို့ပေးခဲ့ပါသည်။ ကိုယ်တိုင်လှူခဲ့ရသော အမေ ကျေနပ်အားရပြီး ပီတိမျက်ရည်ဖြာခဲ့ရပါသည်။
….ဘဝဆိုတာကြိုမသိနိုင်ပါဘူး…ကိုယ့်ဘဝလည်း ဒီလိုမျိုးမဖြစ်နိုင်ဘူးလို့ ကြိုပြောလို့မရနိုင်ပါဘူး….. အမေသံဝေဂစကားဆိုခဲ့ပါသည်။
အိမ်အပြန်ခရီးမှာ အမေတို့အားလုံး လေဘေးသင့်ပြည်သူများကို သနားသောစိတ်နှင့် ဘာမှမပြောနိုင်ကြတော့ပါ။ နှုတ်ဆိတ်နေကြသည်။ တစ်နေရာရောက်တော့ ခလေးတစ်စုကားလမ်းဘေးမှာရပ်ပြီး တစ်ခုခုအော်ပြောနေကြပါသည်။
….စားစရာရှိရင်ပေးခဲ့ပါ…
..ဆန်ရှိရင်ပေးခဲ့ပါ…..သူတို့အော်ပြောနေပါသည်။
သူတို့အော်သံကို အမေ ကြားကြားချင်း ကားရပ်ခိုင်းပါသည်။ ကျန်နေသောဆန််များကို ခွဲထည့်ပြီး အမေတို့လူကြီးသုံးယောက် ကားပေါ်မှ ဆင်းသွားကြပါသည်။
ခလေး..လေးယောက်အတွက် အထုပ်လေးထုပ်ယူသွားပါသည်။
တစ်ဦးချင်းကိုလိုက်ပေးနေစဉ် ဘယ်က ဘယ်လို ရောက်လာသည်မသိ လူကြီးတစ်ယောက်က သူလဲစားစရာမရှိလို့ပါ ပြောပြီးတော့ အမေ့လက်ထဲကအထုတ်ကို ဇွတ်အတင်း ယူသွားပါသည်။
ထိုအခါ အငယ်ဆုံးခလေးမတစ်ယောက် ဝေစုမရတော့ပါ။
သမီးကိုပေးမယ်…ပြောပြီးပေးလဲမပေးဘူး………..
ဟိုလူကြီးကိုတော့ပေးတယ်…..ငယ်တဲ့သမီးကိုတော့မပေးဘူး….
အဖွားတို့မတရားဘူး…အမေနှင့်တိုင်ပြောမယ်…ဟီး….ဟီး….ဟီး……
ပြောလဲပြော….ငိုလဲငိုပြီး..မြေနီလမ်းဘက်ဆီသို့ပြေးထွက်သွားပါသည်။
ဒါခလေးရဲ့အတွင်းသဘောဘဲ… ခလေးဆိုတာရိုးသားသည်.. အမှန်အတိုင်းပြောသည်။ လိမ်ညာတာဟန်ဆောင်တာတွေမရှိ….. မုသားမပါ…. ရင်ထဲကစကားကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည်။ ငိုငိုယိုယိုနှင့်ပြောလိုက်သော စကားသံကိုကြားမိပြီး ကျနော် စိတ်မကောင်းဖြစ်မိပါသည်။ ကျန်နေသော ဆန်တစ်ချို့၊ အမေတို့စားရန်ယူခဲ့သော မုန့်ဘူးများ အခြားစားသောက်စရာများကို စုထည့်ပြီး ကားပေါ်မှကျနော်ခုန််ဆင်းခဲ့ပါသည်။ ခလေးမနောက်သို့ အပြေးလိုက်သွားပြီး အထုတ်ကိုလှမ်းပေးလိုက်ပါသည်။ အငိုမတိတ်သေးသော မျက်နှာနှင့် မော့ကြည့်ပါသည်။
ကျနော် သူ့ဘေးမှာ ဒူးထောက်ထိုင်လိုက်ပြီး…..
ရော့..ရော့….သမီးအတွက်..ဦးယူလာတာ…သူတို့ထက် သမီးအထုပ်ကပိုစုံတယ်.
ဖွားဖွားတွေစားတဲ့မုန့်လဲပါတယ်…ဆန်လဲပါတယ်..ဦးဦးပေးတဲ့မုန်ဘိုးနှစ်ထောင်လဲပါတယ်…သမီးမငိုနှင့်တော့နော်…
သူ့ပါးပြင်မှာ စီးကျနေသောမျက်ရည်ကို သုတ်ပေးရင်း ကျနော်ပြောလိုက်ပါသည်။ လှမ်းယူရင်း အတန်ကြာတော့မှ ရှိုက်သံကြားမှသည် စကားတွေကို ပြောခဲ့ပါသည်.။
အမေ့ကိုသနားတယ်….. အမေနေမကောင်းဖြစ်နေတယ်… သမီးတို့လဲ ထမင်းမဝတာ သုံးလေးရက်ရှိပြီ… မုန့်ထုပ်ကို အမေ့ကိုကျွေးမယ်… ဦးဦးပေးတဲ့ပိုက်ဆံနှင့်ဆေးကုခိုင်းမယ်…
ကျနော်ရင်မောသွားပါသည်။ သားသမီးများသည် အမေကို ပို၍ခင်တွယ်ကြပါသည်။
ကျနော်တို့ငယ်စဉ်ဘဝမှာလည်း အမေ့ကိုသာ ပို၍ ခင်တွယ်ခဲ့ပါသည်။ ငယ်စဉ်ကဆိုရင် အမေ ပျောက်သွားမှာကို အရမ်းစိုးရိမ်ခဲ့ပါသည်။ အမေ ကျနော်တို့နှင့်အတူတူရှိနေဘို့ အမြဲတမ်း ဆုတောင်းခဲ့ပါသည်။
ကျနော့်ဆုတောင်း ဒီနေ့ဒီအချိန်ထိ ပြည့်နေပါသည်။
အမေ့အသက်ရှစ်ဆယ်နားရောက်တော့မယ်…ကျနော်တို့မောင်နှမနှင့်အတူတူရှိနေဆဲပါ။
ဒါပေမယ့် နာဂစ်လက်ချက်နှင့် ဆုတောင်းမပြည့်ခဲ့သော ခလေး ဘယ်နှစ်ယောက်ရှိနေပြီလဲ။ မနက်မိုးလင်းရင် အမေ့မျက်နှာ မြင်လိုက်ရမှ စိတ်ထဲမှာ ပြည့်စုံတယ်လို့ ထင်ခဲ့တဲ့ ကျနော်တို့ငယ်ဘဝ…………
နာဂစ်လက်ချက်နှင့် အမေပျောက်ခဲ့ရသောခလေးတွေ…
မနက်မိုးသောက်ရင် အမေကို မျှော်နေပေမယ့်လည်း မရောက်လာနိုင်တော့တဲ့ အမိမဲ့သားသမီးများရဲ့…
ရင်ထဲမှာဘယ်လိုခံစားနေကြရရှာမလဲ…
…နေလိုလလိုတွယ်တာခဲ့သောအမေပျောက်ဆုံးနေရှာတဲ့သားသမီးတွေရဲ့ရင်ထဲမှာ………
Comments
Post a Comment