အကုသိုလ်

 

အကုသိုလ်

ရန်ကုန်တက္ကသိုလ်ဘူမိဗေဒနောက်ဆုံးနှစ်တုန်းကရွာငံမြို့နယ်၊မြိုင်ကျေးရွာမှာကျနော်တို့ကွင်းဆင်းခဲ့ရပါတယ်
ဒီဧရိယာဟာမြန်မာနိုင်ငံ၏ထင်ရှားသောအရှေ့မြင်၊အနောက်မြင်တောင်ကိုမြင်တွေ့နေရသောနေရာဖြစ်ပါတယ်…..
မြိုင်ရွာရဲ့အနောက်ဘက်ကလျှိုကြီးထဲမှာဇော်ဂျီမြစ်ဖျားခံသောနေရာရှိပါတယ်….
နောက်ပြီးဗိုလ်မှူးဗထူးကျောက်တိုင်လဲရှိနေပါတယ်။ ကျနော်တို့ကျောင်းသားများဟာ ဆရာဦးခိုင်ရှင်းဦးဆောင်မှုအောက်မှာ
ကွင်းဆင်းပညာကို သင်ယူလေ့လာနေကြပါတယ်….

ဒီနေ့မှာ အရှေ့မြင်အနောက်မြင်တောင်ကြောနေရာကိုလေ့လာဘို့ထွက်လာကြပါတယ်…..
စိမ်းစိုနေတဲ့သစ်ပင်ကြီးတွေနဲ့ရှမ်းတောင်တန်းဟာအရမ်းလိုက်ဖက်ပါတယ်၊

ကွင်းဆင်းနေစဉ်အတွင်းသေနတ်သံနှစ်ချက်ကြားလိုက်ရပါတယ် …..

ကွင်းဆင်းနေရင်း မကြာခဏကြားလေ့ရှိတဲ့ သေနတ်သံဟာ ကျနော်တို့အတွက်မထူးဆန်းတော့ပါဘူး…..
အမဲလိုက်မုဆိုးတွေရဲ့သေနတ်သံတွေဘဲဖြစ်မှာပါငါးရက်စျေးနေ့တွေမှာရောင်းချရန်အတွက်၄င်း၊

အုပ်စုလိုက်ဟင်းစားအတွက်၄င်း၊အမဲလိုက်လေ့ရှိကြပါတယ်။

သူ့အသက်သတ်ခြင်းကိုဘုရားကတားမြစ်ထားပေမယ့်လည်း ဝမ်းရေးအတွက်ရှာဖွေနေရသော မုဆိုးတွေအတွက် ဒီအကုသိုလ်အလုပ်ကို မလုပ်ချင်ပေမယ့်လည်းလုပ်နေရတာဖြစ်မှာပါ…..

မိသားစုစားဝတ်နေရေးအတွက် ဒီအကုသိုလ်အလုပ်ကိုလုပ်နေကြတဲ့ တောလိုက်မုဆိုးတွေအပေါ် ကျနော်တို့အပြစ်တစ်ခုလို့ မမြင်မိ ခဲ့ပါဘူး…..ထင်လဲမထင်ရက်ပါ

ကိုယ့်ကိုကိုယ်သာအပြစ်ရှိတယ်လို့ ကျနော်တို့ယူဆထားပါတယ်…. ကျောင်းတက်နေတဲ့ကာလတွေမှာ မိဘတွေကလိုလေသေးမရှိ ပံ့ပိုးပေးခဲ့တယ်…..ဒါပေမယ့်ကျနော်တို့ဟာစာကိုလည်းကောင်းကောင်းမဖတ်ဘဲနဲ့ ဂစ်တာတီးလိုက်၊ပျော်လိုက်၊မူးလိုက်နဲ့ မနှစ်ကစာမေးပွဲ ကျခဲ့ပါတယ်….

ဒီနှစ် ကျနော်တို့တွေ အုပ်စုအချင်းချင်းတစ်ယောက်ကိုတစ်ယောက် လိုက်ထိမ်းနေကြပါတယ်….

မူးယစ်ပြီးမှဂစ်တာတီး၊သီချင်းဆိုတာကောင်းတယ်ဆိုတဲ့ အယူအဆတွေကလဲ ကျောင်းသားတွေ ကြားထဲမှာပြန့်နေတော့ ဒီမူးယစ်သံသရာထဲက ရုန်းထွက်လို့မရသေးပါဘူး…..ဒီမူးယစ်စေတဲ့အရာတွေ ဟာဘုရားတားမြစ်ချက်ထဲမှာလဲပါပါတယ်။

ဒါကြောင့် ကျနော်တို့အုပ်စုလဲ အကုသိုလ်ကောင်တွေပေါ့ဗျာ…… နေလဲနဲနဲစောင်းလာပြီ၊ ကွင်းဆင်းရတာလဲပမ်းလာပြီ.. နားပါရစေဆရာရယ်…. နှုတ်ကမထွက်ပေမယ့် စိတ်ထဲကပြောနေမိပါတယ်…..ရှေ့မှာခြုံတိုးသံနဲ့ လူသံတွေကြားလိုက်ရပါတယ်…..မရှေးမနှောင်းမှာလူ တစ်အုပ်နဲ့ ကျနော်တို့ ဆုံမိပါတယ်…..နှစ်ယောက်တွဲက တောဝက်သေကိုခြေလက်တုတ်ချည်ပြီး ၀ါးနဲ့လျှိုထမ်းလာတယ်။ နောက်နှစ်ယောက်တွဲက ၀ါးလုံးမှာ ချည်စောင်ကို ပုခက်ဆင်ပြီးလူတစ်ယောက်ကိုထမ်းလာတယ်…..နောက်တစ်ယောက်ကသေနတ်နှစ်လက်ကို လွယ်ထားတယ်….. ကျောမှာ စားအိုးစားခွက်တွေပိုးထားတယ်…..ကျနော်တို့ကိုတွေ့တာနဲ့ ဝမ်းသားအားရနဲ့ " ဆရာလေးတို့ဆီမှာ ဆေးတွေပါခဲ့လား"လို့ မေးကြပါတယ်.. ကျနော်တို့ အုပ်စုတွေလည်းပင်ပမ်းနေတာနဲ့အားလုံးထိုင်ချလိုက်ကြပါတယ်အသက်မရှိတော့တဲ့ တောဝက်သေကို ဘုတ်ကနဲ ပစ်ချလိုက်ပါတယ်…. ပုခက်ထဲကလူတစ်ယောက်ကို သူတို့အားလုံး ဖေးဖေးမမနဲ့ အောက်ကိုချလိုက်ကြပါတယ်မြတ်စွာဘုရား……. ခြေထောက်တစ်ခုလုံးကို သွေးတွေရွဲနစ်နေတဲ့ပုဆိုးနဲ့ ပတ်တီးစီးထားတယ်…… သွေးတွေကလဲတစ်စက် တစ်စက်ကျနေဆဲ….. နှုတ်ကလည်းငြီးငြူနေရှာတယ်…. စောင်ပုခက်မှာလည်းသွေးတွေအများကြီး…..ကျနော်တို့ တော်တော်ထိတ်လန့် သွားပါတယ်

ပထမတစ်ချက်ဟာတောဝက်ကိုချက်ကောင်းမထိလို့တောဝက် ဒဏ်ရာနဲ့ပြေးထွက်သွားတယ်။ ပြေးထွက်သွားတဲ့ တောဝက်နောက်ကို အုပ်စုနဲ့ ပြေးလိုက်ကြတာ၊မှီလုမှီခင်မှာ တစ်ယောက်က တောဝက်ခြေထောက်ကို ဒိုက်ထိုးပြီးဖမ်းတယ်။ နောက်ကလိုက်လာတဲ့ တစ်ယောက်ကတောဝက်လွတ်သွားမှာစိုးလို့ တောဝက်ကို သေနတ်နဲ့ ပစ်ထည့်လိုက်တယ်…..

ဒီတော့ တောဝက်နဲ့ လူနှစ်ယောက်လုံးကိုကျည်သင့်တယ်….. ယမ်းမှုန့်ကိုထောင်းပြီးပစ်ရတဲ့တောပုန်းသေနတ်ကျည်ဟာ
ထွက်ရင် ဖြာပြီးထွက်တာ။ တောဝက်ကသေရော၊လူက ခြေထောက်တစ်ဖက်ကိုထိတယ်…..

နာတယ်နာတယ် …. ဆေးရုံကို အမြန်ပို့ပေးကြပါ….. လူနာကငြီးငြူနေတယ်။

သူတို့တွေက ဘယ်လိုလုပ်သင့်လဲဆိုတာကို ဆရာဆီကအကြံဉာဏ်တောင်းနေကြတယ်….

အကုသိုလ် အကျိုးချက်ချင်းပေးတယ်လို့လဲပြောမထွက်ပါဘူး…..

ကျနော်တို့ အရှေ့မှာ လဲနေတဲ့ လူနာကိုကြည့်ပြီး သနားလာပါတယ်….သူလဲတော်တော်နာနေရှာတယ်….

နှုတ်ကလည်း တဟင်းဟင်း မြည်နေရှာတယ်….

ကျနော်တို့ဆီမှာလည်း ကြက်ခြေနီ ဆေးဝါးလည်းမပါဘူး၊အိတ်ထဲကပါလာတဲ့ ဓါးတွေဘာတွေထိရင်ကပ်ဘို့ယူလာတဲ့ ပလာစတာ သုံးခုဟာ သူဒဏ်ရာကြီးနဲ့ဆိုရင်သေးသေးလေး…..ဒါပေမယ့်လိုရမယ်ရသူတို့ကိုပေးလိုက်ပါတယ်…..

အဖြစ်အပျက်ကိုပြောပြနေတဲ့ ရွာသားတွေရှေ့မှာ ကျောင်းသားတွေ စုနေကြပါတယ်….. ကျနော်တို့သုံးယောက်ရှေ့မှာ လူနာရယ် ရွာသားနှစ်ယောက်ရယ် ဒါဘဲရှိတယ်ဘေးကဆေးသမားဂန်ဂါးက လွယ်အိတ်ထဲလက်နှိုက်ပြီး ဆေးပေးရှူလိုက်ရင် သက်သာ သွားမလားလို့ကျနော်တို့ကိုမေးနေပါတယ်…..

သူ့လက်ထဲမှာဆေးခြောက်နဲ့ လိပ်ထားတဲ့ ဖက်စိမ်းဆေးလိပ်……မဖြစ်ဘူး၊ မင်းဆေးခြောက်နံ့ရသွားရင်ဆရာရိပ်မိသွားလိမ့်မယ်….. မဖြစ်ဘူး…..

ကျနော့်ဘေးလွယ်အိတ်ထဲက ဖင်ဆီဒိုင်းတစ်လုံး ကိုနှိုက်ထုတ်လိုက်ပါတယ်၊ကျနော်တို့ ဒါသောက်ပြီး ဂစ်တာတီးလေ့ရှိပါတယ်…. ဖင်ဆီဒိုင်း အိန္ဒိယချောင်းဆိုးပျောက်ဆေးရည်၊ ဘေးကရွာသားတွေကိုပြောပြနေရင် ရှုတ်ကုန်မယ်…..ဒီဆေးဟာအိပ်ဆေး၊ ဒါသောက်လိုက်ရင် သူအိပ်ပျော်သွားမယ်၊ သူအိပ်ပျော်သွားရင် အနာ၊

နာတာသိတော့မှာမဟုတ်ဘူး….ပေးသောက်လိုက်ရမလား……
သက်သာဘို့ အရေးကြီးတယ်တိုက်လိုက် ………ရွာသားကပြောတယ်….

ဖင်ဆီဒိုင်းတစ်လုံးကုန်အောင်တိုက်လိုက်ပါတယ်….

ဒီဆေးတိုက်လိုက်တာ ဟိုဆရာကိုမပြောနဲ့နော်….

ဆရာဦးခိုင်ရှင်းကိုလက်ညိုးထိုးပြီးပြောလိုက်တယ်။

မပြောဘူး…..လူနာသက်သာဘို့ဘဲအရေးကြီးတယ်…..

ရွာငံဆေးရုံကို အမြန်ဆုံးသွားရမယ်….

ကျနော့်ဘေးကအရက်သမားရှကီး ကရွှေလိမ္မော်အရက်ထည့်ထားသောရေဘူးကို တမော့၊မော့ချလိုက်ပါတယ်…. အရက်နံ့ရလို့ ရွာသားနှစ်ယောက်တောင်းသောက်ကြပါတယ်
လူနာက ငါ့ကိုလဲ….တငုံတိုက်ကွာတဲ့….တိုက်လိုက်ကွာ….

ချဗျာ...နဲနဲမူးရင်နဲနဲသက်သာမယ်

များများမူးရင်များများမေ့သွားမယ်

ဟေ့ကောင်..ရှကီး....ကျော်ကြီးလိုအသဲကွဲနေတာမဟုတ်ဘူး

မင်းတို့ကလဲတူတူပေါ့ကွာ၊အသဲကွဲတာနဲ့ခြေထောက်ဒဏ်ရာဘဲကွာတာပါ

မျက်စိရှေ့မှာ သွေးရဲရဲသံရဲရဲ ငြီးငြူနေတဲ့လူနာကိုမြင်နေရတာ စိတ်မချမ်းသာပါ။

ကျနော်တို့ ဆရာဝန်တွေမဟုတ်သလို၊ ဆေးဝါးတွေလဲမပါခဲ့လို့ လူနာအနာ

သက်သာပါစေတော့ဆိုပြီးတော့ ဖင်ဆီဒိုင်းနဲ့ အရက်ရောတိုက်လိုက်မိတယ်…..

လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာကိုတော့ ကျနော်တို့ မစဉ်းစားမိခဲ့ပါ……

သူတို့တွေတောင်ခြေပြန်ဆင်းတော့မယ်လို့ နှုတ်ဆက်ချိန်မှာလူနာဆီကငြီးငြူသံမကြားရတော့ပါ….. စိတ်ထဲမှာမသန့်သလိုဖြစ်လာတယ်၊ရှကီးနဲ့ဂန်ဂါး မျက်လုံးပြူးပြပြီးလူနာကိုမေးဆတ်ပြတယ်။

သူတို့ဘာဆိုလိုလဲဆိုတာကျနော်သိတယ်၊လူနာဆီကအသံမထွက်တော့လို့ရှောသွားပြီလားလို့မေးနေတာ၊

လူနာလက်ကို စမ်းကြည့်တော့သွေးခုန်နေတယ်၊ အိပ်ပျော်သလိုဖြစ်နေပြီ။

သူတို့ကိုလက်မထောင်ပြလိုက်တယ်၊

ဖင်ဆီဒိုင်းနဲ့အရက်ရောသမလိုက်တာ လူနာတော့ နတ်ပြည် ရောက်လောက်ပြီထင်ရဲ့….

 ဒါဆိုရင်သူ့ဒဏ်ရာကိုနာမှန်းသိမှာ မဟုတ်တော့ဘူး…..

ဒီလိုနဲ့ဘဲ ကျနော်တို့အိမ်ပြန်ရမယ့်ရက်နီးလာပါပြီ….. တမနက်ကွင်းဆင်းဘို့လူစုနေကြတုန်းမှာ လူနာထမ်းလာတဲ့ရွာသားနှစ်ယောက် ရောက်လာပါတယ်…. သူတို့ကို မြင်တော့ကျနော်တို့ သုံးယောက်တော်တော်လန့်သွားပါတယ်…..

သူတို့နှစ်ယောက်ကို ကဗျာကယာ အပြင်ကိုဆွဲခေါ်ထုတ်လိုက်ပါတယ်….

ကျနော်တို့စိတ်ထဲမှာ ဖင်ဆီဒိုင်းနဲ့ အရက်ရောတိုက်လိုက်လို့ လူနာတော့သွားပြီလို့ထင်နေကြတာ….
သူတို့ကျနော်တို့ကိုပြဿနာလာရှာပြီထင်တယ်…..

ညီလေး…..ညီလေးတို့ကို အစ်ကိုအရမ်းကျေးဇူးတင်တယ်….

တောင်ပေါ်ကဆင်းလာပြီး ရွာငံဆေးရုံရောက်ထဲအထိလူနာအိပ်ပြီးလိုက်ခဲ့တာ…..

အိပ်ပျော်နေတော့နာကျင်တာတွေမသိတော့ဘူးပေါ့……အခုလိုကူညီပေးလိုက်တာ အရမ်းကျေးဇူးတင်တယ်….. လူနာလဲဆေးရုံမှာ သက်သာနေပြီညီလေးတို့အတွက်အာလူးတွေ ကြက်သွန်နီတွေယူလာပေးခဲ့တယ်ကျနော်တို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းမသိမသာ ချလိုက်ကြပါတယ်။

အကုသိုလ်သမားအချင်းချင်းရိုင်းပင်းကူညီတယ်လို့ဘဲပြောကြပါစို့….လူနာဟာဆေးရုံထိအိပ်ပြီးလိုက်သွားတာဆိုတော့ သူ့ဒဏ်ရာကိုနာမှန်း သိတော့မှာမဟုတ်ဘူး….. ဒါကိုကျနော်တို့အရမ်းကျေနပ်မိပါတယ်…. ဒါပေမယ့် ကျနော်တို့အဖြစ်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်က အရပ်တကာလှည့်ပြီး လက်မထောင်ဂုဏ်ယူစရာအလုပ်လိုမျိုး မလုပ်ရဲခဲ့ပါ။ နဂိုကမှအမြင်မကြည်ကြတဲ့ သူငယ်ချင်းတွေက ငမူးတွေပေါက်ကရလျှောက်လုပ်လိုက်ပြန်ပြီ

ဆိုတဲ့အပြောမျိုးအပြောခံနေရအုန်းမယ်။ဒါကြောင့်ဘယ်သူ့ကိုမှဖွင့်မပြောရဲခဲ့ပါ

လူနာရယ်၊ရွာသားနှစ်ယောက်ရယ်၊ ကျနော်တို့သူငယ်ချင်းသုံးယောက်၊ အားလုံးခြောက်ယောက်သာ ဒီကိစ္စကိုသိကြတယ်…. ကျနော်တို့သုံးယောက်လဲဒီကိစ္စကို ဘယ်တော့မှမပြောဖြစ်ခဲ့ပါ။.

ဒီအဖြစ်အပျက်ကိုရင်ထဲမှာ သိမ်းထားခဲ့တာနှစ်ပေါင်းသုံးဆယ်ကျော် ကြာနေခဲ့ပြီ……

#ကိုဂျစ်

#အကုသိုလ်

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ