ရှမ်းလေး၊နန်းလေးနှင့်တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၁ )

ရွှေညောင်၊ရန်ကုန်ရထားတစ်တွဲလုံးကျနော်တို့အမျိုးတွေချည်းဘဲ..

ပြောရရင်ရထားတစ်စီးလုံး ကျနော်တို့ရှမ်းပြည်ကလူတွေချည်းဘဲ

ကျနော်တို့တိုင်းနှင့်ပြည်နယ်ဘောလုံးပွဲအားပေးဖို့ဆင်းလာကြတာ

ကျနော်တို့ရှမ်းပြည်နယ်ဘောလုံးအသင်းကိုအားပေးကြမယ်..

ကျနော်တို့ရှမ်းပြည်နယ်ဘောလုံးအသင်း၊ဒီနှစ်နိုင်ခဲ့ရင်ပြည်ထောင်စုဒိုင်းအပိုင်ရတော့မယ်..

ပြီးခဲ့တဲ့နှစ်တွေမှာနှစ်ကြိမ်ဒိုင်းရထားပြီးပြီ..ဒီနှစ်နိုင်ရင်..သုံးကြိမ်...

ပြည်ထောင်စုဒိုင်းပိုင်တော့မယ်...

ကျနော်..ရှမ်းလေးချာတိတ်ဘဲရှိသေးတယ်...

အမေ၊အဒေါ်...အမျိုးတွေ...ကျနော်တို့မောင်နှမတွေဆင်းခဲ့ကြတယ်..

ကျနော့်ဆီမှာမောင်နှမ..နှစ်ယောက်ဘဲရှိတယ်...

ကျနော်ရှမ်းလေးနဲ့ကျနော့်အမ..မမကြီးရှိတယ်..

အိမ်မှာအဖိုး၊အဖွားနဲ့အိမ်စောင့်တွေဘဲကျန်တယ်

ပြောရအုန်းမယ်..ကျနော့်အဖေ...ရှမ်းပြည်နယ်လက်ရွှေးစင်မှာပါတယ်..

ကျနော်..အားမရတာက..အဖေ..ပွဲထွက် ဆယ့်တစ်ယောက်ထဲမပါဘူး

ပြောရရင်..အရန်..ဘဲပေါ့

အဖေလဲကျိုးစားတာဘဲ...အဖေ့ထက်တော်တဲ့ကစားသမားတွေရှိနေတော့..

ကျနော့်အဖေ..အရန်ခုံမှာထိုင်နေရတာပေါ့...

အဖေ့စိတ်ထဲမှာ..ဘယ်နေရာမှာဖြစ်ဖြစ်..ကစားခွင့်ရရင်..ကျိုးစားပြီးကစားမယ်..

ကျနော်တို့နေတာတောင်ကြီးမှာနေတယ်...

ဒီနှစ်တစ်နှစ်လုံး တစ်မြို့လုံးအနှံ့ဘုတ်တွေထောင်ထားတယ်...

“ရှမ်ပြည်နယ်အသင်း၊ပြည်ထောင်စုဒိုင်းအပိုင်..ရ..ရမည်”

ရှမ်းပြည်နယ်အသင်းစိတ်ဓါတ်ခွန်အားတက်စေဖို့ဆိုင်းဘုတ်တွေနေရာအနှံ့...

ဒီနှစ်တစ်နှစ်လုံး...အဖေတို့ကိုစခန်းသွင်းထားတယ်...

တော်တော်ကြာမှာတစ်ခေါက်အိမ်ပြန်ခွင့်ရတယ်...

ဒီနှစ်တစ်နှစ်လုံး..အဖေတို့လေ့ကျင့်နေကြတယ်...

“အဖေ..ဘာလို့ပထမအသင်းမှာမပါတာလဲ”

“အဖေ့..အရည်အချင်းမပြည့်သေးလို့ပေါ့..သားရယ်”

“အဖေလဲကျိုးစားတာဘဲမလား..”

“အဖေလဲကျိုးစားပါတယ်..သားရယ်...”

“လူဆိုတာက..ပါရမီဆိုတာကလဲရှိသေးတယ်..”

“အဖေကစားတဲ့နေရာ၊ပထမလူကအရမ်းတော်တယ်..”

“အရမ်းလဲကျိုးစားတယ်...””နောက်ပြီးသူကအရမ်းကြံ့ခိုင်တယ်”

“အဖေ..ပထမလူဖြစ်ခဲ့ဘူးပါတယ်..”

“ဒါပေမဲ့...အဖေ..ဒဏ်ရာရပြီးတဲ့နောက်...အဖေကို့ကျော်တက်သွားတယ်..”

“သူကအရမ်းမာတော့..တော်ရုံဒဏ်ရာမရဘူး..”

“အရှောင်အတိမ်း..လဲအရမ်းကောင်းတယ်..”

“ကစားတာနပ်တယ်လို့ပြောရမှာပေါ့..”

“အသက်လဲငယ်တယ်”

“ကစားသမားတစ်ယောက်ဟာ...ဒဏ်ရာကင်းနေဖို့အရေးကြီးတယ်”

“ဒဏ်ရာကင်းအောင်...ကစားတာလဲနပ်ဖို့လိုသလို..လေ့ကျင့်ဖို့လဲလိုတယ်..”

“ဒဏ်ရာရသွားတဲ့ကစားသမားအတွက်...ရှေ့အလားအလာအကောင်းတော့ဘူး...”

“ဒါပေမဲ့...အဖေတို့တက်လူတွေကိုဦးစားပေးရမယ်”

ကျနော့်အဖေကို..ကိုစိုင်းလို့ခေါ်ကြတယ်...ကျနော့်ကိုအိမ်ကရှမ်းလေးလို့ခေါ်တယ်..

ကျနော်မှတ်မိသလောက်ပြောရရင်...အဖေတို့ရန်ကုန်ဆင်းကစားတိုင်းနိုင်ခဲ့တာချည်းဘဲ..

ဒါကြောင့်ကျနော်တို့ရှမ်းအသင်းကိုယှဉ်နိုင်တဲ့အသင်းမရှိဘူးလို့ထင်နေမိတယ်..

ဒါကကျနော်..ခလေးအတွေးပေါ့နော်..

ဒီနှစ်လဲကျနော်တို့ရှမ်းအသင်းဘဲနိုင်မှာပါ....

ကျနော်ရှမ်းပြည်နယ်သားဖြစ်ရတာဂုဏ်ယူတယ်...

အဖေတို့..ပြောစကားတွေအရ...ပွဲစဉ်ကိုကြည့်ရင်...ပွဲချောင်တယ်လို့ပြောတယ်

ကျနော်သိတယ်လေ...ကျနော်တို့ရှမ်းအသင်း...နိုင်မှာပါ..

ပြည်ထောင်စုဒိုင်းလဲကျနော်တို့ဘဲ..အပိုင်ရမှာပါ...

ကျနော်တို့ရှမ်းအသင်းကစားတဲ့ပွဲတိုင်းကျနော်တို့သွားကြည့်တယ်...

အုပ်စုပွဲတွေမှာအဖေကစားခွင့်ရပါတယ်...

အဖေကစားရင်..ကျနော်အရမ်းပျော်တာ..အရမ်းအားပေးတယ်...

ဒီလိုဘဲ..တဆင့်ပြီးတဆင့်တက်လာပြီ...

ကျနော်..ခလေးတစ်ယောက်..အဲဒီတုန်းကဘယ်ရှုံးထွက်အဆင့်မှာလဲမသိ..

ကရင်ပြည်နယ်အသင်းနဲ့ဆုံမယ်...ကရင်ပြည်နယ်အသင်းကိုကျနော်မကြားဘူးပါ..

အဖေ့စကားအရ...အသင်းငယ်လေးပါတဲ့...

ကျနော်တို့မိသားစုကဝတ္တရားအရ...သွားအားပေးရမယ်...

အဖေလဲကန်ခွင့်ကြုံရင်ကြုံမှာပါ...အဖေကန်ရင်ကျနော်တို့အားပေးရမယ်...

ကျနော်တို့မိသားစုအောင်ဆန်းကွင်းအထူးတန်းရောက်နေပြီ...

မကြာခင်ပွဲစတော့မယ်....

ပွဲကြည့်စဉ်မှာကျနော့်ရွယ်တူကျောင်းကအတန်းဖေါ်တွေတွေ့လို့အံ့ဩရတယ်

အားလုံးလာအားပေးကြတာ...

အထူးတန်းမှာကျနော်တို့သူငယ်ချင်းတစ်အုပ်ဆော့ကစားနေကြတာ..

ဘောလုံးပွဲကိုမေ့နေပြီ...”ဂိုး”ဆိုတဲ့အသံအထူးတန်းတစ်ခုလုံးဆူညံသွားတယ်..

“သွားမကြည့်နဲ့..ငါတို့ရှမ်းပြည်နယ်ကသွင်းတာဖြစ်ရမယ်”

ပထမပိုင်းမှာကျနော်တို့အသင်းတစ်ဂိုးနဲ့နိုင်နေတယ်...

ခြေကွာပါတယ်...ဒုတိယပိုင်းမှာကျနော်တို့ထပ်သွင်းအုန်းမှာ..ကြည့်လိုက်ပါ...

ကျနော်တို့အဖွဲ့လဲကစားမပျက်ဘူး...

ယူလာတဲ့မုန့်တွေစားလိုက်...ကစားလိုက်...

ပွဲပြီးတော့မယ်ထင်တယ်...ဂိုးသွင်းသံမကြားသေးဘူး...

ရပါတယ်...တစ်ဂိုးနဲ့နိုင်လဲနိုင်တာပါဘဲ...

“ဂိုး”...အထူးတန်းပရိတ်သတ်တွေတိတ်တိတ်ဆိတ်ဆိတ်...

အောင်းဆန်းကွင်းပတ်လည်ပရိတ်သတ်တွေအော်လိုက်တဲ့အသံတွေညံသွားတာဘဲ..

လူတွေအားလုံး၊ကရင်ပြည်နယ်ကိုအားပေးနေကြတယ်...

ရှမ်းအသင်းကိုမနိုင်စေချင်ကြဘူးလို့ကျနော်မြင်နေတယ်....

ကျနော်တို့အထူးတန်းကပရိတ်သတ်တွေမချင့်မရဲငြီးတွားနေကြတယ်...

“တောက်...ပွဲပြီးခါနီးမှကွာ...ပေးလိုက်ရတဲ့ဂိုး..”

ကျနော်တို့သူငယ်ချင်းတွေက..”ပေးလိုက်ပါ..အချိန်ပိုမှာငါတို့..ဂိုးဒါဇင်ဝက်သွင်းပြမယ်”

ဒီလိုနဲ့အချိန်ပိုဆက်ကန်နေကြပြီ...ကရင်အသင်းကအောက်ပိတ်ကစားနေကြပြီ...

ကျနော်တို့အားလုံးနဲနဲစိတ်ဝင်စားလာပြီ....

အချိန်ပိုပြီးသွားပြီ...အဖေတို့ဂိုးမသွင်းနိုင်ခဲ့ပါ..

ကျနော်ကိုယ်တိုင်..စိတ်ပူလာပြီ..ပယ်နယ်တီကန်ရတော့မယ်...

အဖေတို့အသင်းလေ့ကျင့်ထားကြပေမဲ့လဲ...ကံပေါ်မှာလဲမူတည်သွားပြီ...

ကျနော်စိတ်ထဲမှာ..၅၀/၅၀ အခွင့်အရေးဖြစ်နေပြီ..

ကရင်အသင်းကိုလျှော့တွက်လို့မရတော့ပါ...

ကျနော်..ခလေးဘဝထဲက..အဖေ့ကိုအားကျပြီး...ဘောလုံးကန်နေခဲ့တယ်..

အဖေ..ကျနော်ကိုသင်ပေးတယ်...

ပယ်နယ်တီကန်နေတာကြည့်နေရင်း..ကျနော်တို့ဆီကမဝင်တာတွေရှိသလို..

သူတို့မဝင်တာလဲရှိနေတယ်..

ကျနော့်..ငယ်ဘဝအတွေးထဲမှာသိပ်မမှတ်မိတော့ပါ...

ကျနော်သိလိုက်တာကနောက်ဆုံးကရင်ပယ်နယ်တီကန်ရတော့မယ်...

သူတို့ဝင်သွားရင်အဖေတို့ရှုံးပြီ...

မဝင်ခဲ့ရင်ဆက်ကန်ရအုန်းမှာ...

ကရင်အသင်းဘယ်သူကန်မလဲမသိဘူး

ထွက်လာပြီ..ခေါင်းမှာပတ်တီးစည်းထားတဲ့ကရင်ဂိုးသမား..တင်ဌေး..

ရှမ်းကသွင်းလိုက်တဲ့အပိုင်ဂိုးတွေကိုကာကွယ်ခဲ့သူ..

ဒိုက်ထိုးဂိုးဖမ်းရင်းဂိုးတိုင်နဲ့ဆောင့်ပြီးခေါင်းကွဲခဲ့တယ်..

ခေါင်းပတ်တီးစီးပြီးဆက်ကစားခဲ့သူ...

ကရင်ဂိုးသမားဦးတင်ဌေးပယ်နယ်တီကန်တော့မယ်....

အဆုံးအဖြတ်ဂိုး...အမေတို့...အဒေါ်တို့..အမျိုးသမီးတွေမကြည့်ရဲလို့ခေါင်းငုံ့ထားကြတယ်..

ကျနော်ကြည့်မယ်...ဒီအဆုံးအဖြတ်ဂိုးကိုကြည့်မယ်...

လွဲပါစေ...လွဲပါစေ...လို့စိတ်ထဲမှာဆုတောင်းနေမိတယ်

“ဂိုး”...အောင်ဆန်းကွင်းပတ်ပတ်လည်ကအော်လိုက်တဲ့အသံ၊ရန်ကုန်တမြို့လုံးညံသွားတာဘဲ..

အဖေတို့ရှုံးသွားပြီ...

အမေတို့..အဒေါ်တို့...အမျိုးတွေအားလုံးကြိတ်ငိုနေကြပြီ..

အထူးတန်းပရိတ်သတ်အားလုံးငိုနေကြပြီ..

သူတို့တွေကိုကြည့်ပြီးကျနော်လဲငိုချင်လာတယ်...

ကျနော်လဲအာဗြဲကြီးနဲ့ငိုချလိုက်တယ်..

အီး..ဟီး...ဟီး...ကရင်အသင်းအောင်ပွဲခံနေတာလက်ညှိုးထိုးပြီး

အော်ငိုနေမိတယ်..ကျနော့်ငိုသံကြောင့်အားလုံးမျက်ရည်အရွဲသားနဲ့ကျနော့်ကိုကြည့်နေကြတယ်..

သူတို့ကျနော့်ကိုကြည့်တဲ့မျက်ဝန်းထဲမှာမျက်ရည်တွေပြည့်နေတယ်....

ကျနော်...အဖေ့အတွက်ဝမ်းနည်းလွန်းလို့အားရပါးရရှိုက်ငိုနေမိတယ်...

အောင်ဆန်းကွင်းမှာကျခဲ့တဲ့..ကျနော်မျက်ရည်တွေ....

အဖေတို့ရှမ်းအသင်းရှုံးတာကိုကြည့်ပြီးကျနော်တရားရလိုက်တယ်...

ဘောလုံးဟာလုံးနေတယ်...

ဘောလုံးပွဲဆိုတာ..အသင်းကြီး၊အသင်းသေးမှမဟုတ်....

ပွဲမပြီးမချင်း...ဘာမဆိုဖြစ်သွားနိုင်တယ်....

ဘဝမှာအမှတ်ရဆုံးနေ့တစ်နေ့အဖြစ်မှတ်သားထားတယ်၊

၂၈.၁.၁၉၈၀ ကွာတားဖိုင်နယ် တစ်ဂိုးစီသရေ၊အချိန်ပိုသရေ၊

ပယ်နယ်တီကန် ကရင်အသင်း..ရှမ်းအသင်းကို ၄ဂိုး ၃ဂိုးနဲ့နိုင်သည်။

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၁ )

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၂ )

 

တောင်ကြီးပြန်ရောက်ပြီး..အဖေ..ပထမဆုံးရှမ်းပြည်နယ်အသင်းကနှုတ်ထွက်လိုက်တယ်...

ကျနော်..ဝမ်းနည်းသွားတယ်..

အဖေ..ဘာဖြစ်လို့ဘောလုံးမကန်တော့တာလဲ...

အဖေ့..အလှဲ့ပြီးသွားပြီလေ...တက်လူတွေအတွက်နေရာပေးရတော့မယ်...

ရှမ်းပြည်နယ်အသင်းအတွက်သွေးသစ်လောင်းရမဲ့အချိန်ရောက်လာပြီ...

သားကြီးလာရင်လဲ...သားတို့အလှဲ့..ရောက်လာအုန်းမှာပါ...

အရင်နှစ်တွေက..ရှမ်းအသင်းကစားသမားတွေ..ဝန်ကြီးဌာနတွေမှာကန်ခွင့်မပေးခဲ့ဘူး..

ရှမ်းပြည်နယ်အသင်းအတွက်..တစ်နှစ်လုံး Camp သွင်းထားတယ်...

ဒီနှစ်..အဲ့စည်းကမ်းတွေကိုဖြေလျှော့လိုက်ပြီ...

ဝန်ကြီးဌာနတွေမှာကန်ခွင့်ပေးလိုက်ပြီ...

အဖေ့ကိုလဲ..ဘယ်ဝန်ကြီးဌာနလဲမသိဘူး...လာခေါ်တယ်...

အဖေ...ဘောလုံးမကန်တော့ဘူး..

အဖေ့သူငယ်ချင်း...ကလော..က..ဦးခွန်လူ..သူကဆောက်လုပ်ရေးမှာသွားကန်မယ်...

ကျနော်တို့ရှမ်းပြည်နယ်အသင်းကလူတွေအားလုံး..ရန်ကုန်ဝန်ကြီးဌာနတွေဆီပြန့်ကြဲပြီးရောက်ကုန်တယ်..

အဖေ..တစ်ယောက်ဘဲမပါခဲ့ဘူး...

“အဖေ...မိသားစုအပေါ်တာဝန်မကျေခဲ့ဘူး”

“ကျန်တဲ့အဖေ့ဘဝ...မိသားစုကိုပေးဆပ်တော့မယ်..”

“သား..ရှမ်းလေး..အလှဲ့ရောက်ရင်မြန်မာ့လက်ရွှေးစင်ဖြစ်အောင်ကျိုးစားပါ”

“နောက်ပြီး...နိုင်ငံခြားထွက်ကန်နိုင်အောင်ကျိုးစားပါ..”

“အဖေ...ကူညီမယ်...”

“ကျနော်..ဂတိပေးပါတယ်..အဖေ...”

အဲ့...အချိန်..ကျနော်ချာတိတ်..ဘဲရှိသေးတယ်..

အဖေ..အဖိုးစီးပွါးရေးထဲခြေစုံပစ်ပြီးဝင်ခဲ့တယ်...

အဖေဘောလုံးကန်နေတဲ့အချိန်က...အဖိုးစီးပွါးရေးကိုအဒေါ်နဲ့အမေတို့ဘဲဝိုင်းကူခဲ့တယ်...

တကယ်တော့ကျနော့်အဖေဖက်ကအဖိုး၊အဖွား...ရှမ်းလူမျိုး...

ကျိုင်းတုံနားကရှမ်းရွာလေးမှာနေတဲ့...အဖိုး...အရက်ချက်တာကျွမ်းတယ်....

ကျိုင်းတုံဈေးကွက်ကျဉ်းတော့..အဖိုးတောင်ကြီးရောက်လာတယ်..

တောင်ကြီးမှာတရားဝင်ချက်လုပ်ခွင့်လိုင်စင်ယူပြီးအရက်စက်ရုံလုပ်ခဲ့တယ်....

ကျနော့်အဖေလဲ...အဖိုးအလုပ်ဝိုင်းကူရင်းအရက်ချက်တဲ့ပညာလဲတတ်လာတယ်...

အဖိုးလက်ထက်ကအဖေတို့စီးပွါးရေးတော်တော်တက်ခဲ့တယ်....

ဒါပေမဲ့....ဦးနေဝင်း..စစ်တပ်အာဏာသိမ်းပြီး...မကြာခင်...

အဖိုး..အရက်စက်ရုံ၊အရက်ဂိုဒေါင်၊အရောင်းဆိုင်တွေအားလုံးပြည်သူပိုင်

အသိမ်းခံလိုက်ရပြီး..အဖေတို့မိသားစု..အထည်ကြီးပျက်ဘဝ..ရောက်ခဲ့ရတယ်...

အဲ့..အချိန်..အဖေကငယ်ငယ်...ဘောလုံးအရူးအမူးကန်နေချိန်...

အဖိုး...အဖေ့ဝါသနာကိုမတားခဲ့ဘူး...

အမျိုးတွေကအဖေ့ကို...အိမ်စီးပွါးရေးဝိုင်းကူဖို့ဝိုင်းပြောခဲ့ကြတယ်...

ကျနော့်အဖေ...ဝါသနာကိုမစွန့်နိုင်ခဲ့ဘူး...

အဖိုးက...အချိန်တန်ရင်သွေးက..စကားပြောမှာပါ...

ငါ့သားသွေးထဲမှာစီးပွါးရေးလုပ်ချင်စိတ်အပြည့်ရှိနေတယ်လို့အမြဲပြောခဲ့တယ်..

ငါ့သားအခုဘောလုံးကန်နေတယ်...တချိန်သူစီးပွါးရေးဦးဆောင်လိမ့်မယ်လို့အဖိုးပြောခဲ့တယ်..

အဖိုးကပြည်သူပိုင်အသိမ်းခံပြီးနောက်...ကုန်စုံဆိုင်သေးသေးနဲ့ပြန်လုပ်ခဲ့တယ်...

အဖေဘောလုံးကန်နေတဲ့အချိန်ကုန်စုံဆိုင်ကကြီးလာပြီ..

အမေနဲ့အဒေါ်တို့အဖိုးကိုဝိုင်းကူကြရင်း..အလုပ်ပြန်ဖြစ်လာပြီ...

ဒါပေမဲ့...အဖေဘောလုံးကန်နေရင်းနီးစပ်ရာလူကြီးတွေကတဆင့်ပြည်သူပိုင်

အသိမ်းခံရတဲ့ပစ္စည်းတွေပြန်လျှောက်ခဲ့တာ...

အားလုံးလောက်နီးနီးပြန်ရခဲ့တယ်....မြေနဲ့နေရာတွေပေါ့...

အဖိုးလက်ထက်ကအသိမ်းခံရတာတွေအဖေပြန်လိုက်ရင်းပြန်ရခဲ့တယ်...

အခု...အဖေ...ဘောလုံးကိုစွန့်ပြီး...အလုပ်လုပ်တော့မယ်.....

သူလုပ်တတ်တဲ့အရက်ချက်တဲ့ပညာကိုအသုံးချပြီးအရက်စက်ရုံပြန်လုပ်မယ်...

အဖေ...အရက်ချက်စက်ရုံလိုင်စင်..ရအောင်ပြန်လိုက်ခဲ့တယ်....

တောင်ကြီးအောက်ဖက်ကအေးသာယာမပေါ်သေးဘူး...

အဲ့...နေရာမှာ...အဖိုးဝယ်ထားတဲ့မြေရိုင်းတွေရှိနေတယ်..

ဝိုင်ချက်ဖို့..စပျစ်ပင်..မက်မန်းပင်တွေစိုက်ခင်းလုပ်ဖို့ရည်ရွယ်ထားတာ..

အဖိုးလက်ထက်မှာမလုပ်ဖြစ်ခဲ့သမျှ..အဖေဆက်လုပ်တော့မယ်...

တောင်ကြီးအောက်ဖက်မှာအရက်စက်ရုံပြန်လုပ်တယ်....

ကျနော့်အတွက်မြက်ခင်းစိမ်းစိမ်းနဲ့ဘောလုံးကွင်းအငယ်လေးလုပ်ထားတယ်...

ညနေဆိုအဖေနဲ့ကျနော်..ဘောလုံးလေ့ကျင့်ကြပြီ...

ကျနော်အလယ်တန်းလောက်မှာထဲကကျောင်းလက်ရွှေးစင်ဖြစ်နေပြီ..

ကျနော့်ဘဝ...အဖေမဖြစ်ခဲ့တာတွေ...ဖြစ်အောင်လုပ်ဖို့ကျိုးစားရမယ်..

ကျနော့်ရည်မှန်းချက်...ကျောင်းလက်ရွှေးစင်ဖြစ်ရမည်..

တက္ကသိုလ်လက်ရွှေးစင်ဖြစ်ရမည်...

ရှမ်းပြည်နယ်လက်ရွှေးစင်ဖြစ်ရမည်...

ဝန်ကြီးဌာနလက်ရွှေးစင်ဖြစ်ရမည်...

မြန်မာ့လက်ရွှေးစင်ဖြစ်ရမည်...

ကန်ခွင့်ရရင်..အပြင်မှာထွက်ကန်မည်...

အဖေ...ကျနော့်ကိုအမြဲပြောတယ်...

ကိုယ်ဖြစ်ချင်တဲ့စိတ်ဓါတ်ကိုအမြဲမြှင့်ထားပါ...

ဘယ်တော့မှစိတ်မလျှော့နဲ့...အဖေ...လိုအပ်သမျှပံ့ပိုးပေးမယ်...

နေ့တိုင်းနေ့တိုင်း...အဖေနဲ့ကျနော်...ကျနော့်သူငယ်ချင်းတွေနဲ့အမြဲလေ့ကျင့်နေကြတယ်...

ကျနော်..ကျောင်းသားပွဲတော်မှာ..ရှမ်းပြည်နယ်..အသင်းမှာပါခဲ့တယ်..

ကျနော် ၈တန်းနှစ်ထဲကရှမ်းပြည်နယ်ကျောင်းသားလက်ရွှေးစင်မှာပါနေပြီ...

ကျနော့်ကို ဝန်ကြီးဌာနတွေလာစုံစမ်းနေကြတယ်...

ရှမ်းပြည်နယ်လူဟောင်း.ဦးစိုင်းသားမှန်းသိသွားတော့အဖေ့ကိုဆက်သွယ်ကြတယ်...

ဒီလိုနဲ့ဘဲကျနော်ဆယ်တန်းအောင်ပြီးတော့ဘူမိဗေဒတက်ခွင့်ရခဲ့တယ်...

ကျနော်တို့ရှမ်းပြည်ဖက်ကတက္ကသိုလ်ဆိုရင် MASU ဘဲတက်ခွင့်ရှိတယ်...

ကျနော့်အလှဲ့ကျတော့ RASU မှာတက်ခွင့်ရခဲ့တယ်...

ကျနော့်အဖေ..အဲ့လောက်စွမ်းတာ...အဖေ့မိတ်ဆွေတွေကူညီတာပါ...

“သား...ရန်ကုန်မှာ..ဝန်ကြီးဌာနပေါင်းစုံရှိတယ်...”

“သား...ကျိုးစားရင်..သား...ခြေပေါ်ရင်...အလိုလို..သူတို့ဆီကိုသတင်းရောက်တယ်..”

“ဒါကြောင့်..သားကိုရန်ကုန်မှာတက်စေချင်တာ...”

ကျနော်ကျောင်းသားပွဲတော်မှာကစားထဲက...ရန်ကုန်တက္ကသိုလ်..ဘောလုံးနည်းပြ

ကျနော့်နဲ့စကားလာပြောသေးတယ်..

“သား...ဆယ်တန်းအောင်ရင်ရန်ကုန်တက္ကသိုလ်မှာလာတက်ပါ..”

ကျနော်ရန်ကုန်တက္ကသိုလ်ဘူမိဗေဒမှာစာသင်ခွင့်ရတာ..သူတို့မသိသေးဘူး...

ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေထဲကခပေါင်းဆောင်မှာနေခွင့်ရတယ်...

ဘူမိဗေဒဌာန..လှိုင်နယ်မြေမှာစာသင်ရတယ်....

ကျနော်ပထမဆုံးကန်ခွင့်ရတာ...သမိုင်းအဆောင်လိုက်ဘောလုံးပြိုင်ပွဲမှာ...

ခပေါင်းဆောင်..အသင်းအနေနဲ့ကန်ရတယ်....

ဆရာတွေကျနော်ခြေစွမ်းကိုမြင်သွားကြတယ်....

ပထမနှစ်မှာထဲက..ကျနော်ဘူမိဗေဒ...အသင်းမှာ...အရန်အနေနဲ့ကစားခွင့်ရတယ်...

လောကြီးတာလဲမဟုတ်ပါ...ဖြေးဖြေးဘဲကစားနေတယ်...

ကျနော်အိမ်ပြန်ရောက်တော့အဖေ့ကိုကျနော်အခြေအနေတွေကိုပြန်ပြောပြတယ်...

အဖေနဲ့အတူတူ..လေ့ကျင့်ခန်းတွေ..ဆင်းကြတယ်....

ဒုတိယနှစ်ရောက်တော့...ဘူမိလက်ရွှေးစင်အပြင်..RASU ကကျနော့်ကိုခေါ်လိုက်ပြီ..

အဲ့နှစ်မှာလဲ...ကျနော်ရှမ်းအသင်းမှာလဲကစားနေပြီ..တိုင်းနှင့်ပြည်နယ်လက်ရွှေးစင်ဖြစ်လာတဲ့ကျနော့်ကို

ကာစတန်..ဒုတိယအသင်းမှာကစားဖို့ကမ်းလှမ်းနေတယ်...သူတို့ပြောတာကအသက်ငယ်နေလို့ပါတဲ့

အဖေ့ကိုလဲသူတို့ဆက်သွယ်ကြတယ်...

အဖေကအခွင့်အရေးရတုန်းယူထားလိုက်လို့ပြောခဲ့တယ်...

မေဂျာပေါင်းစုံပြိုင်ပွဲရှိတော့ကျနော်တို့ဘူမိအသင်းနံက်တိုင်းတက္ကသိုလ်လေ့ကျင့်ရေးကွင်းမှာလေ့ကျင့်ခန်းဆင်းရတယ်...

မနက် ခုနှစ်နာရီအရောက်လာရတယ်၊ဒီအချိန်လေ့ကျင့်နေချိန်ပွဲကြည့်စင်ပေါ်မှာဘယ်သူမှမရှိကြဘူး၊

ဒါပေမဲ့..လူကြီးအချို့ကိုတော့တွေ့ရတယ်....နောက်ကျမှကျနော်သိတာက...ဌာနဆိုင်ရာလက်ထောက်နည်းပြ၊

တွေလို့ပြောကြတယ်။သူတို့တွေကဌာနအတွက်ကစားသမားလိုက်ရှာနေလေ့ရှိတယ်။

ကျနော်တို့ဘူမိဗေဒအသင်းကစားနေတာလာကြည့်နေကြတယ်။

ကျနော်သတိထားမိတာတစ်ခုရှိတယ်၊အရင်တုန်းကကျနော်သတိမထားမိတာလဲဖြစ်မည်၊

ကျနော်တို့လေ့ကျင့်နေတာကို..ကျောင်းသူတွေလို့ထင်တာဘဲ၊

ဒီတစ်ဖွဲ့လာလာကြည့်နေတာတွေ့တယ်၊တခါတလေကောင်မလေးချောချောတစ်ယောက်ထဲလာကြည့်နေတယ်၊

ကျနော့်စိတ်ထင်ကျနော်တို့အသင်းထဲကတစ်ယောက်ယောက်ရဲ့ကောင်မလေးဖြစ်ပါလိမ့်မယ်...

ကျနော်...ကစားနေရရင်ဘာမှအာရုံထဲမှာမရှိ။

တစ်ရက်...လေ့ကျင့်ရေးပြီးပြီ၊အဆောင်ပြန်တော့မယ်..

“နင်...ဦးစိုင်းသား...ရှမ်းလေး..မလား..”

“ဟုတ်ပါတယ်...ကျနော်..ရှမ်းလေးပါ...”

“ငါ..မေသူ....နင်..ငါ့ကိုမှတ်မိလား...”

“ဟင့်အင်း...ကျနော်..မမှတ်မိဘူး..”

“တောင်ကြီး..အထက..တုန်းကနင်နဲ့အတန်းတူတယ်...အခန်းမတူဘူး..”

“ငါ့အဖေ..တောင်ကြီးအခွန်မှူးဖြစ်တုန်းက..နင့်အဖေဦးစိုင်းနဲ့ခင်ခဲ့ကြတယ်”

“နင်တို့တောင်ခြေက..စက်ရုံလဲရောက်ဖူးတယ်၊အဲ့အချိန်ကနင့်သူငယ်ချင်းတွေနဲ့နင်ဘောလုံးကန်နေတယ်”

အဖေ့မိတ်ဆွေအခွန်ဦးစီးမှူးရဲ့သမီး...မေသူ..အထက..တုန်းကနာမည်ကြားဘူးတယ်၊

ဒါပေမဲ့..ကျနော်...ကျောင်းစာနဲ့ဘောလုံးကလွဲရင်ဘာမှမသိ၊

မေသူနဲ့ကျနော်..စပြီးသိခဲ့ပြီးနောက်..နေ့တိုင်းလိုလိုလေ့ကျင့်ရေးကွင်းမှာလာထိုင်ကြည့်လေ့ရှိတယ်၊

သူလာအားပေးတော့လဲ..ကျနော့်အတွက်စိတ်ဓါတ်ခွန်အားရစေပါတယ်..

သူတို့သူငယ်ချင်းတွေနဲ့တက္ကသိုလ်ရေကူးကန်မှာမနက်တိုင်းရေလာကူးကြတယ်..

ဘောလုံးကိုမေသူတစ်ယောက်ဘဲစိတ်ဝင်စားတယ်၊

ကျန်တဲ့သူငယ်ချင်းတွေစိတ်မပါ၊ဒါကြောင့်နောက်ကျတော့မေသူတစ်ယောက်ထဲလာတယ်

ကျနော်သတိထားမိတာ...ကျနော်တောသားရှမ်းလေးအတွက်..မေသူအလှတောက်ပလွန်းနေတယ်..

ကျနော်နဲ့ထွေးထွေး..ငယ်ငယ်ထဲကသူငယ်ချင်း...

ထွေးထွေးက...အဖေ့ကစားဖက်...ကလောဦးခွန်လူရဲ့သမီး...

ထွေးထွေးလဲလှတယ်..ဒါပေမဲ့မေသူနဲ့ယှဉ်လိုက်ရင်မှိန်သွားသလိုဘဲ...

နောက်မှပေါက်တဲ့ရွှေကြာ...မို့ပိုလှနေတာလား...

တခါတလေ..မေသူ..မရောက်တဲ့နေ့တွေမှာဆားမပါတဲ့ဟင်းလိုဘဲ...စိတ်ထဲမှာတခုခုလိုနေတယ်..

ကျနော်..ရှမ်းလေး...မေသူ့..ကိုစွဲလန်းနေပြီလား...

ဒုတိယနှစ်ဟာကျနော့်အတွက်ဘောလုံးလေ့ကျင့်တာနဲ့တော်တော်အချိန်ကုန်နေတယ်..

မေဂျာပွဲတွေပြီးတော့..RASU အသင်းအတွက်လေ့ကျင့်ရေးတွေပြန်စနေပြီ..

တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲက နောက်နှစ်..တတိယနှစ်မှာပြန်စတော့မယ်..

မနက်တိုင်းကျနော်လေ့ကျင့်ရေးပြန်လုပ်နေရတယ်...

နေ့တိုင်းလိုလိုရောက်လာတဲ့မေသူ...မရောက်လာတဲ့နေ့တွေမှာ...

ကျနော်စိတ်ထဲမှာ..မေသူ့ကိုမျော်နေမိတယ်...

ပြောရရင်သူနဲ့ကျနော်..သိခဲ့ကြတာ..ဘာမှမကြာသေး..

ဒီလောက်တော့မစွဲလန်းသင့်ဘူးလို့ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေမိတယ်...

ဘဝမှာ...အချစ်နဲ့ပတ်သက်ရင်ဘာမှအတွေ့အကြုံမရှိတဲ့ကျနော်..၊

ခင်တဲ့မိန်းခလေးမိတ်ဆွေတွေကနဲနဲ၊

ကျနော့်နဲ့အခင်ဆုံးဆိုလို့..အဖေ့မိတ်ဆွေကလောက..ဦးခွန်လူသမီးနန်းထွေးထွေး

သူကကျနော်နဲ့တစ်နှစ်ထဲဥပဒေမှာတက်နေတယ်...

သူတို့ကအဖေ....ထုတ်တဲ့အရက်တွေ၊ဝိုင်တွေသူတို့ဆိုင်မှာတင်ရောင်းပေးတယ်၊

ထွေးထွေးကကျနော့်အမကြီးနဲ့လဲအရမ်းခင်ကြတယ်၊

ထွေးထွေးနဲ့ကျနော်ငယ်ငယ်ထဲကခင်နေကြတယ်၊ကျနော့်စိတ်ထဲမှာသူ့ကို

ညီမတစ်ယောက်လိုဘဲမြင်နေမိတယ်။

ပြောရရင်ထွေးထွေးဟာ..ရိုးစင်းတဲ့အလှပိုင်ရှင်၊

ဘယ်ခါကြည့်ကြည့်၊မရိုးတဲ့အလှမျိုးကိုပိုင်ထားတာ...

ငယ်သူငယ်ချင်းမို့စိတ်ထဲမှာဘာမှမခံစားမိ၊

ပထမနှစ်၊ဒုတိယနှစ်တွေကျောင်းပိတ်အိမ်ပြန်ရင်ကျနော်တို့အတူတူပြန်လေ့ရှိတယ်။

ကျနော်အမကြီး..ရန်ကုန်လှိုင်ခြံမှာသူ့မိသားစုနဲ့နေ၊နေပြီ

ကျနော့်အမ..လှည်းတန်းမှာဆိုင်ဖွင့်ထားတယ်၊

အဖေ့စက်ရုံထွက်အရက်တွေ၊ဝိုင်တွေ၊ရှမ်းပြည်နယ်ထွက်ပစ္စည်းတွေရောင်းတယ်၊

ကျောင်းစတက်တုန်းကကျနော်နဲ့ထွေးထွေးကိုမမကြီးကျောင်းလိုက်ပို့တယ်..

ဥပဒေနဲ့ကျောင်းပြီးခဲ့တဲ့မမကြီးရန်ကုန်တက္ကသိုလ်နဲ့မစိမ်းခဲ့ပါ၊

တန်ဆောင်တိုင်ရက်တွေမှာမမကြီးအိမ်ပြန်လာလေ့ရှိတယ်၊

ထွေးထွေးတို့လဲတောင်ကြီးတန်ဆောင်တိုင်ပွဲနေ့တွေမှာအိမ်မှာညလာအိပ်လေ့ရှိတယ်၊

ကျနော်တို့မိသားစုအတူတူ..မီးပုံးပျံကွင်းကြီးထဲသွားလေ့ရှိတယ်၊

မမကြီးကထွေးထွေးကိုညီမလေးလို့ခေါ်တော့ထွေးထွေးရှက်ပြုံးမျက်နှာလေးနဲ့၊

မေသူတို့အဖေ...တောင်ကြီးမရောက်ခင်ကလောမှာလဲတာဝန်ကျခဲ့တယ်၊

အဲ့အချိန်ကမေသူနဲ့ထွေးထွေးနဲ့တခန်းထဲမှာစာသင်ခဲ့ကြတယ်...

ရန်ကုန်ရောက်လာတော့အဆက်အသွယ်တွေပြန်ရနေပြီ၊

ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာတက်နေကြတာ

မေသူကဓါတုဗေဒ၊ကျနော်ကဘူမိဗေဒ၊ထွေးထွေးကဥပဒေ

ကျနော်နဲ့ထွေးထွေးကသမိုင်းထဲကအဆောင်တွေမှာနေတယ်၊

မေသူတို့အိမ်ကသံလွင်လမ်းမှာရှိတယ်၊

လှိုင်နယ်မြေမှာစာသင်နေတဲ့ကျနော်တို့သုံးယောက်ကင်တင်းတွေမှာထိုင်လေ့ရှိကြတယ်၊

တစ်ရက်မေသူမရှိတဲ့နေ့..ကျနော်နဲ့ထွေးထွေး...ကင်တင်းမှာထိုင်ဖြစ်တယ်၊

“မေသူ..က..ချောတယ်နော်...ရှမ်းလေးနင်စိတ်မဝင်စားဘူးလား..”

ကျနော့်မျက်နှာထွေးထွေးကြည့်ပြီးမေးနေတယ်..

“စိတ်မဝင်စားဘူးလို့ပြောရင်လိမ်ရာကျမယ်”

“စိတ်တော့ဝင်စားတယ်...ဒါပေမဲ့...ငါအချစ်နဲ့ပတ်သက်ရင်သတ္တိနဲပါတယ်”

“နောက်ပြီး...ငါ့မှာဘောလုံးကန်နေတာနဲ့မအားဘူးဖြစ်နေတယ်”

“အဖေ့ကိုပေးထားတဲ့..ဂတိတွေ...ဖြည့်ဆည်းရမဲ့တာဝန်တွေရှိသေးတယ်”

“မေသူ...မနက်တိုင်းလေ့ကျင့်ရေးကွင်းလာတယ်ဆို...”

“ဟုတ်တယ်...နေ့တိုင်းလိုလိုရောက်တယ်..”

“ဒါဆိုသူနင့်ကိုစိတ်ဝင်စားနေလို့ဖြစ်ရမယ်၊နင်ဖွင့်ပြောလိုက်ပြီလား....”

“မပြောရသေးပါဘူး...ပြန်မချစ်ဘဲနဲ့သူငယ်ချင်းအဆင့်ကလျှော့သွားမှာလဲစိုးရသေးတယ်”

“ဒါပေမဲ့...မေသူကအားကစားတွေကိုစိတ်ဝင်စားတဲ့ပုံဘဲ”

“ဟုတ်တယ်..သူကငါတို့မသိသေးတဲ့အင်္ဂလန်ကပရီးမီးယားလိဂ်အကြောင်းတွေ၊

မန်ချက်စတာယူနိုက်တက်၊လီဗာပူး၊အာဆင်နယ်အသင်းအကြောင်းတွေငါ့ထက်ပိုသိတယ်”

“အေး...သူကအားကစားတာမလုပ်တာ...အားကစားတွေနဲ့ပတ်သက်တဲ့ဗဟုသုတတွေသိတယ်”

“နောက်ပြီး..ငါ့တို့ထက်အင်္ဂလန်ကတက္ကသိုလ်အကြောင်းတွေလဲသိတယ်”

“သူ့ကြည့်ရတာ..အပြင်မှာစာသွားဖတ်မယ်ထင်တယ်...

“မေသူက..မနက်တိုင်းရေကူးပြီး..ငါတို့လေ့ကျင့်ရေးကွင်းကိုလာလေ့ရှိတယ်”

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

“ထွေးထွေး...နင့်လက်ထဲကမှတ်စုစာအုပ်တွေကဘာတွေလဲ”

“ရှမ်းလေး..သူငယ်ချင်းမှတ်စုစာအုပ်တွေ...ဒီနေ့..ရှမ်းလေး..ကျောင်းမတက်ဘူး..”

“သူတို့တွေ...ပဲခူးတိုင်းအသင်းနဲ့..ဘောလုံးသွားကစားနေတယ်..”

“သူ..ကျောင်းမတက်တဲ့ရက်တွေမှာ...ငါကသူ့အတွက်မှတ်စုကူးပေးနေရတယ်”

“ဟယ်...နင့်မှာလဲတာဝန်ကြီးလိုက်တာ...”

“တာဝန်ကြီးတာတော့မဟုတ်ပါဘူး...ညီမတစ်ယောက်ကအကို့ကိုကူညီတဲ့သဘောပါ”

“နင်တို့နှစ်ယောက်ကလိုက်ဖက်တဲ့အတွဲဘဲ...”

“နင်တို့တွေ...အတွဲဖြစ်သင့်တယ်၊ထွေးထွေး...နင်ရှမ်းလေးကိုစိတ်မဝင်စားဘူးလား..”

“ဟိုး..ငယ်ငယ်ထဲကအတူတူနေခဲ့ကြတာ...သူလဲငါ့ကိုကြိုက်မှာမဟုတ်ဘူး...”

“ငါလဲ....အကိုတစ်ယောက်လိုဘဲချစ်တာ..”

“ထွေးထွေး...သွေးမတော်ဘူးလေ...”

“ချစ်လို့ရပါတယ်..”

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

လေ့ကျင့်ရေးဆင်းပြီးတစ်ရက်မေသူကျနော့်ကိုစောင့်နေတယ်၊

တခါတလေလဲမေသူပြန်သွားလေ့ရှိတယ်၊

ကျနော်တို့အအေးသွားသောက်ကြမယ်၊

“ရှမ်းလေး...နင်ထွေးထွေးကိုစိတ်မဝင်စားဘူးလား...”

“မေသူ..နင်ဘယ်လိုပြောလိုက်တာလဲ..သူနဲ့ငါက..ငယ်ငယ်ထဲကအတူတူဆော့ခဲ့ကြတာ”

“ငါ...ညီမတစ်ယောက်လိုဘဲချစ်တယ်”

“သူ့ကိုစေ့စေ့ကြည့်လေ..လှလေဘဲ...”

“နင်တို့နှစ်ယောက်ကလိုက်ဖက်တယ်...”

မေသူ...ဘာသဘောနဲ့ထွေးထွေးနဲ့တိုက်တွန်းနေလဲ..ကျနော်မသိပါ

ကျနော်စဉ်းစားမရတာတစ်ခုရှိနေတယ်..

ဘာလို့များသူတို့တစ်ယောက်ကိုတစ်ယောက်ကျနော့်ကိုတွန်းပို့နေလဲကျနော်မသိ၊

ကျနော်လာမဲ့တက္ကသိုလ်ပွဲကိုခေါင်းထဲထည့်ဖို့ပြန်သတိပေးနေမိတယ်..

ပွဲတွေပြီးမှ..ဘာဆက်လုပ်ရမယ်...ကျနော်စဉ်းစားတော့မယ်...

ဓါတ်ပုံကိုအင်တာနက်ထဲမှယူသုံးထားပါသည်။

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၂ )

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၃ )

 

ဒီလိုနဲ့တတိယနှစ်ရောက်လာပြီ

သမိုင်းအဆောင်မှာနေခဲ့တဲ့ကျနော်နဲ့ထွေးထွေး..မိန်းထဲရောက်လာကြပြီ..

ကျနော်...မန္တလေးဆောင်မှာစာသင်တယ်၊ဒဂုံဆောင်မှာနေတယ်..

ကျနော့်အတွက်အဆင်ပြေတာက..တက္ကသိုလ်လေ့ကျင့်ရေးကွင်းနဲ့နီးသွားတယ်..

မနက်လမ်းလျှောက်သွားရုံဘဲ...

နောက်ပြီးကျနော့်အမ..လှည်းတန်းမှာရှိတဲ့ဆိုင်ကိုအားရင်ဝိုင်းကြည့်ပေးလို့ရတယ်..

ထွေးထွေးကသီရိဆောင်မှာနေပြီး..ရာမညဆောင်မှာစာသင်နေပြီ..

ကျနော်တို့အတွက်ဦးချစ်ဆိုင်၊တောင်ငူဆောင်ကင်တင်းကအရှည်ကြီးဆိုင်၊

အစိပ်ဆိုင်၊ရွှေပိတောက်ထမင်းဆိုင်တွေဟာကျနော်တို့နဲ့ရင်းနှီးလာတယ်...

ထွေးထွေးလဲမမကြီးဆိုင်ကိုလာဝိုင်းကြည့်ပေးတယ်...

ကျနော်တို့နှစ်ယောက်..မမကြီးဆိုင်မှာမကြာမကြာဆုံကြတယ်...

ကျနော်တတိယနှစ်သင်္ကြန်ကျောင်းပိတ်ချိန်ကျနော်တို့ကွင်းဆင်းရမယ်၊

ခါတိုင်းကျနော်နဲ့ထွေးထွေးအိမ်အတူပြန်နေကျ..ခုတော့ထွေးထွေးကလောပြန်သွားပြီ

ကျနော်တို့တတိယနှစ်...ကျွဲတပ်ဆုံနဲ့ကားလမ်းပြင်ညောင်မှာကွင်းဆင်းရမယ်...

ကျနော်တို့ဒီနှစ်တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲရှိတယ်..

နေ့တိုင်းလေ့ကျင့်ရေးဆင်းနေရတယ်...

ကျောင်းမပိတ်ခင်ထဲက...RASU လက်ရွှေးစင်နဲ့ရှမ်းပြည်နယ်အသင်းတောင်ကြီးမှာ

ခြေစမ်းကြမဲ့အစီအစဉ်ရှိပြီးသား...

ကျနော်ကွင်းဆင်းနေတာနဲ့ကြုံနေတယ်...

ကျနော်...တောင်ကြီးမှာကစားချင်တယ်...တောင်ကြီးမြို့ခံတွေရှေ့မှာကစားချင်နေတယ်...

ကျနော်တို့နည်းပြ...ဘယ်လိုစီစဉ်ထားလဲကျနော်မသိဘူး

ကျနော်တို့ဘူမိဗေဒဆရာတွေရဲ့သဘောထားလဲကျနော်မသိသေး

ကျနော်တို့ကို..ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်ဝင်း၊ဆရာဦးခင်မောင်လတ်တို့ကြီးကြပ်မှု

အောက်မှာကွင်းဆင်းရမယ်၊

ဒါပေမဲ့...ကွင်းမဆင်းခင်လေးမှာကျနော့်ကိုတောင်ကြီးမှာသွားကစားခွင့်ပြုတဲ့အကြောင်း

ကျနော်သိလိုက်ရတယ်...ကျနော်အရမ်းဝမ်းသာသွားတယ်...

ကွင်းဆင်းနေတဲ့ရက်အတွင်းသုံးရက်သွားကစားခွင့်ရခဲ့တယ်...

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကျနော်ကားလမ်းပြင်ညောင်မှာကွင်းဆင်းနေချိန်မှာတောင်ကြီးတက်ရမယ်၊

အဖေ၊ကလောကဦးခွန်လူ၊ကျနော်တို့နည်းပြဆရာငြိမ်းနဲ့ဆရာဘန်နီ၊

ပြီးတော့ထွေးထွေးလဲပြင်ညောင်ကိုလိုက်လာခဲ့တယ်၊အဖေ့ကားနဲ့လာကြတာ.....

ကျနော်အဖေ့ကားနဲ့လိုက်သွားတော့သူငယ်ချင်းတွေဝိုင်းအော်ကြတယ်..

“ယောက်ဖ...ယောက်ဖ...ရှမ်းလေး...”

စကားဝဲနေတဲ့ကျနော်တို့နှစ်ယောက်ကိုသူငယ်ချင်းတွေကမောင်နှမတွေလို့ထင်နေကြတယ်

ထွေးထွေး..မျက်နှာရှက်ပြုံးလေးနဲ့...

တောင်ကြီးရောက်တော့ပိုအံ့ဩရတာ...မေသူလဲရောက်နေတယ်...

ပြိုင်ပွဲနေ့မှာ..အဖေ၊ဦးခွန်လူ၊မေသူ၊ထွေးထွေးတို့လာအားပေးကြတယ်...

ခြေစမ်းပွဲဆိုတော့အေးအေးဆေးဆေးဘဲကန်ကြတယ်...

အလယ်တန်းကစားနေတဲ့ကျနော်..ခြေစွမ်းပြခွင့်ရလို့အရမ်းကျေနပ်မိတယ်...

ကျနော်တို့မြို့ခံတွေကလဲ RASU အသင်းမှာတောင်ကြီးသားတစ်ယောက်

ပါနေလို့အရမ်းဂုဏ်ယူနေကြတယ်...

ကျနော်တို့  ၂း၂ နဲ့သရေပွဲဖြစ်သွားတယ်..

ကျနော်တို့ရန်ကုန်အသင်းကိုအဖေ့စက်ရုံမှာထမင်းကျွေးတယ်...

မေသူနဲ့ထွေးထွေးတို့ကိုလဲခေါ်ထားတယ်

မေသူက“ဦးစိုင်း..ရှမ်းလေးကိုသမီးတို့အဖေဆီကိုအပ်လိုက်ပါ..”

“ကာစတန်အသင်းကြီးမှာပါစေရမယ်”

“ကျေးဇူးတင်ပါတယ်..သမီး...”

“နည်းပြတွေသိကြပါတယ်..”

“ဦးစိုင်း..သားရှမ်းလေးခြေစွမ်းကဒုတိယအသင်းနဲ့ဘဲထိုက်တန်နေသေးလို့

အသင်းကြီးကိုမခေါ်သေးတာပါ”

“သားခြေစွမ်းမှီလာရင်ခေါ်မှာပါ”

“ခြေမမှီဘဲအသင်းကြီးမှာသွားကစားရင်၊အသင်းလဲနစ်နာတယ်”

“နည်းပြလဲအပြောခံရမယ်...”

“ပွဲကြည့်ပရိတ်သတ်ကိုညာလို့မရဘူး...”

“ပွဲကြည့်ပရိတ်သတ်ကိုလျှော့မတွက်ပါနဲ့...”

အဖေ...အေးအေးဆေးဆေးဘဲ၊အားလုံးအရှေ့မှာရှင်းပြခဲ့တယ်၊

ကွင်းဆင်းပြီးတော့..သူငယ်ချင်းတွေနဲ့ပြန်မလိုက်တော့ဘူး..‌

တောင်ကြီး...လိုက်လည်ချင်တဲ့သူငယ်ချင်းတွေကိုကျနော်ခေါ်လာခဲ့တယ်...

ကျနော်တို့စက်ရုံမှာသူငယ်ချင်းတွေနဲ့..နေ့နေ့ညည...တစ်ချိန်လုံး...

“ရှမ်းလေး...တစ်ကယ်ကံကောင်းတယ်...”

“ဟုတ်တယ်....မချောနှစ်ယောက်ကိုယ်တစ်ယောက်...”

“ငါ...ဘယ်သူ့ကိုမှ...မပြောရသေးပါဘူး...”

“ငါ...ဘယ်သူ့ကိုပြောရမှန်းလဲမသိပါဘူး...”

“ငါ့စိတ်ထဲမှာ...တက္ကသိုလ်ပေါင်းစုံဘောပွဲအတွက်ဘဲစိတ်ထဲထည့်ထားတယ်”

“နှစ်ယောက်လုံးကိုခင်တယ်...ဒါပေမဲ့...ထွေးထွေးကပိုမယ်ထင်တယ်..”

“ငါနဲ့မေသူကနောက်မှသိကြတာ...”

“မေသူလဲမင်းကိုကြိုက်နေပုံရတယ်...”

“သူတို့နှစ်ယောက်လုံးကို..ငါသနားတယ်...”

“တစ်ယောက်ယောက်နဲ့ဖြစ်လိုက်ရင်...ကျန်တဲ့တစ်ယောက်ကိုသနားတယ်..”

“ငါလဲပြီးပြည့်စုံနေတဲ့လူတစ်ယောက်မဟုတ်ပါဘူး”

“တချိန်ချိန်...သူတို့တွေလဲငါ့ထက်ချစ်ရမဲ့သူတွေတွေ့လာမှာပါ

အခုတော့...ငါ့အဖေဆန္ဒကိုဖြည့်ပေးဖို့..အရင်စဉ်းစားတော့မယ်...”

“မဆုံဖြစ်ရင်လဲ...ကံလို့ဘဲပြောလိုက်မယ်...”

သူငယ်ချင်းတွေကို..ပင်းတယ၊အင်းလေးကန်၊တောင်ကြီးမြို့ပေါ်ကလည်စရာတွေ

ကျနော်နဲ့ထွေးထွေးလိုက်ပို့တယ်...။

မကြာခင်ကျောင်းတွေပြန်ဖွင့်တော့မယ်...

ဂျူလိုင်လောက်မှာတက္ကသိုလ်ဘောလုံးပွဲတွေလာတော့မယ်...

အဆောင်ပြန်ရောက်ပြီးရင်ကျနော်လေ့ကျင့်ရေးကွင်းမနက်တိုင်းသွားရမယ်...

ဘောလုံးပွဲနီးရင် ကစားသမားများအတွက်ပေးထားသောအဆောင်မှာကျနော်တို့ Camp ဝင်ရတော့မယ်...

ဒီရက်ပိုင်းတွေမှာကျနော်အတန်းမမှန်ခဲ့ပါ..

ထွေးထွေးကျနော့်အတွက်မှတ်စုတွေကူးပေးနေတယ်...

ကျနော်တို့ RASU အသင်းမျှော်လင့်ချက်တွေရှိနေတယ်...

ကျနော်တို့ရဲ့ အဓိကပြိုင်ဖက်က MASU အသင်းပါဘဲ

သူငယ်ချင်းအချို့ကပြောကြတယ်...

မင်းနဲ့အလိုက်ဖက်ဆုံးကထွေးထွေးလို့ပြောကြတယ်...

ဝန်ခံရရင်ကျနော်..မေသူကိုပိုကြိုက်နေသလိုဘဲ...

သူမလာတဲ့ရက်တွေမှာ..ကစားရတာအားမရှိဘူး...

ဒီရက်ပိုင်းတွေမှာ...သူအလာကြဲသွားတယ်...

ကျနော်လေ့ကျင့်မှုတွေလျော့နေတာကျနော်တို့နည်းပြချုပ်ဆရာငြိမ်းလဲသိတယ်..

ကျနော်တို့အသင်းကိုဆရာငြိမ်းနဲ့ဆရာဘန်နီတို့အုပ်ချုပ်တယ်

ရှမ်းလေးမင်းကိုယ်မင်းသိတယ်နော်...

ဒီအချိန်...ဘာကအရေးကြီးဆုံးလဲဆိုတာ..မင်းတို့သိကြပါ...

ကျနော်တို့နည်းပြချုပ်နဲ့အဖေတို့သိကြတယ်...

သူတို့တွေအဆက်အသွယ်ရှိကြတယ်...

ထုံးစံအတိုင်း...ကျနော့်အခြေအနေတွေကိုအဖေဖုံးဆက်မေးလေ့ရှိတယ်..

“ရှမ်းလေး...မင်းအဖေကမင်းကို..အရမ်းမျှော်လင့်နေတယ်...”

“ကျိုးစားရမှာ..မင်းတာဝန်”

နည်းပြဘယ်လိုပြောပြော...ကျနော့်စိတ်တွေမေသူဆီရောက်နေတယ်..

ကျနော်နဲ့ထွေးထွေး...သိပ္ပံခမ်းမဖက်ကသူ့စာသင်ဆောင်လိုက်သွားရင်လဲ

မတွေ့တာများတယ်...ကြုံလို့မေးကြည့်ရင်..

“ဒီလိုပါဘဲ...အိမ်အလုပ်တွေရှုပ်နေလို့ပါ” တဲ့

“ရှမ်းလေး...ငါတို့ရာစူးအသင်းအတွက်တာဝန်ကျေပါစေနော်”

“အေးပါ...မနက်..မနက်..နင်သိပ်မရောက်ဘူးနော်”

“အေး...အလုပ်ရှုပ်နေလို့..ရေတောင်မကူးဖြစ်တော့ဘူး …”

အုပ်စုပွဲတွေကတော်တော်များများပြီးသွားပြီ...

ထုံးစံအတိုင်းကျနော်တို့ရာစူးနဲ့မာစူး...ဖိုင်နယ်မှာလာဆုံကြပြီ...

အောင်ဆန်းကွင်းမှာကန်ကြမယ်...

တကယ်ဆိုရင်..အောင်ဆန်းကွင်းဆိုတာကျနော်တို့အိမ်ကွင်းလို့ပြောလို့ရတယ်..

ရန်ကုန်ပရိတ်သတ်တွေအားရစရာကောင်းတယ်...

ဒါပေမဲ့...ငယ်ငယ်တုန်းကအဖေတို့အသင်းကန်ခဲ့ကြတာသတိရမိပြီး..

စိတ်ထဲမှာနဲနဲကြောက်သလိုလိုခံစားမိပါရဲ့...

နှစ်တွေလဲကြာခဲ့ပြီ..အရာရာပြောင်းလဲနေပြီ...

စိတ်ထဲမှာနိုင်ကိုနိုင်ရမယ်လို့ဒုံးဒုံးချထားတယ်.....

အသင်းဖေါ်တွေကိုလဲအမြဲအားပေးစကားပြောနေတယ်.....

ကျနော်တို့ကန်တဲ့နေ့ရောက်လာပါပြီ...

အဖေ၊ဦးခွန်လူတို့လဲရန်ကုန်ဆင်းလာပြီးကြည့်ကြတယ်...

မေသူနဲ့ထွေးထွေးတို့ကိုလဲအထူးတန်းမှာတွေ့လိုက်တယ်...

ကျနော်တို့နှစ်သင်းကခြေညီတယ်...

မာစူးအသင်းမှာရှမ်းမြောက်ကနှစ်ယောက်ဝင်ကစားနေတာတွေ့တယ်...

တောင်ကြီးကတစ်ယောက်ကအရံခုံမှာ...

သူတို့နဲ့တွေ့ရင်..ဘယ်လိုကန်ကြမလဲဆိုတာ..နည်းပြချုပ်နဲ့ကျနော်တို့

အကြိမ်ကြိမ်..ဆွေးနွေးပြီးသားဘဲ...

ကျနော်တို့နှစ်တွေတုန်းက..အသင်းအားလုံးလိုလို...၄း၂း၄ နဲ့ကစားတာချည်းဘဲ

ကျနော်အလယ်တန်းညာဖက်မှာကစားတယ်....

ကျနော်ကပ်ကစားရမဲ့သူကိုနည်းပြပြောထားပြီးသား....

ကစားချိန်မှာသူ့ကိုကျနော်ထိန်းနိုင်တယ်...သူလှုပ်မရဘူး...

ကျနော်တင်ပေးလိုက်တဲ့ဘောနဲ့ရှေ့တန်းကဂိုးသွင်းသွားတယ်...

အောင်ဆန်းကွင်းတစ်ကွင်းလုံးညံသွားပြီ....

ကျနော်တို့ တစ်ဂိုးသာနဲ့ကစားနေပြီ...

ပထမပိုင်းပြီးခါနီး...ကျနော်တို့ကစားအားနဲနဲလျှော့နေချိန်မှာသူတို့ဂိုးသွင်းသွားတယ်...

ပထမပိုင်းပြီးတော့..၁း၁...ဖြစ်သွားပြီ...

ဒုတိယပိုင်းပြန်စတော့သူတို့လူအပြောင်းအလဲလုပ်တယ်....

ကျနော့်ကပ်နေလို့ခြေမပေါ်တဲ့သူတို့အလယ်တန်းလူထုတ်လိုက်တယ်..

နောက်တစ်ယောက်ဝင်လာတယ်...သူတို့ကစားပုံနဲနဲပြောင်းလာတယ်...

ကျနော့်ကြောင့်ခါးပြတ်နေတဲ့သူတို့အသင်းကိုရှေ့တန်းတစ်ယောက်အလယ်ဆင်းလာကူ

နေတာ..တွေ့ရတယ်...

ပြောရရင်သူတို့..၄း၃း၃ ပုံစံဆင်ဆင်ကစားလာတယ်...

ကျနော်ကပ်ရမဲ့လူ၊နောက်ရောက်လာတဲ့ကစားသမား...ကစားနေရင်း...ကျနော့်ကိုအရမ်းရိတယ်...

စကားတိုးတိုးနဲ့အဆက်မပြတ်ပြောနေတယ်...

ကျနော်သိတယ်...ဒီကစားကွက်မျိုး....

မနိုင်ရင်..ဒေါသဖြစ်အောင်...စွပေးရတယ်...

ငယ်ငယ်တုန်းကကစားရင်..နည်းပြတွေကိုယ်တိုင်မြှောက်ပေးလေ့ရှိတဲ့ကစားကွက်တွေ...

“ဟေ့ကောင်..ရှမ်းလေး...ပဲပုတ်နံတယ်...”

“မင်း..ရေမချိုးဘူးလား...ပဲပုတ်ဆော်နံတယ်...”

စကားနဲ့စစ်ထိုးနေတဲ့ကောင်ကိုကျနော်ဘာမှပြန်ပြောမနေပါ..

ကျနော်တို့နောက်တန်းကိုညိုက”ရှမ်းလေး...စိတ်ထိမ်းထား..”

“သူ့အမှားကိုယ့်အမှားမဖြစ်စေနဲ့”

“ဟေ့ကောင်...ရှမ်းလေး...မင်းအဖေအသုံးမကျလို့ပြည်ထောင်စုဒိုင်းမရတာကွ..”

“ဟေ့ကောင်..ယောက်ဖ...ရှမ်းလေး..မင်းနှမငါ့ပေး...”

စိတ်ထဲတော်တော်တင်းသွားတယ်..

မဆီမဆိုင်..အဖေကိုရော..ထွေးထွေးကိုပါဆွဲထည့်လာတဲ့ကောင်..

ကိုညိုလဲကြားနေတယ်..ကိုညိုဒီကောင့်နားကပ်ပြီးပြောလိုက်တယ်...

“ငိုးမသားအညာသားတွေ...မြက်ခြောက်သွားစားကြ”

ကျနော်တို့တွန်းတွန်းတိုက်တိုက်ကစားနေကြရင်းပြောနေကြတာတွေ

အသင်းခေါင်းဆောင်ကြားနေတယ်..

“စိတ်ထိမ်းကြ..၊အမှားမလုပ်ကြနဲ့...”သတိပေးနေပြီ

နည်းပြလဲကျနော်တို့ကိုသတိပေးထားတယ်...စိတ်ထိမ်းပြီးကစားကြဖို့...

ကစားနေကြတာပွဲချိန်နဲနဲဘဲကျန်တော့မယ်....

“ဟေ့ကောင်...ရှမ်းလေး..မင်းလဲမင်းအဖေလိုဘဲရွာမှာဘဲပြီးသွားမဲ့ကောင်..”

“မင်းလဲတစ်သက်လုံးတောမှာဘဲပြီးသွားမယ်..”

“မြန်မာ့လက်ရွှေးစင်ဆိုတာ..မင်းအတွက်ချီးနဲ့ရွှေလိုဘဲ..ဝေးသေး..”

ဒီကောင်ကစားလဲကစားတယ်..ပါးစပ်ကလဲပြောနိုင်တယ်...

သူကျနော့်ကိုဒေါသဖြစ်အောင်လုပ်နေတာ...

“ရှမ်းလေး...စိတ်ထိမ်း...”ကိုညိုကျနော့်ကိုသတိပေးနေတယ်....

ကိုညိုနဲ့ကျနော်အတွဲမိတယ်...အရပ်မြင့်တဲ့ကိုညိုအပေါ်ဘောတွေကောင်းကောင်းရှင်းနိုင်တယ်...

နောက်တန်းကရှေ့တန်းထိတက်ကစားနိုင်တယ်...

ထောင့်ကန်ဘောတွေမှာကိုညိုခေါင်းတိုက်ဂိုးသွင်းလေ့ရှိတယ်...

သူအရှေ့ရောက်နေရင်သူ့နေရာကျနော်တာဝန်ယူရတယ်...

သူတို့ရှေ့တန်းတစ်ယောက်ကိုတားရင်းရလာတဲ့ဘောကိုကျနော့်ဆီထိုးပေးရင်း

“ရှမ်းလေး...ရှေ့နှစ်ကောင်လွတ်နေပြီ...တင်ပေးလိုက်...”

ကျနော့်ခြေထဲရောက်လာတဲ့ဘောကိုထိမ်းရင်းဘေးဘီလှည့်ကြည့်လိုက်တာ

အညာသားကျနော့်ဆီလာနေပြီ...

ဘောလုံးခွါပြီးအညာသားကိုကျော်ဖို့စဉ်းစားလိုက်တယ်..

သူ့ကိုမလွတ်နိုင်...အညာသားဘောလုံးဖျက်ထုတ်နိုင်တယ်....

ဘောလုံးကိုကျနော့်ခြေနဲ့ကပ်ပြီးအညာသားကိုကျော်ဖို့ဆုံးဖြတ်လိုက်တယ်...

အညာသား...ဘာလုပ်မလဲဆိုတာစဉ်းစားကြည့်လိုက်တယ်...

ထင်ထားတဲ့အတိုင်း...ဒီကောင်..ကျနော့်ကိုဘောလုံးရောလူပါရိုက်ချတာ..

ကျနော့်ခြေဖမိုးပူကနဲဖြစ်ပြီး...ပုံလဲသွားပြီ...

ဘောလုံးအရင်ထိပြီးအောက်သွားလို့...နောက်မို့ဒီကောင်အနီကဒ်ထိနိုင်တယ်...

“ငိုးမသား...မင်းလူချတယ်...”ကိုညိုအညာသားဆီပြေးဝင်သွားခိုက်...

ဘေးကအသင်းသားတွေဝိုင်းဆွဲကြတယ်..

ကျနော်ညာခြေ...လှုပ်မနိုင်တော့ဘူး...

လဲနေတဲ့ကျနော့်ကိုအလယ်မှာထားပြီးနှစ်ဖက်အသင်းသားတွေတွန်းနေကြတယ်..

သူတို့တွေတွန်းနေတဲ့အခိုက်..ကျနော့်ခေါင်းညာဖက်ပူကနဲဖြစ်သွားပြန်တယ်...

ဘယ်ကောင်ကျနော့်ခေါင်းကိုကစ်ထည့်လိုက်လဲ...ကျနော်မသိလိုက်ပါ...

စုပြုံနေတဲ့နှစ်သင်းလုံးကိုနည်းပြတွေပါကွင်းထဲဝင်ပြီးဖြန်ဖြေနေကြတယ်..

ကျနော်...ညာခြေဖမိုးနဲ့ခေါင်းနာနေတာဘဲသိတယ်...

ဘာဖြစ်နေကြလဲ..ကျနော်မမြင်နိုင်ပါ....

အညာသား..အဝါကဒ်ထိတယ်...

ကျနော်မကစားနိုင်တော့လို့...လူစားလဲခံရတယ်...

ကျနော့်ဒဏ်ရာကြည့်ပြီး..ဆေးရုံသွားမလားလို့ကျနော့်ကိုဆေးအဖွဲ့ကမေးတယ်..

ပွဲပြီးဖို့ဆယ်မိနစ်ဘဲကျန်တော့တယ်...ရေခဲထုတ်ကပ်ပြီးပွဲဆက်ကြည့်မယ်...

ကျနော့်ကိုတွဲပြီးအသင်းရှိရာဖက်လာတဲ့အခိုက်..အထူးတန်းမှာကြည့်နေတဲ့ထွေးထွေး

သူငိုနေတဲ့ပုံ.....ကျနော့်မျက်စိထဲဝင်လာတယ်..

မေသူကလက်သီးလက်မောင်းတန်းပြီးအော်နေတယ်...

အနာကိုရေခဲထုတ်နဲ့ကပ်ရင်းပွဲကိုဆက်ကြည့်နေမိတယ်...

အုပ်စုပွဲမတိုင်ခင်ကအဖေနဲ့ဖုံးဆက်ခဲ့တာပြန်သတိရမိနေတယ်...

“သား....အဖေ...သားကိုမျှော်လင့်နေတယ်နော်..”

“ဒီတလော...လေ့ကျင့်ရေးမှာ...သားကစားတာနဲနဲလျှော့နေတယ်လို့အဖေ့သူငယ်ချင်းပြောနေတယ်”

“ဒီအချိန်..အချစ်ရေးတွေစဉ်းစားရမဲ့အချိန်မဟုတ်ဘူးနော်...သား...”

“အဖေ...သားစိတ်ကိုသိတယ်...”

“သား...မေသူကိုစိတ်ဝင်စားနေတယ်မလား...”

“သား...မေသူကိုစိတ်မဝင်စားသင့်ဘူး...”

“ဘာလို့လဲလို့မေးရင်ဇာတ်လမ်းရှည်တယ်...”

“သား..အိမ်ပြန်ရောက်တဲ့အချိန်အဖေပြောပြမယ်...”

“အခုလေ့ကျင့်ရေးကိုစိတ်ပါလက်ပါလုပ်ပါ...”

“အဖေ့..မျှော်လင့်ချက်တွေကိုဖြည့်ပေးပါ...သား...”

အဖေဘာတွေပြောတာလဲ...ကျနော်နားမလည်ပါ...

ကျနော်တို့ထောင့်ကန်ဘောရပြီ...

နောက်တန်းက..ကိုညို..ခေါင်းတိုက်ဖို့ဂိုးရှေ့မှာနေရာယူနေပြီ...

ပုံမှန်..ကိုညိုရှေ့ရောက်နေရင်...ကျနော်အရှေ့သိပ်မတက်တော့ပါ...

နောက်တန်း..ကိုကူနိုင်မဲ့နေရာမျိုးမှာနေရာယူလေ့ရှိတယ်..

ကျနော့်နဲ့လူစားလဲခဲ့တဲ့..ချိုလေး...သူ...နောက်တန်းကိုကူဖို့မတွေးဘဲ...သူပါရှေ့ရောက်နေတယ်...

ကျနော်တို့ရှုံးနေတဲ့အနေထားဆိုရင်...ဂိုးသမားပါ..အရှေ့တက်သင့်တယ်...

အခုက...သရေအနေထား...ဒါမျိုးမလုပ်သင့်ဘူးလို့ထင်တယ်...

ကျနော်တို့ဆီကတင်လိုက်တဲ့ဘောလုံးလေမှာဝဲပြီးသူတို့နောက်တန်းကခေါင်းနဲ့ထိပြီး

သူတို့လူဆီရောက်သွားပြီ...ကျနော်တို့အားလုံးပြန်ဆင်းရတော့မယ်...

သူတို့ရှေ့တန်းသမားတွေပြေးပြီ...လွတ်နေတဲ့ကိုညိုနေရာကိုပြေးကြတာ...

သွားပြီလို့ထင်ပါတယ်...ကောင်တာနဲ့တွေ့ပြီ...

ချိုလေးလဲဆင်းတော့ဆင်းပါတယ်...လိုက်မမှီတော့ဘူး...

ထင်တဲ့အတိုင်း...သူတို့အခွင့်အရေးအပြည့်အဝယူလိုက်ပြီ...

“ဂိုး”ဆိုတဲ့အသံက..ကျနော့်နှလုံးသားကိုတစစီဆုပ်ဖြဲလိုက်သလိုဘဲ.....

ပွဲကမပြီးသေးပါဘူး..ဒါပေမဲ့မျှော်လင့်ချက်နဲသွားပြီ.....

မျက်လုံးအိမ်ထဲမှာမျက်ရည်တွေပြည့်လာတာသိနေတယ်...

ပွဲပြီးဝီစီသံကမျက်ရည်သွန်ချဖို့အမိန့်ပေးလိုက်သလိုဘဲ....

ပွဲပြီးချိန်မှသိလိုက်ရတာကျနော်တို့ကိုဂိုးသွင်းသွားတာ

တောင်ငူသား...ဖိုးခွါးဆိုတဲ့ကရင်လေး...

တောင်ငူသားဘယ်လိုလုပ်ပြီးမာဇူးရောက်သွားလဲမသိ....

ထို့အတူမာဇူးနည်းပြလဲကျနော့်ကိုတောင်ကြီးသားဘာလို့ရန်ကုန်ရောက်နေရတာလဲ

လို့မေးခွန်းထုတ်ခဲ့ဘူးတယ်....

ကျနော်ဝမ်းနည်းစွာနဲ့ငိုကြွေးနေမိတယ်...

ကရင်လေးတွေကျနော်တို့သားအဖကိုတော်တော်ဒုက္ခပေးခဲ့တယ်..

ဘယ်လိုဝဋ်ကြွေးကြောင့်လဲမသိတော့ပါ....

အောင်ဆန်းကွင်းမှာဒုတိယအကြိမ်ကျခဲ့တဲ့ကျနော့်မျက်ရည်....

အသင်းသားအားလုံးကျနော်ကိုလာအားပေးကြပါတယ်...

ကျနော်ငိုလို့မပြီးသေးဘူး...

ကျနော်ပုခုံးပေါ်လက်တစ်စုံလာတင်နေတာကျနော်သိလိုက်တယ်...

သူ့ကိုယ်သင်းနံ့ကကျနော့်နဲ့ရင်းနှီးပြီးသား...

ထွေးထွေး...ကျနော်ကိုအားပေးနေတယ်...

“ကျနော့်ကိုဆေးရုံပို့ပေးကြပါ...”

မာစူးအသင်းဆုယူနေတာတွေ...အောင်ပွဲခံနေတာတွေကိုမကြည့်နိုင်တော့ဘူး......

ကျနော့်ရင်ထဲမှာမခံစားနိုင်တော့ဘူး....

 

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၃ )

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၄ )

 

ဖြူဖွေးနေသောမျက်နှာကျက်ကိုငေးကြည့်နေမိတယ်...

ကျနော်ရောက်နေတာရန်ကုန်ဆေးရုံကြီး..အရိုးဆောင်...မှာ

ကျနော့်ခြေဖမိုးကအလယ်အရိုးလေးကျိုးသွားတယ်...

ကျိုးဖို့ရာခိုင်နှုန်းနဲတယ်လို့ပြောကြပေမဲ့...ကျနော်ခြေထောက်ကျိုးခဲ့ရပြီ...

ဓါတ်မှန်အနေအထားကခြေထောက်အရိုးအနေအထားပုံမှန်အနေအထားဖြစ်နေလို့

ကျနော်ကံကောင်းတယ်...အနေအထားလွဲနေရင်...ခွဲစိပ်ပြီးစတီးချောင်းထည့်ရမည်..

ခုတော့...ကျောက်ပတ်တီးဘဲစည်းရမည်...ဒါပေမဲ့...အနဲဆုံးတစ်လခွဲ..နှစ်လကြာမည်...

ကျနော့်ညာဖက်ကျောက်ပတ်တီးစည်းထားတယ်..အထိအခိုက်မဖြစ်အောင်..

ပလတ်စတစ်ပုံစံခွက်ကြီးကိုလဲဝတ်ထားရသေးတယ်...

ထသွား၊ထလာ..လမ်းလျှောက်ရတာအဆင်မပြေ....

နေသားမကျသေးတာလဲဖြစ်မယ်..

အဆင်ပြေအောင်..နေတတ်အောင်ကျိုးစားရတော့မယ်....

ကျနော်ပြန်စဉ်းစားနေမိတယ်...

အညာသား...ကျနော့်ကိုလူချတာလဲမဟုတ်...

ဒီလိုဖျက်တာမျိုး..အကြိမ်ကြိမ်ကြုံခဲ့ဘူးပြီးသား...

တစ်ခုရှိတာကကျနော့်ခြေချောင်းလေးကဘယ်အချိန်ထဲကဒဏ်ဖြစ်နေလဲမသိ..

ဆေးရုံမှာ...သူတို့အသင်းကျနော့်ကိုလာကြည့်ကြတယ်..

အညာသား...ကျနော့်ကိုတောင်းပန်တယ်....

သူ...လူချတာမဟုတ်ရပါကြောင်းအထပ်ထပ်ပြောခဲ့တယ်...

ကျနော်ဆေးရုံမှာရှိနေစဉ်အတွင်း..မေသူနဲ့ထွေးထွေးမကြာမကြာရောက်လာတယ်...

စာမေးပွဲကစက်တင်္ဘာထဲမှာဖြေရတော့မယ်...

စာတွေကိုထွေးထွေးကူးထားပေးတယ်....

ကျနော်..ဒဂုံဆောင်မှာနေလို့အဆင်ပြေမှာမဟုတ်တော့ဘူး..

ကျနော့်အခန်းကပထမထပ်မှာ၊သူငယ်ချင်းထဲကအောက်ထပ်နဲ့အခန်းချိန်းပေးမဲ့သူရှိတယ်..

ဒါပေမဲ့..ကျနော့်အမအိမ်ဘဲပြောင်းတော့မယ်...သူငယ်ချင်းတွေနဲ့ဝေးနေရအုန်းမယ်...

ကျနော့်အတွက်ရေချိုးတာတွေ၊အိမ်သာတက်တာတွေကအမအိမ်မှာအဆင်ပြေတယ်...

ကျောင်းတက်ရင်အမတို့ကားနဲ့မန္တလေးဆောင်လိုက်ပို့မယ်...

ကျောက်ပတ်တီးဖြေပြီးမှဘဲအဆောင်ပြန်တော့မယ်....

ကျနော်ဆေးရုံတက်နေစဉ်အတွင်းစိတ်ရှုပ်စရာတွေနဲ့ကြုံခဲ့ရတယ်...

အဖေမပြန်ခင်ပြောခဲ့တာတွေ...

“သား...မင်းမေသူကိုမေ့လိုက်တာကောင်းမယ်...”

“သား...အဖိုးနဲ့အဖွားကသက်ရှိထင်ရှားရှိနေသေးတယ်..”

“သူတို့ကိုသားဘယ်လိုမျက်နှာပြမလဲ....”

“အဖေ့ကိုရော...အဖိုးနဲ့အဖွားဘယ်လိုပြောကြမလဲ...”

“သူတို့ရင်ထဲမှာဘယ်လောက်နာကျည်းနေလဲဆိုတာအဖေအသိဆုံး...”

အဖေပြောပြတဲ့အဖိုးအဖွားတို့ခံစားခဲ့ရတဲ့ဇာတ်လမ်းမျက်စိထဲမှာကွက်ကွက်ကွင်းကွင်း

ကြီးပေါ်လာပါတော့တယ်.....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ကျနော့်အတွေးထဲမှာပေါ်လာတာတွေကိုတိတိကျကျမရေးပြချင်တော့ပါ...

ရေးပြရရင်...ရင်နာလွန်းလို့ပါ...

ရင့်ရင့်သီးသီးပြောခဲ့တာတွေ...ကြားရုံနဲ့ဒေါသဖြစ်လွန်းလို့ပါ

အာဏာရှိသောသူကပြည်သူတွေကိုအနိုင်ကျင့်ခဲ့တယ်..

အဖွားရောင်းနေတဲ့အိမ်ဆိုင်ပြည်သူပိုင်အသိမ်းခံရတယ်...

အိမ်ဆိုင်ထဲမှာဈေးရောင်းရငွေတွေရှိနေတယ်...ဘာမှယူခွင့်မပေး..

ပြည်သူတွေကိုဓါးပြတိုက်သလိုဘဲ...

အဖွားအရမ်းခံစားပြီး၊ပေါက်ကွဲခဲ့တယ်...

အနှစ်ချုပ်ကအဖွားဒေါ်နန်းအိမ်နဲ့ပြည်သူပိုင်သိမ်းတဲ့အဖွဲ့ခေါင်းဆောင်၊

ဦးကျော်စွာတို့အကြီးအကျယ်စကားများကြတယ်...

အဆိုးဆုံးကအဖွားဒေါ်နန်းအိမ်ကိုပုဒ်မတွေတပ်ပြီးထောင်တစ်လချခဲ့တယ်....

အဖွားအရမ်းပေါက်ကွဲခဲ့တယ်...

“နင်တို့ယောက်ျားစစ်စစ်တွေမိန်းမထမိန်လဲဝတ်လိုက်ဖို့ကောင်းတယ်..”

အဖိုးအရက်စက်ရုံလဲပြည်သူပိုင်အသိမ်းခံရတယ်...

နောက်နေ့မှာစျေးဝယ်ဖို့ငွေတောင်မရှိတော့ဘူး

အဖွားဒေါ်နန်းအိမ်နဲ့ဦးကျော်စွာတို့ရဲ့ရာဇဝင်ကြွေးတွေ.....

မြေးဖြစ်တဲ့ကျနော်တို့ဆီရောက်လာတယ်...

ကမ္ဘာမြေကြီးကကျဉ်းကျဉ်းလေး...ကျနော့်အဖွားကဒေါ်နန်းအိမ်..

မေသူ့အဖိုးကဦးကျော်စွာ....

ဦးကျော်စွာကလူ့လောကမှာမရှိတော့ပါ....

ဦးကျော်စွာ...တာဝန်ကိုတိတိကျကျလုပ်တတ်သူ..

ကျောသားရင်သားမခွဲခြားဘဲတိတိကျကျလုပ်တယ်...

ရာထူးကလဲကြီးလာ...လုပ်ပိုင်ခွင့်တွေလဲရှိလာတော့

ဘယ်သူ့ကိုမှာလူမထင်တော့ပါ....

တနေ့...အထက်လူကြီးနဲ့ပတ်သက်နေသောသူတစ်ယောက်ကို

တိတိကျကျကိုင်တွယ်လိုက်တာလူကြီးရဲ့အမျက်ရှခြင်းကိုခံလိုက်ရတယ်..

“ဤကုလားထိုင်သည်သင်တစ်သက်လုံးထိုင်ရန်မဟုတ်”

ဒီစကားကိုမေ့နေသောဦးကျော်စွာ...အမှားသေးသေးလေးတစ်ခုကို

အကြောင်းပြုပြီး...သူ့လူကြီးသူ့ကိုပြန်ကိုင်တယ်....

ထောင်ဆယ်နှစ်ကျသွားတယ်....

ထောင်ထဲရောက်သွားမှ...လူတွေအကြောင်းသိလာတဲ့ဦးကျော်စွာ..

ဆေးမမှီတော့ပါ....တဖြေးဖြေးစိတ်ကျရောဂါစွဲကပ်လာတယ်...

ပြစ်ဒဏ် ၆နှစ်မှာပြန်လွတ်လာတယ်....စိတ်ကျရောဂါကုမရတော့ပါ...

သူမသေခင်တောင်ကြီးရောက်လာသေးတယ်...

သူလုပ်ခဲ့တာတွေလာပြန်တောင်းပန်တယ်...

အဖိုးဆီကိုရောက်တယ်...အဖွားကအတွေ့မခံ....

“ဒီလိုခွေးနဲ့တစ်သက်လုံးမတွေ့ဘူး..”

“ပုဆိန်ကမမှတ်မိပေမဲ့၊သစ်ပင်ကတော့မမေ့ဘူး”

အဖေ့စိတ်ထဲမှာဒီဇာတ်လမ်းဒီမှာဘဲပြီးတော့မယ်လို့ထင်နေတာ...

ကျနော်တို့ ရာစူးအသင်းနဲ့ရှမ်းပြည်နယ်အသင်းတောင်ကြီးမှာခြေစမ်းပွဲ..

ကစားချိန်၊မေသူ..ရောက်လာပြီးတော့မှဦးကျော်စွာမြေးဖြစ်တာသိသွားတယ်...

မေသူတို့အဖေ...တောင်ကြီးမှာတာဝန်ကျတုန်းကအဖေဒီဇာတ်လမ်းတွေကို

မသိခဲ့ပါ၊ဒါမှမဟုတ်...စိတ်မဝင်စားတာလဲဖြစ်မယ်...

တောင်ကြီးမှာလူမုန်းများခဲ့တဲ့ဦးကျော်စွာဇာတ်လမ်းကိုဖျောက်ထားတာလဲဖြစ်မည်..

လူတွေ..မေသူ့အဖေကိုဦးကျော်စွာသားမှန်းမသိလိုက်ကြပါ...

ကျနော်နဲ့မေသူ...ဇာတ်လမ်းတော့မဖြစ်ကြသေးပါ...

သို့သော်...ကျနော့်နည်းပြက..စပြီး...သူငယ်ချင်းတွေနဲနဲရိပ်လာလို့...

အဖေလဲသတင်းတွေကြားလို့...လိုက်စုံစမ်းရင်း...

ဇာတ်လမ်းတွေပေါ်လာတယ်..နောက်ဆုံးတော့အဖေကျနော့်နှလုံးသားကိုစတေးခိုင်းနေပြီ

“သား...မင်းနောက်ဆုတ်လိုက်ပါတော့...”

“မင်းအဖွား...ရင်ထဲမှာဘယ်လောက်ခံစားခဲ့တာတွေကို..ကိုယ်ချင်းစာပြီး”

“သားနောက်ဆုတ်လိုက်ပါ”

“အဖေ့..ဆီမှာသားနဲ့ထွေးထွေးအတွက်အစီအစဉ်ရှိပြီးသားပါ..”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

မန္တလေးဆောင်မှာကျောင်းတက်နေတဲ့တစ်ရက်...

တနေ့...တနေ့...အိမ်နဲ့ကျောင်း...ကျောင်းနဲ့အိမ်...သွားနေရတာပျင်းလာပြီ...

ဒီနေ့..စနေနေ့...စာမေးပွဲလဲနီးနေပြီ...ဘာသာရပ်အလိုက်နှုတ်ဆက်ပွဲတွေလုပ်နေကြပြီ...

အတန်းပြီးတဲ့အချိန်သူငယ်ချင်းတွေ အာစီထဲသွားကြမယ်...

ဘာသာရပ်တစ်ခုနှုတ်ဆက်ပွဲလုပ်နေတယ်...

သူငယ်ချင်းတွေနဲ့ကျနော်ရှမ်းလေးလိုက်ခဲ့တယ်...

သူတို့လဲဖြေးဖြေးစောင့်ခေါ်ခဲ့တယ်...

ကျောက်ပတ်တီးကိုပလတ်စတစ်ပုံစံခွက်နဲ့ဂျိုင်းထောက်ကလဲပါသေးတယ်...

ဖြေးဖြေးနဲ့လာလိုက်တာ အာစီနားရောက်လာပြီ..

မန္တလေးဆောင်နဲ့ အာစီ..ဘာမှမဝေး၊ကျနော့်အခြေအနေကြောင့်သာခက်ခက်ခဲခဲလျှောက်နေရတယ်..

အာစီထဲကတီးဝိုင်းအသံတွေပြန့်လွင့်နေပြီ...ပလေးဘွိုင်းတီးဝိုင်းနဲ့စိန်လွင်သီချင်းကပြန့်လွင့်လာပါပြီ

“အမိတက္ကသိုလ်...အချစ်စာသင်...”

“ကျောင်းဆင်းချိန်...အဓိပတိလမ်းကစောင့်ခဲ့တယ်..”

“အမိတက္ကသိုလ်...အချစ်စာသင်...”

“ကျောင်းတက်ချိန်...အဓိပတိလမ်းကမျှော်ရအုန်းမယ်..”

ကျနော်အာစီကအုတ်ခုံမှာဂျိုင်းထောက်ဘေးချရင်းထိုင်ချလိုက်ပါတယ်

“မင်းတို့သွားကြည့်ကြတော့၊ငါ..ဒီမှာဘဲထိုင်နေခဲ့မယ်...”

“ အေး...ငါတို့လဲခဏပါ...စောင့်နေနော်....”

အဆိုတော်စိန်လွင်သီချင်းဆက်ဆိုနေတယ်...

“မိုးတွင်းလေးနှစ်တာကြုံတယ်..လေးကြိမ်..”

“ဆောင်းရယ်..နွေလေးကြိမ်..အဓိပတိရင်ခွင်မှာ...ဟေး..”

ကျနော်အရှေ့အဓိပတိလမ်းကိုငေးကြည့်နေမိတယ်...

အဆိုတော်စိန်လွင်ဆိုသလိုမျိုး..ကျနော်အဓိပတိလမ်းမှာ

ဘယ်သူ့ကိုစောင့်ခဲ့သလဲလို့...ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိပါတယ်

ဒီအချိန်ကျနော်ကိုမှတ်မိတဲ့ကျောင်းသားအချို့ကျနော်ကိုစကားလာပြောကြတယ်..

ကျနော်လဲပြန်နှုတ်ဆက်တယ်...

“ကိုရှမ်းလေး..ဒဏ်ရာသက်သာလား..”

“ကိုရှမ်းလေး..ဆက်ကစားရင်...ကျနော်တို့မရှုံးနိုင်ဘူး...”

“ကိုရှမ်းလေး...နာသွားတာ..ကျနော်တို့အရမ်းနစ်နာတယ်...ဗျာ..”

ကျနော်လဲအလိုက်အထိုက်စကားတွေပြန်ပြောဖြစ်တယ်....

သူတို့တွေနဲ့စကားတွေပြောကြရင်းကျောင်းသားတွေလဲတဖြေးဖြးများလာတယ်...

ကျနော်...မေ့ထားတဲ့အရှုံးက၊ရင်ထဲမှာအသစ်ပြန်ဖြစ်လာတယ်...

ဒီအချိန်...အဓိပတိလမ်းပေါ်မှာမေသူမောင်းလာတဲ့စလွန်းကားလေးဖြတ်သွားတယ်

မေသူ...ကျနော့်ကိုမတွေ့ပါဘူး...ကျောင်းသားတွေဝိုင်းအုံနေကြတယ်..

အရှုံးကအသစ်ပြန်ဖြစ်လာတာရယ်၊ မေသူကိုနောက်ဆုတ်ဖို့အဖေ့သတိပေးစကားတွေ

ကိုပြန်ကြားယောင်မိပြီး..ကျနော့်ဝမ်းနည်းစိတ်တွေတလိမ့်လိမ့်တက်လာပါတယ်..

ဝမ်းနည်းစိတ်တွေက..မျက်ရည်အဖြစ်တလိမ့်လိမ့်စီးကျလာပါပြီ...

ကျနော်ဝမ်းနည်းစွာနဲ့ငိုကြွေးနေမိတယ်....

အရှုံးကြောင့်ငိုနေတယ်လို့ထင်နေကြတဲ့ကျနော့်သူငယ်ချင်းတွေရော၊ကျောင်းသားတွေပါ

ကျနော့်ကိုဝိုင်းနှစ်သိမ့်ကြပါတယ်....

ကျနော့်မျက်ရည်တွေ...အရှုံးကြောင့်ကျတဲ့မျက်ရည်လား...

အချစ်ရှုံးတော့မှာကြောက်လို့ကျတဲ့မျက်ရည်လား...

ကျနော်ကိုယ်တိုင်မခွဲခြားတတ်တော့ပါဘူး...

ဒီအချိန်လေးမှာအဓိပတိလမ်းဟိုဖက်မှာရပ်ပြီးကျနော့်ကိုကြည့်နေတဲ့

ထွေးထွေး..စာအုပ်အချို့ကိုပိုက်ပြီး..ရှမ်းလွယ်အိတ်အနီလေးလွယ်ထားတယ်...

ကျနော့်ကိုငေးစိုက်ပြီးကြည့်နေတဲ့ပုံရိပ်ကျနော့်မျက်စိထဲရောက်လာပါတယ်....

တက္ကသိုလ်စာကြည့်တိုက်ထဲကထွက်လာတဲ့ထွေးထွေး၊

ကျနော့်ဘေးမှာကျောင်းသားတွေများနေလို့လမ်းတဖက်ကရပ်ကြည့်နေတာ...

လူတွေရှင်းတော့မှ..ကျနော့်ဆီလမ်းကူးလာခဲ့တယ်...

ထွေးထွေး....“မန္တလေးဆောင်ပြန်မှာလား....”

“အေး...အဲဒီမှာဘဲ...မမကြီးကားကိုစောင့်နေတော့မယ်..”

“နင်အဆောင်ပြန်လေ...ငါအဆင်ပြေတယ်”

“ဖြေးဖြေးသွားလို့ရတယ်...သူငယ်ချင်းတွေလဲရှိတယ်”

ထွေးထွေး.....“ငါလိုက်ပို့မယ်...မျက်စိရှေ့မှာဒီလိုမျိုးပြစ်မထားခဲ့နိုင်ဘူး”

သူနဲ့ကျနော်ဖြေးဖြေးဘဲပြန်လျှောက်ခဲ့ကြတယ်...

ထွေးထွေး...ကျနော့်လက်မောင်းကိုဖေးဖေးမမနဲ့ထိမ်းပေးခဲ့တယ်....

မျက်ရည်တွေကျနေတဲ့ကျနော့်ကိုထွေးထွေးခါတိုင်းထက်ပိုပြီးဂရုစိုက်နေတယ်...

ကျနော်...ကျနော့်အပေါ်ထားတဲ့သူ့မေတ္တာကိုလျှော့ပြီးတွက်ခဲ့တာမှားနေပြီလား.....

အချိန်တွေလဲတဖြေးဖြေးနဲ့စာမေးပွဲရက်ဆီရောက်လို့လာပါပြီ...

ကျနော်တို့ဘူမိဗေဒဘာသာစာမေးပွဲဖြေရင်အရမ်းကြာတယ်...

စက်တင်္ဘာတလလုံးနီးနီးကြာတယ်...ဘာသာရပ်တိုင်းမှာပရက်တီကယ်ရှိတယ်..

ထွေးထွေးတို့ကစာဖြေသက်သက်..ဆယ်ရက်လောက်နဲ့စာမေးပွဲပြီးပြီ..

စာဖတ်နေတာရယ်၊စာမေးပွဲဖြေနေတာတွေကြောင့်စာမေးပွဲပြီးမှ

ကျောက်ပတ်တီးသွားဖြေတော့မယ်...

စာမေးပွဲပြီးရင်အိမ်ပြန်မယ်....ကျနော့်တစ်ယောက်ထဲပြန်ဖြစ်မယ်ထင်တယ်...

တောင်ကြီးကသူငယ်ချင်းအားလုံးအိမ်ပြန်ရောက်လောက်ပြီ.....

ကျနော်စာမေးပွဲဖြေနေစဉ်အတောအတွင်း...ထွေးထွေး...မန္တလေးဆောင်ရောက်လာတယ်..

ကျနော့်စိတ်ထင်သူအိမ်ပြန်ရောက်နေပြီလို့ထင်နေတာ...

“ထွေးထွေး...နင်ဘာလို့အိမ်မပြန်သေးတာလဲ...”

ထွေးထွေး...”ငါဘယ်လိုလုပ်ပြီးပြန်ရမှာလဲ...”

“နင့်ကိုတစ်ယောက်ထဲမထားခဲ့နိုင်ဘူး...”

“နင့်မှာခြေကျိုးတဲ့ဒဏ်ရာကောင်းသေးတာမဟုတ်ဘူး..”

“ငါနင့်ကိုစောင့်နေတာ...”

နောက်ရက်မှာမေသူ...မန္တလေးဆောင်ရောက်လာတယ်..

သူတို့ဓါတုဗေဒ စာမေးပွဲပြီးသွားပြီ...

ထွေးထွေး..ကျနော့်ကိုစောင့်နေတာလဲသူသိတယ်...

စာမေးပွဲပြီးရင်နှုတ်ဆက်တဲ့အနေနဲ့ထမင်းတူတူစားကြဖို့သူလာခေါ်မယ်...

ကျနော်တို့မန္တလေးဆောင်အဝင်ဂိတ်ပေါက်ကအုတ်ခုံလေးမှာထိုင်ဖြစ်တယ်..

ကျောက်ပတ်တီးနဲ့ကျနော်...ဝေးဝေးသွားလို့အဆင်မပြေ....

အဲဒီနေ့...ကျနော်မမေ့နိုင်ဘူး...မေသူ..ကျနော့်ကိုကြည့်ပြီးငိုလိုက်တာ...

ဘာဖြစ်လို့ငိုလဲ...မေးတာပြန်မဖြေဘူး

ခေါင်းဘဲခါပြတယ်...ကျနော်လဲနားမလည်ဘူး....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ကျနော်တို့စာမေးပွဲပြီးချိန်...ကျောင်းဝင်းထဲမှာကျနော်တို့ဘူမိဗေဒအဖွဲ့ဘဲကျန်တော့မယ်

လို့ထင်ပါတယ်...ဘာလို့ဆို...တစ်ကျောင်းလုံးကျောင်းသားတွေမရှိသလောက်ဘဲ..

မာစတာတန်းတက်နေတဲ့ကျောင်းသားတွေလောက်ဘဲတွေ့နေရတယ်...

ထွေးထွေးလဲမမကြီးအိမ်ရောက်နေပြီ...

ကျနော်စာမေးပွဲပြီးတဲ့နေ့ညနေ...မေသူ..ကျနော်တို့နှစ်ယောက်ကို

ကုက္ကိုင်း ဘုံကျောင်းမှာထမင်းစားကြဖို့လာခေါ်တယ်...

ထမင်းစားကြရင်း..မေသူကဝိုင်တစ်လုံးမှာတယ်...

“မေသူ...နင်ကားမောင်းရမယ်...မဖြစ်ဘူးထင်တယ်..”

“ငါ...အိမ်ကမောင်လေးကိုခေါ်ထားပြီးပြီ...”

“ငါတို့သူငယ်ချင်းသုံးယောက်ခင်မင်မှုအဓွန့်ရှည်ပါစေ”

“ငါတို့အားလုံးစာမေးပွဲအောင်ပါစေ”

“ကျန်းမာရေးကောင်းပါစေ”

“ရှမ်းလေး...နောက်နှစ်ဒီထက်ထူးချွန်တဲ့ဘောလုံးသမားဖြစ်ပါစေ”

ခေါင်းစဉ်တွေတစ်ခုပြီးတစ်ခုနဲ့ချီးယားစ်လုပ်တာများနေပြီ...

ကျနော်ကအိမ်မှာသောက်နေကျ...ဝိုင်လောက်ကဘာမှမဖြစ်..

ဖြစ်နေတာက...မိန်ခလေးနှစ်ယောက်...မေသူနဲ့ထွေးထွေး...နဲနဲမူးနေကြပြီ..

အပြန်...ကျနော်တို့နှစ်ယောက်ကိုလိုက်ပို့တယ်...

ထွေးထွေး..မူးနေပြီ...

“ရှမ်းလေး...ခြံထဲမှာခဏထိုင်ချင်တယ်..”

“ငါ...လေရှူချင်တယ်..”

ကျနော်တို့ခြံထဲကခုံတန်းလေးမှာထိုင်ဖြစ်ကြတယ်...

စကားလဲဘာမှမပြောရသေးပါဘူး...

ထွေးထွေး...ငိုနေပြီ...ရှိုက်ကြီးတငင်ငိုနေတာ...

“ရှမ်းလေး...နင့်စိတ်တွေမေသူဆီရောက်နေတာငါသိတယ်...”

“ငါလေ...နင့်ကိုငယ်ငယ်လေးထဲကချစ်နေရတဲ့သူပါ...”

“မေသူ..ကနောက်မှရောက်လာတာပါ...”

“နင့်အပေါ်မှာထားတဲ့ငါ့မေတ္တာကိုနင်မသိခဲ့ဘူး...”

ဒီစကားတွေထွေးထွေးဆီကကြားရတဲ့အခိုက်သူ့မေတ္တာကိုဥပက္ခာပြုမိတဲ့

ကျနော့်ကိုယ်ကျနော်..ခွင့်မလွတ်ချင်သလိုဖြစ်သွားမိပါတယ်..

တကယ်တော့...မေသူ့ကိုကျနော်ဖွင့်မပြောရသေးပါ...

ဒါပေမဲ့...နှစ်ယောက်လုံးကသိနေတယ်....အားလုံးကလဲရိပ်မိနေတယ်..

အဖေ့ဆီကအဖိုးအဖွားဇာတ်လမ်းတွေကြားရတဲ့အခိုက်စိတ်တွေ

ရှုပ်ထွေးကုန်ပါတယ်...

ဒါပေမဲ့...အဖေပြောသလိုဘဲ..ကျနော့်အဖိုးအဖွားသက်ရှိထင်ရှားရှိနေသေးတယ်..

အဖွားစိတ်ထဲမှာ..မနေ့တနေ့ကလိုဘဲခံစားနေရတုန်း...

အဖွားစိတ်ထဲမှာအဖြစ်အပျက်တွေ..မနေ့ကလိုဘဲ...ထင်နေဆဲ...

ကျနော်ဘာလုပ်ရမလဲ...ဆိုတာထက်...ကျနော်ဘာလုပ်သင့်လဲ...

ကျနော်ထွေးထွေးပုခုံးလေးကိုထွေးပွေ့လိုက်တော့

သူ့ကိုယ်လေးအလိုက်သင့်ကျနော့်ရင်ခွင်ထဲရောက်လာပါတယ်...

ကျနော်လုပ်ချင်တာထက်လုပ်သင့်တာကိုလုပ်ရမည်...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ရွှေညောင်ရထား၊အထူးတန်းမှာကျနော်တို့စီးလာကြတယ်...

ခုံတန်းနှစ်ခုကြားကလက်တန်းကိုအပေါ်ခေါက်လိုက်ပြီး

ထွေးထွေးကကျနော့်ရင်ခွင်ထဲမှာ..လိုက်ပါလာတယ်...

ထွေးထွေးမျက်နှာလေးကကြည်ပြီးရွှင်ပြနေတယ်...

“ညီမလေး...ရှမ်းလေးကိုဂရုစိုက်နော်..”

အမကြီးကရထားမထွက်ခင်ထွေးထွေးကိုမှာလိုက်တယ်...

“စိတ်ချပါ...မမကြီး..ရှမ်းလေးကိုထွေးထွေးမျက်စိအောက်ကအပျောက်မခံဘူး...”

ဒီလိုနဲ့ကျနော်တောင်ကြီးပြန်ရောက်လာတယ်...

ထွေးထွေးက၊ကလောမှာကျန်နေတယ်...

ခြေထောက်ဒဏ်ရာကနေသားမကျသေးဘူး...အဖေနဲ့ဘောလုံးကစားလို့မရသေး...

အားနေတော့...အဖေ့စက်ရုံမှာဘဲ...နေ့တိုင်းလိုလိုရှိနေတယ်....

အဖေနဲ့အားရင်စကားတွေပြောဖြစ်တယ်...

“သား...ကိုယ်ချစ်ကိုမရှာနဲ့..သူချစ်ကိုဘဲရှာပါ...”

“အဖေ့စကား...တနေ့မင်းနားလည်လာမှာပါ....”

 

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၄ )

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၅ )

 

တစ်ရက်အဖေတို့အမျိုးတွေစုပြီးအင်းလေးထဲမှာရှိသောဘုန်းကြီးကျောင်းတစ်ကျောင်း

အလှူကိုကျနော်တို့အမျိုးတွေ၊ကလောကထွေးထွေးတို့အမျိုးတွေနဲ့အတူသွားကြတယ်၊

ဒီဘုန်းကြီးကျောင်းကိုကျနော်မရောက်ဘူးပါ၊

အဖေတို့နဲ့တော်တော်ရင်းနှီးနေတာတွေ့ခဲ့ရတယ်၊

ဖေါင်တော်ဦးဘုရားကတော်တော်သွားရတယ်၊အင်းလေးကန်အစပ်မှာရှိသော

ဘုန်းကြီးကျောင်း၊ ဝက်သကင်ဆရာတော် လို့ခေါ်တဲ့ဆရာတော်ကြီးသီတင်းသုံးနေတယ်၊

အဖေတို့နဲ့ဘယ်အချိန်ထဲကရင်းနှီးနေကြလဲကျနော်မသိပါ

ရန်ကုန်ကျောင်းတက်နေချိန်တုန်းကဖြစ်မယ်ထင်တယ်...

ဆရာတော်အကြောင်းကိုကျနော်သိသွားတော့ပိုအံ့ဩခဲ့ရတယ်...

ဝက်သကင်ဆရာတော်..အင်းသားမဟုတ်သလို..ပအို့ဝ်လဲမဟုတ်...

ကရင်လူမျိုးစစ်စစ်...ကရင်ပြည်နယ်ကလာတာ...

အဖေတို့ရှမ်းပြည်နယ်အသင်းကိုအသဲခွဲခဲ့သော..ကရင်ဂိုးသမား..

ဦးတင်ဌေးတို့နေတဲ့...ကောကရိတ်မြို့ကလာခဲ့တာ..

ဝက်သကင်ဆရာတော်၏ဥပဇ္ဈာယ်ဆရာတော်သည် ကော့ကရိတ်မြို့၊

မင်္ဂလာဇေယျုံကျောင်းတိုက်၊တိုက်အုပ်ဆရာတော်ဦးဇင်းမောင်အေးဖြစ်၏။

ကရင်ပြည်နယ်မှသာသနာပြုရင်းအင်းထဲရောက်ခဲ့တယ်...

အဖေတို့နဲ့သွားရင်းလာရင်းနဲ့ရင်းနှီးလာခဲ့ကြတယ်..

နောက်ကျတော့အဖေ...ကျောင်းအတွက်လိုအပ်တာတွေလှူပေးခဲ့တယ်...

ကော့ကရိတ်မြို့မြောက်ကြာအင်းရွာမှာနေသောကရင်ဂိုးသမားဦးတင်ဌေးတို့အဒေါ်

မိသားစုနဲ့ရင်းနှီးတဲ့အကြောင်းဘုန်းကြီးပြောပြလို့သိခဲ့ရတယ်...

အော်....ကျနော်တို့တွေ...ကရင်ပြည်နယ်သားတွေနဲ့ရေစက်ဆုံနေတုန်းဘဲ

ကျနော်တို့အားလုံးဒီညဒီမှာဘဲအိပ်ကြမယ်...

မနက်အလှူ..ရေစက်ချပြီးမှပြန်ကြမယ်

ညဖက်မအိပ်ခင်ဓမ္မါရုံဝရန်တာမှာထိုင်ရင်းအင်းလေးရေပြင်ကိုငေးကြည့်နေမိတယ်...

ကျနော့်ခြေထောက်ဒဏ်ရာ...ဘယ်တော့လောက်မှဘောလုံးပြန်ကစားလို့ရမလဲမသိ..

ကျနော်.ကျောင်းသားဘဝအတွင်းအဖေ့ဆန္ဒတွေဖြည့်ပေးချင်တယ်...

ကာစတန်ဒုတိယတန်းအသင်းကျနော့်ကိုခေါ်ထားပေမဲ့လဲတစ်ပွဲမှမကန်ရသေး

ကျောင်းအသင်းမှာကစားနေတာနဲ့အချိန်ကုန်နေတာ...

မေသူက..သူ့အဖေကိုပြောရင်အသင်းကြီးမှာကစားလို့ရမယ်လို့ပြောတာဘဲ..

အဖေပြောတာလဲ..သဘာဝကျပါတယ်...

အရည်အချင်းမပြည့်ဘဲနဲ့ခေါ်မှာမဟုတ်၊အရည်အချင်းရှိရင်အော်တိုခေါ်လိမ့်မယ်...

ကျနော်ဘော်လုံးမြန်မြန်ပြန်ကစားချင်နေပြီ....

ဒီအချိန်ထွေးထွေးရောက်လာပြီး၊ကျနော့်ဘေးမှာလာထိုင်တယ်...

“ရှမ်းလေး...အင်းလေးရေပြင်ကြည့်ပြီးနင်ဘာတွေစဉ်းစားနေလဲ..”

“မေသူ့ကိုနင်စဉ်းစားနေတယ်မလား...”

.....”ငါ..သူ့ကိုမစဉ်းစားပါဘူး...ဘယ်တော့ဘောလုံးပြန်ကန်လို့ရမလဲ..ဒါဘဲစဉ်းစားနေတာ”

“ရှမ်းလေး...ဟိုညကငါမူးမူးနဲ့ပြောခဲ့တာတွေ..နင်မေ့လိုက်ပါတော့...”

“ငါ့ဆန္ဒ..တခုထဲကိုမစဉ်းစားသင့်ဘူး...”

“ကာယကံရှင်ရဲ့ဆုံးဖြတ်တာကိုငါလိုက်နာပါ့မယ်..”

“နင်နဲ့မေသူ...ချစ်သူဖြစ်ခဲ့ကြရင်လဲ...ငါကျေနပ်တယ်...”

.....”ငါမေသူကိုမပြောရသေးသလို..ဘယ်တော့မှပြောဖြစ်မှာလဲမဟုတ်ဘူး..”

....”ဘာကြောင့်လို့နင်မေးရင်...တစ်စုံတစ်ခုသောအကြောင်းကြောင့်လို့ဘဲငါပြောနိုင်မယ်..”

ဒီနေ့ညတော်တော်အေးတယ်...ကျနော့်စိတ်ထဲမအေးဘူးလို့ထင်ခဲ့လို့အနွေးထည်မယူခဲ့မိဘူး..

ထွေးထွေးလဲချမ်းနေတယ်...ကျနော်တို့နှစ်ယောက်အချမ်းဒဏ်ကိုပူးပူးကပ်ကပ်ထိုင်ကြရင်း

တွန်းလှန်နေကြတယ်...ငယ်ငယ်တုန်းကတောင်ကြီးတန်ဆောင်တိုင်ညတွေကိုပြန်သတိရမိတယ်..

စောင်တစ်ထည်ကိုအတူခြုံရင်းမီးပုံးပျံကွင်းထဲမှာတူတူထိုင်ကြည့်ခဲ့ကြတဲ့ညတွေ...

အင်းလေးကပြန်ခဲ့ပြီး...နောက်ရက်မှာကျနော်ဒဏ်ရာရခဲ့တဲ့ညာဖက်ဖက်ခေါင်းတစ်ခြမ်း၊

ခေါင်းကိုက်တယ်...အင်းထဲမှာအအေးမိလို့ဘဲထင်ပါတယ်...

ဆေးသောက်လိုက်...သက်သာလိုက်...ပြန်ကိုက်လိုက်နဲ့တစ်ပတ်ကြာသွားတယ်...

တစ်ပတ်ကျော်ချိန်မှာ...ကျနော့်ဘယ်ခြေထောက်...လေးလာသလိုမျိုးခံစားမိတယ်...

ဒါတွေလဲဖြစ်တတ်တာတွေဘဲလို့သဘောထားပြီး..နေ၊နေလိုက်တယ်.....

ကျနော်ဒီဝေဒနာခံစားနေတာနှစ်ပတ်ကျော်ခဲ့ပြီ...

ညာဖက်ခေါင်းတစ်ခြမ်းကိုက်နေတယ်...

ဘယ်ဖက်ခြေထောက်လေးလာနေပြီ...

အမေ...ကျနော့်ကိုပြောနေပြီ...

“သားကိုအမေကြည့်ရတာအရင်လိုမဟုတ်ဘူး...”

“သားခြေညှပ်ဖိနပ်စီးတာလဲ...ဖိနပ်စီးရတာခက်နေသလိုဘဲ...”

“လှေကားအတက်အဆင်းတွေမှာ..သား..ယိုင်သွားသလိုဘဲ...”

“အမေ့..စိတ်ထင်..တစ်ခုခုဘဲ..ဆေးခန်းပြရင်ကောင်းမယ်...”

မကြာမှီတောင်ကြီးတန်ဆောင်တိုင်ပွဲကြီးလာတော့မယ်....

အမေ...အဖေ့ကိုပြောပြီးကျနော့်ကိုဆေးခန်းခေါ်သွားခိုင်းတယ်...

တောင်ကြီးဆေးရုံကဆရာဝန်တွေအဖေနဲ့သိကြတာများတယ်...

တစ်ရက်ဆေးခန်းကျနော်ရောက်ခဲ့တယ်...

ကျနော်..ခံစားနေတဲ့ဝေဒနာတွေနားထောင်ပြီးတော့ဆရာဝန်မှတ်ချက်တစ်ခုပေးတယ်၊

ခေါင်းကထိခိုက်ခဲ့တဲ့ဒဏ်ရာ...အတွင်းမှာတစ်ခုခုများဖြစ်နေပြီလား...

ဦးနှောက်မှာသွေးယိုစိမ့်မှုများဖြစ်နေလား....

အဲ့အချိန်ကတောင်ကြီးဆေးရုံမှာ CT scan တွေမရောက်လာသေး၊

ရန်ကုန်ဆေးရုံကြီးဥနှောက်အာရုံကြောဆေးရုံသွားဖို့အကြံပေးတယ်...

ဦးနှောက်နဲ့အာရုံကြောဌာနကကရင်တိုင်းရင်းသားဆရာဝန်ကြီးဆီစာရေးပေးခဲ့တယ်...

“အဖေ...တန်ဆောင်တိုင်ပြီးမှသွားရအောင်”

...” ဦးစိုင်း....ဦးနှောက်ဆိုတော့ကျနော်တို့ဆန္ဒကမြန်မြန်ပြစေချင်တယ်..”

...”နောက်ပြီးလေယာဉ်ပျံမစီးသွားပါနဲ့...”

”လေယာဉ်ပေါ်မှာလေဖိအားတွေကသွေးယိုစိမ့်နေရင်ပိုပြီးသွေးထွက်လာနိုင်တယ်...”

ကျနော်နေချင်တဲ့တန်ဆောင်တိုင်မတိုင်ခင်ရန်ကုန်ဆင်းလာခဲ့ရပါတယ်..

ရန်ကုန်မဆင်းခင်ည..ခေါင်းကိုက်လို့အိပ်ယာပေါ်လဲနေချိန်အဖွားရောက်လာပြီး

ကျနော့်ကုတင်ဘေးမှာထိုင်၊ကျနော့်လက်ကိုကိုင်၊နဖူးကိုစမ်းရင်းစကားတွေ

ပြောဖြစ်ကြတယ်...

“မြေးလေး...အိပ်ချင်ပြီလား....ခေါင်းကိုက်တာဘယ်လိုနေသေးလဲ...”

“အဖွား...ကျနော်ပျင်းလို့လှဲနေတာပါ...ခေါင်းကနဲနဲပါးပါးဖြစ်တာပါ..”

“အေးကွယ်...ငါ့မြေးကျမှာ..ဒီခေါင်းကိုက်တာကြီးကလာဖြစ်နေတယ်..”

“မြေးလေးကငယ်ငယ်ရှိသေးတယ်..”

“ဘုရားဟောထားတဲ့တရားထဲမှာ..အို...နာ...သေ...ဘယ်သူမှရှောင်လို့မရဘူး...”

“အခုအဖွား...အသက်ကြီးလာပြီ...အိုခြင်းနဲ့တွေ့နေပြီ...ပြီးတော့...အနာရောဂါတွေလဲ..”

“တဖြေးဖြေးနဲ့...ခန္ဓာကိုယ်ထဲရောက်လာပြီ...ပြီးရင်သေရတော့မယ်...”

“အဖွား..သေရမှာလဲမကြောက်ပါဘူး...တနေ့သေကိုသေရမှာဘဲ...”

“မြေးလေးကငယ်လွန်းသေးတယ်....”

“မြေးလေးအတွက်ဘာအပူအပင်မှမရှိရအောင်အဖွားတို့ကြည့်ခဲ့ကြတယ်”

“အဖွားတို့ငယ်ငယ်...ကြမ်းတမ်းခဲ့တဲ့မုန်တိုင်းတစ်ခုကြောင့်ဒုက္ခရောက်ခဲ့ရတယ်..”

“အဖွားတစ်ယောက်ထဲမဟုတ်ပါဘူးလေ..ပြည်သူအားလုံးဒုက္ခရောက်ရတာပါ...”

“စားစရာဝယ်ဖို့ငွေတွေမရှိခဲ့ရသလို၊သူတို့တွေအဖွားကိုပုဒ်မတွေတပ်ပြီးထောင်ထဲပို့ခဲ့ကြတယ်”

“ဒါဟာ...အာဏာရှင်တွေကပြည်သူတွေကိုအနိုင်ကျင့်ခဲ့ကြတာ..”

“အဖွားကိုထောင်ထဲပို့ခဲ့တဲ့လူတွေကို...အဖွားတစ်သက်ဘယ်တော့မှမမေ့ဘူး...”

“မြေးလေးလဲ..ဒီလူတွေနဲ့ဘယ်တော့မှမပတ်သက်စေနဲ့...”

“တန်ဆောင်တိုင်လဲနီးနေပြီ...ဆေးခန်းပြပြီးလို့တန်ဆောင်တိုင်မှီရင်ပြန်လာခဲ့ပါ”

“အကယ်၍တန်ဆောင်တိုင်မြေးလေးမရောက်လာနိုင်ခဲ့ရင်...ထွေးထွေး...သတိရနေမယ်...”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

အဖေနဲ့အတူတူရန်ကုန်ဆင်းလာခဲ့တယ်....

ကရင်တိုင်းရင်းသားဆရာဝန်ကြီးနဲ့လဲတွေ့ခဲ့တယ်...

ရန်ကုန်ဆေးရုံကြီးမှာ CT scan ရိုက်ခဲ့တယ်...

ထင်ထားတဲ့အတိုင်းပါဘဲ..ကျနော်ခေါင်းညာဖက်အခြမ်း..ခေါင်းခွံအောက်နဲ့

ဦးနှောက်ကိုအုပ်ထားသောအမြှေးကြားထဲမှာသွေးတွေစုနေတာတွေ့ခဲ့ရတယ်...

တဖြေးဖြေးစုလာတဲ့သွေးတွေကျနော့် ဦးနှောက်ကိုဖိရင်း ညာဖက်အခြမ်းခေါင်းကိုက်တာတွေ၊

ဘယ်ခြေထောက်လေးလံတာတွေနောက်ဆက်တွဲခံစားလာရတယ်...

ဆရာကြီးကအနာတွေ့ပြီမို့အမြန်ကုသဖို့ဘဲပြောတယ်...

ဆရာကြီးခွဲစိပ်ပေးမယ်...ကြီးမားတဲ့ခွဲစိပ်မှုမဟုတ်သလို၊အသေးစားတော့မဟုတ်ဘူး

ခေါင်းခွံကိုအပေါက်ဖေါက်ပြီး..စုနေတဲ့သွေးတွေကိုစုပ်ထုတ်ရမယ်...

အန္တရာယ်ရှိလားလို့မေးရင်...ခေါင်းမှာလုပ်တဲ့အတွက်ရှိနိုင်တယ်

ကျနော့်စိတ်ထင်ခေါင်းခွဲရလိမ့်မယ်လို့လုံးဝမထင်ခဲ့မိဘူး...

စိတ်ထဲမှာဆေးထိုးဆေးသောက်နဲ့သက်သာသွားမယ်လို့ထင်နေမိတယ်.....

ခေါင်းမခွဲခင်ရက်တွေမှာထဲကကျနော်..ဦးနှောက်နဲ့အာရုံကြောအဆောင်..ရန်ကုန်

ဆေးရုံကြီးကိုရောက်နေပြီ...လိုအပ်တာတွေ...သွေးဖေါက်စစ်တာတွေ..လုပ်နေရပြီ..

ကျနော့်အတွက်သီးသန့်အခန်းတစ်ခန်းပေးထားတယ်...

အရင်ကဒီလိုမျိုးဖုံးတွေပေါပေါများများမရှိ..မိုဘိုင်းဖုံးဆိုဝေးရော...

လိုင်းဖုံးတစ်မျိုးဘဲရှိတာ..ကျနော်ဆေးရုံတက်နေတာတွေ...အမေကိုပြောဖြစ်တယ်

ခွဲမဲ့ရက်မသိသေးတာတွေကြောင့်မပြောဖြစ်သေးဘူး...

မခွဲခင်ညက...အစာတွေလဲဖြတ်ထား...ရေလဲဖြတ်တယ်..

ကျနော်အိပ်မပျော်...ကျနော့်ကျမှဖြစ်ရလားဆိုပြီး...

ကိုယ့်ကိုကိုယ်ဒေါသဖြစ်မိတယ်....

ကျနော့်ကိုလူချသွားတဲ့..အညာသားကိုလဲစိတ်ဆိုးတယ်..

ကျနော်ခြေထောက်ကျိုးသွားတယ်..

အခုတစ်ခါ..ခေါင်းထပ်ခွဲရအုန်းမယ်...

ကျနော်ဒီဘဝ...အဖေ့ဆန္ဒတွေဖြည့်နိုင်ပါ့မလားလို့ကိုယ့်ကိုကိုယ်မေးခွန်းထုတ်နေမိတယ်..

အခန်းထဲမှာကျနော်နဲ့အဖေ..နှစ်ယောက်ထဲ...

တလူးလူး....တလိမ့်လိမ့်...ဖြစ်နေတဲ့ကျနော့်အဖြစ်..အဖေကြည့်ရင်း

“သား...စိတ်ထဲမှာခံစားနေတာတွေ...အဖေ့ကိုပြော..ဒါမှရင်ပေါ့သွားမယ်”

ကျနော်အဖေ့ဆန္ဒ..မဖြည့်နိုင်တဲ့အကြောင်းတွေ...လူချခံခဲ့ရတာတွေ..

အခုအန္တာရယ်အရှိဆုံး...ခေါင်းခွဲရတော့မဲ့...အဖြစ်တွေ...

အဖေ...ကျနော်...ကံနိမ့်နေပြီ....အဖေကိုပြောနေမိတယ်...

“သားစိတ်ထဲမှာဘာမှမထားနဲ့...အဖေ့ဆန္ဒမပြည့်လို့လဲ..ဘာမှမဖြစ်ဘူး”

“ငါတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေ၊နေရရင်အဖေ..ကျေနပ်တယ်..”

“သားကိုခွဲပေးမဲ့ဆရာဝန်ကြီးကမြန်မာပြည်မှာအတော်ဆုံး...”

“သား...ဘာမှစိတ်မပူနဲ့...”

“မနက်ဖြန်မင်းအမေနဲ့ထွေးထွေးတို့ရန်ကုန်ဆင်းလာတော့မယ်”

ကျနော်ခွဲခန်းထဲမှာခွဲနေမဲ့အချိန်...အမေတို့ရန်ကုန်မရောက်နိုင်ပါ....

ရန်ကုန်ဆင်းလာခါနီး...ကျနော်အမေ့ကိုကောင်းကောင်းနှုတ်မဆက်ခဲ့ရဘူး..

အမေ့..ပါးကိုလဲမနမ်းခဲ့ရဘူး.....

ငယ်ငယ်ထဲက..ကျနော့်အရှေ့ကမားမားမတ်မတ်ရပ်ပြီးအကာအကွယ်ပေးခဲ့တဲ့အမေ..

ကျနော်ကန်တဲ့ပွဲတိုင်းအားပေးခဲ့တဲ့အမေ...

သတိရတယ်...အမေ...ကျနော်ကန်တော့ပါတယ်အမေ...

လူဆိုတာပြောမရဘူး...ကျနော့်ဘဝနောက်ဆုံးလဲဖြစ်သွားနိုင်တယ်...

ကျနော်...အမေ့ကိုအကြိမ်ကြိမ်..ဦးချကန်တော့ပါတယ်..အမေ..

ကျနော်အမေ့အပေါ်မှားခဲ့တာတွေရှိရင်ခွင့်လွတ်ပါ...

နောက်ပြီး...ထွေးထွေး...

စိတ်လောနေတဲ့အဖေ...ကလောမှာမနားဖြစ်တော့ဘူး...

ကျနော့်စိတ်ထဲမှာထွေးထွေးကိုနှုတ်ဆက်ချင်နေတယ်...

ကျနော့်အတွက်စိတ်ပူနေတဲ့အဖေ့ကိုကျနော်မပြောဖြစ်တော့ပါ...

အမေတို့ပြောပြလို့ထွေးထွေးသိသွားပြီ...

ကျနော်ဆုံးဖြတ်လိုက်ပြီ...

ကျနော်လူ့ဘဝမှာဆက်လက်ရှင်သန်ခွင့်ရခဲ့ရင်ကျနော့်အချစ်တွေ

အားလုံးထွေးထွေးကိုပုံပေးလိုက်တော့မယ်....

နောက်တစ်ယောက်ရှိသေးတယ်...မေသူ...

“အဖေ....ကျနော်ခွဲခန်းထဲဝင်သွားပြီးမှ...မေသူဆီဖုံးဆက်ပေးပါ...”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ကျနော်ခွဲခန်းထဲရောက်တဲ့အချိန်ကျနော်သတိရှိနေသေးတယ်...

ကျနော်နဲ့မေ့ဆေးဆရာဝန်ကြီးနဲ့စကားတွေပြောဖြစ်ကြတယ်...

..”သားက ရာစူးလက်ရွှေးစင်ဘောလုံးသမားရှမ်းလေး...နော်..”

“ဟုတ်ပါတယ်..ဆရာ..”

...”အဲဒီနေ့ကဆရာတို့လဲတီဗီမှာကြည့်နေခဲ့တယ်..”

..”သား..ဒဏ်ရာရပြီးလူစားလဲလိုက်ရတယ်...”

...”ဆရာ့သားတွေ..မင်းကိုအရမ်းအားပေးတာ...”

....”အဲဒီနေ့ကရှုံးရတာ..သားရှမ်းလေးမပါတော့လို့ဆိုပြီးပြောကြတာ..”

“ဒီလိုလဲမဟုတ်ပါဘူးဆရာ..သူတို့လဲတော်တော်ကျိုးစားပါတယ်...”

“ဘယ်တတ်နိုင်မလဲ..ဆရာ...ကျနော့်အဖေရှမ်းပြည်နယ်အသင်းတောင်၊

ကရင်ပြည်နယ်အသင်းကိုရှုံးခဲ့သေးတာဘဲ....”

“ဘောလုံး..ရသဟာပွဲမပြီးမချင်းနိုင်ပြီလို့ပြောမရသလို၊ရှုံးပြီလို့လဲပြောမရပါဘူး...”

...”ရှမ်းလေး...နေကောင်းရင်ပြန်ကစားပေါ့နော်...”

....”ဆရာတို့ခွဲခန်းမှာလုပ်နေကျအလုပ်တွေကိုဆရာရှင်းပြပေးမယ်...”

...”သားကိုခွဲမဲ့ဆရာကနာမည်ကြီးဆရာဝန်၊တော်တယ်..”

..”သားကိုခွဲရမဲ့ Case ကဆရာကြီးအတွက်အခက်အခဲမရှိပါဘူး..”

...”လူနာအများကြီးကိုလဲခွဲခဲ့ပြီးပြီ..ဘာပြဿနာမှလဲမရှိပါဘူး..”

...”သားစိတ်အေးအေးထားပါ..”

...”ဆရာကြီးလက်ကိုလဲဆရာတို့အဖွဲ့တွေယုံကြည်ပြီးသားပါ...”

...”ဒါနဲ့...သားကဘယ်တီးဝိုင်းအကြိုက်ဆုံးလဲ..”

“ကျနော် Play Boy ကိုအကြိုက်ဆုံး..”

....”သားဘယ်အဆိုတော်ကိုကြိုက်လဲ...”

“အဆိုတော်ထဲမှာ...စိန်လွင်ကိုကြိုက်တယ်...”

....”ဆရာ့နဲ့အကြိုက်တူသွားပြန်ပြီ..”

...”ဘယ်သီချင်းကိုအကြိုက်ဆုံးလဲ...”

မိုးပေါ်မှာနေချင်တယ်....”

...”ဆရာ..ပြောချင်တာက...အယူသည်းတာတော့မဟုတ်ဘူး...”

....”ဒါပေမဲ့..အခုတော့..မိုးပေါ်မှာမနေချင်ပါနဲ့အုန်း...”

...”ဆရာပြောသလိုဘဲသား Case ကခက်ခဲတာမဟုတ်လို့စိတ်အေးအေးထားပါ..”

...”အားလုံးအဆင်ပြေသွားမယ်..”

...”အခု...ဆရာအသက်ရှူခွက်လေးတပ်ပေးမယ်..”

...”ဖြေးဖြေးမှန်မှန်လေးရှူသွင်းလိုက်ပါနော်....”

ကျနော်အဖွားကိုသတိရမိတယ်..မလာခင်ညကပြောခဲ့တာတွေကိုပိုသတိရတယ်...

လူဆိုတာအိုခြင်း...နာခြင်း...သေခြင်း..တွေကိုရှောင်မရ...

အခုချိန်ခွဲခန်းထဲမှာတစ်ခုခုများဖြစ်ခဲ့ရင်...ကျနော့်ဘဝပြီးဆုံးခဲ့ရင်...

ကျနော်...အိုခြင်း...နာခြင်း..ကိုမခံစားရဘဲ..သေခြင်း...ဆိုက်ခဲ့ရင်

လူ့ဘဝဆိုတာ..မွေးရာမှသေသည်အထိလျှောက်လှန်းနေနေရတာ..

ကျနော့်ဘဝဒီမှာဘဲပြီးခဲ့ရင်လဲကျေနပ်ပါတော့မယ်.....

ကျနော့်နှာခေါင်းမှာလာတပ်ဆင်ပေးထားသောအသက်ရှူခွက်ကို

ပုံမှန်ရှူရှိူက်နေရင်းတဖြေးဖြေးနဲ့ဘာမှမသိတော့ပါ....

လောကကြီးနဲ့ခေတ္တခဏ...အဆက်ပြတ်သွားပါပြီ...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

တောင်ကြီးတန်ဆောင်တိုင်၊မီးပုံးပျံကွင်းကြီးထဲမှာကျနော်နဲ့ထွေးထွေး

နှစ်ယောက်စောင်အတူတူခြုံနေရင်းမီးပုံးပျံတွေကိုမော့ကြည့်နေကြတယ်...

ဒီအခိုက်...ထွေးထွေးအတူတူခြုံထားသောစောင်ကိုသူ့ဖက်အတင်းဆွဲခြုံတော့

ကျနော့်ဖက်အခြမ်းအေးကနဲဖြစ်သွားပါတယ်...

“ဟာ...မရဘူး..ထွေးထွေး...နင်မညစ်ပတ်နဲ့...ငါအေးနေပြီ...”

ကျနော်...စောင်ကိုပြန်ဆွဲလိုက်တယ်

တခါ...ထွေးထွေး..လဲပြန်ဆွဲတယ်...

နှစ်ယောက်အတူတူခြုံနေတဲ့စောင်ကိုသူဆွဲ...ကိုယ်ဆွဲ..နဲ့....

ဒီအခိုက်..စောင်ကိုဆွဲယူလိုက်သောကျနော့်လက်က...လှုပ်လို့လဲမရပါလား...

ခြေထောက်နဲ့ကန်ကြည့်တယ်...ခြေထောက်ကန်လို့လဲမရ...

စိတ်ထဲကလှုပ်ရှားနေချင်ပေမဲ့...လက်တွေခြေထောက်တွေ...လိုက်မလုပ်ကြပါ...

တစ်ကိုယ်လုံးရုန်းကန်ကြည့်တယ်....ဒါပေမဲ့...ဘာမှလုပ်မရ....

ခဏစောင့်ကြည့်ပြီး...ငယ်တုန်းကရေအောက်ကရေပေါ်တက်သလိုမျိုး

တစ်ကိုယ်လုံးတွန်းပြီးရုန်းကန်ကြည့်လိုက်တာ...

နဲနဲလှုပ်လို့ရတယ်...ခြေတွေလက်တွေလှုပ်လာတယ်...

ဒီအခိုက်နားထဲအသံတွေကြားနေရတယ်....

..”ပြီးကြပြီလား...လူနာသတိရတော့မယ်...”

...”အဆောင်ရွှေ့ဖို့ပြင်ထား...”

ခေါင်းမှာပတ်တီးတွေစည်းထားတယ်...

လက်တစ်ဖက်မှာဆေးသွင်းပိုက်တန်းလန်း

ကျနော့်ကိုလူနာတင်တွန်းလှည်းပေါ်တင်လိုက်တာသိလိုက်တယ်...

ကျနော်အခန်းထဲကကုတင်ပေါ်ရွှေ့လိုက်တာလဲသိနေတယ်...

ဒါပေမဲ့...ကျနော်အိပ်ချင်နေတယ်...

“ရှမ်းလေး....ရှမ်းလေး...”

နားထဲကျနော့်ကိုခေါ်နေတဲ့အသံကြားနေတယ်..

မျက်လုံးတွေလေးလံပြီးအိပ်ချင်နေတုန်းဘဲ...

မျက်လုံးအတင်းဖြဲပြီးကြည့်လိုက်တယ်...

မျက်ရည်စတွေနဲ့ထွေးထွေး...ကျနော့်လက်ကိုဆုပ်ကိုင်ပြီးကြည့်နေတယ်..

“ထွေးထွေး...နင်ဘယ်တုန်းကရောက်လဲ..ငါ့အမေ..ရော...”

ကျနော်ပြောပြီးနောက်တစ်ခါအိပ်မောကျသွားပြန်ပါတယ်....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“ရှမ်းလေး...သတိရပြီလား...”

“မလှုပ်နဲ့..ခေါင်းမလှုပ်နဲ့...”

....”ဟင်....မေသူ...ခုနကတွေ့တဲ့ထွေးထွေး...ရော...”

“နင်...နိုးတစ်ဝက်နဲ့မျက်စိမှားနေတာ..ခုနကလဲငါဘဲ..”

“နင်..က..ထွေးထွေးကိုဘဲစွဲလန်းနေတော့..ထွေးထွေးလို့ထင်နေတာပါ...”

…”Sorry ….”

“ No  problem “

မေသူ..အဖေ..မမကြီး..သူနာပြုဆရာမတွေ..ကျနော့်ဘေးမှာ...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“ဦးစိုင်း...ရှမ်းလေး..ရော....”

“သမီး...မေသူ...ရှမ်းလေး...ခွဲခန်းထဲဝင်သွားတာ..၁၅မိနစ်လောက်ရှိပြီ...”

ကျမရောက်တာနောက်ကျသွားတာ..စိတ်ထဲကိုယ့်ကိုကိုယ်ဒေါသဖြစ်မိတယ်..

ကျမ...ရှမ်းလေးကိုခွဲခန်းထဲမဝင်ခင်တွေ့ချင်တယ်...

ခေါင်းကိုခွဲရမည့် Case ဟာပေါ့သေးသေးမဟုတ်တာကျမနားလည်တယ်...

ကျမနားလည်ထားတာ...လူဆိုတာကွေးသောလက်မဆန့်မှီ..ဆန့်သောလက်မကွေးမှီ

ဘာမဆိုဖြစ်နိုင်တယ်..ဆိုတာပါ...

ရှမ်းလေးခွဲခန်းထဲဝင်သွားပြီ...

ကျမ...ရှမ်းလေးကိုပြောစရာစကားတွေရှိတယ်...

အကယ်၍များ..ရှမ်းလေးတခုခုဖြစ်ခဲ့ရင်...ကျမရှမ်းလေးကိုပြောမဲ့စကား

ပြောခွင့်ကြုံတော့မှာမဟုတ်တော့ပါ....

ဝမ်းနည်းမိတယ်...ကျမ...ရှိုက်၍ရှိုက်၍ငိုနေမိတယ်....

“သမီး..မေသူ..အခုခွဲမဲ့ဆရာကြီးကအတော်ဆုံးပါ”

“သမီး...စိတ်အေးအေးထားပါ...ရှမ်းလေးဘာမှမဖြစ်ပါဘူး..”

“ခွဲချိန်တစ်နာရီလောက်ဘဲကြာမှာပါ..”

...”ကျမရှမ်းလေးနဲ့စကားပြောချင်တယ်..”

...”ဒါပေမဲ့...ပြောမထွက်ဘူး...မပြောရက်ဘူး...”

...”ဦးစိုင်း...ကျမနောက်ကြောင်းရာဇဝင်တွေသိလောက်ပြီလို့ထင်ပါတယ်..”

“အင်း...”...ဦးစိုင်းလေးလေးပင်ပင်သက်ပြင်းချပြီးအင်းလိုက်တယ်...

“ဟုတ်တယ်...ကမ္ဘာမြေကြီးကကျဉ်းကျဉ်းလေး..”

“ကျမ...ဦးကျော်စွာရဲ့မြေး..”

“ကျမဒီဇာတ်လမ်းကို..ရှမ်းလေးတို့တောင်ကြီးမှာဘောလုံးသွားကန်ပြီး၊

“အိမ်ပြန်ရောက်မှသိရတာ...”

“အိမ်မှာ..ကျမ..တစ်ဦးတည်းသမီး..အားလုံးလိုတရတယ်..”

“အတ္တကြီးတဲ့ကျမ...လိုချင်တာရအောင်ယူတတ်တဲ့အကျင့်ရှိတယ်...”

“ကျောင်းမှာရှမ်းလေးကိုတွေ့ပြီးနောက်..ရှမ်းလေးကိုရအောင်ယူဖို့ဆုံးဖြတ်ခဲ့တယ်”

“ရှမ်းလေးနဲ့ထွေးထွေး..သံယောဇဉ်ဖြစ်နေတာသိရက်နဲ့ဝင်တိုးခဲ့တယ်”

“ကျမ..ဘယ်သူ့ကိုမှဂရုမစိုက်ဘူး...”

“တောင်ကြီးကပြန်လာပြီး၊အဖေပြောပြလို့၊

ကျမအဖိုးနဲ့အဖွားဒေါ်နန်းအိမ်တို့ပြဿနာကိုသိခဲ့ရတယ်...

အဖေကလဲရှေ့မဆက်ဖို့တားခဲ့တယ်၊

အဲဒီစကားကြားလိုက်ရတဲ့ည...ကျမဝမ်းနည်းလိုက်တာ...

ကျမသိလိုက်ရပြီ...ဒီဘဝ..ရှမ်းလေးနဲ့မဆုံနိုင်တော့ဘူးဆိုတာ....

နောက်နေ့...ရှမ်းလေးရှိတဲ့မန္တလေးဆောင်ကိုသွားခဲ့တယ်...

အဲ့တုန်းကရှမ်းလေးခြေကျိုးနေတဲ့အချိန်၊လမ်းလျှောက်ရတာအဆင်မပြေလို့

မန္တလေးဆောင်ဂိတ်ပေါက်မှာဘဲထိုင်ခဲ့ကြတယ်...

ကျမ...ရှမ်းလေးကိုကြည့်ပြီးငိုလိုက်ရတာ...

ရှမ်းလေးက..ကျမဘာကြောင့်ငိုနေလဲ...သူမသိ..

ဒါပေမဲ့...ကျမအနားမှာထိုင်နေတဲ့ရှမ်းလေး..ကျမကိုအနားကပ်လာပြီး

သူကျမကိုတခုခုစကားပြောဖို့ပြင်နေတယ်

ကျမသိနေတယ်...ကျမကိုသူ Propose လုပ်တော့မယ်..

ကျမ..ထထွက်ခဲ့တယ်....

တောင်ကြီးမှာတုန်းကဦးစိုင်းတို့စပျစ်ခြံကိုအဖွားဒေါ်နန်းအိမ်လိုက်ပြတယ်...

အဲ့အချိန်တုန်းအဖွားကိုကျမချစ်လိုက်ရတာ...ကျမအမျိုးအရမ်းတော်ချင်လိုက်တာ...

အဖွားလဲကျမကို..မြေးလေး..မြေးလေး...လို့ခေါ်တယ်...

ကျမလဲ..ဖွားဖွား..လို့ခေါ်ခဲ့ကြတယ်...

အကယ်၍များ...အဲဒီတုန်းကကျမကို..ဦးကျော်စွာမြေးမှန်းသိခဲ့ရင်၊

ကိုင်ထားတဲ့ခရင်းဂွနဲ့ကျမကိုထိုးသတ်မလားမသိ....

ကျမနဲ့ရှမ်းလေး...မဖြစ်နိုင်တော့ဘူးဆိုတာကျမလက်ခံလိုက်ပြီ

ကျမအဖေလဲကျမကိုအဒေါ်တွေနေတဲ့ဩစီပို့ဖို့လုပ်နေကြပြီ..

အရင်က..မသွားဘူးလို့ကျမအမြဲငြင်းခဲ့တယ်...

အခု...ကျမကိုယ်တိုင်ရှမ်းလေးနဲ့ဝေးရာကိုထွက်ပြေးချင်နေပြီ..

မဆုံရတဲ့အဖြစ်ကိုရင်နာလွန်းလို့ပါ

ကျမဦးစိုင်းကိုအမှာစကားပြောလိုက်တယ်...

ဒီစကားတွေကိုကျမရန်ကုန်မှာမရှိတော့တဲ့အချိန်မှာရှမ်းလေးကိုပြောပြလိုက်ပါ

ကျမဒီရက်ပိုင်းထွက်ရတော့မှာ...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“လူနာသတိနဲနဲရလာပြီ...”

“ရှမ်းလေး...ရှမ်းလေး...”

“ထွေးထွေး..နင်ဘယ်တုန်းကရောက်လဲ...ငါ့အမေ..ရော..”

ကြည့်စမ်း...ဒီရှမ်းလေး...ထွေးထွေးကိုစွဲလန်းနေတယ်...

မေသူ...နင့်ကိုမှမစွဲလန်းတာ...နင်ရှမ်းလေးကိုမေ့လိုက်ပါတော့....

“ဟဲ့...ငါ..မေသူပါ...”

ရှမ်းလေးပြန်အိပ်ပျော်သွားတယ်...

သူ့မျက်နှာထိုင်ကြည့်နေပြီး...ကျမဆက်စောင့်နေမိတယ်..

ဒုတိယအကြိမ်ပြန်နိုးလာတော့မှစကားတွေဘာတွေပြောပြီး၊

ကျမနှုတ်ဆက်ပြီးပြန်ခဲ့တယ်...

ကျမသွားရတော့မယ်...မသွားခင်လေးမှာရှမ်းလေးနဲ့တွေ့ချင်တယ်..

ရှမ်းလေးဆီသွားမယ်....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ကျနော်ရှမ်းလေးရန်ကုန်ဦးနှောက်နဲ့အာရုံကြောအဆောင်မှာဆယ်ရက်လောက်နေခဲ့ရတယ်..

ပထမ ၅ ရက်လောက်ကဦးခေါင်းလှုပ်မရဘူး...

အပေါ့အပါးသွားရင်လဲပက်လက်...ခေါင်းမှာလဲသွေးထုတ်တဲ့ပိုက်ကတန်းလန်း...

လက်မှာလဲဆေးထိုးအပ်တန်းလန်းနဲ့ဆေးသွင်းနေရတယ်

ဒီရက်အတွင်း....ထွေးထွေးနဲ့မေသူ...နေ့ခင်းဖက်ရှိနေကြတယ်

၅ ရက်နောက်ပိုင်းဦးခေါင်းကသွေးထုတ်တဲ့ပိုက်ဖြုတ်လိုက်ပြီ...

ဦးခေါင်းထောင်လို့ရပြီ...နေရတာအဆင်ပြေသွားပြီ..

ဆေးရုံမဆင်းခင်တစ်ရက်မေသူရောက်လာတယ်...

“ရှမ်းလေး...ငါခရီးထွက်ရတော့မယ်...”

“ပြန်လာမှဆုံကြရအောင်...”

“ဒီမှာတိတ်ခွေတစ်ခွေပေးခဲ့မယ်..”

“အိမ်ရောက်ရင်နားထောင်ကြည့်လိုက်...”

မေသူ..ကျနော်ကိုတိတ်ခွေပေးပြီးနှုတ်ဆက်သွားတယ်.....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

အဲဒီရက်မှာဘဲဆရာဝန်ကြီးကျနော့်ဆီလာတယ်..

မနက်ဖြန်ဆေးရုံဆင်းရတော့မယ်

မှာစရာရှိတာတွေ၊ကျနော့်ခေါင်းကိုခွဲခဲ့တဲ့အတွေ့အကြုံတွေကျနော့်ကိုလာရှင်းပြတယ်..

“ဆရာတို့...သွေးခြေဥနေတဲ့ရှမ်းလေးခေါင်းခွံကိုအပေါက်ဖေါက်တယ်...

“စုနေတဲ့သွေးတွေကိုစုပ်ထုတ်ရတယ်....

“စုနေတဲ့သွေးအားလုံးကိုလဲစုပ်ထုတ်လို့မရဘူး”

75% လောက်ကိုဘဲစုပ်ထုတ်ရတယ်...”

“အားလုံးကိုစုပ်ထုတ်လိုက်လို့လေခိုတာမျိုးဖြစ်သွားရင်ပိုအန္တာရာယ်ကြီးသွားနိုင်တယ်”

“စုပ်ထုတ်လိုက်တဲ့သွေးနေရာကိုဦးနှောက်အသားတွေတဖြေးဖြေးတက်လာမယ်”

“ဦးနှောက်အသားဖြေးဖြေးတက်လာရင်းကျန်နေတဲ့သွေးတွေကိုအပေါက်ကတဆင့်

ဦးခေါင်းအပြင်ကိုတွန်းထုတ်မယ်...ထွက်လာတဲ့သွေးတွေကိုခန္ဓာကိုယ်ကစုပ်ယူသွားမယ်”

“သွေးစုပ်ထုတ်လိုက်တဲ့နေရာအသားပြန်ပြည့်ဖို့ ၃ လလောက်အချိန်ယူရမယ်..”

“ဦးခေါင်းခွံအပေါက်ပြန်ပိတ်ဖို့ ၃ နှစ်လောက်ကြာနိုင်တယ်”

၃ လလောက်မှာဆရာတို့ CT Scan ပြန်ရိုက်ကြည့်မယ်...”

“ဒီအတောအတွင်းဦးခေါင်းလှုပ်လှုပ်ရှားရှားတွေမလုပ်ပါနဲ့အုန်း”

....”ဆရာ...ကျနော်ဘောလုံးပြန်ကစားလို့ရနိုင်ပါတော့မလား”

“ဆရာ..အယူအဆပြောရရင်...ဒီနှစ်ထဲမှာမကစားစေချင်ဘူး..”

….” ဗျာ....”

ဆရာပြောခဲ့တဲ့ကျနော့်ရောဂါ”Chronic subdural haematoma “

ဆရာ့စကားကြားမိတဲ့အခိုက်ကျနော့်စိတ်ဓါတ်တွေအဝီစိရောက်သွားပါပြီ...

တက္ကသိုလ်မှာကစားခွင့်ကျနော့်မှာတစ်နှစ်ဘဲကျန်တော့တယ်....

ကျနော့်တို့ဘူမိဗေဒဆရာကြီးဦးဘသန်းဟက်...စည်းကမ်းအရမ်းကြီးတယ်...

အားကစားဘယ်လောက်တော်တော်...စာမရရင်စာမေးပွဲကျတာဘဲ...

အခြားမေဂျာတွေလိုမျိုး...အားကစားသမားတွေကိုမာစတာတန်းမှာတင်ပြီး

မွေးထားတာမျိုးဘူမိဗေဒမှာမရှိ...

ဓါတ်ပုံကိုအင်တာနက်ထဲမှဘူထားပါသည်။

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၅ )

 

 

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၆ )

 

ကျနော်ဆေးရုံဆင်းပြီ..မမကြီးအိမ်ကိုရောက်နေပြီ..

တောင်ကြီးမပြန်ဖြစ်တော့ပါ...ကျောင်းဖွင့်တဲ့အထိအိမ်မှာဘဲနေတော့မယ်...

ထွေးထွေးက...ကလောပြန်သွားပြီ...

ကျောင်းဖွင့်မှပြန်လာတော့မယ်....

မမကြီး..ကျောင်းဖွင့်ရင်အိမ်ကဘဲကျောင်းတက်ဖို့ပြောနေတယ်..

မမကြီးအိမ်ကိုရောက်ထဲကကျနော့်စိတ်တွေနောက်ကျိနေတယ်..

ခွဲထားတဲ့ဦးခေါင်းဒဏ်ရာကြောင့်မဟုတ်....

ကျနော့်မှာစိတ်ရှုတ်ထွေးစရာတွေများနေတယ်.......

နံပါတစ်...အဖေ့ဆန္ဒတွေမဖြည့်စည်းပေးနိုင်တော့လို့...

ကျနော်ကျောင်းအသင်းနဲ့ခြေစွမ်းပြချင်တယ်...

ကျနော့်ကိုတတိယနှစ်ရောက်မှကျောင်းသားတွေသိလာတယ်...

ဖိုင်နယ်မှာကျနော်ဘောလုံးမကန်ရရင်ကျနော်တစ်သက်လုံး

မျှော်လင့်ခဲ့တဲ့မျှော်လင့်ချက်တွေရေစုန်မျောပြီ...

အဖေမပြန်ခင်ကျနော်ခွဲခန်းထဲဝင်နေတုန်းကမေသူရင်ဖွင့်ခဲ့တာတွေပြန်ပြောပြတယ်.....

ဒီဇာတ်လမ်းတွေကိုမေသူနောက်ကျမှသိတယ်

ကျနော်အရင်သိပြီးသား....

လူငယ်တစ်ယောက်အတွက်နှလုံးသားအရေးလဲအရေးကြီးတယ်...

ထွေးထွေးကငယ်ငယ်ထဲကခင်နေပြီးသား...

ကျနော့်အလိုကိုအမြဲလိုက်ပေးသူ...

တိုင်းရင်းသူစစ်စစ်ရဲ့အလှ..အကြည့်ခံတဲ့အလှ...

ဒါပေမဲ့...ကျနော်...မေ့ချင်ယောင်ဆောင်နေခဲ့တယ်...

တောင်ကြီးကကျနော့်သူငယ်ချင်းတွေကျနော့်ကိုယောက္ဖလို့ခေါ်နေတယ်...

ရန်ကုန်တက္ကသိုလ်ကသူငယ်ချင်းတွေလဲယောက္ဖတော်ချင်နေကြတယ်...

Law မှာလဲနာမည်ကြီးတယ်...လိုက်နေတဲ့သူတွေများတယ်...

မေသူ....ကျနော်ဘောလုံးကန်တာကိုလာအားပေးရင်းနဲ့သိခဲ့ရသူ..

နောက်ကျမှထွေးထွေးသူငယ်ချင်းမှန်းသိခဲ့ရတယ်...

မြို့သူအလှကတောက်ပတယ်...

ကျနော်တောသားအတွက်စွဲမက်ချင်စရာ...

ပွင့်လင်းတဲ့သူ့စိတ်ဓါတ်၊ရဲတင်းလွန်းတဲ့သူ့အပြုအမူတွေက

ကျနော့်ချစ်စိတ်ကိုနိုးထစေတယ်....

ကျနော်ခြေထောက်ကျိုးနေတဲ့အချိန်၊

အဖေ့စကားတွေကသူ့အပေါ်ထားမိတဲ့ကျနော့်အချစ်စိတ်

တွေကိုဘရိတ်အုပ်ခိုင်းလိုက်သလိုဘဲ

မန္တလေးဆောင်ရှေ့မှာ...မေသူနဲ့ထိုင်နေတဲ့အချိန်..

ဘာကြောင့်မှန်းမသိ...မေသူ...ကျနော်ကိုကြည့်ပြီးငိုနေခဲ့တယ်..

ကျနော်မေးတော့လဲမပြောဘူး...

အဲ့အချိန်..အဖေတားထားတဲ့ကြားက..ကျနော်..မေသူ့ကိုချစ်တယ်

ဆိုတဲ့စကားဖွင့်ပြောတော့မဲ့ဆဲဆဲအချိန်..မေသူ..ထသွားခဲ့တယ်...

တကယ်တော့ကျနော်..နှစ်ယောက်လုံးကိုချစ်တယ်လို့မပြောဖြစ်သေးပါဘူး...

ဒီအချိန်..ကျနော့်ကိုငါးရံ့နှစ်ကောင်ဖမ်းတဲ့ကောင်လို့ပြောချင်ပြောကြပါ...

တကယ်ဘဲ...ကျနော်နှစ်ယောက်လုံးကိုချစ်မိနေတယ်....

မေသူပေးထားတဲ့တိတ်ခွေကိုပြန်သတိရပြီးဖွင့်ကြည့်လိုက်တယ်...

တစ်ခွေလုံးမှာသီချင်းတစ်ပုဒ်ထဲပါတယ်

သီချင်းနာမည်”လမ်းဆုံ”အောင်ကိုလတ်ဆိုထားတယ်...

သူတို့ညီအစ်ကိုတွေစုပြီး The Brothers တီးဝိုင်းထောင်ထားတယ်...

ဟောလိုဂစ်တာလေးနဲ့တီးပြီးဆိုထားတဲ့သီချင်းလေး

အသံမသွင်းရသေး၊အကြမ်းဆိုထားတာ...

“လမ်းဆုံမှာရပ်နေတယ်...လူနှစ်ယောက်တော့ဆွေးနေတယ်...”

“ဘယ်သူလဲကွယ်...မင်းရယ်တို့ရယ်...”

“ငိုချင်သော..မျက်လုံးလေးတွေ..ဟန်ဆောင်ကာပြုံးတာ..”

“နင်သိတယ်...ငါလဲသိတယ်..”

“လမ်းဆုံမှာ..ဘဝမဆုံပါ...အိုကျောခိုင်းရမယ်နော်...”

“ကျေနပ်တယ်..တို့ကျေနပ်တယ်...”

“တကယ်ကိုပေါင်းစပ်မရတဲ့ဘဝမို့...”

“အတူနေချင်သော်လည်းကွယ်...”

“ဒီဇာတ်လမ်းလေးမပြီးသေးခင်နေဝင်တယ်...”

“ပြန်မှာလား...မပြန်ခင်စကားတစ်ခွန်းတော့..ပြောလိုက်မယ်နော်...”

“ကိုယ်ချစ်တယ်...ကိုယ်အမြဲချစ်မယ်...”

အော်...မေသူ..ကျနော်တို့အဖွားနဲ့သူ့အဖိုးဇာတ်လမ်းတွေသိသွားပြီး

မဆုံနိုင်တော့ဘူးဆိုတာ..သူလက်ခံလိုက်ပြီ

ဒီရက်တွေမှာသူ...ကျနော့်ဆီမရောက်လာဘူးဆိုတော့သူသွားပြီးထင်တယ်...

သူနဲ့ကျနော်...နှုတ်ကဖွင့်မပြောကြပေမဲ့...

ကျနော်တို့နှစ်ယောက်လုံးရဲ့နှလုံးသားအခြေအနေတွေကို...

နှစ်ယောက်လုံးသိနေကြတယ်....

ဒါပေမဲ့...အရာရာအားလုံးမဖြစ်နိုင်တော့ပါ....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ကျောင်းတွေပြန်ဖွင့်ပြီ..ဒီနှစ်ကျနော်ဖိုင်နယ်

တတိယနှစ်စာမေးပွဲဖြေနေချိန်တုန်းက...ခြေထောက်မှာကျောက်ပတ်တီးစည်းထားတယ်..

အခုကျောင်းပြန်ဖွင့်ချိန်...ခေါင်းမှာပတ်တီး..အဖွေးသား...

ကျနော့်ကိုဆရာတွေ...ကျောင်းသားတွေပါ...လာမေးနေကြတယ်...

ကျနော့်ခေါင်းကဒဏ်ရာအကြောင်းပြောပြတော့သူငယ်ချင်းတွေ၊

မိုးမွန်အောင်ဆဲလိုက်ကြတာ....

မန္တလေးဆောင်တခုလုံးညံသွားလို့ဆရာတွေတောင်ရောက်လာကြတယ်

“မင်းတို့မပြောကြပါနဲ့တော့...ဒါမျိုးကတစ်ရာတစ်ယောက်ဖြစ်တာမဟုတ်ဘူး”

“ငါ့ကံကြောင့်ဖြစ်တယ်လို့ဘဲသဘောထားလိုက်ပြီ”

...”မင်းဒီနှစ်မကန်နိုင်ရင်ငါတို့အသင်းတော့သွားပြီ...

“မင်းတို့ကလဲနောင်တက်လူတွေရှိပါတယ်...စိတ်မပူပါနဲ့”

“ငါ့ထက်တောင်သာနေအုန်းမယ်....”

...”ဒါပေမဲ့ကွာ...ငါတို့ကမင်းကိုအားထားနေတယ်လေ...”

ကျနော်...ဆရာဖေမောင်သန်းအတန်းတက်ပြီးတော့...

ဆရာခေါ်လို့ဆရာ့ရုံးခန်းရောက်ခဲ့တယ်...

ကျနော်ခြေကျိုးတဲ့ဒဏ်ရာ၊ခေါင်းခွံခွဲတဲ့ဒဏ်ရာတွေအကြောင်း...

ဆရာဝန်ကြီးတားထားလို့ဒီနှစ်ဘောလုံးမကန်ဖြစ်တော့တဲ့အကြောင်းတွေ...

ပြောရင်းဝမ်းနည်းလွန်းလို့မျက်ရည်တွေပါကျလာတယ်.....

“ရှမ်းလေး...မင်းငါတို့ရန်ကုန်တက္ကသိုလ်အတွက်ပေးဆပ်တာတွေများလွန်းတယ်..”

“ကျနော်နောက်သုံးလကြာရင် CT Scan ထပ်ရိုက်ရအုန်းမယ်”

“ကျနော့်ခေါင်းထဲမှာဘာတွေထပ်ဖြစ်မလဲ..ဆရာကြီးဘာတွေပြောမလဲ..နားထောင်ရအုန်းမယ်...”

“အေးကွာ...ဆရာကြီးနဲ့တွေ့ပြီးရင်..ဆရာ့ကိုလဲလာတွေ့ပါအုန်း..”

“ဧပြီလမှာကွင်းဆင်းတာတွေလဲရှိသေးတယ်...”

ကျနော်စာသင်ရင်းနောက်သုံးလတိုင်ခဲ့ပါတယ်...

အခုတော့ကျနော့်ဘေးမှာထွေးထွေးတစ်ယောက်ထဲကျန်တော့တယ်...

မေသူ...ဩစီထွက်သွားပြီ...

မဖြစ်နိုင်မှန်းသိလို့ကျနော့်စိတ်တွေလဲလျှော့လိုက်ပြီ...

သူ့ဆီကစာတစ်စောင်ရောက်လာတယ်..

ဒီ လေးငါးနှစ်အတွင်းပြန်မရောက်နိုင်ကြောင်း...

သူရောက်ခဲ့ရင် နင်နဲ့ထွေးထွေးကို...သားသား၊မီးမီးတွေနဲ့အတူမြင်ချင်ကြောင်း

စာတွေရေးထားတယ်.....

သုံးလပြည့်ပြီး CT Scan ပြန်ရိုက်တယ်...

ကျနော့်ခေါင်းထဲမှာသွေးတွေနဲနဲကျန်နေသေးတယ်..

ဒါစိုးရိမ်စရာမလိုကြောင်း...အပေါက်မှတဆင့်တဖြေးဖြေးပြန်ထွက်သွားမယ်လို့

ဆရာကြီးပြောပြခဲ့တယ်...

ဒီအကြောင်းတွေကိုဆရာဒေါက်တာဖေမောင်သန်းကိုပြောပြခဲ့တယ်...

ကျနော်ဆရာ့ကိုပြောတဲ့အချိန်..မတ်လလောက်မှာပြောပြတာ

ဆရာက...ဧပြီကွင်းဆင်းချိန်နဲ့နီးနေပြီ...

“ရှမ်းလေး...မင်းကျန်းမာရေးနဲ့ကွင်းဆင်းလို့အဆင်ပြေမလား...”

“အဆင်မပြေရင်...သီတင်းကျွတ်ကျောင်းပိတ်မှတစ်ယောက်ထဲ..ဒါမှမဟုတ်

“မကျန်းမာလို့ခွင့်တင်ထားတဲ့ကျောင်းသားရှိရင်သူတို့နဲ့အတူရောပြီးဆင်းလို့ရတယ်”

...”ရပါတယ်ဆရာ..ကျနော်ကွင်းဆင်းမယ်...”

ဒီလိုနဲ့ကျနော်တို့ကွင်းဆင်းရမဲ့အုပ်စုနဲ့ကွင်းဆင်းဧရိယာစာရင်းတွေထွက်လာပါပြီ...

ကျနော်အောင်ပန်း..ရွာငံကားလမ်းပေါ်မှာရှိတဲ့မြိုင်မှာဆင်းရမယ်

(အခုခေတ်..ဂဏန်းကျရေတံခွန်၊အလယ်ချောင်ရေတံခွန်ရှိနေတဲ့ရွာကြီး၊

အခုတော့မြိုင်မြို့ဖြစ်သွားပြီ)

တစ်ရက်ဆရာဒေါက်တာဖေမောင်သန်း..စာသင်ချိန်အပြီး..အခန်း ၁၀၈ မှာ

သူနဲ့အတူကွင်းဆင်းကြမည့်ကျောင်းသားများနဲ့ဆုံကြတယ်၊

ကျနော့်ကိုလဲခေါ်ထားလို့ကျနော်လဲသွားထိုင်ပါတယ်...

အုပ်စုကွဲနေပေမဲ့လဲအားလုံးသူငယ်ချင်းတွေပါဘဲ...

ဆရာတို့ကမြင်းတိုက်မှာကွင်းဆင်းရမယ်...

ဆရာဘာပြောမလဲ...ကျနော်လဲမသိဘူး...

“ဆရာနဲ့အတူကွင်းဆင်းကြမဲ့ကျောင်းသားတွေကိုဆရာပြောစရာတစ်ခုရှိတယ်”

“ဆရာတို့မြင်းတိုက်မှာကွင်းဆင်းရမယ်”

“မြင်းတိုက် Camp ကမြင်းတိုက်ဘူတာနားမှာဘဲ”

“ဆရာဆိုလိုတာက..မြင်းတိုက် Camp သွားလမ်းသာတယ်”

“မြင်းတိုက်ဘူတာရောက်တာနဲ့ Camp ရောက်ပြီ”

“ဒီမှာထိုင်နေတဲ့ ရှမ်းလေးက မြိုင်မှာကွင်းဆင်းရမယ်”

“မြိုင်ကိုသွားဖို့အောင်ပန်းဘူတာက ဆောက်လုပ်ရေးတီးအီး

ကားစီးပြီးသွားရမယ်...ကားလမ်းကမြေကြီးလမ်း၊

ချိုင့်ခွက်တွေများတဲ့လမ်း၊တနေကုန်ကားစီးရမယ်”

“ရှမ်းလေး..ခေါင်းကဒဏ်ရာကမကောင်းသေးဘူး”

“နောက်ပြီး..ရှမ်းလေးဆရာတို့တက္ကသိုလ်အသင်းအတွက်ပေးဆပ်တာတွေများနေတာ

မင်းတို့မျက်မြင်ဘဲ”

“ဆရာ့အနေနဲ့ဒီလမ်းခရီးကိုရှမ်းလေးမသွားသင့်ဘူးလို့ထင်တယ်”

“ငါတို့အုပ်စုထဲကတစ်ယောက်ရှမ်းလေးနဲ့နေရာချိန်းပေးဖို့ဆရာပြောချင်တယ်”

“ဘယ်သူကူညီကြမလဲ”

ကျောင်းသား..လေးငါးယောက်မတ်တပ်ထရပ်ပြီး

“ကျနော်လဲပေးမယ်”

ကျနော်အံ့ဩရပြီ...

ဆရာဖေ...ကျနော့်အပေါ်ထားတဲ့စေတနာလေးစားသွားပြီ...

ဒီလိုနဲ့ကျနော်ဆရာဖေနဲ့အတူမြင်းတိုက်မှာကွင်းဆင်းရတော့မယ်...

ပြီးနောက်...ဆရာနဲ့ကျနော်စကားတွေပြောဖြစ်ခဲ့ကြတယ်...

“ရှမ်းလေး..မင်း...ကျောင်းအသင်းနဲ့ဘောလုံးဆက်ကစားချင်ရင်”

“ရွေးစရာတစ်လမ်းဘဲရှိတယ်...”

“မင်းအမှတ်ကောင်းကောင်းရအောင်ဖြေ...”

“ကျောင်းဆက်တက်ပြီး..မင်းဝါသနာပါတာဆက်လုပ်လို့ရမယ်..”

ကျနော်ပြန်စဉ်းစားမိတယ်...

ဒီနှစ်ဘောလုံးမကန်ဖြစ်တော့...ကျနော်အတွက်အချိန်ပိုရတယ်...

ဆရာပြောသလိုဘဲ..ကျနော်စာဖတ်တော့မယ်...

ကျနော်အနားမှာစာတော်တဲ့သူငယ်ချင်းတွေလဲရောက်လာပါတယ်...

အရင်နှစ်တွေကအမှန်ဝန်ခံရရင်၊ကျောင်းတက်ရက်တွေမမှန်ခဲ့ပါ...

ဒီနှစ်ခြေထောက်ဒဏ်ရာ၊ခေါင်းကဒဏ်ရာတွေနဲ့ဂီလာနဖြစ်နေတဲ့ကျနော်...

ကျောင်းထဲမှာဝေးဝေးလဲမသွားနိုင်၊တောင်ငူကဲင်တင်းကအစိပ်ဆိုင်၊ရွှေပိတောက်ထမင်းဆိုင်၊

အရှည်ကြီးဆိုင်၊ဦးချစ်ဆိုင်၊တက္ကသိုလ်ဓမ္မာရုံဝင်းထဲမှာရောင်းနေတဲ့ပုဇွန်ခွက်ကြော်ဆိုင်တွေဘဲ

ထွေးထွေးနဲ့အတူတူသွားဖြစ်တယ်...

အမရဆောင်မှာ Law တက်နေတဲ့ထွေးထွေးနဲ့

မန္တလေးဆောင်ကကျနော်တို့တစ်ဝင်းထဲမှာရှိနေတယ်၊

ဒါကြောင့်နေ့တိုင်းဆုံကြတယ်...

မေသူမရှိတော့တဲ့သိပ္ပံခမ်းမဖက်ကိုမရောက်ကြတော့ပါ...

အိမ်ပြန်ရောက်ရင်လဲကျောင်းစာတွေဘဲလုပ်ဖြစ်တယ်...

စနေနေ့ညတွေမှာထွေးထွေး..အမကြီးအိမ်မှာလာအိပ်လေ့ရှိတယ်...

ကျနော်မပျင်းတော့ဘူး....

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ ( )

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ ( )

 

သင်္ကြန်ကျောင်းပိတ်ရက်...ထွေးထွေး..ကလောပြန်သွားပြီ...

ကျနော်တို့ကွင်းဆင်းအဖွဲ့တွေဧပြီလဆန်းမှာရှမ်းပြည်တက်ခဲ့ကြတယ်...

ဒီခရီးနဲ့ဒီလမ်း..ကျနော်သွားလာနေကျခရီးလမ်း..

ကျနော်အတွက်အသစ်အစမ်းမဟုတ်...

ဒါပေမဲ့..ရင်ထဲမှာလွမ်းသလိုလို...နဲ့.....မြင်းတိုက်ရောက်လာပါပြီ...

လတ်ဆတ်တဲ့လေအေးလေးကဆီးကြိုနေတယ်...

ကျနော်အံ့ဩရပြီ....မြင်းတိုက်ဘူတာမှာ..

ကျနော့်ကိုထွေးထွေးတို့မိသားစုလာကြိုနေကြတယ်...

မြင်းတိုက်နဲ့ကလော...ဆိုင်ကယ်နဲ့ရွာလမ်းလေးတွေဖြတ်ပြီး

လာရင်နာရီဝက်ဆိုရောက်ပြီ....

ရွာခံလူကြီးတွေနဲ့ဦးခွန်လူ....လိုက်မိတ်ဆက်ပေးထားတယ်...

ရွာကလူတွေအဖေ့ကိုသိကြတယ်...သူတို့ကြိုက်ခဲ့တဲ့ဘောလုံးသမားဖြစ်လို့ပါ...

ကျနော်လဲရွာခံလိုဖြစ်သွားပြီ....

နောက်ကျတော့ကျနော်သိလာတာကအနီးအနားရွာတစ်ဝက်လောက်ကသူတို့အမျိုးတွေ..

ကလောနဲ့မြင်းတိုက်ကြားထဲကရွာလေးတွေကထွေးထွေးတို့နဲ့ဆွေမျိုးမကင်းကြဘူး....

“ယောက္ဖရေ....ယောက္ဖရှမ်းလေးရေ..”

“ဒီမှာမင်းနှမ...နန်းလေးရောက်နေပြီ..”

“ယောက္ဖရေ......”

မိုးမလင်းသေးဘူး၊ချမ်းချမ်းနဲ့ကွေးလို့ကောင်းတုန်း....

အော်သံတွေညံနေတာဘဲ...မနက် ၆ နာရီဘဲရှိသေးတယ်...

အပြင်ထွက်ကြည့်တော့...ဆိုင်ကယ်နဲ့ထွေးထွေးရောက်နေပြီ...

“ထွေးထွေး...စောလှချည်လား...ငါတို့အိပ်လို့ကောင်းတုန်း...”

“နင့်ဒဏ်ရာတွေဘယ်လိုနေလဲ...”

“ဒီမှာ..ကောက်ညှင်းပေါင်းနဲ့တို့ဟူးကြော်တွေယူလာခဲ့တယ်..”

“မျက်နှာသစ်လိုက်...နင့်သူငယ်ချင်းတွေကိုပါကျွေးလိုက်...”

ကျနော်တို့အားလုံးအတွက်ထွေးထွေးတို့အိမ်ကလုပ်ခဲ့ပေးတယ်...

ထွေးထွေး..အမျိုးတွေဝိုင်းယူခဲ့ပေးတယ်....

ထွေးထွေးမျက်မှာကြည့်ပြီးစားနေလို့လားမသိ..

စားလို့အရမ်းကောင်း....

စားပြီးရင်... ပထမဆုံးကွင်းဆင်းသောနေ့....

General traverse နေ့တိုင်းမြင်းတိုက်ဧရိယာတခုလုံးကိုဆရာဖေနဲ့အတူ

ကွင်းဆင်းရမည်....နယ်မြေအားလုံးလိုက်ကြည့်ပြီးရင်...

ကိုယ့်အုပ်စုနဲ့ကိုယ်..Individual camp ထွက်ရမည်

ကိုယ်နယ့်မြေတခုလုံး၏ Geology Map ထုတ်ရမည်...

လိုအပ်သောကျောက်နမူနာများကောက်ယူရမည်...

အုပ်စုများ၏ Geology Map များကိုပေါင်းလိုက်ရင်

မြင်းတိုက်ဧရိယာတခုလုံး၏ Geology Map ရပြီ.....

ကျနော်တို့ General traverse ထွက်နေသောရက်အတွင်း

ထွေးထွေးတို့အဖေ Camp ရောက်လာပြီးအလှူဖိတ်ပါတယ်....

အလှူရှိတဲ့ရက်ကိုကျနော်တို့လမ်းကြောင်းပြောင်းပြီး

ရထားလမ်းအတိုင်းကလောကိုတက်ခဲ့ကြတယ်....

ကလောမြို့စွန်ဘုန်းကြီးကျောင်းမှာအလှူလုပ်တယ်....

ထွေးထွေးတို့သူငယ်ချင်းတွေကိုမြင်ပြီးတော့ကျနော့်ကောင်တွေပျော်တာပေါ့..

ထွေးထွေးတို့အမျိုးတွေ၊သူငယ်ချင်းတွေကဧည့်ခံကြတယ်...

သူတို့တွေက...မာဇူးတက္ကသိုလ်အဖွဲ့တွေ....

“အေး...မင်းတို့ပျော်နေကြ...”

“ငါတို့ရှမ်းလေးကိုလူချပြီးနိုင်သွားတာမင်းတို့မေ့နေကြပြီလား..”

“မပြောကြပါနဲ့တော့...ပြီးတာတွေပြီးခဲ့ပြီ..”

အစွဲအလန်းကြီးလွန်းတဲ့သူငယ်ချင်းတွေ...အပြစ်မပြောပါဘူး...

ကျနော်တို့အသင်းဖက်မခံစားနိုင်သူတွေ...

“သူငယ်ချင်း....ငါတို့အားလုံးကျောင်းသားတွေပါကွာ...”

“စိတ်ထဲဘာမှမထားကြပါနဲ့...”

“နောက်နှစ်တွေ...ငါတို့နိုင်အောင်ကန်ကြမယ်....”

ပါးစပ်ကပြောလိုက်ပေမဲ့...ကျနော်ဒဏ်ရာတွေနဲ့ကန်နိုင်ပါ့မလား...”

နောက်နှစ်ကန်ချင်ရင်ကျနော် Horn; တန်းတက်နိုင်အောင်အရင်ကျိုးစားရဦးမယ်

စိတ်ဓါတ်နဲနဲကျချင်သလိုဖြစ်သွားတယ်...

နောက်နှစ်ထွေးထွေးကျောင်းဆက်တက်ရအုန်းမယ်...

ကျနော်အမှတ်မမှီ၊ကျောင်းမတက်ဖြစ်ခဲ့ရင်..ဘောလုံးကန်ခွင့်မရှိတော့သလို၊

ထွေးထွေးတစ်ယောက်ထဲကျောင်းမှာပျင်းနေတော့မယ်....

အချစ်ဆိုတာမီးဝေးတဲ့ချိတ်လိုဘဲ...အနေဝေးသွားတဲ့မေသူကိုကျနော်မေ့နေပြီ..

အကယ်၍များကျနော်ကျောင်းမတက်ဖြစ်ခဲ့ရင်...ထွေးထွေးတစ်ယောက်ကျနော့်ကို...

မီးဝေးနေတဲ့ချိတ်လိုမေ့သွားမလား....ကျနော်စိုးရိမ်တတ်လာပြီ....

တချိန်တုန်းကမေသူ၊ကျနော့်အနားကပ်နေချိန်..ထွေးထွေးဘယ်လိုခံစားနေလဲ..

ဆိုတာတွေကို..ကျနော်မစဉ်းစားခဲ့မိဘူး...

အခုမှ...မင်းနဲ့မှချစ်တတ်ပြီပေါ့.....

ရင်ထဲမှာထွေးထွေးတစ်ယောက်ထဲရှိတော့တယ်....

ထွေးထွေးနဲ့အတူရှိနေရင်ကျနော့်ဘဝပြည့်စုံနေပြီ....

ဆရာဖေနဲ့အတူ General Traverse ၁၀ရက်လောက်သွားကြတယ်...

နေရာအစုံဆရာလိုက်ပြတယ်..

ပြီးရင် ကိုယ့်အုပ်စုနဲ့ကိုယ် ကွင်းဆင်းပြီး ကိုယ့်ဧရိယာအတွက်ဘူမိမြေပုံထုတ်ရတော့မယ်...

Individual camp လို့ခေါ်တဲ့အုပ်စုလိုက်ကွင်းဆင်းလေ့လာခြင်းကိုလုပ်ရတော့မယ်...

ပုံမှန်ဆိုကိုယ့်ဧရိယာမှာရှိတဲ့ရွာတွေမှာနေပြီးကွင်းဆင်းကြရတယ်...

ဒါပေမဲ့..ဒီနှစ်အဲ့လိုမျိုးမဆင်းဖြစ်တော့ဘူး...

မြင်းတိုက်မှာအခြေချပြီး...နေ့တိုင်းကိုယ့်ဧရိယာဆီကွင်းဆင်းကြမယ်...

အားလုံးမြင်းတိုက်ကိုပြန်လာကြမယ်...

နေ့တိုင်းလိုလို...မနက်တစ်ခေါက်..ညနေတစ်ခေါက်...ထွေးထွေး..ရောက်ရောက်လာတယ်..

လာရင်လဲ...စားစရာတွေယူလာတတ်တယ်...

ကျနော့်သူငယ်ချင်းတွေလဲ...ထွေးထွေးကိုမျော်တတ်နေပြီ..

ထွေးထွေးလာရင်..ဆွဲရေးတွေပါလာတတ်လို့ပါ...

ကျနော်တို့အုပ်စုနဲ့ကပ်ရက်အဖွဲ့ကကောင်တွေတော်တော်ပျော်စရာကောင်းတယ်..

အဲ့အဖွဲ့မှာလူစုံတယ်...အားလုံးကအားရင်ဖဲရိုက်လေ့ရှိတယ်...

ဂစ်တာတွေလဲတီးတယ်...

အရက်သောက်တဲ့အကောင်ကို”ရှကီး”လို့ခေါ်တယ်...

နောက်တစ်ယောက်ရှိသေးတယ်..ဆေးခြောက်တွေရှုတဲ့ကောင်က “ဂန်ဂါး”

အရပ်ကလန်ကလားနဲ့ကောင်ကို”ဗျိုင်း”အသားမဲတဲ့ကောင်က”ကျီးကန်း”

သူတို့အုပ်စုနဲ့ကွင်းဆင်းရင်ခဏခဏဆုံကြတယ်...

ကွင်းဆင်းနေတဲ့တစ်ရက်ထမင်းစားတဲ့အချိန်ကျနော်တို့နေရာမှာအတူထမင်းလာစားကြတယ်....

“ဟြောင့်...ဂန်ဂါး....ကွင်းဆင်းတယ်ဆိုတာ...မျက်စိလျင်ရတယ်...”

“ရှကီး..မင်းဘာတွေလာပြောနေတာလဲ...”

“မင်း...ငါ့ကိုမူးနေတဲ့အကောင်ဆိုပြီးအထင်လာမသေးနဲ့...”

“မင်းတို့ထက်လျင်တယ်...”

“ဘာတွေလာပြောနေလဲကွာ...”

ရှကီး....သူ့ကျော်ပိုးအိတ်ထဲကနမူနာကျောက်တုံးကြီးတစ်တုံးဆွဲထုတ်လိုက်တယ်....

“ရော့..ဂန်ဂါး....အဲဒီကျောက်ကိုကြည့်ပြီး...မင်းဦးနှောက်နဲ့မင်းဆုံးဖြတ်....”

“ငါ...ဘာမှမပြောဘူး...”

“ဟာ....ကျောက်ပေါ်မှာ...သတ္တုအရောင်တွေ...ရွှေလား...ကြေးလား...”

“ဟာ....ရှကီးကိုအထင်ကြီးသွားပြီ...”

“ဒီကောင့်..ကျောက်နမူနာမှာ...ရွှေစလိုလို...ကြေးစလိုလို...တွေ့နေတယ်...”

“ငါပြောတယ်...မျက်စိလျင်ရတယ်...”

“တစ်အုပ်လုံးကျော်ခွသွားကြတယ်...ဒီကျောက်ကိုဘယ်သူမှမမြင်ကြဘူး..”

“အီဖေကိုယ်...မြင်တယ်...”

ကျနော်လဲယူကြည့်မိတယ်...မှတ်ကျောက်ပေါ်မှာရွှေနမူနာတိုက်ထားတဲ့ပုံမျိုး...

ကျနော်ဘာမှမပြောဖြစ်၊ဘာမှလဲမသိ....

ညနေ Camp ပြန်ရောက်တော့ဂန်ဂါး...သူအလေးခံပြီးသယ်လာသော

ကျောက်နမူနာကိုဆရာဖေကိုသွားပြတယ်...

ဆရာဖေဘာပြောမလဲလို့ကျနော်တို့လဲလိုက်သွားကြတယ်....

“ဆရာ...ရှကီး...ကောက်ခဲ့တဲ့ကျောက်နမူနာ...ကျနော်တို့အားလုံးမမြင်ဘူး”

“သူ့တစ်ယောက်ထဲမြင်တယ်...ဒီကောင့်မျက်လုံးကိုချီးကျူးဖို့ကောင်းတယ်...”

ဆရာဖေ...ကျောက်တုံးကိုသေသေချာချာကြည့်တယ်...

“ဂန်ဂါး...ဒီကျောက်တုံးကို..ရေချိုးပေးလိုက်...”

“ဆပ်ပြာပါတိုက်...ပြီးရင်း..ဘရပ်ရှ်နဲ့ပါ..တိုက်လိုက်..”

ခဏနေဂန်ဂါးပြန်ရောက်လာတယ်..

“ခွေးမသား...ရှကီး...ငါတို့ကိုအရူးလုပ်သွားတယ်...”

“ကျောက်တုံးမှာဘာမှမရှိတော့ဘူး....”

ဆရာဖေ...”ဘယ်ရှိတော့မလဲ...ရှကီးသူ့ခါးပတ်ခေါင်းနဲ့တိုက်ပြီးမင်းတို့ကိုလာပေးသွားတာ”

“ဟာ...ဆရာ...ကျနော်ရှိခိုးတောင်းပန်ပါတယ်...”

“ကျနော်...ဂန်းဂါးတို့ကိုနောက်လိုက်တာပါ...ဆရာ့ကိုနောက်တာမဟုတ်ရပါဘူး”

“ကျနော့်စိတ်ထင်...ဆရာ့ဆီလာမပြဘူးထင်ထားလို့ပါ...”

ရှကီးဖင်ထောင်ပြီးဆရာဖေကိုရှိခိုးတောင်းပန်နေပြီ..

သူ့အဖြစ်ကိုအားလုံးကြည့်ပြီးရီနေကြပြီ....

“ဟေ့...သူငယ်ချင်းတွေ..ဒီမှာနန်းလေး...ခေါပြင်တွေယူလာခဲ့တယ်...”

“နောက်ကျတဲ့ကောင်..အပြစ်မပြောကြေး....”

အော်သံကြားတဲ့အခိုက်အားလုံးထပြေးကြပြီ...

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ ( )

 

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

 

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ ( )

ဒီနေ့မနက်အစောကြီးထကြတယ်....

ကောက်ညှင်းမုန့်ကိုနယ်တယ်....နယ်သားရလာရင်ကျနော်တို့အားလုံးမုန့်လုံးရေပေါ်လုံးကြမယ်..

မနက်အစောထဲက..ထွေးထွေးတို့သူငယ်ချင်းတွေလဲဝိုင်းကူလုပ်ကြဖို့ရောက်နေကြပြီ...

ကလောကသူငယ်ချင်းတွေ၊သူတို့ကမာဇူးကျောင်းသူတွေ...

ဘူမိကကောင်တွေကောင်မလေးတွေဝိုင်းကူကြမယ်ဆိုတော့...

ဝီရိယရှိလိုက်ကြတာ...မနက်လေးနာရီလောက်ထပြီး...ပြင်ဆင်နေကြပြီ..

ဒီနေ့သင်္ကြန်အတက်နေ့....ဆရာဖေ...နားခွင့်တစ်ရက်ပေးထားတယ်...

“ရှကီး...လုံးလုံးလေး...လုံးစမ်းပါ..”

“မင်း...ဟာက...မုန့်လုံးနဲ့လဲမတူဘူး....”

“ဘယ်တူမလဲ...အထဲမှာထန်းလျက်ကကြီးနေတော့မုန့်သားကိုထိနေတယ်...”

“အကိုတို့နာမည်တွေကလဲ...ရှကီး...ဂန်ဂါး...တဲ့ဘာလူမျိုးမို့လဲ...”

“အာ...ဒီကောင်တွေနောက်ထားတာပါ...မြန်မာလူမျိုးဘဲ..”

“ဒါပေမဲ့...အကိုတို့လဲ...တိုင်ရင်းသားလူမျိုးဖြစ်ချင်လာပြီ...”

“ကဲ....ထွေးထွေး...နင့်အလှဲ့လာပြီ...”

“ကျမသူငယ်ချင်းတွေအားလုံးရိုးရိုးသားသားတွေပါ...”

“သူတို့တွေအားလုံးစိတ်ထဲမှာ...ရာဇူးကျောင်းသား...မာဇူးကျောင်းသားတွေ..”

“ဆိုပြီးစိတ်ထဲမှာမထားပါဘူး....”

“အားလုံးတက္ကသိုလ်ကျောင်းသားတွေလို့ဘဲမှတ်ထားတယ်...”

“ကျမတို့ရှမ်းပြည်နယ်သား...ရှမ်းလေးကန်နေတဲ့..ရာဇူးအသင်းကိုလဲ..”

“ကျမတို့သူငယ်ချင်းတွေအားပေးတာဘဲ...”

“တောင်ကြီးကကိုခွန်ဦး...တို့ကန်နေတဲ့မာဇူးကိုလဲအားပေးတာဘဲ...”

“ပြိုင်ပွဲဆိုတာ..အနိုင်အရှုံးအဓိကမဟုတ်ဘူး..ယှဉ်ပြိုင်ခြင်းသာအဓိကပါ”

“ဒါပေမဲ့..ကွာ...အညာသား..ရှမ်းလေးကိုလူချသွားတာတော့မကျေနပ်ဘူး…”

“ဒါလဲ...ပြိုင်ပွဲမှာဒိုင်ရှိတယ်လေ...ဒိုင်ဆုံးဖြတ်မှာပေါ့..ဟုတ်ဘူးလား..”

“ကဲ...ကဲ...မုန့်လုံးပြီးရင်ရေနဲ့ပြုတ်မယ်...”

“ငှက်ပျော်ဖက်ရပြီလား...”

“မုန့်လုံးရေပေါ်၊ငှက်ပျော်ဖက်နဲ့ထုတ်ပြီး...ရထားလာရင် လိုက်ဝေကြရအောင်..”

“ဟေ့...ကံစမ်းမဲတွေလုပ်ထားလား...”

“ငြုပ်သီးထည့်ပြီးလုံးထားတာကိုပြောနေတာ..”

“ထည့်ထားတာပေါ့...”

ရွှေညောင်အဆင်းအတက်ရထားတွေပေါ်မှာတက်ပြီးမုန့်တွေလိုက်ဝေကြတယ်...

ဒီနှစ်သင်္ကြန်၊ထူးထူးခြားခြားသင်္ကြန်...

ထွေးထွေးတို့အပြန်သူငယ်ချင်းတွေရေနဲနဲစီလောင်းကြတယ်...

“ရှမ်းလေး...Field ဆင်းပြီးရင်...ရန်ကုန်လိုက်သွားမှာလား...”

“မလိုက်ပါဘူး...အိမ်နားရောက်နေပြီ..အိမ်ဘဲပြန်တော့မယ်...”

“မကြာတော့ဘူးနော်...နင်တို့ပြီးကြတော့မယ်...”

“နင့်သူငယ်ချင်းတွေ..အိမ်ပြန်ရတော့မှာမို့ပျော်နေကြတယ်...”

“ရှမ်းလေး..နင်ရန်ကုန်မပြန်ဖြစ်ရင်...နင့်ကိုတစ်ခုတောင်းဆိုချင်တယ်”

“ဟင်...ထူးထူးခြားခြား...ဘာလဲ...”

“ငါ့ကို...ဖေါင်တော်ဦးဘုရားလိုက်ပို့ပါလား...”

“ငါတို့အရင်ထဲကလဲခဏခဏရောက်နေတာဘဲ...”

“ငါ...ဖေါင်တော်ဦးဘုရားဖူးချင်တယ်...”

“အရင်ကမတောင်းခဲ့ဖူးတဲ့ဆုတောင်းမျိုး...ငါဆုတောင်းချင်တယ်...”

ကျနော်...ထွေးထွေးမျက်နှာလေးကိုစိုက်ကြည့်ရင်း....

“လိုက်ပို့မှာပေါ့...နင့်လိုဘဲ...ငါလဲဆုတောင်းချင်တယ်...”

ထွေးထွေးလက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်းပြောလိုက်တယ်..

ကျနော်ဆုတောင်းချင်တာကနောက်နှစ်ဘောလုံးကန်ခွင့်ရပါစေလို့ဆုတောင်းမယ်

ထွေးထွေးဘာဆုတောင်းမလဲကျနော်မသိ...

“ဟိုး...ကဒ်...ကဒ်....ဒီဆင်းကိုဆင်ဆာဖြတ်တယ်...”

သူငယ်ချင်းတွေဝိုင်းအော်ကြတော့ထွေးထွေးမျက်နှာမှာရှက်ပြုံးလေးနဲ့...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

မြွေနဂါးတောင်ကြောက်ဖူးကွယ်...

ကွင်းဆင်းနေတဲ့တစ်ရက်...ထမင်းစားချိန်လောက်မှာဘေးနားကအုပ်စုကျနော်တို့ဆီရောက်လာတယ်...

သူတို့ရောက်လာရင်ပွဲစည်တယ်....

ရီစရာတွေပြောကြ၊နောက်ပြောင်ကြ၊နဲ့အမောပြေစေပါတယ်...

“ဟာ...ငါ့ရေဗူးထဲရေမရှိတော့ဘူး....”

“ဘာခက်တာမှတ်လို့...လျှိုထဲမှာစမ်းချောင်းရှိနေတယ်...”

“ငါသွားခတ်ပေးမယ်..ရေဗူးတွေပေးကြ..”

အမြဲတမ်းကူညီတဲ့ဗလကြီးကရေဗူးတွေတောင်းနေတယ်...

“လာပါကွာ...အားလုံးဆင်းလိုက်ကြရအောင်....”

“ရှမ်းလေး...ခြေထောက်ဘယ်လိုနေလဲ...”

“အပေါ်မှာဘဲ..နေခဲ့လေ...”

“ရပါတယ်..ငါဖြေးဖြေးဆင်းခဲ့မယ်...”

ကျနော်တို့အားလုံးစမ်းချောင်းလေးရှိနေတဲ့လျှိုလေးထဲဆင်းလိုက်ကြတယ်....

ကျနော်လဲသဲပြင်ပေါ်မှာထိုင်ချလိုက်တယ်...ကျနော့်ဘေးမှာကျောက်တုံးကြီးတွေရှိနေတယ်...

“ဟေ့...သတိလဲထားကြအုန်း...မြွေပါး...ကင်းပါးတွေရှိတတ်တယ်..”

“ရွာကကျန်းမာရေးမှူးကပြောတယ်..ရွာမှာမြွေဆိပ်ဖြေဆေးကုန်နေတယ်...”

“မြွေကိုက်ရင်...ကလောဆေးရုံပြေးရမယ်...”

ကျန်းမာရေးဗဟုသုတများသောဗလကြီးအော်ပြောနေတယ်....

နဂိုစိတ်ထဲဘာမှမဖြစ်၊ဗလကြီးပြောလိုက်မှဘေးဘီတွေကိုလှည့်ကြည့်မိတယ်...

ဘာမှတော့မတွေ့....၊ဒါပေမဲ့..နားထဲမှာ...ခြောက်..ခြောက်..အသံကြားနေတယ်...

“ဗလကြီး...နားထောင်ပါအုန်း...ဘာသံလဲ....”

“ဒါမြွေအမြီးကလှုပ်နေတဲ့အသံ....ရှမ်းလေး...လာ...လာ...မင်းနေရာရွှေ့ရမယ်....”

“ဒီမြွေက ...ဒီကျောက်တုံးနားမှာဘဲရှိရမယ်....”

ဗလကြီး...အနားကကျောက်တုံးပေါ်တက်ပြီးဟိုဟိုသည်သည်..လိုက်ရှာနေတယ်...

“တွေ့ပြီ....ငါရပ်နေတဲ့ကျောက်တုံးအောက်မှာခွေနေတယ်..”

“ရှကီး...ငါ့ကိုတုတ်ရှည်ရှည်ဖြောင့်ဖြောင့်တစ်ချောင်းလိုချင်တယ်...”

“ဗလကြီး..မင်းမြွေကိုသတ်တော့မလို့လား...မသတ်ပါနဲ့...”ကျနော်အော်ပြောလိုက်မိတယ်...

“ငါ...မသတ်ချင်ဘူး...ဒါပေမဲ့ဒီနေရာမှာနောက်ရက်တွေလဲလာရအုန်းမယ်....”

“ဒီမြွေ...ဘယ်မှာပုန်းနေမလဲ..ငါတို့မသိနိုင်ဘူး...”

“အားလုံးဘေးကင်းသွားအောင်...ငါလဲမသတ်ချင်ပေမဲ့သတ်ရတော့မယ်...”

ကျနော်တို့အားလုံးလှန်းတွေ့နေတာဒီမြွေအကောင်တော်တော်ကြီးတယ်.

ဗလကြီးတုတ်နဲ့ရိုက်နိုင်ပါ့မလား...

“ဗလကြီး...မင်းတုတ်နဲ့ဖြစ်ပါ့မလား...မြွေကြီးတယ်...”

“ခွေနေတဲ့သူ့ခေါင်းကို..ငါစိုက်ချမယ်...”

“ရှကီး...မင်းဓါးအသင့်ပြင်ထား...ငါစိုက်ချတာလွဲခဲ့ရင်မင်းဓါးနဲ့ပိုင်းချလိုက်တော့...”

“ဖြစ်မလား....”

“ဖြစ်ပါတယ်...လုပ်စမ်းပါ...”

ဗလကြီးမြွေခေါင်းကိုတည့်တည့်ချိန်ပြီးအားနဲ့စိုက်ချလိုက်တယ်...

ကျနော့်စိတ်ထင်..မြွေခေါင်းစိုက်မိတာနဲ့ဒီမြွေ....မလှုပ်နိုင်တော့ဘဲသေပြီလို့ထင်ခဲ့တာ...

ကျနော်ထင်ထားတာနဲ့တလွဲ...ဆန့်ကျင်ဖက်ဖြစ်ခဲ့တယ်...

ဗလကြီးအားနဲ့စိုက်ချလိုက်တဲ့တုတ်ချောင်းမြွေခေါင်းတည့်တည့်စိုက်သွားတယ်...

ဒါပေမဲ့...မြွေတွေရဲ့သဘာဝကိုကျနော်တို့မသိခဲ့ဘူး....

ခေါင်းထိထားတဲ့မြွေကိုယ်ဟာ...ရန်သူကိုတုံ့ပြန်တာအရမ်းမြန်တယ်

ရန်သူဖြစ်တဲ့တုတ်ကိုရစ်ပတ်၊ညစ်ပြီးအပေါ်ထိတက်လာခဲ့တယ်...

အေးစက်နေတဲ့မြွေအမြီးနဲ့ဗလကြီးလက်နဲ့ထိလိုက်တဲ့အခိုက်..သတ္တိအလွန်ရှိတဲ့ဗလကြီးတောင်...

“အောင်မလေး...ဗျ..”ဆိုပြီးတုတ်လွတ်ချပြီးပြေးပါလေရော...

ကျနော်တို့အုပ်စုအားလုံးနောက်ဆုတ်ပြေးကုန်တယ်

အဲဒီမှာမြက်ခုတ်ဓါးရှည်ကိုင်ထားတဲ့ရှကီး..မြွေရော...တုတ်ကိုပါ...ပိုင်းချလိုက်တယ်...

မြွေကမြေကြီးပေါ်မှာလူးလူးလွန့်လွန့်...အသည်းယားစရာကောင်းလိုက်တာ....

တုတ်လဲကျိုး...မြွေလဲနှစ်ပိုင်းပြတ်...သွေးအေးတဲ့..ရှကီးကိုအံ့ဩပါရဲ့

မြွေကသေနေပြီ...မြွေသဘာဝ..ခန္ဓာကိုယ်ကလှုပ်နေတုန်းဘဲ....

ရှကီး...မြွေခေါင်းကိုဖြတ်ပြီး...မြေကြီးနက်နက်တူးပြီးမြှုပ်လိုက်တယ်...

တစ်လှုပ်လှုပ်ဖြစ်နေတဲ့မြွေကိုကိုင်ရဲတဲ့ရှကီး...

ကျနော်မြင်ယုံနဲ့ကြက်သီးတဖြန်းဖြန်းထနေတယ်

မြွေကိုခွေပြီး...ဂန်းဂါးကြောပိုးအိတ်ထဲထည့်လိုက်တယ်...

“ရှကီး...မင်းဘာလို့ငါ့ကြောပိုးအိတ်ထဲထည့်လဲ...”

“ဂန်းဂါး...မင်းဘဲပြောတယ်..ဘာတောကောင်သားရ..ရ...ဆေးခြောက်နဲ့ဟင်းချက်စားမယ်..ဆို...”

“ဒီမြွေ...မင်းဘဲသယ်သွားတော့...”

(ဂန်ဂါး)”ဒီမြွေတော်တော်လေးတာဘဲ...”

ကျနော်တို့ Camp အပြန်လမ်းမှာလျှောက်လာရင်း...

“အမလေးဗျ...မြွေကိုက်တယ်...မြွေကိုက်တယ်...”

အိတ်ပြစ်ချပြီး...ဂန်းဂါးအင်္ကျီခွတ်ပြီးသူ့ကျောကိုသူပြန်ကြည့်နေတယ်..

“ဟေ့ကောင်...ရှကီး..မြွေကိုသေအောင်မသတ်ဘဲနဲ့...ဒီမှာငါ့ကိုကိုက်နေပြီ..”

(ဗလကြီး)...” ဒါမြွေတွေရဲ့သဘာဝလေ..”

“သူ့ခန္ဓာကိုယ်ကလှုပ်နေအုန်းမှာ...”

Camp ရောက်တော့ဂန်ဂါးအလုပ်ရှုပ်ပြီ...ဆေးခြောက်နဲ့မြွေသားဟင်းချက်နေပြီ...

မြွေသားဟင်း...ကျနော်မစားဖြစ်ပါ

သူ့အသက်ကိုမသတ်ရလို့မှာထားခဲ့တဲ့အဖွားစကားကိုပြန်ကြားယောင်မိတယ်၊

ဒါပေမဲ့...ဗလကြီးပြောသလိုရန်ပြုနိုင်တဲ့သတ္တဝါကို...ကိုယ်အရင်ရှင်းရမယ်

ဘယ်ဟာမှန်သလဲကျနော်မသိတော့ပါ....

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ဒီလိုနဲ့ဘဲမြင်းတိုက် Camp သိမ်းပွဲရောက်လာပါပြီ...

အိမ်ပြန်ရတော့မှာမို့အားလုံးပျော်နေကြတယ်....

မနက်ဖြန်သာစည်ရထားနဲ့ဆင်းကြတော့မယ်...

ဒီညမတိုင်ခင်ထဲကထွေးထွေးကိုမှာထားတယ်...

အဖေ့အရက်စက်ရုံကအရက်တွေ၊ဝိုင်တွေ၊အာမီရမ်၊ဘီယာတွေစုထားတယ်..

ရှကီးကကော့တေးပါတီလုပ်မယ်...

အရက်ပေါင်းစုံ၊ဘီယာ၊ဝိုင်တွေပါရောပြီးထည့်၊ရှောက်သီး၊သံပုရာသီးတွေလဲထည့်တယ်..

ရွာသားတွေပါခေါ်ထားတယ်....အားလုံးစားရအောင်ဝက်တစ်ကောင်ကင်ထားတယ်...

ညနေစောင်းထဲကအားလုံးအဆင်သင့်ဖြစ်နေပြီ...

ကျနော်ခေါင်းခွဲထားသောလူ....အရင်ကလိုသောက်လို့မဖြစ်...ဆင်ခြင်ရမည်...

ကျနော်မနက်ဖြန်မနက်ထွေးထွေးနဲ့ကလောလိုက်သွားဖို့ဆရာဖေဆီမှာခွင့်တောင်းထားပြီးပြီ..

ဆရာတို့ကနေ့လည်မှရထားနဲ့ဆင်းကြမယ်...

ဒီညနှုတ်ဆက်ပွဲ...

တစ်ယောက်ပြီးတစ်ယောက်ခွက်လာတိုက်နေတယ်...

“ရှမ်းလေးနဲ့နန်းလေးအတွက်”

“ရှမ်းလေးနောက်နှစ်ဘောလုံးကန်နိုင်ပါစေ”

“ရှမ်းလေး...ရှမ်းပြည်နယ်လက်ရွှေးစင်ဖြစ်ပါစေ”

“ရှမ်းလေးနဲ့မေသူအတွက်..”

“ဘာလဲကွ..ဂန်းဂါး...ဖြစ်ပြီးသားတွေကိုဘာလို့ပြန်အစဖေါ်နေလဲ”

ဂန်ဂါးတစ်ယောက်ဆေးမူးမူးနဲ့ကျနော့်မေ့နေပြီဖြစ်သောမေသူကိုအစလာပြန်ဖေါ်ပေးတယ်..

မေသူ...ကျနော့်အသဲထောင့်တစ်နေရာမှာပုန်းနေသောမေသူ...

မဖြစ်နိုင်တာသိရက်နဲ့အရဲစွန့်ပြီးချစ်တယ်ဆိုတဲ့စကားနှုတ်ကထွက်လုဆဲဆဲ...

မပြောဖြစ်ခဲ့သူ...သူကိုယ်တိုင်လဲချစ်ရက်နဲ့စွန့်ခဲ့သူ....

နှစ်ယောက်လုံးအတွက်လားရာမကောင်းမှန်းသိနေကြသူများဖြစ်သည်..

မေ့ထားပေမဲ့တခါတခါပေါ်လာတတ်တဲ့မေသူ...

ကျနော်ဘာလို့များသတိရနေသေးတာလဲ....

ဒီနေ့ညသူငယ်ချင်းတွေအားလုံးပျော်နေကြတယ်...

အရက်မူးနေတဲ့ကြားထဲ..အနားမှာဂန်ဂါး..ဆေးအငွေ့တွေကပိုပြီးမူးလာပါတယ်...

အိပ်မက်ထဲမှာမေသူရောက်လာတယ်...ကျနော်တို့ရှမ်းတောင်တန်းတွေဆီလမ်းအတူလျှောက်ကြတယ်..

မေသူကဘူမိဗေဒမဟုတ်ပါဘဲ...ဘာလို့ကွင်းဆင်းနေတာလဲ....

နောက်ပြီးထွေးထွေးနဲ့တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံကွင်းထဲရောက်သွားတယ်..

“အား..ပါး..ပါး...အေးလိုက်တာ..”

တရေးနိုးတော့စောင်တခြား...လူတခြား...

ဒီနေ့ည..ဂယောက်ဂယက်...ဆောင်းအိပ်မက်တွေ...ဘာတွေမှန်းမသိတော့...

ဘောလုံးကွင်းထဲမှာကျနော့်ကိုချသွားတဲ့အညာသားကိုလက်သီးနဲ့သွားထိုးတယ်...

အဖွားကိုထောင်ချခဲ့တဲ့ဦးကျော်စွာကိုကျနော်ဓါးနဲ့လိုက်ခုတ်နေတယ်...

အင်းထဲက ဝက်သကင်ဆရာတော်..ကျနော့်ကိုခေါ်နေတယ်...

နိုးလာတာမိုးမလင်းသေးဘူး...မနက်ငါးနာရီဘဲရှိသေးတယ်..

ဘေးကောင်တွေတရှုးရှုးနဲ့အိပ်လို့ကောင်းဆဲ...

အာခေါင်တွေခြောက်နေလို့ရေထသောက်ပြီး၊အဆောင်ကပြင်မှာထိုင်နေမိတယ်...

ခေါင်းနဲနဲကိုက်နေသလိုဘဲ...

ခေါင်းဒဏ်ရာကိုတွေးကြည့်ပြီး၊ရင်ထဲစိုးရိမ်သလိုဖြစ်လာတယ်...

အမေ့ကိုသတိရတယ်...ကျနော်အရက်သောက်တာအမေသိရင်ဆူတော့မှာ..

“သား..နင်အရက်မသောက်နဲ့နော်..သားအခြေအနေကအရင်လိုမဟုတ်ဘူး.”

ကျနော်အဖေ..ကျနော့်ကိုဆူတာတွေသိပ်မရှိ၊အမေကမရဘူး..

အမြင်မတော်လို့ဆူစရာရှိရင်မြုံမနေဘူး၊ချက်ချင်းထကောလေ့ရှိတယ်..

ကျနော်..အမေ့ကိုတော့ကြောက်တယ်...

မအိပ်တော့ပါဘူး..မကြာခင်မိုးလင်းတော့မယ်....

ထွေးထွေးရောက်လာတော့မယ်...သူဘာတွေဆုတောင်းချင်နေလဲ..

ကျနော်သိတာက..ကျနော်တို့နှစ်ယောက်ဘဝချင်းဆုံကြဖို့ဆုတောင်းမယ်ထင်တယ်...

ကျနော့်အသဲထောင့်တစ်နေရာမှာတော့..မေသူရှိနေတယ်...

မဖြစ်နိုင်တော့တဲ့ဘဝကိုဆက်မမိုက်သင့်ဘူး...

“မင်း...မေသူနဲ့ရှေ့ဆက်တိုးရင်...မင်းအဖွား..မင်းအဖေကိုအရင်သတ်မှာ..”

“မဆုံးမရကောင်းလားဆိုပြီး...မြေးဖြစ်တဲ့မင်းကိုတော့သတ်မှာမဟုတ်ဘူး..”

“အားလုံးစိတ်ချမ်းသာအောင်..မင်းအကောင်းဆုံးလမ်းကိုရွေးပါ..”

“မင်းနဲ့မေသူ..သမီးရီးစားလဲမဖြစ်သေးပါဘူး”

“သား...ရှမ်းလေး...လိမ္မာပါ..သားရယ်...”အမေ့စကားတွေ၊

အမေ့ကိုသတိရနေတယ်...

ကျနော်ထိုင်နေတုန်း..မျက်စိရှေ့မှာထွေးထွေးဆိုင်ကယ်လေးဝင်လာတယ်..

နောက်မှာဆိုင်ကယ်သုံးလေးစီးပါလာတယ်...

“ဟင်...အမေ...”အမေပါလိုက်လာတယ်...

မျက်စိထဲမှာပအို့ဝ်တိုင်းရင်းသားဝတ်စုံအနက်လေးနဲ့ခေါင်းပေါင်းလေးပါပေါင်းထားတယ်...

လှချင်တိုင်းလှနေတဲ့ထွေးထွေး....

အမေကျနော့်ကိုမီးခိုးရောင်သက္ကလပ်စနဲ့ချုပ်ထားသောရှမ်းတိုက်ပုံ၊ရှမ်းဘောင်းဘီပေးတယ်...

အဝတ်အစားတွေလဲပြီးကျနော်သူငယ်ချင်းအားလုံးကိုလိုက်နှုတ်ဆက်တယ်...

ကျနော်နဲ့ထွေးထွေး...ဆရာဖေကိုကန်တော့မယ်လို့ဆိုလိုက်တော့..

သူငယ်ချင်းအားလုံးလဲထိုင်ကန်တော့ကြတယ်...

“အားလုံးအန္တာရယ်ကင်းဘေးရှင်းပြီး၊ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ”

ဆရာဖေဆုတောင်းပေးတယ်....

ကျနော်ဒီနေ့တောင်ကြီးပြန်တော့မယ်..

ဆရာတို့ကနေ့လည်ရထားနဲ့ရန်ကုန်ဆင်းကြတော့မယ်...

အမေ...ဆရာဖေကိုကျေးဇူးတင်စကားပြောနေတယ်...

ကျနော်တို့အားလုံးကိုနှုတ်ဆက်ပြီးမြင်းတိုက်ရွာကထွက်ခဲ့ကြပြီ...

ကလောမှာအဖေတို့စောင့်နေကြတယ်...

ကျနော်တို့မိသားစု၊ထွေးထွေးတို့မိသားစုတွေ...အင်းထဲဆင်းကြမယ်...

ကျနော့်စိတ်ထင်ထွေးထွေး...အင်းထဲအတူဆင်းကြဖို့အမေတို့ကိုအသိပေးလိုက်တယ်လို့ထင်တယ်..

ဖေါင်တော်ဦးဘုရားရောက်တော့အမေနဲ့ထွေးထွေးအတူတူဘုရားရှိခိုးကြတယ်...

အဖေ၊ဦးခွန်လူနဲ့ကျနော်...ဘုရားမှာရွှေဆိုင်းကပ်ကြတယ်....

ကျနော်..လှေဆိပ်နားမှာရပ်ရင်းဇင်ယော်တွေကိုအစာကျွေးနေတယ်...

ကျနော့်စိတ်တွေဟိုရောက်ဒီရောက်...အစာလာတောင်းနေတဲ့ဇင်ယော်လေးတွေလို...

အနားရောက်လာလိုက်...အဝေးထွက်သွားလိုက်...

အနားမှာရှိနေတဲ့ထွေးထွေးကိုကျော်ပြီး..မေသူကိုသွားသတိရနေတယ်...

ကျနော်မကောင်းဘူး...ကိုယ့်ကိုကိုယ်ပြန်အပြစ်တင်နေမိတယ်....

ဒီအခိုက်အမေကျနော့်အနားရောက်လာပြီး၊ကျနော့်လက်ကိုဆုပ်ကိုင်ရင်း

တတွတ်တွတ်ပြောနေတယ်....

“ရှမ်းလေး...မင်းထွေးထွေးကိုမသနားဘူးလား...”

“သူမင်းကိုအရမ်းချစ်ရှာတယ်...”

“ဘုရားမှာ..အမေ့အရှေ့မှာဆုတောင်းနေတာ...သားနဲ့ဘဝခြင်းဆုံပါရစေ”

“ဆုံခွင့်ပေးပါ...အရှင်ဘုရား...”

“မင်းအတွေးထဲမှာ...ဘာတွေရှိနေလဲ..”

“မဖြစ်နိုင်တဲ့...မေသူကိုဘာလို့စွဲလန်းနေရတာလဲ...”

“မင်း...အမေ့ကိုမလိမ်နဲ့...မင်းဘေးမှာအိပ်တဲ့..မင်းသူငယ်ချင်းတွေ..ပြောတယ်”

“ည...ည...မေသူ..မေသူ...နာမည်ခေါ်ပြီးယောင်နေတယ်လို့ပြောကြတယ်...”

“မင်းအတွေးမချော်နဲ့နော်...အမေကြိုပြောထားမယ်...”

“မင်းတလွဲလုပ်ရင်..ငါတို့ဆွေစဉ်မျိုးဆက်သမိုင်းဟာအားလုံးစောက်ထိုးမိုးမျှော်ဖြစ်ကုန်မယ်...”

“ခေါင်းခွဲထားတဲ့မင်းဦးနှောက်...ပုံမှန်လား..မမှန်လားငါမသိဘူး...”

“ဒီကောင်မလေး..ပြန်ရောက်လာပြီး..မင်းကိုဆက်သွယ်ရင်..ဘာဖြစ်ကြမလဲ..”

“ငါ...မစဉ်းစားတတ်ဘူး...”

“ဒီတော့...မင်းအဖေနဲ့တိုင်ပင်ထားပြီးပြီ...”

“မင်းကျောင်းပြီးရင်...ထွေးထွေးနဲ့မင်္ဂလာပွဲကိစ္စစီစဉ်ဖို့...”

“မင်းနဲ့လဲထွေးထွေးသံယောဇဉ်တွေရှိပြီးသားလို့အမေယုံတယ်...”

“ဘယ်လိုလဲ..”

“အမေ့...သဘောပါ...”

“နင်...ထွေးထွေးကိုမချစ်လို့လား...”

“ချစ်ပါတယ်...”

“ပြောတဲ့ပုံက..မိဘအတင်းစီစဉ်လို့လက္ခံတဲ့ပုံလိုလို...”

“ရှမ်းလေး...နင်တော့နာတော့မယ်...ငါစိတ်တိုလာအောင်လာမဆွနဲ့...”

“အမေ့ကိုကျနော်ဘာပြောလို့လဲ...”

“အမေ့..အစီအစဉ်ကိုလက္ခံတယ်...”

“ထွေးထွေး..ကိုကျနော်ချစ်တယ်...”

“ဟင်း...ဟင်း...ကောင်လေး....နင်တော့....”

တကယ်တော့ကျနော်လဲမေသူကိုမေ့အောင်ကျိုးစားနေသူပါ...

နှလုံးသားဘယ်ချောင်ထဲမှာပုန်းနေလဲမသိ...အိပ်မက်ထဲရောက်..ရောက်လာတတ်သူ..

ထွေးထွေးကမျက်စိရှေ့ကိုရောက်...ရောက်လာလို့လားမသိ...

တခါမျှအိပ်မက်ထဲမရောက်လာ...ဒါပေမဲ့သူ့အပေါ်သံယောဇဉ်ကြီးနေတာ..

ကျနော်အသိဆုံး...ကျနော်အမေ့စကားနားထောင်တော့မယ်...

ကျနော့်ဘဝမှာအမေ့ကိုအချစ်ဆုံးနဲ့အကြောက်ဆုံး....

ဒါပေမဲ့..ထွေးထွေးကိုချစ်နေတဲ့သံယောဇဉ်ကငယ်ငယ်ထဲကရှိပြီးသား...

ကျနော့်ဘဝထဲမေသူရောက်လာတဲ့အခိုက်ကျနော့်စိတ်တွေလှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရတယ်...

အဖေ့စကားတွေကြားရတဲ့အခိုက်မဖြစ်နိုင်တော့မှန်းသိခဲ့ရပြီ..

ထို့အတူမေသူလဲနောက်ဆုတ်ခဲ့ပြီ...အဝေးကိုထွက်သွားပြီ...

ဆရာနွမ်ဂျာသိုင်း၏တစ်ပင်ထဲရင်ထဲကနွယ်လို့ဆိုခဲ့ရင်..

ကျနော့်ရင်ထဲကနွယ်ဆိုတာထွေးထွေးကလွဲပြီးဘယ်သူမှမဖြစ်နိုင်တော့ပါ

အမေ့ကိုကြောက်ပြီးထွေးထွေးကိုချစ်တာတော့မဟုတ်ရပါ..

အမေကလည်တယ်..Camp ရောက်ခိုက်ကျနော့်သူငယ်ချင်းတွေကိုလိုက်အစ်တယ်...

ကျနော့်ကောင်တွေကလဲထွေးထွေးနဲ့ကိစ္စမြန်မြန်စီစဉ်ရအောင်ဟုတ်တာတွေရော...

မဟုတ်တာတွေပါ...ပိုပိုသာသာပြောလိုက်လို့...အမေပြာနေပြီ...

ပြန်ခါနီးသူငယ်ချင်းတွေအသိလာပေးသွားတယ်.....

အင်းထဲအပြန်လှေဦးထိပ်မှာကျနော်တို့နှစ်ယောက်ယှဉ်ပြီးထိုင်လာကြတယ်...

ကျနော့်မျက်နှာပေါ်မှာလာစင်တဲ့ရေပန်းတဖွားဖွားကိုထွေးထွေးကလက်လေးနဲ့ကာပေးနေတယ်..

သူ့လက်လေးကိုပြန်ဆုပ်ကိုင်ရင်းမျက်နှာပေါ်လာစင်တဲ့ရေတွေကိုသင်္ကြန်ရေပက်ခံထွက်တယ်၊

လို့ဘဲသဘောထားလိုက်ပါပြီ....

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါသည်။

ဘူမိဗေဒအတွေ့အကြုံများနှင့်စိတ်ကူးအတွေးများကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ပြည်နယ်တိုင်းဘောလုံးပွဲ၊နှင့်ပတ်သက်သောအချက်အလက်များကိုမျှဝေပေးသော

ကိုစိုးမြင့်ဦး(ဆန်နီ) ၁၉၈၁နှင့်ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းနှင့်ပတ်သက်

သောအချက်အလက်များကိုမျှဝေပေးသော

ကိုသောင်းညွန့်( ၁၉၈၀/၈၁ ဘူမိဗေဒ လက်ရွှေးစင်)

ကိုအောင်သော်( ၁၉၇၉/၈၀ ဘူမိဗေဒ လက်ရွှေးစင် ၊ရန်ကုန်တက္ကသိုလ် လက်ရွှေးစင် )

တို့ကိုကျေးဇူးအထူးတင်ပါသည်။

#ကိုဂျစ်

#ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ...အပိုင်း( ၈ )

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ