#  အမေ..ပြန်လာခဲ့ပါ...အမေ #

 

ဒီနေ့ဈေးရောင်းကောင်းတယ်..မနက်ထဲကရောင်းနေတာ..မနားရသေးဘူး၊အကူတွေလဲဗိုက်ဆာနေကြပြီ..

အဖေအိမ်ကပစ္စည်းပြန်ယူတာ ၂ခေါက်ရှိနေပြီ..ဂိုဒေါင်လက်ကျန်တွေနဲနေလောက်ပြီ....

“အလှဲ့ကျ..စားလိုက်ရအောင်..”

ကျနော့်မိဘတွေဈေးထဲမှာဆိုင်ဖွင့်ထားတယ်..ကုန်စုံဆိုင်ကြီး...လူကြီးပုဆိုး..မိန်းမထမီ..

စားစရာမုန့်အစုံ..ကလေးကစားစရာပလတ်စတစ်အရုပ်မျိုးစုံ..၊မိန်းခလေးအလှအပ၊ပစ္စည်းတွေ..

ဒီတလောသင်္ကြန်နားနီးနေပြီဖြစ်လို့ကလေးတွေရေကစားတဲ့ပစ္စည်းတွေရောင်းကောင်းနေတယ်..

အမေတို့မော်လမြိုင်ဆင်းသွားကြတာ..တပတ်လောက်ရှိနေပြီ...

မော်လမြိုင်ကနေပစ္စည်းတွေဝယ်ပို့ပေးနေတယ်...

ဒီတခေါက်..အမေ့ညီမဒေါ်ငယ်ကိုလဲခေါ်သွားတယ်...အမေ့အလုပ်တွေကိုကျနော့်ဒေါ်ငယ်ဝိုင်းကူ

လုပ်ပေးလို့အမေ...ဒေါ်ငယ့်ကိုစိန်နားကပ်တစ်ရံဝယ်ပေးမလို့ခေါ်သွားတာ...

ဧပြီလဆန်းနေပြီ....မကြာခင်သင်္ကြန်ကျတော့မယ်...

သင်္ကြန်ပစ္စည်းတွေအရမ်းရောင်းကောင်းနေတယ်...

ကျနော့်မိဘတွေ..ကော့ကရိတ်မြို့ဝင်းကြီးရပ်မှာနေကြတယ်...

မြို့မဈေးထဲမှာဆိုင်ဖွင့်ထားတယ်...

ကျနော်တို့အိမ်က..အဖိုးတို့ခြံဝင်းထဲမှာနှစ်ထပ်အိမ်လေးဆောက်ထားတယ်..

အမေ့မှာညီမတစ်ယောက်ဘဲရှိတယ်...

ကျနော့်ကဒီနှစ်ရှစ်တန်းဖြေထားတယ်...ကျနော့်အမ..မော်လမြိုင်တက္ကသိုလ်၊ဓါတုဗေဒ

ဒုတိယနှစ်တက်နေတယ်...ဒီနှစ်သင်္ကြန်ကျောင်းပိတ်...သူပြန်မလာဘူး

မော်လမြိုင်တက္ကသိုလ်၊အသုံးလုံး..စာတတ်မြောက်ရေးလုပ်အားပေးအဖွဲ့နဲ့လိုက်သွားတယ်

ကျနော်မိဘတွေလဲ..မော်လမြိုင်တက္ကသိုလ်မှာဖူးစာဆုံခဲ့ကြတယ်....

ကျနော့်အဒေါ်..ဒေါ်ငယ်လဲမော်လမြိုင်တက္ကသိုလ်တက်ခဲ့တယ်...

ကျနော့်အမေ၊ဒေါ်ငယ်တို့တွေဟာမော်လမြိုင်တက္ကသိုလ်၊တက်ခဲ့ကြတုန်းကရွှေမြိုင်ဆောင်မှာနေခဲ့ကြတယ်

အခုလဲဒေါ်ငယ်နဲ့ခင်တဲ့ရွှေမြိုင်ဆောင်အဆောင်မှူးဆီသွားလည်ကြမယ်လို့ပြောနေကြတယ်..

ကျနော့်အဖေကမော်လမြိုင်သား၊ဈေးကြို၊ဖက်ခင်းရပ်ကျိုက်မရောသွားတဲ့လမ်းမှာနေတယ်..

အမေနဲ့မော်လမြိုင်တက္ကသိုလ်မှာဆုံခဲ့ကြတယ်...

အဖေ့ဖက်ကအဖိုးတွေမှာကြက်မောက်သီးခြံ၊ကျွဲကောသီးခြံတွေရှိတယ်...

ကိုယ်ပိုင်စီးပွါးရေးလုပ်ကောင်းတဲ့အမေ့တို့မြို့ကိုခေါ်လို့အဖေ..ကော့ကရိတ်ရောက်လာတယ်...

ကျနော်တို့မောင်နှမ..နှစ်ယောက်မွေးပြီးအမေတို့လဲစီးပွါးတက်လာခဲ့ကြတယ်...

အဖိုးခြံထဲမှာပစ္စည်းတွေထားဖို့ဂိုဒေါင်ဆောက်ထားပြီးပြီ..

ဂိုဒေါင်ဆောက်ပြီးမှဆိုင်ပိုရောင်းကောင်းလာတယ်...

ဆိုင်သွားဖို့ဂျစ်ကားတစ်စီးလဲဝယ်ထားပြီးပြီ...

အမေတို့အဖေတို့အလုပ်လုပ်ပြီးစီးပွါးတက်လာတော့ကျနော်တို့ရပ်ကွက်၊မျက်နှာချင်းဆိုင်အိမ်၊

အမေတို့နဲ့ကျောင်းနေဖက်သူငယ်ချင်းတွေကမနာလိုဖြစ်နေကြတယ်..

ရိုးသားကျိုးစားပြီးအလုပ်လုပ်ကြတယ်...လူတိုင်းလဲလုပ်နေကြတယ်...

ဒါပေမဲ့..သူတို့တွေမနာလိုဖြစ်နေကြတယ်...သူတို့တွေဟုတ်တိပတ်တိအလုပ်လုပ်တာမတွေ့

၂လုံးထီ၊၃လုံးချဲဂဏန်းတွေနဲ့ဘဲရှုပ်နေကြတယ်...

သူတို့မိဘတွေရဲ့ခြံတွေကိုဖဲ့ရောင်းရင်းအခုအိမ်ဘဲကျန်တယ်..

အမေ့ဆီကလဲ..အမြဲငွေချေးလေ့ရှိတယ်...ချေးပြီးရင်ပြန်မဆပ်တဲ့အဖွဲ့

သူတို့တွေကိုအမေ..ငယ်သူငယ်ချင်းတွေဆိုတဲ့အသိစိတ်နဲ့ကူညီနေတာတောင်..

အမေ့ကို”ဒေါ်လောဘ”သားအမိ၊ဒေါ်လောဘ သား...၊ဒေါ်လောဘ..ယောကျ်ား”

ဒေါ်လောဘ..ညီမ”ကွယ်ရာမှာအဲ့လိုအတင်းတုတ်လေ့ရှိတယ်..

အမေကသူတို့ကိုဥပက္ခာပြုထားတယ်..

ရပ်ကွက်ထဲမှာသူတို့မိဘတွေနေမကောင်းဖြစ်တာမျိုးဆိုအမေဆေးဝါး၊မုန့်တွေသွားပေးလေ့ရှိတယ်..

“အမေ...အမေ့ကိုကွယ်ရာမှာမကောင်းပြောနေတဲ့အဖွဲ့ကိုအမေ..ဘာကူစရာလိုလို့လဲ..”

“သား..ရယ်..လူဆိုတာပတ်ဝန်းကျင်ဆိုတာရှိတယ်”

“သူတို့နဲ့အမေတို့ကငယ်ငယ်ထဲကအတူတူကစားခဲ့ကြတာလေ..”

“ဘာဖြစ်ဖြစ်..သူတို့နိမ့်နေတဲ့အချိန်တွေမှာကိုယ်လဲနိုင်သလောက်ကူပေးရတာပေါ့”

ကျနော့်အမေစိတ်ကောင်းလွန်းနေတယ်လို့ဘဲမြင်တယ်..

ဒီအကြောင်းအဖေ့ကိုပြောပြတော့..”သူတို့ကိုသားအမေကူတာတွေမပြောပလောက်ပါဘူး”

“သားစိတ်ထဲမှာလှူတယ်လို့ဘဲသဘောထားလိုက်ပါ”

ကွယ်ရာမှာအမေ့အတင်းတွေတုတ်သလောက်အရှေ့ကျတော့ဆန့်ကျင်ဖက်၊

ပြုံးလို့ရွှင်လို့..စကားဆိုရင်လဲချွဲချွဲပြစ်ပြစ်ပြောတတ်လိုက်ကြတာ..

ကျနော့်စိတ်ထဲမှာသူတို့အားလုံးကို”ဒေါ်စိတ်ပုတ်”လို့နာမည်တပ်ထားလိုက်တယ်..

ကျနော်တို့ငယ်ငယ်တုန်းကမော်လမြိုင်အဖိုး၊အဖွားဆီကိုတစ်နှစ်နှစ်ခေါက်လောက်

ရောက်တတ်တယ်၊သီတင်းကျွတ်ကျောင်းပိတ်ရက်၊သင်္ကြန်ကျောင်းပိတ်ရက်တွေ

အဖေနဲ့အမေ...မော်လမြိုင်ရောက်တိုင်း..မော်လမြိုင်တက္ကသိုလ်ထဲသွားလေ့ရှိတယ်..

အဖေနဲ့အမေ..လက်ချင်းချိတ်ပြီး..မော်လမြိုင်တက္ကသိုလ်အဓိပတိလမ်းမှာလမ်း

လျှောက်လေ့ရှိတယ်..ကျနော်နဲ့မမ...အဓိပတိလမ်းမှာစက်ဘီးစီးလေ့ရှိတယ်..

အမေတို့စာသင်ခဲ့တဲ့မော်လမြိုင်တက္ကသိုလ်ကြီးကိုအမေတို့လွမ်းနေဆဲဘဲ...

အမေနဲ့အဖေ..မော်လမြိုင်တက္ကသိုလ်မှာတွေ့ကြပြီးဖူးစာဆုံခဲ့ကြတယ်..

ဒါကြောင့်လဲသူတို့အတွက်အမှတ်တရနေရာတွေဆီရောက်တိုင်းသူတို့စိတ်တွေ

ပြန်လည်လန်းဆန်းနုပျိုလာတယ်လို့ထင်ပါတယ်...

သူတို့ကိုစာသင်ခဲ့တဲ့ဆရာတွေကိုလိုက်လံနှုတ်ဆက်လေ့ရှိတယ်...

ကျနော်တို့အဖိုးအိမ်နဲ့မော်လမြိုင်တက္ကသိုလ်မဝေးဘူး..

အဖိုးတို့ကျွဲကောခြံနောက်ဖက်လမ်းကြားထဲကသွားရင်တောင်ဝိုင်းဘုရားကိုရောက်တယ်...

ကျနော်နဲ့မမ...နှစ်ယောက်၊ကားတွေရှင်းနေတဲ့အဓိပတိလမ်းမှာအပြိုင်စက်ဘီး

စီးကြတယ်..ကျောင်းပိတ်ချိန်မှာလိုင်းကားတွေလဲအလာကျဲပါတယ်..

သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်ရင်ကျိုက္ခမီရေလည်ဘုရားပွဲသွားတယ်..

ပြီးရင်စက်စဲကမ်းခြေမှာရေသွားဆော့ကြမယ်...အဖိုးတို့ပါပလစ်ကာအဖေမောင်းပြီး

ကျနော်တို့မိသားစုသွားလေ့ရှိတယ်၊

မနေ့ညကအမေ့ဆီကဖုံးလာတယ်..မနက်ဖြန်ပြန်လာမယ်...

ခါတိုင်းလဲအမေပစ္စည်းတွေမော်လမြိုင်ဆင်းဝယ်နေကျပါ၊

အမေမသွားရင်အဖေသွားလေ့ရှိတယ်..ဒီတစ်ခေါက်ဒေါ်ငယ့်ကိုအမေလက်ဆောင်

ပေးချင်လို့အဒေါ်နဲ့မော်လမြိုင်ဆင်းသွားကြတယ်...

အမေတို့စိန်နားကပ်တွေဝယ်လေ့ရှိတာအောက်လမ်းမကြီးကဦးတင်ညွန့်ရွှေဆိုင်မှာ

ဒေါ်ငယ်အတွက်စိန်နားကပ်မှာထားတာရက်ကြာနေပြီ..

ဟိုတလောကမှာဦးတင်ညွန့်အကြောင်းကြားလာတယ်..

ပစ္စည်းတွေရောက်နေတယ်..စိတ်ကြိုက်လာရွှေးလိုရပြီလို့အကြောင်းကြားလာတယ်

ဒါကြောင့်ဒေါ်ငယ့်ကိုပါအမေခေါ်သွားတာ

အမေမရှိတော့....အမေ့ကိုလွမ်းတယ်..

သတိရတယ်...ဒါပေမဲ့..မနက်ဖြန်ပြန်ရောက်တော့မယ်...

.၄.၁၉၉၀ နေ့မနက်အဖေ့ညီ..ကျနော့်ဦးလေးဖုံးဆက်တယ်...ဒီနေ့မနက်ဈေးကြီးမှာ

..”စိန်ပန်းပြာ”သင်္ဘောပေါ်တင်ခဲ့ပြီးပြီ..”စိန်ပန်းပြာ”သင်္ဘောထွက်ပြီးမှပြန်ခဲ့တယ်...

ဒီနေ့..နေ့လည်ထိဆိုင်မှာအလုပ်ရှုပ်နေတယ်...

နေ့လည် ၁ နာရီလောက်မှလူနဲနဲရှင်းသွားတယ်..အဲဒီတော့မှကျနော်တို့နားရတယ်...

ထိုင်လို့ဖင်မပူသေးဘူး...နားထဲအသံတစ်ခုဝင်လာတယ်....

“ကျုံဒိုးသင်္ဘောစိန်ပန်းပြာ..လေဆင်နှာမောင်းနဲ့ထိပြီးမြှုပ်သွားပြီ”

အဖေရော..ကျနော်ပါ..ချက်ချင်းမတ်တပ်ထရပ်ပြီး

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတယ်...

“ဆိုင်ပိတ်တော့၊ ငါတို့လိုက်သွားရအောင်..”

ချက်ချင်းဆိုင်ပိတ်တယ်

နေ့လည်တုန်းကငြိမ်သက်နေတဲ့ကျနော်တို့မြို့လေး..အခုတမြို့လုံးယောက်ယက်ခတ်ကုန်ပြီ..

တဈေးလုံးလှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ...

မော်လမြိုင်သွားနေတဲ့မိသားစုတွေ..ဖုံးတွေဆက်ကြ..

ကျနော်တို့အိမ်နားကဂျစ်ကားနဲ့ကျုံဒိုးကိုလိုက်ခဲ့တယ်...

ကားပေါ်ကလူတွေမှာစိုးရိမ်သောကတွေအထင်းသားမျက်နှာမှာပေါ်နေတယ်...

“ဘယ်လိုလုပ်ကြမလဲ...”

“ကျုံဒိုးရောက်ရင်ပဲ့ချိတ်ငှားပြီးသွားမယ်..”

“သင်္ဘောမြှုပ်တဲ့နေရာကကော့ဘိန်းအလွန်မှာ..”

“ကော့ဘိန်းရွာကကျုံဒိုးနဲ့မော်လမြိုင်ကြားမှာရှိတယ်..”

တခြားကားတွေလဲတွေ့ရတယ်..အားလုံးသောကတွေနဲ့...

ကျုံဒိုးရောက်တော့အဖေ..ကားအင်ဂျင်တပ်ထားတဲ့ပဲ့ချိတ်ငှားတယ်...

လိုက်ချင်တဲ့လူလိုက်ခဲ့...ပဲ့ချိတ်ခအဖေပေးလိုက်တယ်...

လမ်းမှာလမ်းကြောင်းရှင်းဖို့စခန်းကိုအကူအညီတောင်းတော့ကျုံဒိုးစခန်းမှူး၊ရဲသားတစ်ယောက်ထည့်ပေးတယ်

ကားအင်ဂျင်တပ်ထားတဲ့ပဲ့ချိတ်..ဒုံးပျံတစ်စီးလိုဘဲလေကိုခွဲပြီးရေပေါ်မှာပြေးနေတယ်...

အနောက်မှာအခြားသောပဲ့ချိတ်တွေလဲတဝှီးဝှီးနဲ့လိုက်လာနေတယ်...

“အမေနဲ့ဒေါ်ငယ်..ဘေးကင်းပါစေ..”

အဖေကမျက်ရည်သုတ်နေတယ်..အားလုံးမျက်ရည်တွေကျနေကြတယ်...

ကျနော်တို့လမ်းမှာဘာမှမဖြစ်တဲ့ကျုံဒိုးသင်္ဘောတစ်စီးနဲ့ဆုံတယ်...

ပုံမှန် ၂စီးပြေးဆွဲလေ့ရှိတယ်..ဒီသင်္ဘောဘာမှမဖြစ်..

“အမေ..ရယ်....ဒီသင်္ဘောကိုဘာလို့မစီးလိုက်တာလဲ”

ပဲ့ချိတ်မောင်းသမားကပြန်ကွေ့ပြီးသင်္ဘောနဲ့ယှဉ်ပြီးမောင်းပေးတယ်..

“အမေ...ကျနော်ဒီမှာ...”

“အဖေ...ကျမတို့ဒီမှာ...”

ကျနော်တို့ပဲ့ချိတ်ကမိသားစု ၃ စုလောက်ဘေးကင်းသွားကြပြီ

သူတို့တွေရင်ထဲကအပူလုံးကျသွားကြပြီ..

“အမေ..ဘေးကင်းပါစေ”ကျနော့်ရင်ထဲကအပူကြွနေဆဲ...

ရှေ့မှာလှေသမားတွေအများကြီးတွေ့နေတယ်..ကမ်းနားတလျှောက်လူတွေရပ်နေကြတာအများကြီး

သင်္ဘောမြှုပ်တဲ့နေရာရောက်ပြီထင်တယ်..ပဲ့ချိတ်အရှိန်လျှော့လိုက်ပြီ....

တဖြေးဖြေးနဲ့ကမ်းဖက်သို့ဦးတည်နေတယ်....

ကျနော့်ဘဝမှာဒီလောက်များတဲ့ဘော်ဒီတွေမတွေ့ဘူးဘူး..မြစ်ထဲကဆယ်လို့ရတဲ့လူ‌ D.Bတွေကို

မြစ်ကမ်းဘေးမှာစီပြီးချထားတယ်...ကျနော်သွေးပျက်ချင်နေပြီ...

“သား...မကြည့်နဲ့..”အဖေ..ကျနော့်မျက်စိကိုလက်နဲ့ကွယ်ထားတယ်...

“အကို...အကို...”မော်လမြိုင်ကအမျိုးတွေအဖေ့ကိုလှန်းခေါ်နေတယ်...

“သား..ကိုခေါ်ထားလိုက်..မပေးကြည့်နဲ့..”

“ခလေး..သွေးပျက်လိမ့်မယ်..”

ကျနော့်ကိုဦးလေးလက်ထဲထည့်လိုက်ပါတယ်...

အဖေနဲ့အမျိုးတွေကမ်းနားကရုပ်အ‌ေ..ာင်းD.Bတွေကိုလိုက်ကြည့်နေတယ်

မော်လမြိုင်ကအမျိုးတွေသတင်းကြားတာနဲ့..မော်လမြိုင်ဘုတ်ဆိပ်ဆင်းပြီး

ကော့ဘိန်းမော်တော်နဲ့လိုက်ခဲ့တယ်..ကော့ဘိန်းဘုတ်သူဌေးနာမည်က..ဦးပါ..

မော်တော်ဘုတ်မောင်းတာက..သူဌေးရဲ့သားကိုယ်တိုင်မောင်းတာ

မော်တော်ခမယူဘူး...စေတနာနဲ့လိုက်ပို့တယ်..အခက်အခဲဖြစ်ရင်သူ့အိမ်ကိုလာခဲ့ပါ

ညနေစောင်းလာတော့အမျိုးထဲကအချို့ကိုပြန်ခိုင်းတယ်..ကျနော့်ကိုပါခေါ်သွားခိုင်းတယ်..

ကျနော်D.B တွေမြင်ပြီးကြောက်စိတ်တွေဖြစ်လာတယ်..

ကျနော့်အမေမျော်လင့်ချက်မရှိသလောက်ဘဲ..ဒီသင်္ဘောကလွတ်မြောက်တဲ့လူတွေ

အနည်းငယ်ဘဲတွေ့ရတယ်...လှေသမားတွေလဲရှာနေဆဲ..D.B ယူလာနေဆဲဘဲ

မော်လမြိုင်ပြန်တဲ့ပဲ့ချိတ်ပေါ်မှာကျနော်ငိုနေမိတယ်...

“အမေ..ပြန်လာခဲ့ပါ..”

ကျနော့်အဖေနဲ့အမျိုးတွေ..မျှော်လင့်ချက်နဲ့ရှာဖို့ကျန်နေခဲ့ပြီ....

////////////////////////////////////////

 

နေ့လည်ခင်းနားမယ်ကြံကာရှိသေး..ဒီအသံငှက်ဆိုးထိုးသံအလား..နားထဲသံရည်ပူလောင်းထည့်လိုက်သလိုခံစားမိတယ်

“ကျုံဒိုးသင်္ဘော စိန်ပန်းပြာ လေဆင်နှာမောင်းနဲ့ထိပြီးမြှုပ်သွားပြီ..”

“ဈေးရှေ့မှာကျုံဒိုးဆင်းမဲ့ကားတွေရှိတယ်..ဘယ်သူမဆိုလိုက်လို့ရတယ်”

“ဘယ်သူမှအားအားယားယား..လိုက်မှာမဟုတ်”

ဒါပေမဲ့..ခဏအတွင်းမှာဂျစ်ကား ၃ စီးလူပြည့်သွားပြီ..

ကျုံဒိုးရောက်တော့ကျနော့်ကျောင်းနေဖက်သူငယ်ချင်းစခန်းမှူးဖြစ်နေတဲ့ကျုံဒိုးရဲစခန်းကိုခဏဝင်လိုက်တယ်

ဘာဘဲဖြစ်ဖြစ်အခြေအနေမေးလို့တော့ရမယ်..

“ဒီနေ့..မကြည်နဲ့မငယ်ပြန်လာကြမယ်”

“အိမ်ကညီဖုံးဆက်တာ စိန်ပန်းပြာ နဲ့ဆင်းခဲ့တယ်”

...”သူငယ်ချင်း..ငါစိတ်မကောင်းဘူး..စိန်ပန်းပြာအခြေအနေမကောင်းဘူး”

..”လွတ်လာတဲ့လူတွေဆယ်ဂဏန်းလောက်ဘဲရှိတယ်လို့ကော့ဘိန်းစခန်းကဖုံးဆက်လာတယ်”

“ငါလိုက်သွားတော့မယ်..မင်းသူငယ်ချင်းကိုလဲဖုံးဆက်ထားပေးအုန်း”

ကျနော်အခြေအနေကိုခန့်မှန်းမိပြီ..ရင်ထဲကတောင်ကြီးပြိုကျသွားပြီ..

ကျနော့်သားငယ်ကိုဘယ်လိုပြောရပါ့

အခြေအနေကြည့်တော့မယ်...

ပဲ့ချိတ်ရေပေါ်မှာတရိပ်ရိပ်ပြေးလွားနေတယ်...

လမ်းမှာဘေးကင်းတဲ့သင်္ဘောနဲ့ဆုံသေးတယ်..ကျနော်တို့ပဲ့ချိတ်ကမိသားစု ၃ စုတော့ငြိမ်းအေးသွားပြီ

သူတို့မိသားစုတွေအားလုံးဘေးကင်းသွားကြပြီ...သူတို့အတွက်ဝမ်းသာမိတယ်

ကျနော့်မိသားစုအန္တာရာယ်ဇုံထဲရောက်နေတယ်...

ကျနော်စီးလာတဲ့ပဲ့ချိတ်စက်လှေဂျိုင်းမြစ်ကိုရေစုန်လိုက်ပြီးအရှိန်နဲ့ပေါင်းလိုက်တော့မြစ်ဘေးကအုန်းပင်၊

ထန်းပင်တွေရိပ်ကနဲကျန်ခဲ့ပြီ

ကျနော့်အတွေးတွေကအတိတ်ဆီသို့.........

///////////////////////////////////////////////////////////

ကျနော်တို့နှစ်ယောက်မော်လမြိုင်တက္ကသိုလ်မှာဆုံခဲ့ကြတယ်...

ရူပဗေဒမေဂျာတူတဲ့ကျနော်တို့နှစ်ယောက်ဂရုတူတယ်

ပရက်တီကယ်လုပ်လဲအတူတူ...ကျနော်တို့နှစ်ယောက်ရင်းနှီးလာကြတယ်...

ကျနော်ကမော်လမြိုင်သား..မကြည်ကကော့ကရိတ်သူ..

သူကရွှေမြိုင်ဆောင်မှာနေပြီးကျောင်းတက်နေတယ်...

တတိယနှစ်..သင်္ကြန်ကျောင်းပိတ်..အသုံးလုံးလုပ်အားပေး..ကယားပြည်နယ်ကိုသွားတာလဲအုပ်စုတူတယ်

ကျနော်တို့နှစ်ယောက်..ကျောင်းပြန်ဖွင့်ချိန်မှာမေတ္တာမျှခဲ့ကြတယ်...

ဟိုတုန်းကကျောင်းသားဘဝကိုပြန်စဉ်းစားလိုက်ရင်လွမ်းစရာတွေနဲ့ပြည့်နေတဲ့မော်လမြိုင်တက္ကသိုလ်..

ကျနော်တို့ခြံကကျိုက်မရောလမ်း၊ဖက်ခင်းမှာရှိတယ်..ကျောင်းနဲ့မဝေးဘူး...

ပြိုင်ဘီးလေးနဲ့ကျနော်ကျောင်းကိုလာတယ်..စက်ဘီးကိုသူငယ်ချင်းအဆောင်မှာထားတယ်..

အတန်းပြီးရင်ပြိုင်ဘီးလေးနဲ့အိမ်ပြန်တယ်...

မကြည်နဲ့မေတ္တာမျှပြီးတဲ့နောက်မှာ..အတန်းပြီးရင်သူငယ်ချင်းနေတဲ့ဇင်းကျိုက်ဆောင်ကိုပြန်တယ်..

ရေချိုးအဝတ်အစားလဲပြီး..မကြည်စောင့်နေတဲ့ရွှေမြိုင်ဆောင်ဆီကိုသွားပြီ...

ဧည့်ချိန်ကုန်မှကျနော်ပြန်လေ့ရှိတယ်...

သူမနဲ့သမီးရီးစားဖြစ်တဲ့နေ့ကစပြီးကျနော်တစ်ရက်မျှမပျက်မကွက်ဆက်ဆက်သွားခဲ့တယ်..

အဲဒါကျနော့်ရဲ့အချစ်မှတ်တမ်း....

ကျောင်းပြီးတာနဲ့ကျနော်တို့အိမ်ထောင်ပြုခဲ့ကြတယ်...

မကြည်နေတဲ့ကော့ကရိတ်မှာဘဲအခြေချခဲ့တယ်...

စီးပွါးရေးကောင်းတဲ့မြို့၊ကျနော်တို့စီးပွါးတက်လာတယ်...

သမီးမော်လမြိုင်တက္ကသိုလ်ဓါတုဗေဒ၊ဒုတိယနှစ်တက်နေပြီ..

သားငယ်..ရှစ်တန်းဖြေထားတယ်..

ဒီနှစ်အောက်တိုဘာ၊သီတင်းကျွတ်ကျောင်းပိတ်ရင်မိသားစုပုဂံသွားဖို့အစီအစဉ်ဆွဲထားတယ်..

ဟိုရက်တုန်းက..ဖျာပုံမှာအသုံးလုံးလုပ်အားပေးသွားနေတဲ့သမီးဆီကဖုံးလာလို့သမီးအမေမော်လမြိုင်ရောက်နေတာ

ပြောလိုက်သေးတယ်၊ညကမကြည်ဖုံးဆက်တော့သမီးနဲ့အဆက်အသွယ်ရကြောင်းအဆင်ပြေကြောင်းတွေပြောသေးတယ်..

သားငယ်လိုချင်ကြက်တောင်ရက်ကက်ဝယ်လာတဲ့အကြောင်းသားငယ်နဲ့ပြောနေကြသေးတယ်...

ငါတို့မိသားစုရဲ့နောက်ဆုံးနှုတ်ဆက်စကားတွေလား..

ငါတို့မျှော်လင့်ခဲ့တဲ့သုခရိပ်မြုံ..လမ်းတဝက်မှာရပ်တံ့သွားရပြီ...

///////////////////////////////////////////////////////////////

လှေသမားတွေ၊ရွာသားတွေအများကြီး...ဝိုင်းကူနေကြတယ်..

လှေတစ်စီးဆိုက်တာနဲ့ ဒီဘီ တွေကိုတန်းစီပြီးချနေတယ်

ဂျိုင်းမြစ်ကမ်းနဘေးသောင်ပြင်ပေါ်မှာ ဒီဘီ တွေတန်းစီချထားတယ်...

လှေဆိုက်တာနဲ့သားငယ်ကိုတောင်သတိမရဘူး..ခုန်ဆင်းပြီး ဒီဘီ တွေကိုလိုက်ကြည့်၊လိုက်ရှာ...

လူတွေအများကြီးရောက်နေကြပြီ..ကိုယ့်လူကိုယ်ရှာနေကြတယ်...

“ကိုလေး..ကိုလေး...”ကျနော့်အမျိုးတွေရောက်နေကြပြီ...

“မတွေ့ဘူး..ကိုလေး...”

ဇောကပ်နေလို့လားမသိ..ဒီဘီ တွေမြင်ရတာသွေးပျက်စရာကောင်းနေတယ်..

“သားငယ်ကိုခေါ်သွား..မမြင်စေနဲ့

ကျနော်တို့ဈေးထဲက မောင်ငယ်..ရေစိုဘောင်းဘီတိုနဲ့ကမ်းနားတလျှောက်ပြေးနေတာတွေ့တယ်

“မောင်ငယ်..မောင်ငယ်..”ကျနော်သူ့ကိုခေါ်တော့သူကျနော့်ဆီပြန်ပြေးလာတယ်..

...”ကိုလေး..ကိုလေး...ကျနော့်ကိုအေးအေးတို့သားအမိထားသွားခဲ့ကြပြီ..

..”ကျနော်..မမကြည်နဲ့မငယ်နဲ့ဆုံသေးတယ်..သူတို့ဈေးအဖွဲ့တွေနဲ့သင်္ဘောအပေါ်ထပ်မှာထိုင်နေတယ်”

..”အေးအေး..ရေ..နင်တို့သားအမိဘယ်မှာလဲ...ငါ့ကိုချန်မထားနဲ့..”

မိသားစုလိုက်ချက်ချင်းကြီးဖြစ်ပျက်သွားတာခံလိုက်ရတဲ့မောင်ငယ်..ရူးမတတ်ခံစားနေတယ်

ညနေစောင်းလာပြီ..သားငယ်ကိုမော်လမြိုင်အဖိုးအိမ်ကိုခေါ်သွားခိုင်းလိုက်တယ်...

ကျနော်နဲ့ကျနော့်ညီ..အမျိုးတွေနေခဲ့ကြတယ်...ကော့ဘိန်းဘုန်းကြီးကျောင်းမှာသွားအိပ်ကြမယ်

ဒီနေ့ည….ညတာရှည်လွန်းတယ်...မျော်လင့်ချက်တော်တော်နဲနေပြီ...

သင်္ဘောကလွတ်မြောက်လာကြသူအများစုယောက်ျားတွေ၊ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာဘယ်သူမှာမပြောနိုင်ကြပါ

မနက်မောင်ငယ်နဲ့တွေ့ရင်မေးကြည့်မယ်..သူလဲတော်တော်ခံစားနေမယ်...

မနက်လ္ဘက်ရည်ဆိုင်မှာ..ကော့ဘိန်းစခန်းမှူးနဲ့အတူထိုင်ဖြစ်တယ်...

ဒီအချိန်..ရွာသားတချို့နဲ့မောင်ငယ်ရောက်လာတယ်...

တညလုံးမအိပ်နိုင်၊မစားနိုင်၊အော်ဟစ်နေတဲ့မောင်ငယ်ကိုရွာသားတွေသနားပြီးခေါ်လာတယ်..

“မောင်ငယ်...ကိုလေးကိုပြောပြပါအုန်း..ဘာတွေဖြစ်ခဲ့လဲ...”

အစာနဲနဲဝင်သွားလို့မောင်ငယ်နဲနဲတည်ငြိမ်လာတယ်...

ခဏနေတော့ရှိုက်ကြီးတငင်ငိုပြီးကျနော်ရင်ခွင်ထဲဝင်လာတယ်..

ကျနော့်ဘဝနဲ့ဘဝတူမောင်ငယ်...ကျောပုတ်ပြီးနှစ်သိမ့်လိုက်တယ်....

“ဒီနေ့..သင်္ဘောမှာလူတော်တော်များတယ်...”

“မနက်ဖြန်တရုတ်ရိုးရာသင်္ချိုင်းကန်တော့ပွဲနေ့ဆိုတော့ကော့ကရိတ်တရုတ်တန်းကလူတော်တော်များတယ်”

“သင်္ချိုင်းကန်တော့ပွဲ...ကန်တော့ဖို့ပြန်ကြတယ်..”

“ကျနော့်မိသားစုကသင်္ဘောဦးခန်းမှာစီးတယ်..မမကြည်နဲ့မငယ်တို့လဲဦးခန်းထဲစီးဖို့လာသေးတယ်”

“လူများနေလို့အပြင်မှာဘဲစီးတော့မယ်ဆိုပြီးထွက်သွားတယ်”

“ကျနော်အပြင်ထွက်တော့သူတို့ဈေးအဖွဲ့တွေနဲ့အတူတူထိုင်နေတာတွေ့တယ်”

“ကျနော်လဲဦးခန်းမှာလူများနေလို့အောက်ထပ်သင်္ဘောပဲ့နားမှာထိုင်နေခဲ့တယ်”

“နေ့လည် ၁၂ နာရီလောက်ထင်တယ်..ကော့ဘိန်းရောက်တယ်..”

“ကော့ဘိန်းအလွန်မှာမိုးဖွဲဖွဲလေးရွာလာတယ်...”

“လေလဲနဲနဲတိုက်လာတယ်...”

“မိုးပက်တော့လူတွေကမိုးလွတ်ရာကိုရွှေ့လိုက်ကြတော့သင်္ဘောကတခြမ်းစောင်းသလိုဖြစ်သွားတယ်”

“ကျနော်စိတ်နဲနဲပူပြီး..အပေါ်ထပ်လှေကားဆီပြေးလာတဲ့အခိုက်မှာ”

“လေကြမ်းကြမ်းတချက်အဝှေ့၊နဂိုကမှတခြမ်းစောင်းနေတဲ့သင်္ဘော..စောင်းတဲ့ဘက်ကိုလဲကျသွားတယ်”

“ကျနော်သတိရတဲ့အချိန်ရေထဲရောက်သွားပြီ”

“အချိန်တခဏဘဲနော်”

“အပေါ်မော့ကြည့်တာအလင်းရောင်တန်းလေးတွေ့တယ်..”

“အလင်းရောင်ရှိတဲ့နေရာကိုရုန်းတက်လာခဲ့ရင်းရေပေါ်ရောက်လာတယ်”

“ကျနော်ရေကူးတတ်တယ်....”

“ကျနော်အသိထဲမှာဒီနေရာကဝေးဝေးသွားနိုင်မှလွတ်မယ်”

“နောက်မို့ဆိုရင်...မြှပ်တဲ့သင်္ဘောရေဆွဲအားနဲ့ပြန်ပါသွားနိုင်တယ်...”

“ဝေးရာကူးခတ်ရင်း..နောက်ဆုံးကျနော်မြင်ရတာ..သင်္ဘောတုံးလုံးလဲပြီးဝမ်းပေါ်နေတယ်”

“ဝမ်းပေါ်တယ်ဆိုတာ..ရေထဲမြှပ်နေတဲ့သင်္ဘောဗိုက်ကိုပြောတာ”

“နောက်ဖြေးဖြေးချင်းနစ်မြှပ်သွားတယ်...”လွတ်လာတဲ့သူနဲပါတယ်..”

မောင်ငယ်ပြောပြနေတာကျနော်တို့အားလုံးနားထောင်နေကြတယ်..

သင်္ဘောဝမ်းပေါ်ပြီဆိုတော့လှောင်အိမ်စောက်ထိုးထားပြီးရေထဲနှစ်သလိုဘဲ

လူတွေလွတ်ဖို့ရာနှုန်းနဲသွားပြီ..ကျနော့်ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာနေပြီ...

“ဆရာ..ဒီမနက်တက်လာတဲ့ဘော်ဒီတခုကိုကျနော်မသင်္ကာဘူး..ဆရာကြည့်ပေးပါလား”

နယ်ထိန်းတစ်ယောက်စခန်းမှူးကိုလာခေါ်တယ်...ကျနော်တို့လဲလိုက်သွားကြတယ်...

တွေ့ပါပြီ....နဖူးမှာဟက်တက်ကွဲနေတဲ့ပြတ်ရှဒဏ်ရာ၊နားနှစ်ဖက်လုံးမရှိတော့ပါ..

ဘယ်လက်ကောက်ဝတ်အရေပြားတွေလန်ထွက်နေတဲ့ဒဏ်ရာပိုင်ရှင်....

ကျနော့်ခယ်မ..မငယ်...

“မငယ်...နင်အဖြစ်ဆိုးလိုက်တာ..”

“နင်ဘယ်လိုကြုံခဲ့တယ်ဆိုတာ..ငါ့ကိုပြောပြပါအုန်း..”

......“တောက်...”...စခန်းမှူးထံမှတောက်ခေါက်သံ

....”ဒါ..ရိုးသားမှုလုံးဝမရှိတဲ့လက္ခဏာ...”

//////////////////////////////////////////////////////

သေသောသူကြာရင်မေ့...ဆိုတဲ့စကား...ကာယကံရှင်တွေအတွက်မဟုတ်ပါ

လတွေကြာခဲ့ပေမဲ့..တစ်ရက်မှမေ့မရခဲ့ပါ.....

တလပြည့်အချိန်တုန်းက...ကျနော်ကော့ဘိန်းရွာရောက်ခဲ့သေးတယ်...

ကျနော့်ဇနီးမကြည်နဲ့မငယ်အတွက်အလှူအတန်းလုပ်ပြီး..အမျှ..ဝေပေးခဲ့တယ်...

မပြန်ခင်စခန်းမှူးကိုသွားနှုတ်ဆက်တယ်...သူကျနော့်ကိုအများကြီးကူညီခဲ့တယ်...

ကျနော့်အမျိုးသမီး...ဘော်ဒီကိုတော့မရခဲ့ပါ....ကျနော် လေးရက်/ငါးရက်ထိ..ရှာခဲ့တယ်..

အဖေကိုယ်တိုင်လိုက်လာပြီး..နားချတော့မှကျနော်လက်လျှော့ပြီးပြန်ခဲ့တယ်...

သူတို့အတွက်..တလပြည့်အလှူလုပ်ပြီး..ကျနော်နဲ့စခန်းမှူး...အေးအေးဆေးဆေးစကားပြောဖြစ်ခဲ့ပါတယ်..

“ကျနော်သိတယ်...ကျနော်ရိပ်မိတယ်...”

“နယ်ထိမ်းတွေရဲ့ရီပို့အရ..စိန်ပန်းပြာ..သင်္ဘောမြှုပ်ပြီးမှပြောင်ပြောင်ရောင်ရောင်ဖြစ်လာတဲ့လူတချို့ရှိတယ်”

“ကျနော်တို့က..တရားဥပဒေအရဘဲလုပ်ခွင့်ရှိတယ်..”

“သက်သေမရှိဘဲ...လူတစ်ယောက်ကိုစွပ်စွဲလို့မရဘူးလေ..”

ကော့ဘိန်းမှတဆင့်ကျနော်မော်လမြိုင်ကိုခရီးဆက်ခဲ့တယ်...

မော်လမြိုင်ဈေးကြီးမှာရော..မိုင်ဒါဈေးမှာပါ...ဝယ်ရမဲ့ပစ္စည်းတွေရှိတယ်..

ကျနော်တို့မိသားစုဝမ်းရေးရှိသေးတယ်....

ကျနော်အောက်လမ်းမကြီးမှာလမ်းလျှောက်နေခိုက်..ကျနော့်နာမည်ကိုလှမ်းခေါ်သံကြားလို့

“ကိုလေး...ကိုလေး...လာပါအုန်း....”

အောက်လမ်းမကြီးမှာရွှေဆိုင်ဖွင့်ထားတဲ့ဦးတင်ညွန့်ကျနော့်ကိုခေါ်နေတယ်...

သူ့ဆိုင်ရှေ့ကဖြတ်သွားခိုက်..ကျနော့်ကိုမြင်လို့ခေါ်လိုက်တာ...

“ပြောရရင်တော့..စိတ်မကောင်းဘူး...”

“မမကြည်..သူ့ညီမ..မငယ်ကိုတော်တော်ချစ်တယ်နော်...”

“ကျနော်ကြိုက်လွန်းလို့ဖယ်ထားတဲ့စိန်နားကပ်ကိုအတင်းတောင်းဝယ်ပြီးညီမကိုပေးခဲ့တယ်”

“အရေလဲကောင်း၊အနာလဲကင်းတဲ့ဒီစိန်နားကပ်..ကျနော်မျက်စိထဲမှာစွဲနေတယ်...”

“မငယ်တို့ဆုံးပြီးရက်နှစ်ဆယ်လောက်..ကျနော့်ဆိုင်ကိုရွာကလူတစ်ယောက်ပစ္စည်းလာရောင်းတယ်”

“သူတို့ရွာက..မငယ်ဆုံးသွားတဲ့နေရာနားကဘဲ...”

“ကျနော့်ကိုထုတ်ပြတဲ့ပစ္စည်းက..ကျနော့်မျက်စိနဲ့မယုံနိုင်အောင်ဖြစ်ခဲ့တယ်”

“ကျနော့်ပန်းထိမ်ဖိုကထွက်တဲ့ပစ္စည်းတိုင်းမှာကျနော်ဘဲသိတဲ့အမှတ်အသားတွေရှိတယ်..”

“နောက်ပြီး..ကျနော်ကိုယ်တိုင်စွဲလန်းခဲ့တဲ့ပစ္စည်း..”

“မမကြည်..ဝယ်ပြီးသူ့ညီမ..မငယ်ကိုပေးခဲ့တဲ့စိန်နားကပ်”

///////////////////////////////////////////////////

“အမေ...တကယ်ဘဲ..သားတို့ကိုထားခဲ့ပြီနော်

ကျနော့်အမေကျနော်တို့ကိုထားခဲ့တာ ၆လပြည့်ပြီ..

တစ်ရက်မှမေ့မရပါ...အချိန်တိုင်းသတိရတယ်...

အမေ့အရိပ်တွေကျနော့်စိတ်တွေကိုလွမ်းမိုးနေဆဲ....

“သတိရတယ်..အမေ..ကျနော်တို့နောက်ဘဝမှာပြန်ဆုံကြရအောင်..”

ကျနော့်အမေ..ရိုးရိုးသားသားလုပ်ကိုင်ပြီးစီးပွါးတက်လာတယ်...

ဒါကိုမနာလိုဖြစ်နေတာက..ဒေါ်စိတ်ပုတ်..တို့မောင်နှမတွေ...

အမေ့ဆီက..ချေးထားတာတွေလဲ..အားလုံးအပျောက်ရိုက်လိုက်ပြီ..

အမေကိုယ်တိုင်မတောင်းနဲ့..အလှူလုပ်တယ်လို့သဘောထားလိုက်လို့ပြောခဲ့တယ်

ကျနော်တို့လဲဒီငွေတွေကိုတောင်းမနေတော့ပါဘူး..မေ့ထားလိုက်ပြီ

ဒေါ်စိတ်ပုတ်တို့မောင်နှမတစု၊သူတို့အပေါ်ကောင်းခဲ့တာကိုမထောက်...

အမေတို့မောင်နှမကိုသွားပုတ်လေလွင့်သတင်းတွေလိုက်ဖြန့်ကြတယ်...

“ဒေါ်လောဘတို့ညီအမ..သူရဲဖြစ်နေတယ်..”

“လမ်းထိပ်ညောင်ပင်အောက်မှာဥစ္စာစောင့်ဖြစ်နေပြီ..”

“ရှာထားတာတွေစိတ်စွဲနေပြီး..ဥစ္စာစောင့်လုပ်နေတယ်..”

“ဟိုည..က..ငါတို့အခြောက်ခံရသေးတယ်..”

“အမလေး...သူရဲဖြစ်နေတာတောင်..စိန်နားကပ်တပြပြနဲ့”

မဟုတ်တာတွေလျှောက်ပြောနေတဲ့သူတို့ကို...တည..ကျနော်ဒုတ်ဆွဲပြီးသွားရိုက်မလို့

အဖိုးနဲ့အဖေ..ကျနော်ကိုဆွဲထားတယ်..

“သား..သူတို့နဲ့ဖက်ပြိုင်ပြီးမရိုင်းနဲ့..”

“သူ့တရား..သူစီရင်လိမ့်မယ်...”

ကျနော်အရမ်းဒေါသဖြစ်တယ်...သူတို့ကိုလည်မျိုညစ်ပြီး--တ်ချင်တယ်

ဒေါ်လောဘတို့ညီအမသူရဲတွေဆိုပြီး...လမ်းထဲကလူတွေကိုသတင်းလိုက်ဖြန့်တာ...

ကလေးတွေဆိုလမ်းထိပ်ညောင်ပင်အောက်ကိုညဖက်ဘယ်သူမှမဖြတ်ရဲကြတော့

ဒီလောက်ထိယုတ်မာပက်စက်ကြတာ...

တည..အမှတ်တမဲ့..ညဆယ့်တစ်နာရီလောက်..အိမ်ရှေ့ကလှန်းပြီးညောင်ပင်ကိုကြည့်မိတာ

ညောင်ပင်အောက်မှာ..မိန်းမနှစ်ယောက်ရပ်နေတယ်...

အရောင်လက်လက်နဲ့မြင်မိတဲ့အခိုက်...ကျနော်ဝမ်းနဲမိတယ်...

အမေတို့ညီအမ..သူတို့တွေပြောသလိုတကယ်...သူရဲဖြစ်နေပြီလား...

ကျနော့်အမေလောက်အလှူအတန်းရက်ရောတဲ့လူမရှိဘူး..

ရပ်ကွက်ထဲ၊ဈေးထဲ...ဝါဆိုသင်္ကန်း၊ကထိန်သင်္ကန်း..ကပ်တဲ့အလှူတွေမှာအမေဦးဆောင်တာ..

ဝါတွင်း ၃ လ ဆွမ်းချက်ရင်အမေဦးဆောင်တယ်...

အနီးအနားရွာတွေရေဘေး၊မီးဘေးဆိုရင်လဲကျနော့်အမေထိပ်ဆုံးက...

ဒီလောက်အလှူငွေရက်ရက်ရောရော..လှူတတ်တဲ့အမေ...

ကျနော့်အမေသာ..သူရဲဖြစ်ခဲ့တယ်ဆိုရင်..ဗုဒ္ဓမြတ်စွာဘုရား..မတရားဘူး...

တည..ဒေါ်စိတ်ပုတ်တို့ညီအမတွေရုပ်ရှင်ကြည့်ပြီးပြန်လာတယ်..

လမ်းထိပ်ညောင်ပင်အောက်ကနေဝုန်းဒိုင်းကြဲပြီးပြေးလာကြတယ်..

“သူရဲ...သူရဲ...ဒေါ်လောဘတို့ညီအမ...သူရဲခြောက်တယ်”

“ညောင်ပင်အောက်မှာ..ဒေါ်လောဘတို့ညီအမ ခြောက်နေတယ်..”

တရပ်ကွက်လုံးဆူညံကုန်တယ်...အိမ်တိုင်းလမ်းထိပ်ညောင်ပင်ကိုထွက်ကြည့်နေတယ်...

ဒီအသံတွေကြားတဲ့အခိုက်..ကျနော်ဒေါသတော်တော်ထွက်သွားတယ်...

မှတ်မှတ်ရရ..ကျနော်တို့မြို့အောင်စီနီမာရုပ်ရှင်ရုံမှာမင်းသားဝင်းဦးဆောင်းအိမ်မက်ရုပ်ရှင်ပြနေတယ်

နဂိုထဲကရုပ်ရှင်ကိုထိပ်ထိပ်လန့်လန့်နဲ့ကြည့်ပြီးပြန်လာတယ်...

ညောင်ပင်အောက်မှာလူရိပ်တွေ့တာနဲ့ ဒေါ်လောဘ...သူရဲခြောက်ပါတယ်ဆိုပြီး

အမေ့ကိုဆွဲထည့်တဲ့ဒေါ်စိတ်ပုတ်ညီအမကိုကျနော်မကြေဘူး...

ကျနော်အိမ်ပေါ်ကခုန်ဆင်းပြီးလမ်းပေါ်တက်ခဲ့တယ်...

“သား...မသွားနဲ့..မလုပ်နဲ့..”အဖေ့ခေါ်သံကျနော်မကြားတော့ပါ

ကျနော်ခြေလှန်းတွေလမ်းထိပ်ညောင်ပင်အောက်ဆီ....

ညောင်ပင်ကိုလှန်းမြင်လိုက်မိချိန်..ကျနော့်ခြေတွေအလိုလိုတန့်သွားတယ်...

ကြက်သီးမွှေးညှင်းတွေထလာတယ်...

“ဘုရား..ဘုရား...မဖြစ်ပါစေနဲ့...”

ညောင်ပင်အောက်ကမှောင်ရိပ်မှာမိန်းခလေးနှစ်ယောက်ရပ်နေတယ်..

အဝတ်အစားတွေပြောင်ပြောင်လက်လက်...

ဒီပြဿနာကိုသိမှဖြစ်မယ်..စိတ်ကိုတင်းပြီးညောင်ပင်အောက်ဆီသွားနေမိတယ်...

ကျနော်ညောင်ပင်အောက်ရောက်တော့မိန်းခလေးနှစ်ယောက်ရပ်နေတယ်...

ဘယ်သူလဲလို့သေသေချာချာအနားတိုးကြည့်လိုက်တော့...

ကျနော်တို့မြို့ရဲ့ပြည့်တန်ဆာ”ခိုင်စပယ်မိုး”ဆိုတဲ့ကောင်မလေးနဲ့သူ့ဘော်ဒါတစ်ယောက်

သူ့ဘဝသူ့အကြောင်းနဲ့ပြည့်တန်ဆာဖြစ်နေတယ်..

သူ့ကိုကျနော်တို့မြို့ကလူအားလုံးသိတယ်..ပြည့်တန်ဆာအဖြစ်နဲ့ဝမ်းရေးရှာနေရတဲ့ဘဝ

“အမ...ကျနော့်နဲ့လိုက်ခဲ့ပါ..ပိုက်ဆံပေးမယ်..”

....”ဟယ်...ကောင်လေး...နင်အသက်မပြည့်သေးဘူး..မလိုက်ဘူး..”

“အမ...ကျနော်နဲ့လိုက်ခဲ့ပေးပါ...အမကိုငွေပေးမယ်...”

...”မောင်လေး..အမ..မကောင်းတာလုပ်စားနေပေမဲ့..လူငယ်တွေ..ခေါ်ရင်မလိုက်ဘူး”

..”သူတို့လေးတွေကို..ရောဂါတွေမဖြစ်စေချင်လို့ပါ..”

..”အမ..ဘဝကလမ်းဆုံးနေတဲ့ဘဝပါ”

“ဟုတ်ပြီ...ကျနော်အမကိုမလုပ်ဘူး..ငွေပေးမယ်...”

////////////////////////////////////////////////

“ကျမနာမည်..ခိုင်စပယ်မိုးပါရှင့်...”

“လမ်းထိပ်ညောင်ပင်အောက်မှာကျမတို့ရပ်နေတာပါ..”

“ကျမကိုလာခေါ်မယ်ဆိုလို့ကျမတို့စောင့်နေတာပါ...”

“ကျမ..အမြဲတမ်းလာခေါ်နေတဲ့ဖေါက်သည်ကိုစောင့်နေတဲ့နေရာပါ..”

“လမ်းထိပ်ညောင်ပင်မှာသူရဲလဲမရှိပါဘူး..တဘက်လဲမရှိပါဘူး”

“ကျမတို့ဘဲအမြဲရှိနေတာပါ...”

“အန်တီတို့ညီအမကိုမတရားမပြောကြပါနဲ့ရှင်”

လမ်းထိပ်မှလမ်းဆုံးထိ..ကျနော်၊အမခိုင်စပယ်မိုးနဲ့သူ့ဘော်ဒါကိုလမ်းလျှောက်ပြီးပြောခိုင်းလိုက်တယ်..

လူတွေစိတ်ရှင်းသွားကြတယ်..အမှောင်ထဲကဘော်ကြယ်ပြောင်လက်လက်မြင်ပြီးထိပ်လန့်ကုန်ကြတာ..

တကယ်တော့..အမခိုင်စပယ်မိုးနဲ့သူ့ဘော်ဒါကို..ဒေါ်စိတ်ပုတ်မောင်..ဦးသံလုံးကအခြေအနေမပေးသေးလို့

စောင့်နေခိုင်းတာ...ပြဿနာတစ်ခုဖြေရှင်းလိုက်ရလို့ကျနော်ကျေနပ်သွားတယ်...

ဒါပေမဲ့..အမေ့ကိုသတိရတဲ့စိတ်တွေပိုလာပါတယ်..

“သား...လာအိပ်တော့လေ..”

“အဖေ..အိပ်နှင့်..ကျနော်မအိပ်ချင်သေးဘူး..”

ကျနော်ထိုင်လက်စနဲ့ခြံထဲမှာဆက်ပြီးထိုင်နေမိတယ်...

သူတို့ပြောတဲ့သူရဲ..သူဘက်..တစ္ဆေဆိုတာ..ကျနော်တခါမျှမတွေ့ဘူး,အခြောက်မခံဘူးပါ

အကယ်၍..ကျနော့်အမေသူရဲဖြစ်ခဲ့သော်..ကျနော်တွေးနေမိတယ်...

ကျနော်အမေ့ကိုချစ်တယ်..သူရဲဖြစ်ဖြစ်..တစ္ဆေဖြစ်ဖြစ်..ကျနော့်အမေသည်ကျနော့်အမေသာဖြစ်သည်

လူ့ဘဝမှာသေကွဲကွဲပြီးနောက်..အမေ..ဘဝခြားပြီးနာနာဘာဝဖြစ်ခဲ့ရင်လဲကျနော့်အမေသာဖြစ်သည်

ကျနော်ဆက်ပြီးချစ်မယ်...ပြန်တွေ့ခွင့်ရရင်ဝမ်းတောင်သာအုန်းမယ်..

ဒီအခိုက်ကျနော်အရှေ့ကစပယ်ရုံလေး..လေမတိုက်ဘဲလှုပ်ခါသွားပါတယ်....

“အမေ...သားဆီကိုပြန်လာခဲ့ပါ..အမေ..”

“အမေ..ဘယ်ဘဝရောက်ရောက်..သားဆီကိုပြန်လာပါ..”

“ကျနော်တို့အိမ်မှာဘုရားစင်ရှိနေလို့..အမေလာလို့မရရင်”

“ကျနော်တို့တံတားဦးကခြံကြီးထဲမှာအမေနဲ့ကျနော်နှစ်ယောက်ထဲသွားနေကြမယ်..”

“အမေ...ပြန်လာခဲ့ပါ...အမေ..”

 

#ကိုဂျစ်

#အမေ..ပြန်လာခဲ့ပါ..အမေ..

 

 

 

 

 

 




Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ