တောသူကြီး


#တောသူကြီး
မြူမှုံမြူနှင်းတွေ ဝေနေတဲ့ဒီဇင်ဘာနံနက်ခင်းလေး…..
တက္ကသိုလ်ဓမ္မာရုံကြီးထဲမှာဘူမိဗေဒဆရာကန်တော့ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်နေကြတယ်…..
စောနေသေးသောကြောင့်လူမစုံသေးပါ၊ဦးစီးဆောင်ရွက်နေသောကျောင်းသားဟောင်းများသာရောက်နေကြသေးသည်။
မြူနှင်းမှုံနေသော ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ထိပ်နားမှာ ကျနော်တို့စာသင်ခဲ့ကြသော မန္တလေးဆောင်ကြီးက ကျနော်တို့ကိုငဲ့စောင်းပြီး ကြည့်နေသလိုမျိုးပြန်ခံစားနေရပါတယ်…..
လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်တုန်းကမန္တလေးဆောင်ကြီးပေါ်မှာကျနော်တို့ပျော်ပျော်ပါးပါးစာသင်ခဲ့ကြတယ်
ရှမ်းပြည်တောင်ပိုင်းကိုနှစ်တိုင်းကွင်းဆင်းခဲ့ကြတယ်……ပျော်စရာအတိတ်တွေက တရိပ်ရိပ်ပြန်ပေါ်လာတယ်….
ဟိုးအချိန်တုန်းကနုနု နယ်နယ်ဘဝ အခုတော့ ဘဝအတွေ့အကြုံရင့်ကျင့်လာတဲ့ဘဝ….. နှစ်တိုင်းသူငယ်ချင်းတွေပြန်ဆုံကြတဲ့ပွဲကို အမြဲတမ်းမျော်လင့်နေခဲ့မိတယ်…..
သူငယ်ချင်းတွေပြန်ဆုံကြရင်အရင်ကျောင်းသားဘဝပြန်ရောက်သွားသလိုမျိုးခံစားရပါတယ်…. စိတ်တွေပြန်နုပျိုလာပါတယ်…..
ဟေ့ …ဟေ့…. စောစောစီးစီး ဟိုမှာ ဆရာတစ်ယောက်လာနေပြီ…….
ဒီဇင်ဘာမြူနှင်းများကြားထဲကတရွေ့ရွေ့လာနေသောထိုဆရာကိုဓမ္မာရုံဝင်ပေါက်ထိပ်မှာလှမ်းတွေ့လိုက်ရပါတယ်……
သိုးမွှေးဦးထုပ်ကိုဆောင်း၊ပင်နီကြမ်းလိုလိုတိုက်ပုံဝတ်ထားတယ်၊အအေးဒဏ်ကာကွယ်ရန်လည်ပင်းမှာလည်းမာဖလာပတ်ထားသေးတယ်
……ဘယ်သူလဲ…ကျောင်းသားလား…..ဆရာလား……ကြည့်ပါလား….ဒီ…ဒီဇိုင်းက ကျောင်းသားဖြစ်နိုင်မလား…..ဝိုင်းတွဲလိုက်ကြပါအုံး….. လက်ထဲက ဒုတ်ကောက်ကိုထောက်ရင်း ဖြေးဖြေးချင်းလှမ်းလာနေတယ် …… ခဏရပ်ပြီးမန္တလေးဆောင်ဘက်နောက်ပြန်လှည့်ပြီး ကြည့်နေသေးတယ်….ဓမ္မာရုံဝင်ပေါက်က ဖြေးဖြေးချင်းလျှောက်လာစဉ်နှစ်ကြိမ်သုံး ကြိမ်ရပ်နေသေးတယ်….. ကျန်းမားရေးမကောင်းဘူး ထင်တယ်….ဝိုင်းတွဲလိုက်ကြပါအုံး……တဖြေးဖြေးနီးလာပါပြီ……သိုးမွှေးဦးထုပ်ဆောင်းထားသောမျက်နှာကိုကြည့်ရတာမသဲကွဲပါ…..
ဆရာထဲ မှာဒီမျက်နှာမျိုးမတွေ့ဘူးပါ…..သူငယ်ချင်းတွေအားလုံးစိုက်ကြည့်နေကြတယ်…..
ဟာ…..သူကြီး….တောသူကြီး….မှတ်မိကြပြီလား……
ဟုတ်တယ်….တောသူကြီး…ဒါပထမဆုံးအကြိမ်လာတာဘဲ……
ငယ်ရုပ်ကိုမှတ်မိသွားပါပြီ…..ဆရာလို့ထင်နေကြတဲ့တောသူကြီး သူ့ဒီဇိုင်းက ဆရာတွေထက်ပိုပြီးရင့်ကျင့်ပုံပေါက်နေတယ်…..
ဟာ…သူကြီး ဘယ်လိုဖြစ်တာလဲ….မင်းကိုကြည့်ရတာ အဖိုးကြီးကျနေတာဘဲ……
အသက်လေးဆယ့်ငါးနှစ်လောက်ကခြောက်ဆယ်ပုံပေါက်နေတယ်….ဘာအရူးထနေတာလဲ……
ဒီတောသူကြီးကို ဆရာတွေနဲ့ အတူထိုင်ခိုင်းပြီးငါတို့ကန်တော့လိုက်ကြရအောင်…….
သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ပြောကြဆိုကြ၊နောက်တတ်သောသူငယ်ချင်းတစ်ယောက်ကသိုးမွှေးဦးထုပ်ကိုဆွဲလုလိုက်တာ….
တောသူကြီးခေါင်းကတုံးပြောင်ဖြစ်နေတယ်…….
ဟာ…..သူကြီး….ဘုန်းကြီးထွက်လာတာလား…..
မဟုတ်ပါဘူး….ငါ့အသက်အရွယ် ဒီပုံမျိုးဘဲနေရမှာပေါ့…….
ဟာ…မှားနေပြီ….ငါတို့ရွယ်တူတွေဘဲ….ဂတုံး တုံးစရာမလိုပါဘူးကွာ…….
မင်းတို့ကောင်တွေနေရမယ့် အချိန်သိပ်မရှိတော့ဘူး…..မင်းတို့ဘာသာရေးလည်းလုပ်မယ့်ပုံမပေါ်ပါဘူး…
သေရင်ငရဲကျမှာမကြောက်ဘူးလား….ဟေ……
တောသူကြီး ကျနော်တို့အားလုံး ကို တရားစဟောပါတော့တယ်….ဘုရားစာတွေလည်းရွတ်ပြနေတယ်…
ဒီကောင်တော်တော်ပြောင်းလဲနေပါလား……
ဟေ့ကောင်တွေ မင်းတို့ ငါပြောတာနားထောင်ကြရဲ့လား………နားကောလည်ကြရဲ့လား….
ဟာ…ငါတို့ဘုန်းကြီးဝတ်မှာမှမဟုတ်တာ….ဘာတွေလာပြောနေတာလဲ…….
ဟာ…အပါယ်ငရဲလားမယ့်ကောင်တွေပါလား….
ငရဲဆိုတာသေမှရောက်မှာ…လောလောဆယ်လူ့လောကထဲမှာဘဲရှိသေးတာ…..
သူကြီး…မင်းဘာဖြစ်လို့အဘိုးကြီးဒီဇိုင်းမျိုးဖြစ်နေရတာလဲ……
ဘာဖြစ်လို့လဲ….ငါနဲ့ မလိုက်လို့လား…….
လုံးဝမလိုက်ဘူး…မင်းပုံစံကသေခါနီးအဖိုးကြီးဒီဇိုင်း…..
အေးကွ…ငါလည်းထင်သား…..ရွာမှာကငါသူကြီးဆိုတော့ငါ့ဘေးနားမှာအဘိုးကြီးတွေချည်းဘဲ...
ကြာတော့သူတို့ပုံစံမျိုးဖြစ်သွားရတာပေါ့…..
မင်း ဒီပုံကို မင်းမိန်းမ ဘာမှမပြောဘူးလား…..
ဒီမိန်းမ ဘာမှမပြောလို့ပေါ့ကွ…ငါနဲ့မလိုက်ဖက်လည်း မလိုက်ဖက်တဲ့အကြောင်းပြောသင့်တာပေါ့။ ဒါကြောင့်မိန်းမကိုစိတ်ကုန်တယ်….
ဟာ…မင်းလုံးဝစိတ်မရှိတော့ဘူးပေါ့…မလိမ်နဲ့နော်…..လိမ်ရင်မင်းပြောတဲ့ငါးပါးသီလနဲ့ ငြိမယ်….
စိတ်မရှိတာမဟုတ်ဘူး….သူ့ပုံကတုံးတော့ ငါစိတ်မလာတာပေါ့……
ဟုတ်ပြီ….ပုံမလာလို့စိတ်မလာတာ…..ပုံလာရင် ငယ်စိတ်တွေကျန်သေးတဲ့သဘော….
ညကျရင်လက်တွေ့စမ်းကြမယ်…..
မင်းတို့ပုံတွေကြည့်ရတာဘာသာရေးကိုစိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး….ဟိုတစ်ကောင်လဲဂျင်းဘောင်းဘီဝတ်တုန်း….ငါတို့ရွာမှာဆို မင်းတော့ တော်တော်အတင်းပြောခံရမှာ……..
သူကြီး…သူကြီး….ဒီအတိုင်းသွားလို့နောက်နှစ်ထိတောင်ခံပါ့မလား……
ခုတင်..ကိုကျော်သူကိုဖုန်းဆက်ခေါ်ထားပြီးပြီ…..
ငါတို့သူငယ်ချင်းထဲမှာ ကျော်သူမရှိပါဘူး ….ဘယ်သူလဲ….
ရုပ်ရှင်မင်းသားကျော်သူ…….
ဘာလုပ်ဘို့လဲ…..
မင်းကိုနာရေးကားနဲ့ ရေဝေးလိုက်ပို့ခိုင်းမလို့…..
ဟာ….ဒီကောင်တွေ မဦးမချွတ်……
ဘုရားစာတွေရွတ်ပြီးသေရမှာတော့အကြောက်သား……..
မင်းတို့နဲ့တွေ့မှဘဲ…ငါ့စိတ်တွေပိုလွတ်လပ်ပြီးငယ်သွားသလိုဘဲ……
ရွာမှာကသူကြီးဆိုပြီးအရမ်းသိက္ခာထိမ်းနေရတယ်…..
မင်းရွာကသိက္ခာတွေ၊ ဘာတွေချန်ထားလိုက်တော့….အရင်ကျောင်းသားဘဝလိုပျော်ပျော်နေစမ်းပါ…
မင်းကိုကြည့်ရတာဘိုးဘွားရိပ်သာကိုသွားမယ့်ပုံပေါက်နေတယ်….
ဟိုမှာငါတို့သူငယ်ချင်း….အရမ်းနုပျိုနေတယ်… တွေ့လား……
အေး….ဟုတ်တယ်….အရမ်းနုပျိုနေပါလား…..
ဒီကောင်မိန်းမရတာ တစ်နှစ်ဘဲရှိသေးတယ်…..
ဟာ….ဟုတ်လား…အရင်မယားကြီးကော…..
လူပျိုစစ်စစ်ကွ….အခုမှမိန်းမရတာ…..
သေခါနီးမှ မိန်းမယူရလား…မယူပါနဲ့တော့…ဘာလို့အပူရှာနေတာလဲ……
မင့်ဘိုးအေ..လူ့ဘဝဟာအသက်ခြောက်ဆယ်မှစတာ၊မင်းမသိဘူး..ဟုတ်
ဆေးပေးမီးယူတဲ့….အသက်ကြီးမှပိုပြီးအဖေါ်လိုအပ်တာကွ…….
ငါ့ရွာနဲ့တော့ဆန့်ကျင်ဘက်တွေချည်းဘဲ……..
သူကြီး…မင်း.. သားတစ်ယောက်ကော…..
ရှိတာမှ ဒီသားတစ်ယောက်ထဲ…… ဒီကောင်ကိုးရီးယားက ခုထိပြန်မလာသေးဘူး…….. သူ့အမေက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြန်လာခိုင်းတယ်……လူမလာဘူး၊ စာဘဲရောက်လာတယ်……
အဖေ ရွာမှာ အင်တာနက်ကဖေးရှိလားလို့မေးလာတယ်…….
မင်းနဲ့ငါ ငယ်ငယ်က သောက်နေကျလ္ဘက်ရည်ဆိုင်မှာ စူပါကော်ဖီမစ်ရော၊ နက်စ်ကဖီးရော၊တီးမစ်တွေရော အစုံ ရနေပြီလို့ စာပြန်လိုက်တာ…..လူလဲပေါ်မလာ၊စာလဲမပြန်တော့ဘူးကွာ…….
သူကြီး…သူကြီး…မင်းမိန်းမကိုသနားတယ်ကွာ…..အဲဒါမင်းအပြစ်…..
ဘာဆိုင်လို့လဲကွ……
မင်းသူ့အနားကို မကပ်လို့ ဟိုးအဝေးကြီးကသားကိုသတိရနေတာ…….
ဟာ…နေရမယ့်အချိန်ကဘာမှမရှိတော့ဘူး….သေရင်လဲခွဲရမှာဘဲ……
မင်းသိပ်ပြီးတရားရနေပြီလား……ဒါဆိုလဲကျော်သူကားနဲ့ ရေဝေး ကို go တော့……
လာပြန်ပြီ…..ဒီစကားဘဲပြောနေ…..
လောကကြီးမှာပျော်စရာတွေအများကြီးပါ….ကြည့်စမ်းငါတို့မင်းထက်အများကြီးနုပျိုနေတယ်…….
ဘာကြောင့်လဲသိလား…….
မသိဘူးကွာ…….
ပျော်ပျော်နေ သေခဲတဲ့….စိတ်ပျော်တော့ ကိုယ့်နုတာပေါ့ကွာ…..
မင်းတို့မှာဆေးရှိလား….ရှိရင်ငါ့ကိုပေး…..
ဆေးလိုချင်တယ်ပေါ့…ရမယ်…ရမယ်…….
အခုတော့မရဘူး….ညကျမှပေးမယ်…..
ဟာ…..ဆရာကန်တော့ပြီးရင်ပြည်ကားနဲ့ပြန်တော့မှာ…..လုပ်စမ်းပါ….
မရဘူး….မရဘူး…..ညကျမှ စိတ်ပျို ကိုယ်နုဆေးပေးမယ်…..

ဟေ့..ဟေ့...ဘုရားစင်ရှေ့မှာဘုရားရှိခိုးနေတာဘယ်သူတုန်း...

ဒီကောင်နဲ့ငါတရားဆွေးနွေးလို့ရမယ်...

မသွားနဲ့ဒီကောင်နဲနဲကြောင်နေတယ်၊ဘိုးတော်လေကွာ..မမှတ်မိဘူလား

ဘာဖြစ်လို့ကြောင်‌နေတာလဲ၊....သူ့ရှေ့မှာလဲပုံတော်လေးတစ်ပုံချထားလို့ပါလား

အမျိုးသမီးပုံလိုလို၊သူရဿတီမယ်တော်ကိုးကွယ်တယ်ထင်တယ်

ဘယ်ကလာ...အဲ့ပုံကကျောင်းတုန်းသူ့ရီစားပေးထားတဲ့ပုံ

ပုံကြည့်ပါလားအဖြူအမဲဓါတ်ပုံ၊ကောင်မလေးကဂစ်တာရှိတ်လေး

ရှုတ်ကုန်ပြီကွာ၊သူဂေါက်သွားတာနဲ့ဘာဆိုင်လို့လဲကွာ

ရှင်းရှင်းလင်းပြောကြစမ်းပါကွာ

သူ့ဘွားတော်ကြီးလွန်ခဲ့တစ်နှစ်လောက်ဆုံးသွားခဲ့တယ်...

ဒီလိုနဲ့နေရင်းစာအုပ်ပုံတွေကြားထဲကရီးစားဟောင်းဓါတ်ပုံကိုမြင်ပြီးအချစ်ပိုးပြန်ထတာ

ငါတို့လဲမနေရပါဘူး...ဘိုးတော်ကသူ့ကောင်မလေးကိုတွေ့ချင်တယ် 

ရှာပေးပါ..အတင်းပူဆာလို့ရှာလိုက်ရတာ

လိပ်စာလဲရခဲ့ပါတယ်၊မိတ်ဆွေဟောင်းတစ်ယောက်လိုသဘောထားပြီး

ဘိုးတော်တွေ့ချင်နေတဲ့အကြောင်းပြောပြတော့ဟိုကလာလည်ပါလို့ခွင့်ပြုချက်ရတယ်

မသွားခင်ထဲကဘိုးတော်ကိုငါတို့ပြောပြထားပြီးသား၊အရာရာပြောင်းလဲသွားပြီနော်လို့ပြောတာ

အေးပါ..ငါသိပါတယ်ဆိုတော့ခေါ်သွားရတာပေါ့

အိမ်မှာထိုင်စကားပြောကြတာပေါ့၊

ဘိုးတော်ငါ့နားကပ်ပြီးတိုးတိုးလေးပြောတယ်၊သူ့ရီးစားဟောင်းကိုခေါ်ပေးလေ

သူ့အမေနဲ့ငါစကားမပြောချင်ဘူး

အဲ့ဒါမင့်အရင်လူဘဲ၊သူ့အမေမဟုတ်ဘူး၊အသက်လဲကြည့်လေ

သားသမီးသုံးယောက်နဲ့အမေတစ်ယောက်ပုံကဒီလောက်တော့ရှိမှာပေါ့လို့ပြောလိုက်တာ

ပီပါရှိတ်နဲ့ဝက်ကိုယ်လုံးကိုကြည့်ပြီးအိမ်ပေါ်ကခုန်ဆင်းပြီးပြေးပါလေရော....

"ပေးပေး...မပေးပေး....ငါ့ချစ်သူပြန်ပေး...၊ပေးပေး....မပေးပေး....ငါ့ချစ်သူပြန်ပေး"

ရွှေမန်တင်မောင်ဇာတ်ထဲကရွှဲကုန်သည်လိုရူးသွားတာဒီနေ့ထိဘဲ....

ဘိုးတော်...အချစ်ရူး၊ရူးသွားပြီ.....

ဒုက္ခ...ဒုက္ခ...ဒီလိုလူတွေလဲရှိတာဘဲလား

 

ဆရာကန်တော့ပွဲလာကြသောကျောင်းသားများကြားထဲမှာ သူကြီးတစ်ယောက် သူ့ဝတ်စားပုံနဲ့ ရုပ်က
ရင့်သလိုဖြစ်နေတယ်….သူ့ဖြစ်ပုံက ကန်တော့ခံဆရာတွေထက်ရုပ်ရင့်သလိုဖြစ်နေတော့ သူ့ခမျာနဲနဲတော့ ရှက်နေရှာတယ်……
မင်းတို့ကိုကြည့်ရတာ အရမ်းတက်ကြွပြီး ဖျတ်လတ်နေတာဘဲနော်…….
ဒါ ပေါ့…ကိုယ်တို့မှာက ဆေးရှိတယ်လေ….ညကျမှမင်းကိုပေးမှာ…..
နေ့ချင်းပြန်မယ်ဆိုပြီး အဝတ်အစားတွေပါမလာဘူးကွ…..
ဒါပြဿနာမဟုတ်ဘူး….မင်းမှာရေပါလာဘို့အရေးကြီးတယ်…..ဆရာကန်တော့ပွဲပြီးရင် အဝတ်အစားသွားဝယ်လိုက်…..
နေ့လည်ဆရာကန်တော့ပွဲပြီးသွားတော၊လှည်းတန်းမှာသူကြီးအတွက် အဝတ်အစားသွားထွက်ဝယ်ကြပါတယ်၊ ဂျင်းဘောင်းဘီ၊ စပို့ရှပ်၊ ဂတုံးပြောင်ကိုစွပ်ဘို့ မန်ချက်စတာဘောလုံးအသင်းသိုးမွေးခေါင်းစွပ်တွေနဲ့သူကြီးပုံနဲနဲပိုလန်းလာပြီ…..
ဟေ့ကောင်တွေ ……ဒီပုံကိုရွာကလူတွေသာမြင်သွားရင်ငါအတင်းချခံထိတော့မှာ……
မြန်မြန်သွားကြရအောင်……
ညစာအတွက် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အကယ်ဒမီဟိုတယ်မှာသွားစားကြမယ်….. ဒီနေ့ကန်တော့ကြသောသူငယ်ချင်းထဲက တစ်ယောက်ကဟိုတယ်ကိုဦးစီးနေသောကြောင့်သူစီစဉ်ပေးတာဖြစ်ပါတယ်……
အင်းယားကန်ဘေးကမြက်ခင်းမှာညစာစားကြတယ်….
မင်းတို့ ငါ့ကိုနုပျိုဆေးပေးမယ်ဆို…….
ရမယ်….ရမယ်….ဟောဒီမှာအပြင်းရှိတယ်….ဘီယာလဲရှိတယ်…..
ငါအရက်မသောက်ဘူးကွ…..
အရက်ဆိုတာက မင်းသွားချင်တဲ့နတ်ပြည်မှာမရှိသလို၊မင်းမသွားချင်တဲ့ ငရဲပြည်မှာလည်းမရှိဘူး၊လူ့ပြည်မှာဘဲရှိတာ လူ့ပြည်ရောက်တုန်း ရောက်ခိုက်သောက်ကိုသောက်ရမယ်…..
နောက်ပြီးနုပျိုဆေးက အရက်နဲ့အရမ်းတည့်တာ….ဆေးမသောက်ခင်အရက်နဲနဲသောက်လိုက်….
ဟုတ်ပြီ…..နဲနဲထပ်ချလိုက်အုံး…..
မင်းတို့ဆေးမရခင် ငါမူးတော့မယ်……
မူးရင်ဆေးနဲ့ပိုတည့်တယ်…..
ထမင်းစားသောက်ပြီးချိန်မှာတော့သူကြီးရေချိန်နဲနဲကိုက်လာပြီ……..
သူငယ်ချင်းက ကျနော်တို့အတွက်ကာရာအိုကေ ခန်းမကြီးတစ်ခုစီစဉ်ပေးထားတယ်……အပြင်လူတစ်ယောက်မှမရှိ……..
ကျနော်တို့ပျင်းနေမှာစိုးသောကြောင့် စကားပြောဖေါ်ရအောင်ကောင်မလေး အယောက်လေးဆယ် လောက်က စောင့်နေပေးတယ်…..
အရမ်းကိုသိတတ်သောသူငယ်ချင်း…….ကျနော်တို့သူငယ်ချင်းအားလုံးအ တွက်သီးသန့်အခန်း……
ရော့ သူကြီး….ဒါကို မိုက်ခရိုဖုန်းလို့ခေါ်တယ်…..
ဘာလုပ်ဖို့လဲ…..
မင်းဘဲ ငါတို့ကိုနေ့လည်က တရားဟောခဲ့တယ်လေ…….နိဗ္ဗာန်ရောက်ကြောင်းတရားလေ…..
ဒီအခန်းထဲမှာရောက်နေတဲ့သူတွေအားလုံးနားလည်သွားအောင်မင်းမိုက်ခွက်နဲ့တရားဟောရမယ်……
ဟာ….မဖြစ်ဘူး…မဖြစ်ဘူး…ငါမူးနေပြီ…..
ပြောရင်းနဲ့ သောက်တလွဲတွေထွက်ကုန်မယ်….
မရဘူး…မရဘူး….မင်းတရားဟောကိုဟောရမယ်….
ငါမူးနေပြီကွ မဖြစ်ဘူး……
မင်းတရားမဟောရင် သီချင်းဆိုပြရမယ်……
ဟာ…ရှက်စရာကြီး….မလုပ်ပါနဲ့….ဟိုမှာကောင်မလေးတွေကြည့်နေတယ်…..
မရဘူး….သီချင်းတစ်ပုဒ်ဆိုပြရမယ်….
ငြင်းမရတော့လဲဆိုရတော့မှာပေါ့….ပေးစမ်း မိုက်….
ကောင်မလေးနှစ်ယောက်ခြံရံလျှက် မိုက်ကိုဆွဲပြီး သူကြီး အပြတ်ဟဲနေပြီ…..

အဆိုတော်သုမောင်..နဂါးနီသီချင်းနဲ့စပြီ


နေရေးနဲ့ စားသောက်ရေး…မနှေးအောင်ပင်……အောင်မြင်ရမည်..
လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည်ဒို့ နဂါးနီ……..
လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည်ဒို့ နဂါးနီ……..
ဘာသာရောင်…သာသနာရောင် ထွန်းလင်းပြောင်မည်…..
ဂျင်းဘောင်းဘီ၊ မန်ယူခေါင်းဆောင်းဝတ်ထားတဲ့တောသူကြီး လူငယ်ပုံဖြစ်သွားပြီ။ လက်တစ်ဖက်ကမိုက်လက်တစ်ဖက်ကကောင်မလေး ပခုံးမှာတင်ပြီးသီချင်းဟစ်နေသောပုံက နေ့လည်ကပြောနေသော ဖြစ်ပျက်တရားနဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုမေ့နေလောက်ပြီ…
မိုက်ခွက်ကို ကိုင် သီချင်းဟစ်ပြီးသကာလ သူကြီးအာရွင်သွားပြီ….ကောင်မလေးတစ်အုပ်နဲ့စကားတွေဖေါင်ဖွဲ့ လို့ လူငယ်လေးတစ်ယောက် လိုပင်…..တောသူကြီးဆိုသောဂုဏ်ပုဒ်ကိုသူမေ့နေပြီ…..
ဟော….ဟော….မိုက်ခွက်အတင်းလုပြီး သီချင်းနောက်တစ်ပုဒ်ထပ်ဟဲနေပြီ……

နေကာမျက်မှန် လေးနဲ့ လေးနှမငယ် ခင်ပါတယ်…….
ငှက်ခါးလေးတွေ အခါခါ နားလို့……..သက်ထားလေးဆီစာလွှာပါးရင်း…..
သာယာစေကြောင်းတောင်းဆုပြုပါတယ်……
အဆိုတော်မျိုးမြင့်လေးအရှုံးပေးရလောက်အောင်အပြတ်ဟဲနေပြီ……သီချင်းပြီးသွားတဲ့အခိုက် ငြိမ်သက်သွားသောအချိန်လေးမှာ….
ဇီးကုန်းရွာကသူကြီးခင်ဗျား……ဟိုတယ်ရှေ့ မှာ ကားစောင့်နေပါတယ်…..
ဆောင်းဘောက်မှ အသံကြီးထွက်လာပါတယ်…..
ဘယ်သူ့ကားလဲကွ….ငါကားမကြိုခိုင်းထားပါဘူး..သူကြီးအားကျမခံ မိုက်နဲ့ပြန်မေးလိုက်ပါတယ်……
ရုပ်ရှင်မင်းသားကျော်သူက နာရေးကားနဲ့ ရေဝေးလိုက်ပို့မလို့….
ဟာ…..ဘယ်ခွေးမသားလဲ…အရေးထဲ…..ဒီမှာ နတ်သမီးတွေနဲ့တွေ့တဲ့အဆင့်ဘဲရှိသေးတယ်….
နတ်ပြည်မတက်ရသေးဘူး….သွား…သွား….ပြန်ခိုင်းလိုက်……

#ကိုဂျစ်

#တောသူကြီး

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ