ဘဝဇာတ်ဆရာ အပိုင်း(၁)

ဘူမိဗေဒကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။

သူနဲ့ကျနော်တို့ပထမနှစ်၊ဒုတိယနှစ်တွေတုန်းကအုပ်စုမတူခဲ့ပါ၊သိတော့သိတယ်သာမန်ဘဲ။

နောက်ပြီးကျနော်တို့ကဒဂုံဆောင်နေတယ်၊သူကဒေးကျောင်းသား။

တတိယနှစ်ရောက်တော့ခုံနံပါတ်ဘယ်လိုစီလိုက်လဲမသိ၊

သူကျနော်တို့အုပ်စုထဲရောက်လာပါတယ်၊

သတိထားမိသလောက်ဒုတိယနှစ်တုန်းကသူ့ဆံပင်မရှည်သေး၊တတိယနှစ်မှာသူ့ဆံပင်ခါးလောက်ရောက်နေပြီ၊

ဘာဖြစ်လို့အရှည်ထားလဲနားမလည်၊သိပ်မခင်သေးတော့မမေးဖြစ်ခဲ့။

အဲဒီတုန်းကအရှည်ထားကြတာဘဲ၊သူ့လောက်မရှည်ကြ၊

သူဆံပင်ကိုစည်းထားတာလဲရှိတယ်။တခါတလေရောင်ထုံးထားသေးတယ်။

ကျနော်တို့ခေတ်ကရောင်ထုံးနဲ့ပါမောက္ခတစ်ယောက်သိပ္ပံခမ်းမဖက်မှာစာသင်နေတာတွေ့ခဲ့ဘူးပါတယ်။

အဲဒီအချိန်တုန်းကကျနော်တို့အားလုံးဝါးခြမ်းပြားသာသာပိန်ခြောက်ခြောက်နဲ့ဒီကောင်ကကျနော်တို့ထက်

ဗလတောင့်တယ်။

ဗလတောင့်တောင့်၊ရောင်ထုံးထုံးထားတဲ့ဒီကောင့်ကြည့်ရတာအချိုးမပြေ။

ကျနော်တို့အားလုံးသူ့ကိုဗလကြီးလို့နာမည်ပေးလိုက်ကြတယ်။

နောက်နောက်ပြောင်ပြောင်နဲ့ခေါ်လိုက်ကြတာသူလဲစိတ်မဆိုးလို့အားလုံးသောကျောင်းသားတွေ

သူ့ကိုခေါ်လိုက်ကြတယ်”ဗလကြီး”

လူကောင်ကြီးကြီး၊ရောင်ထုံးထားတဲ့ဗလကြီးစကားပြောတော့တိုးတိုးလေး၊

အုပ်စုလိုက်ကောင်းကင်ဓါတ်ပုံကြည့်တာတွေ၊ကျောက်ဖြစ်ရုပ်ကြွင်းကြည့်တာတွေ၊

နှစ်ယောက်တွဲလုပ်ရင်လူ့ဗလံဗျော့ကြီးနဲ့ဗလကြီးနဲ့တစ်တွဲ၊

ဟေ့ကောင်တွေဗလကြီးကနဲနဲထူးခြားတယ်၊အခြောက်လားမသိ

စကားပြောတာကလဲပွဲမင်းသားလိုဘဲ

သူဆိုတဲ့သီချင်းတွေကလဲဇာတ်ပွဲသီချင်းတွေ

ဗျော့ကြီးပြောပြတာတွေပါ၊

မန္တလေးဆောင်မှာကျောင်းတက်ခဲ့တာတွေကပုံမှန်ပါဘဲ၊

နေ့ကျောင်းသားဗလကြီးနဲ့စာသင်အုပ်စုမှာတွဲတာကလွဲလို့အပြင်မှာမတွေ့ဖြစ်ပါ။

ဒီလိုနဲ့စာမေးပွဲတွေပြီးလို့ကွင်းဆင်းရမည့်အချိန်ရောက်လာပါပြီ

ရှမ်းပြည်ဖက်ကိုတလကွင်းဆင်းရမည်၊

ပထမတစ်ပိုင်းကသာစည်မြို့နယ်ကျွဲတပ်ဆုံမှာဆင်းရမည်။

ဒုတိယပိုင်းကရှမ်းပြည်တောင်ကြီးကားလမ်းပေါ်က...ပြင်ရွာမှာကွင်းဆင်းရမည်၊

ကိုယ့်အုပ်စုနဲ့ကိုယ်စခန်းချတဲ့နေရာမှာနေရတယ်၊ပထမပိုင်းတုန်းက

ကျွဲတပ်ဆုံရွာဘုန်းကြီးကျောင်းထဲကဆောက်လုပ်ရေးအလုပ်သမားများနေသောတန်းလျားရှည်ကြီးမှာ

အားလုံးရောနေကြရတယ်။

ကွင်းဆင်းတဲ့ပထမရက်စခန်းသို့အပြန်လမ်းမှာဗျော့ကြီးတစ်ယောက်ဘိနပ်ပေါက်ပါလေရော၊

ဖြေးဖြေးလျှောက်ရင်းနောက်မှာတဖြေးဖြေးဝေးကျန်ခဲ့ပါတော့တယ်။

ကျနော်တို့ကဟေးလားဝါးလားနဲ့ဗျော့ကြီးအဖြစ်ကိုမသိ

ဗလကြီးကစောင့်ပြီးလိုက်ခဲ့တယ်။

အားလုံးစခန်းပြန်ရောက်တဲ့အချိန်ဗလကြီးတို့နှစ်ယောက်မပါလာခဲ့ကြပါ။

အားလုံးရေမိုးချိုးပြီးတဲ့အချိန်ရောက်မှဗလကြီး၊ဗျော့ကြီးကိုကျောပိုးပြီးဘုန်းကြီးကျောင်းထဲဝင်လာပါတယ်။

ကျနော်တို့အားလုံးဗလကြီးကိုလေးစားသွားပါတယ်။

စခန်းရောက်တော့လဲထမင်းစားပြီးတာနဲ့ဗလကြီးရွာထဲသွားပြီးဗျော့ကြီးအတွက်လိုတဲ့ဆေးဝါးတွေသွား

ဝယ်ပါတယ်၊

တစ်နေ့လုံးလျှောက်ခဲ့ရလို့ဘယ်သူမှမလှုပ်ရှားနိုင်တော့ဘဲအားလုံးကအိပ်ရာထက်မှာ၊

နောက်ပိုင်းရက်တွေမှာအလိုလိုနေရင်းဗလကြီးကကျနော်တို့အုပ်စုခေါင်းဆောင်လိုဖြစ်လာပါတယ်။

ဘာလို့လဲဆိုတော့ရှေ့မှာဆရာရှင်းပြနေတာတွေကို၊နောက်မှာစနောက်နေတဲ့ကျနော်တို့ကိုဗလကြီးက

စိတ်ရှည်ရှည်နဲ့ပြန်ရှင်းပြပေးပါတယ်။

ကွင်းဆင်းတဲ့လမ်းတလျှောက်ချောက်ထဲဆင်းရတာတွေ၊တောင်ပေါ်တက်ရတာတွေနဲ့ကြုံရင်ဗလကြီးကဦး

ဆောင်ပြီးအန္တာရာယ်ကင်းအောင်လမ်းရှင်းပေးတယ်။

ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်းတို့ဦးဆောင်သင်ကြားမှုအောက်မှာကျနော်တို့ကွင်း

ဆင်းလေ့လာကြပါတယ်။

ဗလကြီးကတကယ့်ခေါင်းဆောင်ကောင်းပီသပါတယ်။ကျနော်တို့အုပ်စုကိုအမြဲတမ်းဂရုစိုက်တယ်၊

သူယူခဲ့တဲ့စားစရာတွေဆိုအားလုံးကိုဝေငှကျွေးတယ်။ဘယ်သူနေမကောင်းဖြစ်လဲဗလကြီးဘဲဆေးဝယ်၊

ဆေးတိုက်လုပ်တယ်။

လေးစားစရာအကောင်းဆုံးကကျနော်တို့အုပ်စုစည်းကမ်းဖေါက်လို့အပြစ်ပေးခံရရင်လဲဗလကြီးဘဲခေါင်းခံပြီး

တာဝန်ယူတယ်။

အုပ်စုလိုက်ကွင်းဆင်းနေတဲ့တစ်ရက်ကျနော်တို့ဆယ်ယောက်ထဲကငါးယောက်လိုင်းကားစီးပြီးသာစည်ကို

ခိုးသွားကြတာ၊ဗလကြီးကမလိုက်၊တားတော့တားတယ်၊မသွားကြဖို့။ဒါပေမဲ့ကျနော်တို့ခိုးထွက်ကြတယ်။

“ဆရာတွေမသိနိုင်ပါဘူးကွာ၊”စိတ်ထဲမှာထင်ထားကြတာ

အပြန်လိုင်းကားမှာထိုင်စရာခုံမရှိတော့လို့နှစ်ယောက်ခေါင်မိုးပေါ်ကလိုက်ခဲ့တယ်။

ကျနော်တို့နေရာရောက်ခါနီး၊ကားလမ်းပေါ်

မှာကျောင်းသားအုပ်စုတွေနဲ့အတူဆရာတွေကိုလှမ်းမြင်လိုက်တယ်။

အမြန်ဆုံးဝပ်ချလိုက်တာဘဲ။ကျနော့်မျက်စိထဲမှာဆရာမြင်သွားပြီလို့ထင်တာဘဲ။

ပြန်ရောက်တော့ဆရာတွေဘာမှမပြောပါဘူး။စိတ်ထဲမှာအေးအေးဆေးဆေး၊ဆရာမသိလိုက်ဘူး။

ဒါမှမဟုတ်ဘာမှအရေးမယူတော့ဘူးလို့ထင်ပြီးခိုးသွားရတာကိုပျော်နေကြတာ။

ကျွဲတပ်ဆုံရွာနောက်ဆုံးနေ့ရောက်လာပြီ။

စည်းကမ်းဖေါက်၊အပြစ်ကျူးလွန်ထားကြတဲ့ကျောင်းသားစာရင်းတွေဘုတ်ပေါ်မှာကပ်ထားတယ်။

အခြားကျောင်းသားတွေလဲပါတယ်၊ဘာအပြစ်လုပ်ထားလဲကျနော်တို့မသိ။

ကျူးလွန်တဲ့ပြစ်ချက်တွေပါရေးထားတယ်။ကျောင်းသားအားလုံးအပြစ်ဝန်ခံခဲ့ပါတယ်။

အားလုံးရဲ့စိတ်ထဲမှာလုပ်ရဲရင်ခံရဲရမယ်ဆိုတဲ့စိတ်ဓါတ်။

အပြစ်ရှိတဲ့ကျောင်းသားအားလုံးဒီနယ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့မင်းပုန်းတောင်ကိုတက်ရမယ်။

လမ်းတလျှောက်ကျောက်နမူနာကောက်ခဲ့ရမယ်၊တောင်ထိပ်မှာတွေ့ခဲ့တဲ့အမှတ်အသားတွေကိုပြောရမယ်။

ဆိုးတာကဒီနေ့နောက်ဆုံးနေ့၊အဆောင်မှာနားရပြီလို့ထင်ထားတာ။

မနက်စာစားနေချိန်မှာစာရင်းလာကပ်တာ။

အပြစ်ရှိတဲ့ကျောင်းသားတွေမနက်စာစားပြီးတာနဲ့ချက်ချင်းသွားရမယ်။

အပြစ်မရှိတဲ့ကျောင်းသားတွေအေးအေးဆေးဆေးနားနေကြပါ။

ရွာထဲလျှောက်လည်လို့ရတယ်။

နေ့လည်စာထမင်းတွေဂျိုင့်ထဲထည့်ပြီးရွာထိပ်ထိဆရာတွေလိုက်ပို့တယ်။

အကြမ်းဖျင်းလမ်းညွန်ပေးတယ်။ ကွန်ပတ်ကိုသုံးပြီးသွားရမယ်။

ရွာထဲကလမ်းပြခေါ်ခွင့်မပြု၊ နေ့လည် ၂ နာရီအရောက်ပြန်ခဲ့ရမယ်။

ချီးဘဲကွာ၊ သွားရတာနဲ့မတန်လိုက်တာ

ကျောပိုးအိပ်လွယ်ပြီးအပြစ်သားတွေထွက်လာကြပါပြီ၊ မင်းပုန်းတောင်ထိပ်ဆီသို့

“ဟေ့ကောင်တွေငါ့ကိုစောင့်ပါအုန်း”ကျောပိုးအိပ်ကြိုးတန်းလန်းနဲ့အပြေးလိုက်လာတဲ့ဗလကြီး

“ဗလကြီး၊ငါတို့အပြစ်သားတွေထဲမင်းမပါဘူးလေ၊ဘာလို့လိုက်လာရတာလဲ”

“ငါတို့ကြမ်းတပြေးထဲအိပ်ခဲ့ကြတဲ့ညီအစ်ကိုတွေပါကွာ၊မင်းတို့ကိုဒီအတိုင်းရပ်ကြည့်နေလို့မရဘူးလေ”

“ငါတို့တူတူတက်ကြတာပေါ့”

ဗလကြီးပါလာတော့ပိုပြီးအဆင်ပြေသွားတယ်၊ မင်းပုန်းတောင်တက်လမ်းကိုသူသိတယ်၊

ဘယ်သူမှမလိုက်ရင်တောင်၊ဒီနေ့ဒီတောင်ကိုတက်ဖို့သူ့မှာစိတ်ကူးရှိပြီးသား

ဒီနေ့သူ့အတွက်ရော၊ကျနော်တို့အတွက်ပါအဆင်ပြေပြီ

တောင်ထိပ်ရောက်တော့လေပြေလေးတဖြူးဖြူးနဲ့ရင်ကိုအေးသွားတာဘဲ

ကျောက်ဂူထဲမှာ ဆင်ချည်တိုင်၊မြင်းချည်တိုင်၊စာနဲ့ရေးထားတယ်

ခပ်လှန်းလှန်းကမြေညီအမြင့်ကိုဘုရင့်သလွန်တဲ့

နဲနဲမြင့်တဲ့ကျောက်စွန်းမှာဗုဒ္ဓဘုရားတစ်ဆူကိုဖူးတွေ့ခဲ့ပါတယ်။

ဗလကြီးကအနီးမှာရှိနေတဲ့တောပန်းလေးတွေနဲ့ဘုရားပန်းကပ်တယ်။

နေ့မကူးသေးတော့၊ပါလာတဲ့ထမင်းနဲ့ဟင်းကိုဆွမ်းတော်တင်လိုက်ကြပါတယ်။

အရင်ခေတ်တုန်းကစစ်ရှုံးခဲ့တဲ့ဘုရင်တစ်ပါးလာပုန်းနေလို့မင်းပုန်းတောင်လို့ခေါ်ကြတာ

ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမျော်ရင်းရင်ထဲကခံစားရတဲ့ငြီမ်းချမ်းခြင်းအရသာ၊

ဒီလိုတစ်ခါဘူးမျှမခံစားခဲ့ဘူးပါ၊ထူးဆန်းလေစွ။

 

ဒုတိယစခန်းပြင်ရွာ

ကျနော်တို့စခန်းပြောင်းကြပြီ၊ပြင်ရွာစခန်းမှာနေရတာပိုလွတ်လပ်တယ်။

ဆောက်လုပ်ရေးဘန်ဂလိုတွေအများကြီး၊ကိုယ့်အုပ်စုနဲ့ကိုယ်နေကြ။

ကျနော်တို့အုပ်စုဘန်ဂလိုတစ်လုံးမှာနေကြတယ်။စုပြီးနေကြတော့ပိုရင်းနှီးလာတယ်။

ပြင်ရွာစခန်းမှာကိုယ့်အုပ်စုနဲ့ကိုယ်၊ဆရာချထားပေးသောနေရာမှာကွင်းဆင်းရတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းရှာကြမယ်၊နမူနာကျောက်တွေကောက်ကြမယ်၊

ဘူမိမြေပုံထုတ်ရမယ်။ကျနော်တို့လုပ်ခဲ့တာတွေကြည့်ပြီး

ဆရာတွေအဆင့်သတ်မှတ်ပေးမယ်။ကိုယ့်အုပ်စုကိုယ်ဆိုတော့အလှဲ့ကျနားမယ်ဆိုရင်နားလို့ရတယ်။

ဗလကြီးကဘယ်တော့မှမနား၊လုပ်စရာရှိတာအရင်ပြီးအောင်လုပ်ပြီးမှနားကြရအောင်၊

ပြင်ရွာကရှမ်းပြည်နယ်အစပ်ထဲရောက်လာလို့ရာသီဥတုပြောင်းသွာပြီ၊နေစောင်းရင်ရေမချိုးနိုင်တော့ဘူး၊

ညဖက်ကျရင်မီးဖိုပြီးအိပ်ရတယ်။

အရက်မော့တဲ့ကောင်တွေကြိုက်တဲ့ရာသီဥတုမျိုး၊

မအိပ်ခင်စကားတွေပြောကြ၊လ္ဘက်သုတ်တွေစားကြ၊စောစောတစ်ခါမှမအိပ်ဖြစ်၊

ညနက်မှအိပ်လေ့ရှိတယ်

အဲဒီမှာဗလကြီးပြောပြတဲ့သူ့အကြောင်းတွေကိုသိခွင့်ရခဲ့တယ်၊၊

 

ဗလကြီး

ကျနော်သည်တစ်ဦးတည်းသား၊

အမေကမော်လမြိုင်၊လမုတန်းဇာတိ၊မော်လမြိုင်သူ

အဲ့အချိန်တုန်းကမော်လမြိုင်ဇာတ်သဘင်လောကတော်တော်အောင်မြင်နေတဲ့အချိန်၊

အဖိုးကဇာတ်ဆရာ၊အုန်းမှုတ်စိန်၊အုန်းလက်စိန်၊ပုဂံစိန်၊ပုလင်းစိန်၊ဖန်ခွက်စိန်၊အမြည်းစိန်၊

ဘာစိန်၊ညာစိန်ဆိုတဲ့နာမည်တွေနဲ့ဇာတ်သဘင်အလုပ်ဖြစ်နေတဲ့အချိန်။

အဖိုးလဲအဲ့လိုစိန်တစ်လုံးနာမည်နဲ့အောင်မြင်နေတဲ့ဇာတ်ဆရာ၊

အဖိုးကကိုယ်တိုင်က၊အဖွားမင်းသမီး၊ကျနော့်အမေငယ်ငယ်ချောချောလေးကပြဇာတ်မင်းသမီး၊

ယိမ်းထွက်ရင်အမေကခေါင်းဆောင်မင်းသမီး၊

ဘာလိုသေးလဲဗျာ၊အဖိုးကအမျိုးအားလုံးကိုဇာတ်ထဲမှာအလုပ်ပေးထားတယ်။

အဖေဘွဲ့ရပြီးမော်လမြိုင်ကိုမြေစာရင်းရုံးအောက်တန်းစာရေးဘဝနဲ့ရောက်လာတယ်။

မော်လမြိုင်မှာမိုးကုန်တာနဲ့ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေဆက်နေရော၊

ရပ်ကွက်အလိုက်သူ့နေ့နဲ့သူဆွမ်းကြီးလောင်းပွဲတွေရှိပြီးသား၊

အဲ့ခေတ်ကတီးဝိုင်းတွေမပေါ်သေး၊ဆွမ်းကြီးလောင်းပွဲဆိုရင်ဇာတ်ပွဲကိုဘဲငှားကြတာ၊

ဇာတ်ပွဲတွေလဲအလုပ်ဖြစ်၊တမိုးတွင်းလုံးဇာတ်တိုက်ခဲ့ကြတာမိုးကုန်တာနဲ့မနားရတော့ဘူး။

တောက်လျှောက်မွန်ပြည်နယ်၊ကရင်ပြည်နယ်လိုက်ကရတာ၊

တစ်ခုသောဆွမ်းလောင်းပွဲမှာအဖေကအမေ့ကိုစတွေ့တာ၊အမေကပြဇာတ်မင်းသမီး

ငယ်ငယ်ချောချောဆိုတော့အဖေစွဲသွားပါလေရော၊

မော်လမြိုင်အနီးအနားအမေဇာတ်ကတဲ့နေရာတွေရှိရာအဖေရောက်ရောက်လာတယ်၊

အဖေပြဇာတ်မင်းသမီးလေးကိုစွဲလန်းနေပြီ

နောက်ကြတော့အမေလဲသတိထားမိလာတယ်၊၊ချစ်ခြင်းအစမျက်စိကဆိုသလို

သူတို့နှစ်ယောက်မျက်လုံးချင်းဆုံတာများလာတော့၊သမီးရည်းစားဘဝရောက်ကုန်ရော

ပြဇာတ်မင်းသမီးဆိုတော့လဲမင်းသားအပွေ့အဖက်လေးတွေတော့ရှိတာပေါ့။

အဖေအူနုကျွဲခတ်သလိုခံစားနေတယ်လို့အမေပြောပြတယ်၊

ကြာလာတော့အဖေသည်းမခံနိုင်တော့ဘူးထင်ပါတယ်၊အမေ့ကိုခိုးပြေးပါလေရော

ဒါပေမဲ့သူတို့မယူခင်သဘောတူညီမှုတစ်ခုပြုခဲ့ကြတယ်။

အဖေကသူ့အရှေ့မှာဇာတ်အကြောင်းမပြောရ၊ဇာတ်ကဖို့လဲမတောင်းဆိုရ။

အမေကလဲသူ့ကိုလူတန်းစေ့နေနိုင်၊ထားနိုင်ရင်အဲဒီစည်းကမ်းတွေကိုသူလိုက်နာမယ်။

ဇာတ်သမကိုယူပြီးဇာတ်ကိုမုန်းတာနင့်အဖေတစ်ယောက်ဘဲမြင်ဘူးတယ်လို့အမေပြောတာ။

ဇာတ်ဆရာအဖိုးကလက်မောင်းပြုတ်သွားလို့အရမ်းစိတ်ဆိုးနေတယ်။

ဒီလိုနဲ့ဘဲရောင်နောက်ဆံထုံးပါဆိုသလိုအဖေ့နောက်လိုက်ရင်း၊တမြို့ပြီးတမြို့တာဝန်ကျတဲ့

နေရာပြောင်းရွှေ့ရင်းနဲ့ကျနော့်ကိုမွေးလာပါတယ်။

နောက်ကြတော့အထက်တန်းစာရေးကြီးဘဝနဲ့ရန်ကုန်ရောက်လာပါတယ်။

အဖေ့အမျိုးတွေရှိတဲ့တောင်ဥက္ကလာမှာနေကြပါတယ်။တောင်ဥက္ကလာအိမ်မျက်စောင်းထိုးမှာ

ရပ်ကွက်ဓမ္မါရုံရှိတယ်၊ဓမ္မါရုံအရှေ့မှာရပ်ကွက်ဘောလုံးကွင်းရှိတယ်။

ကျနော်တို့အိမ်ရှေ့ကဘောလုံးကွင်းတည့်တည့်ကျတယ်။

ရပ်ကွက်ဓမ္မါရုံမှာဆွမ်းအောင်ပွဲ၊ဆွမ်းသိမ်းပွဲ၊လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့တွေမှာ

ဇာတ်ပွဲကလေ့ရှိတယ်။ကျနော်တို့အိမ်အပေါ်ထပ်ဝရန်တာကကြည့်ရင်အထူးတန်းကကြည့်

ရသလိုဘဲ၊အမေအရမ်းသဘောကျတာ။

ကျနော်ငယ်ငယ်အိမ်စပြောင်းတဲ့နှစ်၊အိမ်ရှေ့မှာဇာတ်ပွဲကတဲ့ညအဖေနဲ့အမေအကြီးအကျယ်စကား

များကြတာ၊ အဖေကပွဲမကြည့်ရတဲ့၊အမေကသွားကြည့်တာမဟုတ်၊ကိုယ့်အိမ်ပေါ်ကကြည့်တာ

ကြည့်ခွင့်ရှိတယ်။နောက်ဆုံးအဖေဖက်ကအဖိုး၊အဖွားတွေပါလိုက်လာတော့မှရန်ပွဲပြီးသွားတယ်။

အဖိုးအဖွားတွေကအဖေ့ကိုအစွန်းမရောက်ဖို့ဆုံးမတယ်။

နောက်တော့အဖေအလျှော့ပေးလိုက်ပါတယ်၊အမေ့ကိုချစ်တာကိုး

အဲဒီညအဖေ့ညီမတွေပါအိမ်မှာပွဲလာကြည့်ကြတယ်၊ပျော်စရာကြီး

အဒေါ်တွေကပွဲကြိုက်ခင်

အမေလဲအဖေ့ကိုပြန်တောင်းပန်ပါတယ်

ဇာတ်ပွဲကိုလိုက်မကြည့်ဘူး၊အိမ်ရှေ့မှာလာကရင်ကြည့်ပါရစေ

တစ်နှစ်မှာသုံးလေးခါအိမ်ရှေ့မှာပွဲခံလေ့ရှိတယ်။

ကျနော်နဲနဲကြီးလာတဲ့အချိန်၊အဖေကခြံနဲနဲကျယ်တဲ့နေရာပြောင်းကြဖို့အမေ့ကိုပြောတာ

အမေလုံးဝ၊လုံးဝလက်မခံ၊ဒီအိမ်မှဒီအိမ်

သူဝါသနာပါတဲ့ဇာတ်ပွဲကိုအထူးတန်းကကြည့်နေရတဲ့အိမ်ကိုအခြားဘယ်အိမ်နဲ့မှမလဲနိုင်ပါ

ကျနော်ငယ်ငယ်တုန်းကကျနော့်မှာကစားစရာဆိုလို့ဘာမှမရှိ၊တမြို့ပြီးတမြို့ပြောင်းနေရတဲ့

အဖေဝန်ထမ်းဘဝမှာပစ္စည်းများများထားလို့အဆင်မပြေပါ။

ဒါကြောင့်ကျနော့်မှာကစားစရာမရှိတာ၊ကျနော်ကိုယ်တိုင်လဲမမက်မော၊

အမေရှိနေရင်ကျနော့်အတွက်ကစားစရာမလို၊

အဖေရုံးတက်ရင်ကျနော်တို့သားအမိအိမ်မှာကျန်ရစ်ခဲ့တယ်။

လမ်းလျှောက်တတ်ခါစမှာကတည်းကနေ့လည်ဆိုအမေကျနော့်ကိုကပြလေ့ရှိတယ်။

ဇာတ်သမဖြစ်ခဲ့ဘူးတဲ့အမေ၊ကတာခုန်တာဝါသနာပါနေဆဲ၊

ကကြိုးကကွက်တွေမမေ့ရအောင်ဇာတ်သမအလွမ်းပြေ၊ကပြရင်းကျနော့်ကိုချော့သိပ်ခဲ့တယ်။

ကျနော်မှတ်မိစအရွယ်ကတည်းကအမေ့ရဲ့နွဲ့ပြောင်းတဲ့ကကွက်တွေမှာနစ်မျောတတ်လာခဲ့တယ်။

နဲနဲကြီးလာတော့အမေ့ရဲ့ကကွက်အတိုင်းလိုက်ကတတ်လာပါတယ်၊အမေလဲသင်ပေးပါတယ်။

ဇာတ်သမကတဲ့ကကွက်အကုန်နီးပါးကျနော်ကတတ်လာပါပြီ။

နင်ကနေတာနင့်အဖေမြင်ရင်ငါ့ကိုသတ်လိမ့်မယ်

ဘယ်သူမှကျနော်ဒီလိုကတတ်မှန်းမသိကြပါဘူး

နေ့လည်နေ့ခင်းအဖေမရှိတဲ့အချိန်တွေမှာဇာတ်ပွဲသီချင်းတွေကိုကက်ဆက်နဲ့ဖွင့်ရင်းကျနော်ကတယ်။

အမေကလိုအပ်တာတွေသင်ပေးတယ်။

အဖေ့ရှေ့မှာဘာမှမလုပ်။

ကျနော်လေးတန်းတုန်းကကျောင်းမှာပြည်ထောင်စုအလံကြိုဆိုရေးမှာစည်တော်ယိမ်းကဖို့လူရှာကြတယ်။

ရွယ်တူဆယ်ယောက်အတွဲညီညီကရမယ်။မကတတ်တဲ့လူတွေချည်းဘဲ။

စည်တော်ယိမ်းသီချင်းဖွင့်နေတုန်းကျနော်ထွက်ကပြလိုက်တယ်၊တတ်တဲ့ပညာမနေသာဆိုသလိုပေါ့။

ဆရာမတွေအံ့သြကုန်တယ်၊ကတတ်မယ်လို့လုံးဝမထင်ထားဘူး။

ဒါပေမဲ့အဲဒီစည်တော်ယိမ်းလဲမထွက်ဖြစ်ပါဘူး၊လူမှမစုံတာ၊ကတတ်တာကကျနော်တစ်ယောက်ထဲ။

အခြားအတန်းက၊ကလေးတွေနဲ့တွဲကဖို့အမေ့ဆီခွင့်တောင်းတာအမေခွင့်မပြုခဲ့ဘူး။

အမေကျနော့်ကိုရှင်းပြပါတယ်၊အဖေသဘောမကျတဲ့အကြောင်းတွေ၊အမေပေးခဲ့တဲ့ကတိတွေ၊

ကျနော်နားလည်ပါတယ်၊ဒီအရွယ်မှာကတည်းကအမေ့ကိုနားလည်ခွင့်လွတ်တယ်။

မကရလို့ကျနော်ဘာမှမဖြစ်ဘူး၊အဖေသိခဲ့ရင်အမေနဲ့စကားများကြမှာ

ဇာတ်ပွဲမင်းသားလိုတော့မကပါနဲ့သားရယ်၊ပညာတတ်ကြီးဖြစ်အောင်သာ၊သားကျိုးစားပါနော်

အမေကတိတောင်းခဲ့တယ်။

ဒါပေမဲ့ကျနော့်စိတ်ထဲမှာတနေ့နေ့တချိန်ချိန်တနေရာရာမှာ၊ကျနော်တတ်ထားတဲ့အနုပညာထုတ်ပြဖို့ရည်ရွယ်ထားပါတယ်။

ရန်ကုန်မှာတော့မဖြစ်နိုင်၊အဖေသိရင်အမေမလွယ်ရေးချမလွယ်။

ဒီနေ့ကျနော်ကွင်းဆင်းနေတဲ့ပြင်ရွာစခန်းသိမ်းပွဲမှာကျနော့်အနုပညာထုတ်ပြဖို့မျော်လင့်ထားပါတယ်၊

ကွင်းဆင်းနေရင်း၊မအားတဲ့ကြားထဲကရွာထဲကကာလသားတွေ၊ရွာလူကြီးတွေနဲ့လိုက်ချိတ်ကြည့်တာ၊

ရွာမှာအလှူရှိရင်လိုက်တီးတဲ့ဒိုးဝိုင်းတစ်ဝိုင်းရှိတယ်။

သူတို့နဲ့ချိတ်မိတော့သူတို့ကူညီမယ်တဲ့၊အသံချဲ့စက်ပါကူမယ်.

ကျနော်တို့စခန်းသိမ်းတဲ့ညမှာဆိုင်းတီးပေးမယ်၊ဆိုတာ၊ကတာကျနော့်တာဝန်

ဒါပေမဲ့နှစ်ရက်သုံးရက်လောက်သီချင်းတိုက်ဖို့လိုမယ်၊

ကူညီပေးမယ်တဲ့၊ရွာသားတွေကအပျော်ကြိုက်တယ်

တက္ကသိုလ်ကျောင်းသားကမယ်ဆိုတော့သူကြီးအမိန့်နဲ့အားလုံးဝိုင်းကူကြ

နေ့ခင်းရွာဓမ္မါရုံမှာအကတိုက်ကြမယ်၊အဆိုတိုက်ကြမယ်

ဘာဘဲဖြစ်ဖြစ်သူကြီးကိုယ်တိုင်အားပေးမှတော့ပွဲစည်ဖို့များနေပြီ

ဒါပေမဲ့အရေးကြီးဆုံးကိုကျနော်မေ့နေတယ်

ဆရာဦးမေတ္တာခွင့်ပြုချက်ရဖို့လိုတယ်၊ဆရာ့ဆီမှာခွင့်ပြုချက်တောင်းရမည်

ကျနော့်ဘဝအကြောင်းကိုအရင်ပြောပြတယ်

ကျနော်အနုပညာကိုအဖေ့ပတ်ဝန်းကျင်ရန်ကုန်မှာဘယ်လိုမှဖော်ထုတ်လို့မရ။

ဒီရှမ်းပြည်မှာဒီလိုအခြေအနေမှာအဆင်ပြေဆုံး

ဖြစ်ပါ့မလားဗလကြီးရာ၊ဘယ်နေရာမှာကမှာလဲ

ဓမ္မါရုံမှာပါဆရာ

သူကြီးခွင့်ပြုချက်လိုတယ်နော်

သူကြီးကိုပြောထားပြီးပါပြီ၊သူကြီးခွင့်ပြုတယ်ဆရာ

ရွာကယိမ်းသမတွေလဲကူညီမယ်လို့ပြောပါတယ်

ဟ,,,ဟ,,,မင်းနဲ့တွဲကလို့ကာလသားတွေကြည်ဖြူပါ့မလား

ကာလသားခေါင်းကိုသာအေးကိုပြောထားပါတယ်

သူများသမီးပျိုတွေကိုသိပ်ကြီးဆွဲလားရမ်းလားမလုပ်ပါနဲ့ကွာ

ဆရာတို့ကရန်တွေဖြစ်မှာစိုးလို့ပါ

သူကြီးဆီမှာခွင့်တောင်းတုန်းကကျနော့်တစ်ယောက်ထဲကပါ့မယ်လို့ခွင့်တောင်းခဲ့တာပါ

ဒါပေမဲ့သူကြီးကမောင်ကျောင်းသားမင်းတစ်ယောက်ထဲဆိုမမြိုင်ဘူးလေကွာ

မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားအောင်ကျုပ်ရွာထဲကယိမ်းသမတွေကိုအကူခိုင်းလိုက်မယ်

ဒီလိုနဲ့ဒီလိုဖြစ်သွားတာပါ။

 

သူငယ်ချင်းများ

ဗလကြီးအကြောင်းနားထောင်လိုက်ကြတာတော်တော်မိုးချုပ်နေပြီ။

ဗလကြီးရဲ့အနုပညာပိုးက‌တော်တော်ပြင်းနေပြီ၊

လူမှာအမျိုးဆိုတာအမှန်၊အဖိုးရဲ့အနုပညာသွေးတွေဗလကြီးကိုယ်ထဲမှာအပြည့်၊

သူ့ရင်ထဲကစကားတွေနားထောင်နေရင်းကျနော့်စိတ်ထဲမှာကူညီချင်စိတ်တွေတဖွားဖွားပေါ်လာပါတယ်။

ဒါပေမဲ့ကျနော်တို့တအုပ်စုလုံးအင်းလေးနဲ့ပင်းတယသွားလည်ကြဖို့ရန်ကုန်မှာကတည်းကစီစဥ်ထားကြတယ်။

ဒါကိုဗလကြီးလဲသိတယ်။

ဗလကြီးမင်းကိစ္စကိုငါတို့ဝိုင်းစဥ်းစားပေးမယ်၊ရက်လဲလိုပါသေးတယ်၊

မောင်ဂျစ်မင်းတို့အားလုံးပျော်ပျော်ကြီးသွားကြပါ

ငါ့ကိစ္စငါစီစဥ်ပါ့မယ်၊ငါ့ကိုအားမနာနဲ့

ဗလကြီးဘယ်လိုပြောပြော၊သူဟာကျနော်တို့အုပ်စုထဲမှာအနစ်နာအခံဆုံးသူငယ်ချင်း

ဘယ်လိုဘဲဖြစ်ဖြစ်အားလုံးသဘောထားကိုမေးကြည့်ရမယ်၊

ကျနော့်စိတ်ထဲမှာဗလကြီးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါပြီ

အင်းလေး၊ပင်းတယခရီးကျနော်မလိုက်တော့ပါ

ညအိပ်တော့ဘေးမှာအိပ်နေတဲ့ဗျော့ကြီးကိုပြောပြလိုက်ပါတယ်၊

နောက်ရက်တွေမှာကျနော်မလိုက်ဖြစ်တာသိကုန်ပါတယ်၊

ဒီလိုနဲ့ဘဲပြင်ရွာစခန်းနောက်ဆုံးနေ့ရောက်လာပါပြီ၊

နောက်ဆုံးနေ့ဆိုတာလူတွေ့စစ်တာပါ၊အားလုံးအဆင်ပြေကြပါတယ်။

လူတွေ့စစ်ပြီးတာနဲ့တောင်ကြီး၊အင်းလေး၊ပင်းတယခရီးသွားမည့်သူများကိုဆရာတွေကထွက်ခွင့်ပေးလိုက်ပါပြီ၊

ကျနော်တို့အုပ်စုခရီးမသွားဖြစ်တော့ပါ၊ဗလကြီးကိုကူညီမည်၊

ဒီနေ့ရသလောက်အချိန်လေးမှာသီချင်းတိုက်မည်၊အကတိုက်မည်၊

ဗလကြီးကသူ့ကက်ဆက်နဲ့သူရွေးထားသေားသီချင်းခွေယူပြီးဓမ္မါရုံဆီကိုချီတက်ကြပါတယ်၊

ဓမ္မါရုံမှာတီးဝိုင်းသမားတွေစောင့်နေကြတယ်၊

တကယ်ဆိုရင်ကက်ဆက်ဖွင့်ပြီးဘန်ဂလိုမှာကဖို့ဘဲစီစဥ်ထားတာ၊ဓမ္မါရုံလောက်အထိလဲမရည်ရွယ်ခဲ့ပါ

အကူညီပေးမည့်သူတွေကလဲအဆင်သင့်ဆိုတော့ရွာသားပရိတ်သတ်အများကြီးရှေ့မှာဗလကြီးအနုပညာ

ဖေါ်ထုတ်ခွင့်ရသွားပါပြီ။

သူကမည့်သီချင်းများကိုရွေးတယ်၊တီးဝိုင်းသမားတွေကတီးနိုင်မည့်သီချင်းတွေရွေးတယ်။

ပြီးတော့မှအသင့်တော်ဆုံးဖြစ်မည့်သီချင်းတွေကိုရွေးကြတယ်။

ဒါဆိုဗလကြီးအဆိုနဲ့သီချင်းတိုက်ကြတော့မည်။

နောက်ကျရင်အက၊အဆို၊တီးဝိုင်းတပြိုင်တည်းတိုက်တော့မည်။

အစမ်းတိုက်ကြမယ်၊အဆိုနဲ့အတီးစပြီ

ရွာသားတစ်ယောက်မိုက်ဂျပ်ပင်နဲ့အသံချဲ့စက်လော်နဲ့ချိတ်ပေးလိုက်တော့ဗလကြီးသီချင်းသံ

တရွာလုံးပြန့်လွင့်လို့သွားပါတော့တယ်။

“ဓမ္မါရုံမှာကျောင်းသားတွေအကတိုက်နေပြီ၊အကတိုက်မည့်နှမငယ်များအမြန်လာကြပါ”

လော်နဲ့ခေါ်လိုက်တာနာရီဝက်အတွင်းပေလေးဆယ်ပတ်လည်ဓမ္မါရုံတခုလုံးပြည့်သွားပါတော့တယ်၊

ဗလကြီးသူ့ပရိတ်သတ်ကိုကြည့်ပြီးတော်တော်အားရကျေနပ်နေပုံရတယ်၊

ကျနော်တို့အုပ်စုဓမ္မါရုံကိုဇာတ်ခုံအသွင်ပြောင်းဖို့ဝိုင်းစဥ်းစားကြတယ်။

မျက်နှာစာ ၃ ခန်းဖွဲ့ထားပြီးမြေပြင်ထက်၃ ပေမြင့်၊ဖိနပ်ချွတ်ကပြင်တခုအပေါ်လှေကားထိုးထားတယ်။

လှေကားနဲ့ကပြင်ဖြုတ်လိုက်ရင်ဓမ္မါရုံဟာဇာတ်ခုံပုံမျိုးဖြစ်သွားမယ်၊

လှေကားနဲ့ကပြင်ဖြုတ်ဖို့ကာလသားခေါင်းကိုသာအေးအကူအညီနဲ့သူကြီးခွင့်ပြုချက်တောင်းခဲ့တယ်။

ပွဲတွေပြီးရင်နဂိုအတိုင်းပြန်တပ်ထားပေးမယ်။ရွာသားတွေအကူအညီနဲ့ဓမ္မါရုံလဲဇာတ်ခုံဘဝရောက်သွားပြီ၊

လမ်းမနဲ့ပေ ၃၀ အနောက်ဆုတ်ထားတဲ့ဓမ္မါရုံ၊ပရိတ်သတ်အတွက်နေရာအတော်ဘဲ၊

ကျနော်တို့တာဝန်ပြီးသလောက်ဖြစ်နေပြီ

ဗလကြီးကိုကြည့်တော့ဇာတ်မင်းသားများလိုရောင်ထုံး၊ထုံးထားတယ်။

ဒီကောင်ဆံပင်ရှည်ထားတဲ့ရည်ရွယ်ချက်ကိုသိလိုက်ရပြီ၊မချောဆယ်ယောက်ကိုအကသင်ပေးနေသောဗလကြီး

ကျနော်တို့ဖက်လှည့်ပြီးလက်မထောင်ပြနေတယ်။ဆိုသံတွေ၊အကတိုက်နေတဲ့အသံတွေကလော်မှတဆင့်

ကတရွာလုံးပြန့်လွင့်နေတယ်။ညနေစောင်းတော့အလိုလိုနေရင်းလူစုသလိုဖြစ်နေပါတယ်။

ဓမ္မါရုံနားတဝိုက်လူတွေစည်ကားနေပြီ။

ဗလကြီးတစ်ယောက်ဆိုလိုက်၊ကလိုက်ညစာမေ့နေပြီ၊

ကျနော်တို့အလှဲ့ကျထမင်းပြန်စားကြတယ်၊၊ကျနော်တို့ဓမ္မါရုံပြန်ရောက်တော့၊အမယ်ဗလကြီးတစ်ယောက်

မချောဆယ်ယောက်နဲ့ရွာသားအလယ်မှာထမင်းစားနေတယ်၊ဒီကောင်ကံကောင်းပါ့၊

ထမင်းစားပြီးတော့ဆက်ပြီးအကတိုက်ကြပါတယ်၊၊လူတွေလျှံနေပြီ။

ဗလကြိးပြောဟန်လေသံတွေကသူ့ကိုယ်သူဇာတ်ဆရာ၊ဇာတ်ဆရာချင်းထပ်နေရော

ယိမ်းသမတွေကလဲဇာတ်ဆရာ၊တီးဝိုင်းအဖွဲ့လဲဇာတ်ဆရာ။

ဇာတ်ဆရာဗလကြီးပီတိဖြာလို့၊သူ့အနုပညာထုတ်ပြခွင့်ရလို့အရမ်းကျေနပ်နေပုံရတယ်။

မမောနိုင်၊မပမ်းနိုင်ကကြိုးတွေကြားမှာသူပျော်နေတယ်။

ညဖက်ရောက်တော့သူကြီးလာကြည့်ပါတယ်၊ဗလကြီးရဲ့ငြိမ့်ငြောင်းနွဲ့နှောင်းတဲ့ကကွက်ကိုကြည့်ပြီး

မောင်ကျောင်းသားကကွက်တယ်ကောင်းပါလားလို့ချီးကျူးနေတယ်။

အကတိုက်တာတွေကြည့်ရင်းသူကြီးခေါင်းလေးတငြိမ့်ငြိမ့်၊

ညအိပ်ချိန်ရောက်တော့ကျနော်တို့အားလုံးမီးလှုံရင်းစကားတွေပြောကြတယ်၊

ဗလကြီးမင်းဒီလိုဘဲတီရှပ်၊ပုဆိုးနဲ့ဘဲကမလို့လား

ဟာ,,ဘယ်ဟုတ်မလဲ၊ငါပြမယ်၊

ချိတ်ပုဆိုး၊ခေါင်းပေါင်း၊ခါးတောင်မင်းသားအင်္ကျီတို့ကိုအဝတ်အိတ်ထဲကဆွဲထုတ်ပြပါတယ်။

မင်းသားတွေအတွင်းဝတ်တဲ့သရီးကွာတလို၊ရွှေချည်ထိုးဘောင်းဘီလဲပါသေးတယ်၊

အားလုံးတအံ့တသြနဲ့ကြည့်ကြပြီးဒီကောင်ဝါသနာတော်တော်ကြီးတာသိလိုက်ကြပါတယ်။

ကျနော်တို့အားလုံးသူ့ကိုပါရမီဝိုင်းဖြည့်ပေးရမည်။

ဓါတ်ပုံပိုင်ရှင်ကို CRD ပေးပါသည်။

 

ဆက်ရန် ..ဘဝဇာတ်ဆရာ အပိုင်း( ၂ )

#ကိုဂျစ်

#ဘဝဇာတ်ဆရာ အပိုင်း( ၁ )

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ